အခန်း (၄၃-၄၄)
Vol. 4 Ch. 43-44
အပိုင်း (၄၃) အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ
နောက်တစ်နေ့၊ ညနေ ၃ နာရီမှ ၅ နာရီအချိန်။
ပိုင်ရီသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်ရင်း ဖန်ကျန်းရီ၏ အခန်းတံခါးကို ခေါက်လိုက်၏။ သို့သော်ငြား ဖန်ကျန်းရီက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပင်။ ဤသည်ကိုမြင်ချိန်မှာတော့ ပိုင်ရီသည် သတိထား၍ ချဉ်းကပ်သွားပြီး ဒူးထောက်ကာ ဖန်ကျန်းရီကို စောင့်ကြည့်နေခဲ့သည်။
သူမ မွေးကတည်းက အရာမြောက်မြားစွာကို လုပ်ဖူးသော်လည်း ဤမျှထူးဆန်းသောသူကို ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွဲကျနေပြီး သွားရည်များ ကျဆင်းနေကာ အိပ်ပျော်နေစဉ်တွင်ပင် အလွန် ပေါ့ပေါ့ဆဆ နေတတ်သည့်ပုံ ပေါ်နေ၏။ မျက်နှာသွင်ပြင်က ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦး၏ ပုံရိပ်ကို အတိအကျ ဆောင်နေသော်ငြား လှုပ်ရှားမှုများကမူ လူဆိုးတစ်ယောက်လို ရယ်စရာကောင်းနေသည်။ သူ့ဘေးရှိ လူများပင် ထူးဆန်းနေကြ၏။
ပိုင်ရီက ပိုမိုသေချာစွာ စစ်ဆေးရန် ပြင်လိုက်ချိန်မှာပဲ ဖန်ကျန်းရီသည် ရုတ်တရက် လှည့်ပြီး လက်တစ်ဖက်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ပိုင်ရီ၏မျက်နှာသည် လက်သီးဖြင့် အထိုးခံလိုက်ရ၏။
ပိုင်ရီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး ညာဘက်ပါးပြင်ကို ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ဒေါသနှင့် မျက်ရည်များ ပြည့်နှက်သွားခဲ့၏။ သောက်ကျိုးနည်း... ဘာလို့... ဘာလို့ ရှင် ကျွန်မကို အမြဲနာကျင်အောင် လုပ်ရတာလဲ။
ပိုင်ရီသည် ဒေါသတကြီးဖြင့် ကုတင်စွန်းသို့သွားပြီး ကျန်းရီကို နှစ်ချက် တွန်းကာ အော်လိုက်သည်။ “သခင်လေး... ထတော့။ မနက်ခင်း ညီလာခံ သွားဖို့ အချိန်တန်ပြီ။”
သူမ အတန်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ချေ။ ပိုင်ရီက စိတ်ပျက်လက်ပျက်ဖြင့် နှစ်ကြိမ်ခန့် အော်လိုက်ပြန်၏။ “သခင်လေး... သခင်လေး”
ဘာတုံ့ပြန်မှုမှ မရှိသေးပေ။ ဖန်ကျန်းရီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ဘာမှ မကြားရချေ။
ရုတ်တရက် ပိုင်ရီ၏ မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။ သူမက လက်တစ်ဖက်ဖြင့် ဖန်ကျန်းရီ၏ ပါးစပ်ကို ပိတ်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ဖန်ကျန်းရီ၏ နှာခေါင်းပေါက်ထဲသို့ ထိုးထည့်လိုက်သည်။
တစ်မိနစ်ခန့်အကြာ... ဖန်ကျန်းရီသည် ရေနစ်သကဲ့သို့ အသက်ရှူကြပ်ကာ နိုးလာခဲ့၏။ မျက်လုံးများတွင် သွေးကြောများ ယှက်နေပြီး ဒေါသတကြီး အော်လိုက်၏။ “မင်း ဘာလုပ်နေတာလဲ”
ပိုင်ရီသည် ဖန်းကျန်းရီ၏အမူအရာကို အလွန်ကျေနပ်သွားသော်လည်း ခေါင်းငုံ့ကာ ပြောလိုက်သည်။ “သခင်လေး... နန်းတော်ရဲ့ မနက်ခင်း ညီလာခံသွားဖို့ အချိန်တန်ပြီ။ ကျွန်မတို့ ထပ်နောက်ကျရင် အချိန်မီမှာ မဟုတ်တော့ဘူး။ မနက်စာစားပြီးတာနဲ့ ဝူတံခါးမှာ သွားစောင့်နေရမယ်။ ထပ်ပြီး နောက်ကျနေဦးမယ်ဆိုရင် အချိန်မီရောက်မယ် မထင်ဘူး။”
ဖန်ကျန်းရီ အသက်ပြင်းပြင်း ရှူလိုက်ရာ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်သွားခဲ့၏။ သူ ခုနှစ်နာရီ ပြည့်အောင်ပင် မအိပ်ရသေးချေ။ မျက်လုံးများကို ပွတ်သပ်ရင်း ဒေါသတကြီးဖြင့် မေးလိုက်သည်။ “ငါ နားလည်ပြီ။ ရှောင်ထောင် ဘယ်မှာလဲ”
“ရှောင်ထောင် မနေ့က တစ်နေကုန် မြို့ထဲမှာ လျှောက်သွားနေတော့ အခုထိ မနိုးသေးပါဘူး... ဒါကြောင့် ကျွန်မ လာနှိုးရတာပါ။”
ဖန်ကျန်းရီ ခဏမျှ စဉ်းစားလိုက်၏။
အမှန်စင်စစ်မူ သူသည် ကုန်သည်ကြီး လီလုံအား ရှာဖွေရန် ရှောင်ထောင်ကို မနေ့က တစ်နေ့တာလုံး မြို့ထဲသို့ စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရှာမတွေ့ခဲ့ကြသော်ငြားလည်း သူမ အလွန်ပင် ပင်ပန်းနွမ်းနယ်နေလောက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူမအား ဆက်လက် အိပ်စက် အနားယူခိုင်းထားခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထို့ကြောင့် သူက မတ်တတ်ရပ်ကာ လက်မြှောက်ပြီး ပြောလိုက်သည်။ “ငါ နားလည်ပြီ။ ငါ့ကို အဝတ်အစား ဝတ်ပေး”
“ရှင်”
ပိုင်ရီ အံ့အားသင့်စွာဖြင့် သူမ၏ လှပသော မျက်နှာလေးဖြင့် မော့ကြည့်လိုက်သည်။ သူမ ဘယ်လိုလုပ်ရမှန်း မသိပေ။ သူမ ဘဝတွင် မည်သည့် အမျိုးသားကိုမှ အဝတ်အစား ဝတ်မပေးဖူးချေ။
“ရှင်တာတွေ ဘာတွေ လုပ်မနေနဲ့။ ငါ့ကို မြန်မြန် ဝတ်ပေး” ဖန်ကျန်းရီက မျက်စိမှိတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
ပိုင်ရီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။ “ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိဘူး...”
ဖန်ကျန်းရီ မျက်လုံးများကို ဖွင့်ကာ ဒေါသတကြီးဖြင့် ခါးထောက်ပြီး ပြောလိုက်၏။ “မလုပ်တတ်ဘူးတဲ့လား”
နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ သူသည် မိမိဖာသာ အဝတ်အစား ဝတ်ဆင်ရန်ပင် မတတ်ကျွမ်းတော့ချေ။ သူ၏ ကိုယ်တိုင်ရပ်တည် ရှင်သန်နိုင်စွမ်းများမှာ သုညအမှတ်သို့တိုင်အောင် ကျဆင်းသွားခဲ့သည်။ ရှောင်ထောင်သာ မရှိပါက သူသည် ထက်ဝက်ခန့် အသုံးမကျသူ တစ်ဦးပမာ ဖြစ်နေခဲ့ပြီး၊ ယခုမူ သူ့အား ပြုစုလုပ်ကျွေးရန် ထက်ဝက်ခန့် အသုံးမကျသော အခြားသူတစ်ဦးကို ထပ်မံ ရရှိနေပြန်သည်။
သို့ဖြစ်ရာ သူ မည်သို့ ဆက်လက် ရှင်သန်ရတော့မည်နည်း။
ပိုင်ရီသည် စိတ်ပျက်လက်ပျက်ဖြင့် သူမဘာသာ ညည်းညူလိုက်၏။ “ဒါဆို ကျွန်မ သွားပြီး ရှောင်ထောင်ကို ခေါ်လိုက်ပါ့မယ်။”
“မလိုဘူး... သူ့ကို အိပ်ခိုင်းထားလိုက်။ မင်းပဲ ငါ့ကို အဝတ်အစား ဝတ်ပေးပြီး သေချာသင်ယူထား။ မင်းက လူတစ်ယောက်ကို အဝတ်အစားတောင် ဝတ်မပေးတတ်ဘူးဆိုရင် ဒီသခင်လေးက မင်းကို ဘယ်လိုလုပ် အပြင်ခေါ်သွားလို့ ရတော့မှာလဲ။”
ပိုင်ရီ နှုတ်ခမ်းစူလိုက်သည်။ ရှင်ရော ဘာအသုံးကျလဲ။ ယောကျ်ားကြီးတန်မဲ့ ကိုယ့်ဘာသာ အဝတ်အစားတောင် မဝတ်တတ်ဘူး။
နောက်ဆုံးတွင် ပိုင်ရီသည် ဖန်ကျန်းရီ၏ ရုံးဝတ်စုံကို မကျွမ်းကျင်စွာဖြင့် ဝတ်ဆင်ပေးလိုက်ရသည်။ နောက်ဆုံး ဖဲကြိုးကို ချည်ပြီးသည်နှင့် တစ်ပြိုင်နက် ပိုင်ရီက နဖူးမှ ချွေးများကို သုတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး အောင်မြင်မှု၏ ဝမ်းသာပျော်ရွှင်မှုကို ခံစားလိုက်ရ၏။
ဖန်ကျန်းရီက မှန်ထဲတွင် ကြည့်ကာ ပြောလိုက်သည်။ “လုပ်ပါများရင် အဆင်ပြေသွားပါလိမ့်မယ်။”
သောက်ကျိုးနည်း။
ပိုင်ရီ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မရှိသလို စကားလည်း တစ်ခွန်းမှ မပြောခဲ့ချေ။
“အမ် … မင်းရဲ့ မျက်နှာက ဘာလို့ ရောင်နေတာလဲ”
“လည်ပင်းက ကျပ်လို့ မျက်နှာက တက်ရောင်လာတာပါ။”
“ဟမ့်... ဘယ်လိုတောင် ထူးဆန်းလိုက်လဲ”
“........”
အရှုပ်အထွေးများနှင့် မနက်စာစားခြင်းများ ပြီးဆုံးသွားချိန်တွင် အချိန်သိပ်မကျန်တော့ချေ။
ဖန်ကျန်းရီသည် ရထားလုံးထဲသို့ အလျင်အမြန် ဝင်သွားပြီးနောက် ပိုင်ရီဘက်သို့ လှည့်ကာ ပြောလိုက်၏။ “မင်း ငါ့ကို လိုက်ပို့စရာ မလိုဘူး။ အလုပ်ပြီးရင် ငါ့ဘာသာ ပြန်လာခဲ့မယ်။ ဒီနေ့ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အားလုံး ပြင်ဆင်ထားလိုက်။ နားမလည်တာရှိရင် ရှောင်ထောင်ဆီက သင်ယူလိုက်။”
ထို့နောက် သူ ရထားလုံးထဲသို့ ဝင်သွားသည်။
ရထားလုံးထဲတွင် ဖန်ကျန်းရီသည် ထောင့်တစ်နေရာ၌ တွန့်လိမ်နေပြီး အချိန်မီရောက်နိုင်သေးသည်ဟု တွေးနေခဲ့၏။ ထိုသူများလည်း ဤမျှ စောစီးစွာ အစည်းအဝေးသို့ တက်ရောက်နိုင်ကြမည် မဟုတ်ပါချေ။ အသက်အရွယ် ကြီးရင့်သူ အများစုအနေဖြင့် ဤဒဏ်ကို ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။
တွေးနေရင်း သူ တဖြည်းဖြည်း ပြန်အိပ်ပျော်သွားခဲ့သည်။
...
မနက်ခင်း ခေါင်းလောင်းသံ မြည်နေပြီ ဖြစ်သည်။
ဧကရာဇ်ကျင်းသည် ယနေ့ အလွန် တက်ကြွနေသည်ဟု ခံစားရ၏။
မနေ့က ရှောင်ထောင်ဆိုသော မိန်းကလေးတစ်ယောက် မြို့တော်တွင် သူ့ကို တစ်နေကုန် လိုက်ရှာနေသည်ဟု ကြားရတော့ ဧကရာဇ်ကျင်းမှာ မိမိကိုယ်ကိုယ် မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောခဲ့ရသည်။ ဖန်ကျန်းရီတွင် ထူးခြားသော ဆွဲဆောင်မှုရှိပြီး သူ့ကို မြင်တွေ့ရချိန်တွင် မည်သို့ တုံ့ပြန်မည်နည်းဟု တွေးကာ ယခုအချိန်၌ သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
အရာရှိများအားလုံး နေရာယူပြီးနောက် ဧကရာဇ်ကျင်းသည် ခန်းမကို ဝေ့ကြည့်လိုက်သော်လည်း ဖန်ကျန်းရီကို မတွေ့ရချေ။ ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ဖန်ကျန်းရီ ဘယ်မှာလဲ။ အမိန့်တော် ထုတ်ပြန်ပြီးတာ သုံးရက်ရှိပြီ။ သူ ဘာလို့ မရောက်သေးတာလဲ”
လီယန်စုန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်နှာသစ်တစ်ယောက်မှ မတွေ့ရချိန်မှာတော့ ပြောလိုက်သည်။ “အရှင်မင်းကြီး... ခရီးစဉ်က အချိန်ပိုကြာလို့ လမ်းမှာ နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။”
ဧကရာဇ်ကျင်း၏ မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာ ပေါ်လာခဲ့၏။ “တောက်ယွမ်ခရိုင်က ဒီကနေဆိုရင် နှစ်ရက်ခရီးတောင် မရှိတော့ပါဘူး။ ကိုယ်ရံတော်တွေ... ဖန်ကျန်းရီကို ခေါ်လာခဲ့စမ်း...”
သူ စကားမဆုံးမီမှာပင် ချောင်နေသော ဘောင်းဘီကို လက်ဖြင့် ဆွဲကိုင်ထားသော လူတစ်ယောက်က ခေါင်းစိုက်ကာ ပင်မ ခန်းမဆောင်ထဲသို့ တွားသွားဝင်လာခဲ့၏။ မမျှော်လင့်ဘဲ ဘောင်းဘီကို နင်းမိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချော်လဲကာ ခန်းမအလယ်တွင် ဒူးထောက်လျက်သား ဖြစ်သွားသည်။
ရုတ်တရက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။ လူတိုင်း၏ အကြည့်များက ဖန်ကျန်းရီထံသို့ ရုတ်တရက် စူးစိုက် ရောက်ရှိသွားကြ၏။
ဖန်ကျန်းရီ၏ ခေါင်းက ရှေ့သို့ ငိုက်နေပြီး နဖူးမှ ချွေးစေးများ ဖြည်းညှင်းစွာ စီးကျလာခဲ့၏။ သောက်ကျိုးနည်း ရထားလုံးမောင်းတဲ့ကောင်။ သူ့ကို ဝူတံခါးအထိ ခေါ်သွားပေမဲ့ အိပ်ရာမှ မနှိုးခဲ့ချေ။ သူ နိုးလာသည့်အချိန်မှာ ဝူတံခါးက ဗလာကျင်းနေပြီး တံခါးက ကိုယ်ရံတော်တွေက သူ့ကို အထဲပေးမဝင်ခဲ့ပေ။ ကံကောင်းထောက်မစွာနှင့် သူ့ဆီမှာ အမိန့်တော်ပါလာသောကြောင့် အမိန့်တော်ကျေးဇူးနှင့် ဤအထိ ဝင်လာနိုင်ခဲ့ခြင်းပင်။
လမ်းတွင် ပိုင်ရီ ဝတ်ပေးလိုက်သော အဝတ်အစားများက အချိန်တိုင်း အောက်သို့ လျှောကျနေခဲ့၏။ နောက်ဆုံးတွင် နန်းတော်အတွင်း ဘောင်းဘီကိုကိုင်ကာ ပင်မခန်းမဆောင်သို့ ရောက်သည်အထိ လမ်းမေးလာရုံမှလွဲ၍ သူ့၌ အခြားရွေးချယ်စရာ မရှိတော့ချေ။
ဖန်ကျန်းရီသည် ခေါင်းကို ရှေ့သို့ငိုက်ထားလျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ နှစ်ဖက်စလုံးရှိ ရုံးဝတ်စုံဝတ်ထားသူများက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
မှန်ပေသည်... နံနက်ခင်း ညီလာခံသည် ဤနေရာ၌ပင် ဖြစ်ရပေမည်။ လူထုရေးရာ ဝန်ကြီးဌာနဘက်မှ သူ့အား လာရောက်ကြိုဆိုရန် လူတစ်ဦးတစ်ယောက်မျှ စေလွှတ်ခဲ့ခြင်း မရှိချေ။ သို့ဖြစ်ရာ ယနေ့နံနက် ညီလာခံအတွက် မည်သည့်နေရာသို့ သွားရောက်ရမည်ဖြစ်ကြောင်း သူ မည်သို့ သိနိုင်မည်နည်း။
ဧကရာဇ်ကျင်း ဤရယ်စရာ မြင်ကွင်းကို ကြည့်နေရင်းမှာပဲ သူ၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းသုံးကြောင်း ဖြည်းညှင်းစွာ ပေါ်လာခဲ့၏.။ သူ၏ ဒေါသများ မီးဟုန်းဟုန်း တောက်လာခဲ့သည်။ ဖန်ကျန်းရီ … မှူးမတ်တွေရှေ့မှာ မင်းကို ငါ ချီးကျူးစကားတွေ ပြောထားရတာ။ မင်း ငါ့ကို အရှက်ခွဲနေတာလား။
ကော်ထျန်းယန်နှင့် လီယွမ်ကျောက်တို့သည် ရယ်ချင်စိတ်ကို အောင့်ထားရသောကြောင့် အံကြိတ်ထားကြ၏။
အချိန်အတော်ကြာသည်အထိ မည်သူမှ စကားမပြောကြချေ။ ဧကရာဇ်ကျင်း၏ နဖူးထက်မှ သွေးကြောများ ထင်းလာကာ ဒေါသကို ဖိနှိပ်ထားလျက် မေးလိုက်သည်။ “အခု ရောက်လာတဲ့သူက...”
“အို... အရှင့်ရဲ့ ကျွန်တော်မျိုး ဖန်ကျန်းရီ အရှင်မင်းကြီး ရှေ့မှောက်မှာ အရိုအသေပေး ဦးညွှတ်ပါတယ်။ အရှင်မင်းကြီးက အရပ်ဘက်ရော စစ်ဘက်ရေးရာမှာပါ အရည်အချင်းရှိတဲ့ … မြင့်မြတ်ပြီး ဉာဏ်ပညာကြီးမားတဲ့ အုပ်စိုးရှင်ပါ။ ပြည်သူတွေကို သနားကြင်နာပြီး တိုင်းပြည်ကို စည်းလုံးစေတဲ့အတွက် ကျွန်တော်မျိုးတို့ရဲ့ ကျင်းတိုင်းပြည်ကြီးနဲ့ ပြည်သူအားလုံးအတွက် တကယ်ကို ကောင်းချီးတစ်ခုပါပဲ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ရှည်ပါစေ။ ရှည်ပါစေ။
ဒီနေ့မှာ ကျွန်တော်မျိုးဟာ နတ်ဘုရားရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပြီး နဂါးရဲ့ ရောင်ဝါကြောင့် အံ့သြမှင်တက်သွားရသလို ရင်ထဲမှာလည်း ဖော်ပြလို့မရနိုင်တဲ့ ဝမ်းသာပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ခန်းမဆောင်ထဲမှာ စည်းကမ်းမဲ့ပြုမူမိတဲ့အတွက် အပြစ်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ အရှင့်ရဲ့ အနိမ့်ကျဆုံး ကျွန်တော်မျိုးက ဒီအပြစ်ကို ခံယူဖို့ အသင့်ရှိပါတယ်။”
အပိုင်း (၄၄) ဖားယားခြင်း အနုပညာ
ဖန်ကျန်းရီ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နေရာရှိ အရာရှိများ၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြ၏။
ဒါ... ဒါက ကပ်ဖားရပ်ဖားလုပ်တဲ့သူပဲ။
သူတို့အားလုံးက ဂုဏ်သိက္ခာကို တန်ဖိုးထားသော ပညာရှင်များ ဖြစ်ကြသည်။ သူတို့က ဧကရာဇ်ကို ဝေဖန်ပြီး လက်ရှိ အားနည်းချက်များကို ပြသသည့် စကားများကိုသာ ပိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အသိပညာ၏ ရိုးသားမှုနှင့် စွမ်းရည်ကို ထိုနည်းဖြင့် ပြသလေ့ရှိသောကြောင့်ပင်။ ရှေးယခင်ကရော ခေတ်သစ်၌ပါ နန်းတွင်းအရာရှိတိုင်း ဤသို့ပြုလုပ်ရန်သာ ပိုနှစ်သက်ကြ၏။ လူသစ်တစ်ယောက်အနေဖြင့် ဤမျှလောက် ဖားယားတတ်သော အကျင့်ရှိသည်မှာ သင့်တော်ရဲ့လား။ မိန်းမစိုးများပင်လျှင် "ဘုရင်မင်းမြတ် စာပေ၊ စစ်ရေးမှာ ထူးချွန်ပြီး ထာဝရအသက်ရှင်ပါစေ" စသည့် စကားလုံးများကို ပြောမည် မဟုတ်ချေ။
လီယန်စုန်နှင့် အခြားသော အတွင်းဝန်ချုပ်များ၏ မျက်နှာများ ချက်ချင်း စိမ်းပုပ်သွားကြ၏။ ဖန်ကျန်းရီကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အချင်းရှိသည့် ဘာသာရေးဆရာဟောင်းတစ်ယောက်၏ အမူအကျင့် ရှိသည်ဟု သူတို့ ခုနလေးတင် ချီးမွမ်းခဲ့သည်မဟုတ်ပါလား။ ယခု သူ့ကို မြင်လိုက်ရချိန်မှာတော့ ထိုသို့မဟုတ်မှန်း ရှင်းလင်းသွားသည်။
သူသည် အရည်အချင်း ရှိသည်မှာ မှန်သော်ငြားလည်း၊ အထူးသဖြင့် မြှောက်ပင့်ဖားယားသည့် အတတ်၌ အလွန်ပင် ကျွမ်းကျင်လှသူ ဖြစ်နေပေသည်။ သူ့ထံတွင် အရည်အချင်း အနည်းငယ်မျှ ရှိနေသည် ဆိုစေကာမူ၊ ဤကဲ့သို့သော လူမျိုးကသာ အိမ်ရှေ့စံမင်းသားအား ပညာသင်ကြားပေးမည် ဆိုပါက တိုင်းပြည်အတွက် ကြီးစွာသော ဘေးအန္တရာယ် ကျရောက်လာနိုင်၏။
အစောပိုင်းက သူ့ကို ချီးမွန်းမိသူများသည် မျက်နှာများပင် ပူလောင်လာကြသည်။
ဧကရာဇ်ကျင်း၏ အမူအရာ ချက်ချင်း အေးခဲသွားပြီး သူ၏စိတ်ထဲတွင် ဘာတွေဖြစ်နေမှန်း တစ်ခဏမျှ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။
ဖန်ကျန်းရီ... သူ့အကြောင်း ပြောနေခြင်းလား။
ဧကရာဇ်ကျင်း သတိပြန်ဝင်လာပြီး အရာရှိများအားလုံးက ဖန်ကျန်းရီကို မှိုင်းညို့သော အမူအရာများဖြင့် ကြည့်နေကြသည်ကို မြင်ချိန်မှာတော့ သူ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ထို့နောက် သူက ဒေါသတကြီးဖြင့် ဟောက်လိုက်၏။ “ဖန်ကျန်းရီ... မင်း ဘယ်လိုများ ရဲတင်းနေရတာလဲ။ အစိုးရရေးရာ ကိစ္စတွေကို နောက်ကျစေတဲ့အပြင် ညီလာခံမှာ ဒီလောက် မောက်မာတဲ့ စကားတွေကို ပြောရဲသေးတယ်ပေါ့။”
“ခေါင်းမော့လိုက်စမ်း”
ဖန်ကျန်းရီ ချွေးစေးများ ပြန်လာခဲ့၏။ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ “ဒီအရာရှိက... ဟင်”
“.......”
ကုန်သည် အဘိုးကြီးလီလုံ။ ကော်။ လီယွမ်။
ဖန်ကျန်းရီသည် ဧကရာဇ်ကျင်းကို သေချာကြည့်လိုက်ချိန်မှာတော့ သူ၏မျက်လုံးများက ဗေဒင်ဆရာ တစ်ယောက်လို ပြူးကျယ်သွားပြီး ဦးရေပြား ချက်ချင်း ထုံကျင်သွားသည်။ တစ်နေကုန် သူ လိုက်ရှာနေတဲ့ ရန်သူက ဧကရာဇ်ကျင်းတဲ့လား။ သူ့ဘေးက မိန်းမစိုးက ကော်ပေါ့။ အိမ်ရှေ့မင်းသား ဆိုတာက တစ်ဖက်မှာ ရယ်နေသော သူလား။
ဖန်ကျန်းရီ၏ နဖူးမှ ချွေးစေးများ တဖြည်းဖြည်း ထွက်ပေါ်လာချိန်တွင် ခေါင်းထဲ၌ ဘာတွေဖြစ်နေသနည်းဟု တွေးတောနေမိသည်။ သူ တစ်စုံတစ်ခုများ ဘုရင်မင်းမြတ်ကို စော်ကားမိသေးလား။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မိန်းမစိုးကော်ကို စော်ကားမိတာလောက်ပဲ သူ တွေ့ရှိခဲ့ရသည်။ ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားကိုတော့ ဘာမှမလုပ်မိပေ။
ဖန်ကျန်းရီ သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေကြောင်း မြင်ချိန်မှာတော့ ဧကရာဇ်ကျင်းက ရယ်ချင်သွားခဲ့၏။ သို့သော် မျက်နှာကို တည်တည်ထားလျက် မေးလိုက်သည်။ “ဘာလဲ။ မင်း ပြောစရာ ရှိသေးလို့လား”
ဖန်ကျန်းရီ တုန်ယင်သွားပြီး ပြောလိုက်၏။ “ဒီအရာရှိ အရှင်မင်းကြီးကို မြင်လိုက်ရချိန်မှာ နွေဦးလေပြည်လေးလို ခံစားလိုက်ရပြီး အရှင့်ကို အရမ်း ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။”
အရာရှိများသည် ဤမြင်ကွင်းကို သည်းမခံနိုင်တော့သောကြောင့် မျက်နှာကို အုပ်လိုက်ကြ၏။ ဤမျှ အရှက်အကြောက် ကင်းမဲ့လှသူနှင့် တစ်ခန်းတည်း၌ အတူတကွ ရှိနေရခြင်းကပင် အလွန် ရှက်ဖွယ်ကောင်းလှသည်။
“တိတ်စမ်း... အဓိပ္ပါယ်မရှိတာတွေ ရပ်လိုက်တော့။ ငါ မေးမယ်။ မင်းက ဘာလို့ အဝတ်အစားကို သေသေချာချာ မဝတ်လာဘဲ အဆင့်ခုနစ် အရာရှိဝတ်စုံနဲ့ မနက်ခင်း ညီလာခံ ကို လာရတာလဲ။ နန်းတွင်းအရာရှိ ဝတ်စုံ ဘယ်မှာလဲ။”
ဖောင်းပွနေသော ဆံပင်များနှင့် ဖန်ကျန်းရီကို ကြည့်လိုက်ချိန်မှာတော့ ဧကရာဇ်ကျင်း မရည်ရွယ်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။ တောက်ယွမ်ခရိုင်တွင် ဤလူက အနည်းငယ် လွတ်လပ်သော အမူအကျင့် ရှိသော်လည်း အနည်းဆုံးတော့ အဝတ်အစားကို သေသေချာချာ ဝတ်ဆင်ထားသည်။ ယခု မည်သို့ဖြစ်ရသနည်း။
ဖန်ကျန်းရီ အံကြိတ်ကာ ဖြေလိုက်သည်။ “ဒီအရာရှိက... ပထမဆုံးအကြိမ် ဝင်လာတာဆိုတော့ နန်းတော်ကို သွားတဲ့လမ်း ပျောက်နေလို့ပါ။ နန်းတော်ထဲမှာ မြန်မြန်ပြေးနေရင်း လေပြင်းတိုက်တာနဲ့ ကြုံပြီး နဂါးရဲ့ စွမ်းအင်ကြောင့် အဝတ်အစားတွေ ပွင့်ဟသွားတာပါ။
ရုံးဝတ်စုံနဲ့ ပတ်သက်ပြီးတော့ ဒီအရာရှိမှာ ဒီဝတ်စုံ တစ်စုံပဲ ရှိတာပါ”
ဖန်ကျန်းရီသည် အမိန့်တော်ကို ယူဆောင်လာသော မိန်းမစိုးလေးကို ကျိန်ဆဲလိုက်၏။ အမိန့်တော် ပေးပြီးသည်နှင့် ထွက်ပြေးသွားပြီး ရုံးဝတ်စုံကိုပါ သူနဲ့အတူ တစ်ခါတည်း ပြန်ယူသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်ကျင်း ဖြစ်နေ၍သာ တော်တော့သည်။ တောက်ယွမ်ခရိုင်၌ ရှိစဉ်ကပင် ဧကရာဇ်ကျင်းအနေဖြင့် မိမိအပေါ် အထင်အမြင်ကောင်းများ ရှိနေခဲ့ကြောင်းကို သူ ခံစားသိရှိခဲ့သည်။ အကယ်၍ အခြားသော ဧကရာဇ်တစ်ပါးပါးသာ ဖြစ်ခဲ့မည်ဆိုလျှင် သူ၏ များပြားလှသော အပြစ်အနာအဆာများကြောင့် ရာထူးမှ ထုတ်ပယ်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။
ဧကရာဇ်ကျင်းက အနည်းငယ် စဉ်းစားကာ ပြောလိုက်၏။ “အို... ဟုတ်သားပဲ။ ဒါဆို ငါ့အမှား ဖြစ်နေပုံရတယ်။ မင်းကို တာဝန်ပေးပေမဲ့ ရုံးဝတ်စုံ မပေးလိုက်ဘူးပေါ့၊”
ဖန်ကျန်းရီက တဟားဟား ရယ်ကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး အပြစ်မတင်ရဲပါဘူး။ ရဲလည်း မရဲတင်းပါဘူး။ ကျွန်တော်မျိုးရဲ့ ဧကရာဇ်က ဉာဏ်ပညာကြီးမားပြီး အသိပညာ ကြွယ်ဝသူပါ။ ဒီလို ကိစ္စ သေးသေးလေးကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ။ ဒါက ဒီအရာရှိရဲ့ ပြဿနာပဲ ဖြစ်ရမယ်။”
လီယန်စုန်နှင့် အခြားသော အစိုးရအဖွဲ့မှ အရာရှိကြီးများသည် ရင်ဘတ်ကို ဖိကာ အသက်ရှူမဝတော့မည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် အသက်ရှူနေကြရ၏။ အကယ်၍ သူတို့ဆီမှာသာ အဖိုးတန် ဓားတစ်လက် ရှိနေလျှင် ချက်ချင်း ပြေးသွားပြီး ဤလူငယ်ကို သတ်ပစ်မိလောက်မည်။
ဘာပဲဖြစ်ဖြစ် ဒီလူကို ချန်ရှီရုံးတော်ထဲ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး။
ဧကရာဇ်ကျင်းသည် အရာရှိများအားလုံး၏ သဘောထားများကို နားထောင်ပြီးနောက် အေးစက်စွာ ညည်းညူ လိုက်၏။ “အမတ်မင်းတို့... ပြောကြစမ်း။ ဒီဖန်ကျန်းရီကို ဘယ်လို အပြစ်ပေးသင့်လဲ။”
ဒေါသထွက်နေသော ကျန်းတုန်ရှန်းသည် ထပ်မံ သည်းမခံနိုင်တော့ဘဲ လူအုပ်ထဲမှ ရှေ့သို့ ထွက်လာခဲ့သည်။
သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီလူရဲ့ အပြုအမူက မလျော်ကန်ပါဘူး။ ဒါကြောင့် သူက အိမ်ရှေ့မင်းသားကို သင်ကြားပေးရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဒီအမတ်က စိုးရိမ်မိပါတယ်။ အရှင်မင်းကြီးရဲ့ အမိန့်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်။”
မပြောမဖြစ်ဆိုသလို အောက်ဘက်တွင် တီးတိုးစကားများ စတင် ပြန့်နှံ့လာခဲ့သည်။
“အနည်းဆုံးတော့ အတိအကျ ပြောရရင် ဒီလူက လူယောင်ဖန်ဆင်းထားတဲ့ မိစ္ဆာကောင်ပဲ။ သူ့မှာ သစ္စာဖောက် ဝန်ကြီးတစ်ယောက်ရဲ့ မျက်နှာမျိုး ရှိတယ်။ အသွင်အပြင်လေး ကောင်းနေပေမဲ့ အသုံးမကျပါဘူး။ အကယ်၍ အိမ်ရှေ့မင်းသားက ဒီလူနဲ့ ပူးပေါင်းမယ်ဆိုရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
“ကျန်းတုန်ရှန်းရဲ့ ခေါင်းဆောင်မှုက တကယ်ကို ရဲရင့်တာပဲ။”
အရာရှိများသည် အချင်းချင်း တီးတိုးပြောဆိုနေကြ၏။ ဧကရာဇ်ကျင်းသည် အဝေးတွင် ရှိနေသောကြောင့် မကြားနိုင်သော်လည်း ခန်းမအလယ်တွင် ရပ်နေသော ဖန်ကျန်းရီကမူ အရာအားလုံးကို အလွန် ရှင်းလင်းစွာ ကြားနေရ၏။
သူသည် တောက်ယွမ်ခရိုင်တွင် သူ၏ လွှမ်းမိုးမှုကို ပြသနိုင်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း မည်သူမှ သူ၏ နားထဲသို့ ရွဲ့စောင်းသော စကားတစ်ခွန်းမျှ မပြောရဲခဲ့ချေ။ ယခု ဤအဘိုးကြီးများက အေးတိအေးစက်ဖြင့် ရွဲ့စောင်းကာ ပြောဆိုနေကြသောကြောင့် ဖန်ကျန်းရီ၏ ဒေါသများ ထွက်လာခဲ့သည်။
ထို့ကြောင့် သူက မတ်တတ်ရပ်ကာ ကျန်းတုန်ရှန်းကို မေးလိုက်၏။ “ဒီရိုသေလေးစားရတဲ့ လူကြီးမင်းက ဘယ်သူပါလဲ”
ကျန်းတုန်ရှန်းက ပြန်ဖြေလိုက်၏။ “ဒီအဘိုးကြီးက ကျန်းတုန်ရှန်း။ အရှေ့နန်းတော်ရဲ့ အတွင်းဝန်ချုပ်ပဲ”
“ဒါဆို အတွင်းဝန်ချုပ်ကြီး ကျန်းတုန်ရှန်း... ဒီအရာရှိ ခင်ဗျားကို စော်ကားဖူးလို့လား။”
“ဘယ်တုန်းကမှ မရှိခဲ့ဘူး”
“ဒါဆို ဘာလို့ ကျုပ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အရှင်မင်းကြီးဆီ တောင်းဆိုနေရတာလဲ။ ဒီအရာရှိက အရှင်မင်းကြီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာပါ။ ရာထူးက မထုတ်ပယ်ခင် ထုတ်ပယ်မယ့် အကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။
ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ ဒီအရာရှိရဲ့ မလျော်ကန်တဲ့ အပြုအမူက ထုတ်ပယ်ရလောက်တဲ့အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့တော့ မထိုက်တန်ဘူး မဟုတ်လား”
ကျန်းတုန်ရှန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ ပြစ်မှုက ဒီလောက် ပြင်းထန်တဲ့ ပြစ်ဒဏ်နဲ့ မထိုက်တန်ဘူး။ ဒါပေမဲ့ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်လေ။ မင်း ခန်းမထဲ ဝင်လာကတည်းက ပါးစပ်ကနေ အမြှောက်အပင့်တွေချည်းပဲ ပြောနေတာ။ မင်းရဲ့ စရိုက်မျိုးနဲ့ အိမ်ရှေ့မင်းသားကို အမိန့်ပေးနိုင်မယ်လို့ စိတ်ကူးယဉ်နေတာလား။ အဲဒါက လောကမှာ အကြီးမားဆုံး အဓိပ္ပါယ် မရှိတဲ့ စကားပဲ”
ဖန်ကျန်းရီ ပြုံးကာ ပြောလိုက်၏။ “ကျန်းတုန်ရှန်း... ခင်ဗျားရဲ့ စကားတွေကို သတိထားပါ။ ဒီအရာရှိက ခန်းမထဲ ဝင်လာကတည်းက အရှင်မင်းကြီးနဲ့ စကားပြောနေတာပါ။ ဒီအရာရှိက ဘယ်သူ့ကို လိမ်လည်ပြီး ဘယ်သူ့ကို မြှောက်ပင့်ပေးခဲ့လို့လဲ။
မြစ်ရေလျှံပြီးတဲ့နောက် ဒီအရာရှိဟာ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ခံယူခဲ့ရပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားသာ မရှိရင် ဒီအရာရှိဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ပိတ်မိနေတဲ့ သတ္တမအဆင့် ခရိုင်မြို့ဝန် အဖြစ်ပဲ ဆက်ရှိနေအုံးမယ်ဆိုတာ ရင်ထဲကနေ အသိဆုံးပါ။
ရေထိန်းချုပ်ရေး နယ်ပယ်မှာ အောင်မြင်မှုတွေအကြောင်း ပြောရမယ်ဆိုရင် အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားက တကယ်ကို ချီးမွမ်းထိုက်သူတွေပါ။
ဒါပေမဲ့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားက ချီးမွမ်းမှုကို မယူခဲ့ဘဲ ဒီဂုဏ်ကျက်သရေကို ဒီအရာရှိကို ပေးခဲ့တာပါ ။ ဒါဆို ဒီအရာရှိက ကျေးဇူးမတင်သင့်ဘူးလား။
နန်းတော်မှာ ရာထူးကြီးပေမဲ့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားက ပြည်သူတွေရဲ့ဒုက္ခကို မမေ့ရဲဘဲ ရေဘေးထိန်းချုပ်ရေးအတွက် မမောမပန်းနိုင်တဲ့ ဗျူဟာတွေကို ရှာဖွေနေတယ်လို့ ဒီအရာရှိက ခံစားခဲ့ရတယ်။ ခန်းမထဲက ရာထူးကြီးတဲ့ အရာရှိကြီးတွေကရော ဘယ်လိုနေလဲ။ လုပ်ဆောင်ဖို့ မရှိခဲ့ဘူးလား။
ကျန်းတုန်ရှန်း... ခင်ဗျား ဒီအရာရှိကို ဖယ်ရှားချင်ရင် ဖယ်ရှားနိုင်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့မင်းသားရဲ့ အောင်မြင်မှုတွေကိုတော့ ငြင်းပယ်လို့ မရဘူး။ အဲဒီလိုမှ မဟုတ်ရင် ကျုပ် ဖန်ကျန်းရီက ပထမဆုံး ဆန့်ကျင်မယ့်သူပဲ”
ဧကရာဇ်ကျင်း မျက်နှာနီရဲသွားပြီး အလွန်ရှက်ရွံ့သွားသောကြောင့် ငြိမ်ငြိမ်ပင် မနေနိုင်တော့ချေ။
သူက တွေးလိုက်၏။ ဒီကောင်က အမည်းကို အဖြူဖြစ်အောင် ပြောင်းနိုင်စွမ်း ရှိတယ်။
အိမ်ရှေ့မင်းသားသည် စိတ်လှုပ်ရှားလွန်း၍ ရင်ခုန်ခဲ့၏။ ဤအချိန်တွင် ဖန်ကျန်းရီသည် သူ့အပေါ် အသိအမှတ်ပြုမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အို... ပြီးပြည့်စုံလိုက်တာ။ ဒီအိမ်ရှေ့မင်းသားက အခု ဖန်ကျန်းရီ ပြောတဲ့ လူမျိုးပဲ။ နန်းတွင်းအရာရှိတွေ အားလုံးက အရည်အချင်း မရှိကြဘူး။ ဖန်ကျန်းရီ တစ်ယောက်တည်းကသာ ဒီမင်းသားရဲ့ ပြီးပြည့်စုံတဲ့ လက္ခဏာတွေကို မြင်နိုင်တာပဲ။