အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း ၁၅၅ - အစွန့်ပစ်ခံရသူများ
အဒေါ်ဂျူးန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "တကယ်လား။ ဒါဆို... လစာက ဘယ်လောက်လဲ"
အိုင်ဗီက ပြုံးလိုက်ရင်း "တစ်နေ့ သုံးနပ်စာ ကျွေးမယ်၊ နေစရာ ပေးမယ်၊ ပြီးတော့ လစဉ် ဆန် ဆယ်ကီလို ပေးပါလိမ့်မယ်" ဟု ဖြေလိုက်သည်။
အဒေါ်ဂျူးန်မှာ အသက်ရှူပင် မှားသွားရသည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာကာ အိုင်ဗီ၏ လက်များကို တင်းတင်းဆုပ်ကိုင်လိုက်တော့သည်။
"အိုင်ဗီရယ်... ဒီကမ္ဘာကြီးမှာ မပြောင်းလဲဘဲ ကျန်နေတာဆိုလို့ ညည်းတစ်ယောက်ပဲ ရှိတော့တယ်။ တခြားလူတွေ အကုန်ပြောင်းလဲသွားကြပေမဲ့ ညည်းကတော့... ညည်းကတော့ ကြင်နာတုန်းပါလား။ ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်"
အိုင်ဗီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရကာ ခေါင်းခါပြလိုက်သည်။ "အဒေါ်ဂျူးန်ရယ်၊ ကျွန်မကို ကျေးဇူးတင်နေဖို့ မလိုပါဘူး"
သို့သော် အဒေါ်ဂျူးန်က ရပ်မသွားဘဲ အိုင်ဗီ၏ လက်ကို မြဲမြဲဆုပ်ထားဆဲပင်။ "မဟုတ်ဘူး၊ ကျေးဇူးတင်ရမှာ။ ဒီနေ့တော့ ဒေါ်လေးနဲ့ ထမင်းအတူမစားရဘဲနဲ့တော့ အပြန်မခံနိုင်ဘူး"
အိုင်ဗီမှာ မတတ်သာတော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်ရသည်။ "ကောင်းပါပြီ အဒေါ်ဂျူးန်ရယ်။ ကျွန်မ အတူစားပါ့မယ်"
သူတို့နှစ်ဦး ရိုးရှင်းသော ထမင်းတစ်နပ်ကို အတူစားဖြစ်ကြသည်။ အိုင်ဗီကတော့ အနည်းငယ်သာ စားခဲ့၏။ ထမင်းစားပြီးနောက် အဒေါ်ဂျူးန်၏ ကောင်းချီးပေးစကားများကို ရယူကာ ထွက်ခွာလာခဲ့သည်။
ထိုနေ့အတွက် သူမ၏ နောက်ဆုံးမှတ်တိုင်မှာ အဘိုးအို ပေါလ်နှင့် အဘွားအို လင်ဒါတို့ ဇနီးမောင်နှံပင် ဖြစ်သည်။ သူမသည် သူတို့၏ တံခါးရှေ့တွင် ခေတ္တရပ်ကာ စဉ်းစားနေမိသည်။
'သူတို့က လူကောင်းတွေပဲ။ ဒီအတိုင်းဆိုရင် သူတို့ အသက်ရှင်ဖို့ မလွယ်ဘူး။ သူတို့ကိုလည်း ငါ ခေါ်သွားရမယ်။ သူတို့ တိုက်ခိုက်နိုင်စွမ်း မရှိရင်တောင် အသက်ရှင်နေသင့်တာပဲ။ သူတို့ကို အငတ်မခံနိုင်ပါဘူး'
သူမ ခေါင်းလောင်းတီးလိုက်သည်။ ခဏအကြာတွင် ပေါလ်က တံခါးဖွင့်ပေးလိုက်ပြီး လင်ဒါကတော့ သူ့နောက်တွင် ရပ်နေသည်။ သူတို့နှစ်ယောက်လုံး အံ့သြသွားကြ၏။
"အိုင်ဗီလာူ ဘာကိစ္စရှိလို့လဲကွယ်" ဟု ပေါလ်က ကြင်နာစွာ မေးလိုက်သည်။
အိုင်ဗီ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "ဦးလေးပေါလ်၊ အန်တီလင်ဒါ... မကြာခင်မှာ ဒီရပ်ကွက်ကို လူမိုက်တွေ လာတိုက်ကြလိမ့်မယ်။ အဲဒီအခါကျရင် ဦးလေးတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်မ လာတာပါ။ ကျွန်မနဲ့အတူ လိုက်ခဲ့ကြပါ"
ဇနီးမောင်နှံနှစ်ဦးလုံး မှင်သက်သွားကြသည်။ လင်ဒါက ပေါလ်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ရင်း အိုင်ဗီကို စိုးရိမ်တကြီး ကြည့်လာသည်။ "သမီး... အဲဒါ တကယ်ပဲလား"
အိုင်ဗီက ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ဒီမှာ ဆက်နေရင် အန္တရာယ်ရှိတယ် ကျွန်မကို ယုံကြည်ပေးပါ"
ပေါလ်နှင့် လင်ဒါတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပေါလ်၏ မေးရိုးများ တင်းသွားကာ လင်ဒါ၏ မျက်ဝန်းများကတော့ စိုးရိမ်မှုကြောင့် တုန်ယင်နေသည်။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပေါလ်က စကားစလာသည်။
"သမီးပြောတာသာ အမှန်ဆိုရင်တော့ အိုင်ဗီ... ဦးလေးတို့ သမီးနဲ့အတူ လိုက်ခဲ့ပါ့မယ်"
သူတို့က အလွယ်တကူ သဘောတူလိုက်သဖြင့် အိုင်ဗီမှာ အံ့အားသင့်သွားရကာ "ကျွန်မ ဦးလေးတို့ကို အန္တရာယ်ပြုမှာ မစိုးရိမ်ဘူးလား" ဟု မေးလိုက်မိသည်။
လင်ဒါက ပေါလ်၏ အနားတွင် ရပ်လျက် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
"ဦးလေးတို့ သမီးကို ယုံကြည်ပါတယ်။ သမီးက ဦးလေးတို့ကို လိမ်ညာစရာ အကြောင်းမှ မရှိတာ"
ပေါလ်၏ အသံက ပို၍ နူးညံ့သွားကာ လေးလံသွားသည်။ "သမီးက ဦးလေးတို့ကို အန္တရာယ်ပြုချင်တယ်ဆိုရင် လွန်ခဲ့တဲ့ အချိန်ကတည်းက လုပ်လို့ရနေတာပဲ။ အခုတော့ သမီးက သတိလာပေးတယ်ဆိုကတည်းက ဒါက လုံလောက်တဲ့ သက်သေပဲပေါ့"
လင်ဒါက သက်ပြင်းချလိုက်ရင်း ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ကိုင်ထားလိုက်သည်။ "နောက်ပြီးတော့... ငါတို့ဆီမှာ သူများ လိုချင်စရာ ဘာမှလည်း မရှိတော့ပါဘူး။ အသုံးမကျတော့တဲ့ အဖိုးကြီး အဖွားကြီး နှစ်ယောက်ပဲဥစ္စာ"
ပေါလ်၏ အကြည့်များက အောက်သို့ ငိုက်ကျသွားကာ မျက်နှာတွင် အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူ၏သား ဂျက်ကော့အကြောင်းကို တွေးနေမိခြင်းပင်။
'ငါ သူ့ကို ရှိသမျှအကုန် ပုံအောပြီး ပြုစုပျိုးထောင်ခဲ့တာ။ သူ လူလားမြောက်ဖို့အတွက် နေ့ရောညပါ အလုပ်လုပ်ခဲ့တာ။ အခုကျတော့... သူက ငါတို့ကို ဘာမှမဟုတ်တဲ့ အမှိုက်လိုမျိုး စွန့်ပစ်ခဲ့တယ်'
အတိတ်က အမှတ်တရများ ပြန်ဝင်လာသဖြင့် လင်ဒါ၏ လက်များ တုန်ယင်လာတော့သည်။
.......
လွန်ခဲ့သော မကြာသေးမီကပင် ဖုန်းဝင်လာခဲ့သည်။ ပေါလ်နှင့် လင်ဒါတို့မှာ အလွန်ပင် ဝမ်းသာသွားကြ၏။
"ဂျက်ကော့" ပေါလ်၏ အသံနက်ကြီးတွင် စိတ်သက်သာရာရမှုများ ပြည့်နှက်နေသည်။ "သား ဘယ်မှာလဲ။ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
သို့သော် တစ်ဖက်မှ ဂျက်ကော့၏ အသံမှာ အေးစက်လှသည်။ "အဖေနဲ့ အမေ၊ ကျွန်တော်တို့ လာလို့မရတော့ဘူး။ အဖေတို့ ဘာသာပဲ အသက်ရှင်အောင် ရှာကြံနေလိုက်ကြတော့"
ပေါလ် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ "သား ဘာတွေပြောနေတာလဲ။ ဂျက်ကော့၊ အဲဒါ ဘာဆိုလိုတာလဲ"
ဂျက်ကော့က ရက်စက်စွာ ရယ်မောလိုက်သည်။ "အဖေတို့က အိုနေပြီမလို့ သေပေးကြမှ လူငယ်တွေအတွက် လမ်းပွင့်မှာပေါ့။ ကျွန်တော်တို့ကို လာပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး"
လင်ဒါ၏ ရင်ထဲတွင် ဗုန်းဗုန်းလဲသွားရကာ အသံများ တုန်ယင်နေတော့သည်။ "ဂျက်ကော့... သား ဘယ်လိုများ ဒီလိုစကားမျိုး ပြောရက်ရတာလဲ။ အရာအားလုံး... သားအပေါ် အမေတို့ ဘယ်လောက်တောင် ဂရုစိုက်ခဲ့ရလဲဆိုတာ မေ့သွားပြီလား"
ပေါလ်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ "ငါ့မြေးတွေရော သူတို့ရော မင်း ဒီလိုပြောနေတာကို သိရဲ့လား"
ထိုစဉ် လူငယ်မလေးတစ်ဦး၏ အသံ ဖုန်းထဲမှ ထွက်လာသည်။ သူမက သူတို့၏ မြေးမလေးပင် ဖြစ်သည်။ သူမက ချိုချိုသာသာ ပြောလိုက်သော်လည်း စကားလုံးများမှာ ဓားကဲ့သို့ ထက်လှသည်။
"ဘိုးဘိုးနဲ့ ဘွားဘွား သမီးတို့ သိပါတယ်။ သမီးတို့ကို တကယ်ချစ်တယ်ဆိုရင် သမီးတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါနဲ့နော်။ သမီးတို့အတွက် ပိုပြီး ခက်ခဲအောင် မလုပ်ပါနဲ့တော့နော်"
ထို့နောက် မြေးဖြစ်သူကလည်း လှောင်ပြောင်သော လေသံဖြင့် ဝင်ပြောသည်။ "ကျွန်တော် အဖေ့ကို ပြောပြီးသား အဘိုးတို့ကို လာခေါ်ဖို့ စိတ်ကူး လုံးဝမရှိဘူး အဘိုးတို့ နှစ်ယောက် ငတ်ပြီး သေသွားမယ့်အချိန်ကိုပဲ စောင့်နေတာ အဲဒါမှ ကျွန်တော်တို့မှာ အပြစ်မကင်းသလို မခံစားရမှာ"
ပေါလ်၏ လက်မှာ အလွန်အမင်း တုန်ယင်နေသဖြင့် ဖုန်းပင် လွတ်ကျတော့မတတ် ဖြစ်သွားရသည်။ လင်ဒါ၏ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
"မင်းတို့ သားသမီးတွေ... တကယ်ကို အသည်းနှလုံး မရှိကြဘူးပဲ" ပေါလ်က အော်ဟစ်လိုက်သည်။ "ငါတို့ မင်းတို့ကို ဒါမျိုးတွေ ဖြစ်လာဖို့အတွက် ပြုစုပျိုးထောင်ခဲ့တာလား"
သို့သော် ဂျက်ကော့က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ "စားစရာတွေကို အလကား မဖြုန်းတီးနိုင်ဘူး ဒီလိုမျိုးက အကောင်းဆုံးပဲ"
ဖုန်းလိုင်း ပြတ်တောက်သွားချိန်တွင် ပေါလ်နှင့် လင်ဒါတို့မှာ မှောင်မည်းနေသော ဖန်သားပြင်ကို ကြည့်ရင်း သူတို့၏ နှလုံးသားများ တစ်စစီ ကြေမွသွားခဲ့ရသည်။
.......
ပစ္စုပ္ပန်အချိန်တွင်မူ ပေါလ်၏ မျက်လုံးများ နီမြန်းနေကာ လင်ဒါကတော့ နှုတ်ခမ်းကို ကိုက်ထားမိသည်။ သူတို့သည် သူတို့ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသော အိုင်ဗီကို ကြည့်လိုက်ကြသည်။
ပေါလ်က ခါးသီးစွာ ပြုံးလိုက်သည်။
"ငါတို့သားက ငါတို့ကို ချစ်တယ်လို့ ထင်ခဲ့တာ ငါတို့မြေးတွေက ငါတို့ကို လေးစားတယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ကမ္ဘာကြီး ပျက်စီးသွားတဲ့အခါမှာတော့ သူတို့ရဲ့ စိတ်နှလုံးတွေက ကျောက်ခဲထက်တောင် ပိုပြီး အေးစက်သွားကြတယ်။ အဲဒီအချိန်မှာ သမီးကတော့... သမီးက ငါတို့နဲ့ သွေးမတော် သားမစပ်ဘဲနဲ့တောင် ငါတို့ အသက်ရှင်မလား သေမလားဆိုတာကို ဂရုစိုက်ပေးနေတုန်းပဲ"
လင်ဒါ၏ အသံမှာ တုန်ယင်နေသည်။
"ဘာဖြစ်လို့ ငါတို့ကို ဒီလောက်ထိ ကူညီပေးနေရတာလဲ အိုင်ဗီ။ ငါတို့မှာ ဘာမှ မကျန်တော့ဘူး။ ရွှေ အနည်းငယ်... အများဆုံးရှိလှ ဂရမ် ရာဂဏန်းလောက်ပဲ ရှိတော့တာ။ သမီးကို ပြန်ပေးစရာ ဘာမှ မရှိပါဘူး"
အိုင်ဗီက နူးညံ့စွာ ပြုံးလိုက်ရင်း ခေါင်းခါပြလိုက်သည်။ "အဲဒါတွေက အရေးမကြီးပါဘူး။ ကျွန်မမှာ ဦးလေးတို့အပေါ် ပေးဆပ်စရာ အကြွေးရှိနေလို့ပါ"
ပေါလ်နှင့် လင်ဒါတို့မှာ ဝေခွဲမရ ဖြစ်သွားကြသည်။ ပေါလ်က မျက်မှောင်ကြုတ်လိုက်ရင်း "အကြွေးဟုတ်လား ဘာအကြွေးလဲ သမီးရဲ့"
အိုင်ဗီက မျက်လွှာချလိုက်သည်။ သူမ အမှန်တရားကို မပြောပြနိုင်ပေ။
'ဒီဘဝမှာတော့ ဒါကို ငါ ပြောပြလို့ မဖြစ်ဘူး။ အတိတ်ဘဝတုန်းက... သူတို့က ငါ့အသက်ကို ကယ်ဖို့အတွက် သူတို့အသက်ကို စတေးခဲ့ကြတာ။ ငါ အသက်ရှင်ဖို့အတွက် သူတို့ သေပေးခဲ့ကြတာလေ။ အဲဒါကို အခု သူတို့ကို ဘယ်လို ပြောပြလို့ ရမှာလဲ။ သူတို့ နားလည်မှာ မဟုတ်ဘူး'
ထို့ကြောင့် သူမက တိုးတိုးလေးသာ ပြောလိုက်သည်။ "သိဖို့ မလိုပါဘူး။ ကျွန်မကို ယုံရုံပဲ ယုံပေးပါ။ ကျွန်မနဲ့ လိုက်ခဲ့ပါ။ ဦးလေးတို့ ထပ်ပြီး အငတ်မခံရစေရဘူး၊ နောက်ပြီး တစ်ယောက်တည်း ထပ်ပြီး အစွန့်ပစ်မခံရစေရဘူးလို့ ကတိပေးပါတယ်"
လင်ဒါ၏ မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ စိတ်သက်သာရာရသွားသော မျက်ရည်များသာ ဖြစ်သည်။ သူမက အိုင်ဗီ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "ဘုရားသခင် သမီးကို ကောင်းချီးပေးပါစေကွယ်။ ဘုရားသခင် စောင့်ရှောက်ပါစေ"
ပေါလ်က သက်ပြင်းတစ်ချက်ကို ပြင်းပြင်းချလိုက်သော်လည်း မျက်လုံးများက နူးညံ့သွားသည်။ "ဒါဆိုရင် ဦးလေးတို့ သမီးနောက်ကို လိုက်ခဲ့ပါ့မယ် အိုင်ဗီ။ ဦးလေးတို့ သမီးကို ယုံကြည်ပါတယ်။ ဦးလေးတို့က ဒီလို ကြင်နာမှုကို မခံစားထိုက်ဘူး ဆိုရင်တောင်မှပေါ့"
အိုင်ဗီက ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ ရင်ထဲတွင် လေးလံနေသော်လည်း တည်ငြိမ်မှု ရှိနေ၏။
'ဒီတစ်ကြိမ်မှာတော့ ဦးလေးတို့ကို ဘယ်လိုနည်းနဲ့မဆို ဘေးကင်းအောင် ငါ စောင့်ရှောက်ပေးမယ်'
ထိုအချိန်မှာပင် သူမ၏ စိတ်ထဲ၌ ရင်းနှီးနေသော ခေါင်းလောင်းသံလေး တစ်ချက် မြည်လာသည်။ သူမ စူးစမ်းလိုစိတ်ဖြင့် သူမထံ ရောက်ရှိလာသော အသိပေးချက်ကို သတိထား၍ စစ်ဆေးလိုက်သည်။ စစ်ဆေးလိုက်သည့် ခဏမှာပင် သူမ၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ဝိုင်းစက်သွားရကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
"မဖြစ်နိုင်တာ"
အခန်း ၁၅၆ - ဝှက်ဖုံးနေသော စွမ်းဆောင်ရည် (၂)
[ဒေါင်။ သင်သည် ၁၀၀,၀၀၀ KB ရရှိပါသည်။]
အသိပေးချက်ကို ဖွင့်ကြည့်လိုက်သော အိုင်ဗီ၏ လက်များ တုန်ယင်သွားရသည်။ သူမ၏ မျက်လုံးများမှာလည်း ဝိုင်းစက်သွားတော့၏။
"တစ်သိန်း... တစ်သိန်းတောင်လား" သူမ အကြိမ်ကြိမ် မျက်တောင်ခတ်ရင်း တိုးတိုးလေး ရေရွတ်မိသည်။
သူမ လက်နှစ်ဖက်ဖြင့် မျက်လုံးကို ပွတ်သပ်ပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ဂဏန်းတွေက ပြောင်းလဲမသွားဘဲ ထိုအတိုင်းပင်။
"မဖြစ်နိုင်တာ။ ငါ... ငါ စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူးနော်"
သူမ၏ စိတ်တွေ လည်ထွက်နေသည်။ ဤမျှများပြားသော ပမာဏမျိုးကို သူမ တစ်ခါမျှ မရရှိခဲ့ဖူးပေ။
'ဘယ်သူက ငါ့ကို ဒီလောက်အများကြီး ပို့ပေးတာလဲ။ ဘယ်သူ ဖြစ်နိုင်မလဲ။ တစ်ယောက်ယောက်ကတော့ ငါ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး စိတ်လှုပ်ရှားသွားလို့ ဒီလောက် ပမာဏအများကြီး လွှဲပေးလိုက်တာ ဖြစ်ရမယ်။ ဒါပေမဲ့... ဘယ်သူလဲ'
သူမ၏ အကြည့်က သူမရှေ့တွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သော ပေါလ်နှင့် လင်ဒါတို့ဆီသို့ ဖြည်းဖြည်းချင်း ရောက်သွားသည်။ သူတို့ကတော့ သူမ၏ ရင်ထဲတွင် မုန်တိုင်းထန်နေသည်ကို ဘာမှမသိကြသေးပေ။ အိုင်ဗီ၏ နှုတ်ခမ်းလေးများ အနည်းငယ် ဟသွားသည်။
'ဒါ... သူတို့ ဖြစ်နိုင်မလား။ သူတို့ရဲ့ ကျေးဇူးတင်စိတ်လား။ သူတို့ရဲ့ ယုံကြည်မှုလား'
သူမ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူမအနေဖြင့် ထိုအကြောင်းကို နားလည်အောင် ကြိုးစားနေစဉ်မှာပင် သူမ၏ ဦးခေါင်းထဲ၌ နောက်ထပ် အသံတစ်ချက် မြည်လာပြန်သည်။
ဒေါင်။
မျက်စိအောက်နားတွင် စာတိုအသစ်တစ်ခု ပေါ်လာသည်။ သူမ အသက်ရှူပင် မှားသွားရ၏။
[ကွယ်ဝှက်နေသော စွမ်းဆောင်ရည် ပွင့်သွားပါပြီ။]
အိုင်ဗီမှာ အံ့သြလွန်းသဖြင့် ဖုန်းပင် လွတ်ကျတော့မတတ် ဖြစ်သွားသည်။
"ဘာ... နောက်ထပ် တစ်ခုလား" သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူမ၏ မျက်လုံးများ ဝိုင်းစက်နေကာ ရင်ခုန်သံများ မြန်နေဆဲပင်။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
'ဒါဆို အမှန်ပဲပေါ့။ လူတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေနိုင်တဲ့ စစ်မှန်တဲ့ ကျေးဇူးတင်စိတ်က ငါ့ရဲ့ ကွယ်ဝှက်နေတဲ့ စွမ်းဆောင်ရည်တွေကို ပွင့်စေတာပဲ။ ဒါ... ဒါက သိပ်ကို အရေးကြီးတယ်။ ငါသာ ဒါကို ကောင်းကောင်း အသုံးချနိုင်ရင် အရာအားလုံးကို ပြောင်းလဲပစ်နိုင်မှာ'
သူမ ချက်ချင်းဆိုသလို ထိုစွမ်းဆောင်ရည်ကို ဖွင့်ကြည့်ချင်သော်လည်း စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်သည်။ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသော ပေါလ်နှင့် လင်ဒါတို့ကို လှမ်းကြည့်လိုက်သည်။
'ဒီမှာ ဖုန်းကြည့်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ သူတို့ ငါ့ကို လိုအပ်နေတာပဲ။ နောက်မှပဲ အေးအေးဆေးဆေး ကြည့်တော့မယ်'
သူမ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူတို့ကို ပြုံးပြလိုက်သည်။ "ဦးလေးပေါလ်၊ အန်တီလင်ဒါ... ပစ္စည်းလေးတွေ သိမ်းလိုက်ကြပါဦး။ ကျွန်မ ဦးလေးတို့ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"
အဘိုးအို ဇနီးမောင်နှံက ဘာမှ ထပ်မမေးဘဲ ခေါင်းညိတ်လိုက်ကြသည်။ လင်ဒါက အဝတ်အစား အနည်းငယ်နှင့် လိုအပ်မည့် ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်ပြီး ပေါလ်ကတော့ ကိရိယာတချို့နှင့် အိတ်အသေးလေးတစ်လုံးကို သူ့လွယ်အိတ်ထဲသို့ သတိထား ထည့်လိုက်သည်။ သူတို့ အများကြီး မယူခဲ့ကြပါ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့ အဆင်သင့် ဖြစ်သွားကြသည်။
အိုင်ဗီက သူတို့ကို ကားဆီသို့ ခေါ်ဆောင်သွားပြီး သူမ၏ စခန်းဆီသို့ မောင်းထွက်ခဲ့သည်။ လမ်းခရီးက တိတ်ဆိတ်နေသော်လည်း အေးချမ်းလှသည်။ ပေါလ်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရင်း ရံဖန်ရံခါ သက်ပြင်းချနေကာ လင်ဒါကတော့ နောက်ခန်းတွင် ထိုင်လျက် သူမ၏ လက်နှစ်ဖက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားသည်။
ရောက်ရှိသွားသောအခါ အိုင်ဗီက ကားရပ်လိုက်ပြီး မြင့်မားသော အဆောက်အဦးအတွင်းသို့ သူတို့ကို ခေါ်သွားသည်။ အိုင်ဗီ ပြင်ဆင်ပေးထားသော တိုက်ခန်းထဲသို့ ပေါလ်နှင့် လင်ဒါတို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ မှင်သက်သွားကြ၏။
အခန်းများက လင်းထိန်ကာ နွေးထွေးနေသည်။ လေထုကလည်း လတ်ဆတ်နေ၏။ သူတို့ သက်သောင့်သက်သာ နေထိုင်နိုင်ရန် လုံလောက်သော နေရာအကျယ်အဝန်း ရှိသည်။
လင်ဒါ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ သူမက အိုင်ဗီ၏ လက်ကို ဆုပ်ကိုင်ကာ ညှစ်လိုက်သည်။ "သမီးရယ်... ဒါ... ဒါတွေက များလွန်းပါတယ်။ ဦးလေးတို့ စိတ်ကူးတောင် မယဉ်ရဲတဲ့ အရာတွေကို သမီးက ပေးနေတာပဲ"
ပေါလ်ကလည်း သူ၏ ကြမ်းတမ်းသော လက်ဖြင့် အိုင်ဗီ၏ ပခုံးကို ပုတ်ပေးလိုက်သည်။ "သမီးက အသက်နဲ့မလိုက်အောင်ကို ရင့်ကျက်ပြီး လူမှုရေး သိတတ်တာပဲ။ ကျေးဇူးတင်ပါတယ် အိုင်ဗီရယ်"
သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရမှုနှင့် ပျော်ရွှင်မှုများကြောင့် ပြုံးနေကြသည်။
ထို့နောက် လင်ဒါက သူမ၏ အိတ်ထဲမှ အိတ်အသေးလေးတစ်လုံးကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ ၎င်းကို အိုင်ဗီ၏ လက်ထဲသို့ ထည့်ပေးလိုက်ရာ အတော်လေး လေးလံနေ၏။
"ဒါက ဦးလေးတို့ စုဆောင်းထားတာတွေပါ" ဟု လင်ဒါက တိုးတိုးလေး ပြောလိုက်သည်။
"ရွှေတွေပေါ့။ အနှစ်နှစ်အလလက ထိန်းသိမ်းထားခဲ့တာ။ ဒါလေးကို ယူထားပေးပါ။ ဒါက ဦးလေးတို့ရဲ့ ကျေးဇူးတင်မှုကို ပြသတာပါ။ နောက်ပိုင်းမှာ... ဦးလေးတို့အပေါ် တစ်ခုခု ဖြစ်လာခဲ့ရင်တောင်မှ သမီးကို ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ဘူး။ သမီးက ဦးလေးတို့ကို အသက်ဆက်ဖို့ အခွင့်အရေး ပေးခဲ့တာပဲဥစ္စာ"
အိုင်ဗီက သူတို့ကို ကောင်းမွန်သော ဘဝတစ်ခု ပေးချင်သည်မှာ စစ်မှန်ကြောင်း လင်ဒါ ခံစားမိသဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ စခန်းထဲသို့ ဝင်လာကတည်းက ဤစခန်းတွင် မည်သည့် အကာအကွယ်မှ မရှိသည်ကို သူမ ရိပ်မိလိုက်သည်။
အစွမ်းထက်သော စွမ်းအားရှင်များ၏ ကာကွယ်မှုမျိုးလည်း မတွေ့ရပေ။ ထိုအချက်ကို ကြည့်ရုံဖြင့် ဇမ်ဘီတွေ ရောက်လာပြီး တိုက်ခိုက်လာလျှင် ဤစခန်းက ကြာရှည်ခံမည် မဟုတ်ကြောင်း သူမ သိလိုက်သည်။
ထိုသို့ သိထားသော်လည်း သူမ၏ စိုးရိမ်မှုများကို အိုင်ဗီအား ထုတ်မပြောခဲ့ပါ။ အကြောင်းမှာ အိုင်ဗီသည် သူတို့ကို ကာကွယ်ပေးရန် အစွမ်းကုန် ကြိုးစားနေပြီး စိတ်ရင်းဖြင့် နေရာချပေးချင်နေသည်ကို သူမ သိနေ၍ ဖြစ်သည်။
ထို့ကြောင့် အိုင်ဗီအား အမှန်တရားကို ပြောပြရန် သူမ တစ်ခါမျှ စိတ်မကူးခဲ့ပါ။ ပေါလ်ကလည်း လင်ဒါနှင့် အတွေးတူနေသဖြင့် ရွှေကို ငြင်းဆန်ရန် ပြင်နေသော အိုင်ဗီအား ကြည့်ကာ ပြုံးနေမိသည်။
သို့သော် ပေါလ်က ခေါင်းခါပြလိုက်သည်။ "သမီး လက်ခံရမယ်။ ဦးလေးတို့က အိုနေပါပြီ။ သိပ်ပြီး အကြာကြီး နေရမှာလည်း မဟုတ်တော့ပါဘူး။ ဦးလေးတို့အတွက်တော့ ဒီရွှေတွေက ဘာမှအဓိပ္ပာယ် မရှိတော့ဘူး။ ဒါပေမဲ့ သမီးလက်ထဲမှာဆိုရင်တော့ ဒါက တန်ဖိုးရှိလာလိမ့်မယ်။ သမီးက ဦးလေးတို့ကို စားစရာနဲ့ နေစရာတွေ ပေးနေတာတောင် လုံလောက်နေပါပြီ။ ဦးလေးတို့ဘက်က တစ်ခုခု ပြန်မပေးရရင် ရင်ထဲမှာ မကောင်းလို့ပါ"
လင်ဒါကလည်း မျက်ရည်များကြားမှ ခေါင်းကို အမြန်ညိတ်ပြသည်။ "ဟုတ်တယ် သမီး။ ယူထားလိုက်ပါ။ ဒါမှသာ ဦးလေးတို့ဘက်က တစ်ခုခု ပြန်ပေးဆပ်နိုင်တယ်လို့ ခံစားရမှာမို့လို့ပါ"
အိုင်ဗီ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ တကယ်ကို မယူချင်ပါ။ 'သူတို့က သိပ်ကို ကြင်နာတာပဲ။ သူတို့ကိုယ်တိုင်က အကူအညီ အလိုအပ်ဆုံး ဖြစ်နေတာတောင် ငါ့အတွက် ထည့်တွေးပေးနေကြတုန်းပဲ။ ဒါကို ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ'
သို့သော် သူတို့၏ မျက်လုံးထဲမှ ဇွတ်တောင်းဆိုမှုကို မြင်လိုက်ရသောအခါ သူမ သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်ရသည်။ "ကောင်းပါပြီ။ ကျွန်မ ယူထားပါ့မယ်။ ဒါပေမဲ့ ကျွန်မ ကတိပေးပါတယ်။ ဦးလေးတို့ကို ဒီမှာ ဒုက္ခမရောက်စေရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဦးလေးတို့ကို ကာကွယ်ပေးသွားမယ်"
ပေါလ်၏ မျက်လုံးများ နူးညံ့သွားကာ သူ ပြုံးလိုက်သည်။ "ဦးလေးတို့ သမီးကို ယုံပါတယ်"
ထို့နောက် ဇနီးမောင်နှံနှစ်ဦးမှာ အခြေချရန် သူတို့၏ တိုက်ခန်းထဲသို့ ဝင်သွားကြသည်။ လင်ဒါသည် ပရိဘောဂများကို အသာအယာ ထိတွေ့ကြည့်ရင်း ငြိမ်းချမ်းမှုကို ရှာတွေ့သွားသလိုမျိုး ပြုံးနေ၏။ ပေါလ်ကတော့ ပြတင်းပေါက်နားမှာ ရပ်ပြီး တိတ်ဆိတ်သော အကြည့်ဖြင့် အပြင်ဘက်ကို စိုက်ကြည့်နေသည်။
'ငါ သိပါတယ်' ပေါလ် တွေးနေမိသည်။ 'ငါတို့အတွက် အချိန်က သိပ်မကျန်တော့ပါဘူး။ နှစ်ရက် သုံးရက်ပဲ ဖြစ်ရင်လည်း ဖြစ်မှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့... ငါတို့ သက်သောင့်သက်သာနဲ့ ကုန်ဆုံးသွားရမှာပဲ။ ပြီးတော့ ဒီကလေးမလေး... သူက တကယ်ကို စိတ်ရင်းနဲ့ ဂရုစိုက်တာပဲ။ အဲဒါနဲ့တင် လုံလောက်ပါပြီ'
ထိုအချိန်မှာပင် အိုင်ဗီသည် ရွှေအိတ်ကို တင်းတင်းဆုပ်ကိုင်ရင်း တိုက်ခန်းအပြင်ဘက်တွင် ရပ်နေမိသည်။
သူမ ထိုအိတ်ကို သိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင် ဖုန်းတုန်ခါလာသည်။ ဖန်သားပြင်ကို ကြည့်လိုက်သောအခါ ဆိုင်းလပ်စ်၏ နာမည်ကို မြင်လိုက်ရသဖြင့် ရင်ခုန်သံ မြန်သွားရသည်။
သူမ ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။ "ဘာလို့ ဖုန်းဆက်တာလဲ"
ဖုန်းတစ်ဖက်မှ ဆိုင်းလပ်စ်က ရယ်မောလိုက်သည်။ "နှုတ်ဆက်စကားတောင် မပြောဘူးလား အိုင်ဗီ။ ဒါက မင်း ကိုယ့်ကို နှုတ်ဆက်တဲ့ ပုံစံလား"
အိုင်ဗီ၏ ပါးပြင်များ နီမြန်းသွားသည်။ "ကျွန်မ... ကျွန်မက သိချင်လို့ တိုက်ရိုက် မေးလိုက်တာပါ။ မင်္ဂလာပါ"
သူ့အသံက တည်ငြိမ်နေပြီး နောက်ပြောင်နေသလိုပင်။ "အဲ့ဒီလိုမှပေါ့ ဒါနဲ့ တာလီယာနဲ့ ဒန်နီယယ်က မင်းနဲ့ တွေ့ချင်နေကြတယ် အချိန်ရမလား အချိန်မရရင်တော့ မင်း အလုပ်များနေတယ်လို့ပဲ ပြောလိုက်မယ်"
အိုင်ဗီက ဘာမှမစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ "ရပါတယ်၊ ကျွန်မ အားပါတယ်"