အခန်း (၂၆၄၉-၂၆၅၀)
Vol. 205 Ch. 2649-2650
အခန်း(၂၆၄၉)
အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ အပြင်ဘက်ရှိ အဆုံးမဲ့ ကြယ်တာရာ ဟင်းလင်းပြင်ကြီး ထဲတွင် ခန့်ညားထည်ဝါလှသည့် ကြယ်မြို့တော်ကြီး တစ်ခု တည်ရှိနေခဲ့သည်။
၎င်းက အင်မော်တယ် ကျင့်ကြံခြင်းစကြာဝဠာ၏ ရှေ့တန်းခံတပ် စခန်းတစ်ခုလည်း ဖြစ်သည်။
ယခုအခါတွင် ယွမ်ဝမ်ကျန့် ဦးဆောင်သော အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှ အင်အားကြီး ပုဂ္ဂိုလ်များသည် ကြယ်မြို့တော်၏ ပင်မခန်းမဆောင် အတွင်း၌ စုဝေးနေကြပြီး ခန်းမတစ်ခုလုံးတွင် တင်းမာသော လေထုက ဖုံးလွှမ်းလျက် ရှိ၏။
မကြာသေးမီကပင် ယွမ်ဝမ်ကျန့် တို့သည် အင်မော်တယ်ကျင့်ကြံခြင်း စကြာဝဠာကို ကာကွယ်စောင့်ရှောက်ရန် အတွက် သူတို့၏ အင်အားများကို စုစည်းခဲ့ကြပြီး ကြယ်စကြာဝဠာကို အနိုင်တိုက်ခိုက်ရန် ပြင်းထန်သော တိုက်ပွဲကြီး တစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။
သို့သော်လည်း ရလဒ်အနေဖြင့် ကြယ်စကြာဝဠာထံမှ မည်သည့် အသာစီးမျှ မရရှိခဲ့သည့် အပြင် သူ့တို့ဘက်မှ အကျအဆုံး များပြားသဖြင့် မတတ်သာဘဲ ပြန်လည် ဆုတ်ခွာလာခဲ့ရ၏။
သူတို့ ကြယ်မြို့တော်သို့ ပြန်လည် ရောက်ရှိပြီး မကြာခင်မှာပင် ပိုထျန်း ကောင်းကင်နယ်မြေနှင့် ပတ်သက်သော သတင်းများကို ရရှိခဲ့ကြသည်။
အထူးသဖြင့် ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သော အထွတ်အမြတ် အင်မော်တယ် ရတနာကို ရရှိသွားခဲ့သည့် အပြင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ယွမ်ထျန်းဟွာကိုပင် ဖိနှိပ်လိုက်သည် ဟူသည့် သတင်းကို ကြားလိုက်ရလျှင် ယွမ်ဝမ်ကျန့်၏ မျက်နှာက အလွန်အမင်း သုန်မှုန်သွားခဲ့၏။
"အားလုံးပဲ.. အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲမှာ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ရှိနေတာက ငါတို့ အတွက် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ.. နည်းလမ်းရှာပြီး ဒီကိစ္စကို သေချာပေါက် ဖြေရှင်းမှဖြစ်မယ်"
ယွမ်ဝမ်ကျန့်က အေးစက်သော အကြည့်ဖြင့် ခန်းမအတွင်းရှိ လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
သူ၏ ခက်ထန်သော အသံက လူတိုင်း၏ နားထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဟွမ်ယွမ်သူတော်စင် မြို့တော် တိုက်ပွဲအပြီးတွင် ယွမ်ဝမ်ကျန့်သည် ကျန်းချန်ကို အလွန်ပင် ကြောက်ရွံ့ခဲ့မိသလို တစ်ဖက်တွင်လည်း ကြယ်စကြာဝဠာက တိုက်ခိုက်တော့မည် ဟူသော သတင်းကို ရရှိထားသဖြင့် ကျန်းချန်နှင့် ထိပ်တိုက် မတွေ့လိုဘဲ အင်မော်တယ်ကျင့်ကြံခြင်းစကြာဝဠာ အတွင်းမှသာ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်းစကြာဝဠာမှ ထွက်ခွာသွားပြီး နှစ်အနည်းငယ်အတွင်း ပြန်လည် ပေါ်ပေါက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသည် ကြယ်စကြာဝဠာ၏ ကျူးကျော်မှုကို အပြင်းအထန် ရင်ဆိုင်နေရချိန်ဖြစ်၍ ယွမ်ဝမ်ကျန့်သည် ကျန်းချန်နှင့် ညှိနှိုင်းသည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရသည်။
သူက ယွမ်ထျန်းဟွာကို စေလွှတ်ကာ ကျန်းချန်ကို အသုံးချ၍ ပိုထျန်းကောင်းကင်နယ်မြေ၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် ကြံစည်ခဲ့သော်လည်း ကျန်းချန်က ပိုထျန်းအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ရစ်ခဲ့သည့် အထွတ်အမြတ် အင်မော်တယ်ရတနာကို ရရှိသွားလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။
ထို့အပြင် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ယွမ်ထျန်းဟွာ ပင်လျှင် ဖိနှိပ်ခြင်း ခံလိုက်ရသည် ဖြစ်ရာ ယွမ်ဝမ်ကျန့် အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို အင်မော်တယ်ကျင့်ကြံခြင်း စကြာဝဠာထဲကနေ အသာတကြည် ထွက်သွားခွင့် မပေးသင့်ဘူး.. မဟုတ်ရင် အဆုံးမဲ့ ဒုက္ခတွေ ရောက်လာလိမ့်မယ်လို့ ငါ အစကတည်းက ပြောခဲ့သားပဲ... မင်းတို့ကမှ ငါ့စကားကို နားမထောင်ခဲ့တာ"
ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကူကျန့်ကျွင်းက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
"အခုချိန်မှာ ငါတို့တွေ ကြယ်စကြာဝဠာရဲ့ ထိန်းချုပ်မှုကို အပြည့်အဝ ခံနေရတယ်.. ဒီလိုအချိန်မှာ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ဘယ်လို ကိုင်တွယ်ကြမှာလဲ"
ကြယ်စကြာဝဠာ၏ သိပ္ပံနှင့် နည်းပညာ ယဉ်ကျေးမှုသည် ယခင်ကထက် ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ လက်ရှိအင်အားဖြင့် အသာစီးရရန်မှာ မဖြစ်နိုင်သလောက်ပင်။
တိုက်ပွဲအတွင်း ကြယ်စကြာဝဠာကို အနိုင်ယူရန် အတွက် သူတို့က ဇာတ်မြုပ်နေသည်မှာ ကြာပြီ ဖြစ်သည့် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်ကြီးများကိုပင် စေလွှတ်ခဲ့သည်။
သို့သော်လည်း ကြယ်စကြာဝဠာ၏ ပြင်းထန်သော တွန်းလှန်မှုကိုသာ ရင်ဆိုင်ခဲ့ရသည်။
ထို့အပြင် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ဆိုသည်မှာလည်း အင်အားအရ မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူများထက် မနိမ့်ကျသည့် အပြင် ဒဏ္ဍာရီလာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်များကိုပါ တတ်ကျွမ်းထားသူ ဖြစ်ရာ ကိုင်တွယ်ရန် အလွန်ပင် ခက်ခဲသည်။
အကယ်၍ သူတို့က မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးတည်းကိုသာ စေလွှတ်မည်ဆိုလျှင် ယွမ်ထျန်းဟွာ ကဲ့သို့ပင် အလွယ်တကူ ဖိနှိပ်ခံရမည်မှာ သေချာ၏။
မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ယောက်ခန့် စေလွှတ်လျှင်ပင် ကျန်းချန်ကို အသာစီးရနိုင်ရန်မှာ သံသယဖြစ်စရာပင်။
ယင်းအပြင် ဤတစ်ခေါက် ကျန်းချန် ပြန်လည် ရောက်ရှိလာချိန်တွင် သွေးနတ်ဆိုးဂိုဏ်းကိုလည်း အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာအတွင်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။
ယခုအခါ သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် သွေးအရိပ်ဘိုးဘေး သည်ပင် ကျန်းချန်၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့အနေဖြင့် ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းကို ကိုင်တွယ်လိုလျှင် အနည်းဆုံး မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ သုံးဦး သို့မဟုတ် ထိုထက်မက ပိုမို စေလွှတ်ရမည် ဖြစ်သည်။
သိထားကြသည့် အတိုင်းပင် မဟာယာန အထွတ်အထိပ်အဆင့် ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ တစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါးသည်။
ဂိုဏ်းအသီးသီး၏ ဖုံးကွယ်ထားသော မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို ထည့်တွက်လျှင်ပင် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ အရေအတွက်မှာ ဆယ်ဂဏန်း ဝန်းကျင်မျှသာ ရှိသည်။
ယခုအခါ ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ထျန်းဟွာ သည်လည်း ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံထားရချေပြီ။
အကယ်၍ သူတို့သာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးလေးဦးကို ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းကို ကိုင်တွယ်ရန် စေလွှတ်လိုက်မည် ဆိုလျှင် ကြယ်တာရာစစ်မြေပြင်ရှိ အင်အားက လျော့နည်းသွားပေလိမ့်မည်။
ထိုအချိန်၌ ကြယ်စကြာဝဠာကသာ အခွင့်ကောင်းယူ၍ တိုက်ခိုက်လာခဲ့လျှင် သူတို့အနေဖြင့် ခုခံရန် အလွန် ခက်ခဲသွားလိမ့်မည် မဟုတ်ပါလား။
အကယ်၍ ကြယ်စကြာဝဠာကသာ အင်မော်တယ် ကျင့်ကြံခြင်းစကြာဝဠာ အတွင်းသို့ ကျူးကျော် ဝင်ရောက်လာနိုင်ခဲ့လျှင် အကျိုးဆက်မှာ မှန်းဆ၍ မရနိုင်အောင်ပင် ဆိုးဝါးသွားနိုင်ပေသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့တွေ ပိုထျန်း အင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေး ချန်ရစ်ခဲ့တဲ့ အထွတ်အမြတ် အင်မော်တယ် ရတနာကိုတော့ ပြန်လည် ရယူရမယ်"
ဝူကျိ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိယွင်ရှောင်က မျက်ဝန်းများ လက်ခနဲ ဖြစ်သွားရင်း ပြောလိုက်သည်။
"တကယ်လို့ ငါတို့သာ အဲဒီ အထွတ်အမြတ် အင်မော်တယ်ရတနာကို ရရှိမယ်ဆိုရင် ကြယ်စကြာဝဠာကို တွန်းလှန်ဖို့ အတွက်လည်း ငါတို့ကို အများကြီး အထောက်အကူပြုမှာ အသေအချာပဲ"
ယွမ်ဝမ်ကျန့်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"လက်ရှိ အခြေအနေအရ ဆိုရင်တော့ ငါတို့ စွန့်စားရတော့မယ့်ပုံပဲ... ငါတို့ အင်အားတွေကို နှစ်ဖွဲ့ ခွဲမယ်.. တစ်ဖွဲ့က ကြယ်စကြာဝဠာကို အချိန်ဆွဲထားဖို့ ဟန်ပြ တိုက်ခိုက်နေမယ်.. ကျန်တဲ့ တစ်ဖွဲ့ကတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲကို ပြန်သွားပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ သွေးနတ်ဆိုးဂိုဏ်းကို အမြန်ဆုံး ဖြေရှင်းရမယ်"
"ဒါက အရမ်းကို စွန့်စားလွန်းရာ မကျဘူးလား.. ကြယ်စကြာဝဠာကသာ ရိပ်မိသွားရင် အကျိုးဆက်က မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး"
ကူကျန့်ကျွင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ငါ့အမြင်အရတော့ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ဒီနေရာထိ ရောက်အောင် မျှားခေါ်ပြီး အားလုံး ဝိုင်းတိုက်ကြတာက ပိုကောင်းမယ် ထင်တယ်"
ယခုအခါ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသည် ကြယ်စကြာဝဠာကို ရင်ဆိုင်ရာတွင် မည်သည့် အသာစီးမှ မရခဲ့ပေ။
အကယ်၍ သူတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ အင်အားကို နှစ်ပိုင်း ခွဲလိုက်မည် ဆိုလျှင် ဤနေရာ၌ ကျန်ရစ်ခဲ့သူများ အတွက် အန္တရာယ်ရှိနိုင်သလို ကျန်အဖွဲ့ကလည်း ကျန်းချန်ကို အောင်မြင်စွာ ဖြေရှင်းနိုင်မလား ဆိုသည်မှာ မသေချာချေ။
"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က ငတုံး မဟုတ်ဘူး... သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို အလွယ်တကူ လာမှာလဲ"
ယွမ်ဝမ်ကျန့်က ခေါင်းခါယမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က ကြယ်စကြာဝဠာက လူတွေနဲ့လည်း ဆက်သွယ်နိုင်တယ်.. အကယ်၍ သူသာ ကြယ်စကြာဝဠာနဲ့ ပူးပေါင်းလိုက်ရင် အခြေအနေက ပိုပြီး ဒုက္ခရောက်သွားလိမ့်မယ်"
အကယ်၍ သူတို့သာ ကျန်းချန်ကို ဤနေရာသို့ ရောက်အောင် မျှားခေါ်နိုင်ခဲ့လျှင်ပင် ကျန်းချန်က ထိုအစီအစဉ်ကို ပြန်လည်အသုံးချကာ ကြယ်စကြာဝဠာနှင့် ပူးပေါင်းသွားနိုင်ပေသည်။
ထိုအချိန်တွင် သူတို့သည် ရှေ့ရောနောက်ပါ ဝိုင်းညှပ်တိုက်ခိုက်ခြင်းကို ခံရပြီး အခြေအနေ ပို၍ ဆိုးဝါးသွားပေလိမ့်မည် မဟုတ်ပါလော။
"ငါ့အစီအစဥ် အတိုင်းပဲ လုပ်ကြတာပေါ့"
ယွမ်ဝမ်ကျန့်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
သူက ပြတ်သားသော အမူအရာဖြင့် အမိန့်ပေးလိုက်၏။
"ချက်ချင်း ပြင်ဆင်ကြ.. ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို သွားမယ်.. ပြီးရင် နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ သွေးနတ်ဆိုးဂိုဏ်းကို အမြစ်ပြတ် ရှင်းပစ်မယ်"
-----------------------
သွေးနတ်ဆိုးဂိုဏ်းနှင့် အတူ အင်မော်တယ်ကျင့်ကြံခြင်းစကြာဝဠာသို့ ကျန်းချန် ပြန်လည် ရောက်ရှိလာချိန်မှစ၍ သွေးဓားအင်မော်တယ်ဂိုဏ်းသည် ငြိမ်ကုပ်နေခဲ့ရ၏။
သူတို့က ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းကို နှိမ်နင်းရန်အတွက် ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ အင်အားကြီး ကျင့်ကြံသူများ စေလွှတ်ပေးမည်ကို စောင့်စားနေခဲ့ကြသည်။
သို့သော်လည်း နောက်ဆုံးတွင် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ယွမ်ထျန်းဟွာ တစ်ဦးတည်းကိုသာ စေလွှတ်ခဲ့ပြီး သူတို့ကို လျစ်လျူရှုထားခဲ့သည်။
ကျန့်ချုံရှန်း အနေဖြင့် အလွန်ပင် မကျေမနပ် ဖြစ်ခဲ့သော်လည်း မည်သည့်အရာကိုမျှ မလုပ်ရဲခဲ့ပေ။
ကျန်းချန် သွေးနတ်ဆိုးဂိုဏ်းမှ ထွက်ခွာ၍ ပိုထျန်းကောင်းကင်နယ်မြေသို့ သွားရောက်ချိန်တွင် ကျန့်ချုံရှန်းသည် အင်အားအချို့ကို စုစည်း၍ သွေးနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးရန် ကြံစည်ခဲ့သည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ သွေးအရိပ်ဘိုးဘေးနှင့် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း သွေးနတ်ဘုရားတို့ အားလုံးသည် အသက် မသေသေးဘဲ ကျန်းချန်၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။
ဤတစ်ကြိမ် သူ သွေးနတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခြင်းမှာ သွေးနတ်ဆိုးဂိုဏ်းကို မဖျက်ဆီးနိုင်ခဲ့သည့် အပြင် သူ့ဘက်မှ အလွန် ကြီးမားသော ပေးဆပ်မှုများကိုပါ လုပ်ဆောင်ခဲ့ရသည်။
အကယ်၍ ကျန့်ချုံရှန်းသာ အခြေအနေ မကောင်းသည်ကို ရိပ်မိ၍ ချက်ချင်း ထွက်မပြေးခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်းအတွင်း၌ပင် အပြီးတိုင် သုတ်သင်ခံရလောက်ချေပြီ။
သူက သွေးဓားအင်မော်တယ်ဂိုဏ်းသို့ အလျင်အမြန် ပြန်ပြေးလာခဲ့ပြီးနောက်တွင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ချက်ချင်းပင် အသက်သွင်းကာ သွေးနတ်ဆိုးဂိုဏ်းက ပြန်လည် တိုက်ခိုက်လာမည်ကို စိုးရိမ်တကြီးဖြင့် စောင့်ကြပ်နေခဲ့ရသည်။
ကံကောင်းစွာပင် သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရန် ရွေးချယ်ခြင်း မပြုခဲ့ပေ။
ကျန့်ချုံရှန်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း အတွင်း၌ ထိတ်လန့်တကြား ပုန်းအောင်းနေခဲ့ရင်း ယနေ့တွင် သတင်းကောင်း တစ်ခုကို ရရှိခဲ့သည်။
ယင်းမှာ ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းကို အမှန်တကယ် အရေးယူတော့မည် ဟူသောသတင်းပင် ဖြစ်လေတော့သည်။
အခန်း(၂၆၄၉) ပြီး၏
အခန်း(၂၆၅၀)
"စီနီယာ... ဒီတစ်ခေါက် တကယ်ပဲ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျန်းချန်နဲ့ သွေးနတ်ဆိုးဂိုဏ်းကို အပြတ်ရှင်းတော့မှာလား"
ကျန့်ဝူရွှယ်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ လက်ခနဲ ပေါ်ပေါက်လာခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းတို့သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ နှင်ထုတ်ခြင်းကို ခံရပြီးနောက် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ အရှင်သခင်အဖြစ် တစ်ဖန် ပြန်လည် စိုးမိုးနိုင်ခဲ့သည်။
သူတို့က အလွန်အမင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ သွေးနတ်ဆိုးဂိုဏ်း၏ အရှိန်အဝါကိုပင် မှီလုနီးပါး ဖြစ်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်လာရန်ပင် အလားအလာများ ရှိနေခဲ့သည်။
သို့သော်လည်း ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသို့ ပြန်လည် ရောက်ရှိလာမှုကြောင့် ဤမျှော်လင့်ချက် အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
ပြီးခဲ့သည့်အကြိမ်က သူတို့ သွေးနတ်ဆိုးဂိုဏ်းကို သွားရောက်တိုက်ခိုက်ခဲ့စဉ်တွင် သွေးဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခက်ခက်ခဲခဲ စုဆောင်းထားခဲ့သော အင်အားများ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့သည်။
ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းတို့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေထဲတွင် ရှိနေသရွေ့ သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်းသည် မည်သည့်အခါမျှ ခေါင်းမော့နိုင်မည် မဟုတ်ဘဲ အချိန်မရွေး ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေမှန်း ကျန့်ဝူရွှယ်၏ ကောင်းစွာ သိရှိထားခဲ့သည်။
ယခုအခါ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ကျန်းချန်နှင့် သွေးနတ်ဆိုးဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ ကျန့်ဝူရွှယ်သည် အတိုင်းမသိ စိတ်လှုပ်ရှားနေခဲ့သည်။
"ဟုတ်တယ်.. ဒီတစ်ခေါက် သူတို့ကို ဖြေရှင်းဖို့အတွက် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးယောက်ကို ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေဆီ စေလွှတ်လိုက်ပြီ"
ထိုခဏဝယ် ကျန့်ချုံရှန်း၏ ယခင်က မှိုင်တွေနေသော အမူအရာက ပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ငါတို့တွေ ဂိုဏ်းကြီး ဆယ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို အပြီးတိုင် ဖျက်ဆီးပစ်ရမယ်... သူတို့ကို ဘာအခွင့်အရေးမှ ထပ်ပေးလို့မဖြစ်ဘူး"
---------------------
ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ၊ သွေးနတ်ဆိုးဂိုဏ်း။
ကျန်းချန်သည် ပိုထျန်းကောင်းကင်နယ်မြေမှ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် မည်သည့် လှုပ်ရှားမှုကိုမျှ အလောတကြီး မပြုလုပ်သေးဘဲ အခြေအနေ အရပ်ရပ်ကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လျိုချင်းရီက ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထံ သတင်းပို့လိုက်သည်နှင့် ထိုဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ပုဂ္ဂိုလ်များက သေချာပေါက် လှုပ်ရှားလာကြလိမ့်မည်ကို သူကောင်းစွာ သဘောပေါက်သောကြောင့်ပင်။
ကျန်းချန် အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာကို ဖျက်ဆီးပစ်ရန် မလိုအပ်သလို ဆန္ဒလည်း မရှိပေ။
သူက အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ ကိစ္စရပ်များကို အမြန်ဆုံး အဆုံးသတ်ပြီး အင်မော်တယ်အဆင့်ကို ထိုးဖောက်ရန် အခွင့်အလမ်းများကိုသာ ရှာဖွေလိုခြင်း ဖြစ်သည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသာ သွေးသစ္စာ ကတိပြုပြီး နတ်ဘုရားနယ်မြေကို တိုက်ခိုက်ခြင်းအား ရပ်တန့်မည် ဆိုလျှင် ကျန်းချန်သည် ၎င်းတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့် ဖြစ်နေခဲ့သည်။
သို့သော်လည်း အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်းစကြာဝဠာကသာ နတ်ဘုရားနယ်မြေ၏ ရန်သူအဖြစ် ဆက်လက် ရပ်တည်နေဦးမည် ဆိုလျှင်မူ သူက ကြယ်စကြာဝဠာနှင့် ပူးပေါင်းကာ အင်မော်တယ် ကျင့်ကြံခြင်းစကြာဝဠာကို ပြင်းပြင်းထန်ထန် ထိုးနှက်ပြီး နတ်ဘုရားနယ်မြေကို ကျူးကျော်နိုင်စွမ်း လုံးဝ မရှိတော့အောင် လုပ်ဆောင်ရန် ဝန်လေးနေမည် မဟုတ်ချေ။
ဆိုရလျှင် စစ်ပွဲ သို့မဟုတ် ငြိမ်းချမ်းရေးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ရွေးချယ်မည့် အပေါ်တွင်သာ မူတည်နေပေသည်။
ကျန်းချန်က အချိန်အကြာကြီး မစောင့်ဆိုင်းလိုက်ရပေ။
သူ သွေးနတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်ပြီး တတိယမြောက်နေ့တွင် အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများသည် သွေးနတ်ဆိုးဂိုဏ်း၏ အထက် ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။
"နောက်ဆုံးတော့ ရောက်လာကြပြီပေါ့"
ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ထို့နောက် သူ၏ ပုံရိပ်သည် သွေးနတ်ဆိုးဂိုဏ်း၏ အထက်ဟင်းလင်းပြင်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ထိုအခါ သွေးနတ်ဆိုးဂိုဏ်း၏ အပြင်ဘက် ဟင်းလင်းပြင်တွင် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်လေးခုကို မြင်လိုက်ရသည်။
ထိုလေးယောက်ထဲမှ သုံးယောက်မှာ ကျန်းချန်နှင့် မစိမ်းပေ။
၎င်းတို့က အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာ၏ ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး သုံးဂိုဏ်းမှ ဂိုဏ်းချုပ်များ ဖြစ်ကြသည်။
ထိုသုံးယောက်၏ ဘေးတွင် သေခါနီးကဲ့သို့ အသားအရေ ခြောက်ကပ်တွန့်လိမ်ကာ ခါးကိုင်းနေသော အဘိုးအိုတစ်ဦးလည်း ရှိနေသေးသည်။
အဘိုးအို၏ ကိုယ်ပေါ်မှ အရှိန်အဝါသည် ယွမ်ဝမ်ကျန့်တို့ သုံးယောက်ထက် မနိမ့်ကျပေ။
အဘိုးအိုသည်လည်း သေချာပေါက် မဟာယာနအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့၏။
ထိုလေးယောက်၏ အောက်ဘက်တွင်မူ သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျန့်ချုံရှန်းကလည်း သွေးဓားအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် အတူ သွေးနတ်ဆိုးဂိုဏ်းကို ဝိုင်းရံထားသည်။
ယင်းမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဤအတိုင်းသာဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသည် သူနှင့် ပြန်လည် သင့်မြတ်လိုပုံ မရဘဲ မည်သည့် ပေးဆပ်မှုမျိုးကို မဆို လုပ်ဆောင်ပြီး သူနှင့် သွေးနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးလိုပုံ ရနေသည် မဟုတ်ပါလား။
"အားလုံးပဲ.. မတွေ့ရတာကြာပြီ.. ကျန်းခန့်သာလို့မာပါစ"
ကျန်းချန်က ခေါင်းကို မော့ကာ ယွမ်ဝမ်ကျန့် တို့ကို ကြည့်လိုက်သည်။
သူ၏ ခပ်ထေ့ထေ့ စကားသံက ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"ကျန်းချန်.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါတို့တွေ မင်းကို အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲကနေ အသာတကြည် ထွက်သွားခွင့် ပေးခဲ့တယ်.. ဒါပေမဲ့ မင်းက သွေးနတ်ဆိုးဂိုဏ်းနဲ့အတူ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာကို ပြန်လာရဲလိမ့်မယ်လို့တော့ ငါ လုံးဝ ထင်မထားခဲ့ဘူး.. ဒါက ငါတို့ကို သိပ်အထင်သေးလွန်းရာ ကျမနေဘူးလား"
ယွမ်ဝမ်ကျန့်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ အလွန်တရာ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။
"ယွမ်ဝမ်ကျန့်.. အပိုစကားတွေ ပြောမနေနဲ့.. ခင်ဗျားတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပါ"
"ကျန်းချန်.. ပိုထျန်း အင်မော်တယ်ဂိုဏ်းမှာ မင်းရခဲ့တဲ့ အထွတ်အမြတ် အင်မော်တယ်ရတနာကို ငါတို့လက်ထဲ အပ်စမ်း.. ပြီးရင် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာထဲကနေ အပြီးတိုင် ထွက်သွားလိုက်.. မဟုတ်ရင်တော့ ငါ မင်းအပေါ် မညှာတာဘူးလို့ အပြစ်မတင်နဲ့"
"ခင်ဗျားတို့က အထွတ်အမြတ် အင်မော်တယ်ရတနာ အတွက် ရောက်လာကြတာကိုး"
ကျန်းချန်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"အဲဒီရတနာရဲ့ ခင်ဗျားတို့ အပေါ် ဆွဲဆောင်နိုင်စွမ်းကို ငါ လျှော့တွက်ခဲ့မိပုံပဲ"
ယခုအခါ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသည် ကြယ်စကြာဝဠာနှင့် တိုက်ခိုက်နေရချိန် ဖြစ်၍ ယွမ်ဝမ်ကျန့်တို့ အနေဖြင့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးဦးကို စုစည်းပြီး သူ့ကို ကိုင်တွယ်ရန် လာရောက်ခြင်းသည် စင်စစ် ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။
သို့သော်လည်း သူတို့သည် မည်သည့် ပေးဆပ်မှုမျိုးကို မဆို လုပ်ရန် ရည်ရွယ်ထားပြီး ပိုထျန်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ချန်ထားခဲ့သည့် ရတနာကို ရယူလိုပုံ ရ၏။
"ကျန်းချန်.. အပိုစကားတွေ ပြောမနေနဲ့.. ဒါက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာရဲ့ ရတနာပဲ.. မင်းနဲ့ ဘာမှမဆိုင်ဘူး.. အထွတ်အမြတ် အင်မော်တယ် ရတနာကို ပြန်အပ်စမ်း.. ဒါဆိုရင် မင်းကို မသတ်ဘဲ လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်"
"ဟမ့်.. ရတနာကို လိုချင်တယ်ဆိုရင် ခင်ဗျားမှာ အဲဒီလို အရည်အချင်း ရှိမရှိ အရင်ကြည့်ရမှာပဲ"
ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
မူလက ကျန်းချန်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် ကောင်းကောင်းမွန်မွန် ဆွေးနွေးလိုခဲ့သော်လည်း ဤလူများသည် အချိန်မျှော်စင်ကိုပင် မျက်စိကျနေကြသဖြင့် ဆွေးနွေးနေရန် မလိုအပ်တော့ပေ။
-----------------------
"သူနဲ့ စကားများမနေနဲ့.. ငါတို့ လှုပ်ရှားကြစို့.. အချိန်ကြန့်ကြာနေရင် အခြေအနေ ပြောင်းလဲသွားနိုင်တယ်"
ကူကျန့်ကျွင်းက အေးစက်စက် ပြောဆိုလိုက်သည်။
ထို့နောက် သူက ရှေ့သို့ တိုက်ရိုက် တိုးထွက်လိုက်ပြီး မဟာယာန အထွတ်အထိပ် အဆင့်၏ အရှိန်အဝါများကို ထိန်ချန်မထားဘဲ အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ကျန်းချန်ကို ကိုင်တွယ်ရန် အတွက် သူတို့က ကြီးမားသော စွန့်စားမှုကို လုပ်ဆောင်ခဲ့ကြပြီး ကြယ်တာရာ စစ်မြေပြင်ကတေ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ တိတ်တဆိတ် လာခဲ့ကြခြင်း ဖြစ်သည်။
"မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ လေးယောက်တောင်ပါလား.. အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းက ငါ့ကို တော်တော် အလေးထားသားပဲ"
ကူကျန့်ကျွင်း စတင် လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် သွေးအရိပ်ဘိုးဘေး၏ ပုံရိပ်သည် ကျန်းချန်၏ နံဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ငါ မင်းအတွက် တစ်ယောက်ကို ထိန်းထားပေးမယ်.. ကျန်တဲ့ သုံးယောက်ကိုတော့ မင်းဘာသာ ဖြေရှင်းလိုက်တော့"
သွေးအရိပ်ဘိုးဘေးက ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်၏ စကားကိုပင် မစောင့်တော့ဘဲ ကူကျန့်ကျွင်း၏ ရှေ့တွင် တိုက်ရိုက် ရပ်တန့်လိုက်သည်။
ကူကျန့်ကျွင်း၏ မျက်နှာအမူအရာက အေးစက်သွား၏။
"သွေးအရိပ်ဘိုးဘေး.. တစ်ချိန်က နတ်ဘုရားနယ်မြေမှာ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ကျင့်ကြံသူတွေ အများအပြား ကျဆုံးခဲ့ရတာတောင် မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာကို သစ္စာဖောက်ပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ဘက်က ပါနေတာလား"
"ကူကျန့်ကျွင်း.. ငါ့ဘာသာ ဘာပဲလုပ်လုပ် မင်းဝင်စွက်ဖက်စရာမလိုဘူး"
"သွေးအရိပ်ဘိုးဘေး... မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စကားဆုံးသည်နှင့် ကူကျန့်ကျွင်း ရှေ့တွင် အပြာရောင် ရှေးဟောင်း ဓားတစ်လက် ပေါ်ထွက်လာခဲ့သည်။
ကူကျန့်ကျွင်းက ထိုဓားကို ဆုပ်ကိုင်လိုက်ရာ လူနှင့်ဓား တစ်သားတည်း ဖြစ်သွားခဲ့သည်။
သူက ကြောက်မက်ဖွယ် ဓားချက်ကို ထုတ်ဖော်၍ သွေးအရိပ်ဘိုးဘေးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
သွေးအရိပ်ဘိုးဘေးကလည်း ကြောက်မက်ဖွယ် သွေးမိစ္ဆာစွမ်းအင်များကို ထုတ်ဖော်၍ ပြန်လည် ရင်ဆိုင်လိုက်၏။
ကူကျန့်ကျွင်းနှင့် သွေးအရိပ်ဘိုးဘေးတို့ တိုက်ခိုက်နေကြစဉ်မှာပင် ယွမ်ဝမ်ကျန့်နှင့် ကျန်ရှိသော မဟာယာနအထွတ်အထိပ် အဆင့် ကျင့်ကြံသူ နှစ်ဦးတို့သည်လည်း လုံးဝ တွေဝေမနေဘဲ ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်ကြတော့သည်။
အခန်း(၂၆၅၀) ပြီး၏