← Chapters

အခန်း (၅၂၅-၅၂၆)

Vol. 27 Ch. 525-526

အခန်း (၅၂၅-၅၂၆)

Vol. 27 Ch. 525-526

အပိုင်း(၅၂၅) လေပွေ

လော်ယွမ်၏ လက်ဝါးပြင်က ၅ ပေခန့် ကျယ်ဝန်းပြီး ကြက်ခြေခတ် ဖြတ်သန်းနေသော လက်ဝါးပြင်မှ မျဉ်းကြောင်းများက နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများသဖွယ် ဖြစ်နေ၏။

လက်ဝါးထဲရှိ ကြွက်ဖြူလေးက အန္တရာယ်ကို သတိထားမိသွားကာ ဂနာမငြိမ် ဖြစ်လာပြီး ထိုနေရာမှ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် မှိုင်းညို့နေသော အလင်းတန်းတစ်ခုက လက်ဝါးပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

ထိုအလင်းရောင်က မျက်စိကျိန်းလောက်သည်အထိ မစူးရှပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကြည်လင်နေသော စမ်းရေပေါက်လေးအလား အလင်းဖောက်ထွင်းနိုင်ပြီး နူးညံ့သောအလင်းအဝါ ပါရှိကာ အသန့်စင်ဆုံး စိန်ပွင့်ကဲ့သို့ စင်ကြယ်လှသည်။

သို့သော် ထိုနူးညံ့သော အလင်းတန်းလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တွင် အားကောင်းသော လေဆင်နှာမောင်းတစ်ခု တိတ်တဆိတ် ဖြစ်တည်လာခဲ့သည်။

သူ၏ လက်ဝါးပြင်က ထိုလေဆင်နှာမောင်း၏ ဗဟိုချက်ဖြစ်ပြီး ထိုနေရာရှိ စွမ်းအင်အမျိုးမျိုးက ပြင်းထန်စွာ ပုံပျက်သွားခဲ့ကာ လေဟာနယ်ပင်လျှင် ရေလှိုင်းများကဲ့သို့ တွန့်လိမ်လှုပ်ရှားလာတော့သည်။

ကြွက်ဖြူတစ်ကောင်လုံးရှိ မရေမတွက်နိုင်သော အက်တမ်များကို နာနိုစက္ကန့် အနည်းငယ်အတွင်း အလုံးစုံ ပြိုကျသွားစေရန် ပြုလုပ်ရသည်မှာ လော်ယွမ်အတွက်ပင် လွယ်ကူလှသည် မဟုတ်ချေ။

ဆိုလိုသည်မှာ သူ၏ တွေးခေါ်တုံ့ပြန်နိုင်စွမ်းက အလင်းအမြန်နှုန်းနှင့် နီးကပ်နေရမည် ဖြစ်ပြီး အနည်းငယ် တုန်လှုပ်သွားခြင်း သို့မဟုတ် ရပ်တန့်သွားခြင်း ဖြစ်ပေါ်ခဲ့လျှင် ဤစမ်းသပ်မှုက လုံးဝ ကျရှုံးသွားမည်သာ ဖြစ်သည်။

ကံကောင်းသည်မှာ သောင်းနှင့်ချီသော ထပ်တလဲလဲ လေ့ကျင့်မှုများကြောင့် လော်ယွမ်၏ စိတ်အာရုံက ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်နေပြီး မည်သို့မှ တုန်လှုပ်မသွားတော့ပေ။

ထိန်းချုပ်နိုင်စွမ်းဖြစ်စေ၊ စိတ်ကူးတွေးတောနိုင်စွမ်းဖြစ်စေ မယုံနိုင်စရာ ကောင်းလောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုကြွက်ဖြူလေး၏ အရွယ်အစားက ချက်ချင်း သေးငယ်သွားလေသည်။

ထိုအချိန်ကျမှသာ လော်ယွမ်က သက်ပြင်းတစ်ချက် ချနိုင်သွားသည်။ သို့သော် စမ်းသပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးက ပြီးဆုံးသွားခြင်း မရှိသေးပေ။

နောက်တစ်ဆင့်အနေဖြင့် သူက အက်တမ်များကြားရှိ လျှပ်စစ်သံလိုက်စက်ကွင်းများ၏ ပြင်းအားကို မြှင့်တင်ပေးရမည် ဖြစ်ပြီး အက်တမ် ညီမျှမှုကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။

ထိုအဆင့်ကသာ သူ၏ စိတ်စွမ်းအားများကို အများဆုံး စုပ်ယူသွားမည့် အဆင့်ဖြစ်သည်။

ကြွက်ဖြူလေး အရွယ်အစား သေးငယ်နေ၍သာ ဤမျှလောက် စွမ်းအင်ကုန်ဆုံးမှုကို သူ ခံနိုင်ရည် ရှိနေခြင်းဖြစ်သည်။

အကယ်၍ သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်တွင်သာ အသုံးပြုမည်ဆိုလျှင် အထူး ပြင်းထန်သော လျှပ်စစ်သံလိုက်စက်ကွင်း အခန်းတစ်ခန်းကို တည်ဆောက်ရပေလိမ့်မည်။

သူ၏ စိတ်စွမ်းအား အများစုကို ပြင်းထန်သော လျှပ်စစ်သံလိုက်စက်ကွင်းအဖြစ် ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက်၊ လက်ဝါးပြင်ပေါ်ရှိ လေထုက လုံးဝ အိုင်းယွန်းပျက်ပြယ်သွားပြီး သေးငယ်သော လျှပ်စီးနယ်မြေလေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရေတွက်မရနိုင်သော လျှပ်စီးကြောင်းများက တဖြောင်းဖြောင်း မြည်ဟည်းနေပြီး ထိုနေရာရှိ လျှပ်စီးကြောင်းတိုင်းက ထူးဆန်းသော အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။

ကြည့်ရုံမျှဖြင့်ပင် ကြက်သီးမွေးညင်း ထစေနိုင်သည်။ ထိုလျှပ်စီးကြောင်း တစ်ခုချင်းစီက အပ်ဖျားအရွယ်အစားလောက်သာ ရှိသော်လည်း ၎င်းတို့၏ လျှပ်စစ်သံလိုက်စက်ကွင်း ပြင်းအားကို တွက်ချက်ကြည့်မည်ဆိုလျှင် သဘာဝလောကရှိ လျှပ်စီးများထက် အဆပေါင်း ထောင်နှင့်ချီ၍ ပိုမို ပြင်းထန်နေလေသည်။

ကံကောင်းသည်က ထိုကြွက်ဖြူလေး၏ ခန္ဓာကိုယ်က လုံးဝ ပြိုကျသွားပြီး သွေးနှင့်အသားများက သာမန်ရုပ်ဝတ္ထုများ မဟုတ်တော့ခြင်း ဖြစ်သည်။

ထို့သို့မဟုတ်လျှင် ထိုကဲ့သို့သော လျှပ်စစ်သံလိုက် ပတ်ဝန်းကျင်အောက်တွင် ကြွက်ဖြူလေးက စောစောစီးစီးပင် လုံးဝ အငွေ့ပျံသွားလောက်ပြီ ဖြစ်သည်။

လုပ်ငန်းစဉ် တစ်ခုလုံးက သုံးစက္ကန့်ကြာမြင့်ပြီးနောက် တဖြည်းဖြည်း ပြီးဆုံးသွားတော့သည်။

လျှပ်စီးများ ပျောက်ကွယ်သွားသောအခါ အလွန်သေးငယ်သော ကြွက်ဖြူလေးတစ်ကောင်က လော်ယွမ်၏ လက်ဝါးပြင်ထက်တွင် လဲလျောင်းနေသည်။

၎င်း၏ ခန္ဓာကိုယ် အချိုးအစား တစ်ခုလုံးက ဆယ်ဆခန့် သေးငယ်သွားပြီး လက်ရာမြောက်လှသော အနုပညာပစ္စည်းလေး တစ်ခုနှင့်ပင် တူနေတော့သည်။

မူလက အဖြူရောင်ဖြစ်သော အမွေးအမျှင်များက ယခုအခါ ပြဒါးထက်ပင် ပို၍ ငွေရောင်သန်းနေကာ မီးရောင်အောက်တွင် တောက်ပသော အလင်းရောင်များကို ရောင်ပြန်ဟပ်နေလေသည်။

ထို့အပြင် ၎င်း၏ မျက်လုံးများက ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေပြီး ခြေချောင်းလေးများက မင်ရည်ကဲ့သို့ မည်းနက်နေသည်။

ဝမ်းဗိုက်ရှိ ဖုံးကွယ်မထားသော အရေပြားကလည်း ဖန်သားပြင်ကဲ့သို့ အရည်အသွေးမျိုး ရှိနေ၏။ ၎င်းကို ဖျက်ဆီးပစ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ကျစ်လျစ်လှသော အက်တမ် တည်ဆောက်ပုံများကြောင့် ၎င်း၏ ခန္ဓာကိုယ်က စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားသော ကာကွယ်မှုစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

နေမင်းကြီးထဲသို့ ပစ်ချခံရလျှင်တောင် အလယ်ဗဟိုချက်ဆီသို့ မရောက်သွားသရွေ့ အသက်ရှင်သန်နိုင်စွမ်း ရှိနေသေးသည်။

အကယ်၍ ၎င်းသာ လှုပ်ရှားနိုင်စွမ်း ရှိနေသေးလျှင် သာမန် သက်ရှိလေးတစ်ကောင်မှ အလွန် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်သည်။

လော်ယွမ်က ကြွက်ဖြူလေးကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ စမ်းသပ်မှု တစ်ခုလုံးက အတော်လေး အောင်မြင်ကြောင်း တွေ့ရှိလိုက်ရသည်။

မော်လီကျူး ပြိုကွဲမှုနှုန်းက တစ်သိန်းပုံ တစ်ပုံပင် မပြည့်ပေ။ ဤမျှ အနည်းငယ်သော ပြိုကွဲမှုနှုန်းက လုံခြုံရေး ကန့်သတ်ချက်အတွင်း၌သာ ရှိနေပြီး သက်ရှိစွမ်းအင်ကို လုံးဝ ထိခိုက်စေမည် မဟုတ်ပေ။ စစ်ဆေးနေရင်းနှင့်ပင် ပြိုကွဲသွားသော အစိတ်အပိုင်းများကို သူက အလွယ်တကူ ပြုပြင်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ အဆစ်အမြစ်များကလည်း အတော်လေး ပျော့ပျောင်းနေပြီး အတွင်းပိုင်းရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကလည်း အကောင်းပကတိအတိုင်း ရှိနေကာ အသက်ဝင်နေဆဲ ဖြစ်သည်။

သို့သော် အရာအားလုံးက အေးခဲရပ်တန့်သွားပုံပေါ်သည်။ နှလုံးခုန်သံ မရှိသလို သွေးလှည့်ပတ်မှုလည်း မရှိပေ။ ပုံမှန် ဇီဝကမ္မ ဖြစ်စဉ် အားလုံးက လုံးဝ ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ၎င်းက အသက်ရှင်နေသေးပုံ ရသည်။ ၎င်း၏ ဦးနှောက်မှ အားနည်းသော ဦးနှောက်လှိုင်းများကို ထုတ်လွှတ်နေသေးကြောင်း လော်ယွမ်က စိတ်လှုပ်ရှားဖွယ် တွေ့ရှိလိုက်ရသည်။

သို့သော် ထိုလှိုင်းများက တဖြတ်ဖြတ် ဖြစ်နေပြီး အံ့မခန်း အမြန်နှုန်းဖြင့် အဆက်မပြတ် လျော့ကျသွားနေသည်။ မကြာမီ အချိန်အတွင်းမှာပင် ထိုအသိစိတ်က လုံးဝ ပျောက်ကွယ်သွားနိုင်ခြေ ရှိသည်။

လော်ယွမ်က အနည်းငယ် စဉ်းစားခန်း ဝင်သွားသည်။ ဤမျှ အသိစိတ် စွမ်းအား နိမ့်ကျသော သတ္တဝါလေးအဖို့ ထိုမျှ အားကောင်းလွန်းသော ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည်မှာ သိသာထင်ရှားလှသည်။

ထိုအရာက လေးလံထူထဲသော သံမဏိသံချပ်ကာကို ဝတ်ဆင်ထားသည့် ကလေးငယ်တစ်ယောက်နှင့်ပင် တူနေသည်။ မလှုပ်ရှားရသေးခင်မှာပင် ခန္ဓာကိုယ်က သံချပ်ကာ၏ ဖိပိမှုအောက်တွင် ပြိုကျသွားလိမ့်မည် ဖြစ်သည်။

သို့ရာတွင် လော်ယွမ်၏ စိတ်ထဲ၌မူ မည်သည့် တုန်လှုပ်မှုမျှ မရှိပေ။ ကြွက်ဖြူလေး၏ အသိစိတ်ကို မျက်စိဖြင့် မမြင်ရသော လေထုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူ၏ အသိစိတ်က စင်ကြယ်ပြီး အပြစ်အနာအဆာကင်းသော စိန်ပွင့်တစ်ပွင့် ဖြစ်ကာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့အပြင် သူက အက်တမ်များကို ပြိုကျအောင် ပြုလုပ်နိုင်သကဲ့သို့ အခြေအနေ မဟန်ပါက ထိုအခြေအနေကို ပြန်လည် ရုပ်သိမ်းနိုင်စွမ်းလည်း ရှိပေသည်။

ထိုအချိန်ရောက်လျှင် သူက အခြေအနေ နှစ်ခုကြားတွင် လွတ်လပ်စွာ အသွင်ပြောင်းလဲနိုင်မည် ဖြစ်ပြီး အရာအားလုံးကို စိတ်ကြိုက် ခြယ်လှယ်နိုင်ပေလိမ့်မည်။

အမှန်တကယ်တော့ ယခုအချိန်အထိ သူ၏ မူလရည်ရွယ်ချက်ကို သူ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။ အကျိုးအကြောင်း ဆင်ခြင်နိုင်သော တွေးခေါ်မှု၏ လွှမ်းမိုးမှုအောက်တွင် မိမိကိုယ်ကို အဆက်မပြတ် အားကောင်းလာစေရန် ပြုလုပ်ခြင်းကသာ အရေးကြီးဆုံး ဦးစားပေး ရွေးချယ်မှုပင် ဖြစ်သည်။

ထို့နောက် သနားစရာ ကြွက်ဖြူလေး နောက်တစ်ကောင်ကို ထပ်မံထုတ်ယူကာ စမ်းသပ်မှုကို ဆက်လက် ပြုလုပ်တော့သည်။

သူ၏ စိတ်စွမ်းအားကို တစ်ပြိုင်နက်တည်း အပိုင်းများစွာခွဲ၍ တိကျစွာ ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံမှု မရှိသေးပေ။ ကြွက်ဖြူလေးကဲ့သို့ သေးငယ်သော သတ္တဝါလေးများအပေါ် စမ်းသပ်ရာတွင် အောင်မြင်နိုင်သော်လည်း သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်အပေါ်တွင်မူ ယုံကြည်ချက် အနည်းငယ်မျှပင် မရှိသေးချေ။

……

ကြွက်ဖြူလေး တစ်ကောင်ပြီးတစ်ကောင်က ရုပ်တုလေးများအဖြစ် ဆက်တိုက် ပြောင်းလဲသွားကြပြီး ဓာတ်ခွဲခန်းထဲရှိ ပြခန်းတစ်ခုထဲတွင် သပ်ရပ်စွာ စီရီထားခြင်း ခံလိုက်ရသည်။

အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ ရုပ်တုလေးများက ဗီဒိုတစ်လုံးစာ အပြည့်မှသည် ဗီဒိုဆယ်လုံးစာအထိ ရှိလာခဲ့သည်။

ဆယ့်တစ်လုံးမြောက် ဗီဒိုမှစ၍ ရုပ်တုလေးများက သိုးများအဖြစ် ပြောင်းလဲသွားပြီး ပုံစံအမျိုးမျိုးသော သိုးရုပ်တုများ ဖြစ်လာခဲ့သည်။

နယ်ပယ်အဆင့် မြင့်တက်သွားပြီးနောက်ပိုင်း သူ၏ စိတ်နေသဘောထားများက ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ လူသားတို့၏ အားနည်းချက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မည်မျှပင် ငြီးငွေ့စရာ ကောင်းနေပါစေ သူက သည်းခံနိုင်စွမ်း ရှိလာခဲ့သည်။ မိမိအတွက် အကျိုးရှိမည်ဆိုပါက မည်မျှပင် ပျင်းရိဖွယ် ကောင်းသော ကိစ္စဖြစ်ပါစေ သူက ကျေနပ်စွာ လက်ခံပြီး မဆုတ်မနစ် ကြိုးစားအားထုတ်တော့သည်။

သူ၏ စွမ်းဆောင်ရည်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဖိသိပ်ရန် လိုအပ်သော အချိန်က တဖြည်းဖြည်း တိုတောင်းလာပြီး ပင်ကိုယ်အသိစိတ်ကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုကာလအတွင်း ချန်ရှင်းကျယ် အပါအဝင် အခြား အထက်လူကြီးများက အကြိမ်များစွာ လာရောက်ခဲ့ကြသည်။

တွေ့ဆုံမှုတိုင်းတွင် သူက ပုံမှန်အတိုင်း တုံ့ပြန်ဆက်ဆံခဲ့သော်လည်း ပြီးသွားသည့်အခါ သူ၏ စိတ်ထဲ၌ လေပြေလေး တစ်ချက် တိုက်ခတ်သွားသကဲ့သို့ မည်သည့် အရိပ်အယောင်မျှ ကျန်ရစ်မနေခဲ့ချေ။

……

ပုံရိပ်ယောင်ကမ္ဘာ၏ နံနက်ခင်းတွင် ကောင်းကင်ယံက တဖြည်းဖြည်း လင်းလက်လာပြီး နေ့သစ်တစ်နေ့ ပြန်လည် စတင်လာခဲ့သည်။

ဤကျွန်းပေါ်ရှိ တစ်ခုတည်းသော မြို့လေးက လွန်ခဲ့သော စက္ကန့်ပိုင်းအထိ သရဲမြို့တော်တစ်ခုကဲ့သို့ တိတ်ဆိတ်နေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် လူများ၊ ယာဉ်ရထားများဖြင့် ပြည့်နှက်သွားလေသည်။

ကောင်းကင်ယံထက်တွင် ကျိုင်းကောင်အုပ်ကြီး တစ်အုပ်ကဲ့သို့ များပြားလှသော ယာဉ်ပျံကြီးများက အဝေးရှိ စက်မှုဇုန်နယ်မြေဆီသို့ အပြေးအလွှား ဖြတ်သန်း သွားလာနေကြသည်။

သို့သော် အမှန်တကယ်တွင် ယာဉ်ပျံများမှလွဲ၍ ဤမြို့လေးက စိတ်ကူးထဲကလောက် သိပ္ပံနည်းကျ ဆန်းသစ်မနေခဲ့ပေ။ နည်းပညာ အသုံးချမှုများက အရပ်ဘက် နယ်ပယ်များအထိ များစွာ ပျံ့နှံ့ရောက်ရှိနေခြင်း မရှိသေးချေ။

အဆောက်အအုံ အများစုက နိမ့်ကျပြီး လေးထောင့်ပုံစံများ ဖြစ်ကာ တစ်ချက်ကြည့်လိုက်လျှင် ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက ကမ္ဘာမြေပေါ်ရှိ တရုတ်နိုင်ငံ၏ အဆင့်လေး သို့မဟုတ် အဆင့်ငါး မြို့လေးတစ်မြို့နှင့်ပင် တူနေသေးသည်။

ဤနေရာရှိ အဆောက်အအုံများ အားလုံးက ဓာတ်ခွဲခန်းများ ဖြစ်ကြပြီး အတွင်းသို့ ဝင်ရောက်သွားမှသာလျှင် သိပ္ပံနည်းကျ ဆန်းကြယ်သော ခံစားမှုကို ရရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်မှာပင် သူတို့၏ ခေါင်းပေါ်ရှိ ယာဉ်ပျံများက အမည်မသိ စွမ်းအားတစ်ခု၏ လွှမ်းမိုးမှု ခံလိုက်ရသည့်အလား မီးခိုးငွေ့များ ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ ဆက်တိုက် ပြုတ်ကျလာတော့သည်။ လူအုပ်ကြီးကြားတွင် ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

အချို့သော ယာဉ်ပျံများက လူအုပ်ကြီးထဲသို့ တိုက်ရိုက် ပြုတ်ကျသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

စူးရှသော အော်ဟစ်သံများက နေရာအနှံ့ ထွက်ပေါ်လာသည်။ ကံကောင်းသည်က ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာ ဖြစ်နေခြင်းပင်။ သေဆုံးသွားလျှင်တောင်မှ ကြီးမားသော ပြဿနာ မရှိပေ။

လူအုပ်ကြီးက အစပိုင်းတွင်သာ မသိစိတ်အရ အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း သတိပြန်ဝင်လာသောအခါ လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးကို ကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသဖြင့် အနည်းငယ်ပင် စိတ်လှုပ်ရှားနေကြသည်။

ဤနေရာရှိ နေထိုင်သူ အများစုက သုတေသီများ ဖြစ်ကြပြီး ထိုအချိန်တွင် ပြဿနာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို အချင်းချင်း ငြင်းခုံနေကြတော့သည်။

အလင်းရောင်များက ပုံမှန်မဟုတ်ဘဲ မှေးမှိန်သွားပြီး ပတ်ဝန်းကျင်တွင် လေပြင်းများ တဖြည်းဖြည်း တိုက်ခတ်လာခဲ့သည်။

"ကြည့်ကြစမ်း... ကောင်းကင်မှာ လေပွေကြီးတစ်ခုပဲ"

လမ်းမထက်တွင် မည်သူမှန်း မသိသော လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

လူတိုင်းက ကောင်းကင်ယံသို့ ချက်ချင်း မော့ကြည့်လိုက်ကြသည်။ မရေမတွက်နိုင်သော တိမ်မည်းကြီးများက မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု၏ သက်ရောက်မှုအောက်တွင် တဖြည်းဖြည်း လည်ပတ်နေပြီး ဧရာမ လေပွေကြီးတစ်ခုအဖြစ် ပုံပေါ်လာသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

ဆက်ရန်...

အပိုင်း(၅၂၆) ကမ္ဘာလောကဆီသို့ ကျူးကျော်ဝင်ရောက်လာခြင်း

တစ်ကြိမ် အသက်ရှူလိုက်ရုံမျှ အချိန်အတွင်းမှာပင် ထိုလေပွေဝဲကြီးက ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့၏။

ကောင်းကင်ယံသည် မျက်စိတစ်မှိတ်အတွင်း မင်ရည်ကဲ့သို့ မည်းမှောင်သွားခဲ့ရာ နေ့လယ်ခင်းမှ ညဘက်သို့ ရုတ်ခြည်း ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

လေပွေဝဲကြီး ပေါ်ပေါက်လာသည်နှင့်အမျှ တစ်ကမ္ဘာလုံး၌ သဲ့သဲ့မျှ ကြားရသော တဝီဝီ မြည်ဟည်းသံကြီး လွှမ်းခြုံသွားဟန်ရှိသည်။

ထိုအသံက တိုးညင်းသော်လည်း ကောင်းကင်နှင့် မြေကြီးတို့ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားရပြီး ကြီးကျယ်ခမ်းနားလှသော စွမ်းအင်လှိုင်းများကြောင့် လူတို့၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

ထိုအချိန်မှာပင် ပုံရိပ်ယောင်ကမ္ဘာ၏ ကွန်ပျူတာထိန်းချုပ်ရေး ဗဟိုဌာနတွင်လည်း အချက်ပေးသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။

"ဧရာမ အချက်အလက် စီးကြောင်းကြီး ကျူးကျော်ဝင်ရောက်လာနေတယ်"

"တားဆီးလို့ မရဘူး"

"အမြင့်ဆုံး အခွင့်အာဏာကို ထိန်းချုပ်သွားပြီ"

"စီပီယူ အသုံးပြုမှုက ရာခိုင်နှုန်း ရှစ်ဆယ့်ငါးအထိ ရောက်နေပြီ... ဆက်ပြီး မြင့်တက်နေတုန်းပဲ"

မကောင်းသော သတင်းအချက်အလက်များက တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာသည်။ ဝန်ထမ်းများအားလုံးမှာ ချွေးပြန်ကာ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေကြ၏။

ဖြစ်ရပ်များက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကြိုတင်ပြင်ဆင်ထားသော တားဆီးကာကွယ်ရေး နည်းလမ်းများအားလုံးမှာ အသုံးမဝင်တော့သကဲ့သို့ ဖြစ်နေသည်။

ဉာဏ်ရည်တုစနစ်ပင်လျှင် နှုတ်ဆိတ်နေပြီး ကျူးကျော်ဝင်ရောက်လာမှုကို မမြင်သည့်အလား မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ပုံရိပ်ယောင် ကမ္ဘာထဲတွင်တော့ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက တိမ်မည်းများကြား၌ နဂါးနှင့် မြွေများ တွားသွားနေသကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း လင်းလက်သွားကြရာ ကောင်းကင်နှင့် မြေကြီးမှာ လင်းတစ်လှည့် မှောင်တစ်လှည့် ဖြစ်နေတော့သည်။

ဖိနှိပ်ထားသော လေထုက တဖြည်းဖြည်း လွှမ်းမိုးလာပြီး ပိုမို ပြင်းထန်လာသည်။ ထိုအချိန်တွင် လေပွေဝဲကြီး ရှိရာနေရာက ရူပဗေဒ နိယာမများကို ဆန့်ကျင်ကာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ထို့နောက် ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပဲ့တင်သံများ ဆက်တိုက် မြည်ဟည်းသွားသည်။

ထိုကျယ်လောင်သော အသံကြီးနှင့်အတူ တစ်ကမ္ဘာလုံး အနည်းငယ် တုန်ခါသွားခဲ့ပြီး ကျွန်းကလေး၏ အစွန်အဖျားရှိ မြေပြင်များမှာ တဖြည်းဖြည်း ပြိုကျပျက်စီးကာ လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နောက်တစ်စက္ကန့်တွင်တော့ လေပွေဝဲကြီးဆီမှ ဧရာမ လူမျက်နှာကြီးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုမျက်နှာကြီးက တိမ်မည်းများဖြင့် ဖွဲ့စည်းထားသဖြင့် မှုန်ဝါးဝါးဖြစ်နေပြီး မျက်နှာပေါက်ကို သဲသဲကွဲကွဲ ခွဲခြားသိမြင်နိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး မြေပြင်ကို အေးစက်စက် ငုံ့ကြည့်နေသည်ကိုမူ တွေ့မြင်နိုင်ပေသည်။

ထိုမျက်နှာကြီးသည် ကောင်းကင်၏ ငါးပုံတစ်ပုံကို ဖုံးလွှမ်းထားပြီး နေရောင်ကိုပါ ကွယ်ပျောက်သွားစေလောက်အောင် ကြီးမားလှသည်။

ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်က ဤကမ္ဘာထဲသို့ အတင်းအကျပ် ဝင်ရောက်လာမည့်အလား ထင်မှတ်ရပေသည်။

ကောင်းကင်နှင့် မြေကြီးက တဖြည်းဖြည်း မှုန်ဝါးလာပြီး အရောင်အသွေးများကို အတင်းအဓမ္မ စုပ်ယူခံလိုက်ရသည့်အလား တစ်ကမ္ဘာလုံး ပြိုကျပျက်စီးမည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းကင်မြင်ကွင်းနှင့် ကမ္ဘာပျက်မည့်အလား ခံစားရမှုများကြောင့် လူအုပ်ကြီးမှာ ယခင်ကလို ပေါ့ပေါ့ပါးပါး မနေနိုင်ကြတော့ပေ။

ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာ ဖြစ်လင့်ကစား လူအများအပြားမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားကြသည်။

ပိုမိုများပြားသော လူများကတော့ ပုံရိပ်ယောင်ကမ္ဘာထဲမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ထိုစဉ် မျက်နှာကြီးက ဖရိုဖရဲဖြစ်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။ သူက မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဤအားနည်းသော ကမ္ဘာလေးကို အကဲခတ်နေသည့်အလား ကြည့်ရှုလိုက်သည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက်တွင်မူ ထိုမျက်နှာကြီးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အရိပ်အယောင်မျှပင် မကျန်ရစ်တော့ချေ။

အချိန်အနည်းငယ် အကြာတွင်တော့ ကောင်းကင်ရှိ တိမ်မည်းများ တဖြည်းဖြည်း လွင့်စင်သွားပြီး နေရောင်ခြည်က မြေပြင်ပေါ်သို့ တစ်ဖန် ပြန်လည် ကျရောက်လာသည်။

အရာအားလုံးက မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား ငြိမ်သက်အေးချမ်းသွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် လူသူကင်းမဲ့သော ကွင်းပြင်တစ်ခု၌ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်။ မြေပြင်ပေါ်ရှိ မြေကြီးတစ်လွှာက လေဟာနယ်ထဲသို့ ရုတ်တရက် ပျောက်ကွယ်သွားပြီး အနီးအနားရှိ ရေစီးကြောင်းကလည်း ချက်ချင်း ပြတ်တောက်သွားခဲ့သည်။ ထိုအရာဝတ္ထုများသည် မရေမတွက်နိုင်သော အက်တမ်များအဖြစ်သို့ ခဏချင်းအတွင်း ပြိုကွဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုအက်တမ်များ အားလုံးက အချင်းချင်း ပေါင်းစပ်သွားကာ မော်လီကျူးများ ဖြစ်ပေါ်လာကြသည်။

ထိုမော်လီကျူးများက ဆဲလ်များအဖြစ် ထပ်မံဖွဲ့စည်းသွားပြီး အသေးငယ်ဆုံးသော အရိုးမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှစ်မိနစ် အကြာတွင်တော့ လေဟာနယ်ထဲမှ အရိုးစုတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ မကြာမီ ထိုအရိုးစုပေါ်တွင် အကြောအမြှေးများ ဖြစ်ပေါ်လာပြီး အကာအကွယ်မဲ့နေသော ရင်ဘတ်ထဲတွင်တော့ နှလုံးတစ်လုံးက ဒိတ်ဒိတ်တုန်အောင် ခုန်နေလေသည်။

နှလုံးဆီမှတစ်ဆင့် သွေးသားများက မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ခန္ဓာကိုယ် အနှံ့အပြားသို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့လျှင် သေလောက်အောင် လန့်ဖျပ်သွားမည်မှာ အသေအချာပင်။

ကိုးမိနစ် အကြာတွင် အဝတ်ဗလာ လူတစ်ယောက်က ကွင်းပြင်ထဲတွင် ပေါ်လာခဲ့သည်။ သူက မိမိ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး စိတ်ထဲမှ အလိုရှိလိုက်သည်နှင့် ဖိနပ်မှစ၍ အပေါ်ဝတ်ရုံအထိ အဝတ်အစား တစ်စုံက လေဟာနယ်ထဲမှ ချက်ချင်း ဖန်ဆင်းပေါ်ပေါက်လာခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးအတွက် အချိန် ဆယ်မိနစ်နီးပါးခန့် ကြာမြင့်သွားခဲ့၏။

"တကယ်ကို နှေးကွေးလွန်းတာပဲ" လော်ယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ငါ့ရဲ့ စိတ်အာရုံ အားလုံးသာ ဝင်လာမယ်ဆိုရင် အများဆုံးမှ မီလီစက္ကန့် တစ်စက္ကန့်ပဲ ကြာမှာ"

ဝမ်းနည်းစရာမှာ ဤကမ္ဘာလေးက သူ၏ စိတ်အာရုံ အများအပြားကို ခံနိုင်ရည် မရှိခြင်းပင်။ ယခင်က သူ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့စဉ်က ဤပုံရိပ်ယောင် ကမ္ဘာကြီးမှာ ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့၍သာ ပြိုကျမသွားခြင်း ဖြစ်သည်။ သူက မိမိ၏ စိတ်အာရုံ အများစုကို အမြန် ပြန်လည်ရုပ်သိမ်းလိုက်ပြီး သေးငယ်လွန်းသော အစိတ်အပိုင်းလေး တစ်ခုကိုသာ ဤနေရာ၌ ချန်ထားခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤကမ္ဘာက အစစ်အမှန် ကမ္ဘာ မဟုတ်ပေ။ အလွန်တရာ အတုအယောင်ဆန်ပြီး အလွန်တရာ အားနည်းလွန်းလှသည်။

သူ၏ မျက်လုံးထဲတွင် ဤကမ္ဘာကြီးကို ပုံရိပ်နှစ်ခု တစ်ပြိုင်နက်တည်း မြင်တွေ့နေရသည်။ တစ်ခုမှာ လက်တွေ့ကမ္ဘာကဲ့သို့ အစစ်အမှန် မြင်ကွင်းဖြစ်ပြီး အခြားတစ်ခုမှာတော့ ထိုမြင်ကွင်းများ၏ နောက်ကွယ်ရှိ အဆက်မပြတ် ပြောင်းလဲနေသော အချက်အလက် သမုဒ္ဒရာကြီးပင် ဖြစ်သည်။

သစ်ပင်ငယ်လေး တစ်ပင်၊ မြစ်တစ်စင်း၊ အက်တမ်တစ်ခုနှင့် ဗလာကျင်းနေသော လေဟာနယ် ဟင်းလင်းပြင်တို့သည်ပင် ကြီးမားလှသော အချက်အလက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။

ဤကမ္ဘာသည် သာမန်လူများ၏ မျက်လုံးကို လှည့်စားနိုင်သော်လည်း သူ၏ နာမ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်းကိုမူ မလှည့်စားနိုင်ပေ။

ဤကမ္ဘာကို တကယ့် ကမ္ဘာအဖြစ် သတ်မှတ်မည်ဆိုလျှင် လော်ယွမ်သည် ဤကမ္ဘာ၏ ဇာစ်မြစ်နှင့် အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီဟု ဆိုနိုင်ပေသည်။

"လေးဘက်မြင် သတ္တဝါတွေရဲ့ အမြင်မှာ ငါနေထိုင်နေတဲ့ သုံးဘက်မြင် ကမ္ဘာကြီးကလည်း ဒီအတိုင်းပဲ ဖြစ်နေမှာပဲ... နှစ်ခုစလုံးက တူညီတဲ့ သဘောတရားတွေ ရှိနေတယ်... ပိုပြီး မြင့်မားတဲ့ အတိုင်းအတာတွေ ရှိတဲ့ သက်ရှိတွေရဲ့ အမြင်မှာတော့ အရာအားလုံးက မပြည့်စုံတဲ့ ကမ္ဘာတွေချည်းပဲ ဖြစ်နေလိမ့်မယ်" လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

သူက ခေါင်းယမ်းလိုက်ပြီး ထပ်မတွေးတော့ချေ။ အချက်အလက်တွေက မလုံလောက်သေးရာ ဆက်တွေးနေလျှင်လည်း စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေပေလိမ့်မည်။

ထို့နောက် သူက လေးလံပြီး ထုံထိုင်းလှသော ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ချက်ချင်းပင် အပြည့်အဝ အသားကျသွားတော့သည်။

ဤခန္ဓာကိုယ်၏ စွမ်းရည် ကိန်းဂဏန်းများက မမြင့်မားလှဘဲ သာမန်လူများထက် အဆအနည်းငယ်သာ ပိုမို အားကောင်းပေသည်။

သို့သော် သူ့အတွက်တော့ နောက်ထပ် ဆယ်ဆ ပိုအားကောင်းနေလျှင်တောင်မှ သာမန်လူနှင့် ဘာမှ ကွာခြားမည် မဟုတ်ပေ။

လော်ယွမ် မရည်ရွယ်ဘဲ ဖန်တီးမိခဲ့သော အကျိုးဆက်များက ယခုထက်တိုင် မပြီးဆုံးသေးချေ။

စူပါဆာဗာ ကျူးကျော်ခံရခြင်းနှင့် ပုံရိပ်ယောင် ကမ္ဘာထဲတွင် လျှို့ဝှက်ဆန်းကြယ်သော လူမျက်နှာကြီး ထွက်ပေါ်လာခြင်းတို့သည် သာမန် ကွန်ရက်တိုက်ခိုက်ခံရခြင်းဟု ထင်ရသော်လည်း ၎င်း၏ နောက်ကွယ်ရှိ အဓိပ္ပာယ်များကတော့ စဉ်းစားလေလေ ကြောက်စရာကောင်းလေလေ ဖြစ်သည်။

ပုံရိပ်ယောင် ကမ္ဘာ၏ ကွန်ပျူတာ အစုအဝေးသည် လူသားတို့၏ အဆင့်မြင့်ဆုံး စူပါကွမ်တမ် ကွန်ပျူတာကြီး ဖြစ်ပြီး စက်ပစ္စည်းများချည်းပင်လျှင် စူပါအဆောက်အအုံကြီး တစ်ခုလုံး အပြည့် နေရာယူထားသည်။

၎င်း၏ တွက်ချက်နိုင်စွမ်းမှာ အာကာသယာဉ်အတွင်းရှိ ဗိုရှင်းဂြိုဟ်သားတို့၏ ပင်မထိန်းချုပ် ကွန်ပျူတာထက် အဆပေါင်း သန်းချီ၍ ပိုမို မြန်ဆန်လှသည်။

ထို့အပြင် ဉာဏ်ရည်တုစနစ်၏ အလိုအလျောက် ကာကွယ်မှုစနစ်ပါ ပါဝင်နေသောကြောင့် မည်သူမျှ အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်စွမ်း မရှိပေ။

အနည်းဆုံးတော့ အာကာသယာဉ်ပေါ်ရှိ အခြား ကွမ်တမ်ကွန်ပျူတာများက ဤအဆင့်ရှိ စူပါကွန်ပျူတာ အစုအဝေးကို ထိုးဖောက်ဝင်ရောက်နိုင်ရန် မဖြစ်နိုင်ချေ။

သို့သော် ယခုတော့ တကယ်ကို ကျူးကျော်ခံလိုက်ရပြီ ဖြစ်သည်။ ထိုသို့ ကျူးကျော်ရာတွင်လည်း ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာခြင်းဖြစ်ပြီး အနည်းငယ်မျှပင် ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ယနေ့ခေတ် လူသားများသည် ကမ္ဘာပျက်ကပ်ဘေး မတိုင်မီကလို အသိဉာဏ်ကင်းမဲ့စွာ မသိနားမလည်သူများ မဟုတ်ကြတော့ပေ။

ဗိုရှင်းဂြိုဟ်သားတို့၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံရပြီးနောက်တွင် ကမ္ဘာမြေပြင် ပြင်ပရှိ ဂြိုဟ်သားများ၏ တိုက်ခိုက်လာနိုင်ခြေကို စိတ်ပိုင်းဆိုင်ရာ အရ များစွာ ပြင်ဆင်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခုဖြစ်ရပ်က လူတိုင်းကို အတွေးများသွားစေသည်။

မြို့တော်ဝန်ရုံး အစည်းအဝေး ခန်းမထဲတွင်တော့ လေထုက လေးလံနေသည်။

"မြို့တော်ဝန် မရှိတဲ့အတွက် ဒီအစည်းအဝေးကို ကျွန်တော်ကပဲ ယာယီ ဦးဆောင်သွားပါမယ်... အသေးစိတ် သတင်းတွေကိုလည်း အားလုံး ရရှိပြီးလောက်ပြီ ထင်ပါတယ်... ပုံရိပ်ယောင် ကမ္ဘာထဲက ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာ အားလုံးပဲ အကြံဉာဏ်လေးတွေ ပေးကြပါဦး" ပိကျန့်ဖိန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒီတစ်ကြိမ် ကျူးကျော်မှုရဲ့ ပစ်မှတ်က ပုံရိပ်ယောင် ကမ္ဘာကြီးပဲ... မြွေမသေ တုတ်မကျိုး မဖြစ်ရလေအောင် လောလောဆယ် ဘာမှ မလုပ်ဘဲ အရင် ငြိမ်နေသင့်တယ်လို့ ကျွန်တော် ထင်တယ်"

"ကွမ်တမ်ကွန်ပျူတာတွေ အားလုံးကို အသေးစိတ် စစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ရမယ်... တိုက်ခိုက်မှုရဲ့ ဇာစ်မြစ်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရှာဖွေရမယ်" ထျန်ကျင်းဖိန်က မျက်ခုံးကြားကို ပွတ်သပ်ရင်း ဝင်ပြောလိုက်သည်။

"မြို့တော်ဝန် ထျန်ရဲ့ အကြံပြုချက်ကို ကျွန်တော် ထောက်ခံတယ်... အာကာသယာဉ်က ပုံမှန်အတိုင်း အေးအေးဆေးဆေး ပျံသန်းနေတာပဲ... ဘယ်လို အန္တရာယ် အရင်းအမြစ်မျိုးကိုမှလည်း မထောက်လှမ်းမိပါဘူး... ဒီဖြစ်ရပ်က အလကားသက်သက် အထိတ်တလန့် ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်သလို လူလုပ်တဲ့ ကိစ္စရပ် တစ်ခုလည်း ဖြစ်နိုင်တာပဲ" လီဖုန်းက ထောက်ခံလိုက်သည်။

"ခင်ဗျားတို့ အားလုံးက အန္တရာယ်ကို လျှော့တွက်နေကြတာပဲ... လူသားတွေအတွက် ကမ္ဘာမြေ ပြင်ပက သက်ရှိတွေမှာ အမျိုးအစား နှစ်မျိုးပဲ ရှိတယ်... တစ်မျိုးက ခေတ်နောက်ကျနေတာ ဖြစ်ပြီး နောက်တစ်မျိုးကတော့ ပိုပြီး အဆင့်မြင့်တာပဲ"

"ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်တာက နောက်တစ်မျိုးပဲ ရှိတယ်... သူတို့က ပုံရိပ်ယောင် ကမ္ဘာရဲ့ ဆာဗာကို ကျူးကျော်နိုင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကွမ်တမ် ကွန်ပျူတာတွေကိုလည်း ထိန်းချုပ်နိုင်မှာပဲ"

"ကွမ်တမ်တွက်ချက်မှုကို ထိန်းချုပ်နိုင်တာနဲ့ လူသားအားလုံးကို ထိန်းချုပ်နိုင်ပြီပေါ့... ဒါကြောင့် အာကာသယာဉ်ပေါ်မှာ ရှိတဲ့ ကွမ်တမ် ကွန်ပျူတာ အားလုံးကို ယာယီ ပိတ်ထားဖို့ ကျွန်တော် အကြံပြုချင်တယ်" အဖွဲ့အစည်းပိုင်းဆိုင်ရာ ဝန်ကြီး ယဲ့ယုံလိုင်က ခေါင်းယမ်းရင်း ကန့်ကွက်လိုက်သည်။

"ဒီလိုသာဆိုရင် လူသားတွေရဲ့ လုပ်ငန်းဆောင်တာ အားလုံး ရပ်ဆိုင်းသွားမှာပေါ့... ပြီးတော့ ဘယ်လောက်ကြာကြာ ပိတ်ထားမှာလဲ... တကယ်လို့ ပြဿနာကို မရှာတွေ့ဘူးဆိုရင် အမြဲတမ်း ပိတ်ထားမှာလား"

"ဒီလို ဆွေးနွေးနေတာက ဘာအဓိပ္ပာယ်မှ ရှိမယ် မထင်ဘူး... ဒါကြောင့် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ သုတေသီတွေကို ခေါ်ယူပြီး တိုးချဲ့အစည်းအဝေး တစ်ခု လုပ်ဖို့ အကြံပြုချင်တယ်... အဲ့ဒီကနေမှ ဖြေရှင်းရမယ့် နည်းလမ်းတွေကို ရှာဖွေကြတာပေါ့"

ထိုကိစ္စနှင့် ပတ်သက်၍ လူတစ်စုက အပြင်းအထန် ငြင်းခုံလာကြတော့သည်။

ပိကျန့်ဖိန်က ထိုစကားများကို ကြားသောအခါ စိတ်ထဲမှ ခါးသက်စွာ ပြုံးလိုက်မိသည်။ မိမိ၏ ဩဇာအာဏာက လုံလောက်မှု မရှိသေးသောကြောင့် လူတိုင်းကို လွှမ်းမိုးနိုင်စွမ်း မရှိသည်မှာ သေချာပေသည်။ ထို့ကြောင့် သူက အစည်းအဝေး တက်ရောက်လာသော ချန်ရှင်းကျယ်ကို ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရသွားကာ မေးလိုက်သည်။

"အရင်ဆုံး တိတ်တိတ်နေကြပါဦး... အတွင်းရေးမှူးချန်... ခင်ဗျားမှာရော ဘယ်လို အကြံဉာဏ်မျိုး ရှိလဲ"

ငြင်းခုံနေကြသော လူများအားလုံးမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားကြသည်။ သူမ၏ အဆင့်အတန်းက အတော်လေး ထူးခြားပြီး တစ်နည်းအားဖြင့် လော်ယွမ်၏ ကိုယ်စားလှယ်နှင့် တူညီနေပေရာ မည်သူကမျှ ပေါ့ပေါ့ဆဆ မဆက်ဆံရဲကြပေ။

"မြို့တော်ဝန် ပိ... ကျွန်မက အစည်းအဝေးကို နားထောင်ဖို့ သက်သက်ပဲ လာတက်တာပါ... ဘာအကြံဉာဏ်မှ ဝင်ပေးမှာ မဟုတ်ပါဘူး" ချန်ရှင်းကျယ်က မျက်နှာသေဖြင့် ပြောလိုက်သည်။

သူမက မိမိ၏ အဆင့်အတန်းကို ကောင်းစွာ သိရှိထားပြီး အမြဲတမ်း ဆင်ဆင်ခြင်ခြင် ပြောဆိုပြုမူတတ်သူ ဖြစ်ရာ အခြားသူများ၏ အသုံးချခံ လုံးဝ အဖြစ်မခံပေ။

ထိုစဉ် အစည်းအဝေးခန်းမ၏ ဖန်သားပြင်က ရုတ်တရက် လင်းလက်လာပြီး လျှပ်စစ်သံများ တဝီဝီ မြည်လာသည်။

"ဘာဖြစ်တာလဲ... ဘယ်သူ စက်ကို ဖွင့်လိုက်တာလဲ" တစ်ယောက်က တီးတိုးရေရွတ်လိုက်သော်လည်း စကားတစ်ဝက်၌ပင် ပြန်မြိုချလိုက်ရသည်။

ဖန်သားပြင်ပေါ်တွင် ဧရာမ လူရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ လူမျက်နှာကြီး တစ်ခုတည်းနှင့်ပင် ဖန်သားပြင် တစ်ခုလုံး ပြည့်နှက်နေပြီး ရုပ်ထွက်မှာလည်း လှိုင်းများကဲ့သို့ တုန်ခါနေကာ နှောင့်ယှက်မှုများ အပြင်းအထန် ရှိနေသည့်အလား ထင်မှတ်ရပေသည်။

နက်ရှိုင်းသော ရေကန်ကြီးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လှသော မျက်လုံးတစ်စုံက လူတိုင်းကို အေးစက်စက် ကြည့်ရှုလိုက်သည်။ သူက သုံးဘက်မြင် ဖန်သားပြင်မှတစ်ဆင့် အားလုံးကို လေ့လာအကဲခတ်နေသည့်အလား ပင်။

ပိကျန့်ဖိန်၏ လက်ထဲမှ ဆေးလိပ်တိုက ရုံးစားပွဲပေါ်သို့ ပြုတ်ကျသွားပြီး ထျန်ကျင်းဖိန်၏ လက်ထဲတွင် လှည့်ကစားနေသော ဘောပင်မှာလည်း ရပ်တန့်သွားခဲ့၏။

အစည်းအဝေးခန်းမကြီးက အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ရိုသေလေးစားစွာဖြင့် မသိစိတ်၏ စေ့ဆော်မှုအရ ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်ကြသည်။

"ဘာကိစ္စမှ မရှိရင် အားလုံး လူစုခွဲလိုက်ကြတော့... ဒီကိစ္စကို ဆက်ပြီး စုံစမ်းစစ်ဆေးနေစရာ မလိုတော့ဘူး" ဖန်သားပြင်ပေါ်ရှိ ဧရာမ လူကြီးက စကားဆိုလိုက်သည်။

သုံးဘက်မြင် ဖန်သားပြင်၏ အသံထွက် အရည်အသွေးက အလွန်ကောင်းမွန်လှရာ ပိတ်လှောင်ထားသော အစည်းအဝေး ခန်းမထဲတွင် မိုးခြိမ်းသံကြီးကဲ့သို့ ဟိန်းထွက်သွားပြီး ပဲ့တင်သံများ ကျန်ရစ်ခဲ့သည်။

နောက်တစ်စက္ကန့်တွင်တော့ ဖန်သားပြင်က တဝီဝီမြည်သွားပြီး အလျင်အမြန် ပိတ်သွားခဲ့လေသည်။

အချိန်အတော်ကြာမှသာ ပိကျန့်ဖိန်က အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုမှတော့... အစည်းအဝေးကို ဒီမှာတင် ရပ်လိုက်ကြတာပေါ့"

ဓာတ်ခွဲခန်းထဲတွင်တော့ လော်ယွမ်၏ မျက်လုံးများက တစ်ဖန် ပြန်လည် အသက်ဝင်လာသည်။ သူက မွေးမြူရေးသေတ္တာထဲရှိ သိုးတစ်ကောင်ကို ငုံ့ကြည့်လိုက်ပြီး လက်လှမ်းကာ ဆွဲထုတ်၍ စမ်းသပ်မှုများကို ဆက်လက် ပြုလုပ်နေတော့သည်။

ဆက်ရန်...

All Chapters