အခန်း (၈၄၅-၈၄၆)
Vol. 84 Ch. 845-846
အခန်း (၈၄၅) ညှဉ်းပန်းနှိပ်စက်မှု
"သူက ငါ့ဆီကနေ လုယူခဲ့တာ။ အခု ငါက သူ့ဆီကနေ ပြန်လုယူမယ်" ရှုလျန်သည် တည်ကြည်လေးနက်သော လေသံဖြင့် ရေရွတ်ရင်း မင်လန်၏ အနားသို့ တိုးကပ်သွားသည်။
မင်လန်မှာမူ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ သူမသည် မည်သည်ကိုမျှပင် မစဉ်းစားနိုင်တော့။ သူမအတွက် အချိန်တို့သည် ရပ်တန့်သွားခဲ့လေပြီ။ ရှုလျန်သည် သူမထံသို့ ဓားမြှောင်တစ်စင်းကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာနေသည်အား သူမ မသိရှိနိုင်တော့ချေ။
"ရောက်ပြီ" လုံချန်းသည် တည်းခိုခန်း၏ အဝင်ဝကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်တယ်။ ကလေးနဲ့ မရီးကို ခေါ်ပြီး ဒီနေရာကနေ မြန်မြန်ထွက်ကြရအောင်။ တကယ်လို့ လူတွေ သူတို့ကို ရှာတွေ့သွားရင် ငါတို့ ဒုက္ခရောက်နိုင်တယ်" ကျီရှန်က သက်ပြင်းချရင်း ပြန်ဖြေ၏။ သူသည် အရှေ့မှ ဦးဆောင်၍ တည်းခိုခန်းအတွင်းသို့ ဦးစွာ ဝင်သွားပြီး လုံချန်းကမူ နောက်မှ လိုက်ပါလာခဲ့သည်။
ကျီရှန်သည် တည်းခိုခန်းအတွင်းသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်တပြိုင်နက် သူသည် ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ ကျောက်ရုပ်တစ်ခုကဲ့သို့ ရပ်တန့်သွားတော့၏။
လုံချန်းက ရပ်လိုက်ပြီး မေးလိုက်သည်။ "ဟင်... ဘာဖြစ်တာလဲ"
ကျီရှန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ပြန်မရချေ။
"တစ်ခုခု မှားနေလို့လား" လုံချန်းက အော်ဟစ်ရင်း ရှေ့သို့ တိုးသွားလိုက်သည်။
"ရပ်လိုက်စမ်း"
သူ တည်းခိုခန်း အတွင်းသို့ မဝင်မီမှာပင် ရွှင်း၏ ဟန့်တားသံကို ကြားလိုက်ရ၏။
"ဘာဖြစ်လို့လဲ" လုံချန်းက ခြေလှမ်းကို ရပ်တန့်ရင်း မေးလိုက်သည်။
"အတွင်းထဲကို မဝင်နဲ့ဦး။ သူက အချိန်ရပ်တန့်မှုထဲမှာ ပိတ်မိနေတာ။ ငါ ထင်တာ မမှားဘူးဆိုရင် အချိန်နိယာမကို တတ်မြောက်ထားတဲ့သူတစ်ယောက် အထဲမှာ ရှိနေတယ်။ သူတို့က အတွင်းထဲက အချိန်ကို ရပ်တန့်ထားတာပဲ။ အချိန်နိယာမရဲ့ မတည်ငြိမ်မှုကို ငါ ခံစားမိလို့ သံသယဝင်နေတာ၊ နင့်ရဲ့သူငယ်ချင်း အခြေအနေကို မြင်လိုက်ရမှ ငါ့အထင်က သေချာသွားတာပဲ" ရွှင်းက သူ၏အနားတွင် ပေါ်လာရင်း ပြန်ဖြေသည်။
"အချိန်နိယာမ တတ်ထားတဲ့သူ ရှိနေတယ် ဟုတ်လား။ သူက ဘာလို့ အချိန်ကို ရပ်ထားရတာလဲ။ သွားပြီ... မင်လန်လည်း အပေါ်ထပ်မှာ ရှိနေတာပဲ။ ငါ ရုတ်တရက် စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာပြီ။ ငါ့ကိုယ်ငါ ဟင်းလင်းပြင် အကာအကွယ်နဲ့ ဖုံးအုပ်ပြီး ဝင်သွားရင်ရော။ ဟင်းလင်းပြင်က အချိန်ကို တန်ပြန်နိုင်တယ်လေ။ ငါက မတူညီတဲ့ ဟင်းလင်းပြင်ထဲကနေ လျှောက်သွားမယ်ဆိုရင် အချိန်ရဲ့ သက်ရောက်မှုကို ခံရမှာ မဟုတ်ဘူး" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ တည်းခိုခန်း အတွင်းရှိ လူများကို အချိန်နိယာမ ပိုင်ရှင်၏ လက်ထဲတွင် အလိုရှိသလို အပြုခံရမည့် အခြေအနေမျိုးတွင် သူ မထားပစ်ခဲ့လိုချေ။
"အဲဒါက အလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နင် အတွင်းထဲကို ဝင်ချင်တယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ရှိသေးတယ်။ နင့်မှာ ရှိတဲ့ အဲဒီအရာကို သုံးလိုက်စမ်းပါ။ အဲဒါက နင့်ကို အချိန်ရဲ့ သက်ရောက်မှုတွေကနေ ကာကွယ်ပေးလိမ့်မယ်" ရွှင်းက ပြုံးလျက် ပြောလိုက်၏။
လုံချန်းက ဝေခွဲမရစွာဖြင့် သူမကို ကြည့်ပြီး မေးလိုက်သည်။ "ဘယ်အရာလဲ"
"အချိန်ကို အုပ်စိုးတဲ့ဓားပေါ့။ နတ်ဘုရားတွေတောင် မက်မောကြပြီး မိစ္ဆာတွေတောင် စစ်ခင်းဖို့ အသင့်ဖြစ်ခဲ့ရတဲ့ အဲဒီ လက်နက်ဆန်းကြီးလေ။ နင့်မှာ အချိန်ဓား ရှိနေတာပဲ၊ အဲဒါကို သုံးပြီး အချိန်ရဲ့ သက်ရောက်အားကနေ နင့်ကိုယ်နင် ကာကွယ်နိုင်ပါတယ်" ရွှင်းက အဖြေပေးလိုက်သည်။
"ကောင်းပြီလေ။ အတွင်းထဲက လူက ဘာကို ရည်ရွယ်နေလဲဆိုတာ သွားကြည့်ကြတာပေါ့" လုံချန်းက ရေရွတ်ရင်း အချိန်ဓားကို ဆွဲထုတ်လိုက်၏။
သံချေးတက်နေသော ထိုဓားနက်ကြီးကို ကိုင်ဆောင်လျက် သူ အတွင်းသို့ လှမ်းဝင်လိုက်သည်။
သူသည် ကျီရှန်၏ အနားသို့ လျှောက်သွားပြီး သူ့ကို ကြည့်လိုက်၏။ ရွှင်း စကားက မှန်ပေသည်။ ကျီရှန်သည် မည်သည်ကိုမျှ မသိရှိတော့။ သူသည် ဟင်းလင်းပြင်ထဲတွင် ပိတ်မိနေခြင်း မဟုတ်ဘဲ အချိန်ရပ်တန့်မှုအတွင်း ရောက်နေခြင်း ဖြစ်၏။
သူသည် ကျီရှန်ကို ထားရစ်ခဲ့ကာ လှေကားထစ်များဆီသို့ လျှောက်သွားသည်။ မင်လန်နှင့် ရှုလျန်တို့ ဘေးကင်းသည်လား သူ သေချာအောင် လုပ်ချင်နေမိသည်။ တစ်ဖက်ကလည်း ထိုအရာ အားလုံးက ရှုလျန်ကြောင့်များလားဟု သူ တွေးတောနေမိ၏။
ရှုလျန်သည် ထူးဆန်းသော ကလေးငယ်တစ်ဦး ဖြစ်ပြီး သူ၏ အင်အားမှာလည်း သာမန်လမ်းစဉ်များအတိုင်း မဟုတ်ချေ။ လုံချန်းကိုယ်တိုင်ပင် ထိုကလေးတွင် မည်သို့သော စွမ်းအားမျိုး ရှိသည်၊ မည်မျှအထိ ပြန့်နှံ့နိုင်သည်ကို မသိရှိချေ။
ထိုကလေးတွင် အချိန်နှင့် ပတ်သက်သော စွမ်းအားများလည်း ရှိနေနိုင်ပေသည်။ ဖြစ်နိုင်သည်မှာ သူသည် ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ သူ၏ စွမ်းအားကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်နိုင်၏။ အကယ်၍သာ ထိုအရာက အမှန်ဆိုလျှင် ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခင် ရှုလျန်ထံသို့ သူ အမြန်ဆုံး ရောက်သွားမှ ဖြစ်မည်။
လုံချန်းသည် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
"ဟင်... ဧည့်သည်တွေ ရောက်လာပုံရတယ်ပဲ။ ငါ့ရဲ့ အချိန်နယ်ပယ်ထဲမှာ လှုပ်ရှားနိုင်တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပဲ" ဝူလျာသည် တည်းခိုခန်းအတွင်း လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသဖြင့် ရေရွတ်လိုက်၏။
ထိုလူမှာ မည်သူဖြစ်ကြောင်း သူ မသိသော်လည်း ဤမျှ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်ဆိုလျှင် ထိုသူမှာ အင်အားကြီးသူ ဖြစ်ရပေမည်။ ထိုသူမှာ မည်သူဖြစ်နိုင်ကြောင်း သူ ခပ်ဝါးဝါး ခန့်မှန်းမိလိုက်သည်။
"သူ ဒီကို ရောက်လာတာ ကောင်းတာပေါ့။ သူ့ရဲ့ အလောင်းကို သူကိုယ်တိုင် မျက်စိနဲ့ မြင်ရမှာလေ။ ဒါက တကယ်ကို ပျော်စရာကောင်းမှာပဲ။ ဒါပေမဲ့ ငါ နည်းနည်းတော့ စပ်စုချင်မိတယ်။ သူက ငါ့ရဲ့ အချိန်နယ်ပယ်ထဲမှာ ဘယ်လိုလုပ် လှုပ်ရှားနိုင်နေတာလဲ" သူက ရေရွတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။
"လုပ်လိုက်စမ်း၊ သူ လာနေပြီ။ မင်း အခု လုပ်လိုက်မယ်ဆိုရင် သူပေးတဲ့ နာကျင်မှုကြောင့် မင်း ခံစားခဲ့ရတဲ့ ပုံစံမျိုးကို သူ့မျက်နှာပေါ်မှာ မင်း ပြန်မြင်ရလိမ့်မယ်။ အခုပဲ လုပ်လိုက်တော့" ဝူလျာသည် ရှုလျန်ကို မြန်မြန်လုပ်ရန် အတင်းအကျပ် တိုက်တွန်းနေတော့သည်။
ရှုလျန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဓားမြှောင်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။ လုံချန်းနှင့်အတူ ကုန်ဆုံးခဲ့သော အချိန်များ၊ သူ့ကို ကိုယ့်သားသမီးအရင်းကဲ့သို့ ဂရုစိုက်ခဲ့သော အမျိုးသမီးတို့အား သူ ပြန်လည် မြင်ယောင်နေမိသည်။
ထိုအရာ အားလုံးက အတုအယောင်များသာ ဖြစ်သည်။ သူတို့အားလုံး လိမ်ညာနေကြခြင်း ဖြစ်သည်။ ထိုအရာ အားလုံးက ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။ သူသည် ထိုသို့တွေးရင်း ဓားမြှောင်ကို မင်လန်၏ ဝမ်းဗိုက်ဆီသို့ ထိုးစိုက်လိုက်တော့သည်။
"ငါ သွေးနံ့ ရနေတယ်"
အင်ပါယာမှ လာသော လူငါးဦးမှာ မြို့ထဲတွင် လှည့်လည်သွားလာရင်း ရှဲ့မျိုးနွယ်စုဝင်း ရှေ့တွင် ရပ်တန့်သွားကြ၏။ သူတို့ လမ်းလျှောက်လာရင်း ဤနေရာကို ဖြတ်သန်းရခြင်း ဖြစ်သည်။ သို့သော် ဤနေရာသို့ ရောက်သည်နှင့် ထိုငါးဦးအနက် တစ်ဦးက ထောက်ပြလိုက်ခြင်း ဖြစ်၏။
"ဟုတ်တယ်။ ဒီမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခု ဖြစ်ပွားခဲ့ပုံရတယ်။ သာမန် သွေးထွက်သံယိုမှုမျိုးတော့ မဟုတ်ဘူး" လင်ယီက ဆိုလိုက်သည်။
"ဒါ... ဟိုဘုရင်ပြောတဲ့ သစ္စာဖောက်မျိုးနွယ်စု ရှဲ့မျိုးနွယ်စုများလား။ သူ့တပ်မတော်က သစ္စာဖောက်တွေကို ရှင်းဖို့ ဒီမှာ ရှိနေတယ်လို့ သူ ပြောခဲ့တယ်မလား" သူမက ဆက်ပြော၏။
"ဒီလို ပိုးကောင်လေးတွေရဲ့ ကိစ္စထဲမှာ ငါတို့ ဝင်ပါနေဖို့ မလိုပါဘူး။ ဆက်သွားကြရအောင်" တုလျန်က ခေါင်းခါရင်း ပြောလိုက်သည်။
"ငါ့မှာ အကြံတစ်ခု ရှိတယ်။ ငါတို့ကိုယ်တိုင် အတွင်းထဲကို ဝင်သွားရင်ရော ဘယ်လိုလဲ။ ဒီပိုးကောင်လေးတွေကို ရှင်းထုတ်ရင်း ငါတို့ အပျော်ရှာလို့ ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်း ပျင်းနေတာပဲ။ ဒီသစ္စာဖောက်တွေက သေရမှာပဲ မဟုတ်လား။ ငါတို့အတွက်တော့ သူတို့ကို သတ်ဖို့ လိုင်စင်ရထားသလိုမျိုးပေါ့" လင်ယီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်သားပဲ။ ငါတို့ ကူညီပေးရင် ပိုပြီးတော့တောင် မြန်မြန် ပြီးသွားဦးမယ်။ ဒါဆို ဒီနိုင်ငံရဲ့ တပ်မတော်လည်း အားသွားပြီး ငါတို့ လိုချင်တဲ့ သစ္စာဖောက်ကို ရှာတဲ့ တာဝန်ကို ချက်ချင်း ပြန်လုပ်နိုင်တာပေါ့" ပုရှိုက သဘောတူလိုက်၏။
သူတို့အားလုံးသည် သူတို့၏ ခေါင်းဆောင် ဖြစ်သော ဖူမင်ကို ကြည့်လိုက်ကြသည်။
"ကောင်းပြီလေ။ လုပ်ကြတာပေါ့။ အပျော်လေးပေါ့" ဖူမင်က သရော်ပြုံး ပြုံးလျက် ဆိုလိုက်သည်။
ထိုလူငါးဦးသည် ရှဲ့မျိုးနွယ်စုအတွင်းသို့ လှမ်းဝင်သွားကြပြီး သွေးလမ်းကြောင်းများ ဦးတည်ရာ ဗဟိုချက်ဆီသို့ လျှောက်သွားကြတော့သည်။
မကြာမီမှာပင် သူတို့သည် လုံချန်းနှင့် ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူများ တိုက်ပွဲဝင်ခဲ့သည့် နေရာတွင် ရပ်နေကြပြီ ဖြစ်၏။
"ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူတွေ အများကြီး သေနေတာပဲ။ သူတို့ထဲက အများစုက တော်ဝင်မျိုးနွယ်စုရဲ့ ဝတ်စုံတွေကို ဝတ်ထားကြတာ။ ရန်သူက သူတို့ကို ဒီလောက် အလွယ်တကူ သတ်နိုင်လောက်အောင် တကယ်ပဲ အင်အားကြီးတာလား" မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ရင်း ကုရန်က ရေရွတ်လိုက်သည်။
"ဒီဘုရင်က တကယ့်ကို လူမိုက်ပဲ။ သူ့ရန်သူရဲ့ စစ်မှန်တဲ့ အင်အားကို မသိဘဲနဲ့ တပ်မတော်ကို ဘယ်လိုများ လွှတ်လိုက်တာလဲ။ သူတို့ ဘယ်သူနဲ့ တိုက်နေရမှန်းတောင် သိပုံမရဘူး" လင်ယီက ခေါင်းခါရင်း ပြောလိုက်လေသည်။
အခန်း (၈၄၆) အမွေခံကို ရှာဖွေတွေ့ရှိခြင်း
"ဘယ်သူသိမှာလဲ။ တစ်ခါတစ်လေကျရင် မင်းက ဘုရင်တစ်ပါး ဖြစ်နေရင်တောင်မှ လူတွေရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို သိဖို့ဆိုတာ ခက်ခဲတတ်တယ်။ ဒီမျိုးနွယ်စုက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရင်း ပိုပြီး အင်အားကြီးလာတာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကြောင့်လည်း ဘုရင်က သူတို့ကို သစ္စာဖောက်လို့ သတ်မှတ်ပြီး တပ်မတော် လွှတ်လိုက်တာ ဖြစ်မှာပေါ့" ကုရန်က ဆိုသည်။
"ဟက်... လူမိုက်ဘုရင်ကတော့ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ ပျက်ကွက်ခဲ့ပြန်ပြီ။ ဒီမျိုးနွယ်စုက ဝှက်ထားတဲ့သူက တကယ်ပဲ အင်အားကြီးတယ်ဆိုတာ ထင်ရှားနေတာပဲ။ ဒီလူတွေ အသတ်ခံထားရတဲ့ ပုံစံကိုပဲ ကြည့်ဦးလေ" လင်ယီက ရယ်မောရင်း ပြောလိုက်၏။
"တိုက်ပွဲကတော့ လွယ်လွယ်ကူကူ ဖြစ်ခဲ့ပုံမရဘူး။ ဒီနေရာက ပျက်စီးဆုံးရှုံးမှုတွေက တိုက်ပွဲမှာ အသုံးပြုခဲ့တဲ့ အင်အား ဘယ်လောက်ကြီးမားတယ်ဆိုတာ သက်သေပြနေတာပဲ။ ဒါပေမဲ့ ဒီလူတွေကို တိုက်ခဲ့တဲ့သူတွေကတော့ သေဆုံးသွားပုံမရဘူး" ကုရန်က ဆက်ပြောသည်။
သူသည် ကျီရှန် သတ်ခဲ့သော ရှဲ့မျိုးနွယ်စု အကြီးအကဲ၏ အလောင်းကို ကြည့်လိုက်၏။
"ဒီတစ်ယောက်ပဲ ရှဲ့မျိုးနွယ်စုက ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ဖြစ်ပုံရတယ်၊ ဒါပေမဲ့ သူက တော်ဝင်တပ်မတော်က စစ်သည်တော်တွေထက် အရင် သေသွားခဲ့တာ။ သူတို့ကို တကယ် သတ်ခဲ့တဲ့သူကတော့ ဒီနေရာကနေ ထွက်သွားတာ ကြာလောက်ပြီ" ပုရှိုက ထောက်ပြလိုက်သည်။
ဖူမင်သည် သူတို့ စကားပြောနေစဉ် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့၏။ သူသည် လက်ပိုက်လျက် အေးဆေးစွာ ရပ်နေပြီးမှ အကျဉ်းထောင်မျှော်စင် ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အဲဒီမှာ လူတွေ ရှိနေပုံပဲ" သူက တိုးတိုးလေး ရေရွတ်လိုက်၏။
ဖူမင်သည် အကျဉ်းထောင် မျှော်စင်ဆီသို့ စတင် လျှောက်လှမ်းသွားတော့သည်။
"ဒါဆိုရင်လည်း သွားကြည့်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီကို ရောက်နေပြီပဲဥစ္စာ" ထိုသို့ ဆိုကာ ပုရှိုက ဖူမင်နောက်မှ လိုက်သွား၏။
အခြားသူများလည်း ထိုနည်းအတိုင်းပင် လိုက်ပါသွားကြတော့သည်။
သူတို့သည် မျှော်စင်အတွင်းသို့ ဝင်လိုက်သောအခါ ပထမဆုံး မြင်တွေ့ရသည်မှာ ထိုနေရာတွင် အကျဉ်းကျနေသည်မှာ ကြာပြီဖြစ်သော အကျဉ်းသားများပင် ဖြစ်၏။ အနည်းငယ် မေးမြန်းကြည့်ပြီးနောက် ဤနေရာမှာ အကျဉ်းထောင်တစ်ခု ဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။
အကျဉ်းသားများက သူတို့ကို လွှတ်ပေးရန် တောင်းပန်တိုးလျှိုးကြသော်လည်း ဖူမင်ကမူ ဂရုမစိုက်ချေ။
"ဒါက အကျဉ်းထောင် ဖြစ်နေတာကိုး။ အဲဒါကြောင့် ဒီမှာ လူတွေ ရှိနေသေးတာပဲ" ပုရှိုက ရေရွတ်လိုက်သည်။
"ရှဲ့မျိုးနွယ်စုက တခြားလူတွေကတော့ ထွက်သွားကြတာ ကြာပြီ ထင်တယ်။ တော်ဝင်တပ်မတော်လည်း ဒီမှာ မရှိတော့ဘူး။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ နည်းနည်းကလွဲရင် တော်ဝင်တပ်မတော်က လူတွေကို ဒီဝင်းထဲမှာ အများကြီး မတွေ့ရတော့ဘူး။ ငါတို့ မရောက်ခင်ကတည်းက သူတို့ ဒီနေရာကနေ ထွက်သွားကြတာ ဖြစ်မယ်။ ငါတို့ကတော့ သတ်ဖြတ်ပြီး အပျော်ရှာရမယ် အောက်မေ့တာ။ အလကားပဲ" လင်ယီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရင်း ပြောလိုက်၏။
"မြို့ထဲကိုပဲ ပြန်လှည့်ကြည့်ရအောင်။ ဒီမှာ ရှိနေတာ အလကားပဲ" သူမက ဆက်ပြောရင်း ဖူမင်ကို ကြည့်လိုက်သည်။
ဖူမင်က ခေါင်းညိတ်ပြပြီး ပြန်ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ ရုတ်တရက် ရပ်တန့်သွား၏။ သူ တစ်ခုခုကို ကြားလိုက်ရခြင်း ဖြစ်သည်။
အပေါ်ထပ်တွင် တော်ဝင်တပ်မတော်ဝင် တစ်ဦးက သူ၏ သူငယ်ချင်းကို စကားပြောနေခြင်း ဖြစ်၏။
"ငါတို့ ဒီမှာ ဘယ်လောက်ကြာအောင် ထပ်စောင့်နေရဦးမှာလဲ။ အရှင်မင်းကြီးက သူ့တပ်မတော် ပြန်မလာသေးတာကို သိပြီး ငါတို့ကို ကယ်ဖို့ လူဘယ်တော့ လွှတ်မှာလဲ။ ဒီလို အကျဉ်းကျနေရတာကို ငါ လုံးဝ သဘောမကျဘူး"
"အဲဒါ အားလုံးက အဲဒီကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကြောင့်ပဲ။ သူက ငါတို့ရဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပြီး ငါတို့ကို ဒီမှာ ပိတ်ထားခဲ့တာ" သူငယ်ချင်းဖြစ်သူက ပြန်ဖြေသည်။
"ဒါပေမဲ့ သူက သူတော်စင်သတ် ဖြတ်သူရဲ့ဓားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး။ အဲဒီဓားက ငါတို့နယ်မြေမှာ လူမဆန်တဲ့ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ လူတစ်ယောက် သုံးခဲ့တာလို့ သမိုင်းစာအုပ်တွေထဲမှာ ငါ ဖတ်ဖူးတယ်။ အဲဒီလူက ဒီဓားကို ဘယ်ကနေ ရခဲ့တာပါလိမ့်"
"မင်းသမီး ပြောတာ မကြားဘူးလား၊ သူက အဆင့်မြင့်နိုင်ငံတစ်ခုခုက မင်းသားတစ်ပါး ဖြစ်ရမယ်တဲ့။ သူ့နိုင်ငံက ရှာတွေ့လို့ သူ့ကို ပေးထားတာ ဖြစ်မှာပေါ့။ ဒါတွေက ငါတို့နဲ့ မဆိုင်ပါဘူး။ သူက ငါတို့ကို မသတ်ဘဲ အကျဉ်းချရုံပဲ လုပ်ခဲ့တာကိုပဲ ငါတို့ ကံကောင်းတယ်လို့ မှတ်ရမယ်"
ဖူမင်သည် ထိုစကားဝိုင်းကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်သော မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်လာတော့သည်။
"ဒီခရီးက အလကား မဖြစ်တော့ဘူးပဲ။ ငါတို့ရဲ့ ပစ်မှတ်က ဒီမှာတင် ရှိနေတာပဲ" ဖူမင်က ရေရွတ်ရင်း လှေကားထစ်များဆီသို့ စတင် လျှောက်လှမ်းသွားသည်။
"ပစ်မှတ်ဆိုတာက... မင်း ဆိုလိုတာက..." ကုရန်က ထိုစကားကို ကြားသော် မှင်တက်သွား၏။
"ဟုတ်တယ်။ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံက ဒီနိုင်ငံထဲမှာ ရှိနေတာပဲ။ အသေးစိတ် အချက်အလက်တွေကို ငါတို့ဘာသာ သွားမေးကြတာပေါ့" ဖူမင်က ပြန်ဖြေလိုက်သည်။
သူတို့သည် အပေါ်ထပ်သို့ တက်သွားပြီး အကျဉ်းခန်းအတွင်းရှိ တော်ဝင်တပ်မတော်သားများကို တွေ့လိုက်ရ၏။ သူတို့သည် အကျဉ်းခန်းတံခါးအားလုံးကို ဖွင့်ပေးကာ လူတိုင်းအား လွှတ်ပေးလိုက်သည်။
"ကျွန်မတို့ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင်တို့က ဘယ်သူတွေလဲ" မင်းသမီးက မေးလိုက်၏။ ထိုလူများမှာ တော်ဝင်မျိုးနွယ်စုမှလူများနှင့် မတူသောကြောင့် ဖြစ်သည်။
သူမအနေဖြင့် ထိုသူတို့၏ အင်အားကိုလည်း ခန့်မှန်း၍ မရချေ။ သူတို့မှာ ပြင်ပမှ လာသူများ ဖြစ်ပုံရသည်။
"ငါတို့က ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက သူတော်စင် သတ်ဖြတ်သူရဲ့ဓားကို ကိုင်ဆောင်ထားတဲ့ လူပဲ။ သူ့ကို စတွေ့တဲ့ အချိန်ကနေ မင်းတို့ကို ဒီမှာ ပိတ်လှောင်ခဲ့တဲ့ အချိန်အထိ အကြောင်းစုံကို ငါ့ကို ပြောပြစမ်း" ဖူမင်က ဆိုလိုက်သည်။
"ရှင်တို့က ဘယ်သူမို့လို့လဲ။ ကျွန်မတို့က ဘာလို့ ရှင့်စကားကို နားထောင်ရမှာလဲ။ အဲဒီလူက အဆင့်မြင့်နိုင်ငံတစ်ခုက မင်းသားတစ်ပါး ဖြစ်နိုင်တယ်။ တကယ်လို့ ကျွန်မတို့ တစ်ခုခု ပြောလိုက်လို့ ကျွန်မတို့နိုင်ငံ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ" မင်းသမီးက ပြန်မေး၏။
"အဆင့်မြင့်နိုင်ငံ ဟုတ်လား။ အဲဒီနိုင်ငံတွေက အင်ပါယာကို ယှဉ်နိုင်လို့လား" လင်ယီက သရော်လိုက်သည်။
"မင်းပြောတဲ့လူက တကယ်ပဲ မင်းသားတစ်ပါး ဖြစ်နေရင်တောင်မှ အင်ပါယာရဲ့ သံတမန်တစ်ဦးအနေနဲ့ ငါ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ငါမေးတာကို ဖြေဖို့ မင်းကို ငါ အမိန့်ပေးတယ်" ဖူမင်သည် သူ၏ ရာထူးကို ဖော်ပြသည့် အင်ပါယာ တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
"ဒီ... ဒီတံဆိပ်ပြားပဲ။ ရှင်တို့က အင်ပါယာက လာတာကိုး။ မမှတ်မိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်" မင်းသမီးသည် ထိုတံဆိပ်ပြားကို မြင်သည်နှင့် ပျာပျာသလဲ တောင်းပန်လိုက်တော့သည်။
အင်ပါယာသည် အရာအားလုံး၏ အထက်တွင် ရှိ၏။ လုံချန်းသည် အဆင့်မြင့်နိုင်ငံ တစ်နိုင်ငံမှ မင်းသား ဖြစ်နေလျှင်ပင် အင်ပါယာနှင့်တော့ မည်သို့မျှ မနှိုင်းယှဉ်နိုင်ချေ။ အင်ပါယာသည် ဤတိုက်ကြီး၏ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်ပြီး ၎င်းတို့၏ သံတမန်များမှာ သူမ၏ ရှေ့မှောက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ သူမအနေဖြင့် သူတို့၏ အင်အားကို မမြင်နိုင်ခြင်းမှာလည်း မဆန်းချေ။
"အဲဒီလူအကြောင်း ပြောပြစမ်း။ သူက ဘယ်နိုင်ငံက မင်းသားမှ မဟုတ်ဘူး။ သူက အင်ပါယာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝရမ်းပြေး တစ်ယောက်ပဲ။ ပြီးတော့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ရက်စက်လှတဲ့ သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံပဲ" ဖူမင်က ဆိုသည်။
"သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံ ဟုတ်လား။ သူက မင်းသား မဟုတ်ဘဲ ဝရမ်းပြေး တစ်ယောက်ပေါ့" မင်းသမီးကျူးက ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်မိသည်။
"ဟုတ်တယ်။ အချိန်ဖြုန်းမနေနဲ့တော့။ ငါတို့ သူ့ကို ရှာနေတာ လတော်တော် ကြာပြီ။ ငါ ပြောတာကို ယုံလိုက်စမ်း၊ မင်းတို့ နှောင့်နှေးမှုကြောင့် သူ့ကို ငါတို့ လက်လွတ်သွားရမယ်ဆိုရင် အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းတို့ ခံနိုင်မှာ မဟုတ်ဘူး" ကုရန်က အခြေအနေ၏ အရေးကြီးပုံကို သတိပေးလိုက်သည်။
"ဟုတ်တယ်။ သူ့အကြောင်းကို မြန်မြန် ပြောပြပါ။ သူ့ကို အလွတ်မပေးနိုင်ဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် သူ ထွက်ပြေးတုန်းက တိုက်ကြီးရဲ့ တစ်ဖက်အစွန်ဆုံးကို ရောက်သွားတာ၊ အခု လတော်တော် ကြာမှ ဒီမှာ ပြန်ပေါ်လာတာ။ တကယ်လို့ သူ အခု ထပ်ပြီး ပျောက်သွားဦးမယ်ဆိုရင် သူ့ကို ဘယ်တော့ ပြန်ရှာတွေ့မလဲဆိုတာ ငါတို့လည်း မသိဘူး" ပုရှိုက ဆိုလိုက်၏။
'သူက သူတော်စင် သတ်ဖြတ်သူရဲ့ အမွေခံ ဖြစ်နေတာလား။ ဒီတိုက်ကြီးရဲ့ ရန်သူပေါ့။ ဒါဆို ငါ အရင်က တွေးခဲ့တာ မှန်တာပဲ။ သူက တခြားတိုက်တစ်ခုက လာတာပဲ။ တကယ်လို့ သူ တည်းခိုခန်းမှာ ရှိနေသေးရင် သူတို့ သူ့ကို ဖမ်းနိုင်မှာပဲ။ ငါတို့နိုင်ငံက သူတို့ကို ကူညီပေးရင် ဂုဏ်ပြုဆုတွေ အများကြီး ရနိုင်တာပဲ' မင်းသမီးကျူးက တွေးတောလိုက်သည်။
"ကောင်းပါပြီ။ ကျွန်မ အကြောင်းစုံကို ပြောပြပါ့မယ်။ သူ့ကို ပထမဆုံး မြင်ခဲ့တဲ့သူက ကျွန်မပါ။ ကျွန်မ ရှဲ့မျိုးနွယ်စုရဲ့ ပြန်ပေးဆွဲတာ ခံရပြီး ဒီအကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတုန်းက..."