အခန်း (၂၆၄၃-၂၆၄၄)
Vol. 205 Ch. 2643-2644
အခန်း(၂၄၆၃)
ကျန်းချန်သည် ခန်းမဆောင်အတွင်းမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည့် အဖြူရောင်စကတ်ဝတ် အမျိုးသမီးကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းအစုံတွင် စူးစမ်းလိုသော အရိပ်အယောင်များ ဖုံးဖိမရအောင် ပေါ်ထွက်လာခဲ့၏။
ပိယွင်အင်မော်တယ်နန်းတော်သည် ပိုထျန်း အင်မော်တယ်ဂိုဏ်းကို မြေလှန်ဖျက်ဆီးခဲ့သည့် အဓိက တရားခံ ဖြစ်ရုံသာမက လက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ် လမ်းကြောင်း ပြတ်တောက်နေရခြင်းမှာလည်း ပိယွင် အင်မော်တယ်နန်းတော်၏ လက်ချက်ကြောင့်သာ ဖြစ်သည်။
ဆိုရလျှင် ပိယွင် အင်မော်တယ်နန်းတော်နှင့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တို့သည် တစ်ဖက်နှင့်တစ်ဖက် မည်သို့မျှ အတူယှဥ်တွဲ၍ မရနိုင်သော ကမ္ဘာမကြေ ရန်သူများသာ ဖြစ်ကြသည်။
ယခုအခါတွင်မူ ပိယွင်အင်မော်တယ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်ပုံရသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဗဟိုတောင်ထိပ်သို့ ရောက်ရှိလာခဲ့ပြီး ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ်များကို ကယ်တင်ရန် ကြိုးပမ်းနေခဲ့သည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အဖြူရောင်စကတ်ဝတ် အမျိုးသမီး၏ အထောက်အထားသည် ပိယွင်အင်မော်တယ်နန်းတော်မှ တပည့်တစ်ဦးထက် ပိုနိုင်သည်မှာ ထင်ရှားနေခဲ့သည်။
"ရှင်ကိုး.. ရှင် ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့ဘူး"
အဖြူရောင် စကတ်ဝတ် အမျိုးသမီးက ကျန်းချန်ကို သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် အံ့အားသင့်စွာ ကြည့်လိုက်သည်။
သူမက ဤအခြေအနေကို မျှော်လင့်မထားသည်မှာ သိသာနေခဲ့၏။
မကြာသေးမီက ပိုထျန်း အင်မော်တယ်ဂိုဏ်း အပြင်ဘက်တွင် သူမ တွေ့ဆုံခဲ့သော လူငယ်လေးသည် ဤနေရာသို့ လာနိုင်ရုံသာမက မဟာယာန နှောင်းပိုင်းအဆင့် နှင့် နှိုင်းယှဥ်နိုင်သော ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ စွမ်းအင်ခန္ဓာကိုယ် သုံးခုကိုပင် အလွယ်တကူ ဖိနှိပ်ထားနိုင်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားပြီး အေးစက်စက် မေးလိုက်သည်။
"မင်းကိုလည်း ဒီမှာတွေ့ရမယ်လို့ ငါ မထင်ထားဘူး.. မင်း ဘယ်သူလဲ"
အဖြူရောင်စကတ်ဝတ် အမျိုးသမီးက ပြန်ဖြေလိုက်သည်။
"ငါ့နာမည်က လင်းရှီးယောင်.. ငါက ပိယွင် အင်မော်တယ်နန်းတော်က ဖြစ်ပေမဲ့ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို တည်ထောင်သူ လင်းပိုထျန်းရဲ့ တိုက်ရိုက် မျိုးဆက်လည်း ဖြစ်တယ်"
ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။
ဤအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ နယ်မြေသို့ အတားအဆီးမရှိ ဝင်ရောက်လာနိုင်သည်မှာ အံ့သြစရာ မရှိတော့ပေ။
အကြောင်းရင်းမှာ သူမသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး လင်းပိုထျန်း ချန်ရစ်ခဲ့သော သွေးမျိုးဆက် ဖြစ်နေသောကြောင့်ပင်။
အင်မော်တယ်လောကတွင် လင်းပိုထျန်း တည်ထောင်ခဲ့သော အင်အားစုသည် အဆုံးသတ်တွင် ပိယွင်အင်မော်တယ်နန်းတော်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
သို့သော်လည်း လင်းပိုထျန်းသည် မျိုးဆက်တချို့ကို ချန်ထားခဲ့ပုံရ၏။
အဖြူရောင်စကတ်ဝတ် အမျိုးသမီး လင်းရှီးယောင်သည် လင်းပိုထျန်း၏ မျိုးဆက် ဖြစ်ရုံသာမက ပိယွင်အင်မော်တယ်နန်းတော်ထဲသို့ပါ ရောနှော ဝင်ရောက်နိုင်ခဲ့ပြီး ပိယွင် အင်မော်တယ်နန်းတော်၏ အထောက်အပံ့ဖြင့် အဆင့်နိမ့် စကြဝဠာသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
လင်းရှီးယောင်သည် ထူးခြားသော ပါရမီရှိပြီး အကယ်၍ သူမသာ ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ စောင့်ကြပ်နေသော ရတနာ၏ အထောက်အပံ့ကို ရရှိမည်ဆိုလျှင် သူမ၏ အနာဂတ် အောင်မြင်မှုများသည် အကန့်အသတ်မရှိ ဖြစ်လာပေလိမ့်မည်။
[လင်းပိုထျန်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မွေးဖွားခဲ့တဲ့ အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ပါးပဲ.. ကျဆုံးသွားခဲ့တာတောင် ပိယွင် အင်မော်တယ်နန်းတော်ကို ပြန်လည် တိုက်ခိုက်ဖို့အတွက် အစီအစဥ်တွေ ချမှတ်ထားခဲ့သေးတယ်]
ကျန်းချန်က စိတ်နှလုံးထဲတွင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သို့သော်လည်း ပိယွင်အင်မော်တယ်နန်းတော်သည် အလွန်တရာ ထက်မြက်သည့် လင်းပိုထျန်းကိုပင် ဖိနှိပ်နိုင်ခဲ့သောကြောင့် အင်မော်တယ်လောကရှိ ထိုအင်အားစုသည် အားကောင်းသော အင်အားစု ဆိုသည်မှာ ထင်ရှားနေခဲ့သည်။
ယင်းကြောင့် ပိယွင် အင်မော်တယ်နန်းတော်ကို ပြန်လည် တိုက်ခိုက်မည့် လင်းပိုထျန်း၏ အစီအစဥ်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။
"ရှင်က ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ရတနာ အတွက် ဒီကိုရောက်လာတာ မဟုတ်လား.. အဲဒီ ရတနာကို ကျွန်မ ရှင့်ဆီ ပေးနိုင်တယ်.. ဒါပေမဲ့ ကျွန်မကို အခြေအနေ တစ်ခုတော့ သဘောတူပေးရမယ်"
ကျန်းချန် အတွေးနက်နေစဥ်မှာပင် လင်းရှီးယောင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"သခင်မလေး.."
လင်းရှီးယောင်၏ စကားကိုကြားလျှင် ပိုထျန်းအင်မော်တယ်ဂိုဏ်းမှ စွမ်းအင်ခန္ဓာကိုယ် သုံးခု၏ မျက်နှာ အမူအရာများက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
သူတို့က ဤနေရာတွင် နှစ်ပေါင်းများစွာ ကြာအောင် အထွတ်အမြတ် ရတနာကို စောင့်ကြပ်ခဲ့ကြသည်။
ဘိုးဘေးနှင့် သွေးသား တော်စပ်သော လင်းရှီးယောင်က ထိုရတနာကို အမွေဆက်ခံကာ ပိုထျန်း အင်မော်တယ်ဂိုဏ်း ပြန်လည် ထွန်းတောက်လာစေရန် လုပ်ဆောင်သည်ကို အလိုရှိခဲ့ကြ၏။
ယခုအခါတွင်မူ လင်းရှီးယောင်သည် သူတို့ အသက်ပေး၍ စောင့်ရှောက်ခဲ့သော ရတနာကို သူတို့ ရှေ့မှ လူငယ်အား အလွယ်တကူ ပေးလိုနေသည် ဖြစ်ရာ သူတို့ မည်သို့မျှ လက်မခံနိုင်ခဲ့ကြပေ။
"စီနီယာ သုံးယောက်ရဲ့ သဘောထားကို ကျွန်မနားလည်ပါတယ်.. ကျွန်မမှာ ကိုယ်ပိုင် အစီအစဥ် ရှိပါတယ်"
လင်းရှီးယောင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ စွမ်းအင်ခန္ဓာကိုယ်များကို တားမြစ်လိုက်ပြီး ကျန်းချန်ကို ကြည့်၍ ပြတ်သားစွာ ပြောလိုက်သည်။
"ရှင် သဘောတူလိုက်တာနဲ့ အဲဒီရတနာက ရှင့်အပိုင်ပဲ"
ကျန်းချန်က လင်းရှီးယောင်ကို တအံ့တသြ ကြည့်၍ မေးလိုက်သည်။
"မင်း ဒီကိုလာတာ အဲဒီရတနာကို ယူဖို့ အတွက် မဟုတ်ဘူးလား"
"ဟုတ်ပါတယ်.. ဒါပေမဲ့ အင်မော်တယ်လောကကို ပြန်ယူသွားဖို့တော့ မဟုတ်ဘူး"
လင်းရှီးယောင်၏ လှပသော မျက်ဝန်းလေးတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ငါ့ရဲ့ ဒီခရီးစဥ် ရည်ရွယ်ချက်က အထွတ်အမြတ် ရတနာအတွက် သင့်တော်တဲ့ ပိုင်ရှင် တစ်ယောက်ကို ရှာဖွေဖို့ပဲ.. အထွတ်အမြတ် ရတနာကို အင်မော်တယ်လောကဆီ ပြန်ယူသွားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး"
ပိယွင်အင်မော်တယ်နန်းတော်သည် ထိုရတနာအပေါ် အမြဲတစေ အာရုံစိုက်နေသဖြင့် သူမက ထိုရတနာကို အင်မော်တယ်လောကဆီ ပြန်ယူသွားလျှင်ပင် ပိယွင်အင်မော်တယ်နန်းတော်သည် သူမကို ပိုင်ဆိုင်ခွင့် ပေးမည် မဟုတ်မှန်း လင်းရှီးယောင် ကောင်းစွာ သိထားသည်။
ထိုအစား အထွတ်အမြတ် ရတနာက ပိယွင်အင်မော်တယ်နန်းတော်၏ လက်ထဲသို့သာ တိုက်ရိုက် ရောက်ရှိသွားပေလိမ့်မည်။
သူမက ဤခရီးစဥ်တွင် အဆင့်နိမ့် စကြဝဠာသို့ ဆင်းသက်လာခဲ့သည်မှာ အနာဂတ်တွင် ပိယွင် အင်မော်တယ်နန်းတော်ကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် အဆင့်နိမ့်စကြဝဠာတွင် ထိုရတနာအတွက် အသင့်တော်ဆုံး ပိုင်ရှင် တစ်ဦးကို ရှာဖွေရန်သာ ဖြစ်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အဆင့်နိမ့် စကြဝဠာတွင်ပင် ဤအသက်အရွယ်ဖြင့် ဤမျှ အဆင့်အထိ ကြီးထွားလာနိုင်သည် ဆိုလျှင် အင်မော်တယ် လောကတွင်ပင် ရှားပါးသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ယင်းကြောင့် ထိုကောင်လေးသည် အထွတ်အမြတ် ရတနာကို ဆက်ခံရန် အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ကျန်းချန်က လင်းရှီးယောင်ကို တအံ့တသြ ကြည့်လိုက်သည်။
ထိုအမျိုးသမီးသည် ကျင့်ကြံခြင်းတွင် အလွန် ပါရမီ ပါရုံသာမက ဉာဏ်ရည်လည်း ထက်မြက်ပုံ ရ၏။
ကျန်းချန်က လင်းရှီးယောင် တောင်းဆိုမည့် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း အဖြေပေးရန် မလောခဲ့ပေ။
ထိုအစား သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်းရဲ့ ဘိုးဘေး ပိုင်ဆိုင်ခဲ့တဲ့ ရတနာက ဘာလဲဆိုတာ ငါ့ကို အရင် ပြောပြနိုင်မလား"
လင်းရှီးယောင်က သူ့ကို ထိုရတနာ ပေးရန် အတွက် တောင်းဆိုမည့် အခြေအနေမှာ ပိယွင် အင်မော်တယ်နန်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်လိမ့်မည်မှန်း ကျန်းချန် မှန်းဆမိသည်။
ပိယွင် အင်မော်တယ်နန်းတော်သည် အင်မော်တယ် လောကတွင်ပင် အားကောင်းသော အင်အားစု တစ်စု ဖြစ်ပြီး ကိုင်တွယ်ရန် မလွယ်လောက်ပေ။
ထို့ကြောင့် သူက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ရတနာ တန်ဖိုးသည် ပိယွင် အင်မော်တယ်နန်းတော်ကို ရန်သူအဖြစ် ထိပ်တိုက် ရင်ဆိုင်ရခြင်းနှင့် ထိုက်တန်မှု ရှိမရှိ အရင် ဆုံးဖြတ်ရလိမ့်မည် မဟုတ်ပါလော။
"ငါ့နောက်ကနေ လိုက်ခဲ့ပါ"
လင်းရှီးယောင်က အပိုစကားများ ပြောမနေဘဲ လှည့်ထွက်ကာ နန်းတော် ဆီသို့ ဦးတည်သွားခဲ့သည်။
ကျန်းချန်က လင်းရှီးယောင်၏ နောက်ကနေ နန်းတော်ထဲ လိုက်ပါသွားခဲ့ပြီး များပြားလှသော တားမြစ် အစီအရင်များကို ဖြတ်ကျော်ပြီးနောက်တွင် နန်းတော်၏ အတွင်းဘက်ရှိ ခန်းမဆောင် တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
လင်းရှီးယောင်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ အလွန် လျင်မြန်စွာပင် ခန်းမသည် ရုတ်တရက် တောင်တစ်လုံး လှုပ်ခါသွား သကဲ့သို့ လှုပ်ခါသွားခဲ့ပြီး ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် တစ်မီတာကျော် ရှိသော ကျောက်တိုင် တစ်ခုသည် ခန်းမ၏ အလယ်ဗဟိုကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
ထိုကျောက်တိုင်၏ အပေါ်တွင် ဆန်းကြယ်သည့် မျှော်စင်ငယ်လေး တစ်ခု ရှိနေခဲ့၏။
ဤဆန်းကြယ်သော မျှော်စင်ငယ်သည် အနက်ရောင်ဖြစ်ပြီး ရှေးဟောင်း အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့ကာ ကျန်းချန် ထိုးဖောက် မမြင်နိုင်သော စွမ်းအားတစ်ခုလည်း ရှိနေခဲ့၏။
ယင်းက လူအများကို အလွန်ဆန်းကြယ်သော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။
"ဒီရတနာကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ကျန်းချန်က ဆန်းကြယ်သော အနက်ရောင် မျှော်စင်ကို ကြည့်နေစဥ်မှာပင် အင်မော်တယ်ကျောက်တိုင်၏ အံ့အားသင့်စွာ ရေရွတ်လိုက်သော စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းချန်က စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် မေးလိုက်သည်။
"စီနီယာက ဒီအနက်ရောင် မျှော်စင်ငယ်ရဲ့ မူလဇစ်မြစ်ကို သိလို့လား"
"ဒီမျှော်စင်ငယ်က အားကောင်းတဲ့ အင်မော်တယ်ရတနာ တစ်ခုပဲ.. အင်မော်တယ်လောက တစ်ခုလုံးမှာတောင် ဒီရတနာနဲ့ နှိုင်းယှဥ်လို့ရတဲ့ ရတနာက လက်ချိုးရေလို့ ရတယ်.. ဒီရတနာကို ရခဲ့တယ် ဆိုတော့ လင်းပိုထျန်းက တကယ်ကို ကံကောင်းခဲ့တာပဲ.. ကံမကောင်းတာက နောက်ဆုံးမှာ သူက ဒီရတနာကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ဒီရတနာရဲ့ ပိုင်ရှင်အစစ်အမှန် ဖြစ်မလာခဲ့တာပဲ"
အင်မော်တယ်ကျောက်တိုင်က သက်ပြင်းချကာ ပြောလိုက်သည်။
ထိုခဏဝယ် ကျန်းချန်၏ မျက်ဝန်းများက အရောင်လက်သွားခဲ့၏။
အင်မော်တယ်ကျောက်တိုင်၏ လေသံအရ အနက်ရောင် မျှော်စင်ငယ်သည် အင်မော်တယ်လောကတွင် အလွန်ရှားပါးသော ရတနာတစ်ခု ဖြစ်သည်။
ထို့ကြောင့် ဤရတနာကို ရနိုင်မည်ဆိုလျှင် ပိယွင် အင်မော်တယ်နန်းတော်နှင့် ရန်သူဖြစ်ရလျှင်ပင် ထိုက်တန်သည်ဟု ဆိုနိုင်၏။
"ကောင်လေး.. တကယ်လို့ ဒီမျှော်စင်ငယ်သာ အင်မော်တယ်လောကမှာ ပေါ်ပေါက်ခဲ့မယ် ဆိုရင် မရေမတွက်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ အပြိုင်အဆိုင် လုကြမှာ အသေအချာပဲ.. ဒီရတနာနဲ့ယှဥ်ရင် ပိယွင် အင်မော်တယ်နန်းတော်ဆိုတာ ပမွှားလေးပဲ.. ဒီမျှော်စင်ငယ်ရဲ့ နောက်ဆုံးပိုင်ရှင်က ဒီမျှော်စင်ငယ်ရဲ့ စွမ်းအားကို အခြေခံပြီး နှစ်ပေါင်း သုံးထောင် အတွင်းမှာတင် အင်မော်တယ်ဧကရာဇ် ဖြစ်လာခဲ့ပြီး အင်မော်တယ်လောကရဲ့ အသက်အငယ်ဆုံး အင်မော်တယ် ဧကရာဇ် ဖြစ်လာခဲ့တယ်.. တကယ်လို့ မင်းသာ ဒီမျှော်စင်ငယ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် အကျိုးကျေးဇူးတွေ အကန့်အသတ် မရှိ ရလာမှာ သေချာတယ်"
အခန်း(၂၄၆၃) ပြီး၏
အခန်း(၂၆၄၄)
ကျန်းချန်က စိတ်နှလုံးထဲတွင် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားကာ အလောတကြီး မေးမြန်းလိုက်သည်။
"စီနီယာ.. ဒီမျှော်စင်ငယ်ရဲ့ မူလဇစ်မြစ်က ဘာလဲ"
သူက အင်မော်တယ်လောကရှိ အဆင့် ခွဲခြားမှုများကို အသေးစိတ် မသိရှိသေးသော်လည်း အင်မော်တယ်ဧကရာဇ်ဟူသော တည်ရှိမှုသည် အင်မော်တယ်ဘုရင်ထက်ပင် အဆပေါင်းများစွာ သာလွန် အားကောင်းပြီး အင်မော်တယ်လောက၏ အထွတ်အထိပ်တွင် တည်ရှိနေသော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်းကို သိရှိထားသည်။
ဤအနက်ရောင် မျှော်စင်ငယ်လေးသည် လူတစ်ယောက်ကို နှစ်ပေါင်း သုံးထောင် အတွင်းမှာပင် အင်မော်တယ်ဧကရာဇ် ရာထူးကို တက်လှမ်းနိုင်အောင် အမှန်တကယ် စွမ်းဆောင်ပေးနိုင်ပါသလော။
ထိုအင်မော်တယ်ဧကရာဇ်၏ ပါရမီက မည်မျှပင် ပြိုင်ဘက်ကင်းနေစေကာမူ မျှော်စင်ငယ်၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။
အင်မော်တယ်ကျောက်တိုင်က တခဏမျှ တိတ်ဆိတ်သွားပြီးမှ လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ငါလည်း အသေအချာတော့ မသိဘူး.. အင်မော်တယ်လောက တစ်ခုလုံးမှာတောင် ဒီမျှော်စင်ငယ်ရဲ့ မူလဇစ်မြစ်ကို သိတဲ့လူ အနည်းငယ်ပဲ ရှိလိမ့်မယ်"
"ကျန်းချန်.. ဒီမျှော်စင်ငယ်ကို အချိန်မျှော်စင်လို့ ခေါ်တယ်.. အဲဒီအထဲမှာ မယုံနိုင်စရာကောင်းတဲ့ အချိန်စွမ်းအားတွေ ကိန်းအောင်းနေတယ်.. ကျွန်မတို့ ဘိုးဘေးက ဒီရတနာကို အသုံးပြုပြီး ကျင့်ကြံခြင်းလမ်းစဉ်မှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပဲ.. ကံမကောင်းတာက ဘိုးဘေး အပြည့်အဝ ကြီးထွားမလာခင်မှာ ပိယွင်အင်မော်တယ်နန်းတော်က အချိန်မျှော်စင်နဲ့ ပတ်သက်ပြီး သိသွားခဲ့တယ်"
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်နှင့် စိတ်ချင်းဆက်သွယ်ကာ စကားပြောနေစဉ်မှာပင် လင်းရှီးယောင်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ကောင်းပြီ.. ငါ မင်းကို ကတိပေးတယ်.. အနာဂတ်မှာ ငါ အင်မော်တယ်လောကဆီ ရောက်ရင် ပိယွင် အင်မော်တယ်နန်းတော်ကို အမြစ်ပြတ် ချေမှုန်းဖို့ သေချာပေါက် အကူအညီပေးမယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး ချက်ချင်းပင် လင်းရှီးယောင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ငါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူတစ်ယောက် မဟုတ်ဘူး.. အဲဒါတောင် မင်းက ငါ့ကို ယုံကြည်ဖို့ ဆုံးဖြတ်ထားတုန်းပဲလား"
"ရှင်က အရမ်းသန်မာလွန်းတယ်.. လက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှာ ရှင့်ကို ယှဥ်နိုင်တဲ့သူ မရှိသလောက်ပဲ.. အကယ်၍ ရှင်ကသာ ဒီအချိန်မျှော်စင်ကို အတင်းအကျပ် လုယူချင်တယ် ဆိုရင် ကျွန်မလည်း တားဆီးနိုင်မှာ မဟုတ်ဘူး.. ဒီလိုဆိုမှတော့ အလောင်းအစား လုပ်ကြည့်တာက ပိုပြီး အကျိုးရှိတယ် မဟုတ်လား"
လင်းရှီးယောင်က တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။
"ဒါ့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူတစ်ယောက် မဟုတ်တာကလည်း ကောင်းတဲ့အချက်ပဲ"
လက်ရှိတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးသည် ပိယွင် အင်မော်တယ်နန်းတော်၏ လက်အောက်သို့ အပြည့်အဝ ရောက်ရှိနေပြီ ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများသည် အင်မော်တယ် အဆင့်ကို ထိုးဖောက်လိုလျှင် ပိယွင် အင်မော်တယ်နန်းတော်၏ ကျွန်ပြုမှုကို မဖြစ်မနေ လက်ခံရပေလိမ့်မည်။
အကယ်၍ ကျန်းချန်သာ ဤစကြဝဠာမှ လူတစ်ယောက် ဖြစ်နေမည်ဆိုလျှင် ပိယွင် အင်မော်တယ်နန်းတော်၏ အနှောင်အဖွဲ့များ ကြားမှ ရုန်းထွက်ရန် အလွန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။
သို့သော် ကျန်းချန်က အခြား စကြဝဠာမှ ကျင့်ကြံသူ ဖြစ်နေခဲ့၏။
ကျန်းချန်၏ ထူးခြားသော ပါရမီနှင့် အချိန်မျှော်စင်၏ မယုံကြည်နိုင်ဖွယ် စွမ်းအားတို့ ပေါင်းစပ်လိုက်လျှင် ကျန်းချန်သည် အင်မော်တယ်လောကတွင် သေချာပေါက် လျင်မြန်စွာ ကြီးထွားလာနိုင်မည် ဖြစ်သည်။
လင်းရှီးယောင်သည် ထပ်မံ၍ တွေဝေမနေတော့ဘဲ အချိန်မျှော်စင် ထိန်းချုပ်သည့် နည်းစနစ်ကို ကျန်းချန်၏ စိတ်ထဲသို့ တိုက်ရိုက်ပင် လွှဲပြောင်းပေးလိုက်သည်။
"ဒီနည်းစနစ်က အချိန်မျှော်စင်ကို အပေါ်ယံလောက်ပဲ ထိန်းချုပ်နိုင်တဲ့ နည်းစနစ် တစ်ခုပဲ.. အချိန်မျှော်စင်ကို အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ကတော့ ရှင့်အပေါ်မှာပဲ မူတည်လိမ့်မယ်.. တကယ်တော့ ဘိုးဘေးတောင်မှ အချိန်မျှော်စင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး"
ကျန်းချန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး လင်းရှီးယောင် သင်ကြားပေးသော နည်းစနစ်ကို ချက်ချင်းပင် လက်တွေ့ အသုံးချလိုက်သည်။
သို့သော် မျှော်စင်ကို သိမ်းဆည်းရန် ကြိုးပမ်းမှုမှာ ထင်သလောက် မလွယ်ကူလှပေ။
သူက သူ့ရှေ့ရှိ အချိန်မျှော်စင်ကို အောင်မြင်စွာ သိမ်းဆည်းနိုင်ရန် သုံးရက်တိတိ အချိန်ယူခဲ့ရပြီး သူ၏ စွမ်းအားများကိုလည်း အတော်လေး အသုံးပြုခဲ့ရသည်။
"အင်မော်တယ်လောကရဲ့ ရတနာလို့ မပြောရဘူး.. ထိန်းချုပ်ဖို့ တကယ်ကို မလွယ်ကူဘူးပဲ"
သူ၏ ခန္ဓာကိုယ် အတွင်း ကျန်ရှိနေသော အုပ်စိုးသူ အထွတ်အထိပ်အဆင့် စွမ်းအား အနည်းငယ်ကို ခံစားမိလျှင် ကျန်းချန် ခပ်တိုးတိုး.ရေရွတ်လိုက်မိသည်။
သူ၏ လက်ရှိစွမ်းအားဖြင့် အချိန်မျှော်စင်ကို ထိန်းချုပ်ရခြင်းမှာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်ရသည်ထက်ပင် ပိုမို ပင်ပန်းနွမ်းနယ်စေခဲ့သည်။
"ကောင်လေး.. မင်း ဒီမျှော်စင်ငယ်ရဲ့ မျှော်စင်ဝိညာဉ် အိပ်ပျော်နေသေးတာကို ကျေးဇူးတင်ရမယ်.. မဟုတ်ရင် မင်း အနေနဲ့ ဒီမျှော်စင်ငယ်ရဲ့ အသိအမှတ်ပြုမှုကို မရမချင်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး.. အင်မော်တယ်လောကက အင်မော်တယ်ဘုရင် ဖြစ်နေရင်တောင် ဒီမျှော်စင်ကို ထိန်းချုပ်ဖို့ ကြိုးစားတာက လုံးဝ မလွယ်ကူတဲ့ အလုပ်ပဲ"
အင်မော်တယ်ကျောက်တိုင်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး စူးစမ်းစွာ မေးမြန်းလိုက်၏။
"စီနီယာ.. ဒီအချိန်မျှော်စင်က ဘာတွေလုပ်နိုင်လဲ"
သူက အချိန်မျှော်စင်ကို သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းကို အသက်သွင်းနိုင်ရန် အတွက် အင်မော်တယ်စွမ်းအားများ လိုအပ်သည်။
ထို့ကြောင့် အင်မော်တယ် အဆင့်သို့ မရောက်ရှိသေးသ၍ မျှော်စင်ငယ်၏ အစွမ်းထက်ပုံကို သူ အပြည့်အဝ နားမလည်နိုင်သေးချေ။
"အချိန်မျှော်စင်မှာ ဒီလောကရဲ့ အလျှို့ဝှက်ဆုံး ဖြစ်တဲ့ အချိန်စွမ်းအားတွေ ကိန်းအောင်းနေတယ်.. မင်း အင်မော်တယ်အဆင့်ကို ရောက်တဲ့ အခါကျရင် အလိုလို သိလာပါလိမ့်မယ်"
အင်မော်တယ်ကျောက်တိုင်က ခေတ္တမျှ ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။
"ကောင်လေး.. မင်းရဲ့ ကျင့်ကြံခြင်းက အုပ်စိုးသူ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ.. အဆင့်နိမ့် စကြဝဠာမှာ ဆက်နေ နေတာက ဘာအဓိပ္ပာယ်မှ မရှိဘူး.. အချိန်မဖြုန်းဘဲ အင်မော်တယ်လောကဆီ တတ်နိုင်သမျှ မြန်မြန် တက်လှမ်းဖို့ပဲ ကြိုးစားတော့"
"ဟုတ်ကဲ့.. ကျွန်တော် နားလည်ပါပြီ"
ကျန်းချန်၏ စိတ်ထဲတွင် အရာအားလုံး ရှင်းလင်းသွားခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က အင်မော်တယ်ကို သတ်ဖြတ်ရန် အင်မော်တယ် ကျောက်တိုင်၏ စွမ်းအားကို ငှားရမ်းခဲ့စဉ်တွင် သူ၏ သက်တမ်းက များစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၍ ဖြုန်းတီးရန် အချိန်များစွာ မကျန်ရှိတော့ပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ကိစ္စရပ်များ ပြီးဆုံးသည်နှင့် သူက အင်မော်တယ်အဆင့်ကို ထိုးဖောက်ကာ အင်မော်တယ်လောကဆီ တက်လှမ်းတော့မည် ဖြစ်သည်။
လင်းရှီးယောင်က အချိန်မျှော်စင်ကို သိမ်းဆည်းလိုက်သည့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချန်.. အချိန်မျှော်စင်က ရှင့် အပိုင် ဖြစ်သွားပြီ.. ကျွန်မ အင်မော်တယ်လောကဆီ ပြန်သွားရတော့မယ်.. ရှင့်ရဲ့ ကတိကို အမြဲ မှတ်မိနေလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"
ကျန်းချန်က ခေါင်းညိတ်၍ ပြတ်သားစွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ငါ ကျန်းချန်က ကတိပေးထားပြီးရင် ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး"
"ကျွန်မ ရှင့်ကို အင်မော်တယ်လောကရဲ့ ခရမ်းရောင်မီးလျှံကမ္ဘာမှာ စောင့်နေမယ်.. တလော့ အင်မော်တယ်အဆင့်ကို မရောက်မချင်း ပိယွင် အင်မော်တယ်နန်းတော်မှာ ကျွန်မကို လာမရှာပါနဲ့"
စကားဆုံးသည်နှင့် လင်းရှီးယောင်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ၍ ချက်ချင်းပင် ချေမွလိုက်ရာ သူမ၏ တစ်ကိုယ်လုံးကို အင်မော်တယ် အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့သည်။
ယင်းနောက်တွင်မူ သူမက နေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"တလော့အင်မော်တယ် အဆင့်လား"
ကျန်းချန်၏ မျက်ဝန်းများတွင် တွေဝေသော အမူအရာ အချို့ ပေါ်လာပြီး အင်မော်တယ်ကျောက်တိုင်ကို မေးလိုက်သည်။
"စီနီယာ.. လင်းရှီးယောင် ပြောသွားတဲ့ တလော့အင်မော်တယ် အဆင့် ဆိုတာက ဘယ်လို အဆင့်မျိုးလဲ"
"မင်း အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကနေ အဆင့်တက်လိုက်တာနဲ့ အတုအယောင် အင်မော်တယ် တစ်ယောက်ဖြစ်လာမယ်.. မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အင်မော်တယ်စွမ်းအားအဖြစ် အပြည့်အဝ အသွင်ပြောင်းပြီးရင်တော့ မင်းက 'ပကတိအင်မော်တယ်အဆင့်' ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်"
"ပကတိအင်မော်တယ်ရဲ့ အထက်မှာ 'ကောင်းကင်အင်မော်တယ်' ရှိတယ်.. ကောင်းကင်အင်မော်တယ်ရဲ့ အထက်မှာ 'ရွှေအင်မော်တယ်' ရှိတယ်.. အဲဒီအဆင့်ပြီးရင် 'တလော့အင်မော်တယ်' အဆင့် ရှိတယ်.. တလော့အင်မော်တယ် ဆိုတာက အင်မော်တယ်လောကမှာ အစွမ်းထက် ပုဂ္ဂိုလ်လို့ သတ်မှတ်လို့ ရနေပြီ.. အဲဒီအဆင့်က အင်မော်တယ်ဘုရင် အဆင့်အောက်မှာ အမြင့်ဆုံးပဲ.. အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့် လို့လည်းခေါ်ကြတယ်"
ကျန်းချန်က ထိုစကားကို ကြားလျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
လင်းရှီးယောင်က တလော့အင်မော်တယ် အဆင့်ကို မရောက်မချင်း သူမကို ရှာဖွေရန် ပိယွင် အင်မော်တယ်နန်းတော်သို့ မလာရောက်ဖို့ မှာကြားခဲ့ခြင်းမှာ ပိယွင် အင်မော်တယ်နန်းတော်တွင် တလော့ အင်မော်တယ် အဆင့် ကျင့်ကြံသူ ရှိနေကြောင်း သတိပေးလိုက်ခြင်းပင်။
ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ထိုကိစ္စကို ဆက်လက် မစဉ်းစားတော့ပေ။
လက်ရှိတွင် သူနှင့် ထိုကိစ္စက အလွန် အလှမ်းဝေးကွာနေသေးသည်။
ယခုအရေးကြီးဆုံးမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အရှုပ်အထွေးများကို အမြန် ဖြေရှင်းပြီး အင်မော်တယ်လောကသို့ တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်သာ ဖြစ်၏။
လင်းရှီးယောင် ပျောက်ကွယ်သွားသော နေရာကို ခဏမျှ ငေးကြည့်ပြီးနောက်တွင် ကျန်းချန်သည် နန်းတော် အပြင်ဘက်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော စွမ်းအင်ခန္ဓာကိုယ် သုံးခုကို တွေ့လိုက်ရသည်။
"ဘာလဲ.. ခင်ဗျားတို့ သုံးယောက်က ငါ ဒီရတနာ ယူသွားမှာကို တားဆီးချင်လို့လား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ မေးလိုက်သည်။
ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်က တခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"သခင်မလေးက ဒီရတနာကို မင်းဆီ ပေးဖို့ ဆုံးဖြတ်ပြီးကတည်းက ငါတို့အနေနဲ့ သူ့ဆန္ဒအတိုင်း လိုက်နာရမှာပဲ.. ဒါ့အပြင် ငါတို့မှာ မင်းကို တားဆီးနိုင်စွမ်းလည်း မရှိပါဘူး.. ငါတို့ မျှော်လင့်တာ သခင်မလေးဆီ ပေးထားတဲ့ ကတိကို မမေ့ဖို့ပါပဲ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အန္တရာယ် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သဖြင့် ခေါင်းကို ချက်ချင်းမော့ကာ ဟင်းလင်းပြင် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခုသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ လျင်မြန်စွာ ပျံသန်းလာပြီး မျက်စိတစ်မှိတ်အတွင်း ကျန်းချန်တို့၏ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့သည်။
ထိုသို့ ရုတ်တရက် ရောက်ရှိလာသောသူမှာ ကျန်းချန် မကြာသေးခင်ကမှ တွေ့ဆုံခဲ့သော ရှန့်ထျန်းတောက်ပင် ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့၏။
ဤလူ ရုတ်တရက် ရောက်လာခြင်းမှာ ရည်ရွယ်ချက်ကောင်း မရှိနိုင်ကြောင်း သူ ရိပ်စားမိလိုက်သည်။
"ရှန့်ထျန်းတောက်.. မင်း ဒီကို ဘာလာလုပ်တာလဲ"
ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်က ရှန့်ထျန်းတောက်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
ရှန့်ထျန်းတောက်က လှောင်ပြုံးတစ်ချက် ပြုံး၍ ပြောလိုက်သည်။
"လင်းချန်ခုံး... အချိန်မျှော်စင်ဆိုတာ ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းက အသက်ပေးပြီး စောင့်ရှောက်ခဲ့ရတဲ့ ရတနာပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မဟုတ်တဲ့ သူစိမ်းတစ်ယောက်ကို ဒီလိုမျိုး အလွယ်တကူ ယူသွားခွင့် ပြုတာက မင်းအတွက်လည်း သိပ်အဆင်မပြေဘူး မဟုတ်လား"
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် ပုံရိပ်ယောင်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
"ရှန့်ထျန်းတောက်... ဒါက သခင်မလေးရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ.. မင်းက သခင်မလေး အမိန့်ကို ဖီဆန်ချင်နေတာလား"
အခန်း(၂၆၄၄) ပြီး၏