အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း ၂၄၃ - တာရှနိုင်ငံကိုယ်စား ကျေးဇူးတင်ပါတယ်
“ဟားဟား။ မင်းပြောတာကို ငါက ယုံမယ်လို့ ထင်နေတာလား”
အမေရိကန်နိုင်ငံ၊ ဟတ်ဒန်ကျွန်း အရှေ့ဘက်ကမ်းခြေရှိ ကုလသမဂ္ဂ ဌာနချုပ်
အဆောက်အအုံအတွင်း၌ ဖြစ်သည်။ စူးချီ၏ စကားများက
အမေရိကန် သမ္မတကို တုန်လှုပ်သွားစေခြင်း မရှိပေ။ အမှန်စင်စစ် သူသည်
ထိုစကားများကို လုံးဝ မယုံကြည်ခြင်း ဖြစ်သည်။ သူ့အမြင်တွင် သူသည် အဘက်ဘက်မှ အသာစီး
ရနေသည် ဖြစ်ရာ စူးချီ၏ စကားတစ်ခွန်းကြောင့် နောက်ဆုတ်သွားရန် အကြောင်းမရှိပေ။
“ဟွန်း။ အချိန်ဆွဲဖို့ မကြိုးစားနဲ့။ ငါ့နိုင်ငံထဲက ဧကရာဇ်အဆင့် ပညာရှင်တွေကို
အခုချက်ချင်း ခေါ်လိုက်လို့ ရသေးတယ်”
ထိုအချိန်တွင် စူးချီမှာ မြေပြင်တွင် ထိုင်လျက် ဝိညာဉ်စွမ်းအင်များကို
အရှိန်အဟုန်ဖြင့် စုပ်ယူနေဆဲ ဖြစ်သည်။ သူသည် တစ်ဖက်လူကို
မော့ကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။ သူ၏ ထိုကဲ့သို့သော အမူအရာကြောင့် သမ္မတကြီးမှာ
သူ၏ ခန့်မှန်းချက် မှန်ကန်သည်ဟု ပိုမို ယုံကြည်သွားတော့သည်။
“ဟားဟား။ မင်း စကားတောင် မပြောနိုင်တော့ဘူး မဟုတ်လား။ ကြောက်နေပြီလား”
သမ္မတကြီး၏ စကားများကြောင့် ကြည့်ရှုနေသူ အချို့လည်း စိုးရိမ်လာကြသည်။
“သမ္မတကြီး ပြောတာကော ဟုတ်နိုင်မလား။ ဆရာစူးကကော တကယ်ပဲ အစီအစဉ် ရှိရဲ့လား”
“အမေရိကန် သမ္မတရဲ့ မျက်နှာက ယုံကြည်မှုတွေ အပြည့်ပဲ။ တကယ်ကြီး တိုက်ခိုက်လာရင်
ဘယ်လိုလုပ်မလဲ”
သမ္မတကြီးမှာ အရာရာကို သူ ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ကာ အလွန်ပင်
ကျေနပ်အားရနေစဉ်မှာပင် သူ၏ သီးသန့် ဂြိုဟ်တုဖုန်းမှာ
မြည်လာခဲ့သည်။ စိတ်မချရသော သမ္မတကြီး၏ တိုက်ရိုက်ဖုန်းကို ကိုင်ဆောင်ထားသော
အရာရှိတစ်ဦးမှာ သမ္မတကြီးထံသို့ အပြေးအလွှား ရောက်လာခဲ့သည်။
“သမ္မတကြီး၊ အခြေအနေ မကောင်းတော့ဘူး။ ခုနက စစ်ကူတောင်းထားတဲ့ ဧကရာဇ်အဆင့်
ပညာရှင်တွေအားလုံးနဲ့ အဆက်အသွယ် ပြတ်သွားပါပြီ”
“ဂျွန်ဆင်ရဲ့ ဆွေမျိုးတွေပြောတာတော့ သူ အပြင်မထွက်သွားဘူးဆိုပေမဲ့ အခုတော့
ပျောက်သွားပြီတဲ့။ ဧကရာဇ် ပညာရှင် ပစ်ပင်လည်း အတူတူပါပဲ၊ သူက
သူ့ရဲ့ စပျစ်ခြံထဲမှာ ရှိနေတာကို ရုတ်တရက် ပျောက်ကွယ်သွားတာပါ”
လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို ကြားလိုက်ရသည့်အခါ သမ္မတကြီး၏ စိတ်ထဲတွင်
မကောင်းသော အငွေ့အသက်များ ဝင်လာခဲ့သည်။ သူ ရှာဖွေထားသော
ဧကရာဇ်လောင်း ငါးဆယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ
ပြန်လည် သတိရလိုက်သည်။ နိုင်ငံအတွင်းရှိ ဧကရာဇ်များအားလုံးလည်း ထိုကဲ့သို့ပင်
ဖြစ်ကုန်ကြပြီလား။ မဖြစ်နိုင်သည်ဟု သူ တွေးနေစဉ်မှာပင် ဖုန်းထပ်မံ မြည်လာပြန်သည်။
“ဒီကတော့ ပစိဖိတ်ရေတပ်စုပါ။ သမ္မတကြီး၊ အခြေအနေ မကောင်းတော့ပါဘူး။ တာရှနယ်စပ်ကို
ချီတက်နေတဲ့ စစ်သင်္ဘောတွေပေါ်က ဧကရာဇ် ပညာရှင်တွေအားလုံး အစအန မကျန်
ပျောက်ကွယ်သွားကြပါပြီ။ မျက်မြင်တွေ့လိုက်တဲ့ စစ်သားတွေ ပြောတာတော့
သူတို့ရှေ့မှာ ဖန်ကွဲစတွေလိုမျိုး ပေါ်လာပြီး ပျောက်သွားတာလို့ ပြောပါတယ်”
သမ္မတကြီးမှာ သရဲမြင်လိုက်ရသည့်အလား တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကျောပြင်မှ
ချွေးစေးများလည်း ထွက်လာခဲ့သည်။ ထိုအခါမှသာ စူးချီ ပြောခဲ့သော
စကားလုံးအချို့ကို သူ ပြန်လည် သတိရလိုက်တော့သည်။
ဝိညာဉ်စွမ်းအင် နိုးထမှု၊ ဧကရာဇ်လောင်းများသည် ဧကရာဇ်အဆင့်သို့ ရောက်ရန်
ခြေတစ်လှမ်းသာ လိုတော့သည်ဟူသော စကားများပင် ဖြစ်သည်။
စူးချီသည် ကမ္ဘာပေါ်ရှိ ဧကရာဇ်လောင်း အားလုံးကို ဧကရာဇ်အဆင့်သို့ ရောက်အောင်
လုပ်ပေးလိုက်ခြင်း ဖြစ်ကာ ထိုသူများကို ကောင်းကင်ဘုံက ချောက်ကမ္ဘာကို
တိုက်ခိုက်ရန်အတွက် ချန်ခွန်းတံတိုင်းအတွင်းသို့ ဆွဲခေါ်သွားခြင်း ဖြစ်နိုင်ပါသလား။
သမ္မတကြီးမှာ တွေးတောနိုင်စွမ်းများ ပျောက်ဆုံးနေသကဲ့သို့ ဖြစ်သွားသည်။ သူ
သိသမျှသော ဧကရာဇ်များထံသို့ ဆက်သွယ်ကြည့်သော်လည်း မည်သူမျှ
ပြန်မဖြေကြပေ။
“အကယ်၍ ဧကရာဇ်တွေအားလုံး ချန်ခွန်းထဲ ရောက်သွားပြီဆိုရင် ငါတို့ဆီမှာ စွမ်းအင်
အစုပ်ခံထားရတဲ့ သာမန်လူတွေပဲ ကျန်တော့မှာပေါ့။ ဒါဆိုရင် အမေရိကန်ရဲ့
အာဏာစက်က ငါ့လက်ထဲမှာတင် ပြီးဆုံးသွားတော့မှာလား”
နောင်တ၊ စိုးရိမ်စိတ်နှင့် ရှုပ်ထွေးမှုများစွာ သူ၏ ရင်ထဲတွင် တရဟော
တိုးဝှေ့လာခဲ့သည်။ သမ္မတကြီး
စိတ်ပျက်အားငယ်နေစဉ်မှာပင်
အမေရိကန်၏ ကောင်းကင်နှင့် မြေကြီးမှာ အရောင်များ
ပြောင်းလဲသွားခဲ့သည်။ လေထုထဲတွင်
မှန်ကွဲရာများကဲ့သို့ အက်ကြောင်းများ
ပေါ်လာပြန်သည်။ ထိုအက်ကြောင်းများ နောက်ကွယ်မှ
ဟင်းလင်းပြင်ကြီးတစ်ခု ပေါ်လာပြီး ခန့်ညားထည်ဝါသော
အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ငါကတော့ အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ချ်ဝါရှင်တန်ပဲ။ ငါ့ရဲ့ မျိုးဆက်
ဧကရာဇ်တွေကို အကူအညီတောင်းခံပါတယ်။ ချန်ခွန်းတံတိုင်းက
ပြိုလဲတော့မယ်။ အကယ်၍ ချန်ခွန်း ပြိုလဲသွားရင် ချောက်ကမ္ဘာရဲ့
စွမ်းအားတွေက ကမ္ဘာမြေပေါ်ကို ရောက်လာတော့မယ်။ ပထမဆုံး ရိုက်ခတ်မယ့်နေရာကတော့
အမေရိကန်ရဲ့ ဟတ်ဒန်ကျွန်းပဲ။ အခုလေးတင် ဧကရာဇ် အသစ်အချို့ ရောက်လာပေမဲ့
ချောက်ကမ္ဘာကို ခုခံဖို့ လုံလောက်တဲ့ အရေအတွက် မဟုတ်သေးဘူး။ ဧကရာဇ်
မျိုးဆက်တွေအနေနဲ့ မိမိတို့ရဲ့ ကျင့်စဉ်တွေကို မထိန်းထားကြဘဲ
ငါတို့ဆီကို အမြန်ဆုံး လာကူကြပါ”
ထိုအသံမှာ ပြင်းထန်သော ဖိအားများနှင့်အတူ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
စကားလုံးများ မရှင်းလင်းမည်ကို စိုးရိမ်သည့်အလား ထိုအသံကြီးက ထပ်မံ
ထွက်ပေါ်လာပြန်သည်။
“ချောက်ကမ္ဘာသာ ကျရောက်လာခဲ့ရင် အမေရိကန်နိုင်ငံဟာ ပထမဆုံး ဘေးဒုက္ခကြုံရမယ့်
နေရာပဲ”
ထိုအသံကို လူအများက မမှတ်မိကြသော်လည်း ဂျော့ချ်ဝါရှင်တန်ဟူသော အမည်ကိုမူ လူတိုင်း
သိကြသည်။ သူသည် အမေရိကန်၏ ပထမဆုံးသော ဧကရာဇ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သူ
ဖြစ်ပြီး နိုင်ငံအတွက် ကြီးမားသော အနစ်နာခံမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။
တစ်ဒေါ်လာတန် ငွေစက္ကူပေါ်တွင်လည်း သူ၏ ပုံကို
ရိုက်နှိပ်ထားသည်။ ယခုအခါ သူကိုယ်တိုင်က
ချန်ခွန်းတံတိုင်းကို ဖောက်ထွက်ပြီး အကူအညီ တောင်းခံလာခြင်းမှာ
ချောက်ကမ္ဘာ၏ အန္တရာယ်မှာ အလွန်နီးကပ်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။
ရှင်ချီဟန် အက်ပလီကေးရှင်းမှ ကျောင်းသားများမှာလည်း မှင်တက်နေကြသည်။ သင်တန်းတစ်ခု
တက်ရင်းနှင့် ကမ္ဘာ့အဆင့် ဝိုင်းရံမှုနှင့် ကမ္ဘာပျက်ကပ် အန္တရာယ်ကိုပါ
မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
“စိတ်ထဲမှာ မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်”
“ခုနက ဧကရာဇ် ငါးဆယ်လောက် ချန်ခွန်းထဲ ဝင်သွားတာတောင် မလုံလောက်သေးဘူးလား”
“ချန်ခွန်း စစ်မြေပြင်က အခြေအနေက ဘယ်လောက်တောင် ဆိုးနေလို့လဲ”
အင်တာနက်ပေါ်ရှိ လူတိုင်းမှာ စိုးရိမ်ထိတ်လန့်နေကြတော့သည်။ သို့သော်လည်း
သမ္မတကြီးမှာမူ ဂျော့ချ်ဝါရှင်တန်၏ စကားကို ကြားပြီးနောက်
စိတ်အေးသွားခဲ့သည်။ ဧကရာဇ် ငါးဆယ်ဖြင့် မလုံလောက်ပါက သူ၏ ကြိုးပမ်းမှုကြောင့်
ထွက်ပေါ်လာသော ဧကရာဇ် အမြောက်အမြားမှာ နိုင်ငံအတွက် ကြီးမားသော အထောက်အကူ
ဖြစ်စေမည်ဟု သူ တွေးလိုက်သည်။ အမေရိကန်တွင် တာရှထက်
သုံးဆပိုများသော ဧကရာဇ်များ ရှိနေသည် မဟုတ်ပါလား။
ထိုသို့တွေးတောပြီးနောက် သမ္မတကြီးသည် ခွန်အားများ ပြန်လည် ရရှိလာသကဲ့သို့
စူးချီကို ပြောလိုက်သည်။
“တွေ့လား ဆရာစူး။ ငါတို့ရဲ့ ဧကရာဇ်တွေအားလုံးကို မင်းက ချန်ခွန်းထဲ
ပို့လိုက်တယ်ဆိုပေမဲ့ ငါကလည်း ချောက်ကမ္ဘာကို
ခုခံဖို့အတွက် အင်အားတွေ စုဆောင်းပေးခဲ့တာပဲ။ အမေရိကန် ဧကရာဇ်တွေက
အကူအညီတောင်းနေတယ်ဆိုတော့ စစ်ပွဲက တကယ်ပဲ ပြင်းထန်နေပုံရတယ်။
မင်းတို့ တာရှမှာကော ဧကရာဇ် ဘယ်နှယောက် ရှိလို့လဲ။ မင်းတို့ဘက်က
အခြေအနေက ပိုဆိုးမှာပေါ့။ ဆရာစူး၊ ငါတို့ အမေရိကန်ဘက်ကို ဘက်ပြောင်းဖို့
စဉ်းစားကြည့်ပါဦး”
ဤအခြေအနေသို့ ရောက်နေသည်အထိ သမ္မတကြီးမှာ စူးချီကို သိမ်းသွင်းရန် ကြိုးစားနေဆဲ
ဖြစ်သည်။ စူးချီကမူ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“ဒါပေမဲ့ ချန်ခွန်းတံတိုင်း တစ်ခုက မြေပြင်ဒေသတစ်ခုကိုပဲ ကာကွယ်ပေးတာလို့
ငါကြားဖူးတယ်။ မင်းက ဧကရာဇ်တွေ အများကြီးကို
မွေးထုတ်ပေးခဲ့တယ်ဆိုပေမဲ့
အဲဒီလူတွေအားလုံးကို တာရှနယ်မြေထဲကို
ပို့ပြီး တိုက်ခိုက်ခိုင်းခဲ့တာလေ”
“ဆိုလိုတာက အဲဒီ ဧကရာဇ်တွေအားလုံးဟာ တာရှနယ်မြေကနေတစ်ဆင့် ချန်ခွန်းထဲကို
ဝင်သွားကြတာ ဖြစ်တဲ့အတွက် တာရှဘက်က ခုခံအားကိုပဲ
မြှင့်တင်ပေးလိုက်သလို ဖြစ်သွားတာပေါ့။ အမေရိကန်
နယ်မြေကနေ ဝင်သွားတဲ့ ဧကရာဇ် အရေအတွက်က တာရှထက် အများကြီး
နည်းသွားလိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ သမ္မတကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့
မှင်တက်သွားတော့သည်။ သူသည် တာရှထက် ၂ ဒသမ ၅ ဆ ပိုများသော
ဧကရာဇ်များကို တာရှပြည်မကြီးသို့ ပို့ဆောင်ခဲ့မိသည်။
ထိုသူများအားလုံးမှာ တာရှနိုင်ငံဘက်မှနေ၍
ချောက်ကမ္ဘာကို ခုခံမည့် စစ်သည်တော်များ ဖြစ်သွားကြပြီ ဖြစ်သည်။ သူ၏
အမေရိကန် နယ်မြေတွင်မူ မူလအင်အား၏ ထက်ဝက်မျှသာ ကျန်တော့သည်။
အမေရိကန်နိုင်ငံမှာ ပျက်စီးတော့မည် ဖြစ်သည်။ သမ္မတကြီး ပူဆွေးသောက ရောက်နေစဉ်မှာပင်
ခန်းမအတွင်း၌ သက်ပြင်းချသံ ခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“တာရှနိုင်ငံကိုယ်စား မင်းကို ကျေးဇူးတင်ရမှာပဲ”
အခန်း ၂၄၄ - အနက်ရှိုင်းဆုံး ချောက်ကမ္ဘာ
ရှင်ချီဟန် အွန်လိုင်းအက်ပ်၏ တိုက်ရိုက်ထုတ်လွှင့်မှုခန်းအတွင်း၌ ဖြစ်သည်။
အမိနိုင်ငံကို စွန့်ခွာသွားကြသော မိသားစုဝင်အားလုံးသည်လည်း
ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်တစိုက် စောင့်ကြည့်နေကြသည်။
ယခုအချိန်တွင် သူတို့အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့
မှင်တက်နေကြတော့သည်။
စူးချီကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသူများအနက် ခန်းမအတွင်းရှိ လူအယောက်နှစ်ဆယ်မှာ
သမ္မတကြီး၏ တိုက်ရိုက်မျိုးဆက်များဖြစ်ပြီး အပြင်ဘက်ရှိ အယောက်သုံးဆယ်မှာမူ
ပြည်ပရောက် မိသားစုကြီးများ၏ အဓိကအင်အားစုများ ဖြစ်ကြသည်။ ယခုမူ
ထိုသူအားလုံးမှာ ချန်ခွန်းတံတိုင်းအတွင်းသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
မူလက ထိုဧကရာဇ်လောင်းများက စူးချီကို နှိမ်နင်းပြီးပါက မိသားစုများအတွက်
ပိုမိုလွတ်လပ်သော အခွင့်အရေးများ ရရှိမည်ဟု သူတို့
မျှော်လင့်ထားခဲ့ကြသော်လည်း ယခုမူ ထိုမျှော်လင့်ချက်များမှာ
ပျက်သုဉ်းသွားရပြီ ဖြစ်သည်။
“ဒါ မဖြစ်နိုင်ဘူး။ သူက လူတွေကို ခြောက်လှန့်နေတာပဲ ဖြစ်ရမယ်။ ဘာမှမဖြစ်ဘူး၊
အနက်ရှိုင်းဆုံး ချောက်ကမ္ဘာရဲ့ အန္တရာယ်က ဒီလောက်အထိ မြန်မြန်ဆန်ဆန်
ရောက်မလာနိုင်ပါဘူး။ ငါတို့ တခြားနိုင်ငံတွေကို ဆက်ပြီး ပြောင်းရွှေ့လို့
ရပါသေးတယ်” ဟု သူတို့က တွေးနေကြဆဲ ဖြစ်သည်။
အမှန်စင်စစ် ထိုသို့တွေးတောခြင်းမှာ မဆန်းပေ။ လူတိုင်းမှာ တာရှနိုင်ငံဆီသို့
ကမ္ဘာပျက်ကပ်ကြီး ကျရောက်တော့မည်ကို သိရှိထားကြသည်။ သို့သော်
ချောက်ကမ္ဘာ၏ ကျူးကျော်မှုမှာ နှစ်ပေါင်းတစ်ရာခန့် ကြာမြင့်ခဲ့ပြီ
ဖြစ်သဖြင့် လူသားတို့သည် ချောက်ကမ္ဘာနှင့် ယှဉ်တွဲနေထိုင်ရသည်ကို ယဉ်ပါးနေကြပြီ
ဖြစ်သည်။ ထိုအချိန်တွင် ဘေးအန္တရာယ် သတိပေးချက်များ ထွက်ပေါ်လာသည့်တိုင်အောင်
ထိုအန္တရာယ်မှာ ယခုနှစ် သို့မဟုတ် လာမည့်နှစ်အနည်းငယ်အတွင်း ဖြစ်လာမည်မဟုတ်ဟုသာ
သူတို့က တစ်ထစ်ချ ယူဆထားကြသည်။ ထို့ကြောင့်ပင် လွတ်လပ်ပြီး ဘေးကင်းမည်ဟု ယူဆရသော
နေရာများသို့ ပြောင်းရွှေ့ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
ထိုသူတို့သည် ကိုယ်ကျိုးရှာသူများ ဖြစ်ကြသဖြင့် မိမိတို့အတွက် ဘေးကင်းမည်ဟု
ယူဆရသည့် နေရာများသို့သာ အမြဲတမ်း ဦးတည်တတ်ကြသည်။ သို့သော်
ဂျော့ချ်ဝါရှင်တန်၏ စကားအပြီးတွင် အမေရိကန်နိုင်ငံသည်
လွတ်လပ်သော်လည်း ဘေးမကင်းတော့ကြောင်း သိရှိသွားကြကာ
တိတ်တဆိတ် ဆုတ်ခွာရန် ပြင်ဆင်လာကြတော့သည်။
စူးချီမှာမူ ထိုအခြေအနေများကို လုံးဝ ဂရုမစိုက်ဘဲ ရူးသွပ်သူကဲ့သို့ ပြုမူနေသော
သမ္မတကြီးကိုလည်း လှည့်မကြည့်တော့ပေ။ သူသည် ကြမ်းပြင်ပေါ်တွင်
တင်ပလ္လင်ခွေထိုင်ကာ လက်ကွက်များ ဖော်ဆောင်လျက်
ကိုးကြိမ်မြောက် အသွင်ပြောင်း နက်နဲသော မူလပညာရပ်ကို
အစွမ်းကုန် လည်ပတ်နေတော့သည်။ ဂျော့ချ်ဝါရှင်တန်၏ သတိပေးချက်ကြောင့်
လက်ရှိအခြေအနေမှာ အလွန်ပင် စိုးရိမ်ရကြောင်း စူးချီ
ခံစားမိလိုက်သည်။
နိုင်ငံရေးနှင့် ရပ်တည်ချက်များကို ဖယ်ထားလျှင် အမေရိကန်၏ ပထမဆုံး သမ္မတမှာ
ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ ထိပ်တန်း
ဧကရာဇ်တစ်ဦးက အခြားသူများထံ အကူအညီ တောင်းခံလာသည်ဆိုပါက ၎င်းမှာ
သူ၏ အစွမ်းဖြင့် ရန်သူကို မတိုက်ခိုက်နိုင်တော့သည့် အခြေအနေသို့
ရောက်ရှိနေသောကြောင့် ဖြစ်ရမည်။ ချောက်ကမ္ဘာအတွင်းရှိ
အခြေအနေမှာ မည်သူမျှ ခန့်မှန်း၍ မရနိုင်လောက်အောင်
အန္တရာယ်ကြီးမားနေပေလိမ့်မည်။
ထို့ကြောင့် စူးချီသည် သူ၏ ကျင့်စဉ်ကို အရှိန်မြှင့်တင်ရန်သာ အာရုံစိုက်လိုက်သည်။
ကိုးကြိမ်မြောက် အသွင်ပြောင်း ကျင့်စဉ်၏ ဆဋ္ဌမအဆင့်ကို ကျော်လွန်နိုင်ပါက
ပန်ကူး၏ သွေးမျိုးဆက်ကို နိုးထစေနိုင်မည်ဖြစ်ရာ
မည်သည့်စိန်ခေါ်မှုကိုမဆို သူ
ရင်ဆိုင်နိုင်မည် ဖြစ်သည်။ သူ ကျင့်စဉ်ကို လည်ပတ်လိုက်သည့်အခါ
ပတ်ဝန်းကျင်ရှိ လေထုမှာ ဒီရေကဲ့သို့ တိုးဝှေ့လာခဲ့သည်။
ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသဖြင့်
ခန်းမအတွင်းရှိ အပူချိန်မှာလည်း ရုတ်တရက်
ထိုးကျသွားခဲ့သည်။
“ဆရာစူးက ကိုးကြိမ်မြောက် အသွင်ပြောင်း နက်နဲသော မူလပညာရပ်ရဲ့ ကျင့်ကြံပုံကို
လက်တွေ့ ပြသနေတာလား”
“ဒီ ဝိညာဉ်စွမ်းအင် စုပ်ယူပုံက တကယ်ကို ကြောက်စရာကောင်းလိုက်တာ”
“ဝိညာဉ်စွမ်းအင် နိုးထမှုနဲ့ ဒီကျင့်စဉ်ကို ဘာကြောင့် တွဲဖက်ထားရလဲဆိုတာ အခုမှပဲ
နားလည်တော့တယ်” ဟု ကြည့်ရှုသူများက ပြောဆိုနေကြသည်။
ဝိညာဉ်စွမ်းအင် ဒီရေများမှာ သူ၏ ခန္ဓာကိုယ်ကို အထပ်ထပ် အခါခါ လွှမ်းခြုံနေခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသားများမှာလည်း ပြင်းထန်သော စွမ်းအင်များကြောင့်
နိုးထလာခဲ့ပြီ ဖြစ်သည်။ စူးချီသည် သူ၏ သွေးကြောများအတွင်း၌ လုံးဝဥဿုံသော
ခွန်အားများ စီးဆင်းနေသည်ကို ခံစားလိုက်ရပြီး သူ၏ ပတ်ပတ်လည်တွင်
အလင်းအိမ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းအိမ်မှာ ပွင့်အံတော့မည့်
ကြာဖူးတစ်ငုံနှင့် တူလှသည်။ ၎င်းမှာ ရှေးဦးကာလတွင် ပန်ကူးကို
မွေးဖွားပေးခဲ့သော မူလကြာပန်းကြီးနှင့် အလွန်ပင် ဆင်တူလှပေသည်။
ထိုကြာပန်းပုံရိပ်ကြီး ပေါ်ထွက်လာပြီးနောက် စူးချီကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။
စူးချီသည် ထိုကြာပန်းအလင်းအိမ်အတွင်း၌ သူ၏ သွေးသားများကို
ပြုပြင်ပြောင်းလဲနေတော့သည်။ သူ၏
အရိုးများမှာ မိုးခြိမ်းသံကဲ့သို့ အသံများ မြည်ဟည်းလာပြီး
အရေပြားအောက်တွင်လည်း ထူးဆန်းသော အမှတ်အသားများ
ပေါ်ထွက်လာသည်။ သူ၏ စိတ်အာရုံထဲတွင် တောင်တန်းကဲ့သို့ ကြီးမားသော ဦးခေါင်း၊
ကောင်းကင်ယံကဲ့သို့ ကျယ်ပြောသော ခန္ဓာကိုယ်နှင့် ကောင်းကင်မြေကြီးကို
ခွဲခြမ်းနိုင်သည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ဘီလူးကြီးတစ်ဦး၏ ပုံရိပ်မှာ
ထင်ဟပ်လာခဲ့သည်။
“စနစ်ကနေ လဲလှယ်ထားတဲ့ ပန်ကူးရဲ့ သွေးမျိုးဆက်က တကယ်ကို သန့်စင်တာပဲ။ မူလကြာပန်းရဲ့
ပုံရိပ်ကိုတောင် ဖော်ဆောင်နိုင်တယ်ဆိုတော့ ဒီပုံရိပ်ကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာ
မဟုတ်ဘူး။ ချောက်ကမ္ဘာထဲကို ဝင်ရင်တောင် ဒီအကာအကွယ်က အတော်ကြာအောင်
ခံလိမ့်မယ်” ဟု စူးချီက တွေးတောလိုက်သည်။
အလင်းလုံးအတွင်း နစ်မြုပ်နေသော စူးချီကို မြင်သည့်အခါ သမ္မတကြီးမှာ
တုန်လှုပ်သွားသော်လည်း သူသည် လက်မလျှော့သေးပေ။
“ငါ့ရဲ့ ဧကရာဇ်လောင်းတွေ အားလုံး မရှိတော့ပေမဲ့ ငါ မရှုံးသေးဘူး။ စူးချီကိုသာ
ဖမ်းနိုင်ရင် အရာရာကို ပြန်ပြင်လို့ ရသေးတယ်”
သူသည် အဆင့်ကိုး သိုင်းပညာရှင်များကို စုစည်းကာ စူးချီကို အတင်းအကျပ်
ဖမ်းဆီးခိုင်းသော်လည်း စူးချီ၏ ပတ်ပတ်လည်ရှိ
ရွှေရောင်အလင်းအိမ်ကိုမူ မည်သို့မျှ မဖောက်ထွက်နိုင်ကြပေ။
ထိုအချိန်တွင် အမေရိကန်တစ်နိုင်ငံလုံး၌ ပြင်းထန်သော တုန်ခါမှုများ
ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ယံတွင် ဥက္ကာခဲကြီးတစ်ခု
ဖြတ်သန်းသွားခဲ့ပြီး ထိုဥက္ကာခဲ ဖြတ်သန်းသွားသော
လမ်းကြောင်းတစ်လျှောက်တွင် ထူးဆန်းသော အက်ကြောင်းကြီးများ ကျန်ရစ်ခဲ့သည်။
ထိုအက်ကြောင်းများနောက်ကွယ်တွင် ခရမ်းပုပ်ရောင်ရှိသော
အခြားကမ္ဘာတစ်ခုကို မြင်တွေ့နေရသည်။
“ဒါ ဘာဖြစ်တာလဲ”
သမ္မတကြီးမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ ချောက်ကမ္ဘာမှာ မြေပြင်တွင်သာ
ရှိသင့်သော်လည်း ယခုမူ ကောင်းကင်တွင် ဘာကြောင့် ပေါ်လာရသနည်းဟု သူ
ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဂျော့ချ်ဝါရှင်တန်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ငါကတော့ ဂျော့ချ်ဝါရှင်တန်ပဲ။ စိတ်မကောင်းစွာနဲ့ပဲ အမေရိကန်ရဲ့ ချန်ခွန်းတံတိုင်း
ပြိုလဲသွားပြီလို့ အသိပေးရမှာပဲ။ ချောက်ကမ္ဘာရဲ့ စွမ်းအားတွေက အမေရိကန်ကို
အလုံးအရင်းနဲ့ တိုးဝင်လာနေပြီ။ ငါတို့ အင်အားစုတွေကို
ထိန်းသိမ်းနိုင်ဖို့အတွက် ဆုတ်ခွာပြီး
တိုက်ခိုက်ကြရမယ်။ မင်းတို့ အနီးအနားမှာ
ချောက်ကမ္ဘာရဲ့ အက်ကြောင်းတွေ ပေါ်လာရင် အမြန်ဆုံး
ထွက်ပြေးကြပါ”
ထိုစကားကြောင့် တစ်ကမ္ဘာလုံးမှာ မှင်တက်သွားတော့သည်။ အမေရိကန်နိုင်ငံ
ပြိုလဲသွားပြီလော။ သူတို့ ပြင်ဆင်ထားသော
ဧကရာဇ်လောင်းများမှာလည်း ထွက်ပြေးကုန်ကြပြီလော။
အမေရိကန်နိုင်ငံ၏ အနာဂတ်မှာ မည်သို့ ဖြစ်လာမည်နည်း။