အခန်း (၅၂၁-၅၂၂)
Vol. 27 Ch. 521-522
အပိုင်း(၅၂၁) လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားခြင်း
စနစ်သည် လူ့ခန္ဓာကိုယ် သို့မဟုတ် သက်ရှိများအကြောင်းကို လူသားဇီဝဗေဒပညာရှင်အားလုံးထက် ပိုမိုနားလည်သဘောပေါက်ထားသည်။
လက်ရှိအချိန်တွင် သိပ္ပံပညာလောကသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိသော ပြီးပြည့်စုံသည့် ခွန်အားတိုးတက်စေမည့် နည်းလမ်းကို ရှာမတွေ့နိုင်သေးပေ။
သို့သော် ထိုစနစ်၏ မစ်ရှင်ထုတ်ပြန်သည့် လုပ်ငန်းစဉ်တွင် ပါဝင်သော နည်းပညာအဆင့်အတန်းမှာမူ လူတို့အတွက် နားလည်ရခက်ခဲကာ အံ့မခန်းဖြစ်စေသည်။
ဤသည်မှာ သာမန်အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်းမျိုး မဟုတ်တော့ပေ။ လော်ယွမ်တွင်လည်း အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်း ရှိသည်။
သူ၏အစွမ်းမှာ လုံလောက်သော သတင်းအချက်အလက်များကို ရယူကာ လေးဘက်မြင်ဦးနှောက်၏ အလွန်မြန်ဆန်သော တွက်ချက်နိုင်စွမ်းဖြင့် အချက်အလက်များကို တွက်ချက်ခြင်းသာ ဖြစ်သည်။
ထို့အပြင် သူကြိုတင်မြင်တွေ့ရသော အနာဂတ်မှာလည်း ပုံသေမဟုတ်ဘဲ ပြောင်းလဲမှုများအပေါ် မူတည်၍ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။
သို့သော် စနစ်၏မစ်ရှင်များမှာ ကြိုတင်သိမြင်နိုင်စွမ်းနှင့် ဆင်တူသော်လည်း လုံးဝကွဲပြားခြားနားနေသည်။ ၎င်းက ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားများ ပါဝင်နေပုံရသည်။
သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို အက်တမ်အဆင့်အထိ သေချာစွာ ရှာဖွေဖူးသော်လည်း ထိုစနစ်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော တစ္ဆေတစ်ကောင်နှင့် တူသည်။ ၎င်းရှိနေမှန်း သူသိသော်လည်း မည်သို့မျှ သက်သေမပြနိုင်ခဲ့ပေ။
သို့သော် ယခုလေးတင် သတင်းအချက်အလက်များ ပေးပို့လိုက်သည့် အခိုက်အတန့်လေးတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော သိမ်မွေ့လှသည့် လှိုင်းလေးကြောင့် စနစ်၏ တည်ရှိမှုကို နောက်ဆုံးတွင် သူ ရေရေရာရာ ခံစားလိုက်ရသည်။
၎င်းသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းတွင် ရှိနေပုံရပြီး တစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်ထားသော ပိုက်ကွန်ကြီးတစ်ခုနှင့် တူနေသည်။
အကယ်၍သာ သတိမထားမိခဲ့ပါက လော်ယွမ်အနေဖြင့် ထိုစနစ်ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုလို ခြေရာလက်ရာ ပြသလိုက်ပြီဆိုလျှင်တော့ ၎င်းကို ဖြေရှင်းရန် လွယ်ကူသွားပြီ ဖြစ်သည်။
လော်ယွမ်က မျက်လုံးများကို မှိတ်ကာ ခေတ္တမျှ အာရုံခံလိုက်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ပြိုးပြိုးပြက်ပြက် အလင်းရောင်များ တောက်ပသွားပြီး ရင်ဘတ်ဆီသို့ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
မမြင်ရသော စွမ်းအားတစ်ခုက ဆွဲယူလိုက်သကဲ့သို့ အလင်းတန်းလေးများသည် သူ၏ခန္ဓာကိုယ် အနှံ့အပြားမှ ဆွဲထုတ်ခံလိုက်ရကာ မြူခိုးများအလား ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းတို့က စုစည်းသွားပြီး သူ၏လက်ဝါးထဲတွင် အလုံးလေးတစ်လုံးအဖြစ် စုပုံသွားသည်။
စိတ်ဆန္ဒဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ရပ် ဖြစ်ပြီး ပစ်မှတ်ကို မည်မျှနားလည်သဘောပေါက်ထားသနည်း ဆိုသည့်အချက်နှင့် အလွန်ပတ်သက်ဆက်နွယ်နေသည်။
၎င်း၏ အစွမ်းအထက်ဆုံးသော စွမ်းအားကို အသုံးချလိုပါက ပစ်မှတ်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားပြီး တိကျသော နားလည်မှုရှိရန် လိုအပ်သည်။
အကယ်၍ ပစ်မှတ်နှင့်ပတ်သက်သည့် အသိအမြင်က ဝေဝါးနေပြီး ယေဘုယျဆန်နေပါက ထုတ်ဖော်နိုင်မည့် စွမ်းအားမှာလည်း အလွန်နည်းပါးသွားမည် ဖြစ်သည်။
ဥပမာအားဖြင့် ဟင်းလင်းပြင်ကို မမြင်နိုင်ခင်က ဟင်းလင်းပြင်အပေါ် သက်ရောက်သည့် သူ၏စိတ်ဆန္ဒစွမ်းအားမှာ သုညနီးပါး ရှိခဲ့သည်။
သို့သော် ဟင်းလင်းပြင်ကို မြင်တွေ့နိုင်သွားသည့် အချိန်တွင်မူ ဟင်းလင်းပြင်ကို အသေးစိတ် ထိန်းချုပ်နိုင်လာခဲ့သည်။ ဤအတွက်အခြားအကြောင်းပြချက် မရှိပေ၊ ထိုအရာနှစ်ခုအပေါ် နားလည်သဘောပေါက်မှု အဆင့်အတန်း ကွာခြားသွားခြင်းကြောင့်သာ ဖြစ်သည်။
လော်ယွမ်က လက်ဝါးထဲကို ငုံ့ကြည့်လိုက်သည်။ ၎င်းက နှမ်းစေ့အရွယ်အစားမျှသာ ရှိပြီး အလွန်မှေးမှိန်သော အလင်းတန်းလေးတစ်ခုနှင့် တူသည်။
မည်သည့်အလေးချိန်ကိုမျှ သူ မခံစားရပေ။ ၎င်းသည် ပရိုတွန်တစ်ခုထက်ပင် ပိုမိုသေးငယ်သော အမှုန်တစ်မျိုးဖြစ်ပြီး လော်ယွမ်၏ အဏုကြည့်အမြင်အာရုံဖြင့်ပင် ရှာဖွေနိုင်စွမ်း မရှိခဲ့ပေ။
ထွက်ပြေးသွားခြင်း သို့မဟုတ် သတင်းအချက်အလက်များ ပေးပို့ခြင်းမှ ကာကွယ်ရန်အတွက် လော်ယွမ်က သူ၏စိတ်ဆန္ဒစွမ်းအားဖြင့် ၎င်းကို လက်ဝါးထဲတွင် တင်းကျပ်စွာ ချုပ်နှောင်ထားကာ အတက်အကျလှိုင်း မှန်သမျှကို အပြင်သို့ မထွက်နိုင်အောင် တားဆီးထားလိုက်သည်။
လက်ရှိတွင် သူ၏စိတ်ဆန္ဒစွမ်းအားသည် ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားနေပြီဖြစ်ကာ မည်သည့်အရာက အကန့်အသတ်ဖြစ်မည်ကို ယခုတိုင် ရှာမတွေ့သေးပေ။
ထို့အပြင် ယခုလေးတင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်စစ်ဆေးကြည့်ရှုမှုမှတစ်ဆင့် သူ၏ အဏုကြည့်အမြင်အာရုံသည် ပရိုတွန်အဆင့်အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဆိုလိုသည်မှာ သူဆန္ဒရှိပါက အဏုမြူကွဲထွက်မှု သို့မဟုတ် ပေါင်းစပ်မှုဖြစ်စဉ်များကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
လော်ယွမ်က ထိုအလင်းတန်းလေးကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ဤစနစ်က သူ၏အကြီးမားဆုံး အားကိုးရာ ဖြစ်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်လှသော ကမ္ဘာပျက်ကပ်ဘေး ကာလများအတွင်း ဤစနစ်သာ မရှိခဲ့ပါက သူသည် အရိုးဖြူများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ ယနေ့ကဲ့သို့ အခြေအနေမျိုးသို့ ရောက်လာမည် မဟုတ်ပေ။ တစ်နည်းအားဖြင့် ဆိုရလျှင် ၎င်းက လူသားမျိုးနွယ်ကိုပင် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဤစနစ်သည် သူ၏အတွက် ကြီးကြီးမားမား အသုံးမဝင်တော့ပေ။
ထို့အပြင် ဇာစ်မြစ်မသေချာဘဲ သူ၏သတင်းအချက်အလက်များကို အချိန်မရွေး ပေါက်ကြားစေနိုင်သည့် အရာတစ်ခုကို ခန္ဓာကိုယ်ထဲတွင် ဆက်လက်ထားရှိရန် သူ မဝံ့ရဲတော့ချေ။
ထို့အပြင် ဤစူပါယဉ်ကျေးမှုအဖွဲ့အစည်းသည် လေးဘက်မြင်သတ္တဝါများအပေါ် ရန်လိုသော သဘောထားများ ရှိနေနိုင်သည်။ ထိုစနစ်၏ နောက်ကွယ်ရှိ စူပါယဉ်ကျေးမှုအဖွဲ့အစည်းက လုံလောက်သော သတင်းအချက်အလက်များကို ရရှိသွားသည့်အခါ ယခုကဲ့သို့ ကြင်နာတတ်သော မျက်နှာဖုံးကို ခွာချကာ ရက်စက်ကြမ်းကြုတ်သော မျက်နှာစစ်ကို ပြသလာမည် မဟုတ်ဟု မည်သူမျှ အာမမခံနိုင်ပေ။
သူသည် ဤစနစ်ကို ဘယ်သောအခါမျှ အထင်မသေးရဲခဲ့ပေ။
သူက စိတ်ထဲတွင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ထိုအလင်းတန်းလေးကို ထိန်းချုပ်ကာ သုံးဘက်မြင် ဟင်းလင်းပြင်ကို ထပ်မံခွဲထုတ်ပြီး လေးဘက်မြင်ကမ္ဘာဆီသို့ ပို့လွှတ်လိုက်သည်။
ဤအရာ၏ နည်းပညာအဆင့်အတန်းသည် မယုံနိုင်လောက်အောင် မြင့်မားပြီး လူသားတို့၏ အနာဂတ် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော တွန်းအားနှင့် ရည်ညွှန်းချက်များ ဖြစ်လာနိုင်သော်လည်း ၎င်းကို သိမ်းဆည်းထားရန်မှာ အလွန်အန္တရာယ်များလှသည်။
လူသားတို့၏ လက်ရှိနည်းပညာဖြင့် ဤအရာကို ထိန်းချုပ်ရန် လုံးဝမဖြစ်နိုင်သည့်အပြင် နောက်ကွယ်မှ ယဉ်ကျေးမှုအဖွဲ့အစည်းကလည်း အချိန်မရွေး ခြေရာခံလာနိုင်သည်။
ဗိုရှင်းဂြိုဟ်သားများနှင့် ရင်ဆိုင်ရချိန်တွင် သူနှင့် လူသားမျိုးနွယ်မှာ ပြန်လည်ခုခံနိုင်စွမ်း ရှိခဲ့သော်လည်း စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလှသော ဤကဲ့သို့ စူပါယဉ်ကျေးမှုအဖွဲ့အစည်းမျိုးနှင့် ရင်ဆိုင်ရပါက သေချာပေါက် အသတ်ခံရရန်သာ ရှိပေလိမ့်မည်။
၎င်းကို လေးဘက်မြင်ကမ္ဘာထဲသို့ လွှင့်ပစ်လိုက်ရခြင်း၏ အကြောင်းရင်းမှာ ထိုကမ္ဘာတွင် အလျင်နှင့် ပတ်သက်၍ အတိုင်းအဆမရှိ လက်ခံနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။
လော်ယွမ်ကဲ့သို့သော ဟင်းလင်းပြင်ဖြတ်သန်းသွားလာမှုမျိုးပင်လျှင် တစ်စက္ကန့်လျှင် အလင်းအလျင်၏ အဆတစ်သောင်းခန့် ရှိသည်။
သေးငယ်သော စွမ်းအင်လှိုင်းတံပိုးလေးတစ်ခုကပင် ထိုအလင်းတန်းလေးကို အလင်းနှစ်ဆယ်ဂဏန်းခန့် အထိ လွှင့်စဉ်သွားစေနိုင်သည်။
အချိန်ပိုကြာလေလေ၊ လော်ယွမ်နှင့် လူသားမျိုးနွယ်အတွက် ပို၍ လုံခြုံလေလေ ဖြစ်သည်။
ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် လော်ယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုအချိန်တွင် သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏မျက်နှာထားက အနည်းငယ် တအံ့တဩဖြစ်သွားကာ ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာလေသည်။
...
"ဖယ်စမ်း... ကျွန်မက မြို့တော်ဝန်ရဲ့ အတွင်းရေးမှူး ချန်ရှင်းကျယ်ပဲ... အခု ချက်ချင်း တင်ပြစရာ အရေးကြီးကိစ္စ ရှိတယ်"
အဆောက်အအုံအောက်ထပ်တွင် ချန်ရှင်းကျယ်က ဒေါသတကြီး ပြောလိုက်သည်။ သူမ၏ ဆံပင်များက အနည်းငယ် ဖရိုဖရဲဖြစ်နေကာ မျက်လုံးများက နီရဲနေပြီး အလွန်အမင်း စိတ်ဆင်းရဲနေပုံရသည်။
"အတွင်းရေးမှူးချန်... ကျွန်တော်လည်း ဘာမှတတ်နိုင်ဘူးဗျ... အပြန်အလှန် နားလည်ပေးပါ... ဒါက အကြီးအကဲရဲ့ အမိန့်ပဲ... အကြီးအကဲရဲ့ ခွင့်ပြုချက်မရှိဘဲ မြို့တော်ဝန် ကိုယ်တိုင်လာရင်တောင် ပေးဝင်လို့ မရဘူး"
အစောင့်တပ်ဖွဲ့မှူးက အပြုံးတုဖြင့် ပြောလိုက်သည်။
"ရှင်တို့ ဒါ အကျယ်ချုပ်ချထားတာပဲ... ရှင်တို့ ဘာလုပ်ချင်နေကြတာလဲ"
ချန်ရှင်းကျယ်၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း သူမ၏မျက်နှာထားက ပို၍ တင်းမာလာသည်။
အကျယ်ချုပ်ချထားတယ်... ဘယ်သူကများ အကြီးအကဲကို အကျယ်ချုပ်ချရဲမှာလဲ။ အစောင့်တပ်ဖွဲ့မှူးက စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။
သူက အချိုသတ်ကာ ပြောဆိုနေသော်လည်း သူမကို ဝင်ခွင့်မပြုရဲပေ။ သူကလည်း အခြေအနေကို နားလည်သူတစ်ဦး ဖြစ်သည်။ ဤအချိန်မျိုးတွင် အကြီးအကဲ၏ အခြေအနေအရ မည်သူ့ကိုမျှ တွေ့ချင်မည်မဟုတ်ကြောင်း သူ သေချာသိနေသည်။
"ဟူး... သူ့ကို ဝင်လာခိုင်းလိုက်ပါ"
ထိုအချိန်တွင် ခမ်းနားပြီး ဩဇာတိက္ကမ အပြည့်ပါသော အသံတစ်သံက အစောင့်တပ်ဖွဲ့မှူး၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လော်စပီကာကြီး တစ်လုံးမှ ဟိန်းထွက်လာသကဲ့သို့ အသံကြီးကြောင့် သူ၏ခေါင်းများပင် မူးဝေသွားရသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ"
သူက ခန္ဓာကိုယ်ကို စပရင်တစ်ခုလို မတ်မတ်ရပ်လိုက်ပြီး တလေးတစား အလေးပြုကာ လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
သူသည် အဆောက်အအုံအောက်ထပ်တွင် ရှိနေသော်လည်း သူ၏လုပ်ရပ်ကို အကြီးအကဲက သေချာပေါက် မြင်တွေ့နေရမည်ဟု ယုံကြည်ထားသည်။
"လမ်းဖယ်ပေးလိုက်... သူ့ကို ဝင်သွားခွင့်ပေးလိုက်"
ယခုတစ်ကြိမ်တွင်မူ ထိုအသံကို သူတစ်ယောက်တည်းသာ ကြားရခြင်းဖြစ်ပြီး ကျန်လူများအားလုံးကတော့ ဘာဖြစ်နေမှန်းမသိ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
"ဒါပေမဲ့... "
ဘေးနားရှိ ဒုတိယတပ်ဖွဲ့မှူးက ဝင်ရောက်ကန့်ကွက်ရန် ပြင်လိုက်သည်။
"ဒါက အကြီးအကဲရဲ့ အမိန့်ပဲ... ချက်ချင်း အကောင်အထည်ဖော်"
ချန်ရှင်းကျယ်က အဆောက်အအုံ၏ ထိပ်ပိုင်းဆီသို့ မော့ကြည့်ကာ စိတ်ထဲတွင် သံသယဖြစ်သွားသည်။ စစ်သားများက လမ်းဖွင့်ပေးလိုက်သည်ကို မြင်သောအခါ သူမက သိပ်များများ မစဉ်းစားတော့ဘဲ ဧည့်ခန်းမဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ ဓာတ်လှေကားစောင့်၏ အကူအညီဖြင့် သူမသည် အထူးဓာတ်လှေကားကို စီးနင်းလိုက်သည်။
သို့သော် အပေါ်ဆုံးထပ်သို့ မရောက်မီမှာပင် သူမသည် ဖော်ပြ၍မရနိုင်လောက်အောင် ဖိနှိပ်ခံထားရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ထို့အပြင် ဓာတ်လှေကား အထက်သို့ တက်လာသည်နှင့်အမျှ ထိုဖိနှိပ်မှုက ပိုမိုပြင်းထန်လာကာ အဆောက်အအုံ၏ ထိပ်ဆုံးထပ်တွင် လော်ယွမ်ရှိမနေဘဲ သမိုင်းမတင်မီခေတ်က သားရဲကြီးတစ်ကောင် ရှိနေသကဲ့သို့ သူမကို ထင်ယောင်ထင်မှား ဖြစ်စေသည်။
ဓာတ်လှေကားက အပေါ်ထပ်သို့ အလျင်အမြန် ရောက်ရှိသွားသည်။ ချန်ရှင်းကျယ်က ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် အကြောင်းပြချက်မရှိဘဲ စိုးရိမ်ပူပန်လာကာ နောက်သို့ လှည့်ကြည့်မိသွားသည်။ ဓာတ်လှေကားတံခါးက ပိတ်သွားခဲ့ပြီ ဖြစ်သည်။
သူမက သွေးဆုတ်နေသော လက်သီးကို တင်းတင်းဆုပ်ကာ ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလိုက်သည်။
ခြံဝင်းထဲတွင် ရေစီးသံများ၊ သစ်ပင်များနှင့် ရေကန်လေးများ ရှိနေပြီး အသေးစိတ် ပန်းပုထုလုပ်ထားသော သတ္တုတိုင်များကလည်း အလွန်လှပခမ်းနားလှသည်။ ဤသည်မှာ ဤဇိမ်ခံခြံဝင်းကြီးထဲသို့ သူမ ပထမဆုံးအကြိမ် ခြေချဖူးခြင်း ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤအရာများကို လေ့လာကြည့်ရှုရန် စိတ်ကူးမရှိပေ။
ဖိနှိပ်ထားသော လေထုက ပိုမိုလေးလံလာပြီး လေထုကပင် ရပ်တန့်နေသကဲ့သို့ ဖြစ်နေကာ သူမကို အသက်ရှူရခက်ခဲစေသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး ရင်ဘတ်ကို အသာဖိကာ အတွင်းဘက်သို့ ခြေသံဖွဖွဖြင့် ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ လျှပ်စစ်မီးပွားများ ပွင့်ထွက်နေသကဲ့သို့ သဲ့သဲ့မျှသော အသံများကို သူမ ကြားလိုက်ရသည်။ တစ်ခုခုကို အာရုံခံမိလိုက်သကဲ့သို့ သူမက အလိုအလျောက် ခေါင်းမော့ကြည့်လိုက်မိသည်။
တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူမ၏ တစ်ကိုယ်လုံး အားအင်များ ဆုတ်ယုတ်သွားကာ မြေပြင်ပေါ်သို့ ပုံကျမတတ် ဖြစ်သွားရသည်။
ရှေ့ရှိ အပင်များကို ကျော်လွန်၍ သစ်ကိုင်းများကြားတွင် မျက်နှာကျက်နှင့် ထိလုမတတ် ကြီးမားလှသော ခေါင်းကြီးတစ်ခုက လေထဲတွင် မတ်မတ်ကြီး ရပ်နေသည်။
ရုတ်တရက် မြင်လိုက်ရချိန်တွင် မည်သူမဆို အထိတ်တလန့် ဖြစ်သွားစေမည်မှာ အသေအချာပင်။ သူမ သတိပြန်ဝင်လာပြီး ထိုမျက်နှာက လော်ယွမ်နှင့် ဆင်တူနေမှန်း မသိခဲ့ပါက ချက်ချင်း လှည့်ပြေးသွားမိမည် ဖြစ်သည်။ ထိုသို့သိသည့်တိုင် သူမမှာ အတော်လေး လန့်ဖျပ်သွားခဲ့ရသည်။
"ရှင်... ရှင်က ဘယ်လိုလုပ်ပြီး..."
ချန်ရှင်းကျယ်၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားကာ စကားများပင် ထစ်ငေါ့နေခဲ့သည်။
"ငါ့ပုံစံက အရမ်းကြောက်ဖို့ကောင်းနေလား..."
လော်ယွမ်က ပါးစပ်မဖွင့်ဘဲ မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏အသံကတော့ သူမ၏ စိတ်ထဲတွင် ထူးဆန်းစွာ ပဲ့တင်ထပ်သွားသည်။
ရင်းနှီးနေကျ လေသံနှင့် နူးညံ့သော အပြုံးကြောင့် ချန်ရှင်းကျယ်၏ စိတ်ထဲမှ ထိတ်လန့်မှုများ အနည်းငယ် လျော့ပါးသွားသည်။ သူမက သတ္တိမွေးကာ အပင်များရှိရာကို ကွေ့ပတ်သွားလိုက်ရာ လော်ယွမ်၏ ဧရာမ ခန္ဓာကိုယ်ကြီးက သူမရှေ့တွင် အပြည့်အဝ ပေါ်လာတော့သည်။ သူမက ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။
ဤအတွက် သူမကို အပြစ်တင်၍မရပေ။ လက်ရှိ လော်ယွမ်၏ ပုံစံကို မြင်တွေ့ရသူတိုင်း သူမထက် ပိုကောင်းမည့် အခြေအနေ မရှိနိုင်ပေ။
သူသည် အမှန်တကယ်ပင် ဧရာမလူသားကြီး တစ်ဦးဖြစ်ပြီး ထိုင်နေသည့်တိုင်အောင် အရပ်အမြင့်မှာ ပေ ၃၀ ကျော်ခန့် ရှိနေသည်။
သို့သော် ဤမျှလောက်နှင့်ဆိုလျှင်တော့ သူမကို အထိတ်တလန့် ဖြစ်စေနိုင်မည် မဟုတ်ပေ။ သူမသည် အထူးဓားတပ်ဖွဲ့တွင် အလုပ်လုပ်ခဲ့ဖူးပြီး ရှုကျစ်ချန်၏ ဧရာမလူသားအဖြစ် အသွင်ပြောင်းခြင်းကိုလည်း မြင်ဖူးခဲ့ပြီး ဖြစ်သည်။
သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဧရာမလူသားပုံစံမျိုးကိုမူ သူမ ဘယ်သောအခါမျှ မမြင်ဖူးခဲ့ပေ။ ယခုအချိန်တွင် လော်ယွမ်၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ ထူထပ်လှသော ဟင်းလင်းပြင်လှိုင်းများဖြင့် ဖုံးလွှမ်းနေသည်။
ထိုလှိုင်းများက အလွန်သိမ်မွေ့ပြီး အဆက်မပြတ် ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။
ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော လျှပ်စီးတန်းလေးများကလည်း တဖျပ်ဖျပ် လက်နေသည်။
အနီးတစ်ဝိုက်ရှိ လေထုသည် ထိုလှိုင်းများ၏ မွှေနှောက်မှုကြောင့် ညင်သာသော လေပြေများအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို ဝေဝါးနေစေသည်။
အမှန်စင်စစ် ဤသည်မှာ လော်ယွမ်က သူ၏စွမ်းအားများကို အစွမ်းကုန် ထိန်းချုပ်ထားခြင်း၏ ရလဒ်သာ ဖြစ်သည်။ အကယ်၍ သူသာ သက်သောင့်သက်သာ နေလိုက်မည်ဆိုပါက ဤထူးဆန်းသော ဖြစ်စဉ်များက အဆတစ်ရာခန့် ပိုမိုပြင်းထန်လာမည် ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ သံလိုက်စက်ကွင်းနှင့် ဆွဲငင်အားကိုပင် ကမောက်ကမ ဖြစ်သွားစေလိမ့်မည် ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၅၂၂) စမ်းသပ်မှု (၁)
ချန်ရှင်းကျယ်က ရင်းနှီးနေသော်လည်း ထိတ်လန့်ဖွယ်ကောင်းလှသော ထိုဧရာမဘီလူးကြီးကို မော့ကြည့်လိုက်၏။ သူမ၏ ရင်ထဲတွင် လှိုင်းထန်နေသကဲ့သို့ ဂနာမငြိမ်ဖြစ်နေပြီး အတော်ကြာမှ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ကာ ရင်ထဲမှ သံသယကို ဖွင့်ဟမေးမြန်းလိုက်သည်။
"လော်ယွမ်... ရှင် အဆင်ပြေရဲ့လား... ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ"
"ပြောရရင် ရှည်တယ်... ငါ့ခန္ဓာကိုယ်မှာ ပြဿနာနည်းနည်း ဖြစ်သွားလို့" လော်ယွမ်က ရင်ထဲတွင် သက်ပြင်းချရင်း စိတ်ချင်းဆက်သွယ်မှုဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
သူက မျက်လုံးဖွင့်ရန်ပင် မဝံ့ရဲချေ။ မျက်လုံးများက စိတ်ဝိညာဉ်၏ ပြတင်းပေါက်များ ဖြစ်ကြသည်။
သူ မည်မျှပင် ထိန်းချုပ်ထားစေကာမူ ထိုမျက်လုံးများတွင် သူ၏ စိတ်စွမ်းအား အရိပ်အယောင်များ ကိန်းအောင်းနေဆဲ ဖြစ်သည်။
အကယ်၍ အကြည့်ချင်းသာ ဆုံမိသွားပါက သူမ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင် ဖြစ်သွားနိုင်ပေသည်။
"ရှင်... နဂိုအတိုင်း ပြန်ဖြစ်နိုင်ပါဦးမလား"
"လောလောဆယ်တော့ မရသေးဘူး... အချိန်တချို့တော့ လိုလိမ့်မယ်" လော်ယွမ်က မျက်လုံးကိုမှိတ်ထားလျက်ပင် ပြန်လည်ဖြေကြားလိုက်သည်။
ထို့နောက် သူ၏ဖိအားများကြောင့် ဖြူရော်လာသော ချန်ရှင်းကျယ်၏ မျက်နှာကိုကြည့်ကာ ဆက်ပြောလိုက်သည်။
"မင်း ပြန်သွားလိုက်ပါ... ဒီနေရာက မင်းနေလို့ရမယ့် နေရာမျိုး မဟုတ်ဘူး"
လော်ယွမ်၏ မရေရာသော အဖြေကြောင့် ချန်ရှင်းကျယ်၏ ရင်ထဲတွင် လေးလံသွားရသည်။
"ဒါပေမဲ့ ရှင်က..."
"ငါ့ကို ပြုစုစောင့်ရှောက်ပေးဖို့ ဘာမှမလိုဘူး... မင်း ဒီမှာနေလည်း အကျိုးမရှိဘူး... ဒါနဲ့ ထျန်ကျင်းဖိန်ကို ငါ့ကိုယ်စား သွားပြောပေးပါ... အာကာသယာဉ်ထဲမှာ ကိုယ့်အတွက် ဇီဝဗေဒ ဓာတ်ခွဲခန်းတစ်ခုနဲ့ ကန့်သတ်သတ္တု ပေါင်းစပ်တဲ့ ဓာတ်ခွဲခန်းတစ်ခု ပြင်ဆင်ခိုင်းလိုက်... အသုံးပြုစရာ ရှိလို့"
"ပြီးတော့ ငါ့အတွက် အဝတ်အစား နှစ်စုံသုံးစုံလောက် ပြင်ဆင်ပေး... သက်တောင့်သက်သာ ရှိစရာမလိုဘူး... သတ္တုသား ခိုင်ခံ့မှု မြင့်မားဖို့ပဲ လိုတယ်... အာကာသ သားရဲကြီးရဲ့ အရေခွံကို သုံးရင် အကောင်းဆုံးပဲ"
သူက ယခုအချိန်အထိ ဗလာကျင်း ဖြစ်နေဆဲပင်။ မူလက အာကာသ သားရဲကြီး၏ အရေခွံဖြင့် ဖန်တီးထားသော အဝတ်အစားများမှာ လေးဘက်မြင်သို့ ကူးပြောင်းစဉ်အတွင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီ ဖြစ်သည်။
လော်ယွမ်၏ တိုက်တွန်းမှုကြောင့် ချန်ရှင်းကျယ်က စိုးရိမ်ပူပန်မှုများစွာဖြင့် ထွက်ခွာသွားခဲ့သည်။
သူမ အဝေးသို့ ရောက်သွားသည်ကို မြင်မှသာ သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
သူ အစောပိုင်းက ပြောခဲ့သော စကားများမှာ ချန်ရှင်းကျယ်ကို နှစ်သိမ့်ရန် သက်သက်သာ ဖြစ်သည်။ အမှန်တကယ်တော့ သူ၏ ဧရာမဘီလူးကြီးကဲ့သို့ ကြီးမားနေသော ပြဿနာကို ထိုအကန့်အသတ် ဖိသိပ်မှုနည်းလမ်းဖြင့် ဖြေရှင်းနိုင်လျှင်တောင်မှ စွမ်းအားများ လျော့ကျသွားမည် မဟုတ်ဘဲ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ် အရွယ်အစားကိုသာ ထိန်းသိမ်းထားနိုင်ရုံမျှသာ ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ယနေ့လို အခြေအနေမျိုး ကြုံလာရမည်ကို သူ စောစောစီးစီးကတည်းက ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ဤမျှစောစော ရောက်လာလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့မိပေ။
…………
နှစ်ဝက်ခန့် ကြာပြီးနောက်... ကန့်သတ်သတ္တု ဓာတ်ခွဲခန်း။
ဤနေရာက ဓာတ်ခွဲခန်းအဖြစ် ယာယီပြောင်းလဲထားသော အကြီးစား စက်ရုံဧရိယာတစ်ခု ဖြစ်သည်။
ဓာတ်ခွဲခန်းတစ်ခုလုံးမှာ ဧရာမကြီးမားကျယ်ဝန်းလှပြီး ပေတစ်ရာကျော်ခန့် ကျယ်ဝန်းသော စင်္ကြံလမ်း၏ တစ်ဖက်တစ်ချက်စီတွင် မိုးမျှော်တိုက်ကြီးများကဲ့သို့ ဧရာမ စက်ကိရိယာကြီးများက အစီအရီ နေရာယူထားကြသည်။
ထိုဓာတ်ခွဲခန်း၏ စင်္ကြံလမ်းအတွင်းသို့ ဧရာမ ကိုယ်ထည်ကြီးတစ်ခုက ရုတ်တရက် ရောက်ရှိလာခဲ့သည်။
"ဟင်... နေရာရွှေ့ပြောင်းတာတောင် လွဲချော်မှု ရှိသွားပါလား" လော်ယွမ်က သူ၏ခြေအောက်ကို ငုံ့ကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ ပြီးနောက် သူ၏စိတ်ထဲတွင် ခေတ္တမျှ စဉ်းစားဆင်ခြင်လိုက်ပြီးနောက် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
အကြောင်းရင်းမှာ အာကာသယာဉ်ကြီးက ငြိမ်သက်နေခြင်း မဟုတ်ဘဲ အလင်းအလျင်၏ တစ်ဝက်ခန့်ဖြင့် ပျံသန်းနေသောကြောင့် ဖြစ်သည်။
လေးဘက်မြင်နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသော တိုတောင်းလှသည့် အချိန်ကာလလေးအတွင်းမှာပင် တည်နေရာက အပြောင်းအလဲ ဖြစ်သွားခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် လွဲချော်မှုက သိပ်မကြီးမားလှပေ။ သူ၏ စူပါကွမ်တမ် ကွန်ပျူတာကြီးကဲ့သို့ လေးဘက်မြင် ဦးနှောက်က တည်နေရာ ကွဲလွဲမှုကို အလိုအလျောက် တွက်ချက်မပေးခဲ့ပါက လက်မ၏ ထောင်ပုံတစ်ပုံတောင် မပြည့်သော ဤလွဲချော်မှုကို သူ လုံးဝ သတိထားမိမည် မဟုတ်ချေ။
မကြာမီမှာပင် လော်ယွမ်က ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး စမ်းသပ်ခန်းရှိ စက်ကိရိယာများဆီသို့ အာရုံပြောင်းလိုက်သည်။
ဤစက်ကိရိယာများမှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှသာ တီထွင်နိုင်ခဲ့သော ခေတ်မီနည်းပညာမြင့် စက်ကိရိယာများ ဖြစ်ကြသည်။ မူလက ၎င်းတို့ကို ပုံရိပ်ယောင်ကမ္ဘာထဲတွင်သာ တွေ့မြင်နိုင်ပြီး မကြာသေးမီကမှ အာကာသယာဉ်အတွင်း စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အနည်းငယ်မျှသာ တည်ဆောက်နိုင်သေးသော်လည်း စက်မှုလုပ်ငန်း တိုးတက်မှုဆိုသည်မှာ နေ့ချင်းညချင်း ဖြစ်လာသော အရာမဟုတ်ဘဲ တဆင့်ပြီးတဆင့် တိုးတက်လာရခြင်း ဖြစ်သည်။
ဤစက်ကိရိယာများ၏ နောက်ကွယ်တွင် အာကာသယာဉ်အတွင်းရှိ စက်မှုလုပ်ငန်းသုံး ကိရိယာအများစုကို အကြိမ်ကြိမ် ဘက်စုံအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ရသည်။
ဤသည်ကပင် လော်ယွမ်ကို နှစ်ဝက်ခန့် ကြာအောင် စောင့်ဆိုင်းစေခဲ့သည့် အကြောင်းရင်း ဖြစ်ပေသည်။
လုပ်အားနှင့် အရင်းအမြစ်များကို အတော်အတန် ကုန်ကျစေပြီး အာကာသယာဉ်၏ အရန်သယံဇာတ အမြောက်အများကို သုံးစွဲလိုက်ရသော်လည်း ဤသို့ပြုလုပ်ခြင်းက အကျိုးမရှိသည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိသွားပြီးနောက် စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန် လိုအပ်မည့်အချိန်ကို တစ်စိတ်တစ်ပိုင်း သက်သာစေမည် ဖြစ်သည်။
လော်ယွမ်က အချက်အလက်ခန်းအတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားခဲ့သည်။ ထိုအခန်းအတွင်းရှိ နည်းပညာဆိုင်ရာ စာရွက်စာတမ်းများ၊ စားပွဲများနှင့် ထိုင်ခုံများကို သူ၏ ခန္ဓာကိုယ် အရွယ်အစားနှင့် အချိုးညီညီ တမင်တကာ ကြီးမားအောင် ဖန်တီးထားခြင်း ဖြစ်သည်။
စာရွက်စာတမ်း တစ်အုပ်စီမှာ တံခါးချပ်ကြီးများခန့် အရွယ်အစားရှိပြီး ဧရာမဘီလူးကြီးများ၏ ကမ္ဘာသို့ ရောက်နေသကဲ့သို့ ထင်မှတ်ရပေသည်။ အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်နေ၏။
လော်ယွမ်၏ ကိုယ်လုံးကိုယ်ထည် ကြီးမားလာမှုနှင့် ထိုပြောင်းလဲမှု၏ နောက်ကွယ်ရှိ အဓိပ္ပာယ်များက လူသားတို့၏ အထက်ပိုင်း ခေါင်းဆောင်မှုအလွှာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ယခင်က လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သော ထိုကြီးမြတ်ခမ်းနားလှသည့် အသံကြီးကို ယနေ့တိုင်အောင် လူတိုင်းက ရှင်းရှင်းလင်းလင်း မှတ်မိနေကြဆဲ ဖြစ်သည်။
အရင်ကဆိုလျှင် အရာအားလုံးထက် သာလွန်နေသော လော်ယွမ်၏ ကြောက်မက်ဖွယ် စွမ်းအားများမှာ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်ပြီး မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူ အလွန်နည်းပါးခဲ့သည်။
သို့သော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့သော ထိုစွမ်းအားများက လူတိုင်း၏ ရင်ထဲတွင် ပေါ်လွင်ထင်ရှားလာပြီးနောက်ပိုင်းတွင် လူတိုင်းက သူတို့၏ ကိုယ်ပိုင်အကြံအစည်များ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံးကို ရုပ်သိမ်းလိုက်ကြရသည်။
လော်ယွမ်က ဤကာလများအတွင်း သူ၏အိမ်တော်ထဲတွင်သာ ပုန်းအောင်းနေပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်နေခဲ့သော်လည်း၊ အာဏာကို လုံးဝစွန့်လွှတ်ထားခဲ့သော်လည်း၊ လူသားများအပေါ် သူ၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
……
လော်ယွမ်က အာရုံများကို တစ်ပြိုင်နက်တည်း ခွဲဝေအသုံးပြုလိုက်သည်။ စာအုပ်ပေါင်း ထောင်ချီ၍ လေထဲတွင် လွင့်ဝဲလာပြီး သူ၏ စိတ်ဆန္ဒအတိုင်း စာမျက်နှာများကို လျင်မြန်စွာ လှန်လှောဖတ်ရှုနေ၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ထိုစာအုပ်များအားလုံးက နေရာအသီးသီးသို့ ပြန်လည်ရောက်ရှိသွားကြသည်။
သူ၏ ရင်ထဲတွင် အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။
ဤစက်ကိရိယာများမှာ လက်ရှိလူသားများ၏ အဆင့်အမြင့်ဆုံး စက်ကိရိယာများ ဖြစ်ကြသည်။
အချို့သော နည်းပညာမြင့် အစိတ်အပိုင်းများကို အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ ဓာတ်ခွဲခန်းထဲတွင်သာ ပမာဏ အနည်းငယ်မျှ ထုတ်လုပ်နိုင်သေးသည်။
သို့သော်လည်း ဤစက်ကိရိယာများ ဖန်တီးနိုင်သည့် အမြင့်ဆုံး အက်တမ်ပြိုကျမှု အတိုင်းအတာမှာ အဆတစ်ရာ ဝန်းကျင်ခန့်သာ ရှိသည်။
ယခု သူ၏ တိကျသော အရပ်အမြင့်မှာ ပေ ၇၀ ခန့် ရှိသည်။ ဆိုလိုသည်မှာ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ် အရွယ်အစားကို ပြန်လည်ရရှိရန်အတွက် သူ၏ ခန္ဓာကိုယ်ကို အနည်းဆုံး ဆယ်ဆခန့် သေးငယ်သွားအောင် ပြုလုပ်ရမည် ဖြစ်ပြီး ထုထည်ကို အဆတစ်ထောင်ခန့် လျှော့ချပစ်ရမည် ဖြစ်သည်။ ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှသည်။
ကံကောင်းသည်မှာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်သည့်အခါတွင် သူက ဤစက်ကိရိယာများကို အသုံးပြုမည် မဟုတ်ပေ။
လော်ယွမ်က ဤဓာတ်ခွဲခန်းကို အသုံးပြုရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အက်တမ်ပြိုကျမှု လုပ်ငန်းစဉ်များကို လေ့လာမှတ်သားရန်နှင့် အက်တမ်ပြိုကျမှုကို တည်ငြိမ်စေရန်အတွက် နည်းပညာအမျိုးမျိုးက မည်သို့ အခန်းကဏ္ဍမှ ပါဝင်နေသည်ကို နားလည်သဘောပေါက်ရန်သာ ဖြစ်သည်။
ပြိုကျမှု အချိုးအစား အဆတစ်ထောင်နှင့် အဆတစ်ရာကြားရှိ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများမှာ လုံးဝမတူညီဘဲ ကြုံတွေ့ရမည့် မမျှော်လင့်ထားသော ပြဿနာများမှာလည်း ပိုမိုများပြားနိုင်သော်လည်း ကန့်သတ်သတ္တုများ ဖြစ်ကြသည့်အတွက် အခြေခံသဘောတရားများမှာ အကြမ်းဖျင်းအားဖြင့် တူညီကြသည်။ အကြိမ်အနည်းငယ်မျှ စမ်းသပ်ကြည့်ရုံဖြင့် သူ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။
သေချာသည်မှာ စိတ်စွမ်းအားဆိုသည်မှာ အရာအားလုံးကို တတ်စွမ်းနိုင်သော စိတ်ကူးယဉ်ဆန်သည့် စွမ်းအားတစ်မျိုး ဖြစ်သည်။
ယခု သူ၏ ပရိုတွန်အဆင့်အထိ ဝင်ရောက်စွက်ဖက်နိုင်သော စိတ်စွမ်းအားများကို ထင်ရာစိုင်း အသုံးပြုမည်ဆိုလျှင် အက်တမ်များကို ဖိသိပ်နိုင်စွမ်း ရှိသည်ကတော့ အမှန်ပင်။
သို့သော် ထိုနည်းလမ်းက အက်တမ် အရေအတွက် အနည်းငယ်အတွက်သာ အဆင်ပြေပေမည်။ လူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော တစ်ဆယ်၏ နှစ်ဆယ့်ခုနစ်ထပ်ကိန်းဟူသည့် နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်း အရေအတွက်မျိုးကို ကိုင်တွယ်ဖြေရှင်းရမည် ဆိုပါက မည်မျှပင် အစွမ်းထက်သော စိတ်စွမ်းအား ဖြစ်နေပါစေ လုံလောက်မည် မဟုတ်ချေ။
စိတ်စွမ်းအားများကို ထင်ရာစိုင်း အသုံးပြုခြင်း၏ နောက်ကွယ်တွင် စွမ်းအားအများစုကို အလဟဿ ဖြုန်းတီးပစ်လိုက်ခြင်းသာ ရှိသည်။ သိမြင်နားလည်ပြီးနောက် တိကျသေချာစွာ ထိန်းချုပ်အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက နောက်တစ်နည်းက အချိန်နှင့် လူအင်အားကို ပိုမိုသက်သာစေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
……
ပြိုကျမှု အချိုးအစား အဆတစ်ထောင်ဆိုသည်မှာ ကြီးမားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ အက်တမ်တစ်ခုအတွင်းရှိ လွတ်ကင်းနေသော နေရာလွတ်များနှင့် နှိုင်းယှဉ်ပါက အစပျိုးရုံမျှသာ ရှိသေးသည်။
အကယ်၍ အက်တမ်တစ်ခုကို စံသတ်မှတ်ချက်ပြည့်မီသော ဘောလုံးကွင်းတစ်ကွင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အက်တမ်နျူကလိယ၏ အရွယ်အစားမှာ ပင်ပေါင်ဘောလုံး အရွယ်အစားခန့်သာ ရှိပေမည်။
၎င်းက အက်တမ်တစ်ခုလုံး၏ ဘီလီယံရာချီပုံ တစ်ပုံခန့်သာ ရှိပြီး အက်တမ်နျူကလိယကို လှည့်ပတ်နေသော အီလက်ထရွန်များမှာ နျူကလိယထက် အဆထောင်ချီ၍ ပိုမိုသေးငယ်ကြသည်။
သေချာသည်မှာ အက်တမ်အတွင်းပိုင်းရှိ လွတ်ကင်းနေသော နေရာများတွင် ဘာမျှမရှိသည်တော့ မဟုတ်ပေ။ လျှပ်စစ်သံလိုက်စက်ကွင်းများက နေရာလွတ်တစ်ခုလုံးကို ဖုံးလွှမ်းထားကြသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် လူတို့ ထိတွေ့ကိုင်တွယ်နေသော ဒြပ်စင်အရာဝတ္ထုများ ဆိုသည်မှာ အမှန်တကယ်တော့ အက်တမ်အတွင်းပိုင်းရှိ လျှပ်စစ်သံလိုက်စက်ကွင်းများကိုသာ ဆိုလိုခြင်း ဖြစ်သည်။
ကန့်သတ်သတ္တုများ၏ အခြေခံသဘောတရားမှာ ပြင်းထန်သော ဖိအားများဖြင့် ညှစ်ထုတ်ကာ အက်တမ်များ၏ အရွယ်အစားကို ကျုံ့ဝင်သွားစေပြီး ထိုအခြေအနေတွင် အားကောင်းသော သံလိုက်စက်ကွင်းများဖြင့် ချိန်ညှိပြင်ဆင်ကာ အက်တမ်အတွင်းရှိ လျှပ်စစ်သံလိုက်စက်ကွင်းများ၏ ပြင်းအားကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အက်တမ်များကို တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။
အက်တမ်တစ်ခုစီတိုင်း၏ အတွင်းပိုင်းအထိ ဝင်ရောက်ကာ သံလိုက်စက်ကွင်းများကို မြှင့်တင်ပေးရသည့်အတွက် ကန့်သတ်သတ္တု တစ်တန် ထုတ်လုပ်ရန် ကုန်ကျမည့် စွမ်းအင်ပမာဏမှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းကြီးတစ်ခု ဖြစ်နေပြီး သာမန်သတ္တုများ၏ အဆပေါင်း သိန်းဂဏန်းမှ သန်းဂဏန်းအထိ များပြားလှပေသည်။
ကံကောင်းသည်မှာ ဤဒြပ်စင်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပါဝင်နေသော်လည်း တင်းကြပ်စွာ ဖွဲ့စည်းထားမှုကြောင့် အက်တမ်များကြားတွင် ဟာကွက် အနည်းငယ်မျှပင် မရှိတော့ပေ။ ထို့ကြောင့် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုပိုင်းဆိုင်ရာ ဂုဏ်သတ္တိများက အလွန်တရာ တည်ငြိမ်နေပေသည်။
လော်ယွမ်က အချိန်မဖြုန်းတော့ဘဲ စမ်းသပ်မှုကို ချက်ချင်း စတင်လိုက်သည်။ သူက ပေတစ်ရာ့ခြောက်ဆယ်ခန့် မြင့်မားသော စက်လုံးပုံစံ စက်ကိရိယာကြီးတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
ဤသည်မှာ စမ်းသပ်မှုအတွက် အသုံးပြုသော အသေးစား အလုံပိတ် ဒြပ်စင်ဖိသိပ်စက် တစ်ခုဖြစ်သည်။ အမှန်တကယ် စီးပွားဖြစ် ထုတ်လုပ်မည့် ဒြပ်စင်ဖိသိပ်စက်များမှာ ဤစက်ထက် ဆယ်ဆကျော်မျှ ပိုမိုကြီးမားပေလိမ့်မည်။
သူက ကုန်ကြမ်းထည့်သွင်းသည့် အပေါက်ကို ဖွင့်လိုက်သည်။ ဘေးဘက်ရှိ ကုန်ကြမ်းသိုလှောင်ရုံအတွင်းမှ တန်ချိန်ပေါင်းများစွာ လေးလံသော သတ္တုတုံးကြီးများက လေထဲသို့ လွင့်ဝဲလာပြီး ပေထောင်ချီ ကွာဝေးသော အကွာအဝေးကို ဖြတ်သန်းကာ စက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။
လော်ယွမ်က စက်ကို စတင်မောင်းနှင်လိုက်သည်။ ကုန်ကြမ်းထည့်သွင်းသည့် အပေါက်က အလိုအလျောက် ပိတ်သွားပြီး လေထုကို စုပ်ထုတ်ပစ်လိုက်သည်။
နောက်တစ်ခဏ၌ပင် ကျိုးပေါက်သွားသော ဆည်ကြီးတစ်ခုကဲ့သို့ အားကောင်းလှသည့် လျှပ်စစ်စွမ်းအင်များက ဤစက်အတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။
စက်လုံးပုံစံ စက်ကိရိယာကြီး တစ်ခုလုံးမှ အသံကျယ်ကြီးများ ထွက်ပေါ်လာပြီး မြေပြင်မှာလည်း အနည်းငယ် တုန်ခါသွားခဲ့သည်။
လော်ယွမ်က မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ပြီး အတွင်းပိုင်းတွင် ဖြစ်ပေါ်နေသော သတ္တုတုံးများ၏ ပြင်းထန်သော အပြောင်းအလဲများကို သူ၏ အာရုံခံနိုင်စွမ်းဖြင့် အသေးစိတ် ခံစားကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုသတ္တုတုံးများက ချက်ချင်း အရည်ပျော်ကျသွားပြီး ကွန်တိန်နာ၏ အလယ်ဗဟို လေဟာပြင်တွင် ဧရာမ သတ္တုရည်ဘောလုံးကြီး တစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။
အတွင်းပိုင်းရှိ ကြောက်မက်ဖွယ်ကောင်းလှသော အပူချိန်နှင့် ဖိအားများမှာ နေမင်းကြီး၏ အတွင်းပိုင်းကို ရောက်နေသကဲ့သို့ပင်။ ဤစက်ကိရိယာမှာ အဏုမြူ ပေါင်းစပ်ဓာတ်ဖိုနှင့် ဆင်တူသော်လည်း နည်းပညာပိုင်းဆိုင်ရာ အခက်အခဲမှာ ပိုမိုမြင့်မားပေသည်။
အချက်အလက်နှင့် ကန့်သတ်ချက် အမျိုးမျိုးမှာ အဏုမြူ ပေါင်းစပ်ဓာတ်ဖိုများထက် အဆရာချီ ပိုများပြားပြီး ကြယ်များ၏ အတွင်းပိုင်းရှိ သီးသန့် ပတ်ဝန်းကျင်ကို အပြည့်အဝ ပုံတူကူးယူကာ ဒြပ်စင်များကို အကြမ်းပတမ်း ဖိသိပ်ပစ်ခြင်း ဖြစ်သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ၎င်းက ဖြည်းညင်းစွာ ကျုံ့ဝင်လာတော့သည်။
ဆက်ရန်...