← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အပိုင်း (၁၃) မိစ္ဆာကောင်... မင်းကို သေအောင် မရိုက်နိုင်ဘူးလို့ ထင်နေလား

ခဏအကြာတွင် အသက်ရှူမဝဖြစ်နေသော လီယွမ်ကျောက်နှင့် သူ့နောက်မှ လျိုကျင်းတို့မှာ နန်းတွင်းဥယျာဉ်သို့ သတိကြီးစွာဖြင့် ရောက်ရှိလာကြ၏။

ကျင်းဧကရာဇ်က ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ လီယွမ်ကျောက်မှာ အနည်းငယ် ဝဖြိုးလာသော်ငြား သူ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအရာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ထိုသစ္စာဖောက်သားတော်၏ စရိုက်က ဤသို့ပင် ဖြစ်၏။ ပုံမှန်အားဖြင့် ရဲတင်းကာ ဥပဒေမဲ့ ပြုမူတတ်သော်ငြား အပြစ်ပေးခံရတော့မည်ဟု ကြားသိရချိန်မှာတော့ ကြီးမားလှသော မတရားမှုကို ခံစားလိုက်ရသည့်အလား သနားကရုဏာသက်ဖွယ် မျက်နှာထားမျိုးသို့ ချက်ချင်း ပြောင်းလဲပစ်တတ်၏။

ထိုမျက်နှာပေးကြောင့် ယခင်က အိမ်ရှေ့စံအပေါ် သူ၏ဒေါသများ လျော့ချပေးခဲ့သည်။

ဤတစ်ကြိမ်မှာတော့... ယခင်နှင့် မတူတော့ချေ။ တိုင်းပြည်အား အုပ်ချုပ်နေချိန်မှာ အိမ်ရှေ့စံတစ်ပါးအနေဖြင့် အဘယ့်ကြောင့် ဤမျှတိုင် ရမ်းကားစွာ ပြုမူနိုင်ရသနည်း။ ဤအတိုင်းသာ ဆက်လက် အလိုလိုက် ထားမည်ဆိုလျှင် တစ်လောကလုံးကိုပင် ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်ပစ်ပေတော့မည်။

လျိုကျင်း၏ အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့၏။ သူ၏ ခြေထောက်များမှာ အဆက်မပြတ် တုန်ယင်နေပြီး မျက်ရည်များမှာလည်း အချိန်မရွေး ကျဆင်းလာတော့မည့်အလား မျက်လုံးထဲတွင် ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ကျင်းဧကရာဇ်မှာ တိတ်ဆိတ်သွားပြီး ထိုနှစ်ဦးကို အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေလိုက်၏။

လီယွမ်ကျောက်က အနည်းငယ်ပြုံးပြလိုက်သည်။ ပြီးနောက် တံတွေးကို မြိုချပြီး ခေါင်းကို ငုံ့ထားလိုက်သည်။

လျိုကျင်းကလည်း ဒူးထောက်ချလိုက်ပြီး ခေါင်းကိုအောက်သို့ ငိုက်ချကာ မြေကြီးထဲသို့ တိုးဝင် သွားချင်စိတ်များပင် ပေါက်လာ၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မည်သူကမှ စကားမပြောသေးကြောင်း မြင်ချိန်မှာတော့ လီယွမ်ကျောက် က သတိကြီးစွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကျင်းဧကရာဇ်၏ သေစေနိုင်သော အကြည့်များ နှင့် ထပ်မံဆုံတွေ့လိုက်ရပြန်သည်။

လီယွမ်ကျောက်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ ဒူးထောက်လျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် လျှောက်တင်လိုက်၏။ "သားတော်က... သေဒဏ် အကြိမ်တစ်သောင်းလောက်နဲ့ ထိုက်တန်ပါတယ်"

နန်းတွင်းဥယျာဉ် တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားပြီး ငှက်ကလေးများ ၏ တေးဆိုသံများပင် ပျောက်ကွယ်သွားသည်။

တစ်စုံတစ်ခုသော အသံမှာ လျိုကျင်း၏ ပြင်းထန်သော အသက်ရှူသံသာ ဖြစ်၏။

လီယွမ်ကျောက်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ 'ဒီခွေးကောင်က အသက်ရှူတာတောင် ဒီလောက် ကျယ်ရသလား၊ ငါ အိမ်ရှေ့စံကို လန့်သေအောင် လုပ်နေတာလား'

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ကျင်းဧကရာဇ်က စကားပြောလာခဲ့သော်ငြား မျှော်လင့်ထားသည့် ဒေါသအစား တည်ငြိမ်မှု တစ်စုံတစ်ရာ ပါဝင်နေခဲ့၏။ "အိမ်ရှေ့စံက စစ်သူကြီး ဖြစ်ချင်တာလား၊ ပြီးတော့ ငါက မင်းရဲ့ စစ်ရေးအောင်မြင်မှုတွေကို လုယူသွားတယ်လို့ ပြောတာလား၊ ဒါဆိုရင် ဒီနေ့ ငါနဲ့ မင်း ပြိုင်ကြတာပေါ့"

ထို့နောက် သူက ကိုင်ထားသော တုတ်ကြီးကို လီယွမ်ကျောက်၏ အရှေ့သို့ တိုက်ရိုက် ပစ်ချလိုက်သည်။

တုတ်ကြီးမှာ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ခုန်ပေါက်သွား၏။

လီယွမ်ကျောက်မှာ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရပြီး နဖူးမှနေ၍ ချွေးပေါက်ကြီးများ စီးကျလာသည်။

ထို့နောက် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "သားတော်က ခမည်းတော်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ သားတော်က ငယ်ပါသေးတယ်... အခုမှ ကြီးပြင်းလာရုံပဲ ရှိပါသေးတယ်"

ကျင်းဧကရာဇ်မှာ အလွန် အံ့အားသင့်သွား၏။ သူ၏သားသည် မယုံနိုင်လောက်အောင် ရဲရင့်ရုံသာမက အရှက်လည်းမရှိသူဖြစ်နေသည်။ သူ မမျှော်လင့်ထားခဲ့ချေ။

သူ၏မျက်နှာအမူအရာမှာ ချက်ချင်း မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "အိမ်ရှေ့စံက တကယ် နေမကောင်းဖြစ်နေတဲ့ပုံပဲ၊ ဒီလို ရာသီဥတုမျိုးမှာ အဝတ်အစားတွေ ဒီလောက် အများကြီး ဝတ်ထားတယ် ဆိုတော့ ...."

လီယွမ်ကျောက်က ချက်ချင်း လျှောက်တင်လိုက်၏။ "ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ သားတော် ဒီနေ့ အအေးမိသွားလို့ပါ... ပြီးတော့ သားတော်က အအေးဒဏ်ကို နည်းနည်း မခံနိုင်လို့ပါ"

ကျင်းဧကရာဇ်က ချက်ချင်းပဲ ကြာပွတ်ကို ရိုက်ချလိုက်ရာ စူးရှသော အသံကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာပဲ အော်ဟစ်လိုက်၏။ "အစောင့်တွေ... ဒီမိစ္ဆာကောင်ရဲ့ အဝတ်အစားတွေကို ချွတ်လိုက်စမ်း၊ ငါကြည့်ရအောင်"

ခဏတာ တွန့်ဆုတ်နေပြီးနောက် တစ်ဖက်တစ်ချက်ရှိ အစောင့်များက အရှေ့သို့ တိုးလာကာ လီယွမ်ကျောက်၏ အဝတ်အစားများကို စတင် ချွတ်ပေးကြသည်။

လီယွမ်ကျောက်မှာ အနည်းငယ် ငြင်းဆန်ချင်ပုံရသော်ငြား ကျင်းဧကရာဇ်၏ အမိန့်ကြောင့် အစောင့်များနှင့် တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်လိုက်ရ၏။

အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ချိန်မှာတော့ အောက်တွင် ထူထဲသော ဝါဂွမ်းကပ်အင်္ကျီကို တွေ့လိုက်ရပြီး ထိုဝါဂွမ်းကပ်အင်္ကျီ၏ ကြယ်သီးများကို ဖြုတ်လိုက်ချိန်မမှာတော့ နောက်ထပ်တစ်ထပ် ရှိနေပြန်သည်။

အဖြူရောင် အတွင်းခံအင်္ကျီကို မြင်ရသည်အထိ အဝတ်အစား သုံးလေးထပ်ခန့်ကို ဆက်တိုက် ချွတ်လိုက်ရ၏။

အောက်ဆုံးအထပ်ကို ချွတ်လိုက်ချိန်တွင် သတ္တုပြားတစ်ခုက မြေပြင်ပေါ်သို့ အသံကျယ်လောင်စွာဖြင့် ပြုတ်ကျသွားသည်။

ကျင်းဧကရာဇ်မှာ အံ့ဩတကြီး ကြည့်နေမိ၏။

လီယွမ်ကျောက်ကမူ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။ "ပြီးတော့ ဘောင်းဘီတွေ၊ အဲ့ဒါတွေပါ ချွတ်လိုက်စမ်း"

လီယွမ်ကျောက်က ဘောင်းဘီများကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စတင် ချွတ်လိုက်ပြန်ရာ ဘောင်းဘီ နှစ်ထပ်အပြီးတွင် တင်ပါးကာကွယ်ရေး သံကိရိယာ တစ်ခု ပြုတ်ကျလာသည်။ ထို့နောက် သံဒူးကာများ၊ သံခြေသလုံးကာများ...

အသံကျယ်လောင်စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ကိရိယာများကို မြင်ချိန်မှာတော့ ကျင်းဧကရာဇ်မှာ အလွန် ဒေါသထွက်သွား၏။

"မိစ္ဆာကောင်... ဒီယုတ်မာတဲ့ကောင်၊ မင်းက ပျင်းရိပြီး ကောက်ကျစ်စဉ်းလဲတဲ့အပြင် အသိဉာဏ်လည်း ကင်းမဲ့သေးတယ်၊ မင်းက ငါ့ကို သတ်ပစ်ချင်စိတ်ပေါက်အောင် လာဆွနေတာလား။

မင်းမွေးလာတဲ့ နေ့ကစပြီး မင်းစားသောက်၊ ဝတ်ဆင်၊ အသုံးပြုခဲ့သမျှ အရာအားလုံးက ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေ ချည်းပဲ၊ အနာဂတ်မှာ စစ်ပွဲတွေရဲ့ အခက်အခဲတွေကနေ မင်းကို ကယ်တင်ဖို့အတွက် ဒီမြေတွေကို သိမ်းပိုက်ဖို့ ငါ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ရတာ၊ မင်းကို ထူးချွန်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ ငါ မတောင်းဆိုဘူး၊ သမာရိုးကျ အုပ်စိုသူတစ်ယောက် ဖြစ်လာရင်ပဲ ကျေနပ်နေပြီ။

ငါ့မှာ သားတစ်ယောက်ပဲ ရှိတယ်၊ ငါ့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးက မင်းအပေါ်မှာပဲ တည်မှီနေတာ၊ ဒါပေမဲ့ အခု ဘာတွေ ဖြစ်လာပြီလဲ၊ မင်းဖတ်ခဲ့တဲ့ စာအုပ်တွေ အကုန်လုံး ဘယ်ရောက်သွားပြီလဲ၊ ခွေးဗိုက်ထဲ ရောက်သွားပြီလား၊ အခုမှ ငါ နားလည်တော့တယ်၊ သမာရိုးကျ အုပ်စိုးသူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မေ့လိုက်တော့၊ မင်းက မြို့ဝန်တစ်ယောက် ဖြစ်ဖို့တောင် မထိုက်တန်ဘူး။

အစောင့်တွေ... သူ့ကို ကြိုးဆွဲချလိုက်၊ လူဆိုတာ ဘာလဲဆိုတာ ဒီနေ့ ငါ ထပ်ပြီး သင်ပေးရမယ်"

အစပိုင်းတွင် လီယွမ်ကျောက်မှာ အလွန် ကြောက်ရွံ့နေခဲ့သော်ငြား ကျင်းဧကရာဇ်၏ ဆဲဆိုကြိမ်းမောင်းသံများကို ကြားချိန်မမှာတော့ သူ၏ရင်ထဲတွင် ပုန်ကန်လိုစိတ်များ ရုတ်တရက် ထကြွလာပြီး ကျယ်လောင်စွာ ပြန်လည် ချေပလိုက်၏။ "နေအုံး ... ခမည်းတော်... သားတော်က ပညာရေးမှာ သိပ်မအောင်မြင်တာ မှန်ပေမဲ့ စစ်ရေးစစ်ရာ နဲ့ အုပ်ချုပ်ရေး အတတ်ပညာပိုင်းမှာတော့ တခြားသူတွေထက် ဘယ်လိုလုပ် နိမ့်ကျနိုင်မှာလဲ။

သားတော်သာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မွေးလာခဲ့မယ်ဆိုရင် ချီယန်တိုင်းပြည်ကို သိမ်းပိုက်ဖို့ ကြိုးစားမှုက ခမည်းတော်ရဲ့ လက်ထဲတောင် ရောက်လာမှာ မဟုတ်ဘူး၊ ခမည်းတော်က သားတော်ကို သာမန် မြို့ဝန်တစ်ယောက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်ရတာလဲ၊ သားတော်မှာ စစ်သူကြီးတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။"

ကျင်းဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။ "ကောင်းကင်နဲ့ မြေကြီးရဲ့ ကျယ်ပြောမှုကို မသိတဲ့ မောက်မာတဲ့ မိစ္ဆာကောင်၊ သူ့ကို ဆွဲထားစမ်း"

အစောင့်များက ချက်ချင်း အရှေ့သို့ ပြေးထွက်လာပြီး လီယွမ်ကျောက်ကို တင်းကျပ်စွာ တုပ်နှောင်လိုက်သည်။ နန်းတွင်းဥယျာဉ် နန်းဆောင်၏ ထောင့်တစ်နေရာတွင် ဆွဲချိတ်ထားလိုက်ကြ၏။

နန်းဆောင်မှ တွဲလောင်းကျနေသော လီယွမ်ကျောက်မှာ အလွန်အမင်း အရှက်ရသွားသဖြင့် မျက်နှာမှာလည်း နီရဲတက်လာ၏။ သူ၏ တစ်သက်တာလုံး ဤမျှ အရှက်ရစရာမျိုး တစ်ခါမှ မကြုံဖူးခဲ့ချေ။

မိမိကိုယ်ကို မှန်ကန်သည်ဟု ခေါင်းမာစွာ ယုံကြည်နေဆဲဖြစ်ကာ ဆက်လက် ခုခံပြောဆိုနေခဲ့သည်။ "ကျုပ်က အချိန်အခါမသင့် မွေးလာတာ... အချိန်အခါမသင့် မွေးလာတာ၊ မတရား အနိုင်ကျင့်ခံနေရတာ... ဒါက ကြီးမားတဲ့ မတရားမှုပဲ"

ကျင်းဧကရာဇ်၏ နဖူးမှ သွေးကြောများမှာ ဖောင်းပွလာပြီး ကြာပွတ်ကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ လီယွမ်ကျောက်၏ တင်ပါးကို အသံကျယ်လောင်စွာဖြင့် ထိမှန်သွားတော့၏။

လူငယ်၏ ပုန်ကန်မှုမှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။

လီယွမ်ကျောက်မှာ ထိတ်လန့်သွားပြီး အသနားခံလိုက်၏။ "အရှင်မင်းကြီး... သားတော်က ကလေးပဲ ရှိပါသေးတယ်"

ကျင်းဧကရာဇ်က ဒေါသတကြီး ပြန်လည်ချေပလိုက်သည်။ "ကလေး ဟုတ်လား... ဘာကလေးလဲ၊ ငါ မင်းအရွယ်တုန်းက စစ်မြေပြင်ထဲ ရောက်နေပြီ၊ ငါ့မှာ မင်းလို ကလေးမျိုး မရှိဘူး"

"သားတော်လည်း လုပ်နိုင်ပါတယ်"

"တိတ်စမ်း"

"ဖြန်း... ဖြန်း... ဖြန်း..."

ကျင်းဧကရာဇ်က ကြာပွတ်ကို အသုံးပြုရာတွင် အတော်လေး ကျွမ်းကျင်ကြောင်း ထင်ရှားပြီး အချက်တိုင်းက တင်ပါးကို တိုက်ရိုက် ထိမှန်၏။

လီယွမ်ကျောက်က ကျယ်လောင်စွာ အော်ဟစ်နေသော်ငြား စိတ်ထဲတွင်တော့ ဝမ်းသာနေခဲ့သည်။

ထင်တဲ့အတိုင်း ခမည်းတော်က အကွက်ဟောင်းကို ပြန်သုံးနေတာပဲ။ ရိုက်တယ်ဆိုပေမဲ့ ဖင်နည်းနည်း ပူသွားရုံလောက်ပဲ ရှိတာ။

"အား... အား"

ဟာကွက်များပေါ်သွားမည် စိုးရိမ်သဖြင့် လီယွမ်ကျောက်က အစွမ်းကုန် ဟန်ဆောင် အော်ဟစ်နေ၏။

ဆက်တိုက် ဆယ်ချက်ခန့် ရိုက်နှက်ပြီးနောက် ကျင်းဧကရာဇ်မှာ အနည်းငယ် အသက်ရှူမဝဖြစ်လာသော်ငြား သူ၏ ဒေါသများကမူ သိသိသာသာ လျော့ကျသွားခဲ့သည်။

အိမ်ရှေ့စံက အော်ဟစ်နေသည်ကို မြင်ချိန်မှာတော့ သူ၏ နှလုံးသားက ပျော့ပျောင်းသွား၏။

သူက ကြာပွတ်ကို ဘေးသို့ ပစ်ချလိုက်ပြီး လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ "သူ့ကို စောင့်ကြည့်ထား၊ မနက်ဖြန် မွန်းတည့်ချိန်အထိ သူ့ကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်"

ထို့နောက် လှည့်ထွက်သွားရန် ပြင်လိုက်သော်ငြား ထွက်ခွာတော့မည့်ဆဲဆဲ တွဲလောင်းကျနေသော လီယွမ်ကျောက်က ရုတ်တရက် လှည့်လာရာ တင်ပါးက ကျင်းဧကရာဇ်ဘက်သို့ တည့်တည့်ဖြစ်သွား၏။

ကျင်းဧကရာဇ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့၏။ တင်ပါးကို ဖုံးအုပ်ထားသော တစ်ထပ်တည်းသော ဘောင်းဘီတွင် အပေါက်ငယ်လေး တစ်ခု ဖြစ်ပေါ်နေပြီး အောက်ဘက်ရှိ သတ္တုအရောင်ကို ဖော်ပြနေသည်။

မကြာမီကမှ မြိုသိပ်ထားနိုင်ခဲ့သော ကျင်းဧကရာဇ်၏ ဒေါသများက ရုတ်တရက် ပြန်လည် ထကြွလာ၏။ "လီယွမ်ကျောက်... တော်လိုက်တာ၊ အရမ်းကို တော်တယ်။ သူ့ကို အဝတ်ဗလာအတိုင်း ထားစမ်း၊ အဝတ်အစား တစ်ခုမှ မကျန်စေနဲ့၊ ဒီနေ့ သေအောင် ရိုက်ရမယ်"

ဟန်ဆောင်နေသော လီယွမ်ကျောက်မှာ ကျင်းဧကရာဇ်၏ ဒေါသပေါက်ကွဲသံကို ကြားလိုက်ရချိန်မှာတော့ လက်တွေ့ဘဝသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွား၏။ မိမိအကြောင်း ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လီယွမ်ကျောက်မှာ ထိတ်လန့်စွာဖြင့် အလျင်အမြန် အသနားခံသည်။

"ခမည်းတော်... သားတော်ကို ရိုက်ပြီးပြီပဲ၊ သားတော် မှားသွားပါတယ်... နောက် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး၊ ဒီတစ်ခါတော့ သားတော်ကို ခွင့်လွှတ်ပေးပါ၊ သားတော် မှားသွားပါတယ်"

"မင်း မှားသွားတာလား၊ မဟုတ်ဘူး... ငါ မှားတာ၊ မင်းကို ငါ မမွေးသင့်ဘူး"

ထိုအခါ ကျင်းဧကရာဇ်က ကြာပွတ်ကို ကောက်ယူကာ နောက်တစ်ကြိမ် ရိုက်ရန် ပြင်လိုက်၏။

သူ၏ အင်အားအပြည့်ဖြင့် ရိုက်ချတော့မည့်ဆဲဆဲတွင် ကော်ထျန်းယန်က နန်းတွင်းဥယျာဉ်ထဲသို့ ပြေးဝင်လာသည်။

အိမ်ရှေ့စံကို တစ်ချက်ကြည့်ပြီးနောက် ကျင်းဧကရာဇ်အား အလျင်အမြန် လျှောက်တင်၏။ "အရှင်မင်းကြီး... ဖန်ကျန်းရီရဲ့ အချက်အလက်တွေကို အတည်ပြုပြီးပါပြီ"

ဖန်ကျန်းရီ၏ နာမည်ကို ကြားလိုက်ရချိန်တွင် ကျင်းဧကရာဇ်၏ အာရုံပြောင်းသွားပြီး ကြာပွတ်ကို ပြန်ချထားလိုက်သည်။

"ဒီမိစ္ဆာကောင်ကို အဝတ်အစားတွေ ပြန်ဝတ်ပေးထားလိုက်၊ သူ့ကို ဒီအတိုင်း ဆွဲထားပြီး ငါ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ခိုင်းထား"

စကားဆုံးပြီးနောက် သူက ကော်ထျန်းယန်နှင့်အတူ နန်းတွင်းဥယျာဉ်ထဲမှ ထွက်ခွာသွား၏။

လီယွမ်ကျောက်မှာ စိတ်ထဲတွင် ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး သက်ပြင်းချလိုက်မိသည်။

မဝေးလှသော နေရာတွင် ဒူးထောက်နေသော လျိုကျင်းမှာ ကျင်းဧကရာဇ် ထွက်ခွာသွားသည်ကို မြင်ချိန်မမှာတော့ မြေပြင်ပေါ်သို့ ချက်ချင်း ပုံကျသွားတော့သည်။ သူ၏ အောက်တွင် ရေအိုင်လေး တစ်အိုင် ဖြစ်ပေါ်နေ၏။

...

အပိုင်း (၁၄) အရှင်မင်းမြတ်၏ လုပ်ဆောင်ချက်များ

ချန်ချင်း နန်းဆောင် အတွင်းပိုင်း။

"အရှင်မင်းကြီး... ဖန်ကျန်းရီက ကျင်းဟယ်တတိယနှစ်မှာ တတိယအဆင့် ကျင်းရှီအဖြစ် အောင်မြင်ခဲ့တာ အတည်ပြု ပြီးပါပြီ၊ သူ့ရဲ့ မိဘတွေက ကွယ်လွန်သွားကြပြီဖြစ်ပြီး အဲဒီအချိန်တုန်းက သူက အသက် ဆယ့်ငါးနှစ်ပဲ ရှိပါသေးတယ်။

တကယ်တော့ သူ့ကို မြို့တော်ဒေသမှာ ဒုတိယ မြို့ဝန်အဖြစ် ခန့်အပ်ဖို့ ဒါမှမဟုတ် နန်းတော်ထဲကို ဝင်ရောက်စေဖို့ မျှော်လင့်ထားခဲ့တာပါ၊ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ စိတ်နေသဘောထားနဲ့ အထက်အရာရှိတွေရဲ့ အမိန့်အပေါ် မနာခံမှုတွေကြောင့်ရယ်၊ တိုက်တိုက်ဆိုင်ဆိုင် တောက်ယွမ်ခရိုင် မြို့ဝန် ကွယ်လွန်သွားတာကြောင့်ရယ် သူ့ကို တောက်ယွမ်ခရိုင်မှာပဲ တိုက်ရိုက် ခန့်အပ်လိုက်တာပါ။

တောက်ယွမ်ခရိုင်ရုံးရဲ့ အုပ်ချုပ်မှုအောက်က ပြည်သူ လူဦးရေက နှစ်ထောင်ထက်နည်းပြီး ခရိုင်က အရမ်း ဆင်းရဲ မွဲတေပါတယ်၊ နှစ်စဉ် အခွန်ဝင်ငွေဆိုတာလည်း ဘာမှကို မရှိတာပါ...။

ပြီးခဲ့တဲ့နှစ်က တင်ပြခဲ့တဲ့ အစီရင်ခံစာအရ အခြေအနေက အတူတူပဲ ဖြစ်နေပြီး သူ့ရဲ့အုပ်ချုပ်မှုအောက်က ပြည်သူ လူဦးရေက နှစ်ထောင်ထက် နည်းနေဆဲပါ။

"ကျွန်တော်မျိုး အစေခံအိုကြီးက ဟန်ကျန်းပြည်နယ် အရေးပိုင်ကို ရှာဖို့ မြင်းသည်တော်တွေကို စေလွှတ်ထားပါတယ်၊ ကျင်းမြို့တော်ကို ရောက်ဖို့ ရက်အနည်းငယ်လောက် ကြာပါအုံးမယ်"

အစီရင်ခံစာကို အဆုံးသတ်ပြီးနောက် ကော်ထျန်းယန်က သူကိုင်ထားသော စာရွက်စာတမ်းများကို ဘေးသို့ ဖယ်ထားလိုက်ပြီး ကျင်းဧကရာဇ်ကို သတိကြီးစွာဖြင့် ကြည့်လိုက်၏။

ဒီတောက်ယွမ်ခရိုင် မြို့ဝန်က တကယ်ကို ရဲတင်းလွန်းတာပဲ။ သူက အထက်အရာရှိတွေပေါ် သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားရဲတယ်။ အခွန်ငွေပေးဆောင်ဖို့ကိုလည်း ရှောင်လွှဲနေခဲ့တာကိုး။

တောက်ယွမ်ခရိုင်မှာ မြို့တော်ဒေသနှင့် ဟန်ကျန်းပြည်နယ်ကြားတွင် တည်ရှိသည်။ ဤမျှ နီးကပ်စွာ ရှိနေသော်ငြား အချိန်အကြာကြီး ပုန်းကွယ်နေနိုင်ခဲ့ခြင်းက တစ်ခုခု သံသယဖြစ်စရာ ကောင်းနေကြောင်း ထောက်ပြနေသည်။

ကျင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်ငြား သူ၏လက်ချောင်းများက စားပွဲကို အဆက်မပြတ် ခေါက်နေခဲ့သည်။ ခဏအကြာတွင် သူက ရုတ်တရက် ရယ်မောလိုက်၏။ "ဟားဟား... စိတ်ဝင်စားစရာပဲ၊ ဒီတောက်ယွမ်ခရိုင် မြို့ဝန်က ငယ်ရွယ်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့တာပဲ၊ အသက် ၁၅ နှစ်နဲ့ ကျင်းရှီ ဖြစ်ခဲ့တာတဲ့၊ နှမြောစရာပဲ... စစ်ပွဲတွေသာ မရှိခဲ့ရင် ဒီလို အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို ငါတို့ ဘယ်လိုလုပ် လျစ်လျူရှုထားမိမှာလဲ။

အရမ်း ဆင်းရဲမွဲတေတဲ့ ခရိုင်မြို့ငယ်လေးကို ခုနစ်နှစ်အတွင်းမှာ ဒီလို အခြေအနေမျိုး ရောက်အောင် ပြောင်းလဲနိုင်ခဲ့တာက တကယ်ကို အထင်ကြီးစရာပဲ။ လက်ရှိ တောက်ယွမ်ခရိုင်ရဲ့ လူဦးရေက သေချာပေါက် နှစ်ထောင်တည်း မဟုတ်နိုင်ဘူး၊ သောင်းဂဏန်းလောက်တော့ ရှိနေလောက်ပြီ မဟုတ်လား"

ကော်ထျန်းယန်က ခေါင်းငုံ့ကာ မေးလိုက်၏။ "အရှင်မင်းကြီး... ဖန်ကျန်းရီကို ဘယ်လို ကိုင်တွယ်သင့်ပါသလဲ"

"အလျင်စလို လုပ်စရာ မလိုပါဘူး၊ သူ့ကို ငါတို့ ထပ်ပြီး အနီးကပ် လေ့လာကြည့်ကြတာပေါ့၊ ဒီလူမှာ ထူးခြားတဲ့ စိတ်နေသဘောထား ရှိပြီး သေချာ ဂရုတစိုက် ဆုံးမပေးဖို့ လိုတယ်၊ သူသာ ငါ့ရဲ့အကဲဖြတ်မှု ကောင်းကောင်း ရခဲ့မယ်ဆိုရင် အနာဂတ်မှာ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီး တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အိမ်ရှေ့စံရဲ့ဘေးမှာ ဒီလို အရည်အချင်းရှိတဲ့သူ ရှိနေရင် စိတ်ချရပြီ"

အိမ်ရှေ့စံ၏ နာမည်ကို ကြားလိုက်ရချိန်တွင် ကော်ထျန်းယန်က ချက်ချင်း လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... အိမ်ရှေ့စံက နန်းတွင်းဥယျာဉ်မှာ တွဲလောင်းကြီးဖြစ်နေဆဲပါ၊ သူ့ကို ဖြုတ်ချပေးလိုက် ရမလား"

အိမ်ရှေ့စံ၏ နာမည်ကို ဖော်ပြလိုက်ချိန်တွင် ကျင်းဧကရာဇ်၏ မျက်မှောင်များ ထပ်မံ၍ ကြုတ်သွားပြန်၏။

"ငါ့ကို ဘာတွေများ ထပ်ပြီး စိတ်ပျက်အောင် လုပ်ဦးမလို့လဲ၊ အဲဒီ မိစ္ဆာကောင်အကြောင်းကို လောလောဆယ် မေ့ထားလိုက်၊ တခြားသူတွေက အသက် ၁၅ နှစ်မှာ ကျင်းရှီ စာမေးပွဲကို အောင်မြင်နိုင်ပေမဲ့ သူကတော့ အသုံးမကျတဲ့ အရာတွေနဲ့ လျှောက်ကစားဖို့ပဲ သိတယ်၊ အရှေ့နန်းဆောင်က ကျားနဲ့ ကျားသစ် ခြံဝန်းကို ဖြိုချဖို့ လူလွှတ်လိုက်... ပြီးတော့ အဲဒီ တုံးအတဲ့ မိစ္ဆာကောင်ကို သတ်ပစ်လိုက်။

ပြီးတော့ စောစောက ငါတို့ ဝယ်လာတဲ့ လက်ဖက်ခြောက်တွေကိုလည်း ရှင်းဖို့ လိုတယ်၊ လက်ဖက်ရည်ရောင်းဖို့ မြို့လယ်ခေါင်က ဆိုင်တစ်ဆိုင်ကို ရှာဖို့ လူလွှတ်လိုက်။

ဖန်ကျန်းရီ ပြောတဲ့အတိုင်း အတိအကျ လုပ်လိုက်... အရမ်းလှပတဲ့ လက်ဖက်ရည်အိုး အသုတ်တစ်သုတ်ကို မှာယူပြီး လက်ဖက်ရည်တွေကို အဲဒီထဲ ထည့်၊ ဒီကိစ္စတွေကို မင်းရဲ့ တိုက်ရိုက် ကြီးကြပ်မှုအောက်မှာ လုပ်ဆောင်ရမယ်၊ ဘယ်လို အခြေအနေမျိုးမှာမဆို သတင်းမပေါက်ကြားစေရဘူး၊ မင်း ပျက်ကွက်ခဲ့ရင် မင်းကို တာဝန်ယူခိုင်းမယ်"

ကော်ထျန်းယန်မှာ အံ့အားသင့်သွားသည်။

ဧကရာဇ်မင်းက ကုန်သွယ်ရေးမှာ ကိုယ်တိုင် ပါဝင်ပတ်သက်ဖို့ဆိုတာ မသင့်တော်ပေ။

ထို့အပြင် ဤခြေအနေကိုသာ အမတ်တွေ သိသွားမည်ဆိုလျှင် သေချာပေါက် ကြီးမားသည့် ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်သည်။ အရှင်မင်းမြတ်က ဖန်ကျန်းရီ၏ လမ်းလွဲပေးခြင်းကို တကယ် ခံလိုက်ရပြီပဲ။

ထို့ကြောင့် ကော်ထျန်းယန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး... ဒါက သိပ် မသင့်တော်ပါဘူး၊ တခြား အမတ်တွေ မြင်သွားရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်မျိုးက..."

ကျင်းဧကရာဇ်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "လုပ်စရာရှိတာ သွားလုပ်စမ်းပါ၊ ဒီလက်ဖက်ခြောက်ကို ငါ့ရဲ့ သီးသန့် ရန်ပုံငွေနဲ့ ဝယ်ထားတာ၊ ငါ ထိန်းချုပ်လို့ မရဘူးလား။”

"အရှင်မင်းကြီး... ဒါပေမဲ့ ကျွန်တော်မျိုးက စီးပွားရေးအကြောင်း ပြောနေတာ..."

ဤဖြစ်ရပ်မှာ အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းလှသဖြင့် ကော်ထျန်းယန်မှာ စိုးရိမ်နေဆဲပင်။

ကျင်းဧကရာဇ်က ကုလားထိုင်ပေါ်တွင်ထိုင်နေရင်းမှ နောက်သို့ မှီချပြီး သက်ပြင်းချလိုက်၏။ "ဟုတ်တယ်... ငါတို့ ဘိုးဘေးတွေရဲ့ ဓလေ့ထုံးတမ်းတွေကို ချိုးဖောက်လို့ မရဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ကျင်းအင်ပါယာကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း နှစ်ရာကျော်နေပြီ၊ ငါတို့က ဒီစနစ်ဟောင်းကိုပဲ ဆက်လက် ကျင့်သုံးနေတုန်းပဲ၊ ဒီအတိုင်း ဆက်သွားနေရင် ဘယ်အချိန်မှာ ပြန်ကျဆင်းသွားမလဲဆိုတာ ဘယ်သူသိမလဲ။

အဆင့်လိုက် တဖြည်းဖြည်း ဆက်သွားနေမယ်ဆိုရင် နောက်နှစ်တစ်ရာကြာတဲ့အခါ ကျင်းအင်ပါယာကြီးက ဘယ်လို ဖြစ်နေမလဲ၊ အဲဒီအချိန်ကျရင် ငါတို့က သေရင်သေ မဟုတ်ရင်လည်း အိုမင်းမစွမ်း ဖြစ်နေလိမ့်မယ်။ ဘိုးဘေးတွေရဲ့ ဓလေ့ထုံးတမ်းတွေမှာ ကောင်းကျိုးတွေ သေချာပေါက် ရှိပေမဲ့ ငါတို့ ဒီဘက်ခေတ်ကို ရောက်နေပြီဆိုတော့ အပြောင်းအလဲအတွက် အချိန်တန်ပြီ...။

တောက်ယွမ်ခရိုင်က ငါတို့ကို စိတ်ကူးသစ်တွေ ပေးခဲ့တယ်၊ အပြောင်းအလဲတချို့ကို ငါတို့ အရင် စမ်းလုပ်ကြည့်ရမယ်။

နိုင်ငံကြီးတစ်ခုကို အုပ်ချုပ်ရတာက ငါးလေးတစ်ကောင်ကို ချက်ပြုတ်ရသလိုပဲ၊ တောက်ယွမ်ခရိုင်က အရာရာကို အဆင်ပြေအောင် လုပ်နိုင်တယ်ဆိုရင် ငါတို့ ကျင်းအင်ပါယာကရော အပြောင်းအလဲ အနည်းငယ်လောက်လေး လုပ်ရုံနဲ့ တောက်ယွမ်ခရိုင်လို အံ့ဖွယ်အမှုမျိုးကို ကြုံတွေ့နိုင်မလား။

တံခါးပတ္တာက ဆွေးမြည့်မသွားသလို ယိုစိမ့်နေတဲ့ ရေကလည်း စုပုံမနေပါဘူး၊ ကော်ပန်ပန်... သွားတော့၊ သွားလုပ်လိုက်။

ညစာစားပွဲမှာ ဖန်ကျန်းရီ ပြောခဲ့သလိုပဲ... 'ချမ်းသာတဲ့ သူတွေဆီကနေ ငွေကို ရှာပြီး ပြည်သူတွေကို ခုနစ်ဆယ် သုံးဆယ် အချိုးနဲ့ ခွဲဝေပေးလိုက်' ဆိုတာလေ။

ငါတို့ ကျင်းအင်ပါယာမှာ ချမ်းသာတဲ့ကုန်သည်တွေနဲ့ မှူးမတ်တွေ အများကြီး ရှိတယ်၊ သူတို့က ငွေတွေကို သူတို့အိမ်တွေ နဲ့ သင်္ချိုင်းတွေမှာ သိမ်းဆည်းထားကြပေမဲ့ ပြည်သူတွေကို မပေးကြဘူး၊ ကောင်းမွန်တဲ့ လမ်းတစ်ခုတောင် မဖောက်နိုင်ကြဘူး။ ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာရမယ့် အချိန်ရောက်ပြီ"

ကော်ထျန်းယန်မှာ တိတ်ဆိတ်နေခဲ့၏။

ဤနှစ်ပိုင်း စစ်ပွဲများ ပြီးဆုံးခါစတွင် နိုင်ငံတော်ဘဏ္ဍာတိုက်မှာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။ အရှင်မင်းမြတ်မှာ ဤအရာကြောင့် သတ္တိများ ပိုမိုရရှိလာပြီး မှူးမတ်များနှင့် ချမ်းသာသော ကုန်သည်များထံသို့ လက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်ပေမည်။

သို့သော်ငြား ဧကရာဇ်၏ သီးသန့်မိန်းမစိုး တစ်ဦးအနေဖြင့် သူက အရှင်မင်းမြတ်၏ ညာလက်ရုံး ဘယ်လက်ရုံး ကဲ့သို့ပင် ဖြစ်၏။ အရှင်မင်းမြတ်က ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ သူက သူ့အလုပ်ကို စိတ်နှလုံး အကြွင်းမဲ့နှင့် သေချာပေါက် လုပ်ရပေတော့မည်။

"ကောင်းပါပြီ .... အရှင်မင်းကြီး... ဒီအစေခံအိုကြီးက ချက်ချင်း လုပ်ဆောင်ဖို့ လူတစ်ယောက် စီစဉ်လိုက်ပါ့မယ်"

ကျင်းဧကရာဇ်က စားပွဲပေါ်ရှိ ခွက်ထဲမှ နောက်ကျိနေသော လက်ဖက်ရည်ကို ကြည့်ရင်း နောက်တစ်ကြိမ် အတွေးနက်သွားပြန်၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။ "မနက်ဖြန် မနက် ညီလာခံအတွက် အဆင့်မြင့် ကောင်းကင်လက်ဖက်ရည် တစ်အိုး ပြင်ဆင်ထားဖို့ မမေ့နဲ့။

လက်ဖက်ရည်ကို အမတ်တွေအားလုံးရဲ့ အရှေ့မှာ တည်ခင်းလိုက်၊ လက်ဖက်ရည်ကို ပြင်းပြင်းလေး ဖျော်ဖို့ မမေ့နဲ့နော်။

ကျန်တာတွေကို မင်းသဘောကျ ကိုင်တွယ်လို့ရတယ်၊ ဖန်ကျန်းရီ သင်ပေးလိုက်တဲ့ နည်းလမ်းက အလုပ် ဖြစ်မဖြစ်ဆိုတာကို ငါတို့ နည်းနည်း စပ်စုချင်နေလို့။

ဒါနဲ့... စီးပွားရေးလုပ်တာက စစ်ကြေညာရတာနဲ့ တူတယ်၊ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဟားဟား။ မင်း အခု သွားလို့ရပြီ၊ ငါ သဝဏ်လွှာတွေ ပြန်ဖတ်ရအုံးမယ်"

ကော်ထျန်းယန်က ခေါင်းညိတ်ပြကာ လှည့်ထွက်လာခဲ့ပြီး အံကိုကြိတ်လိုက်မိသည်။

ဝမ်းနည်းမှု တစ်စုံတစ်ရာက သူ့အပေါ် လွှမ်းမိုးလာခဲ့သည်။ တောက်ယွမ်ခရိုင်မှာ ရက်အနည်းငယ်လေး နေခဲ့ရုံနှင့် အရှင်မင်းမြတ်က ဖန်ကျန်းရီဆိုသောနာမည်ကို ရွတ်ဆိုသော အကြိမ်အရေအတွက်က သိသိသာသာ တိုးတက်လာခဲ့၏။

ညစာစားပွဲမှာ ကောင်လေး သင်ပေးလိုက်တဲ့ နည်းလမ်းတွေ အားလုံးကို အရှင်မင်းမြတ်က တကယ့်ကို ယုံကြည်နေခြင်းပင်။

ထို့အပြင် အရှင်မင်းမြတ်က ဤအမိန့်ကို ပေးခဲ့ပြီး ထိုနည်းလမ်းများအတိုင်း အရောင်းအဝယ် ပြုလုပ်ရန် သူက တာဝန်ယူရ တော့မည်။ ဤသည်မှာ အမှန်တကယ်ပင် မတရားချေ။

အရှင်မင်းမြတ်အနေဖြင့် အရောင်းအဝယ် ပြုလုပ်ချင်သည် ဆိုလျှင်တောင်မှ ထိုသို့သော ပစ္စည်းမျိုးကို မည်သူက တကူးတက ဝယ်ယူမည်နည်း။ ထို့အပြင် စျေးနှုန်းကလည်း မယုံနိုင်ဖွယ် ကောင်းလောက်အောင် ကြီးမြင့်လွန်းလှသေးသည်။

ကော်ထျန်းယန်က သက်ပြင်းချလိုက်သည်။

ဖန်ကျန်းရီမှာ အနာဂတ်တွင် နန်းတော်သို့ ဝင်ရောက်လာရန် သေချာပေါက် ကံပါလာသူ ဖြစ်၏။ အကြိမ်အနည်းငယ် တွေ့ဆုံဆွေးနွေးပြီးနောက်တွင် အရှင်မင်းမြတ်က သူ့ကို ဤမျှ ချီးကျူးနေပြီ မဟုတ်ပါလား။

အနာဂတ်မှာ သူက သေချာပေါက် ဧကရာဇ်ရဲ့ အနှစ်သက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်၏။ ထိုသို့သူက ဤကလေးနှင့် ရှောင်လွဲ၍ ရတော့မည် မဟုတ်ပေ။

သို့သော်ငြား ဖန်ကျန်းရီက သူနှင့် သဘောထားကွဲလွဲနေခဲ့၏။ ကြက်သားစားတုန်းက သူ့ကို ကြက်ရင်ပုံသား တစ်တုံးပဲ ပေးခဲ့၏။ သူ သေချာပေါက် မှတ်သားထားလေသည်။

"ဘာလို့ မထွက်သွားသေးတာလဲ၊ အဲဒီမှာ ဘာလုပ်နေတာလဲ"

ကော်ထျန်းယန်၏အနောက်မှ ကျင်းဧကရာဇ်၏ အသံ ထွက်ပေါ်လာခဲ့၏။ လွန်ခဲ့သော စက္ကန့်ပိုင်းတည်းက အတွေးလွန်နေခဲ့သဖြင့် ထွက်ခွာသွားရန်ပင် မေ့နေခဲ့ခြင်း ဖြစ်၏။

ကော်ထျန်းယန်က ချက်ချင်း လျှောက်တင်လိုက်သည်။ "အာ... ဟို... အရှင်မင်းကြီး၊ ဒီလက်ဖက်ခေါက်ကို ဘယ်လောက်နဲ့ ရောင်းသင့်လဲဆိုတာ အစေခံအိုကြီးက စဉ်းစားနေလို့ပါ၊ ဖန်ကျန်းရီ ပြောသလိုပဲ တစ် ကတ်တီ ကို ငွေနှစ်ရာတေးလ်နဲ့ ရောင်းရမလား"

ကျင်းဧကရာဇ်မှာလည်း အံ့အားသင့်သွားသည်။ ပြီးနောက် ခါးသက်သက် ရယ်မောလိုက်၏။ သူက စီးပွားရေးပြုလုပ်ချင်သော်လည်း ဈေးနှုန်းသတ်မှတ်ဖို့ပင် မေ့နေခဲ့၏။ ထို့ကြောင့် ကျပန်းရွေးချယ်ကာ ပြောလိုက်၏။

"လက်ဖက်ရည် တစ်အိုးအတွက် ငွေငါးဆယ်တေးလ်၊ ပြီးတော့ မမေ့နဲ့နော်... ထုပ်ပိုးမှုက အရမ်းကို ပုံစံ ကျနေရမယ်"

"..."

ကော်ထျန်းယန်၏ အိုမင်းနေသော မျက်နှာကြီးမှာ နှစ်ချက်ခန့် တဆတ်ဆတ် တုန်သွားသော်ငြား စကားတစ်ခွန်းမှ မဆိုရဲချေ။

တစ်ကတ်တီကို ငွေငါးရာတေးလ်တဲ့လား။ ကောင်းကင်ဘုံ .. အရှင်မင်းမြတ်က တကယ်ကို ဈေးနှုန်းကြီးကြီးမားမား သတ်မှတ်ရဲနေသည်။ ဖန်ကျန်းရီ ထက်ပင် ပို၍ ရက်စက်နေသေးသည်။ မင်း ဧကရာဇ် ဖြစ်လာသည်မှာ အံ့အားသင့်စရာ မရှိပေ။

...

All Chapters