အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
🫧 Chapter 205
ခန်းမဆောင်ကြီး အတွင်းတွင်
ယမမင်းယန်လော်သည် အရှေ့ရှိ အရက်ခွက်ကို မြှောက်ကိုင်လိုက်ပြီး အတွင်းရှိ သေရည်များကို ကြည့်ရှုနေကာ အချိန်အတော်ကြာသည်အထိ မသောက်ဖြစ်သေးပေ။
သူမ၏ အတွေးများသည် ဤအရက်ခွက်မှတစ်ဆင့် အလွန် ဝေးကွာသော နေရာတစ်ခုဆီသို့ လွင့်မျောသွားသကဲ့သို့ ရှိနေ၏။
နောက်ထပ် နှစ်တစ်ရာ ကုန်လွန်သွားခဲ့ပြန်ပြီ
"ငါ ဘာဖြစ်လို့ ဒီအဆင့်မှာပဲ အမြဲတမ်း တစ်ဆို့နေရတာလဲ၊ ငါ တစ်ဆို့နေတာ နှစ်တစ်ရာတောင် ရှိနေပြီလေကွာ"
ပထမတန်းစား ဝိညာဉ်တမန်တော် တစ်ပါးသည် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်၏။
"ငါက အရည်အချင်း မပြည့်မီလို့လား"
"ငါလည်း မေးချင်ပါသေးတယ်၊ လူ့လောကမှာ သေခါနီး လူတွေရဲ့ အချက်အလက်တွေကို စုဆောင်းရတဲ့ တပ်ဖွဲ့မှာ ဘာဖြစ်လို့ ဝိညာဉ်တမန်တော် အရေအတွက်က ဒီလောက်တောင် နည်းနေရတာလဲ"
လူ့လောကတွင် သေခါနီး လူများ၏ အချက်အလက်များကို စုဆောင်းရသော ငရဲခွေးများကို ကြီးကြပ်ကွပ်ကဲရသည့် အဖွဲ့မှူးကြီးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဒီနှစ်မှာ ဝိညာဉ်ဖမ်းတမန်တော် အဖြူနဲ့ အမည်း၊ ချိတ်ပိတ်ရေးတပ်ဖွဲ့ အားလုံးမှာ အဖွဲ့မှူးကြီးသစ်တွေနဲ့ အဖွဲ့သားသစ်တွေ ရှိနေကြပြီး ငါတို့ဆီမှာကျတော့ ဘာဖြစ်လို့ မရှိရတာလဲ"
သူသည် ဘေးရှိ ဝိညာဉ်တမန်တော် တစ်ပါး၏ ပခုံးကို ဖမ်းဆွဲကာ အားကုန် ရမ်းခါလိုက်ပြီး "မင်းက အလုပ်သင် နေရာချထားရေး ဌာနကလေ၊ စွမ်းနိုင်ရင် ငါတို့ဆီကိုလည်း လူနည်းနည်းလောက် နေရာချထားပေးလိုက်စမ်းပါ"
"အဲဒါက ငါ မပေးလို့မှ မဟုတ်တာ၊ သူတို့မှ မသွားချင်ကြတာကို"
ထိုအခါ ဖမ်းဆွဲခံထားရသော ကင်းလှည့်တပ်ဖွဲ့ အဖွဲ့မှူးကြီးက ပြန်လည် အော်ဟစ်လိုက်သည်။
"ဒါကို ငါက ဝင်ပါလို့ ရမှာမို့လို့လား အလုပ်သင် အဖွဲ့မှူးကကော၊ အလုပ်သင် အဖွဲ့မှူး ဘယ်မှာလဲ"
"အေ့"
အရက်ပုလင်းကို ပိုက်ကာ ဘေးတွင် ထိုင်နေသော အရက်မူးနေသည့် ဝိညာဉ်တမန်တော် တစ်ပါးက ထိုသရဲများကို ကြည့်ရင်း ဟီးဟီးဟီး ရယ်မောလိုက်၏။
"မင်းတို့တွေ အားလုံး လူမှားရှာနေကြတာလေ၊ ဒီလိုလုပ်လို့ ပြဿနာက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ ဟားဟားဟားဟား"
"စွမ်းနိုင်ရင် ယမမင်းကြီးဆီ သွားရှာကြလေ အေ့"
"ရှာမယ်ကွ"
အစက ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်နေခဲ့သော ပထမတန်းစား ဝိညာဉ်တမန်တော်သည် မူးဝေစွာဖြင့် ထိုနေရာတွင်ပင် တစ်ပတ် လည်သွားခဲ့၏။
"ယမမင်းကြီး ဘယ်မှာလဲ၊ ငါ အဆင့်တက်ချင်တယ်၊ မင်းကို ငါ စိန်ခေါ်မယ်"
နှစ်ပတ်လည်ပွဲတော် နောက်ပိုင်းသို့ ရောက်ရှိလာချိန်တွင် အားလုံးလိုလို အရက်မူးနေကြပြီ ဖြစ်သည်။
အခန်းတစ်ခုလုံး အရက်ရနံ့များ ဖုံးလွှမ်းနေပြီး ဝိညာဉ်တမန်တော် အများစုမှာလည်း ယိမ်းထိုးနေကြပြီ ဖြစ်၏။
အရက်မူးဒဏ်ခံနိုင်စွမ်းမရှိသူ အချို့ဆိုလျှင် ဘေးတစ်ဖက်တွင် လဲလျောင်းကာ အိပ်မောကျနေကြပြီ ဖြစ်သည်။
ဝိညာဉ်တမန်တော်များ အတွက်မူ စွမ်းရည်အဆင့် တိုးတက်လာသည်နှင့်အမျှ သက်တမ်းမှာလည်း တဖြည်းဖြည်း ရှည်လျားလာပေ၏။
တစ်နှစ်ဆိုသော အချိန်ကာလသည် သူတို့၏ စုစုပေါင်း သက်တမ်းနှင့် နှိုင်းယှဉ်ပါက များစွာ မရှည်လျားလှပေ။
ထို့ကြောင့် နှစ်ပတ်လည်ပွဲတော်ကို နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။
နှစ်တစ်ရာလျှင် တစ်ကြိမ် အလုပ်အစီရင်ခံခြင်း၊ နှစ်တစ်ရာလျှင် တစ်ကြိမ် ပွဲတော် ကျင်းပခြင်း ဖြစ်၏။
၎င်းမှာ မြေအောက်ကမ္ဘာ၏အဓိက ဝိညာဉ်တမန်တော်ကြီးများ အတွက် နှစ်တစ်ရာအတွင်းမှ ရှားရှားပါးပါး ရရှိနိုင်သော လုံးဝ အနားယူကာ မိမိကိုယ်ကိုယ် အရက်အမူးတိုက်နိုင်သည့် အခွင့်အရေး တစ်ခုလည်း ဖြစ်ပေသည်။
ဤအဓိက ဝိညာဉ်တမန်တော်ကြီးများသည် ပုံမှန်အားဖြင့် အားကိုးရပြီး အေးဆေးတည်ငြိမ်သည့် ပုံပေါက်နေသော် လည်း တကယ်တမ်းတွင် သူတို့၏ စိတ်ထဲ၌ ဖိအားများနှင့် ခံစားချက်များစွာ စုပုံနေတတ်ကြပေ၏။
ဥပမာအားဖြင့် ယခုအချိန်တွင် မရဏတမန်တော်အဆင့် အလယ်အလတ်ပိုင်း၌ နှစ်တစ်ရာနီးပါး တစ်ဆို့နေခဲ့သော ဤပထမတန်းစား ဝိညာဉ်တမန်တော်၏ စိတ်ထဲရှိ မွန်းကျပ်မှုမျိုး ဖြစ်ပေသည်။
ယခုကဲ့သို့ အရက်မူးနေချိန်မှသာ သူသည် ဤသို့ စကားပြောရဲပြီး ယမမင်းကြီးကိုပင် စိန်ခေါ်မည် ဟူသော စကားကို ပြောထွက်လာခြင်း ဖြစ်၏။
(ဝိညာဉ်ဘုရင်အဆင့် အထက်တွင် မရဏတမန်တော်အဆင့်၊ တစ္ဆေဧကရာဇ်အဆင့်စသည်ဖြင့်ရှိ၏)
ယမမင်းယန်လော်သည် အတွေးများကို ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိ ကျောက်စိမ်းဖြူခွက်ပေါ်မှ အကြည့်များကို ဖယ်ရှားကာ စကားပြောနေသော ထိုပထမတန်းစား ဝိညာဉ်တမန်တော်၏ ကိုယ်ပေါ်သို့ ကျရောက်စေလိုက်သည်။
သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး "ကောင်းပြီလေ၊ မင်းကို အဲဒီအခွင့်အရေး ပေးမယ်"
ထိုအခါ ပထမတန်းစား ဝိညာဉ်တမန်တော်သည် ကြောင်အမ်း အမ်း ဖြစ်သွားပြီးနောက် ချက်ချင်းပင် လေတစ်ချက် ချဉ်လိုက်ကာ လျှာလေးသံဖြင့် "တိုက်မယ်ကွ"
ယမမင်းယန်လော်သည် အမြင့်ဆုံး ထိုင်ခုံမှနေ၍ လွင့်ပျံလာခဲ့ပြီး "ဒါဆိုရင် ငါ စတင် တိုက်ခိုက်တော့မယ်၊ သေချာ ကြည့်ထား"
စကားသံပင် မဆုံးသေးမီ ယမမင်းယန်လော်၏ ပုံရိပ်သည် ထိုပထမတန်းစား ဝိညာဉ်တမန်တော်၏ အရှေ့တွင် ထွက်ပေါ်လာခဲ့ပြီးနောက် လေထဲတွင် တစ်ပတ်လည်ကာ ခြေဖြင့် ကန်ချလိုက်သည်။
'ဝုန်း'
ထိုဝိညာဉ်တမန်တော်သည် မျက်တောင်တစ်ချက်သာ ခတ်လိုက်ရပြီး ကြီးမားသော တွန်းကန်အားကြောင့် အနောက်ဘက်သို့ လွင့်စင်သွားတော့၏။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ ဖြတ် သန်းသွားသော နေရာတိုင်းတွင် လေဆင်နှာမောင်း တစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး လွှမ်းမိုးသွားလေသည်။
'ဒိုင်း'
ထိုဝိညာဉ်တမန်တော်သည် ခန်းမဆောင်ကြီး၏ နံရံကိုတိုက် ရိုက် ဖောက်ထွက်ကာ အပြင်သို့ လွင့်ပျံသွားတော့၏။
အစမှ အဆုံးတိုင်အောင် တုံ့ပြန် တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ချေ။
ခန်းမဆောင်ကြီး အပြင်ဘက်တွင်
ကင်းလှည့်နေသော ဝိညာဉ်တမန်တော်များသည် လွင့်ပျံလာသော အရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သေချာစွာ မမြင်လိုက်ရမီမှာပင် ထိုပထမတန်းစား ဝိညာဉ်တမန်တော်သည် သူတို့၏ မြင်ကွင်းထဲမှ ထပ်မံ ပျောက်ကွယ်သွားခဲ့ပြန်၏။
၎င်းမှာ ထိုပထမတန်းစား ဝိညာဉ်တမန်တော်ကို ခန်းမဆောင်ကြီး၏စွမ်းအားက ပြန်လည် ကောက်ယူလာခြင်း ဖြစ်ပေသည်။
ခန်းမဆောင်ကြီးသည် နံရံပေါ်ရှိ အပေါက်ကို တစ်ဖက်မှ ပြုပြင်နေရင်း ပြန်လည် ကောက်ယူလာသော ပထမတန်းစား ဝိညာဉ်တမန်တော်ကို ထောင့်တစ်နေရာတွင် ချထားပေး လိုက်၏။
ထို့အပြင် ခန်းမဆောင်ကြီး အတွင်း၌ မူလက သပ်ရပ်စွာ နေရာချထားသော စားပွဲနေရာများသည် ယမမင်းယန်လော် ၏ ထိုတိုက်ခိုက်မှုကြောင့် လမ်းကြောင်းတစ်ခုပင် ထွက်ပေါ်လာခဲ့သည်။
ထိုလမ်းကြောင်းပေါ်ရှိ မူလ အဖွဲ့မှူးများနှင့် စားပွဲများ အားလုံးသည် ထိုလေဆင်နှာမောင်းကြောင့် အခြားနေရာများသို့ လွင့်စင်သွားခဲ့ကြပြီ ဖြစ်၏။
ထို့နောက်ယမမင်းယန်လော်သည် ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး ခန်းမဆောင် အပြည့်ရှိ မြေအောက်ကမ္ဘာ၏ အဓိက အဖွဲ့ဝင်များကို ပြုံးလျက် ကြည့်ကာ "နောက်ထပ် လာချင်တဲ့သူ ရှိသေးလား"
ထို့နောက်သူမ၏ အကြည့်များသည် တစ်ပတ် ဝေ့ကြည့်လိုက်ပြီး အစိမ်းရောင် အဝတ်အစားကို ဝတ်ဆင်ထားသော တရားသူကြီး တစ်ပါး၏ အပေါ်တွင် ရပ်တန့်သွားကာ "မင်း စမ်းကြည့်ချင်လို့လား"
အစိမ်းရောင်ဝတ် တရားသူကြီးသည် အကြည့်များကို ချက်ချင်း လွှဲဖယ်လိုက်ပြီး မည်သို့မျှ ပြန်လည် ဖြေကြားခြင်း မပြုချေ။
"ဟားဟားဟားဟား" ဟုသာ အသံခြောက်ကြီးဖြင့် ရယ်မောနေလိုက်သည်။
သူသည် အနည်းငယ်တော့ စမ်းကြည့်ချင်စိတ် ရှိနေခဲ့သည် မှာ အမှန်ပင် ဖြစ်၏။
သို့သော် ယမမင်းယန်လော်သည် သူ့ကို လွှတ်မပေးဘဲတစ်လှမ်းချင်း လျှောက်သွားကာ "လာပါ၊ ဒီရွာကို ကျော်သွားရင် ဒီဆိုင် မရှိတော့ဘူးနော်" ဟု ပြောလိုက်သည်။
အစိမ်းရောင်ဝတ် တရားသူကြီးသည် မတ်တတ်ရပ်လိုက်ပြီး လက်အုပ်ချီကာ "ဒါဆိုရင်လည်း ငြင်းဆန်နေတာထက် နာခံတာက ပိုကောင်းပါတယ်"
တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အဖွဲ့မှူးများသည် အရက်မူးနေသည် ဖြစ်စေ၊ မမူးသေးသည် ဖြစ်စေ ပြိုင်တူ အနောက်သို့ ဆုတ်ခွာသွားကြပြီး လွတ်ကင်းသော နေရာ လွတ် တစ်ခုကို ဖန်တီးပေးလိုက်ကြသည်။
"အေ့"
ခန်းမဆောင်ကြီး တစ်ခုလုံးတွင် အရက်ရနံ့များ သင်းပျံ့နေတော့၏။
....
နှစ်ပတ်လည်ပွဲတော်၏ တတိယမြောက်နေ့တွင် ကျန်းလင်သည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့လေသည်။
အလယ်တွင် သူသည် တုန်ခါမှုကြောင့် တစ်ကြိမ် နိုးလာခဲ့ဖူး၏။
ထိုအခါ အခန်းထဲတွင် လေဆင်နှာမောင်းများ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး စားပွဲများနှင့် ဟင်းလျာများကို လွင့်စင်သွားစေသည်ကို မြင်တွေ့လိုက်ရသည်။
သရဲများကိုလည်း လွင့်စင်သွားစေခဲ့၏။
သူသည် မူးဝေဝေဖြင့် တွေးတောနေမိသည်။
'တိုင်ဖွန်းမုန်တိုင်း လာနေပြီ၊ ငါ ထွက်ပြေးရမလား၊ မပြေးရဘူးလား'
'ပြေးလည်း အသုံးဝင်လို့လား'
'သရဲတွေက တိုင်ဖွန်းမုန်တိုင်းကို ကြောက်သင့်သလား'
ထိုသို့ တွေးနေရင်းနှင့်ပင် သူသည် ထပ်မံ၍ အိပ်ပျော်သွားခဲ့ပြန်၏။
[Streamer ကြီး အဆင်ပြေရဲ့လား]
[ကြည့်ရတာ ဘာမှ ဖြစ်ပုံမပေါ်ပါဘူး]
[ဒါက လိုလီသခင်မကြီး တတိယအကြိမ်မြောက် လှုပ်ရှားတာ မဟုတ်လား]
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များသည် Streamer ဘက်ကို တစ်လှည့် ကြည့်လိုက်၊ ယမမင်းကြီး ဘက်ကို တစ်လှည့် ကြည့်လိုက် ပြုလုပ်နေကြ၏။
စောစောလေးတင်က ယမမင်းကြီး ဘက်မှ လွင့်ပျံလာသော လေဆင်နှာမောင်းသည် Streamer ကိုပါ ဆွဲသွင်းသွားခဲ့သည်။
ထို့ကြောင့် Streamer သည် လေထဲသို့ လွင့်ပျံသွားပြီး လေထဲတွင် တစ်ပတ်ပြီးတစ်ပတ် လည်ကာ အခြား စားပွဲတစ် လုံး၏ ဘေးသို့ကျရောက်သွားသည်ကို သူတို့မြင်တွေ့ခဲ့ရ၏။
ပရိသတ်များသည် Streamer ထိခိုက်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်သဖြင့် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ကြသည်။
သို့သော် Streamer ကြီး၏ ဤတုံ့ပြန်မှုကို ကြည့်လိုက်သော အခါ ကာကွယ်ရေး စွမ်းအားက အတော်လေး ကောင်းမွန်နေပုံ ရသည် မဟုတ်ပါလော။
[Streamer က ထပ်အိပ်သွားပြန်ပြီ၊ အားလုံးပဲ ဆက်လုပ်ကြ]
[ဒီကနေ့ လေက တော်တော်လေး ဆူညံနေတာပဲ]
[စားပွဲ : ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ သြော် ငါက စားပွဲ တစ်လုံးပါလား]
[လိုလီသခင်မကြီးက အရမ်း တော်တာပဲ နောက်ဆိုရင် သူမက ငါ့စိတ်ထဲက အစွမ်းအထက်ဆုံး နတ်ဘုရားမပဲ]
[ငါကတော့ ဓားကြီး ကိုင်ထားတဲ့ ဝိညာဉ်တမန်တော်ကြီးကို ပိုပြီး လေးစားမိတယ် ]
....
ပရိသတ်များ လေးစား အားကျနေကြသော ဓားကြီး ကိုင်ဆောင်ထားသည့် အခြား ယမမင်းကြီး တစ်ပါးကကော မည်သည့်အရာများလုပ်နေသနည်း။
တောင်ဘက် ခန်းမဆောင်တွင်
ထိုနေရာတွင်လည်း နှစ်ပတ်လည်ပွဲတော် တစ်ခု ကျင်းပနေပေသည်။
သို့သော် အရှေ့ဘက် ခန်းမဆောင်၏ အေးချမ်းမှုနှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက မှန်ပါသည်၊ တောင်ဘက် ခန်းမဆောင်နှင့် နှိုင်းယှဉ်လိုက်မည် ဆိုလျှင် အရှေ့ဘက် ခန်းမဆောင်မှာ အလွန်ပင် အေးချမ်းလှပေ၏။
တောင်ဘက် ခန်းမဆောင်၏ နှစ်ပတ်လည်ပွဲတော်သည် စားသောက် အနားယူရန်ထက် ကိုယ်ခံပညာ ပြိုင်ပွဲ တစ်ခုနှင့် ပို၍ တူနေပေသည်။
အဖွဲ့မှူးကြီးသစ်များ ဖြစ်စေ၊ စီနီယာကြီးများ ဖြစ်စေ၊ ယမမင်းနန်မင် ကိုယ်တိုင်ဖြစ်စေ သူတို့အားလုံးသည် အချင်းချင်း စိန်ခေါ် တိုက်ခိုက်နိုင်ကြ၏။
အစမှ အဆုံးတိုင်အောင် ၎င်းမှာ တိုက်ခိုက်ရေး ပြိုင်ပွဲ တစ်ခုသာ ဖြစ်ပေသည်။
မှန်ပါသည်၊ ယမမင်းနန်မင်ကို စိန်ခေါ်နိုင်သော ဝိညာဉ်တမန်တော်မှာ အနည်းငယ်သာ ရှိပြီး အများစုမှာတော့ ယမမင်းနန်မင်က လက်ယားလာသဖြင့် အထူးတန်းစား ဝိညာဉ်တမန်တော်များနှင့် တရားသူကြီးများကို လိုက်လံ ရိုက်နှက်နေခြင်းသာ ဖြစ်၏။
ထို့ကြောင့် ဤအထူးတန်းစား ဝိညာဉ်တမန်တော်များနှင့် တရားသူကြီးများသည် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ယမမင်းနန်မင်ကို ပူးပေါင်း တိုက်ခိုက်ကြတော့သည်။
သေချာသည်မှာ နောက်ဆုံးတွင် သူတို့ ရှုံးနိမ့်သွားခဲ့သည်သာ ဖြစ်၏။
သို့သော် ဤတိုက်ပွဲသည် နှစ်ပတ်လည်ပွဲတော်တိုင်းတွင် အကောင်းဆုံးဆုံးသော တိုက်ပွဲ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဤတိုက်ပွဲသည် ဝိညာဉ်တမန်တော်ကြီးများ အတွက်လည်း အကျိုးကျေးဇူး အနည်းအကျဉ်း ရရှိစေနိုင်ပေသည်မဟုတ်ပါလော။
🫧 Chapter 206
"လာပါ လာပါ၊ နောက်ဆုံးပေါ် တိုက်ခိုက်ရေး ဝိညာဉ်လက်နက်တွေပါ၊ လက်နက် အသစ်လဲချင်တဲ့ သူတွေ အကုန်လုံး လာကြည့်လို့ ရပါပြီ"
အရှေ့ဘက် ခန်းမဆောင်၏ အေးချမ်းမှုနှင့် တောင်ဘက် ခန်းမဆောင်၏ အုပ်စုဖွဲ့ တိုက်ပွဲကြီးတို့နှင့် နှိုင်းယှဉ်လိုက်မည် ဆိုလျှင် အနောက်ဘက် ခန်းမဆောင်မှာမူ အနည်းငယ် ထူးခြားနေပေသည်။
အလွန်အမင်း အေးချမ်းမှုမျိုးလည်း မရှိသကဲ့သို့ အုပ်စုဖွဲ့ တိုက်ပွဲကြီး ဟူ၍လည်း မရှိချေ။
ဓားချင်းယှဉ်ခုတ်သည့် မြင်ကွင်းများ ဆိုသည်မှာ အပြင်ပန်းတွင် လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။
ရှိသည်မှာ နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုများနှင့် ငွေကြေးအင်အား ပြသမှုများသာ ဖြစ်၏။
အနောက်ဘက် ခန်းမဆောင်၏ နှစ်ပတ်လည်ပွဲတော်သည် ကြီးမားလှသော ဝိညာဉ်လက်နက် လေလံပွဲကြီး တစ်ခုသာ ဖြစ်ပေသည်။
အနှစ်တစ်ရာလုံး စုဆောင်းထားသော ပစ္စည်းများကို ယခုအချိန်တွင် မည်မျှအထိ ထုတ်ပြနိုင်မည် ဆိုသည်ကို ကြည့်ရမည့် အချိန်ဖြစ်၏။
စိတ်ဝင်စားစရာကောင်းသော ပစ္စည်းများ၊ တိုက်ခိုက်ရေး စွမ်းအား မြင့်မားသော ပစ္စည်းများအပြင် အလှကြည့် ပစ္စည်းများနှင့် ကာကွယ်ရေး ပစ္စည်းများလည်း ပါဝင်ပေသည်။
ထိုမျှမက ထူးဆန်းအံ့သြဖွယ် သရဲလက်နက် အချို့ကိုပင် ခင်းကျင်းပြသထားသည်ကို တွေ့ရ၏။
ဥပမာအားဖြင့် ကောက်ကိုင်လိုက်သည်နှင့် 'ကူကူ' ဟု အသံမြည်ပြီး ပစ်လိုက်ပါက မီးရှူးမီးပန်း တစ်ခု ထွက်ပေါ်လာကာ တစ်ဖက်လူကို လန့်သေသွားစေမည့် သေနတ်မျိုး ဖြစ်ပေသည်။
(လန့်သေသွားနိုင်မလား ဆိုသည်ကိုတော့ မပြောတတ်သော်လည်း သေချာပေါက် အသုံးမဝင်လှသည်ကတော့ အမှန်ပင် ဖြစ်၏)
ထို့အပြင် ထိုင်လိုက်သည်နှင့် ဘေးခုံတွင် ထိုင်နေသော သရဲကို အပြင်သို့ လွင့်စင်သွားစေမည့် ဘီးလေးဘီးပါ ယာဉ်တစ်စီးလည်း ရှိပေသေးသည်။
၎င်းကို ဖန်တီးခဲ့သော သရဲ၏ ပြောကြားချက်အရ ဤသို့ဆိုလျှင် မည်သည့် သရဲတစ္ဆေမှ မိမိ၏ ယာဉ်ပေါ်သို့ လွယ်လွယ်ကူကူ တက်ရောက်နိုင်တော့မည် မဟုတ်ဟု ဆို၏။
အကယ်၍ ဘေးခုံတွင် မည်သည့် သရဲမှ ထိုင်မနေခဲ့လျှင်တောင်မှ ယာဉ်တစ်စီးလုံးကို လွင့်ပျံသွားစေနိုင်သော ခလုတ်တစ်ခုလည်း ပါရှိနေသေးပေသည်။
ပိုထူးဆန်းသည်မှာ တိုက်ခိုက်ရေး စွမ်းအား အလွန်ပြင်းထန်ပြီး ၇၀ ရာခိုင်နှုန်းသော အခွင့်အရေးဖြင့် နှစ်ဆ တိုက်ခိုက်မှု စွမ်းအားကို ထုတ်လွှတ်နိုင်သော ဓားကောက် သရဲလက်နက် တစ်ခုပင်။
သို့သော် ထူးဆန်းသည့် အချက်မှာ ၎င်းသည် နှစ်ဆတိုက် ခိုက်မှု စွမ်းအားကို ထုတ်လွှတ်လိုက်တိုင်း ရန်သူကိုပြန်လည် ၍အသေးစားကုသခြင်း စွမ်းအား တစ်ကြိမ် သက်ရောက်စေခြင်းပင် ဖြစ်သည်။
အတိအလင်း ပြောရမည် ဆိုလျှင် ရန်သူကို သွေးပြန်ဖြည့်ပေးနေခြင်းဖြစ်၏။
ဤအရာက သရဲများကို အတော်လေး ဝမ်းနည်းစေသည့်ကိစ္စပင်မဟုတ်ပါလော။
အချိန်ကျလာလျှင် ရန်သူကလည်း အတော်လေးတွေဝေသွားမည် ဖြစ်သည်။
အစက သေတော့မည်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် သွေးအနည်းငယ် ပြန်လည် ပြည့်လာသောကြောင့် ဖြစ်၏။
'ဒါက သေခိုင်းတာလား၊ မသေခိုင်းတာလား'
နှစ်ပတ်လည်ပွဲတော်တွင် ရောက်ရှိနေကြသော စီနီယာဝိညာဉ်တမန်တော်ကြီးများသည် ဤထူးဆန်းသော သရဲလက်နက်များကို ကြည့်ရှုရင်း တစ်ဖက်မှ တွေဝေနေကြကာ တစ်ဖက်မှလည်း ရယ်မောနေကြလေသည်။
'ဝယ်ရမလား၊ မဝယ်ရဘူးလား'
ဤသည်မှာ ငွေကြေးအင်အား ပြသရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည် မဟုတ်ပါလော။
....
အခြား ခန်းမဆောင် သုံးခုကို ကြည့်ပြီးနောက် မြောက်ဘက် ခန်းမဆောင်သို့ လာကြည့်မည် ဆိုပါက မြောက်ဘက် ခန်းမဆောင်မှာ အလွန်ပင် ထူးခြားနေပြီး 'နှစ်ပတ်လည်ပွဲတော် ဆိုတာက ဒီလိုမျိုး ဖြစ်သင့်တာ မဟုတ်ဘူးလား' ဟုပင် တွေးတောသွားစေနိုင်ပေသည်။
အချင်းချင်း လှည့်စားနေကြသော စီနီယာကြီးများနှင့် မျိုးဆက်သစ်များ မရှိသကဲ့သို့ ရိုက်ပုတ် တိုက်ခိုက်နေခြင်းများလည်း မရှိပေ။
ထို့အပြင် တိတ်တဆိတ် ယှဉ်ပြိုင်နေခြင်းများလည်း လုံးဝ မရှိချေ။
မြောက်ဘက် ခန်းမဆောင်၏ နှစ်ပတ်လည်ပွဲတော်သည် အမှန်တကယ်ပင် သန့်စင်သော ဖျော်ဖြေရေး အစီအစဉ် တစ်ခုသာ ဖြစ်၏။
ငြိမ်းချမ်းသာယာပြီး သီချင်းဆို ကခုန်နေကြကာ တူရိယာများ တီးမှုတ်နေကြစဥ် စက္ကူရုပ်များက နောက်ခံအက ကပေးနေကြကာ အလွန်ပင် စည်ကားသက်ဝင်ပြီး ပျော်ရွှင်ဖွယ် ကောင်းလှသည်။
သေချာသည်မှာ လူသားများ အတွက်မူ ဤမြင်ကွင်းသည် အနည်းငယ် ခြောက်ခြားစရာ ကောင်းနေနိုင်ပေ၏။
'စက္ကူရုပ်များ၊ တူရိယာများနှင့် သရဲပရိသတ် တစ်စု' မည်သူကမလန့်ဘဲနေမည်နည်း။
သို့သော် မြောက်ဘက် ခန်းမဆောင်ရှိ ဤအိမ်တွင်းအောင်း သရဲတစ္ဆေကြီးများ အတွက်မူ ရိုက်ပုတ် တိုက်ခိုက်နေခြင်းက ဘာများ ကောင်းသနည်း။
'ရိုးရိုးရှင်းရှင်းလေး တူရိယာ တီးမှုတ်နေတာက မကောင်းဘူးလား'
စက္ကူရုပ်တွေကို စင်ပေါ်တင်ပြီး ဖျော်ဖြေခိုင်းကာကိုယ်တိုင်ကတော့ သက်တောင့်သက်သာ နေပြီး ပွဲကြည့်နေတာက ပိုမိုက်တယ် မဟုတ်ပါလော။
....
ဤရှားပါးလှသော နှစ်ပတ်လည်ပွဲတော်တွင် ပေ့ရွှယ် သည် သူတို့၏ ကောင်းမွန်သော စိတ်ခံစားချက်များကို မနှောင့် ယှက်ခဲ့ချေ။
နှစ်ပတ်လည်ပွဲတော် တစ်ဝက်ခန့် ရောက်ရှိချိန်တွင် သူမသည် ပွဲတော်မှ ထွက်ခွာလာပြီး နောက်ပိုင်း အစီအစဉ်များကို စတင် ပြင်ဆင်နေတော့၏။
"သခင်မ..."
သရဲစစ်သည်တော်များသည် သူမ၏ အနောက်မှ လိုက်ပါလာပြီး တွေဝေစွာဖြင့် စကားစလိုက်သည်။
ပေ့ရွှယ်သည် ခြေလှမ်းများ ရပ်တန့်သွားသော်လည်း နောက်သို့ လှည့်မကြည့်ချေ။
"ငါ ဘာလုပ်မယ် ဆိုတာကို မင်းတို့ သိကြပါတယ် ဆက်နေမလား၊ ထွက်သွားမလား ဆိုတာကို ရွေးချယ်နိုင်ပါတယ်"
"အရင်က ပင်ပန်းသွားကြပြီ"
စကားဆုံးသည်နှင့် ပေ့ရွှယ်သည် ယမမင်းနန်းဆောင်ဆီသို့ ဆက်လက် လျှောက်သွားလေ၏။
ကျယ်ဝန်းလှသော ဤယမမင်းနန်းဆောင်သည် သူမ တစ်ဦးတည်း ပိုင်ဆိုင်သော နေရာဖြစ်ပြီး 'ထိုလူ' က သူမ တစ်ဦးတည်းအတွက် ပေးအပ်ထားခြင်း ဖြစ်သည်။
သို့သော် မကြာမီတွင် သူမနှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။
အနောက်ဘက်တွင် သရဲစစ်သည်တော်များသည် ထိုနေရာတွင်ပင် ရပ်နေကြပြီး တဖြည်းဖြည်း ဝေးကွာသွားသော ထိုပါးလျသည့် ကျောပြင်လေးကို ကြည့်နေကြလေ၏။
အထီးကျန်ဆန်သော်လည်း အနည်းငယ်တော့ ရူးသွပ်နေသည့် ပုံပေါ်ပေသည်။
သူမသည် အလွန် အစွမ်းထက်ပြီး သူတို့ သရဲစစ်သည်တော်များ အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည့်အပြင် မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ အားလုံး လေးစားအားကျရသော နံပါတ်တစ် သရဲကြီးလည်း ဖြစ်၏။
သို့သော် တစ်ချိန်တည်းမှာပင် 'ထိုသခင်' ကို လွမ်းဆွတ်တမ်းတနေချိန်တွင် သူမ ပြသလေ့ရှိသော အထီးကျန်မှုနှင့် စွဲလမ်းမှုများကို သူတို့ နားမလည်နိုင်ခဲ့ကြချေ။
ဤသို့သော ယမမင်း တစ်ပါးနှင့် စာချုပ်ချုပ်ဆိုစဉ်က သူတို့ မည်သည့် ခြိမ်းခြောက်မှုကိုမျှ မခံခဲ့ရပေ။
ထို့အပြင် သူမ အမှားလုပ်မိချိန်တိုင်းတွင်လည်း သူတို့၏ ဆန္ဒ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူတို့ အတူတကွ ပါဝင်ခဲ့ကြသည်သာ ဖြစ်၏။
'ယခုအချိန်တွင် သူတို့ ထွက်ခွာသွားသင့်သလား၊ ထွက်ခွာသွားရန်ကော အရည်အချင်း ပြည့်မီရဲ့လား'
သရဲစစ်သည်တော်များသည် ခြေလှမ်းများကို လှမ်းလိုက်ကြရာ တစ်ဝက်က အရှေ့သို့ သွားပြီး၊ ကျန်တစ်ဝက်ကမူ ဆန့်ကျင်ဘက် အရပ်သို့ သွားကြလေ၏။
၎င်းမှာ အလင်းနှင့် အမှောင် ခြားနားထားသည့် မျဉ်းတစ်ကြောင်းကဲ့သို့ပင် ဖြစ်သည်။
တစ်ဝက်က ဤနေရာမှ ထွက်ခွာသွားကြပြီး ကျန်တစ်ဝက်ကမူ ထွက်ခွာသွားသော ထိုတစ်ဝက်၏ အပြစ်များကိုပါ ထမ်းပိုးကာ အေးချမ်း တိတ်ဆိတ်နေသော ယမမင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားကြတော့၏။
"သခင်မ၊ ကျွန်တော်တို့ကို အတူတကွ လိုက်ပါခွင့်ပြုပါ"
----
----
[Streamer ကြီး နိုးလာတော့မလို့လား၊ ဘယ်လိုလုပ်မလဲ၊ ငါ နည်းနည်း စိတ်လှုပ်ရှားနေတယ်]
[ငါ အခု တိုက်ရိုက်ထုတ်လွှင့်မှု ထဲမှာ ဆက်နေလို့ အဆင်ပြေပါ့မလား၊ Streamer အနေခက်သွားမလား]
[အပေါ်ကလူ၊ မင်း အဲဒီလို ပြောလိုက်မှပဲ ငါပါ စိတ်လှုပ်ရှားလာပြီ]
အရှေ့ဘက် ခန်းမဆောင် မြေအောက်ကမ္ဘာတွင်။
သုံးရက်ကြာ ကျင်းပသော နှစ်ပတ်လည်ပွဲတော် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
စတုတ္ထမြောက်နေ့တွင် အမူးပြေဆေးရည် သောက်ထားသော Streamer ကို ကြည့်ရင်း ပရိသတ်များသည် တစ်ကိုယ်လုံးရှိ ဆဲလ်များ အားလုံး လှုပ်ရှားလာသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် မျှော်လင့်နေသကဲ့သို့ ကြောက်ရွံ့လည်း ကြောက်ရွံ့နေကြ၏။
Streamer နိုးလာပြီးနောက် ပြသမည့် တုံ့ပြန်မှုကို မြင်တွေ့ချင်သော်လည်း တစ်ဖက်မှလည်း ကြည့်ရမည်ကို စိုးရိမ်နေကြသည်။
သို့သော်သူတို့ ကြောက်ရွံ့နေရင်းနှင့်ပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြ၏။
မည်မျှပင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သနည်း။
[သွားပြီ သွားပြီ၊ ငါ ပန်းချီကားတွေ အများကြီး ဆွဲထားတာ၊ Streamer ကြီးက ပါးစပ်ပိတ်ခိုင်းမှာကို ကြောက်လို့ ငါ အရင် လစ်ပြီဟေ့]
[ငါလည်း လစ်ချင်တယ်၊ ဒါပေမယ့် Streamer နိုးလာပြီးရင် ပြမယ့် တုံ့ပြန်မှုကိုလည်း အရမ်း ကြည့်ချင်နေတယ်၊ အား သေတော့မှာပဲ သေတော့မှာပဲ]
['သေရဲတဲ့အဖွဲ့' တွေ ဘယ်မှာလဲ]
[ငါ အိမ်သာ အရင် သွားလိုက်ဦးမယ်]
[အစ်ကိုတို့ရေ၊ အတွေ့အကြုံရှိတဲ့ သူတစ်ယောက် အနေနဲ့ ငါ အကြံပေးချင်တာက အားလုံးပဲ အိမ်သာထဲမှာ သွားထိုင်နေကြပါလို့]
ဤအချိန်တိုလေး အတွင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ လူဦးရေသည် တစ်ဝက်တိတိ ကျဆင်းသွားတော့၏။
ထွက်သွားသော သူများသည် မကြည့်ချင်ကြ၍လော။
မဟုတ်ပါချေ၊ သူတို့က ကြောက်လို့သာ ဖြစ်ပေသည်။
[လစ်ပြီ လစ်ပြီ၊ ဆရာကြီးတို့ ကြည့်ပြီးရင် အင်တာနက်ပေါ်မှာ ပြန်ပြောပြဖို့ မမေ့ကြနဲ့နော်]
[ပြန်ပြောပြဖို့ ဟုတ်လား၊ ငါ ထင်တာတော့ ကြည့်ပြီးသွားရင် ဘယ်သူမှ ပြန်မပြောရဲကြတော့ဘူး ထင်တယ်]
[ဒါကြောင့် ဒီတစ်ခါပဲ ကြည့်ခွင့်ရမှာ၊ ထွက်သွားရင်တော့ ဘာမှ မရှိတော့ဘူး]
ဤမှတ်ချက်ကို မြင်သောအခါ ထွက်သွားရန် ပြင်နေပြီး သူများ ပြန်ပြောပြမည်ကို စောင့်ကြည့်မည့် ပရိသတ် အများအပြားသည် ရပ်တန့်သွားကြတော့၏။
'ဒါက'
'သူတို့ သွားရမလား၊ မသွားရဘူးလား'
[ရှူး Streamer ကြီး နိုးလာပြီ၊ Streamer ကြီး နိုးလာပြီ]
တစ်ခဏအတွင်းမှာပင် မှတ်ချက်များ အားလုံး ရှင်းလင်းသွားတော့၏။
မည်သည့် မှတ်ချက်အသစ်မှ ထွက်ပေါ်မလာတော့ချေ။
ပရိသတ်များ အားလုံးကို သတိပေးနေသော ထိုမှတ်ချက် တစ်ကြောင်းတည်းသာ မျက်နှာပြင်ပေါ်တွင် ဖြည်းညင်းစွာ လွင့်ပျံနေတော့သည်။
ထိုမှတ်ချက်ကို ရေးသားခဲ့သော ပရိသတ် : '...'
'မင်းတို့တွေ ငါ့ကိုဒီလောက်တောင်ဂျင်းထည့်ရသလား'
'မှတ်ချက်တွေ မြန်မြန် ပျောက်သွားစမ်းပါကွာ'
"...."
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် Streamer ၏ မျက်တောင်များ လှုပ်ရှားလာပြီး မျက်လုံးများ ဖွင့်လိုက်သည့် အခိုက်အတန့်တွင်။
ပရိသတ်များ အားလုံးသည် အလိုအလျောက်ပင် အသက်ရှူအောင့်ထားလိုက်ကြပြီး နှလုံးများ တဒိတ်ဒိတ် ခုန်နေကြတော့၏။
----
အမူးပြေဆေးရည်များ တစ်ပန်းကန်ပြီး တစ်ပန်းကန် တိုက်ကျွေးပြီးနောက် ခန်းမဆောင်ကြီး အတွင်းရှိ ဝိညာဉ်တမန်တော်ကြီးများသည် တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြလေသည်။
"ငါ ဘာလို့ စားပွဲအောက်ကို ရောက်နေရတာလဲ"
"ငါ့ခေါင်းပေါ်ကို ဘယ်သူ ပန်းကန် လာမှောက်ထားတာလဲ"
"ထူးဆန်းတယ်ငါ့အဝတ်အစားတွေက ဘာလို့ စုတ်ပြဲနေရတာလဲ၊ ဘယ်သူက ငါနဲ့ လာရန်ဖြစ်သွားတာလဲ"
ဝိညာဉ်တမန်တော်ကြီးများသည် ကုန်းထလာရင်း ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေကြတော့၏။
ဤခန်းမဆောင်ကြီး အတွင်းရှိ ရှုပ်ပွနေမှုများသည် သူတို့ အိပ်ပျော်နေစဉ် အတွင်း အလိုအလျောက် သန့်ရှင်းသွားပြီ ဖြစ်ရာ ယခု တစ်ချက် ကြည့်လိုက်လျှင် အားလုံး အဆင်ပြေနေပုံ ရပေသည်။
တစ်ခုတည်းသော ထူးဆန်းမှုမှာ သူတို့၏ အနေအထားများနှင့် နေရာများသာ ဖြစ်၏။
အချို့သော အဖွဲ့မှူးကြီးများ နိုးလာချိန်တွင် သူတို့သည် ခန်းမဆောင်ကြီး၏ အမိုးရှိ တိုင်ပေါ်တွင် တွဲလောင်း ချိတ်ဆွဲခံထားရသည်ကို တွေ့ရှိလိုက်ရပြီး မည်သို့ ရောက်သွားမှန်းကိုပင် မသိကြချေ။
မည်သို့ပင်ဖြစ်စေ အလွန်ရယ်စရာ ကောင်းနေပေသည်မဟုတ်လော။
အတွေ့အကြုံရှိပြီးသော စီနီယာကြီးအချို့ကမူ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိကြဘဲ အခြား ဝိညာဉ်တမန်တော်များ၏ တုံ့ပြန်မှုများကိုပင် ကြည့်ရှုချင်နေကြသေး၏။
သို့သော် ကြည့်နေရင်းနှင့်ပင် သူတို့ကိုယ်တိုင်လည်း တစ်စုံ တစ်ယောက်နှင့် ရန်ဖြစ်ထားသကဲ့သို့ ဖြစ်နေကြောင်း သတိပြုမိသွားကြသည်။
'ဘာအခြေအနေလဲ၊ ဒီလို မဖြစ်သင့်ဘူးလေ'
သူတို့သည် အမြဲတမ်း ပွဲကြည့်ပရိသတ် အနေအထားကိုသာ ထိန်းသိမ်းထားခဲ့ပြီး အရက်မူးနေချိန်တွင်တောင်မှ ထိန်းချုပ်ထားခဲ့သည်လေ။
'အဆင်ပြေလောက်ပါရဲ့နော်'
အနည်းငယ် စုတ်ပြဲနေသော အဝတ်အစားများကို ကြည့်ရင်း ဤစီနီယာကြီးများသည် မသေချာတော့ချေ။
'ဒီအရာတွေက တိုက်ခိုက်ထားတဲ့ လက္ခဏာတွေများလား’