← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 27 Ch. 531-532

အပိုင်း(၅၃၁) အလင်းထက်မြန်သောအလျင်

ထို့နောက် လော်ယွမ်က ဟင်းလင်းပြင်ကို ထပ်မံ၍ ပိုင်းဖြတ်လိုက်သည်။

ယခုတစ်ကြိမ် သူပိုင်းဖြတ်လိုက်သော ဟင်းလင်းပြင်က ပို၍ကြီးမားပြီး အမြန်နှုန်းကလည်း ပိုမိုမြန်ဆန်လာ၏။

ပိုင်းဖြတ်သည်ဟု ဆိုခြင်းထက် ကြီးမားသော လေဖောင်းကြီးတစ်ခုကို လိမ်ချိုးပြီး သေးငယ်သော လေဖောင်းငယ်တစ်ခုအဖြစ် ညှစ်ထုတ်လိုက်ခြင်းနှင့် ပို၍တူပေသည်။

သေးငယ်သော ဟင်းလင်းပြင် နှစ်ခုကို ပေါင်းစပ်ရခြင်းကတော့ ပြောပလောက်အောင် ခက်ခဲမှု မရှိတော့ပေ။

အသေးစားစကြဝဠာတစ်ခုသည် မဟာစကြဝဠာကြီးနှင့် သီးခြားဖြစ်တည်နေရခြင်းမှာ လေးဘက်မြင်ရှုထောင့် ကွာခြားချက်ကြောင့်သာ ဖြစ်သည်။

ထိုရှုထောင့်များ တူညီသွားသည်နှင့် တစ်ပြိုင်နက် ရေများ အချင်းချင်း ရောနှောသွားသကဲ့သို့ ချက်ချင်းပင် တစ်သားတည်း ပေါင်းစပ်သွားမည် ဖြစ်၏။

လော်ယွမ်က အာကာသယာဉ်ဆီသို့ ပြန်သွားရန် မလောသေးပေ။ သူသည် အာကာသထဲတွင် ဆက်လက်နေထိုင်ကာ ဟင်းလင်းပြင် ပိုင်းဖြတ်ခြင်း အလုပ်ကို ထိရောက်မြန်ဆန်စွာနှင့် စက်ရုပ်တစ်ရုပ်လို ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။ ၅ စက္ကန့်ခန့် ကြာတိုင်း အချင်း ၃ မိုင်ခန့်ရှိသော အသေးစားစကြဝဠာတစ်ခုကို စက်လုံးထဲသို့ ဖိသိပ်ထည့်သွင်းလိုက်သည်။

အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူ၏လှုပ်ရှားမှုများက ပို၍ကျွမ်းကျင်လာပြီး လုပ်ငန်းတွင်ကျယ်မှုကလည်း ပိုမိုမြင့်တက်လာခဲ့၏။

အမှောင်စွမ်းအင် အမျှင်တန်းလေးများသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို စီးဆင်းဖြတ်သန်းသွားသည်။ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အလင်းရောင်များ တောက်ပနေ၏။

အဆင့်မြင့်ရှုထောင့်မှ လာသော ဤစွမ်းအင်သည် အလွန်အံ့မခန်းဖွယ်ရာ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပုံရသည်။

၎င်းက သူ၏ခွန်အားကို အဆမတန် တိုးပွားစေရုံသာမက သူကုန်ဆုံးသွားသမျှ စွမ်းအင်များကိုပါ ပြန်လည်ဖြည့်ဆည်းပေးသဖြင့် သူ၏ခွန်အားသည် ဘယ်သောအခါမှ ခန်းခြောက်သွားမည် မဟုတ်သကဲ့သို့ ဖြစ်နေသည်။

ဟင်းလင်းပြင်စက်လုံးထဲရှိ အသေးစားစကြဝဠာလေးသည် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။

အချင်း ၁ မိုင်ခန့်...

အချင်း ၆ မိုင်ခန့်...

အချင်း မိုင် ၃၀ ခန့်...

...

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။ ထိုနေ့တွင်တော့ လော်ယွမ်က တစ်စုံတစ်ယောက်၏ ခေါ်သံလိုလိုကို သဲ့သဲ့လေး ကြားလိုက်ရသည်။

သူက ခေါင်းကို အနည်းငယ် စောင်းကာ သိချင်စိတ်ဖြင့် ရပ်တန့်လိုက်၏။ ဤသည်မှာ အသံတစ်ခု မဟုတ်ပေ။ အာကာသထဲတွင် အသံလှိုင်းများ ပြန့်နှံ့နိုင်စွမ်း မရှိချေ။

ထို့ပြင် စိတ်ကူးယဉ်ထင်ယောင်ထင်မှား ဖြစ်ခြင်းလည်း မဟုတ်နိုင်ပေ။ သူ၏စိတ်ဆန္ဒကို ခိုင်မာစွာ စုစည်းနိုင်ခဲ့သည့် အချိန်မှစ၍ ထင်ယောင်ထင်မှား မြင်ကွင်းများသည် သူ၏စိတ်ကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ချေ။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတစ်မျိုးသာ ဖြစ်ရမည်။

ဤစကြဝဠာကြီးထဲတွင် ရေတွက်၍မရနိုင်သော ကွမ်တမ်လှိုင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုလှိုင်းအများစုမှာ အဓိပ္ပာယ်မဲ့နေပြီး လော်ယွမ်၏ အာရုံစိုက်မှုကို အနည်းငယ်မျှ ဆွဲဆောင်နိုင်ခြင်း မရှိပေ။ သူနှင့် သက်ဆိုင်သည့် လှိုင်းများကိုသာ သူ၏ မသိစိတ်က အလိုအလျောက် အာရုံစိုက်မိလေသည်။

လော်ယွမ်က စိတ်ကိုတည်ငြိမ်အောင်ထားကာ နားထောင်ကြည့်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းစွာပင် မည်သည့်အရာကိုမှ မကြားရပေ။

ထိုအသံသည် လွင့်မျောနေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ လှိုင်းဖမ်းမမိသော ရေဒီယိုတစ်ခုလို နှောင့်ယှက်မှုများ ပြင်းထန်လွန်းသဖြင့် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မသိနိုင်ပေ။

"ချန်ရှင်းကျယ် ငါပျောက်သွားတာကို သတိထားမိသွားတာ ဖြစ်ရမယ်"

သူက ရုတ်တရက် သဘောပေါက်သွားသည်။

လော်ယွမ်၏ စိတ်ထဲတွင် လှိုင်းဂယက်လေးတစ်ခု ထသွားခဲ့၏။ ယနေ့ခေတ်တွင် သူ၏စိတ်နှလုံးကို လှုပ်ခတ်စေနိုင်သည့် အရာများမှာ အလွန်ရှားပါးလှပြီး ချန်ရှင်းကျယ်က ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။

မည်သို့ပင် အကျိုးအကြောင်းဆီလျော်စွာ တွေးခေါ်နိုင်ပါစေ သူ၏ စိတ်ခံစားချက်များက လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ပေ။ အသိဉာဏ်ဖြင့် ဖိနှိပ်ထားရုံသာ ဖြစ်၏။

သူက မှတ်ဉာဏ်များမှတစ်ဆင့် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ မသိမသာဖြင့် ဤနေရာတွင် ၅ ရက်တိုင်တိုင် နေထိုင်မိလျက်သား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူက ဟင်းလင်းပြင်စက်လုံးထဲရှိ အသေးစားစကြဝဠာ၏ အရွယ်အစားကို အာရုံဖြင့် စမ်းသပ်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီလောက်ဆိုရင် လုံလောက်ပြီ... ပြန်သွားဖို့ အချိန်တန်ပြီ"

ယခုအချိန်တွင် စက်လုံးထဲရှိ အသေးစားစကြဝဠာ၏ အချင်းမှာ မိုင် ၁၈၀ ခန့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဤမျှ ကြီးမားကျယ်ပြန့်သော နေရာတစ်ခုသည် မိခင်ယာဉ်ကြီး သောင်းနှင့်ချီ၍ပင် အလွယ်တကူ ဆံ့နိုင်သည်။

သို့တိုင် ၎င်းမှာ ဤဟင်းလင်းပြင်စက်လုံး ဆံ့နိုင်သည့် အမြင့်ဆုံးပမာဏတော့ မဟုတ်သေးပေ။ သူသည် ၎င်း၏ အစွန်အဖျားကိုပင် မထိတွေ့ရသေးချေ။ ဟင်းလင်းပြင်သည် စက်လုံးထဲတွင် ခိုင်မြဲစွာ ချုပ်နှောင်ခံထားရပြီး လှိုင်းလုံးများ မရှိသော ရေကန်တစ်ခုလို ငြိမ်သက်နေ၏။

သူက ပတ်ဝန်းကျင်ရှိ ကြယ်များကို အမြန်အကဲခတ်လိုက်သည်။ အလင်းနှစ်တစ်ရာအတွင်းရှိ ကြယ်အဖွဲ့အစည်း ထောင်ပေါင်းများစွာ၏ လမ်းကြောင်းများနှင့် ရွေ့လျားမှု အမြန်နှုန်း ကိန်းဂဏန်းများသည် သူ၏ဦးနှောက်ထဲတွင် လျင်မြန်စွာ ပေါ်လာ၏။

ထို့နောက် သူတို့၏ နေရာများကို တွက်ချက်မှုများဖြင့် အမြန်ဆုံး ပြန်လည်ချိန်ညှိလိုက်သည်။ စက္ကန့်တစ်ထောင်ပုံ တစ်ပုံအတွင်းမှာပင် ပြည့်စုံသော ကြယ်လမ်းပြမြေပုံတစ်ခု သူ၏ခေါင်းထဲတွင် ပေါ်လာပြီး အချိန်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်။

သူက အာကာသယာဉ်ရှိရာ ဦးတည်ရာကို တိုင်းတာလိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပြင်းထန်စွာ တွန့်လိမ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်က ရှေ့သို့ စတင်ရွေ့လျားသွားလေ၏။

တစ်စက္ကန့်အကြာတွင် သူ၏အမြန်နှုန်းက တစ်စက္ကန့်လျှင် ၆ မိုင်နှုန်းအထိ ရောက်ရှိသွားသည်။

သူက အံ့မခန်း အရှိန်နှုန်းဖြင့် ပို၍ပို၍ မြန်ဆန်လာခဲ့သည်။ သုံးမိနစ် မပြည့်ခင်မှာပင် သူ၏အမြန်နှုန်းက အလင်းအလျင်သို့ ရောက်ရှိသွား၏။ ပတ်ဝန်းကျင် မြင်ကွင်းကလည်း အရောင်အသွေး စုံလင်ကာ ရှုပ်ထွေးဝေဝါးသွားပြီး သူ၏ရှေ့တွင် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။

သူမြင်နိုင်သည်မှာ အဆုံးအစမရှိသော အလင်းရောင်များသာ ဖြစ်သည်။

ကံကောင်းစွာဖြင့် လော်ယွမ်၏ လေးဘက်မြင် အမြင်အာရုံမှာ အသုံးဝင်နေဆဲ ဖြစ်သည်။ သူက လေးဘက်မြင်ကမ္ဘာကို လမ်းပြအဖြစ် အသုံးပြုကာ လမ်းကြောင်းကို ပြန်လည်တည်ဆောက်လိုက်သဖြင့် လမ်းလွဲသွားစရာ အကြောင်းတော့ မရှိတော့ပေ။

အလင်းအလျင်၏ တစ်ဆ...

အလင်းအလျင်၏ နှစ်ဆ...

အလင်းအလျင်၏ ငါးဆ...

သို့သော် သူ၏အမြန်နှုန်းက လျင်မြန်စွာ တိုးတက်နေဆဲပင်။

အမှန်တကယ်တော့ လော်ယွမ်သည် သူ၏ ကွေးညွတ်အလျင်ကို တွက်ချက်ရာတွင် ကြီးမားသော အမှားအယွင်းတစ်ခုကို ပြုလုပ်မိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူရရှိခဲ့သော အချက်အလက်များ အားလုံးမှာ ပုံမှန်အခြေအနေအောက်မှ ရရှိခဲ့ခြင်းဖြစ်ပြီး စွမ်းအားလွန်အခြေအနေကို လုံးဝ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။

ထိုအခြေအနေ နှစ်ခုကြားရှိ ကွာခြားချက်က မိုးနှင့်မြေလို ကွာခြားလှသည်။

လော်ယွမ်သည် ပေါင်သန်း ၄၀၀ ကျော် အလေးချိန်ရှိသော ဟင်းလင်းပြင်စက်လုံးကြီးကို သယ်ဆောင်ထားလျှင်တောင် သူ၏အမြန်နှုန်းက ထိုစဉ်က တွက်ချက်ထားသည်ထက် များစွာ သာလွန်နေဆဲ ဖြစ်၏။

ဆယ်မိနစ်အကြာတွင် သူ၏အမြန်နှုန်းက အလင်းအလျင်၏ ဆယ်ဆသို့ ရောက်ရှိသွားလေပြီ။

ဖိုတွန်များတွင် ဒြပ်ထု ရှိပါသလား...

လူသားတို့၏ သိပ္ပံနည်းပညာ နားလည်မှုအရ ဖိုတွန်များတွင် စွမ်းအင်ရှိသော်လည်း ဒြပ်ထု မရှိပေ။ ဤအချက်ကပင် ထိုအခြေခံအမှုန်လေးများကို ကွေးညွတ်ပူဖောင်းများအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်စေခြင်း ဖြစ်နိုင်၏။

သို့သော် ယခုအခါတွင်တော့ အလင်းအလျင်ထက် ကျော်လွန်သွားချိန်တွင် ဖိုတွန်များ၌လည်း ဒြပ်ထု ရှိလာကြောင်း လော်ယွမ်က အတိအလင်း ကြေညာနိုင်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် ဤအမှောင်ထုဖုံးလွှမ်းနေသော အာကာသထဲ၌ ပုံမှန်အခြေအနေတွင် လျစ်လျူရှုထားနိုင်လောက်အောင် အားနည်းလှသော အလင်းတန်းများသည် အလင်းအလျင်၏ ဆယ်ဆကျော်ဖြင့် လော်ယွမ်၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ ဝင်တိုက်နေကြသည်။

၎င်းက သူ့တစ်ကိုယ်လုံးကို တုံးတိတိ နာကျင်မှုကို ခံစားရစေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြားချပ်သွားတော့မလို ခံစားရစေ၏။

အလွန်ထူထဲသော သံမဏိပြားကြီးတစ်ခုကို ထမ်းကာ အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေရသကဲ့သို့ ခံစားရပြီး တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ နေမင်းကြီးထက် အဆပေါင်းသောင်းနှင့်ချီ၍ ပိုမိုစူးရှသော အလင်းရောင်များ ထွက်ပေါ်နေသည်။

ထိုအလင်းရောင်နှင့်အတူ ပါလာသော အပူချိန်ကလည်း ဒီဂရီသန်းဂဏန်းထက်မက ပိုမိုပူပြင်းလှပေသည်။

လော်ယွမ် ယုံကြည်ထားသည်မှာ အကယ်၍ သူသာ စွမ်းအားလွန်အခြေအနေတွင် ရှိမနေပါက သူ၏ ခွန်အားနှင့် ကာကွယ်နိုင်စွမ်းများ မည်မျှပင် ထိပ်တန်းရောက်နေပါစေ ဤကြောက်မက်ဖွယ် ကောင်းလှသော အပူချိန်မြင့်မားမှုကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်က အငွေ့ပျံသွားမည် ဖြစ်ကြောင်းကိုပင်။

သူဝတ်ဆင်ထားသော အာကာသသားရဲကြီး၏ အရေခွံဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများမှာမူ အလင်းအလျင်၏ တစ်ဆခန့်မှာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဟင်းလင်းပြင်စက်လုံးကတော့ ပြိုကျမှုအချိုး ၃၀၀၀၀ ကျော် ရှိသောကြောင့် အကောင်းပကတိအတိုင်း ကျန်ရှိနေသေး၏။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် သူ၏အမြန်နှုန်းက တဖြည်းဖြည်း တည်ငြိမ်လာပြီး အရူးအမူး ဆက်လက်တက်မလာတော့ပေ။ နောက်ဆုံးတွင် အလင်းအလျင်၏ ၁၅ ဆ၌ ရပ်တန့်သွားခဲ့သည်။

လော်ယွမ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းတော့မည်ဟု ခံစားနေရသော်လည်း သူ၏ရင်ဘတ်ကို စမ်းကြည့်လိုက်သည့်အခါ အကောင်းပကတိအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

ဤစွမ်းအားလွန်အခြေအနေတွင် သူ၏ခန္ဓာကိုယ် မည်မျှကြံ့ခိုင်မှုရှိသည်က အမှန်တကယ်ပင် အံ့သြတုန်လှုပ်ဖွယ် ကောင်းလှသည်။

သူ၏စိတ်ထဲတွင် လေးဘက်မြင်ခန္ဓာကိုယ်နှင့် ပတ်သက်၍ စနစ်က အကဲဖြတ်ထားသည့် စကားများကို ပြန်လည်အမှတ်ရသွားသည်။

"လေးဘက်မြင်တစ်ပိုင်း၏ ဂုဏ်သတ္တိများက သင့်ခန္ဓာကိုယ်ကို သုံးဘက်မြင် ရူပဗေဒ၏ အမြင့်ဆုံးအကန့်အသတ်များဆီသို့ ချဉ်းကပ်လာစေပြီး သင်သည် ဖျက်ဆီးရခက်ခဲသော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်... မကြာမီမှာပင် ကြယ်တစ်လုံး၏ အတွင်းပိုင်းရှိ အပူချိန်မြင့်မားမှုသည် သင့်အတွက် အနည်းငယ် ကြီးမားသော ရေချိုးကန်တစ်ခုမျှသာ ဖြစ်သွားလိမ့်မည်"

၎င်းမှာ ယခုလက်ရှိ အခြေအနေကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

ဤမသိရသော စူပါယဉ်ကျေးမှုအဖွဲ့အစည်းသည် လေးဘက်မြင်တစ်ပိုင်းနှင့် လေးဘက်မြင် သက်ရှိများအကြောင်းကို အလွန်နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားကြောင်း ဝန်ခံရမည်သာ ဖြစ်၏။

သို့သော်လည်း လော်ယွမ်က ထိုဖော်ပြချက်ကို ယုံကြည်ရန် ခက်ခဲနေဆဲပင်။

သုံးဘက်မြင် ရူပဗေဒ၏ အမြင့်ဆုံးအကန့်အသတ်ဆိုသည်မှာ ဤစကြဝဠာကြီးထဲတွင် ထိုတည်ရှိမှုကို ဖျက်ဆီး၍မရနိုင်သလို သတ်ဖြတ်၍လည်း မရနိုင်ကြောင်း အဓိပ္ပာယ်ရသည်။

မည်မျှပင် အားကောင်းသော စွမ်းအင်ဖြစ်စေ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်စေ နေပေါင်း ရာနှင့်ချီ ထောင်နှင့်ချီသော စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်နိုင်သည့် ဂမ်မာရောင်ခြည်တန်းများပင်ဖြစ်စေ ထိုသက်ရှိကို မည်သို့မျှ ထိခိုက်စေနိုင်မည် မဟုတ်ဘဲ အပေါ်ယံ အရေပြားလေးကိုမျှ ပွန်းပဲ့စေနိုင်မည် မဟုတ်ပေ။

သုံးဘက်မြင် စကြဝဠာကြီး၏ စွမ်းအင် ခံနိုင်ရည် အကန့်အသတ်မှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းတစ်ခုလို ကြီးမားလှသည်။

အနည်းဆုံးတော့ ဂမ်မာရောင်ခြည်တန်းများက ထိုအကန့်အသတ်နှင့် အလှမ်းဝေးနေဆဲပင်။

ဤမျှ အားကောင်းသော အဆင့်သို့ ရောက်ရှိသွားပါက စကြဝဠာကြီးထဲရှိ ပြင်းထန်သော ဂြိုဟ်များကြားတွင် အလွယ်တကူ သွားလာလှုပ်ရှားနိုင်မည် ဖြစ်၏။

အကယ်၍ အရာအားလုံးက အမှန်တကယ်သာ ဆိုလျှင် ယခုအချိန်၌ လော်ယွမ်၏ တွေးခေါ်နိုင်စွမ်းနှင့်ပင် ထိုစူပါယဉ်ကျေးမှုအဖွဲ့အစည်းသည် လေးဘက်မြင် သက်ရှိများကို တိုက်ခိုက်ရန် မည်သည့် ယုံကြည်ချက်နှင့် နည်းလမ်းများ ရှိနေသည်ကို သူမတွေးတတ်အောင် ဖြစ်နေရသည်။

သို့သော် အနည်းဆုံးတော့ ၎င်းတို့သည် လော်ယွမ်ကဲ့သို့ မွေးကင်းစ လေးဘက်မြင်တစ်ပိုင်း သက်ရှိမျိုးကိုတော့ အလွယ်တကူ သုတ်သင်နိုင်ပေလိမ့်မည်။

ဤအမည်မသိ ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် ပြင်းထန်သော သတိထားမှုနှင့် အန္တရာယ်ရှိသည်ဟူသော ခံစားချက်တို့က အမြဲတမ်း နေရာယူထားသည်။

နောက်ဆုံးတွင် စနစ်မှ လေးဘက်မြင်ကမ္ဘာသို့ ပို့ဆောင်လိုက်ခြင်းသည် လုံးဝ လုံခြုံမှုတော့ မရှိပေ။ မိုက်ခရိုချစ်ပ်များနှင့် ဆင်တူသော ဤနည်းပညာပစ္စည်းများအတွက် တည်နေရာကို ရှာဖွေနိုင်ခြင်းနှင့် သမိုင်းကြောင်း အချက်အလက်များကို မှတ်တမ်းတင်နိုင်သော လုပ်ဆောင်ချက်များ ပါရှိရန် အလွန်လွယ်ကူပေသည်။

အကယ်၍ စူပါယဉ်ကျေးမှုအဖွဲ့အစည်းက စနစ်ကို ပြန်လည်ချိတ်ဆက်ပြီး အချက်အလက်များကို ရယူသွားပါက...

သူနှင့် လူသားမျိုးနွယ်တို့သည် ပုန်းအောင်းစရာ နေရာ ရှိတော့မည် မဟုတ်ပေ။

အလင်းနှစ် အနည်းငယ် ဝေးကွာသော အခြားကြယ်အဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ပုန်းအောင်းခြင်းက ဗိုရှင်း ယဉ်ကျေးမှုအဖွဲ့အစည်းအတွက် အချိန်အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်နိုင်သော်လည်း စနစ်ကို ဖန်တီးခဲ့သော အမည်မသိ စူပါယဉ်ကျေးမှုအဖွဲ့အစည်းအတွက်မူ တစ်ချက်ကြည့်ရုံဖြင့် ရှာတွေ့သွားနိုင်ပေသည်။ ဤသည်မှာ ကြီးမားသော လျှို့ဝှက်အန္တရာယ်ကြီးတစ်ခုပင် ဖြစ်၏။

သို့သော် ယှဉ်ပြိုင်၍မရနိုင်သော ဤတည်ရှိမှုကြီးနှင့် ရင်ဆိုင်ရချိန်တွင် လော်ယွမ်အနေဖြင့် လက်တလော အခြေအနေကို ကြည့်ကာ တစ်လှမ်းချင်းစီသာ သွားနိုင်ပေသည်။

သူက လက်ထဲရှိ ဟင်းလင်းပြင်စက်လုံးကို တစ်ချက် ကြည့်လိုက်ရာ သူ၏စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြတ်ပြေးသွားလေ၏။

ဆက်ရန်...

အပိုင်း(၅၃၂) ပြန်လာခြင်း

အာကာသဟင်းလင်းပြင်ထဲတွင် အလင်းရောင်တောက်ပနေသော သေးငယ်သည့် ဟင်းလင်းပြင်လှိုင်းယက်မှုတစ်ခုက ဖြတ်ကနဲ လက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင်၌ လှိုင်းဂယက်လေးများ ထသွားစေသည်။

နာရီအနည်းငယ်ကြာပြီးနောက် လူရိပ်တစ်ခုက ရုတ်တရက် ရပ်တန့်သွားသည်။

၎င်းအား ဖုံးလွှမ်းထားသော ကွေးညွှတ်ဟင်းလင်းပြင်ပူဖောင်းလေး ပွင့်ထွက်သွားသည့်အခါ အတွင်းမှ လူတစ်ယောက် ပေါ်လာ၏။ ထိုသူက အခြားသူမဟုတ်ဘဲ လော်ယွမ်ပင် ဖြစ်နေလေသည်။

သူက နောက်သို့လှည့်ကြည့်လိုက်သော်လည်း အာကာသယာဉ်၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးချေ။

အကြောင်းမှာ သူက အာကာသယာဉ်ထက် ပို၍ရှေ့ရောက်နေသောကြောင့်ပင်တည်း။

ဤမျှဝေးကွာလှသော ခရီးစဉ်ကြီးတွင် မိမိ၏ တွက်ချက်မှုများက တိကျမှန်ကန်ပြီး သွားရမည့်လမ်းကြောင်းမှာလည်း လုံးဝမလွဲချော်နိုင်ဟု သူကိုယ်တိုင်ပင် အပြည့်အဝ မယုံကြည်ရဲပေ။

ထို့ကြောင့် အာကာသယာဉ်နှင့် မလွဲသွားစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အကွာအဝေး အနည်းငယ်ကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူ၏ တွက်ချက်မှုသာ မမှားယွင်းခဲ့ပါက၊ ထို့အပြင် အာကာသယာဉ်ကလည်း လမ်းကြောင်းပြောင်းလဲသွားခြင်း မရှိဘူးဆိုပါက အာကာသယာဉ်သည် သူ၏အနောက်ဘက် အလင်းအမြန်နှုန်းဖြင့် မိနစ် ၃၀ ခန့် သွားရမည့်ခရီးတွင် ရှိနေမည်ဖြစ်သည်။ ဤနေရာသို့ အတိအကျရောက်လာမည့် အချိန်မှာ တစ်နာရီခန့် ကြာမြင့်ပေလိမ့်မည်။

လော်ယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအထိ ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လေးဘက်မြင် ဦးနှောက်ကလည်း အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် အလုပ်လုပ်နေ၏။

သူ၏ခန္ဓာကိုယ်ကို ဗဟိုပြုကာ မိုင်သန်းပေါင်း ရာနှင့်ချီ ကျယ်ဝန်းသော ပတ်ဝန်းကျင်တစ်ခွင်ရှိ အာကာသထဲမှ ဖုန်မှုန့်လေးများမှအစ ဓာတ်ငွေ့မော်လီကျူးလေးများအဆုံး မည်သည့်အရာကမှ သူ၏အာရုံခံနိုင်စွမ်းမှ မလွတ်ကင်းနိုင်ပေ။

ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အမှန်တကယ်တွင် သူသည် နတ်ဘုရားတစ်ပါးနှင့် များစွာကွာခြားမှု မရှိတော့ပေ။ ဤအကွာအဝေးထက် ကျော်လွန်နေသော မိုင်သန်းပေါင်း ထောင်နှင့်ချီ ဝေးကွာသည့် နေရာများကိုပင် သူက အာရုံခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဤသည်မှာ အလွန်တရာ အံ့မခန်းဖွယ်ကောင်းသော အကွာအဝေးတစ်ခု ဖြစ်သည်။ အကယ်၍ နေအဖွဲ့အစည်း၏ နယ်နိမိတ်ကို ပလူတိုဂြိုဟ်အဖြစ် သတ်မှတ်မည်ဆိုပါက သူသည် နေအဖွဲ့အစည်း တစ်ခုလုံးနီးပါးကို အာရုံခံနိုင်နေပြီ ဖြစ်၏။ ထိုအကွာအဝေးကို အလင်းအမြန်နှုန်းဖြင့် သွားမည်ဆိုလျှင်ပင် တစ်ရက်ခန့် အချိန်ယူရမည်ဖြစ်သည်။

သို့တိုင်အောင် လော်ယွမ်သည် နာရီဝက်ခန့် စောင့်ဆိုင်းပြီးမှသာ အာကာသယာဉ်၏ အရိပ်အယောင်ကို ဖမ်းယူနိုင်ခဲ့သည်။

ဤသည်မှာ သူ၏ တွက်ချက်မှု မှားယွင်းသွားသောကြောင့် မဟုတ်ဘဲ အာကာသယာဉ်က လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကမှ လမ်းကြောင်းပြောင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ယာဉ်၏အမြန်နှုန်းကလည်း မသိမသာလေး လျော့ကျနေခဲ့၏။

"ငါ့ကိုများ ပြန်ရှာမလို့ လုပ်နေကြတာလား" လော်ယွမ်က မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် မှင်သက်သွားသည်။

လော်ယွမ်၏ အသိစိတ်က ဤအရာကို ယုံကြည်ရန် ခက်ခဲနေသော်လည်း သေချာစွာ ကြည့်လေလေ သူ၏ကောက်ချက်ချမှု မှန်ကန်ကြောင်း ပို၍သေချာလေလေ ဖြစ်လာသည်။

အာကာသယာဉ်ကြီးသည် ဧရာမ ကွေးညွှတ်မှုကြီးတစ်ခုဖြင့် သူတို့လာခဲ့ရာ လမ်းကြောင်းအတိုင်း ပြန်လည်ပျံသန်းရန် ပြင်ဆင်နေ၏။

သူတို့သည် ယာဉ်ကြီးကို ရပ်တန့်ကာ ပျောက်ဆုံးသွားသော သူ့ကို အမှန်တကယ်ပင် ပြန်လည်ရှာဖွေရန် ပြင်ဆင်နေကြပုံရသည်။

အလင်းအမြန်နှုန်း၏ ထက်ဝက်ခန့် ရှိနေသော အာကာသယာဉ်အတွင်းသို့ သူက တိုက်ရိုက် ဝင်ရောက်နိုင်စွမ်းရှိသည်ကို ထိုလူများ သိမည်မဟုတ်ပေ။

သူ့ကို ပြန်လည်ခေါ်ဆောင်လိုပါက ပထမဆုံးအနေဖြင့် အာကာသယာဉ်ကို ရပ်တန့်ရန် တွေးတောကြမည်မှာ အသေအချာပင်။

သို့သော် အလင်း၏ ထက်ဝက်မျှ အမြန်နှုန်းဖြင့် သွားနေသော ယာဉ်တစ်စီးကို လမ်းတစ်ဝက်တွင် ရပ်တန့်ရန်ဆိုသည်မှာ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ အရှိန်လျှော့ချရန်အတွက်ပင် တစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။

ထိုကာလအတွင်း စွမ်းအင်နှင့် အင်ဂျင်များကို ပိတ်ပစ်၍ မရဘဲ အရှိန်ထိန်းရန်အတွက် စဉ်ဆက်မပြတ် မီးတောက်များ ထုတ်လွှတ်ပေးနေရန် လိုအပ်လေသည်။

အာကာသယာဉ်၏ အလင်းထက်ဝက် အမြန်နှုန်းကို ထိန်းသိမ်းထားသည့် စွမ်းအင်မှာ တစ်စက္ကန့်လျှင် အဏုမြူဗုံးတစ်လုံး ပေါက်ကွဲသည့် စွမ်းအားနှင့် ညီမျှသည်။

အကယ်၍ အင်ဂျင်ကို တိုက်ရိုက်ပိတ်ပစ်လိုက်မည်ဆိုပါက စက္ကန့်အနည်းငယ်အတွင်းမှာပင် ယာဉ်၏အမြန်နှုန်းသည် အလင်းအမြန်နှုန်း၏ ထက်ဝက်မှနေ၍ ရာခိုင်နှုန်းတစ်ရာပုံ တစ်ပုံအောက်သို့ ရုတ်တရက် ထိုးကျသွားမည်ဖြစ်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်လျော့ကျမှုကြောင့် အာကာသယာဉ်ကြီးပင် ချက်ချင်း ပြိုကွဲသွားနိုင်ရာ အတွင်းရှိ လူများအတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

အသစ်တစ်ဖန် ပြန်လည်အရှိန်တင်မည့် အချိန်ကိုပါ ထည့်တွက်မည်ဆိုလျှင် ဤဆုံးဖြတ်ချက်က လူသားများအတွက် အနည်းဆုံး အချိန်နှစ်နှစ်ခန့် အလဟဿ ဖြစ်သွားစေမည်ဟု ဆိုနိုင်သည်။

ဗိုရှင်းဂြိုဟ်သားများ၏ ခြိမ်းခြောက်မှုအောက်တွင် ရှိနေဆဲဖြစ်သော လူသားမျိုးနွယ်အတွက် ဤနှစ်နှစ်တာ ကာလသည် အဖိုးတန်ဆုံးအချိန်များ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

……

အမှန်တကယ်တွင် လော်ယွမ်က လူသားများအပေါ် လွှမ်းမိုးနိုင်သည့် သူ၏သြဇာတိက္ကမကို အလွန်အမင်း အထင်သေးထားခဲ့ခြင်း ဖြစ်သည်။

သူ့အပေါ် ကြောက်ရွံ့ကြသည်ဖြစ်စေ၊ ရိုသေလေးစားကြသည်ဖြစ်စေ အချိန်အတော်ကြာကတည်းက သူ၏ အစွမ်းထက်လှသော ပုံရိပ်သည် လူသားအားလုံး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဤမှတ်ယူထားမှုက လော်ယွမ်တစ်ယောက် လေးဘက်မြင် ဧရာမလူသားကြီးအဖြစ် အသွင်ပြောင်းသွားချိန်နှင့် ပုံရိပ်ယောင်ကမ္ဘာ၏ ဆာဗာများကို အလွယ်တကူ ထိန်းချုပ်လိုက်နိုင်ချိန်တွင် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားခဲ့သည်။

ဤသည်မှာ ရူးသွပ်ဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်ပြီး ရူးသွပ်ဖွယ်ကောင်းသော ခေတ်ကာလကြီးလည်း ဖြစ်သည်။ ကမ္ဘာပျက်ကပ်ဘေးအတွင်း သေမလုမျောပါး အသက်လုရှင်သန်ခဲ့ရချိန်တွင်ဖြစ်စေ၊ အရာအားလုံးကို စွန့်လွှတ်ကာ ကြယ်တာရာများဆီသို့ အသက်လု ထွက်ပြေးခဲ့ရချိန်တွင်ဖြစ်စေ လူသားမျိုးနွယ် အလိုအပ်ဆုံးအရာမှာ လုံခြုံမှုဟူသော ခံစားချက်ပင် ဖြစ်သည်။

လော်ယွမ် ရှိနေခြင်းက လူသားအားလုံး၏ ရင်ထဲတွင် ကြီးမားသော ခွန်အားတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့၏။

ဤအခြေအနေမှာ ယခင်က သိပ်မသိသာလှပေ။ အကြောင်းမှာ လူသားတို့သည် လော်ယွမ် ရှိနေခြင်းကို အသားကျနေခဲ့ပြီဖြစ်ကာ လူတိုင်းက သူ၏ ကြမ်းတမ်းပြတ်သားသော ဆန္ဒအောက်တွင် လည်ပတ်နေခဲ့ကြသောကြောင့်တည်း။

သို့သော် တစ်ချိန်ချိန်၌ လော်ယွမ်၏ အရိပ်အယောင်ကိုပင် လုံးဝ မတွေ့ရတော့သည့်အခါ ထိုစိုးရိမ်ပူပန်မှုများက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

အထက်လူကြီးများ၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ချောမွေ့ခဲ့ပြီး မည်သူကမျှ သံသယ မဝင်ခဲ့ကြပေ။

အမြင့်ဆုံးအာဏာကို မက်မောသော ရည်မှန်းချက်ကြီးသူများပင် ဤအချိန်တွင် သူတို့၏ စိတ်ထဲ၌ ကတုန်ကယင် ဖြစ်နေကြသည်။

ကြယ်တာရာ အာကာသထဲသို့ ပထမဆုံးအကြိမ် ခြေချဖူးသော လူသားမျိုးနွယ်မှာ လမ်းစလျှောက်တတ်စ ကလေးသူငယ်များကဲ့သို့ပင်။ တွေဝေခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က သူတို့၏ စိတ်နှလုံးကို လွှမ်းမိုးထားသည်။

ဤအချိန်တွင် သူတို့လိုအပ်သည်မှာ အပေးအယူလုပ်ခြင်းနှင့် အငြင်းပွားခြင်းများ မဟုတ်ဘဲ ပြတ်သားသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့် အင်အားကြီးမားသူ တစ်ဦးသာ ဖြစ်သည်။

လော်ယွမ်၏ အရိပ်အောက်တွင် ခိုလှုံနေခဲ့ကြရသော အစိုးရ အထက်ပိုင်း ခေါင်းဆောင်များသည် လော်ယွမ် မရှိတော့သော ခေတ်ကာလတစ်ခု၏ တာဝန်ကို ထမ်းဆောင်ရန် လုံးဝ အဆင်သင့် မဖြစ်သေးပေ။

……

"အရှေ့ဘက်တွင် စွမ်းအင်မြင့် အရာဝတ္ထုတစ်ခုကို ထောက်လှမ်းမိပါသည်... ရရှိလာသော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ရာ မြို့တော်ဝန် ဖြစ်နိုင်ချေရှိပါသည်"

"ကိုဩဒိနိတ်... အိတ်စ် - ၂၃၃၄၄၅... ဝိုင် - ၂၈၉၃၀၀... ဇက် - ၂၃၈၂၀၉"

"အာကာသယာဉ်နှင့် အကွာအဝေး မိုင်သန်းပေါင်း နှစ်ထောင်ကျော်ခန့်တွင် ဖြစ်ပါသည်" ဗဟိုထိန်းချုပ်ရေးခန်းထဲတွင် ဉာဏ်ရည်တုစက်ရုပ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက်မှ အရာဝတ္ထု၏ ပုံရိပ်ကို ဉာဏ်ရည်တုစက်ရုပ်က ဖော်ပြပေးလိုက်သည်။

၎င်းမှာ မှုန်ဝါးဝါး အလင်းတန်းတစ်ခုသာ ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ပျောက်ကွယ်နေသကဲ့သို့ ဖြစ်နေကာ သိသာထင်ရှားသော အလင်းရောင်ဝန်းများဖြင့် ဝန်းရံနေသည်။ ဗဟိုချက်ရှိ လူသားသဏ္ဌာန် သက်ရှိတစ်ဦး၏ အရိပ်ကိုသာ မြင်တွေ့နိုင်ပေသည်။

"ဒါ မဖြစ်နိုင်တာ" အခန်းထဲရှိ ပိကျန့်ဖိန်နှင့် အခြား အထက်ပိုင်း ခေါင်းဆောင်များအားလုံး ရုတ်တရက် လန့်ဖြန့်သွားကြသည်။

ဗီဒီယိုမှတ်တမ်းများအရ လော်ယွမ် ပျောက်ကွယ်သွားခဲ့သည်မှာ လွန်ခဲ့သော ငါးရက်ခန့်က ဖြစ်သည်။

အာကာသယာဉ်ကလည်း ငါးရက်တိတိ ပျံသန်းခဲ့ပြီး ဖြစ်ရာ ဖြတ်သန်းလာခဲ့သော ခရီးစဉ်မှာ မိုင်သန်းပေါင်း သုံးသောင်းကျော်နေပြီ ဖြစ်သည်။

သို့သော် ယခုတွေ့ရှိချက်အရ လော်ယွမ်ဟု ယူဆရသောသူက အာကာသယာဉ်၏ အရှေ့ဘက်တွင် ရှိနေသည်ဆိုရာ ဤသည်မှာ လူအများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ယုံကြည်ရန် အလွန်ခက်ခဲနေပေသည်။

ချန်ရှင်းကျယ်က လူအုပ်ကြီး၏ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။

သို့သော် သူမ၏ အသက်ရှူနှုန်းများက အနည်းငယ် မြန်ဆန်လာခဲ့သည်။ ထိုအလင်းတန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

တိကျသော လူရိပ်ကို မမြင်ရသော်လည်း သူမ၏ ပင်ကိုယ်အသိစိတ်က ထိုသူမှာ လော်ယွမ်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေခဲ့သည်။

ထိုစဉ် ပိကျန့်ဖိန်က ဝင်မေးလိုက်သည်။ "ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ"

"ဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်း ရှိပါသည်... လျှပ်စစ်သံလိုက်လှိုင်းများနှင့် အလင်းရောင် ထောက်လှမ်းမှုများ ဖောက်ပြန်နေပါသည်... အနီးတစ်ဝိုက်တွင် အကြိမ်ရေမြင့်မားသော သေးငယ်သည့် ဟင်းလင်းပြင်လှိုင်းများ၏ နှောင့်ယှက်မှုများလည်း ရှိနေသောကြောင့် အချက်အလက်များကို ထပ်မံ စုဆောင်း၍ မရနိုင်ပါ"

"မြို့တော်ဝန်ကို ကြိုဆိုရန်အတွက် လမ်းကြောင်းပြောင်းလဲရန် လိုအပ်ပါသလား" ဉာဏ်ရည်တုစက်ရုပ်က ပြန်ဖြေလိုက်သည်။

ဟင်းလင်းပြင်လှိုင်း ဟုတ်လား... ပိကျန့်ဖိန်တစ်ယောက် ထိုစကားကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ တဒိတ်ဒိတ် ခုန်သွားသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ကြားဖူးနားဝရှိခဲ့မှုများကြောင့် စကြဝဠာထဲရှိ အဖြစ်များသော အန္တရာယ်အချို့ကို သူက နားလည်သဘောပေါက်နေပြီ ဖြစ်သည်။

ထိုအန္တရာယ်များထဲတွင် ဆွဲငင်အားလှိုင်းဟုလည်း ခေါ်ဆိုကြသော ဟင်းလင်းပြင်လှိုင်းများက တစ်ခုအပါအဝင် ဖြစ်လေသည်။

စကြဝဠာကြီးထဲတွင် ဟင်းလင်းပြင်လှိုင်းများဆိုသည်မှာ ရှားပါးလှသည်တော့ မဟုတ်ပေ။ အချိန်တိုင်းလိုလို ဖြစ်ပေါ်နေတတ်သည်။

သို့သော် ထိုဟင်းလင်းပြင်လှိုင်းအများစုမှာ အန္တရာယ် မရှိကြချေ။ လှိုင်းထိပ်နှင့် လှိုင်းအောက်ခြေကြားရှိ ကွာဟချက် အများစုမှာ အက်တမ်တစ်ခု၏ အချင်းထက်ပင် သေးငယ်ကြရာ အာကာသယာဉ်ကိုဖြစ်စေ၊ သက်ရှိများကိုဖြစ်စေ အနည်းငယ်မျှပင် သက်ရောက်မှု မရှိနိုင်ပေ။

ဟင်းလင်းပြင်လှိုင်းများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများစွာ ရှိသည်။ အများစုမှာ ဆွဲငင်အားကြီးမားသော အရာဝတ္ထုများ၏ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ဆူပါနိုဗာများ ပေါက်ကွဲခြင်း၊ နျူထရွန်ကြယ်များ တိုက်မိခြင်း၊ တွင်းနက်များက ဒြပ်ထုကြီးမားသော အရာများကို စုပ်ယူခြင်း သို့မဟုတ် ပြန်အန်ထုတ်ခြင်းတို့ကြောင့် ဖြစ်သည်။

ဤစကြဝဠာအဆင့် ကပ်ဘေးကြီးများမှာ အာကာသယာဉ်နှင့် အလင်းနှစ်ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ကွာဝေးသော နေရာများတွင် ဖြစ်ပွားလေ့ရှိကြပြီး တစ်ခါတစ်ရံ အခြား ဂလက်ဆီတစ်ခုမှပင် ဖြစ်နိုင်သည်။

အလွန်ဝေးကွာလှသော အကွာအဝေးကြောင့် ဤနေရာသို့ ရောက်လာချိန်တွင် ယင်းတို့၏ အင်အားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ဟင်းလင်းပြင်လှိုင်းများကို ဖြစ်ပေါ်စေနိုင်သည့် သက်ရှိတစ်ကောင်ကိုတော့ သူတို့ မျက်မြင်ကိုယ်တွေ့ မကြုံဖူးသေးပေ။ အကယ်၍ ဤထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော လူရိပ်ကသာ လော်ယွမ် မဟုတ်ခဲ့လျှင်...

ဤနေရာသို့ တွေးမိသွားချိန်တွင် ပိကျန့်ဖိန်က အလျင်အမြန် ပြောလိုက်သည်။ "ခဏလေး စောင့်ဦး... သေချာပြီဆိုမှ လုပ်ကြတာပေါ့... တကယ်လို့များ"

အားလုံးက ထိုဖြစ်နိုင်ချေကို တွေးမိသွားကြပြီး ရင်ထဲတွင် ထိတ်လန့်သွားကြသည်။ ချန်ရှင်းကျယ်ပင်လျှင် ထိုအလင်းတန်းကို ကြည့်ကာ အနည်းငယ် သံသယ ဝင်လာခဲ့သည်။

သူမ၏ စိတ်ထဲတွင် လော်ယွမ်က စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် အစွမ်းထက်လှသည်မှာ မှန်သော်လည်း ဤအဆင့်အထိတော့ မစွမ်းနိုင်သေးဟု ထင်မှတ်ထားခဲ့သည်။

ဤမျှ ကြောက်စရာကောင်းသော သတ္တဝါမျိုးဆိုလျှင် တိုက်ခိုက်စရာပင် မလိုဘဲ အာကာသယာဉ်အနီးသို့ ကပ်လာရုံမျှဖြင့် ယာဉ်ကြီးတစ်ခုလုံး ချက်ချင်း ပြိုကွဲသွားနိုင်ပေသည်။

"ဒါဆိုလည်း အခြေအနေကို စုံစမ်းဖို့အတွက် အာကာသတိုက်လေယာဉ် တစ်စင်းလောက် အရင်လွှတ်ကြည့်လိုက်ရမလား" ထိုစဉ် လီဖုန်းက အကြံပြုလာသည်။

"တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို မသိရသေးဘဲနဲ့တော့ သွားမစတာ အကောင်းဆုံးပဲ" ထျန်ကျင်းဖိန်က မျက်နှာထား တင်းမာစွာဖြင့် ခေါင်းခါပြလိုက်သည်။

ထိုစဉ် မူလက တစ်နေရာတည်းတွင် ငြိမ်သက်နေသော ထိတ်လန့်ဖွယ်ရာ အလင်းတန်းက ရုတ်တရက် လှုပ်ရှားလာသည်။ သူ သို့မဟုတ် ၎င်းက အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။

အမြန်နှုန်းက တဖြည်းဖြည်း ပိုမို မြန်ဆန်လာသည်။ လူတိုင်းက ထိုအလင်းတန်းပြသနေသည့် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။

ဖန်သားပြင်၏ တစ်ဖက်တွင် အလင်းတန်း၏ ထောက်လှမ်းရေး အချက်အလက် မြောက်မြားစွာကို ဖော်ပြထားသည်။

အခြားအချက်အလက်များကို နားမလည်ကြသော်လည်း လျင်မြန်စွာ တက်လာနေသော အမြန်နှုန်း ပြောင်းလဲမှုကိုမူ အတိုင်းသား မြင်တွေ့နေရပေသည်။

ထိုအလင်းတန်း၏ တစ်စက္ကန့် အရှိန်နှုန်းမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မိုင်ခြောက်ရာကျော်အထိ ရောက်ရှိသွားသည်။

ဆယ်စက္ကန့်မျှ အချိန်အတွင်းမှာပင် အလင်းအမြန်နှုန်း၏ အပုံသုံးဆယ် ပုံတစ်ပုံအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဤမျှ ကြောက်စရာကောင်းသော အရှိန်နှုန်းအောက်တွင် အစွမ်းထက် သတ္တုများပင် ရွှံ့ပျော့များထက် အနည်းငယ်မျှသာ ပိုကောင်းတော့မည်ဖြစ်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစမှာ အမှန်တကယ်ပင် အထိတ်တလန့် ဖြစ်စေလေသည်။

ဗဟိုထိန်းချုပ်ရေးခန်းထဲတွင် လေထုက ပို၍လေးလံလာခဲ့သည်။

ထူးဆန်းသည်မှာ သူ သို့မဟုတ် ၎င်း ပျံသန်းနေသော လမ်းကြောင်းက အာကာသယာဉ်၏ လမ်းကြောင်းနှင့် အတိအကျ တူညီနေခြင်းပင်တည်း။

သူ သို့မဟုတ် ၎င်းက ထွက်ပြေးနေပုံရသော်လည်း ထွက်ပြေးနေသည်နှင့်လည်း မတူညီပေ။

"သူ ဘာလုပ်နေတာလဲ" လူတိုင်း၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

အချိန်တွေက တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။ မကြာမီမှာပင် အလင်းတန်း၏ အမြန်နှုန်းက အလင်းထက်ဝက် အမြန်နှုန်းအနီးသို့ တဖြည်းဖြည်း ကပ်လာပြီး သူတို့၏ အာကာသယာဉ် အမြန်နှုန်းကိုမီရန် နီးစပ်လာခဲ့သည်။

နောက်တစ်စက္ကန့်၌ ထိုအလင်းတန်းက အာကာသဟင်းလင်းပြင်ထဲမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

တစ်ချိန်တည်းမှာပင် အာကာသယာဉ်ကြီးက အနည်းငယ် တုန်ခါသွားသည်။ ထိုခဏ၌ လူတိုင်း၏ ရင်ထဲတွင် အေးစက်စက် ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး ဦးရေပြားများပင် ထုံကျဉ်သွားကြသည်။

ယာဉ်ကြီးကို အမည်မသိ အရာတစ်ခုက တိုက်ခိုက်လိုက်ပြီဟု ထင်မှတ်သွားကြပြီး သူတို့၏ စိတ်များ အောက်ဆုံးထိ ထိုးကျသွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ"

"မြို့တော်ဝန်က စမ်းသပ်ခန်းထဲကို ပြန်ရောက်နေပါပြီ" ဉာဏ်ရည်တုစက်ရုပ်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။

ဆက်ရန်...

All Chapters