← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇) ငါတို့ ဧကရာဇ်မင်းက လေးစားဖို့ကောင်းလွန်းတယ်။

ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "အစားအစာတွေ လာချတော့၊ ဒါပေမဲ့ ဒီဆိုင်းဘုတ်က အများဆုံး သုံးရက်ပဲ ထားခွင့်ရှိမယ်၊ နားလည်လား"

ကျန်းလောင်လျူက တဟားဟား ရယ်မောလိုက်၏။ "စည်းမျဉ်းတွေကို ကျုပ် နားလည်ပါတယ်၊ မြို့ဝန်မင်း စိတ်မပူပါနဲ့"

"နေအုံး... ဒီအထပ်မှာ ရှိတဲ့လူတွေ အားလုံးကို အပြင်ထွက်ခိုင်းလိုက်၊ အောက်ထပ်ကို ဆင်းခိုင်းလိုက်၊ ရုံးတော်က စားသောက်နေတုန်း အနှောင့်အယှက်ပေးတာကို မကြိုက်ဘူး" ဖန်ကျန်းရီက ဖြည်းညင်းစွာနှင့် အေးအေးဆေးဆေး ပြောလိုက်သည်။

စကားဆုံးပြီးနောက် သူက ကျန်းပြောင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

ကျန်းပြောင်က အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး လှေကားဆီသို့ ပြေးသွားကာ အော်ဟစ်လိုက်သည်။ "ဒီည အကုန်လုံးအတွက် သခင်လေးဖန်က ရှင်းပေးလိမ့်မယ်"

ဒုတိယထပ်မှ ဧည့်သည်များမှာ ဝမ်းသာအားရဖြင့် အောက်သို့ဆင်းသွားကြပြီး အောက်ဘက်မှ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာ၏။

ကျန်းလောင်လျူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွား၏။ အမှန်တကယ်ပင် မြို့ဝန်မင်း ရောက်လာပြီးတည်းက ကောင်းမွန်သောအရာများ ဖြစ်ပေါ်လာခဲ့သည်။ ဤတစ်ခေါက်တော့ အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့လေပြီ။

သူက ဝမ်းသာအားရဖြင့် အောက်ထပ်သို့ ဆင်းတော့မည့်ဆဲဆဲတွင် တစ်ချက်လှမ်းကြည့်လိုက်ရာ ကျင်းဧကရာဇ်နှင့် အခြားတစ်ယောက်မှာ သူတို့၏နေရာဟောင်းတွင် ထိုင်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဧည့်သည်တော် နှစ်ယောက်... ကျေးဇူးပြုပြီး ဖယ်ပေးပါ၊ ကျုပ်တို့ မြို့ဝန်မင်းက ဒီနေ့ အစားအသောက်အတွက် ရှင်းပေးမှာပါ၊ အခမဲ့ပါ" သူက အောက်ကျို့စွာဖြင့် ခွင့်ပန်လိုက်၏။

ကျင်းဧကရာဇ်က စကားတစ်ခွန်းမှ မဆိုဘဲ ပုံမှန်အတိုင်း နေရာတွင် ထိုင်နေသည်။

ကော်ထျန်းယန်က ပြတ်သားသော အသံဖြင့် ပြောလိုက်၏။ "ငါတို့လည်း ကိုယ့်ဘာသာ စားနိုင်တယ်၊ တခြားသူ ရှင်းပေးဖို့ မလိုဘူး"

"ဒါက..." ကျန်းလောင်လျူမှာ စိုးရိမ်သွားပုံရသည်။

ထို့နောက် အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်၏။ "လူကြီးမင်းတို့... အောက်ထပ်မှာ စားဖို့ သဘောတူမယ် ဆိုရင် အပြန်ကျရင် အရက်တစ်အိုး ထပ်ပေးပါ့မယ်၊ ဘယ်လိုသဘောရလဲ"

ကျင်းဧကရာဇ်က စကားမပြောသေးဘဲ လက်ဖက်ရည်ကို တိတ်ဆိတ်စွာ တစ်ငုံ သောက်လိုက်သည်။

ကော်ထျန်းယန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူက တိုးတိုးလေး ပြောလိုက်၏။ "ဒီကနေ ထွက်သွားစမ်း၊ ငါတို့ သခင်ကြီးကို လာမနှောင့်အယှက်နဲ့"

ကျန်းလောင်လျူမှာ ရွေးချယ်စရာ မရှိတော့ဘဲ ဖန်ကျန်းရီအား အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုစဉ် ဖန်ကျန်းရီမှာ သူ၏ အရှေ့ရှိ လူနှစ်ဦးကို စိတ်ဝင်တစား လေ့လာအကဲခတ်နေခဲ့၏။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်၏။ "မထွက်သွားချင်ဘူးဆိုတော့ မိတ်ဆွေနှစ်ယောက်က ကျုပ်နဲ့အတူ ညစာစားချင်လို့လား"

ကျင်းဧကရာဇ်က ခေါင်းလှည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။ ပြီးနောက် လက်သီးဆုပ်ပြလျက် ချက်ချင်း ထလျှောက်သွားသည်။။

ကော်ထျန်းယန်ကလည်း အနောက်မှ ချက်ချင်း လိုက်ပါသွား၏။

ကျန်းလောင်လျူက အခွင့်အရေးကို အရယူကာ အောက်ထပ်သို့ အလျင်အမြန် ဆင်းသွားသည်။

ထိုင်ပြီးနောက် ဖန်ကျန်းရီက ပြောလိုက်၏။ "ခင်ဗျားတို့နှစ်ယောက်လုံးက သူစိမ်းတွေနဲ့ တူတယ်၊ မြို့ပြင်ကနေ အခုမှ ရောက်လာတာလား"

နေရာတွင် ဝင်ထိုင်ပြီးနောက် ကျင်းဧကရာဇ်က ဖန်ကျန်းရီအား ကြောက်ရွံ့မှုကင်းမဲ့စွာ ဆက်လက် အကဲခတ် နေခဲ့သည်။

"ဂါရဝပြုပါတယ် ဖန်မြို့ဝန်မင်း၊ ကျုပ်နာမည်က လီလုံပါ၊ မြို့တော်က ကြွေထည် ကုန်သည်တစ်ယောက်ပါ၊ ဒါက ကျုပ်ရဲ့ စာရင်းကိုင် ကော်ပါ"

သူ့ကို စိုက်ကြည့်နေသောကြောင့် ဖန်ကျန်းရီမှာ အနည်းငယ် အနေရခက်သွား၏။ ထို့နောက် သာမန်ကာလျှံကာဖြင့် မေးလိုက်၏။ "ခင်ဗျားတို့နှစ်ယောက် တောက်ယွမ်ခရိုင်ဆီ ဘာလို့ရောက်လာတာလဲ။”

"တကယ်တော့ ကျုပ်တို့က ဟန်ကျန်းပြည်နယ်ကို ဈေးဝယ်ထွက်ဖို့ သွားမလို့ပါ၊ အဲဒါ လမ်းမှာ ဒီနေရာကို ဖြတ်လာခဲ့တာပါ"

ဟန်ကျန်းပြည်နယ်။

ဖန်ကျန်းရီ သတိဝင်သွား၏။

"ဘာလို့ ဟန်ကျန်းပြည်နယ်ကို သွားဖို့ တောက်ယွမ်ခရိုင်ကနေ ကွေ့ပတ်သွားနေရတာလဲ၊ မြို့တော်ကနေ ပင်မလမ်းမကြီးကို အသုံးပြုရင် ပိုမမြန်ဘူးလား"

သို့သော်ငြား ကော်ထျန်းယန်က ဆင်ခြေပေးရန် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ တခါတည်း ဝင်ရောက် ဖြတ်ပြောလိုက်သည်။ "ပင်မလမ်းမကြီးမှာ မြေပြိုမှုဖြစ်ပြီး လမ်းတစ်ပိုင်း ပိတ်သွားတယ်လို့ ကြားလို့ပါ၊ မတော်တဆမှု ဖြစ်မှာကို စိုးရိမ်လို့ ကွေ့ပတ်လာရင်းနဲ့ တောက်ယွမ်ခရိုင်ဆီ ရောက်လာတာပါ"

"ဒါဆို ဘယ်တော့ ပြန်မှာလဲ"

"ကျုပ်တို့ မပြန်သေးပါဘူး၊ တောက်ယွမ်ခရိုင်မှာ ဆန်းသစ်တီထွင်မှုများစွာကို တွေ့ခဲ့ရတယ်၊ ဒါတွေကို မြို့တော်ဆီ ယူသွားရင် အမြတ်အစွန်းတွေ အများကြီး ရလိမ့်မယ်၊ ဖန်မြို့ဝန်မင်း သဘောတူမယ်ဆိုရင်ပေါ့"

ဖန်ကျန်းရီက ပြုံးလိုက်၏။ "ကောင်းတာပေါ့၊ တောက်ယွမ်ခရိုင်က ကုန်သည်တွေကို အမြဲ ကြိုဆိုပါတယ်"

"ရိုးရိုးသားသား ပြောရရင် အသစ်ထုတ်လုပ်ထားတဲ့ ကြွေအိမ်သာတွေက တကယ်ကို ထူးခြားတာပဲ။ ပုံစံတွေက ရှုပ်ထွေးပြီး အရမ်းကြီးမားတယ်၊ ဒီလို ကြွေထည်မျိုးက နေရာတိုင်းမှာ အကောင်းဆုံး အရည်အသွေးပဲ"

အိမ်သာဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ကော်ထျန်းယန်၏ မျက်နှာအမူအရာမှာ ယင်ကောင်ကို မြိုချမိလိုက်သကဲ့သို့ ပြောင်းလဲသွားသည်။

"ဒါပေမဲ့ ဒါတွေက အပြင်ကို တင်ပို့ဖို့ မသင့်တော်ပါဘူး၊ သီးသန့် လိုအပ်ချက်တွေ ရှိရင် ကျုပ်တို့ ပူးပေါင်း ဆောင်ရွက်လို့ ရပါတယ်"

"ခင်ဗျား လိုချင်တာ မှန်သမျှကို ဆွေးနွေးလို့ရတယ်။ နောက်ဆုံးမှာ ရုံးတော်ကို လာပြီးစာချုပ်ချုပ်ဆိုနိုင်ပါတယ်။ အခု လောလောဆယ် စိတ်ကူးထားတာ တစ်ခုခု ရှိလား"

ကျင်းဧကရာဇ်က လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ယူကာ တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်၏။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလို အဖိုးတန်တဲ့နေရာကို ရောက်လာရတာ တကယ်ကို ကောင်းချီးပါပဲ။ ဒီက အရာရာတိုင်းက ကျုပ် မျက်လုံးပွင့်စေခဲ့တယ်။

"ဒီလက်ဖက်ရည်အကြောင်းပြောရရင် နန်းတော်ထဲက ဧကရာဇ်တောင်မှ ဒီလောက် အရသာရှိတဲ့ သောက်စရာမျိုးကို မြည်းစမ်းခွင့် ရနိုင်မှာ မဟုတ်ဘူး"

"မဟုတ်ဘူး"

ဖန်ကျန်းရီက ရုတ်တရက် စားပွဲကို ရိုက်ကာ ဒေါသတကြီး မျက်နှာထားဖြင့် မတ်တတ်ရပ်လိုက်၏။

"တိတ်စမ်း... လူကြီးမင်းလီ၊ ခင်ဗျား ဒီလောက် ရမ်းရမ်းကားကား မပြောသင့်ဘူး၊ ဧကရာဇ်ကို အသရေဖျက်ဖို့ ဘယ်လိုလုပ် သတ္တိရှိရတာလဲ။ ပင်လယ်လေးစင်းအတွင်းက နေရာတိုင်းက မင်းတရားကြီးရဲ့ ပိုင်နက်ပဲ၊ ဒီလို လက်ဖက်ရည်လေးကိုတောင် မင်းတရားကြီး မသောက်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။

ဟိုနှစ်တွေတုန်းက ကျုပ်တို့ရဲ့ ဧကရာဇ်ကိုယ်တိုင် ဦးဆောင်ပြီး လေဒဏ် မိုးဒဏ်တွေကို ရင်ဆိုင်ခဲ့ရလို့သာ ကမ္ဘာလောကကြီးက အေးချမ်းသွားခဲ့တယ်ဆိုတာ ကျုပ် မှတ်မိနေသေးတယ်။

ပင်လယ်လေးစင်းရဲ့ ရေပြင်တွေ ငြိမ်သက်သွားပြီးနောက်မှာတောင် မင်းတရားကြီးက ကမ္ဘာလောကက သာမန်ပြည်သူတွေအတွက် အနားမယူဘဲ နန်းတော်ထဲကနေ အသေးစိတ်ကအစ သေချာ ဂရုတစိုက် အုပ်ချုပ်နေဆဲပဲ။

မင်းတရားကြီးသာ မရှိရင် တောက်ယွမ်ခရိုင်ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး၊ တောက်ယွမ်ခရိုင် မရှိရင် ဒီလို လက်ဖက်ရည်မျိုးလည်း ရှိလာမှာ မဟုတ်ဘူး။

ဒါပေမဲ့ ဒီလက်ဖက်ရည်ကို မြို့တော်မှာ မရနိုင်ဘူး မဟုတ်လား၊ အဲဒီအကြောင်း တွေးမိတိုင်း ကျုပ်နှလုံးသားတွေ နာကျင်ရတယ်၊ ကျုပ် အဲ့ဒီကို ပျံသန်းသွားပြီး မင်းတရားကြီးအတွက် လက်ဖက်ရည်တစ်အိုးလောက် ကိုယ်တိုင် ဖျော်ပေးချင်လိုက်တာ။

မင်းတရားကြီးတောင် ဒီလက်ဖက်ရည်ကို မသောက်နိုင်တာ၊ ကျုပ်က ဘယ်လို ပါးစပ်မျိုးနဲ့ သောက်ရက်မှာလဲ၊ ဒီလက်ဖက်ရည်ကို ဘယ်သူမှ မထိဘဲ ထားလိုက်တာ ပိုကောင်းမယ်။ ကျုပ်တို့ မင်းတရားကြီးက လေးစားဖို့ ကောင်းလွန်းပါတယ်။”

စကားအဆုံးတွင် သူက လက်ဖက်ရည်များကို မြေပြင်ပေါ်သို့ တိုက်ရိုက် လောင်းချလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြန်ထိုင်လိုက်၏။

ရှောင်ထောင်က သူ၏အနောက်တွင် မျက်လုံးကို လှန်ကာ ကြည့်နေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ချီယန်ခရိုင်မှ ကုန်သည်များနှင့် ဆက်ဆံရာတွင်လည်း အလားတူ လေသံမျိုးကို သခင်လေး အသုံးပြုခဲ့ကြောင်း သူမ မှတ်မိနေသေး၏။

တောက်ယွမ်ခရိုင်မှ ထွက်ခွာမသွားရရန် မျိုးချစ်စိတ်ဓာတ်ကို အရင်ဆုံး ပြုစုပျိုးထောင်ထားသင့်သည်ဟု ဖန်ကျန်းရီ က အာပေါင်အာရင်း သန်သန်ဖြင့် ပြောကြားခဲ့သည်။

ဖန်ကျန်းရီ၏ ပြင်းပြသော မျိုးချစ်စိတ်ဓာတ်ကို နေနှင့် လတို့ပင် သက်သေခံနိုင်၏။

ကျင်းဧကရာဇ်မှာ လက်ထဲတွင် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ထားရင်းမှ မျက်ခွံများ တဆတ်ဆတ် တုန်နေ၏။ သူ၏ လက်မှာ အပေါ်လည်းမရောက် အောက်လည်းမရောက်ဖြင့် ခဏတာမျှ အေးခဲနေသည်။

ပို၍ပင် ဇဝေဇဝါ ဖြစ်နေသော ကော်ထျန်းယန်မှာ ဟိုဟိုဒီဒီ ကြောက်လန့်တကြား ကြည့်ရှုနေမိ၏။

ဒီလူ ဘယ်သူ့ကို ပြောနေတာလဲ။ ဟိတ်ကြီးဟန်ကြီးနဲ့ ဘာလို့ ရုတ်တရက်ကြီး ဒီလို ပြုမူလာရတာလဲ။

ထိုသို့ တွေးမိကာ ကျင်းဧကရာဇ်အား ထပ်မံ၍ ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ " ကျုပ်တို့ မင်းတရားကြီးက လေးစားဖို့ ကောင်းလွန်းပါတယ်။"

ဖန်ကျန်းရီက စူးရှစွာ ပြောလိုက်၏။ "လူကြီးမင်းကော်... ဧကရာဇ်ကို လေးစားမှုဆိုတာ နှုတ်ဖျားမှာတင် မဟုတ်ဘူး၊ ကျုပ်လိုမျိုး နှလုံးသားထဲမှာ အမြဲတမ်း ရှိနေသင့်တယ်။ နန်းတော်ထဲက လူ ဘယ်နှစ်ယောက်က ‘ကျုပ်တို့ မင်းတရားကြီးက လေးစားဖို့ ကောင်းလွန်းပါတယ်’ လို့ ပါးစပ်ကနေ ချီးကျူးပြီး နောက်ကွယ်မှာ မင်းတရားကြီးရဲ့ အမိန့်ကို ဆန့်ကျင်နေကြလဲ၊ အဲဒီလိုလူတွေက တိရစ္ဆာန်တွေနဲ့ ဘာမှမကွာဘူး"

မဟုတ်သေးဘူး။ ဒီလူ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေတာလဲ။

မိန်းမစိုးကော်၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားသည်။ ပြီးနောက် အပြစ်ရှိသလို မျက်နှာထားဖြင့် ကျင်းဧကရာဇ်အား သနားစဖွယ်ကြည့်ကာ ပြောလိုက်သည်။ "ဖန်မြို့ဝန်မင်း ပြောတာ မှန်ပါတယ်၊ ကျုပ်လည်း အဲဒီလိုပဲ ထင်ပါတယ်။"

ကျင်းဧကရာဇ်၏ မျက်နှာမှာ ဖြည်းညင်းစွာ နီရဲလာ၏။ သူက ချီးကျူးစကားများစွာကို ကြားဖူးပြီးဖြစ်ရာ ထိုအရာများအပေါ် ခုခံနိုင်စွမ်း ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်ငြား ဤထူးခြားစွာ ချီးကျူးသော နည်းလမ်းမှာမူ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ အနေရခက်မှုအပြင် မမျှော်လင့်ထားသော ကျေနပ်မှုတစ်ခုကိုလည်း ခံစားနေရ၏။

ဖန်ကျန်းရီက စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ "ဒီလက်ဖက်ရည်အကြောင်း ပြောရရင် တောက်ယွမ်ခရိုင် က လက်ဖက်ရည်ဖျော်ဆရာတွေ အထူးလှော်ထားတာပါ။

သူ့ရဲ့ အရသာက နှိုင်းယှဉ်လို့ မရနိုင်ဘူး၊ မြို့တော်ကိုသာ ယူသွားရင် မင်းသားတွေနဲ့ မှူးမတ်တွေ သေချာပေါက် အလုအယက် ဝယ်ကြလိမ့်မယ်၊ အဲဒါဆို ကျုပ်တို့ ဧကရာဇ်တောင် လွယ်လွယ်ကူကူ သောက်နိုင်ပြီပေါ့။ ဒီလက်ဖက်ရည်ကို စိတ်ဝင်စားလား"

ကော်ထျန်းယန်၏ မျက်နှာမှာ ခဏတာမျှ ရှုံ့တွသွား၏။ ‘နောက်ဆုံးတော့ မင်းလုပ်ချင်တာ လက်ဖက်ခြောက် ရောင်းချင်တာပဲ။ ခွေးသလိပ်ဆန်’

"ဟင်... လူကြီးမင်းကော်၊ ခင်ဗျား မျက်နှာ ဘာဖြစ်သွားတာလဲ"

"ဘာမှမဖြစ်ပါဘူး"

ကျင်းဧကရာဇ်မှာ စိတ်တည်ငြိမ်မှုရရန် ပြန်လည် ကြိုးစားလိုက်ရသည်။ အနည်းငယ် အံ့အားသင့်သွားသော်ငြား ဆက်လက် ပြောဆိုရမည်သာ ဖြစ်သည်။

"ဒီလက်ဖက်ခြောက်က အရသာရှိပေမဲ့ ဈေးဘယ်လောက်လဲ"

"လက်ဖက်ခြောက် တစ်တေးလ်ကို ငွေဆယ်တေးလ်ပါ"

"ဆယ်တေးလ်တဲ့လား"

ကော်ထျန်းယန်မှာ တုန်လှုပ်သွား၏။ ကျင်းဧကရာဇ်က ဤပစ္စည်း၏ ဈေးနှုန်းကို မသိနိုင်သော်ငြား သူကတော့ သိနေသည်။ မြို့တော်တွင် ငွေတစ်တေးလ်ဆိုလျှင် သာမန် လက်ဖက်ခြောက် တစ်ကတ်တီပင် ဝယ်၍ရနိုင်၏။

အကောင်းဆုံး လက်ဖက်ခြောက်ဆိုလျှင် ဆယ်တေးလ်ဝန်းကျင်ခန့် ရှိသော်ငြား ရှားပါးသောကြောင့် အနည်းငယ်သာ ထုတ်လုပ်နိုင်သည်။

သို့သော်ငြား ဤလက်ဖက်ခြောက်မှာ တောက်ယွမ်ခရိုင် နေရာတိုင်းတွင် တွေ့ရသော သာမန် လက်ဖက်ရည်သာ ဖြစ်၏။

"ဒါက နည်းနည်းလေး... ဈေးမကြီးဘူးလား" ကော်ထျန်းယန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

"ငွေဆယ်တေးလ်က ဈေးကြီးတယ်ဟုတ်လား၊ မကြီးပါဘူး ... လုံးဝ မကြီးဘူး။ ဧကရာဇ်တောင် မမြည်းစမ်းဖူးသေးတဲ့ လက်ဖက်ခြောက်ကို ဆယ်တေးလ်နဲ့ ရောင်းတာ နည်းနည်းတောင် ဈေးနည်း နေသေးတယ်။"

"…...."

“သောက်ကျိုးနည်း”

အပိုင်း (၈) ကုန်သွယ်မှု လျှို့ဝှက်ချက်များကို ဖွင့်ဟမပြခြင်း

သူတို့၏အံ့အားသင့်နေသော မျက်နှာအမူအရာများကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက သူ၏အထင်ကြီးဖွယ်ရာ စကားလုံးများကို ဆက်ပြောလိုက်၏။

"လာပါ... လာပါ၊ ကျုပ်က ခင်ဗျားတို့ကို စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတချို့ သင်ပေးမယ်"

"တစ်ကတ်တီကို အရင်းငွေ တေးလ်တစ်ရာလောက် ကျတယ်ဆိုရင် မြို့တော်ရောက်ရင် ဘာလို့ ငွေတေးလ်နှစ်ရာလောက်နဲ့ မရောင်းရမှာလဲ။ ဘယ်သူမှ မဝယ်သေးဘူးဆိုရင်တောင်မှ အရင်ဆုံး ကိုယ့်ပစ္စည်းရဲ့ အဆင့်အတန်းကို သတ်မှတ်ထားဖို့ လိုတယ်၊

ကျုပ်တို့ရဲ့ လက်ဖက်ရည်ကို နေ့စဉ် နေရောင်ခြည် ရှစ်နာရီ ရရှိတဲ့ အကောင်းဆုံး ရွှေရောင်လွှမ်းတဲ့ ဒေသမှာ စိုက်ပျိုးထား တာပါလို့ သူတို့ကို ပြောလိုက်၊ ပြီးတော့ မြေတစ်ဧကချင်းစီကို ထိန်းသိမ်းဖို့ သီးသန့် ဝန်ထမ်းတွေ ခန့်ထားရတယ်လို့လည်း ပြောလိုက်။

လက်ဖက်ခြံဘေးမှာ သဘာဝ ရေပူစမ်းတစ်ခုနဲ့ မြေအောက် ရွှေတွင်းတစ်ခု ရှိတယ်၊ လက်ဖက်ခူးတဲ့ မိန်းကလေးတွေ က နတ်သမီးလေးတွေလို လှပပြီး ကဗျာရော ၊ ပန်းချီပညာရော ကျွမ်းကျင်ကြတယ်၊ သူတို့က လက်ဖက်ရွက်တွေကို သူတို့ရဲ့ လျှာဖျားလေးတွေနဲ့ ခူးယူပြီး ခူးလိုက်တဲ့ အရွက်တိုင်းအတွက် ကဗျာတစ်ကြောင်း ရွတ်ဆိုကြတယ်လို့ ပြော။

ပြီးတော့ တောက်ယွမ်ခရိုင်ကနေ အဲဒီ အလွန်လှပတဲ့ ကြွေသေတ္တာတွေကို မှာယူလိုက်တာ အကောင်းဆုံးပဲ၊ သေတ္တာတစ်လုံးစီမှာ လက်ဖက်ရွက် တေးလ်တစ်ဝက်စီ ပါဝင်မယ်၊ လောလောဆယ် နာမည်တစ်ခု ပေးလိုက်ရအောင်... 'သေတ္တာငယ် လက်ဖက်ရည်' လို့ အရင်ဆုံးခေါ်လိုက်မယ်။

ရောင်းရင် ဒီလက်ဖက်ရည်ကို မင်းသားတွေနဲ့ မှူးမတ်တွေလောက်ပဲ သောက်နိုင်တယ်လို့ ပြော၊

မြင့်မြတ်တဲ့သူဆိုတာ ဘာလဲ ခင်ဗျားတို့သိလား၊ မြင့်မြတ်တဲ့သူဆိုတာ ဘာကိုပဲ ရချင်ရချင် အကောင်းဆုံးကို မဝယ်ဘဲ အမြဲတမ်း အကြီးကျယ်ဆုံးသောအရာကို ဝယ်တဲ့သူကို ခေါ်တာ။

ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ ဆောင်ပုဒ်ကတော့ အကောင်းဆုံး မဟုတ်ဘူး... အကြီးကျယ်ဆုံးပဲ ဖြစ်ရမယ်"

မိန်းမစိုးကော်မှာ ရှက်လွန်း၍ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိ၏။

နန်းတော်ထဲတွင် အချိန်ကုန်ဆုံးခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက သူ့ကို ပို၍ ပါးနပ်လာစေခဲ့သည်ဟု ယုံကြည်ခဲ့သည်။ ယနေ့ ဖန်ကျန်းရီကို မြင်ပြီးနောက်တွင်မူ တစ်စုံတစ်ယောက်က နောက်လိုက်ခွေး ဖြစ်ရမည်ဆိုလျှင် ထိုသူမှာ သေချာပေါက် သူသာ ဖြစ်သင့်ကြောင်း တွေးတောလိုက်မိသည်။

အမှန်တကယ်ပင် သင်ယူခြင်းဆိုသည်မှာ အဆုံးအစမရှိပေ။

ကျင်းဧကရာဇ်မှာမူ သတိလစ်သွားသကဲ့သို့ တိတ်ဆိတ်နေ၏။

နန်းတော်က ဝယ်ယူခဲ့သည့်အရာတွေ အားလုံးကလည်း ဤသို့ လိမ်လည်လှည့်ဖြားသည့် နည်းလမ်းတွေကတစ်ဆင့် ဝယ်ယူခဲ့ခြင်းများလားလို့ သူ တွေးနေမိပြီ။

အရှေ့ရှိ လူနှစ်ဦးမှာ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်သည်။ နောက်ထပ်တစ်ကြိမ် အဆင့်မြင့် စျေးကွက်သဘောတရားများကို အသိပညာနိမ့်ပါးလှသော သိုးလေးများထံ ဝေမျှပေးနိုင်ခဲ့သဖြင့် ကုသိုလ်ရမှတ် နှစ်မှတ် ထပ်တိုးသွားခဲ့ပြီ ဖြစ်၏။

ထိုသုံးဦး တိတ်ဆိတ်နေစဉ်မှာပဲ အစားအစာများကို ဒုတိယထပ်သို့ အဆက်မပြတ် ယူဆောင် လာခဲ့ကြသည်။

ကျန်းလောင်လျူသည် ထိုအရာများ၏ အရေးပါမှုကို ပြသရန် ဟင်းလျာများကို ကိုယ်တိုင် သယ်ဆောင်လာခဲ့၏။

"ဟားဟား... ကြက်ပေါင်းရည် ရောက်ပါပြီ"

စားပွဲပေါ်ရှိ ကြက်ပေါင်းရည်ထဲမှ ရေနွေးငွေ့များ ထွက်ပေါ်နေပြီး ၎င်း၏ ဖြူဖွေးသောအရည်နှင့် နူးညံ့နေသော အသားများက အချိန်အကြာကြီး ပေါင်းထားကြောင်း ဖော်ပြနေသည်။

"လာကြ... အရင်ဆုံး ဟင်းရည်လေး သောက်ကြည့်ကြရအောင်၊ ခင်ဗျားတို့ ပင်ပင်ပန်းပန်းနဲ့ ခရီးနှင်ပြီး ကျုပ်တို့ တောက်ယွမ်ခရိုင်ကို ရောက်လာခဲ့ပြီ။ ကြက်ပေါင်းရည်လေး သောက်ခွင့်ရတာ တကယ်ကို ကောင်းချီးပါပဲ"

ဖန်ကျန်းရီက ကျင်းဧကရာဇ်အား ကြက်ပေါင်းရည်တစ်ပန်းကန် အရင် ခပ်ပေးလိုက်ပြီး ကြက်ပေါင်တစ်ချောင်းပါ ထည့်ပေးလိုက်၏။

ထို့နောက် သူကိုယ်တိုင် တစ်ပန်းကန် ခပ်ယူလိုက်ပြီး ကြက်ပေါင်တစ်ချောင်းကို ထည့်လိုက်သည်။

နောက်ဆုံးတွင် ကော်ထျန်းယန်အား တစ်ပန်းကန် ကမ်းပေးလိုက်ပြီး ကြက်ရင်ပုံသား တစ်တုံးကို ထည့်ပေး၏။

ကော်ထျန်းယန်က ဖန်ကျန်းရီကို နာကြည်းစွာဖြင့် စိုက်ကြည့်လိုက်မိသည်။

ဒီလူယုတ်မာက တကယ်ကို မျက်နှာလိုက်နေတာပဲ။ ငါ့ကျ ရင်ပုံသားတဲ့။

ဖန်ကျန်းရီက သတိထားမိသော်ငြား သိပ်ဂရုမစိုက်ချေ။ မည်သို့ပင်ဖြစ်စေ သူ၏ အရှေ့ရှိလူမှာ အဓိက ဧည့်သည် ဖြစ်သည်။ အဓိက က အဓိက ၊ သာမည က သာမညပင်။

"ဒီလက်ဖက်ခြောက်ကို စိတ်ဝင်စားလား၊ တောက်ယွမ်ခရိုင်ရဲ့ ကြွေထည်တွေက လှပပေမဲ့ လောကမှာ ဒီလောက်ကြီး ထူးခြားတာတော့ မဟုတ်ဘူး။

လက်ဖက်ခြောက်ရောင်းချရလို့ရတဲ့ အမြတ်အစွန်းက ကြွေထည်ရောင်းချလို့ရတဲ့ အမြတ်အစွန်းထက် အများကြီး ပိုများတယ်၊ ပြီးတော့ သယ်ယူပို့ဆောင်ရတာလည်း လွယ်ကူတယ်၊ လမ်းခရီးမှာ ဆုံးရှုံးမှုလည်း မရှိဘူး"

ကျင်းဧကရာဇ်က ကြက်ပေါင်းရည်ကို သောက်ရင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ကြက်ပေါင်းရည်မှာ လတ်ဆတ်ပြီး အရသာရှိကာ ကြက်သားမှာလည်း နူးညံ့နေပြီး နန်းတော်တွင် တစ်ခါမှ မမြည်းစမ်းဖူးသော အရသာမျိုး ဖြစ်နေသည်။

"ဖန်မြို့ဝန်မင်း... ဒီလက်ဖက်ခြောက်နာမည်က ဘာလဲ"

ဟင်... ဖန်ကျန်းရီ ထိုအကြောင်းကို မစဉ်းစားမိခဲ့ပေ။ လက်ဖက်ခြောက်လှော်မှာ မကြာသေးမီကမှ ခရိုင်အတွင်း လူကြိုက်များလာခဲ့ခြင်း ဖြစ်၏။

ခဏတာ စဉ်းစားပြီးနောက် ဖန်ကျန်းရီက ကြီးကျယ်ခမ်းနားသော လေသံဖြင့် ပြောလိုက်သည်။

"အာ... ဒီလက်ဖက်ရည်က ရေရှည်သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကို အားကောင်းစေတယ်၊ ချီစွမ်းအင်ကို တိုးစေပြီး အသက်ရှည်စေတယ်၊ အဲ့ဒါကြောင့် သူ့ကို 'အဆင့်မြင့် ကောင်းကင်လက်ဖက်ခြောက်' လို့ ခေါ်တယ်၊ ဟုတ်တယ်"

‘မင်း လျှောက်ပြောနေတာ မဟုတ်လား။’

ကော်ထျန်းယန်၏ အိုမင်းနေသော မျက်နှာကြီးမှာ နီရဲတက်လာ၏။

"ရိုးရိုးသားသား ပြောရရင် ကျုပ်တို့ဆီမှာ ငွေသိပ်မပါလာဘူး၊ လက်ဖက်ခြောက် အများကြီး ဝယ်နိုင်မယ် မထင်ဘူး"

"ငွေဘယ်လောက် ပါလာလို့လဲ"

"ငွေတေးလ်နှစ်ထောင်ပါ"

မျှော်လင့်ထားသည့်အတိုင်းပင် ကြွေထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံ၌ ငွေတေးလ် ကြွေထည်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ ပါလာခဲ့သည်။

ဖန်ကျန်းရီမှာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ "ပြဿနာမရှိဘူး၊ ခင်ဗျားတို့ လိုသလောက်သာ ယူသွားပါ၊ ကနဦး ရောင်းချမှုမှာ စျေးကွက်ဖွင့်ဖို့ လိုအပ်တယ်၊ မလုံလောက်ရင် ပစ္စည်းထပ်ဖြည့်ဖို့ တောက်ယွမ်ခရိုင်ကို အချိန်မရွေး လာလို့ရပါတယ်။

လာပါ... ကျုပ်တို့ရဲ့ တောက်ယွမ် အရက်ကို မြည်းစမ်းကြည့်ပါအုံး။"

စကားဆုံးပြီးနောက် ဖန်ကျန်းရီက နှစ်ဦးစလုံးအား အရက်တစ်ခွက်စီ ထပ်ငှဲ့ပေးလိုက်သည်။

ကျင်းဧကရာဇ်က အလွယ်တကူ သဘောတူလိုက်သည်။ အရက်နှင့် သူ၏နှုတ်ခမ်းတို့ ထိသွားချိန်တွင် မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ "မက်မွန်ပွင့် ယပ်တောင်အရက်လား"

ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်သည်။ "မှန်ပါတယ်... ဒါက မက်မွန်ပွင့် ယပ်တောင်အရက်ပါ။ ဒီအရက်က ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ လက်ရှိ တောက်ယွမ်ခရိုင်ရဲ့ ကြီးပွားတိုးတက်မှုက ဒီမက်မွန်ပွင့် အရသာရှိတဲ့ အရက်ကြောင့်ပါပဲ။

နောက်ထပ် ရောင်းချမယ့် အရက်တွေက မချက်ရသေးဘူးဆိုတော့ မြို့တော်မှာ အရက်တစ်ခွက်ရှာဖို့တောင် ခက်ခဲနေလောက်ပြီ ထင်တယ်"

ကျင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ခန့်မှန်းရခက်လာသည်။

ကော်ထျန်းယန်ကလည်း သူ့ကို ကြည့်လိုက်၏။

ဤမက်မွန်ပွင့် ယပ်တောင်အရက်မှာ အတော်လေး ပြင်းထန်သော အရသာရှိခြင်းကြောင့် လူသိများသည်။ ကျင်းအင်ပါယာသားများမှာ စစ်သည်တော် စိတ်ဓာတ်ရှိပြီး အမျိုးသားများက သူတို့၏ အရက်သောက်နိုင်စွမ်းကို ဂုဏ်ယူဝင့်ကြွားလေ့ရှိရာ ဤအရက်မှာ မြို့တော်တွင် အလွန် လူကြိုက်များသည်။

ကျင်းဧကရာဇ်ကိုယ်တိုင်လည်း ပြင်းထန်သော အရက်များကို နှစ်သက်ပြီး ဤအရက်ကို လက်ဆောင်ပေးသည့် အရက်အဖြစ်ပင် သတ်မှတ်ပေးခဲ့၏။

သို့သော်ငြား အရေးကြီးဆုံးမှာ အရက် မဟုတ်ပေ။

ကျင်းဧကရာဇ်က အရက်ခွက်ကို အောက်ချလိုက်ပြီး မျက်နှာတွင် မည်သည့်အမူအရာမှ မရှိဘဲ အေးစက်စက် ပြောလိုက်၏။ "ဒီအရက်က ဝူမင်းသားရဲ့ စံအိမ်ကလို့ ကြားတယ်၊ တောက်ယွမ်ခရိုင်ရဲ့နောက်ခံမှာ ဝူမင်းသားရဲ့ စံအိမ် ရှိနေတာလား။

"လုံးဝ မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး၊ ဒီမက်မွန်ပွင့် ယပ်တောင်အရက်က တောက်ယွမ်ခရိုင်ရဲ့ ထုတ်ကုန် တစ်ခု ဖြစ်ခဲ့တာ ကြာပါပြီ၊ ဝူမင်းသားရဲ့စံအိမ်နဲ့ စီးပွားရေးအရ ဆက်သွယ်မှုတချို့ပဲ ရှိတာပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝူမင်းသား စံအိမ်က လူတစ်ယောက် ဒီကို အမှတ်မထင် ရောက်လာပြီး ဒီမက်မွန်ပွင့် ယပ်တောင်အရက်ကို တွေ့သွားတယ်။ အဲဒါနဲ့ သီးသန့် ရောင်းချခွင့် စာချုပ် ချုပ်ဆိုလိုက်တာပါ။ တစ်ဦးတည်း ကိုယ်စားလှယ်ပေါ့။ ဟားဟား ... အခုတော့ ဝူမင်းသား အမြတ်တွေ အများကြီး ရနေပြီလို့ ပြောလို့ရတယ်"

ဖန်ကျန်းရီမှာ ကျားသားရေကို ပြသရသဖြင့် ဝမ်းသာနေခဲ့၏။

ကနဦးတွင် လက်ဖက်ခြောက်များ တင်ပို့ဖို့ ဝူမင်းသားစံအိမ်နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားခဲ့သည်။

သို့သော်ငြား အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင်မူ သူ စိတ်ပြောင်းသွားခဲ့၏။ တောက်ယွမ်ခရိုင်၏ ထုတ်ကုန်များကို မိသားစုတစ်စုတည်းက လက်ဝါးကြီးအုပ်ထား၍ မရပေ။ နောင်တစ်ချိန် ကုန်ပစ္စည်းရောင်းချမှု လမ်းကြောင်းများ ချဲ့ထွင်လာပါက ဘာတွေ ဖြစ်လာနိုင်မည်နည်း။

သူသာ ဆုံးရှုံးမှုများပေလိမ့်မည်။

ဖြန့်ဖြူးရေး ကွန်ရက်ကို တတ်နိုင်သမျှ ချဲ့ထွင်ရန် လိုအပ်သည်။ တောက်ယွမ်ခရိုင်မှ သာမန်ပြည်သူများ ပိုမို ပါဝင်လာလေ သူ၏ရပ်တည်မှုက ပိုမို လုံခြုံလာလေပင် ဖြစ်၏။

မြို့တော်ရှိ ကြွေထည်အရောင်းအဝယ် လုပ်နေသူ အများစု၌ နောက်ခံတစ်ခုခု ရှိတတ်ကြသည်။ လီလုံက မည်သည့်အုပ်စုတွင် ပါဝင်နေနေ သူမဂရုစိုက်ချေ။

သူက ဝူမင်းသား သို့မဟုတ် ဧကရာဇ်နှင့် အတူမရှိသရွေ့ ပြဿနာမရှိပေ။

ကျင်းဧကရာဇ်မှာ သက်ပြင်းချနိုင်သွား၏။ ဝူမင်းသားမှာ မြို့တော်တွင် လူသိများသည့်အတိုင်း ပျင်းရိသော မင်းသားတစ်ပါး ဖြစ်သည်။ ယခု နေ့တိုင်း သုံးဖြုန်းနေနိုင်သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

"တောက်ယွမ်ခရိုင်ကို ဝူမင်းသား အရင်က ရောက်ဖူးလား"

ဖန်ကျန်းရီက လျစ်လျူရှုဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။ "တစ်ခါမှ မရောက်ဖူးဘူး၊ သူ့ရဲ့ အိမ်တော်ထိန်းကပဲ အရောင်းအဝယ် ကိစ္စတွေကို အမြဲတမ်း ကိုင်တွယ်တာလေ။"

ဤသည်မှာ ဝူမင်းသားနှင့် ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် ဆန္ဒမရှိရသည့် ဒုတိယ အကြောင်းရင်းပင် ဖြစ်၏။ ဤလူတွင် ကြီးမားသော ရည်မှန်းချက်နှင့် ပြတ်သားမှုများ ကင်းမဲ့နေ၏။

ယခင်က တောက်ယွမ်ခရိုင်သာ ငွေကြေးနှင့် သာမန်ပြည်သူများ စားဝတ်နေရေး ခက်ခဲမှုကို မကြုံတွေ့ခဲ့ရပါက ဤသို့သော လူမျိုးနှင့် သူ ပူးပေါင်းဆောင်ရွက်ခဲ့မည် မဟုတ်ချေ။

နောက်ပိုင်းတွင် ဖန်ကျန်းရီက စျေးကွက်စုံစမ်းရန် သူ၏ ခရိုင်ရှိ ပြည်သူများကို မြို့တော်သို့ပင် စေလွှတ်ခဲ့သေး၏။

မက်မွန်ပွင့် ယပ်တောင်အရက် အဓိကအားဖြင့် သဘာဝကျကျ လူသိများလာခြင်းမှာ တစ်ဆင့်စကား တစ်ဆင့်နား ကြားသိလာခြင်းအပေါ်တွင်သာ မူတည်နေခဲ့သည်။ ဝူမင်းသားဘက်မှ မည်သည့် အားထုတ်မှုမှ မလုပ်ခဲ့ချေ။

မက်မွန်ပွင့် ယပ်တောင်အရက်သာ ထူးခြားကောင်းမွန်သော အရည်အသွေးရှိသည့် ထုတ်ကုန်တစ်ခု မဟုတ်ခဲ့ပါက လုံးဝ ကျရှုံးသွားလောက်ပေပြီ။

သို့ဆိုစေကာမူ မက်မွန်ပွင့် ယပ်တောင်အရက်မှာ နှစ်စဉ် အမြတ်အစွန်းများစွာ ရရှိနေပြီး ခရိုင်အတွင်းရှိ သာမန်ပြည်သူအားလုံးကို သက်သောင့်သက်သာ နေထိုင်နိုင်စေခဲ့သည်။

သို့သော်ငြား တောက်ယွမ်ခရိုင်၌ လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ပြည်သူများ၏ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်များ တိုးလာခြင်းကြောင့် ဖန်ကျန်းရီမှာ သူ၏ ရောင်းချမှု လမ်းကြောင်းများကို ဆက်လက်ချဲ့ထွင်ရန် တွန်းအားပေးခံခဲ့ရ၏။

ထိုအရာက လက်ဖက်ခြောက်ဖြစ်သည်။ ဒုတိယမြောက် စတင်ရောင်းချသည့် ထုတ်ကုန်ဖြစ်သော်လည်း အထူးထုတ်ကုန်တစ်ခုတော့ သေချာပေါက် ဖြစ်လာမှာ မဟုတ်ပေ။

"ခြေအနေက အဲ့ဒီလိုကိုး... တောက်ယွမ်ခရိုင်က တကယ်ကို ကြီးမားတဲ့ အင်အားရှိတာပဲ၊ ကျုပ်က ဖန်မြို့ဝန်မင်းနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်တယ်"

ကျင်းဧကရာဇ်က တဟားဟား ရယ်မောလိုက်သည်။ "လက်ဖက်ခြံ ဘယ်မှာရှိလဲဆိုတာ သိခွင့်ရမလား၊ မနက်ဖြန် ကျုပ်တို့ သွားကြည့်ပြီး ဆုံးဖြတ်လို့ရတာပေါ့"

ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ "ဒါက စီးပွားရေး လျှို့ဝှက်ချက်ပါ၊ ဒါကို ထုတ်မပြပေးနိုင်ပါဘူး"

လက်ဖက်ခြံက ဘယ်မှာလဲ။ မရှိပေ။

ဟန်ကျန်းဒေသမှ လတ်ဆတ်သည့် လက်ဖက်ရွက်တွေက ဈေးပေါသော လက်ဖက်ရွက်များသာ ဖြစ်သည်။ သူတို့က တန်ဖိုးနည်း‌ဆေးဘက်ဝင် အပင်များနှင့် ရောနှော၍ လှော်ထားခြင်းဖြစ်သည်။ အပေါ်ယံကြည့်ရုံဖြင့် မည်သူက သိမည်နည်း။

ဖန်ကျန်းရီ၏ ပြတ်သားသော သဘောထားကို မြင်ချိန်မှာတော့ ကျင်းဧကရာဇ်က ထပ်မံ၍ တောင်းဆိုမနေတော့ချေ။ သူ၏အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "ကောင်းပြီ... ကျုပ် အရင်ဆုံး ဒီလက်ဖက်ခြောက် အသုတ်တစ်သုတ်ကို ယူသွားပြီး မြို့တော်က စျေးကွက်မှာ စမ်းကြည့်ပါ့မယ်၊ အဲ့ဒီနောက် ကျန်တဲ့ကိစ္စတွေကို ဖန်မြို့ဝန်မင်းရဲ့ ကြီးကြပ်မှုအောက်မှာပဲ ထားခဲ့ပါ့မယ်"

"ပြဿနာမရှိပါဘူး... ပြဿနာမရှိပါဘူး"

…

All Chapters