အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အပိုင်း (၁၉) မိစ္ဆာမြို့ဝန် ဖန်ကျန်းရီ
ဝူရှန်း၏ မျက်နှာမှာ သွေးဆုတ်နေသကဲ့သို့ ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း အထိန်းအကွပ်မဲ့စွာ တုန်ယင်နေ၏။
သို့သော်ငြား ကျင်းအရှင်မင်းကြီး တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ခေါင်းမမော့ရဲဘဲ အောက်သို့ ပို၍ပို၍ ငုံ့ထားလိုက်သည်။
ကျင်းအရှင်မင်းကြီးက စကားတစ်ခွန်းမှ မဆိုဘဲ ဝူရှန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။
အချိန်အတန်ကြာပြီးနောက် ဝူရှန်းက နောက်ဆုံးတွင် စကားပြောလာခဲ့သည်။ “အရှင်မင်းကြီးကို လျှောက်တင်ပါရစေ၊ တောက်ယွမ်ခရိုင်က ဟန်ကျန်းပြည်နယ် နယ်စပ်မှာရှိတဲ့ ခရိုင်ငယ်လေးတစ်ခုပါ။
လူဦးရေက နှစ်ထောင်ထက် မပိုပါဘူး၊ ပြီးတော့ အမြဲတမ်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်၊ လွန်ခဲ့တဲ့ ခုနစ်နှစ်ကဆိုရင် မြို့ဝန်တောင် တာဝန်ထမ်းဆောင်ရင်း အစာငတ်ပြတ်ပြီး သေဆုံးသွားခဲ့လို့ အရေးပိုင်ရုံးက အထူး အခွန်ကင်းလွတ်ခွင့် ပေးထားခဲ့ရပါတယ်။”
စကားဆုံးပြီးနောက် ဝူရှန်းမှာ မလှုပ်မယှက် ဆက်လက် ဒူးထောက်နေခဲ့၏။
လီယွမ်ကျောက်က ဝူရှန်းကို စပ်စုချင်စိတ်ဖြင့် ကြည့်နေခဲ့သည်။ အရာရှိတစ်ဦးက ဤမျှ အချိန်အကြာကြီး လိုလိုလားလား ဒူးထောက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ခမည်းတော်က သူ့ကို ထရန် မပြောခဲ့ချေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျင်းအရှင်မင်းကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခေါင်းမော့စမ်း”
ဝူရှန်းက တုန်ရီစွာဖြင့် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။ “အမတ်မင်း... မင်းရဲ့မျက်နှာက ဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ”
ဝူရှန်းက အားတင်း ပြုံးကာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီးနဲ့ အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ နေ့ရောညပါ ခရီးနှင်လာခဲ့ရလို့ အနည်းငယ် ပင်ပန်းနေတာပါ”
“ဒီခုနစ်နှစ်အတွင်းမှာ တောက်ယွမ်ခရိုင်ကို ဘယ်နှစ်ကြိမ် ရောက်ဖူးလဲ။”
“အရှင်မင်းကြီးကို လျှောက်တင်ပါရစေ၊ စစ်ဆေးရေး အရေးပိုင်အဖြစ် ရာထူးစတင် ယူကတည်းက သုံးကြိမ် ရောက်ဖူးပါတယ်။”
“တောက်ယွမ်ခရိုင်က ဘာများ ပြောင်းလဲသွားသေးလဲ။”
…
ဝူရှန်းက ခဏတာ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။ “မှန်လှပါ၊ ဒီကနေ့အထိ လူဦးရေက နှစ်ထောင်ထက် မပိုသေးပါဘူး၊ ဒါပေမဲ့ ငတ်မွတ်ခေါင်းပါးမှု ပြဿနာတော့ ပြေလည်သွားပါပြီ၊ ဒါပေမဲ့လည်း သူတို့က ဆင်းရဲမွဲတေစွာ ဆက်လက် နေထိုင်နေကြရတုန်းပါပဲ။”
“လိမ်တာ”
ကျင်းအရှင်မင်းကြီးက စားပွဲကို လက်သီးဖြင့် ထုကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဝူရှန်း... မင်းက ငါ အရှင်မင်းကြီးကို ဘယ်လိုလုပ် လှည့်စားရဲတာလဲ”
ဝူရှန်းမှာ ကျင်းအရှင်မင်းကြီးကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကို မြေပြင်နှင့် အသံမြည်အောင် ဆောင့်ချလိုက်သည်။
သူက ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အသံဖြင့် လျှောက်တင်လိုက်၏။ “ကျွန်တော်မျိုး ဘယ်တော့မှ မလုပ်ရဲပါဘူး၊ ဘယ်တော့မှ မလုပ်ရဲပါဘူး၊ ကျွန်တော်မျိုး လျှောက်တင်ခဲ့တဲ့ စကားတိုင်းက အမှန်တွေချည်းပါပဲ၊ လိမ်ညာမှု တစ်ခွန်းပါခဲ့ရင် မိုးကြိုးပစ်ခံရပြီး မြင်းငါးကောင်ဆွဲလို့ အပိုင်းပိုင်းအစစ ပြတ်သေပါစေ”
ကျင်းအရှင်မင်းကြီးမှာ အံ့အားသင့်သွားသည်။
ဝူရှန်း၏ အပြုအမူက တောက်ယွမ်ခရိုင်ရှိ အခြေအနေကို သူသိရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေသော်ငြား သူ၏ အရှေ့တွင်ပင် ဖုံးကွယ်ထားရဲသေး၏။ ဖန်ကျန်းရီတွင် ဝူရှန်းကို ဤကဲ့သို့ အသက်စွန့်ရဲအောင် တွန်းအားပေးနိုင်သည့် မည်ကဲ့သို့သော အင်အားမျိုး ရှိနေသနည်း။
ဘေးတွင် ရပ်နေသော ကော်ထျန်းယန်မှာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပြီး ထိုမေးခွန်းက သူ၏ စိတ်ထဲတွင် အဆက်မပြတ် လည်ပတ်နေ၏။
ကျင်းအရှင်မင်းကြီးက ဖြည်းညင်းစွာ ထိုင်လိုက်သည်။ “ကော်ပန်ပန်... ဘုရင်မင်းမြတ်ကို လှည့်စားတဲ့သူအတွက် ပြစ်ဒဏ်က ဘာလဲ”
ကော်ထျန်းယန်က ပြန်လည် လျှောက်တင်လိုက်၏။ “အသေးအဖွဲ ပြစ်မှုက ခေါင်းဖြတ်ခံရပါတယ်၊ ကြီးလေးတဲ့ ပြစ်မှုတွေကတော့ ဆွေမျိုးစုတစ်ခုလုံး သုတ်သင်ခံရပါတယ်၊ ဝူရှန်းက ခေါင်းမာပြီး အရှင်မင်းကြီးကို မျက်နှာချင်းဆိုင်တောင် လှည့်စားရဲတဲ့အတွက် သူ့ရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး သုတ်သင်ပစ်တဲ့အထိ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်ပါတယ်”
နှစ်ရက်တိတိ မအိပ်ရသေးသော ဝူရှန်းမှာ အလွန် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ ခေါင်းဖြတ်ခြင်းနှင့် ဆွေမျိုးစု သုတ်သင်ခြင်း သတင်းများကို ကြားလိုက်ရသဖြင့် သူမှာ လုံးဝ စိတ်ရှုပ်ထွေးသော အခြေအနေသို့ ရောက်ရှိသွား၏။
ဝူရှန်း၏ ရင်ထဲရှိ ကြောက်ရွံ့မှုများက ပို၍ပို၍ နက်ရှိုင်းလာပြီး အကြိမ်ကြိမ် ဒူးထောက်လျက် အသနားခံနေသည်။
“ဝူရှန်း... မင်း ဘာပြောစရာ ရှိသေးလဲ”
ဝူရှန်းက ခေါင်းမော့လိုက်ရာ နဖူးမှ သွေးများ စီးကျနေပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေ၏။သူက အံကြိတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... အမတ်တစ်ယောက်ကို ဘယ်လိုလုပ် မတရား သတ်ဖြတ်နိုင်ရက်တာလဲ၊ ကျွန်တော်မျိုး ဝူရှန်းက ဘာအပြစ်များ ကျူးလွန်မိလို့လဲ၊ အနည်းဆုံးတော့ ဒီအပြစ်ရှိတဲ့ အမတ်ကို အကြောင်းရင်းလေးတော့ သိပြီးမှ သေခွင့်ပြုပါ”
ကျင်းအရှင်မင်းကြီးက တည်ငြိမ်သော လေသံကို ထိန်းသိမ်းကာ ပြောလိုက်သည်။ “ကိုယ်တော် တောက်ယွမ်ခရိုင်ကို သွားခဲ့ပြီးပြီ၊ မင်း ဘာပြောချင်သေးလဲ”
“ဘာ” ဝူရှန်းမှာ မထိန်းနိုင်ဘဲ ထကာ အော်ဟစ်လိုက်မိ၏။
သူ အသည်းအသန် စဉ်းစားကြည့်သော်ငြား အရှင်မင်းကြီးက ထိုလူသူကင်းမဲ့သော တောက်ယွမ်ခရိုင်သို့ အဘယ့်ကြောင့် ကိုယ်တိုင် သွားရောက်ခဲ့ကြောင်း လုံးဝ နားမလည်နိုင်ခဲ့ချေ။
အစပိုင်း၌ ဘဏ္ဍာရေးဝန်ကြီးဌာနက တောက်ယွမ်ခရိုင်၏ နှစ်ပေါင်းများစွာ အခွန်ရှောင်လွှဲမှုတွေကို စုံစမ်း စစ်ဆေးနေခြင်းဟု သူ ထင်ထားခဲ့သည်။
အခြေအနေက ဆိုးရွားနေသော်ငြား လှည့်စားပြောဆိုမှု အနည်းငယ်ဖြင့် လွတ်မြောက်နိုင်မည်ဟု သူ ထင်ခဲ့မိသည်။ အရှင်မင်းကြီး ကိုယ်တိုင် တောက်ယွမ်ခရိုင်သို့ သွားခဲ့ လိမ့်မည်ဟု သေချာပေါက် သူ မမျှော်လင့်ထားခဲ့ပေ။
ဝူရှန်း၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာအမူအရာကို မြင်ချိန်မှာတော့ ကျင်းအရှင်မင်းကြီးက ထပ်မေးလိုက်၏။ “ဝူရှန်း... အခု ကိုယ်တော် သိချင်နေပြီ၊ ဖန်ကျန်းရီက မင်းကို ဘယ်လို အကျိုးအမြတ်တွေ ပေးခဲ့လို့ အသက်စွန့်ပြီး ငါ့ကို လှည့်စားရဲတာလဲ”
ဝူရှန်း၏ နှလုံးသားမှာ ပြာကျသွားသကဲ့သို့ ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ သူ သေရတော့မည်ဖြစ်ရာ ရှိသမျှ အမှန်တရားအားလုံးကို ဖွင့်ချလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။
သူက ထပ်မံ၍ ခေါင်းညွတ်ချလိုက်ပြီး ကျယ်လောင်စွာ ငိုကြွေးလျက် လျှောက်တင်လိုက်၏။ “ဒီပြစ်မှု ကျူးလွန်သူက သေဒဏ် အကြိမ်တစ်သောင်းလောက်နဲ့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ ကျွန်တော်မျိုး မတရား အနိုင်ကျင့်ခံခဲ့ရတာပါ၊ ပြောစရာတွေ ရှိပါတယ်၊ အရှင်မင်းကြီးကို လှည့်စားဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ ဖန်ကျန်းရီက လူ မဟုတ်ပါဘူး။”
ထောင့်တွင် ဒူးထောက်နေသော လီယွမ်ကျောက်၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားသည်။
သူက ပျင်းရိငြီးငွေ့စွာဖြင့် ဒူးထောက်နေခဲ့ရာမှ ရုတ်တရက် ဤကြီးမားသော အလှည့်အပြောင်း စတင်လာခဲ့၏။
ဝူရှန်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး သွေးများနှင့် ရောနှောကာ မျက်နှာတစ်ခုလုံး ပေကျံသွားသည်။ သူက ငိုကြွေးလျက် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်မျိုး တောက်ယွမ်ခရိုင်ကို ပထမဆုံးအကြိမ် ရောက်သွားတုန်းက တောက်ယွမ်ခရိုင်က အတော်လေး တိုးတက်နေတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။
မြို့ရိုးတွေက မီတာဆယ်ဂဏန်းလောက် မြင့်မားနေပြီး ပြည်သူတွေကလည်း ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေကြပါပြီ၊ အဲဒါက အရင်က မှတ်တမ်းတင်ထားတဲ့ ဆင်းရဲမွဲတေမှုနဲ့ လုံးဝကို ကွဲပြားနေခဲ့တာပါ။
“အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုး အရမ်း ဝမ်းသာသွားပြီး နန်းတော်ကို ကျွန်တော်မျိုးရဲ့ အောင်မြင်မှုတွေ အကြောင်း လျှောက်တင်ဖို့ စိတ်အားထက်သန်နေခဲ့ပါတယ်၊ ဒါပေမဲ့ ဘယ်သူက သိမှာလဲ... ဖန်ကျန်းရီက ခွင့်မပြုဘူးဆိုတာ ဘယ်သူက သိမှာလဲ။
သူက ကျွန်တော်မျိုးကို ရုံးတော်မှာ ကြိုးတုပ်ထားပြီး တောက်ယွမ်ခရိုင်အကြောင်း အပြင်လူ ဘယ်သူ့ကိုမှ မပြောဖို့ အတင်းအကျပ် ဖိအားပေးခဲ့ပါတယ်၊ သူ့ရဲ့တပည့်တစ်ယောက်က လမ်းမပေါ်မှာ လူတစ်ယောက်ရဲ့ စအိုကို ချုပ်ပစ်နေတာကိုတောင် ကျွန်တော်မျိုး တွေ့ခဲ့ရပါသေးတယ်။ ကျွန်တော်မျိုးအရမ်း ကြောက်သွားပြီး မငြင်းဆန်ရဲခဲ့ပါဘူး…”
ရှိနေသော အခြားသူ သုံးဦးစလုံးမှာ သူတို့၏ စအိုများ ရုတ်တရက် တင်းမာကျုံ့ဝင်သွားသလို ခံစားလိုက်ရ၏။ တကယ်ကို ရွံရှာစရာပင်။ ဤအရာက လူတစ်ယောက်၏ အပြုအမူ ဟုတ်ပါရဲ့လား။
လီယွမ်ကျောက်မှာ ခဏတာမျှ ရပ်တန့်သွားပြီးနောက် တုန်ယင်သွားသည်။ အကယ်၍သာ သူ ဤအခြေအနေမျိုး နှင့် ကြုံတွေ့ရပါက သူလည်း အရှုံးပေးလိုက်ရလောက်သည်။
ကျင်းအရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ကျန်းပြောင်ပဲ... ဒါ သေချာပေါက် ကျန်းပြောင်ပဲ ဖြစ်ရမည်။
သို့ပေမည့် ကျင်းအရှင်မင်းကြီးက စပ်စုချင်စိတ်ဖြင့် ထပ်မေးလိုက်၏။ “ပြီးတော့ မင်းကို လွှတ်ပေးလိုက်တာလား။ ဒါက အဓိပ္ပာယ်မရှိဘူး၊ မင်းက တောက်ယွမ်ခရိုင်ကနေ ထွက်လာပြီးတာတောင် ဘာလို့ မင်းရဲ့ အထက်အရာရှိတွေကို အကြောင်းမကြားခဲ့တာလဲ၊ သူက မင်းအပေါ်ကို လွှမ်းမိုးမှု ရှိနေတုန်းပဲလား”
ဝူရှန်းမှာ အလွန် နာကျင်ဖွယ်ကောင်းသော အမှတ်တရများထဲတွင် ပိတ်မိနေပုံရ၏။ သူ၏ မျက်လုံးများက မျက်နှာကြက်ကိုသာ စိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်မှ တံတွေးများပင် စီးကျနေလေသည်။
ထို့နောက် သူက မျက်လုံးများကို မှိတ်ကာ စိတ်ကို တင်းထားလိုက်သည်။ “မှန်လှပါ။ သူက ကျွန်တော်မျိုးကို ဖိအားပေးခဲ့ပါတယ်၊ အဲဒီအချိန်တုန်းက တောက်ယွမ်ခရိုင်အကြောင်း သတင်းမဖြန့်ပါဘူးလို့ ကတိပေးခဲ့ပြီးပေမဲ့ သစ္စာဖောက် ဖန်ကျန်းရီက ကျွန်တော်မျိုးကို ဘယ်လိုလုပ် ယုံကြည်မှာလဲ။
သူတို့က ကျွန်တော်မျိုးကို အဝတ်အစားတွေ အကုန်ချွတ်၊ ကုလားထိုင်မှာ ကြိုးတုပ်ပြီး 'ပန်းချီဆရာ' လို့ခေါ်တဲ့ သူတစ်ယောက်ကို ခေါ်လာပြီး ပုံဆွဲခိုင်းပါတယ်။
အဲဒီပန်းချီကားက... မယုံနိုင်လောက်အောင်ကို လက်တွေ့ကျလွန်းတယ်... ဒီလောက် လက်တွေ့ကျတဲ့ ပန်းချီကားကို ဖန်တီးနိုင်တဲ့ အရည်အချင်းမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး”
ပန်းချီဆွဲလို့ ပြီးသွားတော့ သူက ဆက်ပြီး ခြိမ်းခြောက်နေခဲ့တယ်၊ ကျွန်တော်မျိုးသာ တစ်ခုခု ထုတ်ပြောရဲရင် အဲဒီပန်းချီကား မိတ္တူပေါင်း ထောင်ချီကူးပြီး တလောကလုံးအနှံ့ ဖြန့်ဝေပစ်မယ်၊ ကျွန်တော်မျိုးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။ ... အီး .. ဟီး...”
ကျင်းအရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့မှာ တုန်လှုပ်ဖွယ်အကြည့်များကို နောက်တစ်ကြိမ် ဖလှယ်လိုက်မိ ကြပြန်၏။
ဘယ်လောက်တောင် ရွံရှာဖို့ကောင်းသနည်း။ လောကကြီးမှာ ဤသို့သောလုပ်ရပ်မျိုး အဘယ်ကြောင့် ရှိနေနိုင်ရသနည်း။ ထိုအရာက ယုတ်မာပက်စက်လွန်းသည်။
ဝူရှန်းက မျက်လုံးများကို မှိတ်ကာ ဆက်ပြော၏။ “ဒါတင် မကသေးပါဘူး”
“ပန်းချီဆွဲပြီးသွားတော့ သူတို့က အဝတ်အစား ပြန်ဝတ်ခွင့်မပေးဘူး၊ အဝတ်ဗလာနဲ့ အသံချဲ့စက် တစ်ခုရှေ့မှာ ရပ်ခိုင်းထားတယ်၊ ပြီးတော့ အဆိပ်ပြင်းတဲ့ ကျိန်စာတွေ အတင်းအကျပ် ဆိုခိုင်းတယ်... အဲ့ဒါက... အဲ့ဒါက…”
ဤနေရာသို့ ရောက်ချိန်မမှာတော့ ဝူရှန်း၏ စိတ်ခံစားမှုများမှာ အလွန်အမင်း ပြင်းထန်လာပုံရပြီး သတိလစ် မေ့မြော သွားတော့၏။
ကော်ထျန်းယန်က သူ၏ နှုတ်ခမ်းအထက်ကို ညင်သာစွာ အကြိမ်အနည်းငယ် ဖိပေးလိုက်ပြီး လက်ဖက်ရည် တစ်ခွက် တိုက်လိုက်ရာ အသက်ရှူရ အနည်းငယ် ပိုမို လွယ်ကူသွားစေသည်။
“ပြောစမ်း... မြန်မြန်ပြော၊ မင်း ဘယ်လို အဆိပ်ပြင်းတဲ့ ကျိန်စာမျိုးကို ဆိုခဲ့ရတာလဲ၊ အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ။”
ကျင်းအရှင်မင်းကြီးက စိတ်လှုပ်ရှားစွာ မေးလိုက်၏။ ထိုအသံချဲ့စက်ဆိုသည်မှာ သူတို့ စာချုပ်ချုပ်ဆိုစဉ်က အခန်းထဲတွင် ရှိနေခဲ့သော အရာပင် ဖြစ်ရမည်။ ထိုအချိန်ကတည်းက သူ အလွန် စပ်စုချင်နေခဲ့ပြီး ယခု ဝူရှန်း၏ တုံ့ပြန်မှုကို မြင်ချိန်မှာတော့ ကျင်းအရှင်မင်းကြီးမှာ ထိုအသံချဲ့စက်တွင် အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် အသုံးဝင်မှုများ ရှိနေကြောင်း သေချာသွား၏။
…
လီယွမ်ကျောက်၏ မျက်လုံးများမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် တောက်ပနေခဲ့သည်။
လာရကျိုးနပ်တာပဲ။ တကယ်ကို လာရကျိုးနပ်တယ်။ ဒီသတင်းက အရမ်း နားထောင်လို့ ကောင်းတာပဲ။
သူ၏ ရင်ထဲတွင် ကြောင်လက်သည်းဖြင့် ကုတ်ခံရသကဲ့သို့ ယားကျိကျိ ဖြစ်နေပြီး ဝူရှန်း၏ အဆိပ်ပြင်းသော ကျိန်စာမှာ မည်သည့်အရာဖြစ်ကြောင်း သိချင်နေ၏။
ဝူရှန်းက ကျိန်စာဆိုသည်ကို ယုံကြည်ရလောက်အောင် တုံးအသည်လား။
အပိုင်း (၂၀) မှော်အသံဖမ်းစက်
ကော်ထျန်းယန်က ဝူရှန်း၏ နှုတ်ခမ်းအထက်ကို နှိပ်နယ်ပေးရင်း ရင်ဘတ်ကိုပါ ညင်သာစွာ ပုတ်ပေးလိုက်၏။
ဝူရှန်းမှာ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရပြီးနောက် ချက်ချင်း အော်ဟစ်လိုက်သည်။ "ဒီအမတ်က အရမ်းကို နာကျင်ခံစားနေရပါတယ်။ အိမ်က ခွေးမနဲ့ ဖောက်ပြန်ရမယ်လို့ပြောဖို့ ဖန်ကျန်းရီက အတင်းအကျပ် ဖိအားပေးခဲ့တာပါ၊ အဲဒီလိုသာ မပြောခဲ့ရင် သူက လွှတ်ပေးမှာ မဟုတ်ဘူး။ အီး ..ဟီး ..."
လီယွမ်ကျောက်က စိတ်ထဲမှာ ကြိတ်ကာ တဟားဟား ရယ်မောလိုက်သော်ငြား ကျင်းအရှင်မင်းကြီး၏ သေစေနိုင်သော အကြည့်များကို မြင်ချိန်မှာတော့ ချက်ချင်း ရပ်တန့်သွားတော့၏။
ကျင်းအရှင်မင်းကြီးက မျက်မှောင်ကြုတ်လိုက်သည်။ "ပြောပြလိုက်တော့ရော ဘာထူးခြားသွားမှာလဲ၊ မင်း ကျိန်ခဲ့ပါတယ်ဆိုတာကို ဘယ်သူက သိလို့လဲ။"
ဝူရှန်းမှာ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်၏။ "အဲ .. အဲဒီစက်က အသံဖမ်းလို့ ရတယ်။ ကျွန်တော်မျိုး ပြောခဲ့တာတွေကို အဲ့ဒီအသံစက်ကတစ်ဆင့် စကားလုံး တစ်လုံးမကျန် ထပ်ခါတလဲလဲ ကြားနိုင်ပါတယ်"
"တောက်ယွမ်ခရိုင်က အဖြစ်အပျက်တွေကို သတင်းဖြန့်မယ်ဆိုရင် အဲဒီအသံဖမ်းထားတာတွေကို တလောကလုံးဆီ ဖြန့်ချပစ်မယ်လို့ ဖန်ကျန်းရီက ခြိမ်းခြောက်ခဲ့တာပါ။ ပြီးတော့ သူက ပြောသေးတယ်၊ ဘောင်းဘီဖင်ကို ရွှံ့ပေသွားသလိုပဲတဲ့... မစင်မဟုတ်ရင်တောင်မှ မစင်နဲ့ တူတယ်တဲ့။"
"ဒီအမတ်က ပညာတတ်တစ်ယောက်ပါ၊ သူက ဘယ်လိုလုပ် ဒီလို ဆက်ဆံရက်ရတာလဲ၊ ကျေးဇူးပြုပြီး အရှင်မင်းကြီး... ဒီလူယုတ်မာကို ကွပ်မျက်ပေးပါ၊ သူက လူမဟုတ်ဘူး၊ သူက မိစ္ဆာကောင်... သူက လူမဟုတ်ဘူး"
ဝူရှန်းမှာ ကော်ထျန်းယန်၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားလျက် ဆက်တိုက်ပြောကာ ငိုကြွေးနေ၏။
ထိုအချိန်တွင် ကျင်းအရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့မှာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။
ကော်ထျန်းယန်၏ မျက်လုံးများက ဝေးလွင့်သွားပြီး မိမိကိုယ်ကိုယ် ရေရွတ်လိုက်၏။ "ဘယ်လို လူယုတ်မာမျိုးလဲ... ဘယ်လို လူယုတ်မာမျိုးလဲ၊ ဒီဖန်ကျန်းရီက တကယ်ကို မိစ္ဆာပဲ။"
ကျင်းအရှင်မင်းကြီးမှာလည်း ဒေါသကြောင့် တုန်ယင်နေခဲ့သည်။ သဘောတူစာချုပ် လက်မှတ်ရေးထိုးစဉ်က ထိုအသံစက်ထဲသို့ သူကိုယ်တိုင် အချိန်အတော်ကြာအောင် ကျိန်စာတွေ အများကြီး ဆိုခဲ့ရသည် မဟုတ်ပါလား။
သူပြောခဲ့သမျှ အားလုံးကို အတိအကျ မှတ်တမ်းတင်ထားခြင်းပင်။ လောကကြီးမှာ ဤသို့သော နတ်ဘုရားအဆင့် ဖန်တီးမှုမျိုး ရှိနေလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ဤကောင်လေးက တကယ်ကို ရွံစရာကောင်းလွန်းလှသည်။
သို့သော်ငြား လီယွမ်ကျောက်၏ မျက်လုံးများကမူ တောက်ပနေခဲ့ပြီး စိတ်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်ကာ လက်ခုပ်တီး လုနီးပါးပင် ဖြစ်၏။
ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလဲ။ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလဲ။ လောကကြီးမှာ ဒီလို လူဆိုးမျိုး တကယ် ရှိနေတာပဲ။ ဘယ်လို ရတနာမျိုးလဲ။ ဒီအိမ်ရှေ့စံက တစ်နေ့နေ့ သူ့ကို သွားတွေ့ရမယ်။
ကျင်းအရှင်မင်းကြီးက စိတ်တည်ငြိမ်သွားပြီးနောက် ဆက်လက် မေးမြန်း၏။ "တခြားရော ရှိသေးလား၊ အသေးစိတ် အချက်အလက်တွေ အကုန်လုံးကို ကိုယ်တော် သိချင်တယ်"
သူ၏ စိတ်ခံစားမှုများ ပေါက်ကွဲထွက်သွားပြီးနောက် ဝူရှန်းမှာ အမှန်တကယ်ပင် ပိုမို ပြေလျော့လာခဲ့သည်။ မျှော်လင့်ချက်ကို လက်လျှော့လိုက်ပြီဖြစ်ရာ အရာအားလုံးကို ဝန်ခံလိုက်ခြင်းက ပိုကောင်းပေမည်။
ထို့ကြောင့် သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆက်ပြော၏။ "အဲဒါအပြင် ဖန်ကျန်းရီက ဒီအမတ်ကို အိမ်တစ်လုံးနဲ့ ငွေငါးရာတေးလ် လဘ်ထိုးခဲ့ပါတယ်၊ ပြီးတော့ အနားယူပြီးသွားရင် တောက်ယွမ်ခရိုင်ကို တိုက်ရိုက် လာနေလို့ရတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပါပဲ"
...
ကျင်းအရှင်မင်းကြီးမှာ အတွေးနက်နေလျက် ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့၏။
ဖန်ကျန်းရီ၏ ထူးခြားသော အပြုအမူကို သူ သဘောကျသော်ငြား အခြေအနေများက လွန်ကဲသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ခရိုင်မြို့ငယ်လေး တစ်ခု၌ ဆက်နေရဖို့အတွက် အစိုးရအရာရှိတစ်ယောက်ကို ဤသို့ ပြုမူခဲ့သည်လား။ တော်ဝင် မိသားစုကို အလုပ်အကျွေး ပြုနိုင်လျက်ဖြင့် မသိကျိုးကျွံပြုထား၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝူရှန်း၏ စိုးရိမ်တကြီး အကြည့်များအောက်တွင် ကျင်းအရှင်မင်းကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဝူရှန်း... ဟန်ကျန်းပြည်နယ်ရဲ့ စစ်ဆေးရေး အရေးပိုင်တစ်ယောက်အနေနဲ့ မင်းက လာဘ်ငွေတွေကို ပေါ်ပေါ်ထင်ထင် လက်ခံခဲ့တယ်။ မင်းရဲ့ အရာရှိရာထူးကို ရုပ်သိမ်းလိုက်ပြီ၊ ပြီးတော့ မင်းကို ပြည်သူ အဆင့်ထိ လျှော့ချလိုက်ပြီ။ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို တခြား ဘယ်သူ့ကိုမှ မပြောပြရဘူး၊ မင်း ဟန်ကျန်းပြည်နယ်ကို ပြန်သွားမလား ဒါမှမဟုတ် တောက်ယွမ်ခရိုင်ကို သွားမလားဆိုတာကိုတော့ ငါ ဝင်မစွက်ဖက်ဘူး၊ သွားတော့"
"ဖန်ကျန်းရီ ကိစ္စကို ကိုယ်တော် ကိုယ်တိုင် ကိုင်တွယ်မယ်၊ မင်း စိုးရိမ်စရာ မလိုဘူး"
ဝူရှန်းမှာ အလွန် ဝမ်းသာသွား၏။ သူက အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူ အသက်ချမ်းသာရာ ရခဲ့သည်။ ရာထူးမှ ထုတ်ပယ်ခံရခြင်းက ပြဿနာမဟုတ်ပေ။ တောက်ယွမ်ခရိုင်သို့ ရောက်သွားလျှင် ဇိမ်ကျကျ နေနိုင်၏။ သူ့အကြောင်း အဖွခံရမည်ကိုပင် စိုးရိမ်စရာမလိုတော့ချေ။
ထို့နောက် ဝူရှန်းက ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ဒူးထောက်အရိုအသေပေး၏။
ကော်ထျန်းယန်က သူ့ကို အပြင်သို့ ပို့ဆောင်ပေးလိုက်သည်။
ထွက်မသွားသေးသော အိမ်ရှေ့စံကို တစ်ချက်ကြည့်ပြီးနောက် ကော်ထျန်းယန်က တိတ်တဆိတ် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဝူရှန်းကို အရမ်း သက်ညှာလွန်းရာ မကျဘူးလား"
ကျင်းအရှင်မင်းကြီးက သူ့ကို မျက်စောင်းထိုးကြည့်ကာ မေးလိုက်၏။ "မင်းသာ ငါ့နေရာမှာဆို ဘာလုပ်မလဲ"
"အာ... ဒါက..."
ကော်ထျန်းယန်မှာ အံ့အားသင့်သွားသည်။ မိန်းမစိုးများမှာ မိသားစုများနှင့် ခွဲခွာရပြီး နောက်ပိုင်းတွင် မကြာခဏ ကျိန်ဆဲခံရလေ့ရှိသောကြောင့် နာမည်ဆိုး ရှိနှင့်ပြီး ဖြစ်၏။
"ဟို... အရှင်မင်းကြီးက ပညာရှိပါပေတယ်"
"အင်း... လောကကြီးမှာ လူတွေရဲ့ အသံကို ဖမ်းထားနိုင်တဲ့ နတ်ဘုရားဖန်တီးမှု တစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒါက သေချာပေါက် မသေမျိုး နတ်ဘုရားတစ်ပါးရဲ့ လက်ရာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက ဒီလောက် မြင့်မြတ်တဲ့ အရာကို သုံးပြီး ယုတ်မာတဲ့ အလုပ်တွေကို လုပ်ခဲ့တယ်၊ တကယ်ကို အောက်တန်းကျတဲ့ ကောင်ပဲ၊ သူ့ကို အခုပဲ ခေါ်ပြီး သေချာ ရိုက်နှက်ဆုံးမပစ်ချင်လိုက်တာ"
ကျင်းအရှင်မင်းကြီး၏ မျက်နှာမှာ အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။
ကော်ထျန်းယန်က ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ ဤမျှကြောက်စရာကောင်းသည့်သူ နန်းတော်သို့ ရောက်လာလျှင် သူ နေစရာ နေရာရှိတော့မည် မထင်ပေ။ ဖန်ကျန်းရီ က တကယ့်ကို ပထမတန်းစား လူယုတ်မာပင်။
"ပြင်ဆင်ထားကြ၊ ရက်အနည်းငယ်နေရင် တောက်ယွမ်ခရိုင်ကို ငါတို့ ပြန်သွားမယ်"
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကာ အော်ဟစ် လိုက်၏။ "အရှင်မင်းကြီး... သားတော်လည်း အတူလိုက်ချင်ပါတယ်"
ကျင်းအရှင်မင်းကြီးက ချက်ချင်း ကြိမ်းမောင်းလိုက်သည်။ "အဓိပ္ပာယ်မရှိတာ၊ ဒီတစ်ခါ မင်းကို အခွင့်အရေး ထပ်ပေးမယ်။ မင်း အရင်ကလို ရမ်းကားစွာ ဆက်နေအုံးမယ်ဆိုရင် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"
လီယွမ်ကျောက်က အံတုကာ အော်ဟစ်လိုက်၏။ "သွား... ခမည်းတော် ထွက်သွားရင် ဒီအိမ်ရှေ့စံက နောက်ထပ် ကျားနဲ့ ကျားသစ် ခြံဝန်းတစ်ခု ထပ်ဆောက်မယ်။ နန်းတွင်းကို ဝင်ဖို့ မဖြစ်နိုင်ဘူး၊ ဒီဘဝမှာတော့ ဘယ်တော့မှ မဝင်ဘူး။ ကျားနဲ့ ကျားသစ် ခြံဝန်းမှာ တိရစ္ဆာန်တွေ တိုက်ခိုက်တာကို ဆက်ကြည့်နေမှာပဲ"
ကျင်းအရှင်မင်းကြီးမှာ အလွန် ဒေါသထွက်သွားပြီး အိမ်ရှေ့စံကို ရိုက်ရန် လက်မြှောက်လိုက်သော်ငြား ကော်ထျန်းယန်က အလျင်အမြန် တားဆီးလိုက်သည်။
သူက တိုးတိုးလေး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... အိမ်ရှေ့စံရဲ့ အမြင်တွေ ကျယ်ပြန့်စေဖို့အတွက် သူ့ကိုပါ ခေါ်သွားရင် မကောင်းဘူးလား၊ ဒီနေ့ အောင်မြင်မှုတွေရဖို့ အရှင်မင်းကြီးက နှစ်ပေါင်းများစွာ စစ်ရေးလှုပ်ရှားမှုတွေကို ဖြတ်သန်းခဲ့ရတာပါ၊ ဒါပေမဲ့ အိမ်ရှေ့စံကတော့ ငယ်ငယ်ကတည်းက နန်းတော်ထဲမှာပဲ ကြီးပြင်းလာခဲ့ရတာပါ၊ အပြင်လောကကို မြင်တွေ့ခွင့်ရတာ ကောင်းလိမ့်မယ် ထင်ပါတယ်။ တောက်ယွမ်ခရိုင်က အရမ်းကို ထူးခြားတယ်၊ အဲဒီကနေ သတင်းအချက်အလက် တချို့ ရနိုင်ကောင်းပါရဲ့။ ပြီးတော့ နှစ်ရက် သုံးရက်လေးပဲလေ၊ အကြာကြီးမှ မဟုတ်တာ"
ကျင်းအရှင်မင်းကြီးက ခဏတာ ရပ်တန့်သွားပြီး ထိုစကားတွင် အမှန်တရား တစ်စုံတစ်ရာ ရှိနေကြောင်း တွေ့လိုက်ရ၏။ သူက လက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "ကောင်းပြီလေ... ငါ ခွင့်ပြုတယ်။
ဒါပေမဲ့ စည်းမျဉ်းသုံးခုကိုတော့ သဘောတူရမယ်... အိမ်ရှေ့စံအနေနဲ့ မင်း ခရီးသွားခွင့် မရှိဘူး၊ ငါ့နားကနေ ထွက်မသွားရဘူး၊ ပြီးတော့ မြို့တော်ကို ပြန်ရောက်ပြီးတဲ့အခါ ငါက အရှေ့ကို သွားဆိုရင် မင်း လုံးဝ အနောက်ကို မသွားရဘူး။ ဒီလို လုပ်နိုင်မလား"
"လုပ်နိုင်ပါတယ်" လီယွမ်ကျောက်က တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိုက်၏။
နောက်မှ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ အရင်သွားဖို့က အရေးကြီးတယ်။ နန်းတော်မှာ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့သူ တစ်ခါမှ မရှိခဲ့ဖူးဘူး။
"ကောင်းပြီ... ဒါဆို မင်း အပြင်ကို ထွက်သွားလို့ရပြီ"
လီယွမ်ကျောက် ထွက်သွားပြီးနောက် ကော်ထျန်းယန်က မေးလိုက်၏။ "အရှင်မင်းကြီး... ဘာလို့ ဖန်ကျန်းရီကို မြို့တော်ဆီ တိုက်ရိုက် မခေါ်လိုက်တာလဲ။”
"သူ့ကို ကိုယ်တော် ထပ်ပြီး အနီးကပ် လေ့လာချင်သေးတယ်၊ ဒီလူငယ်က ငါ့ရဲ့ လေ့ကျင့်ရေး လုပ်ငန်းစဉ်ကို တကယ်ပဲ ခံနိုင်ရည် ရှိမရှိဆိုတာကို ကြည့်ချင်တယ်၊ သူ့ရဲ့ အရည်အချင်းကတော့ လုံလောက်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ စရိုက်က... သူ့ကို ကိုယ်တော် ထပ်ပြီး လေ့လာဖို့ လိုသေးတယ်"
ကော်ထျန်းယန်က လျှောက်တင်လိုက်သည်။ "ဒီလူက ဘာရည်မှန်းချက်မှ မရှိပုံရပါတယ်၊ တောက်ယွမ်ခရိုင်မှာ ဆက်နေနိုင်ဖို့ သူက ဒီလောက် ယုတ်မာတဲ့ နည်းလမ်းတွေကိုတောင် သုံးခဲ့တယ်လေ။"
ကျင်းအရှင်မင်းကြီးက အနည်းငယ် ပြုံးလိုက်သော်ငြား ဘာမှမပြောချေ။
ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အခြေခံအားဖြင့် အိမ်ရှေ့စံ၏ အနာဂတ်အတွက် အုတ်မြစ်ချပေးခြင်းသာ ဖြစ်၏။ သူ့တွင် သားတစ်ယောက်တည်းသာ ရှိပြီး အင်ပါယာကြီးကို လီယွမ်ကျောက်သာ ဆက်ခံနိုင်သည်။ လက်ရှိ အစိုးရအဖွဲ့အတွင်းရှိ အဓိပတိဝန်ကြီး အချို့မှာ အရည်အချင်းရှိကြသော်ငြား အောက်ခြေအဆင့်များရှိ သွေးသစ်များမှာ ခံနိုင်ရည် အနည်းငယ် ကင်းမဲ့နေသည်ဟု ခံစားရ၏။
ထိုသူတို့က စည်းမျဉ်းတွေကို လိုက်နာဖို့လောက်ပဲ သိကြသည်။ ပြုပြင်ပြောင်းလဲရေးကို နားမလည်ကြပေ။
ဖန်ကျန်းရီလို လူမျိုးက ပြုစုပျိုးထောင်ပေးဖို့ သင့်တော်သည်။ ပထမအချက်အနေနှင့် ဖန်ကျန်းရီက အာဏာလုပွဲတွေကို စိတ်ဝင်စားပုံမရပေ။
ဒုတိယအချက်အနေနှင့် ဤသို့သောလူမျိုးက နန်းတော်ထဲကို ဝင်လာလျှင် သေချာပေါက် တခြားသူများ၏ မုန်းတီးမှုကို ခံရလိမ့်မည်။ ထိုသို့ဆိုလျှင် ဂိုဏ်းလိုမျိုး အုပ်စုဖွဲ့မှုမျိုး နန်းတွင်း၌ ရှိလာလိမ့်မည် မဟုတ်ပေ။
ထူးချွန်တဲ့ အရည်အချင်း၊ ဂုဏ်သိက္ခာနှင့် စည်းစိမ်အပေါ် ဆန္ဒနည်းပါးမှု၊ ပြီးတော့ နာမည်ဆိုး... အတိုချုပ်ပြောရရင် အိမ်ရှေ့စံ၏ အနာဂတ်အတွက် လမ်းခင်းပေးဖို့ ပြီးပြည့်စုံသော ကိုယ်စားလှယ်လောင်းဖြစ်သည်။
"အရှင်မင်းကြီး... ဖန်ကျန်းရီက အဲ့ဒီတုန်းက ကျွန်တော်မျိုးတို့ပြောခဲ့တဲ့ အဆိပ်ပြင်းတဲ့ ကျိန်စာတွေကို သိမ်းထားတုန်းပဲလား... ဘယ်လိုထင်လဲ" ကော်ထျန်းယန်က သတိကြီးစွာဖြင့် မေးလိုက်၏။
တကယ်တော့ အဲ့ဒါက သူ့အတွက် အရေးအကြီးဆုံးပဲ။ နာမည်အစစ်ကို မသုံးခဲ့ဘူးဆိုသော်လည်း အသံကတော့ သူ့အသံ ဖြစ်သည်။
ခြေထောက်ပေါ် တွားသွားနေတဲ့ ဖားတစ်ကောင်လိုပင်... မကိုက်ဘူးဆိုပေမဲ့ ရွံစရာကြီးဖြစ်၏။
ထိုစကားကို ကြားချိန်မမှာတော့ ကျင်းအရှင်မင်းကြီးမှာလည်း ခေါင်းကိုက်လာ၏။
လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူစာချုပ်မျိုးကို လက်မှတ်ထိုးခဲ့တာက သူ့အတွက် မိုက်မဲမှုတစ်ခုဖြစ်သည်။။
"ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်... ဖန်ကျန်းရီကို မြို့တော်ကို ခေါ်ပြီးမှ ဒီအကြောင်း ဆွေးနွေးကြတာပေါ့"
...