အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အပိုင်း (၁၁) နန်းတော်သို့ ပြန်လည်ရောက်ရှိခြင်း
အပြန်လမ်းတွင် မိုးဖွဲဖွဲလေး ရွာသွန်းနေခဲ့၏။
တောက်ယွမ်ခရိုင်၏ နယ်နိမိတ်မှ ထွက်ခွာလာပြီးနောက် မြို့တော်သို့ သွားသောလမ်းမှာ အလွန် ဗွက်ထနေသည်။
ကျင်းဧကရာဇ် စီးနင်းလာသော ရထားလုံးမှာ ရွှံ့ဗွက်များထဲတွင် အကြိမ်ကြိမ် နစ်ဝင်နေခဲ့ပြီး ကော်ထျန်းယန်မှာ ရထားလုံးပေါ်မှ ဆင်းကာ မြင်းလှည်းဆရာနှင့်အတူ တွန်းပေးရသည်အထိ တကယ်ကို သနားစရာကောင်းသော အခြေအနေ ဖြစ်ခဲ့၏။
သို့သော်ငြား နောက်ဆုံး မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်ရှိလာချိန်မှာတော့ ကျင်းဧကရာဇ်၏ ဒေါသက ပိုမို ကြီးထွားလာခဲ့သည်။
ထိုနေရာမှာ သာမန်ပြည်သူများနှင့် မြင်းလှည်းများ ဖရိုဖရဲ ရောနှောနေသော နေရာတစ်ခု ဖြစ်သည်။ သူတို့စီးနင်းလာသော ရထားလုံးမှာ လမ်းပေါ်တွင် အကြိမ်ကြိမ် ပိတ်ဆို့ခံခဲ့ရ၏။
မြင်းလှည်းဆရာက အရှေ့ရှိ လူများနှင့် အဆက်မပြတ် အော်ဟစ်ငြင်းခုံနေရသောကြောင့် ရထားလုံးထဲတွင် ထိုင်နေသော ကျင်းဧကရာဇ်မှာ ပို၍ပို၍ ဒေါသထွက်လာသည်။
ကော်ထျန်းယန်ကလည်း စကားတစ်ခွန်းမှ မဆိုရဲဘဲ ခေါင်းကိုသာ ငုံ့ထားမိ၏။
ရုတ်တရက် ရထားလုံးက ပြင်းထန်စွာ ဆောင့်တက်သွားပြီးနောက် အပြင်ဘက်မှ မြင်းလှည်းဆရာ၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
ကော်ထျန်းယန်က အလျင်အမြန် ခေါင်းပြူ၍ စစ်ဆေးကြည့်လိုက်ရာ ရထားလုံးက ရွှံ့ဗွက်ကျင်းထဲသို့ ကျသွားပြီး မြင်းလှည်းဆရာမှာ ဟန်ချက်ပျက်ကာ ရထားလုံးပေါ်မှ ပြုတ်ကျသွားကြောင်း တွေ့လိုက်ရ၏။
ထိုသူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ရွှံ့ဗွက်ကျင်းထဲတွင် နစ်မြုပ်နေပြီး နဖူးကိုကိုင်ကာ အဆက်မပြတ် ညည်းတွားနေသည်။
"ကျိန်စာသင့်နေတဲ့ နေရာ... ငါ ဟိုခရိုင်ထဲမှာပဲ နေခဲ့တာကမှ ပိုကောင်းအုံးမယ်"
အနီးအနားရှိ စုတ်ပြတ်သတ်နေသော လေလွင့်သူတောင်းစားတစ်စုမှာ မြင်းလှည်းဆရာ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ကာ အားရပါးရ ရယ်မောနေကြတော့၏။
ကော်ထျန်းယန်ကလည်း မျက်မှောင်ကြုတ်လိုက်ပြီး မြင်းလှည်းဆရာကို မြန်မြန်ထကာ ခရီးဆက်ရန် အလျင်အမြန် ပြောလိုက်သည်။
ဤနေရာမှာ တောက်ယွမ်ခရိုင်နှင့် လုံးဝ မတူညီချေ။ စည်းကမ်းမှာ အလွန် ဆိုးရွားပြီး သာမန်ပြည်သူများ ရောနှော နေထိုင်သော လူမှုအသိုင်းအဝိုင်း တစ်ခု ဖြစ်၏။
မြင်းလှည်းဆရာက ဆက်သွားရန် ရွှံ့ဗွက်ကျင်းထဲတွင် အကြိမ်အနည်းငယ် ရုန်းကန် ကြိုးစားလိုက်သော်ငြား အရိုး ထိခိုက်သွားပုံရပြီး မထနိုင်တော့ချေ။
ပတ်ဝန်းကျင်အရပ်ဆီမှ ရယ်မောသံများက ပိုမို ကျယ်လောင်လာခဲ့၏။ ကော်ထျန်းယန်မှာ အားကိုးရာမဲ့စွာဖြင့် ဒေါသကို မြိုသိပ်ကာ ရထားလုံးပေါ်မှ ဆင်းပြီး မြင်းလှည်းဆရာကို ကူညီပေးလိုက်ရသည်။
သူတို့ ရထားလုံးပေါ်သို့ ပြန်တက်ကာ ခရီးဆက်ရန် ပြင်လိုက်စဉ်မှာပင် ကျင်းဧကရာဇ်က ရုတ်တရက် စကားပြော လာခဲ့၏။
"ရထားလုံး မလိုတော့ဘူး... လမ်းလျှောက်ပြန်ကြမယ်"
"အရှင်မင်းကြီး ... မိုးရွာနေတုန်းပဲလေ၊ မိုးစိုခံလို့ မဖြစ်ဘူး"
အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ ကျင်းဧကရာဇ်က ပြောလိုက်သည်။ "လမ်းလျှောက်တာထက် ရထားလုံးနဲ့ သွားတာက ပိုမြန်လို့လား၊ လမ်းပေါ်က ဒီချိုင့်ခွက်တွေကို ကြည့်စမ်း၊ ခြေလှမ်းတိုင်းက ထောင်ချောက် တွေချည်းလိုပဲ၊ ဒီတိုင်းဆို ငါတို့ မနက်ဖြန်မှပဲ အိမ်ပြန်ရောက်နိုင်မယ်ထင်တယ်"
"မြင်းလှည်းဆရာ... မင်း ပြန်လှည့်လို့ရပြီ"
စကားဆုံးပြီးနောက် သူက ငွေနှစ်ဆယ်တေးလ် ပေးရန် ကော်ထျန်းယန်အား အမိန့်ပေးလိုက်၏။
မြင်းလှည်းဆရာမှာ အလွန် ဝမ်းသာသွားပြီး အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုကာ ပြန်လည် ထွက်ခွာသွားသည်။
ကော်ထျန်းယန်မှာ ဆွံ့အလျက်ရှိသည်။ ရထားလုံး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တောက်ယွမ်ခရိုင်ကို ရုတ်တရက် လွမ်းဆွတ်သွားမိ၏။
လမ်းတွေကို ဘယ်လို ဖောက်လုပ်ထားတာလဲ။ မြို့တွေက ဘာလို့ ဒီလောက် သန့်ရှင်းနေရတာလဲ။
ကျင်းတိုင်းပြည်၏ အသည်းနှလုံးဖြစ်သော မြို့တော်က ဘယ်လိုလုပ် ဒီလောက်တောင် အုပ်ချုပ်မှု ညံ့ဖျင်းနေရတာလဲ။
သူတို့က မြို့လယ်ခေါင်နှင့် သိပ်မဝေးတော့သော်ငြား လမ်းများက အကွေ့အကောက်များပြီး ရေဆိုးရေညစ်များ ကလည်း နေရာအနှံ့ စီးဆင်းနေဆဲပင်။
လူများမှာ အတော်လေး ဂရုမစိုက်ကြချေ။ အချို့က သူတို့၏ အမှိုက်များနှင့် အညစ်အကြေးများကို အိမ်ရှေ့တွင် တိုက်ရိုက် စွန့်ပစ်ထားခဲ့ကြပြီး ထိုအရာများကို မိုးရေများက သယ်ဆောင်သွားကြ၏။
မိုးထဲတွင် ဆော့ကစားနေသော ကလေးငယ် အချို့မှာ ရေဆိုးရေညစ်များထဲတွင် ဘာကိုမှ ဂရုမစိုက်ဘဲ ပြေးလွှားဆော့ကစားနေကြပြီး ရေများကို လက်ခုပ်ဖြင့် ခပ်ယူကာ တစ်ယောက်ကိုတစ်ယောက် ပက်ကစားနေကြသေးသည်။
လေထုထဲတွင် ဆိုးရွားပြီး မနှစ်မြို့ဖွယ် အနံ့အသက်များ ပျံ့နှံ့နေ၏။
ကျင်းဧကရာဇ်က အဝေးမှ အတွင်းမြို့တော်ကို စိုက်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် လေးနက်သော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး သက်ပြင်းကို လေးလေးပင်ပင် ချလိုက်မိသည်။
"အစကတော့ ပင်လယ်လေးစင်းကို စည်းလုံးပြီးနောက်မှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ ပေါ့ပါးတဲ့ လုပ်အားတွေကို အကောင်အထည်ဖော်လိုက်ရင် သာမန်ပြည်သူတွေရဲ့ ဘဝက သဘာဝကျကျ ကြီးပွား တိုးတက်လာလိမ့်မယ်လို့ ကိုယ်တော် ထင်ခဲ့တယ်၊ အခုမှ ကိုယ်တော် အရမ်း ရိုးရှင်းလွန်းခဲ့တယ်ဆိုတာကို သိလိုက်ရတယ်၊ သာမန် မြို့ဝန် တစ်ယောက်ထက် ဒီလောက်တောင် လုပ်ရည်ကိုင်ရည် ရှိနေလိမ့်မယ်လို့ ကိုယ်တော် မမျှော်လင့်ထားခဲ့ဘူး၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ၊ တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်"
ကော်ထျန်းယန်က ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်၏။ "အရှင်မင်းကြီးက ကမ္ဘာလောကကြီး တစ်ခုလုံးကို အုပ်စိုးနေတာပါ၊ သေးငယ်တဲ့ ခရိုင်လေးတစ်ခုက ဘယ်လိုလုပ် အရှင်မင်းကြီးနဲ့ ယှဉ်နိုင်မှာလဲ"
ကျင်းဧကရာဇ်က တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်ကို ခဏတာ ကြည့်ရှုလိုက်သည်။ ပြီးနောက် ခြေထောက်များကို မြှောက်၍ အတွင်းမြို့တော်ဆီသို့ စတင် လျှောက်လှမ်းသွားသည်။
မြို့လယ်ခေါင်သို့ ဝင်ရောက်နိုင်ရန် သူတို့ ဆယ့်ငါးမိနစ် အချိန်ယူခဲ့ရသည်။ ထိုအချိန်တွင် ကျင်းဧကရာဇ်မှာ လုံးဝကို စိုရွှဲနေပြီး သူ၏ဖိနပ်များမှာလည်း ရွှံ့များဖြင့် ဖုံးလွှမ်းနေ၏။
ကော်ထျန်းယန်မှာ အသက်ရှူမဝတော့ဘဲ အထူးသဖြင့် ကျောပေါ်တွင် လက်ဖက်ရည် ကတ်တီနှစ်ဆယ်ကို သယ်ပိုးထားရသဖြင့် ပို၍ပင် ဆိုးရွားနေတော့သည်။
စစ်တပ်တွင် မကြာခဏ တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် ကျင်းဧကရာဇ်မှာ ထူးခြားသော ခံနိုင်ရည်နှင့် လျင်မြန်သော ခြေလှမ်းများကို ပိုင်ဆိုင်ထား၏။
ကော်ထျန်းယန်မှာ အလွန် ပင်ပန်းနွမ်းနယ်နေသဖြင့် အသက်ရှူမဝဖြစ်ကာ အချိန်မမီလုနီးပါး ဖြစ်နေခဲ့၏။ လမ်းတစ်လျှောက်လုံး ဆိုးရွားသော ပတ်ဝန်းကျင်ကို တိုးတိုးလေး ကျိန်ဆဲလာခဲ့သည်။
အတွင်းမြို့တော်သို့ ဝင်ရောက်လာချိန်တွင် သူက နောက်ဆုံး၌ သက်ပြင်းချနိုင်သွားသည်။ သို့နှင့် ကျင်းဧကရာဇ်အား အလျင်အမြန် လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး... အတွင်းမြို့တော်မှာ အတွင်း သက်တော်စောင့် စခန်းတစ်ခု ရှိပါတယ်၊ ကျုပ် မျိုး ရထားလုံးတစ်စီး စီစဉ်ပေးပါ့မယ်၊ ကျန်တဲ့ခရီးက ပိုပြီး လွယ်ကူသွားပါလိမ့်မယ်"
ကျင်းဧကရာဇ်က ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လမ်းမျက်နှာပြင်မှာ အများကြီး ပိုချောမွေ့လာသော်ငြား ရွှံ့ဗွက်ထနေဆဲဖြစ်ပြီး မနှစ်မြို့ဖွယ် အနံ့အသက်များက လေထုထဲတွင် ကျန်ရစ်နေဆဲပင်။
အရှေ့ရှိ ဖရိုဖရဲ အခြေအနေကို ကြည့်ရင်း ကျင်းဧကရာဇ်မှာ နောက်တစ်ကြိမ် အတွေးနက်သွားပြန်သည်။
...
ထိုအချိန်တွင် အဓိပတိဝန်ကြီး လီယန်စုန်မှာ သဝဏ်လွှာများကို စစ်ဆေးနေပြီး အခြား အဓိပတိ ဝန်ကြီးများကလည်း သူတို့၏တာဝန်များကို ထမ်းဆောင်နေကြသည်။ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ၊ ငွေကြေးနှင့် ကောက်ပဲသီးနှံဆိုင်ရာ ကိစ္စရပ်များကို အဆက်မပြတ် ပြန်လည်သုံးသပ်နေကြသည်။
ထိုစဉ် အောက်ခြေအရာရှိတစ်ဦးက အဓိပတိဝန်ကြီးများ၏ ရုံးခန်းထဲသို့ အလျင်စလို ဝင်ရောက်လာခဲ့၏။
သူက ခါးမှ အနီရောင် စက္ကူစာအိတ်တစ်အိတ်ကို ဆွဲထုတ်လိုက်သည်။ မျက်နှာပေါ်တွင် စိုးရိမ်နေသော အမူအရာ ပေါ်လွင်နေသည်။
"အမတ်မင်းလီ... မင်းတရားကြီးဆီက သတင်းရထားပါတယ်"
ရုံးခန်းထဲရှိ အရာရှိအားလုံးမှာ အံ့အားတကြီး မော့ကြည့်လိုက်ကြ၏။
လီယန်စုန်က စာရေးနေခြင်းကို ရပ်တန့်လိုက်ပြီး အလျင်အမြန် မတ်တတ်ရပ်ကာ စာအိတ်ကို ယူ၍ ဖတ်လိုက်သည်။ ထို့နောက် ရွှင်လန်းစွာ မော့ကြည့်ရင်း ပြောလိုက်သည်။ "လူကြီးမင်းတို့... မင်းတရားကြီး နန်းတော်ကို ပြန်ရောက်နေပြီ"
အကြီးတန်းဝန်ကြီးများဖြစ်သော ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့မှာ ဤသတင်းကြောင့် အလွန် ဝမ်းသာ သွားကြ၏။
ဧကရာဇ်မင်း နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။ မင်းကြီးသည် စာတစ်စောင်ချန်ထားခဲ့ပြီး နန်းတော်ထဲမှ လျှို့ဝှက်စွာ ထွက်သွားခဲ့သည်။ အိမ်ရှေ့စံမှာ နိုင်ငံတော်ရေးရာ ကိစ္စရပ်များကို ကြီးကြပ်ရန် တာဝန် ပေးအပ်ခံထားရသော်ငြား နန်းတော်တွင်းကိစ္စများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
ယခုတော့ ခက်ခဲ့သည့်နေ့ရက်တွေ ပြီးဆုံးသွားပြီ။ ထို့အပြင် သူတို့ ထင်ထားသည်ထက် အများကြီး ပိုမြန်၏။
လီယန်စုန်က အောက်ခြေအရာရှိဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ဟန်ကျန်းပြည်နယ်ကို စေလွှတ်ထားတဲ့ သံတမန်တွေကို ချက်ချင်း ပြန်လာလို့ရပြီဆိုတဲ့အကြောင်း အကြောင်းကြားလိုက်"
အောက်ခြေအရာရှိက ခေါင်းညိတ်ပြကာ အပြင်သို့ ပြန်ပြေးထွက်သွားသည်။
လီယန်စုန်က ရွှင်လန်းစွာ ပြောလိုက်၏။ "လူကြီးမင်းတို့... ကျုပ် မင်းတရားကြီးရှေ့မှောက်ကို သွားတော့မယ်၊ ကျုပ်နဲ့အတူ ဘယ်သူ လိုက်အုံးမလဲ"
ကျိန့်ချောင်နှင့် ကျန်းတုန်ရှန်းတို့က ချက်ချင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ကျုပ်တို့ လိုက်မယ်...”
“ကျုပ်တို့ လိုက်မယ်...."
သူတို့ သုံးဦးစလုံး နန်းတော် စာကြည့်ဆောင်ဆီသို့ အလျင်အမြန် လျှောက်သွားကြ၏။ ကော်ထျန်းယန်မှာ အဝင်ဝတွင် သူတို့ကို စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်၏။
"ကျေးဇူးပြုပြီး သုံးယောက်စလုံး ဝင်ခဲ့ကြပါ၊ မင်းတရားကြီး စောင့်နေတာ အချိန်အတော် ကြာနေပါပြီ"
လီယန်စုန်နှင့် အခြားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကော်ထျန်းယန်အား ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ကော်ပန်ပန်"
ထို့နောက် သူတို့က နန်းတော် စာကြည့်ဆောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြတော့၏။
စာကြည့်ဆောင်အတွင်းရှိ ကျင်းဧကရာဇ်၏ စားပွဲပေါ်တွင် သဝဏ်လွှာများ အပုံလိုက် ရှိနေသည်။
အစက အလောတကြီး မေးခွန်းထုတ်ရန် စီစဉ်ထားခဲ့ကြသော လီယန်စုန်နှင့် အခြားနှစ်ဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တစ်ယောက်ကိုတစ်ယောက် ချက်ချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
နောက်ဆုံးတွင် လီယန်စုန်က အရင်ဆုံး စကားပြောလိုက်သည်။ "အရှင်မင်းကြီး... ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ၊ နန်းတော်က အရာရှိတွေ အရမ်း စိုးရိမ်နေကြတာ"
ကျင်းဧကရာဇ်က ခေါင်းပင်မမော့ဘဲ သဝဏ်လွှာပေါ်တွင် တစ်ခုပြီးတစ်ခု ရေးဆွဲနေခဲ့၏။
"ကိုယ်တော် လမ်းထွက်လျှောက်ချင်ရုံသက်သက်ပါ"
"လူကြီးမင်းတို့ ဒီသဝဏ်လွှာတွေကို စစ်ဆေးကြည့်ကြပါအုံး၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နိုင်ငံတော်ကို အိမ်ရှေ့စံ ဘယ်လိုများ အုပ်ချုပ်နေခဲ့တာလဲ၊ နန်းတော်က အရာရှိတွေကရော ဘာတွေ လုပ်နေခဲ့ကြတာလဲ။"
ကျင်းဧကရာဇ်၏ အသံမှာ တည်ငြိမ်ပြီး အလျင်စလို မရှိချေ။
လီယန်စုန်မှာ အေးခဲသွား၏။ သူက ဆက်လက် ညည်းတွားချင်ခဲ့သော်ငြား အိမ်ရှေ့စံ၏နာမည်ကို ဖော်ပြလိုက်ချိန်တွင်မူ ... ဘာဆက်ပြောရမှန်းမသိတော့ပေ။
ကျိန့်ချောင်က စကားထစ်ငေါ့ကာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အိမ်ရှေ့စံက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နန်းတော်ကို လုံးဝ လမလာခဲ့ပါဘူး..."
"သူ ဘယ်မှာလဲ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူ ဘာတွေ လုပ်နေတာလဲ၊ အရေးကြီးတဲ့ နန်းတွင်းအရာရှိတွေ ဖြစ်ပြီးတော့ သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ခင်ဗျားတို့ မသိကြဘူးလား"
ကျင်းဧကရာဇ်၏ အသံတွင် ဒေါသများ ပုန်းကွယ်နေခဲ့၏။
"အရှင်မင်းကြီး... ဒီအမတ်အိုကြီးက မစီမံနိုင်လို့ မဟုတ်ပါဘူး... သူက စီမံလို့ မရနိုင်တာပါ"
ကျန်းတုန်ရှန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ "ခေါင်းမကိုက်ရင် ခြေထောက်နာတယ်တဲ့၊ သူက နေ့တိုင်း နေမကောင်း ဖြစ်နေပါတယ်။ သမားတော်တွေကလည်း ဘာပြဿနာမှ ရှာမတွေ့ပေမဲ့ သူကတော့ နေလို့ မကောင်းဘူးလို့ပဲ ပြောနေတာပါ။"
"ကျုပ်တော်မျိုးတို့မှာ တကယ်ကို တခြား ရွေးချယ်စရာ မရှိပါဘူး..."
"အရှင်မင်းကြီး မရှိတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အိမ်ရှေ့စံက ကျားနဲ့ ကျားသစ် ခြံဝန်းတစ်ခုတောင် တည်ဆောက်ခဲ့ပြီး တိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ နေ့တိုင်း အဲဒီမှာပဲ အနားယူနေတာပါ။ ပြီးတော့..."
ကျန်းတုန်ရှန်းမှာ ဒေါသထွက်လွယ်သူဖြစ်ရာ စကားပြောလေလေ ဒေါသပိုထွက်လေလေ ဖြစ်နေ၏။ အခြား အဓိပတိဝန်ကြီး နှစ်ဦးက မည်မျှပင် တားဆီးရန် ကြိုးစားစေကာမူ မတားဆီးနိုင်ခဲ့ချေ။
သူတို့မှာလည်း ချွေးများ ရွှဲနစ်နေပြီး ကျန်းတုန်ရှန်း၏ အဆက်မပြတ် ညည်းတွားမှုများကို နားထောင်ရုံမှလွဲ၍ ဘာမှမလုပ်နိုင်တော့ပေ။
ကျင်းဧကရာဇ်၏ မျက်နှာမှာ ပို၍ပို၍ မည်းမှောင်လာတော့သည်။
အပိုင်း (၁၂) အဖေကို ချစ်သော အိမ်ရှေ့စံ။
"ဒါဆို ဒီကျေးဇူးကန်းတဲ့ ကလေးက ဘာအရေးပါတဲ့အလုပ်မှ မလုပ်ဘဲ နေ့တိုင်း ကစားနေတာပေါ့ ဟုတ်လား"
ကျင်းဧကရာဇ်၏ သွေးကြောများမှာ တဒိတ်ဒိတ် ခုန်နေပြီး ရွှေရောင် တင်းပုတ်တစ်ခုကို ယူကာ သူ၏ သစ္စာဖောက် သားတော်၏ ခေါင်းကို ထုချင်စိတ်များ ပေါက်လာ၏။
လီယန်စုန်က လျှောက်တင်လိုက်သည်။ "လုံးဝတော့ မဟုတ်ပါဘူး... လွန်ခဲ့တဲ့ နှစ်ရက်က သူ စစ်တပ်စခန်းကို သွားခဲ့ပါတယ်။ စစ်စည်းကမ်းတွေကို စစ်ဆေးဖို့နဲ့ စစ်သားတွေကို လေ့ကျင့်ပေးဖို့လို့ ပြောပါတယ်။ အဲဒါကလွဲရင်... တခြား ဘာမှမရှိပါဘူး"
"ကောင်းလိုက်တာ... ကောင်းလိုက်တာ၊ အဲဒီ သစ္စာဖောက်သားတော် အခု ဘယ်မှာလဲ" ကျင်းဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်နေပြီ ဖြစ်၏။
နန်းတော်သို့ ပြန်ရောက်ရောက်ချင်း သူ၏ပထမဆုံး ဦးစားပေးမှာ အိမ်ရှေ့စံ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ဖြစ်သည်။
ရလဒ်အနေဖြင့် ရက်အနည်းငယ်အတွင်း စုပုံလာသော သဝဏ်လွှာအားလုံးကို နန်းတော် စာကြည့်ဆောင်သို့ ပို့ဆောင်ထားသည် မဟုတ်ပါလား။ စစ်ရမည့်တာဝန်က သူ့ခေါင်းပေါ်သာ ပြန်ကျလာခဲ့၏။
ကျင်းဧကရာဇ်၏ ညှိုးနွမ်းနေသော စိတ်အခြေအနေမှာ ဒေါသအဖြစ်သို့ အများစု ပြောင်းလဲသွားခဲ့သော်ငြား သူ၏ ဒေါသကို ထိန်းချုပ်ထားနိုင်ဆဲပင်။ သို့သော်ငြား အဓိပတိဝန်ကြီး သုံးဦး၏ ညည်းတွားသံများကို နားထောင်ပြီးနောက်တွင်မူ သူ၏ ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။
"သူ အရှေ့နန်းဆောင်က ကျားနဲ့ ကျားသစ် ခြံဝန်းသစ်မှာ သေချာပေါက် ရှိနေမှာပါ"
ကျန်းတုန်ရှန်းမှာလည်း အတော်လေး စိတ်ကုန်နေပြီ ဖြစ်၏။ ထို့ကြောင့် အရောက်ပို့ပေးလိုက်သည်။
ကျင်းဧကရာဇ်မှာ အိမ်ရှေ့စံကို အမြန်ဆုံး အပြစ်ပေးချင်နေသည်။ အပျော်အပါး အလွန်အမင်း မက်မောသူသည် နိုင်ငံအတွက် သင့်တော်သော အုပ်ချုပ်သူတစ်ယောက် ဖြစ်လိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ... အမတ်မင်းတို့၊ ခင်ဗျားတို့တွေ အလုပ်ကြိုးစားခဲ့ကြတယ်၊ အခု ခင်ဗျားတို့ရဲ့ အလုပ်တွေကို သွားလုပ်လို့ရပါပြီ။ တခြားကိစ္စတွေကို မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့၊ ကော်ပန်ပန်... အရှေ့နန်းဆောင်ကို သွားဖို့ ရထားလုံး ပြင်ထား"
...
အရှေ့နန်းဆောင်၊ ကျားနှင့် ကျားသစ် ခြံဝန်း။
ကျားနှင့် ကျားသစ် ခြံဝန်းအတွင်း ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်က မြင်းအို နှစ်ကောင်ကို လိုက်လံ ဖမ်းဆီးနေ၏။
အိမ်ရှေ့စံမှာ ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်ဝင်တစား ကြည့်ရှုနေသည်။
အိမ်ရှေ့စံ လီယွမ်ကျောက်၏ အနောက်တွင် လျိုကျင်းက စိုးရိမ်တကြီး မျက်နှာထားဖြင့် ရပ်နေ၏။
နိုင်ငံတော်ရေးရာ ကိစ္စရပ်များကို ကြီးကြပ်ရသော အိမ်ရှေ့စံအတွက် ယခုအချိန်သည် သူ၏ စွမ်းဆောင်ရည်ကို သက်သေပြရန် အလွန်ကောင်းသော အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။
သို့ပေမည့် အိမ်ရှေ့စံ၏ ပထမဆုံး လုပ်ရပ်မှာ သူ့အတွက် ကျားနှင့် ကျားသစ် ခြံဝန်းတစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်။ ထို့နောက် အလုပ်မလုပ်ဘဲ နေမကောင်းဟု အကြောင်းပြကာ ရက်အနည်းငယ် ခွင့်ယူလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။
အိမ်ရှေ့စံ၏သီးသန့် မိန်းမစိုးတစ်ယောက်အနေဖြင့် ပြစ်မှုအများစုအတွက် သူက တာဝန်ယူရမည် ဖြစ်၏။
သို့သော်ငြား ဤသခင်လေးမှာ ငယ်စဉ်ကတည်းက ခေါင်းမာခဲ့သူ ဖြစ်သည်။ သူက နန်းတွင်းရေးရာများကို စိတ်မဝင်စားသော်ငြား တိုက်ခိုက်ခြင်း၊ တိရစ္ဆာန်ချင်း တိုက်ခိုက်စေခြင်းနှင့် အခြားသော မကောင်းသည့် ကိစ္စရပ်များကိုမူ အလွန် နှစ်သက်သည်။
သူ လေမပေါခဲ့သင့်ပေ။ အဘယ့်ကြောင့် အိမ်ရှေ့စံကို ကျားတွေ၊ ကျားသစ်တွေအကြောင်း သူ သွားပြောခဲ့မိသနည်း။
ယခုကိစ္စကို အရှင်မင်းမြတ် သိသွားလျှင် ပထမဆုံး လုပ်မည့်အရာသည့် သူ့ကို အရှင်လတ်လတ် အရေခွံခွာရန်သာ ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသောအခါ လျိုကျင်း၏ ထိတ်လန့်မှုက ပိုမို ကြီးထွားလာပြီး မျက်နှာမှာလည်း ပို၍ ဖြူဖျော့လာ၏။
အောက်ဘက်တွင် မြင်းများကို လိုက်လံ ဖမ်းဆီးနေသော ကျားမှာ အဆုံးသတ်ရန် အချိန်နီးကပ်လာပြီ ဖြစ်သည်။ မြင်းတစ်ကောင်မှာ အကိုက်ခံရ၍ သေဆုံးသွားပြီး အခြားတစ်ကောင်မှာလည်း ကျား၏ ချွန်ထက်သော သွားများဖြင့် အပိုင်းပိုင်း အကိုက်ဖြတ်ခံလိုက်ရသည်။
ပြီးနောက် ကျားက မြင်း၏ ကလီစာများကို အားရပါးရ ကိုက်ဖြတ် စားသောက်နေ၏။
လီယွမ်ကျောက်မှာ အနည်းငယ် ပျင်းရိလာပုံရသည်။ "လျိုပန်ပန်... ဒီမြင်းအိုကြီးက တကယ်ကို ပျင်းစရာ ကောင်းတာပဲ။ ဘာလို့ နောက်ထပ် ကျားတစ်ကောင် သွားမရှာရတာလဲ၊ ကျားနှစ်ကောင် တိုက်ခိုက်တာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်"
လျိုကျင်းက သူ၏ ချွေးစေးများကို သုတ်ပစ်လိုက်၏။ "အိမ်ရှေ့စံ... မင်းသားက နန်းတော်ကို မသွားတာ ရက်အတော်ကြာနေပါပြီ။ နေ့တိုင်း ကျားနဲ့ ကျားသစ် ခြံဝန်းထဲမှာပဲ ရှိနေတဲ့အကြောင်း အရာရှိတွေဆီက တိုင်တန်းစာတွေ ရထားပါတယ်၊ အရှင်မင်းမြတ် ပြန်လာရင် ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်"
လီယွမ်ကျောက်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "သူတို့မှာလည်း သူတို့လုပ်ချင်တာ လုပ်ခွင့်ရှိတာပေါ့။ ဘာဖြစ်လဲ။ လောကကြီးက ငြိမ်းချမ်းနေတာပဲ၊ ကျုပ် ... အိမ်ရှေ့စံက ဘာတွေ ထပ်လုပ်စရာ ရှိသေးလို့လဲ၊ အစိုးရအဖွဲ့ထဲမှာ အရေးပါတဲ့လူ အနည်းငယ်လောက် ကြိုးစားနေမယ်ဆိုရင် လုံလောက်နေပြီကို။ ကျုပ် သာ နောက်နှစ်အနည်းငယ်လောက် နောက်ကျပြီးမှ မွေးလာရင် သိပ်ကောင်းမှာပဲ။
ဒါဆို စစ်မြေပြင်မှာ မြင်းစီးပြီး ပြေးလွှားရမယ့် အချိန်ကောင်း ဖြစ်နေမလား၊ နှမြောစရာပဲ"
စကားအဆုံးတွင် လီယွမ်ကျောက်က သက်ပြင်းချလိုက်သည်။ အနည်းငယ် ဝမ်းနည်းနေပုံရ၏။
လျိုကျင်းက စကားပြောတော့မည့်ဆဲဆဲ သူတို့ထံသို့ လျှောက်လာနေသော ကျင်းဧကရာဇ်ကို မြင်လိုက်ရသဖြင့် တဆတ်ဆတ် တုန်ယင်လာသည်။
ထို့နောက် သူက နံရံဘက်သို့ မသိမသာဖြင့် တိတ်တဆိတ် ဆုတ်ခွာသွား၏။
လီယွမ်ကျောက်က ဝမ်းနည်းစွာဖြင့် ဆက်ပြောနေခဲ့သည်။ "ကဗျာရေးတာက ယောကျ်ားတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား၊ ကျုပ်လို တကယ့် ယောကျ်ားစစ်စစ်က စစ်မြေပြင်မှာ တိုက်ပွဲဝင်ရမှာ။ ကျုပ်သာ အိမ်ရှေ့စံ မဟုတ်ခဲ့ရင် သေချာပေါက် ရာထူးကြီးတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေလောက်ပြီ။ ဟူး... ခမည်းတော်က ကျုပ်ရသင့်တဲ့ ချီးကျူးမှုတွေကို စောစောစီးစီး လုယူသွားခဲ့တာ၊ ဘယ်လောက်တောင် မုန်းစရာကောင်းလဲ။”
စကားဆုံးပြီးနောက် လီယွမ်ကျောက်၏ ပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက် စီးကျလာသည်။ ထိုအရာက အသိအမှတ်ပြု မခံရသေးသော အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။
အိမ်ရှေ့စံ၏ အနောက်တွင် ရပ်နေသော ကျင်းဧကရာဇ်ကို ကြည့်ရင်း လျိုကျင်းမှာ သူ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤအလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် စကားများက သူ၏ မျက်နှာကို လုံးဝ ဖြူရော်သွားစေခဲ့၏။
အရာအားလုံး ပြီးဆုံးသွားပြီ။ အောက်ဘက်က ရွှေတွေလိုပဲ သူ့ရဲ့ တိုတောင်းတဲ့ ဘဝလေးကလည်း အဆုံးသတ်တော့မယ်။
ကျင်းဧကရာဇ်က မျက်လုံးများကို မှေးစင်းကာ လီယွမ်ကျောက် ပြောခဲ့သည်များကို သေချာစွာ စဉ်းစားနေပုံရသည်။
အိမ်ရှေ့စံက သူ့ကို မုန်းတီးသည့်အကြောင်းပင် ထုတ်ပြောလာခဲ့သည်။ သူ ဂရုတစိုက် တည်ဆောက်ခဲ့သည့် အင်ပါယာကြီးကို ဤမိစ္ဆာကောင် လက်ထဲသို့ သူ မည်သို့ထည့်ပေးရမည်နည်း။
ကျင်းဧကရာဇ်မှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားတော့၏။
သို့သော်ငြား ကျင်းဧကရာဇ်က အနည်းငယ် ပြုံးကာ လီယွမ်ကျောက်၏ပခုံးပေါ်သို့ လက်တင်လိုက်သည်။
"မင်းက တိုက်ခိုက်ရတာကို ဒီလောက်တောင် သဘောကျနေမှတော့ ဘာလို့ ဝင်မတိုက်တာလဲ၊ အောက်ဘက်က ကျားရိုင်းက အတော်လေး တိုက်ခိုက်လို့ကောင်းမယ်ထင်တယ်"
သူ့ကို တစ်ယောက်ယောက်က လာရောက်ထိပါးရဲသည်လား။
ရင်းနှီးကျွမ်းဝင်နေသော အသံကို ကြားလိုက်ရချိန်တွင် လီယွမ်ကျောက်၏ မျက်လုံးများက အံ့အားတကြီး ပြူးကျယ် သွား၏။
ထို့နောက် တောင့်တင်းစွာဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လာပြီး ဖြစ်ညှစ်ကာ ပြုံးပြလိုက်သည်။
"ခမည်းတော်။ ခမည်းတော် ..... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ သားတော်က ခမည်းတော် ပြန်အလာကို အရမ်း မျှော်လင့်နေခဲ့တာ..."
ကျင်းဧကရာဇ်က ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။ "ဟက်... ငါ့ရဲ့ သားတော်က နေမကောင်းဖြစ်နေတာ ရက်အတော်ကြာပြီလို့ ကြားတယ်၊ ငါက မင်းကို စိတ်ပူလို့ တိတ်တိတ်လေး လာကြည့်တာ၊ ငါ့သားတော်က အတော်လေး ရွှင်လန်းနေတဲ့ပုံပါပဲလား"
"သားတော်က... သားတော်က..." လီယွမ်ကျောက်မှာ စကားထစ်ငေါ့နေပြီး နဖူးမှ ပဲစေ့လုံးခန့် ချွေးပေါက်ကြီးများ စီးကျလာသည်။
ကျင်းဧကရာဇ်က ထပ်မံပြုံးလိုက်၏။ "လာ သားတော်... ခမည်းတော်နောက် လိုက်ခဲ့၊ ဒီနေရာက သိပ် မသင့်တော်ဘူး၊ ခမည်းတော်လည်း အရမ်း မပင်ပန်းခံနိုင်ဘူး၊ နန်းတွင်းဥယျာဉ်ကို လိုက်ခဲ့... ပြီးတော့ မင်းနဲ့အတူ မိန်းမစိုးလေးလည်း လိုက်ခဲ့"
သို့နှင့် ကျင်းဧကရာဇ်က ကျားနှင့် ကျားသစ် ခြံဝန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။
ကျင်းဧကရာဇ်၏ ကျောပြင် အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း လျိုကျင်းမှာ တုန်ယင်နေခဲ့သည်။ ပြီးနောက် အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကာ တံတွေးကို ခပ်ပြင်းပြင်း မြိုချလျက် လျှောက်တင်လိုက်၏။ "အိမ်ရှေ့စံ... ကျွန်တော်မျိုးတော့ ပြီးပါပြီ၊ ကျွန်တော်မျိုးရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ မင်းသားအနေနဲ့ ကျွန်တော်မျိုးရဲ့ အလောင်းကို အပြည့်အစုံ ပြန်ရအောင် ကူညီပေးနိုင်ဖို့ပါပဲ။"
လီယွမ်ကျောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်းလို မျက်ကန်းကောင်၊ ခမည်းတော် ရောက်လာတာကို ဘာလို့ ကျုပ်ကို မပြောတာလဲ"
လျိုကျင်းမှာ အဆက်မပြတ် တုန်ယင်နေဆဲပင်။ "နောက်ကျသွားပါပြီ၊ အရှင်မင်းမြတ်က အရမ်းမြန်မြန် ရောက်လာတော့ ကျွန်တော်မျိုးလည်း လန့်သွားတာပေါ့၊ အို... ကျွန်တော်မျိုး မလုပ်နိုင်တော့ဘူး မင်းသား၊ ကျွန်တော်မျိုး မတ်တတ်မရပ်နိုင်တော့ဘူး"
လီယွမ်ကျောက်၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။
ပြီးသွားပြီ။ သူ့ရဲ့ တိုတောင်းလှတဲ့ ဆယ့်ငါးနှစ်တာ ဘဝလေးက အဆုံးသတ်တော့မယ်။
နီးကပ်လာသော မုန်တိုင်းအကြောင်း တွေးမိပြီးနောက် လီယွမ်ကျောက်မှာ တုန်ယင်သွားပြီး မြေပြင်ပေါ်တွင် ပုံကျနေသော လျိုကျင်းကို ရုတ်တရက် ထကန်လိုက်သည်။
"ထစမ်း... မြန်မြန်၊ ကျုပ်ကို အနွေးထည်တချို့ သွားယူပေး၊ ပြီးတော့ ကျုပ်ပစ္စည်းတွေကိုလည်း အကုန် ထုတ်လာခဲ့"
...
နန်းတွင်းဥယျာဉ်။
ကျင်းဧကရာဇ်မှာ မဏ္ဍပ်ထဲတွင် မျက်နှာသေဖြင့် ထိုင်နေပြီး ဘယ်ဘက်လက်က တုတ်ရှည်ကြီးတစ်ချောင်းကို ကိုင်ထားကာ ညာဘက်လက်ကမူ ကြာပွတ်ရှည် တစ်ချောင်းကို ကိုင်ဆောင်ထား၏။
တုတ်ရှည်များနှင့် ကြာပွတ်ရှည်များကို လက်နက်တိုက်မှ အကြီးဆုံးနှင့် အခိုင်မာဆုံးများကို အထူးရွေးချယ် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကျင်းဧကရာဇ်က ၎င်းတို့ကို အကြိမ်အနည်းငယ် စမ်းသပ် အသုံးပြုကြည့်ရာ ကျောက်တုံး လက်ရန်းတစ်ခု ပျက်စီးသွားပြီး သစ်ကိုင်းတစ်ကိုင်း ကျိုးကျသွားခဲ့၏။ သူ၏ခွန်အားမှာ ကောင်းမွန်နေဆဲဖြစ်ပြီး လူငယ်ဘဝက အင်အားများ အနည်းငယ်မျှ လျော့ကျမသွားသေးကြောင်း ခံစားလိုက်ရ၏။
မိဘဝတ္တရား မကျေပွန်တဲ့ သားတွေက သူတို့ ထိုက်တန်သည်ကို ရကြလိမ့်မည်။ တခြား ရွေးချယ်စရာ မရှိပေ။
သူက အိမ်ရှေ့စံကို ကမ္ဘာပေါ်က အကောင်းဆုံး ဆရာတွေ၊ အကောင်းဆုံး ပတ်ဝန်းကျင်တွေ ပေးခဲ့သော်လည်း အိမ်ရှေ့စံကတော့ ပုပ်ပွနေသော ပန်းသီးတစ်လုံး ဖြစ်လာခဲ့သည်။
ကျင်းဧကရာဇ်မှာ ဤအရာကို အရင်ကတည်းက ရိပ်မိခဲ့ပြီး ဖြစ်၏။ အိမ်ရှေ့စံ၏ အပြုအမူများက ရံဖန်ရံခါ မသင့်တော်သော်ငြား သဘာဝအရ တက်ကြွသူတစ်ဦး ဖြစ်ပြီး ချန်ရှီမင်းဆက်နှင့် အစိုးရအဖွဲ့မှ အကြီးတန်း ဝန်ကြီးအချို့၏ လမ်းညွှန်မှုအောက်တွင် တိုးတက်မှုအချို့ ပြသလာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ အိမ်ရှေ့စံက ဤမျှ ဆိုးရွားနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
သူ အသက်ဆယ့်ငါးနှစ်လောက်တုန်းက ငယ်ရွယ်သေးသော်လည်း စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရန်သူကို သတ်ဖြတ်ကာဖြင့် ကြီးကျယ်သည့် စစ်ရေးအောင်မြင်မှုမျိုးတွေ ရရှိခဲ့သည်။ သို့သော်ငြား သူ့သားမှာတော့ ကြောင်တွေ ၊ ခွေးတွေနှင့် ဆော့ဖို့လောက်သာ စိတ်ပါလေသည်။ တကယ့်ကို လူဆိုးလေးပင်။
သူ၏အိမ်ရှေ့စံကို တောက်ယွမ်ခရိုင် မြို့ဝန်၏ ခြေမနဲ့တောင် နှိုင်းယှဉ်၍ မရနိုင်ပေ။
အစွမ်းမပြသေးသောကျားကို နားမကောင်းသည့်ကြောင် ဟု ထင်နေသည်လား။
ရုတ်တရက် ကျင်းဧကရာဇ်၏ မျက်လုံးများထဲတွင် နက်ရှိုင်းပြီး စူးရှသော အရောင်တစ်ခု လက်လာခဲ့၏။