အခန်း (၄၅-၄၆)
Vol. 4 Ch. 45-46
အပိုင်း (၄၅) ပညာရှင်များနှင့် ဆွေးနွေးခြင်း။
ကော်ထျန်းယန်သည် ရင်ထဲတွင် တဟားဟား ရယ်မောနေခဲ့၏။ ဤသည်ကား ဖန်ကျန်းရီ၏ 'ခွေးကောင်ကို ပစ်မှတ်ထားခြင်း' ဟု လူသိများသော ဂန္ထဝင် ဗျူဟာပင် ဖြစ်သည်။
တောက်ယွမ်ခရိုင်တွင် အာဏာပိုင်များအတွက် ကစားပွဲများကို အကြိမ်များစွာ ကစားခဲ့ဖူးသော်ငြား ယခုမူ ဤလှည့်ကွက်ကို အတွင်းဝန်ချုပ်ကြီးများအပေါ် အသုံးပြုရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် သေမင်းနှင့် တရားဝင် ရင်ဆိုင်နေရပြီ ဖြစ်၏။
ချိုသာသော စကားအနည်းငယ်နှင့် အနည်းငယ်မျှ မြှောက်ပင့်ဖားယားလိုက်ရုံဖြင့် ကျန်းတုန်ရှန်းကို ချေမှုန်းပစ်ရန် ဧကရာဇ်ကျင်းအား သွေးဆောင်နိုင်လိမ့်မည်ဟု အမှန်တကယ် ထင်မှတ်နေသည်လား။ အိပ်မက်သာ ဆက်မက်နေလိုက်။
ကျန်းတုန်ရှန်းသည် ဒေါသကြောင့် တုန်ယင်နေခဲ့၏။ "ကောင်းတယ်... ကောင်းတယ်။ စကားပြော အရမ်းချိုတာပဲ။ ဧကရာဇ်ကျင်း ဉာဏ်မကောင်းဘူးလို့ ဒီအရာရှိက ဘယ်တုန်းက ပြောခဲ့လို့လဲ။
မျက်နှာပြောင်တိုက်ပြီး ဖားယားတာက လူကြီးလူကောင်း တစ်ယောက်ရဲ့ လမ်းစဉ် မဟုတ်ဘူး။ မင်းလို လူမျိုးကသာ အိမ်ရှေ့မင်းသားကို စာသင်ပေးမယ်ဆိုရင် တိုင်းပြည် ကစဉ့်ကလျား ဖြစ်သွားလိမ့်မယ်။ အရှင်မင်းကြီး... အခြေအနေကို ရှင်းလင်းပေးပါ"
လီယန်စုန်နှင့် ကျိန့်ချောင်တို့က မရည်ရွယ်ဘဲ ခေါင်းခါကာ သက်ပြင်းချလိုက်ကြသည်။
ကျန်းတုန်ရှန်းသည် အဘက်ဘက်မှ ကောင်းမွန်သော်ငြား သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ အလွန် ပွင့်လင်းပြီး စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း ဖြစ်သည်။ ကျန်းတုန်ရှန်းသည် သူ့အား အနည်းငယ်မျှ ဆွပေးလိုက်သည်နှင့် ချက်ချင်း ပြင်းထန်သော ခံစားချက်များဖြင့် တုံ့ပြန်တတ်သည်။ သူ၏ ကောက်ကျစ်စဉ်းလဲနိုင်စွမ်းကို အကဲခတ်ကြည့်မည် ဆိုပါကလည်း၊ သူတို့ရှေ့မှောက်ရှိ ကောက်ကျစ်လှသော ဖန်ကျန်းရီနှင့် နှိုင်းယှဉ်လျှင် များစွာ နိမ့်ကျနေဟန် တူ၏။
ဖန်ကျန်းရီသည် ကျန်းတုန်ရှန်းထံ ချဉ်းကပ်သွားပြီး သူ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျန်းတုန်ရှန်း... မျက်နှာပြောင်တိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒီအရာရှိက ရင်ထဲကနေ ပြောနေတာ မဟုတ်ဘူးလို့ ထင်နေတာလား။
ဒီအရာရှိက အမြဲတမ်း တွေးတဲ့အတိုင်း တိုက်ရိုက်ပြောတတ်တယ်။ ရင်ထဲမှာ တွေးနေတာတွေကို ပါးစပ်ကနေ ပြောထွက်တယ်။ ဒါ က ပွင့်လင်းတာပဲ။
ဒီအရာရှိရဲ့ မျက်လုံးထဲမှာတော့ ဧကရာဇ်ကျင်းက ပြိုင်ဘက်ကင်းပြီး ကြီးကျယ်ခမ်းနားတဲ့သူပဲ။ စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်။ ခေတ်အဆက်ဆက်ရဲ့ ဧကရာဇ်ပဲ။
သူက မြင်းပေါ်ကနေ ကမ္ဘာကြီးကို အောင်နိုင်ပြီး မြင်းပေါ်ကနေ ရေဘေးတွေကို ဦးဆောင်နိုင်တယ်။ ကောင်းကင်ယံမှာ မြင့်မားစွာ ချိတ်ဆွဲထားတဲ့ နေမင်းကြီးလိုပဲ ဧကရာဇ်ကျင်းက အရမ်း တောက်ပပြီး ထူးကဲတယ်။
ဒီအရာရှိက နန်းတော်နဲ့ ဝေးကွာနေပေမဲ့ ဧကရာဇ်ကျင်းအတွက် မကြာခဏ စိုးရိမ်ပူပန်နေရတယ်။ သာမန်ရက်တွေမှာ ကျုပ်ရဲ့ တစ်ခုတည်းသော ဝါသနာက ဧကရာဇ်ကျင်းကို လွမ်းဆွတ်ကြောင်း ဖော်ပြဖို့ လမင်းကြီးဆီ ခွက်မြှောက်ပြီး သောက်တာပဲ။
အခု ဧကရာဇ်ရဲ့ မျက်နှာကို မြင်တွေ့ရပြီး ကျုပ်ရဲ့လေးစားမှုကို ဖော်ပြနိုင်တဲ့အချိန်မှာ ဘာများ မှားလုပ်မိလို့လဲ။
ကျင်းတိုင်းပြည်ကြီးရဲ့ ရာထူးကြီးတဲ့ အရာရှိတွေက ကျုပ် အမှန်တရား ပြောတာကို သည်းမခံနိုင်တော့ဘူးလားလို့ သိချင်မိတယ်။
ဒီကမ္ဘာကြီးက ကောင်းနိုင်သေးရဲ့လား။ ကျုပ်တို့လို နှိမ့်ချတတ်တဲ့ သစ္စာရှိသူကို ဘယ်လိုမျိုး အသက်ရှင်နေထိုင်စေချင်တာလဲ။ တွေးမိလေလေ မျက်ရည်တွေက အထိန်းအကွပ်မဲ့ စီးကျလာလေလေပဲ။ နန်းတော်ကြီးက တကယ်ပဲ ဒီလောက် မှောင်မိုက်နေတာလား။ ဒေါသထွက်တယ်... တကယ်ပါပဲ။"
စကားပြောပြီးနောက် ဖန်ကျန်းရီသည် မျက်ရည်များကို သုတ်ဟန်ဆောင်ကာ လက်မောင်းဖြင့် မျက်နှာကို အုပ်၍ ရှိုက်ငို၏။
ကျန်းတုန်ရှန်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေကာ မတ်တတ်ရပ်ရန်ပင် အခက်အခဲ ဖြစ်နေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ကျိန့်ချောင်က သူ့ကို အနောက်မှ ထိန်းကိုင်ပေးထားသည်။ သူက ဖန်ကျန်းရီကို လက်ညှိုးထိုးကာ အော်လိုက်သည်။ "မင်း... မင်း... မင်း..."
အရာရှိ ရာပေါင်းများစွာ တိတ်ဆိတ်သွားကြ၏။
အကယ်၍ လူတစ်ဦး၌ အရှက်တရားဟူ၍ အနည်းငယ်မျှ ကြွင်းကျန်နေသေးပါက ပြစ်တင်ရှုတ်ချ၍ ရနိုင်သေးသော်ငြား၊ အရှက်အကြောက် လုံးဝကင်းမဲ့စွာဖြင့် မျက်နှာပြောင်တိုက်နေသူကိုမူ ရှောင်ဖယ်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ လက်ရှိ ကြုံတွေ့နေရသော အခြေအနေ သည်လည်း ဤအတိုင်းပင် ဖြစ်နေသည်။
ဖန်ကျန်းရီအတွက် ရှက်ရွံ့နေကြပြီး ဂုဏ်ယူဝင့်ကြွားစွာ စကားတစ်ခွန်းချင်းစီတိုင်းတွင် ဧကရာဇ်ကျင်းကို ချီးမွမ်းခန်းဖွင့်နေကြောင်း မြင်တွေ့ရသူတိုင်းသည် တိတ်ဆိတ်စွာ နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ကြတော့ပေ။
မကြာခဏ ထောက်ပြဝေဖန်တတ်သော ဝန်မင်းအရာရှိများပင် စကားတစ်ခွန်းမှ မပြောလိုကြတော့ချေ။ သူတို့ ဘာပြောကြမည်နည်း။ တခြား ဘာပြောနိုင်ဦးမည်နည်း။ ဖန်ကျန်းရီ ရာဇဝတ်မှု ကျူးလွန်ခဲ့တာမှ မဟုတ်တာ။ ပလ္လင်တော် ရှေ့မှောက်မှာ မလျော်ကန်ဘဲ နေခဲ့ရုံလေးတင်ဖြစ်သည်။ ကိုယ်ကျင့်တရားအရ ပြစ်တင်ရှုတ်ချမလား။ ဤလူ၌ ကိုယ်ကျင့်တရားမှ မရှိတာ။ သူတို့ ဘာလုပ်ရတော့မည်နည်း။
နန်းတော်ထဲမှာ တောက်ပလာမယ့် ကြယ်ပွင့်သစ် တစ်ပွင့်ကို တွေ့ရဖို့ အစပိုင်းက မျှော်လင့်ခဲ့ကြပေမဲ့ အခုတော့ ကပ်ဆိုးကြီးတစ်ခု ရောက်လာခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ဧကရာဇ်ကျင်း အလွန် ရွံရှာနေခဲ့၏။ အရှက်မရှိ သိသာထင်ရှားစွာ ပြုလုပ်နေသော ဤဖားယားမှု အတွက် သူ တကယ်တမ်းတွင် အနည်းငယ် ကျေနပ်နေမိသည်။ သို့ပေမည့် ကျန်းတုန်ရှန်း၏ ဒေါသတကြီး တုံ့ပြန်မှုကို မြင်ချိန်မှာတော့ဧကရာဇ်ကျင်းက ပြောလိုက်၏။
"ဖန်ကျန်းရီ... မင်း ဘယ်လိုများ ရဲတင်းနေရတာလဲ။ အခု နောက်မဆုတ်သေးဘူးလား။ ကျန်းတုန်ရှန်းလို ပညာရှိကြီး ရှေ့မှာ မင်း ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ။"
ဖန်ကျန်းရီက လက်ကို ချကာ ခြေနှစ်လှမ်း အလျင်အမြန် နောက်ဆုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုးရဲ့ ဧကရာဇ်က အရမ်းကို ဉာဏ်ပညာကြီးမားတာပဲ။ သမိုင်းတစ်လျှောက် ဧကရာဇ်တွေက သူတို့ကိုယ်သူတို့ ဂုဏ်ကျက်သရေတွေ ထပ်ဖြည့်ချင်ကြတယ်၊ အောင်မြင်မှုတွေကို အချိန်အကြာကြီး မှတ်တမ်းတင်ထားချင်ကြတယ်၊ လက်အောက်ငယ်သားတွေရဲ့ ချီးမွမ်းမှုတွေအောက်မှာ သာယာချင်ကြတယ်။ ကျွန်တော်မျိုးရဲ့ ဧကရာဇ် တစ်ပါးတည်းသာ အမြဲတမ်း သတိတရားရှိပြီး ဝေဖန်မှုတွေကို လက်ခံဖို့ အသင့်ရှိတာ။ စကားပုံမှာ 'ငါ့ကိုယ်ငါ တစ်နေ့ သုံးကြိမ် လေ့လာတယ်' ဆိုသလိုပဲ ဧကရာဇ်ကျင်းက မိမိကိုယ်ကိုယ် အမြဲတမ်း အကဲဖြတ်နိုင်တယ်။ ဒါက ပညာရှိအဆင့်ကို ရောက်တာနဲ့ ဘာမှမကွာခြားဘူး။ ကျွန်တော်မျိုး တကယ်ကို အံ့မခန်း လေးစားမိပါတယ်"
ဤသည်ကို ကြားချိန်မှာတော့ကျန်းတုန်ရှန်းက ပို၍ အသက်ရှူပြင်းလာ၏။ "ငါ... ငါ... ငါ..."
ဧကရာဇ်ကျင်း "..."
ကော်ထျန်းယန်၏ မျက်နှာအိုကြီးပေါ်ရှိ အသားများက တစ်ချိန်လုံး တုန်ယင်နေခဲ့ပြီး ယခုမူ သူ၏ မျက်နှာတွင် တုန်ခါစက်တစ်ခု တပ်ဆင်ထားသည့်အလား ပို၍ပင် ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
အရမ်း ဆိုးရွားလွန်းတယ်။ အရမ်း ဆိုးရွားလွန်းတယ်။ ဒီဖန်ကျန်းရီက အရာရှိတွေရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကိုတောင် ကျော်လွန်သွားခဲ့ပြီပဲ။
ဧကရာဇ်ကျင်း၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး အသံနှိမ့်ကာ ပြောလိုက်၏။ "တော်ပြီ။ ထပ်မပြောနဲ့တော့"
"အမတ်မင်းတို့... ပြောစရာ ဘာရှိသေးလဲ"
"အရှင်မင်းကြီး... ဒီအမတ်မှာ ပြောစရာ ရှိပါတယ်"
ယန်ကော်အန်း ရှေ့သို့ ထွက်လာကာ ဧကရာဇ်ကျင်းကို အရိုအသေပေးလိုက်ပြီး ဖန်ကျန်းရီကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ "ဒီအရာရှိက ချန်ရှီရုံးတော်က အိမ်ရှေ့မင်းသားရဲ့ အကြံပေး ယန်ကော်အန်းပါ"
ဖန်ကျန်းရီ၏ ရင်ထဲတွင် တစ်ဆို့သွားခဲ့၏။ ကောင်းပြီ... ဒီလူက ဟိုအဘိုးကြီးထက် ပိုကြမ်းတမ်းမယ့်ပုံပဲ။
"အိမ်ရှေ့မင်းသားက ထီးနန်းဆက်ခံသူ မဖြစ်သေးသလို လောကကြီးအကြောင်းလည်း မသိသေးပါဘူး။ အိမ်ရှေ့မင်းသားအနေနဲ့ သဘာဝကျကျ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ အရာရှိတွေနဲ့ နီးကပ်စွာနေပြီး အရှက်မရှိတဲ့ လူတွေကို ဝေးဝေးက ရှောင်ရပါမယ်။
ရိုးသားတဲ့ အကြံဉာဏ်က နားခါးပေမဲ့ လုပ်ဆောင်ဖို့အတွက် အသုံးဝင်တယ်။ ဆေးကောင်းက ခါးပေမဲ့ ရောဂါအတွက် ကောင်းတယ်။ ဒါတွေက သမိုင်းတစ်လျှောက်လုံး အကျုံးဝင်ခဲ့တဲ့ အမှန်တရားတွေပါ။
အကယ်၍ ဖန်ကျန်းရီလို ဖားယားတတ်တဲ့သူတွေက အိမ်ရှေ့မင်းသားကို ဝန်းရံပြီး နေ့တိုင်း ဉာဏ်ပညာ ကြီးမားတယ်၊ ကိုယ်ကျင့်တရားကောင်းတယ်လို့ ချီးမွမ်းနေရင် အိမ်ရှေ့မင်းသား စိတ်လွတ်သွားမှာ ဒီအရာရှိတွေက စိုးရိမ်မိပါတယ်။
နောင်ကျရင် သစ္စာဖောက် အရာရှိတွေက အာဏာရှိတဲ့ အနေအထားနဲ့ အုပ်ချုပ်ပြီး သစ္စာရှိတဲ့ အမှုထမ်းတွေရဲ့ အကြံဉာဏ်တွေကို နားမထောင်ဘူးဆိုရင် ကျင်းတိုင်းပြည်ကြီးရဲ့ အုတ်မြစ်ကို ထိခိုက်စေမှာ သေချာပါတယ်။
ချန်ရှီရုံးတော်ရဲ့ အိမ်ရှေ့မင်းသား အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒီအရာရှိဟာ ပညာရှိတွေရဲ့ စကားတွေနဲ့ ပညာရှိတွေရဲ့ ဓလေ့ထုံးစံတွေကို သင်ကြားပေးပါတယ်။ အိမ်ရှေ့စံရဲ့အနားမှာ သစ္စာဖောက်တွေ ရှိနေမယ်ဆိုရင် ဒီအရာရှိရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ ဒီနေ့ ဒီအရာရှိ လုံးဝ ပျက်စီးသွားရမယ် ဆိုရင်တောင် ဖန်ကျန်းရီကို ရာထူးကနေ ထုတ်ပယ်ဖို့ အရှင်မင်းကြီးကို တောင်းဆိုရပါမယ်"
အရာရှိများ အကြီးအကျယ် ရှုပ်ထွေးသွားကြ၏။ အိမ်ရှေ့မင်းသားဆရာ၏ စကားများက ခိုင်မာပြီး ယုတ္တိရှိလှသည်။ ဤတစ်ကြိမ်တော့ ဖန်ကျန်းရီ သေမင်းလက်မှ လွတ်မြောက်နိုင်မလား ဆိုတာ ကြည့်ရပေတော့မည်။
ရာထူးက ထုတ်ပယ်ခံရမှာလား။ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးကြီးလဲ။ ဖန်ကျန်းရီ၏ မျက်လုံးများ တောက်ပသွားပြီး အားတက်သွားခဲ့၏။
သူ သက်သာရာရသွားခြင်းက ကောင်းမွန်လှပေသည်။ အကယ်၍ ရာထူးမှ ထုတ်ပယ်ခံရလျှင်ပင် တောက်ယွမ်ခရိုင်သို့ ပြန်သွား၍ ရပြီဖြစ်သည်။ ခရိုင်မြို့ဝန် ရာထူးကို ရုပ်သိမ်းလိုက်လျှင်လည်း ပြဿနာမရှိပေ။ တောက်ယွမ်ခရိုင်သည် သူ၏ ဩဇာလွှမ်းမိုးရာ အရပ်ဖြစ်နေသောကြောင့် အခြားသူများ တာဝန်လာရောက် ထမ်းဆောင်လျှင်တောင်မှ သူ့ကို မည်သို့မှ ထိခိုက်စေမည် မဟုတ်ပေ။
အလွန် ကံဆိုးလှသည်မှာ ဤအရာရှိသည် ဒေါသလွန်ကဲကာ အသိအာရုံ ဝေဝါးသွားခဲ့ရခြင်း ဖြစ်သည်။ သူ၏ အနေအထားဖြင့် ထိုအဘိုးကြီးအား ဆန့်ကျင်အာခံရန် မသင့်တော်ချေ။ ပြဿနာ မြန်မြန်ရှင်းသွားလျှင် အကောင်းဆုံး ဖြစ်သည်။
ဧကရာဇ်ကျင်း ခေါင်းကိုက်လာခဲ့၏။ သူ အလေးထားခဲ့သည်မှာ ဖန်ကျန်းရီ၏ ထူးခြားသော တွေးခေါ်ပုံကိုဖြစ်ပြီး၊ အိမ်ရှေ့စံမင်းသားအား ပိုမို၍ စိတ်ကူးဉာဏ် ကွန့်မြူးလာစေလိုခြင်းသာ ဖြစ်သည်။ ဖန်ကျန်းရီအနေဖြင့် အများ၏ ကြည်ဖြူမှုကို ရရှိမည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းထားခဲ့သော်ငြားလည်း၊ ဤလူငယ်တွင် ဤမျှတိုင် အဆိပ်ပြင်းသော နှုတ်ထွက်စကားများ ရှိနေကာ ရောက်ရောက်ချင်း လူတကာကို စော်ကားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ထားခဲ့မိချေ။ ယခုမူ ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း။
ဧကရာဇ်ကျင်း တိတ်ဆိတ်နေသည်ကို မြင်ချိန်မှာတော့ ယန်ကော်အန်းက မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ "အရှင်မင်းကြီး... အကယ်၍ သစ္စာဖောက် အရာရှိတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုလိုက်ရင် အိမ်ရှေ့မင်းသား က သနားညှာတာမှု ကင်းမဲ့တဲ့ ။ ရက်စက်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရရှိသွားမှာကို ဒီအရာရှိတွေက စိုးရိမ်မိပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းကြီး အခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်ပါ။"
ဤသည်ကို ကြားပြီးနောက် ဧကရာဇ်ကျင်းက အသံနှိမ့်ကာ ပြောလိုက်၏။ "အွန်း .. ကိုယ်တော် နားလည်ပြီ။"
ကြားလိုက်ရသော အရာရှိများ၏ နှလုံးသားတွေက လှုပ်ရှားလုမတတ် ဖြစ်သွားကြသည်။
နားလည်ပြီ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ကို ဆိုလိုနေသနည်း။ ဧကရာဇ်ကျင်း၏ သဘောထားကို အကဲခတ်ရသမျှ ဖန်ကျန်းရီအား ရာထူးမှ ဖယ်ရှားလိုဟန် မရှိချေ။ ထိုသူ့ထံတွင် မည်သို့သော အဖိုးတန် အရည်အသွေးများ ရှိနေ၍နည်း။
ဤသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် အလျင်အမြန် ကိုင်းညွှတ်လိုက်ပြီး ပြောလိုက်၏။ "အရှင်မင်းကြီး... အိမ်ရှေ့မင်းသား အကြံပေးယန်ရဲ့ စကားတွေက တကယ် မှန်ကန်တယ်လို့ ဒီအရာရှိ ယုံကြည်ပါတယ်။ ဒီအရာရှိမှာ ကိုယ်ကျင့်တရားနဲ့ အရည်အချင်း ချို့တဲ့နေပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းကြီး... အမိန့်တော်ကို ပြန်ရုပ်သိမ်းပေးပါ"
ဘာ။
အရာရှိများ အံ့အားသင့်သွားကြ၏။
မည်သို့ ဖြစ်ပျက်နေပါသနည်း။ ဤသူငယ်ထံတွင် ကြီးမားလှသော စွမ်းပကားများ ရှိနေကြောင်း သိသာ ထင်ရှားလှပြီး၊ ဧကရာဇ်ကျင်းကလည်း သူ၏ဘက်သို့ မျက်နှာသာပေး ဘက်လိုက်နေဟန် တူသည်။ သို့ပါလျက်နှင့် ယခုကဲ့သို့ ရုတ်တရက်ကြီး ရှုံးနိမ့်မှုကို ဝန်ခံလိုက်သည်။ အမှန်တကယ် မည်သို့ ဖြစ်ပျက် သွားခဲ့သနည်း။
ဧကရာဇ်ကျင်းသည် ဖန်ကျန်းရီ ဘာတွေးနေသည်ကို သေချာပေါက် သိနေသောကြောင့် အေးစက်စွာ ပြောလိုက်သည်။ "မရဘူး"
ဖန်ကျန်းရီက ထပ်မံ တောင်းပန်လိုက်၏။ "ဒီအရာရှိက ပညာရေးဒုတိယအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ မလုံလောက်ပါဘူး။ ဒါအပြင် ဒီနေရာမှာလည်း အချစ်မခံရတော့ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းကြီး အမိန့်တော်ကို ပယ်ဖျက်ပေးပါ။"
ဧကရာဇ်ကျင်း မျက်မှောင်ကြုတ်လိုက်၏။ "ဧကရာဇ်ရဲ့စကားဆိုာ ရွှေနဲ့ တန်တယ်။ မင်း ဆန္ဒရှိတိုင်း ဘယ်လိုလုပ် ရုပ်သိမ်းလို့ ရမှာလဲ။ မရဘူး... မရဘူး... မရဘူး..."
ဖန်ကျန်းရီက ရဲစွမ်းသတ္တိကို ထပ်မံမွေးကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကျေးဇူးပြုပြီး အရှင်မင်းကြီး... အကြံအစည်ကို ပြန်လည် စဉ်းစားပေးပါ။"
“……” ဤတစ်ကြိမ်တော့ လူတိုင်း အံ့အားသင့်သွားကြ၏။ ဖန်ကျန်းရီက ထွက်သွားရန် စိတ်ပိုင်းဖြတ်ထားပြီး ဧကရာဇ်ကျင်းက သူ့ကို ဆွဲထားရန် စိတ်ပိုင်းဖြတ်ထားသည်ကို နားလည်လိုက်ကြသည်။
အခြေအနေက တကယ်တမ်း ဘယ်လိုများဖြစ်နေသနည်း။
ထိုအချိန်တွင် အသက်ရှူမှန်သွားသော ကျန်းတုန်ရှန်းသည် ဖန်ကျန်းရီကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဤလူငယ် အဘယ့်ကြောင့် ဧကရာဇ်ကို ဆန့်ကျင်နေရသနည်း။
ယခုအခါ ဧကရာဇ်ကျင်းသည် အမှန်တကယ်ပင် အမျက်တော် ရှသွားလေပြီ။ ဖန်ကျန်းရီသည် ရာထူးမှ နုတ်ထွက်ရန် အဖန်ဖန် ကြိုးပမ်းနေသည်။ ဤအကောင် အလိုရှိနေသည်မှာ တောက်ယွမ်ခရိုင်သို့ ပြန်သွားကာ ပူပင်သောက ကင်းမဲ့သော ဘဝမျိုးဖြင့် နေထိုင်လိုခြင်း ဖြစ်သည်။ သူ ထိုသို့ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
ဧကရာဇ်ကျင်းသည် ရုတ်တရက် မတ်တတ်ရပ်ကာ စားပွဲပေါ်မှ မင်အိုးကို ယူ၍ ဖန်ကျန်းရီထံသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။
မှင်အိုးက မြေပြင်ပေါ်သို့ ကျသွားပြီး ဖန်ကျန်းရီ၏ ကိုယ်ပေါ်သို့ မင်များ စင်သွားသည်။
ထို့နောက် ဧကရာဇ်ကျင်း၏ ဒေါသတကြီး အသံ ထွက်ပေါ်လာခဲ့၏။ "ဖန်ကျန်းရီ... မင်း နောက်ထပ် စကားတစ်ခွန်း ပြောရဲရင် ကိုယ်တော် မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မယ်။ မင်း ဘာတွေးနေလဲဆိုတာကို ကိုယ်တော် မသိဘူးလို့ မထင်နဲ့။ ပညာရေးအမတ်ရာထူးကို မင်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်ရမယ်။
အကယ်၍ ရလဒ်ကောင်း မထွက်လာရင် ကိုယ်တော်က မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မှာပဲ။ နားလည်လား။ ညီလာခံ ရုပ်သိမ်းပြီ။
ဧကရာဇ်ကျင်း ဒေါသတကြီးဖြင့် ထွက်သွားခဲ့၏။ ကော်ထျန်းယန်နှင့် အိမ်ရှေ့မင်းသားတို့ကလည်း သူ၏ အနောက်မှ ချက်ချင်း လိုက်သွားကြသည်။
ညီလာခံ ရုပ်သိမ်းလိုက်ပြီ... နန်းတွင်းညီလာခံကို ရုပ်သိမ်းလိုက်ပြီလား။ ညီလာခံက အမှန်တကယ်ပင် ပြီးဆုံးသွားခဲ့ပြီလား။ ယနေ့ ဧကရာဇ်ကျင်း၏ အပြုအမူများက အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသနည်း။
လူတိုင်း အံ့အားသင့်သွားကြပြီး သူတို့၏ အကြည့်များက ဖန်ကျန်းရီထံသို့ ပြန်ရောက်သွားကြ၏။ ယန်ကော်အန်းက ဖန်ကျန်းရီကို ဒေါသတကြီး ကြည့်ကာ လက်ကို ပြင်းပြင်းထန်ထန် ခါရမ်း၍ ထွက်သွားသည်။
ကျိန့်ချောင်က လီယန်စုန်ကို မေးလိုက်၏။ "အမတ်မင်းလီ... ဧကရာဇ်ကျင်း ဘာကို ဆိုလိုတာလဲ"
လီယန်စုန်က သက်ပြင်းချလိုက်သည်။ "ဖန်ကျန်းရီက နောက်ဆုတ်ပြီးမှ ရှေ့တိုးတာပဲ။ ဘယ်လောက်တောင် လိမ္မာပါးနပ်တဲ့ ဗျူဟာလဲ။ နောင်ကျရင် ငြိမ်းချမ်းမှု ရှိတော့မှာ မဟုတ်ဘူး။ အိမ်ရှေ့မင်းသားကို ဂရုစိုက်ပါ။ ဒီအမတ် သွားတော့မယ်"
ထိုသို့ ပြောပြီးနောက် သူက လက်နောက်ပစ်ကာ ပင်မခန်းမဆောင်ထဲမှ ထွက်သွား၏။
ခန်းမဆောင်ထဲတွင် ဖန်ကျန်းရီ၏ မျက်နှာ၌ စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့၏။ မျှော်လင့်ထားတဲ့အတိုင်းပဲင် ဧကရာဇ်ကျင်းက သူ့ကို ထွက်သွားခွင့် မပေးချင်ပေ။
သူ ရောက်ရောက်ချင်းမှာပင် လုပ်ဖော်ကိုင်ဖက် အားလုံးကို အမျက်ထွက်စေခဲ့သည်။ ခက်ခဲကြမ်းတမ်းသော အချိန်ကာလများ ကျရောက်လာတော့မည် ဖြစ်သည်။ မြေပုံအသစ် တစ်ခုစီတိုင်းက အဘယ်ကြောင့် ငရဲပမာ ခက်ခဲလှသော စိန်ခေါ်မှုမျိုးဖြင့်ချည်း စတင်နေရပါသနည်း။ သူ၏ တောက်ယွမ်ခရိုင်လေး... သူ မည်သည့်အချိန်မှ အိမ်ပြန်ခွင့် ရတော့မည်နည်း။
ဆက်တွေးနေ၍လည်း အပိုပင် ဖြစ်ပေတော့မည်။ ဖန်ကျန်းရီသည် ခေါင်းညိတ်ကာ ပင်မခန်းမဆောင်ထဲမှ ဝမ်းနည်းစွာဖြင့် ထွက်သွားခဲ့သည်။
ပင်မခန်းမဆောင်၏ အဝင်ဝသို့ ရောက်ချိန်မှာတော့ ထွက်ပေါ်လာသော နေမင်းကြီးကို ကြည့်ရင်း ဖန်ကျန်းရီ၏ ရင်ထဲရှိ စိတ်ပျက်အားငယ်မှုများကို သက်သာစေရန် ဆေးလိပ်နှင့် အရက်သောက်ချင်စိတ်သာ ရှိနေခဲ့သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ထိုအချိန်တွင် သူ့ထံ၌ ဆေးလိပ်ရော အရက်ပါ မရှိချေ။
"အမတ်မင်းဖန်... ဘယ်လောက်တောင် လိမ္မာပါးနပ်တဲ့ ဗျူဟာလဲ" နားထဲသို့ ရွဲ့စောင်းသော အသံတစ်သံ ဝင်လာခဲ့၏။
ဖန်ကျန်းရီ ခေါင်းလှည့်ပြီး ခံစားချက် ကင်းးမဲ့စွာ ကြည့်လိုက်သည်။
ကောက်ကျစ်သော အရာရှိတစ်ယောက်က သူ့ကို ရွဲ့စောင်းကာ ပြောနေ၏။ "အမတ်မင်းဖန်... နောက်ဆုတ်ပြီးမှ ရှေ့တိုးတဲ့ ဗျူဟာက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဧကရာဇ်ကျင်းက မင်းကို ဒီလောက် ယုံကြည်နေတာ မဆန်းတော့ပါဘူး"
"ခင်ဗျားက ဘယ်သူလဲ"
ကောက်ကျစ်သော ရုပ်သွင်ရှိသည့် ထိုလူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဟန်လင်ကျောင်းက စာတည်းအရာရှိ ယန်ဖန်ဖန်ပဲ"
'ထွီး'
ဖန်ကျန်းရီ အဖက်မလုပ်ချင်သောကြောင့် ယန်ဖန်ဖန်၏ ဖိနပ်ပေါ်သို့ တံတွေး တည့်တည့် ထွေးချလိုက်သည်။
ယန်ဖန်ဖန် ရုတ်တရက် တုန်လှုပ်သွားပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ ဒေါသတကြီး အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "မင်း ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းနိုင်ရတာလဲ။ ဒါက ပညာရှင်တွေကို စော်ကားတာပဲ"
"ခင်ဗျားရဲ့ အသွင်အပြင်ကတင် ပညာရှင်တွေကို စော်ကားနေပြီ။ ကျုပ်နဲ့ ဝေးဝေးမှာ နေစမ်းပါ"
ဖန်ကျန်းရီ၏ စကားကို ကြားလိုက်ရသော အနီးနားရှိ လူတစ်ယောက်က မရယ်ဘဲ မနေနိုင်တော့ချေ။ ဤလူက နှုတ်စောင်းထက်လှသည်။
ယန်ဖန်ဖန်က ပြောလိုက်၏။ "အိမ်ရှေ့မင်းသားရဲ့ ဆရာဖန်က တကယ်ကို တည်ငြိမ်တာပဲ။ လူတိုင်းကို စော်ကားထားပြီး ဒီမှာ သက်တောင့်သက်သာ ထိုင်နေနိုင်သေးတယ်ပေါ့"
ဖန်ကျန်းရီ သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "သာမန် ဆဋ္ဌမအဆင့် စာတည်းအရာရှိ တစ်ယောက်က ကျုပ်ကို ဆန့်ကျင်ဖို့ ရဲတင်းနေတာလား။ ကျုပ်နောက်မှာ ကြီးမားတဲ့ နောက်ခံရှိတာ ခင်ဗျား မသိဘူးလား။"
ယန်ဖန်ဖန် ချက်ချင်း သတိဝင်သွား၏။ "ဘယ်သူလဲ"
ဖန်ကျန်းရီက တဟားဟား ရယ်ကာ ပြောလိုက်သည်။ "သေချာတာပေါ့... ဧကရာဇ်နဲ့ အတူရှိနေတဲ့ မိန်းမစိုး ကော်ပဲလေ။ သူက ဒီအရာရှိရဲ့ အချစ်ဆုံး သူငယ်ချင်း၊ ယုံကြည်ရတဲ့သူပဲ။ သူ စားဖို့ ကျုပ်က အစားအသောက်တွေ တည်ခင်းပေးတယ်။"
"ခင်ဗျား စာတည်းအရာရှိ ဆက်လုပ်ချင်သေးလား။ လုပ်ချင်ရင် ထွက်သွားစမ်း"
ယန်ဖန်ဖန် ရုတ်တရက် နားလည်သွား၏။ ဪ... ဤသို့ကိုး။ ထို့ကြောင့် ဖန်ကျန်းရီ၏ ယုံကြည်မှု အရင်းအမြစ်မှာ ဤနေရာ၌ ရှိနေခဲ့ခြင်းပင်။ ဧကရာဇ်က သူ့အပေါ် ဤမျှတိုင် ဂရုစိုက် မျက်နှာသာပေးနေခြင်းမှာ မဆန်းတော့ချေ။ မိန်းမစိုးကော်က ဧကရာဇ်ကျင်း၏ နားတော်ဝယ် တစ်စုံတစ်ခုကို တီးတိုး လျှောက်တင်နေခဲ့ခြင်း ဖြစ်သည်။
ဤလူကား အမှန်တကယ်ပင် အရှက်အကြောက် ကင်းမဲ့လှသည်။ ပညာရှင် တစ်ဦးဖြစ်ပါလျက်နှင့် မိန်းမစိုးများနှင့် အဆက်အသွယ် လုပ်ခဲ့သေး၏။
ယန်ဖန်ဖန်၏ ရွံရှာမှုက တိုးလာသော်လည်း မိန်းမစိုးကော်၏ အာဏာကို ကြောက်ရွံ့သောကြောင့် အလျင်အမြန် လျှောက်သွားတော့သည်။
အပိုင်း (၄၆) အရှင်မင်းကြီးကို အနိုင်ယူခြင်း
ဖန်ကျန်းရီ ဤနေရာတွင် ထပ်မနေချင်တော့ချေ။ လူထုရေးရာ ဝန်ကြီးဌာနမှ မည်သူမှ လာရောက်၍ သူ့အတွက် တစ်ခုခု စီစဉ်ပေးခြင်းမရှိသလို အရှေ့နန်းတော်၏ တံခါးက ဘယ်မှာမှန်းတောင် မသိပေ။ အကောင်းဆုံး အလုပ်က အိမ်ပြန်ဖို့သာ ဖြစ်၏။
အမှန်တရားကို နားလည်သွားပြီးနောက် ခြေထောက်ကို မြှောက်ကာ လျှောက်သွားသည်။
မကြာမီမှာပဲ ကော်ထျန်းယန်က သူ့နောက်သို့ ပြေးလိုက်လာပြီး လှမ်းခေါ်၏။ "မြို့ဝန်ဖန်... ခဏလောက် နေပါအုံး။ ကျေးဇူးပြုပြီး ရပ်ပါအုံး"
ဖန်ကျန်းရီ အနောက်သို့ လှည့်ကြည့်လိုက်ပြီး မိန်းမစိုးကော်ကို မြင်ချိန်မှာတော့ ချက်ချင်း အပြုံးမျက်နှာကို ဆင်မြန်းလိုက်သည်။ "အို... အစ်ကိုကြီးကော်"
ကော်ထျန်းယန်၏ အမူအရာ အေးခဲသွား၏။ ချီးတဲ့မှ .. ဘာလဲ အစ်ကိုကြီးကော်က။
သို့သော်ငြား ပြုံးနေသော လူတစ်ယောက်ကို မရိုက်နှက်၍ မဖြစ်နိုင်သောကြောင့် ကော်ထျန်းယန်ကလည်း ပြုံးကာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် အိမ်ရှေ့မင်းသားရဲ့ ဆရာ တစ်ဖြစ်လဲ အကြံပေးဖန်။ ဧကရာဇ်ကျင်းက မင်းကို အထူးခေါ်ထားပါတယ်။ စာကြည့်ဆောင်မှာ စောင့်နေပါတယ်။"
ဖန်ကျန်းရီ ပြုံးကာ ကော်ထျန်းယန်၏ လက်ကို ဆွဲ၍ လူအုပ်ထဲသို့ လျှောက်သွားလိုက်သည်။ သူက ရင်ခွင်ထဲမှ ငွေစ နှစ်ရာတန် ငွေစက္ကူ တစ်ရွက်ကို တိတ်တဆိတ် ဆွဲထုတ်ကာ ကော်ထျန်းယန်၏ အင်္ကျီလက်မောင်းထဲသို့ ထည့်လိုက်၏။
"အစ်ကိုကြီးကော်... ဧကရာဇ်ကျင်းက ကျုပ်ကို ဘာလို့ ခေါ်တာလဲ။"
ကော်ထျန်းယန်က ပြုံးကာ ငွေစက္ကူကို တိတ်တဆိတ် ပြန်တွန်းပေးလိုက်၏။ "ကျုပ်လည်း မသိပါဘူး။ အခု သွားကြည့်လိုက်ပါလား။"
ဖန်ကျန်းရီက နောက်ထပ် ငွေစ ငါးရာကို ထုတ်ကာ ပြန်ထည့်ပေးလိုက်သည်။ "ဒီအရာရှိက ဧကရာဇ်ကျင်းကို ဒေါသထွက်စေမှာ စိုးရိမ်လို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီအရာရှိက နန်းတော်ကို အခုမှ ရောက်လာတာဆိုတော့ စည်းကမ်းတွေကို မသိဘူးလေ။"
ကော်ထျန်းယန်သည် ငွေစက္ကူ၏ အထိအတွေ့ကို ခံစားလိုက်ရပြီးနောက် ရင်ထဲတွင် ခေါင်းခါလိုက်၏။ "အို... တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ အိမ်ရှေ့မင်းသား အကြံပေးဖန်အတွက် ညွှန်ကြားချက် တချို့ပေးဖို့ပါပဲ။
"အိမ်ရှေ့မင်းသား အကြံပေးဖန်... ကျုပ်မှာ အလုပ်လုပ်စရာ ရှိသေးတယ်။ ဟိုဘက်က မိန်းမစိုးလေးကို မြင်လား။ သူ့ကို လိုက်ပို့ခိုင်းလိုက်။"
"ဟားဟား။ ကောင်းပြီ... ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကော်" စကားပြောပြီးနောက် ဖန်ကျန်းရီက ငွေစ နှစ်ရာကို ကော်ထျန်းယန်၏ အင်္ကျီလက်မောင်းထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ထို့နောက် သူက နောက်လှည့်ကာ ထွက်သွား၏။
ကော်ထျန်းယန်သည် အင်္ကျီလက်မောင်းထဲရှိ ငွေစက္ကူ နှစ်ရွက်ကို ခံစားလိုက်ရပြီး ဖန်ကျန်းရီ၏ ရွေ့လျားသွားသော ပုံရိပ်ကို ကြည့်ရင်း ခေါင်းညိတ်ကာ ကျေနပ်သွားသည်။ ဒီအကောင် မဆိုးဘူးပဲ။
...
မိန်းမစိုးလေး၏ လမ်းညွှန်မှုအောက်တွင် ဖန်ကျန်းရီသည် ဧကရာဇ်၏ စာကြည့်ဆောင်သို့ ပြဿနာမရှိဘဲ ရောက်ရှိသွားခဲ့၏။
အဝင်ဝတွင် ဖန်ကျန်းရီက လည်ချောင်းကို ရှင်းလိုက်ပြီး အပေါ်ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဆင်ကာ အခေါ်ကို စောင့်နေခဲ့သည်။
မကြာမီမှာပင် ဧကရာဇ်ကျင်း၏ အသံ ထွက်ပေါ်လာခဲ့ပြီး ဖန်ကျန်းရီလည်း အခန်းထဲသို့ အလွယ်တကူ ဝင်သွား၏။
ဧကရာဇ်၏ အလုပ်ခန်းထဲတွင် ဧကရာဇ်ကျင်းသည် စာရွက်စာတမ်းများကို ရေးသားခြင်းဖြင့် အလုပ်များနေပြီး စကားတစ်ခွန်းမှ မပြောချေ။
ဖန်ကျန်းရီသည် အခန်းထဲတွင် ထူးဆန်းစွာ ရပ်နေခဲ့ပြီး ခေါင်းကို မရွေ့လျားနိုင်သော်လည်း သူ၏ မျက်လုံးများကတော့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေခဲ့သည်။
ဧကရာဇ်၏ အလုပ်ခန်းလား။ သူ အရမ်း စပ်စုချင်နေမိ၏။
အမွှေးတိုင်တစ်တိုင်စာ အချိန်မျှ စောင့်ဆိုင်းပြီးနောက် ဧကရာဇ်ကျင်းသည် လက်ဖက်ရည် သုံးခွက် သောက်ပြီးသွားပြီဖြစ်သည်။ သူ၏ စုတ်တံကို ဖြည်းညှင်းစွာ ချထားလိုက်သည်။
ဖန်ကျန်းရီထံသို့ တည့်တည့်ကြည့်ကာ ပြောလိုက်၏။ "ဖန်ကျန်းရီ... မင်း သိလား"
" ကျွန်တော်မျိုးရဲ့ အပြစ်တွေကို ဝန်ခံပါတယ်"
စကားပြောပြီးနောက် သူက ရင်ခွင်ထဲမှ ငွေစက္ကူ အထပ်လိုက်ကို ဆွဲထုတ်ကာ လက်နှစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
ထိုလုပ်ရပ်ကား... ကြိုတင်ကာကွယ်သော တိုက်ကွက်ပင် ဖြစ်၏။
အစောပိုင်းက လီလုံဆိုသည်မှာ ဧကရာဇ်ကျင်း ဖြစ်ကြောင်း ဖန်ကျန်းရီ မသိခဲ့သော်ငြားလည်း၊ ဧကရာဇ်ကျင်းသည် တောက်ယွမ်ခရိုင်သို့ သူလျှိုများ စေလွှတ်ထားခဲ့သည်ဆိုသော အချက်ကပင် အကြောင်းအရာ များစွာကို သိရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။ သို့ဖြစ်ရာ ငွေကြေးများကို သီးသန့်ခွဲဝေ ကြိုတင်စီမံကာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်ကျင်း မည်သည့်အချိန်တွင် မေးမြန်းလာမည်ကိုသာ သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဖန်ကျန်းရီက ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။ "ဒါက တောက်ယွမ်ခရိုင်က ခုနစ်နှစ်အတွင်း ရရှိခဲ့တဲ့ ပိုလျှံငွေတွေပါ။ စုစုပေါင်း ငွေစ ရှစ်သောင်း ခြောက်ထောင် ငါးရာ နှစ်ဆယ့်လေးပြား ရှိပါတယ်။ ရိုသေ လေးစားစွာနဲ့ ဖန်ကျန်းရီက ဧကရာဇ်ကျင်း စစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်"
ထိုအချိန်တွင် သူ အနည်းငယ် စိုးရိမ်နေမိ၏။ မယုံ ယုံအောင် အကြွေတွေပါ ထည့်တွက်ထားခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ကျင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။ "တောက်ယွမ်ခရိုင်ရဲ့ ခုနစ်နှစ်တာ ဝင်ငွေက ငွေစ ရှစ်သောင်းတည်းလား။ ဖန်ကျန်းရီ... မင်းက ကိုယ်တော်တို့ရဲ့ ကိုယ်ရံတော်တွေရှေ့မှာ ဒီလို ကစားပွဲ သေးသေးလေးတွေ ကစားရဲတယ်ပေါ့လေ"
ဖန်ကျန်းရီ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး... တကယ်ပါ။ တောက်ယွမ်ခရိုင် ပြုပြင်ပြောင်းလဲရေးမှာ ရန်ပုံငွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်... ငွေစ ရှစ်သောင်းကျော်ဖို့ ဆိုတာ ခက်ခဲပါတယ်။"
"ဟုတ်လို့လား။ ကိုယ်တော်တော့ မယုံဘူး"
"ကျွန်တော်မျိုး... အရှင်မင်းကြီး အဲဒီလို ပြောနေရင် ကျွန်တော်မျိုး ဆက်ပြောလို့ မရတော့ဘူးလေ"
ဖန်ကျန်းရီ၏ နဖူးမှ ချွေးစက်လေးများ စတင် စီးကျလာခဲ့၏။ ယနေ့တွင် ဧကရာဇ်အား လှည့်စားနိုင်မည့် နည်းလမ်းတစ်ရပ်ကို ရှာဖွေရပေတော့မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင် အသစ်အဆန်း၌ ရှေးဦးစွာ ကျိုးနွံနာခံတတ်သည့် အသွင်အပြင်မျိုးဖြင့် နေထိုင်ရမည်ဖြစ်ကာ၊ အလွန်ဆုံးအနေဖြင့် သူ၏ စွမ်းပကား အနည်းငယ်မျှကိုသာ ထုတ်ဖော်ပြသနိုင်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်ကျင်းက ဝမ်းသာအားရ ပြောလိုက်၏။ "မင်း အရင်က လုပ်ခဲ့တာတွေကို ကိုယ်တော် ခွင့်လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ နန်းတော်ထဲ ဝင်လာတဲ့အခါ မင်းရဲ့အသက်ကို ပေးပြီး ကိုယ်တော့်ကို ရိုးရိုးသားသား အလုပ်အကျွေးပြုရမယ်။
မင်းရဲ့ ပြဿနာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို ကိုယ်တော် အရမ်း ကျေနပ်ပါတယ်။ ဒါပေမဲ့ အရာရှိ တစ်ယောက်အနေနဲ့ မင်းရဲ့ သဘောထားကိုတော့ ကိုယ်တော် သိပ်မကျေနပ်ဘူး"
ဖန်ကျန်းရီ ချက်ချင်းပဲ မြှောက်ပင့်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ သွန်သင်ချက်တွေက မှန်ကန်ပါတယ်။ နောင်ကျရင် ကျွန်တော်မျိုး ဘယ်လို အားထုတ်မှုမျိုးကိုမှ နောက်ဆုတ်နေမှာ မဟုတ်ပါဘူး"
ဧကရာဇ်ကျင်းက လက်ကို မြှောက်ကာ ပြောလိုက်၏။ "လာ... သူ့ကို နေရာတစ်ခု ပေးလိုက်"
အသင့်စောင့်နေသော မိန်းမစိုးက ဖန်ကျန်းရီအတွက် ကုလားထိုင်တစ်လုံး ချက်ချင်း ယူလာပေးသည်။
သူက သတိထား၍ ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရင်ထဲတွင် ကံကောင်းသည်ဟု ခံစားနေရ၏။ ငွေစ ရှစ်သောင်းက အလဟဿ မဖြစ်သွားဘူးဆိုတာ နားလည်လိုက်ရသည်။။ အနည်းဆုံးတော့ ခုံတစ်လုံး ရခဲ့၏။
သောက်ကျိုးနည်း ဈေးကြီးလိုက်တဲ့ ခုံ။
ဖန်ကျန်းရီ ကုလားထိုင်ပေါ်တွင် တင်ပါးတစ်ဝက်ခန့် ထိုင်ကာ သတို့သမီးလေး တစ်ယောက်လို ဖြစ်နေကြောင်း မြင်ချိန်မှာတော့ ဧကရာဇ်ကျင်း သဘောကျသွားခဲ့၏။
ဖန်ကျန်းရီ... မင်း ဘယ်လောက်ပဲ မာနကြီးပါစေ အခြေအနေကို ဘယ်လို အကဲဖြတ်ရမလဲ ဆိုတာ သိပုံရတယ်။
"ကောင်းပြီ... မင်း ရှက်နေစရာ မလိုပါဘူး။ ကိုယ်တော် မင်းကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်"
ဧကရာဇ်ကျင်း၏ သဘောထား ပျော့ပျောင်းသွားကြောင်း မြင်ချိန်မှာတော့ ဖန်ကျန်းရီ သက်သာရာရသွား၏။ "အရှင်မင်းကြီး... ကျေးဇူးပြုပြီး မေးပါ။ ကျွန်တော်မျိုး တုံ့ဆိုင်းမနေဘဲ ဖြေကြားပါ့မယ်။"
ဧကရာဇ်ကျင်း တွေးတောနေစဉ် သူ၏စိတ်ထဲတွင် တောက်ယွမ်ခရိုင်မှ အမှတ်တရ အမျိုးမျိုး အသက် ဝင်လာခဲ့သည်။ အိမ်သာသုံး စက္ကူ... ပိုက်တွေ... မှန်လုံအိမ်တွေ... မှန်တွေ... ဓာတ်ပြားစက်တွေ... ဘယ်ကနေ စရမလဲဆိုသည်ကို တစ်ခဏမျှ မသိဖြစ်သွားခဲ့သည်။
ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူ ပြောလိုက်၏။ "ဖောက်ခွဲတဲ့ ပစ္စည်း ... အဲဒီပစ္စည်းက တကယ်တမ်း ဘာကြီးလဲ။"
ဖန်ကျန်းရီသည် ချက်ချင်းပဲ မျှော်လင့်ထားတဲ့အတိုင်းပဲ ဆိုသော အမူအရာကို ပြသလိုက်၏။ ဒီအရာရဲ့ လုပ်ဆောင်ချက်ကို ဧကရာဇ် အာရုံစိုက်တာ သဘာဝကျပါတယ်။ သူက ပြောမည့်စကားများကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
"အရှင်မင်းကြီးရဲ့ အမိန့်တော်အရ... ဒီပစ္စည်းရဲ့ နာမည်အမှန်က ယမ်းမှုန့်ပါ။ မီးနဲ့ ထိတွေ့ရင် မီးလောင်တတ်ပြီး ပိတ်လှောင်ထားတဲ့ နေရာမှာ အမြောက်အမြား ရှိနေရင် ပြင်းထန်တဲ့ ပေါက်ကွဲမှုကို ဖြစ်စေပါတယ်။"
"ယမ်းမှုန့်။ ဒါက သဘာဝပစ္စည်းလား ဒါမှမဟုတ် လူလုပ်ပစ္စည်းလား"
"လူလုပ်ပစ္စည်းပါ"
ဧကရာဇ်ကျင်း၏ ရင်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း မြင့်တက်လာပြီး ဆက်မေးလိုက်၏။ "ဘယ်လောက်တောင် ထုတ်လုပ်နိုင်လဲ။ ပြီးတော့ ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ။"
ဖန်ကျန်းရီ၏ အမူအရာက လေးနက်သွားခဲ့သည်။ "အရှင်မင်းကြီး... ဒီပစ္စည်းကို အဂ္ဂိရတ်ပညာရှင် တစ်ယောက်က တိုက်ဆိုင်စွာနဲ့ ရရှိခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော်မျိုး ဒီအဂ္ဂိရတ်ပညာရှင်ကို တောက်ယွမ်ခရိုင်အတွက် ယမ်းမှုန့်ထုတ်လုပ်ဖို့ တာဝန်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီလူက ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ယမ်းမှုန့်ထုတ်လုပ်တာ ရပ်တန့်သွားခဲ့တာပါ။
ကံမကောင်းစွာနဲ့ပဲ နည်းနည်းပဲ ကျန်နေခဲ့ပါတယ်။ တောက်ယွမ်ခရိုင်က ဒီပစ္စည်းကို နှစ်အတော်ကြာ သိမ်းဆည်း ထားခဲ့ပေမဲ့ ယမ်းမှုန့်က မတည်ငြိမ်ဘဲ အရမ်း အန္တရာယ်များပါတယ်။ ကျန်ရှိနေတဲ့ ပစ္စည်းတွေ အားလုံးကို တောင်ကို ဖွင့်တဲ့အချိန်မှာ သုံးပစ်လိုက်ရပါတယ်။
ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် ကိစ္စတွေက ပိုတောင် ခက်ခဲပါသေးတယ်။ ကျွန်တော်မျိုးက အမှုထမ်းတွေကို ဒါနဲ့ပတ်သက်ပြီး သုတေသနလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အကယ်၍ ဒီထုတ်ကုန်ကို ပြီးခဲ့တဲ့နှစ်တွေက အောင်မြင်စွာ တီထွင်နိုင်ခဲ့မယ်ဆိုရင် နန်းတော်ကို ဆက်သခဲ့မှာပါ... မအောင်မြင်ခဲ့တာ တကယ်ကို ဝမ်းနည်းစရာပါပဲ။
ငွေစ သောင်းနဲ့ချီတဲ့ ကြီးမားတဲ့ ကုန်ကျစရိတ်တွေက အောင်မြင်မှုဆီ မဦးတည်ခဲ့တဲ့အတွက် ခရိုင်က ဒီပစ္စည်း သုတေသနကို ထောက်ပံ့ဖို့ ငွေသုံးတာကို ရပ်လိုက်ရပါတယ်။”
စကားပြောပြီးနောက် ဖန်ကျန်းရီသည် နောင်တရစွာဖြင့် ခေါင်းငုံ့လိုက်ပြီး တိုင်းပြည်ကို အပြည့်အဝ အလုပ်အကျွေး မပြုနိုင်ခဲ့သောကြောင့် သေရလောက်အောင် ရှက်ရွံ့နေသည့်အလား ဟန်ဆောင်လိုက်၏။
ဤအရာကို ယခုအခါ အမြောက်အမြား ထုတ်လုပ်နေပြီ ဖြစ်သည်။ သူ ဖန်ကျန်းရီသည် စီးပွားရေးလောကတွင် လူသစ်တစ်ယောက် မဟုတ်ချေ။
သေချာသည်ပေါ့... ကောင်းမွန်သော အရာဟူသည်မှာ အရေးကြီးသော အချိန်ကျရောက်လာမှသာ ထုတ်ဖော်ပြသရခြင်း ဖြစ်သည်။ အကယ်၍ သူက အထက်လူကြီးထံ၌ ယခုချက်ချင်း ကြွားလုံးထုတ်လိုက်မည် ဆိုပါက နောက်ပိုင်းတွင် သေသည်အထိ အလုပ်လုပ်ရပေတော့မည်။ သက်တောင့်သက်သာရှိသော ဘဝကို ဖြတ်သန်းနိုင်ရန်ဆိုလျှင် သွားတိုက်ဆေးကို ဖြည်းညှင်းစွာ ညှစ်ထုတ်သကဲ့သို့ တဖြည်းဖြည်းချင်းသာ အသုံးချရန် လိုအပ်သည်။
သို့သော်လည်း ယမ်းမှုန့်၏ ကုန်ကျစရိတ် မြင့်မားသည်မှာမူ အမှန်ပင် ဖြစ်သည်။ ကုန်ကြမ်းစရိတ်များကို ထည့်သွင်းမစဉ်းစားလျှင်ပင်၊ ဖန်ကျန်းရီ စတင်ရောက်ရှိလာစဉ်က ကန့် သို့မဟုတ် ပိုတက်စီယမ်နိုက်ထရိတ် ဆိုသည်မှာ မည်သို့သော ပုံပန်းသဏ္ဍာန်ရှိကြောင်းကိုပင် မသိခဲ့ချေ။
သူသည် အမှုထမ်းများအား ဈေးကွက်အတွင်း ရှာဖွေတွေ့ရှိနိုင်သမျှသော ပစ္စည်းများ အားလုံးကို စုဆောင်းစေပြီး၊ ယင်းတို့ကို တစ်ခုချင်းစီ နှိုင်းယှဉ်လေ့လာခဲ့ရသည်။ ယမ်းမှုန့် တီထွင်ထုတ်လုပ်မှု အောင်မြင်ရေးဆိုသည်မှာ အင်မတန် ကြီးမားသော အားထုတ်ကြိုးပမ်းမှုတစ်ရပ်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် စနစ်ဟူ၍လည်း မရှိ၊ အတိတ်ဘဝက မှတ်ဉာဏ်များလည်း မပါရှိလာခဲ့သောကြောင့် ဘဝခရီးလမ်းမှာ အနည်းငယ်မျှတော့ ခက်ခဲလွန်းလှပေသည်။
ဤသည်ကို ကြားချိန်မှာတော့ ဧကရာဇ်ကျင်းသည် ဖန်ကျန်းရီကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ ဒီလို နတ်ဘုရားရဲ့ လက်နက်မျိုးကို သုတေသနလုပ်တာ ရပ်ပစ်ရတယ်လို့။ ဒီလက်နက်ကို ဆက်ပြီး တီထွင်ဖို့ တောက်ယွမ်ခရိုင်ကို ကိုယ်တော် ချက်ချင်း အမိန့်ပေးမယ်"
ဖန်ကျန်းရီသည် အောင့်သက်သက် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းကြီး... ခရိုင်မှာ ပိုက်ဆံ မရှိတော့ပါဘူး။ ဒီတစ်ကြိမ် ကျွန်တော်မျိုး ယူလာခဲ့တဲ့ ငွေစတွေ အားလုံး အကုန်ပါပဲ"
"မင်း ဘယ်လောက် လိုအပ်လဲ"
"လေးသောင်း... သုံးသောင်း... အဲဒီလောက် ဝန်းကျင်ပါပဲ" ဟု ဖန်ကျန်းရီက ပြောလိုက်စဉ် သူ၏ မျက်လုံးများက စားပွဲဆီသို့ အလိုအလျောက် ရောက်သွားခဲ့၏။
ဧကရာဇ်ကျင်းသည် ဖန်ကျန်းရီကို ရွဲ့စောင်းကာ ကြည့်လိုက်သည်။ "ဘာလဲ။ မင်း ဒီပိုက်ဆံတွေကို ပြန်လိုချင်နေတာလား။"
"အရှင်မင်းကြီး ကျွန်တော်မျိုး အဲဒီလို မလုပ်ရဲပါဘူး။ ဒါပေမဲ့ ဒီသုတေသနကို ထောက်ပံ့ဖို့ဆိုရင် ငွေစတွေ လိုအပ်ပါတယ်... ကျွန်တော်မျိုးက ပြည်သူတွေ ရှာဖွေထားတဲ့ ချွေးနှဲစာတွေကို အမြတ်ထုတ်ပြီး အခွန်တွေ မတိုးနိုင်ဘူးလေ၊ ဟုတ်တယ်မလား"
ဖန်ကျန်းရီ၏ ရဲစွမ်းသတ္တိများ မြင့်တက်လာခဲ့၏။ ဘယ်ဧကရာဇ်ကများ ဤစကားကို ခုခံနိုင်မည်နည်း။ သူ့ဆီမှာ ညှိနှိုင်းစရာ အချက်အလက်တွေ ရှိနေသည့်အတွက် သူပေးလိုက်ရသော ငွေစတွေကို တတ်နိုင်သမျှ ပြန်ရအောင် ကြိုးစားရပေမည်။ ထိုပိုက်ဆံများက သူ ကြိုးစား စုဆောင်းထားသည့် ပိုက်ဆံများပင် ဖြစ်၏။
ဧကရာဇ်ကျင်းသည် ဖန်ကျန်းရီကို အချိန်အတော်ကြာ ကြည့်ကာ စစ်ဆေးနေခဲ့သော်လည်း မည်သည့် ဟန်ဆောင်မှု အရိပ်အယောင်ကိုမှ မတွေ့ရချေ။ သို့သော်လည်း ဖန်ကျန်းရီ၏ ကောက်ကျစ်သော သဘောထားကို ထည့်စဉ်းစားရင်း ဧကရာဇ်ကျင်း အလွန် သတိထားနေခဲ့သည်။
"ငွေစ နှစ်သောင်း... ကိုယ်တော် မင်းကို တစ်နှစ်အချိန်ပေးမယ်။ တစ်နှစ်ကြာရင် ယမ်းမှုန့် ထုတ်လုပ်မှုနဲ့ အသုံးပြုတာကို ကိုယ်တော်တို့ မြင်ချင်တယ်"
ဖန်ကျန်းရီ ခေါင်းကို အလျင်အမြန် ခါရမ်းလိုက်၏။ "အရှင်မင်းကြီး... ငွေစ ပမာဏ နည်းချင်နည်းနိုင်ပေမဲ့ ကျွန်တော်မျိုး နည်းလမ်းရှာနိုင်ပါတယ်။ ဒါပေမဲ့ အချိန်နဲ့ ပတ်သက်ပြီးတော့... တကယ်ကို အကန့်အသတ် အရမ်းရှိပါတယ်။ အစောပိုင်း နှစ်နှစ်တာကာလအတွင်း သုတေသနလုပ်ခဲ့တာ အရမ်းနည်းပါတယ်။ အခု ဒီသုတေသနမှာ ပါဝင်ခဲ့တဲ့ အမှုထမ်းတွေက တခြား အသက်မွေးဝမ်းကျောင်း အလုပ်တွေကို ပြောင်းသွားကြပါပြီ။
အကယ်၍ လူဟောင်းတွေကို ပြန်ခေါ်ပြီး သူတို့ကို ပြန်သင်ခိုင်းမယ်ဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာမယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ နှစ်နှစ်အတွင်းဆိုရင်တော့ ကျွန်တော်မျိုး နည်းနည်း ယုံကြည်မှု ရှိလာပါလိမ့်မယ်"
"ကောင်းပြီ... နှစ်နှစ်။ သုတေသနပြုတာကို ကူညီဖို့ တောက်ယွမ်ခရိုင်ဆီ အမှုထမ်းတွေ ကိုယ်တော် လွှတ်လိုက်မယ်။ တကယ်လို့ နှစ်နှစ်ကြာတဲ့အထိ မင်း မအောင်မြင်ဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို သေချာ စဉ်းစားထားပေါ့"
ဤကဲ့သို့သော နတ်စစ်လက်နက်မျိုးအတွက် နှစ်နှစ်တာ စောင့်ဆိုင်းရခြင်းက တန်လှသည်။ ထို့ပြင် တိုင်းပြည်သည် စစ်မက်ဖြစ်ပွားနေခြင်း မရှိသောကြောင့် ဧကရာဇ်ကျင်းအနေဖြင့် အချိန်ကာလနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်း မရှိချေ။
ဖန်ကျန်းရီ၏ မျက်နှာထက်တွင် မသိမသာသော အပြုံးလေးတစ်ခု ပေါ်လွင်လာခဲ့သည်။ ငွေနှစ်သောင်း ပြန်လည် ရရှိသွားခဲ့ပြီ ဖြစ်သည်။ သုတေသန ရန်ပုံငွေများကို လိမ်လည်ထုတ်ယူရန်မှာ အလွန်ပင် ခက်ခဲလှပြီး၊ အဆိုပါငွေများမှာလည်း အမှန်တကယ်တော့ သူ၏ ကိုယ်ပိုင်ငွေများသာ ဖြစ်သည်။
သူတို့ လူလွှတ်လိုပါကလည်း လွှတ်ပါစေတော့လေ။ ယမ်းမှုန့်ဟူသည်ကား တောက်ယွမ်ခရိုင်၏ အရေးအကြီးဆုံးသော လျှို့ဝှက်ချက်ပင် ဖြစ်သည်။ သုတေသန လုပ်ငန်းစဉ်၌ ပါဝင်ခဲ့ကြသူများ အားလုံးမှာ လူလည်များချည်း ဖြစ်ကြပြီး ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။ နန်းတော်မှ အမိန့်တော် ကျရောက်လာသောအခါ မည်သို့ တုံ့ပြန်လုပ်ဆောင်ရမည်ဆိုသည်ကို လူတိုင်းက ကောင်းစွာ သိရှိနားလည်ပြီး ဖြစ်နေပေလိမ့်မည်။ ဖန်ကျန်းရီ အရမ်း ယုံကြည်မှု ရှိနေခဲ့၏။
"ကျေးဇူးပြုပြီး စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုး တာဝန်မကျေတာမျိုး ဒါမှမဟုတ် အရှင့်ရဲ့ ယုံကြည်မှုကို အလဟဿ ဖြစ်စေတာမျိုး သေချာပေါက် ဖြစ်လာမှာ မဟုတ်ပါဘူး"
ဧကရာဇ်ကျင်း ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလိုက်၏။ "မဆိုးပါဘူး။ ကိုယ်တော် သိချင်တာတစ်ခု ရှိတယ်။ ကိုယ်တော် မင်းကို ကတိပေးထားတဲ့ စာချုပ် မင်းဆီမှာ ရှိသေးလား"
ဖန်ကျန်းရီ တဟားဟား ရယ်လိုက်သည်။ "စာချုပ်ချုပ်တုန်းက အရှင်မင်းကြီးက နာမည်တုကို သုံးခဲ့တာဆိုတော့ အဲဒါက မမှန်ပါဘူး။ ကျွန်တော် ပြန်ရောက်တဲ့အခါ စာတစ်စောင်ရေးပြီး အဲဒါတွေ အားလုံးကို မီးရှို့ ပစ်ခိုင်းလိုက်ပါ့မယ်"
ဧကရာဇ်ကျင်းက ကြည့်နေပြီး ဘာမှ မပြောခဲ့ချေ။
"အာ... ပြီးတော့ ကျွန်တော်မျိုး အဲဒီ ဓာတ်ပြားစက်ကို အရှင်မင်းကြီးဆီ ဆက်သပါ့မယ်။ ဓာတ်ပြားစက်က... အခု အဆင်ပြေနေပါပြီ။ ဒါပေမဲ့ တောက်ယွမ်ခရိုင်မှာ အဲဒါ တစ်ခုပဲ ရှိပါသေးတယ်။ တကယ်လို့ အရှင်မင်းကြီး ပိုလိုအပ်ရင် ပိုထုတ်လုပ်ဖို့ ကျွန်တော်မျိုး အမိန့်ပေးလိုက်ပါ့မယ်။ အရှင်မင်းကြီး ကျေးဇူးပြုပြီး နားလည်ပေးပါ။"
ဤတစ်ကြိမ်တွင် ဖန်ကျန်းရီသည် အရာအားလုံးကို ရိုးရိုးသားသား ဝန်ခံလိုက်၏။
ဧကရာဇ်ကျင်းသည် တောက်ယွမ်ခရိုင်သို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ခဲ့ဖူးသည် ဖြစ်ရာ၊ ထိုအရပ်ရှိ ထူးခြားဆန်းပြားမှုများနှင့် ပတ်သက်၍ မေးမြန်းလာခြင်းမှာ သဘာဝကျသည်။ ဓာတ်ပြားစက် မည်သို့ အလုပ်လုပ်သည်ကို မသိရှိပါက ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။ ထို့အပြင် ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ အထက်လူကြီးဖြစ်သူအား လက်ဆောင်ပဏ္ဏာ အချို့အဝက် ဆက်သရမည် မဟုတ်ပါလော။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် သူ မည်သို့ ဆက်လက် ရှင်သန်ရပ်တည်နိုင်ပါမည်နည်း။
ခရိုင်အတွင်း၌ အခြားသော ပစ္စည်းအဆန်းအပြားများစွာ ကျန်ရှိနေသေးသည်။ သို့ရာတွင် ရှေးဦးစွာ လုပ်ငန်း၏ အနှစ်သာရကို အကုန်အစင် ရှင်းပြရန်မှာ မသင့်တော်သေးချေ။
"ကောင်းတယ်... မင်း သွားလို့ရပြီ"