အခန်း (၈၅၁-၈၅၂)
Vol. 84 Ch. 851-852
အခန်း (၈၅၁) သိုင်းဝိညာဉ် နိုးထခြင်း
"မင်း... ဘယ်သူလဲ" လုံချန်းက ထိုကောင်လေးကို မေးလိုက်၏။ ကောင်လေး၏ စိတ်အခြေအနေမှာ ပုံမှန် မဟုတ်သည်မှာ ထင်ရှားသော်လည်း ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ ရူးသွပ်နေပုံမျိုးတော့ မဟုတ်ပေ။
သူသည် လှုပ်ရှားနေ၏၊ တိုက်ခိုက်နေ၏။ သူ၏ မျက်လုံးများသည်လည်း တစ်စုံတစ်ဦးက ဤခန္ဓာကိုယ်ကို နောက်ကွယ်မှ ကြိုးကိုင်နေသကဲ့သို့ အာရုံစိုက်မှု အပြည့်ရှိနေသည်။
ဤအခိုက်အတန့်တွင် ထိုကောင်လေးသည် မိမိကိုယ်မိမိ သတိရှိနေသေးသည်လား ဆိုသည်ကို လုံချန်း သိချင်နေမိသည်။
"သာမန်လူသားတွေကို မထိခိုက်စေဖို့ ငါ မင်းကို ပြောခဲ့သားပဲ၊ ဒါပေမဲ့ မင်းက နားမထောင်ခဲ့ဘူး" ရှုလျန်က ဆိုလိုက်ရာ ထိုအသံမှာ ရှေးဟောင်း ကာလဆီမှ အချိန်ကာလကို ဖြတ်သန်းလာသည့်အလား ဟိန်းထွက်လာတော့သည်။
"မင်း ဘာကို ဆိုလိုတာလဲ။ ငါ မင်းအဖွားကို သတ်ခဲ့တာ မဟုတ်..." လုံချန်း ပြန်လည် ဖြေရှင်းရန် ကြိုးစားသော်လည်း စကားပင် မဆုံးသေးမီမှာပင် မမြင်ရသော အင်အားတစ်ခုက သူ့ကို နောက်သို့ တွန်းထုတ်လိုက်ရာ သူသည် နောက်ကွယ်ရှိ နံရံကို အရှိန်ဖြင့် ဝင်တိုက်မိသွားတော့သည်။
အဟွတ်... အဟွတ်
လုံချန်းသည် အဆောက်အဦး အပျက်အစီးများကြားမှ ရုန်းထွက်လာရင်း သွေးတစ်လုပ် ထွေးထုတ်လိုက်ရ၏။
'ဒါဟာ အဆုံးသတ်ပဲလား။ ငါ ဘာနိယာမကိုမှ သုံးလို့မရသလို ထွက်ပြေးလို့လည်း မရတော့ဘူး။ အမှောင်ယဇ်ပဏ္ဏာကိုပဲ သုံးရတော့မလား။ ဒါကပဲ နောက်ဆုံး ရွေးချယ်စရာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ငါသာ အဲဒါကို သုံးလိုက်ရင် ဒီမြို့တစ်ခုလုံး ပြာကျသွားလိမ့်မယ်။ ကျီရှန်လည်း ဒီမှာ ပုန်းနေတုန်းပဲ' သူက အားနည်းစွာ ရေရွတ်ရင်း မည်သို့ လုပ်ရမည်ကို တွေးတောနေမိသည်။
သူသည် လွတ်မြောက်ရန် မဖြစ်နိုင်တော့သော အခြေအနေဆိုးနှင့် ရင်ဆိုင်နေရသော်လည်း သူ၏ အသက်ဘေးထက် ဤရန်သူကို မည်သို့ ရင်ဆိုင်ရမည်နှင့် ထိုသို့ လုပ်ဆောင်စဉ်အတွင်း ကျီရှန်အား မည်သို့ မသေအောင် ကာကွယ်ရမည်ကိုသာ ပို၍ စိုးရိမ်နေမိသည်။
"မင်း ဘာလို့ ငါ့ကို တိုက်ခိုက်နေရတာလဲ။ မင်းအဖွားကို ငါ သတ်ခဲ့တာ မဟုတ်ဘူး။ ငါ သူကို သိတောင် မသိဘူး" လုံချန်းသည် ရှုလျန်ကို ဤစိတ်ကယောင်ကတမ်း အခြေအနေအတွင်းမှ နိုးထလာစေရန် အော်ဟစ်လိုက်၏။
"ငါ့ကို ငါ အပြစ်ပေးခံမယ်လို့ ပြောခဲ့တုန်းက သာမန်လူသားတွေကို မထိခိုက်စေပါဘူးလို့ မင်း ကတိပေးခဲ့တယ်၊ ဒါပေမဲ့ မင်း ကတိပျက်ခဲ့ပြီ။ ငါက ဟန်ချက်ညီမှုကို ဖျက်ဆီးခဲ့တာ ဖြစ်နိုင်ပေမဲ့ မင်းကတော့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်တာပဲ။ မင်း သေရမယ်" ရှုလျန်က လေးနက်သော အသံကြီးဖြင့် ဆိုလိုက်သည်။
လုံချန်းမှာမူ သူ မည်သည်များ ပြောနေမှန်းကို လုံးဝ နားမလည်နိုင်တော့ချေ။ မည်သို့သော ဟန်ချက်ညီမှုနည်း။ မည်သို့သော ဂုဏ်သိက္ခာနည်း။ သူသည် ယခင်လူသား ရှုလျန်ပင် ဟုတ်သေးသည်လော။ သို့မဟုတ် အိပ်မက်တစ်ခုခု မက်နေခြင်းလော။
အင်ပါယာမှ လူများမှာမူ မခံနိုင်တော့ဘဲ အလိုအလျောက်ပင် ဒူးထောက်ကျသွားကြတော့သည်။ သူတို့၏ သွေးသားထဲတွင် ကိန်းအောင်းနေသော ရှေးဦးကြောက်ရွံ့မှုတစ်ခုကြောင့် သူတို့၏ ခန္ဓာကိုယ်မှာ စိတ်အလိုကို မလိုက်ဘဲ လှုပ်ရှားသွားခြင်း ဖြစ်၏။
"ဒီကလေးက ဘယ်သူလဲ။ ဘယ်လိုလုပ် ဒီလောက် အင်အားကြီးနေရတာလဲ" လင်ယီက မေးလိုက်၏။ သူမ၏ မျက်နှာတွင် ချွေးများ စိုရွှဲနေပြီ ဖြစ်သည်။
"သူက ကလေးပုံစံ ဖမ်းထားတဲ့ ရှေးဟောင်း မိစ္ဆာအိုကြီး တစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ရဲ့ အရှိန်အဝါက ဒီလောကမှာ အင်အားအကြီးဆုံးဖြစ်တဲ့ အရှင်မင်းကြီးထက်တောင် ပိုပြီး အားကောင်းနေတယ်။ ဒီကလေးက ဒီလောကက လူမဟုတ်တာတော့ ထင်ရှားနေတာပဲ" ဖူမင်က ပြန်ဖြေလိုက်သည်။
"သူက ဒီလောကက မဟုတ်ဘူး ဟုတ်လား။ မင်း ဘာကို ဆိုလိုတာလဲ။ သူက တခြား ကမ္ဘာတစ်ခုက လာတာလား" ကုရန်က ဖူမင်ကို မေးလိုက်၏။
"တခြား ကမ္ဘာတစ်ခုတင် မကဘူး။ ငါ ထင်တာတော့ သူက ပိုပြီး မြင့်မြတ်တဲ့ ကမ္ဘာတစ်ခုဖြစ်တဲ့ အင်မော်တယ် ကမ္ဘာက လာတာ ဖြစ်ရမယ်" ဖူမင်က ဆိုလိုက်သည်။
"အင်မော်တယ် ကမ္ဘာ ဟုတ်လား" လင်ယီက ဝေခွဲမရစွာဖြင့် မေးလိုက်ပြန်၏။
"မင်းတို့ ဒါကို မသိတာ မဆန်းပါဘူး။ ငါတောင် တိုက်ဆိုင်လို့ သိခဲ့ရတာ။ ဒီလောကရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေပဲ အင်မော်တယ် ကမ္ဘာ အကြောင်းကို သိကြတာ"
"အဲဒီ အင်မော်တယ် ကမ္ဘာဆိုတာ ဘာလဲ။ ငါတို့ကိုလည်း ပြောပြပါဦး" ဖူမင် မည်သည်များ သိထားကြောင်း သိလိုသဖြင့် လင်ယီက ဆိုလိုက်သည်။
"ကျင့်ကြံသူတွေက ဒီလူ့လောကရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ ကမ္ဘာ့အတားအဆီးတွေကို ဖောက်ထွက်ပြီး အင်မော်တယ် ကမ္ဘာဆီကို သွားနိုင်ကြတယ်။ ငါ ကြားဖူးသလောက်တော့ အဲဒီ ကမ္ဘာဟာ အင်အားအကြီးဆုံး လူသားတွေ နေထိုင်တဲ့ နေရာပဲ။ အဲဒီမှာပဲ လူသားတွေဟာ စစ်မှန်တဲ့ မသေမျိုးဘဝကို ရရှိကြတာ" ဖူမင်က ရှင်းပြလိုက်သည်။
"တကယ်လား။ အံ့သြစရာပဲ။ ငါ ဒါကို မကြားဖူးတာ မဆန်းပါဘူး။ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေပဲ အင်မော်တယ် ကမ္ဘာကို တက်လှမ်းနိုင်တာကိုး" ကူရန်က အံ့သြတကြီးဖြင့် ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်။ ငါ ကြားဖူးတာကတော့ အဲဒီ ကမ္ဘာမှာရှိတဲ့ ချီစွမ်းအင်ဟာ ဒီကမ္ဘာထက် အဆပေါင်းများစွာ ပိုပြီး သန့်စင်တယ်တဲ့။ တကယ်လို့ ငါတို့သာ အဲဒီမှာ ရှိနေရင် ငါတို့ရဲ့ ကျင့်ကြံမှုနှုန်းက အများကြီး ပိုမြန်မှာ။ အဲဒါကြောင့်ပဲ လူတွေဟာ ပိုပြီး အင်အားကြီးလာအောင် ကြိုးစားကြတာ၊ အဲဒီကို သွားပြီး မျိုးနွယ်စုတစ်ခု တည်ထောင်နိုင်ဖို့ပေါ့။ သူတို့ရဲ့ မိသားစုဝင်တွေဟာ အဲဒီက စွမ်းအင်တွေရဲ့ အကျိုးကျေးဇူးကို ရရှိကြပြီး နောက်မျိုးဆက်တွေဟာ တစ်ဆက်ထက်တစ်ဆက် ပိုပြီး အင်အားကြီးလာကြတာပေါ့" ဖူမင်သည် တိုက်ပွဲကို စောင့်ကြည့်ရင်း ပြောလိုက်သည်။
စင်စစ် တိုက်ပွဲဟုပင် ခေါ်၍ မရတော့ချေ။ ရှုလျန် ကစားနေသည့် ကစားစရာ တစ်ခုကဲ့သို့ လုံချန်းမှာ နေရာအနှံ့ လွင့်ထွက်နေခြင်းသာ ဖြစ်၏။
"ဘာဖြစ်သွားတာလဲ။ အရင်ကလို ဘာလို့ လေသံ မပစ်တော့တာလဲ။ ငါ ဘာမှ မလုပ်ရင် မင်း ကတိတည်ပါ့မယ်လို့ မင်း ဂတိပေးခဲ့တယ် မဟုတ်လား။ အေးချမ်းမှု ရှိစေရမယ်လို့ မင်း ကတိပေးခဲ့ပြီးမှ အခုတော့ ငါ့ရဲ့ ကလေးတွေကို နာကျင်အောင် မင်း လုပ်ခဲ့ပြီ။ ဘာလို့လဲ" ရှုလျန်က ဟိန်းဟောက်ရင်း မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော လုံချန်း၏ ရင်ဘတ်ကို ခြေထောက်ဖြင့် စောင့်နင်းလိုက်တော့သည်။
လုံချန်းသည် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အမှောင်ယဇ်ပဏ္ဏာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သော်လည်း အသုံးမပြုနိုင်မီမှာပင် ထပ်မံ ရိုက်ချက်မိသွားကာ နောက်ဆုံးတွင် သတိလစ်သွားခဲ့ပြီ ဖြစ်၏။
ရှုလျန်၏ စောင့်နင်းခြင်းကို ခံလိုက်ရချိန်တွင် သူသည် မြေပြင်ပေါ်တွင် သတိမေ့မြောနေခဲ့ပြီ ဖြစ်သည်။
သူ၏ အောက်တွင် မြေကြီးများ နိမ့်ဆင်းသွားကာ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး အက်ကွဲကြောင်းများ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ။ အဲဒီကလေး စိတ်မထိန်းနိုင်ဖြစ်ကတည်းက ငါ သွေးမျိုးဆက်ကျောင်းတော် ထဲကနေ ထွက်လို့ မရတော့ဘူး။ လုံချန်းနဲ့ ရှိတဲ့ အဆက်အသွယ်လည်း ပြတ်တောက်သွားသလိုပဲ။ အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ"
ရွှင်းသည် သွေးမျိုးဆက် ကျောင်းတော်အတွင်း ထိုင်ရင်း စိုးရိမ်နေမိသည်။ သူမ မည်မျှ ကြိုးစားသော်လည်း အပြင်သို့ ထွက်၍ မရချေ။ လုံချန်းနှင့်လည်း အဆက်အသွယ် လုပ်၍ မရတော့ပေ။
ယခု ဖြစ်ပျက်နေသည်မှာ ပုံမှန်မဟုတ်သဖြင့် သူမသည် လုံချန်း၏ ဘေးကင်းလုံခြုံမှုအတွက် အလွန် စိုးရိမ်နေမိသည်။ သူမ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရ၏။
သူမ ဆက်ပြီး မအောင့်နိုင်တော့ဘဲ ထရပ်လိုက်သည်။ သူမသည် သွေးမျိုးဆက် ကျောင်းတော်အတွင်းရှိ မှန်တစ်ချပ်ရှိသော အခန်းထဲသို့ လမ်းလျှောက်ဝင်သွား၏။
မှန်အတွင်း၌ ဝေဝါးလှသော အရိပ်တစ်ခု ရှိနေသည်။
"ဘာတွေ ဖြစ်နေလဲ မင်း သိလား။ ငါ သူ့ကို ဆက်သွယ်လို့ မရတော့ဘူး" သူမက မှန်ကို ကြည့်ကာ မေးလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။
သူမသည် စိတ်မရှည်စွာဖြင့် အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ဘေးဒုက္ခတစ်ခု ဆိုက်ရောက်တော့မည်ဟူသော ခံစားချက်မှာ ပို၍ ပြင်းထန်လာတော့သည်။
"ဒီနေ့တော့ ငါ ဒါတွေ အားလုံးကို အမှန်တကယ် အဆုံးသတ်လိုက်တော့မယ်။ မင်း မရှိတော့ရင် ဒီကမ္ဘာအတွက် ခြိမ်းခြောက်မှုလည်း ရှိတော့မှာ မဟုတ်ဘူး။ ဒီကမ္ဘာဟာ မင်းလိုလူမျိုးကို မလိုအပ်ဘူး" ရှုလျန်၏ ရှေးဟောင်းအသံကြီးက ပတ်ဝန်းကျင်၌ ဟိန်းထွက်နေသည်။
ကောင်းကင်ထက်မှ နေမင်းကြီးမှာလည်း ပို၍ ကြီးမားလာကာ အပူချိန်များ မြင့်တက်လာတော့သည်။ မြေပြင်မှာ မီးလောင်နေသည့်အလား ခံစားရ၏။ အပူရှိန် ပြင်းလွန်းလှသဖြင့် ဤမြို့ရှိ လူများသာမက ကမ္ဘာအနှံ့ရှိ လူသားများပါ ချွေးများ ပျံလာကြသည်။
ရှုလျန်သည် လက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ နေရောင်ခြည်တန်းများကို အသုံးပြု၍ ဖန်တီးထားဟန်တူသော ဓားတစ်လက် စတင် ပေါ်ထွက်လာသည်။
နေရောင်ခြည်များက ဓားအသွင်သို့ ပြောင်းလဲသွား၏။ သဘာဝတရား၏ စွမ်းအင်များမှာ ထိုဓားဆီသို့ တဟုန်ထိုး စီးဝင်သွားကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဤဓားကို အင်အားဖြည့်တင်းပေးရန်သာ ဖြစ်သည့်အလား အတိုင်းအဆမရှိသော စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။ ဓားသည် တဖြည်းဖြည်း ပုံဖော်လာ၏။ ၎င်း၏ လက်မတိုင်းမှာ လှပလွန်းလှသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် တည်ရှိသမျှ လက်နက်အားလုံးထက် ပိုမို တောက်ပလှသော ဓားတစ်လက် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ လုံချန်းသာ နိုးနေပါက ဤဓား၏ လှပပုံကို မြင်လျှင် မှင်တက်သွားရမည်မှာ အသေအချာပင်။
"ဒီဓားလား... သူက ဘယ်လိုလုပ် ဟင်းလင်းပြင်ထဲကနေ ဒီလောက် တောက်ပတဲ့အရာကို ဖန်တီးနိုင်ရတာလဲ။ အင်မော်တယ် ကမ္ဘာကလူတွေက တကယ်ပဲ ဒီလောက် အင်အားကြီးတာလား" ကုရန်က ထိုဓားကို ငေးမောရင်း အံ့သြတကြီး ပြောလိုက်သည်။
"တစ်နေ့ကျရင် ငါလည်း အဲဒီကို သွားချင်တယ်။ ငါလည်း ဒီလူလို အင်အားကြီးချင်တယ်" လင်ယီကလည်း ထောက်ခံလိုက်၏။
"မင်း ကတိဖျက်ခဲ့တဲ့အတွက် ပြစ်ဒဏ်အနေနဲ့ ငါ မင်းကို အသေခံခိုင်းမယ်" ရှုလျန်က ဆိုကာ ဓားကို အောက်သို့ ခုတ်ချလိုက်၏။ သို့သော် ထိုခဏမှာပင် တစ်ခုခု ဖြစ်ပျက်သွားတော့သည်။
သွေးမျိုးဆက် ကျောင်းတော်ကြီး တစ်ကျောင်းလုံး တုန်ခါသွား၏။ အချိန်ကာလအတွင်း အမြဲတမ်း ငြိမ်သက်နေသော ကျောင်းတော်ကြီးမှာ ငလျင်လှုပ်သည့်အလား ပထမဆုံးအကြိမ် တုန်ခါသွားသဖြင့် ရွှင်းမှာ မှင်တက်သွားရသည်။
ထိုခဏမှာပင် အခြားသော အရာတစ်ခုလည်း ဖြစ်ပျက်နေသည်ကို သူမ မသိရှိချေ။
လုံချန်း၏ သိုင်းဟင်းလင်းပြင် အတွင်း၌ တစ်ခုခု ဖြစ်ပျက်နေခြင်း ဖြစ်၏။ အမြဲတမ်းလိုလို မျက်စိမှိတ်နေတတ်သော လုံချန်း၏ သိုင်းဝိညာဉ်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်တော့သည်။
သိုင်းဝိညာဉ်က မျက်လုံးဖွင့်လိုက်သည်နှင့်တပြိုင်နက် လုံချန်းသည်လည်း မျက်လုံးများ ပြန်ပွင့်လာ၏။
သိုင်းဝိညာဉ်၏ မျက်လုံးများရော လုံချန်း၏ မျက်လုံးများပါ သွေးကဲ့သို့ နီမြန်းနေလေသည်။
အခန်း (၈၅၂) အပြောင်းအလဲ
လုံချန်း မျက်လုံးပွင့်လာသည်နှင့်တပြိုင်နက် ထိုမျက်လုံးများသည် ယခင်နှင့်မတူတော့သည်မှာ ထင်ရှားလှ၏။ ၎င်းတို့သည် ဖျော့တော့သော ရွှေရောင်အသွင် မဟုတ်တော့ဘဲ မျက်လုံးအိမ်အတွင်း သွေးပင်လယ်ကြီး ကိန်းအောင်းနေသကဲ့သို့ နီမြန်းနေတော့သည်။
သိုင်းဝိညာဉ်၏ မျက်လုံးများနှင့် သူ၏ကိုယ်ပိုင်မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပွင့်လာခြင်းဖြစ်ပြီး နှစ်ခုကြားတွင် ခြားနားချက် လုံးဝမရှိချေ။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားတော့သည်။ ၎င်းသည် ဝူလျာ အသုံးပြုခဲ့သော စွမ်းရည်နှင့် ဆင်တူသော်လည်း မတူညီသည့်အချက်မှာ တည်းခိုခန်း သို့မဟုတ် မြို့တစ်မြို့တည်း၏ အချိန်ကို ရပ်တန့်လိုက်ခြင်းမျိုး မဟုတ်ဘဲ စကြဝဠာတစ်ခုလုံး၏ အချိန်ကာလကို ရပ်တန့်ပစ်လိုက်ခြင်းပင် ဖြစ်၏။
မြစ်ရေတို့ စီးဆင်းမှု ရပ်တန့်သွားသည်။ ငှက်တို့ ပျံသန်းမှု ရပ်တန့်သွားသည်။ ဂြိုဟ်တို့ လည်ပတ်မှု ရပ်တန့်သွားသည်။ အရာခပ်သိမ်း ငြိမ်သက်သွား၏။ မည်သူတစ်ဦးတစ်ယောက်မျှ ဤအချိန်ကာလ ကန့်သတ်ချက်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။
အဝေးတစ်နေရာတွင် ပုန်းအောင်းကြည့်ရှုနေသော ဝူလျာသည်ပင်လျှင် အချိန်နိယာမကို တတ်ကျွမ်းသူ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏အချိန်များပါ ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။
"မင်း ပြီးပြီလား" လုံချန်းက ခပ်တိုးတိုး မေးလိုက်၏။ သူ၏ အသံမှာလည်း ယခင်နှင့် မတူတော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာသည့်အလား ဖြစ်နေသည်။ ထိုအသံတွင် ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသဖြင့် ပို၍ပင် တည်ငြိမ်အေးချမ်းလှ၏။
သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် ဝဲပျံတက်သွားပြီးနောက် ရှုလျန်ကို စိုက်ကြည့်ရင်း မတ်တပ်ရပ်လိုက်သည်။
"မင်း လွတ်လာပြီပေါ့" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
"မင်းပဲ ငါ့ကို လွတ်အောင် ကူညီခဲ့တာလေ" ရှုလျန်က ပြန်ဖြေသည်။
"ငါ့ရဲ့ မှတ်ဉာဏ် အတော်များများကို ငါ မမှတ်မိတော့ဘူး၊ နောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ အခိုက်အတန့်တွေကိုပဲ မှတ်မိတော့တယ်။ သာမန်လူသားတွေကို မထိခိုက်စေပါဘူးလို့ မင်း ငါ့ကို ကတိပေးခဲ့တယ် မဟုတ်လား။ အခု မင်း ကတိဖျက်လိုက်ပြီ။ ဒါဆိုရင် မင်းကို အပြစ်ပေးရမယ့်သူက ငါ ဖြစ်ရမှာပေါ့ ဟုတ်လား" ရှုလျန်က မေးလိုက်သည်။
"ငါ ကတိဖျက်ခဲ့တယ် ဟုတ်လား" လုံချန်းက ဝေခွဲမရစွာ မေးလိုက်၏။
သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများကို တွေ့လိုက်ရသည်။
"ဒါတွေအားလုံးကို ဖြစ်အောင်လုပ်ခဲ့တာ မင်း မဟုတ်ဘူးလား" သူက အေးဆေးစွာ ပြန်ပြောလိုက်၏။ "မင်းက ဘာလို့ ငါ့ကို အပြစ်တင်နေတာလဲ"
"မင်းပိုင်ဆိုင်ထားတဲ့ ဒီကလေး... သူက ဒါတွေအားလုံးကို ဖြစ်အောင်လုပ်ခဲ့တာ။ ငါ့ရဲ့ ဒီခန္ဓာကိုယ်ကို တုန်လှုပ်ခြောက်ခြားစေပြီး ငါ့ရဲ့ မှတ်ဉာဏ်တွေကို ပေါက်ကြားလာစေတာလည်း သူပဲ။ ဒီခန္ဓာကိုယ်က ငါ့ရဲ့ စွမ်းအင်တွေကို မခံနိုင်လို့ သူတို့ကို ထိခိုက်စေခဲ့တာ။ ငါ နိုးလာပြီးတဲ့နောက်မှသာ ဒါကို ငါ ထိန်းချုပ်နိုင်ခဲ့တာပါ" ရှုလျန်က တစ်စုံတစ်ခုကို ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဒီကလေး..." သူက ဆက်ပြောရင်း လုံချန်းကို ကြည့်လိုက်၏။ "ငါ ခံစားလို့ရတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတာပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ လူပေါင်းသန်းနဲ့ချီပြီး သတ်ခဲ့ပြီးပြီ"
"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်း ပြောသလိုပဲ... ငါ သာမန်လူသားတွေရဲ့ ကိစ္စမှာ ဝင်မပါခဲ့ပါဘူး။ မင်း အလိုရှိသလိုပဲ သူတို့ကို သူတို့ဘာသာ ရှင်သန်ခွင့် ပေးထားခဲ့တာပါ။ ဒီကောင်လေးကလည်း သူတို့ထဲက တစ်ယောက်ပဲလေ။ သာမန်လူသားတွေဟာ အာဏာနဲ့ ရာထူးအတွက် အချင်းချင်း သတ်ဖြတ်ကြတာပဲ။ ဒါဟာ မင်း ဖန်တီးခဲ့တဲ့ အကန့်အသတ်ရှိတဲ့ သက်တမ်းကြောင့် ဖြစ်လာရတဲ့ ပြဿနာပဲ။ ဒါဟာ မင်း ဖန်တီးခဲ့တဲ့ မညီမျှမှုရဲ့ ရလဒ်ပဲ။ အဲဒီအတွက် ငါက ဘာလို့ တာဝန်ရှိရမှာလဲ" လုံချန်းက ပြန်ပြောလိုက်၏။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲပင်။
"သာမန်လူသားတွေ အချင်းချင်း သတ်ဖြတ်ကြတာဟာ သူတို့ရဲ့ ကိစ္စပဲ၊ ဘာလို့လဲဆိုတော့ အဲဒါက သူတို့ကို ပိုပြီး ကြီးထွားလာအောင် တွန်းအားပေးလို့ပဲ။ အသက်ဘေးက ဘယ်အချိန်မဆို ကြုံလာနိုင်တယ်ဆိုမှ သူတို့ဟာ တကယ်ပဲ ရှင်သန်နေတယ်လို့ ခံစားကြရတာ။ အဲဒီအချိန်ကျမှ သူတို့ဟာ စစ်မှန်တဲ့ ခံစားချက်တွေကို သိလာကြတာ။ စစ်မှန်တဲ့ ခံစားချက်ဆိုတာ ဘာလဲဆိုတာ တစ်ခါမှ မသိခဲ့ဖူးတဲ့ ငါတို့နဲ့ သူတို့ မတူဘူး" ရှုလျန်က ဆိုလိုက်သည်။
သူတို့ နှစ်ဦးမှာ သာမန်အတိုင်း စကားပြောနေကြသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ တစ်ဦးနှင့်တစ်ဦး အားပြိုင်နေကြခြင်း ဖြစ်၏။
သူတို့၏ စကားလုံးတိုင်းမှာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော လက်နက်များသဖွယ် ဖြစ်နေသော်လည်း သူတို့သည် ပတ်ဝန်းကျင်ရှိ အရာအားလုံး ဘေးကင်းစေရန်အတွက် နယ်ပယ် တစ်ခုကို သူတို့ပတ်လည်တွင် ဖန်တီးထားကြသည်။
"ဒါဆိုရင် မင်းက ဘာလို့ ငါ့ကို အပြစ်တင်နေရတာလဲ" လုံချန်းက နားမလည်နိုင်သကဲ့သို့ မေးလိုက်သည်။
ရှုလျန်က ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ၏ ပါးစပ်မှ သက်ပြင်းတစ်ချက် ထွက်လာ၏။ ထိုသက်ပြင်းတွင် လောကတစ်ခုလုံး၏ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည့်အလား။
"သူတို့ကို သူတို့ဘာသာ ရှင်သန်ခွင့်ပေးထားရင် ကောင်းပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ဘဝထဲမှာ ငါတို့ကိုယ်တိုင် ပါဝင်ပတ်သက်တာကတော့ မှားယွင်းတဲ့ လုပ်ရပ်ပဲ။ မင်းဟာ ဒီကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတာကို ငါ နိုးလာကတည်းက သိလိုက်တယ်။ ဒါကြောင့် မင်းဟာ သာမန်လူသားတွေရဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ပြီးသား ဖြစ်နေပြီ။ သူ့ရဲ့ သတ်ဖြတ်မှုတွေဟာ မင်းရဲ့ သတ်ဖြတ်မှုတွေပဲ၊ ဘာလို့လဲဆိုတော့ မင်းဟာ သူဖြစ်သလို သူဟာလည်း မင်းဖြစ်နေလို့ပဲ" ရှုလျန်က ဆိုလိုက်သည်။
"ငါ့ရဲ့ သတ်ဖြတ်မှုတွေဟာ သူ့ရဲ့ သတ်ဖြတ်မှုတွေလည်း ဖြစ်နေတာပေါ့၊ ဘာလို့ဆိုတော့ မင်း ပိတ်လှောင်ထားတဲ့ ကန့်သတ်ချက်တွေထဲကနေ ငါ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တာ သူပဲလေ။ ငါ့ရဲ့ ဝိညာဉ်ကို မင်း ချည်နှောင်ထားတဲ့ သံကြိုးတွေ ရှိနေသေးပေမဲ့ အားလုံး ပြတ်တောက်သွားဖို့ သိပ်မလိုတော့ပါဘူး။ ငါ့ရဲ့ စွမ်းအားတွေကို ငါ ပြန်ရတော့မယ်။ ဒီတစ်ခါတော့ အရင်လိုမျိုး ငါ အဖြစ်မခံတော့ဘူး။ မင်း ကတိဖျက်ခဲ့ပြီးပြီဆိုတော့ နောက်တစ်ကြိမ် ထပ်ဖြစ်ခွင့် မပေးနိုင်တော့ဘူး" သူက ဆက်ပြော၏။
"ငါက ဒီကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား" လုံချန်းက ပြုံးရင်း မေးလိုက်သည်။
"မရှိဘူးလား" ရှုလျန်က ပြန်မေး၏။
"အဲဒါက အရေးမကြီးပါဘူး။ ထာဝရ နာကျင်မှုကို ခံစားရပြီး ဘယ်တော့မှ လွတ်မြောက်ခွင့် မရတာဟာ မင်းအတွက် ပြစ်ဒဏ်ပဲ။ မတော်တဆ ဖြစ်ရပ်တွေကြောင့် မင်း လွတ်လာခဲ့တာ ဖြစ်နိုင်ပေမဲ့၊ ငါ မင်းကို ပြန်ပို့ပေးပါ့မယ်" လုံချန်းက ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။
"မင်း နောက်တစ်ကြိမ် လုပ်နိုင်ဦးမယ်လို့ ထင်နေတာလား" ထိုသို့ ဆိုကာ ရှုလျန်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
"မင်းရဲ့ မှတ်ဉာဏ်တွေနဲ့ စွမ်းအားတချို့ကို မင်း ပြန်ရထားနိုင်ပေမဲ့ ငါ့ရဲ့ သံကြိုးတွေ မင်းရဲ့ ဝိညာဉ်မှာ ရှိနေသရွေ့ မင်းရဲ့ စွမ်းအား အပိုင်းအစလေး တစ်ခုကိုပဲ မင်း သုံးနိုင်မှာပါ။ အဲဒီ အပိုင်းအစလေးကိုတော့ ငါကလွဲလို့ ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ" လုံချန်းက တိုးတိုးလေး ဆိုကာ သူလည်း ကောင်းကင်သို့ ပျံတက်သွား၏။
ထိုကောင်လေးနှစ်ဦးသည် ကောင်းကင်ပေါ်သို့ အလွန်လျှင်မြန်စွာ ပျံတက်သွားကြသဖြင့် အကယ်၍ ကမ္ဘာကြီး၏ အချိန်ကာလသာ ရပ်တန့်မနေပါက သူတို့ကို မည်သူမျှ မြင်နိုင်မည် မဟုတ်ချေ။ သူတို့၏ အရှိန်မှာ နေရာပြောင်းခြင်းထက်ပင် ပို၍ မြန်ဆန်နေပေသည်။
မကြာမီ သူတို့သည် ကမ္ဘာကြီး၏ အနားသတ်ကို ကျော်လွန်သွားကြ၏။ အင်မော်တယ် ကမ္ဘာကိုပင် ဖြတ်သန်းသွားကြသည်။
သူတို့ တိုက်ခိုက်ကြလျှင် အရာအားလုံး ပျက်စီးသွားမည်ကို မလိုလားသဖြင့် လူသားမျိုးနွယ်များနှင့် ဝေးရာသို့ ဆက်လက် ပျံသန်းသွားကြတော့သည်။
ထိုသို့ ပျက်စီးသွားခြင်းမျိုးကို မည်သူမျှ မလိုလားချေ။ အထူးသဖြင့် ရှုလျန်သည် ထိုသို့မဖြစ်အောင် သူ၏ စွမ်းအားများကိုပင် စတေးခဲ့ပြီး လုံချန်း၏ ခန္ဓာကိုယ်ထဲက ပုဂ္ဂိုလ်အား သူ၏ မှတ်ဉာဏ်များကို တံဆိပ်ခတ်နှိပ် ပိတ်လှောင်ခွင့် ပေးခဲ့သူ ဖြစ်သည်။ သူ၏ ဝိညာဉ်ကို စကြဝဠာ နိယာမပေါင်း ၁၂၀ ဖြင့် ပြုလုပ်ထားသော သံကြိုးကြီးများဖြင့် ချည်နှောင်ခွင့် ပေးခဲ့သူလည်း ဖြစ်၏။
ယခုအခါ ထိုသံကြိုး ၁၈ ချောင်းအနက် ၁၆ ချောင်းမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည်ပင် ရှုလျန်ကို အတိုင်းအဆမရှိသော စွမ်းအားများ ရရှိစေရန် လုံလောက်လှပေသည်။
"မင်း နှေးသွားတာပဲ။ ဘာဖြစ်တာလဲ" လုံချန်း၏ ပျံသန်းမှု နှေးကွေးသွားသည်ကို သတိပြုမိသဖြင့် ရှုလျန်က မေးလိုက်၏။
မိမိ၏ စွမ်းအားများသာ ကန့်သတ်ခံထားရခြင်း ဖြစ်သည်။ အခြားတစ်ဦးက အဘယ်ကြောင့် နှေးနေရသနည်း။ သူ သံသယ ဖြစ်သွားမိသည်။
"မင်း အိပ်ပျော်နေတုန်းမှာ အများကြီး ပြောင်းလဲသွားခဲ့ပြီလေ။ မင်းကို ပြောပြနေဖို့ ငါ့မှာ အချိန်မရှိဘူး။ မင်းကို ပြန်ပြီး အိပ်ခိုင်းလိုက်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
လုံချန်းနှင့် ရှုလျန်တို့ စကားပြောနေကြသော်လည်း စစ်မှန်သော လုံချန်းမှာမူ အခြားနေရာ တစ်နေရာတွင် ရောက်ရှိနေ၏။
လုံချန်းသည် အလင်းစက်ကလေး တစ်စက်မျှပင် မရှိသော မှောင်မည်းလှသည့် နေရာတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။