← Chapters

အခန်း (၅၂၇-၅၂၈)

Vol. 27 Ch. 527-528

အခန်း (၅၂၇-၅၂၈)

Vol. 27 Ch. 527-528

အပိုင်း(၅၂၇) သာမန်ဘဝဆီသို့

ရေကန်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ဖြူလွှလွှအဝတ်စတစ်ခုကို ခင်းကျင်းထားပြီး ၎င်းအပေါ်တွင် ချက်ပြုတ်ထားသော အရသာရှိသည့် အစားအစာမျိုးစုံကို တည်ခင်းထားသည်။

ဤနေရာလေးမှာ တောင်တန်းများဝန်းရံလျက်ရှိပြီး ရေကန်မှာလည်း ကြည်လင်နေသည်။ ဆူဖြိုးနေသော ငါးအုပ်ကြီးများက ရေထဲတွင် ကူးခတ်ဆော့ကစားနေကြပြီး ရံဖန်ရံခါတွင် လှိုင်းပုတ်သံလေးများ ထွက်ပေါ်လာတတ်သည်။

စက်မှုဇုန်များနှင့် သုတေသနခန်းများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေသော ကျွန်းပေါ်တွင် ယခုကဲ့သို့ စိမ်းလန်းစိုပြည်သည့် တောင်တန်းများနှင့် ကြည်လင်သော ရေပြင်ကို တွေ့မြင်ရခြင်းမှာ အလွန်ပင် ရှားပါးလှပေသည်။

ပုံမှန်အချိန်များတွင် ဤနေရာသည် ပုံရိပ်ယောင်ကမ္ဘာထဲ၌ လူအစည်ကားဆုံး အပန်းဖြေစရာနေရာတစ်ခု ဖြစ်သည်။ အချိန်မရွေး လူများဖြင့် ပြည့်နှက်နေတတ်သော်လည်း ယခုအချိန်၌ လော်ယွမ်တို့ မိသားစု သုံးယောက်မှလွဲ၍ မည်သူမျှ မရှိချေ။ ခပ်လှမ်းလှမ်းရှိ ကင်းစောင့်နေသော လုံခြုံရေးအချို့ကို ကြည့်ခြင်းအားဖြင့် ဤနေရာကို အထူးလုံခြုံရေး ယူထားကြောင်း သိသာလှသည်။

အသက်တစ်ဆယ့်တစ်နှစ်အရွယ် လော်ကျွမ်းချောင်မှာ လူကြီးပေါက်စလေးတစ်ယောက်နှင့်ပင် တူနေပြီဖြစ်သည်။

သူက ဓားငယ်လေးတစ်ချောင်းကို ကိုင်ကာ ကိတ်မုန့်ကို အတည်ပေါက်ဖြင့် လှီးဖြတ်လိုက်ပြီးနောက် တစ်ဖဲ့ကို လော်ယွမ်ရှေ့သို့ ချပေးလိုက်သည်။

"ဖေဖေ... ဒါက ဖေဖေ့အတွက်ပါ" လော်ယွမ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

လော်ယွမ်က သူ့အပေါ် အလွန်တင်းကျပ်စွာ စည်းကမ်းချထားပြီး မည်သည့်အခါမျှ ပြုံးရယ်နောက်ပြောင်လေ့မရှိပေ။

လော်ကျွမ်းချောင်ကလည်း ဖခင်ဖြစ်သူကို ချစ်ခြင်းထက် ရိုသေကြောက်ရွံ့မှုက ပိုများနေသည့်အတွက် ယခုအခြေအနေကို ထူးဆန်းသည်ဟု မခံစားရပေ။

"မေမေ... ဒါက မေမေ့အတွက်ပါ"

ချန်ရှင်းကျယ်က ရှားရှားပါးပါး ဆုံဆည်းခွင့်ရသည့် မိသားစု သုံးယောက်ကို ကြည့်ရင်း မျက်ကွင်းများ နီရဲလာသည်။

သူမက ကိတ်မုန့်ကို လှမ်းယူလိုက်ပြီးနောက် မျက်နှာကို ကမန်းကတန်း ငုံ့ကာ ဖုံးကွယ်ရင်း တစ်ကိုက် ကိုက်စားလိုက်သည်။ "တကယ် အရသာရှိတာပဲ"

"မေမေ ကြိုက်ရင် အများကြီးစားနော်..." လော်ကျွမ်းချောင်က လိမ္မာရေးခြားရှိစွာဖြင့် ချက်ချင်းပင် ပြောလိုက်သည်။

"ဖေဖေနဲ့ မေမေတို့ရဲ့ မွေးနေ့က ဘယ်တော့လဲ... နောက်တစ်ခါကျရင် သားက မွေးနေ့ပွဲ လုပ်ပေးမယ်လေ"

"သားလေးက ပိုသိတတ်တယ်... တစ်ယောက်သောသူနဲ့တော့ မတူဘူး... မေမေ့မွေးနေ့ကို တစ်ခါမှလည်း မလုပ်ပေးဖူးသလို လက်ဆောင်ဆိုတာလည်း ပေးဖူးတာ မဟုတ်ဘူး" ချန်ရှင်းကျယ်က အခွင့်ကောင်းယူ၍ စကားနာထိုးလိုက်သည်။

လော်ယွမ်က ခပ်ဖွဖွ ပြုံးလိုက်သည် "မင်းက ဂရုမစိုက်ဘူး ထင်နေတာ... နောက်ကျရင် ရှောင်ချောင်ကို ပေးခဲ့တဲ့ ကျောက်မျက်ရတနာလိုမျိုး သိုးပုံစံ ရုပ်တုလေးတစ်ခု ကိုယ်ပေးပါ့မယ်"

ချန်ရှင်းကျယ်က လက်ဆောင်ကို ဂရုမစိုက်ပါဘဲ လော်ယွမ်ကိုသာ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြက်သေသေကာ ကြည့်နေမိသည်။

သူ၏ စွမ်းရည်များ သန္ဓေပြောင်းလဲသွားပြီးကတည်းက သူ၏ မျက်နှာပေါ်တွင် အေးစက်စက် အမူအရာမှလွဲ၍ အခြား မည်သည့်ခံစားချက်ကိုမျှ မတွေ့ခဲ့ရပေ။

သို့သော် ယခုလေးတင် သူမက သူ၏ အပြုံးကို မြင်တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ..." လော်ယွမ်က မေးလိုက်သည်။

"ဘာ... ဘာမှမဖြစ်ပါဘူး..." ချန်ရှင်းကျယ်၏ မျက်ဝန်းများ အနည်းငယ် စိုစွတ်လာပြီးနောက် သူမက ခေါင်းကို အမြန်လွှဲဖယ်လိုက်သည်။

"လေတိုက်တာ နည်းနည်း ကြမ်းလာသလိုပဲ"

သူမက ဟန်လုပ် ဖုံးကွယ်ထားသော်လည်း လော်ယွမ်၏ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် မည်သို့လျှင် မမြင်ဘဲ နေမည်နည်း။

သူက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး ဖွင့်မပြောတော့ချေ။ "လေတိုက်တာ တကယ်ပဲ နည်းနည်း ကြမ်းလာပြီ"

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်ကမ္ဘာထဲရှိ အချက်အလက်တချို့မှာ အသံတိတ် ပြောင်းလဲသွားလေသည်။

ချန်ရှင်းကျယ်မှာ သဘာဝတရားနှင့် ဆန့်ကျင်ကာ လေများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် လော်ယွမ်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

သို့သော် နံနက်ပိုင်းက ကျင်းပခဲ့သည့် အစည်းအဝေးကို သတိရသွားသောအခါ သူမစိတ်ထဲတွင် သဘောပေါက်သွားတော့သည်။

လော်ကျွမ်းချောင်က ဒီကနေ့ သူ၏ဖခင် စိတ်ကြည်နေကြောင်း ခံစားမိသဖြင့် ရဲတင်းစွာ တောင်းဆိုလိုက်သည်။

"ဖေဖေ... သားလည်း အရုပ်လေး လိုချင်တယ်"

"ရတယ်လေ... ဒါပေမဲ့ သိုးရုပ်တော့ မရှိဘူး... ဒီနေ့ သားရဲ့ မွေးနေ့ဆိုတော့ ကြွက်ဖြူလေးတစ်ကောင် လက်ဆောင်ပေးမယ်လေ..." လော်ယွမ်က ဘာမျှ မထူးခြားသကဲ့သို့ ပြောလိုက်သည်။

လော်ကျွမ်းချောင် တစ်ယောက် ဝမ်းသာ၍မျှ မဆုံးသေးခင်မှာပင် လော်ယွမ်က သူ၏ လတ်တလော ပညာရေးအခြေအနေကို မေးမြန်းလိုက်သည်။ ထိုအခါ သူမှာ ချက်ချင်း ညှိုးကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် အမြန်ဖြေကြားရတော့သည်။

သူ၏ ပညာရေးအခြေအနေမှာ ကောင်းမွန်သည်ဟု မဆိုနိုင်သလို ဆိုးရွားလွန်းသည်ဟုလည်း မသတ်မှတ်နိုင်ဘဲ အလယ်အလတ် အဆင့်တွင်သာ ရှိနေသည်။

သူနှင့် ရွယ်တူမျိုးဆက်များမှာ မျိုးဆက်သစ် လူသားများ ဖြစ်ကြသဖြင့် ဉာဏ်ရည်ပိုင်းတွင် ကွာဟမှု သိပ်မရှိလှပေ။

စာမေးပွဲ ရလဒ်များမှာ တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်နေပြီး သူကတော့ ကြိုးစားသူတစ်ယောက် မဟုတ်ကြောင်း သိသာနေသည်။

ညစာစားပြီးနောက် ချန်ရှင်းကျယ်နှင့် လော်ကျွမ်းချောင်တို့က ပုံရိပ်ယောင်ကမ္ဘာထဲမှ ထွက်ခွာကာ ရှောင်ချောင်ကို ကျောင်းသို့ လိုက်ပို့ကြသည်။

ယခုခေတ်ကာလရှိ ကျောင်းသားများအားလုံးမှာ လူမှုဝန်ထမ်းဂေဟာများမှ မွေးဖွားလာကြသူများဖြစ်ပြီး ကျောင်းများမှာလည်း ဘော်ဒါဆောင် စနစ်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဤကိစ္စနှင့်ပတ်သက်၍ ချန်ရှင်းကျယ် ဖြစ်စေ၊ လော်ယွမ် ဖြစ်စေ၊ သူ့ကို အခြားသူများနှင့် ကင်းကွာကာ အထူးအခွင့်အရေး ရနေသူတစ်ယောက် မဖြစ်စေချင်ကြပေ။

နာရီဝက်ခန့် ကြာပြီးနောက် လော်ကျွမ်းချောင်ကို လိုက်ပို့ပြီးသော ချန်ရှင်းကျယ်က ပုံရိပ်ယောင်ကမ္ဘာထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာသည်။

"အတူတူ လမ်းလျှောက်ကြရအောင်လေ..." ချန်ရှင်းကျယ်က လော်ယွမ်၏ လက်မောင်းကို ချိတ်ကာ ပြောလိုက်သည်။

လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ဦး ရေကန်ဘေးတစ်လျှောက် ရှေ့သို့ လျှောက်သွားကြသည်။

ဒီကနေ့တွင် ချန်ရှင်းကျယ်တစ်ယောက် အလွန် တက်ကြွပျော်ရွှင်နေပြီး အမြဲတမ်းလိုလို ရှိနေတတ်သော မှိုင်တွေမှုများလည်း အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြောင်း သူခံစားမိသည်။

"ဒီနေ့ ရှင်နည်းနည်း ထူးခြားနေသလိုပဲနော်..." ချန်ရှင်းကျယ်က ရုတ်တရက် ပြောလိုက်သည်။

လော်ယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

ချန်ရှင်းကျယ် ပြောသည့် ထူးခြားမှုနှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် အကြောင်းရင်းကို ရှင်းလင်းစွာ သိနေသည်။

ဤနေရာတွင် သူချန်ထားခဲ့သော အသိစိတ်မှာ များစွာ မရှိလှပေ။

ထို့အပြင် ဤသာမန်ခန္ဓာကိုယ်၏ လွှမ်းမိုးမှုကြောင့် အသိဉာဏ်ဖြင့် ဖိနှိပ်ထားသော ခံစားချက်များမှာ အတိုင်းအတာတစ်ခုအထိ ပြန်လည်နိုးကြားလာခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ခါတစ်ရံတွင် အမှန်တရားသည် လူကို အနာကျင်ရဆုံး ဖြစ်စေတတ်သည်။

လော်ယွမ်က ပြုံးကာ ပြောလိုက်သည်။ "ဟုတ်လား... ကိုယ် သုတေသနခန်းထဲမှာ နေတာ ကြာသွားလို့ နေမှာပါ"

ချန်ရှင်းကျယ်က လော်ယွမ်၏ လက်မောင်းကို ချိတ်ထားသော လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

လက်လွှတ်လိုက်သည်နှင့် သူ ထွက်သွားတော့မည့်အတိုင်းပင်။ ထို့နောက် သူမက ဂရုတစိုက် မေးလိုက်သည်။ "စမ်းသပ်မှုတွေက တိုးတက်မှု မရှိသေးဘူးလား..."

"တိုးတက်မှု နည်းနည်းတော့ ရှိလာပါတယ်... ဒါပေမဲ့ အောင်မြင်ဖို့က အများကြီး လိုသေးတယ်" လော်ယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူ၏ စမ်းသပ်မှုများမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ သိသာသည့် တိုးတက်မှုမျိုး မရှိခဲ့ပေ။

သိုးတစ်ကောင်မှလွဲ၍ ပိုမိုကြီးမားသော အရာဝတ္ထုများကို စမ်းသပ်ရာတွင် အင်အား မလုံမလောက် ဖြစ်နေသည်။

အခြေခံအားဖြင့် သူ၏ ဦးနှောက် လေးဘက်မြင် အသွင်ပြောင်းလဲမှု အဆင့်မှာ မမြင့်မားသေးခြင်းနှင့် စိတ်စွမ်းအား မခိုင်မာသေးခြင်းတို့ကြောင့် ဖြစ်သည်။

နှစ်ပရိစ္ဆေဒ ကြာရှည်စွာ လေ့ကျင့်ခြင်းဖြင့်သာ ထိန်းချုပ်နိုင်စွမ်းကို ဖြည်းဖြည်းချင်း တိုးမြှင့်နိုင်မည် ဖြစ်ပြီး အခြားနည်းလမ်း မရှိတော့ချေ။

ထိုအချိန်တွင် သူက ရှေ့နားရှိ အပန်းဖြေခုံလေးတစ်ခုကို မြင်လိုက်ရသဖြင့် အကြံပြုလိုက်သည်။ "ဟိုနား သွားထိုင်ရအောင်လေ"

"ဒီနေ့ အစည်းအဝေးမှာ မင်းရဲ့ လုပ်ဆောင်ချက်က မဆိုးပါဘူး..."

ဤနေရာတွင် ရှိနေသည်မှာ သူ၏ အသိစိတ် အနည်းငယ်မျှသာ ဖြစ်သော်လည်း အစည်းအဝေး ကျင်းပချိန်ကတည်းက ပုံရိပ်ယောင်ကမ္ဘာထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

စိတ်ကို နေရာပေါင်းစုံသို့ ခွဲခြားအသုံးပြုနိုင်သကဲ့သို့ မှတ်ဉာဏ်များ ဖြစ်စေ၊ တွေးခေါ်မှုများ ဖြစ်စေ အားလုံးမှာ တူညီနေသည်။

"အော်... ရှင်က ခိုးကြည့်နေတာပေါ့လေ..." ချန်ရှင်းကျယ်က ချွဲနွဲ့ကာ ပြောလိုက်သည်။

နံနက်ပိုင်းက လော်ယွမ် ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားစေသည့် သူ၏ ဩဇာတိက္ကမကို သတိရသွားသောအခါ သူမစိတ်ထဲတွင် ပြင်းထန်သော ဂုဏ်ယူမှုတစ်ခု ပေါ်ပေါက်လာသည်။

ဤသူသည် သူမ၏ အမျိုးသားပင် ဖြစ်သည်။

"အင်း..." လော်ယွမ်က သူစကားမှားသွားကြောင်း သတိထားမိလိုက်သည်။

သို့သော် အာကာသယာဉ်လို သေးငယ်သည့် နေရာလေးတွင် သူ၏ အာရုံခံနိုင်စွမ်းက အချိန်တိုင်း လွှမ်းခြုံထားသဖြင့် မမြင်ချင်လျှင်တောင်မှ ခက်ခဲလှသည်။

ကံကောင်းသည်မှာ ချန်ရှင်းကျယ်က ဆက်လက် အပြစ်ရှာလိုသည့် ရည်ရွယ်ချက် မရှိပေ။ သူမက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "မနက်က ဒီနေရာမှာ ပေါ်လာတဲ့ မျက်နှာကြီးက တကယ်ပဲ ရှင့်မျက်နှာလား..."

ဤစကားကို သူမ မြိုသိပ်ထားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

လော်ယွမ်က ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ဤကိစ္စကို သွယ်ဝိုက်သော နည်းဖြင့် ဖွင့်ဟပြခဲ့ပြီး ဖြစ်ရာ ဆက်လက် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ချန်ရှင်းကျယ်မှာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီး သူ့ကို အံ့ဩတကြီး ကြည့်နေမိသည်။ သူမ ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း သူ၏ နှုတ်မှ တိုက်ရိုက် အတည်ပြုချက်ကို ကြားလိုက်ရချိန်တွင် ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်သွားသည်။

နံနက်ပိုင်းက တွေ့ခဲ့ရသော အချက်အလက်များအရ ထိုမျက်နှာကြီးမှာ တစ်စက္ကန့်မျှသာ ပေါ်ထွက်လာခဲ့သော်လည်း ထိုတစ်စက္ကန့်အတွင်းမှာပင် ပုံရိပ်ယောင်ကမ္ဘာ တစ်ခုလုံးမှာ ငါးပုံတစ်ပုံခန့် ကျုံ့ဝင်သွားခဲ့သည်။

ထို့အပြင် လျှပ်စစ်ပစ္စည်းများနှင့် လက်နက်စနစ် အားလုံးမှာလည်း ပျက်စီးသွားခြင်း သို့မဟုတ် အလုပ်မလုပ်တော့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အကယ်၍ ပုံရိပ်ယောင်ကမ္ဘာ၏ အချက်အလက် အရန်သိမ်းဆည်းမှုများသာ မရှိပါက လူသားတို့၏ နည်းပညာများမှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် နောက်ကျကျန်ရစ်သွားမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

သူမက ကမန်းကတန်း မေးလိုက်သည်။ "ရှင် ဘယ်လိုလုပ်လိုက်တာလဲ... ဒီပုံရိပ်ယောင်ကမ္ဘာကြီးက စူပါကွမ်တမ် ကွန်ပျူတာ အစုအဖွဲ့နဲ့ တည်ဆောက်ထားတာနော်..."

"မခက်ပါဘူး... ကိုယ် လုပ်ချင်စိတ်ရှိရင် လုပ်လို့ရတယ်လေ"

ချန်ရှင်းကျယ်က ကြွားလုံးထုတ်နေသည်ဟု ပြောချင်သော်လည်း လော်ယွမ်၏ မျက်နှာပေါ်တွင် နောက်ပြောင်နေသည့် အရိပ်အယောင် မရှိသည်ကို တွေ့လိုက်ရသောအခါ ဤသည်မှာ အမှန်တရားဖြစ်ကြောင်း အလိုအလျောက် ယုံကြည်သွားသည်။

သူမက လော်ယွမ့်ကို သိပ်ပြီး နားမလည်ခဲ့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ သူ၏ စွမ်းအားများမှာ သူမ တွေးထင်ထားသည်ထက် များစွာ သာလွန်နေပြီး သူမ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

အပြင်လက်တွေ့ကမ္ဘာတွင် လော်ယွမ်နှင့် တွေ့ဆုံခဲ့ရသည့် မြင်ကွင်းများကို သူမ ပြန်လည်အမှတ်ရသွားသည်။ သူက အမြဲတမ်း မျက်စိမှိတ်ထားပြီး သူမကို ကျောခိုင်းထားတတ်သည်။

မည်သည့်အခါမျှ နှုတ်မှ စကားမပြောဘဲ စိတ်ချင်း ဆက်သွယ်မှုမှတစ်ဆင့်သာ တုံ့ပြန်လေ့ရှိသည်။ တကယ်တော့ ဤသည်မှာ သူမအပေါ် အေးစက်စွာ ဆက်ဆံနေခြင်း မဟုတ်ဘဲ သူမကို ထိခိုက်မိမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သူမ၏ ရင်ထဲတွင် နွေးထွေးမှုလေးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက လော်ယွမ်၏ လက်မောင်းကို ရင်းနှီးစွာ ဖက်တွယ်လိုက်ပြီး နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "မိုးလည်း ချုပ်နေပြီ... ကျွန်မတို့ ပြန်ကြရအောင်... ဒီက ကျွန်မအိမ်ကို ပြန်မယ်လေ"

ညအမှောင်ယံက ရေပြင်လို အေးမြနေပြီး ဒီကနေ့ညတော့ အိပ်စက်ရမည် မဟုတ်တော့ပေ။

ဆက်ရန်...

အပိုင်း(၅၂၈)ယာဉ်ပျံပြင်ပသို့ ထွက်ခွာခြင်း

နောက်တစ်နေ့ နံနက်စောစောတွင် လော်ယွမ်က ပုံရိပ်ယောင်ကမ္ဘာထဲမှ သူ၏အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ပြီးခဲ့သည့်ညက အလွန်သာယာကြည်နူးဖွယ် ကောင်းခဲ့သော်လည်း သူ၏ ပင်မအသိစိတ်ကိုမူ များစွာ လှုပ်ခတ်နိုင်စွမ်း မရှိခဲ့ပေ။

အရာအားလုံးက ဖုန်မှုန့်လေးများ သို့မဟုတ် ရေမြှုပ်လေးများအလား ပြီးဆုံးသွားသည်နှင့် အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့တော့ချေ။

ကံကောင်းထောက်မစွာဖြင့် မနေ့ညက ကတိပေးထားခဲ့သော လက်ဆောင်ကိုမူ သူ မှတ်မိနေဆဲပင် ဖြစ်သည်။

သူ၏စိတ်ထဲတွင် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ပြခန်းထဲရှိ သိုးနှင့်ကြွက် ပုံစံငယ် ရုပ်တုနှစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းခုန်ပျံသွားကာ မူလနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

သူကဲ့သို့သော လေးဘက်မြင်စွမ်းအား တစ်ပိုင်းပိုင်ဆိုင်ထားသည့် သက်ရှိတစ်ခုအတွက် ဤကဲ့သို့ ဟင်းလင်းပြင်ကိုဖြတ်သန်းကာ အရာဝတ္ထုများကို ပို့ဆောင်ခြင်းမှာ အားစိုက်ထုတ်ရန်ပင် မလိုသော ကိစ္စတစ်ခု ဖြစ်သည်။

သူ၏ အာရုံခံနိုင်စွမ်း လွှမ်းခြုံထားနိုင်သည့် နယ်ပယ်ထဲတွင် ရှိနေသရွေ့ မည်သည့်အရာဝတ္ထုကိုမဆို သူ၏ မွေးရာပါ အလိုအလျောက် စွမ်းရည်တစ်ခုလိုပင် နေရာအနှံ့သို့ ပို့ဆောင်နိုင်စွမ်း ရှိသည်။

မလှမ်းမကမ်းရှိ ဟင်းလင်းပြင်မှ သိမ်မွေ့သော လှိုင်းဂယက်လေးများကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲတွင် ရုတ်တရက် အကြံဉာဏ်တစ်ခု ပေါ်လာခဲ့သည်။

ထိုအကြံဉာဏ်၏ မြစ်ဖျားခံရာမှာ ပုံရိပ်ယောင်ကမ္ဘာပင် ဖြစ်သည်။

ပုံရိပ်ယောင်ကမ္ဘာတွင်လည်း ဟင်းလင်းပြင်နှင့် ပတ်သက်သည့် သတ်မှတ်ချက်များ ရှိနေသည်။ အခြေခံ အချက်အလက်များကို အသေးစိတ် နားလည်သဘောပေါက်ထားခြင်းဖြင့် လော်ယွမ်သည် ထိုဟင်းလင်းပြင်ကို အလွယ်တကူ ပိုင်းဖြတ်ခြင်း၊ ဆက်စပ်ခြင်းနှင့် ထပ်တူကျစေခြင်းစသည့် လုပ်ဆောင်ချက် မျိုးစုံကို ပြုလုပ်နိုင်သည်။

သေချာသည်ကတော့ လက်တွေ့ကမ္ဘာနှင့် ယှဉ်လိုက်ပါက ထိုဟင်းလင်းပြင်မှာ အနည်းငယ် အတုအယောင်ဆန်နေပြီး အချက်အလက်များနှင့် ယုတ္တိဗေဒ သဘောတရားများဖြင့်သာ အပြည့်အဝ တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အချို့သော အပိုင်းများတွင်မူ လက်တွေ့အသုံးချ သင်ယူနိုင်သည့် အရာများ ရှိနေသေးသည်။

သူက ရပ်တန့်နေသည့် စမ်းသပ်မှုကို ဘေးချလိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။

သူက လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ လက်ချောင်းများမှ စိတ်စွမ်းအင် အလင်းတန်းများ ဖြာထွက်လာလေသည်။

ထို့နောက် လက်ချောင်းများကို လေဟာနယ်ထဲတွင် ဖွဖွလေး ရွေ့လျားလိုက်ရာ မည်သည့် အားစိုက်ထုတ်မှုမှ မပါဝင်သော်လည်း ရေပြင်ကို လက်ချောင်းဖြင့် ဖြတ်ဆွဲလိုက်သကဲ့သို့ ဟင်းလင်းပြင်၌ လှိုင်းဂယက်လေးများ ထွက်ပေါ်လာခဲ့သည်။

စိတ်စွမ်းအင် အလင်းတန်းများက ပိုမို တောက်ပလာပြီး ပြတ်သားထက်ရှလာသည်နှင့်အမျှ ဟင်းလင်းပြင်ရှိ လှိုင်းဂယက်များမှာလည်း ပိုမို ကြီးမားလာကာ တဖြည်းဖြည်းနှင့် ခြစ်ရာများသဖွယ် အရာများပင် ထင်ကျန်လာလေသည်။

ဟင်းလင်းပြင်နှင့် ပတ်သက်သည့် အချက်အလက် အလုံအလောက်ကို စုဆောင်းရရှိပြီးနောက် သူက အနည်းငယ် ရပ်တန့်လိုက်သည်။

သူ၏ ဦးနှောက်မှာ အလွန်လျင်မြန်စွာ အလုပ်လုပ်နေပြီး သူ၏ လေးဘက်မြင် အမြင်အာရုံမှာ တစ်ရာရာခိုင်နှုန်းအထိ ရောက်ရှိလာသောအခါ ဟင်းလင်းပြင် ဟူသည်မှာ သူ၏ မျက်လုံးထဲတွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့ဘဲ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်လာသည်။

စုဆောင်းရရှိထားသော များပြားလှသည့် အချက်အလက်များကို အလွန်လျင်မြန်သော နှုန်းဖြင့် ခွဲခြမ်းစိတ်ဖြာကာ စုစည်းလိုက်ပြီးနောက် ကောက်ချက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ဦးနှောက်ထဲတွင် အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေ ထောင်ပေါင်းများစွာကို တွက်ချက်နေပြီး စစ်ထုတ်ရွေးချယ်မှုများ ပြုလုပ်ကာ နောက်ဆုံး အနာဂတ်တစ်ခုကို သတ်မှတ်လိုက်သည်။

တစ်စက္ကန့်အကြာတွင် သူက လေဟာနယ်ဆီသို့ ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဓာတ်ခွဲခန်း၏ ကြမ်းပြင်နှင့် နံရံများမှာ လှိုင်းများအလား လိမ်ကောက်ပုံပျက်သွားလေသည်။

ဟင်းလင်းပြင် လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ဆက်လက် ပျံ့နှံ့နေပြီး အဖျက်စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ မည်သည့်အရာကမှ တားဆီးနိုင်စွမ်း မရှိပေ။

မည်မျှပင် မာကျောသော သတ္တုဖြစ်စေကာမူ ဤလှိုင်းဂယက်များ ရှေ့တွင် ဘာမှမဟုတ်သကဲ့သို့ ဖြစ်နေသည်။

အကယ်၍ ထိုလှိုင်းဂယက်များကိုသာ ဆက်လက် ပျံ့နှံ့ခွင့် ပြုလိုက်ပါက ယာဉ်ပျံတစ်စီးလုံး ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်ပြီး စက်များပင် ရပ်တန့်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ယာဉ်ပျံဆိုသည်မှာ အဆင့်မြင့် နည်းပညာများကို စုစည်းတည်ဆောက်ထားသော စနစ်တစ်ခု ဖြစ်ပြီး အစိတ်အပိုင်း အများအပြားမှာ တိကျမှု အလွန် လိုအပ်လှသည်။

အနည်းငယ် အပြောင်းအလဲ ဖြစ်သွားသည်နှင့် ယာဉ်ပျံတစ်စီးလုံး ပြဿနာ တက်သွားနိုင်ပေသည်။

ကံကောင်းထောက်မစွာပင် လော်ယွမ်က ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

ဟင်းလင်းပြင် လှိုင်းဂယက်များကြောင့် ပိုမို ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်မီ သူ၏ စိတ်စွမ်းအင်များကို အပြည့်အဝ ပေါက်ကွဲထုတ်လိုက်သည်။

ထိုအချိန်တွင် သူ၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး ဆံပင်မျှင်တိုင်းမှ အလင်းရောင်များ ထွက်ပေါ်နေကာ ထိုဟင်းလင်းပြင် လှိုင်းဂယက်များကို ချက်ချင်းပင် ဖိနှိပ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် လော်ယွမ်၏ ညာဘက်လက်မှာ မလှုပ်မယှက် ရှိနေပြီး လက်ချောင်းငါးချောင်းက တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။

သူက တစ်ခုခုကို ဆုပ်ကိုင်ထားသလို ထင်ရသော်လည်း ဘာကိုမှ ကိုင်ထားခြင်း မရှိပေ။ လက်ဖဝါးထဲရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါနေပြီး အလွန် အန္တရာယ်ကြီးမားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

သို့သော်လည်း အံ့ဩစရာ ကောင်းသည်မှာ အနီးအနားရှိ ဟင်းလင်းပြင်များမှာမူ မည်သည့် လှိုင်းဂယက်မှ မရှိဘဲ လုံးဝ ထိခိုက်မှု မရှိခြင်းပင် ဖြစ်သည်။

ထိုဟင်းလင်းပြင်မှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။

လော်ယွမ်၏ စိတ်ထဲတွင် ရှင်းလင်းစွာ နားလည်သွားသည်။ သူ၏ လက်ကို လေးဘက်မြင် ဟင်းလင်းပြင်ဆီသို့ အနည်းငယ် ရွှေ့လိုက်ရုံဖြင့် ထိုဟင်းလင်းပြင်၏ လေးဘက်မြင် ကိုဩဒိနိတ်များ ပြောင်းလဲသွားကာ သုံးဘက်မြင် ကမ္ဘာမှ ခွဲထွက်သွားပြီး သီးခြား ဟင်းလင်းပြင် တစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ကုဗပေ သုံးရာကျော်ခန့်သာ ကျယ်ဝန်းသော သီးခြား ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။

သို့သော်လည်း လော်ယွမ်က စိတ်ထဲတွင် တုံ့ဆိုင်းသွားပြီး အတန်ကြာပြီးနောက် လက်ကို ရုပ်သိမ်းကာ လက်လျှော့လိုက်လေသည်။

ဤနေရာက ယာဉ်ပျံပေါ်တွင် ဖြစ်ပြီး လူသားအားလုံးကို သယ်ဆောင်ထားရသည်။ အကယ်၍ သူ၏ လက်ဖဝါးထဲရှိ ဟင်းလင်းပြင်ကိုသာ ခွဲထုတ်လိုက်ပါက သုံးဘက်မြင် ဟင်းလင်းပြင်မှာ ကျုံ့ဝင်သွားမည် ဖြစ်ပြီး ယာဉ်ပျံတစ်စီးလုံး အပေါ် ဆက်တိုက် ပျက်စီးမှုများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

လော်ယွမ်၏ စိတ်ထဲတွင် နောင်တရမှု အနည်းငယ် ရှိနေသည်။ ဟင်းလင်းပြင် လှိုင်းဂယက်များကြောင့် အနည်းငယ် ပုံပျက်သွားသော ဓာတ်ခွဲခန်းကို ကြည့်ရင်း ဤနေရာ၏ ကျဉ်းကြပ်မှုနှင့် ဖိအားများကို ပိုမို ခံစားလာရသည်။

သူသည် အိုးခွက်ပန်းကန်များ အပြည့်ထည့်ထားသော အခန်းကျဉ်းလေး တစ်ခုထဲတွင် ရောက်နေသကဲ့သို့ ခံစားရပြီး လှုပ်ရှားမှုတိုင်းကို အလွန် သတိထားနေရသည်။

ထို့အပြင် သူ၏ အင်အားအားလုံးကိုလည်း ထိန်းချုပ်ထားရပြီး အနည်းငယ် ပေါ့ဆလိုက်သည်နှင့် အရာအားလုံး ကွဲကြေပျက်စီးသွားနိုင်သည်။

သူက သက်ပြင်းတစ်ချက်ချကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အသက်မပါသကဲ့သို့ ဖြစ်နေပြီး သူ၏ အကြည့်များက ဓာတ်ခွဲခန်း၏ နံရံများနှင့် ယာဉ်ပျံ၏ သံချပ်ကာများကို ဖောက်ထွင်းကာ ပြင်ပရှိ အမှောင်အတိ ကျနေသော အာကာသဆီသို့ ရောက်ရှိနေသည်။

"ကြည့်ရတာ အာကာသထဲသွားပြီး စမ်းသပ်ရမယ်ထင်တယ်" လော်ယွမ်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့သည်။

သူက ချက်ချင်းပင် စိတ်ကူးပြောင်းလိုက်ပြီး ဖြစ်နိုင်ခြေ ရှိမရှိကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

များပြားလှသော အချက်အလက်များက သူ၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ မကြာမီမှာပင် စိတ်စွမ်းအင် ပမာဏနှင့် ကွေးညွှတ်ပျံသန်းမှု အလျင်တို့ကြားရှိ သင်္ချာပုံစံတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ဟင်းလင်းပြင်၏ ခုခံမှု ကိန်းသေကိုလည်း တွက်ချက်နိုင်ခဲ့သည်။

ယခု လက်ရှိ သူ၏ ကွေးညွှတ်ပျံသန်းမှု အလျင်ကို ရရှိသွားသောအခါ သူကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားလေသည်။

"အလင်းအလျင်ရဲ့ ၇.၅ ဆပဲ"

သူက မယုံကြည်နိုင်စွာဖြင့် ထပ်မံ တွက်ချက်ကြည့်သော်လည်း အဖြေကတော့ အတူတူပင် ဖြစ်သည်။ ဤတွက်ချက်မှုမှာ သီအိုရီအရသာ ဖြစ်ပြီး လော်ယွမ်၏ မှတ်ဉာဏ်ထဲရှိ အချက်အလက်များကလည်း လုံးဝ တိကျနေခြင်းတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အများစုသော အချိန်များတွင် ကွေးညွှတ်ပျံသန်းမှု အလျင်ကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် အလင်းအလျင်ထက် ကျော်လွန်သွားပြီးနောက် ကွေးညွှတ်ပျံသန်းမှု အပေါ် သက်ရောက်နိုင်သည့် ထူးခြားသော အကျိုးဆက်များကိုလည်း ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ။

သို့သော်လည်း လက်တွေ့ ကွာဟချက် မည်မျှပင် ကြီးမားနေပါစေ ယာဉ်ပျံ၏ အမြန်နှုန်းထက်မူ သေချာပေါက် ပိုမြန်နေမည် ဖြစ်ပြီး အာကာသထဲသို့ ရောက်သွားလျှင်တောင်မှ ယာဉ်ပျံဆီသို့ ပြန်မလာနိုင်မည်ကို စိုးရိမ်စရာ မလိုပေ။

သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။

သူ၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ရှားသွားပြီး ယာဉ်ပျံထဲမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ သူ၏ ခန္ဓာကိုယ်မှာ အာကာသထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို အားပါးတရ ဆန့်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားရသော ကြောက်မက်ဖွယ် အင်အားများက မီးတောင်ပေါက်ကွဲသကဲ့သို့ နိုးထလာလေသည်။

သူသည် လှောင်ချိုင့်ထဲမှ လွတ်မြောက်လာပြီး လွတ်လပ်ခွင့် ပြန်လည်ရရှိသွားသော ကျားရိုင်းတစ်ကောင်အလား ခံစားရပြီး သူ၏ စိတ်နှလုံးတစ်ခုလုံးမှာ ပျော်ရွှင်ကျေနပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

သို့သော်လည်း ထိုပျော်ရွှင်မှုက ခဏတာမျှသာ ကြာမြင့်ပြီး သူ၏ စိတ်နှလုံးမှာ အမြန်ပင် ပြန်လည် တည်ငြိမ်သွားလေသည်။ သူက ဤနေရာရှိ ပတ်ဝန်းကျင် အခြေအနေကို အာရုံခံကြည့်လိုက်သည်။

ယာဉ်ပျံထဲတွင် ရှိနေစဉ်က မသိသာခဲ့သော်လည်း ယခု ယာဉ်ပျံ အပြင်ဘက်သို့ ရောက်ရှိသွားသောအခါမှသာ ဤကဲ့သို့သော အမြန်နှုန်းဖြင့် ပျံသန်းနေစဉ် ယာဉ်ပျံအပေါ် ကျရောက်နေသည့် ဖိအားကို လော်ယွမ် ခံစားမိသွားလေသည်။

ဤနေရာက အမှောင်နယ်မြေ ဖြစ်နေလျှင်တောင်မှ လုံးဝ လေဟာနယ် အတိတော့ မဟုတ်ပေ။

ဤနေရာတွင် အလွန် နည်းပါးသော ဓာတ်ငွေ့များနှင့် ဖုန်မှုန့်လေးများ ရှိနေဆဲ ဖြစ်သည်။ အမြန်နှုန်း နှေးကွေးချိန်တွင် ထိုအရာများကို လျစ်လျူရှုထား၍ ရနိုင်သော်လည်း အလင်းအလျင်၏ တစ်ဝက်ခန့်အထိ ရောက်ရှိလာချိန်တွင်မူ မည်မျှပင် ပါးလွှာသော အရာများဖြစ်စေကာမူ အလွန် မြန်ဆန်သော အမြန်နှုန်းကြောင့် စုဆောင်းမိလာကာ အလွန် သိပ်သည်းလာလေသည်။

ယခုအချိန်တွင် သူသည် သံမဏိများကြားတွင် တိုးဝှေ့နေရသကဲ့သို့ ခံစားနေရပြီး စက္ကန့်တိုင်းတွင် မရေမတွက်နိုင်သော ဖုန်မှုန့်များနှင့် ဓာတ်ငွေ့များက သူ၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ ဝင်တိုက်နေကြသည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ပြင်းထန်ပြီး သိပ်သည်းသော အလင်းရောင်များ ထွက်ပေါ်နေကာ အပူချိန်များလည်း မြင့်တက်နေလေသည်။

ကံကောင်းထောက်မစွာပင် ထိုသေးငယ်သော အရာဝတ္ထုများ၏ ဝင်တိုက်မှုနှင့် အပူချိန်မြင့်မားမှုမှာ သူ၏ သန်မာလှသော ခန္ဓာကိုယ်အတွက် အနည်းငယ် ယားယံရုံမှလွဲ၍ ကြီးကြီးမားမား ထိခိုက်မှု မရှိလှပေ။ သူက စက္ကန့်တိုင်းတွင် သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နေသော အရွေ့စွမ်းအင်ကိုပင် အလိုအလျောက် တွက်ချက်နေနိုင်သေးသည်။

နောက်ဆုံး ကောက်ချက်ချရလျှင် ယခု သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နေသော အရွေ့စွမ်းအင်မှာ စက္ကန့်တိုင်းတွင် တီအင်တီ ပေါက်ကွဲရေးယမ်း ပေါင်နှစ်သောင်းကျော်ခန့် ပေါက်ကွဲသည့် အင်အားနှင့် ညီမျှနေသည်။ အာကာသထဲသို့ စတင်ရောက်ရှိချိန်၊ တစ်နည်းအားဖြင့် အလင်းအလျင်၏ တစ်ဝက်ရှိချိန်တွင်မူ ယမ်းပေါင်သုံးသောင်းကျော်ခန့် ရှိပေမည်။

ဤသည်မှာ လော်ယွမ်၏ ခန္ဓာကိုယ် မျက်နှာပြင် အကျယ်အဝန်း သေးငယ်၍သာ ဖြစ်သည်။ အကယ်၍ ယာဉ်ပျံ ပျံသန်းနေသော မျက်နှာပြင် အကျယ်အဝန်းကိုသာ တွက်ချက်ကြည့်မည်ဆိုလျှင် ထိုအရွေ့စွမ်းအင်မှာ စက္ကန့်တိုင်းတွင် အဏုမြူဗုံး တစ်လုံး ပေါက်ကွဲသည့် အင်အားထက် မနည်းပေ။

ထိုစွမ်းအင်များကို ယာဉ်ပျံ၏ အရှေ့ဘက် သံချပ်ကာမှ အညီအမျှ ခံနိုင်ရည် ရှိနေရခြင်းမှာ ယာဉ်ပျံ၏ ကြံ့ခိုင်မှုအတွက် ကြီးမားသော စမ်းသပ်မှု တစ်ခုပင် ဖြစ်သည်။

အကယ်၍ သဘာဝနိယာမများကို ကျော်လွန်နိုင်သော ကြံ့ခိုင်မှုရှိသည့် 'အရေးပေါ် သတ္တု' မျိုးကိုသာ ဖန်တီးနိုင်ခြင်း မရှိခဲ့ပါက မည်သည့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းအတွက်မဆို ကြယ်တာရာများကြား ပျံသန်းခရီးနှင်ခြင်း ဆိုသည်မှာ ကျော်ဖြတ်နိုင်ရန် ခက်ခဲလှသော ကွာဟချက်ကြီး တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့ သိပ်သည်းလှသော အရာဝတ္ထုများ၏ ဝင်တိုက်မှုအောက်တွင် လော်ယွမ်၏ အမြန်နှုန်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကျဆင်းသွားလေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်သို့ ဝင်တိုက်နေသော အရာဝတ္ထုများ၏ အားမှာ တဖြည်းဖြည်း အားနည်းလာပြီး အလင်းရောင်များလည်း မှေးမှိန်လာကာ မကြာမီမှာပင် လုံးဝ ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင် သူ၏ အမြန်နှုန်းမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး အလင်းအလျင်၏ တစ်ရာပုံ တစ်ပုံခန့်တွင် ဆက်လက် တည်ရှိနေလေသည်။

အလင်းအလျင်၏ တစ်ဝက်ခန့်မှ အလင်းအလျင်၏ တစ်ရာပုံ တစ်ပုံအထိ ကျဆင်းသွားရန် မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ဤအချိန်တိုလေး အတွင်းမှာပင် ယာဉ်ပျံကြီးမှာ မိုင်သန်းပေါင်းများစွာ အထိ ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လော်ယွမ်၏ လေးဘက်မြင် အမြင်အာရုံဖြင့်ပင် ဖမ်းယူကြည့်ရှုရန် ခက်ခဲလှသည်။

ကံကောင်းသည်မှာ ထိုယာဉ်ပျံပေါ်တွင် သူ၏ စိတ်စွမ်းအင် အမှတ်အသား ရှိနေသေးသည့်အပြင် နှစ်ပေါင်းများစွာ သွန်းလုပ်ခဲ့သော ကျန်းမာတောက်ဓားလည်း ယာဉ်ပျံပေါ်တွင် ရှိနေသေးသောကြောင့် ယာဉ်ပျံ၏ တည်နေရာကို သူ အာရုံခံနိုင်သေးခြင်းပင် ဖြစ်သည်။

ဆက်ရန်...

All Chapters