← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အပိုင်း (၉) လောကနိဗ္ဗာန် ကြယ်ပွင့်

ထို့နောက် ဖန်ကျန်းရီက ကုန်ပစ္စည်း ပြတ်လပ်နေသယောင် ဖန်တီး၍ ရောင်းချခြင်းနှင့် ကုန်အမှတ်တံဆိပ် လွှမ်းမိုးမှုစသည့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများနှင့် နည်းဗျူဟာတချို့ကို သူတို့နှစ်ဦးအား ရှင်းပြလိုက်၏။ သူက ကူးပြောင်းရောက်ရှိလာသူဖြစ်သောကြောင့် မားကတ်တင်း (၆.၀) ကိုပင် ကောင်းကောင်းနားလည်၏။

ကျင်းဧကရာဇ်တို့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ညစာစားပွဲမှာ နှစ်ဖက်စလုံး ပျော်ရွှင်စွာဖြင့် အဆုံးသတ်သွားခဲ့သည်။

ကျန်းလောင်လျူက ပြုံးကာ အရှေ့သို့ ကိုင်းညွတ်လိုက်၏။ "မြို့ဝန်မင်း... အစားအသောက်တွေ အဆင်ပြေရဲ့လား"

ဖန်ကျန်းရီက ကြက်ရိုးတစ်ရိုးဖြင့် သွားကြားထိုးနေရင်းမှ ခေါင်းအသာညိတ်ပြကာ ပြောလိုက်သည်။ "အင်း... မဆိုးပါဘူး၊ ပုံမှန်အတိုင်းပါပဲ၊ ဘယ်လောက်ကျလဲ၊ ရှင်းမယ်"

ကျန်းလောင်လျူက ခေါင်းကိုငုံ့ကာ အရိုအသေပေးလျက် လျှောက်တင်လိုက်၏။ "စုစုပေါင်း ငွေငါးရာ့ခြောက်တေးလ် ကျပါတယ်၊ မြို့ဝန်မင်းအတွက် ခြောက်တေးလ်ကို လျှော့ပြီး ငါးရာတေးလ်တိတိပဲ ယူပါမယ်"

ထိုဈေးနှုန်းကို ကြားလိုက်ရချိန်တွင် ရှိနေသူအားလုံးမှာ အံ့အားသင့်သွားကြသည်။

ငွေငါးရာတေးလ်တဲ့လား။ အောက်ထပ်မှ လူများ ငွေတုံးတွေ ဝါးစားသွားကြသည်လား။

ဖန်ကျန်းရီမှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ရယ်မောလိုက်၏။ "ကောင်းပြီ... ကျန်းလောင်လျူ၊ မင်းက ငါ ... မြို့ဝန်ကိုတောင် အနုနည်းနဲ့ သတ်နေတာပဲ။ ဒါပေမဲ့ မင်းမှာလည်း အနာဂတ်ရှိပါတယ်လေ"

ချွေးများ ရွှဲနစ်နေသော ကျန်းလောင်လျူမှာ အလျင်အမြန် ဒူးထောက်ချလိုက်သည်။ "မြို့ဝန်မင်း... ကျုပ် ရှင်းပြတာကို နားထောင်ပေးပါအုံး၊ ခုနက ကလေးတချို့ အောက်ထပ်ကို ဆင်းလာကြတယ်။ သူတို့က စည်းမျဉ်းတွေကို နားမလည်ဘဲ အပြင်ကိုပြေးထွက်ပြီး အော်ဟစ်လိုက်ကြလို့ပါ။ သူတို့က ဒီနေ့ ဆိုင်မှာ အစားအသောက် အလကားရတယ်လို့ လိုက်အော်ကြတာပါ။"

လူဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ရောက်လာကြတယ်။ လမ်းတွေပေါ်မှာပါ စားပွဲဝိုင်းတွေ ခင်းလိုက်ရပါတယ်၊ ပြီးတော့ နောက်ထပ်လည်း အများကြီး ရောက်လာနေဆဲပါ။

ကျုပ်လည်း ဘာမှမလုပ်နိုင်တော့ပါဘူး၊ ဒီဈေးနှုန်းက မြို့ဝန်မင်းအတွက် လျှော့ပေးထားပြီးသားပါ၊ ကျုပ်ဆိုင်က ကုန်ကြမ်းပစ္စည်းတွေ အကုန်ပြတ်သွားလို့ အိမ်နီးချင်းဆီကတောင် သွားချေးခဲ့ရပါသေးတယ်။ ကျုပ် အသေအလဲ ကြိုးစားခဲ့ရတာ ဘုရားသိပါတယ်။"

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီမှာ အလွန် ရယ်ချင်သွား၏။ တောက်ယွမ်ခရိုင်မှ သာမန်ပြည်သူများမှာ အမှန်တကယ်ပင် ပို၍ပို၍ ပါးနပ်လာကြသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါးရာတေးလ်ဆိုတော့ ဈေးကြီးနေတုန်းပဲ"

ကျန်းလောင်လျူက ဆက်လက် ညည်းတွား၏။ "အို... မဟုတ်ရပါဘူး၊ ဒီကောက်ကျစ်တဲ့ လူတွေက အရည်အသွေးကောင်း အရက်တွေကိုပါ သောက်သွားကြတာပါ၊ အရက်မူးလာတော့ ဆောင်းဖရုံသီး စားချင်တယ်ဆိုတာနဲ့ ချက်ချင်း သွားဝယ်ပြီး တည်ခင်းလိုက်ရပါသေးတယ်။"

ဖန်ကျန်းရီ၏ မျက်လုံးများက အရောင်လက်သွားသည်။ "ဆောင်းဖရုံသီးတွေ ရနေပြီလား၊ ဘယ်လောက်ပေး လိုက်ရလဲ"

ကျန်းလောင်လျူက နာကြည်းစွာဖြင့် ပြောလိုက်၏။ "တစ်လုံးကို ငွေဆယ်တေးလ်ပါ"

"မှည့်နေပြီလား"

"မှည့်နေပါပြီ"

ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာလည်း အံ့အားသင့်နေခဲ့၏။ တစ်နပ်စာအတွက် ငွေငါးရာတေးလ်ဆိုသည်မှာ ဘာမှမဟုတ်သော်ငြား ဤနွေဦးအစောပိုင်း ကာလတွင် ဆောင်းဖရုံသီးများက မည်သည့်နေရာကနေ ရောက်လာသနည်း။ နွေရာသီတောင် မရောက်သေးချေ။

ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။ "ဆယ်တေးလ်တဲ့လား၊ ဒီလူယုတ်မာတွေက ကိုယ့်ဒေသမှာတောင် မတန်တဆ ဈေးတွေနဲ့ ရောင်းနေကြတာလား၊ ဖရုံသီးအခွံ ဒါမှမဟုတ် အစေ့တွေက ရွှေနဲ့များ လုပ်ထားလို့လား"

ကော်ထျန်းယန်မှာလည်း ယုံကြည်သွား၏။ ‘မင်းတောင် ဈေးကြီးတယ်တဲ့ အဓိပ္ပာယ်ကို သိသားပဲ။’

"ဟုတ်ပါတယ်... ကျုပ်လည်း အဲဒီလိုပဲ ပြောခဲ့ပါတယ်။ စိုက်ပျိုးရေးဌာနက လူတွေ ကျုပ်ကို ပြောတယ်။ ယူရင်ယူ မယူရင်နေတဲ့၊ အခု ဖရုံသီးတွေက ဘယ်မှာကျန်တော့လို့လဲတဲ့၊ ဒါတွေအကုန်လုံးက ဖန်လုံအိမ်မှာ စိုက်ထားတဲ့ ဖရုံသီးတွေတဲ့၊ ကျုပ်တို့က ဈေးကြီးတယ် ထင်သလို သူတို့လည်း နည်းတယ် ထင်ကြတယ်၊ သူတို့ရောင်းတာ အကုန်လုံးက အရင်းဈေးတွေချည်းပါပဲတဲ့"

"ကောင်းပြီ... ကောင်းပြီ၊ ငါ နားလည်ပြီ၊ ကျန်းပြောင်... ရှင်းလိုက်"

ကျန်းပြောင်က အရှေ့သို့ထွက်လာပြီး ငွေရှင်းရန် ပြင်၏။

ကျန်းပြောင်ကို မြင်သောအခါ ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာ အသက်ရှူအောင့်ထားမိသည်။ သူတို့၏ စအိုများသည်လည်း တစ်ပြိုင်နက်တည်း ကျုံ့သွားသည်။

ဒီလူက ဒေသခံတွေရဲ့ စအိုကို ချုပ်ပစ်မယ်ဆိုတဲ့ ကျန်းပြောင်လား။ ရုပ်က တကယ်ကို သာမန်ရုပ်ရည်မျိုးပဲ။

"ရော့"

ကျန်းပြောင်က လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ ငွေများ ပြည့်နှက်နေသော အိတ်တစ်လုံး စားပွဲပေါ်သို့ ကျလာ၏။

"ရေကြည့်လိုက်၊ ငါးရာတေးလ် တိတိပဲ"

ကျင်းဧကရာဇ်နှင့် အခြားသူများ၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားသည်။

"သူ့အင်္ကျီလက်မောင်းထမှာ ငွေ... ငွေငါးရာတေးလ် ရှိနေတာလား" ကျင်းဧကရာဇ်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။

ကျန်းပြောင်က ခပ်တည်တည်ဖြင့် ပြန်ဖြေသည်။ "ဟုတ်တယ်လေ၊ ကျုပ်တို့ သခင်လေး အပြင်ထွက်ရင် အမြဲတမ်း ငွေတစ်ထောင်တေးလ် ယူသွားလေ့ရှိတယ်၊ ဒီမှာ ကျုပ်ဆီမှာ နောက်ထပ် ငွေငါးရာတေးလ် ရှိသေးတယ်"

စကားပြောနေစဉ်မှာပဲ ညာဘက်လက်ကို မြှောက်လိုက်ရာ လေးလံသော အရာတစ်ခု ပြုတ်ကျလာ၏။

အင်အားကြီးမားလှသည်။ အလေးချိန် ဂျင်ရာပေါင်းများစွာ ရှိသည့် လက်နက်ကိုပင် ကိုင်ဆောင်နိုင်လောက်သည်။

ကျင်းဧကရာဇ်က တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ ‘ဒီလူသာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ရင် သေချာပေါက် အရမ်းအစွမ်းထက်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာမှာပဲ’

"ငွေလွှဲစာချုပ်တွေ ဘာလို့ ယူမလာတာလဲ"

"အကုန်လုံးက အတူတူပါပဲ၊ ဒါပေမဲ့ ငွေသား သယ်ရတာက ပိုပြီး လုံခြုံတယ်လို့ ခံစားရလို့ပါ"

"..."

ဒီအကြောင်းပြချက်ကြောင့် မင်းက ငွေတစ်ထောင်တေးလ်ကို သယ်လာတာပေါ့။

ထိုသူတို့၏ အံ့အားသင့်နေမှုကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ပြုံးကာ ရှင်းပြလိုက်သည်။ "လူကြီးမင်းတို့... ဒါက ကျုပ်ရဲ့ လက်အောက်ငယ်သား ကျန်းပြောင်ပါ၊ သူ့ရဲ့ ဂုဏ်ထူးဆောင်နာမည်က ဟိုင်ဟွမ်လို့ ခေါ်ပါတယ်။

ဒီဒေသရဲ့ တစ်ဦးတည်းသော ဥပဒေစိုးမိုးရေး အရာရှိ၊ ပထမဆုံးနဲ့ သတ္တိအရှိဆုံး တိုက်ခိုက်ရေးသမား၊ သိုင်းလောကမှာဆိုရင် တောက်ယွမ်ကြယ်ပွင့်လို့ လူသိများပါတယ်။

ငွေတစ်ထောင်တေးလ်ဆိုတာကို ပြောမနေနဲ့၊ သူက သာမန်လူတွေကို သဲအိတ်တွေလို လွှင့်ပစ်နိုင်တယ်၊ ဓားပြတွေနဲ့ တွေ့ရင် ခင်ဗျားတို့ သူ့ကို ရှာပြီး အကူအညီတောင်းလို့ရပါတယ်"

ကျင်းဧကရာဇ်မှာ ယုံကြည်သွား၏။ သူက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလျက် ပြောလိုက်၏။ "လေးစားပါတယ်... လေးစားပါတယ်၊ ကျန်းဟိုင်ဟွမ်က တကယ်ကို အစွမ်းထက်တဲ့သူပဲ"

ကျန်းပြောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကော့လိုက်သည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ဒါဆိုလည်း လိုက်မပို့တော့ဘူး၊ မနက်ဖြန် ရုံးတော်ကို လာမယ်လို့ ဆုံးဖြတ်ထားရင် တိုက်ရိုက် လာတွေ့လို့ရပါတယ်"

…

ထိုညတွင် ကျင်းဧကရာဇ်နှင့် သူ၏ မိန်းမစိုးတို့သည် တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။

ကျင်းဧကရာဇ်မှာ စားပွဲတွင် ထိုင်နေပြီး ကော်ထျန်းယန်က ဘေးတွင် ရပ်နေသည်။ စားပွဲပေါ်ရှိ ဖယောင်းတိုင် မီးရောင်မှာ တဖျပ်ဖျပ် တုန်ခါနေပြီး ကျင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ အတော်လေး လေးနက်နေပုံပေါ်၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျင်းဧကရာဇ်က ပြောလိုက်သည်။ "ငွေတွေကို ပြင်ထားလိုက်၊ မနက်ဖြန် ငါတို့ ရုံးတော်ကို သွားပြီး သူနဲ့ စာချုပ်သွားချုပ်မယ်။ ကိုယ်တော် ဖန်မြို့ဝန်မင်းနဲ့ ပတ်သက်ပြီး ပိုပိုပြီး စပ်စုချင်လာပြီ"

ကော်ထျန်းယန်က မေးလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ဟန်ကျန်းပြည်နယ်ကို သွားအုံးမှာလား"

"မသွားတော့ဘူး၊ ကိုယ်တော်တို့ အများကြီး ရရှိခဲ့ပြီးပြီပဲ၊ အိမ်ရှေ့စံက တိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုပေမဲ့ ကျုပ်ဒီမှာ အချိန်အကြာကြီး ရှိနေတာက မှူးမတ်တွေကို သေချာပေါက် စိုးရိမ်ပူပန်စေလိမ့်မယ်"

ထို့နောက် ကျင်းဧကရာဇ်က သက်ပြင်းချလိုက်သည်။ "ဒီလိုဖြစ်လာမယ်လို့ ကိုယ်တော် မမျှော်လင့်ထားခဲ့ဘူး၊ အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတဲ့ ဖန်ကျန်းရီက ခရိုင်တစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိနေတယ်။

ဒါပေမဲ့ အိမ်ရှေ့စံအကြောင်း တွေးမိတာနဲ့တင် ကိုယ်တော် ခေါင်းကိုက်လာပြီ၊ ဒီအကောင်က တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့သူပဲ"

ကော်ထျန်းယန်က လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဖန်ကျန်းရီက ထူးထူးဆန်းဆန်း ပြုမူနေပေမဲ့ ခရိုင်ဝန်တစ်ယောက်အနေနဲ့ ကိစ္စရပ်အားလုံးကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းတာက မသင့်တော်ဘူး မဟုတ်လား"

"သာမန်ထက်ပိုတဲ့လူတွေက ထူးခြားတဲ့ အရာတွေကို လုပ်နိုင်ကြတယ်၊ သူ အခု ရရှိထားတဲ့ အောင်မြင်မှုတွေက ကမ္ဘာပေါ်မှာရှိတဲ့ အာဏာပိုင်တွေ အားလုံးကို ရှက်သွားစေဖို့ လုံလောက်တယ်။

နှစ်ရက် သုံးရက်အတွင်းမှာတင် ကိုယ်တော့်ရဲ့ အမြင်တွေ အများကြီး ကျယ်ပြန့်သွားခဲ့ပြီ၊ ဒါပေမဲ့ ကိုယ်တော့်ဆီမှာ နားမလည်နိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်... ဖန်လုံအိမ်ဆိုတာ ဘာလဲ။ ဒီဖန်ကျန်းရီက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"

ကော်ထျန်းယန်က မယုံကြည်နိုင်စွာဖြင့် ပြန်လည်လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... သူက ထူးဆန်းပြီး ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ ကျွမ်းကျင်တဲ့သူ တစ်ယောက်လို့ပဲ ကျွန်တော်မျိုး ထင်ပါတယ်၊ တခြားခရိုင်တွေဆီ ဘယ်လိုလုပ် အညစ်အကြေး စွန့်ပစ်နိုင်ရက်ရတာလဲ။

ပြီးတော့ သူက မြို့တော်က မှူးမတ်တွေကိုတောင် သာမန် လက်ဖက်ခြောက်တွေ ဝယ်အောင် ဖျောင်းဖျ နိုင်ခဲ့သေးတယ်။ ညစာစားပွဲမှာတောင် သူက လက်ဖက်ခြောက်ရောင်းရဖို့အတွက် အရှင်မင်းကြီးကို မြှောက်ပင့် ပြောဆိုခဲ့သေးတယ်။”

ကျင်းဧကရာဇ်က မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များပေါ်လာသည်။ သူက စကားဖြတ်ပြောလိုက်သည်။ "တော်စမ်း... ဒီလို ထူးဆန်းပြီး ကောက်ကျစ်တဲ့ နည်းလမ်းတွေက ပြည်သူတွေကို ကြီးပွား တိုးတက်စေနိုင်တယ်ဆိုရင် ဒီကိစ္စက အပြစ်ပြောစရာ မရှိဘူး။

"မင်းဆီမှာသာ သူ့ရဲ့ အရည်အချင်း ရာခိုင်နှုန်းသုံးဆယ်လောက် ရှိမယ်ဆိုရင် ကိုယ်တော် ဒီလောက် ခေါင်းကိုက်နေစရာ မလိုတော့ဘူး။

ပြန်ရောက်တဲ့အခါ ဖန်ကျန်းရီရဲ့ အချက်အလက်တွေကို စုံစမ်းဖို့ မမေ့နဲ့၊ ပြီးတော့ နှစ်စဉ် စာရင်းစစ် အရာရှိတွေက တောက်ယွမ်ခရိုင်နဲ့ ပတ်သက်ပြီး ဘာလို့ တစ်ခုမှ မလျှောက်တင်ခဲ့ကြတာလဲဆိုတာကိုပါ စုံစမ်းရမယ်"

ကော်ထျန်းယန်က မျက်မှောင်ကြုတ်လိုက်၏။ သူက အစွမ်းကုန် ကြိုးစားခဲ့သော်ငြား အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ထို့အပြင် မြှားက တစ်ပါးသူဆီ မရောက်ဘဲ သူ့ဆီသာ ပြန်ရောက်ခဲ့ရ၏၊

ထို့နောက် သူက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးက လေးစားဖို့ကောင်းလွန်းပါတယ်။"

"ဟမ့်... မင်းက ကြက်တူရွေး စာရွတ်သလို ပြောနေတာပဲ"

ကော်ထျန်းယန်။ "..."

အပိုင်း (၁၀) စာချုပ်

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်ထောင်က ဖန်ကျန်းရီအား နှိုးလိုက်သည်။

သူက အိပ်ချင်မူးတူး မျက်လုံးများဖြင့် အဝတ်အစား ဝတ်ဆင်ပေးမည့် ရှောင်ထောင်ကို စောင့်ဆိုင်းနေခဲ့၏။

"ဒီသခင်လေးကို ဘယ်အချိန်ကြီး နှိုးလိုက်တာလဲ" သူက ရေရွတ်လိုက်သည်။

"မွန်းတည့်နေပြီလေ၊ မြို့တော်က ကုန်သည် နှစ်ယောက်က သခင်လေးကို တွေ့ဖို့ စောင့်နေတယ်"

ရှောင်ထောင်က သူ့အား ကျွမ်းကျင်စွာဖြင့် ရုံးဝတ်စုံ ဝတ်ဆင်ပေးလိုက်သည်။ ပြီးနောက် ရေစွတ်ထားသော မျက်နှာသုတ်ပုဝါ အေးအေးလေးကို သူ၏ မျက်နှာပေါ်သို့ တင်ပေးလိုက်၏။

ဖန်ကျန်းရီမှာ ရုတ်တရက် တုန်တက်သွားပြီး အိပ်ချင်ပြေသလို ဖြစ်သွားသည်။

"အာ... ဒီသခင်လေးက ရက်အတော်ကြာ ကောင်းကောင်း မအိပ်ရသေးဘူး၊ နည်းနည်းလောက် ညင်ညင်သာသာ လုပ်ပေးလို့ မရဘူးလား"

ရှောင်ထောင်က ဘာမှမပြောဘဲ အားကိုးရာမဲ့စွာသာ စိုက်ကြည့်နေလိုက်၏။ ဖန်ကျန်းရီက တစ်နေ့လျှင် အနည်းဆုံး ခြောက်နာရီခန့် အိပ်စက်သည်။ အဘယ်ကြောင့် ဤမျှ အိပ်ရသနည်းကို သူမအနေဖြင့် ယခုထိ နားမလည်နိုင်ချေ။

ဒီလောက် အချိန်အကြာကြီး အိပ်ရတာ မပင်ပန်းဘူးလား။ ဒီထက်ပိုပြီး အိပ်နေအုံးမယ်ဆိုရင် ကျောမှာ အနာတွေတောင် ပေါက်လာလောက်တယ်။

အဝတ်အစား လဲလှယ်ပြီးနောက် ဖန်ကျန်းရီက အိပ်ခန်းထဲမှ ယိုင်နဲ့နဲ့ ထွက်လာခဲ့သည်။

အဆင်ပြေစေရန်အတွက် ဖန်ကျန်းရီ နေထိုင်ရာ နေရာတစ်ခုလုံးကို ရုံးတော်၏ အနောက်ဘက်ခြံဝန်းတွင် တည်ဆောက်ထားခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် တောက်ယွမ်ခရိုင်၏ မတူညီသော ပုံစံသစ်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ရုံးတော်ကိုလည်း လိုအပ်သော ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ခဲ့ရသည်။

ယေဘုယျအားဖြင့် ဧည့်ခန်းများ၊ စေ့စပ်ညှိနှိုင်းသည့်အခန်းများ၊ မှတ်တမ်းအခန်းများ စသည်တို့ ပါဝင်သည့် ခေတ်မီ အစိုးရအဖွဲ့အစည်းတစ်ခုနှင့် တူနေ၏။

ကျင်းဧကရာဇ်နှင့် သူ၏မိန်းမစိုးတို့ လတ်တလော ရောက်ရှိနေသောအခန်းမှာ ဖန်ကျန်းရီ ရုံးတော်ကို ပြန်လည် မတည်ဆောက်မီ အထူးတလည် ပြင်ဆင်ထားခဲ့သော အခန်းတစ်ခန်း ဖြစ်သည်။

ဤအခန်းမှာ လူသူကင်းမဲ့သော နေရာတွင် ရှိနေပြီး အသံလုံစနစ် အလွန်ကောင်းမွန်၏။ အခန်းထဲတွင် စားပွဲရှည် တစ်လုံး၊ ကုလားထိုင် အနည်းငယ်နှင့် ဗီရို အနည်းငယ်သာ ရှိသည်။

အခန်းတွင် ပြတင်းပေါက်များ မရှိဘဲ ဆီမီးခွက်များဖြင့်သာ လင်းထိန်နေ၏။ တံခါးနှင့် တည့်တည့်ရှိ နံရံပေါ်တွင်မူ ...

'အမျိုးသား ထောင်ပေါင်းများစွာရဲ့ လက်ညှိုးထိုးတာကို ခံရရင်တောင် ဒေါသတကြီး မျက်မှောင်ကြုတ်ပြမယ်၊ ဒါပေမဲ့ နွားတစ်ကောင်လို နာခံပြီး လူငယ်တွေကို အလုပ်အကျွေးပြုဖို့တော့ ငါ့ခေါင်းကို လိုလိုလားလား ငုံ့ထားမယ်' ဟူသော ကဗျာတစ်ကြောင်း ရေးသားထား၏။

အောက်ဘက်ရှိ စားပွဲပေါ်တွင် ထူးဆန်းသော စက်ပစ္စည်းတစ်ခုကို တင်ထားသည်။

၎င်းမှာ အမြီးပိုင်းတွင် အပ်တစ်ချောင်း ပါရှိသော ဦးချိုကြီးတစ်ခု ဖြစ်ပြီး ၎င်း၏အောက်တွင် လက်တံတစ်ခုနှင့် ရည်ရွယ်ချက် ဘာမှန်း မသိရသော ကြေးဝါတိုင်တစ်ခု ရှိနေ၏။

အခန်းတစ်ခုလုံးက ရိုးရှင်းမှုနှင့် နက်နဲမှု နှစ်ခုစလုံးကို ထင်ဟပ်ပြသနေ၏။

ကျင်းဧကရာဇ်မှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ နံရံပေါ်ရှိ ကဗျာကို စိုက်ကြည့်ရင်း ခဏတာမျှ တိတ်ဆိတ် နေခဲ့သည်။

…

မကြာမီမှာပဲ ဖန်ကျန်းရီက ကျန်းပြောင်နှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။

သူက လူနှစ်ဦးစလုံးကို နှုတ်ဆက်လိုက်သည်။

ကျင်းဧကရာဇ်က ဖြည်းညင်းစွာ လှည့်လာပြီး ပြောလိုက်၏။ "ဖန်မြို့ဝန်မင်း... ဒီကဗျာကို ခင်ဗျား ရေးခဲ့တာလား"

"မဟုတ်ပါဘူး၊ ရှေးဟောင်းစာအုပ် အပိုင်းအစတစ်ခုကနေ တွေ့ခဲ့တာပါ၊ လှလှပပ ရေးထားလဲဆိုတာကို မြင်လိုက်ရတော့ ဒီနံရံမှာ ကောက်ထွင်းထားလိုက်တာပါ"

မည်သို့ပင်ဆိုစေကာမူ သခင်လေးဖန်မှာ လေးစားစရာကောင်းသော လူတစ်ယောက် ဖြစ်သည်။ သူက ကဗျာခိုးချရလောက်အောင်အထိ အောက်တန်းကျမည် မဟုတ်ချေ။ တပါးသူပစ္စည်းဖြစ်ကြောင်း သိက္ခာရှိစွာ ဝန်ခံသည်။

ကျင်းဧကရာဇ်က သက်ပြင်းချလိုက်၏။ "ဘယ်လောက်တောင် လှပတဲ့ ကဗျာလေးလဲ၊ ကဗျာအပြည့်အစုံကို မမြင်ရတာ တကယ်ကို နှမြောစရာပဲ"

‘အာ... ငါ သတိမထားမိခဲ့ဘူး၊ သူကလည်း မျိုးချစ်စိတ်ဓာတ်ရှိတဲ့ စီးပွားရေးသမားပါလား။’

ဖန်ကျန်းရီက စိတ်ထဲမှ တွေးလိုက်သော်ငြား အပြင်ဘက်တွင်မူ အသံထွက်၍ ပြောလိုက်သည်။ "ခင်ဗျားတို့ နှစ်ယောက်လုံး လက်ဖက်ခြောက်မှာဖို့ ဆုံးဖြတ်ပြီးပြီလား"

ကျင်းဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။ "ဖန်မြို့ဝန်မင်းရဲ့ စိတ်ဝင်တစား လုပ်ဆောင်မှုတွေကြောင့် အနာဂတ်မှာ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ချောချောမွေ့မွေ့ ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီလက်ဖက်ခြောက်ကလည်း မြို့တော်မှာ ဈေးကွက်ရလိမ့်မယ်လို့ မျှော်လင့်မိတယ်။ အရောင်းအဝယ် ပြီးသွားတာနဲ့ ကျုပ်တို့ ချက်ချင်း မြို့တော်ကို ပြန်ပါမယ်"

"ကော်... ငွေလွှဲစာချုပ်တွေ ယူလာခဲ့"

ကော်ထျန်းယန်က ငွေလွှဲစာချုပ်များကို ထုတ်ယူကာ ဖန်ကျန်းရီ၏ အရှေ့တွင် ချထားပေးလိုက်သည်။

"ဖန်မြို့ဝန်မင်း... ကျုပ်တို့ လက်ဖက်ခြောက်ကို ဘယ်ကနေ ဝယ်ရမလဲ"

"ဟားဟား... ခင်ဗျားတို့အတွက် ကျုပ် ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ ကျန်းပြောင် ...."

ကျန်းပြောင်က အရှေ့သို့ တိုးလာပြီး သူ၏ ကျောပေါ်မှ အထုပ်တစ်ထုပ်ကို ဖွင့်လိုက်သည်။ အတွင်း၌ လက်ဖက်ခြောက်ခဲ နှစ်ဆယ်နှင့် သံပြားတစ်ချပ် ရှိနေ၏။

"ဒီမှာ လက်ဖက်ရည်ခဲ နှစ်ဆယ်ပါ၊ တစ်ခဲကို တစ်ကတ်တီ အလေးချိန်ရှိပါတယ်၊ ပစ္စည်းတွေကို သေချာ စစ်ဆေးကြည့်ပါအုံး။

ပြီးတော့ အပြန်ကျရင် ခင်ဗျားတို့ရဲ့လှည်းပေါ်မှာ ဒီမက်မွန်ပွင့် အမှတ်တံဆိပ်ကို တပ်ဖို့ မမေ့နဲ့နော်၊ အဲဒါက တောက်ယွမ်ခရိုင်အတွင်း အတားအဆီးမရှိ သွားလာခွင့် ရစေလိမ့်မယ်၊ ပစ္စည်း ထပ်ယူဖို့ လာတဲ့အခါကျရင် ခင်ဗျားတို့ကို တစ်ယောက်ယောက် လာရှာလိမ့်မယ်၊ ကျုပ်ကို လာတွေ့စရာ မလိုတော့ဘူး။”

စကားဆုံးပြီးနောက် ဖန်ကျန်းရီက စာရွက်နှစ်ရွက်ကို ကမ်းပေးလိုက်သည်။

ကျင်းဧကရာဇ်က လက်ခံယူလိုက်၏။ တစ်ရွက်မှာ တောက်ယွမ်ခရိုင်နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ် ဖြစ်ပြီး အခြားတစ်ရွက်မှာ လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် ဖြစ်၏။

စာရွက်စာတမ်းများကို သေချာစွာ ဖတ်ရှုပြီးနောက် ကျင်းဧကရာဇ်က သဘောတူစာချုပ်မှာ ပြဿနာ မရှိကြောင်းနှင့် ၎င်း၏ အကြောင်းအရာများမှာ ယေဘုယျအားဖြင့် ညစာစားပွဲတွင် ဆွေးနွေးခဲ့သည်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိလိုက်ရသည်။

သို့သော်ငြား လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်တွင်မူ ပြဿနာအချို့ ရှိနေသဖြင့် သူက မေးလိုက်သည်။ "ဘာလို့ တောက်ယွမ်ခရိုင်ရဲ့ နာမည်ကို အပြင်လူတွေ သိအောင် ပြောပြခွင့် မရှိရတာလဲ"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "အဆင်ပြေပါတယ်... ဒါက အဆင့်လိုက် လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ် တစ်ခုပါ၊ တောက်ယွမ်ခရိုင်က လူဦးရေ နည်းပါးပြီး မြေနေရာနဲ့ အရင်းအမြစ်လည်း ကန့်သတ်ချက် ရှိပါတယ်။ ကျုပ်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်တဲ့အတွက် ဒီလိုမျိုးလုပ်ထားရတာပါ။

ဒုတိယအချက်အနေနဲ့ ဒါက ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့အတွက်လည်း ဖြစ်တယ်၊ လောလောဆယ် တောက်ယွမ်ခရိုင်က လက်ဖက်ခြောက်ကို ခင်ဗျားတို့ တစ်ဦးတည်းကပဲ ရောင်းချခွင့် ရထားတာလေ။

ထပ်ပြောရရင် အပြင်လူတွေ အများကြီး ဝင်လာတာက ဒေသခံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်၊ တောက်ယွမ်ခရိုင်ရဲ့ ပြည်သူတွေက ရိုးသားဖြူစင်ကြတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ သူတို့ လမ်းမှားရောက်သွားမှာကို စိုးရိမ်လို့ပါ"

"ဒါဆို ဒီအပိုဒ်ကို ပြင်လို့ရမလား... 'ဒီကျိန်ဆိုချက်ကို ချိုးဖောက်သူဟာ ပါးစပ်မှာ အနာတွေပေါက်မယ်၊ ခြေလက်တွေ အားနည်းမယ်၊ ညဘက် ချွေးထွက်မယ်၊ ခေါင်းမူးမယ်... ပြီးတော့ တောက်ယွမ်ခရိုင် ပြည်သူတွေရဲ့ တံတွေးခွက်ထဲမှာ မျောသေရမယ်' ဆိုတာကိုလေ။"

"မရဘူး"

ကျင်းဧကရာဇ်က ချွေးစေးများကို သုတ်ပစ်လိုက်၏။ ဒါက စာချုပ်နက်ပဲ။ လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်ထဲက ကျိန်စာတွေကို သူ ဂရုမစိုက်သော်ငြား ဖတ်ကြည့်ရသည်မှာ ကြက်သီးထစရာပင်။

ခဏတာ စဉ်းစားပြီးနောက် ကျင်းဧကရာဇ်က အံကြိတ်ပြီး လက်ဗွေနီ နှိပ်ပေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူက နာမည်အတုကို အသုံးပြုနေခြင်းဖြစ်ရာ ရိုးရိုးလေး လက်မှတ်ထိုးပေးလိုက်ရုံပင်။

ကော်ထျန်းယန်က သွားဖြီးပြလိုက်ပြီး ဖန်ကျန်းရီကို ကြည့်သော သူ၏အကြည့်များတွင် အားကျလေးစားမှုများ ပါဝင်နေသည်။

ဤလူငယ်က တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။ ဘုရင်မင်းမြတ်ကိုပင် ကျိန်စာတိုက်ထားသော စာချုပ် ချုပ်ဆိုခိုင်းခဲ့၏။

စာချုပ်ပေါ်ရှိ ကျင်းဧကရာဇ်၏ လက်ဗွေရာကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ယူပြီး ကျေနပ်စွာ စစ်ဆေး ကြည့်လိုက်သည်။

"ဒီစာချုပ်ကို ပြန်ဖတ်ပြဖို့ ခင်ဗျားတို့ နှစ်ယောက်ကို အနှောင့်အယှက် ပေးရအုံးမယ်"

"ကျန်းပြောင်... အဆင်သင့်လုပ်ထား"

ကျန်းပြောင်က ကျင်းဧကရာဇ်ကို ဖြတ်လျှောက်သွားပြီး အနောက်ရှိ ဗီရိုထဲမှ ငွေလွှာလိပ် တစ်လိပ်ကို ကျွမ်းကျင်စွာ ဆွဲထုတ်လိုက်ကာ ဦးချိုကြီးထံသို့ သွား၍ လက်ကိုင်ကို အကြိမ်အနည်းငယ် လှည့်လိုက်သည်။ ပြီးနောက် ငွေလွှာကို ကြေးဝါတိုင်တွင် ကပ်လိုက်၏။

"ဖန်မြို့ဝန်မင်း... ဒါက ဘာအဓိပ္ပာယ်လဲ"

ဖန်ကျန်းရီက ကျင်းဧကရာဇ်၏ လက်ကို စိတ်အားထက်သန်စွာ ဆွဲကိုင်ပြီး ဦးချိုကြီးထံသို့ ခေါ်ဆောင်သွားသည်။

"လာပါ... လာပါ၊ ခင်ဗျားတို့ နှစ်ယောက်လုံး ကျုပ်နောက် လိုက်ခဲ့။ ဒီစာရွက်စာတမ်းထဲက အကြောင်းအရာ တွေကို အဲဒီဦးချိုကြီးထဲ အတိအကျ ဖတ်ပြပေးပါ။

ရိုးရိုးသားသား ပြောရရင် ဒါက ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခုပါ၊ ဒီစက်ပစ္စည်းထဲကို စကားပြောတာက မိတ်ဖက်တွေအကြား ရင်းနှီးကျွမ်းဝင်မှုကို သက်သေပြတာပါပဲ။ စိတ်မပူပါနဲ့၊ ဒါက အခမ်းအနား သေးသေးလေး တစ်ခုပါပဲ၊ ကျုပ် သုံးအထိ ရေလိုက်မယ်၊ ပြီးရင် ခင်ဗျားတို့ စတင်ပြောဆိုလို့ ရပါပြီ။"

ကျင်းဧကရာဇ်၏ စိတ်ထဲတွင် မေးခွန်းများစွာ ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်၏။

သို့သော် သူ၏ လက်ဗွေရာက စာချုပ်တွင် ရှိနေပြီဖြစ်ရာ စကားပြောရပေတော့မည်။

ဖန်ကျန်းရီ သုံးအထိ ရေတွက်ပြီးနောက် ကျင်းဧကရာဇ်က လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူစာချုပ်ကို စတင် ဖတ်ပြ၏။

တစ်ချိန်တည်းမှာပဲ ကျန်းပြောင်ကလည်း လက်ကိုင်ကို စတင် လှည့်နေသည်။

ကျင်းဧကရာဇ်က စကားပြောတိုင်း ဦးချိုကြီး၏ ထိပ်ရှိ အပ်ချွန်လေးက ငွေအပါးလွှာကို အဆက်မပြတ် ထိတွေ့နေပြီး သေးငယ်သော အစက်အပြောက်လေးများ သိပ်သည်းစွာ ဖြစ်ပေါ်နေကြောင်း သတိပြုမိလိုက်၏။

လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်း သူတို့နှစ်ဦးစလုံး ဖတ်၍ ပြီးသွားကြသည်။ ကျန်းပြောင်က ငွေလွှာကို ဖြုတ်ယူကာ အခန်းထဲမှ ထွက်ခွာသွားသည်။

ကျင်းဧကရာဇ်၏ ရင်ထဲတွင် ယားကျိကျိ ဖြစ်လို့နေသည်။ ထိုငွေလွှာက ဘာဖြစ်သနည်းဆိုသည်ကို သိချင်နေသည်။ ကံမကောင်းစွာဖြင့် ဖန်ကျန်းရီက သူ့ကို ထိုအခွင့်အရေး မပေးခဲ့ချေ။

ဖတ်ပြီးသွားသည်နှင့် တပြိုင်နက် သူတို့ကို ချက်ချင်း ပြန်လွှတ်လိုက်၏။

လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်း ကျင်းဧကရာဇ်နှင့် ကော်ထျန်းယန်တို့မှာ ရုံးတော်တံခါး အပြင်ဘက်သို့ ရောက်သွားသည်။ ထိုနေရာတွင် ရပ်ရင်း တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

ရုတ်တရက် မြင်းလှည်းတစ်စီးက သူတို့၏အနောက်မှ ပေါ်လာသည်။ မြင်းလှည်းဆရာက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ "လူကြီးမင်းတို့... မြို့တော်ကိုအပြန် မြင်းလှည်း စီးသွားကြမလား။ ကျုပ်ကို မြို့ဝန်မင်းက လိုက်ပို့ပေးဖို့ လွှတ်လိုက်တာပါ"

တော်သေးတယ်။ ဒီကောင်လေးက လူကောင်းတစ်ယောက်ဖြစ်နေတုန်းပဲကိုး။

ကျင်းဧကရာဇ်မှာ အနည်းငယ် သက်သာရာရသွားသည်။

ကော်ထျန်းယန်မှာလည်း အနည်းငယ် ဝမ်းသာသွားသည်။ ဖန်ကျန်းရီက ဤမျှ စဉ်းစားတတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ သူတို့အတွက် အလွန် အဆင်ပြေစေမည့် မြင်းလှည်းကိုပင် စီစဉ်ပေးခဲ့၏။

ထို့ကြောင့် သူတို့နှစ်ဦးစလုံး မြင်းလှည်းပေါ်သို့တက်ကာ မြို့တော်သို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

သူတို့ နေရာတွင် ဝင်ထိုင်လိုက်သည်နှင့် တပြိုင်နက် မြင်းလှည်းဆရာက အပြင်ဘက်မှနေ၍ ခေါင်းပြူကာ ပြောလိုက်၏။ "လူကြီးမင်းတို့... ငွေဆယ်တေးလ် ကျပါမယ်"

ကော်ထျန်းယန် "..."

ကျင်းဧကရာဇ် "..."

All Chapters