← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အပိုင်း (၃၃) ထစ်ချုန်းသွားသော မိုးကြိုးသံများနှင့် တုန်လှုပ်ဖွယ် မြင်ကွင်း

ရေလမ်းမှ ကုန်းလမ်းသို့ ပြောင်းလဲ၍ ရက်ပေါင်းများစွာ ဆက်တိုက် ခရီးနှင်ပြီးနောက် တောက်ယွမ်ခရိုင် အဖွဲ့သည် နောက်ဆုံးတွင် ယင်းထောသို့ ရောက်ရှိလာခဲ့၏။

တောက်ယွမ်ခရိုင်သည် ဤတစ်ကြိမ်တွင် လူနှစ်ဆယ်ကို စေလွှတ်ခဲ့ပြီး အားလုံးမှာ ကတ္တရာမိုင်းတွင်း စတင်တူးဖော်စဉ်ကတည်းက ပါဝင်ခဲ့ကြသူများပင်။ ယမ်းမှုန့်အသုံးပြုမှုတွင် ကျယ်ပြန့်သော အတွေ့အကြုံ ရှိသူများ ဖြစ်ကြသည်။

ထို့အပြင် သူတို့အားလုံးသည် ခွန်အားဗလကြီးမားပြီး ကိုယ်ကာယအခြေအနေမှာလည်း အလွန် ကောင်းမွန်ကြ၏။

ယင်းထောတွင် နေ့ခင်းဘက်ဖြစ်နေသော်ငြား ကောင်းကင်ယံ၌ အုံ့မှိုင်းနေကာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လျှပ်စီးများလည်း လက်နေခဲ့သည်။

လူတိုင်း၏ ရင်ထဲတွင် စိုးထင့်သွားခဲ့၏။ လမ်းခရီးတွင် သူတို့ မျှော်လင့်ထားခဲ့သည်မှာ ဤသို့မဟုတ်ပေ။ မိုးဖွဲဖွဲလေးသာ ရွာရမည် မဟုတ်ပါလား။

ဤမျှများပြားသော မိုးရေချိန်ကို မိုးဖွဲဖွဲဟု မသတ်မှတ်နိုင်ပေ။

သူတို့၏ အဖွဲ့ခေါင်းဆောင် တင်းခိုင်က မှုန်ကုပ်နေသော မျက်နှာဖြင့် အဖွဲ့ဝင်များကို အော်ဟစ်လိုက်၏။ "အားလုံးပဲ ပစ္စည်းကိရိယာတွေကို ပြန်စစ်ဆေးကြ။ ယမ်းမှုန့်နဲ့ စနက်တံတွေကို မိုးရေမစိုအောင် မိုးကာစတွေနဲ့ သေချာပတ်ပြီး ထုပ်ထားကြ။ မဟုတ်ရင် ဒီခရီးစဉ်က အလဟဿ ဖြစ်သွားလိမ့်မယ်။ မြို့ဝန်မင်း ပေးအပ်ထားတဲ့ တာဝန်ကို အပြစ်အနာအဆာမရှိ ပြီးမြောက်အောင် လုပ်ဆောင်ရမယ်။

အလုပ်ပြီးရင် ငါတို့အားလုံး တစ်ယောက်ကို ငွေတစ်ထောင်စီ ဆုချီးမြှင့်ခံရလိမ့်မယ်"

"ကောင်းပါပြီ"

အခြားသော အဖွဲ့ဝင်များကလည်း အသံကျယ်ကျယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်ကြသည်။

သူတို့၏ စိတ်ဓာတ်များ တက်ကြွနေသည်ကို မြင်လိုက်ရချိန်မှာတော့ တင်းခိုင်က ခေါင်းကိုလှည့်ကာ နောက်သို့ ကြည့်လိုက်သည်။ နောက်ဘက်ရှိ လူနှစ်ရာကျော် ပါဝင်သော အစောင့်တပ်ဖွဲ့မှာ တောက်ယွမ်ခရိုင်မှ ကုန်သည်တစ်ဦး ငှားရမ်းထားသည်ဟု ဆို၏။

ဤလူများမှာလည်း သာမန်မဟုတ်ကြပေ။ လူတိုင်းက ကိုယ်ခန္ဓာတောင့်တင်းပြီး သန္နိဋ္ဌာန်ခိုင်မာကာ မာရည်ကျောရည်ရှိမှုတွင်လည်း သူတို့၏ မိုင်းလုပ်သားများထက် မနိမ့်ကျပေ။

လူအများအပြား ပါလာခြင်းက အခွင့်အရေးကောင်းတစ်ခု ဖြစ်ပြီး ယမ်းမှုန့်များကို တောင်ပေါ်သို့ သယ်ဆောင်ရန် လွယ်ကူသွားမည် ဖြစ်သည်။ သို့မဟုတ်ပါက ဤမိုးထဲတွင် တောင်ပေါ်သို့တက်ရန် ကြိုးစားခြင်းက တစ်ခေါက်သွားရုံဖြင့်ပင် အားအင်ကုန်ခမ်းသွားစေနိုင်သည်။

အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်မှာ အတွင်းရံတပ်မှ ချန်စီဖြစ်ပြီး ကျင်းဧကရာဇ်၏ လက်ရေးဖြင့် ကော်ထျန်းယန် က တာဝန်ပေးအပ်ထားခြင်း ဖြစ်ကာ တင်းခိုင်နှင့် အခြားသူများကို အစောင့်အရှောက်ပေးရန် အရပ်ဝတ်ဖြင့် လိုက်ပါလာခြင်း ဖြစ်၏။

အစပိုင်းတွင် ချန်စီက ဤကြမ်းတမ်းသော သူစိမ်းများကို အထင်သေးစွာ ကြည့်ခဲ့သော်ငြား သင်္ဘောပေါ်တွင် ရက်အနည်းငယ်ကြာ အတူနေထိုင်ပြီးနောက် ဤလူများမှာ သာမန်မဟုတ်ကြောင်း သူ နားလည်သွားခဲ့သည်။

အင်္ကျီချွတ်လိုက်ချိန်တွင် ထိုသူတို့အားလုံးမှာ ကြွက်သားအမြွှာမြွှာနှင့် ဖြစ်ပြီး အားလပ်ချိန်တွင် သူ၏လူများနှင့် ခွန်အားပြိုင်ကြချိန်မျိုးတွင်လည်း ဘယ်သောအခါမှ နောက်ကျမကျန်ခဲ့ပေ။ သူ၏လူများမှာလည်း အတွင်းရံတပ်ထဲတွင် အဆင့်အမြင့်ဆုံး အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းကို သိထားသင့်၏။

ခွန်အားအရ သူ၏လူများနှင့် ရင်ပေါင်တန်းနိုင်ရုံမျှဖြင့်ပင် သူတို့က သာမန်မဟုတ်ကြောင်း ပြသရန် လုံလောက်နေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူ၏ အထင်သေးမှုကို ဘေးဖယ်ထားခဲ့သည်။

မျှော်လင့်ထားသည်ထက် မိုးပိုသည်းနေသည်ကို မြင်လိုက်ရချိန်မှာတော့ ချန်စီက တင်းခိုင်ထံ သွားကာ မေးလိုက်၏။ "အစ်ကိုတင်း … ဆက်သွားလို့ ရပါ့မလား"

တင်းခိုင်က အနီးတစ်ဝိုက်ရှိ တောင်တန်းများကို အဆက်မပြတ် စူးစမ်းလေ့လာနေပြီး ခေါင်းညိတ်လိုက်သည်။ "ရတယ်။ ဒီတောင်ထွတ်ကို ကြည့်လိုက်။ ရှည်လျားပြီး ပြန့်ပြူးနေတယ်။ အကယ်၍ ဒါသာ ပြိုကျသွားရင် မြစ်ကြောင်းကို သေချာပေါက် ပိတ်သွားလိမ့်မယ်။ ဒါပေမဲ့ တောင်ပေါ်တက်ဖို့တော့ ခက်ခဲလိမ့်မယ်။"

"စကြစို့။ ခင်ဗျားလူတွေကို ပစ္စည်းတွေ သယ်ဖို့ စီစဉ်ပြီး ကျုပ်နောက်ကို လိုက်ခဲ့။ တောင်မြောက်တောင်ထွတ် နှစ်ခုလုံးကို ဖောက်ခွဲရမယ်။ ပစ္စည်းတွေ သယ်တဲ့အခါ မိုးကာစတွေ မစုတ်ပြဲအောင် အထူးဂရုစိုက်ဖို့ ခင်ဗျာလူတွေကို သတိပေးထား။ မဟုတ်ရင် ကျုပ်တို့ရဲ့ တန်ဖိုးကြီးတဲ့ ကုန်ကြမ်းတွေ ပျက်စီးသွားလိမ့်မယ်"

ချန်စီက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆက်သွယ် ပြောဆိုမှုများကြောင့် တောက်ယွမ်ခရိုင်မှ မိုင်းလုပ်သားများ သယ်ဆောင်လာသည့် အရာများကို ယေဘုယျအားဖြင့် သူ နားလည်ခဲ့သည်။ ဤအရာ၏ စွမ်းအားကို ကိုယ်တိုင် မမြင်တွေ့ဖူးသော်ငြား အထင်မသေးရဲပေ။

ထို့နောက် သူက နောက်သို့လှည့်ကာ အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့ ပစ္စည်းတွေကို ယူပြီး အဖွဲ့ခေါင်းဆောင်တင်း နောက်ကို လိုက်ခဲ့ကြ"

အဓိကတပ်ဖွဲ့က တုံ့ပြန်လိုက်ပြီး ယခင်က ခွဲဝေပေးထားသည့် ယမ်းမှုန့်အိတ်များကို တိတ်ဆိတ်စွာ စတင်၍ ပခုံးပေါ် တင်လိုက်ကြသည်။ အိတ်တစ်လုံးစီမှာ ဂျင်ဆယ်ဂဏန်းထက် ပိုလေးသည်။ ပုံမှန်ဆိုလျှင် သယ်ဆောင်ရန် သိပ်မခက်ခဲသော်ငြား ယခုအခါ ချောနေသော လမ်းများနှင့် တောင်များကို တက်ရမည့် အခြေအနေကြောင့် အလွန်တရာ ခက်ခဲသွားခဲ့သည်။

တင်းခိုင်က မြေပုံကို ယူကာ မှတ်သားထားသည့် နေရာများကို ကြည့်လိုက်ပြီး လမ်းကြောင်းမှန်ကို ရှာကာ စတင် ထွက်ခွာခဲ့၏။

မိုးသည်းထန်စွာ ရွာသွန်းနေသော်ငြား လူနှစ်ရာကျော်သည် မှုန်မှိုင်းနေသော ကောင်းကင်အောက်တွင် ၎င်းတို့၏ ဝန်ထုတ်ဝန်ပိုးများကို ထမ်းပိုးကာ ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြသည်။

...

မကြာမီမှာပဲ လူတိုင်းက တောအုပ်ထဲသို့ ဝင်ရောက်သွားကြ၏။ လေပြင်းများ တိုက်ခတ်နေပြီး သစ်ပင်များ ယိမ်းယိုင်နေကာ ဆက်သွယ်ရန်မှာ အော်ဟစ်မှသာ ရနိုင်မည့် အနေအထား ဖြစ်နေ၏။

တင်းခိုင်က ဝန်အပေါ့ဆုံးကို သယ်ဆောင်ကာ ရှေ့မှ ဦးဆောင်လျှောက်သွား၏။ သူက တောင်ပေါ်သို့တက်မည့် လမ်းကို ရှာဖွေရုံသာမက သင့်လျော်သော ဖောက်ခွဲမည့် နေရာများကိုလည်း အဆက်မပြတ် ရှာဖွေနေခဲ့သည်။

သူတို့ လျှောက်သွားနေစဉ် နောက်ဘက်မှ အချက်ပေး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

တင်းခိုင် အမြန်လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။ "ဘာဖြစ်တာလဲ။ ဘယ်သူ အန္တရာယ်ဖြစ်လို့လဲ"

ခဏအကြာတွင် ချန်စီ၏ အသံကို ကြားလိုက်ရ၏။ "ဘာမှမဖြစ်ဘူး။ ဆက်သွားကြစို့။ ညီအစ်ကိုတစ်ယောက် ခြေကျင်းဝတ် လှည်သွားလို့ပါ။ ကိစ္စမရှိဘူး။"

ထိုစကားကို ကြားလိုက်ရချိန်မှာတော့တင်းခိုင်က အထက်သို့ ဆက်လက် လျှောက်သွားခဲ့သည်။

ချန်စီက မိုးရေပေါက်များကို ကျိန်ဆဲလိုက်၏။

ဤကျိန်စာသင့်မိုးက ပုံမှန်မဟုတ်ပေ။ အကယ်၍ သူတို့သည်သာ စစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးသော ပထမတန်းသား စစ်သည်များ မဟုတ်ပါက တောင်ပေါ်တက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

တောက်ယွမ်ခရိုင်ရှိ ဤမိုင်းလုပ်သားများ၏ ကိုယ်ကာယ အခြေအနေက အံ့အားသင့်လောက်စရာ ကောင်းလှသည်။ သူ ထင်မှတ်ထားသည်ထက် ပို၍ အားကောင်းလို့နေသည်။

အတက်အဆင်း အကြိမ်အနည်းငယ် လုပ်ပြီးနောက် နောက်ဆုံးတွင် မည်သည့်ပြဿနာမှ မရှိဘဲ တောင်ပေါ် တစ်ဝက် သို့ ရောက်ရှိသွားကြ၏။

တင်းခိုင်က သူ၏ ခြေအောက်ကို ကြည့်ကာ အံ့ဩတကြီး အော်ဟစ်လိုက်သည်။ "ကြည့်စမ်း .. မြို့ဝန်မင်းက ငါတို့ကို ကောင်းချီးပေးထားတာ သေချာတယ်။ ဒီနေရာမှာ တကယ်ကို တောင်ကြောတစ်ခု ရှိနေတာပဲ။ ပြဿနာ တော်တော်များများကို သက်သာသွားစေတယ်။ ညီအစ်ကိုတို့ ဆက်မသွားကြနဲ့တော့။ အိတ်တွေကို ဒီမှာပဲ ထားခဲ့လိုက်ကြ။"

သူ၏အနီးနားရှိ လူများက ဤသတင်းကြောင့် အလွန်ဝမ်းသာသွားကြပြီး လေးလံသော ယမ်းမှုန့်အိတ်များကို အမြန်ချလိုက်ကြ၏။

"အားလုံးပဲ ပစ္စည်းတွေကို တစ်နေရာရာမှာ စုပုံထားလိုက်ကြ။ အစ်ကိုချန် ခင်ဗျားညီအစ်ကိုတွေကို ခေါ်ပြီး အောက်ကို ဆင်းသွားတော့။"

ချန်စီက ဤစကား၏ အဓိပ္ပာယ်ကို နားမလည်သော်ငြား သူ၏ညီအစ်ကိုများကို ယမ်းမှုန့်အိတ်များအားလုံး တင်းခိုင်၏ ရှေ့တွင် စုပုံထားရန် အမိန့်ပေးလိုက်ပြီးနောက် သူ၏လူများကို ခေါ်ကာ တောင်အောက်သို့ ဆင်းသွားသည်။

တင်းခိုင်က ယမ်းမှုန့်အိတ်များကို ကြိုးများဖြင့် ချည်နှောင်ရန် အမိန့်ပေးလိုက်ပြီးနောက် အဖွဲ့နှစ်ဖွဲ့ ခွဲကာ စနက်တံများကို တပ်ဆင်ပြီး မိုးကာစများဖြင့် ကာကွယ်ကာ အောက်သို့ ဖြည်းညင်းစွာ လျှောချလိုက်၏။

ယမ်းမှုန့်များ တောင်အောက်သို့ ရောက်သွားချိန်မှာတော့ တင်းခိုင်က တောင်အောက်ရှိ အဖွဲ့တစ်ဖွဲ့ကို စတင် ဖြန့်ကျက်စေပြီး အခြားအဖွဲ့တစ်ဖွဲ့ကို စနက်တံများ ရေစိုနေခြင်း ရှိမရှိ စစ်ဆေးရန် တာဝန်ပေးလိုက်သည်။

အဖွဲ့နှစ်ဖွဲ့သည် ချန်စီ၏ အဓိကတပ်ဖွဲ့နှင့် လျင်မြန်စွာ ပူးပေါင်းသွားခဲ့၏။

ချန်စီက ခေါင်းကို ပွတ်သပ်ကာ ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်သည်။ "အစ်ကိုတင်း … ဘာလို့ ပြန်ဆင်းလာတာလဲ။ ခင်ဗျားတို့က တောင်ကို ဘယ်လို... ဘယ်လို ဖောက်ခွဲမှာလဲ"

တင်းခိုင်က ရယ်မောလိုက်ပြီး စနက်တံတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။ "စောင့်ကြည့်နေ။ မျက်လုံးပြူးသွားစေရမယ်လို့ ကျုပ် အာမခံတယ်။ လာ မီးခြစ်ဗူး ပေးစမ်း"

ချန်စီ၏ မျက်လုံးများက တင်းခိုင်၏ လက်ထဲရှိ စနက်တံတွင် စူးစိုက်နေ၏။ မီးတောက်က စနက်တံကို ထိသွားသည်နှင့် 'ရှဲ' ခနဲ အသံနှင့်အတူ စနက်တံမှာ အခွံထဲသို့ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရ၏။

"အဲဒါက..."

"မြေကြီးပေါ် ဝပ်လိုက်ကြ။ အားလုံး နားကို ပိတ်ထားကြ"

စနက်တံ ပျောက်ကွယ်သွားသည်နှင့် တင်းခိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အားလုံးက နားကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် မြေကြီးက ရုတ်တရက် တုန်ခါသွားခဲ့၏။

..............

"ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း"

ထစ်ချုန်းသွားသော မိုးခြိမ်းသံများပင်။ ရေတွက်မရအောင်များပြားသည့် ကျိုးပဲ့နေသော ကျောက်တုံးများသည် ကောင်းကင်ယံသို့ လွင့်စင်သွားခဲ့သည်။

ဧရာမတောင်ထွတ်ကြီးက စတင်တုန်ခါလာပြီး ပြိုကျမည့် လက္ခဏာများ စတင်ပြသလာခဲ့၏။

ချန်စီ၏ နှလုံးသားမှာ သွေးပျက်မတတ် ဖြစ်သွားပြီး တောင်ထွတ်ကို စူးစိုက်ကြည့်ရင်း ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့၏။ လူအများစုမှာ ထိုနည်းတူပင်ဖြစ်ပြီး အချို့ဆိုလျှင် ခေါင်းကို ခြေထောက်ကြားထဲ ထည့်ကာ တုန်ရီနေကြသည်။

ပထမပေါက်ကွဲမှုက မလုံလောက်သည်ကို မြင်လိုက်ရချိန်မှာတော့ တင်းခိုင်က ဒုတိယစနက်တံကို အမြန်မီးညှိလိုက်၏။

"ဝုန်း ဝုန်း ဝုန်း"

ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီး တောင်၏အခြေက လှုပ်ခါတုန်ယင်သွားကာ နောက်ဆုံးတွင် ပြိုကျသွားသည်။

ဧရာမကျောက်တုံးကြီးများက မြစ်ထဲသို့ အဆက်မပြတ် ပြုတ်ကျသွားပြီး ဧရာမလှိုင်းလုံးကြီးများကို တစ်ခုပြီး တစ်ခု ဖြစ်ပေါ်စေခဲ့၏။

"ဝေး …. ငါတို့ လုပ်နိုင်ခဲ့ပြီကွ" မိုင်းလုပ်သားများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ အလုပ်က လုံးဝ မပြီးဆုံးသေးသော်ငြား အောင်မြင်နိုင်ခြေမှာ သေချာပေါက် ပြဿနာမရှိတော့ပေ။

သူတို့ အိမ်ပြန်ရောက်သည့်အခါ ငွေတစ်ထောင် ဆုကြေးက စောင့်ကြိုနေလိမ့်မည်။ ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး အိမ်တွင် အေးအေးဆေးဆေး နေသွားနိုင်ပြီဖြစ်သည်။

ချန်စီနှင့် သူနှင့်အတူ ပါလာသူများမှာ အံ့အားသင့်နေကြသော်ငြား တဖြည်းဖြည်း သတိပြန်လည်လာကြ၏။

ဤကဲ့သို့သော မြင်ကွင်းမျိုး ဤကဲ့သို့သော နည်းလမ်းမျိုးက သူ၏ ယခင် စစ်မြေပြင် အတွေ့အကြုံများကို မှေးမှိန် သွားစေခဲ့သည်။

ဒါက နတ်ဘုရားတွေရဲ့ နည်းလမ်းပဲ။

တင်းခိုင်နှင့် သူ၏အဖွဲ့ကို လှည့်ကြည့်လိုက်ချိန်မှာတော့ မျက်လုံးများထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားခဲ့၏။

ချန်စီက တံတွေးကို ခက်ခက်ခဲခဲ မျိုချပြီး သတိထားကာ မေးလိုက်သည်။ "အစ်ကိုတင်း .. ဆက်လုပ်အုံးမှာလား"

"ဆက်လုပ်ရမှာပေါ့"

ထိုအချိန်တွင် တင်းခိုင်မှာ အလွန်တရာ ရွှင်လန်းနေခဲ့၏။ အလုပ်က တစ်ဝက်ပြီးသွားပြီဖြစ်သည်။ အခွင့်အရေးရှိတုန်း ကျန်သည့်တစ်ဝက်ကိုပါ အမြန်အဆုံးသတ်ရမည်။ ပြီးနောက် အိမ်ပြန်ကာ ငွေတွေ ရယူချင် နေခဲ့၏။

ယခုလို လူသူကင်းမဲ့သော နေရာမှာ ဆက်နေနေသည်က ဘာအကျိုးရှိမည်နည်း။

"နောက်ကို ဆုတ်ကြ"

ချန်စီက အော်ဟစ်လိုက်ပြီးနောက် အဓိကတပ်ဖွဲ့က တောအုပ်ထဲမှ ထွက်ခွာရန် နောက်သို့ ဆုတ်လိုက်ကြ၏။ လူတိုင်းက မတ်တပ်ရပ်လိုက်ကြပြီးနောက် ယိမ်းယိုင်ကာ မြေပြင်ပေါ်သို့ အပုံလိုက် ပြုတ်ကျသွားကြသည်။

အဖွဲ့ဝင်တစ်ဦးက ပြောလိုက်၏။ "ခေါင်းဆောင် … ကျုပ် ခြေထောက်တွေ တုန်နေတယ်... လမ်းလျှောက်လို့ မရတော့ဘူး။"

ချန်စီ၏ မျက်နှာကြီးမှာ နီရဲသွားခဲ့သည်။

တင်းခိုင်က ရယ်မောကာ ပြောလိုက်၏။ "ခဏလောက် အနားယူပြီးရင် ဆက်သွားကြတာပေါ့။"

မိုင်းလုပ်သားများက အားရပါးရ ရယ်မောလိုက်ကြ၏။ သူတို့လည်း ပထမအကြိမ်တုန်းက ဤသို့ ခံခဲ့ရဖူးသည် မဟုတ်ပါလား။

.....

အနားယူပြီးနောက် လူနှစ်ရာကျော်က သူတို့၏ စမှတ် နေရာသို့ ပြန်သွားကြပြီး ကျန်ရှိနေသော ယမ်းမှုန့်အိတ်များကို ပြန်လည်ထုပ်ပိုးကာ အခြားတောင်ထွတ်တစ်ခုဆီသို့ ဦးတည်သွားကြ၏။

ဒုတိယအကြိမ် ကြိုးစားမှုတွင် အတက်အဆင်းများ ပိုမိုပါဝင်သော်ငြား သူတို့က အလားတူ နည်းလမ်းကို အသုံးပြုကာ အလုပ်ကို အဆင်ပြေပြေ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

မြင့်တက်လာသည့် ရေလွှမ်းမိုးမှုကို ဖိနှိပ်လိုက်နိုင်ကြောင်း မြင်လိုက်ရချိန်မှာတော့ လူတိုင်း၏ ရင်ထဲတွင် ဝမ်းသာပီတိ လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

တင်းခိုင်က အော်ဟစ်လိုက်သည်။ "ညီအစ်ကိုတို့ … ပြန်ရောက်ရင် တစ်ယောက်ချင်းစီကို မြို့ဝန်မင်းဆီကနေ ငွေတစ်ထောင်စီ ပေးလိမ့်မယ်။ ကျုပ် ချင်းချန်းစားသောက်ဆိုင်မှာ အားလုံးအတွက် အရက်နဲ့ အသားတွေ ဝယ်တိုက်မယ်။ ပြီးရင် ထျန်းဒယ်ရေကန်မှာ ရေသွားချိုးကြမယ်။"

မိုင်းလုပ်သား နှစ်ဆယ်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အားပေး အော်ဟစ်ကြတော့၏။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ချန်စီနှင့် သူ၏စစ်သားများက မိုင်းလုပ်သားများကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့က နန်းတော်အတွက် အလုပ်လုပ်ပေးနေရပြီး ငွေတစ်ပြားမှ မရချိန်မှာ ဤလူများက သူတို့မြို့ဝန်အတွက် အလုပ်လုပ်ပြီး ငွေတစ်ထောင်ရနိုင်သည်လား။

သောက်ကျိုးနည်း ကွာခြားမှုက ကြီးမားလိုက်တာကွာ။

အပိုင်း (၃၄) သတင်းထူး၊ သတင်းကောင်းလား။

“သခင်လေး ထပါတော့။ အပြင်ထွက်သွားတဲ့ မိုင်းလုပ်သားတွေ ပြန်ရောက်နေပြီ။ သခင်လေးကို တွေ့ဖို့ စောင့်နေကြတယ်။”

ရှောင်ထောင်မှာ ဖန်ကျန်းရီ၏ ကုတင်ဘေး၌ အသည်းအသန် ဖြစ်နေ၏။

ဖန်ကျန်းရီက အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများကို ပွတ်သပ်ကာ ညည်းတွားလိုက်သည်။ “သိပြီ။ ငွေတွေ ပေးလိုက် … ငါ နည်းနည်းလောက် ထပ်အိပ်လိုက်အုံးမယ်။”

ပြောရင်းဆိုရင်း တစ်ဖက်သို့ လှည့်ကာ စောင်ကိုဆွဲခြုံ၍ ပြန်အိပ်ပျော်သွားပြန်သည်။

ရှောင်ထောင်က ခပ်နာနာ နှစ်ချက်လောက် ဆိတ်ဆွဲလိုက်၏။ “ထပါတော့။ သဘာဝဘေးကယ်ဆယ်ရေးသွားတဲ့ လုပ်သားတွေ ပြန်လာကြပြီ။”

“ဟင်၊ လုပ်သားတွေ”

ထိုအခါမှပဲ ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော ဖန်ကျန်းရီသည် သဘာဝဘေးကယ်ဆယ်ရန်အတွက် ကျန်းမြစ်သို့ လူနှစ်ဆယ် လွှတ်ထားခဲ့ကြောင်း သတိရသွားသည်။ သူတို့ အောင်မြင်ခဲ့သလားဟု တွေးမိလိုက်၏။

သို့ပေမည့် ပြန်ရောက်လာကြသည်မှာ ကောင်းသော ကိစ္စ ဖြစ်သည်။

ထိုအချက်ကို သတိရသွားချိန်မှာတော့ ဖန်ကျန်းရီ တစ်ယောက် သတိဝင်လာပြီး ကုတင်ပေါ်မှ ဝုန်းခနဲ ဆင်းလိုက်၏။ “သွားကြစို့။ သူတို့ကို သွားတွေ့မယ်”

“သခင်လေး၊ မျက်နှာသစ်ရအုံးမယ်လေ”

…

ဖန်ကျန်းရီကို မြင်ချိန်မှာတော့ မိုင်းတွင်းလုပ်သားများမှာ အလွန်တရာ ဝမ်းသာအားရဖြစ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်အရိုအသေပေးကာ နှုတ်ခွန်းဆက်ကြသည်။

သူက ပြုံးကာ ပြောလိုက်၏။ “ကောင်းလိုက်တာ။ ခင်ဗျားတို့ အောင်မြင်ခဲ့တဲ့ပုံပဲ။ အကုန်လုံး အဆင်ပြေရဲ့လား၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကော ရှိလား။”

တင်းခိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ထွက်လာခဲ့သည်။ “သခင်လေး၊ ကျုပ်တို့ လုပ်နိုင်ခဲ့ပါပြီ။ အားလုံး ချောချောမွေ့မွေ့ပဲ၊ ဘယ်သူမှ ဒဏ်ရာမရခဲ့ပါဘူး။”

“ဟားဟားဟား၊ အရမ်းကောင်းတယ်။ ဒါဆိုရင် ငွေတွေကိုယူပြီး အိမ်ပြန်နားကြတော့။ ပင်ပန်းသွားကြပြီ။” ဖန်ကျန်းရီမှာ အလွန်တရာ ဝမ်းမြောက်နေ၏။ အကြံအစည်မှာ အကျိုးအမြတ်များလှသည်။ ယမ်းမှုန့်များကို ရှင်းထုတ်နိုင်ရုံသာမက ငွေတေးလ် သောင်းချီ၍လည်း ရရှိခဲ့၏။

ဟို သခင်ကြီးလီက တကယ်ကို ကံကောင်းတာပဲ။ စစချင်း လုပ်ငန်းစဉ်မှာပဲ အောင်မြင်သွားခဲ့တယ်။

တင်းခိုင်က စကားကို အထစ်အထစ်အဖြင့် ပြောလိုက်၏။ “ဒါပေမဲ့… လမ်းမှာ ကျုပ်တို့ လူတစ်ယောက် တွေ့ခဲ့တယ်။”

“ဘာ … လူတစ်ယောက် ခေါ်လာတယ်ဟုတ်လား။ ဘယ်မှာလဲ”

လုပ်သားများက ဘေးသို့ ဖယ်ပေးလိုက်ရာ ရွှံ့များပေကျံနေသော ကိုယ်လုံးတစ်ခု မြေပြင်ပေါ်၌ ပေါ်လာ၏။

“ဒါ ဘာကြီးလဲ။ လူရော ဟုတ်ရဲ့လား” ဖန်ကျန်းရီ အံ့အားသင့်သွားရသည်။ ထိုအရာကြီးမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေပြီး မည်းမည်းသဲသဲ အလုံးကြီးတစ်ခုလို ကွေးကွေးလေး ဖြစ်နေသော်ငြား ယေဘုယျအားဖြင့်တော့ လူသားတစ်ဦး ဖြစ်ကြောင်းတော့ နားလည်နိုင်သည်။

တင်းခိုင်က အူကြောင်ကြောင်ဖြင့် ရယ်လိုက်၏။ “ဟုတ်ပါတယ်။ အပြန်လမ်းမှာ သူ့ကို တွေ့ခဲ့တာ။ သနားလို့ ခေါ်လာခဲ့လိုက်တာ။ အသက်ရှူနေတုန်းပဲ”

“သူ သတိလစ်နေတာ ရက်အတော်ကြာပြီ။ နေ့တိုင်း ဟင်းရည်နည်းနည်း တိုက်ခဲ့လို့သာပေါ့။ အခုထိ အသက်ရှင်နေတာ ကောင်းကင်ဘုံရဲ့ ကျေးဇူးပါပဲ။”

“အဲ… သခင်လေး။ သူ့ကို သခင်လေးဆီမှာပဲ ထားခဲ့တော့မယ်။ ကျုပ်တို့ သွားပြီနော်။”

မိုင်းတွင်းလုပ်သားတစ်စုသည် ထိုသူအား မြေပြင်ပေါ်တွင် ချန်ထားရစ်ကာ ထွက်ပြေးသွားကြလေတော့သည်။

ဖန်ကျန်းရီမှာ စိတ်တိုလွန်းသောကြောင့် ခြေဆောင့်နင်းလိုက်မိသည်။ ဒီလူတွေ ဘာလုပ်တာလဲ။

သေလုမျောပါး ဖြစ်နေသော လူတစ်ယောက်ကို သူ့ဆီ တည့်တည့်ကြီး လာပစ်ထားခဲ့ကြသည်လေ။

“ရှောင်ထောင်၊ မြန်မြန် လူသွားရှာပြီး သူ့ကို ရေချိုးပေးလိုက်။ ပြီးရင် ဆေးခန်းပို့။ သူ့ကို ကုသဖို့ လိုတာ အကုန်လုပ်ပေးလိုက်”

“အို… ဒီကိစ္စ ပြေလည်သွားပြီဆိုတော့ အဘိုးကြီးလီ ကြီးကြီးမားမား အမြတ်ထွက်သွားလောက်ပြီ မဟုတ်လား။ ကျန်းပြောင်ကို မျက်ခြည်မပြတ် စောင့်ကြည့်ခိုင်းထားလိုက်။ အဘိုးကြီးလီ မြို့ထဲဝင်လာတာနဲ့ ခေါ်လိုက်။ ကျုပ် အကြွေးတောင်းဖို့ စောင့်နေတယ်။”

…

နန်းတော်ထဲတွင်တော့ အမတ်များမှာ အပြင်းအထန် ငြင်းခုံနေကြသည်။

ကျင်းဧကရာဇ်သည် နဖူးကို လက်ဖြင့်ဖိထားရ၏။ အောက်ဘက်ရှိ စိုးရိမ်တကြီးဖြစ်နေသော အမတ်များမှာ ကျန်းမြစ်အား ထောက်ပံ့ရန် လူအင်အားနှင့် ငွေကြေးများကို တောင်းဆိုနေကြ၏။

ကျန်းမြစ်ဒေသမှ သတင်းများမှာ နေ့စဉ်နှင့်အမျှ ရောက်ရှိလာပြီး ရေကြီးရေလျှံမှုမှာလည်း ပိုမိုဆိုးရွားလာနေသည်။

တောင်ပိုင်းအုပ်စုမှ အမတ်များ၊ အထူးသဖြင့် ကျန်းမြစ်နယ်မှ အမတ်များမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြပြီး သဘောထား ကွဲလွဲမှုများကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့်ပင် ရန်ဖြစ်ကြသည်။ ဤသို့သော အခြေအနေမျိုး အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်၏။

ကျင်းဧကရာဇ်သည် ဆယ်ရက်ကျော်ကြာ ဖိအားပေးခံရပြီးနောက် ပင်ပန်းနွမ်းနယ်မှုကို စတင် ခံစားလာရသည်။ ကျင်းဧကရာဇ်သည် တောက်ယွမ်မြို့မှ လူများ အောင်မြင်မှု ရှိမရှိနှင့် အဘယ်ကြောင့် ယခုတိုင် သတင်းအစအနမှ မရရသနည်း ဟု မကြာခဏ တွေးတောနေမိ၏။ အကယ်၍ ဖန်ကျန်းရီသာ ကျရှုံးသွားပြီး နန်းတော်ကလည်း ဘာမှ မလုပ်ခဲ့လျှင် နှစ်ထောင်ချီ သမိုင်းမှတ်တမ်းများတွင် ဘုရင်ဆိုးအဖြစ် ရေးမှတ်ခံရပေမည်။

ထိုအခါ မိမိသည် အသုံးမကျသော မင်းဆိုးမင်းညစ်တစ်ပါး ဖြစ်မသွားပေဘူးလား။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ စစ်ဆေးရေးမှူး ချန်ရှူမှာ အပြင်းထန်ဆုံး တုံ့ပြန်သူ ဖြစ်သည်။

စစ်ဆေးရေးမှူး၏ ရာထူးအဆင့်မှာ နိမ့်ကျသော်ငြား တာဝန်ကတော့ ကြီးမားလှသည်။ သူသည် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဌာနအသီးသီးကို ကြီးကြပ်ကွပ်ကဲရန် အာဏာရှိပြီး ဧကရာဇ်၏ အမိန့်တော်ကိုပင် ပယ်ချနိုင်စွမ်း ရှိ၏။

ဖြောင့်မတ်သော စစ်ဆေးရေးမှူးများကြားတွင် သူရဲကောင်းတစ်ဦး ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ချန်ရှူ၏ ဇာတိမြို့မှာ ကျန်းမြစ်ကမ်းဘေးတွင် ရှိနေခြင်းပင်။ သူ၏ ဇာတိမြို့မှ စာများ ဆက်တိုက် ရောက်လာခဲ့ပြီး ဇာတိမြို့မှာ တောင်သူလယ်သမားများ ပုန်ကန်မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်းနှင့် ယခုနှစ် သီးနှံများ စိုက်ပျိုး၍ မရနိုင်တော့ကြောင်း အသနားခံစာ တင်သွင်း တောင်းဆိုနေကြ၏။

ချန်ရှူလည်း စိုးရိမ်ပူပန်စွာဖြင့် ကျင်းဧကရာဇ်ထံ အလျင်အမြန် ပြေးသွားခဲ့သော်ငြား ထိုအသနားခံစာများမှာ ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ချေ။

ယနေ့ နန်းတော်ထဲ၌ ဘာမှမဖြစ်သကဲ့သို့ နေထိုင်နေသော ကျင်းဧကရာဇ်အား မြင်ချိန်မှာတော့ ချန်ရှူ တစ်ယောက် နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့သည်။

သူက အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး …. အခု ပြည်သူတွေရဲ့ အုံကြွမှုတွေ မြင့်တက်နေပြီး ကျန်းမြစ် သတင်းတွေ မြို့တော်အထိ ရောက်လာပါပြီ။

ကျန်းမြစ်က အကူအညီတောင်းခံလာတာ ဆယ်ရက်ကျော်နေပါပြီ။ အခုထိ ဘာဆုံးဖြတ်ချက်မှ မရှိသေးဘူး။ အရှင်မင်းကြီး ဘာတွေ တွေးနေသလဲဆိုတာကို ကျွန်တော်မျိုး ရဲရဲဝံ့ဝံ့ မေးလျှောက်ပါရစေ။

ပြည်သူတွေက အလွန်တရာ ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတာကို နန်းတော်က ဘာမှမလုပ်ဘဲ နေ,နေတယ်။ ဒီကနေ့ အဖြစ်အပျက်တွေကို နောင်လာနောက်သားတွေက ဘယ်လို သုံးသပ်ကြမလဲ။

အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားတော်မူပါ။”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချန်ရှူသည် ဒူးထောက်ချကာ ကြမ်းပြင်နှင့် နဖူးကို ပြင်းပြင်းထန်ထန် ဆောင့်၍ ဦးတိုက်လိုက်၏။

ချန်ရှူ၏ ရဲစွမ်းသတ္တိကို မြင်သော ဖြောင့်မတ်သည့် လုပ်ဖော်ကိုင်ဖက် အများအပြားလည်း ချက်ချင်း သူ၏နောက်မှ လိုက်၍ ဒူးထောက်လိုက်ကြသည်။

“အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားတော်မူပါ။”

ယင်းကို ကြားချိန်မှာတော့ ကျင်းဧကရာဇ် ချက်ချင်းပင် ဒေါသထွက်သွားပြီး မတ်တတ်ရပ်ကာ အော်ဟစ်လိုက်၏။ “ချန်ရှူ …. မင်းက ကိုယ်တော့်ကို ဆုံးမနေတာလား”

ကျင်းဧကရာဇ်သည် မြင်းပေါ်မှနေ၍ တိုင်းပြည်ကို သိမ်းပိုက်ခဲ့သော ဧကရာဇ်တစ်ပါး ဖြစ်ပြီး သူ၏ အာဏာစက်မှာ အလွန်တရာ ကြီးမားလှသည်။ ပုံမှန်အားဖြင့် စစ်ဆေးရေးမှူးများသည် သူ့အား ဆန့်ကျင်လေ့ မရှိကြချေ။

ဖြောင့်မတ်သော အမတ်တစ်ဦးဖြစ်သည့် ချန်ရှူပင်လျှင် စကားပြောပြီးနောက် နောင်တရသွားမိသည်။

သို့ဆိုစေကာမူ ဤအခြေအနေသို့ ရောက်လာပြီဖြစ်ရာ ချန်ရှူသည် စိတ်ကိုတင်းထားပြီး ဆက်ပြောလိုက်၏။ “ကျွန်တော်မျိုး မရဲဝံ့ပါဘူး။ ဒါပေမဲ့ ကျန်းမြစ် ပြည်သူတွေက အလွန်တရာ နာကျင်ခံစားနေရပါတယ်။ နန်းတော်ကသာ ဘာမှမလုပ်ဘူးဆိုရင် တစ်လောကလုံးရဲ့ ဝေဖန်ရှုတ်ချမှုတွေကို ရင်ဆိုင်ရမှာကို ကျွန်တော်မျိုး ကြောက်ရွံ့မိပါတယ်။”

ကျင်းဧကရာဇ်သည် ဒေါသအလွန်ထွက်လျက် ရယ်မောလိုက်မိသည်။ “ကောင်းတယ် … သိပ်ကောင်းတယ်။ မင်းက အဲဒီလောက်တောင် စိုးရိမ်နေတယ်ဆိုရင် မင်းရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပြီး ကျန်းမြစ်ပြည်နယ်ကို ပို့ပေးမယ်။ ဒါက မင်း ပြည်သူတွေအပေါ် ဘယ်လောက် စေသနာထားလဲဆိုတာ ပြတာပဲ”

ပိုင်ဆိုင်မှုတွေကို သိမ်းမယ်ဟုတ်လား။ ဒါက စိတ်သဘောထား သေးသိမ်တဲ့ အုပ်ချုပ်သူပဲ…

ချန်ရှူ၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွား၏။ “ကျွန်တော်မျိုး လျှောက်တင်တဲ့ အကြံဉာဏ်က ယုံကြည် စိတ်ချရပါတယ်”

ထိုအချိန်တွင် ကျင်းဧကရာဇ်မှာ အလွန်တရာ ဒေါသထွက်နေလေပြီ။ ချန်ရှူမှာ ခေါင်းမာနေဆဲဖြစ်ကြောင်း ကြားချိန်မှာတော့ သူက ပြောလိုက်သည်။ “ငါ့ရဲ့ ကြီးမြတ်တဲ့ ကျင်းတိုင်းပြည်က ဘယ်လောက် သစ္စာရှိလိုက်တဲ့ အမတ်လဲ။ မင်းရဲ့ သစ္စာစောင့်သိမှုကို ကိုယ်တော် ဖြည့်ဆည်းပေးမယ်။ ကိုယ်တော့်ရဲ့ ဧကရာဇ်မြင်းကို မင်းကို ပေးမယ်။ ကျန်းမြစ်ကို သွားပြီး သဘာဝဘေးကို ကူညီလိုက်စမ်း”

ချန်ရှူမှာ ချွေးသီးချွေးပေါက်များ ကျလာပြီး ခေါင်းငုံ့ထားလိုက်ရ၏။ ဤအချိန်တွင် သူ စကားတစ်ခွန်းမှ မဟရဲတော့ချေ။

သူ စကားပြောမှားသွားပြီ…

အရှင်မင်းကြီးက သူ့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားပြီ… ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။

လီယန်စုန်က သင့်လျော်သော အချိန်တွင် ရှေ့သို့ထွက်ကာ ဖျန်ဖြေပေးလိုက်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်မင်းကြီး၊ ပြန်လည်စဉ်းစားတော်မူပါ။ ချန်ရှူရဲ့ ပြစ်မှုက အဲဒီလောက် ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ မထိုက်တန်ပါဘူး။ ဒါပေမဲ့ ဒီအမတ်အိုကြီး သိချင်တာက… ဘာကြောင့် အရှင်မင်းကြီးက ကျန်းမြစ်ကို မထောက်ပံ့ချင်ရတာလဲ ဆိုတာပါပဲ။”

လီယန်စုန်၏ စကားကို ကြားချိန်မှာတော့ ကျင်းဧကရာဇ်သည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။ “အမတ်မင်းလီ။ ကိုယ်တော့်ရဲ့ ဆုံးဖြတ်ချက်ကို သံသယဝင်နေတာလား။”

လီယန်စုန်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်၏။ “ကျွန်တော်မျိုး အရှင်မင်းကြီးကို မေးခွန်းထုတ်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတာကို နားမလည်လို့ပါ။”

ကျင်းဧကရာဇ်မှာ ချက်ချင်းပင် ဆွံ့အသွားရ၏။ ဟုတ်သည်။ နားမလည်သည်မှာလည်း ပုံမှန်ပင် ဖြစ်၏။ စေလွှတ်လိုက်သော နန်းတွင်းသက်တော်စောင့်များထံမှ သတင်းအစအန မရသည်မှာ ကြာပြီဖြစ်ပြီး နန်းတော်သည်ပင်လျှင် အခြေအနေကို မထိန်းချုပ်နိုင်တော့ချေ။ သူ ဆက်လုပ်သင့်သလား။

ကျင်းဧကရာဇ်မှာ ရုတ်တရက် အံ့အားသင့်သွားပြီး မည်သို့ ပြောရမည်ကို မသိတော့ချေ။

လှေကားအောက်မှ စိုက်ကြည့်နေကြသော အကြည့်များစွာကို မြင်ချိန်မှာတော့ ကျင်းဧကရာဇ် ရုတ်တရက် တုံ့ဆိုင်းသွားမိသည်။ တောက်ယွမ်မြို့မှ လူများ ကျရှုံးသွားပြီ ထင်သည်။ သူသည်လည်း ယနေ့အထိ တောင့်ခံနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်၏။

ထားလိုက်ပါတော့။ ဖန်ကျန်းရီအပေါ် ထားရှိခဲ့သည့် ယုံကြည်မှုက မှားယွင်းသွားခဲ့ပုံပင်။

သူ စကားစတင်ပြောဆိုရန် ပြင်လိုက်စဉ်မှာပဲ မိန်းမစိုးလေးတစ်ဦး ခန်းမဆောင်ထဲသို့ ရုတ်တရက် အူးယားဖားယား ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “အရေးပေါ်သတင်း။ ကျန်းမြစ်က အရေးပေါ်သတင်းပါ”

All Chapters