အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အပိုင်း (၂၉) အိမ်ရှေ့စံ၏ တိတ်တဆိတ် အလည်အပတ်ခရီး (အပိုင်း ၁)
လီယွမ်ကျောက်သည် ရထားလုံးပေါ်မှ ဆင်းပြီးနောက် ဖြည်းညင်းစွာ လမ်းလျှောက်သွားရင်း သူ၏မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေခဲ့၏။
နန်းတော်မှ ပထမဆုံး ထွက်ခွာလာချိန်က ညအမှောင်ထဲ တောက်ယွမ်ခရိုင်သို့ တိုက်ရိုက်သွားခဲ့သောကြောင့် မိမိ၏မြို့တော်ကို သေချာစွာ လေ့လာခွင့် မရခဲ့ပေ။ သို့သော်ငြား မကြာမီမှာပဲ လီယွမ်ကျောက် စိတ်ပျက်သွား ခဲ့သည်။
သိသာထင်ရှားစွာပင် ပတ်ဝန်းကျင်အခြေအနေက မကောင်းမွန်လှချေ။ လမ်းက မြေကြီးစစ်စစ်သာဖြစ်ပြီး မကြာသေးမီက မိုးရွာထားသောကြောင့် အနည်းငယ် ရွှံ့ဗွက်ထနေခဲ့၏။ နေရာများစွာတွင် ရေအိုင်ငယ်များပင် ရှိနေသည်။ ခြေလှမ်းအနည်းငယ် လှမ်းတိုင်း ထူးဆန်းသောအနံ့တစ်မျိုးကို ရနေပြီး ထိုအနံ့များက ကွဲပြား ခြားနားနေ၏။ အချို့က ရွံရှာဖွယ်ကောင်းကာ အချို့က ငါးညှီနံ့များဖြစ်သည်။ သို့သော်ငြား ထူးခြားစွာဖြင့် မည်သည့်အနံ့ကမှ မွှေးကြိုင် မနေခဲ့ပေ။
ပတ်ဝန်းကျင်ရှိ အိမ်များကို တောက်ယွမ်ခရိုင်ကဲ့သို့ အုတ်၊ ကျောက်များဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ မြေတိုင်၊ သစ်လုံးများဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။ အပြင်ဘက်နံရံများမှာ ညီညာမှုမရှိသလို အလှအပ ဆန်သော ဆွဲဆောင်မှုမျိုး လုံးဝမရှိချေ။ နံရံများကို အနီးကပ် ကြည့်ရှုချိန်မှာတော့ ထွက်နေသော သစ်လုံးတိုများကိုပင် တွေ့မြင်နိုင်သည်။
ပြတင်းပေါက်ဘောင်များနှင့် တံခါးရွက်များကို သစ်သားဖြင့် ပြုလုပ်ထားသော်ငြား သစ်သား၏ အရည်အသွေးက သိသိသာသာ နိမ့်ကျနေသည်။ ညံ့ဖျင်းသော သစ်သားများမှာ လေနှင့် မိုးဒဏ်ကို အချိန်ကြာမြင့်စွာ ခံရသောကြောင့် မီးခိုးရောင်နှင့် အဖြူရောင်အဖြစ်သို့ စတင်ပြောင်းလဲနေပြီ ဖြစ်၏။
တံခါးရွက်များသာ ကွာခြားနေသည်။ နှစ်ပေါင်းများစွာ တွန်းဖွင့်ခဲ့သောကြောင့် အလယ်ပိုင်းတွင် အမဲရောင် အညစ်အကြေးများ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ ဤအရာများနှင့် နှိုင်းယှဉ်ပါက တောက်ယွမ်ခရိုင်ရှိ အိမ်များက အနုပညာဟုပင် ယူဆနိုင်သည်။
လမ်းပေါ်ရှိ လမ်းလျှောက်နေသူများမှာလည်း အသက်ဝင်မှုမရှိဘဲ ဤညစ်ပတ်ပြီး ရှုပ်ထွေးနေသော ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်ချိန်မှာတော့ လမ်းလျှောက် အလောင်းကောင်များနှင့်ပင် တူနေ၏။
လီယွမ်ကျောက်သည် ထိုနေရာတွင် ရပ်နေရင်း သူ၏မျက်လုံးများထဲ၌ အနည်းငယ် ရှုပ်ထွေးမှုများ ရှိနေသည်။ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာပင် ပေါ်လာခဲ့သည်။
နန်းတော်ထဲရှိ ဆရာများက နန်းတော်အပြင်ဘက်ရှိ ပြည်သူများသည် ပညာရှိများ၏ သွန်သင်ဆုံးမမှုကို မရရှိခဲ့သောကြောင့် အလေ့အကျင့်ကောင်းများ နည်းပါးကြောင်း ယခင်က ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် သူတို့၏ သားသမီး ပြုစုပျိုးထောင်မှုက အလွန်ညံ့ဖျင်းကြောင်းနှင့် ထိုအရာကို အသုံးပြု၍ သူ့ကို စာပိုဖတ်ရန် သင်ကြား ပေးခဲ့ကြ၏။
ဤမြင်ကွင်းက သူ စိတ်ကူးယဉ်ဖူးသည်ထက် အများကြီး ပိုအရိုင်းဆန်နေသည်။
သို့ပေမည့် နန်းမြို့တော်ကြီးသည် တောက်ယွမ်ခရိုင်နှင့် နှိုင်းယှဉ်ပါက ကွာခြားချက် အလွန်ကြီးမားလှ၏။ ဖန်ကျန်းရီက တကယ်ပဲ ပညာရှိတစ်ယောက် ဖြစ်နေသည်လား။
မဟုတ်ဘူး… ဒါ မဖြစ်နိုင်ဘူး။
တောက်ယွမ်ခရိုင်က ပြည်သူတွေ ဖတ်တဲ့စာအုပ်တွေက ပညာရှိတွေရဲ့ စာအုပ် မဟုတ်ဘူး။ ဒါဆို ဘာလို့ လမ်းတွေက သန့်ရှင်းနေရတာလဲ။ ဘာလို့ အိမ်တွေက သေသပ်ကျနနေရတာလဲ။ ပြီးတော့ ဘာလို့ ပြည်သူတွေက အသက်ဝင် တက်ကြွနေရတာလဲ။
လီယွမ်ကျောက် အတွေးထဲ နစ်မြောနေစဉ် ကော်ထျန်းယန်က အစောင့်များကို အလျင်အမြန် စီစဉ်ပြီး သူ၏နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ လီယွမ်ကျောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဖိနပ်များ မပေကျံစေရန် ခြောက်သွေ့သော မြေပြင်ပေါ်သို့ ဂရုတစိုက် နင်းရန် ကြိုးစားလိုက်၏။
သူ၏နောက်မှ အသံထွက်ပေါ်လာတော့ ကော်ထျန်းယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ကော်ပန်ပန်… ဒါက ဘယ်နေရာလဲ”
“အိမ်ရှေ့စံမင်းသားကို လျှောက်တင်ပါတယ်… ဒါက အတွင်းမြို့တော်ရဲ့ မြောက်ဘက်တံခါးပါ”
“အခု ကျုပ်တို့က မြို့တော်ရဲ့ နယ်နိမိတ်ထဲမှာ ရောက်နေတာတောင် ဘာလို့ ဒီလောက် ညစ်ပတ်ပြီး ရှုပ်ထွေး နေရတာလဲ။ တောက်ယွမ်ခရိုင်ထက်တောင် ပိုဆိုးနေသေးတယ်။”
ကော်ထျန်းယန်က ပြုံးလိုက်၏။ “အိမ်ရှေ့စံက နန်းတော်ထဲကနေ ပထမဆုံးအကြိမ် ထွက်လာတာဆိုတော့ အခြေအနေကို နားမလည်တာပါ။ ဒီအပြင်မြို့တော်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ စတင်တည်ဆောက်ခဲ့တာပါ။
မြို့လယ်ခေါင် အဝင်ဝနားက ဒီအပိုင်းကို နောက်ပိုင်းမှ တိုးချဲ့ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တစ်နိုင်ငံလုံးက ပြည်သူတွေ၊ အထူးသဖြင့် ဒုက္ခသည်တွေ ဒီနေရာကို စုရုံးရောက်ရှိလာခဲ့ကြတယ်။ ခပ်လှမ်းလှမ်းကို ဆက်လျှောက်သွားရင် ပိုကောင်းပါလိမ့်မယ်”
လီယွမ်ကျောက် နှုတ်ခမ်းကိုကိုက်ကာ အပြင်မြို့တော်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “မဟုတ်ဘူး… ကျုပ် အပြင်မြို့တော်ကို သွားပြီး ကြည့်ချင်တယ်”
ကော်ထျန်းယန်မှာ ရုတ်တရက် ခေါင်းကိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ အစောင့်များကို မျက်လုံးဖြင့် အလျင်အမြန် အချက်ပြလိုက်၏။
ဧကရာဇ်မင်းက အတော်လေး ပြဿနာရှာတတ်ပြီး ဤသခင်လေးကလည်း ထိုထက် မလျော့ချေ။ မြို့ပြင်ဘက်တွင် ပြည်သူ အမျိုးမျိုးရှိနေပြီး မြို့ကလည်း ညစ်ပတ်နေ၏။ ကြည့်စရာ ဘာများရှိနေသနည်း။
လှပသေသပ်စွာ ပန်းထိုးထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အိမ်ရှေ့စံမှာ ဝံပုလွေတွင်းထဲမှ သိုးသူငယ်လေးနှင့် တူနေ၏။ ထို့ကြောင့် သူက ပြောလိုက်သည်။ “အိမ်ရှေ့စံ… စောစော ပြန်ကြရအောင်ပါ။ ဧကရာဇ်မင်းကို စိတ်မပူပါစေနဲ့”
လီယွမ်ကျောက်မှာ ရှင်းပြ၍မရသော မသက်မသာဖြစ်မှုကို ခံစားလိုက်ရပြီး လက်ကိုဝှေ့ယမ်းကာ လမ်းဆက်လျှောက်ရန် ခြေလှမ်းလိုက်၏။
ကော်ထျန်းယန်က သူ၏လက်ကို မြန်ဆန်စွာ ခါယမ်းပြလိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ ပုန်းကွယ်နေသော အစောင့်များကလည်း တိတ်တဆိတ် လိုက်ပါလာကြသည်။
အပြင်မြို့တော်သို့ ရောက်ရှိချိန်မှာတော့ ဤနေရာသည် အတွင်းမြို့တော်တံခါးအနီးရှိ ဒေသနှင့် များစွာ မကွာခြားကြောင်း တွေ့ရသည်။ ကာကွယ်ပေးမည့် စစ်သားများ မရှိသောကြောင့် ပြည်သူများ၏ အရေအတွက်က မြို့လယ်ခေါင်ထက် များစွာ ပိုများနေနိုင်သည်။ ကလေးများစွာ အပြင်ဘက်တွင် ကစားနေကြပြီး ဟင်းသီးဟင်းရွက် ရောင်းသူများနှင့် အဝတ်လျှော်သူများက လမ်းဘေးတွင် အလုပ်လုပ်နေကြ၏။ ထို့ကြောင့် လေထဲရှိ ထူးဆန်းသောအနံ့မှာ ပိုမိုပြင်းထန်နေသည်။
ကော်ထျန်းယန်မှာ ပါးစပ်နှင့် နှာခေါင်းကို ပိတ်ထားရန် အလွန်ဆန္ဒပြင်းပြနေခဲ့၏။ အနံ့က တကယ်ကို မခံမရပ်နိုင်အောင် ဆိုးရွားလွန်းပြီး နှာခေါင်းကို စူးရှကာ မအီမသာဖြစ်စေသည်။ သို့ပေမည့် အိမ်ရှေ့စံ မည်သည့်လှုပ်ရှားမှုမှ မလုပ်သည်ကို မြင်ချိန်မှာတော့ ကော်ထျန်းယန်မှာ ပျို့အန်ချင်စိတ်ကို အောင့်အည်း သည်းခံကာ သူ၏နောက်မှ လိုက်သွားရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့ လမ်းလျှောက်နေစဉ် အိမ်တစ်အိမ်က ရုတ်တရက် တံခါးဖွင့်လာပြီး ညစ်ပတ်နေသော အမှိုက်များ ပြည့်နေသည့် ဇလုံတစ်လုံးကို လမ်းပေါ်သို့ ပက်ထုတ်လိုက်သည်။ ဇလုံထဲတွင် ညစ်ပတ်သော ရေများနှင့် အခြားအရာဝတ္ထုအမျိုးမျိုး ပါဝင်ပြီး ငါးညှီနံ့က အလွန်ပြင်းထန်နေ၏။
လီယွမ်ကျောက် လျင်မြန်ဖျတ်လတ်စွာ နောက်ဆုတ်လိုက်သော်ငြား လုံးဝလွတ်ကင်းသွားခြင်း မရှိချေ။ ညစ်ပတ်သော ရေစက်များက သူ၏ဖိနပ်ပေါ်သို့ စင်သွားသည်။
လီယွမ်ကျောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဖိနပ်ကို အရင်ကြည့်လိုက်သည်။ ပြီးနောက် ထိုအမျိုးသမီး ပက်ထုတ်လိုက်သည့် ညစ်ပတ်သော အမှိုက်များကို ကြည့်လိုက်၏။ သွေးစွန်းနေသော ရေအိုင်ထဲတွင် ပုပ်သိုးနေသော ဟင်းသီးဟင်းရွက်အရွက်အချို့အပြင် ငါးခေါင်းများ၊ ငါးအကြေးခွံများနှင့် အခြားသော ကလီစာ အသေးအမွှားလေးများလည်း ရှိနေ၏။
ထို့နောက် စူးရှသော ငါးညှီနံ့က သူ၏ခေါင်းထဲသို့ တိုးဝင်လာပြီး လီယွမ်ကျောက်မှာ မရည်ရွယ်ဘဲ ပါးစပ်ကို ပိတ်ကာ ပျို့တက်သွားသည်။ ယင်းကိုမြင်ချိန်မှာတော့ ကော်ထျန်းယန်က သူ၏ပါးစပ်နှင့် နှာခေါင်းကို အလျင်အမြန် ပိတ်လိုက်ပြီး ထိုအမျိုးသမီးအား ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခွေးမ… လမ်းပေါ်ကို အမှိုက်တွေ ပစ်ချရဲရုံတင်မကဘူး၊ ငါ့သခင်လေးရဲ့ ဖိနပ်ကိုတောင် ပေကျံစေသေးတယ်။ မင်းကို ဘယ်လို အပြစ်ပေးသင့်လဲ”
ထိုနေရာရှိ အစောင့်များ ချက်ချင်း သတိဝင်သွားကြပြီး အားလုံးက ခါးပေါ် လက်တင်လိုက်ကြသည်။
သူမက လီယွမ်ကျောက်ကို အလျင်အမြန် ကြည့်လိုက်ပြီး အဆင့်မြင့်အရာရှိတစ်ဦး၏ မိသားစုမှ သခင်လေး တစ်ယောက်ကဲ့သို့ ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားသည်ကို မြင်ချိန်မှာတော့ အလွန်အမင်း အံ့အားသင့်သွား၏။
သူမ ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်သည်။ “ကျွန်မ တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး။ တမင်သတ်သတ် လုပ်တာ မဟုတ်ပါဘူးရှင်”
သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း မရပ်မနား တုန်ယင်နေကာ ဤစကားနှစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ပြောနေခဲ့၏။
အနည်းငယ် မအီမသာဖြစ်စေသော်ငြား လီယွမ်ကျောက်သည် ငါးညှီနံ့ကို အသားကျနေပြီ ဖြစ်သည်။ သူမ၏ရှေ့သို့ ရောက်သွားပြီး အဓိကရည်ရွယ်ချက်မှာ သူမကို ဆူပူရန်ဖြစ်သော်ငြား သူမက မရပ်မနား တောင်းပန်နေပြီး ရွှံ့ဗွက်ထဲတွင် ဒူးထောက်နေသည်ကို မြင်ချိန်မှာတော့ အကြောင်းရင်းမသိဘဲ သူ၏ရင်ထဲမှ ဒေါသများ ရုတ်တရက် တစ်ဝက်ခန့် လျော့ကျသွားသည်။
ထို့နောက် ထူးဆန်းသော တွန်းအားတစ်ခုဖြင့် မေးလိုက်၏။ “ခင်ဗျား ဘာတွေ စားနေတာလဲ”
“ရှင်”
အမျိုးသမီး၏စိတ်က ထိုမေးခွန်းကို ခေတ္တမျှ နားမလည်နိုင်ဖြစ်သွားသည်။ ခဏအကြာတွင် သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။ “ငါး… ငါးပြုတ်ပါ”
“ထ… ကျုပ်ကို ပြစမ်းပါ”
ထို့နောက် လီယွမ်ကျောက်သည် ထိုအမျိုးသမီးကို ကျော်ဖြတ်ကာ မည်သည့် တွန့်ဆုတ်မှုမှမရှိဘဲ အခန်းထဲသို့ ဝင်သွားခဲ့၏။
ကော်ထျန်းယန် အံ့အားသင့်သွားသည်။ ထို့အပြင် သူ၏စိတ်အာရုံများ လွင့်ပါးသွားသည်။ အိမ်ရှေ့စံက ဘာဖြစ်ချင်နေသနည်း။ တောက်ယွမ်ခရိုင်ကို နှစ်ရက်လောက် သွားပြီးသည်နှင့် ပုံမှန်မဟုတ်တော့ချေ။
သာမန်အရပ်သားတစ်ဦး ချက်ပြုတ်သည့် ငါးဟင်းက ထိုမျှလောက်ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည်လား။ မည်သည့်အတွက်ကြောင့် အိမ်ထဲသို့ ဝင်သွားရသနည်း။ ထိုကဲ့သို့ စုတ်ချာပျက်စီးနေသည့် နေရာမျိုးတွင် မည်သည့်အရာများ ရှာဖွေတွေ့ရှိစရာ ရှိနေမည်နည်း။
အိမ်ရှေ့စံ အိမ်ထဲသို့ ဝင်သွားသည်ကို မြင်ချိန်မှာတော့ ကော်ထျန်းယန်လည်း ဝင်သွားခဲ့သည်။
အိမ်အထဲပိုင်းက အနည်းငယ် မှောင်မိုက်နေပြီး အခန်းငယ်လေး၏ ပြတင်းပေါက်တစ်ခုတည်းမှသာ အလင်းရောင် ရရှိနေသည်။ အိမ်တွင် အခန်းနှစ်ခန်းသာရှိပြီး ကန့်လန့်ကာတစ်ခုဖြင့် ခြားထားကာ ထိုအရာက အတွင်းနှင့် အပြင်ဟူ၍ ရှိနေခြင်းပင်။ အတွင်းဘက်မှာ အိပ်ခန်းဖြစ်သည်က သိသာထင်ရှားပြီး အပြင်ဘက်အခန်းမှာ မီးဖိုချောင် နှင့် ဧည့်ခန်းငယ်တစ်ခု ဖြစ်၏။
မီးဖိုပေါ်ရှိ အိုးထဲတွင် ဟင်းရည်က ဆူပွက်နေဆဲပင် ဖြစ်သည်။ မသိရသော အရာတစ်ခုကို ထည့်ထားသောကြောင့် နို့နှစ်ရောင်ဖြစ်နေရမည့် ငါးဟင်းရည်မှာ ယခုအခါ ဝါကြင့်ကြင့်အရောင် ဖြစ်နေသည်။ အနံ့ကလည်း သိပ်မကောင်းချေ။
လီယွမ်ကျောက်သည် အခန်းကို အဆက်မပြတ် အကဲခတ်နေပြီး သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးတောနေခဲ့၏။ ရုတ်တရက် သူက အမျိုးသမီးဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ခင်ဗျား ဒါကို စားမှာလား”
သူမမှာ ဤမွန်မြတ်သော သခင်လေး၏ အတွေးများကို နားမလည်နိုင်ဘဲ ထောင့်တစ်နေရာတွင် တုန်ယင်နေခဲ့၏။ မေးခွန်းကို ကြားချိန်မှာတော့ သူမက ဖြေလိုက်၏။
“မဟုတ်ပါဘူး… မဟုတ်ပါဘူးရှင်။ ဒါက ကျွန်မယောက်ျားအတွက်ပါ။ သူ ဒဏ်ရာရထားလို့… သက်သာလာဖို့ ငါးဟင်းရည် လိုအပ်လို့ပါ”
ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ မီးဖိုချောင်နှင့် အိပ်ခန်းကြားရှိ အဝတ်ကန့်လန့်ကာကို ဖွင့်လိုက်၏။ အတွင်း၌ ဖြူဖျော့နေသော မျက်နှာနှင့် အမျိုးသားတစ်ဦး အိပ်ပျော်နေပြီး သူ၏ ညာဘက်ခြေထောက်ကို တင်းကြပ်စွာ ပတ်တီးစည်းထားသည်။
“ခြေထောက်က ဘာဖြစ်တာလဲ”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က အပြင်မှာ အလုပ်လုပ်ရင်း ပြုတ်ကျပြီး ခြေထောက်ကျိုးသွားလို့ပါ”
“ဒါဆို ခင်ဗျားတို့က ပုံမှန်အားဖြင့် ဘာတွေ စားလေ့ရှိလဲ”
အပိုင်း (၃၀) အိမ်ရှေ့စံ၏ လျှို့ဝှက်ခရီးစဉ် (အပိုင်း ၂)
မိန်းမငယ်က မီးဖိုဆီ အမြန်ပြေးသွားကာ ကြွေပန်းကန်လုံးငယ်တစ်လုံးကို လီယွမ်ကျောက်ထံ ယူလာပေး၏။
လီယွမ်ကျောက်က အနီးသို့ ကပ်ကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်အရွက်များနှင့် ရောနယ်ထားသည့် ပျစ်ချွဲချွဲအရာများကို မြင်လိုက်ရသည်။ အတွင်း၌ မည်သည့်အရာများ ပါဝင်နေမှန်း သေချာမခွဲခြားနိုင်သော်ငြား ချဉ်စူးစူးအနံ့တစ်ခုက နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။
ကော်ထျန်းယန်က ကိုယ်ကိုကိုင်းကာ ကြည့်လိုက်ပြီးနောက် ရွံရှာသွားဟန်ဖြင့် နောက်သို့ ချက်ချင်း ဆုတ်ခွာသွား၏။
“ဒါက ဘာတွေလဲ”
“ဒါက ဆန်ကွဲ၊ ပြောင်းနဲ့ တောဟင်းရွက်တွေကို ရောပြုတ်ထားတာပါ။ ဆားနည်းနည်းလည်း ထည့်ထား ပါတယ်။”
လီယွမ်ကျောက် မှင်သက်သွားခဲ့သည်။
သာမန်အရပ်သားများ ဤသို့သောအရာများကို စားသောက်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ တောက်ယွမ်ခရိုင်၌ ရှိနေစဉ်က လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စားသောက်နေကြသည့် သာမန်လူများကို မြင်တွေ့ခဲ့ဖူး၏။ ထိုအထဲတွင် ထမင်းနှင့် ဟင်းရွက်များ ပါဝင်ပြီး အရာအားလုံးက ပုံမှန်လိုပင် ထင်ရ၏။
သို့ပေမည့် ယခု မျက်စိရှေ့ရှိအရာများက စားချင်စရာ လုံးဝမကောင်းသည့်အပြင် အနံ့ကလည်း ဆိုးရွားလှ၏။ ဤအရာက တကယ်ရော စား၍ရပါ့မည်လား။
“ဒါက တကယ် စားလို့ရတာလား။” လီယွမ်ကျောက်က မေးလိုက်သည်။
“ဟုတ်ကဲ့ စားလို့ရပါတယ်။ ကျွန်မတို့ မိသားစု နေ့တိုင်း စားနေကျပါ။”
သေချာပေါက် အတည်ပြုလိုက်သည့် စကားကို ကြားလိုက်ရသော်ငြား လီယွမ်ကျောက်က မယုံကြည်နိုင်သေးပေ။ သိချင်စိတ်တို့ ချက်ချင်း နိုးကြွလာပြီး မေးလိုက်သည်။ “ကျုပ် မြည်းကြည့်လို့ ရမလား”
ကော်ထျန်းယန်မှာ အလွန်အမင်း အံ့ဩပြီး တုန်လှုပ်သွားခဲ့၏။ ထို့နောက် ရှေ့သို့ တိုးလာကာ ကြွေပန်းကန်လုံးကို လုယူလိုက်ပြီး အော်ဟစ်လိုက်သည်။ “ဒါကို စားလို့မရပါဘူး။ သခင်လေး လုံးဝ စားလို့မဖြစ်ပါဘူး။ ဒီလို ဘာမှန်းမသိတဲ့အရာကို စားလိုက်လို့ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သခင်ကြီးက ကျုပ်ကို သတ်ပစ်လိမ့်မယ်”
စကားပြောပြီးသည်နှင့် သူက လှည့်ကာ မိန်းမငယ်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမမှာ အလွန်တရာ ကြောက်ရွံ့သွားပြီး ထောင့်ကျကျနေရာသို့ အမြန် ဆုတ်ခွာသွားရှာ၏။
“ဒါဆိုလည်း ခင်ဗျား စားလိုက်”
“အမ်” ကော်ထျန်းယန်မှာ ငိုချင်စိတ်ပင် ပေါက်သွားရသည်။ သူက ဘာအကြောင်းကြောင့် ဤအရာကို စားရမည်နည်း။
နန်းတော်သို့ အေးအေးချမ်းချမ်း ပြန်သွားလျှင် ပိုကောင်းမည် မဟုတ်ပါလား။ မည်သည့်အတွက်ကြောင့် အမှိုက်ပုံထဲ လာရောက်လူးလှိမ့်နေရန် အတင်းအကြပ် တောင်းဆိုနေရသနည်း။ ကျိန်စာသင့်နေသော ဖန်ကျန်းရီ နှင့် တောက်ယွမ်ခရိုင်တို့ဆီ အိမ်ရှေ့စံတစ်ခေါက် သွားပြီးကတည်းက ကံဆိုးမိုးမှောင် ကျနေခြင်းများလားဟု သူ တွေးတောလိုက်မိသည်။
ကော်ထျန်းယန်က လီယွမ်ကျောက်ကို မျှော်လင့်တကြီး ကြည့်နေသော်ငြား မည်သည့်စကားမှ ထွက်မလာခဲ့ပေ။
ထိုမျက်နှာအမူအရာကို မြင်လိုက်ရချိန်မှာတော့ လီယွမ်ကျောက်က ပို၍ စိတ်လှုပ်ရှားသွား၏။ “ဟားဟား သတ္တိမရှိဘူးလား။ ကျုပ်ကို ပေးစမ်း”
ထို့နောက် ကြွေပန်းကန်လုံးကို တိုက်ရိုက် ဆွဲယူလိုက်သည်။
“သခင်လေး”
ကော်ထျန်းယန်က အမြန် တားဆီးရန် ကြိုးစားလိုက်သော်ငြား လီယွမ်ကျောက်က သူ့ကို ကန်ထုတ်လိုက်၏။
ပန်းကန်ထဲရှိ ပျစ်ချွဲချွဲအရာများကို ကြည့်ရင်း လီယွမ်ကျောက် ရုတ်တရက် တုန်ယင်သွားခဲ့သည်။ ဤအရာက တကယ် စားလို့ရမည့်ပုံ မပေါ်ပေ။
ထို့နောက် ထောင့်တွင် ပုန်းအောင်းနေသည့် မိန်းမငယ်ကို ကြည့်ကာ ထပ်မေးလိုက်၏။ “ဒါက တကယ် စားလို့ရတာ သေချာလား”
“ဟုတ်ကဲ့ … စားလို့ရပါတယ်”
အရည်များ ရောပြွမ်းနေသည့်အရာကို ကြည့်ရင်း လီယွမ်ကျောက်၏ လည်ချောင်းများပင် တစ်ဆို့လာခဲ့၏။ ထို့နောက် စိတ်ကို တင်းကာ လက်ထိပ်ဖြင့် အနည်းငယ်တို့ယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ပျစ်ချွဲချွဲအရာက ပါးစပ်ထဲတွင် ဖြည်းညင်းစွာ အရည်ပျော်သွားပြီး ဖော်ပြ၍မရနိုင်သော အရသာတစ်ခုက ခံတွင်းထဲ ပြည့်နှံ့သွားခဲ့သည်။ ချဉ်စူးစူး၊ ခါးသက်သက်၊ နံစော်စော်နှင့် ဆားငန်ပေါ့ပေါ့ အရသာများပင် ဖြစ်၏။
“ဝု”
ဤတစ်ကြိမ်တွင်မူ သူ မအောင့်ထားနိုင်တော့ပေ။ လီယွမ်ကျောက်က ကိုယ်ကိုကိုင်းကာ အန်ချလိုက်ပြီး မျက်ရည်နှာရည်များ ထွက်ကျလာသည်အထိ ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။
ကြွေပန်းကန်လုံးမှာ မြေပြင်ပေါ် ပြုတ်ကျသွားပြီး ခွမ်းခနဲ အသံထွက်ပေါ်သွား၏။
ကော်ထျန်းယန်မှာတော့ ‘ဒါကတော့ ငါ့ကို သတ်နေတာပဲ’ ဟု တွေးလိုက်ပြီး လီယွမ်ကျောက်ကို တွဲကူရန် အမြန်သွားကာ ကျောကို အကြိမ်ကြိမ် ပုတ်ပေးလိုက်ရသည်။
အတန်ကြာ ချောင်းဆိုးပြီးနောက် လီယွမ်ကျောက် အနည်းငယ် သက်သာသွားခဲ့၏။
ထိုအချိန်တွင် ထောင့်ရှိ မိန်းမငယ်၏ မျက်လုံးများ၌ ဝမ်းနည်းမှုရိပ်များ ပေါ်လာသည်။ လီယွမ်ကျောက်ကို ကူညီရန် ရှေ့သို့တိုးလာချင်ဟန်ဖြင့် တုန်ယင်နေ၏။
လီယွမ်ကျောက်က လက်ကို အကြမ်းပတမ်း ခါရမ်းလိုက်ရာ မိန်းမငယ်မှာ ယိမ်းယိုင်သွားခဲ့သည်။
ကော်ထျန်းယန်သည် ဒေါသတကြီးဖြင့် တံခါးဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။ “လူတွေလာကြစမ်း”
လူငါးယောက် ခြောက်ယောက်ခန့် အခန်းထဲသို့ ရုတ်တရက် ပြေးဝင်လာကြသည်။ မူလကတည်းက ကျဉ်းမြောင်းနေသည့် အခန်းလေးမှာ ယခုအခါ ပို၍ ကြပ်ညပ်သွားခဲ့သည်။
လီယွမ်ကျောက်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ မောဟိုက်နေပြီး ဤသာမန်အရပ်သူ၏ လှည့်စားခြင်းကို ခံလိုက်ရသောကြောင့် အလွန်တရာ ဒေါသထွက်နေခဲ့၏။
စကားပြောရန် ပြင်လိုက်စဉ်မှာပင် အခန်းထဲရှိ အမျိုးသားဖြစ်သူက အသံများကြောင့် လန့်နိုးလာကာ ယိမ်းယိုင်ယိုင်ဖြင့် ထွက်လာသည်။
အခန်းထဲ၌ လူအများအပြားကို မြင်လိုက်ရချိန်မှာတော့ သူ အလွန် ကြောက်ရွံ့သွားခဲ့၏။
ဖျားနာနေသည့် ခြေထောက်ဖြင့် ဒူးထောက်ချလိုက်ကာ တုန်ရီနေသောအသံဖြင့် မေးလိုက်သည်။ “သခင်ကြီးတို့ ကျုပ်မိသားစုက ဘာပြဿနာများ ရှာမိလို့ပါလဲ”
ကော်ထျန်းယန်က မြေပြင်ပေါ်ရှိ အရာများကို လှောင်ပြောင်ဟန်ဖြင့် လက်ညှိုးထိုးကာ ပြောလိုက်၏။ “မင်း မိန်းမက ငါ့သခင်လေးကို အဲ့ဒ စားလို့ရတယ်လို့ ပြောတယ်။ မင်းတို့ …..”
ရိုးသားဖြူစင်ပုံရသည့် ထိုအမျိုးသားက စိုးရိမ်တကြီး ရှင်းပြလာသည်။ “စားလို့ရပါတယ်။ တကယ် စားလို့ရပါတယ်။ ကျုပ် စားပြပါ့မယ်”
စကားပြောပြီးသည်နှင့် သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ မိန်းမဖြစ်သူ၏ တားဆီးမှုများကို လျစ်လျူရှု၍ ထိုအရာများကို စတင် စားသောက်၏။
လီယွမ်ကျောက် မှင်သက်သွားခဲ့သည်။ ဤအရာက တကယ်ကို စား၍ရသည်လား။
အမျိုးသား၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ဤအရာကို စားသောက်ရသည်က သူ့အတွက် သိပ်ခက်ခဲပုံ မပေါ်ပေ။
ကော်ထျန်းယန်က လီယွမ်ကျောက်၏ အံ့အားသင့်နေမှုကို သတိပြုမိသွားပြီး နားနားသို့ကပ်ကာ တီးတိုး ပြောလိုက်၏။ “အရှင်မင်းသား … ဒါက သာမန်လူတွေ စားလေ့ရှိတဲ့ အရာမျိုးပါ။ အရှင်မင်းသား ဒါမျိုးတွေကို မကျင့်သားရလို့ ဖြစ်ပါလိမ့်မယ်”
...................
လီယွမ်ကျောက်မှာ ရှိနေသည့် နေရာတွင်ပင် အေးခဲသွားသည်။ မျက်နှာက ဖြူလျော့ရာမှ နီရဲလာကာ တစ်ခဏမျှ အလွန်တရာ ရှက်ရွံ့သွားခဲ့၏။
ထို့နောက် ကော်ထျန်းယန်ကို ကန်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အရူးကြီး … ခင်ဗျား ဘာလို့ အစတည်းက မပြောခဲ့တာလဲ။”
ကော်ထျန်းယန်က မတရားခံရသည်ဟု ခံစားလိုက်ရကာ တင်ပါးကို ဖိကိုင်ထားလိုက်၏။ သူ ဘာပြောရမည်နည်း။ ‘အရှင်မင်းသားက အတင်းစားမယ်လုပ်လို့ တားမရခဲ့တာလေ။ ကျုပ်ကတော့ တကယ်ကို ကံဆိုးတာပဲ’
မြေပြင်ပေါ်ရှိ အရာများကို စားနေဆဲဖြစ်သည့် အမျိုးသားကို ကြည့်ရင်း လီယွမ်ကျောက် မျက်နှာပူသွားကာ ပြောလိုက်၏။ “ထပါ… ထတော့”
ထိုသူက ယိမ်းယိုင်ယိုင်ဖြင့် မတ်တပ်ရပ်လိုက်သည်။ ဖုန်မှုန့်များ ပေကျံနေသည့် အမျိုးသား၏ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ လီယွမ်ကျောက် ပို၍ပင် ရှက်ရွံ့သွားခဲ့သည်။
“မင်းအိမ်မှာ အန်ချမိပြီး မင်းတို့စားစရာတွေကိုလည်း ကျုပ် စားမိလိုက်တယ်။ လျော်ကြေးပေးရမယ်”
“ကော် …… သူတို့ကို ငွေဆယ်တေလ်း ပေးလိုက်”
ရိုးသားဖြူစင်ပုံရသော အမျိုးသားက အမြန် လက်ကာပြ၏။ “မလိုပါဘူး သခင်လေး။ ဒီအရာတွေက ဘာမှတန်ကြေး မရှိပါဘူး။ ဘာမှတန်ဖိုးမရှိပါဘူး”
“ကျုပ်က ပေးရင် ယူရမယ်” လီယွမ်ကျောက်က ခပ်တင်းတင်း ပြောလိုက်သည်။
ကော်ထျန်းယန်က ငွေဆယ်တေလ်း ငွေစက္ကူကို သူ၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။
ငွေပေးပြီးသည်ကို မြင်လိုက်ရသည်နှင့် လီယွမ်ကျောက်က မည်သည့်စကားမှမဆိုဘဲ အခန်းထဲမှ လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် ထွက်ခွာသွားသည်။
ကော်ထျန်းယန်လည်း နောက်မှ ချက်ချင်း လိုက်ထွက်ခဲ့၏။
အိမ်ရှေ့စံ၏ ကျောပြင်က အနည်းငယ် ဆောက်တည်ရာမရ ဖြစ်နေပုံကို သတိပြုမိသွားရာ သူက ခြေလှမ်းတစ်လှမ်း ရှေ့တိုးကာ ပြောလိုက်သည်။ “နန်းတော်ကို ပြန်ကြရအောင်ပါ အရှင်မင်းသား”
“ဒါဆို နန်းကျမိန်းမစိုးလေးတွေက ဒီလိုအိမ်မျိုးမှာ နေပြီး ဒီလိုအစားအစာမျိုး စားရတာလား” လီယွမ်ကျောက်က မေးလိုက်၏။
ကော်ထျန်းယန်က ပြုံးကာ ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အရှင်မင်းသားရယ်။ နန်းတော်ထဲက အဆိုးရွားဆုံး နေရာဆိုရင်တောင် ဒီနေရာထက် အဆတစ်ရာ ပိုကောင်းပါတယ်။ အစားအသောက်ကလည်း အများကြီး ပိုအရသာရှိတာပေါ့”
“ဒါက မြို့ပြင်ဘက်ဖြစ်နေလို့ မကောင်းတာပါ။ မြို့တွင်းဘက်ကတော့ အဆင်ပြေပါတယ်။ အရှင်မင်းသား နောက်ဆိုရင် မြို့တွင်းဘက်ကို မကြာမကြာ သွားလည်လို့ ရပါတယ်။”
“ဒါဆို နန်းတော်ထဲ မဝင်ခင်တုန်းက ခင်ဗျား ဘာတွေစားခဲ့ရလဲ။” လီယွမ်ကျောက်က မေးလိုက်၏။
ထိုမေးခွန်းကြောင့် ကော်တစ်ယောက် သူ၏ ကလေးဘဝကို ပြန်လည်သတိရသွားပြီး သက်ပြင်းရှည်ကြီးများ ချလိုက်မိသည်။
“သူတို့ထက်တောင် ပိုဆိုးခဲ့မလားပဲ။ နေ့တိုင်း ဆန်ပြုတ် သောက်ခွင့်ရရင်ကို ကောင်းလှပါပြီ။ သုံးရက်နေမှ တစ်ကြိမ် ၊ နှစ်ကြိမ်လောက် စားရတာမျိုးကလည်း ပုံမှန်ပါပဲ။ အရှင်မင်းသား စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်မျိုးတို့ ငြိမ်းချမ်းစွာ နေလာခဲ့ရတာ နှစ်နှစ်လောက် ရှိနေပါပြီ။ တချို့လူတွေအတွက် အခုအချိန်မှာ အနည်းငယ် အခက်အခဲ ရှိနိုင်ပေမဲ့ ကောင်းမွန်တဲ့ အချိန်က မရောက်လာသေးတာပါ။”
လီယွမ်ကျောက် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွား၏။ “ဒီအကြောင်းတွေကြောင့် သာမန်လူတွေက ဂွေးဖြတ်ခံပြီး မိန်းမစိုးအဖြစ် နန်းတော်ထဲ ဝင်ချင်ကြတာကိုး။”
ကော်ထျန်းယန် “…”