← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း ၁၄၉: ဟမ့်... မင်း နေရာမင်း သိတာ ကောင်းပါတယ်...

ရွှီချီ ၏ တိုးညှင်းသော အပြစ်တင်မှုအပြီးတွင်....

ဝီ...

ကောင်းကင်ယံတွင် အရာအားလုံးကို ဝါးမျိုတော့မည့်အလား ဖြစ်နေသော ကမ္ဘာပျက်မည့် သဘာဝလွန်ဖြစ်စဉ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။

မည်းနက်သော ကပ်ဘေးတိမ်တိုက်များသည် တလိမ့်လိမ့်ထနေပြီး ဖျက်ဆီးခြင်းမိုးကြိုးများကို ဖန်တီးနေကာ အရပ်မျက်နှာအဘက်ဘက်သို့ ကျယ်ပြန့်လာမည့် အရှိန်အဟုန် ရုတ်တရက် ရပ်တန့်သွားသည်။ သို့ရာတွင် ကောင်းကင်နှင့်မြေကြီးကြားရှိ အသက်ရှူမွန်းကြပ်စေသော ဖိအားမှာ မပျောက်ကွယ်သေးဘဲ တစ်စုံတစ်ရာသော စိတ်ဆန္ဒနှင့် ထူးဆန်းသော အခြေအနေတစ်ခုတွင် ပိတ်မိနေပုံရသည်။

ဤအခိုက်အတန့်တွင် အချိန်များ ဆွဲဆန့်သွားပုံ ရပေ၏။

သို့ရာတွင် အချိန်တခဏအကြာတွင် ထိုအရာသည် မြင်နိုင်စွမ်းရှိသော အမြန်နှုန်းဖြင့် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

တတိယတောင်ထိပ်တွင်...

ရွှီချီသည် သူ၏ မျက်လုံးများကို အနည်းငယ် မှေးစင်းကာ ယခုအချိန်၌ ကြည်လင်ရှင်းလင်းသွားသော ကောင်းကင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တီးတိုးနှာမှုတ်လိုက်သည်။

"ဟမ့်..."

"မင်းနေရာ မင်းသိတာ ကောင်းပါတယ်..."

ရုတ်ချည်းဆိုသလိုပင် သူသည် ချောမွေ့သော ကျောက်စိမ်းကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တစ်ခုခုကို စဉ်းစားနေသည့်အလား ရှားပါးသော လေးနက်မှု အရိပ်အယောင်တစ်ခုက သူ၏ မျက်လုံးများတွင် ထင်ဟပ်လာသည်။

"ထားလိုက်ပါတော့..."

"ငါ ဘာလို့ ဒီလောက်ထိ အများကြီး တွေးနေရတာလဲ... အနည်းဆုံးတော့ ငါတို့ နိုင်ခဲ့တယ်လေ..."

"ဒါပေမဲ့ ပြောရရင် စူးလေးက အခု တော်တော်လေး ကြမ်းတမ်းလာပြီ... သူ တကယ်ပဲ မဟာ ဧကရာဇ် သွေးမျိုးဆက်ကို ဆုံးရှုံးသွားတာလား...တကယ်လို့ သူက တာအိုကို ရတဲ့အထိ ဒီလို လွန်ကဲတဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို ထိန်းထားနိုင်ရင်... ဟူး... ငါ နည်းနည်း စိတ်ကူးယဉ်နေမိပြီ... ငါ ဘာတွေကို တွေးနေတာလဲ..."

ရုတ်ချည်းဆိုသလိုပင် သူသည် ပုံမှန်ပျင်းရိသော အမူအကျင့်သို့ ပြန်သွားကာ ပိတ်ထားသော စာအုပ်ဖြစ်သည့် 'အာဏာရှင်ဆန်တဲ့ ဓား အင်မော်တယ်က ငါ့ကို ချစ်မိသွားတယ်'ကို ကောက်ကိုင်လိုက်၏။ သူ၏အကြည့်သည် စိတ်ခံစားချက်ပြင်းထန်စေပြီး စွဲလမ်းစေသော ဇာတ်ကွက်ထဲတွင် နောက်တစ်ကြိမ် နစ်မြုပ်သွားကာ မပီမသ ရေရွတ်လိုက်သည်။

"အင်း... ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြား ထွက်ပေါ်လာပြီဆိုတော့ ဒီကိစ္စတွေက တော်တော်များများ အဆုံးသတ်သွားပြီ... အခု အချိန်တန်ပြီ... စူးလေးနဲ့အတူ ငါ အပြင်ထွက်ပြီး လှုပ်ရှားရမယ်... တစ်နေရာတည်းမှာ အချိန်အကြာကြီး နေရတာကြောင့် ငါ့ရဲ့အရိုးတွေ သံချေးတက်နေပြီ..."

"ဟင်... ဘာဖြစ်သွားတာလဲ... သောက်ကျိုးနည်း... ငါ ဘယ်အထိ ဖတ်ပြီးသွားပြီလဲ... သူတို့ ဘာလို့ လမ်းခွဲသွားကြတာလဲ..."

တစ်ချိန်တည်းမှာပင်...

ထိုက်ချင်ဂိုဏ်း၏ ပင်မခန်းမထဲတွင်...

"ကောင်းကင်... ကောင်းကင် ကပ်ဘေး... ဒါက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ ကောင်းကင်တာအိုရဲ့ဒေါသလား....မျိုးသုဉ်းခြင်းကပ်ဘေးတစ်ခုကို ကျရောက်စေတာများလား..."

ဗဟုသုတ ကြွယ်ဝသော ရှေးဟောင်းမိသားစု အကြီးအကဲတစ်ဦး၏အသံ တုန်ရီနေပြီး သူ၏မျက်နှာ ဖြူရော်နေသည်။

ဧကရာဇ်လမ်းစဉ်ကို ပြီးမြောက်ပြီး ကောလာဟလ ထွက်နေသော အင်မော်တယ် လမ်းကြောင်းကို ရှာဖွေသူများသာ ကောင်းကင် ကပ်ဘေးနှင့် ကြုံတွေ့ရမည်ဟု မှတ်တမ်းတင်ထားသော သူ့မျိုးနွယ်စု၏ ရှေးအကျဆုံး ကျောက်စိမ်းစာလိပ်များတွင် အလားတူ ဖော်ပြချက်များကို သူ ဖတ်ဖူးခဲ့သည်။ သို့ရာတွင် ဤအရာမှာ အမြဲတစေ ဒဏ္ဍာရီတစ်ခုအဖြစ်သာ သတ်မှတ်ခံရလေ၏။

"ဒီလောက်... ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ စွမ်းအားလှိုင်းတွေ... ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားလား... ဒီအဖိုးအိုရဲ့ တာအို နှလုံးသားက တုန်ရီနေတယ်... တကယ်လို့ အဲ့ဒါသာ ကျရောက်လာရင်..."

မဟာယန်အင်ပါယာ၏ ဧကရာဇ်အိုကြီးသည် လုံးဝ ကြောင်အမ်းနေပြီး သူ၏စကားကို အဆုံးမသတ်ရဲတော့ချေ။

ထို ဖျက်ဆီးခြင်း အရှိန်အဝါရှိသည့် ကပ်ဘေးသာ ကျရောက်လာပါက ထိုက်ချင်ဂိုဏ်းကို မဆိုထားနှင့် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးပင် ခြေမွှဖျက်ဆီးခံရနိုင်ခြေများကြောင်း သူ အတပ်ပြောနိုင်သည်။

ဤအရာသည် ကျင့်ကြံသူများ၏စွမ်းအားကို ကျော်လွန်နေလေပြီ။ ထိုအရာမှာ ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သော စွမ်းအားပင်။

"ဘာလို့ ဒီလို ကောင်းကင်ကပ်ဘေးမျိုး ထွက်ပေါ်လာရတာလဲ... စီနီယာအစ်ကိုက ယဲ့ရွှမ် ကို သတ်လိုက်လို့လား... အဲ့ဒါက မဖြစ်နိုင်ဘူး..."

လျှိုရူယန်သည်လည်း ကောင်းကင်ကြီးကို မယုံကြည်နိုင်စွာ မော့ကြည့်နေခဲ့သည်။ ဤအရာသည် သူမ၏ နားလည်နိုင်စွမ်း အတိုင်းအတာကို ရှင်းလင်းစွာ ကျော်လွန်နေပေ၏။

ချက်ချင်းပင် သူမသည် စူးချန်ကဲကို စိုးရိမ်တကြီး ကြည့်လိုက်ကာ သူမ၏ ကျောက်စိမ်းအလား နူးညံချောမွတ်သော လက်များကို အလိုအလျောက် တင်းကြပ်စွာ ဆုပ်လိုက်မိသည်။

မြင့်မြတ်အရှင်ရွှမ်ကျိ ယွမ်ရှန်းဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်နှင့် တခြားသော သိမြင်နားလည်မှုရှိသည့် အသက်ကြီးသော နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူအနည်းငယ်တို့သည် စူးချန်ကဲအပေါ် အလိုအလျောက် အာရုံစိုက်လိုက်ကြ၏။ ဤရုတ်တရက်ထွက်ပေါ်လာသော ကောင်းကင်ကပ်ဘေးသည် သူ၏ လုပ်ရပ်ကြောင့် ဖြစ်နိုင်ချေ အများဆုံးဖြစ်ကြောင်း သူတို့ သိထားကြသည်။

အကြောင်းအရင်းကိုမူ သူတို့ မသိခဲ့ကြချေ။

ထို့ပြင် ယခုချိန်၌ သူတို့ မမေးရဲခဲ့ကြပေ။

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုသည် အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ပြီးနောက် မယုံကြည်နိုင်သော အော်ဟစ်သံများနှင့် စူးရှသော အသက်ရှူသံများဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရသည်။

"ဟင်... ဘာ... ဘာဖြစ်သွားတာလဲ... အဲ့ဒါက ပျောက်ကွယ်သွားပြီလား..."

"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်... ကောင်းကင်ကပ်ဘေး ပျောက်ကွယ်သွားပြီ...အဲ့ဒါက ပျောက်ကွယ်သွားပြီ..."

ပင်မခန်းမထဲရှိ လူတိုင်းသည် ကောင်းကင်ကြီးကို အံ့အားသင့်စွာ မော့ကြည့်လိုက်ကြ၏။ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသော မည်းနက်သည့် ကပ်ဘေးတိမ်တိုက်များသည် ဒီရေအလား ဆုတ်ခွာသွားပြီး နှလုံးခုန်မြန်စေသော ဖျက်ဆီးခြင်းအရှိန်အဝါသည်လည်း ထိုအရာများနှင့်အတူ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

တလိမ့်လိမ့်ထနေသော မိုးကြိုးများသည် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြီး အသက်ရှုမွန်းကြပ်စေသော ကောင်းကင်ကြီးသည် ထိုအရာ၏အလင်းရောင်ကို ပြန်လည်ရရှိလာသည်။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် ကမ္ဘာပျက်မည့် မြင်ကွင်းနှင့် တူညီသော မြင်ကွင်းသည် လေထဲသို့ ပျောက်ကွယ်သွားပြီး ဘာမျှမဖြစ်ခဲ့သည့်အလား တောက်ပပြီး ကြည်လင်ရှင်းလင်းသော မိုးကောင်းကင်ကြီးသာ ကျန်ရစ်ခဲ့သည်။

ထို့ပြင် ပင်မခန်းမ၏ အလယ်ဗဟိုတွင်...

"အဲ့ဒါက ပျောက်ကွယ်သွားပြီလား..."

စူးချန်ကဲသည် ရှင်းလင်းပြီး ကျယ်​ပြန့်သော ကောင်းကင်ကြီးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တွေးတောနေလေ၏။

ခုဏက နောက်ထပ် အရှိန်အဝါတစ်ခု ဝင်ပါလာသလိုပဲ... ဘယ်သူ ဖြစ်နိုင်မလဲ...

အဖေများလား...

နောက်တစ်စက္ကန့်တွင်...

မမြင်နိုင်သော်လည်း ခံစားသိရှိနိုင်သော အရှိန်အဝါတစ်ခုသည် မြေပြင်ပေါ်ရှိ ယဲ့ရွှမ်၏ အလောင်းမှ လွင့်မျောလာပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝေဝါးစွာ စီးဝင်သွားသည်။

"ဒါက ဘာကြီးလဲ..."

စူးချန်ကဲသည် ချက်ချင်းဆိုသလိုပင် သတိထားမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်၏။ သူ ချက်ချင်းစစ်ဆေးလိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပုံမှန်မဟုတ်သောအရာဟူ၍ မည်သည့်အရာကိုမျှ မတွေ့ရချေ။

【သုံးလကြာ သေစေနိုင်တဲ့ အကျပ်အတည်းကို ဖြေရှင်းပြီးသွားပါပြီ... သင်က ကံကြမ္မာသားတော် ယဲ့ရွှမ်ကို သတ်ဖြတ်ပြီး သူ့ရဲ့ကံကြမ္မာကို ရရှိခဲ့ပါတယ်... ဒါပေမဲ့ လက်ခံသူ ဒီအကြောင်းအရင်းကြောင့် သင်က ကောင်းကင်တာအိုကိုလည်း စော်ကားခဲ့ပါတယ်... သင့်ရဲ့ ဂျူနီယာညီမလေးကလွဲပြီး ကံကြမ္မာသားတော်တွေ အားလုံးကို သတိထားပါ...】

"..."

"ကံကြမ္မာ လား..."

"ဒီလို ကောင်းတဲ့အရာ ရှိတယ်ပေါ့..."

"ကောင်းကင်တာအိုကို စော်ကားခဲ့တယ်... ခုဏက အဲ့ဒီအရှိန်အဝါက ကောင်းကင်တာအို လား..."

စူးချန်ကဲသည် အစပိုင်းတွင် ထိတ်လန့်သွားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အကယ်၍ ထိုစိတ်ဆန္ဒသည် ကောင်းကင်တာအို ဖြစ်ပါက ထိုအရာသည် ယုတ္တိတန်သော်လည်း သူ မည်သည်ကြောင့် ဤမျှထိ ပြင်းထန်သော မနှစ်မြို့မှုနှင့်ရွံရှာမှုကို ခံစားခဲ့ရသနည်း...

ငါက ဗီလိန် ဖြစ်နေလို့များလား...

ဒီအကြောင်းပြချက်က ဖြစ်နိုင်ချေရှိပေမဲ့ တစ်ခုခု လိုနေသလိုပဲ...

ကောင်းကင်တာအို၏ကိစ္စကို ဘေးဖယ်ထားလျှင်ပင် စူးချန်ကဲကို အံ့အားသင့်စေသောအရာမှာ ကံကြမ္မာသားတော်တစ်ယောက်ကို သတ်ဖြတ်ခြင်းက ပြိုင်ဘက်၏ကံကြမ္မာကို သူ ရရှိစေနိုင်ခြင်းပင် ဖြစ်လေသည်။ ထိုအရာမှာ အမှန်တကယ်ကို သူ့အတွက် ကောင်းမွန်သောအရာသာ ဖြစ်ပေ၏။

ရုတ်ချည်းဆိုသလိုပင်...

စူးချန်ကဲက လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ရာ ယဲ့ရွှမ်၏အလောင်းပေါ်ရှိ သိုလှောင်လက်စွပ်သည် သူ၏လက်ထဲသို့ ကျရောက်လာသည်။ ဤအရာများအားလုံးကို ပြီးစီးပြီးနောက် သူသည် လျှိုရူယန်ကို ညင်သာစွာတစ်ချက်ကြည့်ကာ သူ အဆင်ပြေကြောင်း အချက်ပြလိုက်သည်။

ထို့နောက် သူသည် မြင့်မြတ်အရှင်ရွှမ်ကျိကို ကြည့်ကာ ခေါင်းညိတ်ပြပြီးနောက် လျှိုရူယန် နှင့်အတူ ပင်မခန်းမမှ ထွက်ခွာသွားတော့သည်။

"သခင်စူးကို ရိုသေလေးစားစွာ ပို့ဆောင်ပါတယ်..."

လူတိုင်းသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တွင်သာမက ယွမ်ယန်နယ်မြေတစ်ခုလုံးတွင်ပင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော ဤလူငယ်လေးအပေါ် စစ်မှန်သော လေးစားမှုဖြင့် တညီတညွတ်တည်း ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြ၏။

သူ ထွက်ခွာသွားပြီးနောက် ပင်မခန်းမ၏ အဓိကအခွင့်အာဏာကို မြင့်မြတ်အရှင်ရွှမ်ကျိ ထံသို့ လွှဲပြောင်းပေးလိုက်သည်။ သူသည် ယဲ့ရွှမ်၏အလောင်းကို အရင်ဖြေရှင်းရန် အချက်ပြခဲ့သည်။ ထို့နောက် မဟာမိတ်ကိစ္စများကို ဆွေးနွေးခြင်းထက် မပိုချေ။ အတိုချုပ်ပြောရလျှင် မည်မျှထိ အကာအကွယ်ပေးခ ပေးရမည်ကို စည်းမျဉ်းများ သတ်မှတ်ရန်မှာ ထိုက်ချင်ဂိုဏ်းအပေါ်တွင် မူတည်ပြီး တခြားသူများ အားလုံးက နားထောင်ရပေမည်။

ဝူယာခြံဝင်း၌...

စူးချန်ကဲ ဆင်းသက်လိုက်သည်နှင့် လျှိုရူယန်က သူ၏နောက်သို့ လိုက်လာခဲ့သည်။

"စီနီယာအစ်ကို... ခုဏ အဲ့ဒါက ကောင်းကင် ကပ်ဘေး လား..."

လျှိုရူယန်သည် အလွန်တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်၏။

"အင်း..."

စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီး သူ၏ပုံမှန် နေရာသို့ လျှောက်သွားကာ သူ၏အမူအရာ တည်ငြိမ်နေပြီး ထိုင်လိုက်သည်။

"အဲ့ဒါဆိုရင် မင်း ဘာလို့..."

လျှိုရူယန် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

စီနီယာအစ်ကိုရဲ့ စိတ်ခံစားချက်တွေက အရမ်း တည်ငြိမ်တာပဲ... အဲ့ဒါက ကောင်းကင်ကပ်ဘေးလေ... စိတ်ဝိညာဉ်နယ်မြေက အမြင့်မြတ်ဆုံး ပုဂ္ဂိုလ် တစ်ယောက်တောင်မှ အဲ့ဒီအရာနဲ့ ကြုံရင် ထွက်ပြေးဖို့ပဲ တတ်နိုင်မှာ...

သူမ တွေဝေတုံ့ဆိုင်းနေသည်ကို မြင်သောအခါ စူးချန်ကဲက မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ဘာ... ဘာမှ မဟုတ်ပါဘူး... ကောင်းကင် ကပ်ဘေးက ဘာလို့ ထွက်ပေါ်လာရတာလဲဆိုတာကို ငါ သိချင်ရုံပါ..."

လျှိုရူယန်က သူမ၏လေသံကို ပြောင်းကာ မေးလိုက်၏။ သူမ အနည်းငယ် ရှက်ရွံသွားခဲ့သည်။ သူမသည် ပြန်လည်မွေးဖွားလာသော ဧကရီ တစ်ပါးပင်။

ငါက ဘယ်လိုလုပ်ပြီးတော့ စူးချန်ကဲထက် တည်ငြိမ်မှု လျော့နည်းနိုင်မှာလဲ... အဲ့ဒါက ကောင်းကင်ကပ်ဘေးသက်သက်ပဲ... သက်သက်... အင်း...ဒီဧကရီက စိတ်အနှောင့်အယှက် ဖြစ်ရတယ်...

"အို... အဲ့ဒါလား... ငါ ယဲ့ရွှမ်ကို ဘာလို့ သတ်လိုက်လဲဆိုတာကို မင်း ငါ့ကို မေးတော့မယ်လို့ ငါ ထင်ခဲ့တာ..."

စူးချန်ကဲက ရယ်မောလိုက်သည်။

လျှိုရူယန်က ပြန်ဖြေလိုက်၏။

"ယဲ့ရွှမ်က စီနီယာအစ်ကိုကို စိန်ခေါ်ပြီးတော့ ဒီလောက်ထိ ပြင်းထန်တဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ပြသခဲ့တာက သေလမ်းရှာတာပဲလေ... သူ့ကို သတ်တာက ပုံမှန်လုပ်ရပ်ပဲ မဟုတ်လား..."

"အင်း... မင်းပြောတာ အမှန်ပဲ..."

စူးချန်ကဲက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် တစ်ခုခုကို သတိရသွားပုံဖြင့် မေးလိုက်သည်။

"အရင်တုန်းက သူနဲ့ အပျက်အစီးနယ်မြေဆီ သွားတုန်းက ဒီကျောက်စိမ်းပြားကို မင်း ရခဲ့တာလား..."

သူ စကားပြောဆိုနေစဉ် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ထုတ်ယူကာ သူ၏ လက်ထဲတွင် ထားလိုက်၏။

အခန်း ၁၅၀: အစ်ကိုကြီး...ကျေးဇူးပြုပြီး ကျွန်မကို မရိုက်ပါနဲ့... ကျွန်မကို မရိုက်ပါနဲ့...

"ဟုတ်တယ် စီနီယာအစ်ကို... ငါ ရခဲ့တယ်..."

လျှိုရူယန်သည် ခေါင်းညိတ်ပြပြီး သူမ၏သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ဆက်ပြောသည်။

"သူနဲ့ ငါ အဲ့ဒီအပျက်အစီးနယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ဝင်သွားတုန်းက အရမ်းအစွမ်းထက်တဲ့ ဟင်းလင်းပြင် ဖရိုဖရဲလှိုင်းတွေကြောင့် ငါတို့ လူစုကွဲသွားတယ်... ကောင်းကင် တက်လှမ်းခြင်းလှေကားရဲ့ သဘာဝလွန်ဖြစ်စဉ်ကို ငါ မြင်လိုက်ရတဲ့ အချိန်မှာပဲ ဒီကျောက်စိမ်း ပြားကို ငါ ကောက်ရခဲ့တာ... ငါ တစ်ယောက်တည်းပဲ တွေ့ခဲ့တာလို့ ထင်ပြီး သူ့ကို လုံးဝမပြောပြခဲ့ဘူး... ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ပြီးကောင်းမွန်လာတဲ့နောက်မှာ အဲ့ဒီအရာအကြောင်း ထူးခြားတာ ဘာမှ မခွဲခြားနိုင်လို့ အဲ့ဒါကို ငါ မေ့သွားခဲ့တယ်..."

"ခုဏက ယဲ့ရွှမ်က သူ့ရဲ့ကျောက်စိမ်းပြားကို ထုတ်လိုက်တော့မှ ငါ သတိရသွားတာ..."

"စီနီယာအစ်ကိုက ဒီပစ္စည်းအကြောင်းကို သိနေတာလား..."

လျှိုရူယန်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ စူးချန်ကဲ၏ အတွေ့အကြုံများသည် သူမ၏အတွေ့အကြုံများထက် ကျော်လွန်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ချေ။ သူသည် စူးမိသားစုက လာလျှင်ပင် စူးချန်ကဲသည် အလွန်ငယ်ရွယ်လွန်းနေသည်။

သူမထံတွင်လည်း တစ်ခုရှိနေသည်ကို မြင်သောအခါ စူးချန်ကဲ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

အို ဘုရားရေ...

တခြားသူတွေက ကျောက်စိမ်းပြားတစ်ပြား ရဖို့အတွက် အသည်းအသန် တိုက်ခိုက်ပြီး သွေးတွေအများကြီး ထွက်နေကြတာကို မင်းတို့နှစ်ယောက်က အပျက်အစီးနယ်မြေတစ်ခုကို သွားပြီး အပြုံလိုက် ကောက်ရခဲ့တာလား...

ဒါက ကံကြမ္မာဇာတ်လိုက်တွေရဲ့ ကံကြမ္မာလား...

သို့ရာတွင် စူးချန်ကဲသည် ယခုအချိန်၌ အနည်းငယ်မျှပင် မနာလို မဖြစ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင်လည်း တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။

ဟဲ ဟဲ...

"ဟုတ်တယ်... ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားအကြောင်းကို မင်း ကြားဖူးလား..."

စူးချန်ကဲက ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးလိုက်၏။

လျှိုရူယန်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။ သူမက မယုံကြည်နိုင်စွာ ပြောဆိုလိုက်သည်။

"ကောင်းကင်တက်လှမ်းခြင်း ... ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းပြားလား..."

"ဒါက တကယ်ကြီး ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားလား..."

သူမ မည်သည်ကြောင့် မသိဘဲ နေမည်နည်း....

ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းပြား.....

ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်းလှေကား ပွင့်လာသည်နှင့် တပြိုင်နက် ကမ္ဘာအသင်္ချေတလျှောက်ရှိ ကျွမ်းကျင်သူများကို တိုက်ခိုက်လုယက်စေမည့် နတ်ဘုရားပစ္စည်း တစ်ခုပင်။ သို့ရာတွင် ကောင်းကင်တက်လှမ်းခြင်းကျောက်စိမ်းပြား၏ တိကျသော လုပ်ဆောင်ချက် သို့မဟုတ် ဖော်ထုတ်မှု နည်းလမ်းကို သူမ မသိခဲ့ချေ။ ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်း လှေကားနှင့် ပတ်သက်သော မှတ်တမ်းများမှာ အလွန်ရှားပါးပြီး ထိုနေရာသို့ ဝင်ရောက်ပြီးနောက် ပြန်လာသူများမှာ အစွမ်းထက်သော ကြီးမြတ်သည့် ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့်ပင်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို များသောအားဖြင့် တိုက်ရိုက်မျိုးဆက်များသို့သာ လက်ဆင့်ကမ်းလေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ အသိပညာ ပို၍အသေးစိတ်လေလေလေ အနာဂတ်တွင် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းအပေါ်သို့ ခြေချချိန်၌ အားသာချက် ပို၍ကြီးမားလေလေပင်။ ဤအရာမှာ ကမ္ဘာအသင်္ချေ၏ ရှေးအကျဆုံး အင်အားစုများအကြား၌ မပြောဘဲ သိနေသော သဘောတူညီချက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအရာကို ပြင်ပသို့ သူတို့ ဖြန့်ဝေမည် မဟုတ်ချေ။

"အင်း..."

စူးချန်ကဲက အသံပြုလိုက်ပြီး သူမ၏ အံ့အားသင့်နေသော အမူအရာကို သူ များစွာအံ့အားသင့်သွားခြင်း မရှိခဲ့ချေ။

လျှိုရူယန်သည် သူမ၏လက်ထဲရှိ ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းပြားကို စိုက်ကြည့်ရင်း တခဏကြာမျှ တိတ်ဆိတ်နေပြီးနောက် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

"စီနီယာအစ်ကိုက ဘယ်လိုလုပ်ပြီး သိတာလဲ..."

"ငါ ငယ်ငယ်တုန်းက ငါ့ရဲ့ အဖေ ပြောပြခဲ့တာ..."

စူးချန်ကဲက အလွန်ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"စီနီယာအစ်ကိုရဲ့ အဖေ..."

လျှိုရူယန်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

သမိုင်းတလျှောက် ကောင်းကင်တက်လှမ်းခြင်း လှေကားသို့ ဝင်ရောက်ခဲ့သော ရှေးဟောင်းစူးမိသားစုမှသူများ၏ အဆင့်အတန်းမှာ အလွန် မြင့်မားကြောင်း သူမ သတိရလိုက်သည်။ ကောင်းကင်တက်လှမ်းခြင်းလှေကား၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် ကောင်းကင်ဘုံများနှင့် ကမ္ဘာအသင်္ချေကို ဖိနှိပ်ခဲ့သော မဟာဧကရာဇ်ဖြစ်လာသူ တစ်ဦးပင် ရှိခဲ့လေ၏။ ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်ကို လျှိုရူယန် လေးစားအားကျခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သေချာသည်မှာ သူမ ဤလမ်းကြောင်းအတိုင်း တွေးတောနေခြင်း မဟုတ်ချေ။ စူးမိသားစုမှ တစ်စုံတစ်ယောက်သည် ထိုကဲ့သို့ လျှို့ဝှက်ချက်ကို ငယ်ရွယ်သော သာမန်မိသားစုဝင် လူငယ်တစ်ယောက်အား ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြောပြသည်ကို သူမ အံ့အားသင့်နေခြင်းသာဖြစ်သည်။

စူးချန်ကဲသည် လျှိုရူယန် ဤမျှ အချိန်တိုလေးအတွင်း ဤမျှထိ များစွာတွေးတောခဲ့မှန်း မသိခဲ့ချေ။ သူက ဆက်ပြောလိုက်သည်။

"အရင်က မင်း သံသယရှိခဲ့တဲ့အတိုင်း တကယ်ကြီး ဖြစ်နေတယ်... ကောင်းကင်တက်လှမ်းခြင်း လှေကားက ဒီနယ်မြေရဲ့ မြောက်ပိုင်းဒေသမှာ ကျဆင်းလာလိမ့်မယ်... တိကျတဲ့ တည်နေရာနဲ့ ပတ်သက်လို့ကတော့ ပြောဖို့ ခက်တယ်...အဲ့ဒီ နယ်မြေအကြောင်း ငါ သိပ်မရင်းနှီးဘူး..."

"မြောက်ပိုင်းဒေသ..."

လျှိုရူယန် ထပ်မံ၍ ထိတ်လန့်သွားသည်။

တိကျတဲ့ တည်နေရာကိုတောင် သူ သိနေတာလား... အဲ့ဒါက ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းပြားကြောင့်လား...

သို့ရာတွင် သူမက အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကောင်းကင်ကို ဆန့်ကျင်သော အခွင့်အရေးမှာ အောက်ဘုံ တွင် ပထမဆုံးအကြိမ် ပွင့်လာခြင်းပင်။ ထိုအရာက ကမ္ဘာအသင်္ချေကို မလွဲမသွေ ထိတ်လန့်တုန်လှုပ်စေမည်ဖြစ်ပြီး ကောင်းကင်ဘုံများ၏ ပါရမီရှင်များအားလုံး ရောက်လာကြပေလိမ့်မည်။ ယွမ်ယန်နယ်မြေအတွက် ထိုအရာမှာ ကောင်းချီးတစ်ခု သေချာပေါက် ဖြစ်မည်မဟုတ်ဘဲ ကပ်ဘေးတစ်ခု ဖြစ်နိုင်ခြေ ပိုများသည်။

ထို့ပြင် သူမသည် ယခုလောလောဆယ်တွင် အလွန်အားနည်းနေပေ၏။ ဤတစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေး ကို ဆုပ်ကိုင်ရန် သူမ အလွန်သတိထားပြီး ရှေ့ဆက်ရပေမည်။

သို့ရာတွင် လျှိုရူယန် စိတ်လှုပ်ရှားမနေဟု ပြောလျှင် ထိုစကားမှာ လိမ်ရာကျပေလိမ့်မည်။ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပြီး ထိုအရာ ပွင့်မည့် တိကျသော တည်နေရာကို သိထားခြင်းက အစပြုမှုကို သူမ လုံးဝဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုလိုသည်။ သူမ ထိုနေရာမှ ထွက်လာနိုင်သရွေ့ သူမ၏စွမ်းအားသည် လောကကြီးကို တုန်လှုပ်စေမည့် ပြောင်းလဲမှုများ ဖြစ်လာပေလိမ့်မည်။ အရေးအကြီးဆုံးအချက်က သူမ၏အစ်ကို သေချာပေါက် ရောက်လာပေလိမ့်မည်။ ဤသည်က သူမ၏ရန်ငြိုးအတွက် လက်စားချေရန် သူမ၏အခွင့်အရေးပင်။

နောက်တစ်စက္ကန့်တွင် သူမက စူးချန်ကဲကို အလွန်ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဒီလို အခွင့်အရေးမျိုး ဒီလို လျှို့ဝှက်ချက်မျိုးကို စီနီယာအစ်ကိုက ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်... ဒီဧကရီကို သူ အရမ်းယုံကြည်တယ်... ဒီဧကရီက ဒီတစ်သက်မှာ သူ့ကို လုံးဝစိတ်ပျက်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...

"ဘာဖြစ်လို့လဲ..."

စူးချန်ကဲက လျှိုရူယန်၏အကြည့်အောက်တွင် အနည်းငယ် နေရခက်သကဲ့သို့ ခံစားလိုက်ရသည်။

【ဒင်... ကံကြမ္မာသမီးတော် လျှိုရူယန်က လက်ခံသူရဲ့ လျှို့ဝှက်မထားမှုကြောင့် သူ့ရဲ့စိတ်ကို ထိမိသွားပြီး ဆုလာဘ်ကို ချက်ချင်း ပေးအပ်ပါတယ်... တစ်လစာ ကျင့်ကြံခြင်း အတွေ့အကြုံ...】

အာ... အဲ့ဒါဆိုရင် ငါက သူ့ရဲ့နှလုံးသားကို ထပ်ပြီး နွေးထွေးစေခဲ့တာပေါ့...

ချက်ချင်းပင် လျှိုရူယန်သည် သူမ၏တည်ငြိမ်သော အမူအရာကို ပြန်လည်ရယူပြီး မေးလိုက်သည်။

"ကောင်းကင်တက်လှမ်းခြင်း လှေကား ပွင့်မယ့် ဦးတည်ချက်ကို စီနီယာအစ်ကို သိနေမှတော့ မြောက်ပိုင်းဒေသကို သွားဖို့ အစီအစဉ် ရှိလား..."

"ငါ ကြည့်ရမယ်... မလောသေးပါဘူး..."

စူးချန်ကဲသည် မဖြေခင် တခဏကြာမျှ စဉ်းစားလိုက်၏။

အကယ်၍ သူ မြောက်ပိုင်းဒေသကို သွားရမည်ဆိုလျှင် အနည်းဆုံးအနေဖြင့် နင်ဖူယောင်ကို မေးသင့်သည် မဟုတ်လော...

သူမရဲ့ နှလုံးသားကိုလည်း သူ နွေးထွေးစေနိုင်ခြင်းရှိမရှိ သူ မသိချေ။

ဒီနွေးထွေးတဲ့ နှလုံးသားရှိတဲ့ စီနီယာအစ်ကိုက လူတစ်ယောက်တည်းကိုပဲ နွေးထွေးစေဖို့ အာရုံမစိုက်သင့်ဘူး... ချစ်ခြင်းမေတ္တာကို ဖြန့်ဝေပေးဖို့ လိုတယ်လေ...

ဤစကားကို ကြားသောအခါ လျှိုရူယန်သည် ဘာမျှဆက်မပြောသော်လည်း တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည်။

"စီနီယာအစ်ကို... ငါ အခု သွားပြီး ကျင့်ကြံတော့မယ်..."

သူမ၏ ကျင့်ကြံခြင်းတိုးတက်မှုကို သူမ အရှိန်မြှင့်ရပေမည်။ ဧကရီတစ်ပါးအနေဖြင့် တခြားသူများမှ ဂရုစိုက်ပေးသည်ကို သူမ ကျင့်သားရနေသော်လည်း စူးချန်ကဲ၏ဝန်ထုပ်ဝန်ပိုး အမြဲတစေ မဖြစ်ချင်ခဲ့ချေ။

ယခုချိန်၌ သူမထံတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ မလိုအပ်တော့သဖြင့် အကယ်၍ သူမ အောင်မြင်မှု မရနိုင်သေးလျှင် သူမ၏ ယခင်ဘဝက ကျင့်ကြံခြင်းက အမှန်တကယ်ကို အလဟဿ ဖြစ်သွားပေမည်။

စူးချန်ကဲက အဖြေအဖြစ် ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်သည်။ လျှိုရူယန် ထွက်သွားပြီးနောက် သူသည် ထိုက်ချင် ဓားကိုးလက်ကို လေ့လာဆင်ခြင်နေသော နင်ဖူယောင်၏ တိုးတက်မှုကို သွားရောက်စစ်ဆေးရန် စီစဉ်လိုက်၏။ ထိုဧကရာဇ်အဆင့် ဓားနည်းစနစ်ကို သူ မရသေးချေ။

သို့ရာတွင် သူ မလှုပ်ရှားမီ တစ်ခုခုကို သတိရသွားပြီး ယဲ့ရွှမ်၏သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။

"ကံကြမ္မာသားတော်ဆီမှာ ငါ့ရဲ့ ဂျူနီယာညီမလေးတွေကို နွေးထွေးစေနိုင်တဲ့ တခြားပစ္စည်းကောင်းတွေ ရှိမလားဆိုတာ ကြည့်ရအောင်..."

စူးချန်ကဲက တွေးတောလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ထိုအရာပေါ်သို့ ပေါ့ပေါ့ပါးပါး ကျရောက်သွားစေသည်။

ယဲ့ရွှမ် ချန်ထားခဲ့သော သိုလှောင်လက်စွပ်ပေါ်ရှိ ကန့်သတ်ချက်မှာ ချက်ချင်းကြေမွှပျက်စီးသွားသည်။ ထိုအရာအတွင်း၌ ကောင်းသောအရာ အမြောက်အများ ရှိနေသည်မှာ သေချာသော်လည်း ယခုအချိန်၌ ထိုအရာများမှာ စူးချန်ကဲအတွက် လုံးဝအသုံးမဝင်ချေ။ ထိုအရာများသည် များသောအားဖြင့် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်နှင့် မြင့်မြတ်အရှင်နယ်ပယ် ကျင့်ကြံသူများအတွက် လိုအပ်သော ဆေးလုံးများနှင့် စိတ်ဝိညာဉ် ရတနာများသာ ဖြစ်ပေ၏။

သူ ဂရုတစိုက် ကြည့်ပြီးနောက် နင်ဖူယောင် သို့မဟုတ် ထုယိုယိုအတွက် သင့်တော်မည့်အရာ တစ်ခုမျှ သူ မတွေ့ခဲ့ချေ။

"ကံကြမ္မာသားတော်ကလည်း ရတနာတွေ ရဖို့ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်ရပုံပဲ... သူ ရရှိတဲ့အရာတွေက သူ့အတွက် အသင့်တော်ဆုံးတွေ ဖြစ်လေ့ရှိတယ်... ကောင်းကင်တက်လှမ်းခြင်းကျောက်စိမ်းပြားက သူ့ဆီမှာ ရှိတဲ့ အဖိုးတန်ဆုံးပစ္စည်း ဖြစ်ရမယ်..."

စူးချန်ကဲက တွေးတောလိုက်သည်။ သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံသည် လက်စွပ်၏ နက်ရှိုင်းသော နေရာများသို့ ကျရောက်သွားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ရေခဲကုတင် တစ်ခုပေါ်တွင် လဲလျောင်းနေသော အပြာရောင် ဆံပင်နှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သူ တွေ့လိုက်ရပြီး စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားသည်။

သူမ၏ခန္ဓာကိုယ်မှာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်ခြေရှိပြီး ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေသည်။

"ဒါက ယဲ့ရွှမ်ရဲ့ဆရာလား..."

"တကယ်တော့သူက အမျိုးသမီး တစ်ယောက်ပဲ..."

"သူ မသေသေးဘူးလား..."

"အိပ်မောကျသွားရုံပဲလား..."

စူးချန်ကဲက ထူးဆန်းသော အမူအရာကို ပြသလိုက်ပြီး အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ တစ်ဖက်လူကို ဖျက်ဆီးရန် ဟန်ပြင်လိုက်၏။

ငါက လူကောင်းတစ်ယောက် ဖြစ်နေမှတော့ ဗုဒ္ဓကို အနောက်ဘက်အထိ ပို့ဆောင်ပေးရမှာပေါ့...မင်းတို့ ဆရာတပည့်ကို အတူတူ ခရီးသွားခွင့် ပြုလိုက်မယ်...

သူမက အမျိုးသမီး တစ်ယောက် ဖြစ်နေသဖြင့် သူ တွန့်ဆုတ်နေမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ယဲ့ရွှမ်၏ တာအို အစောင့်အရှောက်နှင့် ဆရာပင်။

ငါက သူ့ကို ဘာလို့ အသက်ရှင်ခွင့် ပေးရမှာလဲ... နှစ်သစ်ကူး အတွက်လား...

သို့ရာတွင် သူ လှုပ်ရှားတော့မည့် အချိန်မှာပင်....

ဝှစ်...

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အိပ်မက်ဆန်သော အပြာရောင်နှင့်အဖြူရောင် ရောယှက်နေသည့် မျက်လုံးသူငယ်အိမ်တစ်စုံကို ရုတ်တရက် ဖွင့်လိုက်သည်။ သူက စူးချန်ကဲ၏နတ်ဘုရားစိတ်အာရုံကို အပြစ်ကင်းစွာ ကြည့်ပြီး စိတ်ရှုပ်ထွေးမှု နားမလည်မှုတို့ဖြင့် ပြောလိုက်သည်။

"နင်က ဘယ်သူလဲ... ငါ့ကို ဘာလို့ သတ်ချင်နေတာလဲ... ငါ နင့်ကို ဒေါသထွက်အောင် မလုပ်ခဲ့ပါဘူး..."

"အာ... နေအုံး... ငါက ဘယ်သူလဲ..."

"ငါက ဘယ်သူလဲ... ငါက ဘယ်သူလဲ..."

"ငါ ဘာလို့ ဒီရောက်နေတာလဲ..."

စူးချန်ကဲက ထူးဆန်းစွာ ကြည့်လိုက်သည်။

မှတ်ဉာဏ်ပျောက်ဆုံးခြင်းလား...

ဒါမှမဟုတ် အရူးဖြစ်သွားအောင် အရိုက်ခံရတာလား...

ဟန်ဆောင်နေတာလား...

ငါ့အတွက် ပြဇာတ် ကပြနေတာလား...

အဲ့ဒါတွေ တစ်ခုမှ ငါ ဂရုမစိုက်ဘူး...

"အာ... အစ်ကိုကြီး... မရိုက်ပါနဲ့၊ မရိုက်ပါနဲ့... အဲ့ဒါတွေကို ကျွန်မ ချွတ်လိုက်ရမလား... ဝူးဝူးဝူး... ကျွန်မ တောင်းပန်ပါတယ်..."

Book 15 end.

All Chapters