အခန်း (၄၇-၄၈)
Vol. 4 Ch. 47-48
အပိုင်း (၄၇) မိဘအုပ်ထိန်းမှု
နှစ်နာရီကြာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် ဧကရာဇ်ကျင်း၏ အမူအရာက လေးနက်မှုမှသည် ဝမ်းသာပျော်ရွှင်မှုသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့၏။
ဖန်ကျန်းရီအပေါ် သူ၏ တန်ဖိုးထားမှုကိုလည်း ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
ဖန်ကျန်းရီသည်လည်း စကားပြောဆိုရသည်မှာ အလွန် သာယာသည်ဟု ခံစားခဲ့ရ၏။ တောက်ယွမ်ခရိုင်တွင် သူ၏ ဘဝက ကောင်းမွန်သော်လည်း သူ တကယ် စကားပြောနိုင်သည့် သာမန်လူ အရေအတွက်က နည်းပါးလှ၏။
တိုင်းပြည်တစ်ခု၏ ဧကရာဇ်တစ်ပါးအနေဖြင့် ဧကရာဇ်ကျင်းသည် အဖြစ်အပျက်များကို အလျင်အမြန် နားလည် သဘောပေါက်ပြီး ကောက်ချက်ချမှုများပင် ပြုလုပ်နိုင်သောကြောင့် ဖန်ကျန်းရီကို စိတ်သက်သာရာရစေခဲ့သည်။
ဆွေးနွေးပွဲအတွင်း ဧကရာဇ်ကျင်းက မေးခွန်းများ မေးခဲ့သော်လည်း ဖန်ကျန်းရီက စကားပြောဆိုမှုကို ဦးဆောင်ခဲ့ပြီး ပြဿနာကို ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စိတ်ဝင်စားဖွယ် ကိစ္စရပ်များအဖြစ် သဘာဝကျကျ ပြောင်းလဲပစ်ခဲ့၏။
ထုတ်ကုန်နှင့် နည်းပညာဆိုင်ရာ မေးခွန်းများအပေါ် ဧကရာဇ်ကျင်း၏ စူးစမ်းလိုစိတ်နှင့် ပတ်သက်၍မူ ဖန်ကျန်းရီသည် ဤမေးခွန်းများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့ပြီး ရှောင်လွှဲ၍သာ ဖြေကြားခဲ့သည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ ဤအရာများသည် သူ၏ ဝှက်ဖဲများဖြစ်ပြီး ခိုင်မာသော အခြေခံအုတ်မြစ် မချရသေးသောကြောင့် ထုတ်ဖော်ပြောဆိုရန် အချိန်အခါ မဟုတ်သေးပေ။
ဧကရာဇ်ကျင်းက သိချင်နေသော်ငြား တောက်ယွမ်ခရိုင်ရှိ အသက်မွေးဝမ်းကျောင်းမှု အခြေအနေများကို ပို၍ စိတ်ဝင်စားကြောင်း ထင်ရှားသောကြောင့် သူ ထပ်မံ၍ အတင်းအကျပ် မမေးမြန်းတော့ချေ။
အချိန်အတော်ကြာ စကားပြောပြီးနောက် ဧကရာဇ်ကျင်းသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်၏။ "အရမ်းကောင်းတယ်... ဖန်ကျန်းရီက တကယ်ကို ကြီးမြတ်တဲ့ အရည်အချင်းရှိတာပဲ။ ပြည်သူတွေကို အုပ်ချုပ်တဲ့ နည်းလမ်းက ဒီလောက်တောင် သိမ်မွေ့တဲ့ အဆင့်ကို ရောက်နေပြီ။ ကိုယ်တော့်ကို အရမ်း စိတ်ထိခိုက်စေတယ်"
ဖန်ကျန်းရီသည် အဘိုးကြီးလီနှင့် စကားပြောနေသကဲ့သို့ ပုံမှန် ပေါ့ပေါ့ပါးပါး အမူအကျင့်သို့ ပြန်ရောက်သွားပြီး ရွှင်လန်းနေခဲ့သည်။
"အရှင်မင်းကြီး... တကယ်တော့ ဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ အသိစိတ်က အဓိကပါပဲ။ ကျွန်တော်မျိုး တာဝန် ထမ်းဆောင်ချိန်မှာ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ အမြဲတမ်း တွေးနေတာပါပဲ။ ကျွန်တော်မျိုး ခရိုင်မြို့ဝန် တစ်ယောက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်မျိုးက ပြည်သူ့ဝန်ထမ်း တစ်ယောက်ပါပဲ"
"……."
ထိုစကားကိုကြားတော့ ဧကရာဇ်ကျင်းနှင့် ဧကရာဇ်၏အလုပ်ခန်းရှိ မိန်းမစိုးများသည် ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
ပြည်သူ့ဝန်ထမ်းတဲ့လား။ ဒါဆို ကိုယ်တော်က ဘာလဲ။ ဒီလောက် တုန်လှုပ်စရာကောင်းတဲ့ စကားတွေကို မင်း ဖန်ကျန်းရီ တစ်ယောက်တည်းပဲ ပြောနိုင်တယ်။
ဖန်ကျန်းရီ ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်၏။ ဤအယူအဆက ကျင်းတိုင်းပြည်အတွက် စောလွန်းနေပုံရသည်။
ဧကရာဇ်ကျင်းက ပြောလိုက်၏။ "ဖန်ကျန်းရီက တကယ်ကို... စကားလုံးတွေက တုန်လှုပ်စရာ မကောင်းမချင်း မကျေနပ်တတ်ဘူးပဲ။ ဒါကြောင့်လည်း ဒီလို ကဗျာတွေ ရေးနိုင်တာကိုး..."
ဖန်ကျန်းရီ ပို၍ပင် ရှက်ရွံ့သွားခဲ့၏။ "အရှင်မင်းကြီး ကျွန်တော်မျိုးကို မြှောက်ပင့်နေပါပြီ။ 'သူ့စကားတွေက တုန်လှုပ်စရာ မကောင်းမချင်း ဘယ်တော့မှ မကျေနပ်တတ်ဘူး' ဆိုတဲ့ စကားစုကို ကျွန်တော်မျိုး မတော်တဆ ပြောလိုက်မိတာကို အရှင်မင်းကြီးက မှတ်မိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ဧကရာဇ်ကျင်းက တဟားဟား ရယ်လိုက်သည်။ "လောကကြီးမှာရှိတဲ့ ရှေးဟောင်းစာပေ အပိုင်းအစတွေ အားလုံးက မင်း ဖန်ကျန်းရီဆီမှာပဲ ရှိနေတာလား။ ဖန်ကျန်းရီရဲ့ စွမ်းရည်ကို ကိုယ်တော် နားလည်ပါတယ်။ ဒီလို ကဗျာဆန်တဲ့ ပါရမီမျိုး ရှိနေရင် အခုကစပြီး ကိုယ်တော့်ဆီကနေ ဖုံးကွယ်ထားစရာ မလိုဘူး။ ကြိုက်သလို ကဗျာရွတ်လို့ရတယ်။"
ဖန်ကျန်းရီ "..."
ထို့နောက် ဧကရာဇ်ကျင်းက မျက်နှာကို တည်တည်ထားကာ ပြောလိုက်၏။ "ကောင်းပြီ။ ကြီးလေးတဲ့ ကိစ္စတွေကို ဆက်သွားရအောင်။
အိမ်ရှေ့စံမင်းသားကို မင်းဆီ အပ်နှံလိုက်ပေမဲ့ လေးအုပ်ငါးကျမ်း၊ သားသမီးရဲ့ မေတ္တာ ဒါမှမဟုတ် ဓလေ့ထုံးစံကျမ်းတွေကို သင်ပေးဖို့ ဒီလိုလုပ်နေတာ မဟုတ်ဘူး။
ယန်ကော်အန်းက လက်ရှိ မင်းဆက်မှာ အသိပညာ အကြွယ်ဝဆုံးပဲ။ ဂန္ထဝင်လက်ရာတွေကို လေ့လာမှုနဲ့ ပတ်သက်ရင် မင်းက အများကြီး နိမ့်ကျနေသေးတယ်။
ကိုယ်တော် တန်ဖိုးထားတာက မင်းရဲ့ ထူးခြားတဲ့ အကြံဉာဏ်တွေပဲ။ အိမ်ရှေ့စံမင်းသားက သွက်လက်ပြီး မင်းနဲ့ အရမ်း သဟဇာတဖြစ်တယ်။ မင်း သိသမျှ အရာအားလုံးကို သူ့ဆီ လက်ဆင့်ကမ်းပေးရမယ်။ နားလည်လား"
ဖန်ကျန်းရီ ခဏမျှ စဉ်းစားကာ မေးလိုက်၏။ "အကယ်၍ အရှင့်သားက ကျွန်တော်မျိုး ပြောတာကို နားမထောင်ရင် ဘာလုပ်ရမလဲ"
ဧကရာဇ်ကျင်း ရယ်မောလိုက်သည်။ "ဟက်... အဲဒါ မင်းရဲ့ အရည်အချင်းအပေါ်မှာ မူတည်တယ်။ ကိုယ်တော်က အရာအားလုံး လိုက်ပြောနေရမယ်ဆိုရင် မင်း ဖန်ကျန်းရီကို ဘာလို့ သုံးနေရမှာလဲ။"
ဖန်ကျန်းရီ ရင်ထဲတွင် တုန်ယင်သွားသည်။ ဧကရာဇ် ကိုယ်တိုင်ပင် အိမ်ရှေ့မင်းသားနှင့် ပတ်သက်လျှင် ကူကယ်ရာမဲ့နေပုံ ပေါ်၏။
"ကျွန်တော်မျိုး နားလည်ပါပြီ"
"အို... မင်း ဘာတွေ နားလည်သွားတာလဲ။ အိမ်ရှေ့မင်းသားက မင်းရဲ့ သွန်သင်ချက်တွေကို နားမထောင်ရင် မင်း ဘာလုပ်မလဲ။"
"သူ့ကို ရိုက်မယ်"
ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "စကားပုံမှာ 'သစ်ပင်လေးကို ကိုင်းမဖြတ်ရင် ကြီးမလာဘူး၊ သာမန်လူတွေက ဆုံးမ,မခံရရင် ကောင်းမွန်တဲ့သူ မဖြစ်လာဘူး' တဲ့။ ရိုးသားတဲ့ ကလေးတွေက တုတ်အောက်ကနေ ထွက်လာပြီး ကောင်းမွန်တဲ့ ကလေးတွေက ကြိမ်လုံးအောက်ကနေ ထွက်လာတာလေ။
အိမ်ရှေ့စံမင်းသားက မင်းမျိုးမင်းနွယ် မိသားစုက ဆင်းသက်လာတာဆိုတော့ ဘဝမှာ ဘယ်လို အခက်အခဲမျိုးမှ မကြုံခဲ့ဖူးဘူး။ ဒါကြောင့် ခေါင်းမာပြီး စာမသင်ချင်တာက ပုံမှန်ပါပဲ။
တစ်ချိန်တည်းမှာပဲ ထီးနန်းဆက်ခံသူ တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေကို တိုက်ရိုက်ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ရှိရမယ်။ အခက်အခဲ မရှိရင်တောင် အခက်အခဲတွေကို ဖန်တီးပြီး ဖြေရှင်းနိုင်စွမ်း ရှိရမယ်။
အကယ်၍ သူက အခက်အခဲတွေကို မရင်ဆိုင်နိုင်ဘူး၊ အဲဒီလို စိတ်ဓာတ်မျိုးလည်း မရှိဘူးဆိုရင် နောင်ကျရင် ပြည်သူတွေကို ဆင်းရဲဒုက္ခတွေကနေ ဘယ်လို ကယ်တင်နိုင်မှာလဲ။
အိမ်ရှေ့စံမင်းသားကို ရိုက်နှက်ဆုံးမခြင်းအားဖြင့်သာ အလျင်အမြန် ရင့်ကျက်လာစေနိုင်တယ်။ တစ်နှစ်ကို ဆယ်ကြိမ် ဒါမှမဟုတ် ရှစ်ကြိမ်လောက် ရိုက်နှက်တာက ကြွက်သားတွေနဲ့ အရိုးတွေကို ပြေလျော့သွားစေနိုင်ရုံသာမက တစ်နှစ်ကို ဆယ်ကြိမ် ဒါမှမဟုတ် ရှစ်ကြိမ်လောက် မျက်နှာကို ရိုက်နှက်မယ် ဆိုရင် ဆွေးမြည့်နေတဲ့ သစ်သားတောင်မှ သစ်သားကောင်း ဖြစ်လာနိုင်တယ်။
အမှားလုပ်တာနဲ့ မကြာခဏ အရိုက်ခံရမယ်ဆိုရင် နောင်ကျရင် မကောင်းတဲ့ အတွေးတွေ ဝင်လာတဲ့အခါ ကြောက်ရွံ့ပြီး တုန်ယင်နေလိမ့်မယ်။ အဲဒါက ပက်ဗလော့ရဲ့... အဲ …ဆိုလိုတာက ဒုက္ခမခံရဘဲ အကျိုးအမြတ် မရနိုင်ဘူးဆိုတဲ့ အဆိုပြုချက်ပဲ။
ရာဇဝတ်မှု ကျူးလွန်နိုင်ခြေကို ကာကွယ်ဖို့နဲ့ အကျင့်စာရိတ္တ ပျက်ပြားမှုရဲ့ မီးပွားကို ငြိမ်းသတ်ဖို့ အမှား မလုပ်ရင်တောင် ရိုက်နှက်ရမယ်။ အရှင်မင်းကြီး... ဒါတွေက အရှင် သိထားဖို့ ကျွန်တော်မျိုးရဲ့ အမြင်တွေပါပဲ"
အခက်အခဲ မရှိရင် အခက်အခဲတွေကို ဖန်တီးပြီး ရင်ဆိုင်ရမယ်။ သောက်ကျိုးနည်း .. ဘယ်လို အတွေးအခေါ်မျိုးပါလိမ့်။
ဧကရာဇ်ကျင်း တွေးတောကာ ခေါင်းညိတ်လိုက်၏။ "မှန်တယ်။ ကိုယ်တော် သူ့ကို ရိုက်တာ မလုံလောက်ခဲ့တာ သိသာတယ်။ ဒါပေမဲ့ ဖန်ကျန်းရီ .. .မင်းရဲ့ မိဘတွေကရော အဲဒီလိုပဲ သွန်သင်ခဲ့တာလား"
ဖန်ကျန်းရီ ကောင်းကင်ကို မော့ကြည့်ကာ တွေးလိုက်သည်။ "ကျွန်တော်မျိုးက တစ်လျှောက်လုံး အရိုက်ခံခဲ့ရလို့ ဒီနေ့ ဒီလို အောင်မြင်မှုတွေ ရခဲ့တာပါ။
ကျွန်တော်မျိုး ငယ်ငယ်တုန်းက မိဘတွေက အမြဲတမ်း ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ အားပေးခဲ့တယ်။ အနည်းငယ် ပေါ့ဆမှုလေးမှာတောင် အရိုက်ခံခဲ့ရတယ်။ အများအားဖြင့်တော့ အဖေ့ဆီကနေပဲ အရိုက်ခံရတာပါ။ တစ်ခါတလေတော့ မိဘနှစ်ပါးစလုံးဆီကပေါ့...။
"ဒါပေမဲ့ ကျွန်တော်မျိုး ပင်ပန်းပြီး ပျင်းရိနေတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ တုတ်နဲ့ အရိုက်ခံရရင်တောင် စာတစ်လုံးမှ ထပ်မဖတ်ချင်တော့ဘူးလေ။ ဒီလိုအချိန်မျိုးမှာ မိဘတွေက ကျွန်တော်မျိုးရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ 'ကြက်သွေး' တိုက်လေ့ရှိတယ်။ အရှင်မင်းကြီး ရယ်ချင်ရယ်လိမ့်မယ်။ ဒါပေမဲ့ အခုထက်ထိ ကျွန်တော့်ရဲ့ အိမ်က လူတချို့က ကျွန်တော်မျိုးကို 'ကြက်ကလေး' လို့ ခေါ်ကြတုန်းပဲ"
(ကြက်သွေး - အားပေးခြင်း)
ဧကရာဇ်ကျင်း ရုတ်တရက် နားလည်သွားပြီး သက်ပြင်းချလိုက်၏။ "သနားစရာ ဖန်ကျန်းရီ... သူ ဒီနေ့ ဒီလောက်တောင် အောင်မြင်မှုတွေ ရခဲ့တာ မဆန်းတော့ပါဘူး... ဒါပေမဲ့ ကြက်သွေးသောက်တာက တကယ်ပဲ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်လို့လား။ ဒီအကြောင်းကို အခုမှ ပထမဆုံး ကြားဖူးတာပဲ"
"မဟုတ်ပါဘူး... ထားပါတော့ အိမ်ရှေ့မင်းသား ပျင်းရိလာရင် သူ့ကို ကြက်တစ်ကောင်လို ရိုက်နှက်လိုက်မယ်လို့ ဆိုလိုတာပါ။"
"ကြည့်ကြတာပေါ့... သူ့ကို ကြက်တစ်ကောင်လို ခြောက်လှန့်လိုက်စမ်း။ အကယ်၍ သူက စကားနားမထောင်ရင် ကိုယ်တော့်ဆီ လာရှာပေါ့"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ထို့နောက် ဧကရာဇ်ကျင်းသည် ဧကရာဇ်၏ စားပွဲပေါ်မှ ရွှေအဆောင်အယောင်တစ်ခုကို ယူကာ ဖန်ကျန်းရီထံသို့ လှမ်းပစ်ပေးလိုက်ပြီး ပြောလိုက်၏။ "ဒီရွှေအဆောင်အယောင်နဲ့ဆိုရင် မင်း နန်းတော်ထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ ရပြီ။ အိမ်ရှေ့မင်းသားကို မကြာခဏ သွန်သင်ဆုံးမပြီး လိုအပ်တဲ့အခါ သင့်သလို လုပ်ဆောင်ရမယ်။
ယန်ကော်အန်းဆီမှာ ဒီလို ရွှေအဆောင်အယောင် တစ်ခု ရှိတယ်။ မင်းတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတွေ ရှိနေတယ်ဆိုတာ ကိုယ်တော် သိတယ်။ ဒါပေမဲ့ သူက မင်းထက် ရာထူးပိုမြင့်တဲ့အတွက် စကားတွေကို သတိထားရမယ်။
ဒီနေ့ ခန်းမကြီးထဲက အရာရှိတွေအားလုံးက မင်းကို အဆိုးမြင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ မင်းကို ကိုယ်တော် တန်ဖိုးထားနိုင်ပေမဲ့ အားလုံးနဲ့ တန်းတူထားမှာဖြစ်ပြီး ထူးခြားပြီး မင်းကို အကာအကွယ်ပေးမှာ မဟုတ်ဘူး။
မှတ်ထား... နိုင်ငံသားတစ်ယောက်အနေနဲ့ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး သစ္စာရှိရမယ်။ မင်းရဲ့ အရည်အချင်းနဲ့ အမှားမလုပ်ဘူးဆိုရင် နောင်ကျရင် ဝန်ကြီးအဖွဲ့ထဲ ဝင်ပြီး ဝန်ကြီးချုပ် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။
ကျန်တဲ့လမ်းခရီးမှာ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
အရှင်မင်းကြီးက ကြက်သွေးထိုးပေးရာမှာ ဆရာတစ်ဆူပဲ။ ငါ ဒီကိုရောက်လာတာ တစ်ရက်ပဲ ရှိသေးတယ်။ သူက ဝန်ကြီးအဖွဲ့ထဲ ဝင်ဖို့နဲ့ ဝန်ကြီးချုပ် ဖြစ်ဖို့အကြောင်း ပြောနေပြီ။
ဖန်ကျန်းရီက ရွှေအဆောင်အယောင်ကို ယူကာ ခါးတွင် ကြုံသလို ချည်ထားလိုက်၏။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါဆို ကျွန်တော်မျိုး ချန်ရှီရုံးတော်ကို သွားပြီး သတင်းပို့ရမလား"
ဧကရာဇ်ကျင်းသည် ဖန်ကျန်းရီကို ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်သည်။
"မလိုဘူး။ လောလောဆယ် အိမ်ပြန်လို့ရပြီ။ မနက်ဖြန်ကျမှ ချန်ရှီရုံးတော်ကို သွားပြီး သတင်းပို့လိုက်တော့"
"အမ်... ဘာလို့လဲ" ဖန်ကျန်းရီက ဧကရာဇ်ကျင်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
ဖန်ကျန်းရီ၏ ရှုပ်ပွနေသော အဝတ်အစားများနှင့် မင်စွန်းနေသည်များကို ကြည့်ရင်း ဧကရာဇ်ကျင်း မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။
"ကိစ္စမရှိဘူး။ မနက်ဖြန် မနက်ခင်း ညီလာခံကို နောက်မကျအောင် သေချာလုပ်ပါ... ပြီးတော့ ရုံးဝတ်စုံကို ဝတ်ခဲ့။ မနက်ဖြန် သေသေချာချာ ဝတ်စားပြီးမှ လာခဲ့"
အပိုင်း (၄၈) ပြန်လည်ရုပ်သိမ်းခြင်း
အလုပ်တာဝန်မှ စောစီးစွာ ပြန်လည် အနားယူခွင့်ရခြင်းကား စိတ်ဓာတ်ကို အစဉ်အမြဲ တက်ကြွ လန်းဆန်းစေမြဲပင် ဖြစ်သည်။
ဖန်ကျန်းရီသည် နန်းတော်မှ စောစောထွက်ခွာလာခဲ့ပြီး အိမ်ပြန်ရန် အပြင်ဘက်တွင် ရထားလုံးတစ်စီး ရှာလိုက်၏။ အိမ်ပြန်ရာလမ်းတွင် ဖန်ကျန်းရီသည် ဧကရာဇ်ကျင်းနှင့် တွေ့ဆုံခဲ့ပုံကို ထပ်ခါတလဲလဲ ပြန်လည် တွေးတောနေခဲ့၏။
လူတကာကို အမျက်ထွက်စေခဲ့သော်ငြားလည်း ယေဘုယျအားဖြင့် အရာရာတိုင်းက တော်တော်လေး ချောချောမွေ့မွေ့ပင် ဖြစ်ပေါ်တိုးတက်လာခဲ့သည်။ အထူးခြားဆုံးသော အချက်မှာ ဧကရာဇ်ကျင်း ဆိုသည်က အမှန်တကယ်တော့ အဘိုးကြီးလီလုံ ဖြစ်နေခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်က သူ၏အပေါ်၌ အမြင်ကြည်လင်လျက် ရှိနေခဲ့သည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသားအား ပညာသင်ကြားပေးရမည့် ကိစ္စမှာမူ သူ့အတွက် အလွန်တရာ ခက်ခဲသော တာဝန်တစ်ရပ် ဖြစ်နေသည်။ အိမ်ရှေ့စံမင်းသားမှာ ဆန့်ကျင်ပုန်ကန်လိုစိတ် ပြင်းထန်သော အရွယ်သို့ ရောက်ရှိနေကြောင်း သိသာထင်ရှားလှပြီး၊ ဧကရာဇ်၏ အမူအရာအရဆိုလျှင် သူသာ ကောင်းမွန်သော ပညာသင်ကြားပေးမှုမျိုး မလုပ်ဆောင်နိုင်ပါက အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်သည်။
အိမ်ရှေ့မင်းသားအတွက် အနာဂတ် ပညာရေး မူဝါဒအကြောင်း စဉ်းစားနေစဉ်မှာပဲ ရထားလုံးက ရပ်သွားခဲ့၏။ ရထားလုံးမောင်းသူက အပြင်မှ လှမ်းအော်လိုက်သည်။ "သခင်လေး... ရောက်ပါပြီ"
ထို့နောက် ဖန်ကျန်းရီသည် ငွေရှင်းကာ ရထားလုံးပေါ်မှ ဆင်းလာခဲ့၏။ သူ ပထမဆုံး မြင်လိုက်ရသူမှာ ဘာလုပ်နေမှန်းမသိဘဲ ပင်မတံခါးဝတွင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသော ပိုင်ရီပင် ဖြစ်၏။
ပိုင်ရီသည် ယိုင်နဲ့နဲ့ဖြင့် ဖန်ကျန်းရီကို မြင်လိုက်ရပြီး သူ၏ ရှုပ်ပွနေသော အဝတ်အစားများနှင့် ကိုယ်ပေါ်ရှိ မှင်စွန်းများကို မြင်ချိန်မှာတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ သူမက ရှေ့တိုးကာ တတ်နိုင်သမျှ ကောင်းအောင် နှုတ်ဆက်လိုက်၏။ "သခင်လေး၊ ဘာလို့ ဒီလောက်စောစော ပြန်ရောက်လာတာလဲ။ ပြီးတော့ သခင်လေးရဲ့ အဝတ်အစားတွေက..."
ဖန်ကျန်းရီ မျက်နှာပျက်သွားပြီး နံရံထောင့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "သွား... အဲဒီမှာပဲ ရပ်နေ။ ညစာမစားရမချင်း အထဲမဝင်နဲ့"
"…….."
ပိုင်ရီ ချက်ချင်း မျက်နှာပျက်သွားပြီး နှုတ်ခမ်းကို စူကာ နံရံထောင့်ဆီသို့ ယိုင်နဲ့နဲ့ လျှောက်သွား၏။
ပြောသည့်အတိုင်း လုပ်ရမှာပင်။ သူမ အသားကျနေပြီဖြစ်သည်။
ထို့နောက် ဖန်ကျန်းရီသည် ခြံဝန်းထဲသို့ ဝင်သွားပြီး အလျင်အမြန် ပြန်ထွက်လာခဲ့သည်။
သူ ပြန်ထွက်လာသည်ကို မြင်ချိန်မှာတော့ ပိုင်ရီ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားခဲ့၏။ ဖန်ကျန်းရီက အမြဲတမ်း ခန့်မှန်းရခက်သည်ဆိုတော့ သူမကို အထဲပြန်ခေါ်သွားမလို့များလား။ အေးစက်သည့်နေရာတွင် နေရသည်မှာ မသက်သာလှချေ။
"ရှောင်ထောင် ဘယ်မှာလဲ။"
"သူ လူတစ်ယောက်ကို သွားရှာတယ်လို့ ပြောပါတယ်။"
"သူ ပြန်ရောက်လာရင် ငါ့ကို လာတွေ့ဖို့ ပြောလိုက်။ ပြီးရင် မင်းနေရာမှာ အစားထိုးပြီး ပင်မတံခါးဝကို နေခိုင်းလိုက်"
"........"
ညွှန်ကြားချက်များ ပေးပြီးနောက် ဖန်ကျန်းရီသည် ခြံဝန်းထဲရှိ နေပူစာလှုံရာ ကုတင်ပေါ်သို့ ပြန်သွားခဲ့ပြီး မျက်ခွံများ တဖြည်းဖြည်း လေးလံကာ အိပ်ပျော်သွားတော့၏။
မကြာမီမှာပဲ တစ်ယောက်ယောက်က သူ့ကို တွန်းနေသလို ခံစားလိုက်ရသည်။ မျက်လုံး ဖွင့်ကြည့်လိုက်ချိန်မှာတော့ ရှောင်ထောင် ဖြစ်နေကြောင်း မြင်လိုက်ရ၏။ သူမ၏ မျက်နှာတွင် ပင်ပန်း နွမ်းနယ်မှုများ အထင်းသား ပေါ်လွင်နေသည်။
"သခင်လေး... ကျွန်မကို ရှာနေတာလား"
"မင်း ဘယ်သွားနေတာလဲ" ဖန်ကျန်းရီက မျက်လုံးများကို ပွတ်သပ်ရင်း မတ်တတ်ရပ်လိုက်၏။
ရှောင်ထောင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "တခြား ဘယ်ရောက်ရမှာလဲ။ ရှင်ပဲ ကုန်သည်ကြီး လီလုံကို ရှာခိုင်းထားတာ မဟုတ်ဘူးလား။ ဒီနေ့ အိမ်သာပြင်ဖို့ အလုပ်သမားတချို့ သွားရှာခဲ့တယ်။ အဲဒါက သခင်လေးရဲ့ ညွှန်ကြားချက် မဟုတ်ဘူးလား"
ရှောင်ထောင်ကို နှစ်ရက်တိတိ အလကား ခိုင်းမိပြီဟု တွေးမိသော ဖန်ကျန်းရီက တဟားဟား ရယ်လိုက်၏။ "မင်း ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တယ်။ အဲဒါက... ကုန်သည် အဘိုးကြီးလီလုံကို ဆက်ရှာနေစရာ မလိုတော့ဘူး။ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြစို့။"
"ဒါဆို အိမ်သာပြင်မယ့် အလုပ်သမားတွေက ဘယ်မှာလဲ"
"သူတို့ မနက်ဖြန် လာကြလိမ့်မယ်"
ဖန်ကျန်းရီ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်၏။ အိမ်သာက သူ့အတွက် တကယ်ကို အရေးကြီးသည်။ ဖန်ကျန်းရီ မြို့တော်ကို ပထမဆုံး ရောက်လာတုန်းက ထိုအရာက သူ၏ အကြီးမားဆုံး ရန်သူဖြစ်ခဲ့သည်။
ပြည်သူအများစုမှာ အိမ်သာသုံးစွဲရေးနှင့် ပတ်သက်၍ အလေးထား ဂရုစိုက်လေ့ မရှိကြပေ။ သူတို့သည် နေရာကျပန်း အညစ်အကြေး စွန့်တတ်ကြကာ အချို့ဆိုလျှင် ကိစ္စပြီးသည်နှင့် ဘောင်းဘီဆွဲတင်ပြီး ထွက်သွားတတ်ကြသည်။ ထိုအရာက ဖန်ကျန်းရီအတွက် အလွန်ပင် မျက်စိနောက်စရာ ကောင်းလှသဖြင့် သူ၏ အကြွင်းမဲ့ အာဏာကိုသုံးကာ ခရိုင်အတွင်းရှိ လူအများအား ရှင်းလင်းရေးလုပ်ရန် တင်းကျပ်စွာ အမိန့်ထုတ်ခဲ့သောကြောင့်သာ အခြေအနေ အတန်ငယ် တိုးတက်ကောင်းမွန်လာခဲ့ခြင်း ဖြစ်၏။
ယခု မြို့တော်၌ကား ရေပိုက်သွယ်တန်းသည့် စနစ် မရှိသကဲ့သို့ ကောင်းမွန်သည့် အိမ်သာစနစ်လည်း မရှိချေ။ ဤအရာများကို အသစ်တစ်ဖန် ပြုပြင်မွမ်းမံရန်ဆိုလျှင် အတော်အသင့် အားထုတ်ကြိုးပမ်းရပေလိမ့်မည်။
အိမ်သာမရှိဘူးဆိုသော အတွေးက ဖန်ကျန်းရီကို အနည်းငယ် ဝမ်းနည်းစေခဲ့၏။ သူ ယခင်ဘဝက ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေထဲတွင် ခေတ်သစ်မှ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသော ဇာတ်လိုက်တွေ ထိုပြဿနာကို မည်သို့ ဖြေရှင်းကြသနည်းဟု သူ တွေးတောခဲ့ဖူးသည်။
"သခင်လေး... နန်းတော်မှာ တစ်ယောက်ယောက်က သခင်လေးကို ရိုက်လိုက်တာလား။ အဝတ်အစားတွေ ဘာလို့ ဒီလောက် ရှုပ်ပွပြီး ှင်တွေ စွန်းနေရတာလဲ။ မြန်မြန် ပေး... ကျွန်မ လျှော်ပေးမယ်"
ဖန်ကျန်းရီက အံ့သြသွားဟန်ဖြင့် ပြောလိုက်၏။ "ဟာ... ဒီသခင်လေးကို ဘယ်သူက ရိုက်ရဲမှာလဲ။ ဒီအဝတ်အစားတွေကို လျှော်လို့ မရဘူး။ ငါ ရုံးဝတ်စုံအသစ် တချို့ ယူလာတယ်။ အဟောင်းကို ပုံစံယူပြီး ချုပ်ခိုင်းလိုက်။ အကောင်းဆုံး ပစ္စည်းတွေကို သုံး။ ပြီးရင် အဲဒီအပေါ်မှာ စာလုံးတချို့ ရေးထားလိုက်"
"ဘာတွေ ရေးရမှာလဲ..." သခင်လေး ဘာဉာဏ်နီဉာဏ်နက်တွေ သုံးနေပြန်ပြီလဲဟု တွေးကာ ရှောင်ထောင်က ညည်းညူလိုက်သည်။
ဖန်ကျန်းရီက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဧကရာဇ် မှင်ဖိတ်ကျရာ နေရာ' လို့ ရေးလိုက်"
ရှောင်ထောင် အံ့အားသင့်သွား၏။ "ဒါက... ဒါက... ဒီမှင်စွန်းတာက ဧကရာဇ် လုပ်လိုက်တာလား။ သခင်လေး ဧကရာဇ်ကို ဒေါသထွက်အောင် လုပ်လိုက်တာလား"
ဖန်ကျန်းရီက လက်ကို ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့... မြန်မြန်လုပ်။ ဧကရာဇ်နဲ့ ငါက အရမ်း ရင်းနှီးတာ။ သူ့ကို ညစာတောင် ကျွေးဖူးတယ်။
ငါ အခု အိပ်တော့မယ်။ ညစာစားချိန်ရောက်ရင် နှိုးလိုက်။ ပြီးတော့ ပိုင်ရီက အခု ပင်မတံခါးဝမှာ အစောင့်ကျနေတာဆိုတယ်။ စားချိန်ရောက်ရင် သူ့ကို အထဲဝင်ခွင့်ပေးလိုက်။
"…..." ရှောင်ထောင်သည် ပင်မတံခါးဝဆီသို့ စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်လိုက်၏။
သနားစရာ ပိုင်ရီ... သူ သခင်လေးကို ဘယ်လို ပြစ်မှားမိပြန်ပြီလဲ။
...
ဘဏ္ဍာရေးအမတ် ကျန်းရှီ၏ အိမ်တော်အတွင်း။
ကျန်းရှီနှင့် သူ၏ သားဖြစ်သူတို့သည် စားပွဲတစ်လုံးတွင် ထိုင်ကာ ဝမ်းသာအားရ စကားပြောနေကြသည်။
"အဖေ... ဖန်ကျန်းရီက အဖေပြောသလို တကယ်ပဲ အဲဒီလောက် ရဲတင်းတာလား" ကျန်းချန်က အံ့သြစွာဖြင့် တူများကို ချထားလိုက်၏။
ကျန်းရှီက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ "ဒီကောင်လေးက... ဟားဟား၊ သူက တကယ်ကို မောက်မာတယ်လို့ ပြောလို့ရတယ်။ နန်းတော်ထဲ ဝင်ဝင်ချင်း လူတိုင်းကို ဒေါသထွက်စေခဲ့တယ်။ အထူးသဖြင့် ကျန်းတုန်ရှန်းကိုပေါ့။ ပြီးတော့ သူက ဧကရာဇ်ကိုတောင် လူသိရှင်ကြား ဆန့်ကျင်ရဲသေးတယ်။
ဒီလို ထူးဆန်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လူတစ်ယောက်က အချိန်အကြာကြီး တာဝန် ထမ်းဆောင်နိုင်မယ်ဆိုတာ စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဧကရာဇ်က သူ့ကို နည်းနည်း တန်ဖိုး ထားပုံရတယ်"
ကျန်းချန်က ရွဲ့စောင်းကာ ပြောလိုက်သည်။ "ဒီလို အသုံးမကျတဲ့လူက နန်းတော်မှာ ကြာကြာနေနိုင်မယ် မထင်ဘူး။”
ကျန်းရှီသည် ကျန်းချန်၏ အတွေးများကို နားလည်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ "မင်း ဘာတွေ ဒီလောက် လောနေတာလဲ။ ဖန်ကျန်းရီက ဧကရာဇ်ရဲ့ တန်ဖိုးထားမှုကိုရထားတာမို့ အရမ်း ကံကောင်းခဲ့တယ်။ အခု အသေးအဖွဲ ရာထူးလေးတစ်ခု ရတာနဲ့တင် မာနထောင်လွှားနေပြီ။
ပိုက်ဆံမရှိတဲ့ တောက်ယွမ်ခရိုင်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ချန်အာ... မင်းအဖေ ဒီမှာ ရှိနေသရွေ့ မင်းရဲ့ အနာဂတ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းက ချောချောမွေ့မွေ့ မဖြစ်မှာ ကြောက်နေစရာမလိုဘူး။
လောလောဆယ်တော့ မင်း ဘာမှ ထပ်လုပ်စရာ မလိုပါဘူး။ နေ့တိုင်း အရည်အချင်းရှိတဲ့ လူငယ်တွေနဲ့ အရက်သောက်ပြီး စကားပြောတာလည်း မဆိုးပါဘူး။ သာမန်လူတွေကို ပိုသိထားတာက နောင်ကျရင် ကိစ္စတွေကို အမြဲတမ်း ပိုလွယ်ကူစေပါလိမ့်မယ်။ နန်းတော်ထဲ ဝင်ရောက်လာတဲ့အခါ မင်း အရမ်း အလုပ်များရလိမ့်မယ်။ အဲဒီအခါကျရင် မင်းအဖေကို လာမညည်းနဲ့နော်"
ကျန်းချန် ပြုံးလိုက်ပြီး ကျန်းရှီ၏ ခွက်ထဲသို့ ဝိုင်ကို အလျင်အမြန် ဖြည့်ပေးလိုက်၏။ "အဖေ... ကျွန်တော် မလောပါဘူး။ နေ့တိုင်း အရက်သောက်ပြီး ကဗျာရေးရတာ အရမ်း ကောင်းပါတယ်။ ဒါပေမဲ့ ဖန်ကျန်းရီလို လူဆိုးတစ်ယောက်ကြောင့် ရုတ်တရက် နည်းနည်း စိတ်တိုသွားတာပါ။
"သူက တန်ဖိုးမရှိပါဘူး။ သတ္တမအဆင့် အရေးမပါတဲ့ အရာရှိလေး တစ်ယောက်ကို... မင်းက ဂရုစိုက်နေသေးတာလား။ အရာရှိ အသီးသီးရဲ့ သဘောထားတွေအရဆိုရင် သူ့ရဲ့ အိမ်ရှေ့မင်းသား အကြံပေး ရာထူးက မကြာခင် ရုပ်သိမ်းခံရတော့မှာပါ။ စကားချိုချိုလေး ပြောတတ်တဲ့သူ တစ်ယောက်အနေနဲ့ သူ့မှာ ဘယ်လောက်တောင် စစ်မှန်တဲ့ အရည်အချင်း ရှိနိုင်မှာလဲ။ ဟားဟား"
သားအဖနှစ်ယောက် စကားပြောကာ ရယ်မောနေစဉ် အိမ်တော်ထိန်းက ရုတ်တရက် ဝင်လာခဲ့၏။
"သခင်ကြီး... အပြင်မှာ ကျားလျန်ဆိုတဲ့ လူတစ်ယောက် သခင်လေးကို လာရှာနေပါတယ်။ အခု ခြံဝန်းထဲမှာ စောင့်နေပါတယ်။"
ကျားလျန်လား။ ကျန်းချန် တစ်ခဏမျှ အေးခဲသွားပြီးနောက် မှတ်မိသွားသည်။ ဤသူကား သူ၏အမည်ဖြင့် ဖွင့်လှစ်ထားသော ဖူလိုင်စားသောက်ဆိုင်၏ မန်နေဂျာပင် ဖြစ်သည်။ ပုံမှန်အချိန်များတွင် သူ့အား တွေ့ရခဲလှသည်ဖြစ်ရာ ယခုကဲ့သို့သော အချိန်ကြီးတွင် အဘယ်ကြောင့် လာရောက်တွေ့ဆုံရသနည်း။
"အဖေ... ကျွန်တော် သွားကြည့်လိုက်ပါ့မယ်"
ကျန်းချန် ခြံဝန်းထဲသို့ လျှောက်သွားလိုက်ပြီး ကျားလျန် လှမ်းလျှောက်လာသည်ကိုမြင်တော့ မေးလိုက်သည်။ "အဘိုးကြီးကျားလျန်... ဘာလို့ ကျုပ်ကို လာတွေ့တာလဲ"
ကျားလျန်သည် သူ၏သခင် ရောက်လာသည်ကို မြင်ချိန်မှာတော့ မျက်နှာတစ်ခုလုံ လင်းလက်သွားပြီး အလျင်အမြန် ဒူးထောက်ကာ ခေါင်းငုံ့၍ မျက်ရည်များဖြင့် တောင်းပန်လိုက်၏။ "ကျေးဇူးပြုပြီး သခင်လေး... ကျုပ်ကို တရားမျှတမှု ရှာဖွေပေးပါ"