အခန်း (၂၆၄၅-၂၆၄၆)
Vol. 205 Ch. 2645-2646
အခန်း(၂၆၄၅)
ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာသော ရှန့်ထျန်းတောက်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းအစုံက အပ်ဖျားခန့်မျှ ကျဥ်းမြောင်းသွားခဲ့၏။
သူနှင့် ရှန့်ထျန်းတောက် စတင် တွေ့ဆုံခဲ့စဥ် ကတည်းကပင် ဤလူ၌ တစ်စုံတစ်ရာသော လျှို့ဝှက်ချက်နှင့် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေနိုင်သည်ဟု သူ မရေမရာ ခံစားခဲ့ရပြီးသား ဖြစ်သည်။
ယခု ရှန့်ထျန်းတောက်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ အချိန်ကိုက် ရောက်ရှိလာပုံထောက်လျှင် အခြားမဟုတ်ဘဲ အချိန်မျှော်စင် ရတနာ အတွက်သာ ဖြစ်ရပေမည်။
"ဘာသခင်မလေးလဲ... ပိယွင် အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်သွားတဲ့ လူတစ်ယောက်ကို ငါရှန့်ထျန်းတောက် အနေနဲ့ သခင်မလေးလို့ အသိအမှတ် မပြုနိုင်ဘူး"
ရှန့်ထျန်းတောက်က လှောင်ပြုံး ပြုံးလိုက်ပြီး ခပ်ရင့်ရင့် ပြောလိုက်သည်။
"လင်းချန်ခုံး.. ပိယွင် အင်မော်တယ်နန်းတော် ဆိုတာ ပိုထျန်းအင်မော်တယ်ဂိုဏ်းကို အမြစ်ပြတ် ဖျက်ဆီးခဲ့တဲ့ အဓိကတရားခံပဲ.. မင်းက ငါတို့ ပိုထျန်း အင်မော်တယ် ဂိုဏ်းတစ်ခုလုံး အသက်ပေးပြီး စောင့်ရှောက်ခဲ့ရတဲ့ ရတနာကို ပိယွင်အင်မော်တယ်နန်းတော်က လူရဲ့ လက်ထဲ အသာတကြည် အပ်လိုက်တယ်.. မင်း လုပ်ရပ်က ငါတို့ ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးတွေကို မျက်နှာပူစရာ ကောင်းတယ်လို့ မထင်ဘူးလား"
လင်းချန်ခုံးက တည်ကြည်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
"ရှန့်ထျန်းတောက်... မင်း အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့.. ရှီးယောင်ရဲ့ ကိုယ်ထဲမှာ ဘိုးဘေးရဲ့ သွေးတွေ စီးဆင်းနေတယ်.. သူက ဘယ်လိုလုပ်ပြီး ပိယွင် အင်မော်တယ်နန်းတော်ကလူ ဖြစ်နိုင်မှာလဲ"
"ဒါပေမဲ့ သူက လက်ရှိမှာ ပိယွင် အင်မော်တယ်နန်းတော်ရဲ့ တပည့် တစ်ဦး ဖြစ်နေတာတော့ အမှန်ပဲလေ"
ရှန့်ထျန်းတောက်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
"သူ့မှာ ဘိုးဘေးရဲ့သွေး ပါနေရင်တောင် ဘာအရေးလဲ.. သူက ပိုထျန်း အင်မော်တယ်ဂိုဏ်းကို သစ္စာဖောက်ပြီး ပိယွင် အင်မော်တယ် နန်းတော်ဆီ ခိုလှုံသွားတာလား ဆိုတာ ဘယ်သူ အာမခံနိုင်မှာလဲ"
"ရှန့်ထျန်းတောက်... မင်း တကယ်ကို ရိုင်းစိုင်းလွန်းလှချည်လား"
လင်းချန်ခုံးက ဒေါသ ချောင်းချောင်းထွက်ကာ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်ဖော်၍ ရှန့်ထျန်းတောက်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
သို့ရာတွင် ရှန့်ထျန်းတောက်က မျက်နှာအမူအရာ အနည်းငယ်မျှပင် ပျက်ယွင်းခြင်းမရှိဘဲ လင်းချန်ခုံး၏ ဖိအားပေးမှုကို အမှုမထားသကဲ့သို့ ဂရုမစိုက်ခဲ့ပေ။
သူက ကျန်းချန်ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အလင်းတန်း တစ်ခု လက်ခနဲ ယှက်သန်းသွားခဲ့သည်။
"လင်းချန်ခုံး... ငါ မင်းနဲ့ အပိုစကားတွေ မပြောချင်ဘူး.. ငါတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ရတနာကို ဒီကောင်လေး ယူသွားတာ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး"
"ရှန့်ထျန်းတောက်... မကြာသေးခင်ကပဲ ရှေးဟောင်းနယ်မြေထဲမှာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့တယ်.. အဲဒီတုန်းက ငါ မင်းတို့ကို ပင်မတောင်ထိပ်ဆီ လာပြီး ဘိုးဘေး ချန်ထားခဲ့တဲ့ ရတနာကို ဝိုင်းဝန်းစောင့်ကြပ်ဖို့ ခေါ်ခဲ့တုန်းက မင်းတို့အားလုံးပဲ လျစ်လျူရှုထားခဲ့ကြတာ မဟုတ်လား.. အခုမှ ဘိုးဘေးရဲ့ ရတနာကို စောင့်ကြပ်ဖို့ဆိုပြီး ပေါ်လာတာ မရှက်ဘူးလား"
လင်းချန်ခုံးက အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါ့အထင်တော့... မင်း ဒီကိုလာတာက စိတ်ရင်းမှန်နဲ့ လာတာမျိုး မဟုတ်ဘဲ အခွင့်အရေးကို ချောင်းနေတာပဲ ဖြစ်ရမယ်"
"ငါက ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အဖိုးတန်ရတနာကို အပြင်လူရဲ့ လက်ထဲ မရောက်ရှိစေချင်ရုံ သက်သက်ပါပဲ"
ရှန့်ထျန်းတောက်၏ မျက်ဝန်းထဲတွင် လောဘရိပ်များ လွှမ်းမိုးနေသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
"လင်းချန်ခုံး.. အဲဒီတုန်းက ဘိုးဘေး ချန်ထားခဲ့တဲ့ ရတနာက ထိပ်တန်း အင်မော်တယ်ရတနာ တစ်ခုပဲ.. တကယ်လို့ ငါတို့သာ ဒါကို ကျင့်ကြံဖို့ အတွက် အသုံးချနိုင်မယ် ဆိုရင် ငါတို့တွေ အင်မော်တယ် မဖြစ်ဘူးလို့ ပြောမရဘူး.. အဲဒီအခါကျရင် ငါတို့ရဲ့ လက်ရှိ အခြေအနေကနေ လွတ်မြောက်ပြီး ပိယွင် အင်မော်တယ်နန်းတော်ကို ကလဲ့စား ပြန်ချေနိုင်လိမ့်မယ်"
ရှန့်ထျန်းတောက်က သူ၏ အတွင်းစိတ်မှ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။
အမှန်စင်စစ်အားဖြင့် စွမ်းအင်ခန္ဓာကိုယ် အဖြစ်နှင့် အသက်ရှင်နေရသည့် အချိန်ကတည်းကပင် ရှန့်ထျန်းတောက်၏ စိတ်ထဲတွင် လျှို့ဝှက် အစီအစဥ်များ ရှိနေခဲ့သည်။
သူက ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သော အင်မော်တယ်ရတနာကို အပိုင် သိမ်းပိုက်ချင်နေခဲ့ပြီး ထိုရတနာ၏ အစွမ်းဖြင့် အင်မော်တယ် အဆင့်သို့ ထိုးဖောက်ကာ လက်ရှိ စွမ်းအင်ခန္ဓာကိုယ် ဘဝကနေ လွတ်မြောက်ရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုရတနာမှာ ပင်မတောင်ထိပ်တွင်သာ အမြဲတစေ ရှိနေခဲ့ပြီး လင်းချန်ခုံးနှင့် အခြားသူများက တင်းကြပ်စွာ စောင့်ကြပ်ထားခဲ့သည့် အပြင် ထိုရတနာကို ထိန်းချုပ်နိုင်မည့် နည်းစနစ်ကိုလည်း မသိရှိသဖြင့် သူ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ ဘိုးဘေး၏ သွေးမျိုးဆက် ဖြစ်သော ရှီးယောင် ရုတ်တရက် ရောက်ရှိလာခဲ့၏။
ယင်းက ရှန့်ထျန်းတောက် အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။
မူလက ရှန့်ထျန်းတောက် ကြံစည်ထားသည်မှာ ပိယွင်အင်မော်တယ်နန်းတော်၏ တပည့်နှစ်ယောက်နှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ပင်မတောင်ထိပ် ဆီသို့ လွှတ်ကာ လင်းချန်ခုံးတို့နှင့် တိုက်ခိုက်ခိုင်းရန် ဖြစ်ပြီး နှစ်ဖက်လုံး အင်အားကုန်ခမ်းသွားချိန်ကျမှ သူက ကြားကနေ အကျိုးအမြတ် ထုတ်ယူရန် ဖြစ်သည်။
သို့သော် ကိစ္စရပ်များသည် သူ၏ တွက်ချက်မှုများကို လုံးဝ ကျော်လွန်သွားခဲ့သည်။
ပိယွင် အင်မော်တယ်နန်းတော်၏ ပါရမီရှင်များသည် ပြင်ပ စကြဝဠာမှ လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာသည့် လူငယ်လေး လက်ထဲတွင် အလွယ်တကူပင် အရေးနိမ့်သွားခဲ့ကြသည်။
ရှန့်ထျန်းတောက်ကို ပို၍ပင် အံ့အားသင့်စေသည်မှာ ထိုလူငယ်လေးသည် ပင်မတောင်ထိပ်သို့ ရောက်ရှိလာပြီးနောက်တွင် လင်းချန်ခုံးတို့နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရခြင်း မရှိသည့်အပြင် ရှီးယောင်၏ အကူအညီဖြင့် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အထွတ်အမြတ် အင်မော်တယ် ရတနာကိုပါ လက်ဝယ် ရရှိသွားခဲ့ခြင်းပင်။
ရှန့်ထျန်းတောက်သည် ထိုရတနာကို သူ၏ ကိုယ်ပိုင် ပစ္စည်းတစ်ခု ကဲ့သို့ သတ်မှတ်ထား၍ ကျန်းချန်ကို အလွယ်တကူ ယူဆောင်သွားခွင့် မပေးနိုင်ပေ။
ထို့ကြောင့်ပင် အခြေအနေက သူ မျှော်လင့်သလို ဖြစ်မလာခဲ့သော်လည်း သူကိုယ်တိုင် ရှေ့ထွက်လာခဲ့ရခြင်း ဖြစ်သည်။
"ရှန့်ထျန်းတောက်.. မင်းက ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အင်မော်တယ်ရတနာကို တကယ်ပဲ သိမ်းပိုက်ဖို့ ကြံနေတာကိုး"
လင်းချန်ခုံးက ရှန့်ထျန်းတောက်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မမေ့နဲ့ဦး... မင်းက သေပြီးသားလူပဲ.. အခု မင်းမှာ ရှိနေတာက အစီအရင်စွမ်းအားနဲ့ ကျန်ရှိနေတဲ့ စွမ်းအင်ခန္ဓာကိုယ် သက်သက်ပဲ.. အဲဒါတောင် မင်းက အင်မော်တယ် ဖြစ်ချင်နေတယ်လား.. မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ အိပ်မက်တွေကို ရပ်တန်းက ရပ်လိုက်စမ်းပါ"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ"
ရှန့်ထျန်းတောက်က ရူးသွပ်သော မျက်နှာ အမူအရာဖြင့် အော်ဟစ်လိုက်သည်။
"ဒီကမ္ဘာပေါ်က အရာအားလုံး.. မြက်တစ်ပင် ဒါမှမဟုတ် ကျောက်ခဲတစ်လုံးတောင်မှ လုံလောက်တဲ့ အခွင့်အရေးနဲ့ တွေ့ကြုံမယ်ဆိုရင် အင်မော်တယ် ဖြစ်ဖို့ အခွင့်အလမ်း ရှိတာပဲ.. ငါတို့သာ အချိန်မျှော်စင်ကို ပိုင်ဆိုင်နိုင်မယ် ဆိုရင် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး"
"ရှန့်ထျန်းတောက်.. မင်း တကယ်ကို ရူးသွပ်သွားပြီပဲ.. ဒီကမ္ဘာပေါ်က ဘယ်သက်ရှိမဆို အင်မော်တယ် ဖြစ်ဖို့ လမ်းစကို ရှာဖွေကောင်း ရှာဖွေနိုင်ပေမဲ့ ငါတို့လို စွမ်းအင်ခန္ဓာကိုယ်တွေ အတွက်ကတော့ အဲဒီလို ဖြစ်နိုင်ခြေ လုံးဝ မရှိတော့ဘူး"
လင်းချန်ခုံးက စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်ပြီး ချက်ချင်းပင် တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ.. ငါတို့ရဲ့ တည်ရှိမှုက မူလကတည်းက ဒီအင်မော်တယ် ရတနာကို ကာကွယ်ဖို့ပဲ.. အခု အင်မော်တယ်ရတနာမှာ ပိုင်ရှင် ရှိသွားပြီ ဆိုတော့ ငါတို့လည်း ဆက်ပြီး ရှိနေဖို့ မလိုတော့ဘူး"
စကားဆုံးသည်နှင့် လင်းချန်ခုံးက လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရှန့်ထျန်းတောက်သည် တစ်စုံတစ်ရာကို သတိရသွားပြီး မျက်နှာပျက်ယွင်းသွားခဲ့သည်။
"သူ အစီအရင်ကို ဖျက်ဆီးတော့မယ်.. မင်းတို့တွေ အခုထိ ဘာကို စောင့်နေကြတာလဲ.. ဘယ်အချိန်အထိ ငေးကြည့်နေကြဦးမှာလဲ"
"ဝုန်း.. ဝုန်း... ဝုန်း"
ရှန့်ထျန်းတောက်၏ အော်ဟစ်သံ အဆုံးတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ပြည့်နှက်နေသည့် စွမ်းအင်ခန္ဓာကိုယ် ငါးခုသည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ်ပေါ်တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာသည်။
၎င်းတို့က ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါစေနိုင်သော စွမ်းအားများကို ထုတ်ဖော်၍ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြေးဝင်လာကြသည်။
"ဝုန်း.. ဝုန်း.. ဝုန်း"
လင်းချန်ခုံးတို့ သုံးယောက်က အင်အားရှိသမျှဖြင့် အလျင်အမြန် ပြန်လည် ခုခံခဲ့ကြသော်လည်း အဆုံးသတ်တွင် ထိုငါးယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ပေထောင်ပေါင်း များစွာ အဝေးထိ လွင့်စင်သွားခဲ့ရသည်။
သူတို့၏ စွမ်းအင်ခန္ဓာကိုယ်များမှာလည်း အလွန်အမင်း ကြည်လင်သွားခဲ့ကာ ပျောက်ကွယ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။
သူတို့က မပျက်စီးနိုင်သော စိတ်ဆန္ဒများဖြင့် ဖွဲ့စည်းထားသည့် စွမ်းအင်ခန္ဓာကိုယ်များ ဖြစ်သောကြောင့် စွမ်းအင် ကုန်ခမ်းသွားလျှင် ပြန်လည် ဖြည့်တင်းရန် အလွန်ခက်ခဲသည်။
အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်ခဲ့စဉ်တွင် စွမ်းအင်များစွာ ကုန်ဆုံးထားခဲ့ပြီ ဖြစ်ရာ ရုတ်တရက် ပေါ်လာသော စွမ်းအင်ခန္ဓာကိုယ် ငါးခု၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။
ထိုငါးယောက်သည်လည်း မသေဆုံးခင်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ တောင်ထိပ်သခင်များ ဖြစ်ကြ၍ စွမ်းအားအရာတွင် လင်းချန်ခုံးတို့နှင့် မကွာခြားပေ။
လင်းချန်ခုံးသည် သူ၏ ရှေ့မှ စွမ်းအင်ခန္ဓာကိုယ် ငါးခုကို ကြည့်ရင်း ခါးသီးစွာ လှောင်ရယ်လိုက်သည်။
"မင်းတို့အားလုံး ငါ့အမိန့်ကို ဘာလို့ မလိုက်နာကြသလဲ ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်.. မင်းတို့အားလုံး ရှန့်ထျန်းတောက်ရဲ့ သွေးဆောင်ဖျားယောင်းမှု နောက်ကို ပါသွားခဲ့ကြပြီကိုး"
အနည်းငယ် အိုမင်းပုံရသော စွမ်းအင်ခန္ဓာကိုယ် တစ်ခုက လင်းချန်ခုံးကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ချန်းခုံး.. ရှန့်ထျန်းတောက် ပြောတာ မှန်တယ်.. ဘိုးဘေး ချန်ထားခဲ့တဲ့ ထိပ်တန်းရတနာက ငါတို့ကို အင်မော်တယ် ဖြစ်စေပြီး လက်ရှိ ဝိညာဥ်ဘဝကနေ လွတ်မြောက်အောင် မစွမ်းဆောင်ပေးနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ.. ခင်ဗျား ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ"
"ခေါင်းမာနေတာက မင်းတို့ပဲ"
လင်းချန်ခုံးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"အဲဒီတုန်းက ပိုထျန်းအင်မော်တယ်ဂိုဏ်း ပျက်စီးသွားချိန်မှာ မင်းတို့အားလုံးရဲ့ ခန္ဓာကိုယ်က အမှုန့်ဖြစ်သွားခဲ့ပြီ.. ဒီအင်မော်တယ်ရတနာက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. မင်းတို့ကို ပြန်ပြီး အသက်သွင်းပေးနိုင်မှာ မဟုတ်သလို အင်မော်တယ်လည်း ဖြစ်စေနိုင်မှာ မဟုတ်ဘူး.. မင်းတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ အိပ်မက်တွေကို ရပ်တန်းက ရပ်လိုက်ကြစမ်းပါ"
"အားလုံးပဲ.. သူနဲ့ အပိုစကားတွေ ပြောနေဖို့ မလိုတော့ဘူး.. သူတို့ကို အရင် အပြတ်ရှင်းပြီး ဘိုးဘေးရဲ့ အင်မော်တယ်ရတနာကို ပြန်လုယူကြစို့"
ရှန့်ထျန်းတောက်၏ ကိုယ်ပေါ်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွားခဲ့၏။
ထို့နောက် သူကိုယ်တိုင် စတင် ဦးဆောင်၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဓားကြီးဖြင့် လေထဲကနေ ပိုင်းချလိုက်သည်။
"ကောင်လေး.. ငါတို့ သုံးယောက် သူတို့ကို တားဆီးထားပေးမယ်.. မင်း အင်မော်တယ်ရတနာကို ယူပြီး အမြန်ဆုံး ထွက်သွားတော့.. မင်း ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေထဲကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်သရွေ့ သူတို့ မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"
လင်းချန်ခုံးက ကျန်းချန်ကို အလောတကြီး မှာကြားလိုက်ပြီးနောက် ရှန့်ထျန်းတောက်တို့ လူစု ရှိရာသို့ အင်အားအပြည့်ဖြင့် ပြေးဝင်သွားခဲ့သည်။
အခန်း(၂၆၄၅) ပြီး၏
အခန်း(၂၆၄၆)
"ဝုန်း.. ဝုန်း.. ဝုန်း.."
မဟာယာနအဆင့် နှောင်းပိုင်း ကျင့်ကြံသူများနှင့် ယှဥ်နိုင်သော စွမ်းအင်ခန္ဓာကိုယ် ကိုးခု၏ ထိပ်တိုက်တွေ့ဆုံမှုက အလွန်ပင် ပြင်းထန်လွန်းသည်။
ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားရာ ပင်မတောင်ထိပ်၏ ဟင်းလင်းပြင်နှင့် မြေပြင်ပင်လျှင် ပျက်စီးလုနီးပါး တုန်ခါသွားခဲ့ရ၏။
သို့သော်လည်း ရှန့်ထျန်းတောက် အပါအဝင် ခြောက်ယောက်၏ ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်မှုအောက်တွင် လင်းချန်ခုံးတို့ သုံးယောက်မှာ ကြာရှည်စွာ တောင့်ခံနိုင်ခြင်း မရှိဘဲ မကြာခင်မှာပင် အရေးနိမ့်သွားခဲ့သည်။
"မင်း.. မင်း ဘာလို့ အခုထိ မထွက်သွားသေးတာလဲ"
လင်းချန်ခုံးသည် လုံးဝ နီးပါး ကြည်လင်ကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် သူ၏ ပုံရိပ်ကို အားယူ ထိန်းထားရင်းဘာကိုမျှ ဂရုမစိုက်ဘဲ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည့် ကျန်းချန်ကို လှည့်ကြည့်ကာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
သခင်မလေးက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ အထွတ်အမြတ် အင်မော်တယ်ရတနာကို ဤလူငယ်လေး၏ လက်ထဲသို့ ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ကတည်းက ဤလူငယ်လေးသည် သူတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
သူ့ရှေ့မှ လူငယ်လေး၏ စွမ်းရည်က အားမနည်းဟု ဆိုနိုင်သော်လည်း ရှန့်ထျန်းတောက် အပါအဝင် ခြောက်ယောက်လုံးသည် သက်ရှိထင်ရှားရှိစဉ်က ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ မဟာယာန အထွတ်အထိပ် အဆင့်တွင် ရှိခဲ့ကြသည့် အလွန်သန်မာသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ခဲ့ကြသည်။
ဤခြောက်ယောက်သာ ပူးပေါင်းလိုက်လျှင် မဟာယာန အထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူများပင် အလွယ်တကူ လွတ်မြောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
"ငါက ဘာလို့ ထွက်သွားရမှာလဲ"
ကျန်းချန်က ရှန့်ထျန်းတောက်နှင့် ကျန်လူများကို တည်ငြိမ်စွာ တစ်ချက် ကြည့်၍ ပြောလိုက်သည်။
"ဒါက စွမ်းအင်ခန္ဓာကိုယ် အနည်းငယ်လေးပါပဲ... ငါ့ကို ခြိမ်းခြောက်နိုင်ဖို့အတွက်တော့ အများကြီး လိုပါသေးတယ်"
အကယ်၍ ထိုခြောက်ယောက်သည် သူတို့ သက်ရှိထင်ရှားရှိစဉ်က အခြေအနေအတိုင်းသာ ဆိုလျှင် ကျန်းချန်အတွက် အခက်အခဲတချို့ ဖြစ်စေနိုင်မည်မှာ အမှန်ပင်။
သို့သော် ၎င်းတို့၏ လက်ရှိ အားနည်းနေသော အခြေအနေအရဆိုလျှင်မူ နောက်ထပ် ခြောက်ယောက် ထပ်တိုးလာလျှင်ပင် ကျန်းချန်က အသာလေး ချေမှုန်းနိုင်စွမ်း ရှိ၏။
"ကောင်လေး.. သေခါနီးတာတောင် လေလုံးထွားရဲသေးတယ်"
ရှန့်ထျန်းတောက်က ကျန်းချန်ကို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။
"ငါတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ အထွတ်အမြတ် အင်မော်တယ် ရတနာကို အသာတကြည် အပ်လိုက်စမ်း... ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ထားပေးမယ်"
"ရှန့်ထျန်းတောက်... အဲဒီနေ့က ထျန်းတောက် တောင်ထိပ်မှာ မင်းရဲ့အသက်ကို ငါ တစ်ကြိမ် ချမ်းသာပေးခဲ့တယ်.. ဒါပေမဲ့ မင်းက အသေခံဖို့ ကိုယ့်ဘာသာကိုယ် တက်တက်ကြွကြွ လာလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး"
ကျန်းချန်က ခေါင်းကို ခါယမ်းလိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။
"မင်းတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ အထွတ်အမြတ် အင်မော်တယ်ရတနာက ငါ့ကိုယ်ပေါ်မှာ ရှိနေတာ အမှန်ပဲ.. မင်းမှာ တကယ်ပဲ အရည်အချင်းရှိတယ် ဆိုရင် လာယူကြည့်ပါ"
"အားလုံးပဲ.. ဒီကောင်က အရမ်းသန်မာလွန်းတယ်... အားလုံးဝိုင်းပြီး သူ့ကို သတ်ကြစို့"
ရှန့်ထျန်းတောက်သည် သူတစ်ယောက်တည်း ဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်း ကောင်းစွာ သိနေသဖြင့် သူ၏ နံဘေးမှ ငါးယောက်ကို ကျန်းချန်အား အတူတူ ဝိုင်းဝန်း သတ်ဖြတ်ရန် လှုံ့ဆော်လိုက်သည်။
"မင်းတို့က တစ်ချိန်က ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြတယ် ဆိုတဲ့ အချက်ကို ထောက်ထားပြီး ငါ မင်းတို့ကို မသတ်ချင်ခဲ့ဘူး.. ဒါပေမဲ့ မင်းတို့ ကိုယ်တိုင်က သေလမ်းကို ရွေးချယ်နေမှတော့ ငါက မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့"
ကျန်းချန်၏ အေးစက်စက် ကြုံးဝါးပြီးသည်နှင့် သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားကို အသာအယာပင် ဝှေ့ယမ်းလိုက်သည်။
"အပြာရောင်ဧကရာဇ်ဓားသိုင်း.. လူသားအဖြစ်ပြောင်းလဲစေသောဓားချက်"
ထိုဓားချက်သည် စွမ်းအင်ခန္ဓာကိုယ်များ ထဲမှ တစ်ခုကို ထိုးဖောက်သွားခဲ့သည်။
တခဏအတွင်းမှာပင် ထိုစွမ်းအင်ခန္ဓာကိုယ်၏ စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် ချက်ချင်းပင် စိမ့်ထွက်သွားခဲ့ပြီး သူ၏ ပုံရိပ်သည် အားလုံး၏ အကြည့်အောက်မှာပင် ကြည်လင်သွားခဲ့ကာ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာယာန နှောင်းပိုင်းအဆင့်နှင့် နှိုင်းယှဥ်နိုင်သော စွမ်းအင်ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် အစအနပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းမှာ ရှန့်ထျန်းတောက်နှင့် ကျန်ရှိသော လူများကို မျက်နှာပျက်သွားစေသည်။
ကျန်းချန်နှင့် တိုက်ခိုက်ဖူးသည့် ရှန့်ထျန်းတောက် ပင်လျှင် ကျန်းချန်၏ စွမ်းရည်က ဤမျှအထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့နှင့် အဆင့်တူ စွမ်းအင်ခန္ဓာကိုယ် တစ်ခုကို ဓားချက် တစ်ချက်တည်းနှင့် အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းက သူတို့ကို ထိတ်လန့်သွားစေခဲ့၏။
သူတို့က တွေဝေမနေရဲတော့ဘဲ တစ်ယောက်ချင်းစီ၏ အားအကောင်းဆုံး တိုက်ကွက်များကို ထုတ်သုံးကာ ကျန်းချန်ထံ တပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
"အပြာရောင်ဧကရာဇ်ဓားသိုင်း.. အပြာရောင်ဧကရာဇ်ဓားကွက်"
ကျန်းချန်သည် ရှန့်ထျန်းတောက်တို့နှင့် အချိန်ဖြုန်းမနေတော့ဘဲ အပြာရောင်ဧကရာဇ် ဓားကွက်ကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။
သူက အပြာရောင်ဝတ် ဓားနတ်ဘုရားကို ဆင့်ခေါ်လိုက်ရာ ဓားနတ်ဘုရား၏ အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားရှိသည့် ဓားချက်သည် ရှန့်ထျန်းတောက်တို့၏ တိုက်ခိုက်မှုကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည့် အပြင် ၎င်းတို့အားလုံးကို ကြောက်မက်ဖွယ် ဓားအလင်းအောက်တွင် ဖုံးလွှမ်းသွားစေခဲ့သည်။
"မသတ်ပါနဲ့"
ရှန့်ထျန်းတောက်တို့ လူစုသည် ရုတ်တရက် မျှော်လင့်ချက်မဲ့သွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူတို့ကို ဖုံးလွှမ်းနေသော ဓားအလင်းကို ခုခံရန် သူတို့၏ စွမ်းအင်များကို ရူးသွပ်စွာ ထုတ်သုံးလိုက်ကြသော်လည်း ကျန်းချန်၏ လက်ရှိအင်အားဖြင့် ထုတ်သုံးလိုက်သော အပြာရောင်ဧကရာဇ် ဓားကွက်၏ စွမ်းအားရှေ့တွင် မဟာယာနအထွတ်အထိပ် အဆင့် ကျင့်ကြံသူများပင် အလွယ်တကူ ခုခံနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ရှန့်ထျန်းတောက်တို့ ကဲ့သို့ စွမ်းအင်ခန္ဓာကိုယ်များသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
"ဝုန်း.. ဝုန်း.. ဝုန်း"
ဓားအလင်းသည် တားဆီး၍မရနိုင်သော စွမ်းအားဖြင့် ရှန့်ထျန်းတောက်တို့ လူစု၏ ပုံရိပ်ယောင်များကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေကာ လုံးဝ ချေမှုန်းပစ်လိုက်သည်။
"ဒီလူငယ်လေးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားတာလဲ"
လင်းချန်ခုံးသည် သူ၏ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေမိပြီး တော်တော်နှင့် သတိပြန်မဝင်နိုင်ခဲ့ပေ။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အသက်အရွယ်အရ ငယ်ရွယ်သော်လည်း သူ ပိုင်ဆိုင်ထားသော အင်အားကမူ သူတို့ သက်ရှိထင်ရှားရှိစဉ်က အထွတ်အထိပ် အခြေအနေနှင့် ယှဉ်လျှင်ပင် များစွာ သာလွန်နေခဲ့သည်။
သူတို့၏ ပိုထျန်းအင်မော်တယ်ဂိုဏ်း သမိုင်း တစ်လျှောက်တွင်ပင် ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေသည့် ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး တစ်ခါမှ မပေါ်ထွန်းခဲ့ဖူးချေ။
သခင်မလေးက အဘယ်ကြောင့် အနက်ရောင်ဝတ် လူငယ်၏ လက်ထဲသို့ အင်မော်တယ် ရတနာကို အပ်နှံရန် ရွေးချယ်ခဲ့မှန်း လင်းချန်ခုံး ယခုမှပင် အပြည့်အဝ နားလည်သွားခဲ့သည်။
ဤလူငယ်၏ ပါရမီနှင့် ဘိုးဘေး၏ အထွတ်အထိပ် အင်မော်တယ်ရတနာတို့ ပေါင်းစပ်လိုက်လျှင် အနာဂတ် အောင်မြင်မှုက ဘိုးဘေး၏ အောက်တွင် ရှိလိမ့်မည် မဟုတ်ဟု လင်းချန်ခုံး ခံစားလိုက်ရ၏။
အကယ်၍ သခင်မလေးဘက်တွင် နောင်တစ်ချိန်၌ ဤကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်မျိုး ရှိနေမည်ဆိုလျှင် ပိယွင်အင်မော်တယ်နန်းတော်နှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး အမှန်တကယ်ပင် ရှိလာနိုင်ပေသည်။
"မင်းရဲ့ ပါရမီကို အဆင့်နိမ့် စကြဝဠာ တစ်ခုလုံးမှာတောင် ယှဉ်နိုင်တဲ့လူ အနည်းငယ်ပဲ ရှိလောက်တယ်.. မင်းက ဘိုးဘေး ရဲ့ အင်မော်တယ် ရတနာနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်"
လင်းချန်ခုံးက ကျန်းချန်ကို တလေးတစား.အရိုအသေ ပေးလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
"အနာဂတ်မှာ မင်း အင်မော်တယ်လောကကို ရောက်ရင် ငါတို့ရဲ့ သခင်မလေး လင်းရှီးယောင်ကို စောင့်ရှောက်ပေးပါ.. ဒါဆိုရင် ငါ့အနေနဲ့ ကျေးဇူးတင်မဆုံး ဖြစ်ရပါလိမ့်မယ်"
"စိတ်မပူပါနဲ့... မင်းတို့ ပိုထျန်း အင်မော်တယ်ဂိုဏ်းဆီက အင်မော်တယ် ရတနာကို ငါ ရယူထားတာ ဖြစ်တဲ့ အတွက် ပိယွင် အင်မော်တယ်နန်းတော် ဖျက်ဆီးဖို့ ငါ ရှီးယောင်ကို သေချာပေါက် အကူအညီပေးမှာပါ"
စကားဆုံးသည်နှင့် ကျန်းချန်က နောက်သို့ လှည့်မကြည့်တော့ဘဲ အပြင်သို့ ထွက်ခွာလာခဲ့သည်။
-----------------
ပင်မတောင်ထိပ်၏ အပြင်ဘက်တွင်မူ လျိုချင်းရီတို့သည် ဂရုတစိုက် ပုန်းအောင်းနေကြ၏။
သူတို့၏ အကြည့်ကမူ ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ်ဆီသို့ ရောက်ရှိနေကြသည်။
"အစ်ကိုလျို... ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ တောင်ထိပ်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်နေပုံပဲ.. အခု ငြိမ်သက်သွားပြီ ဆိုတော့ ငါတို့ အထဲဝင်ကြည့်သင့်လား"
ကပ်ဘေး အထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦးက စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
လျိုချင်းရီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်း ရူးနေလား.. ခုနလေးတင်ပဲ မဟာယာနအဆင့် စွမ်းအင်ခန္ဓာကိုယ်တွေက ပင်မတောင်ထိပ်ထဲကို ဝင်သွားတာ မင်းမမြင်ဘူးလား... သူတို့အတွက်က မင်းကို သတ်ဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလောက် လွယ်ကူတယ်.. မင်း ဒီလောက်တောင် သေချင်နေရင်လည်း ငါ မတားတော့ဘူး"
"အစ်ကိုလျို... ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေး ချန်ထားခဲ့တဲ့ ရတနာက အင်မော်တယ် ရတနာနော်.. အစ်ကို စိတ်မလှုပ်ရှားဘူးလား"
ထိုကျင့်ကြံသူ၏ မျက်ဝန်းတွင် လောဘရိပ်များဖြင့် အရောင်လက်နေခဲ့သည်။
"ချမ်းသာချင်ရင်တော့ အန္တရာယ်ကို ရင်ဆိုင်ရမှာပဲ.. နတ်ဘုရားနယ်မြေက လူသားဧကရာဇ်ရဲ့ ကြောက်မက်ဖွယ် စွမ်းအားနဲ့ ဆိုရင် ဒီပိုထျန်း အင်မော်တယ်ဂိုဏ်းက မဟာယာနအဆင့် စွမ်းအင်ခန္ဓာကိုယ်တွေကို သူ ခုခံနိုင်မှာ သေချာတယ်.. ငါတို့အနေနဲ့ ကြားထဲကနေ အကျိုးအမြတ် ထုတ်ယူလိုက်ရုံပဲ မဟုတ်လား"
လျိုချင်းရီ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထို အင်မော်တယ် ရတနာက သေချာပေါက် ထူးခြားနေမည်မှာ အမှန်ပင်။
သို့မဟုတ်လျှင် ပိယွင် အင်မော်တယ်နန်းတော် ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းသည် ကြီးမားသော ရင်းနှီးမှုများ ပြုလုပ်ကာ သူတို့၏ တပည့်များကို စေလွှတ်၍ ထိုရတနာကို လိုချင်နေမည် မဟုတ်ပေ။
အင်မော်တယ်လောကမှ အင်အားစုများပင် လိုချင်တပ်မက်နေသော ရတနာက အဘယ်ကြောင့် စိတ်လှုပ်ရှားစရာ မကောင်းဘဲ ရှိပါမည်နည်း။
သို့သော်လည်း လျိုချင်းရီသည် အဆုံးသတ်တွင် သူ၏ စိတ်အလိုကို ဆင်ခြင်တုံတရားဖြင့် အောင်နိုင်ခဲ့ပြီး ပင်မတောင်ထိပ်ထဲသို့ ဝင်ရန် မရွေးချယ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိ အခြေအနေကို သူ ကောင်းစွာ သိထားသောကြောင့်ပင်။
ပင်မတောင်ထိပ်၏ လက်ရှိအခြေအနေက မည်သို့ပင် ဖြစ်နေစေကာမူ ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သည့် အထွတ်အမြတ် အင်မော်တယ် ရတနာသည် သူကဲ့သို့ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က လက်လှမ်းမီနိုင်သော အရာ မဟုတ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားခဲ့သည်။
အခန်း(၂၆၄၆) ပြီး၏