← Chapters

အခန်း (၈၄၃-၈၄၄)

Vol. 84 Ch. 843-844

အခန်း (၈၄၃-၈၄၄)

Vol. 84 Ch. 843-844

​အခန်း (၈၄၃) သံတမန်များ

လုံချန်းသည် လူတိုင်းကို အကျဉ်းထောင်မျှော်စင်သို့ ခေါ်ဆောင်လာခဲ့သည်။

​မင်းသမီးကိုယ်တိုင်က သဘောတူထားပြီး ဖြစ်သဖြင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြချေ။ အကယ်၍ တစ်စုံတစ်ယောက်က ကန့်ကွက်ခဲ့လျှင်ပင် မည်သို့မျှ ထူးလာမည်မဟုတ်ကြောင်း သူတို့ သိထားကြသည်။ လုံချန်းသည် တိုက်ပွဲမှ လွတ်မြောက်လာသူဖြစ်ပြီး သူ့ကို ဟန့်တားနိုင်မည့်သူလည်း မရှိတော့သဖြင့် အားလုံးက ငြိမ်သက်စွာပင် လိုက်ပါလာခဲ့ကြသည်။

​သူတို့အားလုံးသည် ရေစီးကြောင်းအတိုင်း လိုက်ပါရင်း အကျဉ်းချခံရန် သဘောတူလိုက်ကြတော့၏။

​"ဒီမှာပဲ နေခဲ့ကြပါ။ မင်းပြောသလိုပဲ တော်ဝင်တပ်မတော်က မင်းတို့ကို ကူညီဖို့ တစ်ယောက်ယောက် လွှတ်လိုက်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ငါက အဝေးကြီးကို ရောက်နေလောက်ပါပြီ" လုံချန်းက သူ မထွက်ခွာမီ အကျဉ်းခန်း၏ တစ်ဖက်ခြမ်းတွင် ရှိနေသော မင်းသမီးကို ပြောကြားခဲ့သည်။

​လုံချန်းနှင့် ကျီရှန်တို့သည် ရှဲ့မျိုးနွယ်စုဝင်းအတွင်းမှ အတူတူ ထွက်လာခဲ့ကြ၏။

​လုံချန်းက ကျီရှန်၏ ပုခုံးကို ပုတ်ရင်း ဆိုလိုက်သည်။ "မင်းရဲ့ ချစ်သူကို သတ်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့သူတွေ အားလုံး သေကုန်ကြပြီ။ ဒါက သူ သေသွားတဲ့ အမှန်တရားကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပေမဲ့ အခုဆိုရင်တော့ သူ့ရဲ့ ဝိညာဉ် အေးချမ်းသွားပြီမို့ မင်း ကျေနပ်နိုင်ပါတယ်"

​"စိတ်မပူပါနဲ့။ ငါ အဆင်ပြေပါတယ်။ ဒီလို ကိစ္စမျိုးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါ သိပါတယ်။ အဲဒီကိစ္စ ဖြစ်ပျက်ခဲ့တာလည်း ကြာလှပြီပဲ။ ငါလည်း စိတ်လျှော့နိုင်ခဲ့ပါပြီ" ကျီရှန်က သက်ပြင်းချရင်း ပြန်ဖြေ၏။ "သူ ပြန်မလာတော့ဘူးဆိုတာ ငါ သိပါတယ်။ သူ မရှိဘဲနဲ့ပဲ ငါ ဆက်ပြီး ရှင်သန်နိုင်အောင် ကြိုးစားသွားရမှာပေါ့"

​"မင်း နောက်ထပ် မိန်းကလေးတစ်ယောက် ထပ်တွေ့မှာပါ။ စိတ်မပူနဲ့" လုံချန်းက ပြောလိုက်သည်။

​"ဪ... ဒါနဲ့ စကားမစပ်၊ ခုနက မင်းသမီးကို ဘယ်လိုမြင်လဲ။ သူက ချစ်စရာလေးနော် ဟုတ်တယ်မလား" သူက စပ်စုလိုက်ပြန်သည်။

​"ဘာလဲ... မင်းက သူ့ကို သဘောကျလို့လား" ကျီရှန်က ရယ်မောရင်း မေးလိုက်၏။

​"ငါ့အတွက် မဟုတ်ပါဘူးကွာ... မင်းအတွက် ပြောတာပါ။ ငါ့မှာက အများကြီး ရှိပြီးသားပဲ" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြန်ဖြေလိုက်သည်။

​'ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ဇနီးတွေထဲက တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူး။ သူက လှတော့ လှပါရဲ့၊ ဒါပေမဲ့ ငါ့ဇနီးတွေလောက်တော့ မဟုတ်ဘူး။ ပါရမီပိုင်းမှာလည်း ထူးချွန်ပေမဲ့ အံ့သြစရာကောင်းလောက်တဲ့ အထိတော့ မဟုတ်ဘူး' လုံချန်းက အတွေးထဲတွင် တွေးနေမိသည်။

​"ငါ့အတွက်လား... တော်ပါပြီကွာ။ ကျေးဇူးပဲ။ သူက လှပါတယ်၊ ဒါပေမဲ့ ငါကတော့ အခုလောလောဆယ် နောက်ထပ် ပတ်သက်မှုတစ်ခု စတင်ဖို့ အဆင်မပြေသေးဘူး။ နောက်မှပဲ ကြည့်ကြတာပေါ့" ကျီရှန်က ဆို၏။

​"ကောင်းပါပြီလေ... မင်းက အဲဒီလို ပြောမှတော့လည်း။ ဒါပေမဲ့ ငါ ထင်တာတော့ သူက မင်းကို စိတ်ဝင်စားနေပုံပဲ" လုံချန်းက ပြုံးလျက် ပြောလိုက်ပြန်သည်။

​ကျီရှန်က ခေါင်းခါရင်း ရယ်မောလိုက်၏။ "သူက ငါ့ကို ကြည့်နေတယ် ဟုတ်လား။ မင်းပဲ မျက်စိမှောက်နေတာ ဖြစ်ရမယ်။ သူ ကြည့်နေတဲ့ တစ်ဦးတည်းသောသူက မင်းပဲ။ တကယ်လို့ မင်းသာ သူ့ကို ချိန်းလိုက်ရင် သူက ချက်ချင်း သဘောတူမှာ သေချာတယ်"

​"သူ ငါ့ကို ကြည့်နေတာက ငါ့ရဲ့ နောက်ကြောင်းကို စပ်စုချင်လို့ပါ။ တခြား ဘာမှ မဟုတ်ပါဘူး" လုံချန်းက အဖြေပေးလိုက်လေသည်။

​လုံချန်းနှင့် ကျီရှန်တို့ တည်းခိုခန်းသို့ ပြန်လျှောက်လာနေစဉ်မှာပင် သူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို မသိရှိကြချေ။

​တော်ဝင်နန်းတော် အနီးသို့ လင်းယုန်ငါးကောင် ဆင်းသက်လာပြီး ၎င်းတို့အပေါ်တွင် စီးနင်းလိုက်ပါလာသူများမှာ အောက်သို့ ဆင်းလာကြ၏။

​"ဒါက ဘုရင်ရဲ့ နန်းတော်ပေါ့။ ဒီလို ခေါင်လှတဲ့ နေရာမျိုးအတွက်တော့ မဆိုးပါဘူး" မိန်းကလေးတစ်ဦးက နန်းတော်ကို အကဲခတ်ရင်း ရေရွတ်လိုက်သည်။

​ထိုမိန်းကလေးမှာ လှပသော ငွေရောင်ဆံကေသာနှင့် စူးရှသော ပြာလွင်သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသဖြင့် သူမ၏ မျက်နှာမှာ ပိုမို ဆွဲဆောင်မှု ရှိနေ၏။

​"လင်ယီ... အဲဒီလို မပြောပါနဲ့။ ဒီနိုင်ငံက ငါတို့အတွက် ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေပေမဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာက ပိုကောင်းပါတယ်။ အင်ပါယာက စစ်သည်တော်တွေကို အဆင့်အတန်းမရှိတဲ့ လူရမ်းကားတွေလို့ လူတွေ အထင်မခံချင်ဘူး" အမျိုးသားတစ်ဦးက ပြန်ပြောလိုက်သည်။

​သူသည် ပိန်ပါးသော ခန္ဓာကိုယ်ရှိပြီး ခန္ဓာကိုယ်တွင် အဆီပို လုံးဝမရှိသူ ဖြစ်၏။ စင်စစ် အချို့သော လူများက သူသည် ပိန်လွန်းသည်ဟုပင် ငြင်းခုံနိုင်ကြပေသည်။ သူသည် နက်မှောင်သော ဆံပင်နှင့် ညိုသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ထိုနေရာတွင် ရှိနေသူများအနက် အသွင်အပြင် အခြေခံဆုံးသူ ဖြစ်ပုံရသည်။

​"လုပ်ပါဦး ကုရန်ရယ်... ဒီပုရွက်ဆိတ်တွေ ဘာတွေးမလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။ သူတို့ရဲ့ ခံစားချက်ကို ငါတို့က ဘာလို့ ဂရုစိုက်နေရမှာလဲ။ သူတို့က ငါတို့အတွက် ပိုးကောင်လေးတွေထက် မပိုနိုင်ပါဘူး" ဒုတိယမြောက် မိန်းကလေး တုလျန်က ဆိုလိုက်သည်။

​ထိုမိန်းကလေးသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားသော လှပသည့် ဝတ်ရုံအား ဝတ်ဆင်ထားသော်လည်း သူမ၏ စကတ်မှာ အလွန်တိုလှသဖြင့် သူမ၏ ဖြူဖွေးသော ပေါင်တံများကိုမူ အထင်းသား မြင်တွေ့နေရ၏။ သူမ၏ စိမ်းလွင်သော ဆံကေသာမှာ ခါးအထိ ရှည်လျားပြီး စိမ်းဖျော့ဖျော့ မျက်ဝန်းများနှင့် အလွန်ပင် လိုက်ဖက်လှပေသည်။

​"ဟုတ်ပါပြီ... ဒါပေမဲ့လည်း..." ကုရန်က ပြန်ပြောရန် ကြိုးစားသော်လည်း အရှေ့ဆုံးတွင် ရပ်နေသော အခြား အမျိုးသားတစ်ဦးက ဖြတ်ပြောလိုက်သဖြင့် ရပ်သွားရသည်။

​ထိုလူသည် အားကစားသမား တစ်ဦးကဲ့သို့ ခန္ဓာကိုယ်ရှိပြီး အရပ် ခြောက်ပေနီးပါး ရှိ၏။ သူ၏ ရွှေရောင်ဆံပင်နှင့် နက်မှောင်သော မျက်ဝန်းများမှာ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် အလွန်ပင် ထူးခြားနေတော့သည်။

​"မငြင်းကြနဲ့တော့။ ဒီမှာ လုပ်စရာရှိတာကို မြန်မြန်လုပ်ပြီး ပြန်ကြရအောင်" သူတို့ကို ဦးဆောင်လာသူ ဖူမင်က ဆိုလိုက်၏။ သူသည် အငြင်းပွားမှုများကို မကြည့်ချင်သဖြင့် သူတို့အား တားဆီးလိုက်ပြီး နန်းတော်အတွင်းသို့ လှမ်းဝင်လိုက်သည်။

​"အင်း... ဖူမင် ပြောတာ နားထောင်ကြစမ်း။ ဝန်ကြီးဝမ်က သူ့ကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားတာ။ မငြင်းကြနဲ့" နောက်ကွယ်မှ လေးလံသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ထိုနေရာတွင် လူဝတုတ်တုတ်ကြီး တစ်ယောက် ရပ်နေ၏။ သူ၏ ရွှေရောင်ဆံပင်မှာ ဖူမင်နှင့် ဆင်တူသော်လည်း မျက်ဝန်းများမှာမူ ညိုဝါရောင် ဖြစ်သည်။

​သူသည် ထိုအုပ်စု၏ ပဉ္စမမြောက်လူ ပုရှိုပင် ဖြစ်၏။

​အခြားသူများမှာ ဆက်လက် ငြင်းခုန်လိုသေးသော်လည်း ဖူမင်က ပြောလိုက်ပြီ ဖြစ်သဖြင့် နန်းတော်အတွင်းသို့ အေးအေးဆေးဆေးပင် လိုက်ပါသွားကြတော့သည်။

​သူတို့သည် နန်းတော် အဝင်ဝသို့ လျှောက်သွားသောအခါ အစောင့်များက သူတို့ကို တားဆီးရန် ပြေးလာကြ၏။

​"ရပ်လိုက်ကြစမ်း။ မင်းတို့က ဘယ်သူတွေလဲ" အစောင့်များက မေးလိုက်သည်။

​"ငါတို့က ဆူနီယာ အင်ပါယာက လာတာ။ မင်းတို့ ဘုရင်နဲ့ တွေ့ဖို့ လာတာပဲ။ ဖယ်ကြစမ်း" ဖူမင်သည် တစ်တိုက်လုံးတွင် လူသိများသော သူတို့ အင်ပါယာ၏ တံဆိပ်တုံးအား ထုတ်ပြလိုက်သည်။

​"အင်... အင်ပါယာကလား။ ဟုတ်ကဲ့... အခုချက်ချင်းပါ။ ကျွန်တော် အရှင်မင်းကြီးဆီကို ခေါ်သွားပါ့မယ်"

​သူတို့သည် အင်ပါယာမှ လာသူများ ဖြစ်သဖြင့် အစောင့်များက ပြဿနာ မရှာရဲကြချေ။ သူတို့သည် ထိုလူငါးဦးကို ဘုရင် စံမြန်းရာ ခန်းမဆီသို့ ခေါ်ဆောင်သွားကြတော့သည်။

​"ခဏလောက် စောင့်ပေးပါ။ အရှင်မင်းကြီး ဝန်ကြီးတွေနဲ့ အစည်းအဝေး လုပ်နေတာကို ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်" ခန်းမအပြင်ဘက်တွင် ရပ်တန့်ရင်း အစောင့်က ပြောလိုက်သည်။

​"မလိုဘူး။ ငါတို့လာတဲ့အကြောင်းကို ငါတို့ဘာသာပဲ အကြောင်းကြားမယ်" ဖူမင်က အစောင့်ကို တားဆီးလိုက်သည်။ သူသည် အပြင်ဘက်တွင် တစ်စက္ကန့်မျှပင် စောင့်မနေလိုချေ။

​သူသည် အစောင့်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး တံခါးနားသို့ တိုးသွားကာ ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး အခြားသူများနှင့်အတူ အတွင်းသို့ ဝင်သွားတော့သည်။

​တံခါးကြီး ရုတ်တရက် ပွင့်သွားသဖြင့် ဘုရင်မှာ မှင်တက်သွားရ၏။ သူသည် ရုတ်တရက် ဝင်လာသော သူစိမ်းများကို ကြည့်ကာ ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်သည်။

​"မင်းတို့က ဘယ်သူတွေလဲ။ ငါ့ဆီကို ဒီလောက် ရုတ်တရက်ကြီး ဝင်လာရအောင် ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ" ဘုရင်က ဟိန်းဟောက်လိုက်၏။

​"ပြန်ထိုင်စမ်း" ဖူမင်က အင်ပါယာ၏ တံဆိပ်တုံးကို ပြသရင်း အေးဆေးစွာပင် ပြောလိုက်သည်။

​"အင်... ဆူနီယာ အင်ပါယာရဲ့ တံဆိပ်လား။ မင်းတို့က ဘယ်သူတွေလဲ" ဘုရင်က ထပ်မံ မေးမြန်းလိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏ လေသံမှာ အတော်လေး ရိုသေသွားပြီ ဖြစ်၏။

​"ငါတို့က အရှင်မင်းကြီးရဲ့ အမိန့်နဲ့ အင်ပါယာက လာတာ။ မင်း ငါတို့အတွက် တစ်ခုခု လုပ်ပေးဖို့ လိုတယ်" ဖူမင်က တိုက်ရိုက်ပင် ပြောလိုက်သည်။ သူ၏ စကားအရဆိုလျှင် ဤအရာမှာ တောင်းဆိုမှု မဟုတ်ဘဲ အမိန့်ပေးနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားလှပေတော့သည်။

အခန်း (၈၄၄) သူ့ဆီက ငါ ပြန်လုမယ်

"အင်ပါယာက ကျွန်တော်တို့ဆီက ဘာကို အလိုရှိတာပါလဲ။ တကယ်လို့ ကျွန်တော်တို့ ကူညီနိုင်မယ့်အရာဆိုရင်တော့ ငြင်းဆိုစရာ အကြောင်းမရှိပါဘူး" ဘုရင်က ရာဇပလ္လင်ပေါ်တွင် ပြန်လည်ထိုင်ရင်း တုံ့ပြန်လိုက်သည်။

​"နင်က ငါတို့ကို ကူညီနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ဒါက နင် အင်ပါယာကို ကူညီနေတာ မဟုတ်ဘူး။ နင် လုပ်သင့်လုပ်ထိုက်တဲ့ နင့်ရဲ့ တာဝန်ဝတ္တရားကို နင် ထမ်းဆောင်နေတာပဲ ရှိတာ။ စကားကို ဒီလောက် အကြီးကြီးတွေ လျှောက်ပြောမနေစမ်းနဲ့" ငွေရောင်ဆံပင်နှင့် မိန်းကလေး လင်ယီက ဆိုလိုက်၏။

​သူမ၏ စကားလုံးများမှာ အလွန်ပင် ရိုင်းပျစော်ကားလှသော်လည်း သူမသည် အင်ပါယာမှ လာသူဖြစ်သဖြင့် ဘုရင်သည် သူ၏ ဒေါသကို အပြင်သို့ ထုတ်မပြရဲချေ။

​"လင်ယီ... စိတ်လျှော့စမ်းပါ။ ဒါက ယဉ်ယဉ်ကျေးကျေး ပြောဆိုတဲ့ စကားအသုံးအနှုန်းပဲဟာ။ အင်ပါယာကို စော်ကားတယ်လို့ နင် ယူဆနေဖို့ မလိုပါဘူး" ပုရှိုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရင်း ထိုမိန်းကလေးကို ပြောလိုက်သည်။ သူတို့အင်ပါယာ၏ ရှေ့မှောက်တွင် ဤဘုရင်မှာ မည်သည်မှမဟုတ်သော်ငြားလည်း သူသည် ဘုရင်တစ်ပါး ဖြစ်နေဆဲပင်။ ဤမျှအထိတော့ မရိုင်းပျသင့်ဟု သူ ယူဆမိသည်။

​ဖူမင်ကမူ ထိုမိန်းကလေးကို စကား မပြောဘဲ နေလိုက်၏။ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို သူ ဂရုမစိုက်သည့်အလားပင်။

​"ကျွန်တော့်စကားကို ခင်ဗျားတို့ အထင်လွဲသွားပုံရပါတယ်။ ကျွန်တော် ဆိုလိုတာကလည်း အတူတူပါပဲ။ ကျွန်တော် ဘာတွေလုပ်ပေးရမလဲဆိုတာကို မေးတာပါ" ဘုရင်က လေသံကို လျှော့ကာ ပြောလိုက်သည်။

​"မင်း ထွေထွေထူးထူး လုပ်နေဖို့ မလိုပါဘူး။ ငါတို့ လူတစ်ယောက်ကို လိုက်ရှာနေတာ။ လွန်ခဲ့တဲ့ တစ်ခေါက်က ငါတို့ တိုက်ကြီးပေါ်မှာ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်အောင် လုပ်ခဲ့တဲ့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံလို့ ယူဆရတဲ့သူပဲ။ သူ့ရဲ့ အမွေခံကို သူတော်စင် သတ်ဖြတ်သူရဲ့ဓား အသုံးပြုနေတာ ဒီနိုင်ငံထဲမှာ တွေ့လိုက်ရတယ်" ဖူမင်က ရှင်းပြသည်။

​"ငါတို့ တိုက်ကြီးရဲ့ နေရာအတော်များများကို ရှာပြီးပြီ။ ရှာဖို့ ကျန်တာ နိုင်ငံနည်းနည်းပဲ ရှိတော့တယ်။ မင်းတို့နိုင်ငံက အဲဒီ ကျန်နေတဲ့ နိုင်ငံတွေထဲက တစ်ခုပဲ။ အဲဒီလူ ဒီမှာ ရှိနေတယ်ဆိုရင် ရှာတွေ့အောင် ရှာပေးဖို့ ငါ အလိုရှိတယ်" သူက ဆက်ပြော၏။

​ဖူမင်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စာလိပ်တစ်လိပ်ကို ထုတ်ယူကာ ဘုရင်ထံသို့ ပစ်ပေးလိုက်သည်။ "ဒါက အဲဒီလူရဲ့ ပုံတူပဲ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို ရှာတွေ့အောင် ရှာရမယ်။ တစ်နိုင်ငံလုံးကို ရှာဖို့ မင်းမှာ တစ်ရက် အချိန်ရှိတယ်"

​ဘုရင်သည် စာလိပ်ကို ဖွင့်ကြည့်လိုက်သောအခါ ထိုသူ၏ ပုံတူအား မြင်လိုက်ရ၏။

​"အမိန့်အတိုင်း ဖြစ်စေရပါမယ်။ ကျွန်တော့်ရဲ့ တပ်မတော်ကတော့ အခု သစ္စာဖောက်မျိုးနွယ်စုတစ်ခုကို သွားရောက်နှိမ်နင်းနေပါတယ်။ လောလောဆယ် ကျန်နေတဲ့လူတွေကို ရှာခိုင်းလိုက်ပါ့မယ်။ တခြားသူတွေ ပြန်ရောက်လာတာနဲ့ သူတို့ကိုလည်း ဒီတာဝန်ကိုပဲ ပေးလိုက်ပါ့မယ်" ဘုရင်က ပြန်ဖြေသည်။ "အဲဒီအချိန်အထိတော့ ကျွန်တော်တို့ နန်းတော်မှာပဲ ခေတ္တ နားခိုကြပါ။ လိုလေသေးမရှိအောင် စီစဉ်ပေးပါ့မယ်"

​သူသည် ဝန်ကြီးကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။ "ဝန်ကြီးလီ... ငါတို့ရဲ့ ဧည့်သည်တော်တွေအတွက် အကောင်းဆုံးနေရာတွေကို ပြင်ဆင်ပေးပါ။ သူတို့ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးဖို့ အစေခံကောင်းတွေကိုလည်း စီစဉ်ပေးလိုက်ပါ"

​"အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်။ သူတို့ကို ပြုစုဖို့ အတော်ဆုံး အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ရှာလိုက်ပါ့မယ်" ဝန်ကြီးက ပြန်ဖြေ၏။

​ဖူမင်ကမူ ခေါင်းခါလိုက်သည်။ "အဲဒါတွေ မလိုပါဘူး။ ငါတို့ မြို့ထဲကို လှည့်ကြည့်ဦးမယ်။ မင်း တကယ်ပဲ အားသွန်ခွန်စိုက် လုပ်နေရဲ့လားဆိုတာ ငါတို့ စောင့်ကြည့်နေမှာ"

​သူတို့၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးနောက် သူသည် နောက်သို့ လှည့်လိုက်၏။

​"ဒီကိစ္စက ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်း သိပါတယ်။ ဘာအမှားအယွင်းမှ မရှိစေနဲ့" သူသည် နောက်သို့ လှည့်မကြည့်ဘဲ သတိပေးကာ သူ၏လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

​"ဟူး... သူ့ကို ပြောတော့ ပြောခဲ့တာပဲ။ ဒါပေမဲ့ သူ တကယ်ပဲ အဲဒီလူကို ရှာတွေ့နိုင်မယ်လို့ မင်း ထင်လား" လင်ယီက ဖူမင်ကို မေးလိုက်သည်။

​"အဲဒီလူ ဒီမှာ ရှိနေရင်တော့ သူတို့ ရှာတွေ့မှာပေါ့။ တကယ်လို့ ဒီမှာ မရှိရင်တော့ နတ်ဘုရားတွေတောင် ရှာတွေ့မှာ မဟုတ်ဘူး။ ဒါပဲ ရှိတာပဲ" ဖူမင်က ပြုံးလျက် ဆို၏။

​"ဒီတော့လည်း ဒီနေ့ကို မြို့ထဲမှာပဲ လျှောက်ကြည့်ရင်း ကုန်ဆုံးလိုက်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုလူက ဒီမှာ ရှိမှာမဟုတ်ဘူးဆိုတာ ငါတို့ သိနေတာပဲကို" လင်ယီက ခေါင်းညိတ်ရင်း ပြောသည်။

​"ဒီလို နေရာမျိုးမှာ ဘာများ ဝယ်စရာရှိမှာလဲ။ ဝယ်လို့ရတဲ့ ပစ္စည်းတွေက ငါတို့ အင်ပါယာမှာ ဝယ်လို့ရတာတွေနဲ့ ယှဉ်ရင် အမှိုက်လောက်တောင် မတန်ပါဘူး" စိမ်းရောင်ဆံပင်နှင့် မိန်းကလေး တူးလျန်က သရော်လိုက်သည်။

​"အဲဒီလိုလည်း မဟုတ်ပါဘူး။ အဆိုးဆုံး နေရာမှာတောင် ကောင်းတဲ့ ပစ္စည်း တစ်ခုနှစ်ခုတော့ ရှိနိုင်ပါသေးတယ်။ အနည်းဆုံးတော့ ငါတို့ မပျင်းရတော့ဘူးပေါ့။ နောက်သွားမယ့် နိုင်ငံတွေက ဒီထက်တောင် ပိုဆိုးဦးမှာ။ အကောင်းမြင်စမ်းပါ" ပုရှိုက တုလျန်ကို ပြောလိုက်၏။

​သူတို့သည် လမ်းဘေးရှိ ဆိုင်များဆီသို့ လျှောက်သွားကြတော့သည်။

​သူတို့ လျှောက်သွားနေစဉ်မှာပင် လုံချန်းနှင့် ကျီရှန်တို့သည် သူတို့အနားမှ ဖြတ်သွားကြ၏။ တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း မသိရှိကြချေ။ လုံချန်းသည် မျက်နှာကို ပြောင်းလဲထားသဖြင့် ဤနိုင်ငံမှ လူများက သူ့ကို မှတ်မိနိုင်မည် မဟုတ်ပေ။ သူတို့ ရှာနေသည့် မျက်နှာမှာ သူနှင့် လုံးဝ ကွဲပြားနေသောကြောင့် ဖြစ်၏။

​သူတို့ ရှာနေသည့်လူမှာ သူတို့အနားမှ ဖြတ်သွားခဲ့သော်လည်း ဖူမင်နှင့် အခြားသူများမှာမူ သတိမထားမိကြချေ။

​လင်ယီသည် လုံချန်းနှင့် ကျီရှန်တို့ကို ခဏမျှ ဝဲကြည့်လိုက်သော်လည်း သူမသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေခြင်းသာ ဖြစ်သဖြင့် သူတို့အပေါ် အာရုံအများကြီး မထားမိလိုက်ချေ။

​ထိုအုပ်စု နှစ်စုသည် ဆန့်ကျင်ဘက် အရပ်မျက်နှာများသို့ တစ်ဦးကိုတစ်ဦး ကျော်ဖြတ်ကာ ထွက်ခွာသွားကြတော့သည်။

​"သူ ဂရုအစိုက်ဆုံးလူက ဘယ်မှာလဲ" ဝူလျာက ရှုလျန်ကို မေးလိုက်သည်။

​"သူ... သူက နောက်အခန်းထဲမှာ ရှိတယ်" ရှုလျန်၏ အသံတွင် တုံ့ဆိုင်းမှုများ ရှိနေဆဲပင် ဖြစ်၏။

​"တုံ့ဆိုင်းမနေစမ်းနဲ့။ သူတို့နဲ့ မင်းမှာ ကောင်းမွန်တဲ့ အမှတ်တရတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးက အတုအယောင်တွေပဲ။ မင်းအဖွားကို သတ်ခဲ့တဲ့အတွက် သူတို့ ဘယ်လောက် မှားသွားသလဲဆိုတာကို ပြလိုက်စမ်း။ ဒါတွေ အားလုံးက မင်းအဖွားအတွက်ပဲ" ဝူလျာက ရှုလျန်၏ ပုခုံးကို ပုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

​"ဟုတ်ကဲ့" ရှုလျန်သည် တံခါးဆီသို့ လျှောက်သွားရင်း ခေါင်းညိတ်လိုက်၏။ သူ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီ ဖြစ်သည်။ ဝူလျာ၏ စကားများက သူ့အပေါ် အတော်လေး လွှမ်းမိုးနေပြီ ဖြစ်၏။

​သူသည် တံခါးကို ဖွင့်ကာ နောက်အခန်းသို့ လျှောက်သွားလိုက်သည်။

​အခန်းအတွင်းသို့ ဝင်လိုက်သောအခါ ပြတင်းပေါက်နားတွင် ရပ်နေသော မင်လန်ကို မြင်လိုက်ရ၏။ သူမသည် အပြင်ဘက်သို့ မျှော်ကြည့်ရင်း လုံချန်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ လုံချန်း၏ အင်အားကို သူမ ယုံကြည်သော်လည်း သူမသည် သူ့အတွက် စိုးရိမ်နေမိဆဲ ဖြစ်၏။ အဘယ်ကြောင့်မှန်းတော့ မသိ... သူမ စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်မှာ ကြာပြီ ဖြစ်သည်။

​တံခါးပွင့်သံကို ကြားရသဖြင့် သူမ နောက်သို့ လှည့်ကြည့်လိုက်၏။

​တံခါးဝတွင် ရှိနေသော ရှုလျန်ကို သူမ မြင်လိုက်ရသည်။ သူမက နူးညံ့စွာ ပြုံးလိုက်ရင်း ဆိုသည်။ "ဪ... လျန်အာ... ကျင့်ကြံတာ ပြီးပြီလား။ အခန်းထဲမှာ နေရတာ နင်လည်း ပျင်းနေပြီ ထင်တယ်။ စိတ်မပူပါနဲ့။ သူ ပြန်လာတာနဲ့ ငါတို့ ခရီးဆက်ကြမှာပါ"

​"နင့် ပုံစံက ဘာလို့ တစ်မျိုးကြီး ဖြစ်နေရတာလဲ။ ဝမ်းနည်းနေပုံပဲ။ နင့်အဖွားကို လွမ်းနေလို့လား" သူမသည် ရှုလျန်၏ အနားသို့ တိုးသွားကာ သူ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

​ထိုစဉ်မှာပင် သူမသည် အခန်းအပြင်ဘက်တွင် ရှိနေသော နောက်ထပ် ကောင်လေးတစ်ယောက်ကို သတိထားမိသွား၏။

​အဘယ်ကြောင့်မှန်းတော့ မသိ... သူမ၏ ရင်ထဲတွင် အေးစိမ့်သော ခံစားချက်ကြီးတစ်ခု ဝင်ရောက်လာသည်။ တစ်ခုခုတော့ အမှန်တကယ် လွဲမှားနေပြီ ဖြစ်၏။ သူမ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သော်လည်း ထိုအချိန်မှာပင် ဝူလျာက လက်ခုပ်ကို အသာအယာ တီးလိုက်တော့သည်။

​စွမ်းအင်လှိုင်း တစ်ခုသည် သူ၏ထံမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ခဏချင်းမှာပင် ထိုတည်းခိုခန်း တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး သူနှင့် ရှုလျန်မှလွဲ၍ တည်းခိုခန်းအတွင်း ရှိနေသူ အားလုံး၏ အချိန်မှာ ရပ်တန့်သွားတော့သည်။

​မင်လန်ပင်လျှင် အချိန်ရပ်တန့်မှုအတွင်း ပိတ်မိသွား၏။

​ဝူလျာသည် သူ၏လက်ကို ရှေ့သို့ မြှောက်လိုက်ရာ ဟင်းလင်းပြင်ကြီးထဲမှ ဓားမြှောင်တစ်လက် ရုတ်တရက် ထွက်ပေါ်လာသည်။

​သူသည် ထိုဓားမြှောင်ကို ယူဆောင်လာပြီး ရှုလျန်ထံသို့ ကမ်းပေးလိုက်၏။

​"ကဲ... ရော့။ အခုတော့ အင်အားကွာခြားမှုကို မင်း စိတ်ပူနေစရာ မလိုတော့ဘူး။ မင်းကိုယ်တိုင် မင်းရဲ့ လက်နဲ့တင် လုပ်လိုက်စမ်း" သူက ပြုံးလျက် ပြောလိုက်သည်။

​ရှုလျန်သည် ဓားမြှောင်ကို ယူလိုက်ပြီး မင်လန်ထံသို့ လျှောက်သွားလိုက်၏။

​"သူက ငါ့ဆီကနေ လုယူခဲ့တာ။ အခု ငါက သူ့ဆီကနေ ပြန်လုယူမယ်" သူက ရေရွတ်လိုက်လေတော့သည်။

All Chapters