အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း ၁၄၅:မင်း ငါ့ကို တိုက်ခိုက်ရဲလား... ယဲ့ရွှမ်...
ယဲ့ရွှမ်သည် လုံးဝစိတ်ပျက်လက်ပျက်ဖြစ်နေကာ လျှိုယွမ်မြို့၏ စည်ကားသော လမ်းမများပေါ်သို့ ဒယိမ်းဒယိုင်ဖြင့် ရောက်ရှိလာခဲ့သည်။
မိုးသည်မတိတ်သေးဘဲ သူ့အပေါ်သို့ မိုးစက်များ ကျနေကာ သူ၏ ပါးလွှာသော အဝတ်အစားများကို စိုရွှဲစေပြီး အရိုးထဲထိ စိမ့်ဝင်သွားသော ချမ်းစိမ့်မှုကို ယူဆောင်လာသည်။ သို့သော် ထိုအရာမှာ သူ၏နှလုံးသားထဲရှိ အေးစက်ပြီး အထီးကျန်ဆန်နေမှုနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ချေ။
ဝမ်ချီလန်စံအိမ် လူသူကင်းမဲ့သော အပျက်အစီး တစ်ခု ဖြစ်လာသည့် အဖြစ်ဆိုးအကြောင်း စားသောက်ဆိုင် အတွင်းရှိ ဆွေးနွေးမှုများကို သူ မကြားနိုင်သလို လမ်းသွားလမ်းလာများ၏ အမူအရာများကိုလည်း သူ ရှင်းလင်းစွာ မမြင်နိုင်ချေ။
ဤသည်မှာ ကမ္ဘာကြီးသည် သူနှင့် ရေကန့်လန့်ကာတစ်ခု ခြားနားထားသည့်အလားပင်။ သူ၏ နားထဲရှိ တိုတောင်းကာ ကူကယ်ရာမဲ့ပြီး စိတ်ဆင်းရဲနေသော အမျိုးသမီးတစ်ဦး၏ အသံသာ သူ့ကို လက်တွေ့ဘဝဆီသို့ ပြန်လည်ဆွဲခေါ်ရန် ကြိုးစားနေသည်။
"ဟူး... မိုက်မဲတဲ့ ကလေး... နင်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ နှိပ်စက်နေရတာလဲ..."
"ကံကြမ္မာဆိုတာက ကြိုတင် သတ်မှတ်ထားပြီးသားလေ... နင် အဲ့ဒါကို အတင်းအကြပ် လုပ်လို့ မရပါဘူး... လျှိုရူယန်ရဲ့ နှလုံးသားက တခြားလူဆီမှာ ရှိနေပြီးမှတော့ ဘာလို့ ဒီအရာကို ဆက်လုပ်နေအုံးမှာလဲ..."
"ဒီတစ်ကြိမ် မင်း အမှန်တရားကို မမြင်ခဲ့ရဘူးဆိုရင် မင်း မသိဘဲနဲ့ မင်းရဲ့ခွန်အားတွေကို အလဟဿ ဖြုန်းတီးမိမှာ မဟုတ်ဘူးလားဆိုတာကို မင်း စဉ်းစားကြည့်အုံး..."
"ဒီလို စဉ်းစားကြည့်ပါလား... မင်းရဲ့ဆုံးရှုံးမှုတွေကို အချိန်မီ ရပ်တန့်လိုက်တယ်လို့..."
"ပင်လယ်ထဲမှာ ငါးတွေ အများကြီး ရှိပါတယ်... မင်းရဲ့ ကျင့်ကြံခြင်း ပြီးဆုံးပြီးတော့ အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ အမျိုးသမီးတွေ ပေါများနေမှာ မဟုတ်ဘူးလား..."
"စူးချန်ကဲနဲ့ ပတ်သက်လို့ကတော့..."
"မင်း အရမ်း မျှော်လင့်ချက်မဲ့နေဖို့ မလိုပါဘူး... မဟာတာအိုက အကန့်အသတ်မဲ့ပါတယ်... ပါရမီနဲ့ နောက်ခံက သူ့ကို သာမန်လူတွေထက် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်စေနိုင်တာ သေချာပေမဲ့ မင်း ရှေ့ကို ဆက်သွားလေလေ အဲ့ဒီအရာတွေက အရေးမကြီးလေလေပဲ... အနာဂတ်မှာ သူ့ရှေ့မှာ မင်း ရပ်နိုင်မှာ မဟုတ်ဘူးလို့ မပြောနိုင်ဘူး..."
သို့ရာတွင် ယဲ့ရွှမ်သည် ဤအခိုက်အတန့်တွင် မည်သည့်အရာကိုမျှ မကြားနိုင်ခဲ့ချေ။
သူ ကြောင်အမ်းအမ်းဖြင့် လျှောက်လှမ်းသွားရင်း တိတ်ဆိတ်သော သစ်တောတစ်ခုထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့သည်။
"ငါတို့ကြားက ကွာဟချက်က... တကယ်ပဲ ဒီလောက်တောင် ကြီးမားနေတာလား..."
ယဲ့ရွှမ်သည် အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်၏။
'နတ်ဘုရားမီးတောက်နယ်ပယ်နဲ့ သူတော်စင်တွေကို သတ်တာ... စိတ်ဝိညာဉ်နယ်မြေက စူးမိသားစု ... ဒီလို လူအများက လက်လှမ်းမမှနိုင်တဲ့ အဆင့်အတန်းနဲ့ စွမ်းအားမျိုးနဲ့ဆိုရင် ငါ့ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံခြင်း ငါ့ရဲ့ အရေးမပါတဲ့ အခွင့်အရေးတွေနဲ့ ကြိုးစားအားထုတ်မှုတွေက ပြိုင်ဘက်ရဲ့မျက်လုံးထဲမှာ ဖုန်မှုန့်လောက်တောင် အရေးမပါဘူးမလား'
သူ တွေးတောလိုက်မိသည်။
သူ အမှန်တကယ်ပင် စိတ်ကူးယဉ်ခဲ့ဖူးသည်။
သူမကို ကာကွယ်ပေးဖို့လော...
ထိုကဲ့သို့လူမျိုးနဲ့ ယှဉ်ပြိုင်ရန်လော...
အေးစက်သော စပျစ်နွယ်ပင်များအလား နက်ရှိုင်းသော ခွန်အားမဲ့မှုနှင့် အရှက်ရမှု ခံစားချက်တစ်ခုသည် သူ၏ နှလုံးသားကို တင်းကြပ်စွာ ရစ်ပတ်ထားပြီး ပို၍ပို၍တင်းကြပ်လာကာ သူ့ကို အသက်ရှုမဝလုနီးပါး ဖြစ်စေခဲ့သည်။
အစောပိုင်းက ယွီတောက်ရွှမ်ကို အတင်းအကြပ် တိုက်ခိုက်ခဲ့ခြင်းကြောင့် သူ၏တာအို နှလုံးသား တွင် ကျန်ရစ်ခဲ့သော အက်ကွဲကြောင်းများသည် ယခုအချိန်၌ ဤပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုအောက်တွင် လုံးဝကြေမွသွားတော့မည့်အလားပင်။
လက်စွပ်ထဲတွင်...
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ ယဲ့ရွှမ် ဤအခက်အခဲကို သူ့ဘာသာသူ ကျော်ဖြတ်ရမည်ကို သိသဖြင့် သူမ ထပ်မံ၍ စကားမပြောတော့ချေ။
သေလုနီးပါး ကပ်ဘေးတစ်ခုကို သူမ ကူညီပေးနိုင်သည်။
သို့ရာတွင် နှလုံးသားကပ်ဘေးတစ်ခုကိုမူ သူမ မကူညီပေးနိုင်ချေ။
မည်မျှထိ ကြာသွားသည်ကို သူ သိမည်နည်း...
ယဲ့ရွှမ်က ခြောက်ကပ်နေသော သစ်ပင်အိုကြီး တစ်ပင်အောက်တွင် ရပ်တန့်သွားခဲ့သည်။ နောက်ဆုံးတွင် သူ ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ စိုစွတ်ပြီး ကြမ်းတမ်းသော ပင်စည်ကိုမှီကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောဆင်းသွားပြီး မိုးသည်းထန်စွာ ရွာသွန်းမှုက သူ၏မျက်နှာကို ရိုက်ခတ်သွားသည်။
သူ၏ဆရာဖြစ်သော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ သက်ပြင်းချသံက ညင်သာစွာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
"လွှတ်ချဖို့ ကြိုးစားပါ... ကျင့်ကြံသူတွေအတွက် ဘဝသက်တမ်းက ရှည်လျားပါတယ်... အချစ် ကပ်ဘေးတစ်ခုကြောင့် ယာယီဆုတ်ယုတ်သွားတာက ဘာမှ မဟုတ်ပါဘူး... မင်းရဲ့ လမ်းကြောင်းက အရမ်းကို ရှည်လျားပါသေးတယ်..."
လမ်းကြောင်းလား...
ငါ့မှာ လမ်းကြောင်း ရှိသေးလို့လား...
ဘုန်း...
ယဲ့ရွှမ်က အပြစ်ကင်းသော သစ်ပင်အိုကြီးကို ထိုးကြိတ်လိုက်သည်။ သူက အံ့တင်းတင်းကြိတ်ကာ သူ မလိုလားစွာဖြင့် ပြောလိုက်၏။
"အဲ့ဒါက... တကယ်ပဲ ဒီလို ဖြစ်သွားတော့မှာလား..."
မဟုတ်ဘူး...
ငါ ဒါကို လက်မခံနိုင်ဘူး...
ငါ မလိုလားဘူး...
"တကယ်လို့ ငါ လက်မခံဘူးဆိုရင်... တိုက်ခိုက်ရမယ်..."
အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သော အသံတစ်သံက သူ၏စိတ်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
ယဲ့ရွှမ်က ရုတ်တရက် ခေါင်းမော့လိုက်ရာ သူ၏ မျက်လုံးများတွင် အာခံလိုစိတ် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး မိုးကောင်းကင်ကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ ထို့နောက် လောကကြီးကို တုန်လှုပ်စေသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အလား သူက ထုတ်ပြန်ကြေညာလိုက်၏။
"ဆရာ... ကျွန်တော် ဆုံးဖြတ်ပြီးပြီ... စူးချန်ကဲကို ကျွန်တော် စိန်ခေါ်ချင်တယ်..."
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး ချက်ချင်းထိတ်လန့်သွားခဲ့သည်။ ယဲ့ရွှမ် အခြေအနေများကို လက်ခံသွားပြီဟု သူမ တွေးထင်ခဲ့သော်လည်း သူသည် သေလမ်းရှာနေဆဲပင်။
ရုတ်ချည်းဆိုသလိုပင် သူမက အလျင်အမြန် အကြံပေးလိုက်သည်။
"ကောင်လေး... အဆင်အခြင်မဲ့ မလုပ်ပါနဲ့...နင်က သံပြားတစ်ချပ်ကို ကန်နေတာ မဟုတ်ဘူး..မီးပြင်းဖိုတစ်ခုကို ကန်နေတာပဲ..."
"အစွမ်းထက်တဲ့ ပြိုင်ဘက် တစ်ယောက်ကို ကျွန်တော်ရဲ့ဓားနဲ့ တိုက်ခိုက်တာက မှားလို့လား... တကယ်လို့ သူ့ကို တိုက်ခိုက်ဖို့ သတ္တိတောင် ကျွန်တော်မှာ မရှိဘူးဆိုရင် သူ့ကို ကျော်ဖြတ်ဖို့ ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ..."
ယဲ့ရွှမ်၏အမူအရာသည် ပို၍ခိုင်မာပြတ်သားလာခဲ့ပေ၏။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။
"အရင်တုန်းက ယဲ့ရှန်းကို ကျွန်တော် အနိုင်ယူနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ... မဟာယန် အင်ပါယာ လွှမ်းမိုးမှ ပြိုင်ပွဲမှာ နောက်ဆုံး ရယ်မောရမယ့်သူက ကျွန်တော် ဖြစ်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ..."
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး တခဏကြာမျှ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။ ထိုကိစ္စများသည် လုံးဝမတူညီပေ။
အဲ့ဒီတုန်းက နင်နဲ့ယဲ့ရှန်းကြားက ကွာဟချက်က ကြီးမားပေမဲ့ ဒီလောက်ကြီး လုံးဝမကျော်လွှားနိုင်တာမျိုး မဟုတ်ပါဘူး... နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူက သူတော်စင်တွေကို သတ်နိုင်တယ်ဆိုတဲ့ သဘောတရားက ဘာကို ဆိုလိုတာလဲဆိုတာ နင် သိလား...
သူမ တွေးတောလိုက်မိသည်။
သူရဲ့နောက်က စူးမိသားစုက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ နင် သိလား...
သေချာသည်မှာ သူမက ဤအားလျော့စေသော စကားများကို ယဲ့ရွှမ်အား ဖွင့်ဟမပြောခဲ့ချေ။ သူမသည် ကူကယ်ရာမဲ့စွာဖြင့်သာ ပြောလိုက်၏။
"အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ကို ဓားနဲ့ တိုက်ခိုက်တာက တကယ့်ကို ရဲစွမ်းသတ္တိ ရှိပေမဲ့ အခြေအနေအပေါ် မူတည်တယ်...တကယ်လို့ အနိုင်ရဖို့ အခွင့်အရေး မရှိမှန်း သိသိကြီးနဲ့ မင်း သွားမယ်ဆိုရင် အဲ့ဒါက အဆင်အခြင်မဲ့တာပဲ....ဒါက ရဲစွမ်းသတ္တိ မဟုတ်ဘူး... ပြီးတော့ သူ့ကို အနိုင်ယူဖို့ မင်း ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ... မိန်းမ တစ်ယောက်ကြောင့်လား..."
"အထင်လွဲမှုက အခု ပြေလည်သွားပြီ... ပြီးတော့ မင်း သူ့အပေါ်မှာ နက်နဲတဲ့ အမုန်းတရားလည်း မရှိဘူးလေ..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဤကိစ္စနှင့် ပတ်သက်၍ စူးချန်ကဲအပေါ် သူမ၏ တပည့်ဖြစ်သူတွင် ရှင်းပြ၍မရနိုင်သော သဘောထားတစ်ခု ရှိနေသည်ဟု အမြဲတစေ ခံစားခဲ့ရလေသည်။ လူငယ်စုံတွဲက နက်နက်ရှိုင်းရှိုင်း ချစ်နေကြတာကို သူ မည်သည်ကြောင့် ဤမျှထိ အော်ဟစ်ဆူပူနေရသနည်းဟု သူမက တွေးတောလိုက်မိသည်။
ယဲ့ရွှမ်က စူးချန်ကဲအပေါ် ရန်လိုနေစေရန် သူမ တကယ်ကို မလိုလားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမသည် ထိုမဟာဧကရာဇ်ကို လေးစားအားကျသူတစ်ဦးပင်။
"အမုန်းတရား..."
ယဲ့ရွှမ်၏အမူအရာသည် တခဏကြာမျှ ယိမ်းယိုင်သွားပေ၏။
အမှန်ပဲ...
ငါ သူ့ကို မုန်းတယ်...
ငါတို့ကြားမှာ အစကနေ အဆုံးအထိ ဘာရန်ငြိုးမှ မရှိခဲ့ပေမဲ့ ဘာလို့လဲ... သူ့ကို မြင်တဲ့အချိန်တိုင်း ရှင်းပြလို့ မရတဲ့ ဒေါသတွေကို ဘာလို့ ငါ ခံစားနေရတာလဲ... ငါ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့နေရာက အသံတစ်ခုက သူ့ကို သတ်ဖို့ ငါ့ကို ပြောနေသလိုပဲ... သူက ခွင့်လွှတ်လို့မရတဲ့ နတ်ဆိုးတစ်ကောင်လို့... ဒါက ခံစားချက် တစ်ခု မဟုတ်ဘူး...ငါ့ရဲ့စိတ်ဝိညာဉ်ထဲမှာ အမြစ်တွယ်နေတဲ့ နက်ရှိုင်းတဲ့ စွဲလမ်းမှုတစ်ခု ငါ ပြောင်းလဲလို့ မရတဲ့ အရာတစ်ခုပဲ.."
"ဆရာ... ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့စိတ်ကို ဆုံးဖြတ်ပြီးပြီ..."
ယဲ့ရွှမ်သည် သေခြင်းရှင်ခြင်းကို လက်ခံထားသူ တစ်ယောက်အလား ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူ၏စိတ်အတွင်းရှိ အခက်အခဲကို ကျော်လွှားခြင်းအပြင် ဤစိန်ခေါ်မှုအတွင်း လျှိုရူယန်ကို မျက်နှာချင်းဆိုင်၍ မေးခွန်းထုတ်ချင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
သူသည် လက်ချောင်းမှ လက်စွပ်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခုကို ပြသကာ ပြောဆိုလိုက်သည်။
"ဆရာ... ဒီခရီးစဉ်က အရမ်း အန္တရာယ်များတယ်... ဒီနှစ်တွေတလျှောက် ကျွန်တော့်အတွက် ဆရာ အများကြီး လုပ်ပေးခဲ့တယ်... ကျွန်တော် မိုက်မဲနိုင်ပေမဲ့ ဆရာ့ကို ကျွန်တော့်ရဲ့ မိုက်မဲမှုထဲကို လုံးဝဆွဲမထည့်နိုင်ဘူး... သူ့ရဲ့ စိတ်နေသဘောထားအရ တကယ်လို့ ကျွန်တော် ရှုံးရင် အသက်ရှင်မှာ မဟုတ်ဘူး..."
"နင်..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စကားမပြောနိုင်ဖြစ်သွားသော်လည်း ယဲ့ရွှမ် သည် အလွန်ခေါင်းမာသူတစ်ယောက်ဖြစ်ကြောင်းသူမ သိထားသည်။ သူ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ပြောင်းလဲခဲလှသည်။
သို့ရာတွင် ကျင့်ကြံခြင်းတွင် အောင်မြင်မှု ရရှိသူများက ဤသို့ မကြာခဏ ဖြစ်တတ်သည် မဟုတ်လော...
"ဟူး..."
"နင့်ကို ငါ လက်လျှော့လိုက်ပြီ..."
"ဒီလို ဖြစ်နေမှတော့ နင် တစ်ယောက်တည်း သွားတာကို နင်ရဲ့ဆရာက ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲ..."
"ဒါပေမဲ့ ငါ ကြိုပြောရမယ်...ငါ့ရဲ့ စိတ်ဝိညာဉ် လောင်ကျွမ်းခြင်း စွမ်းအားကို ထည့်ပေါင်းရင်တောင်မှ ဒီခရီးစဉ်မှာ နင် အနိုင်ရဖို့ အခွင့်အရေးက နည်းပါးတယ်..."
ယဲ့ရွှမ်က ချက်ချင်းဆိုသလိုပင် နက်ရှိုင်းသော ကျေးဇူးတင်မှု အမူအရာကို ပြသပြီး ပြောလိုက်၏။
"ဆရာ... ကျွန်တော်..."
"စိတ်မလှုပ်ရှားပါနဲ့အုံး... သူ့ကို ဘယ်တော့လောက် စိန်ခေါ်ဖို့ အစီအစဉ် ရှိလဲ..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ကြားဖြတ်ပြောလိုက်သည်။
ယဲ့ရွှမ်က အသက်ပြင်းပြင်း ရှိုက်လိုက်ရာ သူ၏ မျက်လုံးများ လောင်ကျွမ်းနေပြီး ပြောဆိုသည်။
"မနက်ဖြန်..."
"..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားခဲ့သော်လည်း သူမ လုပ်နိုင်သောအရာ မရှိချေ။ ယဲ့ရွှမ်က စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်ရာ သူမက မည်သို့ ပြောနိုင်တော့မည်နည်း။
"မင်း ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ မင်းရဲ့ ဆုတ်ခွာဖို့ လမ်းကြောင်းကို စီစဉ်ဖို့ လိုတယ်... အရင်တုန်းက အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ မင်း မမျှော်လင့်ဘဲ ရခဲ့တဲ့ ကျောက်စိမ်းပြားကို မှတ်မိလား..."
အချိန်အကြာကြီး စဉ်းစားပြီးနောက် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက မေးမြန်းလိုက်သည်။
"ဆရာ ပြောတာ ဒါကိုလား..."
ယဲ့ရွှမ်သည် လက်ကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်းကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် မည်သည့် စိတ်ဝိညာဉ် လှိုင်းမှ မထုတ်လွှတ်သော်လည်း ထိုကျောက်စိမ်းပြားကို ဝန်းရံနေသော အားကောင်းသည့် အသက်စွမ်းအားခံစားချက်က ထိုအရာကို ထူးခြားနေပုံ ပေါက်စေသည်။
လွန်ခဲ့သောနှစ်များက ထိုအပျက်အစီးနယ်မြေ၏အနက်ရှိုင်းဆုံးအပိုင်းတွင် ထိုအရာကို သူနှင့်လျှိုရူယန်တို့ ရရှိခဲ့ခြင်းပင်။ ထိုကျောက်စိမ်းပြားကို သူ ယူဆောင်ထားခဲ့သော်လည်း ထိုအရာကို မည်သည့်အတွက် အသုံးပြုရမည်အား သူ မည်သည့်အချိန်ကမျှ မရှာဖွေနိုင်ခဲ့ချေ။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျောက်စိမ်းပြားကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
"အမှန်တယ်... ငါတောင်မှ အဲ့ဒီအရာရဲ့ မူလအစကို မခွဲခြားနိုင်ဘူး.... ဒါပေမဲ့ အဲ့ဒီတုန်းက မင်း လွန်ကဲတဲ့ မျှော်လင့်ချက်မဲ့မှုထဲမှာ ရှိနေချိန်မှာ ဒီပစ္စည်းက မင်းကို ဟင်းလင်းပြင်ကို ဖြတ်ပြီး ခေါ်ဆောင်သွားတယ်ဆိုတာကို ငါ အာရုံခံမိခဲ့တယ်... မင်း ဒီအကြောင်းကြောင့် ပိုပြီးအဆင်အခြင်မဲ့ ဖြစ်လာမှာကို စိုးရိမ်လို့ ငါ အရင်က မင်းကို မပြောခဲ့ဘူး... တကယ်လို့ စူးချန်ကဲကို တိုက်ခိုက်ပြီး မင်း ရှုံးနိမ့်တော့မယ်လို့ တွေ့ရင် ထွက်ပြေးဖို့ ဒီပစ္စည်းကို သုံးပါ... သူ အဲ့ဒါကို တားနိုင်မှာ မဟုတ်ဘူး..."
"အဲ့ဒီလိုလား..."
ယဲ့ရွှမ်က တခဏမျှ ကြောင်အမ်းသွားပြီးနောက် ထိုကျောက်စိမ်းပြားကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
"ဟူး... မြန်မြန်လေး စိတ်အေးအေးထားပြီး မင်းရဲ့ အခြေအနေကို ချိန်ညှိလိုက်ပါ..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ကျဥ်းထဲကျပ်ထဲသို့ ရောက်သွားရသည့် ကူကယ်ရာမဲ့မှုကို ခံစားရင်း သက်ပြင်းချလိုက်၏။ သူမ၏နှလုံးသားထဲတွင် ယဲ့ရွှမ် နောက်တစ်ကြိမ် အံ့ဩစရာတစ်ခုကို ဖန်တီးပါစေဟုသာ သူမ ဆုတောင်းနိုင်သည်။
အဲ့ဒီအကြောင်း ပြောရရင် ယဲ့ရွှမ်က ဒီကိစ္စနဲ့ ပတ်သက်လာရင် အမြဲတမ်း အရမ်းကံကောင်းခဲ့ပါတယ်....
သူ တကယ်ပဲ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ပြီး သူ့ရဲ့ မလုံလောက်တဲ့ တာအို နှလုံးသားကိုတောင် ဖြည့်ဆည်းပေးနိုင်မလား မသိဘူး...
ဤသို့ တွေးတောမိသဖြင့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး၏ စိတ်အခြေအနေ သိသိသာသာ တိုးတက်လာပုံရသည်။
"ဟုတ်ကဲ့ ဆရာ..."
ရုတ်ချည်းဆိုသလိုပင် ယဲ့ရွှမ်သည် နေရာတွင် ပလ္လင်ခွေထိုင်ကာ ကျင့်ကြံပြီး သူ၏ အရှိန်အဝါကို အထွတ်အထိပ် အခြေအနေသို့ ချိန်ညှိရန် ကြိုးစားလိုက်လေသည်။ သူသည် သူ၏ စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်၏။
"စူးချန်ကဲ... မင်းကို ငါ သေချာပေါက် ကျော်ဖြတ်မယ်..."
နောက်တစ်နေ့...
နံနက်စောစော၌...
တစ်နေ့တာ၏ မိုးကောင်းကင်ကြီး အလင်းရောင်များ စတင်၍ လင်းလက်လာသည်။
စူးချန်ကဲသည် လန်းဆန်းနေပုံဖြင့် သူ၏ အခန်းထဲမှ ထွက်လာခဲ့လေ၏။ တစ်ညလုံး ကျင့်ကြံပြီးနောက် သူ၏ကျင့်ကြံဆင့်နယ်ပယ် လုံးလုံးလျားလျား တည်ငြိမ်သွားခဲ့သည်။
နင်ဖူယောင်နှင့် ထုယိုယိုတို့၏ ကျင့်ကြံခြင်း တိုးတက်မှုကို စစ်ဆေးရန် သူ စီစဉ်နေချိန်မှာပင် ထိုက်ချင်ဂိုဏ်း၏ ဂိုဏ်းတံခါး အပြင်ဘက်မှ လာသော ပုံမှန်မဟုတ်သော စိတ်ဝိညာဉ် စွမ်းအားလှိုင်းများနှင့် ဆူညံသံများကို သူ အာရုံခံမိလိုက်ပြီး ဒီရေအလား နီးကပ်လာခဲ့သည်။
"လူတွေ ဒီလောက်ထိ အများကြီးလား..."
ဝူယာခြံဝင်း၏ အဝင်ဝတွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေသော ဂိုဏ်းတူဦးလေးရွှမ်ကျိ ကို သူ ချက်ချင်းသတိပြုမိပြီး တစ်ဖက်လူက အချိန်အကြာကြီး စောင့်ဆိုင်းနေပုံရသည်။
"ဂိုဏ်းတူဦးလေးရွှမ်ကျိ... ကိစ္စတစ်ခုခုများ ရှိလို့လား..."
စူးချန်ကဲက အပြင်သို့ ထွက်လာရင်းမေးလိုက်၏။
အမည်ခေါ်ဝေါ်မှု မပြောင်းလဲသေးကြောင်း ကျန်းရွှမ်ကျိ ကြားသောအခါ သူ အနည်းငယ် ဝမ်းသာသွားသည်။ သူသည် ချက်ချင်းဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။
"သခင်စူးကို သတင်းပို့ပါတယ်....သိပ်အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး... အထီးကျန်ကောင်းကင် မြို့တော်နဲ့ ယွမ်ရှန်းဂိုဏ်း က ငါတို့ ထိုက်ချင်ဂိုဏ်းကို အညံ့ခံလိုက်ပြီ ဆိုတဲ့ သတင်း ပျံ့နှံ့သွားပြီးတဲ့နောက်မှာ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ အင်အားစုတွေက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ အရိုအသေပေးဖို့ ဒီနေ့ ရောက်လာကြတယ်..."
"တကယ်လို့ သခင် စူးမှာ အချိန်ရရင် တက်ရောက်ပေးပါလား..."
"အင်း... အဲ့ဒါဆိုရင် သွားကြတာပေါ့..."
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် လမ်းကြုံနေတာဆိုတော့ ဂိုဏ်းတူဦးလေးရွှမ်ကျိရဲ့မျက်နှာကို ထောက်ထားတယ်လို့ ငါ သတ်မှတ်လို့ ရတာပေါ့....
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ဤနေရာတွင် အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့သည် မဟုတ်လော....
"ဟုတ်ကဲ့... သခင် စူး... ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့နောက်ကို လိုက်ခဲ့ပါ..."
ဤအချိန်အခိုက်အတန့်တွင် ထိုက်ချင်ဂိုဏ်း၏ တံခါးမကြီးရှေ့ရှိ ဧရာမရင်ပြင်ပေါ်တွင် နဖူးစည်းစာတန်းများ အနည်းငယ် လူးလွန့်နေပြီး လူအများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းတွင် လေးစားမှုနှင့်သတိထားမှု အမူအရာများကို ရှိနေကြ၏။
ယနေ့၌...
အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရှိ ထင်ရှားကျော်ကြားသော ပထမတန်းစား အင်အားစု အားလုံးနီးပါး ရောက်ရှိနေသည်။ ဤစည်ကားမှု အတိုင်းအတာမှာ နှစ်ထောင်ပေါင်းများစွာအတွင်း ရှားရှားပါးပါး တွေ့မြင်ရသောအရာပင်။
ထိုက်ချင်ဂိုဏ်း၏စည်းဝေးခန်းမသည် ကြီးကျယ်ခမ်းနားပြီး တည်ကြည်လေးနက်နေပေ၏။
ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကျန်းကျစ်ယွမ်သည် အသစ်စက်စက် တိမ်တိုက်ပုံစံ တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရှေ့ဘက်အနီးတွင် ရပ်နေခဲ့လေသည်။ ခန်းမ၏ အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသော အပြာရောင်ဝတ်ရုံဝတ် ပုံရိပ်ကို ကြည့်ရင်း သူ၏ အကြည့်တွင် အာရုံလွဲစေသော အတွေးများမရှိဘဲ နက်ရှိုင်းသော ရိုသေလေးစားမှုသာ ရှိနေသည်။
သူ၏နံဘေးတွင် လူအများ၏ ရိုသေလေးစားမှုကို ရရှိသော လူလတ်ပိုင်းအရွယ် အုပ်စိုးသူတစ်ဦးဖြစ်သည့် ထျန်းရွှမ်နိုင်ငံ၏ဧကရာဇ်သည်လည်း စူးချန်ကဲ၏ စစ်မှန်သော အသွင်အပြင်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
တည်ငြိမ်မှုကို ထိန်းသိမ်းရန် သူ အပြင်းအထန် ကြိုးစားခဲ့သော်လည်း သူ၏မျက်လုံးများထဲ၌ အံ့အားသင့်မှုနှင့် သတိထားမှုတို့ ထင်ဟပ်နေသည်။ သူသည် သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းချလိုက်၏။
"နတ်ဘုရားအလင်းတန်းက သူ့ ရဲ့ခန္ဓာကိုယ်မှာရောယှက်နေပြီးတော့ တာအိုက သဘာဝအတိုင်း စီးဆင်းနေတယ်... တကယ်ကို အံ့ဩစရာပဲ..."
ဆံပင်နှင့်မုတ်ဆိတ်များ ဖြူနေပြီဖြစ်သော မဟာယန်အင်ပါယာ၏ အရှင်သခင်အိုကြီးသည် တောင်တစ်လုံးအလား တိတ်ဆိတ်နေကာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မတ်တတ်ရပ်နေသည်။
သူ၏လက်နက်သန့်စင်ခြင်းတာအို စွမ်းရည်များဖြင့် သူ၏ခေတ်ပြိုင်များကို အထင်သေးကာ အမြဲတမ်း မောက်မာခဲ့သော လက်နက်တစ်ရာဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်မှာ ယခုအချိန်၌ မောက်မာမှု အရိပ်အယောင်မျှ မပြသဘဲ နူးညံ့ပြီး နာခံရို့ကျိုးနေပေ၏။
နောက်ဘက်သို့ ရောက်သောအခါ နာမည်ကြီး ဂိုဏ်းခေါင်းဆောင်များ မိသားစု အကြီးအကဲများနှင့် ရှေးဟောင်းထိပ်သီးမိသားစုများ မှ ကိုယ်စားလှယ်များ ဆယ်နှင့်ချီ၍ ရှိနေသည်။ သူတို့အားလုံးသည် အာရုံစူးစိုက်ကာ အသက်ရှူအောင့်ထားခဲ့ကြသည်။
လူသိရှင်ကြား ထုတ်ပြန်ကြေညာချက် မရှိခဲ့သော်လည်း လူတိုင်း၏နှလုံးသားမှာ သလင်းကျောက်အလား ကြည်လင်ရှင်းလင်းနေသည်။
မနေ့က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော သူတော်စင်များကို သတ်ဖြတ်သည့် တိုက်ပွဲအပြီးတွင် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ၏ဖွဲ့စည်းပုံ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ထိုက်ချင်ဂိုဏ်းသည် ယခုအချိန်၌ အငြင်းပွားဖွယ်မရှိသော အုပ်စိုးသူပင်။
သူတို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အညံ့ခံပြီး သစ္စာခံရန်ပင်။
"သခင်စူး... ကျွန်တော့်ရဲ့ လက်ဖက်ရည်အသစ်ကို မြည်းစမ်းကြည့်ပါ... သခင် စိတ်ကျေနပ်ရဲ့လား..."
လီချင်းဖုန်း၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ထင်ဟပ်နေကာ ရိုသေလေးစားစွာဖြင့် လက်ဖက်ရည်ခွက်ကို ဖြည့်ပေးလိုက်သည်။
စူးချန်ကဲက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင်...
"စူးချန်ကဲ..."
ခန်းမ၏အပြင်ဘက်ရှိ ရင်ပြင်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ရိုက်ခတ်သွားခဲ့သည်။
"ငါက ယဲ့ရွှမ်ပဲ....မင်း ငါ့ကို တိုက်ခိုက်ရဲလား..."
အခန်း ၁၄၆: ဒီအရူးက ငါ့ရဲ့ သေစေနိုင်တဲ့အကျပ်အတည်း ဖြစ်လာမှာလား...
ခန်းမထဲတွင် အချိန်တခဏမျှ အလွန်အမင်း တိတ်ဆိတ်သွားပြီးနောက် ဒေါသတကြီး အပြစ်တင်သံများသည် ဒီရေအလား ပေါက်ကွဲထွက်လာခဲ့သည်။
"ရိုင်းစိုင်းလိုက်တာ... ဘယ်လို ရဲတင်းတဲ့ အရူးက ဒီနေရာမှာ ဟိန်းဟောက်ရဲတာလဲ..."
"ရဲတင်းလိုက်တာ... သခင် စူးရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်တာက သေဒဏ်တစ်သောင်းနဲ့ ထိုက်တန်တဲ့ ပြစ်မှုပဲ..."
"ဘယ်သူက နဂါးအူကို စားခဲ့တာလဲ..."
"ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်လား... ဒီအရူးက ဘယ်ကနေ ရောက်လာတာလဲ..."
"မြန်မြန်ထွက်လာပြီး မင်းရဲ့ပြစ်ဒဏ်ကို ခံယူလိုက်စမ်း..."
တစ်ချိန်တည်းမှာပင်....
နဝမတောင်ထိပ်တွင် စူးချန်ကဲအတွက် နံနက်စာ ပြင်ဆင်ပေးနေသော လျှိုရူယန်သည်လည်း ဤဟိန်းဟောက်သံကို ကြားလိုက်ရပြီး အနည်းငယ် ထိတ်လန့်မသွားဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
"ယဲ့ရွှမ်..."
"သူက စီနီယာအစ်ကိုကို စိန်ခေါ်တာလား..."
"သူ ရူးနေတာလား..."
သူမသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရာ သူမ၏ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေရာမှ ပျောက်ကွယ်သွားပေ၏။
အသက်တစ်ရှိုက်စာ အကြာတွင်....
သူမသည် ပင်မခန်းမတွင် ထွက်ပေါ်လာခဲ့ပြီး ပြတ်သားသော ခြေလှမ်းများဖြင့် ဝင်လာသည့် ပိန်သွယ်သွယ် ပုံရိပ်တစ်ခုကို အချိန်မီ မြင်တွေ့လိုက်ရသည်။
ယခုရောက်လာသူမှာ ရိုးရှင်းသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏အဝတ်အစားများသည် ညက မိုးရေကြောင့် စိုရွှဲနေကာ လေဖြင့် ခြောက်သွေ့သွားသဖြင့် အနည်းငယ် တွန့်ကြေနေပုံ ရသည်။
သူ၏မျက်နှာမှာ အနည်းငယ် ဖြူရော်နေသော်လည်း သူ၏မျက်လုံးများသည် အံ့ဩစရာကောင်းလောက်အောင် တောက်ပနေပြီး အမြင့်ဆုံး ထိုင်ခုံပေါ်ရှိ စူးချန်ကဲကို စူးစူးဝါးဝါး စိုက်ကြည့်နေကာ မလိုလားမှု မီးတောက်နှစ်ခု လောင်ကျွမ်းနေသည့်အလားပင်။
ထိုသူမှာ ယဲ့ရွှမ်ပင်။
"ယဲ့ရွှမ်... တကယ်ပဲ မင်းကိုး..."
မဟာယန် အင်ပါယာ၏ အရှင်သခင်အိုကြီးသည် သူ့နိုင်ငံ၏ လွှမ်းမိုးမှုပြိုင်ပွဲတွင် ထင်ရှားခဲ့သော ဤမြင်းနက်ကို ပထမဆုံး မှတ်မိလိုက်သည်။ သူ၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် အလွန်အမင်း ပျက်ယွင်းသွားခဲ့သည်။ သူသည် အလျင်အမြန် မတ်တတ်ရပ်ကာ စူးချန်ကဲဆီသို့ ဦးညွှတ်ပြီး အလျင်အမြန် ပြောလိုက်သည်။
"သခင် စူး... ကျေးဇူးပြုပြီး နားလည်ပေးပါ... ဒီကောင်လေးက တစ်ချိန်က ကျွန်တော့်ရဲ့ မဟာယန်က ဖြစ်ခဲ့ပေမဲ့ သူက ထွက်သွားတာ ကြာပါပြီ.... ဒါကြောင့် သူ့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက ကျွန်တော့်ရဲ့မဟာယန်နဲ့ လုံးဝမသက်ဆိုင်ပါဘူး..."
သူ့နေရာသူ မသိသော ဤအရူးကြောင့် ပါဝင်ပတ်သက်မည်ကို စိုးရိမ်သဖြင့် သူသည် ခပ်ခွာခွာနေရန် အလွန်စိတ်အားထက်သန်နေပေ၏။
ယခင်က သူသည် ယဲ့ရွှမ် အပေါ် အကောင်းမြင်ခဲ့သော်လည်း အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ ၏ကောင်းကင်ကြီးမှာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ယခုအချိန်၌ လူတိုင်း သိထားကြလေပြီ။
အဲ့ဒီလူက သူတော်စင်တွေကို သတ်ဖြတ်နိုင်စွမ်းရှိတဲ့ မွန်းစတားဆန်တဲ့ ပါရမီရှင်တစ်ယောက်လေ.....
သူ တွေးတောလိုက်သည်။
အရှင်သခင်အိုကြီး၏ အသံကို ကြားသောအခါ ယဲ့ရွှမ်သည် သူ၏နှုတ်ခမ်းများကို အေးစက်သော အကွေးတစ်ခုအဖြစ်သို့ တွန့်ကွေးလိုက်ရုံသာဖြစ်သည်။ သူ၏အသံသည် မကျယ်လောင်သော်လည်း ခန်းမတလျှောက် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။
"အာဏာမက်တဲ့၊ ကျောရိုးမရှိတဲ့ သောက်ကောင်တွေ... ငါ ယဲ့ရွှမ်ရဲ့ လုပ်ရပ်တွေက မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး... ပြီးတော့ မင်းတို့လို လူမျိုးတွေနဲ့ ပေါင်းသင်းရတာကို ငါ အထင်သေးတယ်..."
သူ စကားပြောနေစဉ် သူ၏ အကြည့်သည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကာ လျှိုရူယန်အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် အံ့ကြိတ်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို မှတ်မိသေးလား..."
ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ မျက်နှာသာပေးမှုကို ရစေရန်အတွက် ယဲ့ရွှမ်အား ဖိနှိပ်ရန် ပြင်ဆင်နေကြသော ဂိုဏ်းခေါင်းဆောင်များနှင့်ဧကရာဇ်များ တွေဝေတုံ့ဆိုင်းသွားကြသည်။ ဤကိစ္စ၌ တခြားတစ်ခုခုများ ရှိနေသလောဟု သူ တွေးမိလေ၏။
လျှိုရူယန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး အေးစက်တင်းမာစွာ ပြောလိုက်သည်။
"ငါ မှတ်မိတယ်..."
လျှိုရူယန် ဝန်ခံသည်ကို ကြားသောအခါ ယဲ့ရွှမ် ၏ နှလုံးသားထဲရှိ နာကြည်းမှုမှာ အနည်းငယ် ပျောက်ကွယ်သွားပုံရသည်။ သူသည် တီးတိုးပြောဆိုလိုက်၏။
"ရူယန်... မင်း..."
သူ၏စကား မဆုံးသေးမီမှာပင် လျှိုရူယန် ၏ အေးစက်သော အော်ဟစ်သံက သူ့ကို ရိုင်းစိုင်းစွာ ကြားဖြတ်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
"ငါတို့က ရင်းနှီးလို့လား..."
"ငါ့ကို အဲ့ဒီလို ခေါ်ဖို့ အရည်အချင်းရော နင့်မှာ ရှိလို့လား..."
လျှိုရူယန်၏ မျက်လုံးများတွင် ရွံရှာမှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ အပျက်အစီးနယ်မြေထဲ၌ သူမ သူ့အပေါ် ထားရှိခဲ့သော ခံစားချက်ကောင်းများ၏ နောက်ဆုံး အကြွင်းအကျန်များ လုံးဝပျောက်ကွယ်သွားပုံရသည်။
ဤစကားကို သူမ ပြောလိုက်သည်နှင့် တပြိုင်နက် ယဲ့ရွှမ်သည် ချက်ချင်းဆိုသလို မိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလား သူ၏မျက်နှာ ဖြူရော်သွားသည်။
ချက်ချင်းပင် သူ ရယ်မောလိုက်သည်။
သူသည် သနားစရာကောင်းအောင် ရယ်မောလိုက်၏။
ထို့နောက် သူ၏အကြည့်သည် စူးချန်ကဲအပေါ်သို့ ပြန်လည်၍ ကျရောက်သွားပြီး တိုက်ခိုက်လိုစိတ်များသည် ထိတွေ့၍ရနိုင်သော မီးတောက်များအလား သူ၏နံဘေးပတ်လည်တွင် မြင့်တက်လာသည်။ သူ၏အသံမှာ ပြတ်သားပြီး အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို အဆုံးအဖြတ်ပေးမည့် ဆုံးဖြတ်ချက်တစ်ခုကို သယ်ဆောင်ထားသည်။
"စူးချန်ကဲ... မင်း အစွမ်းထက်တယ်ဆိုတာ ငါ သိတယ်....ဒါပေမဲ့ ငါ ယဲ့ရွှမ် က မင်းကို မကြောက်ဘူး..."
"ဒီနေ့ ငါ ရှုံးသွားရင်တောင် အနာဂတ်မှာ မင်းကို ငါ သေချာပေါက် အနိုင်ယူမယ်..."
"အခု... မင်း ငါ ယဲ့ရွှမ် ကို တရားမျှတစွာနဲ့ တိုက်ခိုက်ရဲလား..."
ရုတ်တရက် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး ၏ အံ့အားသင့်နေသော အသံက သူ၏ စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။
"သူ..."
"ဘာဖြစ်လို့လဲ ဆရာ..."
ယဲ့ရွှမ်က သူ၏ စိတ်ထဲတွင် အလျင်အမြန် မေးလိုက်သည်။
"သူက အရမ်းချောတာပဲ..."
"..."
ယဲ့ရွှမ်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး ထိတ်လန့်မှု ခံစားချက်တစ်ခုသည် သူ၏နှလုံးသားကို ရိုက်ခတ်သွားသည်အား သူ ခံစားလိုက်ရသည်။
ယဲ့ရွှမ်၏စကားများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့် ခန်းမကြီးတစ်ခုလုံး နောက်တစ်ကြိမ် ဆူညံသွားသည်။
ယဲ့ရွှမ်ကို ကြည့်နေသူတိုင်းသည် သူတို့၏စိတ်ထဲတွင် သူ့ကို မကျိန်ဆဲဘဲ မနေနိုင်အောင် ဖြစ်သွားပေ၏။
"ဘယ်လို အရူးလဲ..."
ဤအရာကို မြင်သောအခါ အစွမ်းပြသရန် စိတ်အားထက်သန်နေသော ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်များသည် ပို၍ပင် ငြိမ်မနေနိုင် ဖြစ်လာကြသည်။ သူတို့သည် ဤအဆင်အခြင်မဲ့သော ကောင်လေးကို အမှုန်အမွှားအဖြစ် ခြေမွှဖျက်ဆီးရန်အတွက် ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခု စတင်ရန် စူးချန်ကဲထံမှ အချက်ပြမှု အနည်းငယ်ကိုသာ စောင့်ဆိုင်းနေသည်။
ဤအချိန်အခိုက်အတန့်မှာပင်....
မျက်လွှာချကာ လက်ဖက်ရည် သောက်နေခဲ့သော စူးချန်ကဲသည် နောက်ဆုံးတွင် သူ၏ခေါင်းကို မော့လိုက်ပြီး လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ချကာ တွေးလိုက်သည်။
"သူ နောက်ဆုံးတော့ ရောက်လာပြီပဲ..."
"ကံကြမ္မာသားတော်က ငါ့ကိုပေးမယ့် သေစေနိုင်တဲ့အကျပ်အတည်းပဲ... ငါ မင်းကို စောင့်နေတာ အတော်ကြာပြီ..."
"ဒါပေမဲ့ ဒီယဲ့ရွှမ်က ဘာလို့ ဒီလောက်တောင် အရူးဖြစ်နေရတာလဲ... ကံကြမ္မာသားတော်ရဲ့ ဉာဏ်ပညာ အရောင်အဝါက သူ့ရဲ့ ကိုယ်ပိုင် ဉာဏ်ရည်ကိုပါ ကျဆင်းသွားစေတာလား..."
အနီးအနားတွင် မတ်တတ်ရပ်နေသော လီချင်းဖုန်းသည် ပင်မခန်းမထဲရှိ ယဲ့ရွှမ် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ မည်သည့်စကားမျှ မပြောဘဲ လက်ဖက်ရည်အိုးကို ကိုင်ကာ နံဘေးတွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေခဲ့သည်။
ရုတ်ချည်းဆိုသလိုပင်...
စူးချန်ကဲက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။ ယခုလက်ရှိ၌ ယဲ့ရွှမ် ပြသနေသော ခွန်အားသည် အလွန်အားနည်းနေသော်လည်း သူသည် ကံကြမ္မာသားတော်အပေါ် အနည်းငယ် တည်ကြည်လေးနက်နေဆဲပင်။
မတ်တတ်ရပ်လိုက်သည့် ဤလှုပ်ရှားမှုလေး တစ်ခုတည်းကပင်....
ဘုန်း...
သက်ရှိအားလုံးထက် မြင့်မားနေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုက ပြင်းထန်စွာ ပျံ့နှံ့သွားခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုလုံး အနည်းငယ် တုန်ခါသွားပုံရသည်။
နတ်ဘုရားမီးတောက်နယ်ပယ် ဧကရာဇ်များဖြစ်စေ ဝေဝါးသော အရှိန်အဝါများရှိသည့် အဖိုးအိုများဖြစ်စေ ခန်းမထဲရှိ ကျင့်ကြံသူများအားလုံး၏မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပေ၏။
မမြင်နိုင်သော နတ်ဘုရားတောင်တစ်တောင်က သူတို့၏စိတ်ဝိညာဉ်များအပေါ် ဖိနှိပ်နေသည့်အလား သူတို့ ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအား လည်ပတ်မှုများ ချက်ချင်းရပ်တန့်သွားပြီး အသက်ရှူရ ခက်ခဲလာခဲ့သည်။
အားနည်းသော ကျင့်ကြံခြင်း ရှိသူများသည် သူတို့၏ ခြေထောက်များ ပျော့ခွေသွားသည်ကို ခံစားရပြီး မတ်မတ်ပင် မရပ်နိုင်လုနီးပါး ဖြစ်သွားခဲ့လေ၏။
ဒါ... ဒါက မနေ့က စိတ်ဝိညာဉ်နယ်မြေက သူတော်စင်တွေကို ဓားနဲ့ သတ်ခဲ့တဲ့သူရဲ့ ကြီးကျယ်ခမ်းနားမှုလား...
သဘာဝအတိုင်း ဖြာထွက်နေတဲ့ အရှိန်အဝါလေး တစ်ခုကတောင် ဒီလောက်ထိ ကြောက်စရာကောင်းနေပြီလား...
သခင် စူးက အရမ်းကို ကြောက်စရာကောင်းတာပဲ...
ဤဖိအားအောက်တွင်....
ယဲ့ရွှမ်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
တစ်ညတာကာလအတွင်း သူသည် စူးချန်ကဲ၏ စွမ်းအားကို သူ၏ စိတ်ထဲတွင် မရေမတွက်နိုင်အောင် ခန့်မှန်းပြီး စိတ်ကူးယဉ်ခဲ့သည်။ သူ၏ တာအိုနှလုံးသားသည် သူနှင့် သက်တူရွယ်တူများထက် များစွာပို၍ ပြတ်သားသော်လည်း ပြိုင်ဘက်၏ဖိအားကို အမှန်တကယ် ရင်ဆိုင်ရမှသာ ကွာဟချက်က မည်မျှထိ ကျယ်ပြန့်ကြောင်းကို သူ ရှင်းလင်းစွာ သဘောပေါက်သွားခဲ့လေ၏။
သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မတုန်ရီဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အကြောက်တရားကြောင့် ထိန်းချုပ်၍မရအောင် အော်ဟစ်နေသည်။
"ဖူး..."
ယဲ့ရွှမ်က ညည်းတွားလိုက်ရာ သွေးကြောများသည် သူ၏နဖူးပေါ်တွင် ထောင်ထလာပြီး သူ၏ပါးစပ်မှ သွေးများပင် ယိုစီးကျလာသည်။
သို့ရာတွင် သူ၏မျက်လုံးများထဲရှိ မီးတောက် နှစ်ခုသည် ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းနေပေ၏။
အထူးသဖြင့် အနီးအနားရှိ လျှိုရူယန်သည် အားနည်းသူတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် သူ့ကို ကြည့်နေသည်အား မြင်သောအခါ သူ၏လက်သီးများကို ပို၍ပင် တင်းကြပ်စွာ ဆုပ်လိုက်သည်။
"ငါ မလုပ်နိုင်ဘူး..."
"ငါ ဒီလို မကျဆုံးနိုင်ဘူး..."
လက်စွပ်ထဲရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ စွမ်းအားသည်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ အဆင်အခြင်မဲ့ စီးဝင်လာပေ၏။
ယဲ့ရွှမ်၏မျက်လုံးများ သွေးရောင်လွှမ်းနေခဲ့လေသည်။ သူသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အတင်းအကြပ် တည်ငြိမ်အောင် လုပ်ကာ မှော်လက်စည်းသင်္ကေတများကို ရူးသွပ်စွာ ဖန်တီးလိုက်သည်။
"စူးချန်ကဲ..."
"ငါ့ရဲ့ ဒီတိုက်ခိုက်မှုကို ခံစမ်း... ပြာလဲ့လဲ့ငွေရောင် မီးကြာပန်း....ကောင်းကင်ကို လောင်ကျွမ်းပြီး တာအိုကို ဖျက်ဆီးခြင်း ..."
နောက်တစ်စက္ကန့်တွင်....
ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများက ပင်မခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
သေသပ်လှပပြီး ပြိုင်ဘက်ကင်းသော ပြာလဲ့လဲ့ငွေရောင် မီးတောက်ကြာပန်းတစ်ခုသည် ယဲ့ရွှမ် ၏လက်ဝါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာပေ၏။
ထိုကြာပန်းကို ပွင့်ဖတ်ကိုးခု ခွဲခြားထားပြီး မီးတောက်ဒြပ်စင်မဟာတာအို မှော်စာလုံးများသည် ပွင့်ဖတ်တစ်ခုစီပေါ်တွင် စီးဆင်းနေခဲ့သည်။
ဤအရာကို မြင်သောအခါ ခန်းမထဲရှိ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသော်လည်း ထိုအရာသည် ထိုမျှသာ ဖြစ်ပေ၏။
သဘာဝအတိုင်း ဖွဲ့စည်းထားသော တာအို စည်းချက်ဖြင့် ဤအဆင့်အထိ စုစည်းထားသော နတ်ဘုရားစွမ်းရည်တစ်ခုမှာ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်တွင် အမှန်တကယ်ကို ရှားပါးလှသည်။
ဤယဲ့ရွှမ်သည် အရည်အချင်း လုံးဝမရှိသည်တော့ မဟုတ်ချေ။ ဤတိုက်ခိုက်မှု တစ်ခုတည်းဖြင့် တူညီသော နယ်ပယ်တွင် ပြိုင်ဘက် အနည်းငယ်ကိုသာ သူ တွေ့ရှိလိမ့်မည်ဟု သူတို့ တွေးတောလိုက်မိသည်။
ကံမကောင်းစွာဖြင့်...
သူသည် ပြိုင်ဘက်ကို မှားယွင်းစွာ ရွေးချယ်ခဲ့လေ၏။
"ဒါက ဘာကြီးလဲ... သူက တကယ်ပဲ ရယ်စရာကောင်းအောင် ကြိုးစားနေတာလား..."
စူးချန်ကဲသည် မီးကြာပန်းကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်ခုံးများကို အနည်းငယ်သာ ပင့်လိုက်သည်။
နောက်တခဏတွင်...
ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်သွားခဲ့လေ၏။
မီးကြာပန်းသည် လေထဲတွင် ရုတ်တရက် အေးခဲသွားပြီး ထိုအရာ၏ပွင့်ဖတ်များပေါ်တွင် စီးဆင်းနေသော တောက်ပသည့် မှော်စာလုံးများသည် မြင်နိုင်စွမ်းရှိသော အမြန်နှုန်းဖြင့် ပြိုကွဲသွားသည်။
ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ စိတ်ကူးယဉ်တွေးတောနိုင်သည်ထက် ပို၍မြန်ဆန်သည်။
ဖူး...
ယဲ့ရွှမ်သည် မိုးကြိုးဖြင့် ရိုက်ခတ်ခံလိုက်သည့်အလား တောင့်တင်းသွားပြီး သူ၏ပါးစပ်မှ သွေးလတ်လတ်ဆတ်ဆတ်မတစ်လုတ် ပန်းထွက်လာခဲ့လေသည်။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုအကြည့်တစ်ချက်တည်းတွင် ပါဝင်နေသော ဖိအားမှာ ပြီးဆုံးရန် များစွာဝေးကွာနေသေးခြင်းပင်။
ခရက်ဟူသော အသံတစ်သံနှင့်အတူ...
ယဲ့ရွှမ်၏ဒူးများ ခွေကျသွားခဲ့သည်။ သူ့ကိုယ်သူ ဆက်လက်၍ မထောက်ပံ့နိုင်တော့ဘဲ သူသည် ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့် ဆောင့်ချလိုက်ပြီး မြေပြင်ပေါ်သို့ လေးလံစွာ ဒူးထောက်ရက်သား လဲကျသွားသည်။
ငါ ရှုံးနိမ့်သွားတယ်... ဒီလိုပဲလား... ပြီးတော့ ပြိုင်ဘက်က လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်ရှားရသေးဘူး...
အကန့်အသတ်မဲ့ မျှော်လင့်ချက်မဲ့မှုသည် ယဲ့ရွှမ် ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
သူ၏ တာအိုနှလုံးသားတလျှောက် အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်။
လက်စွပ်ထဲတွင် သူ၏ဆရာဖြစ်သော အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် သူ၏ စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော ကြောက်လန့်တကြား စူးရှရှ အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်၏။
"သူက ပြိုင်ဘက် မဟုတ်ဘူး... လုံးဝ လုံးဝ ပြိုင်ဘက် မဟုတ်ဘူး..."
"မြန်မြန် အဲ့ဒီ ကျောက်စိမ်းကို သုံးလိုက်.. ချက်ချင်း...အခုချက်ချင်း..."
သို့ရာတွင် စူးချန်ကဲက အံ့အားသင့်မှု အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။ ပင်မ ခန်းမထဲတွင် ခွေးသေတစ်ကောင်အလား လဲကျနေသည့် ကံကြမ္မာသားတော်ကို ကြည့်ရင်း တစ်ခုခု အနည်းငယ် မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။
ဒီလောက် ရိုးရှင်းတာလား...
ဒီအရူးက ငါ့ရဲ့ သေစေနိုင်တဲ့ အကျပ်အတည်း ဖြစ်လာမှာလား...
စနစ်... သူ့လက်ချက်နဲ့ ငါ ဘယ်လို သေရမှာလဲ ဆိုတာကို အတိအကျ ရှင်းပြပေးပါလား...