အခန်း (၇၂၇-၇၂၉)
Vol. 49 Ch. 727-729
Chapter 727: အခုပဲ တိုက်ခိုက်မယ်
ချန်းယွမ် အင်ပါယာမင်းဆက်၊ နန်းတော်။
ဘေးဘက် အဆောင်တစ်ခုအတွင်း၌။
ရှန်မိုနှင့် မူယုံးယွဲ့တို့သည် ရင်းနှီးနွေးထွေးသော ညတစ်ညကို အတူတူ ကုန်ဆုံးခဲ့ကြသည်။
မူယုံးယွဲ့မှာ အတိတ်အကြောင်းအရာများကို အရှည်ကြီး ပြောပြနေခဲ့သည်။
ရှေးဟောင်းပြည်နယ် ကောင်းကင်နှင့် မြေကြီးတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကိုပင်။
ရှန်မို ရုတ်တရက် ပျောက်ကွယ်သွားခဲ့ချိန်မှစ၍ မူယုံးယွဲ့က ကျောက်စိမ်းဂိုဏ်းကို လွှဲပြောင်းတာဝန်ယူခဲ့ပုံ၊ ကျောက်စိမ်းဂိုဏ်းက အခြားဂိုဏ်းများ၏ ပုန်ကန်မှုများကို နှိမ်နင်းခဲ့ပုံ... ထိုအကြောင်းအရာများမှာ များပြားလွန်းသဖြင့် စာရင်းပြုစုရန်ပင် ခက်ခဲလှသည်။
ရှန်မိုကလည်း မြင့်မြတ်သည့် ရွှမ်ကောင်းကင်နှင့် မြေကြီးတွင် သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို မူယုံးယွဲ့အား ပြန်ပြောပြခဲ့၏။ ကောင်းကင်တောင်ဘက် ကျွန်းစုများ၊ စိမ်းလန်းသော ဂူဗိမာန်၊ အရှေ့ပိုင်းပြည်နယ် ကောင်းကင်နှင့် မြေကြီး၊ ကျယ်ပြောလှသော မန်ချန်းတောင်တန်း၊ အထွတ်အထိပ် ပညာရှင်အဖြစ် တက်လှမ်းခြင်း၊ အနောက်ပိုင်း နစ်မြုပ်ပင်လယ် ဒေသ... မူယုံးယွဲ့မှာ အသက်ရှူပင် မဝဘဲ နားထောင်နေခဲ့သည်။ သူ့ ရင်ထဲတွင်လည်း ခံစားချက်များမှာ အတက်အကျ ဖြစ်နေခဲ့၏။ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။
ရှန်မိုမှ မူယုံးယွဲ့၏ ချစ်စရာကောင်းသော နှာခေါင်းလေးကို အသာအယာ ဆွဲလိုက်ပြီး
“နောက်တစ်ခါ ဘယ်တော့မှ ခွဲမသွားတော့ဘူး”
မူယုံးယွဲ့ လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး
“အင်း... နောက်တစ်ခါ ဘယ်တော့မှ ခွဲမသွားတော့ဘူး”
...
ရှန်မိုသည် သုံးရက်မျှသာ အနားယူခဲ့ပြီး ထို့နောက် အထွတ်အထိပ် ပညာရှင်အားလုံးကို စုဝေးစေခဲ့သည်။ “မိတ်ဆွေလေး ရှန်မို... နတ်ဆိုးမျိုးနွယ်တွေရဲ့ တိုက်စစ်က လောလောဆယ် ငြိမ်သက်သွားပြီ… ကျန်ရှိနေတဲ့ နတ်ဆိုးကပ်ဘေးတွေကလည်း နေရာအနှံ့မှာ ဒုက္ခပေးနေတုန်းပဲ… ဒါက အင်အားပြန်ဖြည့်ရမယ့် အချိန်လေ… ဘာလို့ ငါတို့ကို အခု စုခိုင်းရတာလဲ”
လဲ့တောက်ဟန် ဇဝေဇဝါ ဖြစ်နေပုံရသည်။
သူသည် ရှန်မို၏ အစွမ်းအစအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိ၏။ ရှန်မို၏ စရိုက်ကိုလည်း ယုံကြည်သည်။ ထို့ကြောင့်ပင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခြားသော အထွတ်အထိပ် ပညာရှင်များထဲမှ ရှန်မိုကို တန်ဖိုးထားပြီး ခင်မင်လိုသူများမှာ ကိုယ်တိုင် ရောက်ရှိလာကြသည်။ အချို့မှာမူ သူတို့၏ ပုံရိပ်ယောင်များကိုသာ လွှတ်ခဲ့ကြပြီး အသံနှင့် ပုံရိပ် ထုတ်လွှင့်နိုင်သည့် ကျောက်စိမ်းပြားများသာ ရောက်ရှိလာခဲ့သည်။
ရှန်မို လေးနက်စွာဖြင့်
“နတ်ဆိုးမျိုးနွယ်တွေရဲ့ တိုက်စစ် ငြိမ်သွားတာက အယောင်ပြသက်သက်ပါ”
“ခွမ်းမျိုးနွယ်စု နတ်ဆိုးတွေရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ခဲ့တာလား… မနိုင်ခဲ့တာလားဆိုတာက သူတို့အတွက် အရေးမကြီးပါဘူး”
“သူတို့က အဓိက တိုက်စစ်ဆင်တဲ့ အပိုင်း မဟုတ်လို့ပဲ”
ထိုစကားကို ကြားလိုက်ရသည့်အခါ လဲ့တောက်ဟန်၊ အောင်းထျန်း၊ ရှန့်ကူ၊ ဟူချင်းနှင့် အခြား အထွတ်အထိပ် ပညာရှင်များ အားလုံးမှာ မှင်သက်သွားကြသည်။ နတ်ဆိုး အထွတ်အထိပ် ပညာရှင် သုံးဦး၊ နတ်ဆိုး သိန်းနှင့်ချီ ပါဝင်တဲ့ ခွမ်းမျိုးနွယ်စု တိုက်စစ်က အဓိက မဟုတ်ဘူးတဲ့လား။
သူတို့က ချန်းယွမ် အင်ပါယာမင်းဆက်ကို ကြောက်စရာကောင်းတဲ့ ဖျက်ဆီးမှုတွေတောင် လုပ်သွားခဲ့ကြတာလေ။
ဒါတောင် ဒါက အဓိက မဟုတ်သေးဘူးပေါ့။
ရှန်မို အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်ပြီး
“နတ်ဆိုးမျိုးနွယ်တွေရဲ့ ပစ်မှတ်က အမြဲတမ်း သူတော်စင်အဆင့်တွေပဲ ဖြစ်ခဲ့တာ”
“သူတို့က သူတော်စင်တွေကို သတ်ဖို့ ကြံစည်နေကြတာ”
အထွတ်အထိပ် ပညာရှင် အားလုံး မျက်မှောင်ကြုတ်သွားကြသည်။
သူတော်စင်ကို သတ်မယ်လား။
မြင့်မြတ်သည့် ရွှမ်ကောင်းကင်နှင့် မြေကြီးပေါ်မှ ဤနတ်ဆိုးမျိုးနွယ်စုခွဲမှာ အင်အားကြီးမားလှသည်။ ခွန်အားလည်း ကောင်းသလို အသေခံ တိုက်ခိုက်ရေးသမားများလည်း အများကြီး ရှိသည်။
ထို့အပြင် မျိုးနွယ်စုတိုင်းမှာ မဟာလမ်းစဉ် သူတော်စင် ရတနာ တစ်ခုစီ ရှိကြသည်။
ဒါက အမှန်တရားပင်။
သို့သော် သူတော်စင်အဆင့်မှာ အလွန်အမင်း အစွမ်းထက်လှသည်။ သူတို့၏ လက်ဟန် တစ်ချက်တိုင်းမှာ ကောင်းကင်နှင့် မြေကြီး၏ နိယာမများကို ထိန်းချုပ်နိုင်သည်။ ၎င်းပြင် သူတို့
လောကအနှံ့ လှည့်လည်သွားလာနေကြသဖြင့် ဘယ်မှာ ရှိနေမှန်းပင် မသိနိုင်ပေ။
နတ်ဆိုးမျိုးနွယ်တွေက သူတော်စင်ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။
ဝင်စားခြင်း သူတော်စင်နယ်မြေမှ အထွတ်အထိပ် ပညာရှင် ရှန်းကွမ်းယွန်း ခေါင်းကုပ်လိုက်ပြီး
“မိတ်ဆွေလေး ရှန်မို... ဒါကို မင်းက ဘယ်လိုလုပ် သိနေရတာလဲ”
ရှန်မို တည်ငြိမ်စွာဖြင့်
“ကျွန်တော့်မှာ ထူးခြားတဲ့ ကြိုတင်သိမြင်နိုင်စွမ်း ရှိတယ်”
“ဒီတစ်ခါ မြင့်မြတ်သည့် ရွှမ်နတ်ဆိုးမျိုးနွယ်တွေ ပစ်မှတ်ထားတာက ကောင်းကင် အဆောင်အယောင် နိယာမဂိုဏ်းက သူတော်စင် ဘိုးဘေး ဖူကျူ နဲ့ ရွှမ်ရင် ဂူဗိမာန် က ဘိုးဘေး ကိုးဆင့်ယင် သူတော်စင် တို့ပဲ”
“ဒီလူကြီး နှစ်ယောက်က နတ်ဆိုးမျိုးနွယ်တွေကို အမြစ်ပြတ် ချေမှုန်းမယ့် နည်းလမ်းကို ရှာဖို့ အပြင်ထွက်သွားရင်း နတ်ဆိုးသူတော်စင် တစ်ယောက် ခင်းထားတဲ့ ထောင်ချောက်ထဲကို ကျသွားခဲ့တာ” “မြင့်မြတ်သည့် ရွှမ်နတ်ဆိုးမျိုးနွယ်တွေရဲ့ တိုက်စစ်ဆိုတာက ငါတို့ရဲ့ အာရုံကို လွှဲဖို့သက်သက်ပဲ… အဲဒီ သူတော်စင် ဘိုးဘေး နှစ်ယောက် အဖမ်းခံထားရတာကို ငါတို့ သတိမထားမိအောင် လုပ်တာ”
ရှန်မို ဆက်ပြောလေသည်။
“တကယ်တမ်းတော့ မြင့်မြတ်သည့် ရွှမ်နတ်ဆိုးသူတော်စင်ဟာ မဟာလမ်းစဉ် သူတော်စင် ရတနာကို ယူပြီး သူတော်စင်တွေကို သတ်ဖို့ ပြင်ဆင်နေလောက်ပြီ”
အအေးဓာတ် ကပ်ဘေး သူတော်စင်နယ်မြေမှ အထွတ်အထိပ် ပညာရှင်မှ ရုတ်တရက် ပြောလိုက်သည်။
“အဲဒါကို ငါ သိပါတယ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ခွမ်းမျိုးနွယ်စု နတ်ဆိုးနယ်မြေရဲ့ အထက်မှာ ထူးဆန်းတဲ့ တုန်ခါမှုတွေ ရှိခဲ့တယ်… အစွမ်းထက်တဲ့ အင်အားတစ်ခုခုကို ထုတ်ယူလိုက်သလိုမျိုးပဲ”
အနောက်ပိုင်း နစ်မြုပ်ပင်လယ်၏ အရှင်သခင် အောင်းထျန်းကလည်း လေးနက်စွာဖြင့်
“ယူမျိုးနွယ်စု နတ်ဆိုးနယ်မြေ အထက်မှာလည်း စွမ်းအားတွေ ပျောက်ကွယ်သွားခဲ့တယ်… မဟာလမ်းစဉ် သူတော်စင် ရတနာတစ်ခုကို ယူသွားတာ ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှိနေသမျှ အထွတ်အထိပ် ပညာရှင် အားလုံး တိတ်ဆိတ်သွားကြသည်။ ရှန်မို ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်နေသည်။ နတ်ဆိုးမျိုးနွယ်တွေက အနည်းဆုံး မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခုကို ယူသွားကြပြီ။ သေသေချာချာ ပြင်ဆင်မထားဘဲနဲ့ မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခုလုံးကို သူတို့ ဘယ်တော့မှ ရွှေ့ရဲမှာ မဟုတ်ဘူး။ ဒါက သူတို့ရဲ့ အခြေစိုက်စခန်းကို ကာကွယ်မှုမရှိအောင် ပစ်ထားသလို ဖြစ်နေတာလေ။ အကယ်၍ လူမျိုးစုကြီး သုံးခုကသာ ဒါကို သိသွားမယ်ဆိုရင် အမှားတစ်ချက်က သူတို့အတွက် အဆုံးမရှိတဲ့ ဘေးဒုက္ခ ဖြစ်သွားနိုင်တယ်။
“ငါတို့ အဲဒီ ဘိုးဘေး နှစ်ယောက်ကို သွားမကယ်ဘူး”
“အဲဒီအစား ဒီအခွင့်အရေးကို သုံးပြီး နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံကို အလစ်အငိုက် တိုက်ခိုက်ကြမယ်”
ရှန်မို မြေပုံတစ်ခုကို ဖြန့်လိုက်ပြီး မြင့်မြတ်သည့် ရွှမ်တိုက်ကြီး၏ အမြောက်ဘက်ဆုံး အစွန်ကို လက်ညှိုးထိုးလိုက်သည်။
ရှန်မို မူယုံးယွဲ့၏ အနားသို့ ပြန်လာခဲ့၏။ သူသည် မူယုံးယွဲ့ကို ကြည့်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
မူယုံးယွဲ့ ကျောချမ်းသွားပြီး
“မိုလေး... မင်း ဘာကို ကြည့်နေတာလဲ”
ရှန်မို ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ကျွန်တော့်မှာ မေးစရာ ရှိတယ်… ငါတို့ နှစ်ယောက် တိမ်လွှာနှင့် မိုးစက်တွေကြား ပျော်မြူးနေကြတုန်းက စီနီယာ နတ်ဘုရား ဖီးနစ်ကြီးကလည်း စောင့်ကြည့်နေတာလား”
မူယုံးယွဲ့ အံ့အားသင့်သွားပြီး
“ငါ့ဆီမှာ စီနီယာ နတ်ဘုရား ဖီးနစ်ရဲ့ ဝိညာဉ်အပိုင်းအစ ရှိနေတာကို မင်း ဘယ်လို သိတာလဲ”
ရှန်မို အဖြေမပေးဘဲ ပြုံးနေခဲ့သည်။
ထိုဝိညာဉ် အကြွင်းအကျန်သည် မူယုံးယွဲ့အား 'ကောင်းကင်ငိုကြွေး နတ်ဘုရားဖီးနစ် ကျမ်းစာစစ်' ကို တစ်ခါက သင်ကြားပေးခဲ့ဖူးသည်။ နတ်ဆိုးသူတော်စင် နတ်ဘုရားဖီးနစ်၏ ဝိညာဉ် ခွဲထုတ်ခြင်း အတတ်ကိုပါ ပေါင်းစပ် စဉ်းစားလိုက်လျှင် မူယုံးယွဲ့၏ စိတ်ထဲတွင် ရှိနေပြီး သူ့ကို အမြဲတမ်း ကူညီပေးနေသည့် အရာမှာ အခြားမဟုတ်ဘဲ နတ်ဘုရားဖီးနစ်၏ ဝိညာဉ်အပိုင်းအစ ဖြစ်ကြောင်း သူ သိရှိခဲ့ခြင်း ဖြစ်သည်။
“ဟွန်း... ကောင်လေး… မင်း တကယ်ကို ပါးနပ်တာပဲ”
မူယုံးယွဲ့၏ ခန္ဓာကိုယ်ထဲမှ ကြည်လင်အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရှန်မို လက်နှစ်ဖက်ကို ဆုပ်ကာ ဂါရဝပြုလိုက်ပြီး
“ဂျူနီယာ ရှန်မိုက စီနီယာ နတ်ဘုရား ဖီးနစ်ကို ဂါရဝပြုပါတယ်”
နတ်ဆိုးသူတော်စင် တစ်ဦးဖြစ်သည့်အတွက် ဤစီနီယာကို သူ ရိုသေမှု ပြသရမည်ပင်။
“မင်းတို့ ဂျူနီယာ နှစ်ယောက် တိမ်လွှာနှင့် မိုးစက်တွေကြား ပျော်မြူးနေတာကို ဒီသူတော်စင်က ဘာလို့ ချောင်းကြည့်ရမှာလဲ”
“မင်းက အမြဲတမ်း လူအ သလို ဟန်ဆောင်နေပြီးတော့ ဒီနေ့ကျမှ ဘာလို့ ထုတ်ပြောတာလဲ”
နတ်ဘုရား ဖီးနစ်မှ ခပ်အေးအေး နှာခေါင်းရှုံ့လိုက်သည်။
ရှန်မို ခပ်တိုးတိုး ရယ်မောလိုက်ပြီး
“စီနီယာ နတ်ဘုရား ဖီးနစ်... စီနီယာအနေနဲ့ မြင့်မြတ်သည့် ရွှမ်ကောင်းကင်နှင့် မြေကြီးကို ပြန်လာလို့ ရမလားလို့ မေးချင်လို့ပါ”
Chapter 728: နတ်ဆိုးနယ်မြေတွင် အကုန်သတ်ဖြတ်ခြင်း
နတ်ဘုရားဖီးနစ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး
“မြင့်မြတ်သည့် ရွှမ်ကောင်းကင်နှင့် မြေကြီးကို ပြန်လာရမယ် ဟုတ်လား… ဘာလို့ ပြန်လာရမှာလဲ”
ရှန်မို သူ၏ အစီအစဉ်ကို ချက်ချင်းပင် ရှင်းပြလိုက်သည်။ ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ နတ်ဆိုးသူတော်စင်များ၏ ထောင်ချောက်အတွင်း ပိတ်မိနေသည့် သတင်းကိုလည်း ပြောပြလိုက်သည်။
နတ်ဘုရားဖီးနစ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“ဖူကျူ… ကိုးဆင့်ယင်… ငါက သူတို့နဲ့ ဘာခင်မင်မှုမှ ရှိတာမဟုတ်ဘူး… ငါက ဘာလို့ သူတို့ကို ကယ်ရမှာလဲ”
“ကောင်လေး... မင်းက အထွတ်အထိပ် ပညာရှင်အဆင့်ပဲ ရှိသေးတာ… သူတော်စင်အဆင့်တွေရဲ့ ကိစ္စထဲကို ဘာလို့ ဝင်ပါနေတာလဲ”
ရှန်မို တည်ငြိမ်စွာပင် ပြန်လည် ဖြေကြား၏။ “နတ်ဆိုးမျိုးနွယ်တွေကို ခုခံဖို့ဆိုတာ ရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပါ”
“အကယ်၍ နတ်ဆိုးမျိုးနွယ်တွေသာ အင်အားကြီးလာမယ်ဆိုရင် ကျယ်ပြောလှတဲ့ လောကကြီးထဲက ဘယ်လူမျိုးစုမှ ဘေးကင်းမှာ မဟုတ်တော့ဘူး… အားလုံးဟာ သူတို့ရဲ့ ဖျက်ဆီးမှုကို ခံရပါလိမ့်မယ်”
“ကျွန်တော်က ဘယ်လောက်ပဲ အေးအေးဆေးဆေးနဲ့ သက်တမ်းရှည်အောင် နေချင်ပါစေ… နတ်ဆိုးတွေရဲ့ အညစ်အကြေး စွန်းထင်တာ ဒါမှမဟုတ် အသတ်ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“အထွတ်အထိပ် ပညာရှင်တစ်ယောက်က သူတော်စင်အဆင့်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဘာလို့ စိုးရိမ်ပူပန်လို့ မရရမှာလဲ”
“စီနီယာ နတ်ဘုရားဖီးနစ်... စီနီယာရဲ့ စကားတွေက ဘက်လိုက်လွန်းနေပါတယ်”
နတ်ဘုရားဖီးနစ် တိတ်ဆိတ်သွားသည်။
အတော်ကြာမှ သူ အသံထွက်လာသည်။
“ကောင်းပြီလေ… ဒီသူတော်စင်က သဘောတူပါတယ်”
ရှန်မို ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး “ကျေးဇူးတင်ပါတယ် စီနီယာ နတ်ဘုရားဖီးနစ်”
နတ်ဘုရားဖီးနစ် စကားပြောလိုက်သည့် အခိုက်အတန့်မှာပင် ဤနတ်ဆိုးသူတော်စင်သည် အမှန်တကယ် ကူညီလိုစိတ် ရှိနေကြောင်း သူ သိလိုက်သည်။ သူသည် စကားနာထိုးနေရုံသာ ဖြစ်၏။ ၎င်းပြင် နတ်ဆိုးမျိုးနွယ်ကို ခုခံခြင်းမှာ လူမျိုးစုအားလုံး၏ တာဝန်ပင် မဟုတ်ပါလား။ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့ကြားတွင် ပဋိပက္ခ အနည်းငယ် ရှိနိုင်သော်လည်း နတ်ဆိုးများကို တိုက်ခိုက်သည့် နေရာတွင်မူ သူတို့ လက်တွဲရမည် ဖြစ်သည်။ အကယ်၍ ဖူကျူနှင့် ကိုးဆင့်ယင်တို့သာ ကျဆုံးသွားခဲ့လျှင် လူမျိုးစုတိုင်းအပေါ် သက်ရောက်မှုက အလွန်ကြီးမားပြီး နက်ရှိုင်းပေလိမ့်မည်။ တစ်ဖက်တွင်လည်း နတ်ဆိုးမျိုးနွယ်တို့၏ စိတ်ဓာတ်မှာ အလွန်အမင်း မြင့်တက်သွားပေလိမ့်မည်။
“ဒီသူတော်စင်က နဂါးလိပ် နဲ့ ဆင်ဘိုးဘေးတို့ ဘယ်မှာ ရှိနေသလဲဆိုတာ သိတယ်… သူတို့လည်း ငါ့ကို ကူညီနိုင်ကြလိမ့်မယ်”
နတ်ဘုရားဖီးနစ်မှ အမှတ်မထင် ပြောလိုက်သည်။
“မင်း လုပ်ရမှာက နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံထဲကို အတင်းဝင်တိုက်ဖို့ပဲ… အဲဒီမှာ စောင့်ကြပ်နေတဲ့ နတ်ဆိုးသူတော်စင် ထွက်လာအောင် မျှားထုတ်နိုင်ရင် လုံလောက်ပြီ”
ရှန်မို လက်နှစ်ဖက်ကို ဆုပ်ကာ ဂါရဝပြုပြီး “နားလည်ပါပြီ”
...
တစ်လအကြာတွင်။
အထွတ်အထိပ် ပညာရှင်များသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများကို ဖြတ်ကျော်ကာ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
အလယ်ပိုင်းပြည်နယ်နှင့် မြောက်ပိုင်းပြည်နယ်ကြားတွင် ဧရာမ ချောက်ကမ်းပါးကြီးတစ်ခု ရှိ၏။ ချောက်ကြီး၏ တောင်ဘက်မှာ အလယ်ပိုင်းပြည်နယ်ဖြစ်ပြီး စိမ်းလန်းသော တောင်တန်းများ၊ ငှက်သံများနှင့် ပန်းရနံ့များဖြင့် သာယာလှသည်။ ချောက်ကြီး၏ မြောက်ဘက်မှာမူ မြောက်ပိုင်းပြည်နယ်၏ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံ ဖြစ်ပြီး ထူးဆန်းဆိုးသွမ်းသော ပုံစံများ၊ ပိတ်မိနေသော နတ်ဆိုးစွမ်းအားများဖြင့် ဖုံးလွှမ်းနေသည်။
ရှန်မို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်လိုသော အကြည့်များဖြင့် ကြည့်နေသည့် နတ်ဆိုးသားရဲ အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ သူတို့၏ ပါးစပ်များမှ သွားရည်များပင် တောက်တောက်ကျနေ၏။ အင်အားချင်း အဆမတန် ကွာခြားနေလင့်ကစား သူတို့မှာ ကြောက်ရွံ့ခြင်း မရှိဘဲ အထွတ်အထိပ် ပညာရှင်များကို စူးစိုက်ကြည့်နေကြသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက မီးတောက်ဧကရာဇ် နှင့် စစ်ဘိုးဘေး ကဲ့သို့သော သူတော်စင်အဆင့် ပညာရှင်များသည် နတ်ဘုရား-နတ်ဆိုး စစ်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နတ်ဆိုးမျိုးနွယ်များကို မြောက်ပိုင်းပြည်နယ်သို့ မောင်းထုတ်ခဲ့ကြသည်။ ဤချောက်ကမ်းပါးကြီးမှာလည်း မီးတောက်ဧကရာဇ်နှင့် စစ်ဘိုးဘေးတို့ ပူးပေါင်းကာ ခုတ်ပိုင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုချောက်ကြီးအတွင်း၌ သူတော်စင်အဆင့် ပညာရှင်တိုင်း၏ စွမ်းအားများ ကိန်းအောင်းနေသဖြင့် နတ်ဆိုးစွမ်းအားများ တောင်ဘက်သို့ မပြန့်နှံ့အောင် တားဆီးထားနိုင်ခြင်း ဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချောက်ကြီး၏ စွမ်းအားများမှာ သိသိသာသာ လျော့နည်းလာခဲ့သည်။ ထို့ကြောင့် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံမှ နတ်ဆိုးစွမ်းအား အကြွင်းအကျန်များမှာ ပြည်နယ်အသီးသီးသို့ ပျံ့နှံ့ဝင်ရောက်နိုင်ခဲ့ပြီး သူလျှိုများကို လျှို့ဝှက်ထားရှိကာ နတ်ဆိုးကပ်ဘေးများကို ဖန်တီးခဲ့ကြခြင်း ဖြစ်၏။ ယခုအခါ ချောက်ကြီး၏ ချိတ်ပိတ်စွမ်းအားများမှာ အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ အကယ်၍ မကြာမီ မပြင်ဆင်နိုင်ပါက နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံသည် တောင်ဘက်သို့ အလုံးအရင်းနှင့် စီးဝင်လာပေလိမ့်မည်။
လူမျိုးစုအားလုံးမှာ အချိန်အတော်ကြာအောင် ပေါ့လျော့နေခဲ့ကြသည်။ နတ်ဆိုးမျိုးနွယ်နှင့် နှိုင်းယှဉ်လျှင် သူတို့တွင် အသာစီးရမှု မရှိပေ။
အောင်းထျန်း ရှေ့သို့ လှမ်းထွက်လာပြီး
“ငါ့ရဲ့ နဂါးမျိုးနွယ်က အရင် စတိုက်မယ်”
သူ ဟိန်းဟောက်လိုက်ရာ သွေးစွမ်းအားများ အပြင်သို့ ပွင့်ထွက်လာပြီး ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပုံပေါ်လာသည်။ ၎င်းမှာ ချောက်ကြီး၏ တစ်ဖက်ကမ်းရှိ နတ်ဆိုးနယ်မြေသို့ ပြင်းထန်စွာ ဆင်းသက်သွားခဲ့၏။
ဝုန်း! ဝုန်း! ဝုန်း!
သွေးစွမ်းအားများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မရေမတွက်နိုင်သော နတ်ဆိုးသားရဲများမှာ မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အောင်းထျန်း၏ ဦးဆောင်မှုမှာ စတင်တိုက်ခိုက်ရန် အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အခြားသော အထွတ်အထိပ် ပညာရှင်များလည်း တစ်ဦးပြီးတစ်ဦး တိုက်ခိုက်လိုက်ကြ၏။ စိတ်ဝိညာဉ်စွမ်းအား နည်းစနစ်များနှင့် သွေးစွမ်းအား နည်းစနစ်များမှာ ကောင်းကင်ယံ၌ ဥက္ကာခဲများကဲ့သို့ ဖြတ်သန်းသွားကြပြီး နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ ဗုံးကြဲလိုက်သကဲ့သို့ ကျရောက်သွားခဲ့သည်။
ဝူး!
လဲ့တောက်ဟန်သည် လေထဲသို့ ရုတ်တရက် ပျံတက်လိုက်ပြီး ချောက်ကြီးကို ဖြတ်ကာ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
“ဒီအဖိုးကြီး လဲ့တောက်ဟန်က အရှေ့ဆုံးက ဦးဆောင်မယ်”
အောင်းထျန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ငါလည်း လာပြီ”
အထွတ်အထိပ် ပညာရှင် ပိုင်၊ ရှန့်ကူ၊ ဟူချင်းနှင့် အခြားသူများမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြပြီး နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ စီးနင်းဝင်ရောက်သွားကြတော့သည်။
ရှန်မိုကလည်း သူတို့၏ နောက်ကွယ်မှ ပါလာခဲ့သည်။ သူ နတ်ဆိုးဓား 'ခွမ်းထု' ကို ကိုင်စွဲလျက် ရန်သူအားလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။ နတ်ဆိုးနယ်မြေပေါ်တွင် ရှိသမျှ အားလုံးကို သတ်ပစ်၍ ရပေသည်။
အထွတ်အထိပ် ပညာရှင်များ၏ ရုတ်တရက် ကျူးကျော်ဝင်ရောက်မှုကြောင့် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံမှာ ချက်ချင်းပင် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားလိုက်ရသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးများနှင့် နတ်ဆိုးသတ္တဝါ အားလုံးမှာ ချွင်းချက်မရှိ သေဆုံးသွားကြ၏။ သာမန် နတ်ဆိုးများမှာ အထွတ်အထိပ် ပညာရှင်များကို ယှဉ်နိုင်စွမ်း မရှိကြပေ။ သူတို့မှာ ထိတ်လန့်တကြား ထွက်ပြေးရုံသာ ရှိပြီး နောက်ဆုံးတွင်လည်း အထွတ်အထိပ် ပညာရှင်များ၏ နည်းစနစ်များအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြရသည်။
အထွတ်အထိပ် ပညာရှင်များသည် အပေးအယူ မျှမျှတတဖြင့် လှုပ်ရှားကြသည်။ သူတို့သည် နတ်ဆိုးမျိုးနွယ်စု ငါးခုကို ခွဲခြားပြီး တိုက်ခိုက်ခြင်း မပြုကြပေ။ ထို့အစား ခွမ်းမျိုးနွယ်စု၊ ယူမျိုးနွယ်စုနှင့် ဟွေ့မျိုးနွယ်စုတို့ကိုသာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ အလောင်းကောင်မျိုးနွယ်စုနှင့် အရိပ်မျိုးနွယ်စုတို့၏ နယ်မြေများအတွင်းသို့မူ တမင်တကာ ရှောင်ရှားပြီး မဝင်ရောက်ကြပေ။
သို့သော် နတ်ဆိုးမျိုးနွယ်တို့၏ တုံ့ပြန်မှုမှာ အံ့သြစရာကောင်းလောက်အောင် နှေးကွေးနေခဲ့သည်။ ဤအခြေအနေကို သူတို့ တုံ့ပြန်ရန်အတွက် သုံးရက်တိတိ အချိန်ယူခဲ့ရ၏။ မကြာမီမှာပင် ရှန်မိုနှင့် အခြား အထွတ်အထိပ် ပညာရှင်များသည် နတ်ဆိုး အထွတ်အထိပ် ပညာရှင်များနှင့် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲလိုက်ကြရသည်။
လူမျိုးစုကြီး သုံးခုမှ အထွတ်အထိပ် ပညာရှင် အရေအတွက်မှာ နည်းပါးသော်လည်း အပေးအယူ မျှတပြီး သေသေချာချာ ပြင်ဆင်လာခဲ့ကြခြင်း ဖြစ်သည်။ နတ်ဆိုး အထွတ်အထိပ် ပညာရှင်များမှာ အရေအတွက် များသော်လည်း အုပ်စုများ ကွဲနေကြပြီး ကိုယ်စီ အကြံအစည်များ ရှိနေကြသည်။
အချို့သော နတ်ဆိုး အထွတ်အထိပ် ပညာရှင်များသည် ဂုဏ်ယူဝင့်ကြွားနိုင်ရန်အတွက် လူမျိုးစုကြီး သုံးခုမှ အထွတ်အထိပ် ပညာရှင်များကို တစ်ဦးတည်း လက်ရဖမ်းဆီးချင်နေကြ၏။ အချို့ကမူ သတ်ပစ်ချင်ကြရုံသာ ဖြစ်ပြီး အချို့ကမူ ဤအထွတ်အထိပ် ပညာရှင်များကို အသုံးချကာ သူတို့၏ ပြိုင်ဘက်များကို တိုက်ခိုက်ရန် ကြံစည်နေကြသည်။ ရှန်မိုသည် နတ်ဆိုး အထွတ်အထိပ် ပညာရှင်တို့၏ သဘောသဘာဝကို ကြာမြင့်စွာကတည်းက မြင်တွေ့ထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံကို တိုက်ခိုက်မည့် အစီအစဉ်ကို တင်ပြဝံ့ခြင်း ဖြစ်သည်။
“နတ်ဆိုး အထွတ်အထိပ် ပညာရှင်တွေ ပိုပြီး ပေါ်လာနေပြီ… ဆုတ်ကြရအောင်”
ရှန့်ကူ၏ နတ်ဆိုးများကို သိမြင်နိုင်စွမ်းမှာ အထူးပင် ထက်မြက်လှသည်။ နတ်ဆိုး အထွတ်အထိပ် ပညာရှင်များ ပိုမို ချဉ်းကပ်လာသည်ကို သိရှိလိုက်ရသည်နှင့် သူ အခြားသူများထံသို့ ချက်ချင်း အချက်ပြလိုက်သည်။ ထိုအချက်ပြမှုကို လက်ခံရရှိလိုက်သည်နှင့် ရှန်မိုသည်လည်း ချက်ချင်းပင် နောက်သို့ ဆုတ်ခွာလိုက်သည်။ အခြားသော အထွတ်အထိပ် ပညာရှင်များမှာလည်း ရှန်မို၏ နောက်မှ လိုက်ပါလာကြပြီး တစ်ပြိုင်နက်တည်း ဆုတ်ခွါခဲ့ကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး ချောက်ကြီး၏ အနီးအနားသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြသည်။
နတ်ဆိုး အထွတ်အထိပ် ပညာရှင်များမှာ ဒေါသထွက်နေကြပြီး သူတို့ကို လိုက်လံ တိုက်ခိုက်ချင်နေကြသည်။ သို့သော် ဦးဆောင်လာသော နတ်ဆိုး အထွတ်အထိပ် ပညာရှင်က သူတို့ကို တားဆီးလိုက်၏။ လူမျိုးစုကြီး သုံးခုမှ အထွတ်အထိပ် ပညာရှင်များက ဘာကြောင့် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ ရုတ်တရက် ဝင်တိုက်ရသလဲဆိုသည်ကို သူတို့ နားမလည်နိုင် ဖြစ်နေကြသည်။ သို့သော် အနည်းငယ် စဉ်းစားကြည့်ရုံဖြင့် ဤအထွတ်အထိပ် ပညာရှင်များတွင် တစ်စုံတစ်ရာသော အကြံအစည် ရှိနေလိမ့်မည်ဟု သူတို့ ခန့်မှန်းမိကြ၏။ သူတို့အနေဖြင့် ယခုအချိန်တွင် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံ၏ နယ်မြေအတွင်းမှ လုံးဝ ထွက်မသွားသင့်ပေ။ ဤရန်သူများက ယုတ်မာသော ထောင်ချောက်တစ်ခုခုကို ခင်းထားသလားဆိုသည်ကို မည်သူ သိနိုင်ပါမည်နည်း။ နတ်ဆိုး အထွတ်အထိပ် ပညာရှင်များမှာ အထွတ်အထိပ် ပညာရှင်များကို အတော်ကြာအောင် စူးစိုက်ကြည့်နေခဲ့ပြီးမှ နောက်ဆုံးတွင် ထွက်ခွာသွားခဲ့ကြတော့သည်။
“ဒီ နတ်ဆိုး အထွတ်အထိပ် ပညာရှင်တွေမှာလည်း ဦးနှောက်တော့ ရှိသားပဲ… ငါတို့ ထောင်ချောက်ဆင်ထားတယ်လို့ ထင်နေကြတာ ဖြစ်မယ်”
ဝင်စားခြင်း သူတော်စင်နယ်မြေမှ အထွတ်အထိပ် ပညာရှင် ရှန်းကွမ်းယွန်းမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ခဏနေရင် ငါတို့ နောက်တစ်ခေါက် ထပ်ဝင်တိုက်ကြမယ်”
ရှန့်ကူ နှာခေါင်းကို ပွတ်လိုက်ပြီး ယုတ်မာစွာ ရယ်မောလိုက်သည်။
နှစ်ရက်အကြာတွင်။
အနားယူပြီးနောက် အထွတ်အထိပ် ပညာရှင်များသည် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ နောက်တစ်ကြိမ် စီးနင်းဝင်ရောက်သွားကြပြန်၏။ ဤတစ်ကြိမ်တွင်လည်း အရင်ကအတိုင်းပင် ဖြစ်သည်။ အလောင်းကောင်မျိုးနွယ်စုနှင့် အရိပ်မျိုးနွယ်စုတို့၏ နယ်မြေများကို သူတို့ မထိကြပေ။
ခွမ်း၊ ဟွေ့ နှင့် ယူ မျိုးနွယ်စုဝင် နတ်ဆိုးများကိုသာ သတ်ဖြတ်ကြသည်။ တစ်ရက်အတွင်းမှာပင် နတ်ဆိုး အထွတ်အထိပ် ပညာရှင် အချို့ ထပ်မံ ကျဆုံးသွားခဲ့ရပြန်သည်။
ဤသည်မှာ နောက်ဆုံးတွင် နတ်ဆိုးမျိုးနွယ်တို့၏ ဒေါသကို ပွင့်ထွက်သွားစေခဲ့သည်။
ငါတို့က သူတို့ကို မနှောင့်ယှက်ဘဲ နေတာတောင် ငါတို့ရဲ့ နယ်မြေထဲအထိ လာပြီး တိုက်ရဲတယ်ပေါ့။
ဒါက တကယ့်ကို လက်ခံနိုင်စရာ မရှိဘူး။
ဤအထွတ်အထိပ် ပညာရှင်များထဲတွင် ရှန်မို၏ စွမ်းဆောင်ရည်မှာ အထူးပင် တောက်ပလှသည်။ သူသည် တစ်ဆင့်သော အထွတ်အထိပ် ပညာရှင် အဆင့်သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အမင်း အစွမ်းထက်လှသည်။ ခုနစ်ဆင့်သော နတ်ဆိုး အထွတ်အထိပ် ပညာရှင် အများအပြားမှာပင် သူ၏ ပြိုင်ဘက် မဟုတ်ကြပေ။ ရှန်မို တစ်ဦးတည်းတင် နတ်ဆိုး အထွတ်အထိပ် ပညာရှင် လေးဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသူများထဲမှ တစ်ဦးမှာ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်၏ တိုက်ရိုက် အနွယ်ဝင်ပင် ဖြစ်၏။
ဤကဲ့သို့သော တိုက်ပွဲ ရလဒ်များမှာ အလွန်ပင် ကောင်းမွန်လှသည်။ သို့သော် ၎င်းမှာ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်ကို ချက်ချင်းပင် ဒေါသထွက်သွားစေခဲ့၏။
လူမျိုးစုကြီး သုံးခုမှ အထွတ်အထိပ် ပညာရှင်များ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ကိုးရက်မြောက်နေ့တွင်…
ကြာမြင့်စွာကတည်းက ပုန်းအောင်းနေခဲ့သော ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင် ဟွေ့ကျွယ် သည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီ ဖြစ်၏။ သူ၏ ပထမဆုံးသော လှုပ်ရှားမှုမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း နည်းစနစ်ပင် ဖြစ်သည်။
“ရှန်မို ကောင်လေး… ငါ့သားရဲ့ အသက်အတွက် မင်း ပြန်ပေးဆပ်ရမယ်”
ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင် ဟွေ့ကျွယ် မှ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် အရှိန်အဝါတစ်ခုမှာ ရှန်မိုရှိရာသို့ တိုးဝင်လာခဲ့သည်။ ၎င်းမှာ အထွတ်အထိပ် ပညာရှင်များကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းမှာ ရှန်မိုကို လုံးဝ လွှမ်းခြုံသွားခဲ့၏။
အခြားသော အထွတ်အထိပ် ပညာရှင်များမှာ မယုံနိုင်အောင် ဖြစ်သွားကြရသည်။ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်က ဒီလောက်အထိ အရှက်မရှိလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
သူ ကြာမြင့်စွာကတည်းက ချောင်းမြောင်းနေခဲ့ပြီး ရှန်မို အနီးသို့ ရောက်လာသည့် အချိန်ကျမှ တိုက်ခိုက်လိုက်ခြင်းပင် မဟုတ်ပါလား။
Chapter 729 ငါတို့မှာ အရန်အစီအစဉ် ရှိပါတယ်
အခြားသော အထွတ်အထိပ် ပညာရှင်များအားလုံးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားကို ခံစားလိုက်ကြရ၏။ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်၏ တိုက်ရိုက်ပစ်မှတ်ထားခြင်းကို ခံထားရသည့် ရှန်မိုအတွက်မူ ထိုခံစားချက်က ပို၍ပင် ပြင်းထန်လှသည်။ ကောင်းကင်ယံမှ တောင်ထိပ်ကြီးတစ်ခု ပြိုကျလာပြီး မိမိကို ဖိနှိပ်ထားသကဲ့သို့ သူ ခံစားနေရသည်။ ပင်လယ်ရေ ဧကသောင်းချီက ပုခုံးပေါ်သို့ ဖိချထားပြီး တစ်စစီ ကြေမွသွားအောင် လုပ်နေသကဲ့သို့လည်း ခံစားရပေသည်။ ညစ်ညမ်းသော အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့၏။ ၎င်းတွင် ရှောင်လွှဲ၍မရသော ကောင်းကင်ဘုံ နိယာမများ ပါဝင်နေပုံရသည်။ သူ ဘယ်ကိုပဲသွားသွား သေခြင်းတရားမှ လွတ်မြောက်ရန် ခက်ခဲလှပေလိမ့်မည်။ ရှန်မိုသည် ဤအခိုက်အတန့်ကို ကြာမြင့်စွာကတည်းက ကြိုတင်တွေးဆထားပြီး ဖြစ်သည်။ သို့သော် သူ၏မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ပေ။ အကြောင်းမှာ တစ်စုံတစ်ယောက် ဝင်ရောက်ကူညီမည်ကို သူ သိနေသောကြောင့်ပင်။
နောက်တစ်ခဏတွင်။
သာယာကြည်လင်သော ဖီးနစ်ငှက်၏ ဟစ်ကြွေးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တောက်လောင်နေသော မီးလျှံများမှာ ဘာသတိပေးချက်မှမရှိဘဲ ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မီးတောက်ဖီးနစ်ကြီးအဖြစ် ပုံပေါ်လာကာ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်ထံသို့ ဖိနှိပ်ချလိုက်သည်။ ထိုဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်မှာ သူတော်စင်အဆင့် ပညာရှင်တစ်ဦးမှ ချောင်းမြောင်းနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
သူ ချက်ချင်းပင် ထိတ်လန့်သွားပြီး မျက်နှာပျက်သွားခဲ့သည်။ ရှန်မိုကို တိုက်ခိုက်နေသည့် အတိုင်းအဆမရှိသော ညစ်ညမ်းအရှိန်အဝါများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ရှေ့တွင် အကာအကွယ်အဖြစ် ပြောင်းလဲလိုက်သည်။ ဟွေ့မျိုးနွယ်စု နတ်ဆိုးများမှာ မီးလျှံများကို အကြောက်ဆုံး ဖြစ်ကြသည်။ ဤတောက်လောင်နေသော မီးလျှံများမှာ သူတို့၏ ရန်သူတော်ပင် ဖြစ်သည်။
ညစ်ညမ်းအရှိန်အဝါများ ဆုတ်ခွာသွားပြီးနောက် ရှန်မို ချက်ချင်းပင် သူ၏ရင်ထဲ၌ ပေါ့ပါးသွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးက ပြန်လည်ကျယ်ပြောလာသည့် အခိုက်အတန့်ဟုပင် ခေါ်ဆိုနိုင်သည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှာ သူနှင့် ပြန်လည်ချိတ်ဆက်မိသွားသကဲ့သို့ ရှိသည်။ အရင်ကကဲ့သို့ မဟုတ်တော့ပေ။ အရင်ကမူ ကောင်းကင်နှင့် မြေကြီးနှင့် သူ၏ ချိတ်ဆက်မှုမှာ လုံးဝ ပြတ်တောက်သွားခဲ့ရသည်။ ဤလောကကြီးတွင် သူတစ်ဦးတည်းသာ အထီးကျန်စွာ ကျန်ရစ်ခဲ့သကဲ့သို့ပင်။
မီးလျှံများ ပေါ်လာသည့်အချိန်တွင် အထွတ်အထိပ် ပညာရှင်များ၏ စိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့သည်။
သူတို့ ရောက်လာကြပြီ။
ဤမီးလျှံများကို ကြည့်ခြင်းအားဖြင့် ဒါဟာ စီနီယာ နတ်ဘုရားဖီးနစ် ဖြစ်ရမည်။
သူသည် တိုက်ခိုက်ရေးစွမ်းရည်တွင် အင်အားအကြီးဆုံး သူတော်စင်အဆင့် ပညာရှင်များထဲမှ တစ်ဦးဟု သတ်မှတ်ခံထားရသူ ဖြစ်၏။
သူ ဝင်ရောက်ကူညီပြီဆိုကတည်းက ထိုဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်မှာ လွတ်မြောက်နိုင်တော့မည် မဟုတ်သည်မှာ သေချာသလောက်ပင်။
အထွတ်အထိပ် ပညာရှင်များသည် ရှန်မိုကို ကြည့်ရင်း သူတို့၏စိတ်ထဲတွင်လည်း အတွေးကိုယ်စီ ရှိနေကြသည်။
ရှန်မိုက သူတော်စင်အဆင့် ပညာရှင်တစ်ဦးကိုတောင် ခေါ်လာနိုင်ခဲ့တာပဲ။
တကယ်ကို ကြောက်စရာကောင်းလိုက်တာ။
ရှန့်ကူနှင့် ဟူချင်းတို့မှာ အလွန်အမင်း တုန်လှုပ်သွားကြရသည်။
နတ်ဘုရားဖီးနစ်ဆိုသည်မှာ သူတို့ နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးသူတော်စင် တစ်ဦးမဟုတ်ပါလား။ နတ်ဘုရားဖီးနစ် ပြန်လာသည့်အကြောင်းကို သူတို့ကိုယ်တိုင် ဘာလို့ မသိခဲ့ကြရတာလဲ။ ယခုမူ နတ်ဘုရားဖီးနစ်က ရှန်မိုအတွက် ကူညီပေးနေသည်။ နတ်ဘုရားဖီးနစ်ကိုယ်တိုင်ကတောင် ရှန်မိုရဲ့ အနာဂတ်ဟာ အတိုင်းအဆမရှိ တောက်ပနေမယ်လို့ ယုံကြည်နေတာများလား။
ဝူး! ဝူး! ဝူး!
လေထုထဲတွင် ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်မှာ နတ်ဘုရားဖီးနစ်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ခံနေရပြီး သူ၏ပါးစပ်မှ စူးရှပြီး ဆွေးမြည့်ဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်နေသည်။ နတ်ဘုရားဖီးနစ်၏ ချုပ်ကိုင်မှုစွမ်းအားမှာ သူ၏အပေါ်တွင် အလွန်ကြီးမားလွန်းနေသည်။
နတ်ဘုရားဖီးနစ်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်... မင်းမှာ ဒီလောက်ပဲ ခွန်အားရှိတာလား”
ထိုဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်၏ ခန္ဓာကိုယ်မှာ သိသိသာသာ သေးသိမ်သွားခဲ့ပြီ ဖြစ်၏။ နတ်ဘုရားဖီးနစ်၏ စကားကို ကြားရသည့်အခါ သူ ဒေါသတကြီး ရယ်မောလိုက်သည်။
“ဟားဟားဟား… မင်းတို့ရဲ့ အစီအစဉ်ကို ငါ မသိဘူးလို့ တကယ်ပဲ ထင်နေတာလား”
“အထွတ်အထိပ် ပညာရှင်တွေ အများကြီး နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံကို ရုတ်တရက် ဝင်တိုက်တယ်ဆိုကတည်းက အရန်အစီအစဉ် မရှိဘဲ ဘယ်နေပါ့မလဲ”
“ငါတို့ နတ်ဆိုးမျိုးနွယ်မှာလည်း အရန်အစီအစဉ် ရှိတယ်”
ထိုစကားဆုံးသည်နှင့် မှောင်မိုက်သော နေရာတစ်ခုမှ သွေးရောင်လွှမ်းသော လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာခဲ့သည်။ ၎င်းမှာ နတ်ဘုရားဖီးနစ်၏ ကျောပြင်ဆီသို့ တည့်တည့် ဦးတည်ကာ တိုက်ခိုက်လိုက်သည်။
“နတ်ဘုရားဖီးနစ်က တော်တော်လေး စွမ်းတယ်လို့ ငါ ကြာမြင့်စွာကတည်းက ကြားဖူးပါတယ်”
“ငါ ခွမ်းဟန်း နဲ့ ယှဉ်ရင် ဘယ်သူက ပိုသန်မာမလဲဆိုတာ ကြည့်ကြတာပေါ့”
ထိုသွေးရောင်လေပြင်းမှာ လေထဲတွင် သူ၏ပုံသဏ္ဌာန်ကို ဖော်ပြလိုက်သည်။ ၎င်းမှာ တကယ်တမ်းမူ အနှိုင်းမဲ့ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည့် သွေးရောင် ဧရာမဘီလူးကြီး တစ်ဦးဖြစ်ပြီး ရွေ့လျားနေသော တောင်ငယ်လေးတစ်ခုနှင့်ပင် တူလှသည်။ ၎င်းမှာ သေချာပေါက် ခွမ်းမျိုးနွယ်စု နတ်ဆိုးသူတော်စင် ခွမ်းဟန်း ပင် ဖြစ်သည်။
နတ်ဘုရားဖီးနစ်မှာ အလစ်အငိုက် မိသွားခဲ့ပြီး ခွမ်းဟန်း၏ ပြင်းထန်သော ထိုးနှက်မှုကို ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားခဲ့သည်။ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်နှင့် ခွမ်းဟန်းတို့မှာ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြ၏။ ဤအခွင့်အရေးကို သုံးပြီး နတ်ဘုရားဖီးနစ်ကို အပြင်းအထန် ဒဏ်ရာရအောင် သို့မဟုတ် သတ်ပစ်ရန် သူတို့ ကြံစည်နေကြခြင်း ဖြစ်သည်
အထွတ်အထိပ် ပညာရှင် အားလုံးမှာ ထိတ်လန့်တကြား မျက်နှာပျက်သွားကြရသည်။ သူတို့ သွားကူချင်ကြသော်လည်း နတ်ဆိုး အထွတ်အထိပ် ပညာရှင်များက တစ်ဦးပြီးတစ်ဦး တားဆီးထားကြသည်။
ရှန်မိုသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော်လည်း သူ၏မျက်နှာမှာ တစ်ချက်မျှ မပြောင်းလဲပေ။
နတ်ဘုရားဖီးနစ်မှာ သရုပ်ဆောင် တော်တော်ကောင်းတာပဲဟု သူ စိတ်ထဲမှ တွေးနေခဲ့သည်။
သေချာပေါက်ပင်။
ခွမ်းဟန်းနှင့် ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်တို့ နတ်ဘုရားဖီးနစ်၏ ရှေ့သို့ ရောက်ခါနီးအချိန်မှာပင် အခြား လူရိပ်နှစ်ခုမှာ ချောက်ကမ်းပါးကြီးကို ရုတ်တရက် ဖြတ်ကျော်လာခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ခွမ်းဟန်းနှင့် ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်တို့၏ ရှေ့တွင် ပေါ်လာခဲ့ကြသည်။
တစ်ဦးမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားသော ဧရာမ လိပ်ကြီးတစ်ကောင် ဖြစ်သည်။ အခြားတစ်ဦးမှာမူ အလားတူ ကြီးမားလှပြီး အမြီးကိုးချောင်း ပေါက်နေသည့် ဧရာမ မြေခွေးကြီး တစ်ကောင် ဖြစ်၏။ သူတို့မှာ အခြားမဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်၏ အခြားသော နတ်ဆိုးသူတော်စင် နှစ်ဦးဖြစ်သည့် နဂါးလိပ် နှင့် ကောင်းကင်မြေခွေးတို့ ဖြစ်ကြသည်။
နဂါးလိပ်နှင့် ကောင်းကင်မြေခွေးတို့ ပေါ်လာခြင်းမှာ ခွမ်းဟန်းနှင့် ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်တို့၏ မျှော်လင့်ချက်ထက် သိသိသာသာ ကျော်လွန်နေခဲ့သည်။
“မင်းက ခွမ်းကျူ နဲ့ တော်တော်ဆင်တာပဲ… မင်းက သူ့ရဲ့ အနွယ်ဝင်လား”
နဂါးလိပ်မှ လေးနက်ပြီး ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။
ခွမ်းဟန်းမှာ သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး “သူက ငါ့ရဲ့ ဘိုးဘေးပဲ… ငါ သူ့ကို ကိုယ်တိုင် သတ်ပြီး သူ့ရဲ့ နတ်ဆိုးနှလုံးသားကို ယူခဲ့တာ”
နဂါးလိပ်မှာ ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး
“ငါ ဘာလို့ ခွမ်းမျိုးနွယ်စု နတ်ဆိုးတွေကို အထူးတလည် မုန်းတာလဲ မင်းသိလား… မင်းတို့က ကိုယ့်အဖေ ကိုယ့်အမေကိုတောင် ပြန်သတ်ရဲတဲ့ အကောင်တွေမလို့ပဲ”
ခွမ်းဟန်း ထူးထူးဆန်းဆန်း ရယ်မောလိုက်ပြီး
“ဒါက ဘာဖြစ်လဲ… ငါတို့ ခွမ်းမျိုးနွယ်စုက ဟွေ့မျိုးနွယ်စုလို မဟုတ်ဘူး… ငါတို့မှာ မိသားစုဆိုတဲ့ အယူအဆ ဘယ်တုန်းကမှ မရှိခဲ့ဘူး”
အနားရှိ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်မှာ ထိုစကားကို ကြားသည့်အခါ မကျေမနပ် ဖြစ်သွားပုံရသည်။
သူ ဘာကို ဆိုလိုတာလဲ။
ငါက မိသားစုကို တန်ဖိုးထားနေလို့ နတ်ဆိုး မပီသဘူးလို့ ပြောချင်တာလား။
“တိုက်ကြရအောင်”
ခွမ်းဟန်း၏ တိုက်ခိုက်လိုစိတ်မှာ မြင့်တက်လာခဲ့ပြီး ကြောက်ရွံ့မှုဟူ၍ လုံးဝ မရှိပေ။ ဒါဟာ ခွမ်းမျိုးနွယ်စု နတ်ဆိုးတစ်စုလုံး၏ ကြောက်စရာကောင်းလှသော အချက်ပင် ဖြစ်သည်။ သူတို့ထက် အင်အား အဆမတန် များပြားသော ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ဘယ်တော့မှ နောက်မဆုတ်ကြပေ။ သူတို့သည် နောက်ဆုံးအချိန်အထိ တိုက်ခိုက်ကြလိမ့်မည်။ သေဆုံးသွားသည်အထိပင်။
ထိုအချိန်တွင် နတ်ဘုရားဖီးနစ်မှာ ဘာဒဏ်ရာမှ မရဘဲ ပြန်လည် မတ်တပ်ရပ်လာခဲ့၏။ အတိုင်းအဆမရှိသော မီးလျှံများမှာ ဟွေ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်ထံသို့ ဖိနှိပ်ကျဆင်းသွားခဲ့သည်။ ကောင်းကင်မြေခွေးသည်လည်း သူ့အမြီးများကို လွှဲယမ်းလိုက်ပြီး ခွမ်းဟန်းနှင့် အခြားနတ်ဆိုးများကို တိုက်ခိုက်လိုက်သည်။
ရှန်မိုနှင့် အခြား အထွတ်အထိပ် ပညာရှင်များသည် တိတ်တဆိတ် နောက်သို့ ဆုတ်ခွါလိုက်ကြ၏။ သူတော်စင်အဆင့် ပညာရှင်များ၏ တိုက်ပွဲမှာ ဤအထွတ်အထိပ် ပညာရှင်များ ဝင်ပါနိုင်သည့် ကိစ္စ မဟုတ်ပေ။
နတ်ဆိုးသူတော်စင် သုံးဦးနှင့် နတ်ဆိုးသူတော်စင် နှစ်ဦးတို့၏ တိုက်ပွဲမှာ တစ်နေ့နှင့် တစ်ည ကြာမြင့်ခဲ့သည်။ ဟွဲ့မျိုးနွယ်စု နတ်ဆိုးသူတော်စင်မှာ ခွန်အား ပိုမိုအားနည်းသဖြင့် နတ်ဘုရားဖီးနစ်က အခွင့်အရေးကို အသုံးချကာ သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ ခွမ်းဟန်းမှာမူ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း နောက်ဆုတ်မည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ ဆက်လက် တောင့်ခံနေခဲ့သည်။
“အချိန်ကို တွက်ကြည့်ရင် သူတို့ မကြာခင် ရောက်လာတော့မယ်”
ရှန်မို ကောင်းကင်ယံကို ငေးကြည့်လိုက်သည်။ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံကို အလစ်အငိုက် တိုက်ခိုက်ခြင်းမှာ အာရုံလွှဲသည့် နည်းဗျူဟာ တစ်ခုသာ ဖြစ်သည်။ အပြင်ထွက်သွားသည့် ထိုနတ်ဆိုးသူတော်စင် နှစ်ဦးကို ပြန်လာအောင် လုပ်နိုင်သရွေ့ ဒါဟာ အောင်ပွဲဟု သတ်မှတ်နိုင်၏။ ဤနည်းအားဖြင့် ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့လည်း ဘေးဒုက္ခမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
...
ဟင်းလင်းပြင် အက်ကွဲကြောင်းများ အတွင်း၌။ မဟာလမ်းစဉ် သူတော်စင် ရတနာများကို သယ်ဆောင်လာသည့် နတ်ဆိုးသူတော်စင် နှစ်ဦးမှာ အတိုင်းအဆမရှိသော ဟင်းလင်းပြင် နက်ရှိုင်းရာဆီသို့ အရှိန်မြှင့် ပျံသန်းနေကြသည်။ သူတို့၏ ပစ်မှတ်မှာ ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ ဖြစ်ကြသည်။ လူသားမျိုးနွယ်မှ ဤသူတော်စင်အဆင့် ပညာရှင် နှစ်ဦးမှာ မြင့်မြတ်သော အဆင့်အတန်းရှိပြီး နက်ရှိုင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ သူတို့သည် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကိုလည်း သိရှိထားကြ၏။ အကယ်၍ သူတို့ကိုသာ သတ်နိုင်မည်ဆိုလျှင် သူတို့၏ တာဝန်မှာ ပြီးမြောက်သွားပြီ ဖြစ်သည်။ အကယ်၍ သူတို့၏ သူတော်စင် ဝိညာဉ်များကိုသာ ထုတ်ယူနိုင်မည်ဆိုလျှင် မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်ပေလိမ့်မည်။
သို့သော် သူတို့သည် ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ ပိတ်မိနေသည့် နေရာသို့ မရောက်ခင်မှာပင် နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံမှ သတင်းများကို လက်ခံရရှိလိုက်သည်။
“နတ်ဘုရားဖီးနစ်… နဂါးလိပ် နဲ့ ကောင်းကင်မြေခွေး တို့ ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံကို အလစ်အငိုက် တိုက်ခိုက်နေကြပြီ” “ခွမ်းဟန်း သေတော့မယ်...”
“သူတို့က အလောင်းကောင်မျိုးနွယ်စုနဲ့ အရိပ်မျိုးနွယ်စု နယ်မြေတွေကို တမင်တကာ မထိကြဘူး” “အလောင်းကောင်မျိုးနွယ်စုနဲ့ အရိပ်မျိုးနွယ်စုတွေက သူတို့ရဲ့ မဟာလမ်းစဉ် သူတော်စင် ရတနာတွေကို ထုတ်ပြီး ကူညီကြမှာ မဟုတ်ဘူး”
“ငါတို့ အခု ဘာလုပ်ကြမလဲ”
နတ်ဆိုးသူတော်စင် နှစ်ဦးမှာ လျင်မြန်စွာ ဆက်သွယ်လိုက်ကြသည်။
ခဏအကြာတွင် သူတို့ အစီအစဉ်တစ်ခု ဆွဲလိုက်ကြ၏။ နတ်ဆိုးသူတော်စင် တစ်ဦးမှာ ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ကို ဆက်လက် သတ်ဖြတ်ရန် ရှေ့သို့ ဆက်သွားမည်။ အခြား နတ်ဆိုးသူတော်စင် တစ်ဦးမှာမူ မဟာလမ်းစဉ် သူတော်စင် ရတနာကို သယ်ဆောင်ပြီး ပြန်လာမည် ဖြစ်လေ၏။
...
နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံ နယ်မြေပေါ်တွင် တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ခွမ်းဟန်းမှာ လက်ရှိ ခွမ်းမျိုးနွယ်စု နတ်ဆိုးများထဲတွင် အင်အားအကြီးဆုံး နတ်ဆိုးသူတော်စင် တစ်ဦးဟူသော ဂုဏ်သတင်းနှင့် ညီပါပေသည်။ သူသည် တစ်ဦးတည်းနှင့် နတ်ဘုရားဖီးနစ်၊ ကောင်းကင်မြေခွေး နှင့် နဂါးလိပ်တို့၏ ပေါင်းစပ် တိုက်ခိုက်မှုကို တောင့်ခံထားခြင်း ဖြစ်သည်။
ဒဏ်ရာရသော်လည်း အရေးမနိမ့်၊ အရေးနိမ့်သော်လည်း မသေဆုံးသေးပေ။ သူ၏ သက်စွမ်းအားမှာ အလွန်အမင်း ခိုင်မာလှသည်။ ရှန်မိုနှင့် အခြား အထွတ်အထိပ် ပညာရှင်များမှာ အံ့သြတကြီး ကြည့်နေကြရသည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်း၌ မည်းမှောင်နေသော တိမ်တိုက်များ ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။
ရှန်မိုနှင့် အခြားသူများသည် သူတို့၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရပြီး လျင်မြန်စွာ ထွက်ပြေးကြ၏။
နတ်ဘုရားဖီးနစ်၊ ကောင်းကင်မြေခွေး နှင့် နဂါးလိပ်တို့မှာလည်း အန္တရာယ်ကို သိရှိလိုက်ကြပြီး ခွမ်းဟန်းကို ဝိုင်းရံထားခြင်းကို ချက်ချင်း လက်လွှတ်လိုက်ကြကာ နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံ နယ်မြေအတွင်းမှ ဆုတ်ခွာလိုက်ကြသည်။
“ရည်ရွယ်ချက် အောင်မြင်ပြီ… ဆုတ်ကြရအောင်” နတ်ဘုရားဖီးနစ်မှ အသံခပ်တိုးတိုးဖြင့် အော်ပြောလိုက်သည်။
အထွတ်အထိပ် ပညာရှင်များမှာ တစ်ပြိုင်နက်တည်း ဆုတ်ခွာခဲ့ကြသည်။ လဲ့တောက်ဟန်၊ အောင်းထျန်းနှင့် အခြားသော အထွတ်အထိပ် ပညာရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် စိတ်သက်သာရာ ရသွားကြသည်။ နောက်ဆုံးတော့ သူတို့ အေးအေးချမ်းချမ်း နေရမည့် နေ့ရက်များ ရောက်လာတော့မည်။
ရှန်မိုမှ မဟာလမ်းစဉ် သူတော်စင် ရတနာကို သယ်ဆောင်ပြီး ပြန်လာသည့် နတ်ဆိုးသူတော်စင်ကို ကြည့်ရင်း အတွေးထဲ နစ်ဝင်နေခဲ့သည်။
ထို့နောက် သူ၏ ကံကြမ္မာစနစ်ကို တစ်ချက် ကြည့်ကာ ခေါင်းကို အသာအယာ ခါလိုက်မိသည်။
တစ်ဦးတည်းပဲ ပြန်လာတာလား။
ကံကြမ္မာက ပြောင်းလဲသွားခဲ့ပြီ။
ဒါပေမဲ့ အနည်းငယ်လောက်ပဲ ပြောင်းလဲသွားတာပဲ။ ဤအခွင့်အရေးကို သုံးပြီး သူသည်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရဦးမည်။
မဟုတ်လျှင် လက်ရှိ အခြေအနေကို ပြောင်းလဲရန် တကယ်ကို ခက်ခဲပေလိမ့်မည်။