အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အပိုင်း (၂၁) တောက်ယွမ်ခရိုင်သို့ ပြန်လည်ရောက်ရှိခြင်း
သုံးရက်အကြာမှာတော့…
ကျင်းဧကရာဇ်နှင့် အိမ်ရှေ့စံတို့ နန်းတော်မှ ထွက်ခွာရာတွင် အသုံးပြုရန် ရထားလုံးများနှင့် မြင်းများကို ကော်ထျန်းယန်က ပြင်ဆင်ပေးခဲ့၏။
ဝက်နာရီသို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်မှာလည်း အမှောင်အတိ ကျနေပေပြီ။
ကျင်းဧကရာဇ်နှင့် အိမ်ရှေ့စံတို့က ရထားလုံးကို စောင့်ဆိုင်းနေကြပြီး ကော်ထျန်းယန်က သူတို့၏ အနောက်မှ လိုက်ပါရန် ပြင်ဆင်နေစဉ်မှာပဲ အလျင်စလို ပြေးလာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက် သူက မီးအိမ်ကို အလျင်အမြန် မြှောက်ကာ ထိုနေရာသို့ ပြေးသွားပြီး ကြည့်လိုက်၏။ သူ၏ အသုံးမကျသော မွေးစားမြေးငယ်ကောင် ဖြစ်လို့နေ၏။
"မင်းက တကယ် အဆင်အခြင်မဲ့တာပဲ၊ နန်းတော်ထဲမှာ ဘာလို့ ဒီလိုမျိုး ပြေးနေရတာလဲ၊ မင်းရဲ့ အဘိုးကို လန့်သေအောင် လုပ်ချင်နေတာလား" သူက ဆူငေါက်လိုက်သည်။
မိန်းမစိုးငယ်လေးက အသက်ရှူမဝဖြစ်နေလျက် လျှောက်တင်လိုက်၏။ "အဘိုးကော်... အမတ်မင်းလီ... အမတ်မင်းလီက အရှင်မင်းကြီးဆီ လျှောက်တင်ဖို့ အရေးပေါ် သဝဏ်လွှာတစ်ခု ရှိတယ်တဲ့၊ အရှင်မင်းကြီး အဲဒါကို သေချာပေါက် စစ်ဆေးရမယ်လို့ ပြောပါတယ်"
ကော်ထျန်းယန်က ဘာမှမစဉ်းစားဘဲ သဝဏ်လွှာကို လုယူလိုက်ပြီး တီးတိုး ပြောလိုက်သည်။ "ထွက်သွားစမ်း"
မိန်းမစိုးငယ်လေး အဝေးသို့ထွက်သွားပြီးနောက် ကော်ထျန်းယန်က ရထားလုံးဆီသို့ အလျင်အမြန် ပြေးပြန်သွားကာ သဝဏ်လွှာကို ဆက်သလိုက်၏။ "အရှင်မင်းကြီး... အမတ်မင်းလီရဲ့ အရေးပေါ် သဝဏ်လွှာပါ"
သဝဏ်လွှာကို ကြည့်လိုက်ချိန်တွင် ကျင်းဧကရာဇ်မှာ ရင်ထဲ၌ ရှင်းပြ၍မရနိုင်သော အနေရခက်မှုကို ခံစားလိုက်ရသည်။ သဝဏ်လွှာကို ဖွင့်ဖတ်လိုက်ချိန်မှာတော့ သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။
ကျင်းဧကရာဇ်၏ ပုံမှန်မဟုတ်သော အခြေအနေကို မြင်ချိန်မှာတော့ ကော်ထျန်းယန်က သတိကြီးစွာဖြင့် မေးလိုက်၏။ "အရှင်မင်းကြီး... ဘာဖြစ်လို့လဲ"
လီယွမ်ကျောက်က သဝဏ်လွှာကို စပ်စုချင်စိတ်ဖြင့် ကြည့်နေခဲ့၏။ ဤသဝဏ်လွှာက ခမည်းတော်၏ မျက်နှာပေါ်တွင် ဤသို့သော အမူအရာမျိုးကို ဖြစ်ပေါ်စေနိုင်သည်ဆိုလျှင် တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေမည်။
ကျင်းဧကရာဇ်က သဝဏ်လွှာကို ပိတ်လိုက်ကာ ပြောလိုက်သည်။ "ကျန်းမြစ်ရဲ့ ရေကြီးမှုက ဆည်ငါးခုကို ဖျက်ဆီးပစ်လိုက်ပြီ၊ သာမန်ပြည်သူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြပြီ၊ ကျန်းမြစ်ရဲ့ အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် နန်းတော်ဆီကနေ ငွေတေးလ် နှစ်သိန်းတောင်းခံထားတယ်။
မိုးကလည်း မတိတ်သေးဘူး... ရှေ့ဆက်ပြီး ရေကြီးမှုက ပိုဆိုးလာနိုင်တယ်... နောက်ထပ် လဝက်လောက်ထိ မိုးမတိတ်ဘူးဆိုရင် ဘေးအန္တရာယ်က အဆုံးမသတ်နိုင်တော့မှာကို စိုးရိမ်ရတယ်။
ငွေတေးလ် နှစ်သိန်းတဲ့လား၊ နိုင်ငံတော် ဘဏ္ဍာတိုက်ကလည်း မတတ်နိုင်ဘူး၊ အထူး ဘတ်ဂျက်ကလည်း မလုံလောက်ဘူး၊ ဒီအတိုင်း ဆက်သွားနေရင် ပိုဆိုးလာဖို့ပဲ ရှိတယ်။
ငါ့ရဲ့ ကျင်းအင်ပါယာကြီးက သဘာဝဘေးအန္တရာယ်တွေနဲ့ တကယ့်ကို ရုန်းကန်နေရတာပဲ... ၂ လပိုင်းကြီးမှာ ဘယ်လိုလုပ် ဒီလောက်တောင် မိုးသည်းထန်စွာ ရွာနိုင်ရတာလဲ၊ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်များလား"
ကျင်းဧကရာဇ်သည် ရင်ထဲတွင် ပြည့်နှက်နေသော ပြင်းထန်သည့် စိတ်ပျက်မှုများဖြင့် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိ၏။
ကော်ထျန်းယန်က ခေါင်းငုံ့ကာ မေးလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး တို့ တောက်ယွမ်ခရိုင်ကို သွားဦးမှာလား"
"သွားစို့... မြို့တော်မှာ ဆက်နေလည်း အလကားပဲ... တောက်ယွမ်ခရိုင်ကို သွားပြီး လက်ဖက်ခြောက် သွားယူကြမယ်။ မြေပုံကိုပါ ယူခဲ့... ကျန်းမြစ်ရဲ့ ရေကြီးမှု ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကိုယ်တော် စဉ်းစားရမယ်"
ဖန်ကျန်းရီထံ၌ ကိုယ်ပိုင် အကြံဉာဏ်မျိုး ရှိနေမည်လား။
ကျင်းဧကရာဇ်သည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ အလျင်အမြန် ဆုံးဖြတ်ချက် ချလိုက်၏။
...
အမှောင်ထုထဲမှာပံ ရထားလုံးက မြို့တော်မှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
ရထားလုံးအတွင်းတွင် ကော်ထျန်းယန်က ဆီမီးခွက်ကို ကိုင်ထားပြီး ကျင်းဧကရာဇ်ကမူ မြေပုံကို လက်ညှိုးထိုးကာ တစ်ယောက်တည်း ရေရွတ်နေခဲ့၏။
လီယွမ်ကျောက်မှာမူ အလွန် ပျင်းရိနေခဲ့သည်။ တုန်ခါနေသော ခရီးစဉ်က အိပ်စက်ရန် သို့မဟုတ် စာဖတ်ရန် မဖြစ်နိုင်အောင် လုပ်ဆောင်နေသောကြောင့် သူက မြေပုံကိုသာ သေချာစွာ စိုက်ကြည့်နေနိုင်သည်။
ကျင်းဧကရာဇ်က ခေါင်းမော့ကြည့်လိုက်ရာ လီယွမ်ကျောက် ငေးမောနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် မေးလိုက်၏။ "ဘာလဲ... မင်းလည်း ကြည့်ချင်လို့လား"
လီယွမ်ကျောက်က ခဏတာ တွန့်ဆုတ်နေပြီးနောက် မြေပုံကို ယူကာ ကြည့်ရှုနေတော့၏။ တစ်ချိန်တည်းမှာပဲ သူက ပြောလိုက်သည်။ "ကျန်းကျန်းပြည်နယ် ရေကြီးမှုက ကျင်းလီကနေ စတင်ခဲ့တာပါ၊ အဲဒီနောက် မြစ်တစ်လျှောက် စီးဆင်းသွားပြီး ချန်ရှင်း၊ ကျောင်ရှန်းနဲ့ ဟွန်းလုံတို့ကို ဖျက်ဆီးပစ်ခဲ့တယ်၊ အခု ပင်းဝမ်ကို ရောက်နေလောက်ပြီ။
ဒါပေမဲ့ ဒီသဝဏ်လွှာကို ကျင်းလီမြို့ကနေ မြို့တော်ဆီ မြင်းမြန်နဲ့ သယ်လာဖို့ အနည်းဆုံး ငါးရက်လောက် ကြာမယ်။ အဲဒီအဓိပ္ပာယ်က ပင်းဝမ်က ဆည်တွေက ရေကြီးမှုကြောင့် ပြိုကျသွားလောက်ပြီဆိုတဲ့ သဘော မဟုတ်ဘူးလား"
ကျင်းဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။ ကြည့်ရသည်မှာ ဤပုန်ကန်တတ်သော သားတော်မှာ လုံးဝ ပညာမတတ်သူတော့ မဟုတ်ချေ။ အနည်းဆုံးတော့ မြေပုံကို နားလည်ပြီး အတိုင်းအတာတစ်ခုအထိ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိနေသေးသည်။
လီယွမ်ကျောက်က မြေပုံကို ကြည့်ရင်း ဆက်ပြော၏။
"ခမည်းတော်... ဒီကို ကြည့်အုံး …. ဒါက ယင်ထျို လို့ခေါ်တဲ့ နေရာပါ၊ ဒီနေရာက ကျန်းမြစ်မြို့ရဲ့ တောင်ဘက်မှာ ရှိပြီး တောင်တွေ ဝန်းရံထားပါတယ်၊ အရှေ့ဘက်မှာ ရွာမရှိဘူး၊ မြစ်ကို ဒီနေရာကနေ လွှဲလိုက်ပြီး တခြား ခရိုင်တွေနဲ့ မြို့တွေက လူတွေကို ရွှေ့ပြောင်းပေးလိုက်မယ်ဆိုရင် ရေကြီးမှု ပြဿနာက ဒီနေရာမှာ ပြေလည်မသွားနိုင်ဘူးလား"
ကျင်းဧကရာဇ်က သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ "အဲဒါကို ဘယ်လို လွှဲမလို့လဲ"
လီယွမ်ကျောက်က ချက်ချင်းပဲ လက်ဟန်ခြေဟန် ပြုလုပ်လျက် ပြောလိုက်၏။ "တာအိုဘာသာဝင်တွေကို စုဆောင်းပြီး မှော်ပညာတွေ သုံးခိုင်းလိုက်လေ၊ ကောင်းကင်က မိုးကြိုးတွေကို ခေါ်ပြီး တောင်ဘက်က တောင်ကို ဖောက်ခွဲပစ်လိုက်၊ မြစ်ကို ပိတ်ဆို့လိုက်ရင် သာမန် ရေကြီးမှုလောက်က ဘာမှ မဟုတ်တော့ဘူး"
ကျင်းဧကရာဇ်က မြေပုံကို အလျင်အမြန် ပြန်လုယူလိုက်ပြီး လီယွမ်ကျောက်၏ ခေါင်းကို တစ်ချက် ခေါက်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ၊ မင်း ဘယ်လို စာအုပ်တွေ ဖတ်နေတာလဲ၊ နိုင်ငံတော် အရေးကိစ္စတွေက ကလေးကစားစရာ မဟုတ်ဘူး"
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ "လောကမှာ ဒီလို မှော်စွမ်းအားတွေရှိတဲ့ မသေမျိုးတွေ တကယ်သာ ရှိခဲ့မယ်ဆိုရင် သမိုင်းတစ်လျှောက်လုံး ဒီလောက်များပြားတဲ့ သာမန်ပြည်သူတွေ သေဆုံးခဲ့ရမှာ မဟုတ်ဘူး။
မင်းလို ပညာမတတ်တဲ့ကောင်….။
ကော်ပန်ပန်... ပြန်ရောက်ရင် သူ့ရဲ့ အသုံးမကျတဲ့ စာအုပ်အစုတ်တွေ အကုန်လုံးကို မီးရှို့ပစ်လိုက်၊ ကိုယ်တော် အဲဒီစာအုပ်တွေကို ထပ်မြင်ရရင် မင်းကို အပြစ်ပေးမယ်"
ရထားလုံးအတွင်းတွင် နောက်တစ်ကြိမ် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားသည်။ လီယွမ်ကျောက်နှင့် ကော်ထျန်းယန်တို့မှာ မတရားအနိုင်ကျင့်ခံရသော ဇနီးငယ်များကဲ့သို့ ထောင့်တစ်နေရာတွင် ပုကျုံ့နေကြသည်။
ကျင်းဧကရာဇ်က မြေပုံကို နောက်တစ်ကြိမ် ပြန်ယူကာ သေချာစွာ လေ့လာနေလေ၏။
...
ကော်ထျန်းယန်မှာ တစ်ညလုံး မအိပ်ဘဲ နံနက်စောစောတွင်လည်း မြင်းလှည်းဆရာကို စတင် လမ်းညွှန်ပေး နေခဲ့၏။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ကျင်းဧကရာဇ်နှင့် သားတော်တို့မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် နိုးလာကြပြီး တောက်ယွမ်ခရိုင် မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်လာနိုင်ခဲ့ကြသည်။
လီယွမ်ကျောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ သူစိမ်းပြင်ပြင် မြင်ကွင်းများကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။
ကျင်းဧကရာဇ်က အကြောဆန့်လိုက်သည်။ သူ၏အရှေ့ရှိ တက်ကြွလန်းဆန်းလွန်းသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် မမျှော်လင့်ဘဲ သူ၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။
လီယွမ်ကျောက်က ပြောလိုက်၏။ "ပြည်သူအများစုက သန့်ရှင်းမှု မရှိကြသလို ပတ်ဝန်းကျင်ကလည်း ညစ်ပတ်နေတယ်လို့ ဆရာတွေ ပြောတာ ကြားဖူးတယ်၊ ကြည့်ရတာ ကျုပ်ရဲ့ဆရာတွေ မှားနေပုံပဲ။
ဒီလိုမှန်းသိရင် နန်းတော်ကနေ စောစောစီးစီး ထွက်လာခဲ့မှာ၊ ဒီနေရာက နန်းတော်ထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာပဲ"
ကျင်းဧကရာဇ်က အိမ်ရှေ့စံကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ "သွားကြစို့... ယိုကျန်းတည်းခိုခန်းကို အရင် သွားမယ်၊ မမေ့နဲ့နော်... အခု ကိုယ်တော့်ရဲ့ နာမည်က လီလုံလို့ခေါ်တဲ့ ကုန်သည်တစ်ယောက်၊ မင်းနာမည်က လီယွမ်... သူ့နာမည်က ကော်"
လီယွမ်ကျောက်မှာ ပတ်ဝန်းကျင်ကို ငေးမောကြည့်နေဆဲဖြစ်ပြီး ခေါင်းကိုသာ ငေးငိုင်စွာ ညိတ်ပြ၏။
သူတို့သုံးဦး ယိုကျန်းတည်းခိုခန်းသို့ ရောက်ရှိလာကြသည်။ ဆိုင်ရှင်က သူတို့ကို ဝမ်းသာအားရ ကြိုဆိုလိုက်သည်။ "အာ... သခင်ကြီး၊ ထပ်ရောက်လာပြန်ပြီပဲ၊ ဒီတစ်ခေါက်ရော ခရိုင်ထဲကနေ ပစ္စည်းတွေ လာဝယ်တာလား"
ကျင်းဧကရာဇ်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။ "ပထမတန်းအခန်း နှစ်ခန်း"
"ကောင်းပါပြီ"
ကော်ထျန်းယန်က ကျင်းဧကရာဇ်ကို အခန်းထဲအထိ လိုက်ပို့ပေးပြီး ပစ္စည်းများကို နေရာချထားပေးသည်။ ပြီးနောက် လီယွမ်ကျောက်၏ အခန်းသို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။
လီယွမ်ကျောက်မှာ ပတ်ဝန်းကျင်ကို လိုက်လံစမ်းသပ်နေပြီး 'ကျစ်ကျစ်' ဟု အဆက်မပြတ် အသံထွက်နေသည်ကို တွေ့လိုက်ရ၏။
အထဲသို့ အလျင်စလို ပြေးဝင်သွားချိန်တွင် လီယွမ်ကျောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။ "အာ... ဒီမှာ တကယ်ပဲ ရေတွင်းတစ်တွင်း ရှိနေတာပဲ၊ မိန်းမစိုးကော်... မြန်မြန်၊ ခွက်တစ်ခွက် ယူလာခဲ့၊ ကျုပ် ဒီရေတွင်းထဲက ရေကို မြည်းစမ်းကြည့်ချင်တယ်"
ကော်ထျန်းယန်၏ အိုမင်းနေသော မျက်နှာကြီးမှာ ရှုံ့တွသွား၏။ တော်သေး၏။ ဤသို့ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းမိသောကြောင့် အလျှင်အမြန်လိုက်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့စံသာ အိမ်သာရေကို သောက်မိပါက အပြစ်ပေးခံရမည့်သူက သူကိုယ်တိုင် ဖြစ်မည် မဟုတ်ပါလား။
"အိမ်ရှေ့စံ... ဒါက အိမ်သာပါ၊ အပေါ့အလေး သွားဖို့အတွက်ပါ၊ ကြည့် …. ဒီမှာ ကြိုးလေးတစ်ချောင်း ရှိတယ်၊ အဲ့ဒါကို ဆွဲလိုက်ရင် ရေက သန့်စင်ပေးသွားပါလိမ့်မယ်"
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် သတိထားမိရုံမျှသာရှိသော အနည်းငယ် နီရဲမှုလေး ပေါ်သွားသည်။ ပြီးနောက် သူ၏အာရုံများက ရေသိုလှောင်ကန်ရှိ ကြိုးဆီသို့ ရောက်ရှိသွား၏။
သို့နှင့် သူက ကြိုးကို အဆက်မပြတ် ဆွဲကာ အလွန် ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။
ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ကော်ထျန်းယန်လည်း စိတ်သက်သာရာရစွာဖြင့် ပြန်လည် ဆုတ်ခွာသွား၏။
...
"သခင်လေး... ပြီးခဲ့တဲ့တစ်ခေါက်က ကြွေထည်ကုန်သည်နှစ်ယောက် ဒီနေ့ ထပ်ရောက်လာပြီး ယိုကျန်းတည်းခိုခန်းမှာ တည်းနေပါတယ်"
ကျန်းပြောင်မှာ ကျင်းဧကရာဇ်နှင့် သူ၏လူများ မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် သတင်းရရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရုံးတော်သို့ အလျင်အမြန် ပြေးသွားကာ ဖန်ကျန်းရီကို အသိပေးလိုက်သည်။
ထိုအချိန်က ဖန်ကျန်းရီမှာ အိပ်ရာမှ မထသေးဘဲ ရေရွတ်လိုက်၏။ "နားလည်ပြီ... နားလည်ပြီ"
"ဒီလူတွေ ထွက်သွားတာ ခုနစ်ရက်ပဲ ရှိသေးတယ် မဟုတ်လား၊ သခင်လေး... ကျုပ် သွားခေါ်လာခဲ့ရမလား"
ခုနစ်ရက်။
ဖန်ကျန်းရီမှာ ရုတ်တရက် အမြန်ထမိသွားသောကြောင့် နောက်သို့ ပြန်လန်ကျသွားတော့သည်။
ဒီနှစ်ယောက်က တကယ်ကို အံ့ဩစရာပဲ။ ခုနစ်ရက်အတွင်းမှာ လက်ဖက်ရည် ကတ္တီ ၂၀ လောက်ကို ရောင်းနိုင်ခဲ့တာလား။ အသွားအပြန် အချိန်တွေနဲ့ တခြား အချိန်ကုန်တာတွေကိုပါ ထည့်တွက်မယ်ဆိုရင် သုံးရက်တောင် မကြာလောက်ဘူး။
သူတို့က တကယ်ကို အရည်အချင်းရှိတဲ့ ကုန်သည်ကြီးတွေပဲ၊ ကုန်ပစ္စည်း အသစ်တစ်ခုနဲ့ စျေးကွက်ထဲကို ဒီလောက် မြန်မြန် ဝင်ရောက်နိုင်တယ်။ ငွေတွေ ရောက်လာပြီ။
သခင်လေးဖန်၏ စွမ်းအင်များ တက်ကြွလာ၏။
"သူတို့ကို ဒီခေါ်လာစရာ မလိုဘူး၊ သခင်လေး ငါကိုယ်တိုင် ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားတွေကို သွားတွေ့မယ်၊ ရှောင်ထောင်... ငါ့ကို အဝတ်အစား လာဝတ်ပေး"
အဝတ်အစား ဖြည်းဖြည်းချင်း ဝတ်ဆင်ပြီးနောက် သခင်လေးဖန်က ယိုကျန်းတည်းခိုခန်းသို့ ထမ်းစင်ဖြင့် သွားရောက်ခဲ့သည်။
ရထားလုံးပေါ်မှ ဆင်းသည်နှင့် တပြိုင်နက် သူ့ကို အနံ့ဆိုးတစ်ခုက ချက်ချင်း ရိုက်ခတ်သွား၏။
အဝင်ဝရှိ အစေခံမလေးနှစ်ဦးက ရေပုံးများကို အဆက်မပြတ် သယ်ဆောင်နေကြသည်။ ဆိုင်ရှင်က အဝင်ဝကို ယပ်တောင်ဖြင့် အားရပါးရ ယပ်ခတ်ပေးနေသည်။
ဖန်ကျန်းရီက ပါးစပ်နှင့် နှာခေါင်းကို ပိတ်ကာ ဆိုင်ရှင်ထံသို့ အလျင်အမြန် ချဉ်းကပ်သွား၏။
ခရိုင်ရုံးတော်မှ ရောက်လာသည်ကို မြင်ချိန်မှာတော့ ဆိုင်ရှင်မှာ ငိုလုမတတ် ဖြစ်သွားသည်။ သူ စကားစပြောမည် ပြုစဉ်မှာပဲ ဖန်ကျန်းရီက သူ့ကို နောက်ကျောမှ ရိုက်လိုက်၏။
"ခင်ဗျားက ဘယ်လိုတွေလုပ်နေတာလဲ။ တည်းခိုခန်း ပိုင်ရှင်ဆိုတာကို သတိရစမ်း၊ ခင်ဗျား အလုပ်လုပ်ပုံက ဒါမျိုးလား။ ... မိလ္လာတွင်း ပေါက်ကွဲသွားတာလား၊ ဘာတွေ ဖြစ်နေတာလဲ"
မြို့ဝန်မင်း ဒေါသထွက်နေသည်ကို မြင်ချိန်မှာတော့ ဆိုင်ရှင်က ဖန်ကျန်းရီ၏ ခြေထောက်ကို ဖက်ကာ ပြောလိုက်သည်။ "မြို့ဝန်မင်း... ကျုပ်အမှား မဟုတ်ပါဘူး"
"ဘယ်ခွေးကောင်က ရေစင်ထဲက ရေတွေကို လျှော့ချပစ်လိုက်လဲ မသိပါဘူး၊ အခု ကျုပ်တို့ အစေခံတွေကို ရေပြန်ဖြည့်ခိုင်းနေရတယ်"
ထိုအချိန်တွင် ကျင်းဧကရာဇ်နှင့် အခြားနှစ်ဦးမှာ ပါးစပ်နှင့် နှာခေါင်းကို ပိတ်လျက် ဒုတိယထပ်မှ ဆင်းလာကြ၏။
ဖန်ကျန်းရီ ဆိုင်ရှင်ကို ဆူပူကြိမ်းမောင်းနေသည်ကို မြင်ချိန်မှာတော့ လီယွမ်ကျောက်၏ မျက်နှာမှာ နီရဲသွားပြီး ကျင်းဧကရာဇ်၏ အနောက်သို့ တိတ်တဆိတ် ဝင်ပုန်းလိုက်မိသည်။
အပိုင်း (၂၂) ဝက်သင်းကွပ်ခြင်း
"ထွက်သွားစမ်း... ထွက်သွားစမ်း၊ လမ်းမပေါ်မှာ လာအရှက်မခွဲနေနဲ့၊ ရေမြန်မြန် သွားယူလာခဲ့၊ တခြားသူတွေကို အနှောင့်အယှက် မဖြစ်စေနဲ့။ ခင်ဗျား ဧည့်သည်တွေကို ဝမ်းနုတ်ဆေးတွေများ တိုက်လိုက်သလား၊ အကုန်လုံး အိမ်သာ ပြိုင်တက်ထားသလား ထင်ရတယ်။”
ဆိုင်ရှင်က ဖန်ကျန်းရီ၏ ခြေထောက်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လွှတ်ပေးလိုက်ပြီး ရေပုံးတစ်ပုံးကို ယူကာ အလျင်အမြန် ပြေးထွက်သွား၏။
ထိုအချိန်တွင် ကျင်းဧကရာဇ်နှင့် အခြားနှစ်ဦးမှာ အောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဖန်ကျန်းရီက ကျင်းဧကရာဇ်ကို တန်းမြင်လိုက်ရသည်။
သူက ပြုံးကာ အနီးသို့ လျှောက်သွားလိုက်၏။ "အဘိုးကြီးလီ ရောက်လာပြီပဲ၊ ကြည့်ရတာ မြို့တော်မှာ လက်ဖက်ခြောက်အရောင်းအဝယ် တော်တော်လေး ကောင်းနေပုံပဲ။"
ကော်ထျန်းယန်က မချိပြုံး ပြုံးလိုက်သည်။ နှာခေါင်းကိုတော့ မဖြစ်မနေ တစ်ချက်ရှုံ့လိုက်မိသေးသည်။ ယခင်က လူကြီးမင်းလီဟု ခေါ်ခဲ့သော်လည်း ယခု အဘိုးကြီးလီဟု ရင်းရင်းနှီးနှီး ခေါ်ဆိုနေပြန်သည်။ ဤခွေးကောင်လေးက မျက်နှာပြောင် တိုက်လွန်းလှသည်။
လီယွမ်ကျောက်မှာလည်း ရယ်ချင်သွား၏။ ခမည်းတော်ကို 'အဘိုးကြီးလီ' ဟု ခေါ်ရဲလောက်အောင် ရဲတင်းသူအား သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ကျင်းဧကရာဇ်က လုံးဝ ကန့်ကွက်ခြင်း မရှိဘဲ တိုက်ရိုက် ပြောလိုက်သည်။ "ဖန်မြို့ဝန်မင်း ကျေးဇူးကြောင့် လက်ဖက်ခြောက် အရောင်းအဝယ် အတော်လေး အဆင်ပြေပါတယ်၊ ဒီတစ်ခေါက် တောက်ယွမ်ခရိုင်ကို ပြန်လာတာက ပစ္စည်းတွေ ထပ်ယူသွားမလို့ပါ။"
"လွယ်ပါတယ်... ဒါကအလွယ်လေးပါ၊ ခင်ဗျားတို့လည်း ခရီးအဝေးကြီးကနေ လာရတာဆိုတော့ ဘာမှ မစားရသေးဘူး မဟုတ်လား။ သွားကြစို့... နေရာပြောင်းကြတာပေါ့၊ ရုံးတော်က ဖွင့်ထားတဲ့ ချင်းချန် စားသောက်ဆိုင် ရှိတယ်၊ ဒီနေ့ ခင်ဗျားတို့ အားလုံးကို အဲဒီမှာ ထမင်းကျွေးမယ်"
သူတို့အဖွဲ့မှာ ခမ်းခမ်းနားနား လုပ်မနေတော့ဘဲ ချင်းချန် စားသောက်ဆိုင်သို့ တိုက်ရိုက် ထွက်ခွာလာခဲ့ကြ၏။
လမ်းတစ်လျှောက်လုံး လီယွမ်ကျောက်က ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေခဲ့ပြီး အရာအားလုံးက သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။ သို့သော်ငြား ချင်းချန် စားသောက်ဆိုင်သို့ ဝင်ရောက်ပြီး နေရာတစ်ခုတွင် သက်သောင့်သက်သာ ထိုင်လိုက်ပြီးနောက် …..
ဖန်ကျန်းရီ စကားမပြောရသေးမီ ကျင်းဧကရာဇ်က အရင်ဆုံး စကားပြောလိုက်၏။ "ဖန်မြို့ဝန်မင်း... ဒါက ကျုပ်သား လီယွမ်ပါ၊ အပြင်လောကကို မြင်ဖူးအောင် ခေါ်လာခဲ့တာပါ။"
လီယွမ်ကျောက်က လက်သီးဆုပ်ကာ ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။ "ဖန်မြို့ဝန်မင်း... မင်္ဂလာပါ"
"အို... ခင်ဗျားရဲ့သားက အရမ်းကို ခန့်ညားတာပဲ၊ ကျားလို ဖခင်ဆီကနေ ခွေးလို သားမျိုး မထွက်နိုင်ဘူးဆိုတာ မှန်တာပေါ့"
ဘာပဲဖြစ်ဖြစ် ချီးကျူးစကား အရင်ပြောထားတာ အကောင်းဆုံးပဲ။ ဒီလူတွေက ပိုက်ဆံရှာပေးမယ့် လူတွေပဲလေ။
လီယွမ်ကျောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့ထားလိုက်၏။
နှုတ်ဆက်ပြီးနောက် ဖန်ကျန်းရီက ကော်ထျန်းယန်နှင့် လီယွမ်ကျောက်တို့ကို လျစ်လျူရှုလိုက်ပြီး အဓိက အကြောင်းအရာသို့ တိုက်ရိုက် ပြောလိုက်သည်။ "အဘိုးကြီးလီ... ပြီးခဲ့တဲ့တစ်ခေါက်က ယူသွားတဲ့ လက်ဖက်ခြောက် ကတ်တီ၂၀ က အရောင်းအဝယ် ဘယ်လိုနေလဲ"
"ငွေတစ်သောင်းသုံးထောင်နှစ်ရာတေးလ် ရပါတယ်"
ဖန်ကျန်းရီမှာ အသက်ရှူရပ်လုမတတ် ဖြစ်သွား၏။
အို … ကောင်းကင်ဘုံ … ဒီအဘိုးကြီးလီ တကယ်ကို ရက်စက်တာပဲ၊ အဲလိုအစုတ်အပဲ့ တွေကိုတောင် ငွေအများကြီးရအောင် ရောင်းနိုင်တယ်ဆိုတော့ တကယ်ကို အရည်အချင်းရှိတဲ့သူပဲ။
"အင်း... ဒီတစ်ခေါက်ရော ဘယ်လောက်လောက် ယူသွားဖို့ စီစဉ်ထားလဲ"
"ဖန်မြို့ဝန်မင်းဆီမှာ ဘယ်လောက်များ ရှိလို့လဲ"
"ခင်ဗျား လိုချင်သလောက် ကျုပ် ပေးနိုင်ပါတယ်"
ဖန်ကျန်းရီမှာ အလွန် ဝမ်းသာသွား၏။ ကြည့်ရသည်မှာ အဘိုးကြီးလီက ဤလက်ဖက်ရည်၏ အမြတ်အစွန်း ချိုမြိန်မှုကို မြည်းစမ်းပြီးသွားပုံရကာ ဤတစ်ကြိမ်တွင် သူ၏စည်းစိမ်တစ်ခုလုံးကို လက်ဖက်ခြောက် အိတ်များကြား ရင်းနှီးမြှုပ်နှံရန် အဆင်သင့် ဖြစ်နေပုံပင်။
မည်သို့ပင်ဆိုစေကာမူ ဤလက်ဖက်ရည်မှာ အရည်အသွေးနိမ့် လက်ဖက်ရည်သာ ဖြစ်၏။ ဈေးကွက်တွင် အချိန်အတန်ကြာ လူကြိုက်များနိုင်သော်ငြား ထို့နောက်တွင်မူ အရည်အသွေး အမှန်တကယ် ကောင်းမွန်သော လက်ဖက်ရည်များ ထပ်မံ ထွက်ပေါ်လာပေလိမ့်မည်။ သူကလည်း ထိုအရာကို ကို စတင် ထုတ်လုပ်ရတော့မည်။
ရေပန်းစားနေတုန်း အချိန်လေးမှာ အဘိုးကြီးလီကို နောက်ထပ် တစ်ကြိမ်လောက် အမြတ်အစွန်း ရခွင့်ပေးလိုက်သင့်၏။ ထိုမှသာ အားလုံး ငွေရှာနိုင်ပေလိမ့်မည်။
ကျင်းဧကရာဇ်က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ တွေးတောနေခဲ့၏။
သိပ်တော့ မကောင်းဘူး၊ စကားပုံမှာ ရှိသလိုပဲ... ရှားပါးလေ တန်ဖိုးရှိလေပဲ၊ လိုသလောက် အလွယ်တကူ ထုတ်လုပ်နိုင်တဲ့ အရာတစ်ခုက တန်ဖိုးမရှိနိုင်ဘူး။
ကြည့်ရတာ အဆင့်မြင့် ကောင်းကင်လက်ဖက်ရည်က အချိန်အကြာကြီး ရောင်းရမှာ မဟုတ်ဘူး၊ နောက်ထပ် တစ်ခေါက် နှစ်ခေါက်လောက်ပဲ အမြတ်ထုတ်နိုင်တော့မှာ။ အရင်က ကတ်တီနှစ်ဆယ်တောင်းခဲ့တာ အခု အဆနှစ်ရာလောက် တောင်းရမယ်။
"ပြဿနာမရှိပါဘူး၊ ညစာစားပြီးရင် လူတစ်ယောက်ကို အမိန့်ပေးပြီး ပစ္စည်းတွေ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
သူတို့ စကားပြောနေစဉ်မှာပဲ စားပွဲထိုးက ဟင်းလျာများကို စားပွဲပေါ်သို့ တစ်ခွက်ပြီးတစ်ခွက် စတင် တည်ခင်းပေးနေ၏။ ထိုအချိန်တွင် ကျင်းဧကရာဇ်နှင့် အခြားသူများမှာ အတော်လေး ဗိုက်ဆာနေကြပြီ ဖြစ်သည်။
စားပွဲပေါ်တွင် ဟင်းလျာအမျိုးမျိုးကို မြင်လိုက်ရချိန်မှာတော့ သူတို့၏ ခံတွင်းများ အတော်လေး ပွင့်လန်းလာ၏။
ဖန်ကျန်းရီမှာ စိတ်အခြေအနေ ကောင်းမွန်နေပြီး ဟင်းတစ်ခွက်ကို လက်ညှိုးထိုးပြကာ ကျင်းဧကရာဇ်အား မိတ်ဆက် ပေးလိုက်သည်။ "လာ... တောက်ယွမ်ခရိုင်မှာ နာမည်အကြီးဆုံး ဝက်စွပ်ပြုတ်ကို မြည်းစမ်းကြည့်ပါအုံး … အရမ်းအရသာရှိလွန်းလို့ မေ့လဲသွားမယ်လို့ အာမခံတယ်"
လီယွမ်ကျောက်၏ ဆန့်တန်းထားသော တူမှာ ရုတ်တရက် ရပ်တန့်သွားပြီး ဖြည်းညင်းစွာဖြင့် အသာ ပြန်လည် ရုပ်သိမ်းသွား၏။
"ဝက်သား"
"ဟုတ်တယ်... ဝက်သား၊ အဆီအဆိမ့်တွေနဲ့ အရသာရှိပေမဲ့ မအီဘူး၊ ပြီးတော့ အနံ့အသက်လည်း လုံးဝမရှိဘူး" ဖန်ကျန်းရီက လီယွမ်ကျောက်ကို ကြည့်ကာ ပြောလိုက်သည်။
ဟားဟား ... အတွေ့အကြုံမရှိတဲ့ လူသစ်လေးပဲ။
လီယွမ်ကျောက်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဝက်သားက ညှီနံ့ထွက်တယ်၊ ဘယ်သူမှ မစားဘူး၊ ဒါက ဖန်မြို့ဝန်မင်းရဲ့ ဧည့်သည်တွေအပေါ် ထားရှိတဲ့ သဘောထားလား"
ဖန်ကျန်းရီမှာ သဘောကျသွား၏။ ဤသို့ အနှောင့်အယှက်ပေးတတ်သူမျိုးကို မတွေ့ရသည်မှာ ကြာပြီ မဟုတ်ပါလား။
သူ စကားပြန်ပြောမည် ပြုစဉ်မှာပင် ကျင်းဧကရာဇ်၏ အေးစက်သော အသံက ဖြတ်ဝင်လာခဲ့သည်။
"လီယွမ်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့၊ ဖန်မြို့ဝန်မင်း... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျုပ်သားက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးလို့ အမူအကျင့်တွေကို ကောင်းကောင်း မသိသေးတာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဖန်ကျန်းရီက လက်ကာပြလိုက်၏။ "ရပါတယ် … ရပါတယ်။ စိတ်မမြန်ဘူးဆိုရင် လူငယ်လို့ ဘယ်ခေါ်လို့ရမှာလဲ၊ လူငယ်ဆိုတာ ဒီလိုပဲ ဖြစ်ရမှာပေါ့"
ထိုစကားကို ကြားချိန်မှာတော့ လီယွမ်ကျောက်က ဖန်ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ပြီးနောက် ခေါင်းငုံ့ကာ တိတ်တဆိတ် စတင် စားသောက်နေသည်။
ဖန်ကျန်းရီက ဆက်လက် ရှင်းပြ၏။ "ဒီဝက်သားက ဈေးပေါတဲ့ အသားဖြစ်ပေမဲ့ ကျုပ်တို့ တောက်ယွမ ်ခရိုင်မှာတော့ ရှားပါးတဲ့ အရသာတစ်ခုပါ။
တောက်ယွမ်ခရိုင်က ဝက်သားက မယုံနိုင်လောက်အောင်ကို လတ်ဆတ်ပြီး မွှေးကြိုင်တယ်၊ သားစိမ်းအနံ့ လုံးဝမရှိဘူး၊ သိုးသားထက်တောင် အများကြီး သာလွန်သေးတယ်၊ ကျုပ်ကို မယုံရင် မြည်းစမ်းကြည့်ပါ"
ကျင်းဧကရာဇ်က လုံးဝ သံသယမဝင်ဘဲ တူကို တိုက်ရိုက် ဆန့်တန်းကာ ဝက်သားတစ်တုံးကို ယူ၍ ပါးစပ်ထဲထည့်ပြီး သေချာစွာ ဝါးစားလိုက်၏။ ထို့နောက် ချီးကျူးစကား ဆိုလိုက်သည်။ "တကယ်ပဲ... တကယ်ကိုပဲ၊ အဆီတွေများပေမဲ့ မစေးကပ်ဘူး၊ အရသာကလည်း အရမ်းကို ပြည့်စုံတယ်၊ အို... အရမ်းကောင်းတာပဲ၊ တကယ်ကို အံ့ဩစရာပဲ"
ထိုစကားကို ကြားချိန်မှာတော့ ကော်ထျန်းယန်နှင့် လီယွမ်ကျောက်တို့ကလည်း သူတို့၏ တူများဖြင့် ဝက်သားတစ်တုံးစီ ယူလိုက်ကြ၏။
အရသာကို သေချာစွာ မြည်းစမ်းပြီးနောက် သူတို့အားလုံး၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ပေါ်လွင်လာသည်။
အရမ်းလည်း မငန်ဘူး၊ အရသာလည်း မဆိုးဘူး၊ တကယ်ကို အံ့ဩစရာကောင်းလောက်အောင် အရသာရှိတာပဲ။
ကော်ထျန်းယန်က မအောင့်နိုင်တော့ဘဲ မေးလိုက်၏။ "ဒီဝက်သားက မယုံနိုင်လောက်အောင်ကို အရသာရှိတာပဲ၊ တောက်ယွမ်ခရိုင်က ဝက်မျိုးစိတ်က ကွာခြားနေလို့လား ဖန်မြို့ဝန်မင်း"
ဖန်ကျန်းရီက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "အဲလိုတော့ မဟုတ်ပါဘူး... အဲ့လို မဟုတ်ပါဘူး။ … ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး၊ ဒီဝက်တွေက သင်းကွပ်ထားတဲ့ ဝက်တွေပါ"
ကော်ထျန်းယန်၏ မျက်နှာမှာ မည်းမှောင်သွား၏။ ခွေးသား .. ငါ့ကို စော်ကားပြန်ပြီ။
"ဝက်တွေက သဘာဝအရ အရိုင်းဆန်ကြတယ်၊ ဒါပေမဲ့ ငယ်ငယ်တည်းက သင်းကွပ်လိုက်ရင်တော့ မယုံနိုင်လောက်အောင်ကို ယဉ်ကျေးသွားကြတယ်၊ အသားတိုးတာလည်း အရမ်းမြန်ပြီး ကြီးလာတဲ့အခါမှာလည်း သားစိမ်းအနံ့ လုံးဝ မရှိတော့ဘူး။
လူတွေလည်း အတူတူပါပဲ၊ မြင်တဲ့အတိုင်းပဲ သင်းကွပ်ခံထားရတဲ့ လူတွေက အများအားဖြင့် အရပ်ရှည်ပြီး သန်မာကြတယ်၊ သူတို့ရဲ့ စိတ်နေသဘောထားကလည်း ငြိမ်သက်သွားတယ်၊ အရေးကြီးဆုံးက အသက်ကိုတောင် ပိုရှည်စေနိုင်တယ်၊ ဒါပေမဲ့ သင်းကွပ်ပြီးသွားရင်တော့ လူတွေမှာ အနံ့ဆိုးထွက်တတ်တယ်
ဒါကြောင့် သင်းကွပ်ခြင်းဆိုတာ တကယ်တော့ နက်နဲတဲ့ ဘာသာရပ်တစ်ခုပဲ၊ သေချာလုပ်ဆောင်ဖို့ လိုတယ်"
ဖန်ကျန်းရီက လက်မကို ထောင်ကာ ပြောနေရင်းမှာပဲ သူ၏ ဖြူဖွေးသော သွားတန်းနှစ်ခုကိုပါ ဖော်ပြနေသည်။
“………” ကော်ပန်ပန်။
ကော်ထျန်းယန်မှာ ဖန်ကျန်းရီကို ချက်ချင်း သတ်ပစ်ချင်စိတ်များပင် ပေါက်လာ၏။ ဤအကောင်နှင့် သူသည် မေတ္တာတရား၏ ငြိမ်းချမ်းရာ လမ်းကြောင်းကို အတူတူ လျှောက်လှမ်း၍ ရမည့်သူများ မဟုတ်ကြပေ။
လီယွမ်ကျောက်၏ မျက်လုံးများက ကော်ထျန်းယန်ထံသို့ အဆက်မပြတ် ရောက်ရှိနေပြီး သူ၏ ပခုံးများမှာလည်း အဆက်မပြတ် တုန်ခါနေ၏။
ပါးစပ်ထဲရှိ အစားအစာများမှာ အပြင်ဘက်သို့ ထွက်လာတော့မည့်ပုံ ပေါက်နေသည်။
စားပွဲအောက်ရှိ သူ၏ ပေါင်ကို ကျင်းဧကရာဇ်က လိမ်ဆွဲလိုက်မှသာ နောက်ဆုံးတွင် ရပ်တန့်သွား၏။
"အို... စားလေ လူကြီးမင်းကော်၊ ဘာလို့ မစားတာလဲ" ကော်ထျန်းယန် ရှုံ့မဲ့နေသည်ကို မြင်ချိန်မှာတော့ သူက မေးလိုက်သည်။
သခင်လေးဖန်၏ အခြားသူများကို ကူညီတတ်သော မွန်မြတ်သည့် စရိုက်လက္ခဏာက ထွက်ပေါ်လာ၏။ သူက ဝက်သားဆီပြန် တစ်တုံးကို ယူကာ ကော်ထျန်းယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
"လူကြီးမင်းကော်... ဒီဝက်က သင်းကွပ်ခံထားရတယ်ဆိုတဲ့ အချက်အပေါ် မကျေမနပ် မဖြစ်ပါနဲ့။ ဒီသင်းကွပ်ထားတဲ့ ဝက်က မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ ဝက်တစ်ကောင်ပါ၊ ပြည်သူတွေအတွက် လတ်ဆတ်ပြီး သန့်စင်တဲ့အရသာကို ပေးစွမ်းနိုင်တယ်လေ၊ လောကအတွက် လောကီအမြစ်ကို ဖြတ်တောက်ထားတဲ့ ရှားပါးသတ္တဝါပဲ။
ဒီဝက်သားက အရသာရှိရုံသာမကဘဲ ခန္ဓာကိုယ်ကို အားကောင်းစေပြီး မီးစွမ်းအင်ကိုလည်း တက်ကြွစေတယ်၊ အညစ်အကြေး နည်းနည်းစားတတ်တဲ့ သဘာဝကိုတော့ သည်းခံရတာပေါ့။ အများကြီးစားပါ... သေချာ ချက်ပြုတ်ထားတာပါ။ စားကောင်းပါစေ"
'ဖလူး'...
ကျင်းဧကရာဇ်မှာ မြိုချရန် အချိန်မရလိုက်သော ဝက်သားများကို ချက်ချင်း ထွေးထုတ်လိုက်၏။
"တောင်းပန်ပါတယ်... အဟွတ် အဟွတ်၊ လည်ချောင်းထဲ နင်သွားလို့... အဟွတ်"
"အို... အဘိုးကြီးလီ၊ ခင်ဗျား တကယ်ကို ပေါ့ဆတာပဲ"
ကော်ထျန်းယန်မှာ ပါးစပ်ထဲရှိ ဝက်သားများကို မထွေးထုတ်နိုင်ဘဲ သွားများဖြင့်သာ အကြိတ်အနယ် ဝါးနေလိုက်သည်။
ဖန်ကျန်းရီ... မင်းနဲ့ငါ အကဲစမ်းရသေးတာပေါ့။
...