← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

Chapter 721: သူက ဘာတွေလုပ်ခဲ့လို့လဲ

အောင်းထျန်း အနေရခက်စွာ ပြုံးလိုက်သည်။

သူ မိမိကိုယ်ကိုယ် ထိန်းချုပ်မှု လွတ်သွားသည်ကို ချက်ချင်း သတိပြုမိလိုက်၏။

အမှန်ပင်။

ငရဲနတ်ဆိုးနဂါးကို သတ်ဖြတ်ခြင်းမှာ ရှန်မို၏ ကိစ္စသာ ဖြစ်သည်။ ရှန်မို၏ ဝှက်ဖဲများကို သူက မည်သို့ စပ်စု၍ ရပါမည်နည်း။

အောင်းထျန်း အသက်ကို အကြိမ်ကြိမ် ခပ်ပြင်းပြင်း ရှူလိုက်ပြီးမှ

“ကျွန်တော့်ဘက်က တောင်းပန်ပါတယ်… ကျွန်တော်တို့ ငရဲနတ်ဆိုးနဂါးကို အကြာကြီး ရှာခဲ့ပေမဲ့ ဘာခြေရာမှ မတွေ့ခဲ့ရလို့ပါ”

“သူ သေသွားပြီဆိုတဲ့ သတင်းကို ရုတ်တရက်ကြီး ကြားလိုက်ရတော့ ကျွန်တော် တကယ်ပဲ အံ့သြတုန်လှုပ်သွားမိတယ်”

ရှန်မို ပြုံးလျက်

“ကျွန်တော် နားလည်ပါတယ်”

အောင်းထျန်းမှာ လေးနက်စွာဖြင့်

“ဒါဆို အထွတ်အထိပ် ပညာရှင် ရှန်... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ”

“ခင်ဗျားဟာ ကျွန်တော်တို့ နဂါးနန်းတော် လေးခုရဲ့ မိတ်ဆွေရော၊ ကျေးဇူးရှင်ကြီးရော ဖြစ်ပါတယ်”

“ခင်ဗျား ဘာပဲလုပ်လုပ် ကျွန်တော်တို့ နဂါးနန်းတော် လေးခုက အပြည့်အဝ ထောက်ခံပေးသွားမှာပါ”

ရှန်မို လက်ကာပြလိုက်ပြီး

“မလောပါနဲ့ဦး… တခြား အင်အားစုတွေဆီက စစ်ကူတွေ ရောက်လာတာကို အရင် စောင့်ကြတာပေါ့”

ထိုသို့ဆိုမှ အောင်းထျန်းလည်း ခေါင်းညိတ်လိုက်တော့သည်။ သူက

“အောင်းရွှမ်... အထွတ်အထိပ် ပညာရှင် ရှန်နဲ့ စီနီယာ သားရဲကြီး လေးယောက်ကို သူတို့ နားနေမယ့် နေရာဆီ ခေါ်သွားပေးလိုက်ပါ”

ဦးခေါင်းပေါ်တွင် နုနယ်သော နဂါးဂျိုလေးများ ရှိသည့် နဂါးမျိုးနွယ်ဝင် အမျိုးသမီးလေးတစ်ဦး ယဉ်ကျေးစွာ ချဉ်းကပ်လာပြီး ရှန်မိုတို့အဖွဲ့ကို ခေါ်ဆောင်သွားခဲ့သည်။

နဂါးနန်းတော် လေးခုမှာ ရှည်လျားသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်း အင်အားစုကြီး ပီပီ အမှန်တကယ်ပင် ခမ်းနားလှပေသည်။ သူတို့အတွက် စီစဉ်ပေးထားသော နေရာမှာ ပင်လယ်ရေအောက် ပုံဆောင်ခဲများစွာဖြင့် တည်ဆောက်ထားသည့် နန်းတော်တစ်ခု ဖြစ်၍။ နန်းတော်အတွင်း၌လည်း သန္တာကျောက်တန်းများနှင့် ခရုခွံများစွာဖြင့် အလှဆင်ထားသည်။

နေထိုင်ရာ အခန်းတိုင်းတွင် အထူးပြုလုပ်ထားသော အသံလွှင့်ခရုခွံ တစ်ခုစီ ပါရှိသည်။ စကားတစ်လုံး ပြောလိုက်ရုံဖြင့် ပင်လယ်မျိုးနွယ်စုဝင်များက ချက်ချင်း ရောက်ရှိလာပြီး အလုပ်အကျွေး ပြုကြပေလိမ့်မည်။

ဟန်အင် ကောင်းကင် ညောင်ပင်ကြီးနှင့် အခြားသူများမှာမူ ခန္ဓာကိုယ် အလွန်ကြီးမားကြသဖြင့် အထဲသို့ ဝင်ဆံ့နိုင်ရန် သူတို့၏ ကိုယ်ထည်ကို ကျုံ့ထားခြင်း သို့မဟုတ် လူသားအသွင် ပြောင်းထားကြရသည်။

ရှန်မို ဤနေရာတွင် ခဏနားနေသည်မှာ လူတစ်ယောက်ကို စောင့်ရန် ဖြစ်သည်။

ထိုသူမှာ ရှီထျန်းဟောက် ပင် ဖြစ်၏။

စောစောက သူ အောင်းထျန်းနှင့် အခြား နဂါးမျိုးနွယ်ဝင်များ၏ ဘဝမှတ်တမ်းများကို စစ်ဆေးကြည့်ခဲ့ပြီး သူတို့၏ လတ်တလော အလှည့်အပြောင်းမှာ ရှီထျန်းဟောက်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်ကို သူ ချက်ချင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် ပျောက်ဆုံးနေသော နဂါးစစ်မှန် သူတော်စင်နယ်မြေကို ရှာဖွေရန်အတွက်လည်း ရှီထျန်းဟောက် လိုအပ်ပေသည်။

“ရှီထျန်းဟောက်ဆီကနေ သိုးမွှေးတွေ ဆက်ညှပ်ရဦးမယ် ထင်တယ်”

ရှန်မို ရယ်မောလိုက်လေသည်။

...

လဝက်အတွင်းမှာပင်။

အဓိက အင်အားစုကြီးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာကြသည်။ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ကို ဖျက်ဆီးနေသော နတ်ဆိုးကပ်ဘေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်လာခဲ့၏။ အကယ်၍ သူတို့သာ ကြားဝင် မကူညီလျှင် ဤဘေးအန္တရာယ်မှာ ပိုမိုကြီးထွားလာပြီး နောက်ဆုံးတွင် ပြည်နယ်အားလုံးကို ထိတ်လန့်သွားစေမည့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အစပိုင်းတွင် နဂါးမျိုးနွယ်စုသည် သူတို့၏ မာနကို ဘေးဖယ်ရန် အနည်းငယ် တွန့်ဆုတ်နေပြီး နတ်ဆိုးကပ်ဘေးကို တစ်ဦးတည်း ခုခံချင်နေခဲ့ကြသည်။ သို့သော် အချိန်အနည်းငယ် ကြာလာသည့်အခါ ထိုဘေးအန္တရာယ်က သူတို့ကို ကောင်းကောင်း သင်ခန်းစာ ပေးလိုက်ပြီ ဖြစ်သည်။ နတ်ဆိုးကပ်ဘေးကို သူတို့ဘာသာ လုံးဝ အမြစ်ပြတ်အောင် လုပ်နိုင်မည်ဟု တွေးတောခြင်းမှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်၏။ ၎င်းကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် ပြင်ပ အင်အားကို အားကိုးရမည်သာ။

ထို့ကြောင့် ယခုအခါ သူတို့ မာနကို ဘေးဖယ်ပြီး အဓိက အင်အားစုကြီးများ၏ အကူအညီကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

အရှေ့ပိုင်းပြည်နယ်၊ အလယ်ပိုင်းပြည်နယ်နှင့် ကောင်းကင်တောင်ဘက် ကျွန်းစုများမှ အထွတ်အထိပ် ပညာရှင်များ အတူတကွ ရောက်ရှိလာကြသည်။

အထွတ်အထိပ် ပညာရှင် အများအပြားသည် သူတို့၏ အင်အားစုများမှ ပါရမီရှင်များကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြ၏။ ထိုပါရမီရှင်များမှာ နိဗ္ဗာန်အဆင့်မှာသာ ရှိကြသဖြင့် အထွတ်အထိပ် ပညာရှင်များ၏ တိုက်ပွဲတွင် ပါဝင်နိုင်စွမ်း မရှိကြပေ။ သူတို့ကို ဤနေရာသို့ ခေါ်လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူတို့၏ အမြင်ကို ကျယ်ပြန့်စေရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ အနောက်ပိုင်း နစ်မြုပ်ပင်လယ်မှာ များသောအားဖြင့် နဂါးမျိုးနွယ်တို့၏ နယ်မြေပင်။ မာနကြီးလှသော နဂါးမျိုးနွယ်စုသည် လူသားများကို အလွယ်တကူ ဝင်ခွင့်ပေးလေ့ မရှိသောကြောင့် ဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် နဂါးနန်းတော် လေးခုမှာ တဖြည်းဖြည်း စည်ကားလာခဲ့၏။

တစ်နေ့တွင် နဂါးနန်းတော် အရှင်သခင် အောင်းထျန်းသည် နတ်ဆိုးကပ်ဘေး ချေမှုန်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးရန် အဓိက အင်အားစုကြီးများမှ အထွတ်အထိပ် ပညာရှင်များကို ထပ်မံ ဖိတ်ကြားခဲ့၏။

ရှန်မိုလည်း သဘာဝကျကျပင် တက်ရောက်ခဲ့သည်။ အောင်းထျန်းသည် သူ့ကို အဝေးမှ မြင်လိုက်သည်နှင့် အထွတ်အထိပ် ပညာရှင်များအားလုံး ရှေ့တွင်ပင် အားတက်သရော လှမ်းလာခဲ့သည်။

သူ ရှန်မိုကို ကိုယ်တိုင် ကိုယ်ကျ ကြိုဆိုပြီး ဂုဏ်ထူးဆောင် နေရာသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

ဤမြင်ကွင်းမှာ အခြား အထွတ်အထိပ် ပညာရှင်များကို အံ့သြသွားစေသည်မှာ အမှန်ပင်။

ဤသူက ဘယ်သူမို့လို့ ဂုဏ်ထူးဆောင် နေရာမှာ ထိုင်ခွင့်ရရတာလဲ။

နဂါးနန်းတော် အရှင်သခင်သည် ဤနေရာတွင် ရှိနေသော အထွတ်အထိပ် ပညာရှင်များထဲ၌ သက်တမ်းအရင့်ဆုံး ဖြစ်သည်မှာ သေချာလှသည်။ ဤလူသည် နဂါးနန်းတော် အရှင်သခင်ထံမှ ထိုကဲ့သို့သော ရိုသေလေးစားမှုကို ရရှိရန် ဘာတွေ လုပ်ခဲ့လို့လဲ။

သူတို့သည် ငရဲနတ်ဆိုးနဂါး သေဆုံးသွားပြီဖြစ်ကြောင်း မသိကြသေးပေ။ ၎င်းအပြင် ရှန်မို၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ကိုလည်း မသိကြသေးပေ။

နဂါးနန်းတော် အရှင်သခင်မှာ ပရိသတ်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“လေးစားအပ်တဲ့ အထွတ်အထိပ် ပညာရှင်တို့ခင်ဗျာ... ခင်ဗျားတို့ထဲက အချို့တော့ မသိသေးဘူးလို့ ကျွန်တော် ထင်ပါတယ်”

“ငရဲနတ်ဆိုးနဂါး သေသွားပါပြီ”

“သူ့ကို ကျွန်တော့်ဘေးက ဒီလူသား အထွတ်အထိပ် ပညာရှင်က သတ်ပစ်လိုက်တာပါ”

ထိုစကားများ ကြားလိုက်ရသည့်အခါ ခန်းမဆောင် တစ်ခုလုံး တုန်လှုပ်သွားတော့သည်။

ငရဲနတ်ဆိုးနဂါး သေသွားပြီ… လုံးဝ မသိသေးတဲ့ လူသား အထွတ်အထိပ် ပညာရှင်တစ်ယောက်က သတ်လိုက်တာလား။

ရှန်မိုကို တွေ့ဖူးထားကြသော အရှေ့ပိုင်းပြည်နယ်မှ အထွတ်အထိပ် ပညာရှင်များမှာမူ အတန်ငယ် တည်ငြိမ်နေကြဆဲ ဖြစ်သည်။ အလယ်ပိုင်းပြည်နယ်နှင့် ကောင်းကင်တောင်ဘက် ကျွန်းစုများမှ အထွတ်အထိပ် ပညာရှင်များမှာမူ တစ်ဦးကို တစ်ဦး ဝေခွဲမရစွာ စိုက်ကြည့်နေကြသည်။

သူတို့ အကြည့်ချင်း ဖလှယ်ရင်း စကားပြောနေကြပုံရ၏။

ဒါ ခင်ဗျားတို့ဘက်က အထွတ်အထိပ် ပညာရှင်လား။

မဟုတ်ဘူး။

ခင်ဗျားတို့ဘက်ကလား။

ဒါလည်း မဟုတ်ဘူး။

ဒါဆို သူက ဘယ်သူ့လူလဲ။

ရှန်မိုနှင့် တွေ့ဖူးထားကြသည့် လဲ့တောက်ဟန်နှင့် အထွတ်အထိပ် ပညာရှင် ပိုင်တို့ကဲ့သို့သော သူများမှာမူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ရှန်မိုမှ ငရဲနတ်ဆိုးနဂါးကို သတ်လိုက်သည်ဟု ကြားလိုက်ရသည့်အခါ အလွန်အမင်း တုန်လှုပ်သွားကြရဆဲ ဖြစ်သည်။

နဂါးနန်းတော် လေးခုတောင် မတတ်နိုင်ခဲ့တဲ့ အရာကို သူက လုပ်ဆောင်နိုင်ခဲ့ပြီ။

ဒါက တကယ့်ကို မယုံနိုင်စရာပဲ။

နဂါးနန်းတော် အရှင်သခင်သည် အားလုံး သူ သတင်းကို စကြားစဉ်ကကဲ့သို့ပင် အံ့သြနေကြသည်ကို မြင်လိုက်ရသည့်အခါ ရင်ထဲ၌ ကျေနပ်သွားမိသည်။

အထွတ်အထိပ် ပညာရှင် တစ်ဦးက ရုတ်တရက် ထမေးလိုက်သည်။

“ဒီအထွတ်အထိပ် ပညာရှင်က ဘယ်အင်အားစုကို ကိုယ်စားပြုလဲဆိုတာ မေးလို့ ရမလားခင်ဗျာ”

သူတို့အားလုံး အလွန် သိချင်နေကြသည်။ အထွတ်အထိပ် ပညာရှင် အရေအတွက်မှာ အများကြီး မရှိပေ။ ကောင်းကင်နှင့် မြေကြီး ရတနာများကို ရှာဖွေရန် ဟင်းလင်းပြင်ထဲတွင် အမြဲ လှည့်လည်နေကြသူများမှအပ ကျန်သူအများစုမှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြ၏။

ရှန်မိုကဲ့သို့ မသိသေးသည့် မျက်နှာသစ်မျိုးကို သူတို့ အမှန်တကယ် မမြင်ဖူးခဲ့ကြပေ။

ရှန်မို စကားမပြောနိုင်ခင်မှာပင်

သံသရာ သူတော်စင်နယ်မြေမှ ရှန့်ကွမ်ယွင်က ဦးစွာ မာနတကြီးဖြင့်

“သူက ကျွန်တော်တို့ အရှေ့ပိုင်းပြည်နယ် သံသရာ သူတော်စင်နယ်မြေရဲ့ အသစ်တက်လှမ်းလာတဲ့ အထွတ်အထိပ် ပညာရှင်ပါ”

အခြား အထွတ်အထိပ် ပညာရှင်များမှာ ချက်ချင်းပင် အားကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

သံသရာ သူတော်စင်နယ်မြေကတော့ တကယ်ကို ခန့်ညားလှပေသည်။

ဒီလို အသစ်တက်လှမ်းလာတဲ့ အထွတ်အထိပ် ပညာရှင်မျိုးကိုတောင် စည်းရုံးနိုင်ခဲ့တယ်ပေါ့။

သူက ငရဲနတ်ဆိုးနဂါးကိုတောင် သတ်ပစ်နိုင်ခဲ့တာလေ။

အထွတ်အထိပ် ပညာရှင်များမှာ တစ်ဦးပြီးတစ်ဦး ဂုဏ်ပြုစကားများ ပြောလာကြသည်။

သူတို့သည် ရှန်မို၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် အခြား ကိစ္စရပ်များကိုလည်း သွယ်ဝိုက်၍ စူးစမ်းကြ၏။ ရှန်မိုကမူ ပြုံးလျက်သာ ရှိနေပြီး အသေးစိတ် မပြောဘဲ ခပ်ပေါ့ပေါ့သာ ပြန်လည် ဖြေကြားခဲ့သည်။

မကြာမီမှာပင် နဂါးနန်းတော် အရှင်သခင် အောင်းထျန်းမှ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“အားလုံးပဲ... အခု အရေးကြီးဆုံး ကိစ္စကတော့ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ရဲ့ ပင်လယ်အနှံ့မှာ ပျံ့နှံ့နေတဲ့ နတ်ဆိုးကပ်ဘေးတွေကို ချေမှုန်းဖို့နဲ့ ပျောက်ဆုံးနေတဲ့ နဂါးစစ်မှန် သူတော်စင်နယ်မြေကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်”

“ကျွန်တော်တို့ရဲ့ နဂါးမျိုးနွယ် စစ်သည်တွေဟာ ဘေးအန္တရာယ်ရှိတဲ့ နေရာသစ်တွေကို နေ့တိုင်း တွေ့ရှိနေရပါတယ်… သူတို့ကတော့ အပြင်ပန်း လက္ခဏာတွေကိုပဲ ထိန်းချုပ်နိုင်ကြတာပါ… အမြစ်ပြတ် ချေမှုန်းဖို့ဆိုတာကတော့ အထွတ်အထိပ် ပညာရှင်တို့ရဲ့ အစွမ်းကိုပဲ အားကိုးရမှာပါ”

အောင်းထျန်းမှ လေးနက်စွာဖြင့်

“အထွတ်အထိပ် ပညာရှင်တို့ ဘာလိုအပ်သလဲ… ကျွန်တော်တို့ နဂါးနန်းတော် လေးခုမှာ ရှိပါတယ်”

“ကျွန်တော် အာမခံပါတယ်… နတ်ဆိုးကပ်ဘေးကိုသာ ချေမှုန်းနိုင်မယ်ဆိုရင် ခင်ဗျားတို့ ဘာပဲ လိုအပ်လိုအပ် နဂါးနန်းတော်ကနေ စိတ်ကြိုက် ယူနိုင်ပါတယ်”

ထိုစကားကို ကြားရသည့်အခါ အထွတ်အထိပ် ပညာရှင်များ အားလုံး ပြုံးပျော်သွားကြသည်။ သူတို့သည် ဤမျှ ဝေးလံသော နေရာကို ဘာမှမရဘဲ ကူညီပေးရန် သက်သက် လာခဲ့ကြခြင်း မဟုတ်ပေ။ ထိုကတိကို ရလိုက်ပြီဆိုလျှင် အရာအားလုံးက အဆင်ပြေသွားခဲ့ပြီ မဟုတ်ပါလား။

ခင်ဗျားတို့ရဲ့ နဂါးနန်းတော် လေးခုဟာ သက်တမ်းအရင့်ဆုံး ဖြစ်သလို အမွေအနှစ် ရတနာတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေလည်း မရေမတွက်နိုင်အောင် ရှိနေရမှာပဲ။

“စိတ်ချပါ… ကျွန်တော်တို့ သေချာပေါက် အစွမ်းကုန် ကူညီပေးပါ့မယ်”

“နတ်ဆိုးမျိုးနွယ်ဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘုံရန်သူပါ… ကျွန်တော်တို့ အစွမ်းကုန် ရင်ဆိုင်ရမှာပေါ့”

“နတ်ဆိုးကပ်ဘေးကို ချေမှုန်းဖို့ဆိုတာ ကျွန်တော်တို့ရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ပါပဲ”

ထိုကြေညာချက်များကို ကြားရသည့်အခါ အောင်းထျန်း၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားတော့သည်။ သူတို့သည် အခြား အားပေးစကား အချို့ကိုလည်း အပြန်အလှန် ပြောဆိုခဲ့ကြသေးသည်။

တစ်ချိန်တည်းမှာပင်။

ပင်မ ခန်းမဆောင်နှင့် ကပ်လျက်ရှိသော ဘေးဘက် ခန်းမဆောင် တစ်ခု၌ အထွတ်အထိပ် ပညာရှင်များ ခေါ်ဆောင်လာခဲ့သည့် မျိုးဆက်သစ်များမှာလည်း သူတို့ဘာသာ စုဝေးနေကြသည်။

သူတို့သည် အထွတ်အထိပ် ပညာရှင်များ ဆွေးနွေးနေသည့် အကြောင်းအရာများကို အလွန် သိချင်နေကြ၏။

နှမြောစရာ ကောင်းသည်မှာ အင်အားကြီးသော နဂါးမျိုးနွယ် စောင့်ရှောက်သူများက ပင်မ ခန်းမဆောင်ကို ဝင်ခွင့်ပိတ်ထားသဖြင့် သူတို့မှာ ခြေတစ်လှမ်းမျှပင် ဝင်ခွင့်မရဘဲ ဖြစ်နေခြင်းပင်။ သူတို့သည် ခန်းမကြီးအတွင်းမှ ထွက်ပေါ်လာသော အသံများကိုသာ ခပ်သဲ့သဲ့ ကြားနေရ၏။

“ခုနတုန်းကတော့ တော်တော်လေး စည်ကားနေတာ… အခုတော့ ခန်းမကြီးထဲမှာ ခဏလောက် တိတ်ဆိတ်သွားသလိုပဲနော်”

လောင်မြိုက်ကမ္ဘာ နတ်ဘုရားဂိုဏ်းမှ လီယွန်လုံသည် နဂါးနန်းတော် လေးခု၏ အထူး အစားအစာကို စားနေရင်း ရုတ်တရက် ခေါင်းကို စောင်းကာ ပြောလိုက်သည်။

အရှေ့လီ အင်ပါယာမင်းဆက်မှ မင်းသား လီယင်မှ တိုးတိုးလေး မေး၏။

“အစ်ကို... ဘာလို့ အဲဒီလို ဖြစ်သွားတာလဲဆိုတာ ခန့်မှန်းလို့ ရမလား”

လီကျန်းဖုန်း ခေါင်းယမ်းလိုက်ပြီး

“ငါလည်း မသိဘူး လီယင်… အရမ်းလည်း မသိချင်နဲ့ဦး… ဒါက အထွတ်အထိပ် ပညာရှင်တွေရဲ့ ကိစ္စလေ”

ရှီထျန်းဟောက်နှင့် လဲ့ကျီကျိန်းတို့မှာလည်း ထောင့်တစ်နေရာတွင် ရပ်နေကြပြီး ခုနက ဘာတွေ ဖြစ်သွားခဲ့သနည်း ဆိုသည်ကို အတူတကွ ခန့်မှန်းနေကြတော့သည်။

Chapter 722: ကျေးဇူးရှင်ကို သွားနှုတ်ဆက်ရအောင်

ရှီထျန်းဟောက်သည် ဤဘေးဘက် ခန်းမဆောင်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများကို ပွတ်သပ်ကြည့်ရင်း သူ၏ မျက်လုံးများတွင် အားကျမှုများ ပြည့်နှက်နေသည်။

နဂါးနန်းတော် လေးခုမှာ တကယ့်ကို ထိုက်တန်လှပေ၏။ သာမန် ဘေးဘက် ခန်းမဆောင်တစ်ခုမှာပင် ပုလဲများနှင့် ကျောက်မျက်ရတနာများမှာ နေရာအနှံ့ ရှိနေသည်။ ဤရတနာများကို သူတော်စင် လက်နက်များအတွင်း ထည့်သွင်းလိုက်လျှင် ၎င်းတို့၏ အဆင့်ကို တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် မြှင့်တင်နိုင်ပေလိမ့်မည်။ ယခုမူ ၎င်းတို့သည် ဤခန်းမဆောင်အတွင်း၌ သာမန် ပရိဘောဂများအဖြစ်သာ ရှိနေကြလေ၏။

သူသာ နဂါးနန်းတော် လေးခုသို့ ဝင်ခွင့်ရခဲ့မည်ဆိုလျှင် သိပ်ကောင်းမှာပဲ။

နှမြောစရာ ကောင်းသည်မှာ သူသည် နဂါးနှင့် လူသား သွေးနှောသူတစ်ဦးသာ ဖြစ်နေခြင်းပင်။ နဂါးသွေးနှောသူများသည် မိမိကိုယ်ကို မြင့်မြတ်သည်ဟု မှတ်ယူထားကြသော်လည်း စစ်မှန်သော နတ်ဘုရားနဂါးများ ရှေ့တွင်မူ သူတို့သည် သွေးနှောများသာ ဖြစ်ကြသည်။

မှန်ပါသည်။ သွေးနှောများ။

နဂါးသွေးနှောသူများသည် နဂါးနန်းတော် လေးခုအတွင်းသို့ ဝင်ရန်ပင် အရည်အချင်း မပြည့်မီကြပေ။

ရှီထျန်းဟောက်သည် မိုးကြိုးထောင်ချောက် မျိုးနွယ်စုမှ မဟုတ်ခဲ့လျှင် အဝင်ဝရှိ နဂါးမျိုးနွယ် စောင့်ရှောက်သူများမှ သူ့ကို မောင်းထုတ်လိုက်လောက်ပြီ ဖြစ်သည်။

အစွမ်း...

အရာအားလုံးက အစွမ်းပေါ်မှာပဲ မူတည်နေတာ။

သူသည် နဂါးသွေးနှောသူ ဖြစ်နေလင့်ကစား အကယ်၍သာ အထွတ်အထိပ် ပညာရှင် အဆင့်ကို ရောက်ရှိထားလျှင် နဂါးမျိုးနွယ်စုက သူ့ကို ရိုသေလေးစားစွာ ဆက်ဆံကြပေလိမ့်မည်။

“...ညီလေးရှီ… ဘာဖြစ်လို့လဲ”

လဲ့ကျီကျိန်းမှ စိုးရိမ်တကြီး မေးလိုက်သည်။

ရှီထျန်းဟောက် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး “ဘာမှမဟုတ်ပါဘူး...”

သူ ပြုံးလျက် ပြန်ဖြေလိုက်သည်။

ထိုစဉ်မှာပင် ပင်မ ခန်းမဆောင်ကြီးအတွင်းမှ အသံများ ထွက်ပေါ်လာပြီး အထွတ်အထိပ် ပညာရှင်များ ထွက်ခွါလာကြ၏။ သူတို့သည် လူတစ်ယောက်ကို ဝိုင်းရံထားကြ၍ ဘေးဘက် ခန်းမဆောင်ရှိ မျိုးဆက်သစ်များမှာလည်း အကြည့်များကို လွှဲ၍မရ ဖြစ်သွားကြသည်။

အထွတ်အထိပ် ပညာရှင်များအားလုံး၏ အလယ်တွင် ဝိုင်းရံခြင်း ခံထားရသော ထိုသူမှာ ဘယ်သူပါလိမ့်။

လီကျန်းဖုန်း၊ လဲ့ကျီကျိန်း၊ လီယွန်လုံ၊ ချောင်ချင်းဝမ်နှင့် အခြားသူများသည် ထိုမျက်နှာကို ချက်ချင်း မှတ်မိသွားကြ၏။

သူတို့အားလုံး ဆွံ့အသွားကြရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျက်နှာကို သူတို့ ကောင်းစွာ မှတ်မိနေသောကြောင့် ဖြစ်သည်။

ရှန်မို။

ရှန်မိုတစ်ယောက် အထွတ်အထိပ် ပညာရှင်အဖြစ် တက်လှမ်းသွားပြီဆိုသည့် သတင်းမှာ သူတို့၏ နားထဲသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုစဉ်ကပင် သူတို့ အံ့သြခဲ့ရသည်။

ယခုအခါ ရှန်မိုသည် ဤနေရာသို့ အမှန်တကယ် ရောက်ရှိနေပြီး အထွတ်အထိပ် ပညာရှင်များ၏ ဝိုင်းဝန်းခြင်းကို လမင်းကို ကြယ်တာရာများ ဝိုင်းရံထားသကဲ့သို့ ခံနေရသည်ကို တွေ့လိုက်ရသည့်အခါ ပို၍ပင် မယုံနိုင်စရာ ဖြစ်သွားရတော့သည်။

လီယင်မှ

“ရှန်မို... သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”

သူ အော်ဟစ်လိုက်မိသည်။

လီယွန်လုံ ခေါင်းကို ကုတ်လိုက်ရင်း

“ပြီးတော့ အထွတ်အထိပ် ပညာရှင်တွေရဲ့ အလယ်မှာ ရောက်နေတာ… ထူးဆန်းလိုက်တာ”

လီကျန်းဖုန်းမှာ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

လဲ့ကျီကျိန်းမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး “ကျေးဇူးရှင်… ဒါ ကျေးဇူးရှင်ပဲ… ညီလေးရှီ… ငါတို့ ကျေးဇူးရှင်ဆီ သွားနှုတ်ဆက်ရအောင်”

ရှီထျန်းဟောက်၏ ရင်ထဲ၌ ခါးသီးမှုများ ပြည့်လျှံလာခဲ့သည်။

ရှန်မို၊ နောက်တစ်ခါ ရှန်မို။

သူက ဘာလို့ နေရာတိုင်းမှာ ပေါ်လာနေရတာလဲ။

သူက အခုမှ တက်လှမ်းလာတဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက်ပဲ ရှိသေးတာ… အနောက်ပိုင်း နစ်မြုပ်ပင်လယ်ကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။ သူကိုယ်တိုင်ကတော့ အခွင့်အရေးတစ်ခု ရှာဖို့ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ကို လာခဲ့တာ… ဒါတောင် သူ့ကို ထပ်ဆုံရပြန်ပြီ။

တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

ချောင်ချင်းဝမ် တိတ်တိတ်လေး နားထောင်နေပြီးနောက် ခဏအကြာတွင် ရုတ်တရက် ပြောလိုက်သည်။

“ငါ ကြားလိုက်တယ်… အထွတ်အထိပ် ပညာရှင်တွေက ငရဲနတ်ဆိုးနဂါး အကြောင်း ပြောနေကြတာ... ငရဲနတ်ဆိုးနဂါးကို... အထွတ်အထိပ် ပညာရှင် ရှန်မိုက သတ်လိုက်တာတဲ့”

“ဟင်း...”

ချက်ချင်းဆိုသလိုပင် ဘေးဘက် ခန်းမဆောင်တစ်ခုလုံး၌ အံ့သြမှင်သက်သွားသည့် အသံများ ထွက်ပေါ်လာသည်။ သူတို့သည်လည်း ငရဲနတ်ဆိုးနဂါးအကြောင်းကို ကြားဖူးထားကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နဂါးမျိုးနွယ် ပညာရှင်ကြီးကို အခုမှ တက်လှမ်းလာသည့် အထွတ်အထိပ် ပညာရှင်တစ်ဦးက အမှန်တကယ် သတ်ပစ်လိုက်တာလား။

ဒါက လက်ခံဖို့ အရမ်းခက်လွန်းတယ်... ဒါပေမဲ့ ရှန်မို ဖြစ်နေတဲ့အခါကျတော့လည်း ဒါက မဖြစ်မနေ ဖြစ်လာမယ့် ကိစ္စမျိုးလို့ ခံစားရပြန်ရော။

“သူက ငရဲနတ်ဆိုးနဂါးကို သတ်လိုက်တာလား...” ရှီထျန်းဟောက်မှာ မြေကြီးထဲက အက်ကွဲကြောင်းတစ်ခုကို ရှာပြီး ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားသည်။

ရှန်မိုနှင့် ယှဉ်ရန် သူက ဘာအရည်အချင်း ရှိလို့လဲ။

“သွားမယ်… ငါတို့ ကျေးဇူးရှင်ဆီ သွားနှုတ်ဆက်ရအောင်”

လဲ့ကျီကျိန်းမှ ရှီထျန်းဟောက်ကို ဆွဲကာ ရှန်မိုရှိရာသို့ လျှောက်သွားချင်နေသည်။

ရှီထျန်းဟောက် ရုန်းထွက်ရန် ကြိုးစားသော်လည်း လဲ့ကျီကျိန်း၏ ခွန်အားမှာ အလွန်ကြီးမားလှသဖြင့် သူ တစ်ချက် ယိုင်သွားခဲ့၏။

ခဏအကြာတွင် လဲ့ကျီကျိန်းနှင့် ရှီထျန်းဟောက်တို့သည် ရှန်မို၏ ရှေ့တွင် ရပ်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် လဲ့တောက်ဟန်နှင့် အခြားသူများလည်း ရှန်မိုနှင့် စကားပြောနေကြသည်။ သူတို့သည် တစ်ထောင်သော မိုးကြိုးထောင်ချောက် ကိစ္စအတွက် ရှန်မိုကို ကျေးဇူးတင်စကား ပြောနေကြဆဲ ဖြစ်သည်။ ၎င်းအပြင် ရှန်မို အထွတ်အထိပ် ပညာရှင် ဖြစ်လာသည့်အတွက်ရော၊ ငရဲနတ်ဆိုးနဂါးကို သတ်လိုက်သည့်အတွက်ပါ ဂုဏ်ပြုနေကြခြင်း ဖြစ်၏။

“ကျေးဇူးရှင် .. ကျွန်တော်ပါ… ကျေးဇူးရှင်”

လဲ့ကျီကျိန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လဲ့တောက်ဟန် မျက်မှောင်ကြုတ်လိုက်ပြီး

“ကျီကျိန်း… ယဉ်ယဉ်ကျေးကျေး နေစမ်း… ဒါက အထွတ်အထိပ် ပညာရှင် ရှန်ပဲ”

လဲ့ကျီကျိန်း ချက်ချင်းပင် ခေါင်းလေး ပုသွားတော့သည်။

ရှန်မိုမှာ ရှီထျန်းဟောက်ကို သတိပြုမိသွား၏။

သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

“ရပါတယ် ကျီကျိန်း… ဒီကို လာခဲ့ပါဦး”

လဲ့ကျီကျိန်း ပြုံးပျော်သွားပြီး ရှန်မို၏ အနားသို့ တိုးသွားသည်။

သူ၏ မျက်လုံးထဲတွင် ရှန်မိုမှာ သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။ ယခုအခါ သူသည် အဆင့်မြင့် ပညာရှင်ကြီး တစ်ဦးလည်း ဖြစ်နေပြီ။ ဘာကြောင့်မှန်းမသိ ရှန်မို၏ ဘေးတွင် ရပ်နေရလျှင် သူ အမြဲတမ်း လုံခြုံစိတ်ချမှုကို ခံစားရလေ့ရှိသည်။

“ကျီကျိန်းက ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်” လဲ့ကျီကျိန်း လေးနက်စွာ ပြောလိုက်သည်။

ရှန်မို ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီး

“မဆိုးဘူး၊ တိုးတက်မှုတွေ အများကြီး ရှိလာတာပဲ”

လဲ့ကျီကျိန်းက သွားဖြဲလိုက်ပြီး

“ကျွန်တော် ဘယ်လောက်ပဲ တိုးတက်တိုးတက် ကျေးဇူးရှင်နဲ့တော့ မယှဉ်နိုင်ပါဘူး”

လဲ့တောက်ဟန်မှာ လဲ့ကျီကျိန်းကို ချစ်ခင်မြတ်နိုးသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

ဤကလေးမှာ ထူးခြားသော ပါရမီ ရှိသည့်အပြင် အစွမ်းထက်သော ဤအထွတ်အထိပ် ပညာရှင်အသစ် ရှန်မိုနှင့်လည်း ရင်းနှီးသော ပတ်သက်မှု ရှိနေသည်။ သူ၏ အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပပေလိမ့်မည်။

သူကိုယ်တိုင်ကတော့ အိုမင်းမစွမ်း ဖြစ်နေပြီ။ နောင်တွင် မိုးကြိုးထောင်ချောက် မျိုးနွယ်စုကို လဲ့ကျီကျိန်း၏ လက်ထဲသို့သာ အပ်နှံရပေလိမ့်မည်။

ရှန်မိုသည် လဲ့ကျီကျိန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် ရှီထျန်းဟောက်ကို လှမ်းကြည့်လိုက်သည်။

ရှီထျန်းဟောက်ကလည်း လေးနက်သော အသံဖြင့်

“ဂါရဝပြုပါတယ်... အထွတ်အထိပ် ပညာရှင် ရှန်”

ရှန်မို ထိုသူ၏ ဘဝမှတ်တမ်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“မင်းနဲ့ ကျီကျိန်းနဲ့က ဆက်ဆံရေး ကောင်းကြတာပဲ… နောင်ကျရင် သူ့ကို ကောင်းကောင်း ကူညီပေးပါ… သူ့အပေါ် သစ္စာမဖောက်ပါနဲ့”

ထိုစကားကို ကြားရသည့်အခါ ရှီထျန်းဟောက် စိုးရိမ်စိတ်များ ပြေလျော့သွားပြီး သက်ပြင်းချနိုင်တော့သည်။

ရှန်မို ဤစကားကို ပြောလိုက်ခြင်းမှာ ရှန်မိုသည် သူ၏ ရုပ်ဖျက်ထားမှုကို ရိပ်မိခြင်းမရှိသေးဟု အဓိပ္ပာယ်ရသည်။

ထိုမျှနှင့်တင် လုံလောက်ပါပြီ။

သူသာ ဆက်လက် ရှင်သန်နိုင်သရွေ့ ရှန်မိုကို ကျော်တက်မည့်နေ့မှာ တစ်နေ့နေ့တွင် ရောက်လာပေလိမ့်မည်။

ကဲ... ရောက်လာမှာပါ… ဟုတ်တယ်မလား။

ရှန်မိုသည် ရှီထျန်းဟောက်၏ ဘဝမှတ်တမ်းတစ်ခုလုံးကို ကြည့်လိုက်ပြီး အမူအရာမှာ စဉ်းစားစရာ ဖြစ်နေသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင်။ ဤရှီထျန်းဟောက်သည် သူ၏ အခွင့်အရေးများစွာကို ရှန်မိုက ကြားဖြတ် ရယူခဲ့လင့်ကစား အနောက်ပိုင်း နစ်မြုပ်ပင်လယ်၏ ကပ်ဘေးကြီးတွင် အရေးပါသော ပါဝင်သူတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။

စကားပြောပြီးနောက် ရှန်မိုသည် အောင်းရွှမ်၏ လမ်းပြမှုဖြင့် ထွက်ခွာသွားခဲ့သည်။ သူသည် နောက်တွင် ကျန်ရစ်ခဲ့သော ပါရမီရှင် လူငယ်တစ်စုကို အံ့သြတုန်လှုပ်မှုများဖြင့် ချန်ထားရစ်ခဲ့၏။ ယခုကဲ့သို့ ကိုယ်တိုင် မြင်တွေ့ရလျှင်ပင် ယနေ့ မြင်တွေ့ခဲ့ရသည့် အရာအားလုံးကို သူတို့ ယုံကြည်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။

“ရှန်မို... မဟုတ်ဘူး… အထွတ်အထိပ် ပညာရှင် ရှန်က ငါတို့နဲ့ ကျင့်ကြံခြင်း အဆင့်အတန်းချင်း မတူတော့ဘူး”

ချောင်ချင်းဝမ်မှ လေးနက်စွာ ပြောလိုက်သည်။

“အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ ဆက်ဆံမှုက ငါတို့ထက် ပိုကောင်းရမှာပေါ့နော်… သူ နဂါးအကြောတွေကို စားခွင့်ရမလားလို့ ငါ သိချင်မိတယ်”

လီယွန်လုံမှာ သွားရည်ကျမတတ် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“သူက ငါတို့ထက် အဝေးကြီးကို ကြိုရောက်နေခဲ့ပြီပဲ...”

လီကျန်းဖုန်းလည်း အားကျစွာ သက်ပြင်းချလိုက်မိသည်။

...

အနောက်ပိုင်း နစ်မြုပ်ပင်လယ်။

စေးပျစ်ပြီး မှောင်မည်းနေသော ပင်လယ်ပြင်တစ်ခုအတွင်း။

ဧကပေါင်း သောင်းချီသော ပင်လယ်ရေအောက်၌။

မရေမတွက်နိုင်သော နဂါးမျိုးနွယ်ဝင်တို့၏ ဝိညာဉ်များမှာ မရပ်မနား ညည်းတွားနေကြသည်။ သူတို့၏ ရုပ်ခန္ဓာများမှာ ကြာမြင့်စွာကတည်းက ပျက်စီးသွားခဲ့ပြီး နတ်ဆိုးနဂါးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ သို့သော် သူတို့၏ ဝိညာဉ်များမှာမူ နဂါးမျိုးနွယ်တို့၏ မာနတရားကို အားကိုးလျက် အံကြိတ်ကာ ကြံ့ကြံ့ခံနေကြဆဲ ဖြစ်သည်။ နတ်ဆိုးစွမ်းအားများ၏ တိုက်စားမှုကို မနည်း ခုခံနေကြရသည်။

သို့သော် ထိုသို့ဖြစ်လင့်ကစား နေ့စဉ်နေ့တိုင်း အားနည်းသော နဂါးမျိုးနွယ် ဝိညာဉ်များမှာ လုံးဝ ပျက်စီးသွားကြပြီး နတ်ဆိုးနဂါး ဝိညာဉ်များအဖြစ် ပြောင်းလဲကာ နတ်ဆိုးမျိုးနွယ်တို့၏ လက်ပါးစေများ ဖြစ်သွားကြရသည်။ အသန်မာဆုံးသော နဂါးဝိညာဉ်များသာလျှင် မနည်း ကြိုးစား ခုခံနိုင်ကြသည်။

လူရိပ်တစ်ခုမှာ ထိုနေရာသို့ အားတက်သရော လှမ်းလာခဲ့သည်။

သူသည် နဂါးမျိုးနွယ်၏ ဦးခေါင်းနှင့် အမြီးကို ပိုင်ဆိုင်ထားသော်လည်း ခန္ဓာကိုယ်မှာ လူသားမျိုးနွယ်နှင့် ဆင်တူလှသည်။ သူသည် နဂါးသွေးနှောသူတစ်ဦး ဖြစ်၏။

“အောင်းကျင်း… ဆက်ပြီး မရုန်းကန်ပါနဲ့တော့”

“နဂါးစစ်မှန် သူတော်စင်နယ်မြေ ပျောက်ဆုံးနေတာ အတော်ကြာပါပြီ… ဘယ်နဂါးမဆို မင်းတို့ကို လာရှာတာ တွေ့လို့လား”

“မင်းတို့ အစွန့်ပစ်ခံလိုက်ရပြီ”

“တိုက်ပွဲကို လက်လျှော့လိုက်ပါတော့”

နဂါးသွေးနှောသူမှ ထူးဆန်းသော ရယ်သံဖြင့် ပြောလိုက်သည်။

အသန်မာဆုံးနှင့် အကြံ့ခိုင်ဆုံးသော နဂါးဝိညာဉ်မှ

“နိမ့်ကျတဲ့ နဂါးသွေးနှောသူ… ထွက်သွားစမ်း”

လေလှိုင်းတစ်ခု ဝှေ့ယမ်းသွားခဲ့သည်။

၎င်းမှာ နတ်ဆိုးစွမ်းအား အချို့ကိုပင် လွင့်စင်သွားစေခဲ့၏။

သို့သော် နတ်ဆိုးစွမ်းအားများမှာ အဆုံးမရှိပေ။ ဤနတ်ဆိုးစွမ်းအားများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အခြား စွမ်းအားများစွာမှာ ထိုနေရာသို့ ချက်ချင်း အစားထိုး ဝင်ရောက်လာကြသည်။ တိုက်စားမှုမှာ နေ့စဉ်နေ့တိုင်း ပိုမိုများပြားလာမည်သာ ဖြစ်ပြီး လျော့နည်းသွားမည် မဟုတ်ပေ။

နဂါးသွေးနှောသူမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“ငါသိပါတယ်… မင်းတို့ နဂါးစစ်မှန်တွေက နဂါးသွေးနှောသူတွေကို အမြဲတမ်း အထင်သေးခဲ့ကြတာလေ”

“မင်းတို့အားလုံးက တကယ့်ကို လူမိုက်တွေပဲ… ငါတို့ နဂါးသွေးနှောသူတွေဟာ နဂါးမျိုးနွယ်ရော လူသားမျိုးနွယ်ရဲ့ အားသာချက်တွေကိုပါ ပိုင်ဆိုင်ထားကြတာ… ငါတို့ကသာ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ရဲ့ စစ်မှန်တဲ့ အရှင်သခင်တွေ ဖြစ်သင့်တာ”

“အောင်းကျင်း… စောင့်ကြည့်နေလိုက်ပါ”

“ငါ အောင်းဖေးအန်းဟာ အနောက်ပိုင်း နစ်မြုပ်ပင်လယ်ရဲ့ အရှင်သခင်သစ် ဖြစ်လာလိမ့်မယ်”

ထိုစကားများနှင့်အတူ အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ညီမျှသော အားကောင်းလှသည့် အရှိန်အဝါတစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

Chapter 723 ငါ သိတယ် ပြောစရာမလိုဘူး

အောင်းဖေးအန်းသည် နက်ရှိုင်းသော မြေအောက်ခန်းမှ လျှောက်ထွက်လာခဲ့သည်။

ထိုစဉ် လူရိပ်တစ်ခု သူ၏အနားသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။

ထိုသူမှာလည်း နဂါးသွေးနှောသူတစ်ဦးပင် ဖြစ်၏။ ထိုနဂါးသွေးနှောသူမှ ရိုသေစွာဖြင့်

“ဗိုလ်ချုပ်... ကျွန်တော်တို့ သတင်းရထားပါတယ်”

“ငရဲနတ်ဆိုးနဂါးဟာ ရှန်မိုလို့ အမည်ရတဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာပါ”

“အဲဒီ ရှန်မိုဟာ အခု နဂါးနန်းတော် လေးခုကို ရောက်နေပါပြီ… တခြား အထွတ်အထိပ် ပညာရှင်တွေလည်း ရောက်နေကြပါတယ်”

“ဒါကတော့ အဲဒီ ရှန်မိုရဲ့ ပုံတူပါပဲ”

နဂါးသွေးနှောသူမှ သဲပန်းချီတစ်ခုကို ထုတ်ပြလိုက်သည်။ ထိုသဲပန်းချီပေါ်တွင် ရှန်မို၏ မျက်နှာကို အသက်ဝင်စွာ ရေးဆွဲထား၏။

ရှန်မို။

အောင်းဖေးအန်းသည် ထိုသဲပန်းချီကို ကြည့်ရင်း နာမည်ကို စဉ်းစားနေမိသည်။

ဤလူသားအကြောင်းကို သူ ကြားဖူးပါသည်။ တစ်လောကလုံးရှိသော မြင့်မြတ်သည့် ရွှမ်တိုက်ကြီးပေါ်တွင် အသစ်တက်လှမ်းလာသည့် အထွတ်အထိပ် ပညာရှင်ဟူ၍ အနည်းငယ်သာ ရှိသဖြင့် မသိဘဲနေရန် ခက်ပေလိမ့်မည်။

အောင်းဖေးအန်း တုန့်ပြန်ချိန်မရလိုက်ခင်မှာပင် ငရဲနတ်ဆိုးနဂါးလည်း မြန်မြန်ဆန်ဆန်ကြီး သေဆုံးသွားခဲ့ရသည်။

ယူမျိုးနွယ်စု၏ အစီအစဉ်အရ ငရဲနတ်ဆိုးနဂါးသည် အရေးပါသော ကွင်းဆက်တစ်ခု ဖြစ်သင့်သည်။ ယခုမူ သူ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ အသက်ဆုံးရှုံးသွားခဲ့ရပြီ။ ၎င်းက ယူမျိုးနွယ်စုကို သူတို့၏ အစီအစဉ်အား ရွှေ့ဆိုင်းရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ ယခုအခါ သူတို့သည် အထွတ်အထိပ် ပညာရှင်များကို အချိန်ဆွဲထားရန် ပြန့်ကျဲနေသော နတ်ဆိုးကပ်ဘေးများကိုသာ အားကိုးနိုင်တော့သည်။

အောင်းဖေးအန်းသည် ငရဲနတ်ဆိုးနဂါးအပေါ်တွင် ထူးထူးခြားခြား ခံစားချက်မရှိပေ။ ပြောရမည်ဆိုလျှင် ထိုသူ၏ ကြီးမားသော စွမ်းအားကိုသာ အားကျခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ အားကောင်းလှသော ငရဲနတ်ဆိုးနဂါးသည် အသစ်တက်လှမ်းလာသည့် လူသား အထွတ်အထိပ် ပညာရှင်တစ်ဦး၏ လက်ချက်ဖြင့် အမှန်တကယ် ရှုံးနိမ့်သွားခဲ့ရပြီ။ တကယ့်ကို ရယ်စရာကောင်းလှ၏။

“ဒါကို ဂရုစိုက်မနေနဲ့”

“သခင်ကြီး ယူ ဆီက သတင်းရောက်လာတာနဲ့ ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်”

“သူက ဘယ်သူပဲဖြစ်ဖြစ် သေရမှာပဲ” အောင်းဖေးအန်းမှ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

နဂါးသွေးနှောသူမှာ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။

“ဒါဆို... ဘယ်သူပဲဖြစ်ဖြစ် သေရမှာပေါ့လေ”

ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ အောင်းဖေးအန်း ဆိုင်းငံ့သွားပြီးနောက် အပေါ်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ လူသူကင်းမဲ့နေသော ပင်လယ်ရေထုထဲတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် သူ ထိတ်လန့်သွားရ၏။

ဤနေရာမှာ အနောက်ပိုင်း နစ်မြုပ်ပင်လယ်၏ အဝေးလံဆုံးသော ပင်လယ်ပြင်များထဲမှ တစ်ခု ဖြစ်သည်။ ဝိညာဉ်စွမ်းအင်မှာ အလွန်အမင်း ရှားပါးလှသည်။ တစ်စုံတစ်ယောက်က သူတို့ကို အမှန်တကယ် ရှာတွေ့သွားသည်ပေါ့။

“တောက်...”

အောင်းဖေးအန်း ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများမှာ ရေမြှား ကိုးစင်းအဖြစ် ပေါင်းစပ်သွားပြီး ချက်ချင်းပင် ပစ်လွှတ်လိုက်သည်။ ပင်လယ်ရေအောက်မှ မှိန်ဖျော့သော အလင်းရောင်မှာ ထိုလူရိပ်၏ မျက်နှာကို လင်းလက်သွားစေလေသည်။

အောင်းဖေးအန်း ထိုသူ၏ ရုပ်ရည်ကို နောက်ဆုံးတွင် သေသေချာချာ မြင်လိုက်ရတော့၏။ မြင်လိုက်ရသည့်အခါ သူ တုန်လှုပ်သွားရသည်။ ၎င်းမှာ သူ၏ လက်ပါးစေ စောစောကမှ ယူလာပေးသည့် သဲပန်းချီထဲက မျက်နှာနှင့် တစ်ထေရာတည်း မဟုတ်ပါလား။

ဘယ်လိုလုပ်ပြီး တူညီနေရတာလဲ။

“မင်းက အသစ်တက်လှမ်းလာတဲ့ အထွတ်အထိပ် ပညာရှင် ရှန်မိုပဲ”

အောင်းဖေးအန်း၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။

ငရဲနတ်ဆိုးနဂါးကို သတ်ခဲ့တဲ့ ကြမ်းတမ်းတဲ့သူက ဘာလို့ ဒီမှာ ပေါ်လာရတာလဲ။

ဝှစ်။

ရှန်မိုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။

ရေမြှား ကိုးစင်းမှာ ရှန်မို၏ ဝတ်ရုံစကိုပင် မထိနိုင်ခဲ့ပေ။ သူ ပြန်လည် ပေါ်လာသည့်အခါ အောင်းဖေးအန်း၏ ရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေပြီ ဖြစ်သည်။ အောင်းဖေးအန်း ကြောက်လန့်တကြား ဖြစ်သွားရ၏။ သူ ထွက်ပြေးရန်အတွက် အသက်ကယ် ဝှက်ဖဲကို ချက်ချင်း အသက်သွင်းရန် ကြိုးစားလိုက်သည်။

သူ၏ ခြေဖဝါးအောက်မှ ရေစီးကြောင်းများမှာ ပြင်းထန်စွာ စီးထွက်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အောင်းဖေးအန်းသည် တောင်ပေါင်း တစ်ရာကျော် အကွာအဝေးသို့ ရောက်ရှိသွားသည်။

“နဂါးဖြူ ရွှေရောင်လက်သီး”

ရှန်မို ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး လက်သီးကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။ ထိုခဏ၌ အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အောင်းဖေးအန်းသည် ရေစီးကြောင်းများကို အသုံးပြုလျက် အသက်လုကာ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် ရှန်မို၏ မျက်လုံးထဲတွင်မူ သူ၏ လှုပ်ရှားမှုမှာ ခရုတစ်ကောင်ကဲ့သို့ နှေးကွေးလွန်းနေလေ၏။

အထွတ်အထိပ် ပညာရှင်၏ နတ်ဘုရား စွမ်းရည်အဖြစ် မြှင့်တင်ထားသော နဂါးဖြူ ရွှေရောင်လက်သီးသည် သာမန် ကိုယ်ခံပညာများနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ရှန်မိုက လက်ကို ခပ်ပေါ့ပေါ့ လှမ်းလိုက်ရာ အောင်းဖေးအန်းမှာ သူ၏ လက်ဖဝါးထဲသို့ ကျရောက်သွားခဲ့သည်။ ဤနဂါးသွေးနှောသူမှာ အထွတ်အထိပ် ပညာရှင် မဟုတ်ဘဲ လူသားမျိုးနွယ်၏ နိဗ္ဗာန်အဆင့်နှင့်သာ ညီမျှသူ ဖြစ်သည်။

အောင်းဖေးအန်း၏ အမြင်အာရုံများ ဝေဝါးသွားခဲ့သည်။ သူ ထွက်မပြေးနိုင်ခဲ့သည်ကို သိလိုက်ရ၏။ ထို့ပြင် သူ၏ လည်ပင်းကို ဤလူသား အထွတ်အထိပ် ပညာရှင်မှ မြဲမြံစွာ ညှစ်ထားခြင်းကိုလည်း ခံလိုက်ရသည်။

“ကျွန်တော့်ကို မသတ်ပါနဲ့”

“ကျွန်တော် နဂါးစစ်မှန် သူတော်စင်နယ်မြေ အကြောင်း သိပါတယ်...”

အောင်းဖေးအန်း ချက်ချင်းပင် အသနားခံတော့သည်။

ရှန်မို တည်ငြိမ်စွာဖြင့်

“ငါ သိတယ်… မင်း ပြောဖို့ မလိုဘူး”

သူ လက်ကို ခပ်ပေါ့ပေါ့ လိမ်ချလိုက်ရာ နဂါးသွေးနှောသူ၏ သန်မာလှသော လည်ပင်းမှာ ကျိုးသွားလေတော့သည်။

ထို့နောက် ကိုးဘုံငရဲ ရေခဲမီးလျှံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ အောင်းဖေးအန်းကို ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။

“နဂါးစစ်မှန် သူတော်စင်နယ်မြေက လူတို့... မင်းတို့ကို ခေါ်ထုတ်ဖို့ ငါ ရောက်လာပြီ”

ရှန်မိုသည် ပို၍ နက်ရှိုင်းသော မြေအောက်ခန်းထဲသို့ လှမ်းဝင်ခဲ့သည်။

အောင်းကျင်းနှင့် အခြားသော အစွမ်းထက်သည့် နဂါးဝိညာဉ်များမှာ နတ်ဆိုးစွမ်းအားများ၏ တိုက်စားမှုကို အသက်လု ခုခံနေကြဆဲ ဖြစ်သည်။ သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက်များ မရှိတော့ပေ။ သို့သော်လည်း သူတို့ အံကြိတ်ကာ ကြံ့ကြံ့ခံနေကြသည်။ အဘယ်ကြောင့်ဆိုသော် နဂါးနန်းတော် လေးခုက သူတို့ကို စွန့်ပစ်လိမ့်မည်မဟုတ်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေကြသောကြောင့် ဖြစ်သည်။

“တောင့်ခံထားကြ… နဂါးနန်းတော်က ငါတို့ကို သေချာပေါက် လာကယ်လိမ့်မယ်”

အောင်းကျင်းမှ ပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်စုဝင်များကို အားပေးလိုက်သည်။ သို့သော် သူ လှမ်းကြည့်လိုက်သည့် နေရာတိုင်းတွင် နဂါးဝိညာဉ်တိုင်းမှာ အလွန်အမင်း မှိန်ဖျော့နေကြပြီ ဖြစ်သည်။ သူတို့ ဆက်ပြီး တောင့်ခံနိုင်စွမ်း မရှိတော့ပုံရသည်။

“ဗိုလ်ချုပ်...”

“ကျွန်တော်တို့မှာ အနာဂတ် ရှိပါဦးမလား”

“အခုလို တောင့်ခံနေရတာကကော အဓိပ္ပာယ် ရှိပါဦးမလား”

“အပြင်လောကကြီးကို နတ်ဆိုးမျိုးနွယ်တွေ ဝါးမျိုသွားကြပြီလား”

မကောင်းမြင် စိတ်ကူးများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုအရာများမှာ စိတ်ပျံ့လွင့်မှု သက်သက်သာ ဖြစ်သည်။ ခဏမျှ စိတ်ကို ငြိမ်အောင် ထားလိုက်လျှင် ၎င်းတို့ကို ဖယ်ရှားနိုင်သည်။ သို့သော် ယခုမူ နတ်ဆိုးစွမ်းအားများ၏ လှုံ့ဆော်မှုကြောင့် ဤမကောင်းမြင် စိတ်ကူးများမှာ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပိုမို အားကောင်းလာခဲ့သည်။

၎င်းတို့မှာ ပတ်ဝန်းကျင်ရှိ နဂါးဝိညာဉ်များထံသို့လည်း ပျံ့နှံ့သွားခဲ့၏။

နဂါးဝိညာဉ် တစ်ခုက ထိုသို့ စဉ်းစားလိုက်သည်နှင့် အခြားသူများကလည်း လိုက်ပါ စဉ်းစားကြတော့သည်။ မည်သည့် နဂါးဝိညာဉ်မှ အဆုံးမရှိသော ဤမကောင်းမြင် စိတ်ကူးများ၏ ရိုက်ခတ်မှုကို မခုခံနိုင်ကြပေ။ နဂါးစစ်မှန် သူတော်စင်နယ်မြေ၏ ဗိုလ်ချုပ်ကြီးဖြစ်သူ အောင်းကျင်းပင်လျှင် ချွင်းချက် မဟုတ်ခဲ့ပေ။

ထိုစဉ်မှာပင် အမှောင်ထု နက်ရှိုင်းရာကို အလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ၎င်းနောက်တွင် ကြီးမားလှသော အလင်းတန်းများမှာ ရုတ်တရက် ပွင့်ထွက်လာ၏။ သေသေချာချာ ကြည့်လိုက်လျှင် ၎င်းမှာ ရေခဲရောင် မီးလျှံများ ဖြစ်နေသည်။

ထိုအခါ နတ်ဆိုးစွမ်းအားများမှာ စူးစူးဝါးဝါး အော်ဟစ်ကြပြီး တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။ ထိုစိတ်ပျံ့လွင့်စရာ အသံများမှာလည်း သေးငယ်သွားပြီး အားနည်းသွားခဲ့သည်။

နောက်ဆုံးတွင် ၎င်းတို့မှာ အစအနမရ ပျောက်ကွယ်သွားတော့၏။ နဂါးစစ်မှန် သူတော်စင်နယ်မြေမှ နဂါးမျိုးနွယ်ဝင်များသည် ဝင်ခွင့်အတွက် စမ်းသပ်မှုများကို ကျော်ဖြတ်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ကို နဂါးမျိုးနွယ်စု၏ အထက်တန်းလွှာများဟု သတ်မှတ်နိုင်သည်။ နတ်ဆိုးစွမ်းအားများ၏ လှုံ့ဆော်မှု မရှိတော့သည့်အခါ သူတို့သည် လှိုင်းလုံးကြီးများကြားမှ ကျောက်ဆောင်များကဲ့သို့ ပြန်လည် တည်ငြိမ်သွားကြသည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက် မည်သည့်ဘက်မှ လှိုင်းလုံးများ လာပါစေ သူတို့မှာ မလှုပ်မယှက် ရှိနေကြတော့သည်။

“ဒါက... ကိုးဘုံငရဲ ရေခဲမီးလျှံလား”

“ဘယ်သူက ကိုးဘုံငရဲ ရေခဲမီးလျှံကို ထိန်းချုပ်နိုင်တာလဲ။” အောင်းကျင်း၏ အသံမှာ တုန်ရီနေသည်။

နဂါးစစ်မှန် သူတော်စင်နယ်မြေ၏ အားအကောင်းဆုံး အထွတ်အထိပ် ပညာရှင် ဖြစ်သလို အောင်းထျန်းထက်ပင် သက်တမ်းပိုရင့်သူ ဖြစ်သဖြင့် သူသည် ကိုးဘုံငရဲ ရေခဲမီးလျှံနှင့် ကိုးထပ်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးလျှံတို့ကဲ့သို့သော နတ်ဘုရား ရတနာများ တည်ရှိမှုကို သဘာဝကျကျ သိရှိထားသည်။ ၎င်းတို့ကို ထိန်းချုပ်ရန် မည်မျှ ခက်ခဲသည်ကိုလည်း သူ နားလည်သည်။ ၎င်းမှာ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့သော မဟာတောရိုင်း အရှင်သခင်ကြီးပင် မလုပ်ဆောင်နိုင်ခဲ့သည့် အရာ ဖြစ်၏။

ဘယ်သူကများ ဒါကို လုပ်နိုင်တာလဲ။

လူရိပ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

“အားလုံးပဲ... မင်းတို့ကို ခေါ်ထုတ်သွားဖို့ ငါ ရောက်လာပြီ”

ရှန်မိုမှ လေးနက်စွာ ပြောလိုက်ပြီး သူ၏ လက်ကို ကမ်းပေးလိုက်သည်။

“လူသား အထွတ်အထိပ် ပညာရှင်လား” နဂါးဝိညာဉ်များမှာ အံ့အားသင့်သွားကြရ၏။

အောင်းကျင်း ရိုသေစွာဖြင့်

“မိတ်ဆွေလေး... မင်းရဲ့ နာမည်ကို မေးလို့ ရမလား”

ရှန်မို ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

“လူသားမျိုးနွယ်က ရှန်မိုပါ”

အောင်းကျင်း လေးလေးနက်နက်ဖြင့်

“အောင်းကျင်းအနေနဲ့ နဂါးစစ်မှန် သူတော်စင်နယ်မြေက နဂါးမျိုးနွယ်ဝင် သုံးသောင်းကို ကိုယ်စားပြုပြီး မိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်”

ထိုစဉ်မှာပင် ပြင်းထန်လှသော နတ်ဆိုးစွမ်းအားများမှာ အပြင်ဘက်မှ ရုတ်တရက် တိုးဝင်လာခဲ့သည်။ ပင်လယ်ရေမှာ နောက်တစ်ကြိမ် ထပ်မံ မှောင်မည်းသွားခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုမှာ သူတို့ရှေ့တွင် ပေါ်လာတော့မည့်အတိုင်းပင်။

အောင်းကျင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး

“မိတ်ဆွေလေး... ငါတို့ မြန်မြန် ထွက်သွားရမယ်… ဒီနေရာကို နတ်ဆိုးမျိုးနွယ်တွေ ဝိုင်းထားတာ သေချာတယ်… ငါတို့ နောက်ကျသွားရင် သူတို့တွေ အုပ်စုလိုက် ရောက်လာကြလိမ့်မယ်”

“ငါတို့ သေတာက ကိစ္စမရှိဘူး… မင်းကိုတော့ အထိခိုက်မခံနိုင်ဘူး”

အောင်းကျင်း၏ အတွေးမှာ ရိုးရှင်းပါသည်။

သူ၏ရှေ့တွင် ရှိနေသော ဤလူသား အထွတ်အထိပ် ပညာရှင်လေးသည် ကိုးဘုံငရဲ ရေခဲမီးလျှံကို ထိန်းချုပ်နိုင်သူ ဖြစ်သဖြင့် နတ်ဆိုးမျိုးနွယ်တို့၏ အဓိက ရန်သူတော်ကြီး ဖြစ်နေသည်။ သူတို့ သေသွားပါစေ၊ ရှန်မို့ကိုမူ အထိခိုက်မခံနိုင်ပေ။

သို့သော် ရှန်မို ရယ်မောလိုက်ပြီး

“အားလုံးပဲ... စိတ်မပူကြပါနဲ့… အထွတ်အထိပ် ပညာရှင်တွေ အားလုံး ရောက်နေကြပါပြီ”

ထိုစကားနှင့်အတူ ယူမျိုးနွယ်စု နတ်ဆိုးများမှာ အုပ်စုလိုက် တိုးဝင်လာကြသည်။

သူတို့သည် ရှန်မိုနှင့် နဂါးဝိညာဉ်များရှိရာသို့ ဦးတည် တိုက်ခိုက်လာကြ၏။

သူတို့ကို နတ်ဆိုး အထွတ်အထိပ် ပညာရှင် သုံးဦးက ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

စောင့်ဆိုင်းနေကြသော အထွတ်အထိပ် ပညာရှင်များမှာလည်း အတူတကွ တိုက်ခိုက်လိုက်ကြသည်။

“ငါ တကယ် မထင်ထားဘူး… နဂါးဝိညာဉ်တွေက တကယ်ပဲ ဒီမှာ ရှိနေတာပဲ”

“နတ်ဆိုး အထွတ်အထိပ် ပညာရှင် သုံးယောက်တောင် ဒီနေရာကို စောင့်နေလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး”

“ဒီနေ့တော့ ငါတို့ ဒီ ယူမျိုးနွယ်စု နတ်ဆိုးတွေကို အတူတူ သတ်ကြတာပေါ့… အနောက်ပိုင်း နစ်မြုပ်ပင်လယ်ရဲ့ နတ်ဆိုးကပ်ဘေးတွေကို အမြစ်ပြတ် ချေမှုန်းကြစို့”

All Chapters