အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အပိုင်း (၂၇) ဧကရာဇ်မင်း၏ နှလုံးသားထဲရှိ ဂျိန်း
သူတို့နှစ်ဦး တိတ်တဆိတ် ထပ်မံတွေ့ဆုံကာ အသေးစိတ် အစီအစဉ်များကို အတည်ပြုခဲ့ကြပြီးနောက် ကျင်းဧကရာဇ်သည် ရည်မှန်းချက်ကြီးစွာဖြင့် ခြံဝန်းနောက်ဘက်မှ ထွက်ခွာလာခဲ့၏။
သို့သော်ငြား သူ၏ အစာအိမ်ထဲတွင် ပျို့အန်ချင်စိတ်တစ်ခုကို ခံစားနေရသည်။
ဤသည်က မည်သို့သော ထက်မြက်လှသည့် ဗျူဟာမျိုးနည်း။ ဖန်ကျန်းရီသည် ခွက်နှစ်ခွက်ကို အဆင်သင့် ပြင်ဆင်ထားပြီး ထိုအထဲမှ တစ်ခွက်ဖြင့် ပလုတ်ကျင်းပစ်ရမည်တဲ့လား။ ဘယ်လို ရူးကြောင်ကြောင် လုပ်ရပ်မျိုးနည်း။
အစေခံမလေးတစ်ဦး၏ စကားကို နားယောင်ရသည်အထိ သူ အမှန်တကယ်ပင် ရူးသွပ်နေခဲ့ခြင်း ဖြစ်ရမည်။
ကျင်းဧကရာဇ် ရောက်လာချိန်မှာတော့ ရှောင်ထောင်က လမုခ်ဦးတွင် မှီကာ အတွင်းဘက်သို့ ကြည့်နေကြောင်း မြင်လိုက်ရ၏။
ကျင်းဧကရာဇ်၏ အသွင်အပြင်ကို မြင်ချိန်မှာတော့ ရှောင်ထောင်က ပြုံးကာ မေးလိုက်သည်။ "လူကြီးမင်းလီနဲ့ ကျွန်မတို့ သခင်လေးရဲ့ တွေ့ဆုံမှုက အခြေအနေ ဘယ်လိုရှိလဲ"
ကျင်းဧကရာဇ်ကလည်း အနည်းငယ် ပြုံးလိုက်သည်။ "အရေးကြီးတဲ့ ကိစ္စကတော့ ရှင်းသွားပါပြီ၊ ဖန်မြို့ဝန်မင်းက ရိုးသားတဲ့သူ တစ်ယောက်ဖြစ်ပြီး အထင်ကြီးလောက်စရာ အရှိန်အဟုန်နဲ့ အလုပ်လုပ်တာပဲ"
"ဒါအလုပ်ဖြစ်မယ်ဆိုတာ ကျွန်မ သိသားပဲ" ရှောင်ထောင်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်၏။
"ဟုတ်လား... မင်းက ဘယ်လိုသိတာလဲ"
ဤတစ်ကြိမ်တွင် ကျင်းဧကရာဇ်၏ မျက်နှာပေါ်တွင် သံသယများ ဖြစ်ပေါ်လာခဲ့၏။ ဤကလေးမ၏ စကားကို သိပ်ယုံကြည်၍မဖြစ်ပေ။
ရှောင်ထောင်က ကောင်းကင်ရှိ လခြမ်းကွေးကို ကြည့်ကာ အတွေးနက်နေသကဲ့သို့ ပြောလိုက်သည်။ "လူကြီးမင်းလီက တောက်ယွမ်ခရိုင်မှာနေတာ မဟုတ်တော့ ကျွန်မတို့ သခင်လေး အကြောင်း သိပ်သိမှာ မဟုတ်ဘူး။
"လူကြီးမင်း စိတ်ကူးလို့တောင် ရနိုင်မှာမဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောက်ယွမ်ခရိုင်က ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံတွေ့ခဲ့တယ်။ သခင်လေးက ခုနောက်ပိုင်းနှစ်တွေမှာ ပုံမှန်အားဖြင့် နေ့တိုင်း နောက်ကျမှ ထတတ်တယ်၊ နေအတော်မြင့်တဲ့အထိ မနိုးဘူး။ ဒါပေမဲ့ အဲ့ဒီနှစ်တွေတုန်းက ကျွန်မတို့ သခင်လေးက တစ်ညလုံး မအိပ်ဘဲ ဘယ်လိုကယ်တင်ရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေခဲ့တာ...။
သခင်လေးရှေ့မှာတင် လူတွေ ဘေးအန္တရာယ်ကြုံပြီး အစာငတ်ပြတ်တာနဲ့ ရောဂါကြောင့် သေဆုံး သွားခဲ့ကြတယ်။ ကျွန်မ တစ်ခါ မြင်ဖူးတယ်၊ လူတစ်ယောက်က မသေခင်မှာ သခင်လေးရဲ့ လက်မောင်းကို ဆွဲပြီး နာကျင်စွာ အော်ဟစ်နေခဲ့တာ …။
ဒါပေမဲ့ နောက်ကျသွားပြီလေ။ အဲလူ ဆုံးသွားတယ်။ အဲ့ဒီညက သခင်လေး အရက်တွေ အများကြီး သောက်ပြီး မျက်ရည်တွေ အများကြီး ကျခဲ့တယ်..."
စကားပြောပြီးနောက် ရှောင်ထောင်က မျက်လုံးထောင့်ကို သုတ်လိုက်၏။ "ဒါပေမဲ့ အခုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ၊ တောက်ယွမ်ခရိုင်က လူတိုင်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နေကြပြီ၊ သခင်လေး ဒီမှာ ရှိနေသရွေ့ အရင်ဘဝမျိုးကို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်တော့ဘူး။
ကျွန်မတို့ သခင်လေးက ပထမတန်းစား ပရဟိတသမား တစ်ယောက်ပါ၊ သူက တခြားသူတွေရဲ့ ဆင်းရဲဒုက္ခကို မကြည့်ရက်ဘူး၊ ဒါကြောင့် လူကြီးမင်းလီ ဒီဘေးအန္တရာယ်အတွက် သခင်လေးကို အကူအညီ တောင်းမှတော့ သခင်လေးက သေချာပေါက် ငြင်းမှာ မဟုတ်ဘူးဆိုတာကို ရှောင်ထောင် သေချာ သိနေတာပါ"
ကျင်းဧကရာဇ်မှာ တိတ်ဆိတ်နေခဲ့သော်ငြား သူ၏နှလုံးသားမှာမူ ကြီးမားသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
အစက တောက်ယွမ်ခရိုင်နှင့် ပတ်သက်သည့် မှတ်တမ်းများတွင် ပုံကြီးချဲ့မှုများ အများအပြား ရှိနေသည်ဟု သူ ထင်ခဲ့သော်ငြား လွန်ခဲ့သော နှစ်အနည်းငယ်က အခြေအနေများမှာ အမှန်တကယ် မှန်ကန်နေပြီး သူ စိတ်ကူးထားသည်ထက် များစွာ ပိုဆိုးရွားခဲ့ပုံပင်။
တိုတောင်းလှသော နှစ်အနည်းငယ်အတွင်းမှာပဲ တောက်ယွမ်ခရိုင်မှာ ငရဲဘုံမှ ယနေ့ ဤအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
သူ မမျှော်လင့်ထားခဲ့သောအရာမှာ ဖန်ကျန်းရီကဲ့သို့ အပေါ်ယံတွင် တာဝန်မဲ့ပုံပေါ်သော သူတစ်ယောက်၌ ဤမျှ လေးနက်သော ရှုထောင့်မျိုး ရှိနေခြင်းပင်။
ကျင်းဧကရာဇ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီးနောက် နှစ်သိမ့်စကား ပြောလိုက်၏။ "ဒီလောက် ကြီးမားတဲ့ အရည်အချင်းရှိတဲ့သူဆိုတော့ ဖန်မြို့ဝန်မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိလာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်"
ရှောင်ထောင်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
"ကျွန်မတို့ သခင်လေးက တောက်ပတဲ့ အနာဂတ်ကို မလိုချင်ဘူး၊ ပြီးတော့ တောက်ယွမ်ခရိုင်က ပြည်သူတွေကလည်း သူ တောက်ယွမ်ခရိုင်ကနေ ထွက်သွားမှာကို မလိုလားကြပါဘူး၊ သူ့အတွက် ဒီလို ဘဝမျိုးက လုံလောက်နေပါပြီ"
ဖန်ကျန်းရီက ဤသို့သော လူမျိုး ဖြစ်နေသောကြောင့်ပင် တောက်ယွမ်ခရိုင်၌ ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့ချေ။ ဤလောက၌ ဆင်းရဲဒုက္ခ ခံစားနေရသည့် ပြည်သူများစွာ ကျန်ရှိနေသေး၏။
ကျန်းမြစ်ဆိုသည်မှာ သူ … ကျန်းဧကရာဇ် ကယ်တင်လိုသည့် အရာများထဲမှ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုမျှသာ ဖြစ်၏။
ကျင်းဧကရာဇ်က သက်ပြင်းချလိုက်ပြီး ရှောင်ထောင်ကို ကျေးဇူးတင်စကားဆိုကာ ထိုနေရာမှ တိုက်ရိုက် ထွက်ခွာသွားသည်။
...
တည်းခိုခန်းသို့ ပြန်ရောက်ချိန်မှာတော့ ညဉ့်နက်နေပြီ ဖြစ်သည်။ စားပွဲတွင် ထိုင်နေသော ကော်ထျန်းယန်မှာ တံခါးအပြင်ဘက်မှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသောကြောင့် တံခါးဖွင့်ရန် အလျင်အမြန် သွားလိုက်၏။
ကျင်းဧကရာဇ် ပြန်ရောက်လာသည်ကို မြင်ချိန်မှာတော့ သူက ကျင်းဧကရာဇ်၏ အပေါ်ရုံအင်္ကျီကို အလျင်အမြန် ကူညီ ချွတ်ပေးလိုက်သည်။
"အရှင်မင်းကြီး... ဖန်ကျန်းရီဆီက သတင်းရခဲ့လား"
ကျင်းဧကရာဇ်က ပြုံးလိုက်၏။ "ရခဲ့တာပေါ့... ဒီခရီးစဉ်ကနေ အများကြီး ရလိုက်တယ်၊ တောက်ယွမ်ခရိုင်မှာ တောင်တွေကို ဖြိုချပြီး ကျောက်ဆောင်တွေကို ခွဲပစ်နိုင်တဲ့ ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံ ရှိတယ်လို့ ဖန်ကျန်းရီက ပြောတယ်၊ ကျန်းမြစ်ကို ပြည်သူတွေ စေလွှတ်ပေးဖို့တောင် သူက သဘောတူလိုက်သေးတယ်။"
ကော်ထျန်းယန်က အံ့ဩတကြီး မေးလိုက်သည်။ "ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံ... အဲဒါက ဘာအဓိပ္ပာယ်လဲ"
"ကိုယ်တော်လည်း မသိဘူး၊ အဲဒီပစ္စည်းက အရမ်း တန်ဖိုးကြီးပြီး ဝယ်ဖို့ ငွေတေးလ် ငါးသောင်း ကုန်ကျမယ်ဆိုတာပဲ ကိုယ်တော် သိတယ်၊ ဖန်ကျန်းရီကို အကြိမ်အနည်းငယ် မေးကြည့်ပေမဲ့ သူက ဘာမှ ပြန်မဖြေဘူး၊ မနက်ဖြန် လက်ဖက်ခြောက်တွေ ရတာနဲ့ ရထားလုံးတွေကို ချက်ချင်း ပြင်ဆင်ပြီး မြို့တော်ကို ပြန်ကြမယ်။
ပြန်ရောက်တာနဲ့ အမှုထမ်းတွေကို အရပ်ဝတ်တွေ ဝတ်ခိုင်းပြီး ကျန်းလင် ဆိပ်ကမ်းမှာ ဖန်ကျန်းရီရဲ့ လူတွေနဲ့ သွားတွေ့ခိုင်းလိုက်၊ ပြီးရင် ဒီကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံဆိုတာ တကယ်တော့ ဘာလဲဆိုတာကို စုံစမ်းဖို့အတွက် နန်းတွင်း သက်တော်စောင့်တွေကို တောက်ယွမ်ခရိုင်ဆီ စေလွှတ်လိုက်။
ဟားဟား... ဖန်ကျန်းရီ ဘာတွေ ဒီလောက်တောင် လျှို့ဝှက်ထားလဲဆိုတာ ကိုယ်တော် ကြည့်ချင်တယ်"
ကျင်းဧကရာဇ်က သူ၏ အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ပြီးနောက် ကုလားထိုင်တွင် သက်သောင့်သက်သာ ထိုင်ကာ ရေနွေးကြမ်းကို သောက်လိုက်၏။
"ငွေတေးလ် ငါးသောင်း"
ကော်ထျန်းယန်က အော်ဟစ်လိုက်ပြီးနောက် စဉ်းလဲစွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး... ဖန်ကျန်းရီက အရှင်မင်းကြီးကို လှည့်စားနေတာ ဖြစ်နိုင်တယ်၊ စဉ်းစားကြည့်ပါအုံး ... အခု အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် အမှတ်အသားက ကုန်သည်တစ်ယောက်ပဲ ရှိသေးတာလေ၊ အဲဒီ ကန့်သတ်ချက်မရှိတဲ့ ကုသိုလ်ကံဆိုတာက ဖန်ကျန်းရီ ဖန်တီးထားတဲ့ အရာတစ်ခုသာ ဖြစ်နေမယ်ဆိုရင် အရှင်မင်းကြီးက သူ့ထောင်ချောက်ထဲ ကျသွားတာ မဟုတ်ဘူးလား"
ကျင်းဧကရာဇ်က လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ကြည့်ကာ ပြောလိုက်၏။ "မဟုတ်ဘူး"
"ယုံကြည်မှုဆိုတာ ကုန်သည်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ ဖန်ကျန်းရီက ကုန်သွယ်ရေးကို ဒီလောက်တောင် တန်ဖိုးထားတာဆိုတော့ သူ့ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်မယ့် ဘယ်အရာကိုမှ လုပ်မှာ မဟုတ်ဘူး။
ပြီးတော့ သူ ကိုယ်တော့်ကို လှည့်စားခဲ့ရင်ရော ဘာဖြစ်လဲ၊ အဲဒီ ငွေတေးလ် ငါးသောင်းကို တောက်ယွမ်ခရိုင်ဆီကနေ ချေးထားတာလေ၊ ဖန်ကျန်းရီက ကိုယ်တော့်ကို လှည့်စားရဲတယ်ဆိုရင် သူ့ခေါင်းကို ဖြတ်ပစ်လိုက်မယ်။"
အကယ်၍ လှည့်စားရန် ရည်ရွယ်ချက် တကယ် ရှိခဲ့မည်ဆိုပါက ဖန်ကျန်းရီက သူ့ကို ဤမျှ အများကြီး ပြောပြနေရန် မလိုအပ်ချေ။ ထို့အပြင်... တောက်ယွမ်ခရိုင်ရှိ လူတိုင်း၏ လုပ်ဆောင်ချက်များနှင့် အစေခံမလေး၏ စကားများက ဖန်ကျန်းရီ၏ စရိုက်လက္ခဏာကို သက်သေပြရန် လုံလောက်နေသည်။
သူက သာမန် ကုန်သည်တစ်ယောက် ဖြစ်နေလျှင်တောင်မှ ဖန်ကျန်းရီ၏ အလုပ်လုပ်ပုံအရ သူ့ကို လှည့်စားရန် အကြောင်းမရှိချေ။
သို့သော်ငြား ဤစကားများမှာ ကျင်းဧကရာဇ်၏ ရင်ထဲတွင်သာ ကျန်ရှိနေပြီး နှုတ်မှ ထုတ်မပြောခဲ့ပေ။
ကော်ထျန်းယန်မှာ တိတ်တဆိတ် ဝမ်းသာနေခဲ့၏။
“ဖန်ကျန်းရီ .. မင်းနဲ့ ငါ တွေ့ကြသေးတာပေါ့။ ငါ နန်းတော်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တာ၊ ဧကရာဇ်မင်းရဲ့ ရှေ့မှာ ဦးညွှတ်ပြီး နေခဲ့ရတာ။ အဓိပတိဝန်ကြီးတွေတောင် ငါ့ကို လေးစားကြတယ်။ သာမန် အဆင့်ခုနစ် အရာရှိတစ်ယောက်အနေနဲ့ မင်းက ငါ့ကို အကြိမ်ကြိမ် စော်ကားရဲတယ်ပေါ့။
နန်းတွင်း သက်တော်စောင့်တွေ မင်းကို သေချာ ကိုင်တွယ်နိုင်အောင် ငါ လုပ်ပြမယ်။”
တွေးတောနေစဉ်မှာပဲ ကော်ထျန်းယန်က ညင်သာစွာ ခေါင်းခါယမ်းလိုက်ပြီး ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်မိသည်။ သူ လွှတ်ခနဲ ပါးစပ်မှ ထွက်သွားမိ၏။
ကျင်းဧကရာဇ်က သူ့ဘက်သို့ လှည့်ကာ လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။ "အတွေးတွေထဲမှာ နစ်မြောနေမယ့်အစား ဖန်ကျန်းရီ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ မင်း မျှော်လင့်သင့်တယ်။
ကော်ပန်ပန်... မင်း ပိုပြီး အသုံးမကျလာဘူးလို့ ငါ ထင်တယ်၊ အသက်ကြီးလာတာနဲ့အမျှ မင်းရဲ့ စိတ်က အပ်ဖျားလေးလောက် ကျဉ်းမြောင်းလာတာပဲ။
ဖန်ကျန်းရီက မင်းကို သူ့ရဲ့ စကားတွေနဲ့ အကြိမ်အနည်းငယ် နာကျင်အောင် လုပ်ရုံလေးပါ၊ ဘာလို့ မင်းက သူ့အပေါ် အငြိုးအာဃာတ ထားနေရတာလဲ၊ မင်း ဒီလိုမျိုး လုပ်နေမယ်ဆိုရင်... နန်းတွင်း သက်တော်စောင့်တွေကို မင်းလက်ထဲ အပ်ဖို့ ငါ မယုံရဲတော့ဘူး"
ကော်ထျန်းယန်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး အလျင်အမြန် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီအစေခံက မတရား အနိုင်ကျင့်ခံနေရတာပါ...။ ဖန်မြို့ဝန်မင်းက ရေကြီးမှု ပြဿနာကို ချက်ချင်း ဖြေရှင်းပေးနိုင်မယ်လို့ ဆုတောင်းနေပါတယ်။ အဲဒါမှ အရှင်မင်းကြီး စိုးရိမ်ပူပန်မှုတွေကနေ ကင်းဝေးသွားမှာလေ။
ဒီအစေခံက အရှင်မင်းကြီးအတွက် အရမ်း ဝမ်းသာနေတာပါ"
ကျင်းဧကရာဇ်က လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ထစမ်း... မင်းအခန်းကိုသွား၊ သွားဒူးထောက်နေ"
ထိုသို့ပြောပြီးနောက် ကျင်းဧကရာဇ်က မတ်တတ်ရပ်ကာ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ကျင်းဧကရာဇ် သူ၏အခန်းသို့ ပြန်သွားကြောင်း မြင်ချိန်မှာတော့ ကော်ထျန်းယန်က မတ်တတ်ရပ်ကာ သူ၏ ချွေးစေးများကို သုတ်ပစ်လိုက်၏။
သူက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။
ဖန်ကျန်းရီက အမှန်တကယ်ပင် ဧကရာဇ်၏ အနှစ်သက်ဆုံး လူတစ်ယောက် ဖြစ်နေပြီပဲ။ ဒီခရီးစဉ်အပြီးမှာ ဖန်ကျန်းရီအပေါ် အရှင်မင်းကြီးရဲ့ သဘောထားက ပိုကောင်းလာပုံရတယ်။ အဲ့ဒီကောင်လေးက ဘယ်လို အပုပ်ချမှုတွေ ထပ်လုပ်ခဲ့ပြန်တာလဲ။
အာ... မဖြစ်ဘူး။ အနာဂတ်မှာ သူနဲ့ အဆင်ပြေအောင် ငါ နေရတော့မယ်။
အပိုင်း (၂၈) ဧကရာဇ်မင်း ပြောင်းလဲသွားပြီလား။
နောက်တစ်နေ့ နံနက်စောစောတွင် ကျင်းဧကရာဇ်နှင့် သူ၏ လူများသည် ခရိုင်ရုံးတော်သို့ ရောက်ရှိလာခဲ့၏။ ဖန်ကျန်းရီက လူသုံးယောက်နှင့် တွေ့ဆုံနိုင်ရန် ကြိုတင်စီစဉ်ပေးထားခဲ့သည်။
ချေးငွေစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ကျင်းဧကရာဇ်သည် တောက်ယွမ်ခရိုင်မှ ရထားလုံးဖြင့် ထွက်ခွာသွားခဲ့၏။ လီယွမ်ကျောက်မှာမူ ထွက်ခွာချင်ပုံမရသေးသောကြောင့် ကော်ထျန်းယန်က ရထားလုံးပေါ်သို့ အတင်းဆွဲတင်သွားခဲ့ရ၏။
ရထားလုံးပေါ်တွင် တစ်ယောက်တည်း စိတ်ကောက်နေသော လီယွမ်ကျောက်ကို ကြည့်ရင်း ကျင်းဧကရာဇ်မှာ အနည်းငယ် ရယ်ချင်သွားခဲ့၏။ အိမ်ရှေ့စံသည် အမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်သူဖြစ်သည်။ ယခုလို အမူအကျင့်မျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။
တောက်ယွမ်ခရိုင်က တကယ်ကို အမှတ်ရစရာကောင်းသည့် နေရာတစ်ခု ဖြစ်ပုံရသည်။ ထို့ကြောင့် မေးလိုက်၏။ “ယွမ်ကျောက် … နန်းတော်ကနေ ထွက်လာတဲ့ ဒီခရီးစဉ်ကနေ မင်း ဘာတွေ သင်ယူခဲ့ရလဲ”
လီယွမ်ကျောက်က နှာခေါင်းရှုံ့လိုက်၏။ “ဘာမှမသင်ယူခဲ့ရဘူး”
“ဆင်ခြင်စမ်း”
“ဟုတ်ပါတယ်… သားတော်က ပြည်သူတွေ ကြီးပွားချမ်းသာစွာ နေထိုင်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါက ခမည်းတော်ရဲ့ ကြိုးစားအားထုတ်မှု၊ စေ့စပ်သေချာတဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ မေတ္တာတရားတွေကြောင့် ဖြစ်လာရတဲ့ ကံကြမ္မာကောင်းပါပဲ”
ကံမကောင်းစွာဖြင့် အားလုံးက အလကားစကားတွေသာ ဖြစ်သည်။
ကျင်းဧကရာဇ်က လီယွမ်ကျောက်ကို ခေတ္တမျှ ကြည့်လိုက်၏။ “ကောင်းပြီလေ… ဒါဆိုရင် မင်း မြို့တော်ကို ပြန်ရောက်တဲ့အခါ နန်းတွင်းထဲ သွားရမယ်။ အဲဒီက အမှုထမ်းတွေရဲ့ ဘဝကို သေချာလေ့လာပြီး ကိုယ်တော့်ဆီ အစီရင်ခံရမယ်”
လီယွမ်ကျောက်က ခံစားချက်ကင်းမဲ့စွာဖြင့် ခေါင်းခါပြလိုက်သော်ငြား သူ၏စိတ်ထဲတွင်မူ တောက်ယွမ်ခရိုင်မှ ဆန်းသစ်တီထွင်မှု အမျိုးမျိုးကို ပြန်လည်မြင်ယောင်နေခဲ့သည်။
အထူးသဖြင့် ထိုဝက်သားခေါက်ဆွဲပြုတ်က တကယ်ကို လန်းဆန်းသွားစေခဲ့သည်။ သူ ပြန်ရောက်သည့်အခါ ကိုယ်တိုင် ဝက်တစ်ကောင်ကို သင်းကွပ်ပြီး မြည်းစမ်းကြည့်ဦးမည်။
တကယ်တော့ လွန်ခဲ့သည့်နှစ်ရက်အတွင်း ဒဏ္ဍာရီလာ ကျန်းပြောင်နှင့် ထိုမှော်ဆန်သော ဓာတ်ပြားစက်ကို မမြင်တွေ့ခဲ့ရသည်က အလွန်နှမြောစရာကောင်းလှသည်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လီယွမ်ကျောက် မော့ကြည့်လိုက်၏။ “ခမည်းတော်… ဖန်ကျန်းရီက အဆင့်ခုနစ်အရာရှိတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး မဟုတ်လား”
ကျင်းဧကရာဇ်က ဆိုလိုက်၏။ “ဟင်း… အရည်အချင်းမပြည့်မီတာတော့ အမှန်ပဲ။ ဒါ ပေမဲ့ ဖန်ကျန်းရီက ကောင်းကင်မိုးကြိုးကို ခေါ်ယူပြီး ရေဘေးအန္တရာယ်ကို ဖြေရှင်းနိုင်မယ်ဆိုရင် သူ လိုချင်တဲ့ ဘယ်ရာထူးကိုမဆို ပေးအပ်လို့ရတယ်။”
လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွား၏။ “ခမည်းတော်က သူ့ကို ရေဘေးအန္တရာယ် ဖြေရှင်းဖို့ စေလွှတ်လိုက်တာလား။ သူက ကောင်းကင်မိုးကြိုးကို တကယ်ခေါ်နိုင်လို့လား”
ကျင်းဧကရာဇ်က စိတ်မရှည်စွာဖြင့် လက်ရမ်းပြလိုက်သည်။ ဤသားတော်က အတော်လေး ထက်မြက်သော်ငြား တစ်ခါတစ်ရံတွင် အလွန်တုံးအလွန်းလှသည်။
“မိုးကြိုးတွေ ဘာတွေ မရှိဘူး။ ဒါက နောက်ပြောင်ရုံ သတ်သတ်ပဲ။ ပြန်သွားပြီး စာသာလုပ်စမ်းပါ”
လီယွမ်ကျောက်က ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ “တကယ်လို့ သူသာ ရေဘေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ သားတော်က မြို့ဝန်ဖန်ကို ဆရာတင်ချင်တာ”
“ဘာ… နန်းတော်ထဲက ဆရာတွေက ဖန်ကျန်းရီလောက် အရည်အချင်းမရှိဘူးလို့ ပြောချင်တာလား”
လီယွမ်ကျောက်က နှုတ်ခမ်းကိုမဲ့ကာ အထင်သေးစွာဖြင့် ဆိုလိုက်သည်။ “သားတော်တော့ အဲဒီလိုပဲ ထင်တယ်။ နန်းတော်ထဲမှာ လူလည်တွေနဲ့ချည်း ပြည့်နေတာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့စွမ်းရည်တွေကို သားတော် သင်ယူစရာ မလိုပါဘူး။ တကယ်လို့ အဲဒီဆရာတွေက မြို့ဝန်ဖန်ရဲ့ စကားပြောစွမ်းရည် တစ်ဝက်လောက်သာ ရှိမယ်ဆိုရင် သားတော် စာသင်တာကို ပျက်ကွက်မှာ မဟုတ်ဘူး”
“ဘာ… မင်းက စာသင်တာကို ပျက်ကွက်ရဲတယ်ပေါ့”
ကျင်းဧကရာဇ်၏ အသံက ချက်ချင်း မြင့်တက်သွား၏။ “နောက်တစ်ခါ စာသင်တာကို ပျက်ကွက်မယ်၊ ဒါမှမဟုတ် ဆရာတွေကို ဆန့်ကျင်မယ်ဆိုရင် မင်းကို အကျဉ်းချပြီး အပြစ်ပေးမယ်။ မင်းက ကျားနဲ့ ကျားသစ် ခြံဝန်းကို အဲဒီလောက်တောင် သဘောကျနေမှတော့ ကျန်တဲ့ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ ဖြတ်သန်းဖို့ နောက်ထပ် ကျားနဲ့ ကျားသစ် ခြံဝန်းတစ်ခုကို ငါ တည်ဆောက်ပေးမယ်… ကြားလား”
ကျင်းဧကရာဇ်၏ တင်းမာခက်ထန်သော လေသံကို ကြားလိုက်ရသောကြောင့် အတည်ပြောနေမှန်း သိသာသွားသည်။ လီယွမ်ကျောက် အနည်းငယ် တွန့်ဆုတ်သွားသော်ငြား နောက်ဆုတ်ပေးရန် ငြင်းဆန်နေဆဲပင်။ “မှန်ပါတယ်။ ဒါပေမဲ့ ဆရာတွေ သင်ပေးတာတွေက အခုချိန်မှာ ခေတ်မမီတော့ဘူး။”
“မြို့ဝန်ဖန် ပြောသလိုပါပဲ… ရှေးလူကြီးတွေရဲ့ စကားတွေက လုံးဝ မှန်ကန်နေတယ်ဆိုတာ သားတော်အမြင်မှာတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ဒီဒေသခံဘာသာစကားက တကယ်ကို ရိုးရှင်းပြီး သင်ယူရလွယ်ကူတယ်။ သားတော်လည်း ရှေးဟောင်းစာပေတွေထက် အဲဒါကို ဖတ်ရတာ ပိုပြီး အဆင်ပြေတယ်လို့ ခံစားရတယ်။ တကယ်လို့ ရှေးပညာရှိကြီးတွေသာ ဒါကို မြင်ခဲ့မယ်ဆိုရင် သားတော်ကို ပညာမတတ်ဘူး၊ စည်းကမ်းမရှိဘူးဆိုပြီး ဆူပူကြမှာ မဟုတ်ဘူးလား”
ကျင်းဧကရာဇ်မှာ အလွန်ဒေါသထွက်သွား၏။ “တိတ်စမ်း… မင်းက ဒီလိုပြောရဲသေးတယ်ပေါ့။ ဒါတွေအားလုံးက မင်း တိုးတက်ဖို့ မကြိုးစားလို့ပဲ။ နန်းတွင်းကို ပြန်ရောက်တာနဲ့ နေ့တိုင်း သုံးနာရီကြာ စာဖတ်ရမယ်။ ပြီးတော့ စာစီစာကုံး ဆယ်ပုဒ်ရေးရမယ်။ ပုဒ်ဖြတ်ပုဒ်ရပ် အမှားတစ်ခုပါတာနဲ့ နောက်ထပ် တစ်ပုဒ် ထပ်ရေးရမယ်”
လီယွမ်ကျောက် မျက်လုံးမှိတ်ကာ နှာခေါင်းရှုံ့၍၍ သူ၏ မကျေနပ်မှုကို ဖော်ပြလိုက်သည်။
ကျင်းဧကရာဇ်က ဒေါသတကြီး ရယ်မောလိုက်၏။ “ကောင်းပြီလေ… မင်းက ဖန်ကျန်းရီကို နန်းတော်ထဲ ဝင်ခွင့်ရစေချင်နေတာ မဟုတ်လား။ တကယ်လို့ မင်းသာ စာအုပ်ဆယ်အုပ်ကို တောက်လျှောက် ဖတ်နိုင်မယ်ဆိုရင် သူ့ကို ချန်ရှီရုံးတော်ထဲ ဝင်ခွင့်ပြုမယ်”
လီယွမ်ကျောက် မျက်လုံးပြူးသွားသော်လည်း အလွန်ဝမ်းသာသွားသည်။ အကယ်၍ ဖန်ကျန်းရီသာ ချန်ရှီရုံးတော်ထဲ ဝင်နိုင်ခဲ့မည်ဆိုပါက အခြေအနေက အလွန်ပျော်စရာကောင်းသွားမည်။ နန်းတွင်းကြီးကို အတော်လေး ငြီးငွေ့နေပြီဖြစ်သောကြောင့် အရာသစ်တစ်ခုကို ပိုင်ဆိုင်ရမည်ဆိုလျှင် အလွန်ပျော်ရွှင်မိမှာ သေချာသည်။
တောက်ယွမ်ခရိုင်က အလွန်စိတ်ဝင်စားဖို့ကောင်းပြီး ကြားသိရသလောက် အရာအားလုံးက ဖန်ကျန်းရီ၏ လက်ရာများသာ ဖြစ်၏။ သို့ဖြစ်၍ နောင်တစ်ချိန်တွင် ထိုသူသာ ချန်ရှီရုံးတော်သို့ ရောက်လာမည်ဆိုပါက…
“ခမည်းတော်… သားတော်တို့ သဘောတူညီချက်ရပြီနော်။ ကတိဖျက်လို့မရဘူး”
“ဧကရာဇ်တစ်ပါးရဲ့ စကားက တည်ပါတယ်”
...
ရထားလုံးမှာ အတွင်းမြို့တော်သို့ ရောက်ရှိလာပြီး ကျင်းဧကရာဇ်က လီယွမ်ကျောက်ကို အတွင်းမြို့တံခါးရှေ့၌ပင် တိုက်ရိုက် ချထားခဲ့သည်။ ထို့ပြင် အိမ်ရှေ့စံကို ကာကွယ်ရန် ကော်ထျန်းယန်မှတစ်ဆင့် အစောင့်များကို တိတ်တဆိတ် ခေါ်ယူစေခဲ့ပြီးနောက် သူကိုယ်တိုင်မူ ရထားလုံးပေါ်တွင် ဆက်လက်လိုက်ပါလျက် နန်းတော်တွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့၏။
နန်းတော်သို့ ပြန်ရောက်သည်နှင့် ညီလာခံခန်းမဆောင်သို့ ချက်ချင်း အပြေးအလွှား သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် ရက်အနည်းငယ်ကြာမျှ ဝေးကွာနေခဲ့ပြီး အိမ်ရှေ့စံကိုပင် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ရာ နန်းတော်အရာရှိများမှာ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။ အဝတ်အစားများ လဲလှယ်ပြီး သဝဏ်လွှာများကို လေ့လာရန်ပင် အချိန်မရလိုက်ချေ။
လီယန်စုန် ဦးဆောင်သော အရာရှိများက အလျင်အမြန် ဝင်ရောက်လာကြ၏။ သူ့ကို မြင်မြင်ချင်းပင် ချက်ချင်း ဒူးထောက်လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ “အရှင်မင်းကြီး ဘယ်လိုလုပ်ပြီး နန်းတော်ကနေ ခွင့်ပြုချက်မရဘဲ ထွက်ခွာသွားရတာလဲ။ ပြီးတော့ အိမ်ရှေ့စံကိုတောင် ခေါ်သွားသေးတယ်”
“လောကကြီးထဲက ပြည်သူတွေကို ဘယ်နေရာမှာ ထားမှာလဲ”
ကျင်းဧကရာဇ်က ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်သော်ငြား အမှားလုပ်မိမှန်း သိသွားသောကြောင့် ချက်ချင်း ဆိုလိုက်၏။ “အမတ်မင်းတို့… ကျေးဇူးပြုပြီး မတ်တပ်ရပ်ကြပါအုံး။”
သူတို့ထဲမှ အချို့မှာ မြေပြင်ပေါ်တွင် ရှိနေဆဲပင် ဖြစ်သည်။ “ကျွန်တော်မျိုးတို့ မထနိုင်ပါဘူး။ ကျန်းမြစ်ရဲ့ ရေဘေးက ပိုဆိုးရွားလာနေပါပြီ။ ကျန်းမြစ် အုပ်ချုပ်ရေးမှူးက အရှင်မင်းကြီး စစ်ဆေးဖို့အတွက် သီးခြား စာချွန်လွှာ သုံးစောင် တင်ပြထားပါတယ်”
“အရှင်မင်းကြီး… ဒါက ပြည်သူတွေ ရှင်သန်နိုင်ဖို့အတွက် အရေးကြီးတဲ့ အချိန်ပါပဲ။ တိုင်းပြည်ရေးရာတွေကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်ရတာလဲ”
“တော်ကြတော့… အားလုံး မတ်တပ်ရပ်ကြစမ်း။ ကိုယ်တော် နားလည်တယ်ဆို။”
ကျင်းဧကရာဇ်၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရချိန်မှာတော့ အမတ်အချို့မှာ တွန့်ဆုတ်စွာဖြင့် မတ်တပ်ရပ်လိုက်ကြ၏။
ဘဏ္ဍာရေးအမတ် ကျန်းရှီက ရှေ့သို့ထွက်လာကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး… ကျန်းမြစ် အုပ်ချုပ်ရေးမှူးက ကျွန်တော်မျိုးတို့ကို ထပ်ခါတလဲလဲ သတိပေးနေပါတယ်။ အခုချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ငွေတေလ်း နှစ်သိန်း လိုအပ်နေပါတယ်။
ဒါပေမဲ့ပေမဲ့ နန်းတွင်းရေးရာဝန်ကြီးဌာနက အခုလောလောဆယ် ဒီလောက်များပြားတဲ့ ငွေပမာဏကို မထောက်ပံ့ပေးနိုင်ပါဘူး… ကျေးဇူးပြုပြီး ညွှန်ကြားချက် ပေးသနားတော်မူပါ အရှင်မင်းကြီး”
ကျင်းဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ “တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ကနေ ငွေ နှစ်သိန်းတောင် မထုတ်ပေးနိုင်ဘူးဆိုရင် ကိုယ်တော့်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကရော ထုတ်ပေးနိုင်ပါ့မလား။ အခုလောလောဆယ် ငွေဘယ်လောက် ထုတ်ပေးနိုင်လဲ”
“ငွေစ တစ်သိန်းကျော်ပါ အရှင်မင်းကြီး… ဒါပေမဲ့ အခုအချိန်မှာ ပြားစေ့တစ်စေ့တိုင်းက အရေးကြီးနေပါတယ်။ ကျန်းမြစ်က ကျွန်တော်မျိုးတို့ မဟာကျင်းတိုင်းပြည်ရဲ့ စပါးကျီကြီးပါ။ တကယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေသာ ထိရောက်မှုမရှိခဲ့ဘူးဆိုရင် တိုင်းပြည်ကြီး ကမောက်ကမဖြစ်သွားမှာကို ကျွန်တော်မျိုးတို့ စိုးရိမ်မိပါတယ်။ ပြီးတော့ ဟန်ကျန်းပြည်နယ်မှာ မဖျက်ဆီးရသေးတဲ့ ချီယန်တိုင်းပြည်ရဲ့ အကြွင်းအကျန်တွေ ကလည်း ရှိနေဆဲပါ”
ကျင်းဧကရာဇ်က သူ၏ဝတ်ရုံလက်ကို ခါယမ်းကာ ကျယ်လောင်စွာ ဆိုလိုက်သည်။ “ဒါဆိုရင်လည်း ကောင်းပြီလေ… မင်းတို့အားလုံးရဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ကို ကိုယ်တော် ခံစားမိပါတယ်။ ဒါကြောင့် အရာရှိတွေဆီကနေ အလှူငွေ ကောက်ခံကြတာပေါ့။
ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး ကျရောက်လာပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ကလည်း အရေးပေါ်အခြေအနေ ကြေညာထားရပြီဖြစ်လို့ ဒီဘေးအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမယ်။
ကိုယ်တော်ကတော့ ငွေစ တစ်သောင်း စွန့်လွှတ်ပြီးပြီ။ ကိုယ်တော့်ရဲ့ အမတ်တွေကရော ဘယ်လောက်တောင် လှူဒါန်းနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
အမတ်အချို့မှာ ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဤပြဿနာထဲသို့ မည်သို့မည်ပုံ ပါဝင်ပတ်သက်သွားရသနည်းဟု တွေးတောနေမိကြ၏။
လီယန်စုန်က လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး… ကျန်းမြစ်ဆီကို ငွေစ တစ်သိန်း အရင်ပို့လိုက်ရင် မကောင်းဘူးလား။ အလှူငွေကောက်ခံဖို့ကို မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့… အချိန်က ဘယ်သူ့ကိုမှ မစောင့်ပါဘူး”
“မလောပါနဲ… နည်းနည်းလောက် ထပ်စောင့်ကြသေးတာပေါ့။”
‘အို… ဒါက ဘာသဘောလဲ။’
အမတ်များမှာ အလွန်ဒေါသထွက်သွားကြသည်။ ဧကရာဇ်မင်းက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုနေသည် မဟုတ်ပါလား။ ဧကရာဇ်မင်းသည် ယခင်က ဤသို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ အကယ်၍ ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများကို ခွဲဝေပေးပြီး ဖြစ်မည်။ သို့ပေမဲ့ ယခုအချိန်တွင် အဘယ်ကြောင့် ဤမျှ ဂရုမစိုက်သကဲ့သို့ ဖြစ်နေရသနည်း။
အခြားအမတ်တစ်ဦးက လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး… ကျွန်တော်မျိုးတို့ စောင့်လို့မရတော့ပါဘူး။ ဒီလောက် အရေးကြီးတဲ့ ကိစ္စရပ်ကို ဘယ်လိုလုပ်ပြီး အချိန်ဆွဲထားလို့ရမှာလဲ။ အရှင်မင်းကြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးဖို့ မျှော်လင့်ပါတယ်။”
“အရှင်မင်းကြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးဖို့ မျှော်လင့်ပါတယ်။”
ကျင်းဧကရာဇ်က စိတ်မရှည်စွာဖြင့် ဆိုလိုက်သည်။ “ကိုယ်တော် သိပါတယ်။ အားလုံး ထွက်သွားကြတော့… ဒီလောကကြီးမှာ ကျန်းမြစ်ရဲ့ ရေဘေးကလွဲလို့ တခြားဘာကိစ္စမှ မရှိတော့ဘူးလား။”
“အမတ်မင်းတို့… ကိုယ့်တာဝန်ကိုသာ ကိုယ်အာရုံစိုက်ကြစမ်းပါ။”
---