အခန်း (၅၂၉-၅၃၀)
Vol. 27 Ch. 529-530
အပိုင်း(၅၂၉) အသေးစား စကြဝဠာ
စွမ်းအားများကို ဖွင့်ထုတ်လိုက်သည်နှင့်အမျှ လော်ယွမ်က သူ၏ခန္ဓာကိုယ်ကြီး တစ်ခုလုံး အပြည့်အဝ နိုးကြားလာနေသည်ကို ခံစားလိုက်ရသည်။
မျိုးစေ့လေးများ အညှောက်ပေါက်လာသကဲ့သို့၊ ခပ်သိမ်းသော သက်ရှိများ ရှင်သန်ကြီးထွားလာသကဲ့သို့ သူ၏ စွမ်းအားများက တဖြည်းဖြည်းချင်း နိုးကြွလာခဲ့ပြီ ဖြစ်၏။
အာကာသယာဉ်ပေါ်တွင် ရှိနေစဉ်က သူ၏စွမ်းအားများကို ကိုယ်တိုင် ပြန်လည်ဖိနှိပ် ချုပ်တည်းထားခဲ့ရသည်။ အနည်းငယ်မျှ သုံးစွဲမိလျှင်ပင် မသိစိတ်က အလိုအလျောက် ထိန်းချုပ်ပိတ်ပင်ထားခဲ့သော်လည်း ဤနေရာ၊ ဤကျယ်ပြောလှသော အာကာသဟင်းလင်းပြင်ကြီးထဲတွင်တော့ မည်သည့်အရာကိုမျှ ထိန်းချုပ်ကန့်သတ်နေစရာ မလိုအပ်တော့ချေ။
မသိမသာပင် သူက လေးဘက်မြင်လောကသို့ ကူးပြောင်းသွားချိန်က အခြေအနေမျိုးကို တစ်ဖန် ပြန်လည် ခံစားလိုက်ရပြန်သည်။
သူ၏ခန္ဓာကိုယ်က ဟင်းလင်းပြင်ကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ပင်။ အမှန်တကယ်တော့ သုံးဘက်မြင်ကမ္ဘာနှင့် လေးဘက်မြင်ကမ္ဘာကြားတွင် ထင်ရှားသော နယ်နိမိတ်စည်းဟူ၍ မရှိပေ။ နှစ်ခုစလုံးက တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောယှက်နေကြသည်။
လေးဘက်မြင်ကမ္ဘာကို အဓိက အစုအဝေးကြီးတစ်ခုအဖြစ် သတ်မှတ်လိုက်လျှင် သုံးဘက်မြင်ကမ္ဘာက ထိုလေးဘက်မြင်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။
သေးငယ်သိမ်မွေ့သော အမှောင်စွမ်းအင် အမျှင်တန်းလေးများက ဗလာနယ်ထဲမှနေ၍ လော်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်လာခဲ့သည်။
တဖြည်းဖြည်းနှင့် အရာခပ်သိမ်းကို သိမြင်စွမ်းဆောင်နိုင်သည့် ခံစားချက်မျိုးက လော်ယွမ်၏ စိတ်အစဉ်၌ တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့၏။
ယခုအချိန်တွင် သူ၏စွမ်းအားများက အကန့်အသတ်မရှိ တိုးပွားလာနေသည်ဟု ဝေဝေဝါးဝါး ခံစားနေရသည်။
သူ၏ အာရုံခံနိုင်စွမ်းကလည်း အစွမ်းကုန် ကျယ်ပြန့်သွားပြီး မိုင်ပေါင်း သန်းထောင်ချီသည်အထိ ဖြန့်ကြက်သွားကာ အဝေးသို့ ရောက်ရှိနေပြီဖြစ်သော အာကာသယာဉ်ကြီးပင်လျှင် သူ၏ 'အာရုံ' ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့လေပြီ။
သူ၏ ခန္ဓာကိုယ်မှ ထူးခြားဆန်းကြယ်သော အရောင်ငါးမျိုးရှိသည့် အလင်းတန်းများ ဖြာထွက်နေပြီး အမှောင်ကျနေသော အာကာသပြင်ကြီးကို လင်းထိန်သွားစေသည်။
ထိုမြင်ကွင်းက သူ့အား နတ်ဘုရားတစ်ပါး ကိုယ်ထင်ပြနေသကဲ့သို့ ထင်မှတ်ရစေ၏။ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လျားလိုက်သည်နှင့် ဟင်းလင်းပြင်ကလည်း ရေလှိုင်းလေးများကဲ့သို့ ညင်သာစွာ တုန်ခါသွားပြီး မူလက ဗလာဖြစ်နေသော ဟင်းလင်းပြင်ကြီးက ယခုအခိုက်အတန့်တွင် ဒြပ်ရှိသောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသယောင်ပင်။
သူက လက်ကို ဆန့်ထုတ်လိုက်သည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပုံပန်းသဏ္ဍာန်များ စတင် ပုံပျက်ရှုံ့တွလာခဲ့သည်။
အသွင်သဏ္ဍာန်မရှိသော ဧရာမလက်ကြီးတစ်ခုက ဆုပ်နယ်နေသကဲ့သို့ပင် ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါနေသော်လည်း သူ့အတွက်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။
ဟင်းလင်းပြင် တုန်ခါမှု (ဆွဲငင်အားလှိုင်း ဟုလည်း ခေါ်သည်) များသည် သူ၏ခန္ဓာကိုယ်အနီးသို့ ရောက်ရှိလာသည်နှင့် အလိုအလျောက် ငြိမ်သက်သွားကြသည်။
နောက်တစ်စက္ကန့်တွင်တော့ လော်ယွမ်က သူ၏လက်ကို အားပြု၍ ဆွဲတင်လိုက်ရာ ထိုပုံပျက်နေသော ဟင်းလင်းပြင်အပိုင်းအစလေးသည် ဤသုံးဘက်မြင် စကြဝဠာကြီးထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်မှာပင် ဟင်းလင်းပြင်က ကျုံ့ဝင်သွားခဲ့၏။
ဤကျုံ့ဝင်သွားသည့် အမြန်နှုန်းက အလင်းအလျင်ထက် များစွာ သာလွန်နေပြီး လော်ယွမ်ကိုယ်တိုင်ပင် အမိအရ မဖမ်းဆုပ်နိုင်ခဲ့ပေ။
မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် သူ၏ တည်နေရာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး အချိန်တစ်ခု လစ်ဟာသွားသကဲ့သို့ပင် ထင်မှတ်ရသည်။
သို့သော် လော်ယွမ်က ထိုအရာကို အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ချေ။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ လေးဘက်မြင် အမြင်အာရုံဖြင့် သူ ဆွဲထုတ်လိုက်သော ဟင်းလင်းပြင်အပိုင်းအစလေး၏ တည်နေရာကို ရှာဖွေလိုက်သည်။
လော်ယွမ်၏ အမြင်တွင် ထိုဟင်းလင်းပြင် အပိုင်းအစလေးက လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သူ၏ အရှေ့ဘက်တွင် ရှိနေဆဲဖြစ်သည်။
၎င်းသည် အတိုင်းအတာ အနည်းငယ်သာ မြင့်တက်သွားခြင်းဖြစ်ပြီး သုံးဘက်မြင် စကြဝဠာထဲမှ အပြည့်အဝ ကင်းကွာသွားခြင်းပင် မရှိသေးချေ။
သို့သော် သာမန်လူများကတော့ ၎င်းကို မြင်တွေ့နိုင်မည် မဟုတ်သလို ထိတွေ့နိုင်မည်လည်း မဟုတ်ပေ။ သာမန် နည်းပညာများဖြင့်လည်း ရှာဖွေထောက်လှမ်းနိုင်မည် မဟုတ်ချေ။
သူက လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ သူ၏လက်မောင်းမှာ လျင်မြန်စွာပင် ပေါ်တေတေ ပျောက်တေတေ ဖြစ်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားလေ၏။
အချိန်အနည်းငယ် အကြာတွင်တော့ လော်ယွမ်၏ ခန္ဓာကိုယ်ကြီးပါ ပျောက်ကွယ်သွားပြီး သူ ဖဲ့ထုတ်ထားသော ဟင်းလင်းပြင် အပိုင်းအစလေးထဲသို့ ဝင်ရောက်သွားလေတော့သည်။
ဤဟင်းလင်းပြင်လေးသည် အချင်းဝက် မိုင်ဝက်ခန့်ရှိပြီး လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရောင်ငါးမျိုးရှိ အလင်းတန်းများက ဤသေးငယ်သော ဟင်းလင်းပြင်လေးကို လင်းထိန်သွားစေ၏။
လော်ယွမ်၏ မျက်လုံးများတွင် ဆန်းသစ်သော အလင်းရောင်များ တောက်ပနေပြီး ပတ်ဝန်းကျင်ကို သိချင်စိတ် ပြင်းပြစွာဖြင့် အကဲခတ် ကြည့်ရှုလိုက်သည်။
၎င်းသည် သုံးဘက်မြင် ဟင်းလင်းပြင် မဟုတ်ဘဲ သီးခြားလွတ်လပ်စွာ တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းကို ဟင်းလင်းပြင် အပိုင်းအစလေးတစ်ခုဟု ဆိုခြင်းထက် အသေးစား စကြဝဠာလေး တစ်ခုဟု ခေါ်ဆိုခြင်းက ပို၍ မှန်ကန်ပေလိမ့်မည်။
၎င်းသည် စံနှုန်းမီပြီး ပြီးပြည့်စုံသော လေးဘက်မြင် ကိုယ်ထည်တစ်ခု ဖြစ်သည်။ အမှန်တကယ်တော့ လော်ယွမ်ကိုယ်တိုင်ပင် လေးဘက်မြင် တည်ဆောက်ပုံကို ရှုထောင့်ပေါင်းစုံမှ ပထမဆုံးအကြိမ် လေ့လာကြည့်ရှုဖူးခြင်း ဖြစ်ပေသည်။
"သူ့ရဲ့ အရွယ်အစားက အချင်းဝက် ၃,၆၀၀ ပေခန့်ရှိတဲ့ စက်လုံးပုံသဏ္ဍာန်ပဲ"
"အကန့်အသတ်တော့ ရှိပေမဲ့ နယ်နိမိတ် အဆုံးအစတော့ မရှိဘူး"
လော်ယွမ်က အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ကျောပြင်ကို အံ့သြဖွယ်ကောင်းလောက်အောင် မြင်တွေ့နေရသည်။ အလင်းတန်းများက အရှေ့ဘက်တွင် ကွေးညွတ်သွားပြီး သူ၏ ကျောဘက်သို့ တိုက်ရိုက် ကျရောက်သွားသကဲ့သို့ပင်။
ထိုနည်းတူစွာပင် သူသာ အရှေ့ဘက်သို့ ဆက်တိုက် ပျံသန်းသွားမည် ဆိုပါက စက်လုံးပေါ်ရှိ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ မည်သည့်အခါမျှ အဆုံးသတ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
၎င်းတွင် အမှန်တကယ် သတ်မှတ်ထားသော နယ်နိမိတ်ဟူ၍ မရှိသလို မည်သည့် နေရာကိုမဆို နယ်နိမိတ်အဖြစ် သတ်မှတ်၍လည်း ရနေပြန်သည်။
သုံးဘက်မြင် ဟင်းလင်းပြင်၏ အယူအဆများက ဤနေရာတွင် လုံးဝ ပြောင်းပြန် ဖြစ်နေလေတော့သည်။
သေချာသည်မှာ ဤသည်က သုံးဘက်မြင် ရှုထောင့်မှ ကြည့်လျှင်သာ ဖြစ်သည်။ သို့သော် လေးဘက်မြင် အမြင်အာရုံဖြင့် ကြည့်မည်ဆိုပါက ဤသည်မှာ ရိုးရှင်းသော ဟင်းလင်းပြင် ကွေးညွတ်မှုတစ်ခုသာ ဖြစ်ပြီး ဟင်းလင်းပြင်က ပြီးပြည့်စုံသော သံသရာလည်မှုတစ်ခုအဖြစ် ကွေးညွတ်သွားခြင်းပင် ဖြစ်သည်။
၎င်းက ကလိုင်းပုလင်း (Klein bottle) တစ်ခုနှင့် တူညီနေသည်။ (အစစ်အမှန် ကလိုင်းပုလင်းများသည် လက်တွေ့ကမ္ဘာတွင် မတည်ရှိနိုင်ဘဲ ၎င်းတို့၏ အစိတ်အပိုင်းတစ်ခုမှာ လေးဘက်မြင် ဟင်းလင်းပြင်ထဲတွင် တည်ရှိနေသည်)။
ဤအသေးစား စကြဝဠာလေးသည် သုံးဘက်မြင် သက်ရှိများအတွက်မူ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သော အကျဉ်းထောင်တစ်ခုပင် ဖြစ်သည်။
ကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားများ ပိုင်ဆိုင်ထားလျှင်တောင်မှ လေးဘက်မြင် ဟင်းလင်းပြင်ထဲသို့ ဖြတ်သန်းသွားလာနိုင်စွမ်း မရှိသရွေ့ ဤနေရာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သူ့အတွက်ပင်လျှင် ဤအသေးစား စကြဝဠာနှင့် လက်တွေ့ကမ္ဘာကြားရှိ အတိုင်းအတာ ကွာဟချက်က များစွာ မကြီးမားနေ၍သာ၊ သို့မဟုတ်ပါက အလွယ်တကူ ဝင်ထွက်သွားလာနိုင်မည် မဟုတ်ပေ။
ယခုလက်ရှိ လော်ယွမ်က လေးဘက်မြင်ကမ္ဘာကို မော့ကြည့်နေရသော ပုရွက်ဆိတ်လေး တစ်ကောင်နှင့် တူညီနေသည်။ သေချာသည်မှာ အတိုင်းအတာများကို အနည်းငယ်တော့ ခုန်ကူးနိုင်စွမ်း ရှိသော်လည်း အလွန်မြင့်မားသော အဆင့်များအထိတော့ သူ မစွမ်းဆောင်နိုင်သေးချေ။
ထိုအချိန်တွင် ဤဟင်းလင်းပြင်လေးအတွင်းရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
အစပိုင်းတွင် ဤအသေးစား စကြဝဠာလေး၏ အပူချိန်က အာကာသပြင်ကြီးကဲ့သို့ပင် ပကတိသုညဒီဂရီအနီးတွင် ရှိနေခဲ့သော်လည်း စက္ကန့်ဆယ်ဂဏန်းခန့် ကြာပြီးနောက်တွင်တော့ အပူချိန်က ပုံမှန်အခြေအနေနီးပါးအထိ ရောက်ရှိလာခဲ့သည်။
ဤအသေးစား စကြဝဠာလေးသည် လုံးဝ ပိတ်လှောင်ထားပြီး မည်သည့် စွမ်းအင်ကူးပြောင်းမှုမျှ မရှိခြင်းကို ထည့်သွင်းစဉ်းစားကြည့်လျှင် ဤအပူချိန်များ အားလုံး၏ အရင်းအမြစ်မှာ လော်ယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များကြောင့်ပင် ဖြစ်ကြောင်း ထင်ရှားလှသည်။
လော်ယွမ်က ပို၍ပူပြင်းလာသော ပတ်ဝန်းကျင်ကို ခံစားမိလိုက်ရာ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး တစ်စက္ကန့်လျှင် သူ ထုတ်လွှတ်နေသော စွမ်းအင်ပမာဏကို ချက်ချင်းပင် တွက်ချက်ကြည့်လိုက်သည်။ သူ၏ တစ်စက္ကန့်စာ ထုတ်လွှတ်နေသော အပူစွမ်းအင်မှာ လျှပ်စစ်စွမ်းအင် ယူနစ်သောင်းချီနှင့် ညီမျှနေကြောင်း တွေ့ရှိလိုက်ရ၏။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်နေသော စွမ်းအင်များသာ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူ၏ အမှန်တကယ် စွမ်းအင်များက ဤထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ပင် ပိုမိုများပြားနေပေလိမ့်မည်။
သူက ယခုအချိန်အထိ အလင်းရောင်များ ထွက်ပေါ်နေဆဲဖြစ်သော သူ၏ခန္ဓာကိုယ်ကို တစ်ချက် ကြည့်လိုက်ရာ ဤစွမ်းအားကြီးမားမှု အခြေအနေနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော ခံစားချက်များကို ရရှိသွားလေသည်။
ဤလေးဘက်မြင်တစ်ဝက် စူပါလူသား အခြေအနေက သူ့အား သာမန်ယုတ္တိဗေဒများကို ကျော်လွန်ကာ အလွန်အမင်း အစွမ်းထက်လာစေခဲ့သည်။
...
လော်ယွမ်က ကြာကြာမနေတော့ဘဲ ဤအသေးစား စကြဝဠာလေးထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး အာကာသထဲတွင် တစ်ဖန် ပြန်လည်ပေါ်လာခဲ့သည်။
သူက အာကာသယာဉ်ကြီးနောက်သို့ ချက်ချင်း လိုက်မသွားသေးဘဲ သူ၏ လေးဘက်မြင် အမြင်အာရုံဖြင့် ဤအသေးစား စကြဝဠာလေးကို ဆက်လက် ကြည့်ရှုနေလိုက်သည်။
သူ၏ မျက်လုံးများက တောက်ပနေပြီး ဤကဲ့သို့သော အရာမျိုးကို လွတ်ပေးလိုက်ရန် သူ လုံးဝ ရည်ရွယ်မထားပေ။
သုတေသန ဓာတ်ခွဲခန်းတစ်ခုအနေဖြင့် အသုံးပြုရန်ဖြစ်စေ၊ လျှို့ဝှက် ကိုယ်ပိုင် နေရာလေးတစ်ခုအဖြစ် အသုံးပြုရန်ဖြစ်စေ ဤနေရာလေးထက် ပို၍ သင့်တော်မည့်အရာ ရှိမည်မဟုတ်ချေ။
ဤဟင်းလင်းပြင်လေးကိုသာ ထိန်းချုပ်နိုင်လိုက်ပါက အာကာသယာဉ်ထဲတွင် ရှိနေစဉ် မည်မျှပင် အသံကျယ်လောင်သည့် အရာမျိုးကို လုပ်ဆောင်သည်ဖြစ်စေ အာကာသယာဉ်အပေါ် မည်သည့် ထိခိုက်မှုမျှ ရှိလာမည် မဟုတ်ပေ။
သို့သော် ဤအသေးစား စကြဝဠာလေးကို ခွဲထုတ်လိုက်ခြင်းက ကိစ္စတစ်ရပ်ဖြစ်ပြီး ၎င်းကို မည်သို့ ယူဆောင်သွားရမည် ဆိုသည်ကတော့ အခြားကိစ္စတစ်ရပ် ဖြစ်နေပြန်သည်။
ဤအသေးစား စကြဝဠာလေးသည် တည်ငြိမ်မှုမရှိဘဲ ဖြည်းညင်းစွာဖြင့် အဆက်မပြတ် ရွှေ့လျားနေလေရာ စိတ်စွမ်းအားဖြင့် အချိန်တိုင်း ထိန်းချုပ်ဆွဲငင်မထားနိုင်ပါက လုံးဝ ယူဆောင်သွားနိုင်မည် မဟုတ်ချေ။
သို့ရာတွင် ဤအသေးစား စကြဝဠာလေး၌ အသွင်သဏ္ဍာန် မရှိသလို ဒြပ်ထုလည်း မရှိသလောက် နည်းပါးလှသော်လည်း ဆွဲငင်ရွှေ့လျားနိုင်ရန်အတွက်မူ ဟင်းလင်းပြင်များကြားရှိ ဖိအားနှင့် ပွတ်တိုက်မှုများကို တွန်းကန်ရမည် ဖြစ်သည်။
ထို့အတွက် လိုအပ်မည့် စိတ်စွမ်းအား အသုံးပြုမှု ပမာဏမှာ ဟင်းလင်းပြင် ခေါက်ချိုး ပျံသန်းရခြင်းထက် လျော့နည်းမည် မဟုတ်ပေ။
အချိန်တိုအတွင်းနှင့် အရှိန်နှေးနှေးဆိုလျှင် ဖြစ်နိုင်သေးသော်လည်း အလင်းအလျင်တစ်ဝက်ခန့်ဖြင့် အာကာသထဲတွင် ပျံသန်းသွားလာရန်အတွက်မူ သူ၏ လက်ရှိ စွမ်းအားများဖြင့်ပင်လျှင် များစွာ လိုအပ်နေသေးသည်။
ထို့အပြင် ဤကဲ့သို့ လုပ်ဆောင်ခြင်းက လုံးဝ အဓိပ္ပာယ်မဲ့လွန်းလှသည်။
အကယ်၍ အသေးစား စကြဝဠာလေးထဲသို့ ဝင်ရောက်သွားချိန်တွင် စိတ်စွမ်းအားဖြင့် ဆွဲငင်ထားနိုင်ခြင်း မရှိပါက အသေးစား စကြဝဠာလေး၏ တည်နေရာသည် အာကာသယာဉ်နှင့် ကင်းကွာသွားမည် ဖြစ်ရာ ထိုသို့ဖြစ်မည့်အစား ယခုကဲ့သို့ အာကာသထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်ခြင်းကပင် ပို၍ ကောင်းမွန်ပေလိမ့်မည်။
တစ်ခုတည်းသော နည်းလမ်းမှာ ဤအသေးစား စကြဝဠာလေးကို အရာဝတ္ထုတစ်ခုခုပေါ်တွင် ချိတ်ပိတ်ထားရန်ဖြစ်ပြီး အကောင်းဆုံးမှာ မိမိနှင့်အတူ အလွယ်တကူ သယ်ဆောင်သွားနိုင်ရန်ပင် ဖြစ်သည်။
သာမန် အရာဝတ္ထုများက ဟင်းလင်းပြင်ကို ချိတ်ပိတ်နိုင်စွမ်း မရှိသည်ကို တွေးကြည့်စရာပင် မလိုဘဲ သိနိုင်သည်။ ပထမအချက်အနေဖြင့် ၎င်းသည် ဟင်းလင်းပြင်နှင့် လုံးဝကို ကင်းကွာနေသည့် အရာဖြစ်ရမည်။
သို့မဟုတ်ပါက နေရာတိုင်းတွင် အပေါက်အပြဲများ ဖြစ်နေပြီး ဇကာဖြင့် ရေသယ်သကဲ့သို့ မည်သို့မျှ ချုပ်နှောင်ထားနိုင်မည် မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် ထိုအရာဝတ္ထု၏ ကြံ့ခိုင်မှုကလည်း လုံလောက်စွာ ကြီးမားနေရမည်။ အဘယ်ကြောင့်ဆိုသော် ချိတ်ပိတ်ပြီးနောက် သယ်ဆောင်သွား၍ မရလျှင်ဖြစ်စေ၊ လက်ဝါးအရွယ်အစားခန့်ရှိသော ဟင်းလင်းပြင်လေး တစ်ခုအဖြစ်သာ ချိတ်ပိတ်ထားနိုင်လျှင်ဖြစ်စေ မည်သည့် အဓိပ္ပာယ်မျှ ရှိလာမည်မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် လော်ယွမ်က ယနေ့အချိန်အထိ ဟင်းလင်းပြင်ကို ချုပ်နှောင်နိုင်စွမ်းနှင့် သက်ရောက်မှု ပေးနိုင်စွမ်းရှိသော မည်သည့် အရာဝတ္ထုကိုမျှ ရှာဖွေတွေ့ရှိထားခြင်း မရှိသေးပေ။
အဆင့်မြင့် သတ္တုစပ်များ၏ ကြံ့ခိုင်မှုက လုံလောက်သည်ဆိုသော်လည်း ဟင်းလင်းပြင်အတွက်မူ တစ်ဖက်သတ် ဖောက်ထွင်းဝင်ရောက်နိုင်သော အရာများသာ ဖြစ်နေပြန်သည်။
လော်ယွမ်၏ ဦးနှောက်ထဲတွင် သူ မြင်ဖူးသမျှ အရာဝတ္ထုတိုင်းကို အလွန်လျင်မြန်သော အရှိန်ဖြင့် ခွဲခြမ်းစိတ်ဖြာ တွေးတောနေသော်လည်း တစ်ခုပြီးတစ်ခု ပြန်လည် ပယ်ဖျက်ပစ်လိုက်ရသည်။
ရုတ်တရက် သူ၏ မျက်လုံးများက အရောင်လက်သွားလေ၏။
အာကာသ သားရဲကြီးရဲ့ အရေပြားပဲ...
ပြောရမည်ဆိုလျှင် ကံကောင်းသည်ဟုပင် ဆိုရမည်။ သူ လက်ရှိ ဝတ်ဆင်ထားသော အပေါ်ဝတ်စုံမှာ ထိုအရေပြားဖြင့် ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
သူက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ အဝတ်အစားများကို ချွတ်ချလိုက်ရာ ကြံ့ခိုင်သန်စွမ်းသော ကြွက်သားများ ပေါ်လွင်လာခဲ့သည်။
ဤဝတ်စုံသည် အထူ ၅ လက်မခန့်ရှိပြီး အလေးချိန်မှာ ပေါင် ၂,၂၀၀ ခန့် ရှိလေသည်။ ၎င်း၏ မာကျောမှုက သိပ်သည်းဆနည်းပါးသော အဆင့်မြင့် သတ္တုစပ်များနှင့်ပင် နှိုင်းယှဉ်နိုင်လေရာ ဤကဲ့သို့သော ဝတ်စုံမျိုးကို သူ၏ မယုံနိုင်လောက်အောင် ခွန်အားကြီးမားလှသည့် ကိုယ်ခန္ဓာကြီးဖြင့်သာ ဝတ်ဆင်နိုင်ပေလိမ့်မည်။
ထို့အပြင် သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်ထားချိန်၌ လှုပ်ရှားမှုများကို အနည်းငယ်မျှပင် အဟန့်အတား မဖြစ်စေဘဲ သာမန် အဝတ်အစားများ ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်သည်။
သူက ဝတ်စုံကို ချွတ်လိုက်ပြီးနောက် စိတ်စွမ်းအားဖြင့် သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ဤပစ္စည်း၏ ဟင်းလင်းပြင် ကျောက်ဆူးချနိုင်စွမ်းက ယခင်ကဆိုလျှင် အလွန်အမင်း ဆန်းကြယ်သည်ဟု သတ်မှတ်ရမည် ဖြစ်သော်လည်း ယခုအချိန်တွင်တော့ လော်ယွမ်က ထိုအရာ၏ ပိုမိုနက်ရှိုင်းသော လျှို့ဝှက်ချက်များနှင့် အခြေခံသဘောတရားများကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤဟင်းလင်းပြင် ကျောက်ဆူးချနိုင်စွမ်းက အမှန်တကယ်တော့ မည်သို့မျှ ထူးဆန်းနေခြင်း မရှိပေ။ ၎င်း၏ အခြေခံသဘောတရားမှာ ဟင်းလင်းပြင်များကြားရှိ တွယ်ကပ်နိုင်စွမ်း တစ်မျိုးသာ ဖြစ်သည်။
(ဟင်းလင်းပြင် ကျောက်ဆူးချတယ်ဆိုတာက ရေထဲမှာသင်္ဘောတွေရပ်နားချင်ရင် ကျောက်ဆူးချသလိုမျိုးပဲ အာကာသထဲမှာ လွင့်ထွက်မသွားပဲ တည်မြဲနေချင်ရင် ကျောက်ဆူးချတာကိုပြောတာပါ)
ဤပစ္စည်းက ဟင်းလင်းပြင်ထဲတွင် ပျော်ဝင်သွားနိုင်စွမ်း မရှိသလို ဟင်းလင်းပြင်အတွက် ဤအရာဝတ္ထုက လုံးဝ ပိတ်လှောင်ထားသည့် သဘောမျိုး ဖြစ်နေသောကြောင့် အချင်းချင်းကြားတွင် တွယ်ကပ်နိုင်စွမ်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
၎င်း၏ ဖွဲ့စည်းပုံက အလွန် ရှုပ်ထွေးလှပြီး သာမန် သက်ရှိများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံများနှင့် လုံးဝ ကွဲပြားခြားနားလှသည်။ ၎င်းတွင် ပုံမှန် ဆဲလ်များ မရှိသလို ပရိုတင်းနှင့် အဆီဓာတ်များပင် မပါဝင်ပေ။
အတွင်းပိုင်းရှိ သေးငယ်သော သွေးကြောများနှင့် အာရုံကြောများကဲ့သို့သော အရာများကိုသာ မတွေ့ရပါက ၎င်းကို သက်ရှိတစ်ကောင်၏ အရေပြားဟု ယုံကြည်နိုင်ရန်ပင် အလွန် ခက်ခဲလှပေသည်။
သို့သော် ဤထူးဆန်းမှုများက ၎င်း၏ အလွန်သေးငယ်သော တည်ဆောက်ပုံများနှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက လုံးဝ ပြောပလောက်သည့် အရာများ မဟုတ်တော့ချေ။
ဆက်ရန်...
အပိုင်း(၅၃၀) ချိတ်ပိတ်ခြင်း
လော်ယွမ်သည် ဤပစ္စည်းကို ဖွဲ့စည်းထားသော အက်တမ်များသည် ပုံမှန်ထက်လွန်ကဲစွာ ကြီးမားနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
တိတိကျကျ ဆိုရလျှင် ထိုအက်တမ်များသည် သာမန်အက်တမ်များ လုံးဝ မဟုတ်ကြပေ။
၎င်း၏အတွင်းပိုင်းတွင် အက်တမ်ဗဟိုဆံ သုံးခု ပါရှိလေသည်။ ပရိုတွန် အရေအတွက်ကို ကြည့်၍ ၎င်းဗဟိုဆံ သုံးခုမှာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် အက်တမ်ဗဟိုဆံများ ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။ ဤဗဟိုဆံ သုံးခုသည် ကြယ်သုံးပွင့်စနစ်တစ်ခုကဲ့သို့ တစ်ခုနှင့်တစ်ခု လှည့်ပတ်နေကြ၏။
လူတိုင်းသိထားသည့်အတိုင်း ဆန့်ကျင်ဘက်ဒြပ်သားများ မဟုတ်သရွေ့ အက်တမ်ဗဟိုဆံများအားလုံးသည် အပေါင်းဓာတ်ဆောင်ကြပြီး ၎င်းတို့အကြားတွင် ဆွဲငင်အားမရှိဘဲ တွန်းကန်အားသာ ရှိကြသည်။
ပုံမှန်အခြေအနေအောက်တွင် အီလက်ထရွန်အလွှာကို ဖောက်ထွင်းကာ အက်တမ်ဗဟိုဆံများအချင်းချင်း ရစ်ပတ်လှည့်လည်နေစေရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့အပြင် ၎င်းတို့၏ အီလက်ထရွန်အလွှာများသည်လည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြသည်။
သို့သော် ဤအက်တမ်ကတော့ သာမန်သဘာဝနိယာမများကို သိသာထင်ရှားစွာ ချိုးဖောက်ထားလေသည်။
ထို့အပြင် တွန်းကန်အားနှင့် ဆွဲငင်အားတို့ကြောင့် ဤအက်တမ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလှသည်။
၎င်း၏ထုထည်သည် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် အက်တမ်သုံးခုအနက် အကြီးဆုံးဖြစ်သော အောက်ဆီဂျင်အက်တမ်ထက် အဆပေါင်းဆယ်ဂဏန်းခန့် ပိုကြီးပြီး၊ အက်တမ်သုံးခုပေါင်း၏ အရွယ်အစားထက် ဆယ်ဆကျော် ပိုမိုကြီးမားနေသည်။ သာမန်မော်လီကျူးတစ်ခုထက်ပင် ပို၍ကြီးမားနေသေးသည်။
အတွင်းရှိ အက်တမ်ဗဟိုဆံ သုံးခုသည် အလွန်တရာ ရှုပ်ထွေးလှသော တွန်းကန်အားစနစ်နှင့် ယင်းနှင့်ဆက်စပ်နေသော ရွေ့လျားမှုစနစ်တို့ကို ဖွဲ့စည်းထားရာ၊ အက်တမ်အတွင်းရှိ သံလိုက်စက်ကွင်းကို တစ်စက္ကန့်လျှင် အကြိမ်ရေ ဘီလီယံပေါင်းများစွာ ပြောင်းလဲသွားစေသည်။
ဤမျှ လွန်ကဲစွာ ရှုပ်ထွေးလှသော သံလိုက်စက်ကွင်း ပြောင်းလဲမှုများကြောင့် ၎င်း၏အတွင်းပိုင်းတွင် ပိုမိုနက်နဲသော စွမ်းအားတစ်ခု ဖြစ်တည်လာပုံရပြီး၊ ဤပစ္စည်းအား ဟင်းလင်းပြင်ကိုပင် အဆက်အသွယ်ဖြတ်တောက်ကာ ကိုယ်ပိုင်စနစ်တစ်ခုအဖြစ် ရပ်တည်နိုင်စွမ်း ရှိစေသည်။
လော်ယွမ်က အက်တမ်အားလုံးကို တစ်ချက်စကင်ဖတ်ကြည့်လိုက်ရာ၊ ဤဒြပ်စင်ကို ထို "ဒြပ်စင်တစ်ခုတည်းရှိသော အက်တမ်" များဖြင့်သာ အဓိက ယက်လုပ်ထားကြောင်း တွေ့ရှိလိုက်ရသည်။
အဓိကဟု ဆိုရခြင်းမှာ ဤပစ္စည်းတွင် ဇီဝအော်ဂဲနစ်ဒြပ်စင် အနည်းငယ် ပါဝင်နေသေးသောကြောင့် ဖြစ်သည်။ သို့သော် ထိုဇီဝတစ်ရှူးများမှာ ဟင်းလင်းပြင်ကို အဆက်အသွယ်ဖြတ်တောက်နိုင်သော အစွမ်းမျိုး မရှိကြချေ။
သူ အချိန်မဖြုန်းတော့ဘဲ ဟင်းလင်းပြင်ကို ချိတ်ပိတ်ရန် ချက်ချင်း စတင်ကြိုးစားလိုက်သည်။
သူ၏ စိတ်စွမ်းအားများက လျင်မြန်စွာ ပြန့်နှံ့သွားပြီး ဤစကြဝဠာငယ်လေး တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။
ပုံဖော်မရသော ဧရာမစွမ်းအားကြီးတစ်ခု၏ ဖိညှစ်ခံလိုက်ရသည့်အလား စကြဝဠာငယ်လေးသည် လျင်မြန်စွာ ကျုံ့ဝင်လာတော့သည်။
အစပိုင်းတွင် အလွန်မြန်ဆန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျုံ့ဝင်မှုနှုန်းမှာ နှေးကွေးလာသည်။
၎င်းသည် တစ်ပေခန့်အရွယ်အထိ သေးငယ်သွားသောအခါ ဟင်းလင်းပြင်၏ တွန်းကန်အားသည် အံ့မခန်းအဆင့်အထိ ရောက်ရှိသွားလေပြီ။
အမှောင်ဒြပ်သားများ၏ အကူအညီဖြင့် သူ၏စိတ်စွမ်းအားကို မြှင့်တင်ထားသော်လည်း၊ တစ်စက္ကန့်လျှင် လက်မအနည်းငယ်ခန့်သာ ဆက်လက်ကျုံ့ဝင်စေနိုင်တော့သည်။
အချိန် သုံးမိနစ်တိတိ ကြာမြင့်သွားပြီးနောက်တွင်မှ လော်ယွမ်က ရပ်တန့်လိုက်သည်။
ယခုအခါ မူလက အချင်းဝက် မိုင်ဝက်ခန့်ရှိသော ထိုစကြဝဠာငယ်လေးသည် လက်မအနည်းငယ်အရွယ်သာ ရှိတော့ပြီး၊ လုံးဝန်းနေသော ဖန်ဂေါ်လီလုံးလေးတစ်လုံးအလား ဖြစ်နေသည်။
၎င်း၏အစွန်းများတွင် ပြင်းထန်စွာ တုန်ခါနေပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူက ဤအန္တရာယ်များလှသော "ဖန်ဂေါ်လီလုံး" လေးကို ဆွဲယူကာ သူ၏အဝတ်အစားထဲသို့ ချိတ်ပိတ်ထည့်သွင်းရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ ဦးနှောက်ထဲတွင် ကြိုတင်မြင်တွေ့လိုက်ရသော မြင်ကွင်းအရ ထိုသို့လုပ်ဆောင်ခြင်းက အန္တရာယ်ရှိကြောင်း သတိပေးနေသည်။
အာကာသသားရဲကြီး၏ အရေခွံသည် ဤမျှ ပြင်းထန်စွာ ဖိညှစ်ထားသော ဟင်းလင်းပြင်ကို ခံနိုင်ရည်မရှိပေ။
အကယ်၍ အတင်းအဓမ္မ ချိတ်ပိတ်ထည့်သွင်းလိုက်ပါက တစ်ခုတည်းသော ရလဒ်မှာ ဗုံးတစ်လုံးကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားခြင်းပင် ဖြစ်လိမ့်မည်။
ထို့အပြင် ၎င်းသည် သာမန်ဗုံးတစ်လုံး လုံးဝမဟုတ်ဘဲ ဟင်းလင်းပြင်ဗုံးတစ်လုံး ဖြစ်ပေသည်။ စကြဝဠာငယ်လေး တစ်ခုလုံးသည် မဟာပေါက်ကွဲမှုကြီးအလား လျင်မြန်စွာ ပြန့်ကားထွက်လာမည်ဖြစ်ပြီး၊ ထိုမှဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ် ပြန့်ကားမှုစွမ်းအားသည် လော်ယွမ်ရှိနေသော ဟင်းလင်းပြင်နေရာကိုပင် ပြင်းထန်စွာ ထိခိုက်စေနိုင်ပေသည်။
လော်ယွမ်က သူ၏စွမ်းအားများကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ရာ၊ စကြဝဠာငယ်လေးသည် ၎င်း၏မူလအရွယ်အစားအတိုင်း ပြန်လည်ကြီးမားလာလေသည်။
သူက မျက်မှောင်အနည်းငယ် ကုတ်လိုက်သည်။ စက္ကန့်တစ်သောင်းပုံ တစ်ပုံအတွင်း။
သူက အမှောင်ကျနေသော ဤအာကာသဟင်းလင်းပြင်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ သာမန်ပစ္စည်းများက ခံနိုင်ရည်မရှိဘူးဆိုလျှင်၊ အထွတ်အထိပ်အဆင့် ဒြပ်စင်များကရော ဘယ်လိုနေမလဲ။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ၏သနားစရာ အဝတ်အစားကို အသုံးပြု၍ စမ်းသပ်ရန် မရည်ရွယ်တော့ချေ။ ထို့ကြောင့် အာကာသထဲသို့သာ ချိန်ရွယ်လိုက်သည်။
နောက်တစ်ခဏတွင် သူ၏ ကြီးမားလှသော စိတ်စွမ်းအားများသည် အမှောင်စွမ်းအင်များ၏ အကူအညီဖြင့် မိုင်ပေါင်း သန်းရာချီ ကျယ်ဝန်းသော ဧရိယာအတွင်းသို့ လျင်မြန်စွာ ပြန့်နှံ့သွားလေ၏။
ဤအာကာသအတွင်းရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော မရေမတွက်နိုင်သည့် ဖုန်မှုန့်များနှင့် ပမာဏမရှိသလောက် နည်းပါးလှသော ဓာတ်ငွေ့များသည် ပုံဖော်မရသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကြောင့် လော်ယွမ်ရှိရာဆီသို့ တဖြည်းဖြည်း စုဝေးလာကြသည်။
အစပိုင်းတွင် ဤအာကာသနေရာ၌ ထူးခြားမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရဘဲ ဘာမှမဖြစ်ပျက်နေသကဲ့သို့ ရှိနေသော်လည်း၊ စက္ကန့်ဆယ်ဂဏန်းခန့် ကြာပြီးနောက်တွင်တော့ အာကာသဟင်းလင်းပြင်သည် တဖြည်းဖြည်း နောက်ကျိလာတော့သည်။
ပေါ့ပါးနူးညံ့လှသော မြူခိုးမြူငွေ့များစွာသည် ပေါ်ချည်ပျောက်ချည်ဖြစ်နေသော ဇာပုဝါပါးလေးများအလား လွင့်မျောကခုန်နေကြပြီး၊ တစ်စက္ကန့်လျှင် မိုင်ထောင်ချီသော အမြန်နှုန်းဖြင့် ဒီရေလှိုင်းများကဲ့သို့ လော်ယွမ်ရှိရာဆီသို့ စုရုံးရောက်ရှိလာကြသည်။
မိုင်ပေါင်း ခြောက်ထောင်ကျော်ခန့် အကွာအဝေးသို့ စုဝေးလာသောအခါ ဤမြူငွေ့များသည် ကြယ်တာရာတိမ်တိုက်တစ်ခုအလား ဖြစ်ပေါ်နေလေပြီ။
ကြယ်များကြားရှိ အမှောင်နယ်မြေများတွင် ဒြပ်စင်ပါဝင်မှုမှာ အလွန်နည်းပါးလှသော်လည်း၊ ဧရိယာ ကျယ်ဝန်းလာသောအခါ စုစုပေါင်းပမာဏမှာ သိသာထင်ရှားလှပေသည်။
လော်ယွမ်က သူ၏လက်နှစ်ဖက်ကို လေထဲသို့ ဆန့်တန်းလိုက်သည်။ သူ၏မျက်နှာထားမှာ တည်ကြည်ခက်ထန်နေပြီး ခန္ဓာကိုယ်မှလည်း အံ့ဖွယ်အလင်းရောင်များ ဖြာထွက်နေကာ နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရပေသည်။
ထိုဓာတ်ငွေ့ သို့မဟုတ် ဖုန်မှုန့်များသည် မိုင်ခြောက်ဆယ်ခန့် အကွာအဝေးသို့ပင် မရောက်ရှိလာခင်မှာပဲ လွတ်လပ်စွာ သွားလာနေသော အက်တမ်များအဖြစ် စတင်ပြိုကွဲသွားကြသည်။
လုပ်ငန်းစဉ်အတွင်း ကြီးမားသော ဒြပ်ထုရှိသည့် အက်တမ်အချို့မှာ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြပြီး၊ ပေါ့ပါးသော အက်တမ်အချို့ကမူ အချင်းချင်း ပေါင်းစပ်သွားကြသည်။
ထိုအထဲတွင် ဒြပ်ထုပမာဏ အလွန်ကြီးမားလွန်းခြင်း သို့မဟုတ် အလွန်သေးငယ်လွန်းခြင်းတို့ကြောင့် အကြိမ်များစွာ ကွဲထွက်ခြင်း၊ ပေါင်းစပ်ခြင်းတို့ ဖြစ်ပေါ်ကာ လော်ယွမ် လိုအပ်နေသော အက်တမ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဖုန်မှုန့်များနှင့် ဓာတ်ငွေ့တိမ်တိုက်များသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး၊ တစ်ခါတစ်ရံတွင် မီးတောက်မီးပွားများ ပေါက်ကွဲထွက်ပေါ်လာတတ်သည်။ ၎င်းမှာ အက်တမ်များ ကွဲထွက်ခြင်းနှင့် ပေါင်းစပ်ခြင်း တုံ့ပြန်မှုများ အလွန်သိပ်သည်းလွန်းသဖြင့် ထွက်ပေါ်လာသော သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် စွမ်းအင်အလင်းတန်းများပင် ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် ထိုအက်တမ်များအားလုံးသည် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် အက်တမ်သုံးမျိုးအဖြစ် ပြောင်းလဲသွားကြပြီး၊ လော်ယွမ်၏ စိတ်စွမ်းအားထိန်းချုပ်မှုဖြင့် အတင်းအဓမ္မ စတင်ပေါင်းစပ်ခံရလေသည်။
ထိုလုပ်ငန်းစဉ်မှာ သူထင်ထားသည်ထက် ပိုမိုအားစိုက်ထုတ်ရပြီး ပြောင်းလဲမှုများမှာလည်း ပိုမိုရှုပ်ထွေးလှသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ သူ၏ခံနိုင်ရည်စွမ်းအားဘောင်အတွင်းတွင် ရှိနေသေး၏။
တဖြည်းဖြည်းဖြင့် အာကာသထဲတွင် အရာဝတ္ထုတစ်ခုက ဟင်းလင်းပြင်ထဲမှ အလိုအလျောက် စတင်ပေါ်ထွက်လာသည်။ ဘာမှမရှိသော နေရာမှ ရုတ်တရက် ပေါ်လာသည့်အလား ဖြစ်ပြီး၊ ချက်ချင်းဆိုသလိုပင် လျင်မြန်စွာ ကြီးမားလာတော့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင်တော့ အချင်း ပေတစ်ရာ့သုံးဆယ်ကျော်ရှိသော ဧရာမ စက်လုံးကြီးတစ်ခုက လော်ယွမ်၏ရှေ့မှောက်တွင် ပေါ်လာလေသည်။
ဧရာမကြီးဟု ဆိုရသော်လည်း အမှန်တကယ်တွင် လော်ယွမ်၏ အမြင်၌မူ သိပ်ပြီး ကြီးမားလှသည်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ထိုအမြင့်မှာ သူ၏အရပ်အမြင့် နှစ်ဆခန့်သာ ရှိပေသည်။
ထိုစက်လုံးကြီးသည် တစ်ခုလုံး လုံးဝန်းနေပြီး မျက်နှာပြင်မှာလည်း ယှဉ်စရာမရှိအောင် ချောမွေ့နေသည်။ အပြစ်အနာအဆာ တစ်စုံတစ်ရာကိုမျှ မတွေ့ရဘဲ အက်တမ်တိုင်းကို တိကျသေချာစွာ စီစဉ်ချထားပုံရသည်။
ယခုအချိန်တွင် ၎င်းသည် လုံးဝငြိမ်သက်နေသည့် အနေအထား၌ ရှိနေသည်။ ၎င်းသည် အနီးနားရှိ ဟင်းလင်းပြင်များနှင့် တင်းကျပ်စွာ ကပ်တွယ်နေပြီး၊ အနီးအနားရှိ ကြယ်များနှင့် နဂါးငွေ့တန်းဂလက်ဆီတို့၏ ဆွဲငင်အားများပင်လျှင် ၎င်းအပေါ် မည်သို့မျှ အစွမ်းမပြနိုင်ချေ။
၎င်းနှင့် နှိုင်းယှဉ်ပါက လော်ယွမ်၏ ဒြပ်ထုမှာ အလွန်ကြီးမားလွန်းနေသည်။ သူဝတ်ဆင်ထားသော အဝတ်အစားများက သူ့ကို ဤကဲ့သို့ အခြေအနေမျိုး ရောက်ရှိအောင် မစွမ်းဆောင်ပေးနိုင်သေးပေ။ ထို့ကြောင့် သူက အမြန်နှုန်းကို ထိန်းချုပ်ကာ စက်လုံးကြီးနှင့်အတူ ကပ်၍ ရွေ့လျားနေရလေသည်။
လော်ယွမ်အနေဖြင့် ဤမျှ ကြီးမားသော အရာဝတ္ထုကို ယခင်က တစ်ကြိမ်တစ်ခါမျှ မဖိညှစ်ခဲ့ဖူးပေ။
သို့သော် ဤဒြပ်စင်၏ အက်တမ်များမှာ အလွန်ကြီးမားသောကြောင့် အက်တမ်အရေအတွက်ကို တွက်ကြည့်မည်ဆိုလျှင် သိုးတစ်ကောင်၏ အက်တမ်အရေအတွက်ထက် သိပ်ပိုမည်မဟုတ်ချေ။
ထို့အပြင် သက်ရှိများ၏ အက်တမ်အမျိုးအစားများစုံလင်မှု၊ ရှုပ်ထွေးမှုတို့နှင့် နှိုင်းယှဉ်ပါက "ဒြပ်စင်တစ်ခုတည်းရှိသော အက်တမ်" ဖြင့်သာ ဖွဲ့စည်းထားသည့် ဤအရာဝတ္ထုကို ဖိညှစ်ရသည်မှာ ပို၍ပင် လွယ်ကူနေသေးသည်။
သူ၏စိတ်ထဲမှ ရည်ရွယ်ချက်အတိုင်း မူလက အမှောင်ကျနေသော စက်လုံးကြီးကို ရေကဲ့သို့ ကြည်လင်နေသော အလင်းရောင်တစ်လွှာက ချက်ချင်း ဖုံးလွှမ်းသွားသည်။
အမှောင်ထုထဲတွင် လင်းလက်လာပြီး မီးတောက်များ လောင်ကျွမ်းနေသည့်အလား ထင်မှတ်ရ၏။
အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် ဤစက်လုံးကြီးသည် ရုတ်တရက် ကျုံ့ဝင်သွားပြီး တစ်ခုလုံး၏ အချင်းမှာ မျက်စိတစ်မှိတ်အတွင်း ငါးပေခန့်အရွယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ယခုတစ်ကြိမ် ဖိညှစ်မှုအချိုးမှာ အဆတစ်ထောင် မဟုတ်တော့ဘဲ သုံးသောင်းကျော်သွားခဲ့ပြီ ဖြစ်သည်။ လော်ယွမ်၏ ခံစားချက်အရ ထပ်မံဖိညှစ်ရန်ပင် အင်အားပိုနေသေးကြောင်း သိလိုက်ရသည်။
လော်ယွမ်က လက်ကိုဆန့်ကာ ဆုပ်ကိုင်လိုက်ရာ ဤစက်လုံးကြီးသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။
သူ၏ အမြင့် ခြောက်ဆယ့်ကိုးပေရှိသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ဤစက်လုံးကြီးမှာ လက်တစ်ဆုပ်စာ အနေတော်ဖြစ်ပြီး ကိုင်တွယ်ရ အလွန်အဆင်ပြေလှသည်။
ရေခဲကျောက်သလင်းလုံး တစ်လုံးကို ကိုင်ထားရသကဲ့သို့ ခံစားရစေသည်။
တန်ချိန် နှစ်သိန်းကျော်လေးပြီး မည်သည့်အရာကမျှ မဖျက်ဆီးနိုင်သော ကျောက်သလင်းလုံးကြီးတစ်ခု ဖြစ်သည်။
ကျပန်းပစ်ပေါက်လိုက်ရုံဖြင့်ပင် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းသည် အသေးစား နျူကလီးယားဗုံး ပေါက်ကွဲမှုတစ်ခုထက် အလျင်းလျော့နည်းမည် မဟုတ်ပေ။
သို့သော်လည်း တန်ချိန် တစ်သန်းရှစ်သိန်း အင်အားကို ပိုင်ဆိုင်ထားသော လော်ယွမ်အတွက်မူ အဟုန်အနည်းငယ် ကြီးမားနေသည်ဟု ခံစားရပြီး ရွေ့လျားရာတွင် အနည်းငယ်မျှသာ အားစိုက်ရုံမှလွဲ၍ အခြားကြီးမားသော သက်ရောက်မှုမျိုးတော့ မရှိချေ။
ဖိညှစ်ပြီးနောက်တွင် ဤစက်လုံး၏ ဟင်းလင်းပြင်ကပ်တွယ်အားသည် ပျောက်ကွယ်သွားခြင်းမရှိသလို၊ ပိုမိုအားကောင်းလာခြင်းလည်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် တိကျသောအားမှာ အဆတစ်ထောင်ခန့် လျော့ကျသွားခဲ့ပြီဖြစ်သည်။
ဤမျှရှိသော ဟင်းလင်းပြင်ကပ်တွယ်အားဖြင့် ဟင်းလင်းပြင်ကို ထပ်မံ၍ အသေမသတ်မှတ်နိုင်တော့ချေ။
ထိုစွမ်းရည်သည် ၎င်းနှင့် ဟင်းလင်းပြင်တို့ ထိတွေ့နေသော မျက်နှာပြင်ဧရိယာနှင့်သာ သက်ဆိုင်ကြောင်း ထင်ရှားလှပေသည်။
လော်ယွမ်က ခဏမျှ လှည့်ပတ်ကစားကြည့်ပြီးနောက် ယခင်က ရပ်နားထားခဲ့သော အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် စတင်လိုက်သည်။
သူက စကြဝဠာငယ်လေးကို ရှာတွေ့သွားပြီး ထပ်မံ၍ တစ်ကြိမ် ဖိညှစ်လိုက်သည်။ ယခုတစ်ကြိမ် ကြိုတင်သိမြင်မှုထဲတွင်တော့ ထူးခြားသော အခြေအနေဆိုးများ ဖြစ်ပေါ်လာခြင်း မရှိတော့ချေ။
ထို့နောက် သူက ဖိညှစ်ထားသော စကြဝဠာငယ်လေးကို ဟင်းလင်းပြင်အလွှာများကြားမှ ဆွဲထုတ်လိုက်ပြီး စက်လုံးထဲသို့ လျင်မြန်စွာ ချိတ်ပိတ်ထည့်သွင်းလိုက်သည်။
စက်လုံးဆီမှ "ဝီ" ဟူသော အသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပေ။
လော်ယွမ်က သူ၏စိတ်အာရုံဖြင့် အတွင်းသို့ ဝင်ရောက်စူးစမ်းလိုက်ရာ စက်ဝိုင်းပုံစံ ဟင်းလင်းပြင်တစ်ခုက သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
၎င်းသည် အတွင်းပိုင်းရှိ အက်တမ်တိုင်းနှင့် ပေါင်းစပ်သွားပုံရပြီး အတွင်း၌ ခိုင်မြဲစွာ ချုပ်နှောင်ခံထားရကာ လှိုင်းထမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။
သူ စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်သည် အာကာသထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး စက်လုံးအတွင်းရှိ စကြဝဠာငယ်လေးထဲသို့ ဝင်ရောက်သွားလေသည်။
ဤစကြဝဠာငယ်လေးထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်အရွယ်အစားသည်လည်း အချိုးကျ သေးငယ်သွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ဤစကြဝဠာငယ်လေး၏ အချင်းဝက်သည် မိုင်ဝက်ခန့် ရှိနေဆဲဖြစ်ပြီး အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။
သူ အချိန်အကြာကြီး မနေတော့ဘဲ အခြေအနေကို စစ်ဆေးပြီးနောက် ဤသီးခြား ဟင်းလင်းပြင်နေရာထဲမှ ပြန်လည်ထွက်ခွာလာခဲ့သည်။
သို့သော်လည်း ဤဟင်းလင်းပြင်နေရာလေးမှာ အနည်းငယ် သေးငယ်နေသေးပုံရသည်။ ဤစက်လုံး၏ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ပိုမိုကြီးမားသော ဟင်းလင်းပြင်နေရာတစ်ခုကိုပါ ထည့်သွင်းနိုင်စွမ်း ရှိမနေဘူးလား။
လော်ယွမ်က အဆုံးအစမရှိ ကျယ်ပြောလှသော ဤအာကာသကြီးဆီသို့ အကြည့်ကို ပို့လွှတ်လိုက်လေသည်။
ဆက်ရန်...