အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
🫧 Chapter 203
စင်မြင့်အဝိုင်းကြီးပေါ်မှ ဆင်းလာပြီးနောက် ကျန်းလင်သည် သူထိုင်ခဲ့သည့်နေရာကို မှတ်မိရန် အလျင်အမြန် စဉ်းစားကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေလိုက်သည်။
"ဒီဘက်မှာ"
ထိုအခါ အဝေးတစ်နေရာမှ ချူယုံအန်းက လက်လှမ်းပြလိုက်၏။
သူ့ဘေးတွင် အမွေးပွပွ တိဘက်ခွေးဘီလူးကြီးနှင့် မြေခွေးနီလေးတို့ ရှိနေပေသည်။
သို့သော် စားပွဲကတော့ ရှိမနေပေ။
"အစ်ကို၊ ငါနဲ့ စားပွဲအတူတူ ထိုင်ဖို့ အဆင်ပြေရဲ့လား" ဟု ချူယုံးအန်းက မေးလိုက်သည်။
....
မုန့်ပေါ်နှင့် ကျန်းလင်တို့ တစ်ယောက်ပြီးတစ်ယောက် ဖျော်ဖြေပြီးနောက် ပိုက်ဆံအိတ်ကို နှစ်ကြိမ်တိုင်တိုင် ဖွင့်ခဲ့ရသော အဖွဲ့မှူးကြီးများသည် နောက်ထပ် ဖျော်ဖြေမှုများကို ဆက်ကြည့်သင့်မကြည့်သင့် တွေဝေနေကြတော့၏။
ယခုနှစ်တွင် အသစ်တက်လာသော ဝိညာဉ်တမန်တော်ကြီးများသည် သူတို့၏ ပိုက်ဆံအိတ်များကိုသာ ပစ်မှတ်ထားနေကြကြောင်း သူတို့ သဘောပေါက်သွားကြလေသည်။
တစ်ယောက်ထက် တစ်ယောက် ပိုက်ဆံပိုလုတတ်ကြသည် မဟုတ်ပါလော။
အမြင့်ဆုံးနေရာတွင် ထိုင်နေသော ယမမင်းယန်လော်ပင်လျှင် အဖွဲ့မှူးကြီးများ၏ လစာများ နည်းပါးနေသလားဟု စတင် တွေးတောနေမိတော့သည်။
"ဟီးဟီးဟီး"
သရဲကလေးငယ်သည် စင်မြင့်အဝိုင်းကြီးပေါ်တွင် ရယ်မောကာ ဟိုဟိုဒီဒီ ပြေးလွှားနေရင်း "အဖွဲ့မှူးကြီးယန်က အခုထိ အရေးပေါ် ကယ်ဆယ်ရေး ခံယူနေရတုန်းပဲ ဆိုတော့ သူ့ကို ကျော်လိုက်ကြစို့၊ နောက်ထပ် ဘယ်သူ နိုးနေသေးလဲ ဆိုတာ ကြည့်ရအောင်" ဟု ပြောလိုက်၏။
သရဲကလေးငယ်သည် ခဏမျှလိုက်ကြည့်ပြီးနောက် မျက် လုံးလျင်စွာဖြင့် အဖွဲ့မှူးကြီးသစ် နှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
သို့သော် ထိုအဖွဲ့မှူးကြီး နှစ်ယောက်ကတော့ အတော်လေးကို မူးနေသည့် ပုံစံရှိပေသည်။
သရဲကလေးငယ်သည် နှစ်ကြိမ်ခန့် စမ်းသပ်ခေါ်ကြည့်သော်လည်း တုံ့ပြန်မှု မရရှိသောအခါ တိုက်ရိုက်ပင်အောက်ပါအတိုင်း ပြောဆိုလိုက်တော့၏။
"အားလုံးပဲ၊ ဒီနှစ်ယောက်ကတော့ ချိတ်ပိတ်ရေးတပ်ဖွဲ့က အသစ်တက်လာတဲ့ အဖွဲ့မှူးကြီးယွီနဲ့ ပမည်းရောင်ဝိညာဉ်တမန်တော်ဖြစ်တဲ့ အဖွဲ့မှူးကြီးလျို တို့ ဖြစ်ပါတယ်"
၎င်းသည် ထိုအဖွဲ့မှူးကြီး နှစ်ယောက်ကို စင်ပေါ်သို့ တက်လာရန် မခေါ်တော့ဘဲ သရဲမီးတောက်များကို တိုက်ရိုက်ထိန်း ချုပ်ကာ ထိုအဖွဲ့မှူးကြီး နှစ်ယောက်ရှိရာသို့ ရွှေ့ပြောင်းစေလိုက်သည်။
ထို့နောက် မီးအလင်းရောင် ထိန်းချုပ်သူ တစ်ယောက်ကဲ့သို့ ထိုနေရာတစ်ဝိုက်ကို လင်းထိန်သွားစေ၏။
ထိုအခါ အကြည့်ပေါင်း ရာနှင့်ချီ၍ ထိုဘက်သို့ ရောက်ရှိသွားကြတော့သည်။
၎င်းတို့သည် ချိတ်ပိတ်ရေးတပ်ဖွဲ့မှ အဖွဲ့မှူးကြီးယွီသည် စားပွဲတစ်လုံး၏အရှေ့တွင် ရပ်နေပြီး လက်ကို ချိတ်ပိတ်သည့် အနေအထားဖြင့် ထိန်းထားသည်ကို မြင်တွေ့လိုက်ရ၏။
'နေစမ်းပါအုံး အမည်းရောင်ဝိညာဉ်တမန်တော်အဖွဲ့မှူးကကော'
ထို့နောက် ဝိညာဉ်တမန်တော်ကြီးများ ထပ်မံ ကြည့်ရှုလိုက်သောအခါ စားပွဲအောက်၌ အဖွဲ့မှူးအသစ်၏ ပုံရိပ်ကို တွေ့ရှိလိုက်ရသည်။
'...'
'ဒါ ဘာတွေ လုပ်နေကြတာလဲ'
ဝိညာဉ်ဖမ်းတမန်တော်အမည်း အဖွဲ့မှူးကြီးလျိုသည် ချူယုံအန်းထံမှ ထွက်လာပြီး မကြာမီမှာပင် ချိတ်ပိတ်ရေးတပ်ဖွဲ့မှ အဖွဲ့မှူးကြီးယွီနှင့် ဆုံတွေ့သွားခဲ့ခြင်းဖြစ်၏။
ထိုအခါ သရဲနှစ်ကောင်သည် ထိပ်တိုက်တွေ့သွားကြလေသည်။
ယခုအခါ မျက်လုံးပြူးကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည့် အဆင့်တွင် ရောက်ရှိနေပေ၏။
ရုတ်တရက် အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးလျိုကလှုပ်ရှားသွားကာသူသည် အပေါ်မှ စားပွဲကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အရှေ့သို့ ဝပ်တွား၍ သွားနေသည်ကို မြင်တွေ့လိုက်ရ၏။
ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးယွီသည်လည်း လှုပ်ရှားလာခဲ့သည်။
အရှိန်မှာပြောရမည်ဆိုလျှင် အလွန်ပင် လျင်မြန်လှပေသည်။
သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အဟုန်ဖြင့် လျို၏ ခါးကို အလျင်အမြန် လှမ်းထောက်လိုက်ပြီး အကျယ်ကြီး အော်ဟစ်လိုက်၏။
"ရပ်"
ဤလှုပ်ရှားမှုတွင် ချိတ်ပိတ်ခြင်း စွမ်းအားလည်း မပါဝင်သကဲ့သို့ တစ္ဆေစွမ်းအင်လည်း လုံးဝမပါဝင်ချေ၊ သို့သော် လျို၏ လှုပ်ရှားမှုသည် ချက်ချင်းပင် ရပ်တန့်သွားပြီး လုံးဝ မလှုပ်ရှားတော့ချေ။
တစ်ယောက်က သွေးကြောထောက်သည့် အနေအထားဖြင့် ရပ်နေပြီး နောက်တစ်ယောက်ကမူ ရုပ်သေးရုပ်ကဲ့သို့ ငြိမ်သက်နေကာ ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြတော့၏။
တစ်မိနစ်ခန့် အကြာတွင် ဝိညာဉ်ဖမ်းတမန်တော်အမည်းသည် ရုတ်တရက် ပြန်လည် လှုပ်ရှားလာပြီး အခြား စားပွဲတစ်လုံးကို ပစ်မှတ်ထားကာ အလျင်အမြန် ရှေ့သို့ တိုးသွားလေသည်။
ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးသည်လည်း ထပ်မံ လှုပ်ရှားလာပြီး အဖွဲ့မှူးလျို၏ကျောကို ထောက်ကာ "ငါ ရပ်မယ်၊ ငါ ရပ်မယ်၊ ငါ ထပ်ရပ်မယ်ကွ" ဟု အော်ဟစ်လိုက်ပြန်၏။
ဝိညာဉ်ဖမ်းတမန်တော်အမည်းသည် ရှောင်တိမ်းလိုက်၊ ထပ်မံ ရှောင်တိမ်းလိုက်ဖြင့် သုံးကြိမ်တိုင်တိုင် ရှောင်တိမ်းနိုင်ခဲ့သည်။
"ငါက အဲဒီလောက် အလွယ်တကူအဖမ်းခံမဲ့ပုံစံလား"
"အထူးစပယ်ရှယ်တားဆီးမှုကြီး"
ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးသည် သူစကားကို အဆုံးထိ နားမထောင်တော့ဘဲ တစ်ကိုယ်လုံးဖြင့် ခုန်အုပ်လိုက်ကာ တစ်ဖက်လူကို တိုက်ရိုက် ဖိချထားလိုက်တော့၏။
ထိုအခါ အဖွဲ့မှူးလျိူသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သေချင်ယောင်ဆောင်ကာ အချိန်အနည်းငယ် ကြာပြီးသည့် နောက် မျက်လုံးများ လှုပ်ရှားလာပြီး တိတ်တဆိတ်၊ ဖြည်း ညင်းစွာဖြင့် အရှေ့သို့ တဖြည်းဖြည်း ဝပ်တွားသွားနေတော့သည်။
....
"သူတို့ကဘယ်လိုဖြစ်လို့ ဒီလောက်တောင် မူးနေရတာလဲ"
ဟု ဝိညာဉ်တမန်တော် တစ်ပါးက မနေနိုင်ဘဲ ရယ်မောလျက် မေးလိုက်၏။
အစပိုင်းက ဤသရဲနှစ်ကောင် မူးနေသော်လည်း အနည်းဆုံးတော့ ကိုယ့်စွမ်းရည်တွေကို မှတ်မိနေသေးသည် မဟုတ်ပါလော။
ချိတ်ပိတ်ခြင်း စွမ်းရည်ကို သုံးတတ်ကြသည်၊ သံကြိုးကို သုံးတတ်ကြသည်။
သို့သော် ယခုအခါတွင် အဘယ်ကြောင့် ပါးစပ်စွမ်းရည်ကိုသာ စတင်သုံးစွဲနေကြသနည်း။
အခြား ဝိညာဉ်တမန်တော် တစ်ပါးကမူ ခါးပင်မဆန့်နိုင်တော့လောက်အောင် ရယ်မောနေပြီး "မင်း မတွေ့လိုက်လို့ပါ၊ ခုနက မုန့်ပေါ် ဖျော်ဖြေပြီး အပြန်မှာ ဒီအဖွဲ့မှူးကြီးလျိုက သူ့ရဲ့စားပွဲကို ယူချင်နေခဲ့တာလေ"
"အဲဒီအချိန်မှာ ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးကလည်း ဘေးနားမှာ ချိတ်ပိတ်ခြင်းတွေကို လျှောက်သုံးနေတော့ မုန့်ပေါ်က သူတို့နှစ်ယောက်စလုံးကို တစ်ယောက် တစ်အိုးစီ အရက်တွေ အတင်းတိုက်လိုက်တယ်လေ ဟားဟားဟားဟား"
"ဒါက မှတ်ဉာဏ်တွေပါ ပျောက်သွားအောင် မူးသွားတာတော့ မဟုတ်ပါဘူးနော်"
"မဖြစ်လောက်ပါဘူး ဟားဟားဟားဟား"
....
[ခစ်ခစ်ခစ် တကယ်ကို ရယ်ရတယ်၊ ဒါပေမယ့်ကျွန်မတော့ သဘောကျတယ် ဟားဟားဟား]
[ပြီးခဲ့တဲ့ အခေါက်က ငါ့သူငယ်ချင်း တစ်ယောက် အရက်မူးပြီး တိုင်လုံးကြီးကို ဖက်နမ်းနေတာ၊ ပြီးတော့ ခေါင်းလှည့်ပြီး ပန်းခင်းထဲကို လဲကျသွားပြီး အိမ်ရောက်ပြီလို့ ပြောသေးတယ်]
[မင်းက ဘာမှမဟုတ်သေးပါဘူး၊ ပြီးခဲ့တဲ့ အခေါက်က ငါ့မိန်းမ အရက်မူးပြီး လေထဲမှာ ကားမောင်းနေတာ၊ လေလီဗာကို နင်းပြီး တဝီဝီနဲ့ ပြေးသွားတာလေ၊ ပြီးတော့ ငါ့ကိုတောင် ကားပေါ် တက်ဦးမလားလို့ မေးသေးတယ်]
[အပေါ်ကလူ၊ နောက်ဆက်တွဲ ဇာတ်လမ်းလေးကို ငါ နားထောင်ချင်တယ် ]
ခန်းမဆောင်ကြီး အတွင်းရှိ ဤမြင်ကွင်းများသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ပရိသတ်များ၏မျက်စိရှေ့တွင် ပေါ်ထွက်နေတော့၏။
အရက်သောက်ခြင်းနှင့် ပတ်သက်၍ ဤပရိသတ်များထဲတွင် အရက်သောက်ရသည်ကို နှစ်သက်သူ အများအပြား ရှိကြပြီး ကိုယ်တိုင် မမူးဖူးလျှင်တောင်မှ သူတစ်ပါး မူးသည်ကိုတော့ အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးကြပေသည်။
ဝိညာဉ်တမန်တော်ကြီးများ၏ အပြန်အလှန် လှုပ်ရှားမှုများသည် မိမိတို့ကိုယ်တိုင်နှင့် ဘေးနားရှိ လူများ အရက်မူးပြီးနောက် ပြသလေ့ရှိသော တုံ့ပြန်မှုများကို အလိုအလျောက် တွေးတောမိစေသည်။
အချို့သော တုံ့ပြန်မှုများသည် အလွန်ပင် ရယ်ရခက် ငိုရခက် ဖြစ်စေပေ၏။
ဥပမာအားဖြင့် အချို့သူများသည် အရက်မူးပြီးနောက် အခြားသူများ၏ အိမ်သို့ သွားကာ အဖေ၊ အမေ ဟု လိုက်ခေါ်တတ်ကြသည်။
အချို့ကလည်း ရပ်ကွက်တံခါးဝတွင် ထိုင်ကာ 'ငါက ဘယ်သူ့အိမ်ကလဲ၊ ဘယ်သူများ ငါ့ကို လာခေါ်လှည့်ပါဦး' ဟု အော်ဟစ်တတ်ကြ၏။
ပိုဆိုးသည်မှာ အရက်မူးပြီးနောက် မိမိကြိုက်နှစ်သက်သော ကောင်လေး သို့မဟုတ် ကောင်မလေး၏အိမ်သို့ သွားကာ အချစ်ခံတတ်ကြသည် သို့မဟုတ် ကယောင်ကတမ်း စကားများကို လျှောက်ပြောတတ်ကြသည်။
ဤအရာများနှင့် ပတ်သက်၍ ပရိသတ်များသည် မည်မျှ ကြည့်ကြည့် မရိုးနိုင်ကြဘဲ အကယ်၍ အခွင့်အရေး ရပါက ဤအရာများကို ဗီဒီယို ရိုက်ကူးထားပြီး သူတို့ အမူးပြေလာချိန်တွင် ပြန်လည် ပြသချင်ကြပေ၏။
၎င်းမှာ ပထမတန်းစား အမည်းစက် သမိုင်းကြောင်းများ သေချာပေါက် ဖြစ်ပေလိမ့်မည်။
'ဟီးဟီးဟီး'
ဤပျော်ရွှင်မှုမျိုးသည် လူ့လောကနှင့် မြေအောက်ကမ္ဘာ နှစ်ခုစလုံးတွင် အတူတူပင် ဖြစ်ကြောင်း လက်တွေ့ သက်သေပြနေပေသည်။
ဝိညာဉ်တမန်တော်ကြီးများသည်လည်း လူသားများ ဘဝက အချို့သော ပျော်ရွှင်မှုများနှင့် တုံ့ပြန်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပေ၏။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များထဲတွင် တစ်ခဏအတွင်းမှာပင် 'ငါ့မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်' ဟူသော အရက်မူးပြီးနောက် လျှို့ဝှက်ချက်များကို ဖွင့်ချသည့် နေရာကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မှတ်ချက်များကို ဖတ်ရုံဖြင့်ပင် ပျော်ရွှင်မှုများစွာ ရရှိနိုင် သည်မဟုတ်ပါလော။
ထိုအချိန်မှာပင် ပရိသတ် တစ်ဦးက "မြန်မြန် ကြည့်ကြ၊ Streamer ငါတို့ကို ကြည့်နေပြီ" ဟု သတိပြုမိသွားသည်။
[ဟင် Streamer က သူ့မှာ တိုက်ရိုက်ထုတ်လွှင့်မှု ရှိသေးတယ် ဆိုတာကို နောက်ဆုံးတော့ သတိရသွားပြီပေါ့]
[Streamer က အမူးပြေသွားပြီလား၊ မပြေသေးဘူးလား]
....
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ကျန်းလင်သည် စားပွဲပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်ပြီး လက်ထဲတွင် ဥတစ်လုံးကို ကိုင်ကာ သေချာစွာ ပွတ်သပ်နေလေ၏။
ထိုသို့ ပွတ်သပ်နေရင်း ရုတ်တရက် တစ်ခုခုကို ခံစားမိသွားသကဲ့သို့ အကြည့်များက အပေါ်သို့ ရောက်ရှိသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များကို လှမ်းကြည့်လိုက်သည်။
ထိုအခါ မှတ်ချက်များသည် ချက်ချင်းပင် ရေစီးကြောင်းကဲ့သို့ လွင့်ပျံသွားတော့၏။
[Streamer နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ]
[Streamer နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ]
[ဆယ့်နှစ်နာရီ ထိုးပြီဟေ့၊ နှစ်သစ်မှာ Streamer ကြီး ရာထူးတွေ တိုးပြီး ပိုက်ဆံတွေ အများကြီး ရပါစေလို့ ဆုတောင်းပါတယ်]
[နှစ်သစ်မှာ ကံကောင်းခြင်းတွေ ရောက်လာပြီး စီးပွားရေးတွေ တိုးတက်ပါစေလို့ မျှော်လင့်ပါတယ်]
[ဒီနှစ်တော့ စာမေးပွဲတွေ အကုန် အောင်ရမယ်ကွ၊ Streamer ကြီး ကူညီစောင့်ရှောက်ပါဦး]
[....]
ယခုနှစ်တွင်တော့ သူတို့သည် Streamer ကြီးနှင့် အတူတကွ နှစ်သစ်ကူး ဖြတ်သန်းခဲ့ကြပြီ ဖြစ်၏။
ထို့ကြောင့် သူတို့သည် တိတ်တဆိတ် ဆုတောင်းနေကြလေသည်။
'နှစ်သစ်မှာ အရာအားလုံး အဆင်ပြေချောမွေ့ပါစေဟု မျှော်လင့်ပါတယ်'
ထို့အပြင် Streamer ကြီး၏ ဆန္ဒများ ပြည့်ဝပြီး တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း အမြဲတမ်း တည်ရှိနေပါစေဟု မျှော်လင့်ပါသည်။
၎င်းတို့ကို လူ့လောကက လိုအပ်သကဲ့သို့ သူတို့လည်း လိုအပ်ပေသည်။
လူ့လောကတွင်လည်း
ကောင်းကင်ယံတွင် တောက်ပလှပသော မီးရှူးမီးပန်းများ သည် တစ်ခုပြီးတစ်ခု ပွင့်လန်းနေပြီး လှပသောဆုတောင်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ဘုံသို့ ပေးပို့နေသည့်အတိုင်း အလွန်ပင်လှပနေတော့သည်။
ဤအခိုက်အတန့်တွင် လူများစွာသည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်နေကြ၏။
'သူတို့၏ ဆုတောင်းများကို တကယ်ပဲ ကြားနိုင်ပါ့မလား'
'တကယ်ပဲ ဆန္ဒပြည့်ဝနိုင်ပါ့မလား'
'နှစ်သစ်က ဘယ်လိုမျိုး ဖြစ်လာမလဲ'
သို့သော် မည်သို့ပင်ဖြစ်စေကာမူ လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်းတွင် သူတို့သည် ခလုတ်တိုက်မိသည် ဖြစ်စေ၊ ချောမွေ့စွာ ဖြတ်သန်းခဲ့ရသည် ဖြစ်စေ၊ အခက်အခဲများကို ကျော်လွှားခဲ့ရသည် ဖြစ်စေ ဤနေရာအထိ ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပေသည်။
'ရွှီး ဘန်းး'
ကြီးကျယ်ခမ်းနားလှသော မီးရှူးမီးပန်းများသည် လေထဲတွင် ပွင့်လန်းသွားပြီး ကြယ်ရောင်များကဲ့သို့ တောက်ပနေလေသည်။
အဖွဲ့ ၁၈ မှ အဖွဲ့သားများသည်လည်း ဤအချိန်တွင် ဤအခိုက်အတန့်ကို ခံစားနေကြ၏။
ဤကဲ့သို့သော နေ့ရက်မျိုးတွင် လူ့လောက၏ ယန်စွမ်းအင်သည် အလွန်အားကောင်းနေသဖြင့် သရဲတစ္ဆေ အများစုသည် ပုန်းအောင်းနေကြသည်လေ။
စွမ်းအားကြီးမားသော သရဲကြမ်းကြီးများပင်လျှင် ဤအချိန်မျိုးတွင် ထွက်လာပြီး ပြဿနာမရှာရဲကြချေ။
သရဲပွဲတော် အချိန်တွင် ယင်စွမ်းအင်များ အားကောင်းပြီး သရဲတစ္ဆေများ၏ အချိန်ဖြစ်ခဲ့လျှင် ယခုအချိန်သည် လူသားများ၏အချိန်ပင်ဖြစ်တော့သည်။
နှစ်သစ်ကူးနေ့သည် ဝိညာဉ်တမန်တော်များ အတွက်လည်း အသက်သာ အလွယ်ကူဆုံး နေ့တစ်နေ့ဟု ဆိုနိုင်၏။
နှစ်သစ် ရောက်ရှိလာချိန်တွင်
ဟုန်ယာသည် မီးရောင်လင်းထိန်နေပြီး မိသားစု သုံးယောက် စုံလင်နေသော တိုက်ခန်းတစ်ခန်းတွင် ဤအခိုက်အတန့်၏ နွေးထွေးမှုနှင့် အေးချမ်းမှုကို ခံစားနေ၏။
ဆိုဖာ၏ မျက်နှာချင်းဆိုင်တွင် အရောင်အသွေး စုံလင်သော တီဗွီ မျက်နှာပြင်ကြီး တစ်ခု ရှိနေပေသည်။
သူမ သတိမထားမိလိုက်သည်မှာ ဤအိမ်ရှင် အမျိုးသမီး၏ ရင်ခွင်ထဲရှိ ကလေးငယ်လေးသည် သူမကို တစ်ခါတစ်ရံ လှမ်းကြည့်နေခြင်းပင် ဖြစ်၏။
ထိုကလေးငယ်၏ နဖူးပေါ်တွင်လည်း အနီရောင်အမှတ်အ သား တစ်ခုသည် သွေးကဲ့သို့ နီရဲ တောက်ပနေလေသည်။
"အီးယား"
ထိုအခါ ရှုအန်း၏ဝိညာဉ်အပိုင်းအစလေးသည်လည်း ဟုန်ယာ ရောက်ရှိလာမှုကြောင့် အရုပ်ထဲသို့အတင်းအကျပ် ပုန်းအောင်းလိုက်ရတော့သည်။
🫧 Chapter 204
'ဘန်း ရွှီး ဘုန်း'
ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ လှပစွာ ပွင့်လန်းသွားသည့် အခိုက်အတန့်တွင် နျဲ့ကျိုသည် ည၏အမှောင်ထုထဲ၌ တင်ပျဉ်ခွေထိုင်ကာ လက်ပိုက်လျက် ဘယ်ညာလိုက်ကြည့်နေ၏။
သူ့ အရှေ့ဘက်တွင် မိုးမျှော်တိုက်ကြီးများရှိနေပြီး အနောက်ဘက် မလှမ်းမကမ်းတွင်မူ ပန်းခြံတစ်ခု ရှိနေပေသည်။
'ဒါနဲ့ ဒီနေရာက ဘယ်နေရာလဲ'
ရုတ်တရက် သူ့ အမြင်အာရုံထဲတွင် ငရဲခွေးတစ်ကောင် ထွက်ပေါ်လာခဲ့၏။
ထို့ကြောင့် သူသည် အလျင်အမြန် ပျံသွားလိုက်သည်။
သို့သော် သူ စကားပင် မဟရသေးမီ ထိုငရဲခွေးက 'ဝုတ် ဝုတ်' ဟု ဟောင်ကာ ပြောလိုက်၏။
"အားလပ်ရက်မှာ အချိန်ပို မဆင်းနိုင်ဘူး၊ အချိန်ပို မဆင်းနိုင်ဘူး ဝုတ် ငါ ဘာမှ မသိဘူး ဝုတ် ဝုတ်"
နျဲ့ကျို : "...."
သူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ" ဟု ပြောလိုက်သည်။
ငရဲခွေးကလည်း "နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ ဝုတ် ဝုတ်" ဟု ပြန်ပြောလေ၏။
"နှစ်သစ်ကူး အချိန်လည်း ဖြစ်နေတော့ လက်ဆောင် ဘာမှ မပြင်ဆင်ရသေးဘူး၊ အဲဒီတော့ မင်းကပဲ ငါ့ကို လမ်းပြပေးတဲ့ အနေနဲ့ လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား"
" ဝုတ် "
ငရဲခွေးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ချက်ချင်းပင် အရိုးတစ်ချောင်းကို ကိုက်ထုတ်လာကာ "ဒါ မင်းအတွက် ဝုတ် ဝုတ်" ဟု ပြောလိုက်၏။
သို့သော် နျဲ့ကျိုသည် ခေါင်းခါပြလိုက်သည်။
ထိုအခါငရဲခွေးသည် အရိုးနောက်ထပ် နှစ်ချောင်းကို ထပ်မံ ကိုက်ထုတ်လာပြန်၏။
ထိုအခါ နျဲ့ကျိုသည် ပြုံးလျက် ခေါင်းဆက်ခါနေလေသည်။
ထို့ကြောင့် ငရဲခွေးသည် ထပ်မံ ရှာဖွေရန် ပြင်လိုက်သော် လည်း ရှာပင် မတွေ့ရသေးမီ နျဲ့ကျို၏ဆွဲမခြင်းကို ခံလိုက်ရတော့၏။
"ဝုတ် ဝုတ် ဝုတ် "
'ငါ အချိန်ပို မဆင်းချင်ဘူးဟေ့'
'ငါက ခွေးလေး တစ်ကောင်ပါကွာ၊ ငါ့ကို လွှတ်ပေးလို့ မရဘူးလား'
....
လူ့လောက၏တောင်ထွတ် တစ်နေရာတွင် ဖြစ်၏။
လီရှောင်းသည် သစ်ပင်တစ်ပင်၏ အောက်တွင် မှီလျက် ထိုင်နေသည်။
သူ့ ဘေးတွင် စာသားမပါသော အုတ်ဂူတစ်ခု ရှိနေ၏။
ထိုအုတ်ဂူ၏အရှေ့တွင်မူ လတ်ဆတ်သော ပန်းစည်း တစ်စည်း ရှိနေလေသည်။
ပြီးနောက်သူသည် ကောင်းကင်ယံရှိ လပြည့်ဝန်းနှင့် အဝေးမှ သေးငယ်သော မီးရှူးမီးပန်းများကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
"နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ အစ်မ"
....
"အဘွား၊ ဒီလို လုပ်ရင်ရလားဟင်"
ကျိယင်သည် ယခုအချိန်တွင် ဖူကျား၏အိမ်၌ ရှိနေပြီး သူမနှင့်အတူတကွ တန်ယွမ် (ကောက်ညှင်းလုံး) လုပ်နည်းကို သင်ယူနေသည်။
ထိုသို့ပြောရင်းပင်သူသည် မုန့်ညက်လုံး တစ်လုံးကို ကိုင်ကာ ကမ်းပေးလိုက်၏။
ထိုမုန့်ညက်လုံးများမှာ အချို့က လုံးနေပြီး အချို့က ပြားနေကာ အရွယ်အစား အမျိုးမျိုး ဖြစ်နေသော်လည်း အနည်းဆုံးတော့ တန်ယွမ်ပုံစံလေးတော့ ပေါက်နေပေသည်။
ဖူကျားသည် ကြည့်ရှုလိုက်ပြီးနောက် မျက်နှာပေါ်ရှိ တွန့်နေသောအရေပြားများရှုံ့သွားသည်အထိ ပြုံးလိုက်ကာ "ရတယ် ရတယ်၊ သင်ယူတာ တော်တော် မြန်တာပဲ"
"ဟီးဟီး "
ထိုအခါကျိယင်သည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။
ထို့နောက် သူသည် အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် "အဘွား၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေနော်"
ဖူကျားသည် လက်ထဲတွင် တန်ယွမ်များကို ကျွမ်းကျင်စွာ လုံးနေပြီး ထိုမုန့်ညက်လုံးများသည် သူမ၏ လက်ထဲတွင် အချိန်ခဏအတွင်းမှာပင် လုံးဝန်းသော နှင်းလုံးလေးများ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ကျိယင်၏စကားကို ကြားသောအခါ သူမ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်တမ်းတနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
"နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေကွယ်"
....
မြေအောက်ကမ္ဘာတွင်
သရဲဈေးတန်း အတွင်း၌ သရဲများ သွားလာလှုပ်ရှားနေကြပြီး အလွန်ပင် စည်ကားသက်ဝင်နေပေသည်။
ချစ်သူရည်းစားများ လက်ချင်းချိတ်ကာ ဈေးပတ်နေကြသူများ၊ မိသားစုလိုက် ထမင်းထွက်စားကြသူများ၊ ထို့အပြင် ညီအစ်ကိုများ အတူတကွ လမ်းဘေးတွင် အရက်သောက်ရင်း ပြီးခဲ့သော တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရသော အကောင်း အဆိုးများကို အပြန်အလှန် ပြောပြနေကြသူများလည်း ရှိကြ၏။
ဤသို့ စည်ကားသက်ဝင်နေမှု၏ အခြားတစ်ဖက်တွင် အထီးကျန်ဆန်သော ပုံရိပ်များနှင့် ခြောက်ကပ်နေသော ထောင့်နေရာများစွာလည်း ရှိနေပေသည်။
သရဲဈေးတန်း လူနေရပ်ကွက်တွင်
သရဲနှစ်ကောင်သည် ဟောင်းနွမ်းနေသော အမိုးတစ်ခုပေါ်တွင် ယှဉ်လျက် ထိုင်နေကြပြီး လက်များကို တောင်သူလယ် သမားများကဲ့သို့ ဝတ်ရုံလက်စထဲသို့ ထည့်ကာ ပိုက်ထားကြသည်။
ဤဒေသ တစ်ခုလုံးသည် အထူးပင် တိတ်ဆိတ်နေလေ၏။
သူတို့သည် စည်ကားနေသော သရဲဈေးတန်းကို အဝေးမှ ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကြရာ သူတို့၏ကျောပြင်များသည် အထီးကျန်ဆန်နေပုံ ရပေသည်။
သူတို့၏အဝတ်အစားများကို ကြည့်လိုက်လျှင်လည်း အထူးပင် ဟောင်းနွမ်းနေပြီး ဖာရာထေးရာများပင် ပါရှိနေသေး၏။
"ငါ ဘယ်တော့လောက် ပျောက်ကွယ်သွားမလဲ ဆိုတာကိုတောင် မသိတော့ပါဘူးကွာ" ဟု အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားသော သရဲက ညည်းတွားလိုက်သည်။
သူ့မျက်နှာကမူ အနည်းငယ် အရေတွန့်နေပြီး အသက် ခြောက်ဆယ် ခုနစ်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရကာ လူ့လောကတွင်ဆိုလျှင် အဘိုးအရွယ်ပင် ဖြစ်နေပြီဖြစ်၏။
သူ၏ ဘေးတွင် အမည်းရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး ပိန်ပိန်ရှည်ရှည်နှင့် အမျိုးသား သရဲတစ်ကောင် ရှိနေပေသည်။
ထိုအခါ သူသည် နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ပြီး မေးလိုက်၏။
"မင်း အောက်ကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
အပြာရောင်သရဲ : "အနည်းဆုံးတော့ အနှစ် နှစ်ရာလောက် ရှိပြီ ထင်တယ်"
"ငါက မင်းထက်တောင် အောက်ကို စောစောရောက်သေးတယ်"
ပိန်ပိန်ရှည်ရှည်သရဲ မျက်လုံးထဲတွင် သရဲဈေးတန်း၏ မီးရောင်များ ထင်ဟပ်နေလေ၏။
"လူတွေရဲ့မှတ်ဉာဏ်က ဘာလို့ ဒီလောက်တောင် တိုတောင်း ရတာလဲကွာ"
အပြာရောင်သရဲ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ခါးသီးသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"ထားလိုက်ပါတော့ကွာ၊ ငါတို့လို အဘိုးကြီးတွေလည်း သွားရမယ့် အချိန်တန်ပါပြီ။ ဆက်နေနေလည်း ဘာအဓိပ္ပာယ် ရှိတော့မှာမို့လို့လဲ"
"ဟူး"
သရဲနှစ်ကောင်စလုံး ဆက်လက် စကားမပြောကြတော့ဘဲ သရဲဈေးတန်း၏ နောက်ခံအောက်တွင် ဤနေရာလွတ်လေးသည် ပိုမို၍တိတ်ဆိတ်ခြောက်ကပ်နေသကဲ့သို့ ဖြစ်နေတော့၏။
လေထုထဲတွင် တိုက်ခတ်သွားသော လေပြေသည်ပင်လျှင် အေးစက်စက် အငွေ့အသက် အနည်းငယ် ပါဝင်နေသကဲ့သို့ ရှိပေသည်။
"ဝမ်အာတန်၊ မင်းအတွက် ငွေလာရှို့ပေးတဲ့သူရှိတယ်၊ မြန်မြန် လာယူလှည့်"
ရုတ်တရက် အမိုး၏အောက်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
အမိုးပေါ်တွင် ထိုင်ကာ လေအေးလေးခံနေသော အပြာရောင်သရဲသည် ရုတ်တရက် မတ်တတ်ရပ်လာပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ထွက်ပေါ်လာတော့သည်။
"ငါ့ကို ခေါ်တာလား"
"ဟုတ်တယ်၊ ဝမ်အာတန် မြန်မြန် အောက်ဆင်းလာပြီး မွေးသက္ကရာဇ်တွေ တိုက်ဆိုင်မှု ရှိ၊ မရှိ လာကြည့်လှည့်" ဟု အောက်ဘက်ရှိ အသံက ပြန်ဖြေလိုက်၏။
အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားသော ဝမ်အာတန်သည် တစ်ခဏအတွင်းမှာပင် ရယ်လည်း ရယ်ချင်၊ ငိုလည်း ငိုချင် ဖြစ်သွားသကဲ့သို့ အနည်းငယ်လည်း ကြောက် ရွံ့နေမိသည်။
"ငါ ပိုက်ဆံမရတာ ဒီလောက် ကြာနေပြီကို ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး"
သူ့ကိုယ်သူတောင်မှ သူ့ မျိုးဆက်များသည် ယခုအခါ မည်သည့် မျိုးဆက်သို့ ရောက်ရှိနေပြီလဲ၊ ထိုကလေးများသည် မည်သို့သော ပုံစံရှိပြီး အသက်ဘယ်လောက်ရှိနေကြပြီလဲ ဆိုတာကို မသိတော့ချေ။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူ အမိုးပေါ်မှ ဆင်းလာသည့် အမြန်နှုန်းမှာမူ အလွန်သွက်လက်လှပေသည်။
ဘေးရှိ ပိန်ပိန်ရှည်ရှည် သရဲသည် ကြည့်ရင်းနှင့်ပင် ကြောင် အမ်းအမ်း ဖြစ်သွားခဲ့၏။
ဝမ်အာတန် အောက်သို့ ဆင်းသွားပြီး မကြာမီမှာပင် သူ့ အလွန်ဝမ်းသာပျော်ရွှင်နေသော အသံ ထွက်ပေါ်လာခဲ့သည်။
ဤငွေကြေးမှာ သူ့အတွက် လာရောက် မီးရှို့ပေးခြင်း ဖြစ်ကြောင်း ထင်ရှားလှပေ၏။
"...."
ပိန်ပိန်ရှည်ရှည်သရဲသည် လေထဲတွင် တွေဝေနေမိတော့ သည်။
'ငါတို့ အတူတူ ကျောချင်းကပ်ပြီး အတူတကွ ပျောက်ကွယ်သွားမယ့် အချိန်ကို စောင့်နေကြမယ်လို့ ပြောထားကြတယ် မဟုတ်ဘူးလား'
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပါးစပ်ထဲတွင် ခါးသက်သက် အရသာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
ဒီလောကမှာ အနာကျင်ရဆုံးအရာက အားလုံး အတူတူ သေရမှာ မဟုတ်ဘဲ အားလုံး အတူတူသေဖို့ စောင့်နေကြတဲ့ အချိန်မှာ တစ်ယောက်က ရုတ်တရက် သူ သေစရာမလိုတော့ဘူးလို့ ပြောလိုက်တာပဲ ဖြစ်ပေသည်။
ဒီအရသာကတော့ ပိန်ပိန်ရှည်ရှည်သရဲသည် မတ်တတ်ရပ်လိုက်ပြီး ဤနေရာမှ ထွက်ခွာကာ တစ်နေရာရာတွင် တိတ်တ ဆိတ်သွားရောက် ငိုကြွေးချင်စိတ် ပေါက်လာခဲ့၏။
သို့သော် လှည့်ထွက်လိုက်သည်နှင့် အောက်ဘက်မှ နောက် ထပ် အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြန်သည်။
"လီဟိုဇီ၊ မင်း ဘယ်ကို ပြေးမလို့လဲ၊ မြန်မြန်အောက်ဆင်းလာပြီး ပိုက်ဆံ လာယူလှည့်"
"ဟင်"
ပိန်ပိန်ရှည်ရှည်သရဲ လီဟိုဇီသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ယခုလေးတင်မှ လှမ်းလိုက်သော ခြေလှမ်းသည် ရုတ်တရက် လေထဲတွင် နင်းမိသွားကာ သရဲတစ်ကောင်လုံး အမိုးပေါ်မှနေ၍ 'ဂွတ်' ခနဲ တိုက်ရိုက် လိမ့်ကျသွားတော့၏။
"အား..."
လီဟိုဇီသည် သွားဖြဲနှုတ်ခမ်းဖြဲဖြင့် မြေပြင်ပေါ်မှ ကုန်းထလာပြီး ခါးကို ကိုင်လျက် ခြေထောက်တစ်ဖက်ကိုတရွတ်တိုက်ဆွဲကာ ထိုဘက်သို့ သွားနေရင်း တစ်ဖက်မှလည်း အလောတကြီး မေးလိုက်သည်။
"ငါလား ငါလား၊ နာမည်များ မှားနေတာလား၊ လူမှားနေတာလား"
သူသည် သူ့ကို ခေါ်လိုက်သော ဝိညာဉ်တမန်တော်ကြီး၏ အရှေ့သို့ ရောက်လာပြီး မိမိ၏ မျက်နှာကို လက်ညှိုးထိုးပြကာ "မှောင်နေပြီဆိုတော့ လူကြီးမင်း သေချာ မြင်ရရဲ့လား၊ ကျွန်တော့် မျက်နှာ ဟုတ်ရဲ့လား" ဟု မေးလိုက်၏။
တစ်ဖက်ရှိ ဝိညာဉ်တမန်တော်ကြီးသည် သူ့ကို ပစ္စည်းတစ်ခု ပစ်ပေးလိုက်ပြီး "မင်းဟာမင်း တိုက်ကြည့်လိုက်စမ်းပါ၊ မင်း ဟုတ်မဟုတ် ဆိုတာကို"
လီဟိုဇီသည် ထိုစက္ကူထုပ်ပေါ်ရှိ နာမည်၊ မွေးသက္ကရာဇ် စသည့် အချက်အလက်များကို ကြည့်ရှုလိုက်ရာ အပေါ်တွင် သူ၏ပုံတူ အရုပ်ဆိုးဆိုး ပန်းချီကားတစ်ချပ်ပင် ပါရှိနေသေးသည်ကို တွေ့လိုက်ရ၏။
ထိုအခါ သူ့ မျက်လုံးများသည် ချက်ချင်းပင် မှုန်ဝါးသွားပြီး ခေါင်းကို ဆက်တိုက် ညိတ်ကာ ပြောလိုက်သည်။
"အေး၊ ငါပဲ၊ ငါပဲ၊ ငါက ဒီအပေါ်က သရဲပဲ"
"ငါပဲ၊ ငါပဲ"
သူသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး တစ်ဖက်ရှိ ဝိညာဉ်တမန်တော်ကြီးကို "ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ" ဟု ပြောလိုက်၏။
ထိုအခါ ဝိညာဉ်တမန်တော်ကြီး၏မျက်နှာပေါ်ရှိ အမူအရာသည်လည်း အနည်းငယ် နူးညံ့သွားပြီး "နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းလိုက်ပါဦး"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ကျေးဇူး တင်ပါတယ် ကျေးဇူးတင်ပါတယ်"
လီဟိုဇီသည် မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
သူသည် လက်ထဲရှိ စက္ကူထုပ်ကို ကြည့်ရင်း အဘယ်ကြောင့် ဤမျှလောက် ရုတ်တရက် ဆန်ရသနည်းဟု တွေးတောနေမိသည်။
ထို့နောက် သူသည် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး မြေအောက်ကမ္ဘာ၏ ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ ၎င်းမှာဤကောင်းကင်ယံမှတစ်ဆင့် ပိုမိုဝေးကွာသော နေရာများသို့ လှမ်းကြည့်နေသကဲ့သို့ ဖြစ်နေ၏။
လူ့လောကတွင်
ဤကဲ့သို့ အိမ်တိုင်းအိမ်တိုင်း မီးရောင်များ လင်းထိန်နေပြီး လူသားများ မိုင်ပေါင်း ထောင်သောင်းချီ၍ အိမ်သို့ ပြန်လာကာ မိသားစုနှင့် ပြန်လည်ဆုံစည်းကြသော နေ့ရက်များတွင် လူငယ်များ၊ ကလေးငယ်များ ရှိသကဲ့သို့ အိမ်ထောင်ကျပြီး သားသမီးများ ရရှိနေပြီ ဖြစ်သော လူကြီးများလည်း လာရောက်ကြပေသည်။
သူတို့သည် မိမိတို့ အိမ်၏ဆွေစဉ်မျိုးဆက် စာရင်းကို လှန်လှောကြည့်ရှုရင်း သက်ကြီးရွယ်အိုများထံမှ အချက်အ လက်များကို ပိုမိုသိရှိနိုင်ရန် မေးမြန်းနေကြ၏။
"အဘိုး၊ ကျွန်တော်တို့ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းက အပြည့် အစုံရှိရဲ့လားဟင်"
"အမေ၊ နည်းနည်းလောက် ထပ်စဉ်းစားကြည့်ပါဦး၊ ဘိုးဘေးတွေထဲမှာ ဘယ်သူတွေ ရှိသေးလဲ၊ သူတို့ရဲ့ အချက်အလက်တွေ ကျန်သေးလား"
'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် သူတို့ သိရှိခဲ့ရသည်မှာ သီးသန့် 'လူ' တစ်ဦးဦးထံသို့ ငွေကြေး မီးရှို့ပေးလိုပါက ရှင်းလင်းသော မွေးသက္ကရာဇ်စသည့် အချက်အလက်များ လိုအပ်ကြောင်းပင်ဖြစ်၏။
သို့မဟုတ်ပါက သတ်မှတ်ထားသော နေရာများတွင် ဥပမာ - အုတ်ဂူ အရှေ့တွင် မီးရှို့ပေးရမည် ဖြစ်သည်။
လူသေနှင့် လူရှင်ကွဲကွာနေသဖြင့် သူတို့ လုပ်ပေးနိုင်သည်မှာ များများစားစား မရှိလှပေ။
ယခင်ကဆိုလျှင် သူတို့ ဘိုးဘေးများကို ရှာဖွေရခြင်းမှာ ဘိုးဘေးများက အိပ်မက်ပေးရန် သို့မဟုတ် အမွေအနှစ်များ ပေးသနားပြီး ယခုလက်ရှိ ဘဝကို ပြောင်းလဲပေးနိုင်ရန် မျှော်လင့်သောကြောင့် ဖြစ်ပေ၏။
သို့သော် ယခုအခါတွင်မူ သူတို့ မျှော်လင့်သည်မှာ အားလုံး ကောင်းမွန်သော နှစ်သစ်ကူးလေး တစ်ခုကို ဖြတ်သန်းနိုင်ကြရန်သာ ဖြစ်တော့သည်။
သူတို့၏ဘိုးဘေးများသည်လည်း အသက်ရှင် နေထိုင်ရသည်မှာ မလွယ်ကူလှကြောင်း သိရှိလာရပေသည်။
ယခင်က ဤအရာများကို မယုံကြည်ခဲ့သူများပင်လျှင် ယခုအခါ အိမ်ရှိ ဆွေစဉ်မျိုးဆက် စာရင်းကို လှန်လှောကြည့်ရှုကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု တစ်ခုကို ရှာဖွေနေကြပြီ ဖြစ်၏။
မူရင်းစာရေးသူ၏စကားချပ်
ဤဝတ္ထုတွင် မှိုလေး၏နားလည်မှုအရ သရဲတစ္ဆေများသည် အခြားသော သက်ရှိပုံစံတစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်ပြီး လူ့လောက၏ရောင်ပြန်ဟပ်မှု တစ်ခုလည်း ဖြစ်ပေသည်။
လူသားများ၏ အခြားသော တည်ရှိမှု ပုံစံတစ်ခု ဖြစ်၏။
[ဤရှင်းလင်းချက်သည် ဤဝတ္ထုအတွက်သာ ရည်ရွယ်ပြီး အခြား မည်သည့် ဝတ္ထု သို့မဟုတ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုမျှ ရည်ညွှန်းခြင်း မဟုတ်ပါ]