← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း (၂၅) တာဝန်မကျေပွန်သော အိမ်ရှေ့စံ

ကျင်းဧကရာဇ်မှာ သူရပ်နေသော နေရာတွင်ပင် ထူးဆန်းစွာ ရပ်နေခဲ့၏။

စကားလုံးများက သူ့ကို အလင်းပြပေးခဲ့သော်ငြား ယင်းတို့ကို နားထောင်ရင်း လှည့်စားခံနေရသကဲ့သို့ ခံစားနေရသည်။

သို့သော်ငြား လီယွမ်ကျောက်က ချက်ချင်း တုံ့ပြန်လိုက်သည်။ "စာအုပ်တွေကို မီးရှို့ပစ်လိုက်ရင် ပိုတောင် ကောင်းသေးတာ မဟုတ်ဘူးလား"

ဖန်ကျန်းရီက သူ့ကို မသိကျိုးကျွံပြုကာဖြင့် ကျင်းဧကရာဇ်၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ ပြီးနောက် လေးနက်စွာဖြင့် ပြော၏။ "အဘိုးကြီးလီ... ခင်ဗျားရဲ့သား တွေးခေါ်ပုံက နည်းနည်း ပြဿနာရှိနေတယ်၊ သူက စာအုပ်ကို မီးရှို့ပစ်ချင်တယ်တဲ့..."

"တိတ်စမ်း မိစ္ဆာကောင်... နောက်တစ်ခါ ထပ်ပြောရဲသေးလား။ ငါ မင်းကို အလိုလိုက်ထားတာ များသွားလို့ မင်းက အခု စာအုပ်မီးရှို့ဖို့တောင် တွေးရဲနေပြီပေါ့"

ကျင်းဧကရာဇ်က ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သော်ငြား ရင်ထဲတွင်တော့ အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။

ဖန်ကျန်းရီ ဆက်မပြောတော့သည်မှာ ထင်ရှားပြီး သူ ဆက်မပြောနိုင်တော့ခြင်းလား သို့မဟုတ် မပြောချင်တော့ခြင်းလားဆိုသည်မှာ မသေချာချေ။

လီယွမ်ကျောက်က ချက်ချင်း ရပ်တန့်သွားပြီး ကျင်းဧကရာဇ်ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်သည်။

ဖန်ကျန်းရီက ရယ်မောလိုက်၏။ "ခင်ဗျားက တုံ့ပြန်မှု လွန်ကဲနေတာပါ... တုံ့ပြန်မှု လွန်ကဲနေတာပါ လူကြီးမင်းလီ၊ သူက ကလေးပဲ ရှိပါသေးတယ်။ ခွင့်လွှတ်လိုက်ပါ။ နောက်ပိုင်း စာအုပ် မီးမရှို့ရဘူးနော်၊ မီးနဲ့ ဆော့ရင် အဆူခံရမယ်။"

လီယွမ်ကျောက်၏ မျက်လုံးများက ဗေဒင်ဆရာတစ်ယောက်လို ပြူးကျယ်သွား၏။ ဘယ်သူက စာအုပ်ကို မီးရှို့လို့လဲ။ ငြင်းလို့မနိုင်တာနဲ့ အဖေနဲ့တိုင်တာ ဘယ်သူလဲ။

ထို့နောက် လီယွမ်ကျောက်က ပါးစပ်ကို ပိတ်ထားလိုက်ပြီး ဘာမှမပြောတော့ချေ။

သာမန်ပြည်သူ အနည်းငယ်က လမ်းမပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြပြီး အရှေ့ရှိ လူနှစ်ဦးသာ ရွှင်လန်းစွာ စကားပြောနေကြကာ အနောက်ရှိ သက်ကြီးရွယ်အိုနှင့် လူငယ်တို့မှာမူ ခေါင်းငုံ့ပြီး ပါးစပ်ကို ပိတ်ထားကြ၏။

ဤမြင်ကွင်းမှာ အတော်လေး ထူးဆန်းနေပုံရပြီး လမ်းသွားလမ်းလာများ၏ အကြည့်များကို မကြာခဏ ဆွဲဆောင် နေခဲ့သည်။

...

နေ့ဝက်အတွင်းမှာပဲ တောက်ယွမ်ခရိုင်၏ နေရာအတော်များများကို လည်ပတ်ကြည့်ရှုပြီးဖြစ်၏။

နေဝင်သွားပြီးနောက် နှစ်ဖွဲ့စလုံးက တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ခွဲခွာခဲ့ကြသည်။

ကျင်းဧကရာဇ်နှင့် သူ၏အစေခံတို့က ယိုကျန်းတည်းခိုခန်းသို့ ပြန်လာခဲ့ကြ၏။

လီယွမ်ကျောက်မှာ တစ်နေ့လုံး လျှောက်သွားပြီးနောက် အလွန် ပင်ပန်းနေခဲ့သောကြောင့် အနားယူရန် သူ၏ အခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ကျင်းဧကရာဇ်မှာတော့ အခန်းထဲရှိ စားပွဲပေါ်မှ မြေပုံကို အဆက်မပြတ် လိုက်လံ ကြည့်ရှုနေခဲ့၏။

ကော်ထျန်းယန်က စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အနောက်တွင် တိုင်တစ်တိုင်ကဲ့သို့ ရပ်နေခဲ့သည်။

အချိန်အတော်ကြာ အနားယူပြီးနောက် …။

ကျင်းဧကရာဇ်က မတ်တတ်ရပ်ကာ မြေပုံကို လိပ်ပြီး ပြောလိုက်၏။ "မင်း ဒီမှာနေပြီး အိမ်ရှေ့စံကို စောင့်ကြည့်နေ... ငါ ရုံးတော်ကို သွားမယ်"

"အရှင်မင်းကြီးက ဖန်ကျန်းရီကို သွားတွေ့မလို့လား"

ကော်ထျန်းယန်မှာ အနည်းငယ် စိုးရိမ်နေခဲ့၏။ နန်းတွင်းထဲသို့ မဝင်ရောက်မီကတည်းက အရှင်မင်းကြီး၏ ယုံကြည်မှုကို ဤမျှ ရရှိထားခြင်းက ကောင်းသော လက္ခဏာ တစ်ရပ် မဟုတ်ချေ။

"ရေကြီးမှု ဘေးအန္တရာယ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု သူ့ဆီမှာ ရှိတယ်လို့ ဖန်ကျန်းရီ ပြောတာကို အရှင်မင်းကြီး တကယ်ပဲ ယုံကြည်နေတာလား"

ကျင်းဧကရာဇ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "မင်း မမြင်ဘူးလား၊ ရေကြီးမှု ဘေးအန္တရာယ်က ဖြေရှင်းရ ခက်ခဲပေမဲ့ တကယ်ပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှိနိုင်တယ်ဆိုတာကို ဖန်ကျန်းရီရဲ့ စကားတွေကနေတစ်ဆင့် ငါ နားလည်လိုက်တယ်။

ပြဿနာက ဒီကလေး စကားမပြောချင်တာပဲ၊ သူက နန်းတွင်းကို အလန့်တကြား ဖြစ်သွားစေမှာကို စိုးရိမ်နေတာ ဖြစ်လိမ့်မယ်"

ကော်ထျန်းယန်က ခါးညွတ်ကာ လျှောက်တင်လိုက်၏။ "ဒီအစေခံအိုကြီးက အရမ်း ရိုးအလွန်းပါတယ်... ဒါပေမဲ့ ဖန်ကျန်းရီမှာ ကောင်းကင်မိုးကြိုးကိုခေါ်နိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကိုတော့ ကျွန်တော်မျိုး တကယ် မယုံကြည်နိုင်ပါဘူး။

သူ့မှာ အဲ့ဒီလို ဆုလာဘ်မျိုးသာ ရှိခဲ့မယ်ဆိုရင် သူက ကောင်းကင်ဘုံက လာတဲ့လူ ဖြစ်မနေဘူးလား၊ ဒီအစေခံရဲ့ အမြင်အရဆိုရင် သူက နိုင်ငံ့ ဘေးအန္တရာယ်ကနေ အမြတ်ထုတ်ဖို့ လုပ်နေတာ ဖြစ်နိုင်ပါတယ်။ ဖန်ကျန်းရီက ငွေကို အရမ်းမက်မောပြီး ရာထူးတိုးချင်ပုံ မပေါ်ပါဘူး"

ကျင်းဧကရာဇ်၏ လေသံတွင် တိတ်တဆိတ် ဒေါသတစ်ခု ပါဝင်နေခဲ့၏။

“ရည်မှန်းချက် မရှိတဲ့ အစိုးရ အရာရှိတစ်ယောက်၊ ဖန်ကျန်းရီက တကယ်ကို ရွံစရာကောင်းတာပဲ၊ ရေကြီးမှုအပြီးမှာ အဖြေတစ်ခု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖန်ကျန်းရီကို မြို့တော်ဆီ ခေါ်ရမယ်။ တိုင်းပြည်ကို အလုပ်အကျွေး မပြုရင် မိစ္ဆာကောင်နဲ့ ဘာကွာခြားတော့မှာလဲ။ သူသာ ငွေကို သဘောကျတယ်ဆိုရင် သူ့ကို လောကကြီးမှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာအောင် ငါ လုပ်ပေးနိုင်တယ်၊ ဘာလို့ သူက တောက်ယွမ်ခရိုင်မှာပဲ နေပြီး နောက်ဆုတ်နေရတာလဲ။"

"အရှင်မင်းကြီးက အရမ်းကို ပညာရှိပေပါတယ်"

"ဟမ့်... ငါသာ တကယ် ဉာဏ်ကောင်းခဲ့မယ်ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး ဖန်ကျန်းရီကို ငါ့နှာခေါင်းအောက်မှာ ပုန်းနေခွင့်ပြုခဲ့မှာ မဟုတ်ဘူး၊ ကောင်းပြီ... အရင်ဆုံး အိမ်ရှေ့စံကို သွားကြည့်မယ်၊ ပြီးရင် ရုံးတော်ကို တန်းတန်းမတ်မတ် သွားမယ်"

"မင်းနဲ့ အိမ်ရှေ့စံ ဒီမှာပဲ နားနေကြ၊ သူ့ကို လျှောက်သွားခွင့် မပြုနဲ့"

ထို့နောက် ကျင်းဧကရာဇ်က တံခါးကို ကျက်သရေရှိစွာ ဖွင့်လိုက်ပြီး အိမ်ရှေ့စံ၏ အခန်းဆီသို့ စတင် လျှောက်လှမ်းသွား၏။

အိမ်ရှေ့စံမှာ အလုပ်အကျွေး ပြုခံရသည်ကို သေချာပေါက် အကျင့်ပါနေပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် လျိုကျင်း မပါသောကြောင့် တံခါး မည်သို့ သော့ခတ်ရမည်ကိုပင် သူ မသိချေ။ တစ်ယောက်တည်း တိုင်ပတ်လို့နေသည်။

ကျင်းဧကရာဇ်မှာ ဤတစ်ကြိမ် အိမ်ရှေ့စံကို ခေါ်လာခဲ့ရသည့်အတွက် အနည်းငယ် ဝမ်းသာနေခဲ့၏။

အိမ်ရှေ့စံမှာ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ ကြီးပြင်းလာခဲ့ရပြီး ဉာဏ်ကောင်းသော်ငြား အတွေ့အကြုံ မရှိသေးချေ။ နှုတ်အားဖြင့် ကြမ်းတမ်းသော်ငြား ရင်ထဲတွင်တော့ အိမ်ရှေ့စံကို လောကခရီးကို လျှောက်လှမ်းရာ၌ အတက်အကျများစွာ မကြုံတွေ့စေချင်ပေ။

တခြားသော ယောက်ျားများ သူ့အရွယ်ဆိုလျှင် အခန်းထဲရှိ ပုခက်ထဲ၌ ကလေးများ တန်းစီအောင် အစွမ်းပြပြီး ဖြစ်သော်လည်း အိမ်ရှေ့စံကမူ အသုံးမကျသည့် အရာများနှင့်သာ လုံးပန်းနေပြီး မိန်းမကိစ္စကို စိုးစဉ်းမှ စိတ်မဝင်စားချေ။

ကျင်းဧကရာဇ်က တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။

အိမ်ရှေ့စံ အိပ်ပျော်နေပြီဟု သူ ထင်ခဲ့သော်ငြား မမျှော်လင့်ဘဲ အိပ်ခန်းထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်နေ၏။

ကျင်းဧကရာဇ်က စပ်စုချင်စိတ်ဖြင့် အသာ လျှောက်သွားလိုက်သည်။

အိမ်ရှေ့စံမှာ အိပ်ရာပေါ်တွင် ထူထဲသော စောင်ကို ခြုံကာ လှဲလျောင်းနေပြီး ကုတင်ဘေးတွင် ဆီမီးခွက် တစ်ခွက် ရှိနေကာ သူ၏ ညာဘက်လက်က စာအုပ်တစ်အုပ်ကို အဆက်မပြတ် လှန်လှောနေသည်ကို တွေ့လိုက်ရ၏။

ဆီမီးခွက်၏ အလင်းရောင်အောက်တွင် အိမ်ရှေ့စံ၏ မျက်နှာမှာ ထူးထူးခြားခြား ပန်းရောင်သန်းနေပုံ ရသည်။

အခန်းမှာ အလွန် တိတ်ဆိတ်နေသောကြောင့် အိမ်ရှေ့စံ၏ အသက်ရှူသံများမှာလည်း ထူးထူးခြားခြား ပြင်းထန်နေ၏။

ကျင်းဧကရာဇ်၏ စပ်စုချင်စိတ်က ပိုမို တိုးလာပြီး အိမ်ရှေ့စံထံသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ အိမ်ရှေ့စံက လုံးဝ သတိမထားမိခဲ့ချေ။ သူက စာအုပ်ထဲမှ အကြောင်းအရာများထဲ နစ်မြောနေဆဲပင်။

ကျင်းဧကရာဇ်က ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွား၏။

ဤစာအုပ်မှာ နေ့လယ်က စာအုပ်ဆိုင်မှ အိမ်ရှေ့စံ အဆင်အခြင်မဲ့စွာ ယူလာခဲ့သော အရပ်သုံး ဘာသာစကားဖြင့် ရေးသားထားသည့် ဝတ္ထုတစ်အုပ် အမှန်တကယ် ဖြစ်နေခဲ့သည်။

စာအုပ်၏ အကြောင်းအရာများမှာ သည်းခံနိုင်စရာ မရှိချေ။ အိမ်ရှေ့စံ ဖတ်နေသော အပိုင်းမှာ ဖုန်းခယ်လျန် ဟုခေါ်သော ရန်သူ အမျိုးသမီး သူလျှိုတစ်ဦးကို ခရိုင်ဝန်က ဖမ်းဆီးရမိပြီး လိင်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းနေသည့် အခန်း ဖြစ်သည်။

ကျင်းဧကရာဇ်မှာ ခဏတာမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်၏။

ဤသားမိုက်သည် ဤသို့သော ညစ်ညမ်းသည့် အရာများကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေလေ၏။ အမှန်စင်စစ် တောက်ယွမ်ခရိုင်၌ အထက်လူကြီးက ဖြောင့်မတ်မှုမရှိလျှင် လက်အောက်ငယ်သားများလည်း ကောက်ကွေးနေမည်သာ ဖြစ်ပေ၏။ မြို့ဝန်ကိုယ်တိုင်က မလျော်ကန်သကဲ့သို့ သူ စီစဉ်ပေးထားသည့် စာအုပ်များကလည်း ပို၍ပင် ဆိုးရွားလှချေ၏။

ထို့နောက် ကျင်းဧကရာဇ်က စာအုပ်ကို ဆွဲလုပြီး အဖုံးကို ကြည့်လိုက်ရာ မျက်နှာဖုံးတွင် "ရွှေတံဆိပ် ခရိုင်ဝန်" ဟု ရှင်းလင်းစွာ ရေးသားထားသည်။

စာအုပ်ကို ယူသွားသည်နှင့် တပြိုင်နက် အိမ်ရှေ့စံမှာ ထိတ်လန့်တကြားဖြင့် ထခုန်လိုက်သောကြောင့် ကုတင်ပေါ်မှတင် ပြုတ်ကျလေသည်။ ပြီးနောက် ဒေါသတကြီးဖြင့် ခေါင်းမော့ကြည့်လိုက်၏။

ဘယ်ခွေးသူတောင်းစားကများ အခုချိန်မှာ ငါ့စာအုပ်ကို လုရဲတာလဲ။

သူ့အဖေ ကျင်းဧကရာဇ် ဖြစ်နေသည်ကို မြင်ချိန်မှာတော့ လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားပြီး စောင်ကို တင်းကျပ်စွာ ဆွဲခြုံကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "သားတော်ဆီက ဘာလိုချင်လို့လဲ"

ကျင်းဧကရာဇ်၏ မျက်နှာမှာ မည်းမှောင်နေခဲ့၏။ သူက ပြောလိုက်သည်။ "ခေါင်းမာတဲ့ကောင်... မင်းက နန်းတော်ထဲမှာ သေချာ စာမသင်ခဲ့ရလို့ နန်းတော်အပြင်ရောက်တော့ ဒီလိုအရာတွေကို ဖတ်နေတာလား။

နေ့လယ်က မင်းရဲ့ အပြုအမူကို ကြည့်စမ်း … သေချာလည်း မကြည့်ဘူး၊ သေချာလည်း မစားဘူး၊ ဒီနေ့ မင်းကို သင်ခန်းစာ မပေးရင် မင်း နန်းတော်ကနေ ထွက်လာရတာ အလဟဿ ဖြစ်သွားလိမ့်မယ်။"

စကားဆုံးပြီးနောက် သူက လီယွမ်ကျောက်၏ ခေါင်းကို လိပ်ထားသော စာအုပ်ဖြင့် ရိုက်လိုက်၏။

လီယွမ်ကျောက်က လက်တစ်ဖက်ဖြင့် စောင်ကို ကိုင်ထားရင်း အခြား လက်တစ်ဖက်ဖြင့် ကာကွယ်ရန် ကြိုးစားရင်းမှ အသနားခံနေသည်။ "ခမည်းတော်... တရုတ်စာ သင်ဖို့အတွက် အမှတ်မထင် ရလာတာပါ"

"မရိုက်ပါနဲ့... မရိုက်ပါနဲ့တော့"

"မင်းကို မသိနားမလည်မှုတွေအကြောင်း ငါ သင်ပေးမယ်။"

ကျင်းဧကရာဇ်က ရိုက်လေလေ ဒေါသပိုထွက်လေလေ ဖြစ်လာပြီး လီယွမ်ကျောက်၏ လက်မောင်းကို ရိုက်လိုက်၏။

ကော်ထျန်းယန်က ထိုအသံကို ကြားချိန်မှာတော့ ပြေးလာပြီး ဒူးထောက်ကာ ကျင်းဧကရာဇ်ကို ဆွဲလျက် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒေါသကို ထိန်းပါအုံး၊ အရှင်မင်းကြီး... ဒေါသကို ထိန်းပါ၊ အိမ်ရှေ့စံက ဘာလုပ်မိလို့လဲ၊ သူက ကလေးပဲ ရှိပါသေးတယ်"

"ကလေးတဲ့လား... ကလေးက ဒီလို စာအုပ်မျိုး ဖတ်လို့လား"

'ရွှေတံဆိပ် ခရိုင်ဝန်' စာအုပ်က ကော်ထျန်းယန်၏ မျက်နှာဆီသို့ အရှိန်ပြင်းပြင်းနှင့် ရောက်လာသည်။ ကော်ထျန်းယန်မှာ မရှောင်တိမ်းနိုင်သောကြောင့် မျက်နှာအား တိုက်ရိုက် ထိမှန်သွား၏။

ထို့နောက် သူက စာအုပ်ကို အလျင်အမြန် ယူကာ လက်နှစ်ဖက်ဖြင့် ဆန့်တန်းလျက် ခေါင်းကို အရှေ့သို့ ညွတ်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒီည အရေးကြီးတဲ့ ကိစ္စတွေ ရှိပါတယ်... ဒီအစေခံက ဒီမှာပဲ နေပြီး အရှင်မင်းကြီးရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ပေးပါ့မယ်"

ကျင်းဧကရာဇ်က စာအုပ်ကို ပြန်ယူကာ လက်မောင်းအောက်တွင် ညှပ်ထားပြီး အေးစက်စွာ ပြောလိုက်၏။ "သူ့ကို သေချာ စောင့်ကြည့်ထား၊ နန်းတော် ပြန်ရောက်ရင် သူ့ကို လိုအပ်သလို အရေးယူမယ်"

သို့နှင့် သူက ယိုကျန်းတည်းခိုခန်းမှ အလျင်စလို ထွက်ခွာသွား၏။

အရှင်မင်းကြီး ထွက်သွားသည်ကို မြင်ချိန်မှာတော့ ကော်ထျန်းယန်က သူ၏ ချွေးစေးများကို သုတ်ပစ်လိုက်ပြီး ကုတင်ဆီသို့ အလျင်အမြန် ပြေးသွားသည်။

"အိမ်ရှေ့စံ စောင်ထဲက ကျေးဇူးပြုပြီး ထွက်လာပါတော့၊ အရှင်မင်းကြီး ထွက်သွားပါပြီ"

ထိုအချိန်တွင် အိမ်ရှေ့စံမှာ စောင်အောက်တွင် လုံးဝကို ညည်းတွားနေခဲ့ပြီ ဖြစ်၏။ ကော်ထျန်းယန်၏ အသံကို ကြားချိန်မှာတော့ သူက ခေါင်းအုံးတစ်လုံးကို ယူကာ ကော်ထျန်းယန်၏ မျက်နှာကို တည့်တည့် ပစ်ပေါက် လိုက်၏။

"ထွက်သွားစမ်း... ကျုပ် ဘောင်းဘီ မဝတ်ထားဘူး"

အပိုင်း (၂၆) ကန့်သတ်ချက်မရှိသော ကုသိုလ်ကံ၏ တန်ဖိုး။

ကျင်းဧကရာဇ်မှာ တောက်ယွမ်ခရိုင်အတွင်း ပထမဆုံးအကြိမ် ညဘက် လမ်းထွက်လျှောက်နေခြင်း ဖြစ်၏။

လမ်းကို ရှင်းလင်းစွာ မြင်ရစေရန်အတွက် မထွက်ခွာမီ တည်းခိုခန်း၌ တည်းခိုသူတစ်ဦးထံမှ မီးထွန်းစရာတစ်ခုကို သူ ငှားရမ်းခဲ့သည်။

လမ်းခရီးတွင် မီးအိမ်ကို ကိုင်ဆောင်ထားသော ကျင်းဧကရာဇ်မှာ စီးပွားရေးလုပ်ငန်း အများအပြား ဖွင့်လှစ်ထားဆဲ ဖြစ်သည်ကို မြင်ချိန်မှာတော့ အံ့အားသင့်သွား၏။

အထူးသောကြောင့် လမ်းဘေး ဈေးဆိုင်များတွင် ပြည်သူ အများအပြား ဈေးဝယ်နေကြသည်။

ချက်ပြုတ်ထားသော အစားအစာများမှ ရေနွေးငွေ့များနှင့် အနံ့များက လမ်းမများပေါ်တွင် အဆက်မပြတ် ပျံ့နှံ့နေခဲ့၏။

မြို့တော်တွင် ညမထွက်ရ အမိန့်ထုတ်ထားသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်ရာ ဤကဲ့သို့သော မြင်ကွင်းမျိုးက ကျင်းဧကရာဇ်အတွက် အလွန် အသစ်အဆန်း ဖြစ်နေပြီး အံ့ဩစရာ ကောင်းနေခဲ့သည်။

သို့သော်ငြား အရေးပေါ် အခြေအနေကြောင့် သူက လမ်းတွင် အချိန်မဖြုန်းနေဘဲ ရုံးတော်သို့ အလျင်အမြန် သွားခဲ့ကြ၏။

ရုံးတော် အဝင်ဝရှိ မုခ်ဦးတံခါးသို့ ရောက်ချိန်မှာတော့ အစောင့်နှစ်ဦးက ကျင်းဧကရာဇ်ကို တားဆီးလိုက်သည်။

ကျင်းဧကရာဇ်က သူ၏ရထားလုံးတွင် တပ်ဆင်ထားသော အမှတ်တံဆိပ်ကို ယူကာ အရာရှိနှစ်ဦးအား ပြသလိုက်၏။

ထိုနှစ်ဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်ကြပြီး မကြာခင် ပြောလိုက်သည်။ "ဒီမှာ ခဏစောင့်ပါ၊ ကျုပ်တို့ အထဲဝင်ပြီး လူကြီးမင်း ရောက်လာတဲ့အကြောင်း အရင် သွားပြောလိုက်ပါ့မယ်"

မကြာမီ ရှောင်ထောင်က ကျက်သရေရှိစွာ ထွက်လာပြီး ကျင်းဧကရာဇ်ထံသို့ ရောက်လာကာ ပြော၏။ "လူကြီးမင်းက လူကြီးမင်းလီ ဖြစ်ရမယ်၊ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ"

ရုံးတော်ရှေ့ရှိ ရင်ပြင်မှာ အမှောင်အတိ ကျနေပြီး သူတို့နှစ်ဦးစလုံး ခပ်မှန်မှန်ပဲ လျှောက်သွားကြသည်။

"မိန်းကလေး... မင်းကို ဘယ်လိုခေါ်ရမလဲ"

"ကျွန်မကို ရှောင်ထောင်လို့ပဲ ခေါ်ပါ"

ကျင်းဧကရာဇ်က ဆက်မေး၏။ "ဖန်မြို့ဝန်မင်း ဘယ်အချိန် အနားယူလဲ"

ရှောင်ထောင်က တခစ်ခစ် ရယ်မောလိုက်သည်။ "ကျွန်မတို့ သခင်လေးက ပုံမှန်ဆိုရင် ဒီအချိန် အိပ်ရာဝင်နေပြီ၊ ဒါပေမဲ့ ဒီနေ့တော့ သူ့စိတ်ထဲမှာ တစ်ခုခု ရှိနေပုံရတယ်၊ အဲ့ဒါကြောင့် ခြံဝန်းထဲမှာ ထိုင်ပြီး အရက်သောက်နေတုန်းပဲ"

"လူကြီးမင်း... ကျွန်မတို့ သခင်လေးကို ဘာကိစ္စများရှိလို့ လာတွေ့တာလဲဆိုတာ မေးခွင့်ပြုပါ"

"ကျန်းမြစ်မှာ ရေကြီးမှု ဖြစ်နေတယ်၊ ဖန်မြို့ဝန်မင်းက ဖြေရှင်းနည်း တစ်ခုခု ရထားတယ်လို့ ကြားလို့ ကျုပ် လာတွေ့တာပါ"

"ဟုတ်လား... ကျန်းမြစ်က ရေလျှံနေတာလား၊ ဒီလို ရာသီဥတုမျိုးမှာ ရေကြီးတယ်ဆိုတာ ရှားပါတယ်၊ အဲဒါကြောင့် သခင်လေး အနားမယူသေးတာ ဖြစ်မယ်"

ရှောင်ထောင် ထိုသို့ပြောလိုက်ခြင်းက ကျင်းဧကရာဇ်ကို အနည်းငယ် အံ့အားသင့်သွားစေ၏။ နေ့ခင်းဘက်တွင် ဖန်ကျန်းရီက ဂရုမစိုက်ဟန် ပေါက်နေသော်ငြား နောက်ကွယ်တွင် ဤသို့ ပြုမူလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤအစေခံမလေး နားလည်မှုလွဲနေခြင်းများ ဖြစ်မည်လား။

သူက ဆက်မေးလိုက်သည်။ "ကျန်းမြစ်ရေကြီးမှုက ပြည်သူသောင်းဂဏန်းလောက်ကို ထိခိုက်နေပြီ၊ ဖန်မြို့ဝန်မင်းက ရေကြီးမှုပြဿနာကို ဖြေရှင်းဖို့ တောင်ကို ဖြိုချမယ်။ အဲဒီအတွက် ကောင်းကင်မိုးကြိုးကို သုံးမယ်လို့ ပြောနေတာ ကျုပ် ကြားခဲ့တယ်။ ဖန်မြို့ဝန်မင်းက ကောင်းကင်က မိုးကြိုးကို တကယ်ပဲ ခေါ်နိုင်လို့လား"

"အသက်ဝင်တဲ့ မိုးကြိုးတဲ့လား"

ရှောင်ထောင်က ရုတ်တရက် ရပ်တန့်သွားပြီး ယမ်းမှုန့်များနှင့် လုပ်ဆောင်နေသော ကတ္တရာတွင်းသို့ ဖန်ကျန်းရီ ခေါ်သွားခဲ့သည့် မြင်ကွင်းကို သတိရသွား၏။

ထိုအချိန်က သူမ ထိတ်လန့်တုန်ယင်နေခဲ့ပြီး ဖန်ကျန်းရီက သူမကို စိတ်အေးသွားစေရန် ဖက်ထားပေးခဲ့ရသည်။

ထိုအမှတ်တရကို သတိရလိုက်ချိန်တွင် ရှောင်ထောင်၏ နှုတ်ခမ်းထောင့်များ၌ အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာခဲ့၏။

"သခင်လေးက ကောင်းကင်မိုးကြိုးကို ဘယ်လိုခေါ်ရမလဲဆိုတာ မသိပါဘူး၊ ဒါတွေ အကုန်လုံးက ကလေးတွေကို လှည့်စားဖို့ ဖန်တီးထားတဲ့ အလိမ်အညာတွေချည်းပါပဲ၊ ဒါပေမဲ့ သခင်လေးက အဲဒီလို ပြောတယ်ဆိုရင် ရေကြီးမှုက သေချာပေါက် ပြေလည်သွားပါလိမ့်မယ်"

"ဟုတ်လား... ဘာလို့လဲ" ကျင်းဧကရာဇ်၏ ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။

"လောကကြီးမှာ သခင်လေး မလုပ်နိုင်တဲ့အရာ မရှိဘူးလို့ ကျွန်မ ထင်တယ်"

ကျင်းဧကရာဇ်၏ နှလုံးသားမှာ နောက်တစ်ကြိမ် နင့်ခနဲ ဖြစ်သွားပြန်၏။ ဤသို့သော စကားမျိုးက နန်းတော်ရှိ အရာရှိများ သူ့ကို ပြောဆိုလေ့ရှိသည့် မြှောက်ပင့်စကားများနှင့် တူနေ၏။

"ဒါပေမဲ့... လူကြီးမင်းလီ ဒီည လာမယ်ဆိုတာကို သခင်လေးက ကြိုသိနေပုံရတယ်"

"ဟင်"

"လူကြီးမင်း မလာခင်ကတည်းက သခင်လေးက စားပွဲပေါ်မှာ အရက်ခွက် နှစ်ခွက် ပြင်ထားတာကို ကျွန်မ တွေ့လိုက်တယ်၊ အဲဒီအထဲက တစ်ခွက်က လူကြီးမင်းအတွက် ဖြစ်ဖို့များတယ်"

ကျင်းဧကရာဇ်၏ စိတ်ဓာတ်များ တက်ကြွလာ၏။ ဤသည်မှာ ဆွေးနွေးစရာ တစ်ခုခု ရှိနေကြောင်း အဓိပ္ပာယ် သက်ရောက်သည်။ ဆွေးနွေးပွဲ ရှိနေသရွေ့ မျှော်လင့်ချက်လည်း ရှိနေပေမည်။

ဖန်ကျန်းရီမှာ ဤမျှ ငယ်ရွယ်စဉ်မှာပင် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ရှိနေကြောင်း သူ သတိထားမိခဲ့ချေ။

သူတို့ စကားပြောနေစဉ်မှာပင် ခြံဝန်းအနောက်ဘက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

ရှောင်ထောင်က ခြံဝန်းထဲသို့ အရင်ဝင်သွားပြီးနောက် ကျင်းဧကရာဇ်အား ဝင်လာရန် အသိပေး ဖိတ်ခေါ်လိုက်၏။

ကျင်းဧကရာဇ် ခြံဝန်းထဲသို့ ဝင်လိုက်ချိန်တွင် ဖန်ကျန်းရီသည် ကျောက်စားပွဲ တစ်လုံးတွင် ထိုင်နေသည်။ လက်ထဲတွင် အရက်ခွက် တစ်ခွက်ကို ကိုင်လျက် လမင်းဆီသို့ မြှောက်ထားပြီး အလွန် ခမ်းနားသည့် ကိုယ်ဟန်အမူအရာကို ပြသနေကြောင်း ချက်ချင်း မြင်လိုက်ရသည်။

ဖန်ကျန်းရီက တစ်ချက် လှမ်းကြည့်လိုက်ပြီး ကျင်းဧကရာဇ် ဝင်လာသည်ကို မြင်ချိန်မှာတော့ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အဘိုးကြီးလီ... ဒီလောက် ညနက်နေပြီကို ဒီအာဏာပိုင်ဆီ ဘာကိစ္စများ ရှိလို့လဲ။ လာပါ... လာပါ၊ အရင် ထိုင်ပါအုံး။"

ကျင်းဧကရာဇ်က သူ့အနီးသို့ တန်းတန်းမတ်မတ် သွားထိုင်လိုက်သည်။ "ကောင်းပြီ... ဒါဆို လီက တိုက်ရိုက်ပဲ ပြောပါ့မယ်၊ ဖန်မြို့ဝန်မင်းက ကျန်းမြစ် ရေကြီးမှုကို တကယ် ဖြေရှင်းနိုင်လို့လား။

ဒီကိစ္စကို အောင်မြင်အောင် ဖြေရှင်းနိုင်မယ်ဆိုရင် နန်းတွင်းအတွက် ကြီးမားတဲ့ အလုပ်အကျွေး ပြုမှုကြီး ဖြစ်လာလိမ့်မယ်၊ အဲဒီအခါကျရင် ငွေတွေရဖို့ မပြောနဲ့... မြင့်မြတ်တဲ့ ဘွဲ့ထူးဂုဏ်ထူးတောင် ရနိုင်တယ်"

ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်၏။ "အဘိုးကြီးလီ... ခင်ဗျား အရာရှိရာထူးကို ဒီလောက်တောင် စိတ်ဝင်စားနေမှန်း ကျုပ် မသိခဲ့ဘူး၊ အရာရှိ ဖြစ်ရတာ ဘာတွေများ ကောင်းလို့လဲ၊ ဒီအာဏာပိုင်က ပြည်သူ အများကြီးကို အုပ်ချုပ်နေရပြီး နေ့တိုင်း ခေါင်းကိုက်နေရတာ၊ ချမ်းသာတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်ရတာက ပိုမကောင်းဘူးလား"

သူ၏ ပျင်းရိဖွယ်ရာ စကားများကို ကြားလိုက်ရချိန်တွင် ကျင်းဧကရာဇ်မှာ ဤအသုံးမကျသူကို လက်သီးနှစ်ချက်ခန့်ခပ်ပြင်းပြင်း ထိုးပစ်ချင်စိတ်များပင် ပေါက်လာသည်။

"လီက ကျင်းအင်ပါယာရဲ့ လက်အောက်ခံ တစ်ယောက်ပါ၊ ဧကရာဇ်မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှခံစားဖို့က ကျုပ်ရဲ့ တာဝန်ပဲ၊ ဖန်မြို့ဝန်မင်းကော အဲဒီလို မတွေးဘူးလား" သူက ပြောလိုက်၏။

"ကောင်းတယ်... ခင်ဗျား ပြောတာ အမှန်တရားပဲ"

ဖန်ကျန်းရီက စားပွဲကို ပြင်းထန်စွာ ရိုက်လိုက်သည်။ "ဒီအာဏာပိုင်ကလည်း ဧကရာဇ်မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို နေ့ရောညပါ ဝေမျှခံစားဖို့ပဲ တွေးနေတာ။ အဘိုးကြီးလီ... ကျုပ်တို့ နှစ်ယောက်က တကယ်ကို စိတ်သဘောထား တိုက်ဆိုင်တဲ့သူတွေပဲ၊ ဒါဆိုရင် ဒီအာဏာပိုင်က ခင်ဗျားကို ကြီးမားတဲ့ ကံကောင်းမှုတစ်ခု ပေးမယ်။

ဒီခရိုင်မှာ 'ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံ' ဆိုတဲ့ အရာတစ်ခု ရှိတယ်၊ အဲဒီအရာက ရေကြီးမှု ပြဿနာကို ဖြေရှင်းပေးနိုင်တယ်၊ ဒါပေမဲ့ လုံးဝ ပြေလည်သွားမယ်လို့တော့ ကျုပ် အာမမခံနိုင်ဘူး။"

ကျင်းဧကရာဇ်သည် ရင်ထဲတွင် အလွန် ဝမ်းသာသွား၏။ "ဒီကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံဆိုတာ ဘာလဲ"

ဖန်ကျန်းရီက လက်ကာပြလိုက်သည်။ "ခင်ဗျား စိတ်ပူစရာ မလိုပါဘူး၊ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်က ပြည်သူ အယောက်နှစ်ဆယ်ကို ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံတွေ သယ်ဆောင်ပြီး သဘာဝဘေး ကယ်ဆယ်ရေးအတွက် ကျန်းမြစ်ဆီ စေလွှတ်ပေးနိုင်တယ်၊ ကျန်တာ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာက ကံကြမ္မာရဲ့ အလုပ်ပဲ။

မြင်းလှည်းတွေ မြင်းတွေက အရမ်းနှေးတယ်၊ ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံက အရမ်း လေးလံတယ်၊ အဲဒါကို မြို့တော်နဲ့နီးတဲ့ ကျန်းလင် ဆိပ်ကမ်းကို ပို့ဆောင်ပြီး အဲဒီကနေ တောင်ဘက်ကို သင်္ဘောနဲ့ တင်ပို့ရမယ်၊ အဲဒီနောက်မှ ကျန်းမြစ်ဆီ မြင်းလှည်းနဲ့ သယ်သွားရမယ်၊ ဒီကာလအတွင်းမှာ လိုက်ပါစောင့်ရှောက်မယ့် လူတွေကို ခင်ဗျား စီစဉ်ပေးရမယ်။

ဒါကြောင့် ခုနစ်ရက်အတွင်း ရောက်နိုင်တယ်၊ ဒါပေမဲ့... တောက်ယွမ်ခရိုင်က ဒီရိုးသားတဲ့ လူတွေက သဘာဝဘေး ကယ်ဆယ်ရေးမှာ ခင်ဗျားကို ကူညီဖို့ သူတို့ရဲ့ အသက်ကို စွန့်လွှတ်နေကြရတယ်လေ။"

စကားပြောနေစဉ် ဖန်ကျန်းရီက သူ၏ လက်ချောင်းများကို အချင်းချင်း ပွတ်သပ်ပြလိုက်၏။

ကျင်းဧကရာဇ်က ထိုအရာကို နားလည်သွားပြီး အာဏာပါပါဖြင့် ပြောလိုက်သည်။ "ငွေတေးလ် နှစ်သောင်း"

ဟမ့် .. ဒီလောက် ငွေနည်းနည်းလေးနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝယ်ချင်တာလား။

"ငွေတေးလ် ငါးသောင်း"

"ဟို... လီ ဆီမှာ အဲ့ဒီလောက် ငွေအများကြီး မရှိဘူး..."

ဖန်ကျန်းရီ ဤမျှ ငွေအများကြီး တောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ကျင်းဧကရာဇ်သည် ရပ်နေသည့်နေရာတွင်ပင် ရှက်ရွံ့သွား၏။

"ပြဿနာမရှိပါဘူး၊ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်က အတိုးနှုန်း ငါးရာနဲ့ ချေးငွေ ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့... ခင်ဗျား သေချာ စဉ်းစားရမယ်နော်၊ ဒါက ကြီးမားတဲ့ လောင်းကစား တစ်ခုပဲ၊ ကျရှုံးသွားရင် အကုန် ဆုံးရှုံးသွားလိမ့်မယ်" ဖန်ကျန်းရီက ပြောလိုက်သည်။

ကျင်းဧကရာဇ်က တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း လက်ခံလိုက်၏။

အကယ်၍ နန်းတော်ကသာ ငွေတေးလ် နှစ်သိန်းကို တိုက်ရိုက် ထုတ်ပေးလိုက်မည်ဆိုပါက ထိုငွေများ နီးပါးအားလုံးကို စစ်ပွဲအပြီး ကာလအတွက် အသုံးပြုသွားမှာဖြစ်ပြီး သေချာပေါက် တစ်ပြားတစ်ချပ်မျှ ကျန်မည်မဟုတ်ချေ။ ထို့အပြင် ကျန်းကျန်းပြည်နယ်မှာ နောက်ပိုင်းတွင် သေချာပေါက် ငွေပိုမို လိုအပ်လာပေဦးမည်။

ငွေးတေးလ်ငါးသောင်ဖြင့် နှစ်သိန်းတေးလ်တန် ပြဿနာကို ဖြေရှင်းနိုင်ခြင်းက အလွန် ကောင်းမွန်သော အခြေအနေတစ်ခု ဖြစ်နေသည်။

ထို့အပြင် အနာဂတ်တွင် နန်းတော်သို့ ဝင်ရောက်လာပါက ဖန်ကျန်းရီသည် သူ့ဆီမှ ငွေတောင်းရဲမည် မဟုတ်ပေ။

ဖန်ကျန်းရီ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ "ပထမတစ်ချက် ကြည့်လိုက်တာနဲ့တင် ခင်ဗျားက ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူ တစ်ယောက်ဆိုတာ ကျုပ် နားလည်နိုင်ပါတယ်၊ အရာရှိတစ်ယောက် အနေနဲ့ ခင်ဗျားကို ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်"

ထို့နောက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ "ဒီအာဏာပိုင်က ခင်ဗျားကို လိမ်လည်ဖို့ ကြိုးစားနေတယ်လို့ ခင်ဗျား ထင်နေမှာပဲ၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံရဲ့ တန်ဖိုးကို တွက်ဆလို့ မရပါဘူး၊ ပြီးတော့ ငွေတေးလ် ငါးသောင်းဆိုတာကလည်း အရမ်းကို ဈေးပေါနေပါပြီ။

အကယ်၍ ရေကြီးမှု ဘေးအန္တရာယ်ကို ကံကောင်းထောက်မစွာ ကျော်လွှားနိုင်ခဲ့မယ်ဆိုရင် ကပ်ရောဂါတွေ မဖြစ်အောင် သတိထားပါ၊ ကြီးမားတဲ့ရေကြီးမှုအပြီးမှာ ကြီးမားတဲ့ ကပ်ရောဂါတစ်ခု သေချာပေါက် လာတတ်တယ်။

အလောင်းတွေ အားလုံးကို အဲဒီနေရာမှာပဲ မီးသင်္ဂြိုဟ်ရမယ်၊ ပြီးတော့ လူတွေကို ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတွေဆီ ရွှေ့ပြောင်းပေးရမယ်။

မြေနိမ့်ပိုင်း နေရာတွေက ရေအိုင်တွေကို ထုံးတွေနဲ့ ဖုံးအုပ်ဖို့ မမေ့နဲ့၊ ပြီးတော့ အအေးမိနေတဲ့ သူတွေကို ချက်ချင်း သီးခြား ခွဲထားရမယ်။

ကပ်ရောဂါ ဖြစ်ပွားလာရင် လူနာတွေကိုလည်း သီးခြား ခွဲထားသင့်တယ်၊ တစ်ချိန်တည်းမှာပဲ ရောဂါ မကူးစက်အောင် တခြားသူတွေက သူတို့ရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေကို အဝတ်စပါးပါးနဲ့ ဖုံးအုပ်ထားရမယ်။

ကျုပ်ပြောတာတွေကို ခင်ဗျား သံသယဝင်နေသေးတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒါတွေက တောက်ယွမ်ခရိုင်က နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေပါ၊ ကျုပ် ပြောတဲ့အတိုင်းသာ လုပ်ပါ … အို... ပြီးတော့ နောက်ထပ်..."

ဖန်ကျန်းရီ၏ အထင်ကြီးဖွယ်ရာစကားများကို နားထောင်ပြီးနောက် ကျင်းဧကရာဇ်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။

ဖန်ကျန်းရီက ဤကိစ္စကို အချိန်အကြာကြီး လေးလေးနက်နက် တွေးတောခဲ့ပြီး သေချာစွာ စီစဉ်ထားခဲ့ကြောင်း ထင်ရှားနေသည်။ ဤမျှ အသေးစိတ်ကျသော အစီအစဉ်မျိုးကို ချက်ချင်း ဆုံးဖြတ်ချက်ချကာ စဉ်းစားနိုင်မည် မဟုတ်ချေ။

ဤတစ်ခေါက် သူ မလာရောက်ခဲ့လျှင်ပင် ဖန်ကျန်းရီသည် သဘာဝဘေး ကယ်ဆယ်ရေးအတွက် ကူညီရန် နည်းလမ်းတစ်ရပ်ကို ရှာဖွေတွေ့ရှိလောက်ပေ၏။ ဤကလေးသည် တိုင်းပြည်နှင့် လူမျိုးအပေါ် အမှန်တကယ်ပင် ကြီးမားလှသည့် မေတ္တာတရားများ ထားရှိ၏။ ယခင်က သူ နားလည်မှု လွဲမှားခဲ့ခြင်းသာ ဖြစ်ရပေမည်။

ဖန်ကျန်းရီကို ကြည့်သော သူ၏အကြည့်များတွင် ယခုအခါ ကျေးဇူးတင် လေးစားမှုများ ပြည့်နှက်နေပြီ ဖြစ်၏။

"ဥပမာအနေနဲ့ ပြောရရင် ဒါပါပဲ၊ ဒါတွေ အကုန်လုံးကို မှတ်မိလား"

"မှတ်မိပါတယ်... လီလုံက ကျန်းမြစ်ကို ကိုယ်စားပြုပြီး ဖန်မြို့ဝန်မင်းကို ကျေးဇူးတင်ပါတယ်"

ထိုအချိန်တွင် ကျင်းဧကရာဇ်မှာ အလွန် ရွှင်လန်းနေခဲ့၏။ သူက ဖန်ကျန်းရီ အသုံးမပြုရသေးသော အရက်ခွက်ကို ယူကာ သူရဲကောင်းဆန်စွာဖြင့် ပြောလိုက်သည်။ "ဖန်မြို့ဝန်မင်းက လီရဲ့ အနာဂတ်ကို ဒီနေ့ စောစောစီးစီး သိရှိသွားပုံရတယ်၊ ဖန်မြို့ဝန်မင်းအတွက် ကျုပ် ဂုဏ်ပြုဆုတောင်းပေးပါရစေ"

စကားဆုံးပြီးနောက် သူက တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ဟင်... ဘယ်လိုအရာကြီးပါလိမ့်။

ကျင်းဧကရာဇ်က နှုတ်ခမ်းကို သပ်လိုက်သည်။ အရသာကမရှိဘဲ ရေလိုမျိုးပဲ … ဒါ ဘာအရက်ပါလိမ့်။

"ဟင် ….. အဘိုးကြီးလီ... ခင်ဗျား ဘာလို့ ကျုပ်ရဲ့ ပလုတ်ကျင်းရေကို ယူသောက်ရတာလဲ"

"........."

All Chapters