အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အပိုင်း (၃၇) ပြည်သူတွေ ငိုကြွေးနေကြပြီ
“အရှင်မင်းကြီး၏ အမိန့်တော်အရ - တောက်ယွမ်ခရိုင် မြို့ဝန် ဖန်ကျန်းရီသည် ကျန်းမြစ် ရေကြီးမှု ပြဿနာကို ဖြေရှင်းရန်နှင့် ပြည်သူများကို အန္တရာယ်မှ ကယ်တင်ရန် အကန့်အသတ်မရှိ အကျိုးဆောင်ခဲ့သည်။ ထို့ပြင် သူသည် တောက်ယွမ်ခရိုင်၏ အုပ်ချုပ်ရေးကို တာဝန်ယူခဲ့ချိန်မှစ၍ မိမိ၏ တာဝန်များကို စေ့စပ်သေချာစွာ ထမ်းဆောင်ခဲ့ပြီး ကြီးမားသော ကိုယ်ကျင့်တရားကို ပြသကာ ပြည်သူများ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့သည်။
တောက်ယွမ်ခရိုင် မြို့ဝန်ဖန်ကျန်းရီအား တောက်ယွမ်မြို့စားဘွဲ့၊ စဉ်ဆက်မပြတ် အသုံးပြုနိုင်သော မြေဧကနှစ်ရာ နှင့် အိမ်ခြေနှစ်ရာပါဝင်သော ပိုင်နက်နယ်မြေကို ချီးမြှင့်ရသည့်အတွက် ကိုယ်တော် အလွန်တရာ ဝမ်းမြောက်မိသည်။
ချန်ရှီ နန်းဆောင်တွင် အမျိုးသားပညာရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်သည်။ မဆိုင်းမတွဘဲ နန်းတော်သို့ ချက်ချင်း ဝင်ရောက်ရမည်။ အရှင်မင်းမြတ်၏ အမိန့်တော်။”
မိန်းမစိုးလေး ဖတ်ကြားပြီးချိန်မှာတော့ ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ လူတိုင်းမှာ အံ့သြမှင်တက်စွာဖြင့် ထိုနေရာတွင် အေးခဲနေကြ၏။
ဖန်ကျန်းရီသည် သူ့ကို စောင့်ကြည့်နေသည်။
မိန်းမစိုးလေးမှာ ဂနာမငြိမ် ဖြစ်လာပြီး တီးတိုး ပြောလိုက်၏။ “မြို့စားဖန်… အမိန့်တော်ကို လက်ခံလိုက်ပါလား။”
ဖန်ကျန်းရီ အဖြေမပေးနိုင်မီ လူအုပ်ကြီးမှာ ရုတ်တရက် ထကာ ငိုကြွေးလိုက်ကြသည်။
တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။ “မြို့ဝန်မင်းကို ခေါ်သွားတော့မယ်။ မြို့ဝန်မင်း သွားလို့ မဖြစ်ဘူး။ မြို့ဝန်မင်း မရှိဘဲ ကျုပ်တို့ အသက်မရှင်နိုင်ဘူး”
“ဒီက မြို့ဝန်မင်းကို ဘယ်သူမှ ခေါ်သွားလို့ မရဘူး။ ဒါတွေအကုန်လုံးက ဒီသေနာကျ မိန်းမစိုးကောင်ရဲ့ အပြစ်တွေပဲ။ သူ့ကို သတ်ကြ”
“ဟုတ်တယ် .. ဟုတ်တယ်။ သူ့ကို မြန်မြန်သတ်လိုက်။ ပြီးရင် ဘာမှမဖြစ်ခဲ့သလို နေလိုက်ကြမယ်”
…
လူအုပ်ကြီးသည် ပြင်းထန်သော စိတ်အားထက်သန်မှုများဖြင့် စတင် ရွေ့လျားလာကြပြီး နောက်ဘက်တွင် လက်နက်များ ကိုင်ဆောင်ထားသော ပြည်သူများမှာ ရှေ့သို့ ဆက်တိုက် တိုးဝင်ကာ မိန်းမစိုးလေးအား သတ်ရန် ကြိုးပမ်းလာကြသည်။
သူသာ ပျောက်ကွယ်သွားခဲ့လျှင် ဤအမိန့်တော်မှာ ဖတ်ကြားပြီးဖြစ်မည် မဟုတ်ချေ။ အတိုချုပ်ပြောရလျှင် မြို့ဝန်မင်း ဘယ်ကိုမှ သွား၍မဖြစ်ချေ။
မိန်းမစိုးလေးသည် ကိုးရိုးကားယား နိုင်စွာဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး လက်တစ်ဖက်မှ အမိန့်တော်ကို ကိုင်ကာ ဖန်ကျန်းရီအား တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။
“မြို့စား… မြို့စားဖန်… မြန်မြန် အမိန့်တော်ကို လက်ခံလိုက်ပါ။ ဒီအရာရှိလေး မခံနိုင်တော့ဘူး။”
ကြောက်မက်ဖွယ်ကောင်းသော စကားများကြောင့် ဖန်ကျန်းရီ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့သည်။
ထို့နောက် သူက လူအုပ်ကြီးကို လှမ်းအော်ပြောလိုက်၏။ “ပါးစပ်ပိတ်ထားကြစမ်း။ ဒီအရာရှိ မသေသေးဘူး။ ခင်ဗျားတို့တွေ ယဉ်ကျေးမှု မရှိကြဘူးလား။”
ပြည်သူများမှာ ရုတ်တရက် တိတ်ဆိတ်သွားကြပြီး ရှေ့ဆုံးမှ လူအနည်းငယ်မှာ မျက်ရည်များ ကျဆင်းလာကာ ရှိုက်ဖိုကြီးငယ်ဖြင့် ပြောလိုက်ကြသည်။ “ဒါပေမဲ့ မြို့ဝန်မင်း သွားလို့မရဘူး၊”
ယင်းကို ကြားချိန်မှာတော့ ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး လူစုခွဲကြစမ်း။ ဒီအရာရှိက အခု တောက်ယွမ်မြို့စား ဖြစ်သွားပြီ။ ဘာတွေ ကြောက်လန့်နေကြတာလဲ။ ကျုပ် ထွက်သွားရင်တောင် တခြားဘယ်သူမှ ဒီကို လာရဲမှာ မဟုတ်ဘူး”
ထို့နောက် ခေါင်းကိုလှည့်ကာ မိန်းမစိုးလေးအား အလျင်အမြန် ဆွဲထူပြီး မြှောက်ပင့်ကာ ပြောလိုက်သည်။ “ဟားဟား … မိန်းမစိုးလေး၊ ပင်ပန်းသွားပြီ… ဒီအရာရှိက သဘာဝဘေး ကယ်ဆယ်ရေးအတွက် လူတွေ လွှတ်လိုက်တာ အရှင်မင်းကြီး ဘယ်လိုလုပ် သိသွားတာလဲဆိုတာ ကျုပ် မေးလို့ရမလား”
“မြို့စားဖန်၊ကအရမ်း သဘောကောင်းတာပဲ… ဒါပေမဲ့… ဒါကို နန်းတော်ထဲရောက်မှပဲ မေးရလိမ့်မယ်။ ဒီအရာရှိလေးရဲ့ တစ်ခုတည်းသော တာဝန်က အမိန့်တော်ကို ပို့ဆောင်ပေးဖို့ပဲ။ ကျန်တာ ဘာမှ မသိပါဘူး”
ဖန်ကျန်းရီသည် သူ့ဘာသာ တွေးလိုက်မိ၏။ လီလုံက သူ့ကို သစ္စာဖောက်လိုက်ခြင်း ဖြစ်ရမည်။
လီလုံ … ခင်ဗျားကို နောက်တစ်ခါ တွေ့လို့ကတော့ အရှင်လတ်လတ် အရေခွံခွာပစ်မယ်။
အလွန် ကျက်သရေကင်းမဲ့လှပေသည်။ သူ့အား တောက်ယွမ်မြို့စားဘွဲ့ ချီးမြှင့်ခဲ့သော်လည်း၊ တောက်ယွမ် ခရိုင်သည် သူ၏ တစ်စစ ကျူးလွန်မှုများကြောင့် အလွန်ကျယ်ဝန်းသော နယ်မြေအထိ တိတ်တဆိတ် ချဲ့ထွင်ခံထားရပြီး ဖြစ်သည်။ ဤကိစ္စကိုသာ သိရှိသွားပါက ပြဿနာ ကြီးထွားလာမည် မဟုတ်ပါလော။ ရှေ့ဆက်ရမည့် အစီအစဉ်ကို နောက်မှသာ ဆက်ပြောကြပါစို့... ထို့အပြင် သူသည်လည်း စိုးရိမ်ပူပန်မှု တစ်ခုကို ရင်ဝယ်ပိုက်ထားရတော့မည်။
ဖန်ကျန်းရီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မိန်းမစိုးလေး၏ လက်များကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောလိုက်၏။ “လာပါ၊ မလန့်ပါနဲ့ …. တောက်ယွမ်ခရိုင်က ပုံမှန်မဟုတ်တဲ့ လူတွေနဲ့ ပြည့်နှက်နေပြီး ခေါင်လွန်းတဲ့ နေရာဖြစ်နေလို့ ခင်ဗျားကို ခြောက်လှန့်မိသွားတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ တောက်ယွမ်ခရိုင်က ကြည်လင်တဲ့ တောင်တွေ၊ ရေတွေနဲ့ သာယာလှပတယ်လို့ ဆိုနိုင်ပါသေးတယ်။ မိန်းမစိုးလေးသာ စိတ်ဝင်စားရင် နှစ်ရက်လောက် နေခဲ့လို့ရတယ်။ ကျုပ် အဖော်လုပ်ပေးပါ့မယ်။”
မိန်းမစိုးလေးက အားတင်းကာ ပြုံးပြလိုက်၏။ “တောက်ယွမ်မြို့စားက နောက်နေတာပဲ။ ဒီအရာရှိလေးက နန်းတော်ကို ချက်ချင်းပြန်ပြီး အစီရင်ခံရပါအုံးမယ်… မြို့စားမင်းလည်း အမြန်ဆုံး ပစ္စည်းတွေသိမ်းပြီး ခရီးထွက်ဖို့ ပြင်သင့်ပါတယ်။”
“နားလည်ပြီ။ မိန်းမစိုးလေး .. ခင်ဗျား ပင်ပန်းသွားပြီ… ကျန်းပြောင်”
ကျန်းပြောင်သည် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် သူတို့ထံ လျှောက်လာခဲ့သည်။
ဖန်ကျန်းရီက အချက်ပြလိုက်၏။
ကျန်းပြောင်က ငွေထုပ်ကို မိန်းမစိုးလေး၏ ရင်ခွင်ထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်သည်။
မမျှော်လင့်ဘဲ ငွေထုပ်မှာ လေးလွန်းနေသောကြောင့် မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားသည်။ မိန်းမစိုးလေးမှာလည်း သတိမထားမိလိုက်ဘဲ မြေပြင်ပေါ်သို့ ယိုင်လဲကျသွားသည်။ မိန်းမစိုးလေးသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ငိုကြွေးလေတော့၏။ “အီး .. ဝူး … တောက်ယွမ်မြို့စား။ ဒီအရာရှိလေးက မြို့စားကြီးအပေါ် ဘာရန်ငြိုး၊ ဘာမလိုမုန်းထားမှုမှ မရှိပါဘူး… အခုလိုလုပ်တာ ဘာသဘောလဲ”
ဖန်ကျန်းရီ၏ မျက်နှာမှာ မည်းမှောင်သွားပြီး ကျန်းပြောင်အား ခြေစုံပြေးကန်ကာလိုက်သည်။ ပြီးနောက် မတ်တပ်ထရပ်ပြီး မာန်မဲလိုက်သည်။ “ဟေ့ကောင်။ ဘယ်သူက မင်းကို ဒီလောက်အများကြီး ပေးခိုင်းလို့လဲ။ စေတနာပြဖို့ ငွေတေးလ် နည်းနည်းလောက်ဆို လုံလောက်နေပြီကို။”
ကျန်းပြောင်က ရှုံ့မဲ့သွားသည်။ မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ ငွေထုပ်ကို လျင်မြန်စွာ ပြန်ဆွဲယူလိုက်၏။
ဖန်ကျန်းရီ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားလေတော့သည်။
မိန်းမစိုးလေးကို ဆွဲထူလိုက်ရင်း ဖန်ကျန်းရီက တောင်းပန်လိုက်၏။ “အို… ကြည့်ပါအုံး …။ သူ့ရဲ့ ရောဂါက ထလာပြန်ပြီ… သူ စိတ်မမှန်လို့ပါ၊ စိတ်ထဲ မထားပါနဲ့”
ထို့နောက် သူသည် အိတ်ထဲမှ ကြေးပြားငါးပြားကို ထုတ်ယူပြီး မိန်းမစိုးလေး၏ အင်္ကျီလက်မောင်းထဲသို့ ဝှက်ကာ ထည့်ပေးလိုက်သည်။
ကြေးပြားအသံကို ကြားချိန်မှာတော့ မိန်းမစိုးလေးက ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ “တောက်ယွမ်မြို့စား … ဒါတွေကို ပြန်ယူသွားပါ… အထက်လူကြီးတွေ သိသွားရင် ဒီအရာရှိလေး အပြစ်ပေးခံရလိမ့်မယ်။”
ဖန်ကျန်းရီက လေးနက်စွာဖြင့် ပြောလိုက်သည်။ “လာပါ၊ အားနာမနေပါနဲ့။ ကျုပ်က နှုတ်လုံပါတယ်”
“မရဘူး”
“ကံမကောင်းစွာနဲ့ပဲ ဒီကိစ္စမှာ မိန်းမစိုးလေး တကယ်ကို ပင်ပန်းသွားခဲ့တာပဲ”
ပြောပြောဆိုဆိုနှင့်ပင် ဖန်ကျန်းရီသည် မိန်းမစိုးလေး၏ အင်္ကျီလက်မောင်းထဲသို့ လက်ပြန်နှိုက်ကာ ငွေကို ယူထုတ်လိုက်၏။
သေချာ ကြည့်လိုက်ချိန်မှာတော့ ငွေနှစ်တေးလ်နှင့် ကြေးပြားငါးပြား ဖြစ်နေသည်။
ဖန်ကျန်းရီ၏ မျက်လုံးများ လင်းလက်သွားသည်။ ပြီးနောက် ခပ်တည်တည်ဖြင့် သူ၏ ရင်ဘတ်ထဲသို့ ထိုးထည့်ကာ သိမ်းဆည်းလိုက်၏။
မိန်းမစိုးလေးသည် ဖန်ကျန်းရီကို မယုံကြည်နိုင်စွာဖြင့် ကြည့်ပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ “လေးစားရပါသော မြို့စားကြီး… ဒီအရာရှိလေး အခု သွားလို့ ရပြီလား”
ဖန်ကျန်းရီက လက်ကို ရမ်းပြလိုက်၏။ “သွားတော့ သွားတော့”
ထိုစကားကို ကြားသည်နှင့် မိန်းမစိုးလေးသည် မြင်းပေါ်သို့ ခုန်တက်ကာ ဒုန်းစိုင်း နှင်သွားလေသည်။
ရှောင်ထောင်သည် စိုးရိမ်တကြီး မျက်နှာဖြင့် သူတို့အနားသို့ ရောက်လာခဲ့၏။ “သခင်လေး… အဲဒါက နည်းနည်း မလျော်ကန်ဘူး မဟုတ်လား။ သူက နန်းတော်က လာတာလေ”
ဖန်ကျန်းရီသည် သက်ပြင်းကိုသာ ကူကယ်ရာမဲ့စွာ ချလိုက်သည်။ “ဒါဆိုလည်း ဘာဖြစ်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူ့ကို စော်ကားမိသွားပြီဆိုမှတော့ အနည်းဆုံးတော့ အပြည့်အဝ စော်ကားလိုက်တာပေါ့။”
ထို့နောက် သူ့ရှေ့ရှိ လူအုပ်ကြီးကို ပြန်ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အိမ်ပြန်ကြတော့။ စိတ်မပူကြနဲ့။ တောက်ယွမ်ခရိုင်က ကျုပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတုန်းပဲ။ ပြန်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြ”
ပြည်သူအချို့က သတိထားကာ ချဉ်းကပ်လာပြီး စိုးရိမ်တကြီး မေးလိုက်ကြ၏။ “မြို့ဝန်မင်း၊ မြို့ဝန်မင်း တောက်ယွမ်ခရိုင်ကနေ ထွက်မသွားဘူး မဟုတ်လား။”
လူတိုင်းက ဖန်ကျန်းရီအား မျှော်လင့်ချက် ပြည့်ဝနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုအချိန်တွင် ဖန်ကျန်းရီမှာ စိတ်ထိခိုက်သွားရသော်ငြား ဆက်ပြောလိုက်၏။ “ဘာဖြစ်လို့လဲ။ ကျုပ်က တောက်ယွမ်ခရိုင်ကနေ ထွက်သွားတော့ ဘာဖြစ်လဲ။ ကျုပ် ရာထူးတိုးသွားတာကို ခင်ဗျားတို့ မပျော်ကြဘူးလား။ ပြုံးကြစမ်းပါ”
“ဝါး” ခနဲ အသံနှင့်အတူ လူအုပ်ကြီးထဲတွင် ငိုသံများ ပေါက်ကွဲထွက်လာသည်။
တောက်ယွမ်ခရိုင် ပြည်သူများသည် သူတို့၏ ကိုယ်ပိုင်ဖခင် သေဆုံးသွားသကဲ့သို့ အော်ဟစ် ငိုကြွေးကြ၏။
မြို့ဝန်မင်း ထွက်သွားရင် ကျုပ်တို့ ဘာဆက်လုပ်ရမလဲ။
“ကျုပ် မြို့တော်ကို သွားပြီး အရှင်မင်းကြီးဆီ တိုင်တည်မယ်။ မြို့ဝန်မင်း … ဒီနေရာကနေ ထွက်သွားလို့ မရဘူး။ မြို့ဝန်မင်းနဲ့ ခွဲရရင် ကျုပ် တို့ အသက်မရှင်နိုင်ဘူး”
“မြို့ဝန်မင်း သွားရင် ကျုပ် သမီးလေး ဘယ်လိုလုပ်မလဲ။ သူက အသက်ရှစ်နှစ်ပဲ ရှိသေးတာ။ နောင်ကျရင် မြို့ဝန်မင်းနဲ့ လက်ထပ်ရမှာလေ”
“ဟမ့် …. ခင်ဗျားသမီးက မတန်ပါဘူး။ ကျုပ်သမီးက အသက်ဆယ့်ငါးနှစ်ရှိပြီ။ ကျေးဇူးပြုပြီး သူ့ကို တွေ့ပေးပါ။ သူ့ကို တွေ့ပါ”
…
အခြေအနေ ပိုဆိုးလာသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ နောက်ဆုံးတွင် မခံစားနိုင်တော့ချေ။ သူ၏ မျက်နှာမှာ ပျော့ပျောင်းသွားပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ “ကောင်းပါပြီ။ အာ… ကျုပ် အကုန်သိပါတယ်။ ကျုပ်က မြို့တော်ကို ခရီးခဏ သွားရုံပါပဲ။ ကျုပ် ထွက်သွားပေမဲ့ ပြန်မလာဘူးလို့ မပြောပါဘူး။
လာကြ၊ အကုန်လုံး လူစုခွဲကြ။ ခင်ဗျားတို့ ဒီလို ဆက်အော်နေမယ်ဆိုရင် ကျုပ် မြို့တော်မှာပဲ အပြီး နေလိုက်တော့မယ်။ သိပ်ဆူညံတာပဲ။ ကျုပ်ကို စောင့်နေကြ”
သူ စကားမဆုံးမီမှာပဲ လူအုပ်ကြီးမှာ လူစုကွဲသွားကြပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြရာ ဘာတစ်ခုမှပင် ကျန်မနေရစ်တော့ချေ။
မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော ရှုပ်ပွနေသည့် အရာများကို ကြည့်နေမိသည်။
ဖန်ကျန်းရီက ရယ်မောလိုက်၏။ “ဒီလူတွေကတော့…”
အပိုင်း (၃၈) မိန်းမလှများကို စိတ်မဝင်စားသည့် ဖန်ကျန်းရီ
ဖန်ကျန်းရီနှင့် အဖွဲ့ ရုံးတော်သို့ ပြန်ရန် ပြင်ဆင်နေချိန်မှာတော့ သူတို့အနောက်မှ ငွေခေါင်းလောင်းသံလေးကဲ့သို့ ကြည်လင်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“မြို့ဝန်မင်းဖန်... ခဏလောက် နေပါအုံး။”
ဆေးခန်းထဲတွင် သတိလစ်နေခဲ့သည့် အမျိုးသမီးက ထိုနေရာတွင် အချိန်အတန်ကြာ စောင့်ဆိုင်း နေခဲ့သည့်အလား တံခါးဘောင်ကို မှီကာ သူတို့ရှိရာသို့ စိုက်ကြည့်နေသည်။
“ကျွန်မ ပိုင်ရီ... အသက်ကို ကယ်တင်ပေးခဲ့တဲ့ မြို့ဝန်မင်းဖန်ကို ကျေးဇူးတင်ပါတယ်။”
ဖန်ကျန်းရီက ပြောလိုက်၏။ “ရှောင်ထောင်... သွားတွဲပေးလိုက်ပါအုံး။”
လက်ရှိ သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေပြီး မည်သည့်အရာကိုမှ ဝင်မပါချင်တော့ပေ။ ရုံးတော်သို့ အမြန်ဆုံးပြန်ကာ လက်အောက်ငယ်သားများကို အလုပ်ခိုင်းရန်သာ ဆန္ဒရှိနေခဲ့၏။ မြို့တော်သို့ သွားရမည်ဆိုပါက အချိန်အတန်ကြာသည့်အထိ ပြန်လာနိုင်မည် မဟုတ်ချေ။
ရာထူးချီးမြှင့်မှုက သူ့ကို ပို၍ ဂဏာမငြိမ် ဖြစ်စေခဲ့၏။ မှူးမတ်ရာထူး ပေးအပ်ခြင်းသည်ပင် အလွန်ကြီးမားသော ဆုလာဘ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ယခု ချန်ရှီတွင် ပညာရေးဒုတိယအမတ်အဖြစ် ခန့်အပ်ခံရခြင်းကြောင့် ဤကိစ္စနှင့် ပတ်သက်သမျှ အရာအားလုံးက ထူးဆန်းနေပုံရ၏။
ရှောင်ထောင်က ပိုင်ရီထံ သွား၍ တွဲပေးလိုက်၏။ “သခင်မလေး... ကိစ္စရှိရင် သခင်လေးကို နောက်မှပဲ ပြောပါတော့။ အခုချိန်က သိပ်အဆင်မပြေသေးလို့ပါ”
ပိုင်ရီ၏ခန္ဓာကိုယ်က အပြည့်အဝ ပြန်မကောင်းသေးချေ။ ဖွဖွလေး နှစ်ချက်မျှ ချောင်းဆိုးလိုက်ပြီးနောက် ယဉ်ကျေး သိမ်မွေ့စွာ မှီလျက် ပြောလိုက်သည်။ “ကျွန်မရဲ့မိသားစုကို ရေဘေးမှာ ဆုံးရှုံးသွားခဲ့ရပါပြီ... အခု ကျွန်မမှာ သွားစရာ နေရာမရှိတော့ပါဘူး။ ကျွန်မ … ပိုင်ရီ မြို့ဝန်မင်းရဲ့ ကျေးဇူးကိုဆပ်ဖို့ အတူ လိုက်ပါခွင့်ပြုပါရှင်”
ဖန်ကျန်းရီသည် ပိုင်ရီကို ကြည့်လိုက်၏။ သတိပြန်လည်လာချိန်မှာတော့ မျက်နှာသွင်ပြင်က ပို၍ အသက်ဝင်လာပြီး အလွန်ဆွဲဆောင်မှုရှိသော အလှတရားကို ပိုင်ဆိုင်ထား၏။
“ပိုင်ရီ... ကျုပ် ကယ်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ”
ဖန်ကျန်းရီအတွက် ဧကရာဇ်၏ အမိန့်တော်က တစ်ခုခု မှားယွင်းနေကြောင်း ညွှန်ပြနေရုံသာမက ဤအမျိုးသမီးကလည်း ပုံမှန်မဟုတ်သလို ခံစားနေရသည်။
သူမက အလွန်လှပသည် ဆိုပေမဲ့ မြို့ဝန်မင်းဖန်သည် ယခင်ဘဝကတည်းက မိန်းမလှလေးများကို တွေ့ကြုံဖြတ်သန်းဖူးသူ ဖြစ်သောကြောင့် အသိစိတ်လွတ်သွားမည် မဟုတ်ချေ။ ထူးခြားသော အသွင်အပြင်နှင့် အလှအပကို ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ယောက်က အစေခံ ဖြစ်ချင်နေသည်လား။
“ကျွန်မ … ပိုင်ရီ သတိရလာတဲ့ အချိန်တုန်းက သမားတော်က မြို့ဝန်မင်းဖန် ကယ်တင်ပေးခဲ့တာလို့ ပြောပြခဲ့ပါတယ်ရှင်”
ပိုင်ရီသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အားအင်ကုန်ခမ်းကာ မောပန်းနေပြီး အသက်ရှူသံများက အနည်းငယ် မမှန်သေးချေ။
“အို... ထပြီးမှ စကားပြောပါ။ ဘယ်ကလာတာလဲ။ ပြီးတော့ မိသားစုက ဘာအလုပ်လုပ်တာလဲ။”
“အရှင်... ကျွန်မ ဖြေပါ့မယ်။ ကျွန်မက ကျန်းမြစ်ဒေသကပါ။ မိသားစုက ကြွေထည်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ ရေဘေးကြောင့် မိသားစုဝင်တွေ အားလုံး ဆုံးပါးသွားခဲ့ရပြီး ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့တာပါ။ ကံကောင်းစွာနဲ့ မြို့ဝန်မင်းဖန်ရဲ့ ကျေးဇူးကြောင့် အသက်ရှင်ခွင့် ရခဲ့တာပါ။”
စကားပြောရင်း ပိုင်ရီသည် ရှိုက်ကြီးတငင် ငိုကြွေးလာပြီး အလွန်သနားစရာ ကောင်းနေ၏။ သူမ၏ ငိုကြွေးသံက ဝမ်းနည်းစရာ ကောင်းလှပြီး ခံစားချက်များကလည်း ရိုးသားပုံရသည်။
ရှောင်ထောင်က ကိုယ်ချင်းစာသွားမိ၏။ သူမ၏ မိဘများသည်လည်း ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ဖန်ကျန်းရီနှင့်သာ မတွေ့ခဲ့လျှင် မည်မျှ ဆိုးရွားသော အခြေအနေများ တွေ့ကြုံရမည်ဖြစ်ကြောင်း တွေးကြည့်မိ၏။ ထိုအကြောင်း တွေးမိချိန်မှာတော့ ပိုင်ရီကို နှစ်သိမ့်ပေးရန် သွားလိုက်၏။
ဖန်ကျန်းရီက သေချာစောင့်ကြည့်နေခဲ့ပြီး ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရ၏။ တောက်ယွမ် ခရိုင်တွင် မိဘများကို ငယ်ရွယ်စဉ်မှာပင် ဆုံးရှုံးခဲ့ရသူ အများအပြားကို တွေ့ဖူးပြီး သူတို့၏ တုံ့ပြန်မှုများက အများအားဖြင့် ဤကဲ့သို့ပင် ဖြစ်သည်။
သို့ဆိုစေကာမူ 'ကြွေထည်' ဆိုသော စကားလုံးကို ကြားလိုက်ချိန်မှာတော့ ဖန်ကျန်းရီ ချက်ချင်း ခေါင်းကိုက်လာခဲ့၏။ ကြွေထည်ကုန်သည် လီလုံကြောင့်သာ မဟုတ်လျှင် သူ၏ ငြိမ်းချမ်းသော ဘဝလေး ပျက်စီးသွားမည် မဟုတ်ချေ။
ထို့ကြောင့် သူက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “ကျုပ် နားလည်ပါပြီ။ ကျန်းမြစ်က ရေဘေးပြဿနာလည်း ဖြေရှင်းပြီးသွားပြီပဲ။ သက်သာသွားရင် အိမ်ပြန်လို့ရပါပြီ။ ရှောင်ထောင်... ငါတို့ ထွက်သွားရင် သူ့အတွက် ခရီးစရိတ် နည်းနည်း စီစဉ်ပေးခဲ့ဖို့ မမေ့နဲ့”
“သွားကြစို့... ရုံးတော်ကို ပြန်မယ်”
ထိုသို့ ပြောပြီးနောက် ကျောခိုင်းကာ လှည့်ထွက်သွားသောကြောင့် ပိုင်ရီမှာ မှင်တက်သွားခဲ့သည်။
ဝေးကွာသွားသော ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း ပိုင်ရီသည် သူမ၏ လှပသော မျက်နှာလေးကို ကိုင်ကာ ဘဝကို အနည်းငယ် သံသယဝင်သွားမိသည်။ မွေးဖွားလာခဲ့သည့် ဆယ့်ခြောက်နှစ်တာ ကာလတစ်လျှောက်လုံး ဤကဲ့သို့ စော်ကားမခံခဲ့ရဖူးချေ။ မိသားစု ဆုံးပါးသွားပြီးနောက်တွင်ပင် မည်သည့် အမျိုးသားကမှ သူမအပေါ် ဤသို့ လျစ်လျူမရှုခဲ့ဖူးပေ။
မိန်းမလှတွေကို စိတ်မဝင်စားတာလား။ ငါက ရုပ်ဆိုးနေလို့လား။
တွေးတောနေစဉ်မှာပဲ ဖန်ကျန်းရီက မမျှော်လင့်ဘဲ အဝေးမှ ပြန်လျှောက်လာခဲ့၏။
ဖန်ကျန်းရီကို မြင်လိုက်ချိန်မှာတော့ ပိုင်ရီ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အခိုက်အတန့်မျှ ပေါ်လာခဲ့သည်။
ငါ ထင်တဲ့အတိုင်းပဲ သူ ဟန်ဆောင်နေတာ။ လောကက ယောက်ျားတွေ အားလုံး အတူတူချည်းပဲ။ မာနကြီးသလို ဟန်ထုတ်နေတာကိုး။
ဖန်ကျန်းရီ နီးကပ်လာချိန်မှာတော့ ပိုင်ရီက အမူအရာ ပြင်လိုက်ပြီး လွမ်းဆွေးကာ နာကြည်းနေသည့် အသွင်သို့ ပြန်ပြောင်းလိုက်၏။ “မြို့ဝန်မင်းဖန်...”
ဖန်ကျန်းရီက ပြောလိုက်သည်။ “ကျုပ် ပြောဖို့ မေ့သွားလို့။ ကျန်းမြစ်ကို ပြန်ရောက်ပြီး မိသားစုပိုင်ဆိုင်မှုတွေကို ရှင်းလင်းပြီးတဲ့အခါ ခရီးစရိတ်နဲ့ ဆေးဖိုးတွေ ပြန်ပို့ပေးဖို့ မမေ့နဲ့နော်။
သခင်မလေး... ကျုပ်တို့ဘက်က မိသားစု ဆုံးရှုံးသွားတဲ့အပေါ် စိတ်မကောင်းဖြစ်ရပေမဲ့ မြေရှင်ရဲ့ မိသားစုမှာတောင် ဆန်စပါး သိပ်မပိုဘူးလေ။ ခင်ဗျား နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရှောင်ထောင် သွားကြစို့”
ဖန်ကျန်းရီသည် ထပ်မံ၍ ကျောခိုင်းကာ ထွက်သွားပြန်၏။
“...”
ပိုင်ရီ၏မျက်နှာက ရုတ်တရက် နီရဲသွားခဲ့သည်။ ဝေးကွာသွားသော ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်သွားသည်။
“အဟွတ်... အဟွတ်... အဟွတ်...”
ရုတ်တရက် ပိုင်ရီက ပါးစပ်ကို ပိတ်ကာ ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ လက်ချောင်းများကြားမှ သွေးများ စီးကျလာခဲ့၏။
ထိုအချိန်တွင် ပိုင်ရီသည် ကြီးမားလှသော အရှက်တကွဲ အကျိုးနည်းဖြစ်မှုကို ခံစားလိုက်ရ၏။ ဤအချိန်ထိ အသက်ရှင်လာခဲ့ရာတွင် ဤကဲ့သို့ စော်ကားမှုကို တစ်ခါမှ မခံခဲ့ရဖူးချေ။ သာမန် မြို့ဝန်လေး တစ်ယောက်က သူမကို ဤသို့စော်ကားသည်လား။
သို့ပေမည့် ငယ်ငယ်ရွယ်ရွယ်နှင့် မှူးမတ်အဖြစ် ကြေညာခံရပြီး ချန်ရှီရုံးတော်သို့ ဝင်ရောက်ရမည့်သူအကြောင်း တွေးမိချိန်မှာတော့...
ပိုင်ရီသည် ရှက်ရွံ့မှု၊ ဒေါသတို့ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဖန်ကျန်းရီ၏ အနောက်သို့ ကြည့်လိုက်၏။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ အံကြိတ်ပြီး ယိုင်နဲ့နဲ့ဖြင့် နောက်မှ လိုက်သွားသည်။
အရှေ့ဘက်တွင် ရှောင်ထောင်နှင့် အခြားသူများက လမ်းပေါ်၌ လျှောက်သွားနေကြသည်။ ဖန်ကျန်းရီက ကျိန်ဆဲ နေဆဲပင်။ “သောက်ကျိုးနည်း လူနာသယ်လာတဲ့ကောင်တွေ... ထွက်ပြေးသွားကြပြီပဲ။ အဲဒီကောင်တွေ ခရိုင်အခွန်ရုံးမှာ ငွေလာထုတ်ရင် တစ်ဝက်ပဲ ပေးလိုက်။ ကြားလား”
ကျန်းပြောင်က အနောက်ကို လှည့်ကြည့်ရင်း ပြောလိုက်၏။ “... သခင်လေး။ ဟိုအမျိုးသမီး နောက်ကနေ လိုက်လာတယ်”
“သူလား”
ဖန်ကျန်းရီ အနောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ပိုင်ရီ တကယ်ပင် နောက်မှ လိုက်လာသည်ကို မြင်လိုက်ရ၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အသက်ရှူ နှစ်ကြိမ် ရပ်သွားကာ အလွန် ခက်ခဲနေပုံရသည်။
“ဟင်... ဒီလို အခြေအနေနဲ့တောင် နောက်ကနေ လိုက်လာသေးတယ်ပေါ့။ ဒီသခင်လေးကို အတင်းကပ်ဖားဖို့ ကြိုးစားနေတာလား မသိဘူး။ လာ... မြန်မြန် သွားကြစို့”
ထိုသို့ ပြောပြီးနောက် ဖန်ကျန်းရီနှင့် အခြားနှစ်ယောက်သည် ရှေ့သို့ ပြေးကြတော့၏။ ပိုင်ရီလည်း အနောက်မှ ပြေးလိုက်သည်။ ဖန်ကျန်းရီ အနောက်သို့ လှည့်ကြည့်သည်ကို မြင်လိုက်ချိန်မှာတော့ သူမ ချက်ချင်း ပြုံးလိုက်ပြီး လက်မြှောက်ကာ ခေါ်ရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက ခေါင်းပြန်လှည့်ကာ ထွက်ပြေးသွားပြန်၏။
ပိုင်ရီသည် ရှိနေသည့် နေရာမှာပင် အေးခဲသွားခဲ့ပြီး သူမ၏ နှလုံးသားသည် ခါးသက်သက်၊ စပ်ဖျဉ်းဖျဉ်းဖြစ်ကာ ချိုမြိန်မှု အလျဉ်းမရှိတော့ချေ။ ဤသည်မှာ ဘဝတွင် တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံသစ် တစ်ခုပင် ဖြစ်သည်။
“ဖူး” ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာခဲ့၏။
နေဝင်သွားချိန်မှာတော့ ပိုင်ရီသည် လူသူကင်းမဲ့နေသော လမ်းမပေါ်တွင် တိတ်ဆိတ်စွာ လဲကျသွားခဲ့ပြီး အလွန်ဝမ်းနည်းစရာကောင်းလှသည်။
...
ရုံးတော်၏ နောက်ဖေးခြံဝန်း။
ဖန်ကျန်းရီသည် ခြေရင်းရှိ လူနာထမ်းစင်ပေါ်တွင် လဲလျောင်းနေသော ပိုင်ရီကို မှုန်ကုပ်နေသော မျက်နှာဖြင့် ကြည့်နေခဲ့၏။ သူမသည် သတိလစ်နေဆဲဖြစ်ပြီး အခြေအနေ ပိုဆိုးသွားသည့်အလား ထင်ရ၏။
“ကျန်းပြောင်... မင်းက ဝက်ပဲ။ ဒီအမျိုးသမီးက မင်းရဲ့ သခင်လေးကို သိသိသာသာ အတင်းကပ်ဖားနေတာလေ။ ဒါကို မင်းက ခေါ်လာသေးတယ်ပေါ့”
ကျန်းပြောင်က နှာခေါင်းရှုံ့လိုက်၏။ “သခင်လေး... သူက သခင်လေးနဲ့ စကားပြောချင်တယ်လို့ သေသေချာချာ ပြောခဲ့တာလေ။ ဒါကြောင့် ခေါ်လာတာ ပိုမှန်မယ် ထင်လို့ပါ...”
ဤမျှဇွဲကောင်းသောသူမျိုးနှင့် တွေ့ရသောကြောင့် ဖန်ကျန်းရီမှာ ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကဲ... ဒီလို ဖြစ်နေမှတော့ စကားပြောဖို့က ဘာထူးတော့မှာလဲ။ သူ့ကို ဆေးခန်းဆီ အခုချက်ချင်း ခေါ်သွားလိုက်။ သက်သာသွားတာနဲ့ မြန်မြန် ပြန်ပို့လိုက်တော့”
ကျန်းပြောင်က ပိုင်ရီကို ခေါ်သွားရန် ပြင်လိုက်ချိန်မှာပင်။ အစောပိုင်းက သတိလစ်နေခဲ့သော ပိုင်ရီသည် ရုတ်တရက် လက်လှမ်းကာ ဖန်ကျန်းရီ၏ ဘောင်းဘီကို ဆွဲကိုင်ပြီး သတိလစ်နေလျက်နှင့်ပင် ရှိုက်ငိုကာ ပြော၏။ “အဖေ... အမေ... သမီး... သမီး ပိုင်ရီ ဖေဖေတို့ မေမေတို့ကို အရမ်းလွမ်းတာပဲ...”
ဤသည်ကို မြင်လိုက်ရချိန်မှာတော့ ရှောင်ထောင်က မခံစားနိုင်လောက်အောင် သနားကြင်နာသော အမူအရာဖြင့် ဖန်ကျန်းရီကို တောင်းပန်လိုက်၏။ “သခင်လေး... သူ့ကို ဒီမှာပဲ နေခွင့်ပြုလိုက်ပါလား။ ကြည့်ပါအုံး ... သူ့မှာ မိဘလည်း မရှိတော့ဘူး။ အရမ်း သနားစရာကောင်းတဲ့ အခြေအနေမှာ ရောက်နေတာလေ။ နောင်ကျရင် သူ ဘယ်သွားရမှာလဲ။ တောက်ယွမ်ခရိုင်မှာ လူတစ်ယောက်လောက် ကျွေးထားဖို့က မခက်ခဲပါဘူး”
ပိုင်ရီက သူ့ဘောင်းဘီကို ဆွဲထားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် ဆောင့်ကြောင့်ထိုင်ကာ သေချာ စစ်ဆေးကြည့်လိုက်၏။ ပိုင်ရီသည် မျက်စိမှိတ်ထားဆဲဖြစ်ပြီး အိပ်မက်ထဲတွင် ရေရွတ်နေသည်။ သူမ၏ စကားများက တကယ်ပင် ရင်ကွဲစရာကောင်းလှပြီး မြင်တွေ့ရသူများကို မျက်ရည်လည်စေသည်။
ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေခဲ့၏။ ဤအမျိုးသမီးက... ထူးဆန်းနေသည်ဆိုသော ခံစားချက်ကို ဖျောက်ဖျက်ပစ်၍ မရနိုင်ချေ။ အိပ်မက်ထဲမှာ စကားပြောနေတာက အဘယ့်ကြောင့် ဤမျှ အဓိပ္ပါယ်ရှိနေရသနည်း။
“ရှောင်ထောင်... သူ့ကို ကလိထိုးလိုက်စမ်း”