← Chapters

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

Chapter 730 သခင်အမိန့်ပေးတာနဲ့ အကုန် ယူပေးပါမယ်

ဟင်းလင်းပြင်ဟာလာဟင်းလင်းအတွင်း၌။

မှိန်ပျပျနှင့် ဝေဝါးနေသော ဒေသတစ်ခု။

ဤနေရာတွင် စနစ်တကျမရှိသော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ပုံသေကားကျမရှိဘဲ စီးဆင်းနေကြသည်။

အချို့မှာ ဝဲဂယက်ထနေပြီး အချို့မှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေကြကာ အချို့မှာမူ ဖြည်းညှင်းစွာ လွင့်မျောနေကြသည်။

မှန်းဆ၍မရနိုင်ပေ။

ဤကဲ့သို့ ရှုပ်ထွေးပွေလီနေသည့် ကြားတွင်ပင် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသော အကာအကွယ် အစီအရင်တစ်ခုမှာ မားမားမတ်မတ် တည်ရှိနေသည်။ ထိုရွှေရောင်အလင်းတန်းများအတွင်း၌ လူရိပ်နှစ်ခု ကျောချင်းကပ်လျက် ထိုင်နေကြ၏။ တစ်ဦးမှာ အရပ်ရှည်ပြီး ခန့်ညားထည်ဝါကာ ဆံပင်ဖြူသော်လည်း စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သည်။ ကြည့်ရသည်မှာ ကြင်နာတတ်ပြီး ဖော်ရွေသော ဘိုးဘေးတစ်ဦးနှင့် တူလှသည်။ အခြားတစ်ဦးမှာမူ ခါးကုန်းကုန်းနှင့် မျက်တွင်းဟောက်ပက်ဖြစ်နေကာ နှာခေါင်းချိတ်ချိတ်နှင့် ကြောက်စရာကောင်းသော မျက်နှာထားရှိသည်။ ကြည့်ရသည်မှာ သဘောကောင်းမည့်သူ တစ်ဦးတော့ မဟုတ်သည်မှာ သေချာသည်။ နတ်ဆိုးအရိပ်များမှာ သူတို့ကို ဝိုင်းရံထားကြသည်။ ထို့ကြောင့် သူတို့၏ပုံသဏ္ဌာန်မှာ သဲသဲကွဲကွဲ မရှိပေ။ ဤနှစ်ဦးမှာ အခြားမဟုတ်ဘဲ ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ ဖြစ်လေ၏။ သူတို့ ဤနေရာတွင် ပိတ်မိနေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးမှာ အင်အားချင်း ညီမျှနေကြသည်။ နတ်ဆိုးမျိုးနွယ်များမှာ သူတို့ကို အနိုင်မတိုက်နိုင်ဘဲ ဝိုင်းရံထားရုံသာ တတ်နိုင်ပြီး သူတို့သည်လည်း အပြင်သို့ ဖောက်ထွက်နိုင်စွမ်း မရှိကြပေ။

“ကိုးဆင့်ယင် သရဲအိုကြီး... ငါ မင်းနဲ့အတူတူ သေရမယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး… တကယ့်ကို ရယ်စရာကောင်းတာပဲ”

ဖူကျူမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏စကားများထဲတွင် သေခြင်းတရားကို ကြောက်ရွံ့သည့်အရိပ်အယောင် မရှိဘဲ စိတ်သက်သာရာရမှုများသာ ပြည့်နှက်နေသည်။

ကိုးဆင့်ယင်မှ နှာခေါင်းရှုံ့လိုက်ပြီး

“ဒီအဖိုးကြီးကတော့ မင်းနဲ့အတူတူ မသေချင်ဘူး… အရှက်ကွဲလိုက်တာ”

ထိုစကားကို ကြားသည့်အခါ ဖူကျူ ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲမှ ခပ်တိုးတိုးနှင့် အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ “သေခါနီးအထိ ရယ်နိုင်သေးတာပဲ”

“ဖူကျူ... မင်းရဲ့ စရိုက်က နှစ်ပေါင်း တစ်သိန်းကျော်သွားတာတောင် လုံးဝ မပြောင်းလဲသေးဘူးပဲ”

ဖူကျူ ခပ်ဖွဖွ ရယ်မောရင်း

“မတတ်နိုင်ဘူးလေ… ငါက ရယ်ရတာ ဝါသနာပါတာကိုး”

“ရယ်နိုင်သလောက်သာ ရယ်ထားလိုက်ပါ”

အခြားသော အေးစက်သည့် အသံတစ်ခုမှ ပြောလိုက်သည်။

“သေသွားရင်တော့ မင်း ရယ်နိုင်တော့မှာ မဟုတ်ဘူး… ဟိုနတ်ဆိုးသူတော်စင် နှစ်ယောက်က မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခုကို သယ်လာတာနဲ့ မင်းတို့ သေရမှာ သေချာတယ်”

နတ်ဆိုးမျိုးနွယ်များမှ ဤသူနှစ်ဦးကို မသတ်နိုင်ရသည့် အကြောင်းရင်းမှာ ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့က သူတို့၏ အသက်စွမ်းအားများကို အဆက်မပြတ် အသုံးချပြီး ဤမဟာလမ်းစဉ် သူတော်စင် ရတနာကို အသက်သွင်းထားခြင်းကြောင့် ဖြစ်သည်။

ဤရတနာ၏ အမည်မှာ 'ဖူထျန်းရတနာနယ်မြေ' ဖြစ်သည်။ ၎င်းမှာ ဖူကျူ၏ အသက်ပေးရတနာဖြစ်ပြီး သူ၏ သူတော်စင်ဝိညာဉ်နှင့် အနှစ်သာရ သွေးတို့ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ ၎င်းကို အကောင်းဆုံးသော ကာကွယ်ရေး မဟာလမ်းစဉ် သူတော်စင် ရတနာဟု သတ်မှတ်ကြသည်။ ၎င်း၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေ၏။ နတ်ဆိုးမျိုးနွယ်များအတွက်မူ အလွန်ပင် ထိရောက်လှသည်။

ဤနတ်ဆိုးသူတော်စင် သုံးဦးမှာ လှည့်လည်သွားလာရင်း ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ သူတို့နှင့်အတူ မဟာလမ်းစဉ် သူတော်စင် ရတနာများတော့ ပါမလာခဲ့ကြပေ။

ဖူကျူ ယုတ်မာစွာ ပြုံးလိုက်ပြီး

“အကယ်၍ မင်းတို့က မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခု သယ်လာမယ်ဆိုရင် အဲဒီထဲက တစ်ခုကိုတော့ ငါ ဖျက်ဆီးပစ်နိုင်မယ်လို့ ယုံကြည်ချက် ရှိတယ်” “အကယ်၍ တစ်ခုတည်းပဲ ပါလာမယ်ဆိုရင်တော့... ဟဲဟဲ... မင်းတို့ကို နောက်ထပ် နှစ်ပေါင်း ငါးရာ အချိန်ပေးရင်တောင် ငါ့ရဲ့ ဖူထျန်းရတနာနယ်မြေရဲ့ ကာကွယ်ရေးကို ဖောက်နိုင်မှာ မဟုတ်ဘူး”

နတ်ဆိုးသူတော်စင် သုံးဦးမှာ ဒေါသထွက်ပြီး အံကြိတ်နေကြသော်လည်း ဆက်လက် စောင့်ဆိုင်းရုံမှတစ်ပါး အခြားမရှိပေ။ သို့သော် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးနောက်တွင် ယူမျိုးနွယ်စု နတ်ဆိုးသူတော်စင် တစ်ဦးတည်းသာ မဟာလမ်းစဉ် သူတော်စင် ရတနာတစ်ခုကို သယ်ဆောင်ပြီး ရောက်ရှိလာခဲ့သည်။

“ဘာလို့ တစ်ခုတည်း ဖြစ်နေရတာလဲ… အနည်းဆုံး နှစ်ခု ပါရမယ်လို့ ပြောထားတယ် မဟုတ်လား”

ဖူကျူနှင့် ကိုးဆင့်ယင် သူတော်စင်တို့ကို ဝိုင်းရံထားသော နတ်ဆိုးသူတော်စင် သုံးဦးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

ယူမျိုးနွယ်စု နတ်ဆိုးသူတော်စင်မှ ဖြစ်ပျက်ခဲ့သမျှ အခြေအနေအားလုံးကို ပြန်လည် ပြောပြလိုက်၏။ ထို့နောက် သူက

“ငါလည်း မတတ်နိုင်ဘူးလေ… အကယ်၍ မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခုလုံးကိုသာ ယူလာခဲ့ရင် နတ်ဆိုးနိုင်ငံရဲ့ အတွင်းပိုင်းက ကာကွယ်မှု မရှိဘဲ ဖြစ်သွားမှာပေါ့...”

နတ်ဆိုးသူတော်စင် လေးဦးလုံး တိတ်ဆိတ်သွားကြ၏။ ဤတာဝန်မှာ လျှို့ဝှက်စွာ လုပ်ဆောင်ရမည့်အပြင် မဟာလမ်းစဉ် သူတော်စင် ရတနာ နှစ်ခု ပါဝင်ရမည် ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အမှားအယွင်း ဖြစ်သွားရတာလဲ။ သတင်းပေါက်ကြားအောင် လုပ်တဲ့ သစ္စာဖောက် နတ်ဆိုးတစ်ကောင်ကောင် ရှိနေတာလား။

ဖူကျူ ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ”

“ဒီလို ကိစ္စမျိုးမှာတောင် အမှားအယွင်း ရှိနေပါလား… ဦးနှောက်မရှိတဲ့ နတ်ဆိုးမျိုးနွယ်တွေ ပီသပါပေတယ်”

နတ်ဆိုးသူတော်စင် လေးဦးစလုံး ဒေါသတကြီး ဖြစ်သွားကြသည်။ သူတို့သည် ဖူထျန်းရတနာနယ်မြေကို ပြင်းထန်စွာ ဝိုင်းရံ တိုက်ခိုက်လိုက်၏။ သို့သော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင်မူ တိုက်ခိုက်မှုကို ရပ်တန့်ပြီး ဆက်လက် စောင့်ဆိုင်းရန်သာ ရွေးချယ်လိုက်ရတော့သည်။

“နတ်ဆိုးသူတော်စင် ငါးဦးနိုင်ငံက မဟာလမ်းစဉ် သူတော်စင် ရတနာကို မရနိုင်ဘူးဆိုရင် အခြားသော ကောင်းကင်ဘုံတွေဆီ သွားပြီး တစ်ခု တောင်းလိုက်”

“ငါတို့ ဖူထျန်းရတနာနယ်မြေကို အမြန်ဆုံး ဖောက်ပြီး ဒီလူသား အထွတ်အထိပ် ပညာရှင် နှစ်ယောက်ရဲ့ သူတော်စင် ဝိညာဉ်တွေကို ထုတ်ယူရမယ်”

“သူတို့ရဲ့ မှတ်ဉာဏ်တွေက ငါတို့ရဲ့ ဘိုးဘေး နတ်ဆိုးနယ်မြေကို ရှာဖွေဖို့အတွက် အရမ်း အရေးကြီးတယ်”

ဦးဆောင်လာသော နတ်ဆိုးသူတော်စင်မှ လေးနက်စွာ ပြောလိုက်သည်။

“ချက်ချင်း သွားလုပ်လိုက်ပါ့မယ်”

အခြားသော နတ်ဆိုးသူတော်စင် တစ်ဦးမှ ချက်ချင်း ပြန်လည် ဖြေကြားခဲ့သည်။

မန်ချန်းတောင်တန်း။

ရှန်မိုသည် ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ၏ အမိန့်တစ်ချက်တည်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအား ပါဝင်သော ဆေးဖက်ဝင် ပစ္စည်း အမြောက်အမြားမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ မန်ချန်းတောင်တန်းသည် တကယ့်ကို အဖိုးတန် ပစ္စည်းများ ပေါကြွယ်ဝလှသည်။ ၎င်းပြင် နတ်ဆိုးမျိုးနွယ် အထွတ်အထိပ် ပညာရှင် အချို့ ဤနေရာတွင် အခြေစိုက်ထားသဖြင့် လူသား အထွတ်အထိပ် ပညာရှင်များမှာလည်း ဝင်ရောက်လေ့ မရှိကြပေ။ ဒါဟာ သူတို့အတွက် ကောင်းကင်ရတနာနှင့် မြေကြီးရတနာ အမြောက်အမြားကို စုဆောင်းထားနိုင်ရန် အခွင့်အရေး ဖြစ်ခဲ့သည်။ ယခုမူ ထိုအရာအားလုံးမှာ ရှန်မိုအတွက် အကျိုးရှိသွားခဲ့ပြီ ဖြစ်သည်။

အထွတ်အထိပ် ပညာရှင်အဆင့်ကို အဆင့် ကိုးဆင့် ခွဲခြားထားပြီး အဆင့်တိုင်းအတွက် ကောင်းကင်ဘုံ ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ရမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ကိုးဆင့်သော ကပ်ဘေးဟုလည်း ခေါ်ဆိုကြသည်။ ကောင်းကင်ဘုံ ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ပြီးပါက တစ်ဆင့်သော အထွတ်အထိပ် ပညာရှင် ဖြစ်လာမည်။ ကောင်းကင်ဘုံ ကပ်ဘေး နှစ်ခုကို ကျော်ဖြတ်ပြီးပါက နှစ်ဆင့်သော အထွတ်အထိပ် ပညာရှင် ဖြစ်လာမည်။ ဤနည်းအတိုင်း ဆက်သွားပြီး အင်အားအကြီးဆုံးမှာ ကိုးဆင့်သော အထွတ်အထိပ် ပညာရှင် ဖြစ်သည်။ ၎င်းကို ကျော်လွန်သွားပါက သူတော်စင်အဆင့်သို့ ရောက်ရှိမည်။ ၎င်းမှာ ဤလောကတွင် အင်အားအကြီးဆုံးသော အဆင့်ပင် ဖြစ်၏။

အထွတ်အထိပ် ပညာရှင်တစ်ဦးအနေဖြင့် သူ၏အဆင့်ကို မြှင့်တင်ရန်အတွက် မဟာလမ်းစဉ် အရှိန်အဝါကို စုပ်ယူရန် လိုအပ်သည်။ မဟာလမ်းစဉ် အရှိန်အဝါကို ရရှိနိုင်သည့် အလွယ်ဆုံးနည်းလမ်းမှာ သူတော်စင် ဝိညာဉ်ကျောက်တုံးများကို စုပ်ယူခြင်း ဖြစ်သည်။ သူတော်စင် ဝိညာဉ်ကျောက်တုံးများထဲတွင် မဟာလမ်းစဉ် အရှိန်အဝါ အနည်းငယ်စီ ပါဝင်နေသည်။ ၎င်းအပြင် အခြားသော နည်းလမ်းများ ရှိသော်လည်း ရရှိရန် အလွန်ပင် ခက်ခဲလှသည်။ သို့သော် မန်ချန်းတောင်တန်းအတွင်း၌မူ ထိုကဲ့သို့သော ကောင်းကင်ရတနာနှင့် မြေကြီးရတနာများမှာ အမြောက်အမြား ရှိနေသည်။

ရှန်မိုသည် သူ၏ရှေ့တွင် ခင်းကျင်းထားသော ရတနာအမျိုးမျိုးကို ကြည့်ပြီး စိတ်ကျေနပ်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင် နတ်ဘုရားနွားလားမှ ခပ်ဖွဖွ ရယ်မောရင်း

“သခင်... ကျွန်တော်တို့ မန်ချန်းတောင်တန်းမှာ တခြားဟာတွေ မရှိရင်တောင် ရတနာမျိုးစုံကတော့ ပေါမှပေါပါပဲ”

“ကောင်းကင်ရတနာတွေ၊ မြေကြီးရတနာတွေပဲ ဖြစ်ဖြစ် ရှေးဟောင်း အမွေအနှစ်တွေ ဒါမှမဟုတ် ရှားပါးတဲ့ ကမ္ဘာ့ရတနာတွေပဲ ဖြစ်ဖြစ်...”

“သခင် အမိန့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ အကုန်လုံး သခင်ဆီ ယူလာပေးပါ့မယ်”

ရှန်မိုက ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြား နတ်ဆိုးသားရဲ ဘုရင် လေးဦးကို ကြည့်ပြီး ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကာ

“မင်းတို့ရဲ့ စေတနာကို ငါ ကျေးဇူးတင်ပါတယ်”

နတ်ဆိုးသားရဲ ဘုရင် လေးဦးသည် ရှန်မိုအနေဖြင့် အဆင့်တက်ရန်အတွက် တိတ်ဆိတ်မှု လိုအပ်ကြောင်း သိသဖြင့် ချက်ချင်းပင် နောက်သို့ ဆုတ်ခွါသွားခဲ့ကြ၏။ ထိုအခါမှသာ ရှန်မိုသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သူ၏ရှေ့မှ ရတနာများကို စစ်ဆေးကြည့်လိုက်သည်။ အချို့မှာ ကောင်းကင်နှင့် မြေကြီး ရတနာများ ဖြစ်ကြသည်။ အချို့မှာမူ ကွယ်လွန်သွားသော အထွတ်အထိပ် ပညာရှင်များ ချန်ထားခဲ့သည့် အမွေအနှစ်များ ဖြစ်ကြသည်။ ကောင်းကင်ဘုံ လမ်းစဉ် ပျားရည် နှင့် လောကနီ ပဒုမ္မာကြာကဲ့သို့သော ကောင်းကင်နှင့် မြေကြီး ရတနာများအားလုံးတွင် မဟာလမ်းစဉ် အရှိန်အဝါများ ပါဝင်နေသဖြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ သိမြင်နားလည်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေသည်။

ကွယ်လွန်သွားသော အထွတ်အထိပ် ပညာရှင်များ ချန်ထားခဲ့သည့် ပစ္စည်းများမှာမူ များသောအားဖြင့် မဟာလမ်းစဉ် သူတော်စင် ရတနာ အပိုင်းအစများသာ ဖြစ်ကြသည်။

ရှန်မိုသည် ၎င်းတို့၏ အမည်များကိုပင် သေချာ မသိပေ။ သို့သော် ၎င်းတို့ထဲတွင် မဟာလမ်းစဉ် အရှိန်အဝါ အနည်းငယ်စီ ပါဝင်နေသည်မှာတော့ အမှန်ပင် ဖြစ်သည်။

ရှန်မို ကောင်းကင်ဘုံ လမ်းစဉ် ပျားရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး ချက်ချင်းပင် သိမြင်နားလည်မှုကို စတင်လိုက်သည်။ သူသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အထက်သို့ ပျံတက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ပုံသဏ္ဌာန်မှာ ရုပ်ခန္ဓာကို ကျော်လွန်သွားခဲ့ပြီး အတိုင်းအဆမရှိ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံသို့ ရောက်ရှိသွားကာ ရှုပ်ထွေးနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်းသို့ ရောက်သွားခဲ့သည်။

သူသည် မသဲမကွဲဖြစ်နေသော အမျှင်တန်းလေးများကဲ့သို့ အရှိန်အဝါ အမြောက်အမြားကို မြင်တွေ့လိုက်ရသည်။ ဤအရှိန်အဝါများမှာ ပုံသဏ္ဌာန်နှင့် အသွင်အပြင် အမျိုးမျိုး ရှိကြသည်။ အချို့မှာ ဓားငယ်လေးတစ်စင်းကဲ့သို့ ရွှေရောင် တောက်ပနေသည်။ အချို့မှာ စီးဆင်းနေသော ရေကဲ့သို့ အပြာရောင် ရှိသည်။ အချို့မှာ တောက်လောင်နေသော မီးကဲ့သို့ အနီရောင် ရှိသည်။ ဤအရာများမှာ ဟင်းလင်းပြင်အတွင်း လွတ်လပ်စွာ ပျံ့နှံ့နေသော မဟာလမ်းစဉ်များပင် ဖြစ်သည်။ အရှိန်အဝါ အမျှင်တန်း တစ်ခုစီသည် မဟာလမ်းစဉ် တစ်ခုစီနှင့် သက်ဆိုင်သည်။

သတ္တုလမ်းစဉ်မှာ တိုက်ခိုက်သတ်ဖြတ်ရာတွင် အနှိုင်းမဲ့လှသည်။ ရေလမ်းစဉ်မှာ ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်သည်။ မီးလမ်းစဉ်မှာ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ သစ်သားလမ်းစဉ်မှာ သက်ရှိအားလုံးကို မွေးဖွားပေးနိုင်ပြီး မြေကြီးလမ်းစဉ်မှာတော့ ရွှေအိုးကြီးကဲ့သို့ ခိုင်မာလှသည်။ ၎င်းအပြင် လျှပ်စီးလမ်းစဉ်၊ ရေခဲလမ်းစဉ်၊ လေလမ်းစဉ် စသည်ဖြင့် ခွဲထွက်လာသော လမ်းစဉ်များစွာလည်း ရှိနေသေးသည်။

ရှန်မိုမှာ ထိုအရာအားလုံးကို ခံစားသိရှိနိုင်စွမ်း ရှိ၏။ ၎င်းပြင် သူ လက်လှမ်းပြီး ထိတွေ့နိုင်စွမ်းလည်း ရှိနေသည်။

“မဟာလမ်းစဉ်တွေက ဒီလောက်တောင် များတာပဲ… ငါ ဘယ်ဟာကို ရွေးရမလဲ”

ရှန်မို အနည်းငယ် အံ့သြသွားခဲ့ရသည်။ အထွတ်အထိပ် ပညာရှင်အသစ် အများအပြားသည် မဟာလမ်းစဉ် အရှိန်အဝါကို ပထမဆုံး သိမြင်နားလည်ရန် ကြိုးစားသည့်အခါတွင် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကိုသာ ဟိုတစ်စ ဒီတစ်စ မြင်တွေ့ရလေ့ရှိသည်ဟု သူ ကြားဖူးသည်။ ယခု သူ၏ အခြေအနေကဲ့သို့ အားလုံး တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမျိုး မဟုတ်ပေ။ ၎င်းပြင် မဟာလမ်းစဉ်များကြားတွင် အင်အားချင်း ကွာခြားမှု မရှိပေ။ အမြင့်ဆုံးအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်သရွေ့ လမ်းစဉ်အားလုံးမှာ ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်သွားကြခြင်း ဖြစ်သည်။

ခဏတာမျှ ရှန်မိုတစ်ယောက် ရွေးချယ်ရ ခက်ခဲနေခဲ့သည်။ တစ်ခုစီတိုင်းမှာ ကောင်းမွန်နေသည်ဟု သူ ခံစားရ၏။ ဘယ်ဟာကိုမဆို ရွေးချယ်၍ ရပေသည်။ ရှန်မိုသည် ပျော်ရွှင်စရာကောင်းသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်လေ၏။

ထိုအချိန်တွင် သူ အလွန်ထူးခြားသော မဟာလမ်းစဉ် တစ်ခုကို ရုတ်တရက် ရှာတွေ့လိုက်သည်။

Chapter 731 ဟင်းလင်းပြင်လမ်းစဉ်ကို လေ့လာခြင်း

ဤလမ်းစဉ်သည် မှိန်ဖျော့ပြီး အလင်းရောင်ကင်းမဲ့နေကာ အဝေးသို့ ရောက်ရှိသွားသကဲ့သို့ နက်ရှိုင်းလှသည်။ ၎င်းသည် ကောင်းကင်ယံအဝေးတွင် ရှိနေသယောင်ရှိသလို မျက်စိရှေ့မှောက်တွင်လည်း ရှိနေသယောင် ထင်မှတ်ရသည်။ သေချာဂရုတစိုက် မကြည့်လျှင် ဤလမ်းစဉ်ကို သတိပြုမိရန်ပင် ခက်ခဲလှပေ၏။

ရှန်မို အလွန်အမင်း အံ့အားသင့်သွားရသည်။ ဤလမ်းစဉ်သည် ကောင်းကင်နှင့် မြေကြီး၏ မည်သည့်နိယာမကို ကိုယ်စားပြုသည်ဆိုသည်ကို သူ ချက်ချင်းပင် ခွဲခြား၍မရခဲ့ပေ။ သူသည် ထိုလမ်းစဉ်၏ အရှိန်အဝါဆီသို့ ချဉ်းကပ်ရန် ကြိုးစားကြည့်လိုက်ရာ အရာအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ချင်နေသည့်အလား ရှုပ်ထွေးပွေလီနေသော အရှိန်အဝါတစ်ခုက သူ့ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ရှန်မိုသည် မိမိကိုယ်ကို တစ်စစီ ဆုတ်ဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါအတွင်း၌ပင် အဆုံးမရှိသော ရှင်သန်ခြင်း နိယာမနှင့် သက်ရှိအားလုံးကို ပြုစုပျိုးထောင်ပေးခြင်းတို့ ကိန်းအောင်းနေသည်ကို တွေ့လိုက်ရပြန်သည်။ ဆန့်ကျင်ဘက်ဖြစ်သော အချက်နှစ်ခုမှာ လုံးဝကို ဝိရောဓိဖြစ်နေသော်လည်း လမ်းစဉ်အရှိန်အဝါ တစ်ခုတည်းအတွင်းမှာပင် အတူတကွ ပေါ်ပေါက်နေခြင်းဖြစ်သည်။ ထိုခဏ၌ ရှန်မိုသည် ဤအရှိန်အဝါမှာ မည်သည့်လမ်းစဉ်ကို ကိုယ်စားပြုသည်ကို သိရှိသွားခဲ့သည်။ “ဟင်းလင်းပြင်လမ်းစဉ်ပဲ”

ရှန်မို အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။ ဟင်းလင်းပြင်လမ်းစဉ်ကို ရှေးအကျဆုံးနှင့် အနက်နဲဆုံး လမ်းစဉ်များထဲမှ တစ်ခုဟု ခေါ်ဆိုနိုင်သည်။

လူတိုင်း လက်ခံထားကြသည့် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဟူသော အခြေခံလမ်းစဉ်များနှင့် နှိုင်းယှဉ်လျှင် ဟင်းလင်းပြင်လမ်းစဉ်ကို သိမြင်နားလည်ရန် ခဲယဉ်းမှုမှာ များစွာ ပိုမိုကြီးမားလှသည်။

လျှပ်စီး၊ ရေခဲနှင့် လေလမ်းစဉ်တို့မှာပင် ဟင်းလင်းပြင်လမ်းစဉ်ထက် သိမြင်ရန် ပို၍လွယ်ကူကြသေးသည်။ ဟင်းလင်းပြင်လမ်းစဉ်ကို ရွေးချယ်မည့်သူမှာ အလွန်ပင် ရှားပါးလှပေသည်။ ပထမအချက်မှာ ၎င်းနှင့် ထိတွေ့နိုင်ရန် အလွန်ခက်ခဲခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ သိမြင်နားလည်ရန် အလွန်တရာ ခဲယဉ်းခြင်းကြောင့် ဖြစ်သည်။ အတိတ်ကာလတွင် အထွတ်အထိပ် ပညာရှင်အဆင့်သို့ တက်လှမ်းရန်အတွက် ဟင်းလင်းပြင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော အနှိုင်းမဲ့ ပါရမီရှင်များ ရှိခဲ့ဖူးသည်။ သို့သော်လည်း သူတို့သည် အများဆုံး သုံးဆင့်သော အထွတ်အထိပ် ပညာရှင် အဆင့်အထိသာ ရောက်ရှိနိုင်ခဲ့ကြသည်။ ထိုအဆင့်မှစ၍ ရှေ့သို့ ဆက်မတိုးနိုင်ကြတော့ပေ။ ဟင်းလင်းပြင်လမ်းစဉ်သည် အမှန်တကယ်ပင် အစွမ်းထက်လှပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်းရှိ ရှုပ်ထွေးနေသော စွမ်းအားများကို မိမိအကျိုးအတွက် ထုတ်ယူသုံးစွဲနိုင်သည်။ သို့သော်လည်း ထိုအက်ကွဲကြောင်းများအတွင်းရှိ စနစ်တကျမရှိသော စွမ်းအားများကြောင့် မိမိ၏စိတ်ကို ဝါးမြိုခံရရန်လည်း လွယ်ကူလှသည်။ နောက်ဆုံးတွင်မူ အသိဉာဏ်ကင်းမဲ့သော နတ်ဆိုးကောင်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။ ရှေးဟောင်းကာလတွင် ဟင်းလင်းပြင် အက်ကွဲကြောင်းများကြောင့် အသိဉာဏ် ဝါးမြိုခံရခြင်းကို တွန်းလှန်နိုင်ခဲ့ကြသော ပါရမီရှင်များသည်ပင် တစ်စုံတစ်ရာ ထိခိုက်မှုတော့ ရှိခဲ့ကြသည်။ နောက်ဆုံးတွင် ထိုအချက်ကပင် သူတို့ကို လေးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်သို့ မတက်လှမ်းနိုင်အောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ရှန်မိုသည် ထိုမှိုင်းညို့ပြီး အလင်းရောင်ကင်းမဲ့နေသော ဟင်းလင်းပြင် အရှိန်အဝါကို ကြည့်ရင်း အတွေးထဲ နစ်ဝင်နေခဲ့၏။ ဟင်းလင်းပြင်လမ်းစဉ်မှာ ဤမျှ အစွမ်းထက်နေပါမှ အသုံးမပြုဘဲ လက်လွှတ်လိုက်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ရှီထျန်းဟောက်၏ သက်တမ်းမှတ်တမ်းမှတစ်ဆင့် သူ သိရှိခဲ့ရသည်မှာ ထိုသူသည် အထွတ်အထိပ် ပညာရှင်အဖြစ် တက်လှမ်းပြီးနောက် ပထမဆုံးသော အခွင့်အရေးမှာပင် ဟင်းလင်းပြင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဟင်းလင်းပြင်လမ်းစဉ်သည် အသိဉာဏ်ကို ဝါးမြိုစေသည်မှာ အမှန်ပင်ဖြစ်ပြီး ရှီထျန်းဟောက်လည်း ထိုဒဏ်ကို ခံခဲ့ရသည်။ သို့သော် မကြာမီမှာပင် သူ ကံကောင်းသော အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။ ထိုအခွင့်အရေးသည် ရှီထျန်းဟောက်အား ဟင်းလင်းပြင် အက်ကွဲကြောင်းများကြောင့် အသိဉာဏ် ဝါးမြိုခံရခြင်းကို တွန်းလှန်နိုင်ရန် ကူညီပေးခဲ့ရုံသာမက ထိုဝါးမြိုခြင်းစွမ်းအားကိုပင် ရန်သူများကို တိုက်ခိုက်မည့် နည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။

“ဒါပေမဲ့ ရှီထျန်းဟောက်က အခုထိ နိဗ္ဗာန်အဆင့် ကျင့်ကြံသူပဲ ရှိသေးတာ… နောက်ပိုင်းမှာရမယ့် အခွင့်အရေးတွေကလည်း ပေါ်မလာသေးဘူး”

“ငါ သူ့ကို အကူအညီနည်းနည်းပေးပြီး သူ၏အဆင့်ကို မြှင့်တင်ပေးသင့်တယ်”

ရှန်မို ပြုံးလိုက်မိသည်။ ထိုသို့တွေးပြီးသည်နှင့် သူ ဟင်းလင်းပြင်လမ်းစဉ်ကို ချက်ချင်း ရွေးချယ်လိုက်တော့သည်။

ဝုန်း!

ဟင်းလင်းပြင်၏ အရှိန်အဝါသည် သူ့အပေါ်သို့ ဆင်းသက်လာခဲ့သည်။ ရှန်မို၏ ပုံရိပ်မှာ ချက်ချင်းပင် ဝေဝါးသွားပြီး မြင်နိုင်ရုံမျှသာ ကျန်တော့၏။ ဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့် သူ၏ ချိတ်ဆက်မှုမှာလည်း ပိုမိုနီးကပ်လာခဲ့သည်။ သူ၏စိတ်ကို နှစ်မြှုပ်လိုက်ခြင်းဖြင့် အဆုံးမရှိသော ကာလပတ်လုံး စီးဆင်းနေခဲ့သည့် ဟင်းလင်းပြင် စွမ်းအားစုများက မိမိကို ဝိုင်းရံထားသည်ကို ခံစားသိရှိနိုင်ခဲ့သည်။ ယခုမှစ၍ ရှန်မိုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်း သွားလာသည့်အခါတိုင်း ၎င်းတို့နှင့် လွယ်ကူစွာ တစ်သားတည်း ဖြစ်သွားနိုင်ပေလိမ့်မည်။ ၎င်းက စိတ်ဝိညာဉ်စွမ်းအား သုံးစွဲမှုကို လျှော့ချပေးမည့်အပြင် သွားလာမှု အရှိန်ကိုလည်း ပိုမိုမြန်ဆန်စေမည် ဖြစ်သည်။ သို့သော်လည်း ဟင်းလင်းပြင် အက်ကွဲကြောင်းများ၏ နက်ရှိုင်းရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက စုဝေးနေခဲ့သည့် ငြိုးတေးမှုများနှင့် ယုတ်မာသော အတွေးအမြင်များကိုလည်း သူ ခံစားမိလိုက်သည်။ ၎င်းတို့မှာ ရှေးဟောင်းကာလမှစ၍ ကျဆုံးသွားခဲ့ကြသော မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ ချန်ရစ်ခဲ့သည့် နာကျည်းချက်များပင် ဖြစ်သည်။ ၎င်းတို့သည် ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်း စိတ်တိုင်းကျ အချဉ်ပေါက်နေခဲ့ကြသည်။ နောက်ဆုံးတွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဆိုးကောင်ကြီးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ၎င်းတို့တွင် အသိဉာဏ်မရှိ၊ ပန်းတိုင်မရှိဘဲ သက်ရှိအားလုံးကို သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခုသာ ရှိကြသည်။ ခုနစ်ဆင့်အောက်ရှိသော အထွတ်အထိပ် ပညာရှင်တိုင်းသည် ထိုနတ်ဆိုးကောင်ကြီးများနှင့် တွေ့ဆုံပါက အသက်ဘေးနှင့် ကြုံတွေ့ရနိုင်ပေသည်။ သူတော်စင်အဆင့် ပညာရှင်များသာလျှင် ထိုနတ်ဆိုးများကို မကြောက်ဘဲ ဟင်းလင်းပြင် အက်ကွဲကြောင်းများအတွင်း စိတ်တိုင်းကျ သွားလာနိုင်ကြသည်။

ရှန်မို အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို စုစည်းကာ အာရုံပျံ့လွင့်စေမည့် အတွေးအမြင်အားလုံးကို ဖယ်ထုတ်ပစ်လိုက်သည်။ ဤသို့ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက်တွင် သူ၏ စိတ်အခြေအနေမှာ နောက်ဆုံး၌ တည်ငြိမ်သွားခဲ့သည်။ စွမ်းအားတိုင်းတွင် ပေးဆပ်ရမှု ရှိစမြဲပင်။ ဒါဟာ ဟင်းလင်းပြင်လမ်းစဉ်ကို လက်ခံလိုက်ခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင် ဖြစ်သည်။ အစပိုင်းတွင် ဘာလက္ခဏာမှ မမြင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟင်းလင်းပြင်၏ အရှိန်အဝါက သူ့ကို တိုက်စားလာမည်မှာ မလွဲဧကန်ပင်။

“ကံကောင်းတာက ငါ့ရဲ့ ဝိညာဉ်အနှစ်သာရက တခြားကျင့်ကြံသူတွေထက် အများကြီး သာလွန်နေတယ်”

“လောလောဆယ်တော့ ဟင်းလင်းပြင်ရဲ့ တိုက်စားမှုကို မခံစားရသေးဘူး”

ရှန်မိုသည် ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြားသူများ ယူလာပေးသည့် ရတနာများထဲမှ ဟင်းလင်းပြင် အရှိန်အဝါ ပါဝင်သော ပစ္စည်းများကို ချက်ချင်း စတင်ရွေးချယ်လိုက်သည်။ ဟင်းလင်းပြင် အရှိန်အဝါ ကိန်းအောင်းနေသော ရတနာမှာ များများစားစား မရှိပေ။ ကျောက်စိမ်းပုတီးတစ်ကုံး၊ ကျိုးပဲ့နေသော လှံတစ်စင်းနှင့် ထူထဲသော ရွှေရောင်စာမျက်နှာတစ်ခုသာ ရှိသည်။ ၎င်းတို့မှာ ရှေးကာလက အထွတ်အထိပ် ပညာရှင်များ သွန်းလုပ်ခဲ့ကြသော သူတော်စင် လက်နက်များ ဖြစ်လိမ့်မည်ဟု ရှန်မို ခန့်မှန်းလိုက်သည်။ ၎င်းတို့၏ အဆင့်အတန်းမှာလည်း အဆင့်မြင့် သူတော်စင် လက်နက်များ ဖြစ်ရပေမည်။ မဟုတ်လျှင် ဟင်းလင်းပြင်၏ အရှိန်အဝါကို ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

ရှန်မို ထိုရတနာများပေါ်ရှိ ဟင်းလင်းပြင် အရှိန်အဝါကို ချက်ချင်း စတင်စုပ်ယူလိုက်တော့သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ ကုန်လွန်သွားသည်ကိုပင် သတိမထားမိလိုက်ကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရှန်မိုသည် ရတနာသုံးခုလုံးမှ ဟင်းလင်းပြင် အရှိန်အဝါ အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီးသွားခဲ့ပြီ။ သူ၏ အကြည့်မှာ ထူးခြားနက်ရှိုင်းပြီး နားလည်ရခက်ကာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေ၏။ ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ လက်ရှိနေရာ၌ ရှိနေသယောင်ရှိသော်လည်း နောက်တစ်ခဏတွင်မူ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိသွားသကဲ့သို့ ပုံပေါ်နေပြန်သည်။ သူသည် လက်ရှိနေရာမှာပင် ရပ်နေသည်မှာ ထင်ရှားသော်လည်း သူ့ကို မြင်ရရုံသာ မြင်ရပြီး ထိတွေ့၍မရနိုင်ပေ။

ထိုအခိုက်အတန့်တွင် မန်ချန်းတောင်တန်း၏ အထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ ရုတ်တရက် စုဝေးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့မှာ လေးလံထူထဲလာခဲ့သည်။ ၎င်းတို့အတွင်း၌ လျှပ်စီးသံများ စတင် ပေါ်ပေါက်လာနေပြီ ဖြစ်၏။ ရှန်မို၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာခဲ့သည်။ သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို ဤမျှမြန်မြန် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဤကပ်ဘေးကို ကျော်ဖြတ်နိုင်သရွေ့ သူ တကယ့် တစ်ဆင့်သော အထွတ်အထိပ် ပညာရှင် စစ်စစ် ဖြစ်လာပေလိမ့်မည်။ အသစ်တက်လာသူ တစ်ဦး မဟုတ်တော့ပေ။

ဝူး... ဝူး... ဝူး...

လူရိပ် ဆယ်ခုကျော်မှာ ဤနေရာသို့ ပြေးဝင်လာကြသည်။ ၎င်းတို့မှာ ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြားသော သားရဲဘုရင်များ ဖြစ်ကြသည်။

ရှန်မို ကောင်းကင်လွှမ်းမိုးစာငှက် နှင့် အခြားသားရဲများကိုလည်း မြင်တွေ့လိုက်ရသည်။ သူသည် ရတနာများမှ ဟင်းလင်းပြင် အရှိန်အဝါကို စုပ်ယူနေစဉ်အတွင်း ဤသားရဲဘုရင်များက အပြင်ဘက်မှ စောင့်ကြပ်ပေးနေခဲ့ကြသည်မှာ ထင်ရှားလှသည်။

“ဟယ်… သခင်က တကယ့်ကို ထူးဆန်းတာပဲ… မျက်စိရှေ့မှာ ရပ်နေတာ ထင်ရှားပေမဲ့ တကယ်တမ်းကျတော့ အရမ်းဝေးတဲ့ နေရာမှာ ရောက်နေသလိုပဲ”

“ဟုတ်တယ် ဟုတ်တယ်… ငါတို့ရဲ့ မန်ချန်းတောင်တန်းထဲမှာတောင် ရှိမနေသလိုပဲ” ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြား သားရဲဘုရင်များ အားလုံးသည် ရှန်မို၏ ပြောင်းလဲမှုကို ခံစားမိကြပြီး အံ့သြနေကြသည်။ နတ်ဆိုးမျိုးနွယ်တို့သည် သူတို့၏ သွေးသားမျိုးရိုးကြောင့် အစွမ်းထက်လာကြခြင်း ဖြစ်သဖြင့် ခွန်အားကြီးမားရန်အတွက် အများကြီး စဉ်းစားနေရန် မလိုပေ။ သို့သော် သူတို့၏ သွေးသားမျိုးရိုးကပင် သူတို့၏ အမြင့်ဆုံးအတိုင်းအတာကို ကန့်သတ်ထားပြန်သည်။ လမ်းစဉ်အပေါ် သူတို့၏ နားလည်မှုမှာ သူတို့ သွေးသားက ခွင့်ပြုသလောက်သာ ရှိပေသည်။ ထို့ကြောင့် ရှန်မို သိမြင်သွားသည့် ဟင်းလင်းပြင်လမ်းစဉ်အကြောင်းကို သူတို့ အနည်းငယ်မျှပင် မသိရှိကြပေ။ ထို့ကြောင့်ပင် သူ ကြုံတွေ့နေရသော အသွင်ကူးပြောင်းမှုကို သူတို့ နားမလည်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။

“အားလုံး ပြန်ကြတော့… ငါ ကပ်ဘေးကို ရင်ဆိုင်ရတော့မယ်”

“အနီးအနားမှာ လူတွေ အများကြီး ရှိနေလေလေ၊ ကောင်းကင်ဘုံ ကပ်ဘေးက ပိုပြီး ပြင်းထန်လာလေလေပဲ”

ရှန်မို ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။

သူ၏ အနီးအနားတွင် အခြားသူများ ရှိနေပါက ကောင်းကင်ဘုံ ကပ်ဘေးက ထိုသူများကို သူ့အား ကူညီနေသူများဟု ယူဆကာ သဘာဝအတိုင်း စွမ်းအားကို မြှင့်တင်ပေးလိုက်မည် ဖြစ်သည်။ မဟုတ်ပါက စွမ်းအား မတိုးလာဘူးဆိုလျှင် အထွတ်အထိပ် ပညာရှင်တွေဆိုသည်မှာ လမ်းဘေး၌ အလကားရသည့် အရာတွေ ဖြစ်ကုန်မှာပေါ့။

“ဟုတ်ကဲ့ပါ… သခင်... စိတ်ချပါ… ကျွန်တော်တို့ အပြင်ဘက်ကနေ သေချာ စောင့်ကြပ်ပေးထားပါ့မယ်… ဘယ်သူ့ကိုမှ အနားမကပ်စေရဘူး”

ကောင်းကင် နတ်ဘုရားနွားလားမှ လေးနက်စွာ ပြောလိုက်သည်။ ထို့နောက် သူ အရင်ဆုံး ထွက်ခွါသွားခဲ့၏။ အခြားသော သားရဲဘုရင်များလည်း မကြာမီမှာပင် လူစုခွဲသွားကြပြီး မန်ချန်းတောင်တန်း၏ အရပ်မျက်နှာအသီးသီးတွင် နေရာယူကာ စောင့်ကြပ်လိုက်ကြတော့သည်။

မည်းမှောင်နေသော တိမ်တိုက်များမှာ ပြင်းထန်စွာ လှုပ်ခတ်နေသည်။ ကြာမြင့်စွာကတည်းက ပြင်ဆင်နေခဲ့သော ကောင်းကင်ဘုံ ကပ်ဘေးသည် နောက်ဆုံးတွင် ဆင်းသက်လာခဲ့ပြီ။ ရှန်မိုသည် ငွေဖြူရောင် လျှပ်စီးကပ်ဘေးအတွင်း၌ မားမားမတ်မတ် ရပ်နေခဲ့သော်လည်း ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်အနှစ်သာရမှာ အနှိုင်းမဲ့ သန်မာလှသည်။ ၎င်းပြင် သူ့တွင် ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရားရတနာဖြစ်သော 'ကိုးကောင်းကင် နတ်ဘုရား လျှပ်စီးမီးလျှံ' လည်း ရှိနေသေးသည်။ သာမန် တစ်ဆင့်သော ကောင်းကင် လျှပ်စီးကို သူ ဘာလို့ ကြောက်နေရပါမည်နည်း။

လျှပ်စီး၏ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ရှန်မိုသည် ကောင်းကင်ယံ၌ ဘာဒဏ်ရာမှ မရဘဲ လွင့်မျောနေဆဲ ဖြစ်သည်၊ သူ၏ ဝတ်ရုံမှာပင် စုတ်ပြဲခြင်း မရှိပေ။

ရှန်မိုသည် သူ တစ်ဆင့်သော ကောင်းကင် လျှပ်စီးကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ထင်ကာ ဝမ်းသာနေသည့် အချိန်မှာပင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ နောက်တစ်ကြိမ် ရုတ်တရက် မြည်ဟည်းလာပြီး လျှပ်စီးများ ပြန်လည် စုဝေးလာခဲ့၏။ ၎င်းမှာ ဒုတိယမြောက် ကပ်ဘေး လျှပ်စီးကို ထပ်မံ ပစ်ချတော့မည် ဖြစ်သည်။

ရှန်မို မှင်သက်သွားခဲ့ရ၏။ တစ်ဆင့်သော ကပ်ဘေး လျှပ်စီးတွင် အချက်နှစ်ချက် ပါဝင်သည်ဟု သူ တစ်ခါမှ မကြားဖူးပေ။ လျှပ်စီးတစ်ချက် ပစ်ပြီးလျှင် ပြီးသွားရမည် မဟုတ်ပါလား။

ဒါဟာ... နှစ်ဆင့်သော ကောင်းကင် လျှပ်စီးများလား။

Chapter 732 အဆင့် (၃) အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်

ပုံမှန်အားဖြင့် တစ်ဆင့်သော ကောင်းကင်ဘုံကပ်ဘေးတွင် လျှပ်စီးတစ်ချက်သာ ပစ်လေ့ရှိသည်။ နှစ်ဆင့်သော ကပ်ဘေးတွင်မူ နှစ်ချက်ရှိ၏။ ထိုမှတစ်ဆင့် အစဉ်လိုက်အတိုင်း သွားရာ အင်အားအကြီးဆုံးဖြစ်သည့် ကိုးဆင့်သော ကပ်ဘေးတွင်မူ လျှပ်စီးကိုးချက်အထိ ပစ်ချခြင်းဖြစ်သည်။ ရှန်မိုသည် အထွတ်အထိပ် ပညာရှင်အဆင့်၏ အခြေအနေများကို ကြာမြင့်စွာကတည်းက သိရှိထားပြီး ဖြစ်သောကြောင့်ပင် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် သူ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဒုတိယမြောက် ကပ်ဘေးလျှပ်စီး ရုတ်တရက် ကျရောက်လာခြင်းက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ သို့သော်လည်း အံ့သြရုံမျှသာ ဖြစ်၏။ သူ၏ ခွန်အားနှင့်ဆိုလျှင် ဒုတိယမြောက် လျှပ်စီးကို အလွယ်တကူ တောင့်ခံနိုင်ပေသည်။

ဝုန်း!

ဧရာမ မိုးကြိုးသွားကြီးတစ်ခု ဆင်းသက်လာခဲ့သည်။ ရှန်မို၏ ခန္ဓာကိုယ်အတွင်းရှိ ကိုးကောင်းကင် နတ်ဘုရား လျှပ်စီးမီးလျှံမှာ ရုတ်တရက် တောက်လောင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လျှပ်စီးကို ဝါးမြိုပစ်လိုက်သည်။ ၎င်းကို စားသုံးပြီးနောက်တွင် "ကောင်းကင်လျှပ်စီးကို မစားရတာ ကြာပြီပဲ… အရသာက တော်တော်လေး ကောင်းသားပဲ"

သူ ရယ်မောလျက် ဆိုလေသည်။

ရှန်မိုမှာ ခပ်ဖွဖွ ပြုံးလိုက်မိ၏။ သူ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း မည်းမှောင်နေသော တိမ်တိုက်များမှာ ကွာကျမည့် အရိပ်အယောင် လုံးဝ မပြသေးသည်ကို တွေ့လိုက်ရသည်။ တတိယမြောက် ကပ်ဘေးလျှပ်စီးမှာ စုစည်းနေဆဲ ဖြစ်၏။ ရှန်မိုသည် ရယ်လည်းရယ်ချင်သလို မတတ်သာသလိုလည်း ခံစားလိုက်ရသည်။ သူ၏ ဟင်းလင်းပြင်လမ်းစဉ်အပေါ် သိမြင်နားလည်မှုက အလွန်နက်ရှိုင်းလွန်းနေ၍ အဆင့်ငယ် သုံးဆင့်ကို တစ်ပြိုင်နက်တည်း တက်လှမ်းနေရခြင်းများလား။

ဒါကတော့ မဖြစ်နိုင်သလောက်ပင်။

သူ စဉ်းစားနေစဉ်မှာပင် တတိယမြောက် ကပ်ဘေးလျှပ်စီးမှာ ပြင်းထန်သော စွမ်းအားများဖြင့် ရူးသွပ်မတတ် စုစည်းနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ကောင်းကင်တစ်ခုလုံးကို တုန်ခါစေခဲ့သည်။ မန်ချန်းတောင်တန်းရှိ သားရဲအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အလိုအလျောက်ပင် အပြင်ဘက်သို့ ထွက်ပြေးကြတော့သည်။ တောင်တန်း၏ အလယ်ဗဟိုနှင့် နီးကပ်နေသူများမှာမူ ထွက်ပြေးရန် လမ်းမရှိသဖြင့် မြေကြီးထဲသို့သာ အသည်းအသန် တိုးဝင်ပုန်းအောင်းနေကြရသည်။ သားရဲများမှာ ပို၍ပို၍ ထွက်ပြေးလာကြသည်။ ခဏချင်းမှာပင် သူတို့၏ အရေအတွက်မှာ ကြီးမားလှသော သားရဲဒီရေလှိုင်းကြီးအလား ဖြစ်သွားခဲ့သည်။ သားရဲဘုရင်များပင်လျှင် ၎င်းကို မထိန်းချုပ်နိုင်တော့ပေ။

ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြား သားရဲဘုရင် လေးဦးမှာ အပြင်ဘက်တွင် ရပ်နေကြပြီး လှုပ်ခတ်နေသော တိမ်တိုက်နှင့် လျှပ်စီးများကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြသည်။

သူတို့ ကပ်ဘေးလျှပ်စီး နှစ်ချက် ဆက်တိုက် ဆင်းသက်လာသည်ကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်၏။

ယခုမူ တတိယမြောက်လား။

ပထမဆုံး ကပ်ဘေးမှာ လျှပ်စီးသုံးချက် ပါဝင်သည်ဟု သူတို့ တစ်ခါမှ မကြားဖူးခဲ့ပေ။

ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ကောင်းကင် နတ်ဘုရားနွားလားက

"သခင်က သုံးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်ကို တိုက်ရိုက် တက်လှမ်းနေတာလား"

သူ အံ့သြတကြီး ရေရွတ်လိုက်သည်။

သေမင်းနက် ကောင်းကင်မြွေက ခေါင်းခါလိုက်ပြီး "မဖြစ်နိုင်ဘူး… ဒါဟာ ကပ်ဘေးလျှပ်စီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ရမယ်"

သွေးနီရောင် အတောင်ပံကျားကလည်း ခေါင်းညိတ်လိုက်ကာ

"ဟုတ်တယ်… အသစ်တက်လာတဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက်က အဆင့်ငယ် သုံးဆင့်ကို တစ်ပြိုင်နက်တည်း တက်နိုင်တယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးပါဘူး"

သို့သော်လည်း ဟန်အင် ကောင်းကင် ညောင်ပင်၏ အကြည့်မှာ နက်ရှိုင်းလာခဲ့ပြီး

"ငါတို့ရဲ့ သခင်အသစ်က သာမန် အထွတ်အထိပ် ပညာရှင်တွေနဲ့ မတူဘူးလေ..."

ထိုစကားကြောင့် သေမင်းနက် ကောင်းကင်မြွေနှင့် သွေးနီရောင် အတောင်ပံကြားတို့၏ ယုံကြည်ချက်မှာ တုန်လှုပ်သွားခဲ့သည်။ ကောင်းကင်လျှပ်စီးကို ကြည့်နေသည့် သူတို့၏ အကြည့်များမှာလည်း ပြောင်းလဲသွားခဲ့၏။

သူ တကယ်ပဲ သုံးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်ကို တစ်ခါတည်းနဲ့ တက်လှမ်းနိုင်မှာလား။

ဒါဟာ တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းလှသည်။ တောရိုင်းကမ္ဘာ အရှင်သခင်ပင်လျှင် ဤသို့ မလုပ်နိုင်ခဲ့ပေ။

သားရဲဘုရင်များ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် တတိယမြောက် ကပ်ဘေးလျှပ်စီးမှာ ရုတ်တရက် ပစ်ချလိုက်တော့သည်။

ဂျိန်း!

ဤတစ်ကြိမ်တွင်မူ ရှန်မို အနည်းငယ် ရုန်းကန်လိုက်ရသည်။ ကိုးကောင်းကင် နတ်ဘုရား လျှပ်စီးမီးလျှံက လျှပ်စီး၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကို စုပ်ယူပေးခဲ့ပြီး သူ၏ သူတော်စင် လက်နက်များနှင့် ကိုယ်ခံပညာ နည်းစနစ်များက နောက်ထပ် အစိတ်အပိုင်း အတော်များများကို ခုခံပေးခဲ့သည်။ ဆယ်ရာခိုင်နှုန်းအောက်သာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သည်။ သို့သော် ထိုဆယ်ရာခိုင်နှုန်းမှာပင် သူ၏ ဦးရေပြားကို ကျိန်းစပ်သွားစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းတွင် လျှပ်စီးများ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်အတော်ကြာပြီးနောက် ရှန်မို ပြန်လည် တည်ငြိမ်သွားခဲ့၏။ သူ အထက်သို့ မော့ကြည့်လိုက်သည့်အခါ မည်းမှောင်နေသော တိမ်တိုက်များမှာ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ စုဝေးနေသော မိုးခြိမ်းသံများမှာလည်း ဘာအရိပ်အယောင်မှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့၏။

ရှန်မို အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်း အစွမ်းထက်သော စွမ်းအားတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရသည်။ ဤခွန်အားမှာ လျှပ်စီးမကျခင်က ရှိခဲ့သော ခွန်အားထက် များစွာ သာလွန်လှသည်။ ထင်ရှားသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အမှန်တကယ်ပင် တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းပြင် အဆင့် သုံးဆင့်ကိုပါ ဆက်တိုက် ကျော်ဖြတ်သွားခဲ့ခြင်းပင်။

"တစ်ခါတည်းနဲ့ အသစ်တက်စ အဆင့်ကနေ သုံးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်ကို ရောက်သွားတာပဲ..."

"ငါနဲ့ ဟင်းလင်းပြင်လမ်းစဉ်ရဲ့ လိုက်ဖက်မှုက တကယ်ကို မြင့်မားပုံရတယ်"

ရှန်မို ကျေနပ်သော အပြုံးတစ်ခုကို ပြလိုက်မိသည်။

ထိုအချိန်တွင် ကောင်းကင် နတ်ဘုရားနွားလားနှင့် အခြား သားရဲဘုရင်များလည်း သူ၏ အနားသို့ စုဝေးရောက်ရှိလာကြသည်။ ဟန်အင် ကောင်းကင် ညောင်ပင်မှာ ရှန်မို၏ ခန္ဓာကိုယ်အတွင်းမှ မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ ပြင်းထန်သော စွမ်းအားများကို အာရုံခံမိလိုက်ပြီး ချက်ချင်းပင် ရိုသေစွာဖြင့်

"သခင် သုံးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

ခဏချင်းမှာပင် အခြားသော သားရဲဘုရင်များကလည်း ဝိုင်းဝန်း နှုတ်ဆက်ကြတော့၏။

"သခင် သုံးဆင့်သော အထွတ်အထိပ် ပညာရှင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

ရှန်မိုသည် မိမိရှေ့တွင် ဦးညွှတ်နေကြသော သားရဲဘုရင်များကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။ အရင်က သူ တောရိုင်းကမ္ဘာ အရှင်သခင်၏ အမွေအနှစ်ကို ရရှိပြီး သူတို့၏ သခင် ဖြစ်လာခဲ့စဉ်က ဤသားရဲဘုရင်များ၏ ရင်ထဲတွင် မကျေနပ်မှု အနည်းငယ် ရှိနေခဲ့ကြသည်မှာ မလွဲဧကန်ပင်။ နောက်ပိုင်းတွင် အထွတ်အထိပ် ပညာရှင် ဖြစ်လာသည့်အခါ သူတို့က သခင်အဖြစ် အသိအမှတ်ပြုခဲ့ကြသော်လည်း ရင်ထဲ၌ ဝန်လေးမှုများ ရှိနေနိုင်သေးသည်။ ယခုမူ သူသည် အသစ်တက်စ အဆင့်မှ သုံးဆင့်သော အထွတ်အထိပ် ပညာရှင်များ၏ အဆင့်အတန်းအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သားရဲဘုရင် တစ်ဦးတစ်ယောက်မျှ သူ၏အပေါ်တွင် မရိုသေသည့် စိတ်ဓာတ် မရှိကြတော့ပေ။ သူတို့သည် ယခုအခါ ရှန်မိုကို သူတို့၏ သခင်အစစ်အမှန်အဖြစ် သတ်မှတ်ပြီး စိတ်ရင်းမှန်ဖြင့် ရိုသေကိုးကွယ်ကြတော့မည် ဖြစ်သည်။

"ဟုတ်သားပဲ… ရတနာတချို့ ရွေးပြီး မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုဆီကို ပို့ပေးလိုက်ပါဦး"

ရှန်မိုမှ ရုတ်တရက် ပြောလိုက်သည်။ သူသည် လဲ့ရှီကျန်းနှင့် ရှီထျန်းဟောက်တို့ထံသို့ အထူးတလည် ပို့ဆောင်ပေးရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

"သခင်... စိတ်ချပါ… ကျွန်တော် သေချာ ကိုင်တွယ်လိုက်ပါ့မယ်"

ကောင်းကင် နတ်ဘုရားနွားလားက သူ၏ ခွာကိုမြှောက်ပြီး တာဝန်ယူလိုက်သည်။

...

မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု။

ကောင်းကင် နတ်ဘုရားနွားလားမှာ ရတနာများကို သယ်ဆောင်လာပြီး လဲ့တောက်ဟန်ကို လာရောက် တွေ့ဆုံခဲ့သည်။ လဲ့တောက်ဟန်မှာ အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ မန်ချန်းတောင်တန်း၏ ကြီးမားသော သားရဲဘုရင် လေးဦးထဲမှ တစ်ဦးဖြစ်သည့် ဤနွားလားမှာ တောင်တန်းနယ်မြေအတွင်းမှ ထွက်လာခဲလှသည်။ ယခုမူ သူကိုယ်တိုင် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုဆီသို့ လာရောက်ခဲ့သည်။ ၎င်းပြင် ရတနာများကို သယ်ဆောင်လာပြီး လက်ခံရရှိမည့်သူအဖြစ် လဲ့ရှီကျန်း၏ အမည်ကို အတိအကျ ပြောဆိုခဲ့သည်။ ဒါဟာ ဘာကို ဆိုလိုတာလဲ။

ရှန်မိုက လဲ့ရှီကျန်း သူ၏ ခင်မင်မှုကို အခုထိ မှတ်မိနေသေးသည်ဟု ဆိုလိုခြင်းပင်။

လဲ့တောက်ဟန်မှာ စိတ်လှုပ်ရှားသွားခဲ့ရသည်။ ရှန်မိုသည် အထွတ်အထိပ် ပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လဲ့ရှီကျန်းကို စိတ်ထဲ၌ ထားရှိနေသေးသည်။ ထင်ရှားသည်မှာ သူသည် ဤလူငယ်ကို အစကတည်းက မှန်ကန်စွာ အကဲဖြတ်ခဲ့ခြင်း ဖြစ်၏။

ရှန်မိုသည် ငယ်ရွယ်သော်လည်း သူ၏ စရိုက်လက္ခဏာမှာ ထူးချွန်လှသည်။ လဲ့ရှီကျန်းအတွက်မူ သူသည် ရှားပါးပြီး အဖိုးမဖြတ်နိုင်သော ဆရာကောင်း တစ်ဦးဖြစ်သလို သူငယ်ချင်းကောင်း တစ်ဦးလည်း ဖြစ်ပေသည်။

"နတ်ဘုရားနွားလား အထွတ်အထိပ် ပညာရှင်က ဒီလို ပြောမှတော့ ကျွန်တော် ရှီကျန်းကို ခေါ်လိုက်ပါ့မယ်" လဲ့တောက်ဟန် ပြုံးလိုက်သည်။

ကောင်းကင် နတ်ဘုရားနွားလားမှ သူ၏ ခေါင်းကို ကုတ်လိုက်ပြီး

"ကောင်းပြီလေ… မြန်မြန် ခေါ်လိုက်… သခင် ပေးထားတဲ့ တာဝန်ပြီးရင် ငါ မြန်မြန် ပြန်ရမယ်… မင်းတို့ လူသားတွေရဲ့ နယ်မြေထဲမှာ နေရတာ တကယ်ကို စိတ်မသက်မသာ ဖြစ်ရတယ်"

မကြာမီမှာပင် လဲ့ရှီကျန်းနှင့် ရှီထျန်းဟောက်တို့မှာ ကောင်းကင် နတ်ဘုရားနွားလား၏ ရှေ့သို့ ရောက်ရှိလာကြသည်။

နွားလားမှာ သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ အများကြီး မပြောပေ။ သူသည် ဤနှစ်ဦးကို ပုဂ္ဂိုလ်ရေးအရ မသိပေ။ သူ၏ သခင်နှင့် သူတို့ ပတ်သက်မှု ရှိသည်ကိုသာ သူ သိထားခြင်း ဖြစ်၏။ ဤတစ်ကြိမ်တွင် သူတို့၏ ကျင့်ကြံခြင်းကို အားပေးရန်အတွက် ရတနာများကို အထူးတလည် ပို့ဆောင်ပေးရန် သူ အမိန့်ရထားခြင်း ဖြစ်သည်။

လဲ့ရှီကျန်းမှ စိတ်လှုပ်ရှားစွာဖြင့်

"ကျွန်တော် နတ်ဘုရားနွားလား အထွတ်အထိပ် ပညာရှင်ကို ဂါရဝပြုပါတယ်”

ရှီထျန်းဟောက်ကလည်း ဒူးတစ်ဖက်ထောက်ကာ "ကျွန်တော် အထွတ်အထိပ် ပညာရှင်ကို ဂါရဝပြုပါတယ်”

လဲ့တောက်ဟန် အခြေအနေကို ပြုံးလျက် ရှင်းပြလိုက်သည်။ ကောင်းကင် နတ်ဘုရားနွားလားမှ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည့်အခါ သူတို့ နှစ်ဦး၏ ရှေ့တွင် ရတနာအချို့ လွင့်မျောလာ၏။

"သခင်က မင်းတို့ နှစ်ယောက်လုံးကို သတိရနေတယ်… ဒီရတနာတွေက မင်းတို့ကို ပေးသနားလိုက်တာပဲ… သေချာ ကျင့်ကြံကြပါ"

လဲ့ရှီကျန်းမှာ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ရသည်။ ဤရတနာများမှာ သူ ကြားသာ ကြားဖူးပြီး ဘယ်တော့မှ ရနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သော အရာများ ဖြစ်သည်။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း အကယ်၍ လဲ့တောက်ဟန်ကသာ ဤကဲ့သို့သော ပစ္စည်းများကို တိုက်ရိုက် ပေးအပ်မည်ဆိုပါက အခြားသော မျိုးနွယ်စု အကြီးအကဲများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ဒါဟာ မျိုးနွယ်စုအတွင်း သွေးကွဲမှုကို ဖြစ်စေနိုင်သည်။ ယခုမူ ရှန်မိုက သူ့ကို ဤကဲ့သို့သော ရတနာများကို တိုက်ရိုက် ပေးသနားခဲ့သည်။

သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

လဲ့ရှီကျန်း၏ စိတ်လှုပ်ရှားမှုများကို ဖော်ပြနေခြင်းနှင့် နှိုင်းယှဉ်လျှင် ရှီထျန်းဟောက်၏ ရင်ထဲ၌မူ ပိုမို ရှုပ်ထွေးနေခဲ့သည်။

"ရှန်မိုက ငါ့ကို ဘာလို့ ရတနာတွေ ပေးရတာလဲ"

"သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ဒါက တကယ်ကို ထူးဆန်းလွန်းတယ်"

သို့သော်လည်း သူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ရတနာများကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲ၌ လောဘစိတ်များ အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။ နဂါးထိပ်ဦး နတ်ဘုရား ကျောက်တုံး။

ဤရတနာတွင် နဂါးစစ်စစ်၏ အနှစ်သာရများ ပါဝင်နေသဖြင့် သူနှင့် အကိုက်ညီဆုံး ဖြစ်သည်။

"ဒီလို လက်ဆောင်မျိုးကို ငါ့လက်ထဲအထိ ပို့ပေးလာမှတော့ ငါ အလွတ်မခံနိုင်ဘူး"

"အဲဒီ ရှန်မိုဆိုတဲ့ ကောင်က ဒီလိုမျိုး လုပ်ဖို့အတွက် သူ့ရဲ့ အသိဉာဏ်တွေ ပျောက်ဆုံးနေတာ ဖြစ်ရမယ်"

"ငါက တကယ်တော့ ရှီထျန်းဟောက် ဆိုတာသာ သူ သိသွားရင် သူ သေချာပေါက် မှင်သက်သွားမှာပဲ" ရှီထျန်းဟောက် စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်။

သို့သော်လည်း သူ၏ အပြင်ပန်း အမူအရာမှာမူ ရိုသေကိုးကွယ်သည့် ပုံစံရှိနေဆဲ ဖြစ်သည်။ သူသည် ကောင်းကင် နတ်ဘုရားနွားလားကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကာ

"နတ်ဘုရားနွားလား အထွတ်အထိပ် ပညာရှင်ခင်ဗျာ... ကျွန်တော့်ရဲ့ စကားကို အထွတ်အထိပ် ပညာရှင် ရှန်မိုဆီ သေချာ ပါးပေးပါဦး… ရှီဟောက်ဟာ အတိုင်းအဆမရှိ ကျေးဇူးတင်ရှိကြောင်းပါ… အကယ်၍ နောင်တစ်ချိန်မှာ ကျွန်တော် တစ်စုံတစ်ရာ အောင်မြင်မှု ရခဲ့မယ်ဆိုရင် အထွတ်အထိပ် ပညာရှင် ရှန်မိုအတွက် ကျွန်တော့်ရဲ့ အသက်ကို ပေးပြီးတော့တောင် အလုပ်အကျွေး ပြုသွားမှာပါ… ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး”

All Chapters