← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အပိုင်း (၂၃) မက်မွန်ခြံမြေပေါ်မှ ကောင်းကင်မိုးကြိုး။

ညစာစားပွဲတွင် လီယွမ်ကျောက်က ဟင်းလျာအမျိုးမျိုးကို ပါးစပ်ထဲသို့ အဆက်မပြတ် သွတ်သွင်းနေခဲ့၏။

နန်းတော်တွင် ညစာကို အများအားဖြင့် စောစော စားလေ့ရှိပြီး ကြီးထွားဆဲအရွယ်ဖြစ်သော လူငယ်များမှာ အလွန် စားနိုင်ကြသည်။

တောက်ယွမ်မြို့ကိုလာရသည့် တုန်ခါနေသော ခရီးစဉ်အပြီးတွင် သူ အလွန် ဗိုက်ဆာနေပြီ ဖြစ်၏။

တောက်ယွမ်ခရိုင်၏ မီးဖိုချောင်မှာ ထူးခြားပြီး အပူချိန်ပြင်းပြင်းဖြင့် ကြော်လှော်သော နည်းလမ်းကို အများဆုံး အသုံးပြုလေ့ရှိသည်။ သူတို့က ဆီနှင့် ဆား အများအပြားကို အသုံးပြုကြပြီး ၎င်းက ဟင်းလျာများကို ထူးခြားသော အရသာတစ်ခု ထပ်မံဖြည့်စွက်ပေးသည်။

သူ၏သားက ဝက်တစ်ကောင်လို စားသောက်နေကြောင်း မြင်ချိန်မှာတော့ ကျင်းဧကရာဇ်မှာ မျက်နှာပူသွားပြီး စားပွဲအောက်မှနေ၍ နှစ်ကြိမ်ခန့် ခပ်ဖွဖွ ကန်ကာ သတိပေးလိုက်၏။

လီယွမ်ကျောက်က သူ၏စားသောက်နှုန်းကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှော့ချလိုက်သည်။

ဖန်ကျန်းရီက ကျင်းဧကရာဇ်၏ အနေရခက်မှုကို သတိပြုမိသွားပြီး တူကို မြှောက်ကာ ပြုံးလျက် ပြောလိုက်၏။ "စားနိုင်တာ ကောင်းတဲ့ကိစ္စပါ၊ ကျုပ် သူ့အရွယ်တုန်းကဆိုရင် သူစားနိုင်တာထက်တောင် ပိုစားနိုင်သေးတယ်"

လီယွမ်ကျောက်က ဖန်ကျန်းရီကို ကျေးဇူးတင်စွာဖြင့် မော့ကြည့်လိုက်၏။ ဤလူက ဝူရှန်းပြောသည့် မိစ္ဆာကောင် ဆိုသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသလိုပင်။

သူ သဘောကျသွားပြီ။

ဖန်ကျန်းရီက ဆက်ပြောသည်။ "အဓိက အကြောင်းအရာကို ပြန်သွားရအောင်၊ မြို့တော်မှာ ခင်ဗျားတို့ လုပ်နေတဲ့ ကြွေထည်လုပ်ငန်းက ဘယ်လို အခြေအနေရှိလဲဆိုတာ ကျုပ် မသိရသေးဘူး။

အမြတ်အစွန်းက အလုံအလောက် မများဘူးဆိုရင် လက်ဖက်ခြောက် လုပ်ငန်းကိုပဲ အပြည့်အဝ အာရုံစိုက်လိုက်ပါလား၊ ဒီအံ့ဩစရာကောင်းတဲ့ အရည်အသွေးမြင့် ကောင်းကင်လက်ဖက်ရည်က ပထမ အဆင့်လေးပဲ ရှိပါသေးတယ်၊ အနာဂတ်မှာ ဒီဒေသက ပိုပြီး အရည်အသွေးမြင့်တဲ့ လက်ဖက်ရည်တွေကို ထုတ်လုပ် ပေးသွားမှာပါ။

အဲဒီအချိန်ကျရင် အကောင်းဆုံး အရည်အသွေးရှိတဲ့ လက်ရှိ ကောင်းကင်လက်ဖက်ရည်ကိုတောင် အနောက်မှာ ချန်ထားရစ်ခဲ့နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"

ကျင်းဧကရာဇ်က ခဏတာ တွန့်ဆုတ်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ "ကျန်းမြစ်က ရေလျှံသွားတော့ လီယွမ်ရဲ့ ကြွေထည် အရောင်းအဝယ်က တော်တော်လေး ထိခိုက်သွားတယ်၊ တောင်ဘက်ကနေ သယ်ယူလို့ မရတော့ဘူး။ မိုးကလည်း ရွာနေတုန်းပဲ၊ ရေကြီးမှုက မပြီးဆုံးသေးတော့ အရမ်းကို စိုးရိမ်နေရတယ်"

ကော်ထျန်းယန်က ကျင်းဧကရာဇ်ကို အံ့ဩတကြီး ကြည့်လိုက်၏။

အရှင်မင်းကြီး ဘာကို ဆိုလိုနေသနည်း။ ဖန်ကျန်းရီဆီမှ အဖြေတစ်ခုခု တောင်းချင်နေသည်လား။

ဖန်ကျန်းရီက သာမန် အရာရှိတစ်ယောက်သာ ဖြစ်ပြီး မည်မျှ အရည်အချင်းရှိနေပါစေ ရေကြီးမှုကိုတော့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေ။

အရှင်မင်းကြီးက အားကိုးရာမဲ့စွာဖြင့် ယိရွဲ့နေသည့် ကောက်ရိုးတမျှင်ကို လှမ်းဆွဲနေပုံပင်။

ဖန်ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။ "ကျန်းမြစ်က ရေလျှံနေတာလား၊ ပြီးတော့ မိုးကလည်း ဆက်ရွာနေတုန်းပဲ ဟုတ်လား၊ အခု နှစ်လပိုင်းကြီးမဟုတ်လား။"

ကျင်းဧကရာဇ်က သက်ပြင်းချလိုက်၏။ "ဟုတ်တယ်... ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ကောင်းကင်ကနေ ကျရောက်လာတာပဲ၊ ကျင်းအင်ပါယာကြီးက သဘာဝဘေးအန္တရာယ်တွေနဲ့ တကယ်ကို ရုန်းကန်နေရပြီ"

ဖန်ကျန်းရီက ကျင်းဧကရာဇ်ကို ကြည့်လိုက်သည်။ ထိုသူက အမှန်တကယ်ပင် မျိုးချစ်စိတ်ဓာတ်ရှိသော စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး ကိစ္စရပ်များစွာအတွက် စိုးရိမ်ပူပန်နေကြောင်း တွေ့လိုက်ရသည်။

သို့ဆိုလျှင်တောင် ဖန်ကျန်းရီ ကိုယ်တိုင်လည်း ကျန်းမြစ် ရေကြီးမှုနှင့် ပတ်သက်၍ စတင် စိုးရိမ်လာခဲ့သည်။ အကြောင်းမှာ စစ်ပွဲနှင့် ပရမ်းပတာ ဖြစ်နေစဉ် ကာလအတွင်း တောက်ယွမ်ခရိုင်မှ လူအများအပြားမှာ ကျန်းမြစ်မှ မြို့တော်သို့ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်၏။

ထိုသူတို့၏ မိဘများနှင့် ကလေးငယ် အများစုမှာ ကျန်းမြစ်တွင် ရှိနေဆဲပင်။

မကြာမီ နှစ်များအတွင်း တောက်ယွမ်ခရိုင်တွင် လူနေမှုဘဝ တိုးတက်လာခဲ့ပြီးနောက် အခြေချ နေထိုင်သူများမှာ သူတို့၏ ဆွေမျိုးများကို ရှာဖွေရန် စတင် စဉ်းစားလာခဲ့ကြသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ဆွေမျိုးများကို ရှာဖွေရန် တောက်ယွမ်ခရိုင်မှ ထွက်ခွာသွားသူ လူတစ်ရာခန့် ရှိခဲ့ပြီး ဤအရေအတွက်မှာ နှစ်စဉ် တိုးလာနေခဲ့၏။

သေချာသည်မှာ ထိုသူတို့ထဲမှ အများစုမှာ နောက်ဆုံးတွင် တောက်ယွမ်ခရိုင်သို့ ပြန်လည်ရောက်ရှိလာကြသည်။

မပြန်လာသူများမှာမူ မတော်တဆမှုတစ်ခုခု ဖြစ်သွားခြင်း သို့မဟုတ် အခြား အကြောင်းပြချက်များကြောင့် ကြန့်ကြာနေခြင်း ဖြစ်နိုင်သည်။

"သိချင်မိတယ်... ကျန်းမြစ်ရဲ့ ဘယ်နေရာမှာ ရေကြီးနေတာလဲ" ဖန်ကျန်းရီက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"ကော်... မြေပုံယူခဲ့"

ကော်ထျန်းယန်က သူ၏ အိတ်ထဲမှ တစ်မီတာခန့် ရှည်လျားသော မြေပုံတစ်ခုကို ဆွဲထုတ်ပြီး ဖြည်းညင်းစွာ ဖြန့်ခင်းလိုက်သည်။

ဖန်ကျန်းရီမှာ ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် အံအားသင့်သွားပြီး ချက်ချင်း သတိထားလိုက်သည်။

ကောင်းကင်ဘုံ... ဒါက နိုင်ငံတော် မြေပုံပဲ။ သူတောင် ဒါမျိုးကို လက်လှမ်းမမီနိုင်ပေ၊ နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်ပြီး ကုန်သည်နှစ်ယောက်ဆီမှာ အဘယ့်ကြောင့် ဤသို့သောအရာမျိုး ရှိနေရသနည်း။

"ဒီမြေပုံ... ဘယ်ကနေ ရလာတာလဲ"

ကျင်းဧကရာဇ်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်၏။ "ဖန်မြို့ဝန်မင်း... စိတ်မပူပါနဲ့၊ ကျုပ်မှာ စစ်တပ်ဝန်ကြီးဌာနနဲ့ အဆက်အသွယ် တချို့ ရှိပါတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတဲ့ ကြွေထည် အရောင်းအဝယ်အတွက် ဒီမြေပုံကို ရထားတာပါ"

ထပ်မံ၍ ဘာမှမပြောတော့ဘဲ ဖန်ကျန်းရီက မြေပုံဆီသို့ ကိုယ်ကို ကိုင်းညွန့်ကာ ကြည့်သည်။ မြေပုံကို မြင်ချိန်မှာတော့ အနည်းငယ် စိတ်ပျက်သွားသည်ကို မထိန်းနိုင်ခဲ့ချေ။

ကမ်းရိုးတန်းများအတွက် အမှတ်အသားများ ရှိသော်ငြား သူမှတ်မိနေသော ယခင်ဘဝက မြေပုံနှင့် လုံးဝကို ကွဲပြားနေသည်။

ကျင်းဧကရာဇ်က မြေပုံကို လက်ညှိုးထိုးကာ ရှင်းပြ၏။ "ရေကြီးမှုက ဒီနေရာကနေ စတင်ခဲ့တာပါ... သူ့ရဲ့ လမ်းကြောင်းက..."

"..."

"အံ့အားသင့်စရာ မရှိဘူးဆိုရင် ပင်းဝမ်က ဆည်က ကျိုးကျသွားလောက်ပြီ၊ ပြီးတော့ ဘေးအန္တရာယ်က ဆက်လက် ပြန့်နှံ့နေတုန်းပဲ ..."

ထို့နောက် ကျင်းဧကရာဇ်က တိုးတိုးလေး ပြောလိုက်၏။ "ကျန်းမြစ် အုပ်ချုပ်ရေးမှူးက အရေးပေါ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် နန်းတော်ကနေ ငွေတေးလ် နှစ်သိန်း တောင်းခံထားတယ်လို့ ကြားတယ်။

ဒါပေမဲ့ နန်းတော်မှာလည်း အခက်အခဲ ဖြစ်နေတယ်၊ တစ်ယောက်ယောက်ကသာ ဒီလမ်းကြောင်းကို ပြောင်းလဲနိုင်မယ်ဆိုရင် အနာဂတ်မှာ သေချာပေါက် အရေးကြီးတဲ့ ရာထူးတစ်ခုကို ရရှိမှာပဲ"

ဖန်ကျန်းရီက ပြန်မဖြေဘဲ သူ၏လက်ညှိုး ညွှန်ပြနေသော ဦးတည်ရာသို့ တိတ်ဆိတ်စွာ ဆက်လက် စဉ်းစားနေခဲ့သည်။

ရုတ်တရက် သူ၏ မျက်လုံးများက အရောင်လက်သွားပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ဒီနေရာက ယင်ထျိုလို့ ခေါ်တဲ့ နေရာပဲ၊ မြစ်ကမ်း နှစ်ဖက်စလုံးမှာ တောင်တွေ ရှိတယ်၊ အကယ်၍ ကောင်းကင်ကနေ မိုးကြိုးပစ်ချလိုက်ပြီး တောင်ကို ဖြိုချမယ်။ မြစ်ကို ပိတ်ဆို့လိုက်မယ်ဆိုရင် ရေကြီးမှုက သူ့အလိုလို ပြန်ကျမသွားနိုင်ဘူးလား။ တောင်ရဲ့ မြေမျက်နှာသွင်ပြင်က ဘယ်လိုနေလဲဆိုတာတော့ ကျုပ် မသိဘူး"

သူ၏ စကားဆုံးသည်နှင့် တပြိုင်နက် ကျင်းဧကရာဇ်နှင့် အခြားနှစ်ဦးမှာ အံ့အားသင့်သွားကြ၏။

ဘာ... ကောင်းကင်က မိုးကြိုးတဲ့လား။ မင်းလည်း ဒါကို ယုံတာပဲလား။

ကော်ထျန်းယန်က စိတ်ထဲမှ ဝမ်းသာနေခဲ့သည်။ 'ကောင်လေး... မင်းလည်း ငါ့လိုပါပဲလား။’

လီယွမ်ကျောက်၏ မျက်လုံးများကတော့ ကြည်နူးဖွယ် အံ့အားသင့်မှုများဖြင့် တောက်ပနေခဲ့၏။ ထိုအချိန်တွင် သူက ကြီးမားသော အသိအမှတ်ပြုမှု တစ်ခုကို ခံစားလိုက်ရသလိုပင်။ ဤသည်မှာ ဝိညာဉ်ရေးရာ ပဲ့တင်ထပ်မှု တစ်ခုပင်။

‘ခမည်းတော်... သားတော် ဘာပြောခဲ့လဲ၊ မှော်ဆရာတွေ အကုန်လုံးကို ခေါ်ပြီး ကောင်းကင်ကနေ မိုးကြိုးပစ်ချခိုင်းလိုက်ရင် ရေကြီးမှုကို ဖယ်ရှားနိုင်မယ်လို့ သားတော် ပြောခဲ့တယ် မဟုတ်လား၊ ဘယ်လိုထင်လဲ၊ ဖန်မြို့ဝန်မင်းကလည်း အဲ့ဒီလိုပဲ တွေးတယ်၊ ဒါက ကြီးမြတ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိသူတွေက တူညီစွာ တွေးခေါ်တတ်ကြတယ်ဆိုတာကို ပြသနေတာပဲ’

လီယွမ်ကျောက်က ချက်ချင်းပင် မိမိကိုယ်ကိုယ် အထင်ကြီးသော ဟန်ပန်ကို ပြသလိုက်ပြီး စားသောက်နေခြင်းကို ရပ်တန့်ကာ မေးစေ့ကို ကောင်းကင်သို့ ထိလုနီးပါး မော့ထားလိုက်၏။

အခြားသုံးဦးက လီယွမ်ကျောက်အား တုံးအသော အကြည့်များဖြင့် ချက်ချင်း ကြည့်လိုက်ကြသည်။

လူတိုင်း၏ ထူးဆန်းသော အကြည့်များနှင့် ရင်ဆိုင်ရချိန်မှာတော့ လီယွမ်ကျောက်မှာ နှိမ့်ချစွာဖြင့် ခေါင်းကို ပြန်ငုံ့လိုက်ပြီး ဆက်လက် စားသောက်နေလိုက်၏။

ထိုစဉ် ကျင်းဧကရာဇ်မှာ အလွန် စိတ်ပျက်သွားသည်။ အောင့်သက်သက် ပြုံးကာ ပြောလိုက်သည်။ "ဖန်မြို့ဝန်မင်းက နောက်နေတာလား၊ ကောင်းကင်မိုးကြိုးက ဘယ်မှာရှိနိုင်လို့လဲ၊ ဖန်မြို့ဝန်မင်းက ကောင်းကင်မိုးကြိုးကို ခေါ်နိုင်လို့လား"

ဖန်ကျန်းရီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ပြန်မဖြေဘဲ အတွေးနက်နေဟန် ရှိ၏။ အကြောင်းမှာ တောက်ယွမ်ခရိုင်တွင် ကောင်းကင်မိုးကြိုး အမှန်တကယ် ရှိနေသောကြောင့်ပင်။

ချီယန်မင်းဆက်နှင့် ကျင်းအင်ပါယာတို့ စစ်ဖြစ်နေစဉ်က အကယ်၍သာ ချီယန်မင်းဆက် အနိုင်ရသွားပါက မြို့တော်သို့ တိုက်ရိုက် ချီတက်လာမည်မှာ သေချာပြီး တောက်ယွမ်ခရိုင်မှာလည်း ဆိုးရွားသည့် ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် ဖန်ကျန်းရီ ချမ်းသာလာပြီးနောက် အရေးအကြီးဆုံး တာဝန်မှာ ယမ်းမှုန့်များကို အမြောက်အမြား ထုတ်လုပ်ပြီး သိုလှောင်ထားရန် ဖြစ်၏။

ထိုအချိန်က အခြေအနေအရ စစ်သားများကို လေ့ကျင့်ပေးရန်နှင့် လက်နက်ကိရိယာများကို ပြန်လည် မွမ်းမံရန် အချိန်နှောင်းနေပြီ ဖြစ်သည်။ သံမဏိ ရရှိရန် အလွန် ခက်ခဲသော်ငြား ယမ်းမှုန့် ပြင်ဆင်ရန်မှာမူ အလွန် လွယ်ကူလှသည်။

သို့သော်ငြား စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ထိုယမ်းမှုန့်များကို အသုံးမပြုဖြစ်တော့ချေ။

တောက်ယွမ်ခရိုင်တွင် ကတ္တရာတွင်း တစ်တွင်းကို အမှတ်မထင် တွေ့ရှိခဲ့စဉ်ကသာ ဤနည်းလမ်းကို တစ်ကြိမ် အသုံးပြုခဲ့ဖူးသည်။ သို့သော် ထိုအချိန်မှစ၍ အသုံးမပြုဖြစ်တော့ပေ။

ဂိုဒေါင်ထဲတွင် ယမ်းမှုန့် တန်ချိန်ပေါင်းများစွာ စုပုံနေပြီး ယမ်းမှုန့်များ သက်တမ်းကုန်သွားမည်ကို မစိုးရိမ်ရသော်ငြား ပေါက်ကွဲသွားမည်ကိုမူ စိုးရိမ်ရ၏။

ထိုအရာများကို တောင်တစ်တောင်ကို ဖောက်ခွဲပစ်ရန် အသုံးပြုခြင်းက အလွန့်ကို လုံလောက်သည်။ ဤအတိုင်း ပစ်ထားမည်ဆိုပါက အလဟဿသာ ဖြစ်သွားပေလိမ့်မည်။

ဖန်ကျန်းရီ အတွေးနက်နေသည်ကို မြင်ချိန်မှာတော့ ကျင်းဧကရာဇ်မှာ တစ်ကိုယ်လုံး တုန်ယင်သွား၏။

နည်းလမ်း ရှိနေသည်လား။

ဖန်ကျန်းရီသည် အနည်းငယ် ယုံကြည်ရခက်ပုံ ပေါ်သော်ငြား နှစ်ကြိမ်တိုင်တိုင် ဆက်ဆံခဲ့ရမှုများအရ ဤလူက အခြေအမြစ်မရှိဘဲ စကားပြောတတ်သူ မဟုတ်ကြောင်း ပြသနေခဲ့သည်။ ကြည့်ရသည်မှာ သူက ဤကိစ္စ၏ ဖြစ်နိုင်ခြေကို တကယ်ပဲ အကဲဖြတ်နေပုံပေါ်သည်။

ကျင်းဧကရာဇ်က ထပ်မေးလိုက်၏။ "ဖန်မြို့ဝန်မင်းမှာ ဖြေရှင်းစရာ နည်းလမ်း ရှိနေတာလား"

"သူ... ကျုပ် ထပ်ပြီး စဉ်းစားပါရစေအုံး။" ဖန်ကျန်းရီက လျစ်လျူရှုဟန်ဖြင့် ပြောလိုက်၏။

သူက လူတွေကို ဘေးအန္တရာယ်ကနေ ကယ်တင်ခြင်းနှင့် သူ့ကိုယ်သူ အန္တာရယ်ကြား တွန်းပို့ခြင်း နှစ်ခုကြား ရောက်နေခြင်းဖြစ်သည်။ ယမ်းမှုန့်များ ပေါ်ထွက်လာခြင်းက သံသယဖြစ်ဖွယ်မရှိ တုန်လှုပ်စရာကောင်းသော ဖွင့်ဟချက်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နန်းတွင်း၏ လေ့လာစစ်ဆေးမှုကို သေချာပေါက် ခံရမည် ဖြစ်သည်။

သူ ဤသို့ တွေးတောနေစဉ်မှာပဲ အခြားသူ သုံးဦးက သူ့ကို အံ့ဩတကြီး ကြည့်နေကြပြီ ဖြစ်ကြောင်း သူ သတိမထားမိခဲ့ချေ။

အပိုင်း (၂၄) ဆင်ခြေ

ဖန်ကျန်းရီက ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို ဂရုတစိုက် ကြည့်နေသော လူသုံးဦးကို မြင်လိုက်ရသည်။ သူ ချက်ချင်း ရယ်မောလိုက်၏။

"စိုက်ကြည့်နေကြတာလား... ဘာလို့ ကျုပ်ကို အားလုံးက စိုက်ကြည့်နေကြတာလဲ"

"အသက်ဝင်တဲ့ မိုးကြိုး... ကောင်းကင်မိုးကြိုး" လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းကင်က မိုးကြိုးဆိုတာ မရှိဘူး၊ သဘာဝလွန်နဲ့ ထူးဆန်းတဲ့အရာတွေကို မယုံနဲ့၊ အားလုံးပဲ စားကြရအောင်၊ စားပြီးသွားရင် ဒီအာဏာပိုင်က လီယွမ်ကို တောက်ယွမ်ခရိုင်ရဲ့ မြင်ကွင်းတွေကို ကိုယ်တိုင် လိုက်ပြပေးမယ်"

ဖန်ကျန်းရီ၏ မျက်နှာမှာ သက်သောင့်သက်သာ ရှိနေပုံပေါ်သော်ငြား သူ၏စိတ်အခြေအနေမှာ အနည်းငယ် လေးလံနေခဲ့၏။

အဘိုးကြီးလီသာ ရေကြီးသည့်အကြောင်းကို မပြောပြခဲ့လျှင် သူ ဒီလို ဗျာများနေစရာမလိုပေ။ သူ တခြားကမ္ဘာမှ ရောက်လာပြီတည်းက ရုန်းကန်ခဲ့ရသည်။ နှစ်နှစ်လောက် ငြိမ်းချမ်းစွာ နေထိုင်ရရုံသာ ရှိသေးသည်။ ထပ်မံ၍ ဘေးအန္တာရယ်ကို ခံစားရဦးမည်လား။

ကျင်းဧကရာဇ်က ဖန်ကျန်းရီကို သေချာစွာ ကြည့်လိုက်ပြီးနောက် ခေါင်းကိုသာ ငုံ့ထားလိုက်သည်။

ခဏတာမျှ ထမင်းစားပွဲမှာ တိတ်ဆိတ်သွားပြီး မည်သူကမှ စကားမပြောကြတော့ချေ။

ညစာစားပြီးနောက် သူတို့လေးဦးစလုံး ချင်းချန် စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ကြပြီး ကျန်းမြစ် ရေကြီးမှု အကြောင်းကို ထပ်မံ၍ မပြောဆိုဖြစ်ကြတော့ပေ။

လေထုထဲရှိ ထူးဆန်းသော တိတ်ဆိတ်မှုကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ "လူကြီးမင်းတို့... ခင်ဗျားတို့ ပြီးခဲ့တဲ့တစ်ခေါက် လာလည်တာက အချိန်တိုပြီး မြန်ဆန်လွန်းတယ်။ ဒီနေ့ ကျုပ်မှာ အချိန်ရနေသလို ခင်ဗျားရဲ့ သားလည်း ဒီကို ရောက်နေတော့ လူကြီးမင်းတို့ သုံးယောက်စလုံးကို တောက်ယွမ်ခရိုင်အကြောင်း သေချာ လေ့လာနိုင်ဖို့ လိုက်ပြပေးပါ့မယ်။

ကြိုက်တာတွေ့ရင် အားမနာဘဲ ဝယ်လို့ရပါတယ်၊ စီးပွားရေး အခွင့်အလမ်းသစ်တွေကိုတောင် ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်။"

ကျင်းဧကရာဇ်ကလည်း သူ၏စိုးရိမ်ပူပန်မှုများကို မြိုသိပ်ထားလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဖန်မြို့ဝန်မင်း... ဒီလီ အမြဲတမ်း ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ကိစ္စနှစ်ခု ရှိပါတယ်၊ ဒီကိစ္စကို ရှင်းပြပေးဖို့ ဖန်မြို့ဝန်မင်းကို မေးခွင့်ပြုပါ"

"မေးပါ"

"ပထမအချက်က တောက်ယွမ်ခရိုင်က ဒီလောက် အမြတ်အစွန်းများတဲ့ အခွင့်အရေးကို ကိုယ်တိုင် မလုပ်ဘဲ ဘာလို့ ဒီလီ ဆီလွှဲပြောင်းပေးရတာလဲ။

ဒုတိယအချက်က ဒီလီက ကျင်းအင်ပါယာ တစ်ခုလုံးကို လေ့လာခဲ့ဖူးပေမဲ့ ဖန်မြို့ဝန်မင်းလောက် ကုန်သည်တွေအပေါ် ကြင်နာတဲ့ အရာရှိမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး၊ အဲဒါက ဘာအကြောင်းရင်းကြောင့်လဲ"

တကယ်တော့ ကျင်းဧကရာဇ်က ပြီးခဲ့သည့် ခရီးစဉ်အတွင်းကတည်းက ဤကိစ္စနှစ်ခုကို သိချင်နေခဲ့သော်ငြား အလျင်စလို ဖြစ်နေသောကြောင့် အခွင့်အရေး မရခဲ့ခြင်း ဖြစ်၏။

အာဏာပိုင်များက ကုန်သွယ်ရေးကို အောက်တန်းကျသော အလုပ်အကိုင်တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး မည်သူကမှ သူတို့ကို မလေးစားကြပေ။ ဖန်ကျန်းရီ၏ သဘောထားက အမှန်တကယ် ရှားပါးလှပြီး သူက လုံးဝ မောက်မာခြင်း မရှိခဲ့ချေ။

"ဟားဟား... အဘိုးကြီးလီက အကဲခတ်ကောင်းတာပဲ၊ ဘာလို့လဲဆိုတော့ ကျုပ်က အရမ်း သဘောကောင်းတဲ့ လူတစ်ယောက် ဖြစ်နေလို့ပေါ့"

ကျင်းဧကရာဇ်။ "..."

ကော်ထျန်းယန်၏ နှုတ်ခမ်းများက မဲ့ရွဲ့သွားသည်။

ဖန်ကျန်းရီက ဆက်ပြော၏။ "ကျုပ်က အဲ့ဒါကို ခင်ဗျားဆီ လွှဲပြောင်းပေးလိုက်ရတဲ့ တခြား အကြောင်းရင်း မရှိပါဘူး၊ အဓိကကတော့ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်မှာ ပညာတတ်ပြီး အသိဉာဏ်ရှိတဲ့ သာမန်ပြည်သူ အရမ်း နည်းပါးလွန်းလို့ပါပဲ၊ ကျုပ်က သူတို့ကို တောက်ယွမ်ခရိုင်ထဲမှာတော့ စောင့်ရှောက်ပေးနိုင်ပေမဲ့ အပြင်ဘက်ကို ရောက်သွားရင် အစအနတောင် မကျန်အောင် အနိုင်ကျင့်ခံရမှာကို စိုးရိမ်ရတယ်။

ဒုတိယအချက်အနေနဲ့ ကုန်သည်တွေရဲ့ အရေးပါမှုက ပညာတတ်တွေ၊ လယ်သမားတွေ၊ လက်မှုပညာရှင်တွေရဲ့ အရေးပါမှုထက် မလျော့နည်းပါဘူး၊ အဘိုးကြီးလီ... ခင်ဗျား ဒီသဘောတရားကို နားလည်ရမယ်။

ဆန်လိုမျိုးပဲ... လယ်သမားတစ်ယောက်ရဲ့ လက်ထဲမှာဆိုရင် တစ်ပြားပဲ တန်တယ်၊ ဒါပေမဲ့ ဒီဒေသကို ယူလာပြီး မက်မွန်ပွင့် အရက်အဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် အဆတစ်ရာလောက် တန်သွားနိုင်တယ်။

ခင်ဗျားရောင်းတဲ့ ကြွေထည်တွေလိုပဲ... တောင်ဘက်က ကြွေထည်တွေကို မြောက်ဘက်ကို သယ်သွားရင် တန်ဖိုး တက်သွားနိုင်တာပဲ။ ဒါတွေ အားလုံးက ကုန်သည်တွေရဲ့ ကူးသန်းသွားလာမှုအပေါ်မှာ မူတည်နေတာ၊ အဲဒါကို အရင်းအမြစ် ခွဲဝေမှုလို့ ခေါ်တယ်၊ အရင်းအမြစ်တွေကို မှန်ကန်စွာ ခွဲဝေပေးနိုင်ရင် ထုတ်ကုန်တိုင်းက သူ့ရဲ့ အမြင့်ဆုံး တန်ဖိုးကို ရောက်ရှိနိုင်တယ်၊ ဒါကြောင့် ကုန်သည်တွေက အရေးကြီးတယ်လို့ ခင်ဗျား မထင်ဘူးလား။

ကျုပ်ရဲ့ တောက်ယွမ်ခရိုင်ကို နန်းတွင်းက မေ့ထားတာ ကြာပြီ။ ခရိုင်ထောက်နဲ့ မှတ်တမ်းအရာရှိလို နေရာတွေက အခုထိ လစ်လပ်နေဆဲပဲ၊ ဒါကြောင့် စနစ်မှာ အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့ရတယ်၊ ဒါက တောက်ယွမ်ခရိုင်ကို ကုန်သွယ်ရေးဘက် ပိုအလေးထားလာစေခဲ့တာပါ၊ အပြင်လောကက ကုန်သည်တွေကို အထင်သေးကြပေမဲ့ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်ကတော့ အဲဒီလို သဘောထားမျိုး လုံးဝ မရှိပါဘူး။

ကျုပ်ရဲ့ တောက်ယွမ်ခရိုင် တောင်ဘက်မှာ အဆောက်အအုံငယ်လေးတွေ အုပ်စုတစ်ခုအဖြစ် အသစ် ဆောက်လုပ်နေပါတယ်၊ တစ်လုံးလောက် ဝယ်ချင်လား၊ ငွေအလုံအလောက် မရှိရင်တောင် ဒီခရိုင်က ခင်ဗျားကို ချေးငွေ ထုတ်ပေးနိုင်ပါသေးတယ်။

တခြားအရာကိုတော့ ကျုပ် အာမမခံနိုင်ပေမဲ့ တောက်ယွမ်ခရိုင်က နေထိုင်ဖို့နဲ့ အနားယူဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုဆိုတာတော့ သေချာပါတယ်"

သခင်လေးဖန်သည် အခွင့်အရေးကို အသုံးချကာ အဘိုးကြီးလီကို တောက်ယွမ်ခရိုင်တွင် အိမ်တစ်လုံး ဝယ်ရန် တိုက်တွန်းလိုက်ပြီး တောက်ယွမ်ခရိုင်နှင့် ချည်နှောင်ထားရန် ကြိုးစားနေသည်။ တပြိုင်နက်တည်းမှာပဲ သူ၏ စီးပွားရေး တွက်ကိန်းများကို စိတ်ထဲ၌ ဆူညံစွာ တွက်ချက်နေ၏။

မင်းပြောသမျှ အရာအားလုံးက အရောင်းအဝယ်အကြောင်းချည်းပဲ၊ မင်းက ဘယ်လို အရာရှိမျိုးလဲ။

ကော်ထျန်းယန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကုန်သည်တွေက ထုတ်လုပ်မှု မလုပ်ဘူး၊ ကုန်သည်တွေကို အားပေးအားမြှောက်လုပ်လို့ ကျင်းအင်ပါယာမှာ ရှိတဲ့လူတိုင်း ကုန်သွယ်ရေးဘက် လှည့်သွားရင် ပရမ်းပတာ ဖြစ်မသွားဘူးလား"

"ဟင်" ဖန်ကျန်းရီမှာ အံ့အားသင့်သွားသည်။

ခင်ဗျားလည်း ကုန်သည်တစ်ယောက် မဟုတ်ဘူးလား၊ ခင်ဗျားက ဘယ်ဘက်မှာလဲ။

ဖန်ကျန်းရီ၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်ချိန်မှာတော့ ကော်ထျန်းယန်က သူ စကားမှားသွားကြောင်း သိလိုက်ရပြီး အလျင်အမြန် ပြင်ဆင်ပြောဆိုလိုက်၏။ "ဒါက ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ သဘောတရားပါ"

ဖန်ကျန်းရီက ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။ "ရှေးခေတ်ကတည်းက သာမန်ပြည်သူတွေက ပိုးထည်တွေနဲ့ လိပ်ခွံတွေပေါ်မှာ စာရေးခဲ့ကြတယ်၊ ခင်ဗျား ဘာလို့ အခု စက္ကူကို သုံးနေတာလဲ။

ရှေးခေတ်ကတည်းက သစ်ပင်တွေခုတ် မီးရှို့ပြီး စိုက်ပျိုးရေး လုပ်ခဲ့ကြတယ်၊ အခု ဘာလို့ ထွန်ယက်ဖို့ နွားတွေကို သုံးနေကြတာလဲ။

ရှေးခေတ်က အရာတွေက အမြဲတမ်း မှန်နေလို့လား၊ နည်းလမ်းဟောင်းတွေကို ဆုပ်ကိုင်ထားတာက အမြဲတမ်း မှန်နေလို့လား၊ ကျင်းအင်ပါယာမှာ ရှိတဲ့လူတိုင်းသာ ကုန်သွယ်ရေး လုပ်ကြမယ်ဆိုရင် ဒီလောကကြီးက ပရမ်းပတာ ဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ ကျင်းအင်ပါယာမှာ ရှိတဲ့လူတိုင်းသာ ပညာတတ်တွေ ဖြစ်ကုန်ကြမယ် ဆိုရင်ရော လောကကြီးက ပရမ်းပတာ ဖြစ်သွားနိုင်လား။

လူတိုင်းမှာ စာဖတ်နိုင်စွမ်း မရှိသလို လူတိုင်းမှာ ကုန်သည်ဖြစ်နိုင်တဲ့ အရည်အချင်းလည်း မရှိပါဘူး။

လူတစ်ယောက်က စိုက်ပျိုးရေးလုပ်ရင်း ကုန်သွယ်ရေး လုပ်နိုင်သလို စာဖတ်ရင်းလည်း စိုက်ပျိုးရေး လုပ်နိုင်တာပဲ မဟုတ်လား၊ ဒါက ပိုပြီးတိုးတက်စေတယ်။

လူကြီးမင်းကော်... ခင်ဗျားက စီးပွားရေးသမား တစ်ယောက်ဖြစ်ပေမဲ့ ခင်ဗျားရဲ့ စိတ်က အရမ်းကို တင်းကျပ်နေတယ်။

ကျုပ်ရဲ့ တောက်ယွမ်ခရိုင်က ဘာလို့ ဒီလောက် ကြွယ်ဝချမ်းသာနေတာလဲ၊ ဘာလို့လဲဆိုတော့ ကျင်းမင်းဆက်မှာ ရှိတဲ့လူတိုင်းက ကုန်သည်တွေကို မုန်းတီးနေချိန်မှာ ဒီခရိုင်တစ်ခုတည်းကပဲ သူတို့ကို တန်ဖိုးထားလို့လေ၊ အဲဒါကြောင့်မို့လို့ တောက်ယွမ်ခရိုင်က အခုလို နေရာမျိုး ဖြစ်လာတာပဲ"

ကော်ထျန်းယန်မှာ မျက်နှာပူသွားသည်။ "ဒါပေမဲ့ ပြည်သူတွေသာ ကုန်သွယ်ရေးဘက် ပိုလှည့်သွားရင် သာမန်ပြည်သူ အရေအတွက် လျော့နည်းသွားပြီး စိုက်ပျိုးရေးအတွက် အချိန်လည်း နည်းသွားလိမ့်မယ်၊ တိုင်းပြည်မှာ စားနပ်ရိက္ခာ ထောက်ပံ့မှုက အခုတောင် မလုံလောက်ဘူး ဖြစ်နေတာ၊ ခင်ဗျား ပြောသလိုဆိုရင် နေရာတိုင်းမှာ ငတ်မွတ်ခေါင်းပါးပြီး သေကုန်ကြမှာ မဟုတ်ဘူးလား"

"အဘိုးကြီးလီ... ခင်ဗျားရဲ့ စာရင်းကိုင်မှာ ပုန်ကန်တတ်တဲ့စိတ် ရှိနေတယ်၊ သူက ခင်ဗျားကို အထင်သေးနေတာ"

ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်တော့ဘဲ ကျင်းဧကရာဇ်ထံ တိုက်ရိုက် တိုင်တန်းလိုက်၏။

ထိုခနဲ့တဲ့တဲ့ ပြောဆိုတတ်သူ၏ စကားများထဲတွင် မှန်ကန်နေသည့် အချက်တစ်ချက် ရှိနေ၏။ စိုက်ပျိုးရေးသည် အရာခပ်သိမ်း၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။ လတ်တလောတွင် စိုက်ပျိုးရေးကဏ္ဍမှာ များစွာ မဖွံ့ဖြိုးသေးသည့်အပြင် အာလူးကဲ့သို့ အထွက်နှုန်းကောင်းသည့် သီးနှံမျိုးလည်း မရှိသေးချေ။ တောက်ယွမ်ခရိုင် သည် အခြားဒေသများထံမှ အရင်းအမြစ်များကို အငမ်းမရ စုပ်ယူပြီးမှသာ အခြေခံအားဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား တောက်ယွမ်ခရိုင်၏ မြို့ဝန်တစ်ဦးအနေဖြင့် ဖန်ကျန်းရီသည် မိမိ၏ ကိုယ်ပိုင်ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားရန် လိုအပ်၏။ သို့မဟုတ်ပါက နောင်အနာဂတ်တွင် မိမိ၏ ဂုဏ်သိက္ခာကို မည်သည့်နေရာ၌ သွားထားရမည်နည်း။

"အို... ဒါက... ကျုပ် မဟုတ်ပါဘူး၊ ကျုပ် မလုပ်ပါဘူး၊ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့" ကော်ထျန်းယန်မှာ မျက်နှာပူသွားပြီး လက်ကာပြကာ အလျင်အမြန် ငြင်းဆိုလိုက်၏။

ကျင်းဧကရာဇ်က ပြောလိုက်သည်။ "ကော်က တကယ့်ကို ရိုင်းစိုင်းလွန်းတယ်၊ ပြန်ရောက်ရင် သူ့ကို ထိုက်တန်သလို အပြစ်ပေးလိုက်ပါ့မယ်"

ကော်ထျန်းယန်မှာ မတရား အနိုင်ကျင့်ခံရသော ဇနီးငယ်လေးကဲ့သို့ ချက်ချင်းပဲ မျက်နှာငယ်လေးနှင့် ဖြစ်သွားရှာ၏။

သူတို့ဘေးတွင် ရှိနေသော လီယွမ်ကျောက်၏ နှလုံးသားမှာ ဝမ်းသာပျော်ရွှင်မှုများကြောင့် ခုန်ပေါက်ထွက်လုနီးပါး ဖြစ်နေပြီး လက်ခုပ်တီးမိလုနီးပါးပင် ဖြစ်နေသည်။

စိတ်ဝင်စားစရာပဲ... အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီဖန်ကျန်းရီက တကယ်ကို အံ့ဩစရာကောင်းတဲ့ လူပဲ။ နန်းတော်မှာလည်း ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက် ရှိရင် ကောင်းမှာပဲ။

သူတို့အဖွဲ့က လမ်းမပေါ်တွင် ဆက်လက် လျှောက်လှမ်းသွားကြ၏။ လမ်းတစ်လျှောက်တွင် သာမန်ပြည်သူများက ဖန်ကျန်းရီကို အဆက်မပြတ် နှုတ်ဆက်နေကြသော်ငြား ကော်ထျန်းယန်ကမူ မျက်နှာသေဖြင့် တိတ်ဆိတ်နေခဲ့သည်။ ဖန်ကျန်းရီ ရှိနေသရွေ့ စကားတစ်ခွန်းမှ မပြောတော့ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။

လီယွမ်ကျောက်က ပတ်ဝန်းကျင်ကို ဆက်လက် ကြည့်ရှုနေပြီး ရုတ်တရက် စာအုပ်ဆိုင်လေး တစ်ဆိုင်ကို တွေ့လိုက်ရသည်။

ခမည်းတော် ပြန်ရောက်ရင် သူ့စာအုပ်တွေကို မီးရှို့ပစ်မယ်ဆိုတဲ့ အကြောင်း တွေးမိတော့ သူလည်း အလားတူ လုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာ၏။

အခွင့်အရေး ရတုန်း စာအုပ်နှစ်အုပ်လောက် ဘာလို့ မဝယ်ရမည်နည်း။ သူပိုင်ဆိုင်ထားတဲ့ စာအုပ်အမျိုးမျိုးမှာ လျိုကျင်းက အခက်အခဲတွေကြားမှ ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

အကုန်လုံး မီးလောင်သွားလျှင် သူ ဖတ်စရာ ဘာမှရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူက စာအုပ်ဆိုင်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်၏။ ဖန်ကျန်းရီနှင့် အခြားသူများက သူ့ကို လုံးဝ သတိမထားမိဘဲ အချင်းချင်း ဆက်လက် စကားပြောနေခဲ့ကြသည်။

လီယွမ်ကျောက်က စာအုပ်ဆိုင်သို့ ပြေးသွားပြီး စာအုပ်တစ်အုပ်ကို ကျပန်း ကောက်ယူလိုက်သည်။ ပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။

သူက အမျိုးအစား အစုံအလင်ရှိတဲ့ စာအုပ်များစွာကို ဖတ်ဖူးပေမဲ့ ဒီလို ထူးခြားပြီး သိမ်မွေ့တဲ့ ခေါင်းစဉ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ စာအုပ်၏ ခေါင်းစဉ်မှာ အတိအလင်း ရေးသားထားသည်။ "ဖန်မြို့ဝန်မင်း သာနော့စ်နဲ့ စစ်ခင်းခြင်း"

"သူဌေး... ဒီစာအုပ်က ဘာအကြောင်းလဲ"

စာအုပ်ဆိုင်ပိုင်ရှင်က သူစိမ်းတစ်ယောက်ကို မြင်ချိန်မှာတော့ သဘောကျသွား၏။ "ခင်ဗျားက မြို့ပြင်ကနေ လာတာ ဖြစ်ရမယ်၊ ဒါကိုတောင် မသိဘူးဆိုတော့ တစ်အုပ်လောက် ဝယ်ပြီး ဖတ်ကြည့်သင့်တယ်"

"ဒီစာအုပ်က ဂြိုဟ်သားမိစ္ဆာကောင် သာနော့စ် ကျင်းအင်ပါယာကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြောင်းနဲ့ ဖန်မြို့ဝန်မင်းက အန္တိမ ကျောက်တုံးခုနစ်တုံးကို စုဆောင်းပြီး အရှင်မင်းကြီးဆီ ဆက်သခဲ့တာ၊ အဲဒီနောက် အရှင်မင်းကြီးက မိစ္ဆာခေါင်းဆောင်ကို နှိမ်နင်းဖို့ စစ်တပ်လွှတ်လိုက်တဲ့ အကြောင်းကို ရေးထားတာ။ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ တစ်အုပ်ကို ကြေးပြား ငါးဆယ်ပဲ"

"ဟင်... သာနော့စ်၊ အန္တိမ ကျောက်တုံးတွေက ဘာတွေလဲ" လီယွမ်ကျောက်မှာ အံ့အားသင့်သွား၏။ ဒါကို ငါ ဘာလို့ မသိခဲ့တာလဲ။ ခမည်းတော်က ဂြိုဟ်သား မိစ္ဆာကောင် တစ်ကောင်ကို နှိမ်နင်းခဲ့ဖူးတာလား။

ထိုအချိန်မှာပဲ ဖန်ကျန်းရီက အနောက်မှ ရောက်ရှိလာသည်။ သူ၏မျက်နှာက နီရဲနေပြီး ရှက်ရွံနေပုံလည်း ပေါ်သည်။

‘ကလေးတွေအတွက် ဖန်တီးထားတဲ့ ဒီပုံပြင်ကို ဘယ်လူယုတ်မာက စာအုပ်လုပ်လိုက်တာလဲ’ သူက စိတ်ထဲမှ တွေးလိုက်သည်။

ကြည့်ရသည်မှာ တောက်ယွမ်ခရိုင်ရှိ စာပေယဉ်ကျေးမှု လုပ်ငန်းကို သူ စီမံခန့်ခွဲရန် လိုအပ်နေပြီ ဖြစ်၏။

ကျင်းဧကရာဇ်ကလည်း စာအုပ်၏ ခေါင်းစဉ်ကို မြင်ချိန်မှာတော့ အောင့်သက်သက် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

လီယွမ်ကျောက်က စာအုပ်ကို ဖွင့်ကာ အကြမ်းဖျင်း ဖတ်ရှုလိုက်ပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "ဒီလို စာအုပ်မျိုး တကယ် ရှိနေတာပဲ၊ လုံးဝကို သာမန်အရပ်သုံး စကားတွေနဲ့ ရေးထားတာပဲ၊ ဒီလောက် စက္ကူတွေ အများကြီး အလဟဿ ဖြစ်သွားတာ တကယ်ကို နှမြောစရာပဲ"

ထို့နောက် သူက 'လူငယ် အားချိုး'၊ 'သိုင်းလောက သူရဲကောင်းများ မှတ်တမ်း' နှင့် 'ရွှေတံဆိပ် ခရိုင်ဝန်' အစရှိသော စာအုပ်အချို့ကို ကျပန်း ဖွင့်လှစ်ကြည့်ရှုလိုက်သည်။

စာအုပ်အနည်းငယ်ကို ကြည့်ပြီးနောက် လီယွမ်ကျောက်က တွေးလိုက်မိ၏။ "ဘာလို့ အကုန်လုံးကို ရိုးရှင်းတဲ့ ဘာသာစကားနဲ့ ရေးထားရတာလဲ၊ ဘယ်လောက်တောင် ထူးဆန်းလဲ။"

ကျင်းဧကရာဇ်က အလိုအလျောက် ဘေးဘက်မှ လှည့်ကြည့်လိုက်ရာ တကယ်ပင် မှန်ကန်နေသည်။ "ဖန်မြို့ဝန်မင်း... တောက်ယွမ်ခရိုင်က လူတိုင်းက စာအုပ်ထုတ်ဝေလို့ ရတာလား၊ ပြီးတော့ အကုန်လုံးက ဒေသခံ ဘာသာစကားနဲ့ပဲ ရေးကြတာလား"

ဤခေတ်ကာလတွင် စာအုပ်များကို ဂန္ထဝင် တရုတ်ဘာသာစကားဖြင့်သာ ရေးသားလေ့ရှိကြသည်။ အရပ်သုံး ဘာသာစကားဖြင့် ရေးသားခြင်းကို ပညာတတ်များက အောက်တန်းကျသည်ဟု ယူဆကြပြီး ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိကြသည်။ ထို့ကြောင့် ဖန်ကျန်းရီသည် သူတို့၏ မေးခွန်းများကို မအံ့ဩခဲ့ပေ။

ဖန်ကျန်းရီက ရှင်းပြ၏။ "မှန်ပါတယ်... ငွေပေးနိုင်သရွေ့ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ စာပုံနှိပ်တိုက်တွေက ပြည်သူတွေအတွက် စာအုပ်တွေ ပုံနှိပ်ပေးနိုင်ပါတယ်၊ အရပ်သုံး ဘာသာစကားနဲ့ ပတ်သက်ပြီး ပြောရရင် တောက်ယွမ်ခရိုင်မှာ ပညာတတ် သိပ်မရှိပါဘူး၊ စာလုံးတွေကို သိဖို့တောင် အတော်လေး ခက်ခဲကြတယ်။

စာဖတ်ပြီး စာလုံးတွေ ပိုသိလာဖို့ စာအုပ်တွေ ရှိနေတာက အရမ်းကောင်းပါတယ်၊ နားလည်ရခက်ပြီး ခက်ခဲတဲ့ အရာတွေက အဓိပ္ပာယ် မရှိပါဘူး"

လီယွမ်ကျောက်က ပြန်လည်ချေပလိုက်သည်။ "ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်လဲ၊ ဒါက စက္ကူကို အလဟဿ ဖြုန်းတီးတာပဲ"

ဖန်ကျန်းရီက ဒေါသမထွက်ဘဲ တခစ်ခစ် ရယ်မောလိုက်၏။ ဤသည်မှာ တွေးခေါ်မှု၏ ကန့်သတ်ချက်ပင် ဖြစ်သည်။ ရှေးရိုးစွဲ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို နားမလည်နိုင်သကဲ့သို့ပင်။

သို့သော် အဖြေကို အချိန်က သက်သေပြပေလိမ့်မည်။

"အရပ်သုံး ဘာသာစကားရဲ့ အောက်တန်းကျမှုဆိုတာ ဘာလဲ၊ စာအုပ်ကောင်းတစ်အုပ်ဆိုတာ ဘာကိုခေါ်တာလဲ၊ ပြည်သူတွေ နားလည်ပြီး အသုံးဝင်တယ်လို့ ခံစားရတဲ့ စာအုပ်က စာအုပ်ကောင်းပဲ။

ရုံးတော် စာအုပ်ထုတ်ဝေရေးဌာနက သူတို့အတွက် လေးအုပ်ငါးကျမ်းကို ထုတ်ဝေပေးမယ်ဆိုရင် ပြည်သူတွေကို ဒုက္ခပေးသလို ဖြစ်စေလိမ့်မယ်၊ သင်ယူချင်စိတ်ရှိတဲ့သူတွေက ပိုပြီး နက်ရှိုင်းတဲ့ စာအုပ်တွေကို သဘာဝကျကျ ရှာဖွေကြလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောက်ယွမ်ခရိုင်ရဲ့ သာမန်ပြည်သူတွေ အားလုံးက ဒုက္ခသည်တွေပါ၊ ခရိုင်တစ်ခုလုံးမှာ စာဖတ်နိုင် ၊ စာရေးနိုင်တဲ့ သာမန်ပြည်သူ အရေအတွက်က လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရပါတယ်၊ အခုတော့ သာမန်ပြည်သူ အများစုက အားလပ်ချိန်တွေမှာ ဒီလို ပျော်စရာကောင်းတဲ့ စာအုပ်တွေကို ဖတ်ချင်နေကြပြီ၊ အဲ့ါက ကောင်းတဲ့ကိစ္စလို့ ခင်ဗျား ထင်လား၊ ဒါမှမဟုတ် ဆိုးတဲ့ကိစ္စလို့ ထင်လား"

လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် စိန်ခေါ်မှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေ၏။ "သေချာပေါက် မကောင်းဘူးပေါ့၊ ဒီလို ရိုင်းစိုင်းတဲ့ ဘာသာစကားက လူတစ်ယောက်ရဲ့ မျက်စိကို သေချာပေါက် ညစ်ညမ်းစေတယ်၊ ပိုဆိုးတာက စာလုံးအနည်းငယ်နဲ့ ရှင်းပြလို့ရတဲ့အရာတစ်ခုကို အရပ်သုံး ဘာသာစကားနဲ့ အဲဒီလောက် အရှည်ကြီး ရေးထားတာပဲ"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ရိုးရှင်းပြီး နားလည်ရ လွယ်ကူတဲ့အပြင် စာလုံးတွေ အများကြီး ရှိနေတာကလည်း အားသာချက်တွေထဲက တစ်ခုပါပဲ။

'လူ့သဘာဝအရ ပြီးပြည့်စုံတဲ့ စာကြောင်းတွေကို ငါ နှစ်သက်တယ်၊ စကားလုံးတွေက အထင်ကြီးလောက်စရာ မရှိရင် ငါ စိတ်မအေးဘူး'။

ဒီကဗျာကို အရပ်သုံး ဘာသာစကားနဲ့ ဘာသာပြန်မယ်ဆိုရင် ဒီလို ရေးရလိမ့်မယ်... 'ငါ့ဘဝမှာ ကောင်းမွန်တဲ့ ကဗျာစာကြောင်းတွေကို သေချာ စဉ်းစားကြည့်ရတာကို ငါ နှစ်သက်တယ်၊ စာကြောင်းတွေရဲ့ ဘာသာစကားက အံ့ဩစရာကောင်းတဲ့ အဆင့်တစ်ခုကို မရောက်ဘူးဆိုရင် ငါ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး'။

မြင်တဲ့အတိုင်းပဲ၊ အစက စာလုံးရေ ဆယ့်လေးလုံးပဲ ရှိတဲ့ စာကြောင်းကို ဒေသခံ ဘာသာစကားနဲ့ စာလုံးရေ သုံးဆယ့်ကိုးလုံးအထိ တိုးလာအောင် လုပ်လိုက်တာဆိုတော့ စာလုံးရေ နှစ်ဆယ့်ငါးလုံး ထပ်တိုးသွားတာပေါ့။

စာကြောင်းတစ်ကြောင်းက စာလုံးရေ နှစ်ဆယ့်ငါးလုံး ထပ်တိုးသွားနိုင်တယ်၊ ဂန္ထဝင် ဘာသာစကားကနေ အရပ်သုံး ဘာသာစကားကို ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်က အရှည် နှစ်ဆလောက် ပိုများသွားနိုင်တယ်။

အဲ့ဒီအဓိပ္ပာယ်က ရုံးတော်အနေနဲ့ စာအုပ်တစ်အုပ် ပုံနှိပ်ဖို့အတွက် မင်နဲ့ စက္ကူ နှစ်ဆ ပိုသုံးရလိမ့်မယ်၊ ဒါကြောင့် ပုံနှိပ်စက်ရဲ့ အရွယ်အစားကလည်း နှစ်ဆ ကြီးလာလိမ့်မယ်။

ရလဒ်အနေနဲ့ အလုပ်သမား ငှားရမ်းမှု အရေအတွက်က နှစ်ဆ တိုးလာမယ်၊ ဒါကြောင့် မင်နဲ့ စက္ကူ ထုတ်လုပ်တဲ့ လက်မှုပညာရှင် အရေအတွက်က နှစ်ဆ တိုးလာမယ်၊ ပြီးတော့ ကုန်ကြမ်း ထောက်ပံ့ပေးတဲ့ လူအရေအတွက်ကလည်း တိုးလာရလိမ့်မယ်။

ရလဒ်အနေနဲ့ စာအုပ်ဝယ်တဲ့ သာမန်ပြည်သူတွေ နားလည်ရ လွယ်ကူရုံသာမက အလုပ်အကိုင်နဲ့ ငွေပိုရှာနိုင်တဲ့ အခွင့်အရေးကိုပါ ရရှိလာကြတယ်။ အဲဒါက ကောင်းတယ်လို့ ထင်လား၊ ဆိုးတယ်လို့ ထင်လား။

လီယွမ်ကျောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စကားမပြောနိုင်တော့သော်ငြား တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရ၏။

ကျင်းဧကရာဇ်ကလည်း ဖန်ကျန်းရီကို ထူးဆန်းစွာ ကြည့်လိုက်သည်။ သူလည်း အခုလေးတင် အနည်းငယ် ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

အဒေါသထွက်ဆုံးသူမှာ ကော်ထျန်းယန် ဖြစ်၏။

ဖန်ကျန်းရီ၊ ဘာလို့ ဒီလောက်တောင် လမ်းမှားတွေ များနေရတာလဲ။ အိမ်ရှေ့စံနဲ့ အရှင်မင်းကြီး ထပ်ပြီး လှည့်စားခံလိုက်ရပြန်ပြီ။

All Chapters