← Chapters

အခန်း (၂၆၄၇-၂၆၄၈)

Vol. 205 Ch. 2647-2648

အခန်း (၂၆၄၇-၂၆၄၈)

Vol. 205 Ch. 2647-2648

အခန်း(၂၆၄၇)

လျိုချင်းရီ မလှုပ်မယှက် တည်ငြိမ်စွာ ရှိနေသည်ကို မြင်လိုက်ရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူက ထပ်မံ ဖျောင်းဖြရန် ပြင်လိုက်သည်။

သို့သော်လည်း ယင်းအချိန်မှာပင် သူတို့၏ နားစည်ထဲသို့ စူးရှသော အသံတစ်သံက ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

"တုအန်း.. မင်း ဘာလို့ ငါ့ကို ဒီနေရာအထိ အလောတကြီးနဲ့ အတင်းခေါ်နေရတာလဲ"

ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကပ်ဘေးအဆင့် ကျင့်ကြံသူက အံ့အားသင့်သွားခဲ့ရသည်။

သူက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ သူတို့ ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် အဘိုးအို တစ်ဦး၏ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"အကြီးအကဲ နောက်ဆုံးတော့ ရောက်လာပြီပဲ"

"လျိုချင်းရီက စီနီယာကို အရိုအသေပေးပါတယ်"

လျိုချင်းရီက အံ့အားသင့်သွားကာ ရောက်ရှိလာသူကို အလျင်အမြန်ပင် အရိုအသေ ပြုလိုက်ရသည်။

ဤနေရာသို့ ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သူ၊ မဟာယာနအဆင့် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဖြစ်သည့် ယွမ်ထျန်းဟွာပင် ဖြစ်သည်။

တုအန်းက ယွမ်ထျန်းဟွာကို တိတ်တဆိတ် အကြောင်းကြားထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယွမ်ထျန်းဟွာက တည်ငြိမ်သော လေသံဖြင့် မေးမြန်းလိုက်သည်။

"ပြောစမ်းပါဦး.. ဒီမှာ ဘာတွေ ဖြစ်နေတာလဲ.. ကျန်းချန်နဲ့ တခြားလူတွေရော အခု ဘယ်မှာလဲ"

"အကြီးအကဲ.. ကိစ္စက ဒီလိုပါ"

တုအန်းက ဘာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ယွမ်ထျန်းဟွာ ထံသို့ ရှင်းပြလိုက်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအတွင်းမှ အင်မော်တယ် လမ်းကြောင်း ပျက်စီးသွားရခြင်းမှာ အင်မော်တယ် လောကရှိ ပိယွင်အင်မော်တယ်နန်းတော်ကြောင့် ဖြစ်သည်ဟူသော အချက်ကို ကြားလိုက်ရလျှင် ယွမ်ထျန်းဟွာသည် အလွန်အမင်း အံ့အားသင့်သွားပြီး သတိပြန်ဝင်လာရန်ပင် အချိန်အတော်ကြာ ယူခဲ့ရသည်။

သို့သော်လည်း ယခုအချိန်၌ ယွမ်ထျန်းဟွာ အလေးအနက် အထားဆုံး အရာမှာ သံသယဖြစ်ဖွယ်ရာမရှိ ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သည့် အထွတ်အမြတ် အင်မော်တယ် ရတနာပင် ဖြစ်သည်။

သူက ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက အလိုလို ကျဥ်းမြောင်းသွားခဲ့သည်။

"မင်း ဆိုလိုတာက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ကျန်းချန်က အခု ပင်မတောင်ထိပ်မှာ ရှိနေပြီး ရတနာကို ရရှိဖို့ အခွင့်အလမ်း အများဆုံးပဲလို့ ပြောချင်တာလား"

"ဟုတ်ပါတယ်"

တုအန်းက အလျင်အမြန်ပင် ခေါင်းညိမ့်ပြလိုက်သည်။

"အကြီးအကဲ.. ကျွန်တော်တို့ အထဲဝင်ပြီး အခြေအနေကို သွားကြည့်ကြမလား"

ယွမ်ထျန်းဟွာ၏ မျက်ဝန်းများထဲတွင် လောဘရိပ်များ လွှမ်းမိုးနေသော အလင်းတန်းတစ်ခု လက်ခနဲ ယှက်သန်းသွားသည်။

နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ကျန်းချန်ကို ယွမ်ထျန်းဟွာ ကိုယ်တိုင်လည်း အလွန် ကြောက်ရွံ့မိသည်မှာ အမှန်ပင်။

သို့သော် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သည့် ရတနာသည် အင်မော်တယ် လောကရှိ ပိယွင်အင်မော်တယ်နန်းတော် ပင်လျှင် အလိုရှိနေသည့် အထွတ်အမြတ် ရတနာ ဖြစ်ရာ အလွယ်တကူ လက်လွှတ်မခံလိုခဲ့ပေ။

"သွားကြစို့.. အထဲဝင်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်"

ယွမ်ထျန်းဟွာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ ဦးတည်ရန် ပြင်လိုက်သည်။

သို့သော် သူက ခြေတစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင်ပင် အားကောင်းသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်ပြီး ခေါင်းကို မော့ကာ ပင်မတောင်ထိပ် ဆီသို့ စူးစိုက်ကြည့်လိုက်မိသည်။

မကြာခင်မှာပင် ပုံရိပ်တစ်ခုသည် ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ပင်မတောင်ထိပ်ကနေ တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ကို မြင်လျှင် ယွမ်ထျန်းဟွာ၏ မျက်ဝန်းများက ချက်ချင်းပင် အေးစက်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပင်မတောင်ထိပ်မှ ထွက်လာသူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ကျန်းချန် ဖြစ်နေသောကြောင့်ပင်။

ကျန်းချန်ကလည်း ယွမ်ထျန်းဟွာ ရှိနေသည်ကို လျင်မြန်စွာ သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

"ယွမ်ထျန်းဟွာ... ခင်ဗျားလည်း ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ပိုထျန်း ကောင်းကင်နယ်မြေ ပြန်လည် ပေါ်ထွက်လာတာ ဆိုတော့ ငါအဖိုးကြီးလည်း လာစူးစမ်းကြည့်တာပေါ့"

ယွမ်ထျန်းဟွာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျန်းချန်.. ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အထွတ်အမြတ် အင်မော်တယ်ရတနာက မင်းရဲ့လက်ထဲကို ရောက်သွားပြီ မဟုတ်လား"

ပိုထျန်း အင်မော်တယ်ဂိုဏ်းတွင် မရေမတွက်နိုင်သော စွမ်းအင်ခန္ဓာကိုယ်များ ရှိနေပြီး မဟာယာနအဆင့် စွမ်းအင်ခန္ဓာကိုယ် အများအပြားမှာလည်း ပင်မတောင်ထိပ်တွင် စုဝေးနေခဲ့ကြသည်။

ကျန်းချန်အနေဖြင့် ရတနာကို ရယူရာတွင် တားဆီးမှုများကို ရင်ဆိုင်ရမည်မှာ သေချာ၏။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ပင်မတောင်ထိပ်ကနေ ဒဏ်ရာအနာတရ အနည်းငယ်မျှပင် မရှိဘဲ ထွက်ခွာလာနိုင်ခဲ့သည်။

ဤသည်ကပင် အထွတ်အမြတ် ရတနာကို လက်ဝယ်ရရှိထားပြီ ဖြစ်ကြောင်း ထင်ရှားနေခဲ့၏။

"အဲဒီတော့ ဘာဖြစ်လဲ.. ခင်ဗျားက ဘာလုပ်ချင်လို့လဲ"

ကျန်းချန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

ဤအဖိုးကြီးကလည်း အချိန်မျှော်စင်ကို မျက်စိကျနေသည်မှာ သိသာနေ၏။

ယွမ်ထျန်းဟွာက တည်ကြည်စွာပင် ပြောလိုက်သည်။

"ကျန်းချန်.. ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အထွတ်အမြတ် အင်မော်တယ်ရတနာက ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ အတွက် ချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ.. မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်ဘဲနဲ့ ဒီလိုမျိုး အဖိုးတန်ရတနာကို ယူသွားတာက သိပ်ပြီးတော့ မသင့်တော်ဘူး"

"ယွမ်ထျန်းဟွာ... အပိုစကားတွေ ပြောမနေနဲ့.. ရတနာဆိုတာ ကံပါတဲ့သူ ရစမြဲပဲ"

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

"အကယ်၍ ခင်ဗျားက ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အထွတ်အထိပ် အင်မော်တယ် ရတနာကို တကယ်ပဲ လိုချင်တယ် ဆိုရင်တော့ ခင်ဗျားမှာ အဲဒီလို ယူနိုင်တဲ့ အရည်အချင်းမျိုး ရှိမရှိ ဆိုတာကို အရင် ကြည့်ရမှာပဲ"

"ဝုန်း..."

ကျန်းချန်က အပိုစကားများ ဆက်ပြောမနေတော့ပေ။

သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးကြားမှ တောက်ပသော ရွှေရောင်အလင်းတန်းများသည် ချက်ချင်းပင် ကျူးရှန်းစည်းတံဆိပ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို ခြေမှုန်းပစ်နိုင်လောက်သည့် ရွှေရောင် ရှေးဟောင်း တောင်ကြီး တစ်လုံးပမာ ယွမ်ထျန်းဟွာကို ဖိနှိပ်ရန် ဦးတည်လာခဲ့သည်။

သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နတ်ဘုရားနယ်မြေအပေါ် ခြိမ်းခြောက်မှုကို လုံးဝ ဖြေရှင်းလိုသည် ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားကို တတ်နိုင်သမျှ လျှော့ချပစ်ရန်သာ ဖြစ်သည်။

ယွမ်ထျန်းဟွာသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သလို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အတွင်း ရှားပါးသော မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

ယခု ယွမ်ထျန်းဟွာ ကိုယ်တိုင်က အသေလာခံနေပြီ ဖြစ်ရာ ကျန်းချန် အနေဖြင့် အမြစ်ပြတ် သုတ်သင်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

ကျန်းချန်က တွေဝေမနေဘဲ တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ယွမ်ထျန်းဟွာ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သော အဆီအနှစ် စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ ညာဘက်လက်တွင် ပုံရိပ်ယောင် ဓားတစ်လက် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

သူက ထိုဓားဖြင့် ပြင်းထန်သော ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ဓားအလင်းက မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်ကို ပိုင်းဖြတ်နိုင်စွမ်း ရှိသည့် ပေထောင်ချီ ရှည်လျားသော ဓားစွမ်းအင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ကျူးရှန်းစည်းတံဆိပ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

"ဝုန်း"

ကောင်းကင်တုန်ဟည်းမတတ် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်နှင့် ကျူးရှန်းစည်းတံဆိပ် တို့သည် နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့ ချက်ချင်းပင် ပေါက်ကွဲသွားကာ ဟင်းလင်းပြင် တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်ဖြင့် တိုက်ခိုက်မှုက ထိရောက်မှု မရှိသည်ကို မြင်လျှင် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့၏။

ထို့နောက်တွင် သူက နောက်ထပ် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် တစ်ခုကို ထုတ်ဖော်၍ ယွမ်ထျန်းဟွာကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

"ဝုန်း..."

ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် နတ်စည်းတံဆိပ်သည် အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် စွမ်းအားဖြင့် ယွမ်ထျန်းဟွာ၏ ဦးခေါင်း အထက်မှ ဟင်းလင်းပြင်ကို ချက်ချင်းပင် ဘာမှမကျန်ရှိအောင် ချေမှုန်းပစ်လိုက်သည်။

"ဟွမ်ယွမ်ဓားနယ်မြေ"

ယွမ်ထျန်းဟွာက မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

ယင်းနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင်ကို ထိုးဖောက်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသော ထောင်ချီသော ဓားအလင်းများ ကောင်းကင်ယံ၌ ပေါ်ထွက်လာခဲ့သည်။

"ရွှစ်.. ရွှစ်.. ရွှစ်.."

ယွမ်ထျန်းဟွာ၏ မိုးရေစက်များကဲ့သို့ များပြားလှသော ဓားအလင်းများသည် မြှားထောင်ပေါင်း များစွာပမာ ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ထက်ရှသော ဓားအလင်းများသည် မိုးရေစက်များနှယ် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို အဆက်မပြတ် ထိမှန်သွားသော်လည်း ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ ရှိမနေခဲ့ပေ။

ကျန်းချန်၏ လက်ရှိအင်အားသည် အုပ်စိုးသူ အဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၍ သူ၏ စွမ်းအားသည် ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် ယွမ်ထျန်းဟွာနှင့် တိုက်ခိုက်ခဲ့စဉ်ကထက် များစွာ ပိုမို သန်မာနေပြီ ဖြစ်သည်။

ယခုအခါတွင် ယွမ်ထျန်းဟွာ ကဲ့သို့ မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ကျန်းချန် အစွမ်းကုန် တိုက်ခိုက်လိုက်သည့် တိုက်ကွက်ကို အလွယ်တကူ ခုခံနိုင်စွမ်း ရှိမည် မဟုတ်တော့ပေ။

ယွမ်ထျန်းဟွာ၏ ဓားအလင်းက အားကောင်းသည်ဟု ဆိုနိုင်သော်လည်း ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ချေမှုန်းရန် ခက်ခဲနေဆဲပင်။

အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေစဉ်မှာပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် တားဆီး၍မရနိုင်သော စွမ်းအားဖြင့် ဓားအလင်း အားလုံးကို ဖျက်ဆီးပစ်လိုက်ကာ လက်ကျန် စွမ်းအားများဖြင့် ယွမ်ထျန်းဟွာဆီ သက်ရောက်လာခဲ့သည်။

ထိုခဏဝယ် ယွမ်ထျန်းဟွာက သူ၏ လက်ဖဝါးကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ငွေရောင် ရှေးဟောင်းဓားတစ်လက်က သူ၏ လက်ထဲတွင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

သူက ထိုငွေရောင် ရှေးဟောင်းဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူ့ထံသို့ သက်ရောက်လာသည့် ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်ကို ခုခံလိုက်၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးသည် ဟင်းလင်းပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့၏။

ယွမ်ထျန်းဟွာ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ပေရာပေါင်းများစွာ အဝေးထိ လွင့်စင်သွားခဲ့သည်။

ယွမ်ထျန်းဟွာက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်က ပိုမို၍ လေးနက်လာခဲ့၏။

ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်ကပင် ကျန်းချန်၏ အင်အားက သူ့ထက် မနိမ့်မှန်း ယွမ်ထျန်းဟွာ သိရှိခဲ့ပြီးသား ဖြစ်သည်။

သို့သော်လည်း ထိုစဉ်က သူ့အနေဖြင့် ကျန်းချန်ကို ရင်ဆိုင်ရာ၌ အနည်းဆုံး တိုက်စစ်ဆင်နိုင်သည့် အင်အားမျိုး ရှိနေခဲ့ပါသေးသည်။

ဆိုရလျှင် ကျန်းချန်က အင်မော်တယ်ပညာရပ်ကို အသုံးပြုခဲ့သောကြောင့်သာ သူက ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု နှစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက်တွင်မူ ကျန်းချန်၏ အင်အားမှာ ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်ကထက် များစွာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့ချေပြီ။

အခန်း(၂၆၄၇) ပြီး၏

အခန်း(၂၆၄၈)

"အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း"

ကျန်းချန်က ယွမ်ထျန်းဟွာကို အသက်ရှူခွင့် အနည်းငယ်မျှပင် ပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူက လူသားဧကရာဇ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းကို တုံ့ဆိုင်းခြင်းမရှိ အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

"ဝုန်း"

နတ်အလင်းတန်းများ တောက်ပနေသော ဓားအလင်းသည် အင်မော်တယ် တစ်ပါးကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ အဝေးရှိ ယွမ်ထျန်းဟွာဆီ ပြင်းထန်စွာ သက်ရောက်လာခဲ့၏။

"ဝုန်း"

ဓားအလင်း ကျရောက်သွားရာ လမ်းကြောင်း တစ်လျှောက်တွင် ဥက္ကာခဲတစ်ခု အရှိန်ပြင်းစွာ ကျရောက်သွားသကဲ့သို့ အလွန်တောက်ပသော ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။

ကျန်းချန်၏ ဓားချက်မှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလျှင် ယွမ်ထျန်းဟွာ၏ မျက်နှာအမူအရာက ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆီအနှစ် စွမ်းအားများကို လက်ထဲရှိ ငွေရောင် ရှေးဟောင်းဓားထဲသို့ ရူးသွပ်စွာ ပို့လွှတ်လိုက်သည်။

ထို့နောက်တွင် ယွမ်ထျန်းဟွာက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် ပုံရိပ်ယောင်များပင် ဆက်တိုက် ဖြစ်ပေါ်သွားစေခဲ့သည်။

သူက ငွေရောင် ရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်ရာ သူ၏ ကျောဘက်တွင် လျှို့ဝှက်ဆန်းကြယ်သော ယင်ယန် ထိုက်ကျိ ကားချပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ထိုက်ကျိဓားသိုင်း"

ယွမ်ထျန်းဟွာက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ယင်ယန်ထိုက်ကျိကားချပ်၏ စွမ်းအားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"ဝုန်း"

ကမ္ဘာကြီးက တုန်ခါသွားခဲ့ပြီး လျိုချင်းရီ ပင်လျှင် ထိတ်လန့်တကြား ဖြစ်ကာ ပေထောင်ချီ အဝေးထိ ဆုတ်ခွာသွားခဲ့ရသည်။

လျိုချင်းရီ၏ အကြည့်အောက်မှာပင် ကြောက်မက်ဖွယ် ဓားစွမ်းအား နှစ်ခုသည် ဥက္ကာခဲတစ်ခု ကမ္ဘာမြေကို တိုက်မိသကဲ့သို့ အချင်းချင်း ထိပ်တိုက် ဆုံတွေ့သွားကြသည်။

ထိုခဏဝယ် မိုးကြိုးအလင်းများ ပေါက်ကွဲ ထွက်လာခဲ့ပြီး ဓားအငွေ့အသက်များ ပျံ့လွင့်ကာ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့သည်။

စွမ်းအားနှစ်ခု ထိပ်တိုက် ဆုံတွေ့ရာ နေရာကနေ တောက်ပသော အလင်းများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။

ကြောက်မက်ဖွယ် စွမ်းအားများသည် ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ အထက် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ကောင်းကင်ယံမှ တောက်ပသော အလင်းတန်းများ လုံးဝမပျောက်ပျက်သေးမီမှာပင် ကျန်းချန်က လက်ထဲရှိ လူသားဧကရာဇ်ဓားဖြင့် အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကို ထုတ်ဖော်ကာ ယွမ်ထျန်းဟွာကို တိုက်ခိုက်လိုက်၏။

ယွမ်ထျန်းဟွာက သူ၏ ခန္ဓာကိုယ်အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ငွေရောင် ရှေးဟောင်းဓားကို အသုံးပြုကာ ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

ကောင်းကင်တုန်ဟည်းသွားမတတ် ကျယ်လောင်သော အသံကြီးသည် ဆက်တိုက်ပင် ပေါက်ကွဲနေပြီး ကမ္ဘာလောကကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ယွမ်ထျန်းဟွာ၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူက ဟန်ချက်ကို တည်ငြိမ်အောင် မထိန်းချုပ်ရသေးမီမှာပင် အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယမြောက် ဓားကွက်သည် သူ့ဆီသို့ ထပ်မံ ကျရောက်လာပြန်သည်။

ယွမ်ထျန်းဟွာက ငွေရောင် ရှေးဟောင်းဓားဖြင့် အစွမ်းကုန် ခုခံလိုက်သော်လည်း သူ၏ လက်ထဲမှ ငွေရောင် ရှေးဟောင်းဓားသည် ထိုဓားချက်ကြောင့် ချက်ချင်းပင် အရောင်မှိန်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး ကျန်းချန်၏ ဓားချက်အောက်တွင် လွင့်စင်ထွက်သွားခဲ့၏။

"ဖူး.."

ယွမ်ထျန်းဟွာက သူ၏ ခန္ဓာကိုယ်ကို အစွမ်းကုန် ပြန်လည် ထိန်းချုပ်ရန် ကြိုးစာလိုက်သော်လည်း ခန္ဓာကိုယ် အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို မဖိနှိပ်နိုင်တော့ဘဲ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ထိုအခိုက်တွင် တစ်ဖက်ရှိ ကျန်းချန်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

ယနေ့ ကျန်းချန်သည် ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် ရှိစဉ်ကထက် အဆများစွာ ပို၍ သန်မာနေပြီ ဖြစ်သည်။

မဟာယာနအဆင့် အထွတ်အထိပ် ကျင့်ကြံသူများပင်လျှင် သူ့ရှေ့တွင် များစွာ ခုခံနိုင်စွမ်း မရှိကြတော့ပေ။

"ကျန်းချန်.. ငါတို့ မင်းကို မျက်နှာသာပေးတာနဲ့ပဲ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ မထင်နဲ့"

ယွမ်ထျန်းဟွာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အေးစက်တင်းမာစွာ စိုက်ကြည့်လိုက်သည်။

"ပိုထျန်းအင်မော်တယ်ဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာကို ချန်ထားခဲ့ပါ... ဒါဆိုရင် အရာအားလုံး ပြောရဆိုရ လွယ်ကူလိမ့်မယ်.. မဟုတ်ရင်တော့ ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရလိမ့်မယ်"

"မင်းက စကား အရမ်းများလွန်းတယ်"

ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး လူသားဧကရာဇ်ဓားကို အသုံးပြုကာ ယွမ်ထျန်းဟွာကို တိုက်ခိုက်လိုက်သည်။

ထိုခဏဝယ် ယွမ်ထျန်းဟွာ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ဟွမ်ယွမ်ဓားအငွေ့အသက် အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီး တို့နှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ဟင်းလင်းပြင်ကြားတွင် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ဓားချက်က ယွမ်ထျန်းဟွာကို လုံးဝ မထိတွေ့နိုင်မှန်း မြင်လျှင် ကျန်းချန် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုနေ့က ဟွမ်ယွမ်သူတော်စင်မြို့တော်တွင် သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်စဥ်က ယွမ်ထျန်းဟွာသည် ဤ "ဟွမ်ယွမ်ဓား လွတ်မြောက်ခြင်း" ပညာရပ်ကို အသုံးပြု၍ ထွက်ပြေးခဲ့ဖူးသည်။

ထိုစဉ်က ကျန်းချန်သည် အပြာရောင် ဧကရာဇ်ဓားကွက်ကို အသုံးပြုပြီး အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို ဆင့်ခေါ်ခဲ့၍သာ ယွမ်ထျန်းဟွာကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အပြာရောင်ဧကရာဇ် ဓားကွက်သည် အသိစိတ်ရှိသော အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ်ကို မဆင့်ခေါ်နိုင်တော့သဖြင့် ယွမ်ထျန်းဟွာ၏ "ဟွမ်ယွမ်ဓား လွတ်မြောက်ခြင်း" ပညာရပ်ကို ဖြိုခွဲနိုင်မနိုင် မသေချာပေ။

"အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာက မဟာယာန အထွတ်အထိပ် အဆင့် အဘိုးကြီးတွေကို သတ်ဖို့က မလွယ်ဘူးပဲ"

ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူ၏ လက်ရှိအင်အားဖြင့် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦးကို အနိုင်ယူရန် မခက်ခဲသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာမှ ထိုပုဂ္ဂိုလ်ကြီးများသည် ယွမ်ထျန်းဟွာ ကဲ့သို့ပင် အသက်ဘေးမှ လွတ်မြောက်နိုင်သည့် ဝှက်ဖဲများ ကိုယ်စီ ရှိနေကြသည်။

"ကျန်းချန်.. ငါ့ရဲ့ ဟွမ်ယွမ်ဓား လွတ်မြောက်ခြင်း ပညာရပ်က ဖြိုခွဲဖို့ မလွယ်ကူဘူး... မင်း ပြီးခဲ့တဲ့ တစ်ခေါက်ကလို အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို သုံးပြီး နတ်ဘုရားတွေကို ပင့်ဖိတ်နိုင်ရင်တော့ တစ်မျိုးပေါ့.. ဒါပေမဲ့ ငါသိထားသလောက်တော့ အဲဒီပညာရပ်က အကန့်အသတ်မရှိ သုံးလို့မရဘူး မဟုတ်လား.. တကယ်လို့ မင်း ငါ့ကို သတ်ဖို့ အတွက် အဲဒီ ပညာရပ်ကို သုံးခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်က အားနည်းသွားပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ လွယ်တော့မှာ မဟုတ်ဘူး"

ထိုအချိန်တွင် ယွမ်ထျန်းဟွာ၏ ပဲ့တင်ထပ်နေသော စကားသံက ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။

"တကယ်လား.. အဲဒီဓားကွက်ကို အသုံးမပြုနိုင်ရင် ငါ မင်းကို မကိုင်တွယ်နိုင်တော့ဘူးလို့ တကယ်ပဲ ထင်နေတာလား"

ကျန်းချန်၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အင်မော်တယ်ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

"အင်မော်တယ်အကျဉ်းသားစွမ်းအား.. ဖိနှိပ်စမ်း"

ကျန်းချန်က အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ကို မျက်စိတစ်မှိတ်အတွင်း အမြင့်ဆုံးအဆင့်ထိ လှုံ့ဆော်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူ နတ်စွမ်းအားများကို အင်မော်တယ်ကျောက်တိုင်ထဲသို့ အရှိန်အဟုန်ဖြင့် ပို့လွှတ်လိုက်သည်။

"ဝုန်း"

အင်မော်တယ်ကျောက်တိုင်ကနေ နတ်အလင်းရောင်များ တောက်ပလာခဲ့ပြီး ပေသောင်းချီ မြင့်သည့် နတ်ဘုရား ကျောက်တိုင်ကြီး တစ်ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားကာ ယွမ်ထျန်းဟွာ ရှိနေသော ဟင်းလင်းပြင်ကို ဖိနှိပ်လိုက်သည်။

နောက်ထပ် တစ်ခဏတွင် အင်မော်တယ်ကျောက်တိုင် ထံကနေ ကြောက်မက်ဖွယ်ရာကောင်းသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများ လှိုင်းထလာခဲ့၏။

ယွမ်ထျန်းဟွာ၏ ပုံရိပ်သည် ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်း ပေါင်းစပ်နေသော်လည်း အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ် အကျဥ်းသား စွမ်းအားကြောင့် အပြင်သို့ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။

"မသတ်ပါနဲ့"

ယွမ်ထျန်းဟွာက မျှော်လင့်ချက်မဲ့စွာဖြင့် ထိတ်လန့်တကြား ဖြစ်နေခဲ့ပြီး ရူးသွပ်စွာ ရုန်းကန်နေခဲ့သည်။

သို့သော်လည်း အင်မော်တယ်အကျဉ်းသားစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ယွမ်ထျန်းဟွာ၏ ခုခံမှုအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယွမ်ထျန်းဟွာ၏ ပုံရိပ်သည် ပေသောင်းချီ မြင့်သော အင်မော်တယ်ကျောက်တိုင်ကြီး၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရတော့သည်။

ကျန်းချန်၏ လက်ရှိအင်အားဖြင့် အင်မော်တယ်ကျောက်တိုင်ကို အသက်သွင်းပြီး အင်မော်တယ် အကျဉ်းသားစွမ်းအားကို ထုတ်ဖော်လျှင် အင်မော်တယ်အဆင့် မဟုတ်သ၍ မည်သူ့ကိုမဆို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ဤအင်မော်တယ် အကျဉ်းသားစွမ်းအားသည် အသုံးပြုရန်အတွက် အလွန်ပင် စွမ်းအင်ကုန်ခမ်း၏။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူအဆင့်၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အင်မော်တယ် အကျဉ်းသားစွမ်းအားကို နှစ်ကြိမ် သုံးကြိမ် ဆက်တိုက် အသုံးပြုပြီးလျှင် အကန့်အသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ထိုသို့သာ မဟုတ်လျှင် အကျဉ်းသား စွမ်းအားဖြင့်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲမှ မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည် ဖြစ်သည်။

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ပေထောင်ချီ အကွာရှိ လျိုချင်းရီတို့ ဆီသို့ အကြည့်ရောက်သွားခဲ့သည်။

ကျန်းချန်၏ အကြည့်ကို ခံစားမိလိုက်လျှင် လျိုချင်းရီ တို့သည် မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြသည်။

ယွမ်ထျန်းဟွာ ကဲ့သို့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ပင်လျှင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို အလွယ်တကူ ခံလိုက်ရ၏။

အကယ်၍ ကျန်းချန်သာ သူတို့ကို သတ်ချင်သည် ဆိုလျှင် သူတို့အနေဖြင့် မည်သည့် ခုခံမှုကိုမှ လုပ်နိုင်ကြမည် မဟုတ်ပေ။

"ခေါင်းဆောင်လျို.. ကျန်းချန်က သူတို့ကို မကြာခင် လာရှာလိမ့်မယ်လို့ ဂိုဏ်းကြီးဆယ်ဂိုဏ်းက လူတွေကို သွားပြောလိုက်ပါ"

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လျိုချင်းရီတို့ ရှေ့ကနေ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၆၄၈) ပြီး၏

All Chapters