Doppelgänger
Vol. 1 Ch. 23
ဤခန်းမကြီးကား နတ်ဘုရားမ မေဟန်ဟီရစု၏ နန်ကွန်းပိရမစ်ကြီးကို အဓိကထိန်းချုပ်သည့်နေရာ ။ သို့သော် လီယိုနာ့ဒ်အတွက်မူ ထူးခြားမှုကို မတွေ့ရဘဲ ၊ အနှီနေရာသည်ကား ပိရမစ်အတွင်းက တခြားသော အခန်းကြီးများကဲ့သို့ပင် အနက်တစ်ခါ ၊ ရွှေရောင်တစ်လှည့်ပြောင်းနေသော ၊ ခွေးသွားစိပ်ကြီးများ ယန္တရားပြွန်ချောင်းရှည်ကြီးများနှင့် လည်ပတ်နေသော စက်ဝိုင်းသဏ္ဌာန် ခန်းမကျယ်ကြီးတစ်ခုသာ ဖြစ်လေသည် ။
ကိုယ့်ရုပ်အား ပြန်မြင်ရသည်အထိ ပြောင်လက်နေသော ကြမ်းပြင်ပေါ်၌ ယန္တရားရုပ် အပျက်အစီးများက မွစာကြဲနေကြသည့်ပြင် ၊ Awakened လူးသို့(စ်)များ၏ ခြေပြတ်လက်ပြတ်များမှာလည်း တောင်ပူစာငယ်သဖွယ် ပုံထနေသည်သာမက ၊ ထိုအတွင်းတွင် သူရင်ဆိုင်ခဲ့ဖူးသည့် လူးသို့(စ်)များထက် များစွာသေးငယ်သော လူးသို့(စ်)လက်ပြတ်များလည်း ပါဝင်နေကြပြီး ၊ အဆိုပါ ခန္ဓာကိုယ် အပိုင်းအစပုံကြီး၏ ဘေးတွင်မူ ခြေလက်အင်္ဂါစုံသော လူးသို့(စ်)ကြီးတစ်ကောင်မှာ ဝမ်းလျားမှောက်လျက်ရှိကာ ယင်းကြီး၏ ကျောပြင်ပေါ်က မီးခိုးရောင် ကြွက်သားထုကြီးများမှာလည်း စက္ကန့်နှင့်အမျှ နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေသည် ။
ထိုမျှမက ခန်းမလယ်ဝယ် လူသားယောက်ျားနှင့်မိန်းမ သဏ္ဌာန်နှစ်ခုမှာ သူ့ကိုကျောပေးလျက် ရပ်နေကြသောကြောင့် ၊ သူလည်း ရွှေရောင်ကြမ်းပြင်ကြီးကို ယန္တရားချပ်ဝတ်ဖိနပ်နှင့် ခပ်ပြင်းပြင်းနင်းလျှောက်လိုက်သည့်အခါ တဒေါက်ဒေါက်မြည်သံများက ခန်းမအတွင်းခပ်ဆတ်ဆတ် ပျံ့နှံ့လာလေ၏။ ယင်းနှင့်အတူ ချင်းတို့နှစ်ယောက်လုံးမှာလည်း သူ့ဘက်သို့ လှည့်လာကြလေသည်။
ယောက်ျားသဏ္ဌာန်မှာ ခြေဖနောင့်ထိပြန့်ကျနေသော နီညိုရောင် ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပြီး အနက်ရောင်ခါးပတ် ပတ်ထား၏ ။ ကုတ်အင်္ကျီနှင့် တစ်ဆက်တည်းဖြစ်သော ခေါင်းစွပ်အနီကို ဆောင်းထား၏ ။ မျက်နှာကိုကား အဖြူရောင် ကြွေမျက်နှာဖုံးနှင့် ကာထား၏ ။
မိန်းမပျိုမှာမူ အနက်ရောင် ကတ္တီပါသားနှင့် ဖွဲ့သီအပ်သော အင်္ကျီလွှာအား ဆင်ယင်ထား၍ ယင်းအပေါ်၌ ရွှေရောင်အန်သရယ်ပန်းပွင့်များ ယိမ်းနွဲ့နေပုံကို အထပ်ထပ် ၊ အလိပ်လိပ် ၊ အဆင့်ဆင့်သောစီးကွင့်များဖြင့် ဖော်ကျူးထားသည်သာမက ၊ အနှီအနက်ရောင် အင်္ကျီ၏အောက်ဝယ် အဖြူရောင်လက်အိုးရှည် ဇာလွှာတစ်ထပ်မှာလည်း လိုက်ဖက်ညီစွာ ပူးကပ် ထိုးထွက်နေပြီး ၊ ခါးအောက်တွင်မူ အနီရောင်ပိုးသားဂါဝန်ကြီးကို ဆင်မြန်း၍ လည်းကောင်း ၊ ထိုဂါဝန်နီကြီးအား ရွှေရောင်သစ်ပင်သဏ္ဌာန် စီးကွင့်ထိုးဟန်များဖြင့် ထပ်လောင်းမွမ်းမံ၍ လည်းကောင်း ပူးတွဲ ပနံရထားသည့်ပြင် ၊ နက်မှောင်နေသော ကတ္တီပါခမောက်ဝိုင်းကြီးအား တည့်တည့် ဆောင်းလျက် ၊ ထိုခမောက်ဝိုင်း၏ အစွန်းများ၌ ပါးလျနေသော အနက်ရောင် ဇာလွှာလေးတစ်ထပ်ကိုလည်း တပ်ဆင်ထားလျက် ရှိနေသောကြောင့် ၊ သူ(မ)၏ နို့နှစ်ရောင်ဖျော့ဖျော့ မျက်နှာလေးနှင့် ကြက်သွေးရောင်ရင့်ရင့် နှုတ်ခမ်းထူထူစိုစိုလေးတို့မှာ ဇာသားကန့်လန့်ကာ၏နောက်ဝယ် မှုန်မှိုင်းစွာဖြင့် ထင်ဟပ်ကာ လှဂုဏ်ရည်တို့နှင့် နိုးကြွနေပေသော်ငြား ၊ သူ(မ)မှာ ခေါင်းကို ငိုက်ထားလျက် ၊ ခါးကို ညွတ်ထားလျက် ၊ လက်ကို တွဲလောင်းကျထားလျက် အနေအထားဖြင့် ရပ်နေသောကြောင့် ၊ ဤသည်ကို တွေ့ရသည်ကား ပုစွန်ဆီရောင်ကောင်းကင်နှင့် ပတ္တမြားရောင်တို့ လဲ့ဝေလေသော နေဝန်းနီကြီးတို့၏ ကာရန်ညီသော ဆည်းဆာယံ အလှကို တိမ်နက်များနှင့် ဝင်ဖျက်နေသည့်အလား အမြင်မှားရလေသည် ။ မူမမှန်မှုအပေါင်း ခညောင်းနေလေသည် ။
https://mmxianxia.com/wp-content/uploads/2026/04/E562BDA1-1151-4213-9FAF-D4113CBC5062.webp
သူ(မ)ကား သမုဒယရတီနန်းတော်၏ ဒုတိယအပေါ်ဆုံးလွှာ၌ GCS 3 ဖြင့် မေ့မြောလျက်ရှိခဲ့သော သာမဂ္ဂီပြည့်ကြီးတန်ဆာ လေဒီ ဆယ်ဖီးနီး ။ အင်္ကျီဒီဇိုင်း ပညာရှင်တစ်ယောက်ဖြစ်သည့်အတိုင်း သူ(မ)ဝတ်စုံ၏ စီးကွင့်ဖော်ဟန်တို့မှာ တခြားသော ပြည့်တန်ဆာများထက်ပင် နှာတစ်ဖျားသာနေလေသည် ။ သို့ဆိုပါက ကြွေမျက်နှာဖုံးနှင့်သူမှာ ( အေ ) ပင်ဖြစ်ရလတ္တံ့။
ဆယ်ပေအကွာသို့ရောက်သရော် ချင်းက လက်နှစ်ဖက်လုံးကို ပြိုင်တူဖြန့်လိုက်ပြီး
“ဟ … ဟာ … ဟား … မေဟန်ဟီရစုရဲ့ ရ (Ra) ကို နည်းနည်းလောက် ဝင်မွှေလိုက်လို့ ရာဗလွန်ဘက်က ငါ့ကို စိန်ခေါ်မဲ့သူလေး ဘာလေး ရောက်လာမလား စောင့်နေတာ … ရောက်တော့လာသားပဲ ။ ဒါပေမဲ့ မင်း နောက်ကျနေပြီကွ ။ ဘာပဲပြောပြော ကြိုဆိုပါတယ်ကွာ … ဟေ့ မိုင်လေဒီ … ဧည့်သည်ကို ကြိုဆိုလိုက်ဦးလေကွာ”
ဟူသည့် စကားကို ခပ်အောအောအသံဖြင့် ဆိုလိုက်လေလျှင် ၊ လေဒီ ဆယ်ဖီးနီးက ဘယ်လက်သွယ်သွယ်လေးနှင့် ညာပခုံးကို ထိလျက်
“မင်္ဂလာပါ သူရဲကောင်း ။ သင်္ချိုင်းက ကြိုဆိုပါတယ်”
ဟုဆိုလေ၏ ။ သူ(မ)၏ အသံကား လွင်လွင်လေး ။ သို့သော် ခံစားချက်မပါ ၊ အနိမ့်အမြင့်မရှိ ။ သူ(မ)၏ မျက်လုံးများကား ပုလဲနှင့်မဟူရာ ပေါင်းစပ်ထားသလို ။ သို့စေကာမူ ဘေးဘီကို လုံးလုံးလျားလျား မသိသူသကဲ့သို့ ငေးကြောင်နေလေသည် ။
မီဇိုဗာကပ်ပါးကောင်ဖြင့် စိတ်ညှို့ခံထားရသည်ကား သိသာလွန်းလှစေကာမူ မာတိုရို၏အပြောအရ ကပ်ပါးကောင်မှာ ထိုကဲ့သို့ အဆင့်မြင့်သော အမိန့်များကိုပေး၍မရဟု သိထားသည့်အတွက် သူ့ရင်၌ စိုးရိမ်စိတ်များ လျှံတက်လာလေသည် ။
“မင်း သူ့ကို ဘာလုပ်ထားတာလဲ”
ထိုအခါ (အေ) က ၎င်း၏နားထင်ကို လက်ညှိုးဖြင့် ထောက်ပြ၍
“မီဇိုဗာ Version 2.0 ထည့်ထားတာကွ ။ 2.0 က အရင် Version တွေထက် လုပ်ဆောင်ချက် ပိုစုံတယ် ။ ခုနကလို စကားပြောခိုင်းရင် စကားပြောနိုင်တယ် ။ ပြီးတော့ မင်းထင်မထားတာတွေလည်း လုပ်နိုင်သေးတယ်”
ဟုဆိုပြီးနောက် သင်းသည် လက်တွင်းက ဘဲဥသဏ္ဌာန် ကိရိယာလေးကို တစ်ချက်နှိပ်လိုက်သည်တွင် ၊ လေဒီ ဆယ်ဖီးနီး၏ တစ်ကိုယ်လုံး တောင့်တက်သွားလေသည် ။
“သူက ငါပြောတဲ့စကားကိုလည်း အတိအကျ လိုက်ပြောနိုင်သေးတယ်ကွ”
“သူက ငါပြောတဲ့စကားကိုလည်း အတိအကျ လိုက်ပြောနိုင်သေးတယ်ကွ”
ထွက်လာသော စကားသံကားနှစ်ထပ် ။ (အေ) ၏ပြောစကားကို လေဒီ ဆယ်ဖီးနီးကပါ တစ်ညီတည်း ၊ တစ်ညာတည်း ၊ တစ်သဝေမတိမ်းတည်း လိုက်ပြောနေလေပြီ ။
“အမှန်ဆို ငါက အရမ်းအကြမ်းဖက်တတ်တဲ့သူ မဟုတ်ဘူး ။ အော်စလန်ကို သတ်ဖို့တောင် စိတ်ကူးမထားဘူး ။ ဒန်ဒရီအိုစာက မင်းသားလေးကို လေလံနိုင်အောင် လုပ်ပေးလိုက်မယ် ။ ပြီးတော့ ဒီက ဖဲလေဒီကို လျှောက်လွှာ လက်ခံခိုင်းလိုက်မယ် ။ အဲမှာ ဖဲလေဒီက တစ်ဆင့် ငါမေးလိုရာမေးခိုင်းပြီး အော်စလန်ဆီက သလင်းတုံးထိန်းချုပ်တာတွေကို စကားနှိုက်မလို့ကွ”
“အမှန်ဆို ငါကအရမ်း … … … စကားနှိုက်မလို့ကွ”
ချင်း၏စကားများကို သူ(မ)က တစ်ပြိုင်နက် လိုက်ပြောနေသဖြင့် မိန်းမသံနှင့် ယောက်ျားသံ နှစ်ခုပူးနေသော အသံကိုကြားရလေလျှင် သူ့ရင်တွင်း၌ ဒေါသများ အလိပ်လိုက် အထွေးလိုက် ပြုံတက်လာပြီး ၊ ဖြစ်နိုင်ပါက သည်မျက်နှာဖုံးစွပ်ကို ဟေဆွန်ဓားဖြင့် ပြေးပိုင်း၍ လေဒီ ဆယ်ဖီးနီးကို ကယ်ထုတ်ချင်မိသော်လည်း ၊ အချိန်ဆွဲထားပါက နိုင်နေပြီဖြစ်သောကြောင့် လက်သီးကိုသာဆုပ်ကာ ယင်းပြောသမျှကို သည်းခံနားထောင်နေရသည် ။
“ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ။ Version 2.0 က အဆုံးထိမအောင်မြင်သေးဘူး ။ ဒါမျိုး စကားအတူတူ လိုက်ပြောခိုင်းလိုက်ရင် ဦးနှောက်ထိသွားတယ်ကွ ။ အဲညတုန်းက ငါမေးခိုင်းတာလေး ငါးခွန်းလောက်ပဲ မေးရသေးတယ် ဖဲလေဒီက ကိုမာ ဝင်သွားတယ်လေ ။ အဲသည်တော့ … မင်းမြင်တဲ့အတိုင်း … ငါလည်း အကြမ်းနည်းလေး သုံးရတာပေါ့”
“ဒါပေမဲ့ ဘယ်လိုလုပ်မလဲ … … … အကြမ်းနည်းလေး သုံးရတာပေါ့”
လေဒီ ဆယ်ဖီးနီးမှာ (အေ) ၏စကားများကို လိုက်ပြောနေလျက်ပင် မျက်ဝန်းတို့မှ မျက်ရည်ဥကြီးများမှာ ပါးပြင်တစ်လျှောက် လိမ့်ဆင်းလာကြသည် ။ သို့လင့်ကစား ငိုသံမပါ ။ ငေးကြောင်နေသည့်မျက်လုံးများနှင့်သာ ။ ထိုအခါ (အေ) က ထိန်းချုပ်ကိရိယာလေးကို ထပ်နှိပ်လိုက်သဖြင့် သူ(မ)မှာ ခေါင်းငိုက်စိုက်ကျသွားတော့သည် ။
“ဘာပဲပြောပြော ငါက အရမ်းအကြမ်းမဖက်တတ်တာတော့ မင်းသိတယ်မလား”
လူပေါင်းထောင်ချီနီးပါးကို မီဇိုဗာကပ်ပါးကောင် ကူးစက်စေပြီး ဤမျှထိ သတ်ဖြတ်ထားသူက ဤစကားကိုနှစ်ကြိမ်မျှ ဆိုနေသောကြောင့် သူ မျက်နှာ၌မဲ့ပြုံးတစ်ချက်ကို ခင်းကျင်းလိုက်လေ၏။
“မင်း … အောက်မှာ မင်းလုပ်ထားတာတွေကိုကော ပြန်ကြည့်မိရဲ့လား”
“ဟက် … အခုဆို အနည်းဆုံး ရာချီလောက်တော့ သေကောပေါ့ ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ။ ဆရာဝန်တောင် လူနာကိုကုဖို့ ပိုးသတ်ဆေး တိုက်သေးတာပဲမလား ။ လူနာအမြင်မှာတော့ ဒီဆရာဝန်က အသက်ကယ်တင်ရှင်ပေါ့ ။ ဒါပေမဲ့ အဏုဇီဝပိုးတွေရဲ့ အမြင်မှာကတော့ အဲသည်ဆရာဝန်က သူတို့ကို အမျိုးတုံးသတ် (Genocide) နေတာပဲ … Reference Frame လေး နည်းနည်းပြောင်းကြည့်ဟ”
“အဲဒါအဏုဇီဝပိုး လေး တွေကွ”
လီယိုနာ့ဒ် အသံမာလာသည့်အခါ ၎င်းကလည်း လက်နှစ်ဖက်ကို နောက်ပြန်ပစ်လျက် ပခုံးနှစ်ဖက်လုံးကို တွန့်ပြလိုက်လေသည် ။
“အေး … ငါသတ်လိုက်တာကလည်း လူသားသေမျိုး လေးတွေပဲလေ … မင်း အမြင်ကျဉ်းလှချေလား ။ မင်းရဲ့ လူမျိုးရိုး မဟုတ်တိုင်း တန်ဖိုးမရှိတော့ဘူးတဲ့လား ။ Clostridium Tetani က မင်းတို့ ကိုယ်ထဲဝင်လို့ မေးခိုင်ရောဂါဖြစ်တိုင်း ဒီကောင်လေးက အဆိုးလား ။
အဲ ဘက်တီးရီးယားက ပုပ်သိုး (Decomposition) ဖြစ်စဉ်ထဲမှာပါပြီး မြေတွင်းဂေဟ စနစ်ကိုကူညီပေးနေတဲ့ကောင်ကွ ။ လောကကြီးမှာ အသုံးမကျတဲ့ အဏုဇီဝပိုးဆိုတာမရှိဘူး ။ ဒါပေမဲ့ သုံးမရတဲ့ လူဆိုတာတော့ရှိတယ် ။ အဲလိုလူမျိုးတွေကို နည်းနည်းပါးပါးလောက် ရှင်းထုတ်သင့်ရင် ရှင်းထုတ်ပစ်ရမယ် ငါ့ကောင်”
ထောင်းခနဲထလာသော ဒေါသကို ပင့်သက်ပြင်းပြင်းတစ်ချက်နှင့် ထိန်း၍ ထုတ်သက်ပြတ်ပြတ်တစ်ချက်နှင့် မျှောလိုက်ရ၏ ။ ယင်းကား လူတစ်ယောက်၏ တန်ဖိုးကို မည်သည့်ပေတံနှင့် တိုင်းနေပါသနည်း ။ သင်းနှင့်ကား ပြောစရာ စကားကုန်နေလေပြီ ။ ထိုအခါ (အေ) က
“စိတ်အေးအေးထားစမ်းပါ နဂါးသူရဲကောင်းလေးရ ။ မင်းသာ ငါ့နေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်ရမှာပဲ ။ ငါသာတကယ် အကြမ်းဖက်ချင်ရင် ဒီပိရမစ်ကြီး ပွင့်ထွက်သွားပြီပေါ့ … အခုဒီမှာကြည့်လေ ။ ငါက ပိတ်ချ (Shut Down) ဖို့ပဲ ဝင် ဖောက်ထွင်း (Hack) နေတာ ။ ပြီးတောင်ပြီးတော့မယ် ”
ယင်းသို့ဆိုပြီးနောက် ၎င်းသည် ပိတ်ရပ်နေရာမှ ဘေးသို့ဖယ်ပေးလေရာ လီယိုနာ့ဒ်၏ရှေ့၌ လူ့ဦးခေါင်းအရွယ် ကုဗတုံးပျံလေးတစ်ခုပေါ်လာ၍ ယင်းလေးအပေါ်၌ သုံးဖက်မြင် ဟိုလိုဂရမ် (Hologram) တစ်ခုရှိနေပြီး ၊ အနှီဟိုလိုဂရမ် အတွင်းဝယ် 87% Completion ဟုဖော်ပြထားစေကာမူ ၊ သူကြည့်နေစဉ်မှာပင် Completion မှာ 87% မှ 86% သို့ပြုတ်ကျသွားလေ၏ ။
၎င်းနောက် 87% သို့ပြန်တက်၍ ထိုနေရာမှာပင် တက်လိုက်ကျလိုက်ဖြစ်နေသည့်အတွက် (အေ) မှာ ဦးခေါင်းကို ဘေးသို့ ငဲ့စောင်းသွားပြီးနောက် တဟားဟားအော်ရယ်တော့သည် ။
“အဟာ ဟား … ကောင်လေး ။ မင်းကအလာသားပဲ … မင်းကငါနှင့်အချိန်လာဖြုန်းနေပြီး နောက်မှာတခြားတစ်ယောက်က ငါ ဖောက်ထွင်း (Hack) တာကို တိုက်ရိုက် ပြန်စည်းကြပ် (Manual Override) ဖို့ကြိုးစားနေတယ်ပေါ့ ။
အဲဒါဘယ်သူများလဲ … မဟုတ်ဘူး … မဟုတ်ဘူး … မင်းမဖြေနှင့် ။ ငါစဉ်းစားကြည့်မယ် ။ ဒီအဆင့်ထိ ဝင်ပြီး တိုက်ရိုက်စည်းကြပ် နိုင်ရင် ဟို အော်ရကယ် ခေါင်းတုံးမ မလား ။ အေး … အေး … အဲသည် စောက်ခေါင်းတုံးမက ပြဿနာဆိုတာ အစကတည်းကသိတယ် ။ သူ့ဘေးနားက အစောင့်အရှောက်သာ မရှိခဲ့ရင် အဲစောက်ကောင်မရဲ့ ..င်ခေါင်းကိုလည်း ဓားနှင့် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် မွှန်းပြီးသွားလောက်ပြီကွ”
(အေ) ၏စကားသံတို့မှာ ပြောနေလျက်ပင် ပျက်ယွင်းလာသည်နှင့်အတူ တိုက်ပွဲကလည်း စတော့မည်ဖြစ်သောကြောင့် သူသည် ဟေဆွန်ဓားနှစ်လက်ကို အသင့်ပြင်ထားလိုက်သည် ။ ယခုအခါ အော်ရကယ်ချုပ်၏ ဝင်ဖျက်မှုများ အောင်မြင်နေသည့်အလျောက် သူ့တာဝန်မှာ (အေ) ၏ ထိုးစစ်ကို အကောင်းဆုံးခုခံရုံသာ ။ သို့သော် ချင်းသည် ယန္တရားချပ်ဝတ် ဝတ်မထားသော သာမန်လူတစ်ယောက်သာ ဖြစ်သည့်အတွက် အရာရာအားလုံးမှာ ထင်ထားသည်ထက်ပင် ပိုလွယ်ကူနေပါပကော ဟုတွေးလိုက်မိသည် ။
“အေးပေါ့ … အေးပေါ့ … အဲခေါင်းတုံးမကို သွားမသတ်အောင် မင်းက ငါ့ကို တားမယ်ပေါ့ ။ ကောင်းပြီလေ … ဒါဆိုလည်း တစ်ပွဲလောက်နွှဲကြတာပေါ့ ။ နဂါးသူရဲကောင်းဆိုတဲ့ကောင်တွေကို ငါအကြိမ်ကြိမ်သတ်ဖူးတယ်ကွ … ယန္တရားချပ်ဝတ် နောက်ဆုံး Version ဝတ်ထားတဲ့ကောင်တွေတောင် ငါးမိနစ်မခံဘူး ။ မင်းကတော့ အလွန်ဆုံးကြာ နှစ်မိနစ်ပဲ”
ဟုဆိုကာ (အေ) သည် ၎င်း၏ဘေးက လူတစ်ရပ်စာမျှကြီးမားသော ယန္တရား နဂါးဓားကြီးကို လက်တစ်ဖက်တည်းနှင့်ကိုင်မကာ ပခုံးပေါ်ထမ်းတင်လေသရော် ၊ လီယိုနာ့ဒ်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ဟေဆွန်ဓားအစား သူ့နောက်ကျောက ယန္တရားဓားကို ပြောင်းကိုင်လိုက်ရလေပြီ ။
လူသုံးယောက် ဝိုင်းမရသော ဓားကြီးအား လက်တစ်ဖက်တည်းနှင့်ကောက်ကိုင်လိုက်သည့်အင်အား ။ ယင်းကား လူမဟုတ် ။ ထိုအခါ (အေ) ကသူ့ထံသို့ ခြေတစ်လှမ်းသာ လှမ်း၍
“အက်(စ်)မန်းဒက်(စ်)ရဲ့ နတ်နဂါးဓားရေးက မဆိုးပါဘူး ။ ဒါပေမဲ့ မင်းတို့ကောင်တွေက တစ်ကွက်တောင် ကောင်းကောင်းမတတ်ကြဘူး ။ အဲတော့ မင်းမသေမီ တစ်ကွက်လောက်သင်ပေးတာပေါ့ ။ မင်းနာမည်ဘယ်လိုခေါ်လဲ”
“မင်းအရင်ပြောကြည့်လေ”
ထိုအခါ၎င်းက ဟားခနဲ တစ်ချက်မော့ရယ်သည် ။
“အန်းမရက်(ခ်) ၊ တန်နားဘရက်(စ်)ရဲ့ စတုတ္ထမြောက် ဒိုမီနီယမ် (Emmerik, The Fourth Dominion of Tenebris)”
ယင်း၏အဖြေက သူ့နားအနား၌ ဗုံးတစ်လုံး ခွဲချလိုက်သည့်အလား ။ ဒိုမီနီယမ် သတဲ့လော။ ယင်းကား နတ်ဦးသျှောင် ဆက်လက်(စ်)မို့(စ်)၏ လက်ရုံးကြီးလေးပါးတွင်းက တစ်ယောက် ။ ၎င်းကား တန်နားဘရက်(စ်) အင်ပါယာ၏ ထိပ်သီးများအတွင်းက တစ်ယောက် ။
“ဒိုမီနီယမ် … ဒိုမီနီယမ် … ဒိုမီနီယမ်”
သူ့နှုတ်ခမ်းက ဤဂုဏ်ပုဒ်ကို အကြောင်းမဲ့ရေရွတ်နေ၍ ယင်းနှင့်အတူ သူ့မျက်လုံးအတွင်းက ပုံရိပ်များက အနှေးပြကွက်များအလား ပြန်လည်ပေါ်ပေါက်လာလေသည် ။
“မင်းကြည့်ထား … မင်းသည်မြင်ကွင်းကိုကြည့်ထား … ဒါလောကကြီးပဲ”
အနှီစကားသံနှင့်အတူ ခေါင်းပြတ်သွားသော မိန်းမပျိုတစ်ယောက် ။ လည်ပင်းပြတ်က ထောင်ပန်းလာသော သွေးများ ။ ထိုရှေ့၌ ဒူးထောက်နေခဲ့ရသော သူ ။ ယင်းနောက် ကျိုးသွားခဲ့သော ဘယ်ဘက်လက်တစ်ဖက် ။ ထိုစဉ်က နာမည်တစ်ခုကို သူကျုံးအော်ခဲ့မိသည် ။ သို့သော် ယခုအခါ သူ့နှုတ်ခမ်းက ခပ်တိုးတိုးမျှသာ ထွက်လာတော့သည် ။
“လင်ဒြာ … လင်ဒြာ … လင်ဒြာလီဖေး”
သို့လင့်ကစား ခံစားချက်များအားလုံးမှာ တစ်ချက်လေးမျှ ယိုယွင်းမသွားခဲ့ ။ မိုယာဝုထ်မှာ ဇာတ်မြှုပ်နေခဲ့သည့်ကာလ တစ်လျှောက်၌ ထိုအခြင်းအရာများကို မေ့ပစ်ရန်ကြိုးစားခဲ့သော်ငြား အချည်းနှီးသာ ဖြစ်ကြောင်း ယခုဖြစ်ရပ်က သက်သေပြနေလေပြီး ၊ သူ့အဖြစ်ကား မီးပုံကြီးကို သစ်ရွက်ခြောက်နှင့် ဖုံးနေသူပမာ အချိန်တန်သည့်အခါအလျှံမီးမှာ ပို၍ပင်ကြီးမားလာကာ ၊ ဤဒေါသမီးလျှံကို ပထမဆုံး သင့်တော့မည့်သူမှာ သူ့ရှေ့တည့်တည့်က အန်းမရက်(ခ်) ။
ဓားကိုကျစ်ကျစ်ပါအောင်ကိုင်ဆုပ်၍ လီဗာကို အဆုံးထိဆွဲတင်လိုက်သည် ။ သူ့နောက်ကျောက ယန္တရားဓားကြီး တုန်နေသကဲ့သို့ သူ့နှလုံးခုန်ချက်များ ဗြောင်းဆန်လာသည် ။ ဓားသွားပေါ်က ဂျက်အင်ဂျင်ကြီး၏ တဝေါဝေါ မာန်ဖီသံနှင့်အတူ သူ့အသက်ရှူသံများလည်း ရှူးရှူးရှားရှား ကျယ်လောင်လာ၏ ။
သတ်မည်။ သတ်မည်။ အားလုံးကိုသတ်မည်။ တန်နားဘရက်(စ်)က ဒိုမီနီယမ်များ အားလုံးသေရမည် ။ လင်ဒြာလီဖေ၊ မင်းကြည့်နေသလော။ မင်း အကို့ကို ကြည့်နေပါသလော ။
“ဟေ့ကောင် … မင်းကန်းနေလား … နာမည်မေးနေတယ်လေကွာ … ပြောစမ်း”
“မင်း … မေ ... xိုး..."
ဟု အော်ဆဲကာ ပြေးဝင်ပြီးနောက် နောက်ကျောက ယန္တရားဓားကို ဆွဲထုတ်လျက် ၎င်း၏နားထင်ကို ခုတ်ပိုင်းပစ်လိုက်လေသည်။ ထိုသရော် အန်းမရက်(ခ်)ကလည်း ယန္တရားဓားကြီးဖြင့် ပြန်ပင့်ခတ်သောကြောင့် ဂျက်အင်ဂျင်အားဖြင့် လွှဲသောဓားကြီးနှစ်လက်မှာ သူတို့နှစ်ဦး၏ အလယ်တွင် ထိမိလေပြီ။
“ဒေါင်း …”
ထွက်လာသည်ကား တစ်သံတည်း ။ သို့သော် တစ်ခန်းလုံးညံထွက်သွား၏ ။ ပဲ့တင်သံများပြန်ပါလာ၏ ။
“ဟား ဟာ ဟ … ငါ့နာမည်နှင့် ငါ့ဂုဏ်ကိုပြောလိုက်တာနှင့် မင်းဒီလိုဖြစ်တယ်ပေါ့ ။ မင်းရဲ့ နတ်ဘုရားတွေက ဒိုမီနီယမ်ကို မြင်တာနှင့် ဒါမျိုးမုန်းရမယ်လို့ ဦးနှောက်ဆေးပေးထားတာလား”
ခွန်းတုံ့မပြန်ဘဲ ယန္တရားချပ်ဝတ်က စွမ်းအားများကို လက်မောင်းနှင့် လက်ဖျံနေရာက ကြွက်သားတုများထံ ပို့လွှတ်လျက် ဓားကိုဖိချလေလျှင် အန်းမရက်(ခ်) ကလည်း ဓားကိုပြန်ပင့်တင်လိုက်သဖြင့် ဓားကြီးနှစ်လက်မှာ လီဗာဆွဲသံများ ၊ ဂျက်အင်ဂျင်တို့၏ ကြုံးဝါးသံများထွက်လာသည့်ပြင် ဓားနှစ်လက်ထိရာနေရာ၌လည်း မီးပွါးများ စစဉ်လာလေရာ ၊ ယခုအခါ သူ့အဖို့ အန်းမရက်(ခ်)၏ လည်မျိုကိုဖြတ်ရန်မျှအပ ကျန်အရာများကို မမြင်တော့ဘဲ “သေလော့ ၊ သေလော့” ဟုသာနှလုံးသွင်းကာ ကြွက်သားတုများထံသို့ စွမ်းအားများ ထပ်မံပို့လွှတ်ပြီးနောက် ဓားကြီးကို ဆက်လက်ဖိချနေကြိုက် ၊ ဘေးကချိုလွင်လွင် အသံလေးတစ်သံ ပျံ့လွင့်လာလေ၏ ။
“ဪ သည်ကမ္ဘာ
သည် သူ တွေ
သတ် ဖြတ် ကြ
သန်းခေါင်ယံလို မှောင်တဲ့ အသူရာပုစ္ဆာ
ငါ့ ခန္ဓာ
ငါ့ စိတ်နှလုံး
ငါ့ ဝိညာဉ် ဆုံးခဲ့ရာ”
အနှီအသံလေးကား ဆည်လည်းလေး ခါလိုက်သည့်အလား ကြည်လင်နေ၏ ။ အဆိုလည်း ပိုင်၏ ။ အဆွဲအငင်လည်း နိုင်၏ ။ ဓားချင်းတိုက်နေသော သူတို့နှစ်ယောက်လုံး အသံလာရာသို့ ကြည့်လိုက်သည့်အခါ လေဒီ ဆယ်ဖီးနီးက ငေးကြောင်နေသော မျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို ကြည့်လျက် သီချင်းတစ်ပုဒ်ကို စဆိုနေ၏။ သီချင်းစာသားရပ်သွားသည်နှင့် အန်းမရက်(ခ်)က
“ဟာ … ဟား … ပထမတစ်ခါ အတူတူစကားပြောခိုင်းလိုက်တုန်းက ကိုမာ ဝင်သွားတယ် ။ အခု … အခု ရူးပါသွားပြီ ။ ရူးပြီး သီချင်းတွေဆိုကုန်ပြီ ။ ကောင်းတယ် … စောက်ရမ်းတွေပျော်စရာ ကောင်းကုန်ပြီ ။ ဒီလိုပွဲမျိုးမနွှဲရတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။ ဟေ့ကောင် တိုက်စမ်း … ငါ့ကို မီးကုန်ယမ်းကုန် တိုက်စမ်းကွ ဟား ဟ ဟ ဟား”
စကားဆုံးသည်နှင့် အန်းမရက်(ခ်)က သူ့ကိုတွန်းပစ်လိုက်လျှင် သူကလည်း နောက်သို့ ခုန်ဆုတ်ပြီးနောက် ဓားကို ပခုံးပေါ်ထမ်းတင်လျက် ပြန်ဝင်လာ၍ အလျားလိုက်ခုတ်ချက်များဖြင့် ဝင်ပိုင်း၏ ။ တစ်ချက်ခုတ်တိုင်း ခြေလှမ်းများက ရှေ့သို့တိုး၍တစ်ဖုံ ၊ နောက်သို့ဆုတ်၍တစ်မျိုးအကွက်ကျကျနင်းကာ အန်းမရက်(ခ်)၏ ဦးခေါင်းနှင့်နံကြားများကို ဓားချက်များနှင့် အဆက်မပြတ် ခြိမ်းခြောက်၏ ။ အခွင့်အရေးရတိုင်း၌လည်း ချင်း၏ခြေခုံကို သူ့ယန္တရားခြေထောက်ကြီးဖြင့် တက်နင်းရန်လည်း ကြိုးစား၏ ။
ဤသည်ကား ခုတ်ပိုင်းဓားရေး (Swordplay) နှင့် ခြေနင်းဟန် (Footwork) တို့စည်းချက်ကျကျ ပေါင်းစည်းထားသော နတ်နဂါး၏ ဆဋ္ဌမအသွင် ပြာမှုန်ရွက်ကြွေတိုက်ကွက် (Divine Dragon’s Sixth Form: Ashen Cleave, Twirling Leaves) ။ ဓားတစ်ချက်
ယမ်းတိုင်း၌ ရွက်ကြွေများ မြေခရသကဲ့သို့ သူ့ဓားချက်များက ရန်သူကို ပြာမှုန်အဖြစ်ပြောင်းတော့မည့်နှယ် ခက်ထန်နေ၏ ။ ရက်စက်နေ၏ ။ လက်မရွံ့နေ၏ ။
ထိုအခါ အန်းမရက်(ခ်)ကလည်း ညာလက်ဖြင့် ဓားရိုးကိုကိုင်၍လည်းကောင်း ၊ ဘယ်လက်ဖြင့် ဓားအပြားပေါ်က လက်ကိုင် (Handle) ကြီးကို ကိုင်၍လည်းကောင်း ယန္တရားဓားကြီးကို တုတ်ရှည်သဖွယ်ကိုင်လျက် သူ့ဓားချက်များအားလုံးကို ခတ်ထုတ်ပစ်သည် ။ ခြေထောက်များကိုလည်း ဘေးပြန်ယို့ရှောင်ကာ သူ့နင်းကွက်များမှ တိမ်းထွက်သည် ။
၎င်းကို တစ်ချက်မျှပင် ထိအောင်ခုတ်မရ ။ နင်းမရ ။ သူ၏ပြင်းထန်လွန်းလှသော ပြာမှုန်ရွက်ကြွေတိုက်ကွက်အားလုံးမှာ ယင်း၏ တည်ငြိမ်မျှတသော နတ်နဂါး၏ ဒုတိယအသွင်၊ မဇ္ဈိမမတ္တ ဓားရေး (Divine Dragon’s Second Form: Dragon Half - Swording Stance) အောက်၌ ရေပေါ်အရုပ်ရေးသည့်အလား ပျက်ပြယ်ကုန်သည် ။
ဧရာမဓားကြီးများ၏ လေကိုခွင်းသံတို့ကား တဝှီးဝှီး ။ ဓားအချင်းချင်း နှက်သံတို့မှာလည်း တဒိုင်းဒိုင်း ။ ဂျက်အင်ဂျင်ကို ဆွဲတင်သံတို့ကလည်း တဝေါဝေါ ။ တစ်ခိုက်၌ သူတို့နှစ်ယောက် ဓားချင်းခတ်မိလေရာ၊ ဒေါင်းခနဲမြည်သံကြီးနှင့်အတူ နှစ်ယောက်လုံး နောက်သို့ ခြေလေးလှမ်းမျှပြိုင်တူ ဆုတ်သွားကြိုက်ဝယ် လေဒီ ဆယ်ဖီးနီး၏ သီချင်းသံမှာလည်း ရွှေရောင်ခန်းမကြီးတွင်း တလွင့်လွင့်။
“ငါမော့ကြည့်တော့ မီးနှင့်ဝေဟင်
ရှူရှိုက်မိတော့ သွေးနံ့ လေညင်း
ဒါတွေနဲ့
ထာဝရ ပုစ္ဆာ ၊ သည် အရာ ၊ ငါ့ … ရတနာ ”
ထိုအခါ အန်းမရက်(ခ်)က
“ဟုတ်တယ် ပုစ္ဆာ … ပုစ္ဆာ … ဒါဦးနှောက်ဆေးခံထား ရတာမဟုတ်ဘူး … ပုစ္ဆာ ။ မင်းရဲ့ ဒိုမီနီယမ် တွေကိုမုန်းနေရတဲ့ ပုစ္ဆာကို ငါ့ကိုပြောစမ်း … တိုက်နေရင်းကိုး မင်းဓားသွားက အာဃာတတွေ ငါ့လာဟပ်နေတာ ။ ကြိုက်တယ် … သိပ်ကြိုက်တယ် တိုက်ပွဲဆိုတာ ဒါမျိုးခံစားချက်တွေပါနေရမယ် … ရူးခါနေရမယ် … လာစမ်း … လာစမ်းကွ”
ဟုဆို၍ လီယိုနာ့ဒ်ထံပြေးဝင်လာ၍ တိုက်ပွဲကား ဒုတိယအချီ ပြန်စရာ၌၊ အန်းမရက်(ခ်)၏ ဓားချက်များမှာ ပို၍ပင်ပြင်းထန်လာပြီး တိုက်ပုံခိုက်ပုံ ၊ ခြေနင်းပုံများမှာလည်း လယ်တောများကို ဝင်မွှေ့သည့်လေပွေရိုင်းတစ်ခုအလား။
မျှော်မှန်းမထားသော ဓားချက်များက တွေးဆမထားသော အကြိုက်၌ ထင်မှတ်မထားသော ရှုထောင့်များမှ ဆတ်ခနဲ ၊ ဖျတ်ခနဲ ၊ ရိုးခနဲ ၊ ရိပ်ခနဲ ဆင့်ဝင်လာသောကြောင့် တန်ပြန်တိုက်ခိုက်ခြင်းငြာ မစွမ်းသာတော့ဘဲ ၊ သူ့ထံ ဓားချက်ကျမလာစေရန်သာ ဓားပြားကြီးကို ဒိုင်းသဖွယ်ပြုလျက် ကာကွယ်ရတော့သည် ။
သို့သော် ၎င်း၏တိုက်ကွက်များကို ကာကွယ်ရသည်ကား မူးရို့(စ်)မြစ်၏ရေတံခွန်ကြီးက ထိုးဆင်းလာသော ရေအားကို လက်ဗလာဖြင့် ပင့်ခံနေရသည့်နှယ် လက်အစုံကိုသာမက တစ်ကိုယ်လုံးကိုပါ တစ်ချိန်တည်းမှာပင် ညှစ်ခြေလာ၏ ။
ဓားကွက် တစ်ကွက်ပြီးတစ်ကွက် ၊ ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်းနှင့်အတူ သူကိုယ်တိုင်လည်း တစ်စနှင့်တစ်စ ချောင်ပိတ်လာ၍ တစ်ချိန်၌ ယင်းက သူ့ထံသို့ ခြေတစ်လှမ်းတိုးကပ်လာပြီးနောက် ဓားကြီးနောက်က ပိုမယ်(လ်) တင်းပုတ်ကြီး (Pommel) နှင့် သူ့မေးစေ့အား ပင့်ရိုက်ပစ်လိုက်လေတော့သည် ။
“ဒန်း”
ချပ်ဝတ်ခမောက်နှင့် တင်းပုတ်ထိသံကား သူ့နားတွင်း အဖန်ဖန် ခါသွား၏ ။ တစ်ကိုယ်လုံးလည်း မိုက်ခနဲဖြစ်သွားကာ နောက်သို့ခြေငါးလှမ်းအထိ ဆုတ်ပေးလိုက်ရ၏ ။ ချင်းကား ဆက်လိုက်မလာ ။ ဤကြိုက် ခန်းမကြီးမှာ အနက်ရောင်ကြီးသို့မှောင်ကျသွားပြီး ၊ သူ(မ)မှာလည်း သီချင်းဆက်ဆိုနေဆဲ ။
“ရမ္မက်ခိုးအပြည့်နဲ့ လွင့်တက် လာသူတွေကို
မာယာပြုံးနဲ့ တွေ့ရတဲ့ ငါ့ဘဝအမှန်တရား
ငါ့ခန္ဓာ ၊ ငါ့ပညာနဲ့ သင်တို့သမုဒယတွေကား
စိတ် … ပျက် … ဖွယ် ၊ ရှု … မငြီး”
ထိုအခါ အန်းမရက်(ခ်)မှာ လက်ဖျောက်တစ်ချက်တီးလိုက်၏ ။
“မြင်လား ဟေ့ကောင် … ဖဲလေဒီက ပြည့်ကြီးတန်ဆာ ဘဝကို မပျော်ပိုက်ဘူးကွ … ဒါတွေကို ဘယ်သူ့ကို ဖွင့်ပြောခဲ့မယ်ထင်လဲ … ဘယ်သူ့ကိုမျှ မပြောခဲ့ဘူး ။ ငါလုပ်ပေးလိုက်လို့ ဒါမျိုးဖွင့်ဟလာတာ ။
မာယာတွေကြားက အမှန်တရား ၊ ဘယ်လောက်တောင် လှလိုက်လဲ ။ မင်းကြည့်စမ်း … ကြည့် … ဒါ Chaos … CHAOS … ဟား ..ဟ … ဟ ..ဟား”
သင်း၏စကားများကို ဂရုမစိုက် ။ သူယခုသိသည်မှာ ယင်းကိုအစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် စုတ်ဖြဲပစ်ချင်နေသောကြောင့် ပထမဦးစွာ တင်းပုတ်နှင့် ခတ်ခံလိုက်ရသောကြောင့် မူးဝေနေသောခေါင်းကို အကောင်းတိုင်းဖြစ်ရန် ပြန်ထိန်းယူနေရ၏ ။
ထိုစဉ် သူတို့နောက်ရှိ ကုဗတုံးလေးပေါ်က ဟိုလိုဂရမ် (Hologram) အတွင်း၌ Completion ဟူသော စာတန်းလေးမှာ 87% မှ 0% သို့ပြုတ်ကျသွားပြီးနောက် အနီရောင်အလင်းတန်းများလည်း ဖြာထွက်လာလေသည့်အတွက် ၊ ဆိုရင်း(န်)၏ တိုက်ရိုက်စည်းကြပ်မှု (Manual Override) မှာ အောင်မြင်စွာပြီးဆုံးသွားကြောင်း သိလိုက်ပေသော်ငြား ၊ ယခုအခါသူ့၌ ကျေနပ်ခြင်းမရှိ ၊ ပျော်ရွှင်ခြင်းနတ္ထိ ။
ယခုသိသည်ကား ဒိုမီနီယမ်ဟူသည့် ရှေ့တည့်တည့်က မျက်နှာဖုံးစွပ်ကိုသာ သတ်ရန်ဖြစ်သည့်အလျောက် ဓားကို ပြန်မလိုက်သည်တွင် ၊ ချင်းကလည်း လူတစ်ရပ်စာမျှရှိသော ဓားကြီးကိုပခုံး၌ ထမ်းထားလျက်ပင်
“ဒါပဲ … ဒါ … ပဲ … ငါရှုံးသွားပြီ ။ မင်းတို့ဘက်က စစ်ကူတွေရောက်လာတော့မယ် … ဒါပေမဲ့ … မင်း … မင်းအခုလို နိုင်လိုက်ရတာကို ပျော်လား ။ မင်း … ပျော် … ရဲ့ … လား ။ အေး … ငါလည်း ငါရှုံးတာကို ဝမ်းမနည်းဘူးကွ ။ ဒီမှာ ဖဲလေဒီ ရူးနေပြီ ။ မင်းနှင့်ငါ ရူးဖို့ပဲကျန်တော့တယ် ။ လာခဲ့စမ်း … တက်ခဲ့ … အတူတူရူးမယ် … PURE ENTROPY! PURE CHAOS! ”
ဟုအော်ဟစ်လျက် သူထံသို့ ပြေးဝင်လာသည့်အခါ သူကလည်း
“စောက်ရူးကောင် သေ … သေ … မအေရိုး”
ဟုပြန်ဆဲ၍ ဝင်ပိုင်းလာသော ၎င်း၏ဓားချက်ကို သူ့ဓားဖြင့် လွှဲခတ်ပစ်လိုက်လေ၏ ။ ဤသည်ကား ဗျူဟာမြောက်တိုက်ပွဲ မဟုတ်တော့ ။ ပုဂ္ဂိုလ်ရေးဆန်သည့် သတ်ပွဲတစ်ခု ။
https://mmxianxia.com/wp-content/uploads/2026/04/6B951CFD-24D5-4A6D-8A05-C38A1FD36EC5.webp
အန်းမရက်(ခ်)မှာ ဓားကိုတုတ်သဖွယ်ကိုင်နေရာမှ ၊ ဓားအသွင်ပြောင်းပြီး ခုတ်လာ၏ ။ ဓားအသွင်နှင့် တိုက်နေကြိုက်မှာပင် တုတ်အသွင်ယူ၍ ပြန်ပက်လာ၏ ။ မဇ္ဈိမမတ္တ အနေအထားမှ ပြာမှုန်ရွက်ကြွေ အသွင်ဆောင်လာ၏ ။ ပြာမှုန်ရွက်ကြွေအသွင်မှ အသွင်မဲ့ဝိရောဓိ ဓားကွက်များဖြစ်လာ၏ ။ ဒုတိယအချီက တိုက်ကွက်များထက်ပင် မှန်းဆရ ပိုခက်လာ၏ ။ ပိုမြန်လာ၏ ။ ပိုထန်လာ၏ ။ ပိုရူးလာ၏ ။
ဓားချင်းခတ်သံများ တစ်ခန်းလုံးဆူညံလာ၏ ။ ဓားချင်းခတ်သည့်အခါတိုင်း၌လည်း မီးပွါးများဖြာထွက်နေပြီး အချိန်ကြာလာသည်နှင့်အမျှ အန်းမရက်(ခ်)၏ ရူးနှမ်း ထွေပြားလှသည့် ထိုးစစ်ကို သူမခံနိုင်တော့ ။ ၎င်းသည်ကား နတ်နဂါးဓားရေးကို ထိပ်တန်းအဆင့်ထိ ရောက်နေရုံမျှမက ကိုယ်ပိုင်ဟန်တစ်ခုပင် ပြန်လည်ပြုပြင်ထားနိုင်သည့်အဆင့် ။
၎င်း၏ဓားကွက်များမှာ တောင်ပြိုသည့်အလား ရှုထောင့်ပေါင်းစုံက စီးမိုး ထိုးနှက်လာ၏ ။ ဓားချက်များမှာ လျှပ်ပြက်သည့်နှယ် မြန်ဆန်လာ၏ ။ လီယိုနာ့ဒ်၏အဖြစ်မှာ မိုးကြီးမျက်မည်းကြား၌ မီးခြစ်ခြစ်ရန်ကြိုးစားနေသူပမာ ခုခံကွက်များမှာ အရာမထင်တော့ ။
အဖြောင့်ထိုးသည့် သူ့ဓားကို ယင်းက ခတ်ထုတ်ပစ်လိုက်ပြီးနောက် သူ့ရင်ဝကို ခြေထောက်ဖြင့်ဆောင့်ကန်လေရာ ၊ လီယိုနာ့ဒ်မှာ ခြေလှမ်း နှစ်လှမ်းမျှဆုတ်သွားရ၏။ ထပ်ဆင့်တိုက်ကွက်မမိစေရန် ရင်ဝကို ဓားပြားဖြင့် ကာလတ်သရော် ၊ ချင်း၏ဓားချက်က ရင်ဝသို့မဟုတ်ဘဲ ဝဲဘက်နံကြားသို့ တိုးဝင်လာ၏ ။
“ဒေါင်း”
ယန္တရားချပ်ဝတ်နှင့် နဂါးဓားသွားထိသံကြီး ထွက်လာပြီး သူ့ကိုယ်မှာ တစ်ပတ်မျှ လည်ထွက်သွားသည် ။ အသက်ရှူသော် ထိမိသည့် ဘယ်ဘက်အဆုတ်နေရာက စူးတက်လာ၏ ။ နောက်ဆုံး သူ့ထံတိုးမလာစေရန် ဓားကိုအလျားလိုက်ယမ်းကာ နောက်ဆုတ်သည့်အခါ ၊ အန်းမရက်(ခ်)က သူ့ဓားပြားအပေါ်သို့ ခြေဖျားနှင့် ခုန်တက်၍ ခေါင်းကို ဒေါင်လိုက်မိုးခုတ်သောကြောင့် သူလည်းထိတ်ခနဲဖြစ်ကာ ခေါင်းကို ယို့ပေးလိုက်ရာ၌ ၊ သင်း၏ဓားသွားမှာ သူ့နားရွက်ဘေးက ဖြတ်သွားပြီးနောက် ပခုံးချပ်ဝတ်ပေါ်သို့ ကျလေလျှင် ၊ ဓားချက်မှာ အာမန်တီတိုက်ချပ်ဝတ်ကို မဖောက်နိုင်လင့်ကစား ပြင်းထန်လွန်းလှသည့် ဂျက်အင်ဂျင်၏အား (Blunt Force) ကြောင့် ဒန်းခနဲ မြည်သံကြီးနှင့်အတူ သူဒူးထောက်ကျသွားလေသည် ။
အလုံးစုံ ပုံလဲမသွားရန် ဓားကို ကြမ်းပြင်ပေါ်ထောက်ကာ အားပြုထားရသည့်အဆင့် ။ မည်သည့်အရိုးကျိုးသွားသနည်း သူမသိ ။ သေချာသည်ကား ထမရတော့ ။ ထိုအခါ အန်းမရက်(ခ်)က ယန္တရားဓားကြီးကိုထမ်းလျက် သူ့ရှေ့၌ ဘယ်ပြန်ညာပြန် ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ
“ဒါပဲလား … ဒါပဲလား ။ ဒီမှာသွေးတောင် မပူသေးဘူးကွ ။ ဟေ့ကောင် ပြန်ထစမ်း … ပြန်ထ … မင်းသိပ်သတ်ချင်နေတဲ့ ဒိုမီနီယမ်ဆိုတာ မင်းရှေ့မှာ”
အံကြိတ်ကာ ခြေထောက်က ကြွက်သားများကို ဆွဲတင်လိုက်လင့်ကစား၊ သူ့ကို ခဲအိတ်ကြီးဖြင့် ဆွဲထားသကဲ့သို့ တစ်ကိုယ်လုံးမှာ လေးပင်လွန်းနေပြီး ပေါင်ကြောများလည်း စူးအောင့်လာသည် ။
“မထဘူးလား … မထရင် ထအောင်လုပ်ယူရလိမ့်မယ် ။ အဲသည်ကျမှ ငါရက်စက်ပါတယ်မပြောနှင့်”
ထိုအခိုက်၌ အခန်းကြီးမှာ ရွှေရောင်ပြန်တောက်လာ၍ သူတို့ဘေးက သူ(မ)၏ သီချင်းသံတို့မှာလည်း အခန်းတွင်း လွင့်ပျံ့နေဆဲ ။
“အိုငါသိတဲ့
အသင် သစ္စာ ၊ သင့် မုဒြာနဲ့
သည့်လောကကြီးဟာ မအပ်စပ်လျက်သာ
မိုးအောက်မြေပြင် ရေပြင်တစ်ဆုံး မုသားအပြည့်ပါ
ဒီနေ့ငို ၊ နောင်နေ့ပြုံး
ဤသည် သံသရာ ၊ သည်နေရာမှာ ဆုံးရစေသား”
ဟုဆိုသည်တွင် ၊ အန်းမရက်(ခ်)က ခါးပတ်တွင် ချိတ်ထားသည့် ထိန်းချုပ်ကိရိယာလေးကို ထုတ်ပြီး
“ဤသည်သံသရာ ဒီနေရာမှာ ဆုံးရစေသား ဟုတ်စ ။ ဖြည့်ပေးမယ် … မိုင်လေဒီ … ဖြည့်ဆည်းပေးမယ် … လာ … ဒူးထောက်စမ်း”
ဟုဆိုကာ ကိရိယာလေးပေါ်က ခလုတ်အား နှိပ်လတ်သော် လေဒီ ဆယ်ဖီးနီး၏ခန္ဓာကိုယ်မှာ တုံ့ခနဲဖြစ်သွား၍ သီချင်းဆိုနေရာမှရပ်ပြီးနောက် သူ့ရှေ့တည့်တည့် ဆယ်ပေအကွာ၌ ဒူးထောက်ချလိုက်သည်တွင် ၊ အန်းမရက်(ခ်)က သူ(မ)၏ ကျောကို ခြေထောက်နှင့် တက်နင်းလိုက်သောကြောင့် သူ(မ)မှာ ဒူးထောက်လျက်သား ပုံ့ပုံ့လေးကုန်းသွားသည့်ပြင် ဇက်ပိုးဖြူဖြူလေးမှာလည်း အထင်းသား လှစ်ဟလာတော့သည် ။ ဤအခါ ၎င်းမှာ ဓားကြီးကို လက်နှစ်ဖက်လုံးနှင့် ကိုင်မြှောက်ကာ
“ဟေ့ကောင် … လောကမှာ လုပ်နိုင်လား ၊ မလုပ်နိုင်ဘူးလား နှစ်မျိုးပဲရှိတယ် ။ ငါ့ကိုတားနိုင်ရင် အခုထပြီးတား … မတားနိုင်ရင် သည်လေဒီ မင်းရှေ့မှာ ခေါင်းဖြတ်ခံရတာကို မင်းကြည့်စမ်း … မင်းတစ်သက်လုံး မျက်လုံးထဲက မထွက်မဲ့မြင်ကွင်းကို ငါပေးမယ်”
သူ့ရှေ့မှာ ခေါင်းဖြတ်ခံခဲ့ရသော မိန်းမသား ။ ယခုအဖြတ်ခံရတော့မည့် ကညာပျို ။ သူ(မ)ကား ဒုတိယ လင်ဒြာလီဖေးလော ။ မဟုတ်။ လုံးဝမဟုတ်။ မဖြစ်စေရ ။ သူအသက်ရှိနေသေးသည် ။ ဝင်သက်ထွက်သက် ရှိုက်နေသေးသည် ။ ရှေ့ကကောင်ကို သတ်ချင်နေသေးသည် ။ ဤမျှဆိုလျှင်လုံလောက်ပြီ ။
ရှိရှိသမျှ စွမ်းအင်မှန်သမျှအား ညှစ်ထုတ်ရလတ္တံ့ ဟုတွေးကာ ၊ ယန္တရားချပ်ဝတ်ကို အမိန့်ပေးလိုက်လျှင် သူ့လက်မောင်းရင်း၌ စူးခနဲဖြစ်သွားပြီးနောက် အရည်ပူများ သူ့ခန္ဓာကိုယ်တွင့် စိမ့်ဝင်လာလေ၏ ။ မာတိုရို၏ ဇီဒရဲ(လ်)ဆေးရည်ကို ထိုးသွင်းလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ရှိန်းဖိန်းလာ၏ ။ နာကျင်မှုများအားလုံး ယူပစ်လိုက်သကဲ့သို့ ပျောက်သွား၏ ။ အားအင်များကိုကိုယ်တွင်း ထိုးထည့်ပေးလိုက်သည့်အလား ပြန်လည်ပြည့်ဝလာ၏ ။ ထိုအတူ ဒေါသများလည်း အထွတ်အထိပ်သို့ ဆောင့်တက်လာတော့သည် ။
“ငါ … x x မ … သား”
ဟု ကျုံးအော်ကာ အန်းမရက်(ခ်)ထံပြေးဝင်၍ ဓားဖြင့်ဝင်ပိုင်းလေသော် ၎င်းကနောက်သို့ ခုန်ဆုတ်သွား၏။ ထိုသရော် သူကလည်း သင်းနောက်သို့ ထက်ကြပ်မကွာ လိုက်ခုတ်လေပြီး ၊ ယခုအခါ သူ့တစ်ကိုယ်လုံး တိမ်စီးနေရသကဲ့သို့ ပေါ့ပါးနေသည်သာမက သူ၏ဓားတစ်ချက်ယမ်းတိုင်း ၊ ခုတ်တိုင်းတွင်လည်း လေခွင်းသံကြီးများက နှစ်ဆခန့်ပိုကျယ်လာနေရာ ၊ အန်းမရက်(ခ်)မှာ သူနှင့်ဓားချင်းပင် ယှဉ်မခတ်တော့ဘဲ နောက်သို့သာ တစ်ဆုတ်တည်း ဆုတ်ပေးနေ၏ ။ ဤအခါ သူ့စိတ်တို့ပိုကြွလာ၏ ။ သတ်ချင် ဖြတ်ချင်စိတ်များလည်း စည်းဘောင်လွတ်လာ၏ ။
ဓားချက်များကား ကြမ်းလာ၏ ။ သို့သော် ရည်ရွယ်ချက်မရှိတော့ ။ ခုတ်ကွက်များကား မြန်လာ၏ ။ သို့သော် စည်းကမ်းများပျောက်ဆုံးလာ၏ ။ ယခုအခါ သူသုံးနေသည့်ဓားကွက်မှာ နတ်နဂါး၏အသွင်ခုနစ်မျိုးမဟုတ်တော့ဘဲ လမ်းဘေးက လူမိုက်များရန်ဖြစ်သည့်အခါသုံးသော အရူးချီးပန်း ဓားကွက်သာတည်း ။
ဤသို့ဖြင့် နောက်သို့ ဆုတ်မြဲဆုတ်နေသော အန်းမရက်(ခ်)အား အဆုံးသတ်ရန် သူသည်တစ်ကိုယ်လုံးက ကြွက်သားများနှင့် ကြွက်သားတုများအားလုံးထံ စွမ်းအင်ကုန် ပို့လွှတ်လျက် သင်းဆီသို့ လွှားခနဲခုန်ဝင်၍ မျက်နှာတည့်တည့်ကို ပိုင်းချလိုက်သည်တွင် ၊ ၎င်းမှာခန္ဓာကိုယ်ကို ယို့ရှောင်လိုက်လင့်ကစား မျက်နှာကို ရှပ်ထိသွားသည့်အလျောက် ကြွေမျက်နှာဖုံးမှာ နှစ်ခြမ်းပြတ်ထွက်သွားပြီး ကြမ်းပြင်ပေါ်ကျကွဲသည်နှင့်အတူ ယင်း၏မျက်နှာမှာလည်း ရှင်းရှင်းလင်းလင်းပေါ်လာလေတော့သည် ။
လီယိုနာ့ဒ်ရှေ့၌ ရပ်နေသူကား လေးထောင့်ကျသော မျက်နှာ ၊ ညိုသောမျက်လုံး ၊ တိုသောပါးသိုင်းမွေးနှင့် မုတ်ဆိတ်မွေးတို့အား ပိုင်ဆိုင်ထားသော အသက်သုံးဆယ့်ငါးနှစ်အရွယ် ယောက်ျားတစ်ယောက် ။
သူ့ပါးစပ်များ အဟောင်းသားဖြစ်သွားပြီး သတ်လိုဖြတ်လိုစိတ်များအစား အံ့ဩစိတ်များ အစားထိုးလာ၏ ။ မှန်ရှေ့ရောက်နေသကဲ့သို့ သူနှင့်တစ်ထေရာတည်း တူနေသော အန်းမရက်(ခ်)ကိုကြည့်ကာ ငေးကြောင်သွား၏။ ထိုစဉ် ၎င်း၏ နှုတ်ခမ်းထောင့်တစ်ဖက်မှာ ကော့တက်သွား၍
https://mmxianxia.com/wp-content/uploads/2026/04/IMG_3782.webp
“မင်းစောက်ဆင့်နှင့် ငါ့ကိုသတ်မယ်တဲ့လား”
စကားဆုံးသည်နှင့် ယင်း၏လက်ကြားမှ အပြာရောင် အဝိုင်းပြားလေးတစ်ခု ပျံထွက်လာပြီးနောက် ၊ ၎င်းလေးမှာ ချပ်ဝတ်ပြားများ မရှိတော့သဖြင့် အတိုင်းသားပြူးနေသော သူ၏ကြွက်သားတုများပေါ်သို့ ကပ်တွယ်လာ၏။ ယင်းနောက် အပြာရောင်လျှပ်စီးလှိုင်းများ စထွက်လာလေသည် ။ ဤသည်ကား ဗုံးတစ်လုံး ။ ပေါက်ကွဲစေသည့်ဗုံး မဟုတ်ဘဲ ယန္တရားများကိုသာ အသံတိတ်ဖျက်ဆီးသည့်ဗုံး ။
သူတစ်ကိုယ်လုံးက သွေးများပြန်လည်ဆူပွက်လာပြီး ဓားနှင့်လွှဲပိုင်းသည်တွင် ၊ အနှီသူက နောက်မဆုတ်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ယို့သာရှောင်နေ၏ ။ ထပ်ခုတ်ပြန်၏ ။ ဘေးသို့တိမ်းသွားပြန်၏ ။ ထပ်ပိုင်းပြန်၏ ။ သူ့တစ်ဝိုက်၌ နွဲ့ရှောင်နေပြန်၏ ။ လက်ကိုလည်း နောက်ပစ်ထားဆဲ ။ သူနှင့် တစ်ပုံစံတည်းတူသော မျက်နှာ၌လည်း မထီပြုံးတစ်ခုက ထင်းနေဆဲ ။
အရိပ်ကိုဓားနှင့် ခုတ်နေရသကဲ့သို့ ၊ ခုတ်ချက်တိုင်းလွဲနေ၏ ။ မြူထုကိုလက်နှင့်ဆုပ်ရသကဲ့သို့ ထိပြီ ၊ မိပြီဟုထင်လေသော်ငြား အမှန်စင်စစ်မှာမူ အန်းမရက်(ခ်)၏ကိုယ်မှာ သူ့ဓားချက်များကြား ယိမ်းနွဲ့နေ၏ ။ ချင်းအား ဓားနှင့်ခုတ်နေကြိုက်မှာပင် သဲတောင်ကြီးပေါ်သို့ တက်နေရသည့်အတိုင်း သူ့စိတ်တို့မှာ အမြင့်တစ်ခုရောက်သည်နှင့် ပြန်လျှောကျလာလေပြီး လက်ရှိအခြေအနေကို သူသဘောပေါက်လာရလေပြီ ။
သူသည် တိုက်ပွဲတစ်လျှောက်လုံး မည်သည့်အခါတုန်းကမှ ၎င်းကိုအသာစီးမရခဲ့ဘဲ ၊ ဆေးသုံး၍ ခွန်အားနှင့်ဒေါသစိတ်တို့ကို ပွေ့ပိုက်ကာ ပညာကို စွန့်ပစ်ကတည်းက သူရှုံးနေခဲ့ပြီးဖြစ်သည် ။
ဓားချက်များ အားလုံးကပ်လွဲနေရကား ပထမဆုံးအကြိမ်ကြောက်စိတ်များဝင်လာ၏။ ဤအခါသူလည်း ထိုစိတ်တို့ကို ဖိနှိပ်ကာ အားကုန်ခုတ်ပိုင်းရန် ဓားကို လက်နှစ်ဖက်လုံးဖြင့်ကိုင်လျက် ခေါင်းပေါ်ထိ မတင်လိုက်လေ၏ ။ ထိုစဉ်
“ဖျောင်း”
ဟူသည့် အသံကြီးမှာ သူ့ယန္တရားချပ်ဝတ်ထဲက ထွက်ပေါ်လာပြီးနောက် သူ့တစ်ကိုယ်လုံး ကျဉ်တက်သွား၍ ၊ ဓားကြီးကိုလေပေါ်မြှောက်ထားလျက်ပင် ကျောက်ရုပ်ပမာ ရပ်တန့်သွားလေသည် ။
ထို့နောက် ကြွက်သားတုများထံမှ မီးပွါးများစဉ်ထွက်လာ၏ ။ ယင်းနောက် ချပ်ဝတ်အဆက်များကြားမှ မီးခိုးများ အူတက်လာ၏ ။ ၎င်းနောက် အကြောများသေသွားသူပမာ ကြမ်းပြင်ကြီးပေါ်သို့ တောင့်တောင့်ကြီး လဲပြိုကျသွားတော့သည် ။
နဂါးခေါင်းခမောက်တွင်းမှာလည်း U I တစ်ခုလုံး အနီရောင်ပြောင်းကာ အချက်ပေးသံများပေါ်လာ၍
“Critical System Failure. Armor integrity below operational threshold. Eject immediately … Eject Immediately”
ဟူသော အသံများသာ ထပ်ခါထပ်ခါထွက်ပေါ်နေသည် ။ ခန်းမကြီးမှာ ရွှေရောင်မှ အနက်ရောင်သို့ အမှောင်ကျသွားသည်နှင့်အတူ ၊ သူသည်လည်း ဤတိုက်ပွဲ၌ မရှုမလှရှုံးနိမ့်ခဲ့လေပြီ ။
ခေါင်းဖြတ်ခံရတော့မည့်ဘေးမှ ကင်းလွတ်သွားသော လေဒီ ဆယ်ဖီးနီးမှာမူ သူ(မ)၏သီချင်းကို အဆုံးသတ်နေဆဲ ။
“သင်ကျွန်မ ဝိညာဉ်ကို ဖန်ဆင်းစဉ်က
သင့်စိတ်ထဲမှာ ဘာ ရှိနေသလဲ
အို နတ်ဘုရား
ထာဝရ ပုစ္ဆာ ၊ သည် အရာ ၊ ငါ့ ရတနာ”
နောက်ဆုံး “ရတနာ” ကိုဆိုသွားသော အသံလေးကား ဆွဲဆွဲငင်ငင် ငြိမ့်ငြိမ့်ညောင်းညောင်း ။ တစ်ချိန်တည်းမှာပင် မျက်ရည်များကား ပါးပြင်၌ တသွင်သွင် ။ မီဇိုဗာကပ်ပါးကောင်ကြောင့် ရင်တွင်းက အနက်နဲဆုံးခံစားချက်များ ပွင့်ထွက်လာသော သူ(မ)၏ စိတ်တွင်း၌လည်း ယခုအခါ မည်ကဲ့သို့ ဖြစ်နေလောက်မည်နည်း ။
https://mmxianxia.com/wp-content/uploads/2026/04/IMG_3856.webp
ထိုအခိုက်၌ အန်းမရက်(ခ်)က သူ့ရင်ဝပေါ်သို့ ခြေတစ်ဖက်တင်လျက် လည်မျိုပေါ်သို့ ယန္တရားဓားကြီး၏ ထိပ်ဦးဖြင့် ဖိထောက်လိုက်ပြီးနောက် ၊ အပေါ်စီးက ငုံ့ကြည့်ကာ
“သေခြင်းတရား ။ သေခြင်းတရားဆိုတာ မင်းအတွက် သက်ညှာလွန်းရာကျတာပေါ့”
ဟုဆိုလေသည် ။ ၎င်းနောက် ဧရာမဓားကြီးကို ပခုံးပေါ်သို့ထမ်းတင်ပြီး ၊ မှောင်မိုက်နေသော မျက်နှာကြက်ကြီးကို မော့ကြည့်လျက်
“လောကမှာ အရာရာအားလုံးက အလုံးစုံ ပျက်သုဉ်းခြင်းဆီကို ဦးတည်နေတယ် ။ အချိန်ကြာလာတာနှင့်အမျှ ကြယ်ကြီးတွေဟာ “သိခါပတ္တ ပေါက်ကွဲမှု” တွေ (Supernova) ဖြစ်ကြလိမ့်မယ် ။ တော်(လ်)မန် အိုပန်ဟိုင်းမား ဗောခေါ့(ဖ်) ကန့်သတ်ချက် (Tolman-Oppenheimer-Volkoff Limit) ကိုကျော်လွန်တာနှင့် နျူထရွန်ကြယ် (Neutron Star) တွေ ကျွံကျကုန်ပြီး တွင်းနက် (Blackhole) တွေ စိုးမိုးကြလိမ့်မယ် ။ အဲသည် တွင်းနက် (Blackhole) တွေ အကုန်လုံးလည်း ဟော့ကင်းဖြာထွက်မှု (Hawking’s Radiation) ကြောင့် အငွေ့ပျံကြလိမ့်မယ် ။ နောက်ဆုံး … ဒီစကြဝဠာကြီးဟာ “ဝိတရတိ စွမ်းအင် အသွင်အပြင်” (Heat Death) အဆင့်ကို ရောက်ရှိမယ် ။ အဲသည်အချိန်ရောက်ရင် ဒီလောကကနေ ဘာရေရာတဲ့ စွမ်းအင် (Energy) ကိုမျှ ထုတ်ရမှာ မဟုတ်တော့ဘူး ။
Entropy, Chaos! ဒါဟာ သာမိုဒိုင်းနမစ်ရဲ့ ဒုတိယ နိယာမ (Second Law of Thermodynamics) ။ စကြဝဠာကြီးတောင် မသွေဖည်နိုင်တဲ့ ကံကြမ္မာကို မင်းတို့က ဘာတွေလွန်ဆန်ချင်နေသေးတာလဲ ။ အတည်တကျ ရှိနေချင်သေးတာလဲ ။ Order ဆိုတာ မာယာ (illusion) တစ်ခုပဲ ။ Cosmic scale နှင့်ကြည့်ရင် လေအဝှေ့မှာ ကြွေလွင့်သွားတဲ့ ရွက်ခြောက်တစ်ခုလို”
သူနှင့်ရုပ်ချင်း တစ်ထေရာတည်းတူနေသူက နားမလည်သော စကားများလာပြောနေသည်ကို လီယိုနာ့ဒ် စိတ်မဝင်စားနိုင် ၊ ပျက်စီးနေသော ကြွက်သားတုများကြောင့် သူ၏ချွေးစိုနေသော တစ်ကိုယ်လုံးမှာ ဓာတ်စလိုက်လာပြီး ပူခြစ်လာသောကြောင့် ယန္တရားချပ်ဝတ်ကို ပြန်ချွတ်သည့် ပရိုတိုကော (Ejection Protocol) ကိုစနေရသည် ။ ထိုအခါ ချင်းကသူ့ကို ငုံ့ကြည့်၍
“ဒီစကားတွေက မင်းလိုကောင်အတွက် သိပ်မြင့်သွားလား ။ ဒါဆိုမင်းနားလည်အောင်ပြောမယ် ။ ငါ့အကြံ အောင်ခါနီး ၈၇% မှာ ဖျက်ဆီးပစ်တဲ့မင်းဟာ မသေသင့်သေးဘူး ။ အဲဒါအစား မင်းချစ်တဲ့သူတွေ မင်းမျက်စိရှေ့မှာ သေတာကို တစိမ့်စိမ့်ကြည့်ရမယ် ။ မင်းဘဝမှာ တန်ဖိုးထားရတဲ့သူ မှန်သမျှ တစ်ယောက်ပြီးတစ်ယောက်ကို ငါဆွဲခေါ်မယ် ။ သေရတာထက် အရှင်လတ်လတ် ရူးရတာဟာ ဘယ်လောက်ထိ အရသာရှိကြောင်း ပြပေးမယ်”
ဟုဆိုပြီးနောက် လေဒီ ဆယ်ဖီးနီးကို ထိန်းချုပ်ထားသော ဘဲဥသဏ္ဌာန် ကိရိယာလေးအား သူ့ဘေးသို့ ပစ်ချပေးလိုက်၍ ၊ ခြေပြတ်လက်ပြတ်အပုံနား၌ ဝမ်းလျားမှောက်နေသော လူးသို့(စ်)ကြီးနားသို့ သွားပြီးနောက် ၊ အန်းမရက်(ခ်)သည် အနီရောင်အမြှုပ်များ ပွက်ပွက်ဆူနေသော ဆေးရည်များထည့်ထားသည့် ဆေးထိုးအပ်ကြီးကို ခါးကြားမှ ထုတ်ယူလိုက်လေ၏ ။
ယင်းနောက် ဆေးထိုးအပ်ကို အနှီဆက်ဖီဘီယမ်ကြီး၏ ကျောပြင်က ကြွက်သားထုကြီးပေါ်သို့ စိုက်ချ၍ ဆေးရည်များအား ထိုးသွင်းလိုက်သည့်အခါ ၊ ၎င်းကြီးမှာ ဆန့်တငင်ငင်နှင့် အကြောဆွဲကာ တဂီးဂီးအသံကြီးများလည်း ထွက်လာလေသည် ။
“ကဲ … အခုတော့ ငါ့ရဲ့နောက်ဆုံး စမ်းသပ်မှုနှင့် ပျော်ပါးလိုက်ကြဦး ။ ဒါကြီးကို မစ်စတီးရီးရို့(စ်) လူးသို့(စ်) (Mysterios Luthos) လို့နာမည်ပေးထားတယ်ကွ ။ နိုင်အောင်သတ်ပြီး ပိရမစ်ထဲက ထွက်ဖို့ကြိုးစား ။ မဟုတ်ရင် အရာရာအားလုံး သိပ်ပျင်းစရာကောင်းသွားလိမ့်မယ် … ဟဟဟ …ဟား”
ဟုရယ်မောနေစဉ် အခန်းကြီးက ရွှေရောင်ပြန်တောက်လာပြန်၏။ ဤအခါ အန်းမရက်(ခ်)က နတ်ဘုရားဘာသာစကား တစ်ကြောင်းကို ရွတ်ဆိုလိုက်ရာ၌ ၊ မျက်နှာကြက်ကြီးမှာ အပေါင်းသဏ္ဌာန် လေးခြမ်းကွဲကာ ပွင့်ဟသွားလေလျှင်၊ ချင်းသည် ပေသုံးဆယ်နီးပါးမျှမြင့်သော ထိုအပေါက်ဆီသို့ လွှားခနဲခုန်တက်သွားလေသည်။
ပိရမစ်အတွင်းက အန်းမရက်(ခ်) ထွက်ပြေးလွတ်မြောက်သွားသည်နှင့် မျက်နှာကြက်ကြီးမှာလည်း တအိအိနှင့် ပြန်ပိတ်သွားလေပြီး၊ ထိုအကြိုက်၌ ဆေးထိုးခံလိုက်ရသည့် လူးသို့(စ်)ကြီးမှာလည်း ဒယီးဒယိုင်နှင့် ထလာတော့သည် ။
ထိုစဉ် သီချင်းဆိုပြီးသွားသော လေဒီဆယ်ဖီးနီးမှာမူ မနီးမဝေး ယန္တရားအပျက်ပုံများကြား၌ ဒူးတုပ်ထိုင်လျက် တစ်ခုခုကို ရှာဖွေနေသည့်ဟန်နှင့် ယန္တရားအပိုင်းအစများကြားကို နှိုက်နေလေပြီး ၊ ဆိုရင်း(န်)နှင့် ဟက်(စ်)တန် နှစ်ယောက်လုံးမှာ တံခါးဝကြီးမှ သူ့ထံသို့ ပြေးလာကြလေပြီ ။
“လီယိုနာ့ဒ်ကြီး အဆင်ပြေရဲ့လားဟင် … ချွတ်ချွတ် … ဒါကြီးကိုမြန်မြန်ချွတ်”
ဟုဆိုကာ ခေါင်းတုံးမလေးမှာ ချပ်ဝတ်များကို ကူချွတ်ပေးနေပြီး ဟက်(စ်)တန်ကလည်း
“ခင်ဗျားကြီး ကံကောင်းချက်ဗျာ … ဟို … လူကြီး ခင်ဗျားကိုသတ်မသွားလို့ ။ ခင်ဗျားလဲကျသွားတုန်းက လေဒီအော်ရကယ်က ဝင်မယ်လုပ်နေတာ ကျုပ်မှာ မနည်းဆွဲထားရတယ်”
ဟုဆိုနေလျက် ကူချွတ်ပေးနေသည့်အလျောက် ၊ တခဏမျှအကြာ၌ သူ့ချပ်ဝတ်များနှင့် ကြွက်သားတုများအားလုံး ကျွတ်သွားလေလျှင် ယခုအခါသူ့ကိုယ်ပေါ်ဝယ် ချွေးများရွှဲနစ်နေသော အဝတ်တစ်ခုသာ ကျန်တော့သည်နှင့်အတူ သူလည်း နဂါးတစ်ကောင်မဟုတ်တော့ ၊ လက်တစ်ဖက်ကျိုးနေသော ဒုက္ခိတတစ်ယောက် ပြန်ဖြစ်လေပြီ ။ ယင်းနောက် လီယိုနာ့ဒ်သည် ဘေးက လေဒီ ဆယ်ဖီးနီးကို ထိန်းချုပ်သော ကိရိယာလေးကို ကောက်သိမ်းလိုက်လေသည် ။ ထိုအခိုက်၌
“ဂီး …. ဂီး …”
ဟူသည့်အသံကြီးမှာ ပိုမိုကျယ်လောင်လာသဖြင့် သူတို့အားလုံး လှည့်ကြည့်သည့်အခါ သူတို့၏မျက်စိရှေ့မှာပင် လူးသို့(စ်)ကြီး၏ ခန္ဓာကိုယ်မှာ လေထိုးလိုက်သော ဘောလုံးကြီးနှယ် တစ်စတစ်စ ကြီးမားထွားကျိုင်းလာပြီးနောက် ၊ တဒင်္ဂမျှအကြာတွင် ၎င်းကြီးမှာ လူအရပ်သုံးပြန်စာနီးပါးမျှ ကြီးမားသော ဘီလူးကြီးအဖြစ်သို့ ရောက်ရှိသွားလေ၏။
သင်းကြီး၏ ကြွက်သားများမှာ မြင်မကောင်း ရှုမကောင်းလောက်အောင် ဖုထစ်ထနေသည့်ပြင် ၊ ဤမီးခိုးရောင် ကြွက်သားထုကြီးများပေါ်၌ အကြောကြီးများလည်း အပြိုင်းပြိုင်းထနေလင့်ကစား ၊ ခန္ဓာကိုယ်ကြီးနှင့်အတူ ဦးခေါင်းမှာ လိုက်ကြီးမလာသောကြောင့် သင်းမှာ ခေါင်းသေးကိုယ်ကြီးဖြစ်နေကာ သတ္တုခမောက်ကာထားသော အနှီဦးခေါင်းလေးမှာ တောင်ပို့ကြီးအလား မို့မောက်နေသော ကုပ်ပိုးကြွက်သားကြီးအောက်ဝယ် နစ်မြုပ်နေလေသည် ။ ၎င်းကြီးကာ ဂရာဗိုးရက်(စ်)ယန္တရားရုပ်ကြီး တစ်ရုပ်နီးပါး ။ သူတို့အားလုံး မော့ကြည့်နေရလေပြီ ။
ထိုမျှမကသေး ။ သူတို့ကြည့်နေကြိုက်မှာပင် ယင်းကြီး၏ ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်၌ အဝါရောင်အာရုံကြောမျှင်ကြီးများ ထိုးဖောက်ထွက်လာ၍ ၎င်းတို့မှာလည်း တွန့်လိမ်ယမ်းခါနေလေသည်။ ဤသည်တွင် အနှီ Mysterios Luthos ဘီလူးကြီးက ခြေပြတ်လက်ပြတ်များ ပုံထားသော အလောင်းပုံအတွင်းက သာမန် Awakened Luthos ထက်သေးသော လက်ပြတ်တစ်ခုကို ဆွဲယူပြီး သူ့ပခုံးပေါ်သို့ တေ့ပေးလိုက်သည့်အခါ ၊ ပခုံးပေါ်မှာ ပေါက်နေသော အာရုံကြောမျှင်ကြီးက လက်ပြတ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဤလက်ပြတ်ကြီးမှာ စတင်လှုပ်ရှားလာ၏ ။ ယင်းကြီး၏ ပခုံးပေါ်၌ လက်ပိုတစ်ချောင်း ပေါက်လာသည့်သဘောပင် ။
ဤသို့ဖြင့်ယင်းကြီးမှာ အလောင်းပုံတွင်းက သေးငယ်သော Luthos လက်ပြတ်များများကို ထုတ်ယူ၍ ကျော ၊ ရင်ဝ ၊ ခြေထောက် ၊ ဝမ်းဗိုက် နေရာများက အာရုံကြောကြီးများနှင့် တွယ်ဆက်နေလေရာ ၊ ၎င်းကြီး၏ ခန္ဓာကိုယ်အနှံ့၌ လက်ပေါင်းအချောင်းနှစ်ဆယ်နီးပါမျှ အပိုပေါက်လာပြီး ထိုလက်ပိုများအားလုံး၏ ငွေရောင်လက်သည်းရှည်ကြီးများကလည်း ကွေးတစ်ဖုံ ဆန့်တစ်မျိုး ၊ လုပ်နေကြသဖြင့် ခန်းမတစ်ခုလုံး လက်သည်းချင်း ပွတ်တိုက်ရာမှထွက်သော တရွှမ်းရွှမ်းမြည်သံများဖြင့် ဆူညံလာကာ ၊ ယင်းသည်ကား အာဏာပါးကွက်သားက ရာဇဝတ်သားကို မကွပ်မျက်မီ ဓားသွေးကျောက်နှင့် ဓားသွေးနေသည့်အလား ။
https://mmxianxia.com/wp-content/uploads/2026/04/CBBA9E84-F0A2-4318-9DE4-490DA873A9A1.webp
ဟက်(စ်)တန်မှာ ခေါင်းကို တဖတ်ဖတ်မြည်အောင် ရိုက်နေလျက်
“ငါအိပ်မက်ဆိုးတွေမက်နေတာ … ပြန်နိုးတော့ ၊ ပြန်နိုးတော့ … မခံစားနိုင်တော့ဘူး … သူရဲကောင်းကြီး … ကျုပ် … ကျုပ်တို့ ဘယ်လိုလုပ်တော့မှာလဲ”
“ပြေး … ဆိုရင်း(န်) … ဓာတ်လှေကားရှိရာကိုပြေးမယ်”
ယင်းသို့ဆို၍ သူတို့အားလုံးပြေးတော့မည်ပြုခိုက် ၊ ယန္တရားရုပ် အပျက်ပုံကြီး အတွင်း၌ဒူးတုပ်နေကာ တစ်ခုခုကို ဖွေနှည်နေဟန်တူသော လေဒီ ဆယ်ဖီးနီးကို မြင်သွားသောကြောင့်၊ သူသည် သူ(မ)အနားသို့သွား၍ လက်မောင်းကိုဆွဲလိုက်သည့်အခါ သူ(မ)က မျက်လုံးကြောင်ကြီးနှင့် မော့ကြည့်လေ၏ ။
“မလေဒီ … သွားကြစို့ ။ လိုက်ခဲ့ပါ”
ဟုဆိုလျှင် မဟူရာခမောက်အောက်က သူ(မ)၏ နှုတ်ခမ်းအစုံလေးပြုံးတက်သွားပြီး ထလာသောအခါမှ သူစိတ်သက်သာရာရသွားလေသည် ။ ဖြစ်နိုင်ပါက သူ(မ)ကို ကိရိယာနှင့် မထိန်းချုပ်ချင် ။ ထိုစဉ်သူ(မ)က အပျက်အစီးပုံအတွင်းက သတ္တုပြားကြီးတစ်ပြားကို ထိုးပေးနေသဖြင့် ကိုင်ကြည့်လတ်သရော် ၊ ဤသည်ကား ယန္တရားရုပ်များသုံးသည့် ဒိုင်းအမျိုးအစားတစ်ခုဖြစ်၍ လူတစ်ရပ်စာနီးပါးမျှ ကြီးလေသည်။
အနှီဒိုင်းဝိုင်းကြီးကို လက်ဖျံတွင်တပ်၍ လက်ကိုတစ်ချက်မျှသာ ခါလိုက်သည့်အခါ ၊ ဤဒိုင်းကြီးမှာ နှစ်ပေပတ်လည်သာရှိသော ဒိုင်းလတ်တစ်ခုအဖြစ် ကျုံ့ဝင်သွားလေပြီး နောက်တစ်ခါ ထပ်ခါလိုက်သည်တွင် ၊ ဒိုင်းတစ်ခုလုံး သူ့လက်ဖျံပေါ်၌ ချပ်ချပ်ရပ်ရပ် ခေါက်ဝင်သွားတော့သည် ။ အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ စိတ်ကြိုက်သုံးနိုင်သော ဤခေါက်ဒိုင်းကား ဒုက္ခိတပြန်ဖြစ်နေသော သူ့အဖို့ အဖိုးမဖြတ်နိုင်သော အရာပင် ။
ထိုစဉ် Mysterios Luthos ကြီးမှာ ၎င်း၏ထွားကျိုင်းလှသော ပင်မလက်ကြီးနှစ်ဖက်ဖြင့် သူကိုင်ခဲ့သော ယန္တရားဓားကြီးကိုလည်းကောင်း ၊ အန်းမရက်(ခ်)ကိုင်ခဲ့သော ယန္တရားဓားကြီးကို လည်းကောင်း ကောက်ကိုင်ပြီးနောက် လေပေါ်သို့ပြိုင်တူမြှောက်၍ ဧရာမဓားကြီးနှစ်လက်ကို ကြက်ခြေခတ်လျက် ရင်ခေါင်းသံကြီးဖြင့် ညာသံပေးကာ အော်ဟစ်လိုက်လေလျှင် ၊ သင်းကြီး၏ ခန္ဓာကိုယ်ပေါ်က လက်ပိုများကလည်း လက်သည်းရှည်ကြီးများကို ပြိုင်တူထောင်လိုက်ရကား ၊ ချွန်မြနေသော ငွေလက်သည်းရှည်ကြီးများနှင့် ဝင်းထိန်နေသော ရွှေရောင်ခန်းမကြီး၏ အလင်းများတို့ကြောင့် သူ့မျက်စိများပင် ကျိန်းစပ်လာလေတော့သည် ။
၎င်းနောက်သူလည်း လေဒီ ဆယ်ဖီးနီး၏ လက်ကိုဆွဲကာ ဆိုရင်း(န်)တို့နှင့်အတူ ခန်းမကြီးအတွင်းမှ ထွက်ပြေးကြလေပြီ ။ တိုက်ပွဲမဟုတ်သော အမဲလိုက်ပွဲတစ်ခုမှာ စတင်ပြီတကား ။ ။
*************
(မှတ်ချက် ။ ။ “သိခါပတ္တ ပေါက်ကွဲမှု” = Supernova ၊ “ဝိတရတိ စွမ်းအင် အသွင်အပြင်” = Heat Death ။ ကိုယ်ပိုင်တီထွင်ထားသော ဝေါဟာရများဖြစ်ပါသည်။)