အခန်း (၂၆၄၁-၂၆၄၂)
Vol. 205 Ch. 2641-2642
အဆတစ်ရာစနစ် စာစဥ်(၂၀၅)
အခန်း(၂၆၄၁)
"ဝုန်း.. ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံ နှစ်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့၏။
သိပ်မကြာခင်မှာပင် လူရိပ်နှစ်ခုသည် အရှက်တကွဲ လွင့်ထွက်လာခဲ့ကြသည်။
ချောမောသော လူငယ်လေး ဖြစ်သည့် ယွင်ဖုန်းဟွာသည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကို လက်ခုံဖြင့် သုတ်လိုက်ကာ ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။
သန်မာထွားကျိုင်းသော လူငယ်၏ အခြေအနေကမူ ယွင်ဖုန်းဟွာ ထက်ပင် ပို၍ ဆိုးရွားနေခဲ့၏။
သူ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေပြီး ဒွါရ ခုနစ်ပေါက်ကနေ သွေးများ ယိုစီးကျနေကာ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးလူသား တစ်ယောက်နှယ် မြင်မကောင်းအောင် ဖြစ်နေခဲ့သည်။
ပိယွင် အင်မော်တယ် နန်းတော်မှ တပည့်နှစ်ဦး၏ ခွန်အားသည် အမှန်တကယ်ပင် အားကောင်း၏။
သူတို့နှစ်ဦး ပူးပေါင်းလိုက်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ပင်လျှင် သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဤမျှ အစွမ်းထက်သော ခွန်အားသည် ကျန်းချန်၏ ရှေ့မှောက်တွင်မူ ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားချေ။
"မင်း.. မင်း ဘယ်သူလဲ"
ယွင်ဖုန်းဟွာသည် သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို အစွမ်းကုန် ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
ယွင်ဖုန်းဟွာက ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှပင် တွေးမထားခဲ့ဖူးပေ။
သူ့လို ပိယွင် အင်မော်တယ် နန်းတော်၏ ပါရမီရှင် တပည့်တစ်ဦးက အဆင့်နိမ့် စကြဝဠာမှ လူငယ်လေး တစ်ဦး၏ လက်ချက်ဖြင့် ပြန်လည်၍ မခုခံနိုင်လောက်အောင် အရိုက်ခံရလိမ့်မည်ဟု အိမ်မက်ပင် မက်ဖူးခဲ့ခြင်း မရှိပေ။
သူ့ရှေ့ရှိ အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ကျင့်စဉ်ဖြစ်စေ၊ ယခုလေးတင် အသုံးပြုလိုက်သော ဓားသိုင်းဖြစ်စေ၊ အားလုံးသည် သူတို့ ပိယွင် အင်မော်တယ် နန်းတော်ရှိ ထိပ်တန်း ပညာရပ်များနှင့် နှိုင်းယှဉ်လျှင်ပင် ပို၍ သာလွန်နေခဲ့သည်။
သူတို့၏ ပိယွင်အင်မော်တယ် နန်းတော်မှ ကျွန်ပြုခြင်း ခံထားရသော အဆင့်နိမ့် စကြဝဠာ ဖြစ်သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဤကဲ့သို့သော ထူးခြားသည့် တည်ရှိမှုမျိုး မည်ကဲ့သို့ ပေါ်ပေါက်လာပါသနည်း။
"ငါ ဘယ်သူလဲဆိုတာ မင်း သိဖို့ မလိုဘူး"
ကျန်းချန်က ယွင်ဖုန်းဟွာကို ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ပိယွင်အင်မော်တယ် နန်းတော်ဆီ ပြန်သွားမလား ဒါမှမဟုတ် ဒီနေရာမှာပဲ အသေခံမလား"
"ကောင်လေး.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ရဲ့ ရှေ့မှာတော့ မောက်မာလို့ရမယ် မထင်နဲ့"
ကျန်းချန်၏ အထက်စီးဆန်သော စကားများကို ကြားလိုက်ရလျှင် ယွင်ဖုန်းဟွာ၏ မျက်ဝန်းထဲ၌ ဒေါသ အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
ထိုခဏဝယ် သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
"အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်"
ယွင်ဖုန်းဟွာ၏ လှုပ်ရှားမှုကို မြင်လျှင် ကျန်းချန် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခု ယွင်ဖုန်းဟွာ အသုံးပြုနေသော နည်းစနစ်မှာ စန်းလန်စကြဝဠာမှ စန်းယွင်ဟိုင် အသုံးပြုခဲ့သော ပညာရပ်နှင့် အတူတူပင် ဖြစ်သည်။
ယွင်ဖုန်းဟွာက လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ပိယွင်အင်မော်တယ် နန်းတော်မှ အင်မော်တယ်ကို ပင့်ဖိတ်လိုသည်မှာ ထင်ရှားနေခဲ့၏။
အင်မော်တယ် ကိုယ်ပွားကို စန်းယွင်ဟိုင် ဆင့်ခေါ်စဥ်က ထိုအင်မော်တယ် ကိုယ်ပွားကို သတ်ဖြတ်ရန်အတွက် သူက ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။
အကယ်၍ ယွင်ဖုန်းဟွာသာ ပိယွင် အင်မော်တယ် နန်းတော်မှ အင်မော်တယ် ကိုယ်ပွားကို ဆင်းသက်ခွင့် ပြုလိုက်မည်ဆိုလျှင် ယင်းသည် စန်းလန်စကြဝဠာမှ ဆင့်ခေါ်ခဲ့သည့် အင်မော်တယ် ကိုယ်ပွားထက်ပင် ပို၍ အစွမ်းထက်နိုင်ခြေ ရှိရာ ကျန်းချန် ပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်သည် ယွင်ဖုန်းဟွာကို အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ် အသုံးပြုရန် မည်ကဲ့သို့ အခွင့်အရေး ပေးရပါအံ့နည်း။
"အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း.. အင်မော်တယ်များကို သတ်ဖြတ်ခြင်း"
ကျန်းချန်က တုန့်ဆိုင်းမနေဘဲ အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း၏ နောက်ဆုံးဓားကွက်ကို ခွန်အား အပြည့်အဝဖြင့် ထုတ်ဖော်၍ ယွင်ဖုန်းဟွာကို တိုက်ခိုက်လိုက်သည်။
ထိုဓားချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပြီး ယွင်ဖုန်းဟွာ၏ ခွန်အားဖြင့်ပင် လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘဲ ဓားအလင်း အောက်တွင် ခန္ဓာကိုယ် နှစ်ပိုင်း အဖြတ်ခံလိုက်ရသည်။
"မင်း.. မင်း.."
ယွင်ဖုန်းဟွာက ကျန်းချန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီး စကားတစ်လုံးသာ ပြောရန် အချိန်ရလိုက်၏။
ယင်းနောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအား အောက်တွင် လုံးဝ ချေဖျက်ခြင်း ခံလိုက်ရသည်။
သို့သော်လည်း ယွင်ဖုန်းဟွာကို ကျန်းချန်က အဆုံးသတ်လိုက်သည့် အချိန်မှာပင် အဆုံးမဲ့ ဟင်းလင်းပြင်နှင့် အချိန်ကို ဖြတ်ကျော်လာသကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"အဆင့်နိမ့် စကြဝဠာက ပုရွက်ဆိတ်ကများ ငါ့ရဲ့ တပည့်ကို သတ်ရဲတယ်.. သေပေတော့"
ကြုံးဝါးသံ အဆုံးသတ်သည်နှင့်အမျှ အင်မော်တယ် တစ်ပါး၏ တောက်ပသော ဧရာမ လက်ဖဝါး တစ်ဖက်သည် အင်မော်တယ်တံခါးကို ချိုးဖျက်ကာ ပေါ်ထွက်လာခဲ့ပြီး ပြိုင်ဘက်ကင်း အင်မော်တယ် အရှိန်အဝါများကို သယ်ဆောင်၍ ကျန်းချန်ကို ဖိနှိပ်ရန် ဦးတည်လာခဲ့သည်။
"အပြာရောင် ဧကရာဇ် ဓားကွက်"
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဉ်ကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး အပြာရောင်ဧကရာဇ် ဓားသိုင်း၏ နောက်ဆုံးဓားကွက် ဖြစ်သော အပြာရောင်ဧကရာဇ် ဓားကွက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ထိုအခါ အပြာရောင် ပုံရိပ်တစ်ခုသည် အလင်းတံခါးကနေ ထွက်ပေါ်လာခဲ့ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ အင်မော်တယ်တံခါးမှ ထွက်လာသည့် တောက်ပသော ဧရာမ လက်ဖဝါးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း"
ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားပြီး ဟင်းလင်းပြင်များ ပြိုကျသွားခဲ့ရာ ကမ္ဘာ့ပျက်နေ့အလား ဖြစ်နေခဲ့သည်။
ကျန်းချန်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေပြင်ထက်တွင် ခြေလှမ်း ဆယ်လှမ်းကျော်ခန့် နောက်ဆုတ်သွားခဲ့သည်။
သူ၏ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာ တစ်ခု ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲကနေ အလွန်အမင်း ဒေါသထွက်နေသော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး.. ငါ့ကို စောင့်နေပါ.. ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်"
ကျန်းချန်က တဖြည်းဖြည်း ပို၍ ဝေးကွာသွားပုံရသော ထိုအသံကို နားထောင်ရင်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
ယွင်ဖုန်းဟွာ ပင့်ဖိတ်လိုက်သော ပိယွင်အင်မော်တယ် နန်းတော်မှ အင်မော်တယ် ကိုယ်ပွားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
ယင်းက အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တိုက်ခိုက်လိုက်သော တိုက်ကွက် တစ်ကွက် ဖြစ်သော်လည်း သူက ထိုတိုက်ကွက်ကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။
ကံကောင်းသည်မှာ သူက ယခုလေးတင် ယွင်ဖုန်းဟွာကို ပြတ်ပြတ်သားသား သတ်ပစ်ခဲ့ခြင်း ဖြစ်၏။
သို့မဟုတ်ဘဲ ယွင်ဖုန်းဟွာကို အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ဖြင့် အောင်မြင်စွာ ပင့်ဖိတ်ခွင့် ပေးမိပြီး ပိယွင်အင်မော်တယ် နန်းတော်မှ အင်မော်တယ် ကိုယ်ပွားကို အပြည့်အဝ ဆင်းသက်ခွင့် ပြုလိုက်မည် ဆိုလျှင် အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အခြား တစ်ဖက်တွင်လည်း သန်မာထွားကျိုင်းသော လူငယ်သည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်ကာ သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ယွင်ဖုန်းဟွာသည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အပြည့်အဝ မပြုလုပ်နိုင်ဘဲ ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
သို့သော်လည်း သူ၏ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်သည် ပိယွင်အင်မော်တယ် နန်းတော်မှ ပုဂ္ဂိုလ်ကို သိရှိသွားစေခဲ့၍ အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ တိုက်ကွက်တစ်ကွက် ထုတ်ဖော်နိုင်စေခဲ့၏။
သိထားရမည့်အချက်မှာ ယွင်ဖုန်းဟွာ၏ နောက်ကွယ်မှ လူသည် သာမန် အင်မော်တယ် တစ်ပါး မဟုတ်ပေ။
သူတို့ ပိယွင် အင်မော်တယ် နန်းတော်တွင်ပင် နာမည်ကျော်ကြားသော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်က ထုတ်ဖော်လိုက်သော တိုက်ကွက်သည် အလွန်အမင်း အစွမ်းထက်သော်လည်း အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာရ၍ အင်အားများစွာ လျော့ကျသွားခဲ့သည်။
သို့သော်လည်း ထို တိုက်ခိုက်မှုသည် အဆင့်နိမ့် စကြဝဠာမှ မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ ရင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။
သို့ရာတွင် ပိယွင်အင်မော်တယ် နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်၏ တိုက်ကွက်သည် ဆန့်ကျင်ဘက်မှ အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ တားဆီးခြင်းကို အမှန်တကယ် ခံလိုက်ရသည်။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် အင်မော်တယ် လောကတွင်ပင် အလွန်တရာ ရှားပါးသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်နိုင်၏။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် တစ်ဦးသည် အဆင့်နိမ့် စကြဝဠာမျှသာ ဖြစ်သော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မည်ကဲ့သို့ မွေးဖွားလာနိုင်ပါသနည်း။
[နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က တကယ်ကို သာမန်ထက် ထူးခြားတဲ့ မွန်းစတားပဲ]
လျိုချင်းရီနှင့် အခြားသူများက ကျန်းချန်ကို မှင်တက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ရှေ့တွင် အင်မော်တယ်လောကမှ မဟာယာန အဆင့် ပါရမီရှင်သည်ပင် ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ ဖြစ်နေခဲ့၏။
စစ်မှန်သော အင်မော်တယ် တစ်ပါး၏ တိုက်ကွက်ကိုပင် လူသားဧကရာဇ် ကျန်းချန်က အစွမ်းထက် ဓားချက်ဖြင့် တားဆီးနိုင်ခဲ့သည်။
လျိုချင်းရီသည် အစပိုင်းတွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျန်းချန်ကို အဘယ်ကြောင့် အလျှော့ပေးခဲ့ရပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ ထွက်ခွာခွင့် ပေးခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဤသူသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကိုပင် ကြောက်ရွံ့စေလောက်သည် အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားသူ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ကျန်းချန်သည် ပိယွင်အင်မော်တယ် နန်းတော်မှ အင်မော်တယ်၏ တိုက်ခိုက်မှုကို ဓားချက် တစ်ချက်တည်းဖြင့် တားဆီးပြီးနောက်တွင် ပိယွင်အင်မော်တယ် နန်းတော်မှ အခြား တပည့်တစ်ဦး ဖြစ်သည့် သန်မာထွားကျိုင်းသော လူငယ်ကို အေးစက်သော အကြည့်ဖြင့် တိုက်ရိုက် ကြည့်လိုက်သည်။
ကျန်းချန်၏ အကြည့်ကို ရင်ဆိုင်လိုက်ရလျှင် ထိုသူသည် သူ၏ နှလုံးသားက ဖော်ပြ၍ မရနိုင်လောက်အောင် အေးစက်သွားသလို ခံစားလိုက်ရ၏။
သူပ အနည်းငယ်မျှပင် မတုံ့ဆိုင်းရဲဘဲ အင်မော်တယ်အလင်းများ ထုတ်လွှတ်နေသည့် ကျောက်စိမ်းပြား တစ်ခုကို လျင်မြန်စွာ ထုတ်ယူ၍ ချေမွလိုက်သည်။
ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးကို အင်မော်တယ်အလင်းများက ဖုံးအုပ်သွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ကြုံးဝါးသံ သာလျှင် ကောင်းကင်နှင့် မြေကြီး ကြားတွင် ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့တော့၏။
"ဟိတ်ကောင်.. မင်း စောင့်နေလိုက်.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
အခန်း(၂၆၄၁) ပြီး၏
အခန်း(၂၆၄၂)
ထိုပုံရိပ် ပျောက်ကွယ်သွားသည့် ဟင်းလင်းပြင် ဆီသို့ စူးစိုက်ကြည့်နေရင်း ကျန်းချန်၏ မျက်ဝန်းအစုံတွင် အေးစက်စက် အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
ပိယွင်အင်မော်တယ်နန်းတော်မှ အင်မော်တယ်၏ အဆုံးမဲ့ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ထုတ်ဖော်လိုက်သော လက်ဝါးရိုက်ချက်သည် သာမန် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေခဲ့လျှင် မသေဆုံးသည့်တိုင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားလိမ့်မည် ဖြစ်၏။
သူသာ အင်မော်တယ်ဓားသိုင်းကို မတတ်မြောက်ထားလျှင် ယင်းလက်ဝါးရိုက်ချက်ကို ခုခံနိုင်ရန် အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
"တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ငါ ကျိန်းသေပေါက် ပိယွင် အင်မော်တယ် နန်းတော်က အင်မော်တယ်ကို ရှာပြီး ဒီနေ့ကိစ္စအတွက် ကလဲ့စားချေရမယ်"
ကျန်းချန်က စိတ်ထဲကနေ တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် သူ၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ထို့နောက် သူက နံဘေးတွင် ရှိနေသော လျိုချင်းရီနှင့် အခြားသူများကို ခပ်အေးအေးပင် ကြည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်လျို... ခင်ဗျားတို့ ဒီမှာပဲ စောင့်နေပါ..ငါ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ပင်မတောင်ထွတ်ဆီ သွားကြည့်လိုက်ဦးမယ်"
စကားဆုံးသည်နှင့် ကျန်းချန်က မည်သူ့ကိုမျှ စောင့်ဆိုင်းခြင်းမရှိဘဲ ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထွတ် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
"အစ်ကိုလျို... ကျွန်တော်တို့လည်း သူ့နောက်ကို လိုက်သွားကြမလား"
လျိုချင်းရီ၏ အနောက်တွင် ရှိနေသော ကပ်ဘေးအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးသည် သူတို့၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားသော ကျန်းချန်ကို ကြည့်ရင်း တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။
လျိုချင်းရီက ခေါင်းကို ခါယမ်းလိုက်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
"ထားလိုက်ပါ... ဒီလူ လုပ်ချင်တာကို ငါတို့ တားလို့မရဘူး.. လိုက်သွားလည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး.. ဒီမှာပဲ စောင့်ကြတာပေါ့"
အင်မော်တယ် လောကရှိ ပိယွင် အင်မော်တယ် နန်းတော်က လူများ ပင်လျှင် ကျန်းချန်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည် ဖြစ်၍ အကယ်၍ ကျန်းချန်သာ ထိုရတနာကို အမှန်တကယ် ရယူလိုလျှင် သူတို့ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
ထို့အပြင် ပိုထျန်း အင်မော်တယ်ဂိုဏ်း ထဲတွင် အလွန်အားကောင်းသည့် စွမ်းအင်ခန္ဓာကိုယ် များစွာ ရှိနေပြီး မဟာယာန အဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျသည့် စွမ်းအင်ခန္ဓာကိုယ်များလည်း ရှိသည်။
သူတို့၏ စွမ်းအားဖြင့် ဆိုလျှင် ကျန်းချန် ရတနာ ရယူမည်ကို တားဆီးရန် မပြောနှင့်၊ ကျန်းချန်၏ အကာအကွယ်သာ မရှိခဲ့လျှင် ဤနေရာတွင်ပင် အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။
--------------------
ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထွတ်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင် သူ၏ အားကောင်းသော နတ်အသိစိတ် အာရုံကို ထုတ်လွှတ်ကာ တောင်တစ်ခုလုံး၏ အခြေအနေကို စူးစမ်းလိုက်သည်။
ခဏအကြာတွင် သူက တစ်စုံတစ်ခုကို အာရုံခံစားမိလိုက် သကဲ့သို့ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားခဲ့ကာ ဓားအလင်းတစ်ခု အဖြစ် ပြောင်းလဲ၍ တောင်၏ အလယ်ဗဟို ဆီသို့ လျင်မြန်စွာပင် ဦးတည်၍ သွားခဲ့သည်။
"ဝုန်း"
ဟင်းလင်းပြင်ထဲတွင် အလွှာလိုက် ရှိနေသော တားမြစ် အစီအရင်များသည် ကျန်းချန်၏ ရှေ့မှောက်တွင် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် ကြီးမားသော အင်မော်တယ်နန်းတော် တစ်ခု၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအင်မော်တယ်နန်းတော်သည် အလွန်မြင့်မားပြီး တိမ်တိုက်များထဲသို့ ထိုးဖောက် ဝင်ရောက်နေခဲ့သည်။
ဤနန်းတော်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးတွင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အဆောက်အဦးလည်း ဖြစ်သည်။
ပိုထျန်း အင်မော်တယ်ဂိုဏ်းသည် အမြစ်ပြတ် ချေမှုန်းခံရမည့် ကပ်ဘေး နှင့် ကြုံတွေ့ခဲ့ရပြီး ပိယွင် အင်မော်တယ်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်၏ လက်ဝါးရိုက်ချက်ကြောင့် အပျက်အစီးပုံ ဖြစ်ခဲ့ရသော်လည်း ဤအင်မော်တယ်နန်းတော်ကမူ မည်သည့် ထိခိုက်မှုမှ မရှိခဲ့သည့် အတိုင်းပင် တည်ရှိနေဆဲ ဖြစ်သည်။
အင်မော်တယ်နန်းတော်၏ အပြင်ဘက်တွင် ကပ်ဘေးအဆင့်ထက် မနိမ့်ကျသော စွမ်းအားရှိသည့် စွမ်းအင်ခန္ဓာကိုယ် ရာပေါင်းများစွာက စောင့်ကြပ်နေကြ၏။
သူတို့က ကျန်းချန် ပေါ်လာသည်ကို မြင်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ ကျန်းချန် ထံသို့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြေးဝင်၍ တိုက်ခိုက်ခဲ့ကြသည်။
ကျန်းချန်က သူ၏ လက်ထဲရှိ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး တခဏအတွင်းမှာပင် စွမ်းအင်ခန္ဓာကိုယ် ဆယ်ခုကျော်ကို အမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။
"ဒီပင်မတောင်ထွတ်ရဲ့ တခြားနေရာတွေမှာ စွမ်းအင်ခန္ဓာကိုယ် တစ်ခုမှ မတွေ့ရတာ မဆန်းတော့ဘူး.. သူတို့တွေက ဒီနေရာမှာ လာစုနေကြတာကိုး... ပိုထျန်းအင်မော်တယ်ဂိုဏ်း စောင့်ကြပ်နေတဲ့ ရတနာက ဒီအင်မော်တယ် နန်းတော်ထဲမှာ ရှိမယ် ထင်တယ်"
ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက တွေဝေခြင်း အလျဥ်းမရှိဘဲ ဓားကွက်များကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
သူ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်းတွင် စွမ်းအင်ခန္ဓာကိုယ် ဆယ်ခုကျော်သည် ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရ၏။
အချိန်တိုအတွင်းမှာပင် အင်မော်တယ်နန်းတော် အပြင်ဘက်ရှိ စွမ်းအင်ခန္ဓာကိုယ် ရာပေါင်းများစွာကို ကျန်းချန်က သုတ်သင်ရှင်းလင်းလိုက်သည်။
စွမ်းအင်ခန္ဓာကိုယ်များကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် အခြေအနေကို စူးစမ်းရန် နန်းတော်ထဲသို့ ဝင်ရောက်တော့မည့် အချိန်တွင် အင်မော်တယ်နန်းတော်ထဲကနေ ပြင်းထန်သော အော်ငေါက်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းမှာ ဘယ်သူ လာရမ်းကားနေတာလဲ"
ပြင်းထန်သော အော်ငေါက်သံနှင့်အတူ ပုံရိပ်ယောင် သုံးခုသည် အင်မော်တယ်နန်းတော်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်ယောင် သုံးခု၏ အရှိန်အဝါသည် ရှန့်ထျန်းတောက်ထက်ပင် မနိမ့်ကျပေ။
ပုံရိပ်ယောင် သုံးခုသည် မသေဆုံးမီက မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ထိုသုံးဦးသည် မာနတခွဲသား အမူအရာဖြင့် ရပ်နေကြပြီး ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေကြသည်။
"မင်းက ပိယွင်အင်မော်တယ် နန်းတော်က လွှတ်လိုက်တဲ့လူလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့... ငါက ပိယွင်အင်မော်တယ်နန်းတော်က မဟုတ်ပါဘူး.. ခင်ဗျားတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းမှာ အထွတ်အမြတ် ရတနာတစ်ပါး ရှိတယ် ကြားလို့ လာကြည့်တာပါ"
"မင်း ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ပိုထျန်း အင်မော်တယ်ဂိုဏ်းက စောင့်ကြပ်နေတဲ့ ရတနာက မင်း လက်လှမ်းမီနိုင်တဲ့ အရာ မဟုတ်ဘူး"
အလယ်ရှိ ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်က အေးစက်စက် ရေရွတ်လိုက်သည်။
"ပိုထျန်း အင်မော်တယ်ဂိုဏ်းကနေ အခုချက်ချင်း ထွက်သွားစမ်း... ဒါလိုမှ မဟုတ်ရင် ငါတို့က မင်းအပေါ် အကြင်နာကင်းမဲ့တယ် ဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့"
ပုံရိပ်ယောင် သုံးဦး၏ ခြိမ်းခြောက်မှုကို ကျန်းချန် လုံးဝ ဂရုမစိုက်ပေ။
သူက ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ခင်ဗျားတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းဟာ အဖိုးအခ ကြီးကြီးမားမား ရင်းနှီးပြီး ဒီရတနာကို စောင့်ကြပ်နေတာက တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်က ဒီရတနာကို သုံးပြီး ပိယွင်အင်မော်တယ် နန်းတော်ကို ပြန်လည် တိုက်ခိုက်နိုင်ဖို့ မျှော်လင့်နေလို့ မဟုတ်လား.. ငါ့ကို ကြည့်ခွင့်ပေးပါ.. ခင်ဗျားတို့ စောင့်ကြပ်နေတဲ့ ရတနာက တကယ်ပဲ တန်ဖိုးရှိမယ်ဆိုရင် ငါ ပိယွင် အင်မော်တယ်နန်းတော်ကို ခင်ဗျားတို့အတွက် ဖျက်ဆီးပေးဖို့ စဉ်းစားပေးမယ်"
"ကောင်လေး.. မင်း သေချင်နေတာပဲ"
ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ မျက်နှာက ခက်ထန်သွားခဲ့ပြီး စွမ်းအားများကို ထုတ်ဖော်လိုက်ရာ စွမ်းအားများသည် ကောင်းကင်ယံကိုပင် တုန်လှုပ်စေသည့် ဓားတစ်လက် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်နှင့် မြေပြင်ကို ပိုင်းဖြတ်တော့မည့်အလား ကြောက်မက်ဖွယ်ရာ ကောင်းသော ဧရာမ ဓားကြီးက ကျန်းချန်ထံ ဦးတည်လာခဲ့သည်။
ကျန်းချန်က ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လူသားဧကရာဇ်ဓားကနေ ထွက်ပေါ်လာသည့် တောက်ပသော ဓားအလင်းသည် ဟင်းလင်းပြင်ကို တခဏအတွင်း ဖောက်ထွင်းသွားပြီး ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ ဧရာမ ဓားကြီးကို ချေမှုန်းပစ်လိုက်သည်။
"ခင်ဗျားတို့ အသက်ရှင်စဉ်က ထူးချွန်တဲ့ ကျင့်ကြံသူတွေ ဖြစ်ခဲ့တာကြောင့် ကျုပ် ခင်ဗျားတို့ကို ဘာမှ မလုပ်ချင်ဘူး... ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို တိုက်ခိုက်ခဲ့တဲ့ အတွက် ကျုပ်ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့"
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ ဓားကို တိုက်ရိုက် ဝှေ့ယမ်းကာ ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင် သုံးဦး ထံသို့ သတ်ဖြတ်ရန် ဦးတည်လိုက်သည်။
ဤသုံးဦးစလုံးသည် မဟာယာနအဆင့်ရှိ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြ၏။
အကယ်၍ သူတို့ အသက်ရှင်စဉ်က အထွတ်အထိပ် အခြေအနေတွင် ရှိနေခဲ့လျှင် ကျန်းချန် အတွက် ပြဿနာအချို့ ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း ယခုကဲ့သို့ စွမ်းအင်ခန္ဓာကိုယ် ဘဝတွင် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ကျန်းချန်က လက်ထဲမှ လူသားဧကရာဇ်ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ ဓားအလင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင် ဦးဆောင်သော စွမ်းအင်ခန္ဓာကိုယ် သုံးခုစလုံးသည် ကျန်းချန်၏ ဓားအလင်းများ ထိမှန်သွားခဲ့ပြီး မူလကတည်းက ပုံရိပ်ယောင် ဖြစ်နေသော သူတို့၏ စွမ်းအင်ခန္ဓာကိုယ်များသည် ပို၍ ဝေဝါးသွားခဲ့သည်။
ကျန်းချန်က ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားတို့ ကျုပ်ကို မတားနိုင်ဘူး.. လမ်းဖယ်ပေးစမ်း"
"လုံးဝ မစဉ်းစားနဲ့"
ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်တို့ သုံးဦးက ဆုတ်ခွာမည့် အရိပ်အယောင် လုံးဝ မရှိဘဲ ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။
သူတို့က စွမ်းအင်ခန္ဓာကိုယ် ဘဝဖြင့် ရှင်သန်နေကြခြင်းမှာ ရတနာကို ကာကွယ်ရန် အတွက် ဖြစ်သည်။
အထူးသဖြင့် သူတို့ ဘိုးဘေး၏ မျိုးဆက်က ဤနေရာသို့ လာရောက်ပြီး အထွတ်အမြတ် ရတနာကို လာရောက် ယူငင်နေသော အချိန်တွင် ဤလူကို အလွယ်တကူ နှောင့်ယှက်ခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
"တကယ်ကို ခေါင်းမာတာပဲ.."
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ဓားကွက် ထုတ်ရန် ပြင်လိုက်သည်။
သူက ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင် သုံးခုကို သတ်ဖြတ်ရန် အင်အား အပြည့်အဝ ထုတ်သုံးတော့မည့် အချိန်မှာပင် အင်မော်တယ် နန်းတော်ထဲမှ အေးစက်စက် စကားသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်"
ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး အင်မော်တယ်နန်းတော် ဆီသို့ လှမ်းကြည့်လိုက်ရာ အဖြူရောင်စကတ်ကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီး တစ်ဦးသည် အင်မော်တယ် နန်းတော်ထဲကနေ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။
"ဘာလို့ သူဖြစ်နေရတာလဲ"
ကျန်းချန်က ထိုအမျိုးသမီးကို ကြည့်ကာ မှင်တက်နေခဲ့၏။
သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် တခြားသူ မဟုတ်ဘဲ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နယ်မြေထဲသို့ သူ စတင် ဝင်ရောက်စဉ်က ဆုံခဲ့ဖူးသည့် အဖြူရောင်စကတ်နှင့် အမျိုးသမီးပင် ဖြစ်သည်။
ထိုအမျိုးသမီးသည် ပိယွင် အင်မော်တယ်နန်းတော်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ရာ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ စွမ်းအင်ခန္ဓာကိုယ်များသည် သူမကို အဘယ်ကြောင့် ဤနေရာသို့ လာခွင့် ပေးလိုက်ရပါသနည်း။
အခန်း(၂၆၄၂) ပြီး၏