အခန်း (၈၄၇-၈၄၈)
Vol. 84 Ch. 847-848
အခန်း (၈၄၇) နောက်ထပ် အမွေခံတစ်ဦး
"သူက သူ့သူငယ်ချင်း လွတ်မြောက်အောင် ကူညီဖို့ ဒီကို လာခဲ့တာပါ။ လမ်းမှာ ကျွန်မကိုလည်း ကူညီခဲ့လို့ ကျွန်မ လွတ်လာခဲ့ပါတယ်။ ကျွန်မလည်း နန်းတော်ကို ပြန်သွားပြီး ခမည်းတော်ကို အကြောင်းစုံ ပြောပြတော့..."
"တော်ပြီ။ မင်းရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းတွေကို ငါတို့ မကြားချင်ဘူး။ အဲဒီလူအကြောင်းပဲ ပြောစမ်း"
မင်းသမီးကျူးက အကြောင်းစုံကို ရှင်းပြရန် ကြိုးစားသော်လည်း ဖူမင်က သူမ၏စကားကို ဖြတ်တောက်ကာ ဟန့်တားလိုက်၏။
"ဟုတ်... ဟုတ်ကဲ့။ သူက သူ့သူငယ်ချင်းကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ မျိုးနွယ်စုကို ကရင်စားချေချင်လို့ ကျွန်မတို့ တပ်မတော်နဲ့အတူ လိုက်ပါခွင့် တောင်းခဲ့ပါတယ်။ အတွင်းထဲရောက်တော့ အချင်းချင်း စကားများရာကနေ တိုက်ပွဲဖြစ်ကြတာပါ။ သူက ကျွန်မရဲ့ မောင်နဲ့ ကောင်းကင်ဘုံအဆင့် စစ်သည်တော်တွေကို သတ်ပစ်ခဲ့ပြီး ကျွန်မတို့ကို ဒီမှာ ပိတ်လှောင်ပြီး ထွက်သွားတာပါပဲ" မင်းသမီးကျူးက ဆိုသည်။
သူမသည် လွတ်မြောက်ပြီးနောက် လုံချန်းက သူမကို သူတည်းခိုသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့သည့် အပိုင်းကိုတော့ ပါးပါးနပ်နပ်ပင် ချန်လှပ်ထားခဲ့၏။ မည်သို့ပင်ဖြစ်စေ လုံချန်းသည် သူမ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်ပေသည်။ သူသည် သူမနှင့် မည်သို့မျှ မပတ်သက်ဘဲ သူမ၏ အသက်ကို ကယ်တင်ခဲ့သဖြင့် ကျေးဇူးတရား အနည်းငယ်တော့ ရှိနေပေသည်။
သူမသည် သူ၏အသက်ကို တစ်ဖန်ပြန်လည် ကယ်တင်ပေးခြင်းဖြင့် ကျေးဇူးကြွေးကို အကျေဆပ်ကာ အညီအမျှ ဖြစ်စေရန် ကြိုးစားနေခြင်းသာ ဖြစ်၏။
"အဲဒီနောက်ပိုင်း သူ ဘယ်ကိုသွားတယ်ဆိုတာ ကျွန်မတို့ မသိတော့ပါဘူး" သူမက ဆက်ပြောသည်။ "ရှင်တို့ အမှန်အတိုင်း မပြောခင်အထိတော့၊ သူပြောတဲ့ စကားတွေနဲ့ သူ့ရဲ့ အင်အားအရ သူက အဆင့်မြင့်နိုင်ငံ တစ်နိုင်ငံက မင်းသားတစ်ပါးပဲလို့ ကျွန်မ ထင်နေခဲ့တာ။ သူက ဒီလောက်အထိ ဆိုးသွမ်းတဲ့သူမှန်း ကျွန်မ လုံးဝ မသိခဲ့ပါဘူး"
ဖူမင်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စာလိပ်တစ်လိပ်ကို ထုတ်ယူကာ ဖြန့်လိုက်၏။
"သူက ဒီပုံစံမျိုးလား" လုံချန်းကို ဖမ်းဆီးရန် အသုံးပြုနေသည့် ပုံတူကို ပြရင်း သူက မေးလိုက်သည်။
မင်းသမီးသည် လိမ်ညာချင်သော်လည်း လုံချန်းကို မြင်တွေ့ခဲ့သူမှာ သူမတစ်ဦးတည်း မဟုတ်ဘဲ အခြားအစောင့်များလည်း ရှိနေသဖြင့် မလိမ်ရဲချေ။ အကယ်၍ သူမ၏ လိမ်ညာမှုသာ ပေါ်သွားခဲ့လျှင် သူမ၏နိုင်ငံအတွက် ဘေးဒုက္ခကြီး ဆိုက်ရောက်လာနိုင်ပေသည်။
"မဟုတ်ပါဘူး။ သူတော်စင် သတ်ဖြတ်သူရဲ့ဓားကို သုံးတဲ့လူက ဒီပုံစံ မဟုတ်ပါဘူး" မင်းသမီးက ပြန်ဖြေလိုက်သည်။
"ဒီပုံစံ မဟုတ်ဘူး ဟုတ်လား။ ဒါ အဲဒီလူ မဟုတ်ဘူးဆိုတာ မင်း သေချာလား။ မင်း မှားကြည့်မိတာမျိုးရော မဖြစ်နိုင်ဘူးလား" ဖူမင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"တကယ်လို့ သူက ဒီလူမဟုတ်ဘူးဆိုရင် သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံ မဟုတ်နိုင်ဘူး။ ဒါမှမဟုတ် သူတို့က တခြားဓားတစ်လက်ကို မြင်ပြီး သူတော်စင် သတ်ဖြတ်သူရဲ့ဓားလို့ မှားမှတ်နေကြတာလား။ ဒီလို အဆင့်နိမ့်နိုင်ငံက လူတွေက သူတော်စင် သတ်ဖြတ်သူရဲ့ ဓားအကြောင်း ဘာသိမှာလဲ။ ဆင်တူတာတစ်ခုခု မြင်ပြီး အဲဒီဓားပဲလို့ ထင်နေကြတာ ဖြစ်မှာပါ" လင်ယီက သရော်လိုက်သည်။
သူတို့သည် ဓားကို မှားယွင်းမှတ်မိနေခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ ထင်နေမိ၏။
"ဟု... ဟုတ်ပါတယ်။ ကျွန်မတို့လည်း အဲဒီဓားကို မမှတ်မိပါဘူး။ ကောင်းကင်ဘုံအဆင့် အကြီးအကဲ တစ်ယောက်က မသေခင်မှာ အဲဒါ သူတော်စင် သတ်ဖြတ်သူရဲ့ဓားလို့ ပြောသွားခဲ့လို့ပါ။ သူ မှားမှတ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့အားလုံးက သူ့စကားကို ယုံလိုက်မိတာပါ။ သူက ရှင်တို့ ရှာနေတဲ့လူ မဟုတ်လောက်ပါဘူး" မင်းသမီးကျူးက လုံချန်းအပေါ် သံသယများ လွင့်စင်သွားစေရန် အခွင့်ကောင်းယူ၍ ပြောလိုက်သည်။
ဖူမင်သည် သူမကို စိုက်ကြည့်လိုက်သော်လည်း သူမ၏ စကားအား အပြည့်အဝတော့ မယုံကြည်ချေ။ သူသည် အာရုံကို တခြား တော်ဝင်တပ်မတော်သားများထံသို့ ပြောင်းလဲလိုက်၏။
"သူ ပြောတာ မှန်လား။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းကပဲ အဲဒီဓားကို မှတ်မိတာလား၊ မင်းတို့ အားလုံးကလည်း သူ့ကိုပဲ ယုံခဲ့ကြတာလား" သူက မေးလိုက်သည်။
"အဲဒါ အမှန်ပါပဲ" အစောင့်များက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြန်ဖြေကြ၏။
"လူမိုက်တွေ။ ငါတို့ရဲ့ အချိန်တွေကို အလကား ဖြုန်းတီးပစ်ကြတာပဲ" လင်ယီက ကျိန်ဆဲလိုက်သည်။
"ငြိမ်ငြိမ်နေစမ်း" ဖူမင်က လင်ယီကို ဟန့်တားလိုက်၏။ သူမ၏ အဆက်မပြတ် မြည်တွန်တောက်တီး ပြောဆိုနေမှုများကို သူ စိတ်ပျက်နေပြီ ဖြစ်သည်။
သူသည် ကုရန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ကုရန်... မင်းမှာ သူတော်စင် သတ်ဖြတ်သူရဲ့ဓား ပုံစံ ပုံရှိလား"
"ကျွန်တော့်မှာ အဲဒီအကြောင်း ရေးထားတဲ့ စာအုပ်ရှိတယ်။ အဲဒီထဲမှာ ဓားရဲ့ ပုံတူက အတိကျဆုံးပဲ" ထိုသို့ ဆိုကာ ကုရန်က စာအုပ်တစ်အုပ်ကို ထုတ်လိုက်၏။
သူသည် စာမျက်နှာများကို လှန်ကြည့်လိုက်ပြီး ထိုပုံအား ရှာတွေ့သွားသည်။
သူသည် ဖူမင်ထံသို့ စာအုပ်ကို ကမ်းပေးလိုက်ရင်း ဆိုသည်။ "ဒီမှာပါ"
ဖူမင်သည် စာအုပ်ကို ယူလိုက်ပြီး မင်းသမီးနှင့် အခြားသူများအား ထိုပုံကို ပြလိုက်သည်။
"ဒါကို သေသေချာချာ ကြည့်စမ်း။ အဲဒီဓားက ဒီပုံစံလား" သူက မေးလိုက်၏။
"ဟုတ်ပါတယ်။ အဲဒီဓားပါပဲ" မင်းသမီးနှင့် အခြားသူများက ပြိုင်တူ ဖြေလိုက်ကြသည်။ မြင်တွေ့ခဲ့သူ အများကြီး ရှိနေသဖြင့် ဤအချက်ကိုတော့ သူမ မလိမ်ရဲချေ။
"ဒါဆိုရင်တော့ အဲဒီလူက သူတော်စင် သတ်ဖြတ်သူရဲ့ဓားကို တကယ်ပဲ ကိုင်ဆောင်ထားတာပေါ့။ ဒါပေမဲ့ သူက ဘာလို့ ပုံတူထဲက လူနဲ့ မတူရတာလဲ။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံဆိုတာ တစ်ယောက်တည်းပဲ ရှိနိုင်တာလေ။ သူတော်စင် သတ်ဖြတ်သူရဲ့ဓားဆိုတာလည်း တစ်လက်တည်းပဲ ရှိတာပဲဥစ္စာ" ပုရှိုက ဤနေရာတွင် တိုက်ခိုက်ခဲ့သူမှာ ထိုဓားကို ပိုင်ဆိုင်ကြောင်း သေချာသွားပြီးနောက် ဝေခွဲမရစွာဖြင့် ရေရွတ်လိုက်သည်။
"အဲဒီလူက သူ့ရဲ့ အသွင်အပြင်ကို ပြောင်းလဲထားတာလည်း ဖြစ်နိုင်တာပဲ။ လူတစ်ယောက်ရဲ့ ပုံစံကို တခြားလူတစ်ယောက်လို ပြောင်းလဲပေးနိုင်တဲ့ ရှားပါးတဲ့ သိုင်းပညာရပ်တချို့ ရှိတယ်လို့ ငါ ကြားဖူးတယ်။ ဖြစ်နိုင်တာက သူ အရင်က အဲဒီပညာကို သုံးထားတာ ဖြစ်ဖြစ် ဒါမှမဟုတ် အခု အဲဒီပညာကို သုံးနေတာ ဖြစ်ဖြစ်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ ရှာဖွေတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်၊ မျက်နှာသစ်ကိုလည်း မှတ်ထားရမယ်" ကုရန်က သုံးသပ်လိုက်သည်။
"သူ့ရဲ့ ပုံစံကို ပြောပြစမ်း။ ငါ အတိကျဆုံး ဖော်ပြချက်ကို အလိုရှိတယ်။ ဖြစ်နိုင်သမျှ အတိကျဆုံးပေါ့" ဖူမင်က စာလိပ်အသစ်နှင့် စုတ်တံကို ထုတ်ရင်း မင်းသမီးအား ပြောလိုက်၏။
သူသည် ထိုအုပ်စုတွင် ပန်းချီအတော်ဆုံးသူ ဖြစ်သဖြင့် ပုံတူကို သူကိုယ်တိုင် ရေးဆွဲရန် ပြင်လိုက်ခြင်း ဖြစ်သည်။
မင်းသမီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လုံချန်း၏ ပုံပန်းသဏ္ဌာန်ကို စတင် ဖော်ပြလိုက်တော့သည်။ အခြား ရွေးချယ်စရာ မရှိသဖြင့် သူမသည် အမှန်အတိုင်းပင် အသေးစိတ် ဖော်ပြနေရခြင်း ဖြစ်၏။
သူမ ဖော်ပြနေစဉ်မှာပင် ဖူမင်က စာလိပ်ပေါ်တွင် ပုံဖော် ရေးဆွဲနေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပုံတူမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ပုံဆွဲပြီးနောက် ဖူမင်သည် တော်ဝင်တပ်မတော်သားများကို ထိုပုံကို ပြလိုက်သည်။ "သေသေချာချာ ကြည့်စမ်း။ သူက အဲဒီလူလား"
"ဟုတ်ပါတယ်။ သူပါပဲ" အားလုံးက ထိုသူမှာ လုံချန်းဖြစ်ကြောင်း သဘောတူလိုက်ကြသည်။
ထိုသူမှာ လုံချန်းဖြစ်ကြောင်း သေချာသွားပြီးနောက် ဖူမင်သည် ပုံတူကို သူ၏ အဖွဲ့သားများအား ပြလိုက်၏။
"နေဦး... ဒီလူ... ငါတို့ ဒီကို လာတုန်းက လမ်းမှာ သူ့ကို ဖြတ်ကျော်ခဲ့တယ် ထင်တယ်" လင်ယီက လုံချန်းနှင့် ကျီရှန်တို့ကို တွေ့ခဲ့သည်ကို ရုတ်တရက် သတိရကာ ထောက်ပြလိုက်သည်။
"နင် သေချာလား" ဖူမင်က လင်ယီကို မေးလိုက်၏။
"ငါ ရာနှုန်းပြည့် သေချာတယ်။ သူက အဲဒီလူပဲ။ တကယ်လို့ သူသွားနေတဲ့ ဘက်ကို လိုက်ပြီး ရှာမယ်ဆိုရင် သူ့ကို ဖမ်းနိုင်ဦးမှာပါ။ သူ ကြည့်ရတာ ဒီနေရာကနေ မြန်မြန်ထွက်သွားချင်ပုံလည်း မရဘူး" လင်ယီက ပြန်ဖြေသည်။
ဖူမင်က ခေါင်းညိတ်လိုက်ပြီး မင်းသမီးကို လှည့်ကြည့်ကာ ဆိုသည်။ "ကောင်းပြီ။ မင်းတို့ကို ထပ်ပြီး မလိုတော့ဘူး။ မင်းတို့ ပြန်သွားပြီး ဒီလူကို ရှာကြတော့။ ငါတို့ကတော့ ငါတို့ဘာသာပဲ ရှာဖွေတော့မယ်"
သူသည် သူ၏ အဖွဲ့သားများနှင့်အတူ ထွက်ခွာသွားတော့၏။
မင်းသမီးနှင့် အခြားသူများမှာမူ မှင်တက်လျက် ကျန်ရစ်ခဲ့ကြသည်။
"ဟက်... ဒါဆို အဲဒီလူက ဒီတိုက်ကြီးရဲ့ ရန်သူပေါ့။ အခု အင်ပါယာက လူတွေ ရောက်လာပြီဆိုတော့ သူ ဘယ်လိုမှ မလွတ်နိုင်တော့ဘူး"
"ဟုတ်တယ်။ သူ့ကို ဖမ်းဖို့ သတင်းအချက်အလက် ပေးခဲ့တာဆိုတော့ ငါတို့အတွက်တော့ တကယ့်ကို ဂုဏ်ပြုစရာပဲ"
"ဟားဟား... ငါတို့ ဆုလာဘ်တွေတောင် ရနိုင်တာပဲ"
တော်ဝင်တပ်မတော်သားများသည် အချင်းချင်း စကားများ ပြောနေကြတော့သည်။
'ဟူး... သူတို့က သူ့ကို မြင်ခဲ့ကြတာကိုး။ ငါလည်း အဲဒီလူကို ကူညီဖို့ တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီပဲ။ သူ အချိန်မဆွဲဘဲ အခုလောက်ဆို ထွက်ပြေးသွားနိုင်ပြီလို့ပဲ မျှော်လင့်ရတာပဲ' မင်းသမီးကျူးက အတွေးထဲတွင် တွေးနေမိလေသည်။
အခန်း (၈၄၈) ကပြပွဲ စတင်ပါစေ
"လုပ်လိုက်စမ်း" ဝူလျာက အချိန်ရပ်တန့်မှုအတွင်း ပိတ်မိနေသော မင်လန်ကို ဓားဖြင့်ထိုးရန် ရှုလျန်အား အတင်းအကျပ် တိုက်တွန်းလိုက်သည်။
ရှုလျန်သည်လည်း ဤအရာကို သူလုပ်ရမည်ဟု သိထားသဖြင့် တုံ့ဆိုင်းမနေတော့ချေ။
တစ်စက္ကန့်မျှပင် ထပ်မံဆိုင်းငံ့မနေတော့ဘဲ သူသည် မျက်စိကို မှိတ်ကာ မင်လန်၏ ရင်ဘတ်တည့်တည့်သို့ ဓားမြှောင်ဖြင့် အားကုန် ထိုးစိုက်လိုက်တော့သည်။
ဝူလျာ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာ၏။
...
သွေးစက်အချို့ မြေပြင်ပေါ်သို့ စတင် ကျလာသည်။
ရှုလျန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးလှသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဝူလျာမှာလည်း မှင်တက်သွားပုံရ၏။ ဤအရာက မည်သို့ကြောင့် ဤမျှ မြန်မြန် ဖြစ်သွားရသနည်း။ ထိုလူက မည်သို့ကြောင့် ဤနေရာတွင် ရောက်နေသနည်း။
ထိုကောင်လေးနှစ်ဦးစလုံးမှာ ဤနေရာတွင် မရှိသင့်သည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရခြင်း ဖြစ်၏။
လုံချန်း ရောက်နေပြီ ဖြစ်သည်။ သူသည် မင်လန်၏ ဘေးတွင် အတိအကျ ရပ်နေ၏။ သူ၏ ညာလက်က သံချေးတက်နေသော ဓားနက်ကြီးကို ကိုင်ထားပြီး သူ၏ ဘယ်လက်မှာမူ ရှုလျန်၏ ဓားမြှောင်သွားအား ဖမ်းဆုပ်ထားသည်။
ဓားမြှောင်မှာ ထက်မြက်လှသဖြင့် လုံချန်း၏ လက်မှာ ရှသွားခဲ့ပြီ ဖြစ်၏။ သွေးများက မြေပြင်ပေါ်သို့ တစက်စက် ကျနေသော်လည်း လုံချန်းသည် ညည်းညူသံ တစ်ချက်မျှပင် မပြုချေ။
"မင်း ဘာတွေလုပ်နေတယ်လို့ ထင်နေတာလဲ" သူသည် ရှုလျန်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ဓားမြှောင်ကို ဆွဲယူကာ ဘေးသို့ လွှင့်ပစ်လိုက်၏။
"ငါတို့ မင်းအပေါ် ထားခဲ့တဲ့ မေတ္တာတွေကို ဒီလိုနဲ့ တုံ့ပြန်တာလား။ မင်းကို သားအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တဲ့ အမျိုးသမီးကို မင်းက တကယ်ပဲ သတ်ဖို့ ကြိုးစားတာလား" သူက ဟောက်လိုက်ပြန်သည်။
"ခင်ဗျားက ကျွန်တော့်အတွက် ဘာလုပ်ပေးခဲ့လို့လဲ။ ခင်ဗျား ဘာတွေများ လုပ်ပေးခဲ့လို့လဲ။ ခင်ဗျားက ကျွန်တော့်ဆီက အရာအားလုံးကို လုယူသွားတာ။ ခင်ဗျားကြောင့် ကျွန်တော့်အဖွား သေခဲ့ရတာ။ ခင်ဗျား ကျွန်တော့်ကို အသုံးချချင်လို့ အဖွားရဲ့ အသက်ကို နှုတ်ယူခဲ့တာ မဟုတ်လား။ ကျွန်တော်က ဘာလို့ ခင်ဗျားကို ဂရုစိုက်ရမှာလဲ။ ခင်ဗျားရဲ့ အတုအယောင် ဂရုစိုက်မှုတွေကို ကျွန်တော် ဘာလို့ အဖိုးတန်ထားရမှာလဲ" ရှုလျန်သည် ဒေါသတကြီး အော်ဟစ်ရင်း နောက်သို့ ဆုတ်လိုက်သည်။
လုံချန်းသည် ထိုစကားများကို ကြားသောအခါ မှင်တက်သွား၏။ ရှုလျန်က သူ၏အဖွား သေဆုံးသွားသည်ကို မည်သို့ သိသွားသနည်း။ သိခဲ့လျှင်ပင် သူ့ကို အဘယ်ကြောင့် အပြစ်တင်နေရသနည်း။ ပျောက်ဆုံးနေသော အမှတ်တရများ ပြန်ရလာလျှင်ပင် ဤအချက်က ယုတ္တိမရှိချေ။
သူ့အဖွား သေဆုံးသွားသည်ကို သူကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့သည် မဟုတ်လော။ လုံချန်းကိုယ်တိုင်ပင် ထိုလူဆိုးများကို သတ်ဖြတ်ပေးခဲ့သည်အား သူ မြင်ခဲ့သည် မဟုတ်လော။ သူက အဘယ်ကြောင့် တရားခံ ဖြစ်သွားရသနည်း။ သူ လုံးဝ နားမလည်နိုင်တော့ချေ။
"မင်း ဘာတွေ ပြောနေတာလဲ။ ငါ့ကို ဘာလို့ အပြစ်တင်နေတာလဲ။ မင်းအဖွားက မင်းရှေ့တင် အသတ်ခံရတာလေ။ မင်းကိုယ်တိုင် မြင်ခဲ့တာပဲ။ ငါက အဲဒီနေရာကို ရောက်သွားခဲ့ရုံပဲ ရှိတာ။ အဲဒီက ဓားပြတွေ အကုန်လုံးကို သတ်ပေးခဲ့တာလည်း ငါပဲ မဟုတ်လား။ သူ သေဆုံးမှုမှာ ငါက ဘယ်လိုလုပ် တာဝန်ရှိမှာလဲ" လုံချန်းက မေးလိုက်သည်။
"လိမ်နေပြန်ပြီ။ အဖွား အသက်ရှင်နေသေးတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ အဖွားနဲ့ စကားပြောခဲ့တယ်လို့ရော မပြောခဲ့ဘူးလား။ ခင်ဗျားက လူလိမ်ပဲ" ရှုလျန်က ရူးသွပ်မတတ် ဒေါသထွက်နေတော့သည်။
"ငါ အဲဒီလို ပြောခဲ့တာက မင်းကို စိတ်မပူစေချင်လို့ပါ။ မင်းက ကလေးပဲ ရှိသေးတာ၊ မင်း အရာအားလုံး ဆုံးရှုံးသွားတာကို ငါက သနားလို့ပါ။ အဲဒါကြောင့်လည်း မင်းကို ငါနဲ့အတူ ခေါ်လာခဲ့တ..."
"လိမ်တာတွေ တော်တော့။ တစ်ခုပြီးတစ်ခု လိမ်မနေနဲ့တော့။ ခင်ဗျားရဲ့ ဘယ်စကားကိုမှ ကျွန်တော် မယုံတော့ဘူး" ရှုလျန်သည် ထပ်မံ၍ သူ၏ စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဟစ်အော်လိုက်သည်။
လုံချန်းနှင့် စတင်တွေ့ဆုံခဲ့စဉ်ကကဲ့သို့ပင် အားကောင်းလှသော စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
"သွားပြီ" လုံချန်းသည် မည်သို့ ဖြစ်တော့မည်ကို ရိပ်မိလိုက်သဖြင့် ဆဲရေးလိုက်မိသည်။ သူသည် ချက်ချင်းပင် မင်လန်၏ ရှေ့သို့ တိုးသွားကာ သူမ ထိခိုက်မှု မရှိစေရန် ကျစ်ကျစ်ပါအောင် ဖက်ထားလိုက်၏။
သူ နေရာပြောင်း၍ ရသော်လည်း အချိန်မလောက်တော့မည်ဖြစ်ပြီး မင်လန်ကိုလည်း နေရာပြောင်းခြင်းထဲသို့ တစ်ပါတည်း ခေါ်သွား၍ မရနိုင်ပေ။ ထို့ကြောင့် သူ တတ်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သော သူ၏ ခန္ဓာကိုယ်ဖြင့် သူမကို အကာအကွယ် ပေးလိုက်ခြင်း ဖြစ်၏။
"စိတ်ဝင်စားစရာပဲ" ဝူလျာသည် ထိုစွမ်းအင်လှိုင်းကို မြင်လိုက်သောအခါ ရေရွတ်လိုက်သည်။ သူ၏ အချိန်စွမ်းအားများက ထိုစွမ်းအင်အပေါ် သက်ရောက်မှု မရှိသဖြင့် ဤအရာမှာ အလွန်ပင် အားကောင်းလှသည်ဟု သူ ခံစားလိုက်ရ၏။ သူကိုယ်တိုင် ထိခိုက်မှု မရှိစေရန်အတွက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး တည်းခိုခန်းအပြင်ဘက်တွင် ပေါ်လာတော့သည်။
သူ တည်းခိုခန်း အတွင်းမှ ထွက်ခွာသွားသည်နှင့်တပြိုင်နက် အချိန်ရပ်တန့်ထားသော စွမ်းအားမှာလည်း ပျက်ပြယ်သွား၏။ အချိန်များ ပြန်လည် လည်ပတ်လာသဖြင့် မင်လန်နှင့် အခြားသူများမှာလည်း ပြန်လည် လှုပ်ရှားနိုင်လာကြသည်။
"လုံချန်း..." မင်လန်မှာ မှင်တက်သွား၏။ သူမ သတိပြန်ဝင်လာသည်နှင့် လုံချန်းက သူမကို ဖက်ထားသည်ကို တွေ့လိုက်ရသော်လည်း သူမ စကားတစ်ခွန်းမျှ မပြောနိုင်ခင်မှာပင် သူမသည် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သူမနှင့် လုံချန်းမှာ နောက်သို့ လွင့်ထွက်သွားပြီး ပြတင်းပေါက်ကို ဖောက်ကာ အပြင်ဘက်သို့ ပြုတ်ကျသွားတော့သည်။
လုံချန်း၏ ကျောပြင်မှာ မီးလောင်ကျွမ်းသွားသော်လည်း သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသုံးပြုကာ သူ၏ ဘေးကင်းမှုအား ထိန်းသိမ်းထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မည်သည့် အရိုးမျှ ကျိုးမသွားခဲ့သော်လည်း နာကျင်မှုကိုတော့ သူ ခံစားနေရ၏။ သူ၏ ကျောပြင်မှ သွေးများ ယိုစီးနေသည်။
လုံချန်းနှင့် မင်လန်တို့သည် ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ပြုတ်ကျနေကြ၏။
ထိုစဉ်မှာပင် ကောင်းကင်မိစ္ဆာတောင်ပံ ပညာရပ်ဖြင့် ဖန်တီးထားသော လှပသည့် တောင်ပံလေးဖက်မှာ လုံချန်း၏ ကျောပြင်တွင် ပေါ်ထွက်လာသည်။ ထိုတောင်ပံများ၏ အကူအညီဖြင့် သူသည် မြေပြင်ပေါ်သို့ မကျသွားစေရန် အပေါ်သို့ ပြန်လည် ပျံတက်လိုက်၏။ သူသည် မင်လန်ကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားဆဲပင် ဖြစ်သည်။
မြို့ပြလမ်းမများပေါ်တွင် သွားလာနေကြသော လူများမှာ မှန်ကွဲသံကို ကြားရသဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးအလား မြင်တွေ့လိုက်ကြရသည်။
လုံချန်း၏ တောင်ပံများမှာ အလွန်ပင် လှပနေသော်လည်း သူ၏ ခန္ဓာကိုယ် အခြေအနေကတော့ အကောင်းဆုံးပုံစံမျိုး မဟုတ်ပေ။
လုံချန်းသည် အပေါ်သို့ တည့်တည့် ပျံတက်သွားပြီး တည်းခိုခန်း၏ ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်သည်။
"ဘာ... ဘာဖြစ်တာလဲ။ ဘယ်သူက ငါတို့ကို တိုက်ခိုက်တာလဲ။ နင် ဘာလို့ ဒဏ်ရာတွေ ရနေရတာလဲ။ လျန်အာကော ဘယ်မှာလဲ" မင်လန်က မေးလိုက်၏။
သူမသည် အချိန်ရပ်တန့်နေစဉ်မှာ ရှိနေခဲ့သဖြင့် ရှုလျန်က သူမကို ဓားဖြင့် ထိုးရန် ကြိုးစားခဲ့သည်အား မသိရှိပေ။ သူမ သိသည်မှာ တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး အပြင်ဘက်သို့ ပြုတ်ကျသွားသည်ဟူသော အချက်သာ ဖြစ်၏။ သူမသည် ရှုလျန်အတွက် စိုးရိမ်မကင်း ဖြစ်နေမိသည်။
သူမ၏ စိုးရိမ်မှုကို ကြားသောအခါ လုံချန်း၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာ၏။
သူ၏ ဘယ်လက်တွင် ဒဏ်ရာရထားသဖြင့် ထိုလက်ဖြင့် မင်လန်၏ မျက်နှာကို မထိလိုချေ။ သူသည် အချိန်ဓားကို ဘယ်လက်သို့ ပြောင်းကိုင်လိုက်ပြီး ညာလက်ကို အားပေးလိုက်သည်။
သူသည် ညာလက်ဖြင့် မင်လန်၏ ပါးပြင်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း ဆိုလိုက်သည်။ "ငါ့မိန်းမရယ်... သူလည်း အဆင်ပြေပါတယ်၊ ငါလည်း အဆင်ပြေပါတယ်။ ဒါက ရန်သူတစ်ယောက်က ခိုးပြီး တိုက်ခိုက်လိုက်ရုံတင်ပါ။ အခု ငါ အပြင်ကို ရောက်ပြီဆိုတော့ သူ့ကို ငါ အပြတ်ရှင်းလိုက်ပါ့မယ်"
မင်လန် တစ်ခုခု မပြောနိုင်ခင်မှာပင် သူက ဆက်ပြောလိုက်၏။ "အခုတော့ နင့်ကို ကမ္ဘာတုထဲမှာ ခဏလောက် နားစေချင်တယ်။ ဒါမှ ငါလည်း စိတ်အေးလက်အေးနဲ့ တိုက်နိုင်မှာပါ"
"ဒါပေမဲ့..."
မင်လန် တစ်ခုခု ပြောရန် ပြင်သော်လည်း စကားမဆုံးခင်မှာပင် သူမသည် ကမ္ဘာတုအတွင်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"ဟူး... ဒီကလေးကို အဖော်အဖြစ် ထားခဲ့မိတာ ငါ့အမှားပဲ။ ငါက သူ့ကို ပိုပြီးတော့တောင် ကြီးမားတဲ့ ရန်သူကြီး ဖြစ်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားပြီ။ သူ့ကို သတ်ပစ်လိုက်တာကပဲ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ် ထင်တယ်" လုံချန်းသည် ခေါင်မိုးအစွန်းသို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ရှုလျန်၏ နောက်ကွယ်တွင် ရပ်နေခဲ့သော အခြားကောင်လေး တစ်ယောက်ကို လမ်းမပေါ်တွင် တွေ့လိုက်ရ၏။
'သူလား... အချိန်နိယာမကို တတ်ထားတဲ့သူ။ ဒါတွေ အားလုံးကို ဖြစ်အောင် လုပ်ခဲ့တဲ့သူက သူလား' လုံချန်းသည် ဝူလျာကို စိုက်ကြည့်ရင်း တွေးနေမိသည်။
ဝူလျာသည်လည်း အပေါ်သို့ မော့ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် သရော်ပြုံးတစ်ခု ပေါ်လာ၏။
သူ၏ နှုတ်ခမ်းများမှာ တစ်စုံတစ်ခုကို ပြောဆိုနေသကဲ့သို့ လှုပ်ရှားသွားသည်။
လုံချန်း မကြားရသော်လည်း ထိုကောင်လေးက "ကပြပွဲ စတင်ပါစေ" ဟု ပြောလိုက်သလို သူ ခံစားလိုက်ရလေသည်။