← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

🫧 Chapter 209

"ရှင်က ဘယ်သူလဲ၊ကျွန်မက ဘာလို့ ဒီကို ရောက်နေရတာလဲ"

ယမမင်းနန်းဆောင် အတွင်းတွင်

မုန့်ပေါ်သည် သူမ၏ အရှေ့ရှိ စိုးရိမ်ထိတ်လန့်နေသော အဖွဲ့မှူးကြီးကို ကြည့်ရင်း တစ်ဖက်လူက သူမကို မသိဟု ခန့်မှန်းလိုက်ပြီး ပြောလိုက်သည်။

"ငါက ဒီနှစ် အသစ်တက်လာတဲ့ မုန့်ပေါ်လေ၊ ယမမင်းကြီးက နင့်ကို ဒီမှာ ငါ့ကို စောင့်ခိုင်းထားတာလား"

အသစ်တက်လာသော အဖွဲ့မှူးကြီး အမျိုးသမီး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ထွက်ပေါ်လာခဲ့၏။ "မုန့်ပေါ်လား၊ ယမမင်းလား၊ ဒါဆို နင့်ဆီမှာ မုန့်ပေါ်ဟင်းချိုလည်း ရှိမှာပေါ့"

မုန့်ပေါ်သည် ဤအဖွဲ့မှူးကြီးသစ်၏ စကားပြောဆိုပုံ၊ လှုပ်ရှားပုံများကို ကြည့်ရင်း စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"နင်က ဘယ်သူလဲ၊ ဘယ်က လာတာလဲ"

"ငါ့မျိုးရိုးနာမည်က ယန်၊ ငါ့အိမ်က ကုန်စုံဆိုင် ဖွင့်ထားတာ"

"...."

"နင်ကကော၊ နင်တို့က ငါ့ကို ဒီခေါ်လာပြီး ဘာလုပ်ကြမလို့လဲ"

"...."

မုန့်ပေါ်သည် ထိုအဖွဲ့မှူးကြီးကို ဆက်မကြည့်တော့ဘဲ ယမမင်းနန်းဆောင်၏ တံခါးဝသို့ လျှောက်သွားကာ တံခါးစောင့်သရဲကို မေးလိုက်၏။

"ယမမင်းကြီးကော ဘယ်မှာလဲ"

တံခါးစောင့်သရဲသည် လက်သီးဆုပ်အရိုသေပေးကာ

"ယမမင်းကြီးက နန်းဆောင်ထဲမှာ မရှိပါဘူး၊ သခင်မကြီး ရောက်လာရင် အထဲက ဝိညာဉ်တမန်တော်ကြီးကို ခေါ်သွားလိုက်ဖို့ပဲ မှာထားခဲ့ပါတယ်"

"ဘာဖြစ်လို့လဲ ဆိုတာကိုတော့ သခင်မကြီးမှတ်ဉာဏ်တွေ ပြန်ရလာရင် သိလိမ့်မယ်လို့ ပြောပါတယ်"

"...."

ထိုအခါမှမုန့်ပေါ်သည် 'ဒုက္ခပဲ' ဟု စိတ်ထဲမှ တွေးလိုက်မိ၏။

သူမ နှစ်ပတ်လည်ပွဲတော်တုန်းက တစ်ခုခုတော့ သေချာ ပေါက်လုပ်ခဲ့မိပြီ ဖြစ်သည်။

သူမ၏ ပိုက်ဆံအိတ်ထဲတွင် ပိုလာသော ငွေများနှင့် ဆက်စပ်တွေးကြည့်လိုက်လျှင် 'သူမ အရက်မူးပြီး အထဲကအမျိုး သမီး အဖွဲ့မှူးကြီးကို ဈေးအတင်းရောင်းခဲ့တာများလား'

'ပြီးတော့ မုန့်ပေါ်ဟင်းချိုနဲ့များ အဆိပ်ခတ်ခဲ့သေးလား'

ထိုသို့မုန့်ပေါ် တွေးတောလိုက်မိသည်။

'ယခုအချိန်တွင် သူမ မှတ်ဉာဏ်ပျောက်နေချင်ယောင် ဆောင်မည်ဆိုပါက အချိန်မီနိုင်ပါဦးမလား'

သို့သော် ယမမင်းကြီး၏စွမ်းရည်ကို တွေးမိသောအခါ သူမ ချက်ချင်းပင် လက်မြှောက် အရှုံးပေးလိုက်တော့၏။

'ဟူး'

'ပိုက်ဆံရှာရတာ မလွယ်ပါလားကွာ'

သူမသည် နန်းဆောင် အတွင်းတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ အရက်များကို စတင် ချေဖျက်ကာမှတ် ဉာဏ်များထဲမှ အကြောင်းရင်းနှင့် ရလဒ်များကို ရှာဖွေရန် ကြိုးစားနေတော့သည်။

သို့သော် သုံးရက်ကြာ နှစ်ပတ်လည်ပွဲတော်၏ မှတ်ဉာဏ်များ တစ်စထက်တစ်စ ပြန်လည် ပေါ်ထွက်လာသည်နှင့်အမျှ မုန့်ပေါ်၏ မျက်နှာ အမူအရာသည်လည်း ပိုမိုထူးဆန်းလာတော့၏။

ခဏအကြာတွင် သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အဝေးတွင် မတ်တတ်ရပ်နေသော ကြောင်အမ်းအမ်း ဖြစ်နေသည့် အမျိုးသမီး အဖွဲ့မှူးကြီးကို ကြည့်လိုက်သည်။

ဤအဖွဲ့မှူးကြီးသည် နှစ်ပတ်လည်ပွဲတော်တွင် သူမ ချက်ပြုတ်ခဲ့သော အမည်းရောင် ဟင်းချိုတစ်အိုးလုံးကို သောက်သုံးခဲ့သည့် အဖွဲ့မှူးကြီးသစ်ဖြစ်မည်မှာ သေချာပေ၏။

'အဲဒီတော့ ပြဿနာက ဒီမှာပဲ'

မုန့်ပေါ်သည် ခေါင်းကိုကုတ်လိုက်ပြီး အနည်းငယ်တော့ ခေါင်းရှုပ်သွားခဲ့သည်။

ယမမင်းကြီး၏ ဆိုလိုရင်းကို ကြည့်ရသည်မှာ သူမ ဖွခဲ့သော ပြဿနာကို သူမကိုယ်တိုင် ပြန်ရှင်းရန် အဓိပ္ပာယ်ရပေ၏။

သို့သော် သူမကိုယ်တိုင်တောင်မှ ထိုအချိန်က သူမကမည်သည့်ဟင်းချို ချက်ခဲ့မိသလဲ ဆိုတာကို မသိတော့ချေ။

'အခု ဘယ်လို ဆက်လုပ်ရမလဲ'

----

အခြားတစ်ဖက်တွင်

ကျန်းလင်သည် နန်းဆောင် ၁၈ သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဝင်တော့မည့်ဆဲဆဲတွင် မနေနိုင်ဘဲ ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။

သူသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီး မီးပုံးများ ချိတ်ဆွဲထားကာ နှစ်သစ်ကူးစာတန်းများ ကပ်ထားပြီး စိမ်းလန်းသော အပင် နှစ်ပင်ကိုပါ အလှဆင်ထားသည့် နန်းဆောင်ကို ကြည့်ရှုလိုက်သည်။

ထို့နောက် တံခါးဝ အထက်ရှိ ဆိုင်းဘုတ်ကို မနေနိုင်ဘဲ သေချာစွာ ထပ်မံကြည့်ရှုလိုက်မိ၏။

ဤသည်က နန်းဆောင် ၁၈ ဆိုသည်ကတော့ သေချာသည်။

ထိုအချိန်တွင် တံခါးစောင့်သရဲ နှစ်ကောင်သည်လည်း ကျန်းလင် ပြန်ရောက်လာပြီ ဖြစ်ကြောင်း သတိပြုမိသွားကြပြီး အရှေ့သို့ တိုးလာကာ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်ကြ၏။

"သခင်ကြီး၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"

"နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"

ကျန်းလင်က ပြန်လည် နှုတ်ဆက်လိုက်ပြီး နန်းဆောင် ၁၈ ၏အပြောင်းအလဲများကို မော့ကြည့်ကာ "ဒါတွေက" ဟု မေးလိုက်သည်။

ထိုအခါညာဘက်ရှိ တံခါးစောင့်သရဲက ရှင်းပြလေ၏။

"သခင်ကြီး၊ ဒါတွေ အားလုံးက ဆယ့်ရှစ်တပ်ဖွဲ့အတွက် ရရှိထားတဲ့ မြေအောက်ကမ္ဘာရဲ့ နှစ်သစ်ကူး လက်ဆောင်တွေပါ အဲဒါတွေအပြင် စားစရာနဲ့ အသုံးအဆောင် တချို့လည်း ပါပါတယ် ကျွန်တော်တို့က အားနေတာနဲ့ နည်းနည်း အလှဆင်လိုက်တာပါ"

ထိုအခါမှသာ ကျန်းလင်သည် ခေါင်းညိတ်လိုက်ပြီး သတိရသွားတော့၏။

နှစ်သစ်ကူး မတိုင်မီ အချိန်လေးက တံခါးစောင့်သရဲများသည် နှစ်သစ်ကူး လက်ဆောင်များ သွားယူမည့် အကြောင်း ပြောခဲ့ဖူးသကဲ့သို့ အလှဆင်ရန် လိုမလိုကိုလည်း သူ့အား မေးမြန်းခဲ့ဖူးပေသည်။

သူ ပြန်ဖြေခဲ့သည်မှာ 'လုပ်လို့ ရတယ်' ဟူ၍ ဖြစ်၏။

သူ ထွက်မသွားခင်က ဤမီးပုံးများကို မတွေ့ခဲ့ရသဖြင့် သူ နှစ်ပတ်လည်ပွဲတော်ကို တက်ရောက်နေသည့် သုံးရက်အတွင်း အလှဆင်ထားခြင်း ဖြစ်မည်ဟု တွေးတောလိုက်သည်။

"သခင်ကြီး၊ လူကြီးမင်း မရှိတဲ့ သုံးရက်အတွင်းမှာ သခင်ကြီး အဖွဲ့မှူးကြီး အဖြစ် ရာထူးတိုးတဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ဝိညာဉ်တမန်တော်ကြီး အများအပြားက နှစ်သစ်ကူး လက်ဆောင်တွေ လာပို့သွားကြပါတယ်"

ဘယ်ဘက်ရှိ တံခါးစောင့်သရဲက ပြောရင်း စာရင်းတစ်ခုကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။

"အဲဒီ နှစ်သစ်ကူး လက်ဆောင်တွေကို ကျွန်တော်တို့ နန်းဆောင်ထဲမှာ ယာယီ သိမ်းဆည်းထားပါတယ်၊ သခင်ကြီး ဝင်ကြည့်လို့ ရပါတယ်"

ကျန်းလင်သည် စာရင်းကို ယူ၍ တစ်ချက် ကြည့်ရှုလိုက်ရာ အပေါ်တွင် လက်ဆောင်လာပေးသူ ရာနှင့်ချီ၍ ရှိနေပြီး ပေးပို့သူ၏ အမည်နှင့် အချိန်များကိုပါ မှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရသည်။

ပြီးလျှင်ချက်ချင်းပင် သူသည် ရင်းနှီးနေသော အမည်နှစ်ခုကို မြင်တွေ့လိုက်ရ၏။

တစ်ခုမှာ နှစ်ပတ်လည်ပွဲတော် ဒုတိယနေ့တွင် ရောက်ရှိလာသော ရွှီရှို့စစ်၏ အိမ်မှ ပေးပို့လာသည့် နှစ်သစ်ကူး လက်ဆောင် ဖြစ်သည်။ ဤအကြောင်းကို သူ သိထားပြီး ဖြစ်သည်။

အခြားတစ်ခုမှာမူ နှစ်ပတ်လည်ပွဲတော် တတိယနေ့တွင် ရောက်ရှိလာသော ယမမင်းနန်းဆောင်မှ ပေးပို့သည့် နှစ်သစ်ကူး လက်ဆောင် ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရပေသည်။

ကျန်သည့် အရာများမှာ မြေအောက်ကမ္ဘာရှိ အဖွဲ့မှူးကြီး အသီးသီးမှ တစ်ယောက်ပြီးတစ်ယောက် ပေးပို့လာခြင်းသာ ဖြစ်၏။

သူသည် စာရင်းကို သိမ်းဆည်းလိုက်ပြီး နန်းဆောင် အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြန်သည်။

သူသည် နောက်သို့ လှည့်လိုက်ပြီး တစ္ဆေစွမ်းအင်များကို အသုံးပြုကာ အနီရောင် စာအိတ်နှစ်အိတ်ကို ဖန်တီးလိုက်ပြီး ငွေကြေးများ ထည့်သွင်းကာ တံခါးစောင့်သရဲ နှစ်ကောင်၏ အရှေ့သို့ လွင့်ပျံသွားစေလိုက်၏။

"ပင်ပန်းသွားကြပြီ၊ ဒီရက်ပိုင်းအတွင်း မင်းတို့ အချင်းချင်း အလှည့်ကျ ယူပြီး အိမ်ပြန်ကာ နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းလိုက်ကြပါဦး"

ဤအခိုက်အတန့်တွင် ကျန်းလင် ရုတ်တရက် သတိပြုမိလိုက်သည်မှာ သူသည် လေတိုက်တိုင်း ဝင်နေသော တဲအိုလေးတွင် တစ်ဦးတည်း နေထိုင်ခဲ့ရသည့် သရဲ မဟုတ်တော့ကြောင်းကိုပင်။

ဤသရဲများသည် သူ့အတွက် အလုပ်လုပ်ပေးနေကြပြီး ယခုကဲ့သို့ နှစ်သစ်ကူး အချိန်အခါမျိုးတွင် သူလည်း အတိတ်နိမိတ်ကောင်းလေး တစ်ခုတော့ ပေးသင့်သည် မဟုတ်ပါလော။

"ကျေးဇူးတင်ပါတယ် သခင်ကြီး! သခင်ကြီး ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီး ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်"

"ကျေးဇူး အများကြီး တင်ပါတယ် သခင်ကြီး သခင်ကြီး အမြဲတမ်း ပြုံးပျော်နိုင်ပြီး ကံကောင်းခြင်းတွေ အဆက် မပြတ် ရောက်လာပါစေလို့ ဆုတောင်းပါတယ်"

တံခါးစောင့်သရဲ နှစ်ကောင်သည် အနီရောင် စာအိတ်များကို ယူလိုက်ကြပြီး မျက်နှာပေါ်တွင် အလွန် ဝမ်းသာပျော်ရွှင်နေသည့် အမူအရာများ ထွက်ပေါ်လာကာ ပါးစပ်မှလည်း ဂုဏ်ပြုစကားများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။

သူတို့အတွက်မူ အနီရောင် စာအိတ် မရှိလျှင်တောင်မှ ဘာမှ မဖြစ်ပေ၊ ဤအရာများ အားလုံးမှာ သူတို့ လုပ်ရမည့် အလုပ်များသာ ဖြစ်သည်။

သို့သော် မည်သူကများ ပိုက်ဆံကို လက်လွှတ်ခံချင်မည်နည်း။

ထို့အပြင် သခင်ကြီးက အနီရောင် စာအိတ် ပေးခြင်းသည် သူတို့၏ အလုပ်ကို အသိအမှတ်ပြုခြင်း တစ်မျိုးလည်း ဖြစ်ပေသည်။

သခင်ကြီးက သူတို့ကို ကိုယ်ချင်းစာ၍ အိမ်ပြန်ကာ နှစ်သစ်ကူးကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခွင့် ပေးခြင်းကပင်လျှင် သူတို့ကို အချိန်အတော်ကြာ ပျော်ရွှင်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။

သူတို့ကို အဖွဲ့ ၁၈ သို့ နေရာချထားခြင်း ခံရသည် ဆိုသည်မှာ အဖွဲ့ ၁၈ အတွက် သီးသန့် အလုပ်လုပ်ပေးရမည့် သရဲများ ဖြစ်လာခြင်းဖြစ်သည်။

အားလပ်ရက် ရ၊ မရ ဆိုသည်မှာ နန်းဆောင်သခင်ကြီး၏ အစီအစဉ်အပေါ်တွင်သာ မူတည်ပေ၏။

ပိုမိုများပြားသော အခွင့်အာဏာနှင့် အဆင့်အတန်းများ ရှိသည့် ဝိညာဉ်တမန်တော်ကြီးများနှင့် နှိုင်းယှဉ်မည် ဆိုပါက သူတို့သည် စွမ်းရည်အနည်းငယ် ရှိသော သာမန်အလုပ် သမား သရဲများသာ ဖြစ်ကြလေသည်။

သို့သော် ဤသို့သော အလုပ်တစ်ခု ရရှိထားခြင်းကပင်လျှင် အခြားသော သာမန် အလုပ်သမား သရဲများထက်များစွာ သာလွန်နေပြီ ဖြစ်၏။

----

"ဟီးဟီး၊ ငါ့မိန်းမက မနေ့ကပဲ ငါ အားလပ်ရက် ယူပြီး အိမ်ပြန်လာလို့ ရမလားလို့ မေးနေတာ"

ညာဘက်ရှိ တံခါးစောင့်သရဲ နျူရှောင်ကော်သည် အနီရောင် စာအိတ်ကို ပွတ်သပ်ရင်း ကျေနပ်ပျော်ရွှင်စွာဖြင့်ပြောလိုက်၏။

သူ အိမ်ပြန်ရောက်လျှင် ဘာတွေလုပ်ရမလဲ ဆိုတာကိုပင် ကြိုတင် စဉ်းစားထားပြီးပုံ ရပေသည်။

နန်းဆောင် ၁၈၏ ဘယ်ဘက်တွင် စောင့်ကြပ်နေသော ရွှီထို့ပေါင်သည် ထိုစကားကို ကြားသောအခါ လက်ထဲရှိအနီရောင် စာအိတ်ကိုပင် ပြုတ်ကျလုမတတ် ဖြစ်သွားတော့၏။

သူသည် ခေါင်းမော့လာပြီး ကြောင်အမ်းအမ်းနှင့် အံ့သြနေသော မျက်နှာဖြင့် "မင်းမှာ ဘယ်တုန်းက မိန်းမ ရှိသွားတာလဲ"

"ဟီးဟီးဟီး မကြာသေးခင်ကမှပါ"

ညာဘက်ရှိ နျဲ့ရှောင်ကော်သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ဟီးဟီးဟီး ရယ်မောကာ ပြောလိုက်၏။

"ပြီးခဲ့တဲ့ အခေါက်က ငါ မင်းကို ပြောပြဖူးတဲ့၊ ငါ့ကို ကွေ့ဟွား ကိတ်မုန့် ခိုးပေးတဲ့ တစ်ယောက်လေ မှတ်မိလား"

ရွှီထို့ပေါင်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားအနည်းငယ်ကို ညှစ်ထုတ်ကာ ပြောလိုက်သည်။

"မိန်းမရှာတာက သတိထားဖို့ လိုတယ်နော်၊ ခန္ဓာကိုယ်ထဲက အရာတွေ အကုန် အထုတ်ခံရမှာကို သတိထားဦး အရင်တလောကပဲ သရဲတစ်ကောင် အလိမ်ခံရပြီး ဗိုက်ခွဲ အူထုတ်ခံလိုက်ရတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာ မဟုတ်ဘူးလား"

နျဲ့ရှောင်ကော်၏ မျက်နှာပေါ်ရှိ အပြုံးများ တောင့်တင်းသွားပြီး "မင်း ငါ့ကို လာမခြောက်ပါနဲ့၊ နှစ်သစ်ကူး အချိန်ကြီးမှာ"

ရွှီထို့ပေါင်က လေးနက်သော လေသံဖြင့် "ဒါကြောင့် မင်း ပိုပြီး သတိထားသင့်တယ်၊ မိန်းမရွေးတာ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး၊ မဟုတ်ရင် ဘာလို့ လူပျိုသိုးတွေ အများကြီး ရှိနေရမှာလဲ"

"အဲဒါက သူတို့ လိုက်မရလို့ မဟုတ်ဘူးလား" ဟု နျဲ့ရှောင်ကော်က အလိုအလျောက် ပြန်ပြောလိုက်သည်။

ထိုအခါ ရွှီထို့ပေါင်သည် ချက်ချင်းပင် ရင်ဘတ်ကို ဓားနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

"...."

"ဒါပေမယ့် မင်းပြောတာလည်း နည်းနည်းတော့ အဓိပ္ပာယ် ရှိပါတယ်" နျဲ့ရှောင်ကော်က စဉ်းစားပြီး ပြောလိုက်သည်။

"ငါ နည်းနည်းလောက် ထပ်ပြီး အကဲခတ်ကြည့်ဦးမယ်"

ရွှီထို့ပေါင်သည် အရှေ့သို့ စိုက်ကြည့်နေလိုက်၏။

' ငါ မကြားဘူး ငါ မကြားဘူး၊ အချစ်တတ်တာက မြန်မြန် သေတတ်တယ်'

'လူပျိုဘဝက ပျော်စရာကောင်းတယ်၊ အမြဲတမ်း လူပျိုဖြစ်နေတာက အမြဲတမ်း ပျော်စရာ ကောင်းတာပဲ'

နှစ်သစ်ကူးမှာ အနီရောင် စာအိတ်လေး ယူပြီး ကိုယ့်ဟာကိုယ် အဝစားရတာက ပိုမိုက်သည်မဟုတ်ပါလော။

----

နန်းဆောင် ၁၈ အတွင်းတွင်

ကျန်းလင်သည် တံခါးစောင့်သရဲများ၏ စကားပြောဆိုမှုများကို သတိမထားမိခဲ့ချေ။

သူသည် နန်းဆောင် အတွင်းရှိ နှစ်သစ်ကူး လက်ဆောင်များကို တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ချက်ချင်းသွား ရောက် စစ်ဆေးခြင်းမပြုဘဲ ထိုင်ခုံဆီသို့ တိုက်ရိုက် ပြန်သွားကာ "ဥကနေစပြီးကြီးပြင်းသည်အထိ ပျိုးထောင်ခြင်း" ဆိုသည့် စာအုပ်ကို ယူ၍ မျက်နှာပေါ်တွင် အုပ်ထားလိုက်၏။

ထို့နောက် တစ်ကိုယ်လုံးကို နောက်သို့ မှီချလျက် အနေအ ထားဖြင့် ထိုင်နေတော့သည်။

ထိုအချိန်အတွင်း နန်းဆောင် အတွင်းတွင် အလွန်တိတ်ဆိတ်နေလေတော့သည်။

ခေတ္တမျှကြာမှ သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်၏။

🫧 Chapter 210

စာအုပ်က အလင်းရောင်ကို ကွယ်ထားပြီး ကျန်းလင်က မျက်လုံးကို မှိတ်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ ဖြစ်သွား၏။

သုံးရက်တာ နှစ်ပတ်လည်ပွဲတော်၏ မြင်ကွင်းများသည် သူ၏ ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည် ထွက်ပေါ်လာနေတော့သည်။

ပထမဆုံး ကျန့်အန်းမင်းသားက သူ့ကို အရက်တိုက်ခဲ့ပြီး ထိုအရက်ခွက် သောက်ပြီးနောက်ပိုင်း သူ၏ အမြင်အာရုံနှင့် အတွေးများသည် စတင် မှုန်ဝါးလာခဲ့၏။

ထို့အပြင် ထူးဆန်းသော အတွေးအမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့သည်။

ဥပမာအားဖြင့် သူ ဘာဖြစ်လို့ အရောင်ခုနစ်မျိုး ဥငယ်လေးကို ရုတ်တရက် လေ့လာချင်စိတ် ပေါက်သွားပြီး ခန်းမဆောင်အပြည့် ဥနောက်ကို လိုက်ပြေးနေခဲ့သလဲ ဆိုတာမျိုးပင် ဖြစ်၏။

ထို့နောက် မုန့်ပေါ်က ဖျော်ဖြေရေးကြေး ကောက်ခံနေသည်ကို သူ မြင်တွေ့လိုက်ရချိန်တွင် ဆိုလျှင်လည်း သူတောင်းစား၊ သိုင်းလောကသား၊ ပျံလွှားငှက် ဘဝသုံးဆက်စာ မှတ်ဉာဏ် အပိုင်းအစများသည်လည်း သူ၏ ခေါင်းထဲတွင် ရောယှက် ဖြတ်သန်းသွားလေ၏။

မျက်လှည့်ဖျော်ဖြေခြင်း ဆိုသည်မှာလည်း သိုင်းလောက သား ဘဝတုန်းက သင်ယူတတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။

သိုင်းလောကသားများလည်း ထမင်းစားရသည် မဟုတ်ပါလော။

ထို့အပြင် မျက်လှည့်ဖျော်ဖြေခြင်းသည် ကိုယ်ပိုင်အမှတ် အသားကို ဖုံးကွယ်ထားနိုင်သော အလုပ်တစ်ခုလည်း ဖြစ်ပေသည်။

လမ်းတကာ၊ အိမ်တကာ လှည့်လည်သွားလာနိုင်သကဲ့သို့ အခြားသူများကိုလည်း လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် အကဲခတ်နိုင်ပြီး မည်သူ့ကိုမျှလည်း သံသယ မဖြစ်စေနိုင်ချေ။

စင်မြင့်အဝိုင်းကြီးပေါ်တွင် ဖျော်ဖြေနေချိန်၌ ကျန်းလင်သည် ထိုအချိန်ကာလများဆီသို့ ရုတ်တရက် ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူသည် လူအုပ်ကြီး၏ အလယ်ဗဟိုတွင် ဖျော်ဖြေနေပြီး ပတ်ဝန်းကျင်တွင် လူများ၏ ဝေဖန်သံများနှင့် အားပေးသံများ ပြည့်နှက်နေပေသည်။

အဝေးဆီမှ ခေါင်းလောင်းသံ မြည်နေသော မြင်းလှည်းများ၊ သခင်မလေးကို မြင်းလှည်းပေါ်သို့ တွဲတင်ပေးနေသော အစေခံကောင်မလေးများ၊ နားရွက်တွင် ပန်ဆင်ထားသော မြစိမ်းရောင် နားကပ်အဝိုင်းလေးများစသည်ဖြင့်မြင်နေရ၏။

ထို့ပြင် မုန့်ဖုတ်ရောင်းသော အမျိုးသားက ချွေးသုတ်ပဝါကို ပခုံးပေါ် တင်လိုက်ပြီးနောက် ပူနွေးနေသော မုန့်တစ်ချပ်ကို စက္ကူဖြင့် သွက်လက်စွာ ထုပ်ပိုးကာ ဆိုင်ရှေ့ရှိ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ထံသို့ ကမ်းပေးလိုက်သည်။

လေထုထဲတွင် အနည်းငယ် တူးနေသော အနံ့လေးနှင့် ကြက်သွန်မြိတ်ဆီ အနံ့လေးများ ပါဝင်နေပေ၏။

ဘဝသုံးဆက်စာ မှတ်ဉာဏ်များကြောင့် ဘဝသုံးဆက် အလကား ပိုနေလိုက်ရသကဲ့သို့ ဖြစ်နေသော်လည်း ဤလူ့လောက၏ အမျိုးမျိုးသော အတွေ့အကြုံများသည် အလွန်ပင် တန်ဖိုးရှိလှပေသည်။

အချို၊ အချဉ်၊ အခါး၊ အစပ် အရသာစုံလင်လှ၏။

ထို့နောက်ကျန်းလင်၏ အတွေးများသည် တဖြည်းဖြည်းနှင့် ပိုမို ဝေးကွာသော နေရာဆီသို့ လွင့်မျောသွားတော့သည်။

နန်းဆောင် ၁၈ အတွင်းတွင် အလွန်တိတ်ဆိတ်နေလေ၏။

ဤတစ်ကြိမ်တွင်မူ အရောင်ခုနစ်မျိုး ဥငယ်လေးသည် ရမ်းသမ်း မလှုပ်ရှားရဲတော့ချေ။

သခင်ဖြစ်သူ၏ အင်္ကျီလက်စွပ်ထဲတွင်သာ လိမ္မာစွာ ပုန်းအောင်းနေတော့သည်။

သန့်ရှင်းရေးသရဲများသည် တိုင်များ၊ နံရံများနှင့် မျက်နှာ ကြက်များပေါ်မှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြပြီး နန်းဆောင် ၁၈ အတွင်း လွင့်ပျံသွားလာနေကြ၏။

သရဲတစ်ကောင်သည် လွင့်ပျံလာရင်း ကျန်းလင် မျက်နှာပေါ်တွင် အုပ်ထားသော စာအုပ်ပေါ်သို့ ကျရောက်လာပြီး သူ၏ နေ့စဉ် အလုပ်များကို ဖွဖွလေး စတင် လုပ်ဆောင်နေတော့သည်။

အနည်းငယ် သိသာထင်ရှားနေသည်မှာ ထိုသန့်ရှင်းရေးသရဲ၏ ကိုယ်ပေါ်တွင် အနီရောင် ဖဲကြိုးတစ်ချောင်း ပတ်နှောင်ထားခြင်း ဖြစ်ပြီး ၎င်းမှာ ပွဲတော်ကို ကျင်းပသည့်အနေဖြင့် ပတ်ထားခြင်း ဖြစ်ပုံရပေသည်။

တုံးအအ ပုံစံလေးနှင့် ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင်စရာ ကောင်းနေသကဲ့သို့ ရယ်လည်း ရယ်ချင်စရာ ကောင်းနေသည်ပင်။

ဤသို့ သဟဇာတဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင် အောက်တွင် ကျန်းလင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။

[ဒင် စနစ်ပိုင်ရှင်နေ့စဉ် တာဝန်ဖြစ်တဲ့ မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကို ဖြန့်ဝေခြင်း နှစ်ပတ်လည်ပွဲတော်ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်။ အမှတ် ၅၀၀ ပေါင်းထည့်လိုက်ပါတယ်]

[ဒင် စနစ်ပိုင်ရှင် နေ့စဉ် တာဝန်ဖြစ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု နှစ်နာရီ (၃/၃) ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ် အမှတ် ၁၅၀၀ ပေါင်းထည့်လိုက်ပါတယ်]

[ဒင် စနစ်ပိုင်ရှင် နေ့စဉ် တာဝန်ဖြစ်တဲ့ ယုံကြည်မှုနှလုံးသား တစ်ထောင် ရယူခြင်း (၃/၃) ကို ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ် ကုသိုလ်အမှတ် ၃၀၀၀ ပေါင်းထည့်လိုက်ပါတယ်]

[ဒင် စနစ်ပိုင်ရှင် တာဝန်တွေကို အပို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဒီတစ်ကြိမ် တာဝန် အမှတ်ဆုကြေးကို နှစ်ဆ တိုးပေးလိုက်ပါတယ်]

ဤအသိပေးသံများသည် ကျန်းလင်အား နှစ်ပတ်လည်ပွဲတော် ကိစ္စများကို အဆက်မပြတ် သတိပေးနေသကဲ့သို့ ဖြစ်နေတော့၏။

ထိူ့နောက် ထိုမူးဝေဝေ ဖြစ်နေသော မြင်ကွင်းများသည် သူ၏ ခေါင်းထဲတွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြန်သည်။

ကျန်းလင် : "...."

သူသည် စနစ်က တမင်သက်သက် လုပ်နေခြင်း ဖြစ်မည်ဟု သံသယ ဝင်မိသွား၏။

ကျန်းလင်သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးကို မှိတ်ကာ ပြန်ဖွင့်လိုက်သည်။

ထိုအခါတွင်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှ မှတ်ချက် တစ်ခုသည် သူ့ ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။

သူသည် မျက်နှာပေါ်ရှိ စာအုပ်ကို ဖယ်ရှားလိုက်ပြီး ထိုင်ခုံမှ ထကာ နန်းဆောင် ၁၈ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

ပြီးလျှင်ချက်ချင်းပင် မြေအောက်ကမ္ဘာမှ လူ့လောကသို့ သွားရာ လမ်းကြောင်းကို ဖွင့်ကာ ခြေလှမ်း တစ်လှမ်းလှမ်းဝင်လိုက်တော့၏။

ဘဝသုံးဆက်စာ မှတ်ဉာဏ်များနှင့် နှစ်ရာချီကြာသော သရဲဘဝ ၊ ဤနှစ်ကာလများ အတွင်းတွင် ကျန်းလင်သည် အမျိုးမျိုးသော အတွေ့အကြုံများကို စမ်းသပ် ဖြတ်သန်းခဲ့ပြီး ထိုအထဲတွင် ရှက်ရွံ့စရာ ကောင်းသော၊ စိတ်ပျက် အားငယ်စရာ ကောင်းသော အချိန်အခါများလည်း ပါဝင်ပေသည်။

လူဆိုသည်မှာ မိမိနှင့် မသက်ဆိုင်သော ကိစ္စများတွင် ပွဲကြည့်ပရိသတ် အဖြစ်သာ နေတတ်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ မှတ်ဉာဏ်များလည်း မှုန်ဝါးသွားလေ့ ရှိပေသည်။

ကျန်းလင် ကိုယ်တိုင်ပင်လျှင် တမင်သက်သက် ပြန်လည် မစဉ်းစားမိပါက ကိစ္စရပ် အများအပြားကို မေ့ပျောက်သွားလေ့ ရှိ၏။

ထို့ကြောင့် 'ပြီးခဲ့တာတွေလည်း ပြီးပါစေတော့' ဟု လူများ မကြာခဏ ပြောလေ့ရှိကြခြင်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ လူသားများသည် အလွယ် တကူ မေ့ပျောက်သွားလိမ့်မည် မဟုတ်ဟု ကျန်းလင် ခံစားနေရ၏။

ပို၍ ဖြစ်နိုင်သည်မှာ မှတ်ဉာဏ်၏ သက်သေ အဖြစ် တစ်ခုခုကို ချန်ထားရစ်ခဲ့နိုင်ချေ ရှိပေသည်။

သူသည် သမိုင်းစာအုပ်များထဲမှ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများ မဟုတ်သော်လည်း '[မရဏလောကမှအံ့ဖွယ်နေ့ရက်များ]' တိုက်ရိုက်ထုတ်လွှင့်မှုသည် လူ့လောကတွင် ပိုမို၍ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီ ဖြစ်ကြောင်းကိုတော့ သူ နားလည်ထားပေသည်။

လူ့လောကတွင်

ယခုအချိန်မှာ နေ့လယ်ခင်း အချိန် ဖြစ်ပေသည်။

သို့သော် များပြားလှသော လူအုပ်ကြီးသည် စောင်ခြုံထဲတွင် အိပ်မောကျနေကြဆဲ ဖြစ်၏။

၎င်းမှာ နှစ်သစ်ကူး အားလပ်ရက် ရထားသောကြောင့် သာမက ထိုလူအုပ်ကြီးထဲမှ အများစုမှာ ညမအိပ်ဘဲ နေခဲ့ကြပြီး ယခုအချိန်လေးမှသာ အိပ်ရာဝင်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

ပုံမှန်အချိန်များတွင် ညမအိပ်ဘဲ နေလေ့မရှိသူ အချို့ပင်လျှင် မကြာသေးမီက ညဉ့်နက်သည်အထိ နေတတ်သော အုပ်စုထဲသို့ ရောက်ရှိသွားကြပြီဖြစ်၏။

ညမအိပ်ဘဲ နေရသည်က ပျော်စရာ ကောင်းသလားဟု မေးလျှင် ပျော်စရာ ကောင်းသည်ဟု ဖြေရပေမည်။

သို့သော် ဤညဉ့်နက်သည်အထိ နေရခြင်းကို ပျော်ရွှင်စရာ ဖြစ်လာစေသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကြောင့်သာ ဖြစ်ပေသည်။

ထိုအရာက တစ်သက်တွင် တစ်ခါသာ ကြုံတွေ့နိုင်သည့်၊ အနှစ်တစ်ရာမှ တစ်ကြိမ်သာ ကျင်းပသော မြေအောက်ကမ္ဘာ၏ နှစ်ပတ်လည်ပွဲတော်ကြီး ဖြစ်သည် မဟုတ်ပါလော။

ဤနှစ်ပတ်လည်ပွဲတော် ပြီးဆုံးသွားပြီးနောက် အင်တာနက်ပေါ်တွင် လူကြည့်အများဆုံး ခေါင်းစဉ်သစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့မည်ကို လူအများအပြားက ကြိုတင် ခန့်မှန်းထားကြပြီး ဖြစ်၏။

#မြေအောက်ကမ္ဘာ၏ နှစ်ပတ်လည်ပွဲတော်၊ အနှစ်တစ်ရာမှ တစ်ကြိမ်သာ ကြုံတွေ့နိုင်ခြင်း#

#ဝိညာဉ်တမန်တော်ကြီးတွေ နှစ်သစ်ကူးမှာ ဘာတွေ လုပ်ကြသလဲ#

#ဝိညာဉ်တမန်တော်ကြီးတွေ အရက်မူးသွားတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာများ#

#မြေအောက်ကမ္ဘာမှ နတ်သေရည်၊ တစ်ခွက်သောက်ရုံနဲ့ သုံးရက်မူးခြင်း#

ဤပွဲတော်ကြီးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသည်ကို တွေးမိသည်နှင့် လူအများအပြားသည် အိပ်မက်ထဲတွင်ပင် စိတ်လှုပ်ရှားနေကြပြီး နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်အထိ ပြုံးရွှင်နေကြတော့၏။

ဤပွဲတော်ကြီး အကြောင်းကို နောက်နောင် သားမြေးများကို ပြန်လည် ပြောပြမည် ဆိုလျှင်တောင်မှ အလွန် ထူးဆန်းပြီး စိတ်ဝင်စားဖွယ် ကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေဦးမည် ဖြစ်သည်။

ထိုအချိန်တွင် အိမ်စာ လုပ်နေသော ကျောင်းသားငယ် တစ်ဦးသည် မျက်မှောင်ကြုတ်ကာ သူ၏ ဒိုင်ယာရီ စာအုပ်ထဲတွင် ပထမဆုံး စာကြောင်းကို ရေးသားလိုက်၏။

'ငါ့အစ်မက အရမ်းမိုက်တဲ့ ကိစ္စတစ်ခုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တယ်'

အချို့သူများ အိပ်မောကျနေချိန်တွင် အချို့သူများကမူ အိပ်မပျော်နိုင်ဘဲ မျက်နှာရှုံ့မဲ့နေကာ အိပ်မပျော်သည့် ရောဂါပင် စွဲကပ်နေကြပြီ ဖြစ်ပေသည်။

ဤနေရာသည် အနားယူခန်း ပါရှိသော အလုပ်ခန်း တစ်ခန်း ဖြစ်ပြီး အတွင်းတွင် ပန်းချီဆွဲသည့် စားပွဲများနှင့် ပန်းချီအသုံးအဆောင်များ အပြည့် ရှိနေပေ၏။

ကျူးယောင်သည် မျက်ကွင်းညိုကြီး နှစ်ဖက်ဖြင့် ကုတင်ပေါ်မှ ကုန်းထလာပြီး သရဲတစ်ကောင်ကဲ့သို့ ပန်းချီစားပွဲ အရှေ့သို့ လွင့်ပျံသွားကာ ထိုင်လိုက်သည်။

သူမ ညမအိပ်ဘဲ နေခဲ့သည်မှာ နှစ်ရက်ပင် ရှိနေခဲ့ပြီ ဖြစ်၏။

ဤနှစ်ရက်အတွင်း သူမ အိပ်ခဲ့ရသည်မှာ လေးနာရီပင် မပြည့်ချေ။

သူမ ဘယ်လိုများ တောင့်ခံထားနိုင်ခဲ့သလဲ ဆိုသည်ကို နတ်ဘုရားများသာ သိပေလိမ့်မည်။

သို့သော် ယခုအခါ မြေအောက်ကမ္ဘာ၏နှစ်ပတ်လည်ပွဲတော် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး သူမ ကုတင်ပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သော်လည်း အိပ်၍ မပျော်နိုင်သေးချေ။

သူမသည် ကွန်ပျူတာကို ဖွင့်လိုက်ပြီး ယခင်က သူမ ဆွဲထားခဲ့သော မြေအောက်ကမ္ဘာ၏ပန်းချီကားများကို လှန်လှောကြည့်ရှုလိုက်၏။

သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင်း အချိန်နှင့်တပြေးညီ ဆွဲခဲ့ခြင်း ဖြစ်သောကြောင့် အလွန်လျင်မြန်စွာ ဆွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုပန်းချီကားများထဲတွင် Q ဗားရှင်း (ခေါင်းကြီးကိုယ်သေး ချစ်စရာ ပုံစံ) များ ပါရှိသကဲ့သို့ ခဲခြစ် အနည်းငယ်ဖြင့် အကြမ်းဖျင်း ပုံဖော်ထားသော ပန်းချီကားများလည်း ပါဝင်ပေသည်။

အလျင်စလို ဆွဲထားခြင်း ဖြစ်သော်လည်း ပန်းချီကားများကို တစ်ချက် ကြည့်လိုက်သည်နှင့် အလွန် ကြည့်ကောင်းနေကြောင်း တွေ့ရ၏။

Q ဗားရှင်း ပန်းချီကားများထဲတွင် ဝိညာဉ်တမန်တော်ကြီးများသည် အလွန်ချစ်စရာကောင်းပြီး နူးညံ့ပျော့ပျောင်း သော ပုံစံလေးများ ဖြစ်နေကြသည်။

ဟင်းချို ချက်နေသော မုန့်ပေါ်သည် ခြေဖျားထောက်ကာ ဇွန်းကြီးကို ကိုင်၍ အားကြိုးမာန်တက် မွှေနေပုံ၊ Streamer ကြီး အရက်မူးပြီးနောက် စားပွဲအရှေ့တွင် မူးဝေဝေဖြင့် ထိုင်ကာ ခေါင်းညိတ်နေပုံ၊ ပါးပြင်ထက်တွင်လည်း အနီရောင် သွေးကြောလေးများ ယှက်သန်းနေသေး၏။

ထို့အပြင် စားပွဲအောက်တွင် ပုန်းအောင်းကာ စားပွဲများကို တိတ်တဆိတ် သိမ်းဆည်းနေသော ဝိညာဉ်တမန်တော်ကြီး စသည်တို့ ပါဝင်ပေသည်။

၎င်းတို့အပြင် ရိုးရှင်းစွာ အကြမ်းဖျင်း ပုံဖော်ထားသော မြင်ကွင်းများလည်း ရှိသေး၏။

ဥပမာအားဖြင့် Streamer ၏ ထိန်းချုပ်မှုကြောင့် ခန်းမဆောင်အပြည့် လွင့်ပျံ လည်ပတ်နေသော ပန်းကန်ခွက် ယောက်များနှင့် ဟင်းလျာများ၊ ပြီးလျှင် အရက်မူးနေသော ဝိညာဉ်တမန်တော်ကြီး အချို့က အရက်အိုးကို ဖက်ကာ မူးဝေနေသည့် ပုံစံများဖြစ်ပေသည်။

ထို့အပြင် Streamer က စားပွဲပေါ်တွင် လက်တစ်ဖက် ထောက်ကာ မျက်လုံးမှိတ်၍ အိပ်ပျော်နေသည့် ပုံစံများလည်း ပါဝင်လေ၏။

ဤပန်းချီကားများတွင် မင်များများစားစား အသုံးမပြုထားသော်လည်း ထိုအချိန်က မြင်ကွင်းများကို ကောင်းစွာ ဖော်ပြနိုင်ခဲ့ပေသည်။ ထိုအထဲတွင် လူပုံများကို ပုံဖော်ထားမှုမှာ ပို၍ပင် သက်ဝင်လှုပ်ရှားနေသေး၏。

ထိုထူးကျူ သည် မြေအောက်ကမ္ဘာ တိုက်ရိုက်ထုတ်လွှင့်မှု၏ အမာခံ ပရိသတ်တစ်ဦးဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ပန်းချီလောကမှ ဆရာသမား တစ်ဦးလည်း ဖြစ်ပြီး "ထိတ်လန့်‌ ခြောက်ခြားဖွယ်" ဟူသော ကာတွန်းနှင့် နာမည်တူ ကာတွန်း လက်ရာများကို ဆွဲခဲ့ဖူးသူ ဖြစ်၏။

မြေအောက်ကမ္ဘာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင် အာရုံစိုက်လာပြီးနောက် သူမ၏ အင်တာနက် စာမျက်နှာပေါ်တွင် မြေအောက်ကမ္ဘာနှင့် ပတ်သက်သော ပန်းချီကားများကို မကြာခဏ တွေ့ရလေ့ ရှိပြီး အများစုမှာ Streamer နှင့် သက်ဆိုင်သော ပန်းချီကားများ ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင်မူ ကျူးယောင်သည် ကွန်ပျူတာထဲရှိ နှစ်ပတ်လည်ပွဲတော်နှင့် ပတ်သက်သော ပန်းချီကားများကို ကြည့်ရင်း ဖျက်ပစ်ရမလား၊ မဖျက်ပစ်ရဘူးလား ဆိုသည်ကို တွေဝေနေမိတော့၏။

ဤပန်းချီကားများကို ဆွဲခဲ့စဉ်က သူမသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ဤအရာများကို နောက်ပိုင်းမျိုးဆက်များအတွက် အမွေအနှစ် အဖြစ်ပင် သိမ်းဆည်းထားချင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူမ မျက်လုံးမှိတ်လိုက်တိုင်း နှစ်ပတ်လည်ပွဲတော် ပြီးဆုံးချိန်၌ Streamer နိုးလာပြီး ကင်မရာကို လှမ်းကြည့်လိုက်သည့် မြင်ကွင်းသည် ခေါင်းထဲတွင် အလိုအလျောက် ပေါ်လာတော့၏။

'ဖျက်ပစ်ရမလား၊ မဖျက်ပစ်ရဘူးလား'

သိထားသင့်သည်မှာ "ထိတ်လန့်ခြောက်ခြားဖွယ်" မန်ဂသည် မကြာသေးမီကမှ အပိုင်းသစ် တင်ခြင်းကို ရပ်နားသွားခဲ့ပြီး ကောလာဟလများ အရ စာရေးသူသည် 'သရဲ' တွေ့သွားသောကြောင့် ဖြစ်သည်ဟု ဆိုကြပေသည်။

ထိုစဥ် ကျူးယောင်တွေဝေနေစဉ်မှာပင် ဘယ်နေရာမှန်း မသိသော နေရာမှ လေအေးတစ်ချက် ရုတ်တရက် တိုက်ခတ်လာသဖြင့် သူမသည် ကိုယ်ပေါ်ရှိ စောင်လေးကို အလျင်အမြန် လုံအောင် ခြုံလိုက်တော့သည်။

All Chapters