အခန်း (၅၃၉-၅၄၀)
Vol. 27 Ch. 539-540
အပိုင်း(၅၃၉) ပုံသဏ္ဍာန်မဲ့ ဟင်းလင်းပြင်လမ်းကြောင်း
ပြီးခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း လော်ယွမ်က ပို၍ပင် အပြင်အထွက်နည်းလာကာ အထီးကျန်ဆန်စွာ နေထိုင်လာခဲ့သည်။
အာကာသမြို့တော်ရှိ လော်ယွမ့် စံအိမ်အနီးတစ်ဝိုက်တွင် အစောင့်အကြပ်များ ထူထပ်စွာ ချထားပြီး လုံခြုံရေး အလွန်တင်းကျပ်ထားသည်။
ခမ်းနားကျယ်ဝန်းလှသော်လည်း အထီးကျန်ဆန်ကာ တိတ်ဆိတ်ခြောက်ကပ်နေ၏။
ဤစံအိမ်၏ သခင်ဖြစ်သူကတော့ အလွန်မြင့်မြတ်သော နေရာတွင် ရှိနေပြီး လူသားတို့၏ အရာခပ်သိမ်းကို အေးစက်စွာ ဘေးမှ ကြည့်ရှုနေလေသည်။
ဇိမ်ခံအဝတ်အစားများ၊ အရသာရှိသော အစားအစာများ၊ အာဏာစက်များနှင့် လှပသော မိန်းမပျိုများ... ဤကဲ့သို့သော လူသားတို့၏ စိတ်ဆန္ဒ အရှုပ်အထွေးများအပေါ် လော်ယွမ်က စိတ်ဝင်စားမှု လျော့နည်းလာခဲ့ပြီး တပ်မက်မှုကင်းမဲ့စွာ နေထိုင်လာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ လော်ယွမ်က လိုအင်ဆန္ဒများ ကင်းစင်သွားပြီဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ လေးဘက်မြင် သက်ရှိတစ်ဝက်ဖြစ်နေသော်လည်း အခြေခံအားဖြင့်တော့ သူက သက်ရှိတစ်ဦးပင် ဖြစ်နေသေးသည်။
အကျိုးရှိမည့်အရာကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်တိမ်းတတ်ခြင်းက သက်ရှိများ၏ အခြေခံ အကျဆုံး ဗီဇပင် ဖြစ်သည်။
မိမိအတွက် အကျိုးရှိမည့် ကိစ္စများနှင့် ကြုံတွေ့ရလျှင် သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမည်ဖြစ်ပြီး မိမိအတွက် ဆိုးကျိုးဖြစ်စေမည့် ကိစ္စများနှင့် ကြုံတွေ့ရလျှင်လည်း ဒေါသထွက်မိမည်သာ ဖြစ်သည်။
သူက လူသားတို့၏ အချို့သော လိုအင်ဆန္ဒများမှ ကင်းလွတ်သွားပြီး သူ၏ ဆန္ဒများက ပို၍ သန့်စင်ကာ အနှစ်သာရ ပိုရှိလာခဲ့သည်ဟုသာ ဆိုရပေမည်။
ပြီးခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း သူက အိမ်ပြင်ထွက်လေ့ မရှိသလောက်ပင် ဖြစ်သည်။ စံအိမ်ထဲတွင် နေလျှင်နေ၊ မနေလျှင် အသေးစား စကြဝဠာထဲသို့ သွားနေတတ်သည်။
မကြာသေးမီ အချိန်များအတွင်း သူက ဟင်းလင်းပြင်နှင့် လေးဘက်မြင်တို့အပေါ် ပြင်းပြသော စိတ်ဝင်စားမှု ဖြစ်ပေါ်လာခဲ့သည်။ လေးဘက်မြင် ဟင်းလင်းပြင်၏ ထူးခြားဆန်းကြယ်လှသော သဘာဝများက သူ့ကို နစ်မြောသွားစေခဲ့၏။
ယခုအချိန်တွင် သူ၏ လက်ထဲ၌ အသေးစား လေးဘက်မြင် ဟင်းလင်းပြင်တစ်ခုကို ဖန်တီးထားပြီး သူ၏ စိတ်ဆန္ဒအလျောက် အဆက်မပြတ် လိမ်ယှက်ပြောင်းလဲနေစေသည်။
နှစ်ဘက်မြင်မှနေ၍ စက်လုံးတစ်လုံးကို ကြည့်ရှုနေရသကဲ့သို့ပင် သုံးဘက်မြင် ဟင်းလင်းပြင်ထဲတွင် လေးဘက်မြင် ဟင်းလင်းပြင်၏ မျက်နှာပြင်ကိုသာ အမြဲတမ်း ထောက်လှမ်းနိုင်ပြီး ၎င်း၏ အတွင်းပိုင်းကိုတော့ လုံးဝ ထောက်လှမ်း၍ မရနိုင်ပေ။
သို့သော်လည်း လက်တွေ့တွင်မူ ၎င်း၏ အတွင်းပိုင်း၌ မည်သူမျှ မသိနိုင်သော ပိုမိုကျယ်ဝန်းသည့် ဟင်းလင်းပြင်တစ်ခု ရှိနေသည်။
ကြီးမားလှသော စကြဝဠာကြီးနှင့် မတူဘဲ ဤလေးဘက်မြင် ဟင်းလင်းပြင် သို့မဟုတ် ဟင်းလင်းပြင်စက်လုံးထဲရှိ အချင်း မိုင် ၆၀၀ ကျော်ခန့်ရှိသော အသေးစား စကြဝဠာအတွင်း၌ အမှောင်စွမ်းအင်များ အလွန်နည်းပါးလွန်းလှရာ မရှိသလောက်ပင် ဖြစ်သည်။
သိပ္ပံပညာရှင်များ၏ နောက်ဆုံး ခန့်မှန်းချက်များအရ အမှောင်ဒြပ်စင်များက တစ်ခုလုံးသော စကြဝဠာအတွင်းရှိ ဒြပ်စင်ပမာဏ၏ ၉၅ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပို၍ပင် နေရာယူထားသည်ဟု ဆိုကြသည်။
သို့သော်လည်း ဤနေရာကတော့ လေပူဖောင်းတစ်လုံးကဲ့သို့ အလယ်တွင် ဟာလာဟင်းလင်း ဖြစ်နေသည်။ အတွင်းရှိ ဒြပ်စင်များနှင့် စွမ်းအင်များမှာ အလွန်ပါးလွှာပြီး ဟာလာဟင်းလင်း ဖြစ်နေသယောင် ထင်ရသည်။ အမှောင်စွမ်းအင် ပင်လယ်ဟူ၍ မရှိသလို အမှောင်ဒြပ်စင်များလည်း လုံးဝမရှိပေ။
ဤသည်မှာ သူ၏ စွမ်းရည် ကန့်သတ်ချက်ကြောင့်လည်း ဖြစ်နိုင်သည်။ ဟင်းလင်းပြင်ကို ညှစ်ထုတ်ရာတွင် သူ ထိုးဖောက်ဝင်ရောက်နိုင်သော အတိုင်းအတာက လုံလောက်စွာ မမြင့်မားသေးပေ။
စကြဝဠာကြီးနှင့် နှိုင်းယှဉ်ပါက သူက မျက်နှာပြင် အလွှာကိုသာ ထိတွေ့နိုင်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် ဤကဲ့သို့သော အသေးစား ဟင်းလင်းပြင်က တည်ငြိမ်မှု သိပ်မရှိဘဲ ခပ်ဖိဖိလေး အားစိုက်လိုက်ရုံဖြင့် အလွယ်တကူ လှိုင်းဂယက် ထသွားနိုင်ခြင်း ဖြစ်သည်။
သို့ရာတွင် ဤအချက်ကပင် သူ၏ သုတေသန လုပ်ငန်းများအတွက် ပိုမို အဆင်ပြေစေခဲ့သည်။
လော်ယွမ်က ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီးနောက် စိတ်ဝင်စားစရာ ကောင်းသော ကိစ္စတစ်ခုကို သတိရသွားဟန်ဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူက စိတ်စွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်ကို အရှည်လိုက် ဆွဲဆန့်လိုက်သည်။ ထို့နောက် အစွန်းတစ်ဖက်ကို အတွင်းပိုင်းမှ ဆွဲထုတ်လိုက်ကာ အခြားအစွန်းတစ်ဖက်နှင့် ပတ်ကာ ချိတ်ဆက်လိုက်သည်။
ပြင်ပကမ္ဘာနှင့် စကြဝဠာ ဟင်းလင်းပြင်ကြီးတို့ ချိတ်ဆက်သွားပြီး မူလက အပြည့်အဝ ပိတ်လှောင်ထားသော လေးဘက်မြင် ဟင်းလင်းပြင်သည် အဓိပ္ပါယ်ပြည့်ဝသော ကလိုင်းပုလင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤဟင်းလင်းပြင်တွင် အပြင်နှင့် အထဲဟူ၍ ကွဲပြားမှု မရှိတော့ပေ။ ဟင်းလင်းပြင်ထဲတွင် ထူးဆန်းသော သံသရာလည်နေသည့် အပေါက်တစ်ခု ပေါ်လာသကဲ့သို့ပင်။
သုံးဘက်မြင် ရှုထောင့်မှ ကြည့်လျှင် ထိုအရာက အလွန် ထူးဆန်းနေသည်။ ၎င်းက မိမိအမြီးကို ပြန်မျိုနေသည့် မြွေတစ်ကောင်နှင့် တူနေပြီး မြွေ၏ အမြီးက အတွင်းဘက်မှ ပြောင်းပြန်လှန်ကာ မြွေ၏ ပါးစပ်ထဲမှ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းက မျက်နှာပြင်ကို ဖြတ်သန်းရန် မလိုဘဲ ခေါင်းပိုင်းမှနေ၍ စကြဝဠာ ဟင်းလင်းပြင်ကြီးဆီသို့ တိုက်ရိုက် သွားရောက်နိုင်သည်။
သေချာသည်ကတော့ ဤမျက်နှာပြင်ဆိုသည်မှာ လေးဘက်မြင် သဘောတရားအရ မျက်နှာပြင်ကို ဆိုလိုခြင်းဖြစ်ပြီး ဟင်းလင်းပြင်များကြားရှိ မတူညီသော အတိုင်းအတာများသာ ဖြစ်ကာ တကယ့် မျက်နှာပြင် အစစ်အမှန် မဟုတ်ပေ။
လော်ယွမ်က သူ၏ ကိုယ်ပိုင် ဖန်တီးမှုကို စိတ်ဝင်တစား ကြည့်ရှုနေလေ၏။
မည်သည့် ပြင်ပအားကိုမျှ သက်ရောက်ရန် မလိုဘဲ ဤအပေါက်ကလေးက တည်ငြိမ်စွာ တည်ရှိနေနိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။
ဟင်းလင်းပြင်တစ်ခုကို အကြိမ်တိုင်း အတင်းအဓမ္မ ဖောက်ထွင်းရန် မလိုတော့ဘဲ ဤအပေါက်ကို လေးဘက်မြင် ဟင်းလင်းပြင် နှစ်ခုကို ချိတ်ဆက်ပေးမည့် ခိုင်မာသော လမ်းကြောင်းတစ်ခု အဖြစ် သူ အသုံးပြုနိုင်မည် ဖြစ်သည်။
"ဟင်းလင်းပြင် စက်လုံးပေါ်မှာ ဒီလို ခိုင်မာတဲ့ လမ်းကြောင်းတစ်ခု တည်ဆောက်လိုက်ရင်ရော မကောင်းဘူးလား"
သို့သော်လည်း အလွန်လျင်မြန်စွာ တွက်ချက်နေသော သူ၏ ဦးနှောက်ကြောင့် လော်ယွမ်က ၎င်းထဲတွင် ရှိနေသော ပြဿနာကို ချက်ချင်းပင် သတိထားမိလိုက်သည်။ ထိုပြဿနာက အလွန် ပြင်းထန်သော ပြဿနာတစ်ခုပင် ဖြစ်သည်။
စမ်းသပ်မှု လုပ်ရန်အတွက် အနီးအနားရှိ လေထုကို အခြေခံ အက်တမ်များအဖြစ် သူ ချက်ချင်း ခွဲဖြာလိုက်သည်။
တစ်ချိန်တည်းမှာပင် အချို့သော အက်တမ်များက အချင်းချင်း ပေါင်းစပ်သွားကြပြီး မကြာမီမှာပင် အက်တမ်များက မော်လီကျူးများ အဖြစ်သို့ ပြန်လည် ပေါင်းစပ်သွားကာ ထိုမော်လီကျူးများက ဆဲလ်များအဖြစ်သို့ ပေါင်းစပ်သွားကြသည်။
တစ်စက္ကန့်၏ ရာပုံတစ်ပုံမျှ အချိန်အတွင်း လက်ဝါးအရွယ်အစားခန့်ရှိသော ကြွက်ဖြူလေး တစ်ကောင်သည် လေဟာပြင်ထဲမှ ဖန်ဆင်းခံလိုက်ရလေသည်။
အသစ်စက်စက် မွေးဖွားလာကာ အသိစိတ် စတင်ဝင်ရောက်လာသော ကြွက်ဖြူလေးကို လော်ယွမ်က ချက်ချင်း ထိန်းချုပ်လိုက်ပြီး ဤအပေါက်ထဲသို့ ကြောင်တောင်တောင်ဖြင့် ဝင်ရောက်သွားစေသည်။ တစ်ပတ် ပတ်ပြီးနောက် မကြာမီမှာပင် ဝင်လာခဲ့သော အပေါက်ထဲမှ ပြန်ထွက်လာခဲ့သည်။
ထိုကြွက်ဖြူလေးကို ကြည့်ရင်း လော်ယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
၎င်းကို ကြွက်ဖြူလေးဟု သတ်မှတ်ရန်ပင် အလွန် ခက်ခဲနေပြီ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေပြီး အတွင်းမှ အပြင်သို့၊ ဘယ်မှ ညာသို့ ပြောင်းပြန်လှန် ခံထားရသည်။
၎င်း၏ အရေပြားကို မမြင်ရတော့ဘဲ တစ်ကိုယ်လုံးရှိ အရိုးများမှာ အပြင်သို့ ထွက်နေသည်။ ဦးနှောက်၊ နှလုံးနှင့် ကလီစာများက လေထုထဲသို့ ထွက်ပေါ်နေရုံသာမက ပြောင်းပြန်လှန် ခံထားရသည်။
ရူပဗေဒ နိယာမများ ပျောက်ကွယ်သွားသည့် အလား သွေးများကပင် အပြင်သို့ ထွက်နေသော သွေးကြောနံရံများကို တွယ်ကပ်ကာ စီးဆင်းနေကြသည်။
၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက ထူးဆန်းစွာ အသက်ရှင်နေဆဲ ဖြစ်သည်။ သွေးများက လည်ပတ်နေပြီး နှလုံးကလည်း ခုန်နေကာ ဦးနှောက် လှိုင်းများကလည်း ပုံမှန် အတိုင်းပင် ဖြစ်နေသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပျက်သွားခဲ့သော အရာအားလုံးက ၎င်းအပေါ် လုံးဝ သက်ရောက်မှု မရှိသည့် အလားပင်။
ခန္ဓာကိုယ် သာမက စဉ်းစားတွေးခေါ်မှုများပါ ပြောင်းပြန်လှန် ခံလိုက်ရသောကြောင့် ဤကြွက်ဖြူလေးသည် မိမိကိုယ်ကိုယ် ပြောင်းလဲသွားမှန်းကိုပင် သတိပြုမိပုံ မရချေ။
သို့သော်လည်း ဤအကျိုးသက်ရောက်မှုက အပေါက်၏ အနီးအနားတွင်သာ ရှိနေသည်။ အသေးစား ဟင်းလင်းပြင်၏ လွှမ်းမိုးမှုအောက်မှ လွတ်ကင်းသွားသည်နှင့် ကြွက်ဖြူလေး၏ အတွင်းကလီစာများနှင့် သွေးများမှာ ထောက်ကန်ထားမှု မရှိတော့ဘဲ ဆွဲငင်အားကြောင့် အောက်သို့ ဗြုန်းခနဲ ပြုတ်ကျသွားကာ စက္ကန့်အနည်းငယ် အတွင်းမှာပင် အပြီးတိုင် သေဆုံးသွားလေသည်။
လော်ယွမ်က လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ သွေးများရော အလောင်းပါ ချက်ချင်း လေထုအဖြစ်သို့ ပြန်လည် ပြိုကွဲသွားကြသည်။
စမ်းသပ်မှုက လော်ယွမ်၏ ခန့်မှန်းချက်ကို သက်သေပြနိုင်ခဲ့သော်လည်း ရလဒ်ကတော့ အလွန် ဆိုးရွားလှသည်။
ဟင်းလင်းပြင်ဆိုသည်မှာ နက်ရှိုင်းသော မူလစွမ်းအား တစ်ခုဖြစ်သည်ဆိုသည်ကို ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
၎င်းက ဒြပ်စင်များ တည်ရှိမှု၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ဟင်းလင်းပြင်၏ မည်သည့် ပြောင်းလဲမှုမဆို ၎င်းထဲတွင် ရှိနေသော ဒြပ်စင်များကို သက်ရောက်မှု ရှိစေမည် ဖြစ်သည်။
ဤကဲ့သို့ လိမ်ယှက်နေသော ဟင်းလင်းပြင် လမ်းကြောင်းက တည်ငြိမ်စွာ တည်ရှိနေနိုင်သော်လည်း ၎င်းက ဟင်းလင်းပြင် နှစ်ခုကို ချိတ်ဆက်ပေးမည့် လမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုရန် မသင့်တော်ဘဲ လူသတ် လက်နက် တစ်ခုအနေဖြင့်သာ အသုံးပြုရန် သင့်တော်ပေသည်။
ဤကဲ့သို့သော ဟင်းလင်းပြင် ပြောင်းပြန်လှန်မှု အပြောင်းအလဲနှင့် ရင်ဆိုင်ရလျှင် လော်ယွမ်ကိုယ်တိုင်ပင် သတိမထားမိပါက ထောင်ချောက်ထဲ သက်ဆင်းသွားနိုင်ချေ ရှိသည်။
မည်သို့ပင်ဖြစ်စေ ဤအပြောင်းအလဲက အသံတိတ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှသည် စဉ်းစားတွေးခေါ်မှု အထိ ပြောင်းလဲသွားစေသောကြောင့် သတိပြုမိရန် အလွန် ခက်ခဲလှသည်။
သို့သော် တစ်ဖက်မှ ပြန်တွေးကြည့်လျှင် သူ၏ အစွမ်းထက်မှု အတိုင်းအတာအရ ခန္ဓာကိုယ် ပြောင်းပြန်လှန် ခံရလျှင်တောင်မှ အစိတ်အပိုင်းများကို ပြန်လည် ပေါင်းစပ်လိုက်ရုံသာ ဖြစ်ပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရရှိမည်တော့ မဟုတ်ပေ။
အကယ်၍ ကြိုတင် သိရှိထားမည် ဆိုပါက စိတ်စွမ်းအားကို အသုံးပြု၍ ဤဟင်းလင်းပြင် လိမ်ယှက်မှု စွမ်းအားကို တိုက်ရိုက် ဆန့်ကျင်နိုင်မည် ဖြစ်သည်။
"ဒါပေမဲ့ ဖြေရှင်းစရာ နည်းလမ်း မရှိတာတော့လည်း မဟုတ်ဘူး"
သူ့ရင်ထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာခဲ့သည်။
"ဦးတည်ချက် မတူညီတဲ့ ကလိုင်းပုလင်း နှစ်ခုကို သုံးပြီး ချိတ်ဆက်လိုက်လို့ ရနိုင်မလား"
သူ ထပ်မံ စမ်းသပ်ရန် ပြင်ဆင်နေချိန်မှာပင် အခန်းထဲတွင် ကွမ်တမ် လှိုင်းလေးတစ်ခု ပေါ်လာခဲ့သည်။ လော်ယွမ်က ရပ်တန့်လိုက်ပြီး တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံခန့် စောင့်ဆိုင်းလိုက်ပြီးနောက် မရေမတွက်နိုင်သော အလင်းအမှုန်လေးများက နံရံပေါ်တွင် စုစည်းသွားကြကာ မကြာမီမှာပင် ပုံရိပ်ယောင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအရာက လူသားစစ်စစ် တစ်ယောက်နှင့် မတူဘဲ ရင်သပ်ရှုမောဖွယ် အလှတရားကို ပိုင်ဆိုင်ထားသည့် လူငယ် အမျိုးသမီးလေး တစ်ဦး၏ ပုံရိပ် ဖြစ်သည်။
သေချာသည်ကတော့ သူမသည် လူသားအစစ် မဟုတ်ဘဲ မူလ ပုံရိပ်ယောင် ကမ္ဘာ၏ ဉာဏ်ရည်တု တစ်ခုသာ ဖြစ်သည်။
သူမက ယခုအခါတွင် တစ်ခုလုံးသော အာကာသ မြို့တော်ကို ကူညီ စီမံခန့်ခွဲပေးနေသည့် ပင်မ ပရိုဂရမ်တစ်ခုလည်း ဖြစ်သည်။
"သခင်... ဟင်းလင်းပြင် ရူပဗေဒနဲ့ ဟင်းလင်းပြင် ကွေးညွတ်မှုဆိုင်ရာ ဓာတ်ခွဲခန်းက တာဝန်ခံက သခင့်ကို တွေ့ခွင့်တောင်းနေပါတယ်"
လော်ယွမ်က ခေတ္တမျှ တန့်သွားပြီးနောက်...
"ဒါဆိုရင်လည်း သူတို့ကို ဝင်လာခိုင်းလိုက်ပါ"
ဆယ်နှစ်ကျော်ကြာ ကြယ်တာရာ ခရီးစဉ်အတွင်း တိုးတက်မှု သိပ်မရှိခဲ့သော ကဏ္ဍတစ်ခုကို ပြရမည်ဆိုလျှင် ၎င်းမှာ ရူပဗေဒပင် ဖြစ်သည်။
ရူပဗေဒ နယ်ပယ်ဆိုသည်မှာ အသစ်အဆန်းများနှင့် မသိသေးသော အရာများကို ရှာဖွေ ဖော်ထုတ်မှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။
ပုံရိပ်ယောင် ကမ္ဘာက မည်မျှပင် လက်တွေ့ကျကျ ဖန်တီးထားစေကာမူ သိပြီးသား နယ်ပယ်များကိုသာ လွှမ်းခြုံထားနိုင်စွမ်း ရှိသည်။
ထို့အပြင် အာကာသယာဉ်ပေါ်တွင် စွမ်းအင်မြင့် စမ်းသပ်မှုများကို ပြုလုပ်နိုင်စွမ်း မရှိခြင်းကြောင့် ပြီးခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း ခန့်မှန်းချက်များနှင့် သီအိုရီများ အများအပြား ရှိခဲ့သော်လည်း တိကျစွာ အတည်ပြုနိုင်စွမ်း မရှိခဲ့ပေ။
ဟင်းလင်းပြင် ရူပဗေဒနှင့် ဟင်းလင်းပြင် ကွေးညွတ်မှုဆိုင်ရာ ဓာတ်ခွဲခန်းကတော့ ဤပြဿနာကို အဆိုးရွားဆုံး ကြုံတွေ့နေရသော နေရာတစ်ခုပင် ဖြစ်သည်။
ဤဓာတ်ခွဲခန်းကို တည်ထောင်ခဲ့ချိန်မှစ၍ မဟာဗျူဟာမြောက် အရေးပါသော ဓာတ်ခွဲခန်းတစ်ခု ဖြစ်ခဲ့ပြီး ၎င်းအတွင်း၌ အကောင်းဆုံးသော ဟင်းလင်းပြင် ရူပဗေဒ ပညာရှင် အများအပြားကို စုစည်းထားခဲ့သည်။
သို့သော်လည်း အချိန်အတော်ကြာသည်အထိ အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဗိုရှင်းဂြိုဟ်သားများ၏ အဆင့်ကိုပင် အမီမလိုက်နိုင်သေးပေ။
အဓိက အကြောင်းရင်းကို ရှာဖွေရမည်ဆိုလျှင် တစ်ဖက်တွင် ရူပဗေဒ သီအိုရီ နယ်ပယ်သည် လက်တွေ့ အသုံးချ နယ်ပယ်များကဲ့သို့ ကူးယူရန် မလွယ်ကူခြင်းကြောင့် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အာကာသယာဉ်ပေါ်တွင် အမြဲတမ်း နေထိုင်နေရသောကြောင့် စမ်းသပ်မှု ပြုလုပ်ရန် အခြေအနေ မပေးခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် စိတ်ကူးယဉ် အကြံဉာဏ်များ အားလုံးသည် စာရွက်ပေါ်တွင်သာ ကျန်ရစ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်းမှသာ ပြန်လည်၍ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
အခြေအနေ အရပ်ရပ်ကို ထောက်ရှုကြည့်လျှင် ဗိုရှင်းဂြိုဟ်သားများ၏ ဟင်းလင်းပြင် ရူပဗေဒဆိုင်ရာ သုတေသနမှာ အတော်လေး နက်ရှိုင်းနေပြီ ဖြစ်သည်။ ဗိုရှင်း မိခင်ယာဉ်ကြီးပေါ်ရှိ ထိုဆွဲငင်အား ထုတ်လုပ်ပေးသည့် စက်ကို ကြည့်ခြင်းအားဖြင့် ဤအချက်ကို ထင်ရှားစွာ သိမြင်နိုင်ပေသည်။
ဆွဲငင်အားက ဟင်းလင်းပြင် ကွေးညွတ်မှုကြောင့် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ ဟင်းလင်းပြင် ကွေးညွတ်မှုက ဆွဲငင်အားကို ဖြစ်ပေါ်စေသည်ဖြစ်စေ၊ ဤအရာနှစ်ခုက အချင်းချင်း နီးကပ်စွာ ဆက်စပ်နေပြီး တစ်ခုတည်းသော အရာ၏ မျက်နှာစာ နှစ်ခုပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဆွဲငင်အားကို ထိန်းချုပ်နိုင်ခြင်းက ဟင်းလင်းပြင် ကွေးညွတ်မှုဆိုင်ရာ ပျံသန်းခြင်းနည်းပညာနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သေချာသည်ကတော့ ဤခြေတစ်လှမ်းက အလွန် ခက်ခဲကြမ်းတမ်းလှပေသည်။
၎င်းက လူသားများ ရေနွေးငွေ့အင်ဂျင်ကို တီထွင်ရာမှ လက်တွေ့အသုံးချနိုင်သော သင်္ဘောတစ်စီးအဖြစ် တည်ဆောက်နိုင်သည်အထိ အလွန်ကြီးမားပြီး ခက်ခဲသော ခုန်ပျံကျော်လွှားမှု တစ်ခုကဲ့သို့ပင် ဖြစ်ပေတော့သည်။
ဆက်ရန်...
အပိုင်း(၅၄၀) မန်ကျွင်းဟွာ၏ အကြောက်တရား
တိတ်ဆိတ်ငြိမ်သက်နေသော စင်္ကြံလမ်းထက်တွင် ခြေသံများက ဟိန်းထွက်ကာ ပဲ့တင်ထပ်နေ၏။
စံအိမ်တော်က ကျယ်ဝန်းလှသော်လည်း အစောင့်များက ဖြတ်သန်းခွင့်ပြုပြီးနောက် မန်ကျွင်းဟွာက မည်သူ့ကိုမျှ ထပ်မတွေ့ရတော့ချေ။
လူသူကင်းမဲ့နေသော အိမ်အလွတ်ကြီးကဲ့သို့ တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းနေသဖြင့် မန်ကျွင်းဟွာ၏ စိတ်ထဲတွင် ရင်တထိတ်ထိတ် ဖြစ်နေမိသည်။
သူက အဆင့်မြင့် သိပ္ပံအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦး၊ မဟာဗျူဟာ ဓာတ်ခွဲခန်း၏ တာဝန်ခံဖြစ်ပြီး ခေတ်မီစက်ရုံ အများအပြားကို သွယ်ဝိုက်၍ ထိန်းချုပ်ထားသူ ဖြစ်သည်။
အစိုးရ ထိပ်တန်းအရာရှိများနှင့် တွေ့လျှင်ပင် တန်းတူရည်တူ ဆက်ဆံနိုင်ပြီး ဉာဏ်ရည်ပိုင်းတွင်လည်း အသာစီးရသူ ဖြစ်သော်လည်း ယခု တွေ့ဆုံရမည့် ပုဂ္ဂိုလ်ကြောင့် သူ၏ လက်ဖဝါးများမှ ချွေးစေးများ ပျံနေမိသည်။
အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်မှာ သူ၏အမြင်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ထိုသူ၏ အစွမ်းထက်မြက်မှုကို ယနေ့ခေတ် သိပ္ပံပညာဖြင့်ပင် ရှင်းပြ၍ မရနိုင်ချေ။
သူက အမြင့်မြတ်ဆုံးဖြစ်ပြီး လူသားတို့ စိတ်ကူးယဉ်နိုင်စွမ်း၏ အမြင့်ဆုံး အတိုင်းအတာလည်း ဖြစ်သည်။
ထိုသို့သော ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် မည်မျှပင် မြင့်မားသော ရာထူး၊ ကြီးမားသော အာဏာရှိစေကာမူ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ သေးသိမ်သွားရသည်။
...
မန်ကျွင်းဟွာက သူ၏ ခြေအောက်ရှိ ကြမ်းပြင်မှာ ပုံမှန်မဟုတ်ဘဲ ချောမွေ့နေသည်ကို သတိပြုမိလိုက်သည်။ မျက်စိကျိန်းလောက်အောင် ဖြူဖွေးနေပြီး မှန်တစ်ချပ်ကဲ့သို့ ပြောင်လက်နေ၏။
ထိုကဲ့သို့သော ဒြပ်စင်မျိုးကို သူ စိမ်းလှသည်တော့ မဟုတ်ပေ။ ၎င်းမှာ မြင့်မားသော ပြိုကျမှုအချိုးရှိသည့် အကန့်အသတ် အပေါ်ယံလွှာ တစ်မျိုးဖြစ်သည်။
ဗိုရှင်းဂြိုဟ်သားတို့၏ အာကာသယာဉ် အပြင်နှင့် အတွင်းတွင် ထိုဒြပ်စင်ကို သုတ်လိမ်းထားသည်။
အလွန်ပါးလွှာသော အလွှာလေးတစ်ခုမျှသာ ရှိသော်လည်း ၎င်း၏ တည်ရှိမှုက အာကာသယာဉ်၏ ပျံသန်းမှု လေထုခုခံအားကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး ကာကွယ်နိုင်စွမ်းကို ရာခိုင်နှုန်း ၁၀၀၀ အထိ မြှင့်တင်ပေးသည်။
ဒြပ်ထုသေးငယ်သော ဥက္ကာပျံအချို့က အလင်းအလျင်၏ ထက်ဝက်နှုန်းဖြင့် ဝင်တိုက်လျှင်ပင် ထိုအပေါ်ယံလွှာကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
ဤအပေါ်ယံလွှာ၏ နောက်ကွယ်တွင် လူသားတို့အတွက် မျှော်လင့်ချက်မဲ့လောက်အောင် ကွာဟနေသော နည်းပညာ ကွာဟချက်ကြီး ရှိနေသည်။
သို့သော် ဤနေရာတွင်မူ နေရာတိုင်း၌ ရှိနေသည်။ ကြမ်းပြင်တွင်သာမက အဆောက်အအုံ၏ မျက်နှာပြင်များတွင်ပါ ထိုဒြပ်စင်များကို သုတ်လိမ်းထားသဖြင့် မန်ကျွင်းဟွာကို အံ့သြမှင်တက်သွားစေသလို တစ်ဖက်တွင်လည်း နှမြောတသ ဖြစ်သွားစေသည်။
အကယ်၍ ဤပစ္စည်းများကို ဟင်းလင်းပြင်ကွေးညွှတ်အင်ဂျင် တည်ဆောက်ရာတွင် အသုံးပြုမည်ဆိုပါက ပစ္စည်းသိပ္ပံပညာရပ်တွင် ရင်ဆိုင်နေရသော အခက်အခဲ ပြဿနာများအားလုံး လွယ်ကူစွာ ပြေလည်သွားပေလိမ့်မည်။
သို့သော်လည်း အလွန်မြင့်မြတ်လှသော လော်ယွမ့်ရှေ့တွင် မည်သူကမျှ ဤကဲ့သို့သော တောင်းဆိုမှုကို ပြုလုပ်ရဲမည် မဟုတ်ပေ။
အမှန်တကယ်တော့ မန်ကျွင်းဟွာ မသိသည့်အချက်မှာ ဤအပေါ်ယံလွှာများ၏ ပြိုကျမှုအချိုးက အာကာသယာဉ်ပေါ်ရှိ အလွှာများနှင့် နှိုင်းယှဉ်၍မရအောင် ကွာခြားနေခြင်းပင် ဖြစ်သည်။
ထိုစဉ်က လော်ယွမ်က အာကာသယာဉ်ပေါ်တွင် ရှိနေခဲ့သဖြင့် သူ၏ အစွမ်းကုန် မထုတ်သုံးနိုင်ခဲ့ပေ။
ထို့ကြောင့် အာကာသယာဉ်ပေါ်ရှိ ပြိုကျမှုအချိုးမှာ ၄,၀၀၀ မျှသာ ရှိသော်လည်း ဤနေရာရှိ အပေါ်ယံလွှာများ၏ ပြိုကျမှုအချိုးမှာမူ ၆၀,၀၀၀ အထိ ရှိနေလေသည်။
လပေါင်းများစွာ ဆက်တိုက်ဆိုသလို ဟင်းလင်းပြင်ကွေးညွှတ်ပျံသန်းမှု ပြုလုပ်ခဲ့ခြင်းက လော်ယွမ်၏ စိတ်စွမ်းအားကို ပိုမိုခိုင်မာအားကောင်းလာစေခဲ့သည်။
ယခင်ကထက် စာလျှင် သူက အက်တမ်များကို ပိုမိုသိပ်သည်းလာအောင် ဖိသိပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
...
စောင့်ဆိုင်းနေရသော ဆယ်မိနစ်ကျော် အချိန်အတွင်း လော်ယွမ်က တည်ငြိမ်သော အထက်အောက် နှစ်ဖက်သွား ကလိုင်းယင်းပုလင်း လမ်းကြောင်းတစ်ခုကို ဖန်တီးထားပြီး အကြိမ်ဆယ်ချီ၍ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
လော်ယွမ်အတွက်ပင်လျှင် ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှများပြားသော လုပ်ငန်းစဉ်များကို လုပ်ဆောင်ရသည်မှာ အနည်းငယ် ပင်ပန်းသည်ဟု ခံစားရစေသည်။
ကလိုင်းယင်းပုလင်းသည် ပုံမှန်အဓိပ္ပာယ်အရ လေးဘက်မြင် ဟင်းလင်းပြင် မဟုတ်ပေ။ ၎င်းသည် လေးဘက်မြင် တစ်ဝက်ခန့်နှင့် ပိုတူသည်။ လုပ်ဆောင်ရသည်မှာ မရှုပ်ထွေးသော်လည်း အလွန်တရာ အန္တရာယ်များလှသည်။
သူကိုယ်တိုင်ပင် အစအဆုံး သတိထား၍ ထိန်းချုပ်နေရသည်။ အနည်းငယ် ပေါ့ဆမိသည်နှင့် လေးဘက်မြင် တစ်ခုလုံးသည် လုံးဝကျဆင်းသွားကာ လေးဘက်မြင်မှ သုံးဘက်မြင်သို့ ပြုတ်ကျသွားမည် ဖြစ်သည်။
ဤသည်မှာ ဟင်းလင်းပြင် ဗုံးတစ်လုံး ပေါက်ကွဲသွားသည်ထက် မလျော့ပေ။ ချက်ချင်း ပွင့်ထွက်သွားမည့် မျက်နှာပြင်က ဟင်းလင်းပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလိမ့်မည်။
ထိုကဲ့သို့သော ဟင်းလင်းပြင် တုန်ခါမှုမျိုးတွင် ပြိုကျမှုအချိုး ၆၀,၀၀၀ ရှိသော အကန့်အသတ် ဒြပ်စင်ပင်လျှင် သာမန်ဒြပ်စင်များနှင့် သိပ်ကွာခြားမည် မဟုတ်ချေ။
သူကိုယ်တိုင် အန္တရာယ်ကင်းစွာ ရှင်သန်နိုင်လျှင်တောင်မှ အာကာသမြို့တော် တစ်ခုလုံး အလုံးစုံ ပျက်စီးသွားလောက်ပေသည်။
သေချာပေါက် ကြိုတင်သိမြင်နိုင်စွမ်း ရှိသော လော်ယွမ်အတွက်မူ ထိုကဲ့သို့သော ကပ်ဘေးမျိုး ဖြစ်ပေါ်လာရန် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင် ဖြစ်သည်။
ယခုအချိန်တွင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ကလိုင်းယင်းပုလင်း အပေါက်နှစ်ခုပါ လမ်းကြောင်းလေးတစ်ခုက သူ၏ လက်ဖဝါးထဲတွင် မရပ်မနား လည်ပတ်နေသည်။
နောက်တစ်ဆင့်ဖြစ်သော မိုက်ခရိုစကြဝဠာနှင့် ချိတ်ဆက်မည့် အလုပ်ကို စတင်ရန် ပြင်နေစဉ်မှာပင် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် မန်ကျွင်းဟွာက တံခါးပေါက်မှ ဝင်လာကာ ခန်းမကြီးထဲသို့ အလိုအလျောက် လှမ်းကြည့်လိုက်သည်။
အလင်းရောင်များ လွှမ်းခြုံနေသော လူရိပ်တစ်ခုကို တွေ့လိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကြောင့် သူကိုယ်တိုင် မုန်တိုင်းဗဟိုချက်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ခန်းမကြီး တစ်ခုလုံးက မယုံနိုင်လောက်အောင် ကျယ်ဝန်းလှသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းပေ တစ်သန်းကျော်ခန့် ရှိပြီး အမြင့်မှာ ပေ ၁၆၀ မှ ၂၀၀ ခန့်အထိ ရှိသည်။
သို့သော် လော်ယွမ်၏ ပုံရိပ်မှာ သူ၏အမြင်တွင် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသော ဧရာမလူဘီလူးကြီး တစ်ဦးကဲ့သို့ ဖြစ်နေသည်။
မန်ကျွင်းဟွာက တစ်ချက်သာ ကြည့်လိုက်ရသေးသော်လည်း သူ၏ စိတ်ထဲတွင် ဝေဝါးသွားပြီး ဦးရေပြားများ ထုံကျဉ်လာသဖြင့် လန့်ဖြန့်ကာ အလျင်အမြန် ခေါင်းငုံ့ချလိုက်မိသည်။
သူ၏ ယခု လော်ယွမ်နှင့် တွေ့ဆုံရန် တောင်းဆိုမှုမှာ ကျားကိုမကြောက်သော နွားပေါက်စလေးကဲ့သို့ ဖြစ်နေခဲ့သည်။
တစ်ဖက်လူက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။
အဝေးမှ တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုလဲကျလုမတတ် ဖြစ်သွားရသည်။
"ခင်ဗျား ကျွန်တော့်ကို ဘာကိစ္စတွေ့ချင်တာလဲ"
လော်ယွမ်၏ အသံက သာမန်သက်ရှိများအတွက်မူ သက်တောင့်သက်သာ ရှိလှသည်ဟု လုံးဝ ဆို၍မရပေ။
အသံက ဩရှရှနှင့် လေးနက်လှကာ သတ္တုသံကဲ့သို့ ပြင်းထန်သော ထိုးဖောက်နိုင်စွမ်း ပါဝင်သည်။
ထို့အပြင် စိတ်နှလုံးနှင့် အကြားအာရုံ နှစ်ခုလုံးကို တုန်ခါသွားစေပြီး ဧရာမစက်ယန္တရားကြီး တစ်ခု ဟိန်းဟောက်လိုက်သကဲ့သို့ ခံစားရကာ ဟင်းလင်းပြင်ကိုယ်တိုင်ပင် တသိမ့်သိမ့် တုန်ခါသွားသယောင် ရှိသည်။
"ကျွန်တော်... ကျွန်တော်"
မန်ကျွင်းဟွာ၏ မျက်နှာက ဖြူလျော့သွားပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
ဤသည်မှာ အဆင့်မြင့် သက်ရှိတစ်ခုက အဆင့်နိမ့် သက်ရှိများအပေါ် လွှမ်းမိုးထားသည့် သဘာဝ အရှိန်အဝါပင် ဖြစ်သည်။
လော်ယွမ်က သူ၏ စွမ်းအင်များကို ရုပ်သိမ်းထားလျှင်တောင်မှ ထိုလွှမ်းမိုးနိုင်စွမ်းကို အပြည့်အဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ချေ။
ထို့အပြင် သူက လော်ယွမ်နှင့် တစ်ခါမှ မတွေ့ဖူးခဲ့သဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် ထိုအရှိန်အဝါက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"မလန့်ပါနဲ့" လော်ယွမ်က ပြဿနာကို ရိပ်မိသွားပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို ချက်ချင်း ရုပ်သိမ်းလိုက်ကာ ပြောလိုက်သည်။
"ခင်ဗျားက မန်ကျွင်းဟွာ မလား... ကျွန်တော် ခင်ဗျားအကြောင်း ကြားဖူးတယ်... ခင်ဗျားရဲ့ ကွမ်တမ်စွမ်းအင် လွှဲပြောင်းမှု သီအိုရီကိုလည်း ကျွန်တော် ဖတ်ဖူးတယ်"
ပြီးခဲ့သည့် နှစ်များအတွင်း လော်ယွမ်က အပြင်အပသို့ သိပ်မထွက်ဘဲ နေထိုင်ခဲ့သော်လည်း လူသားများ၏ တိုးတက်ပြောင်းလဲမှုများကို လုံးဝ လျစ်လျူရှုထားခဲ့သည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ လူသားများ၏ နောက်ဆုံးပေါ် နည်းပညာ တိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး ထိုအရာများမှတစ်ဆင့် အကျိုးအမြတ်များကို ရယူနေခဲ့သည်။
လော်ယွမ်က သူ၏အကြောင်းကို ကြားဖူးပြီး သူ၏ စာတမ်းများကို ဖတ်ဖူးသည်ဟု ကြားလိုက်ရချိန်တွင် မန်ကျွင်းဟွာ၏ ရင်ထဲ၌ ပြင်းထန်သော စိတ်လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မျက်နှာက နီရဲသွားပြီး စကားများပင် ထစ်ငေါ့ကာ ပြောလိုက်သည်။ "မြို့တော်ဝန်... အရှင်က ကျွန်တော်ရေးထားတဲ့ စာတမ်းကို တကယ် ဖတ်ဖူးတာလား"
လော်ယွမ်က သူ၏ ရိုင်းစိုင်းမှုကို လုံးဝ ဂရုမစိုက်ဘဲ အသံနေအသံထား အပြောင်းအလဲ သိပ်မရှိဘဲ ပြောလိုက်သည်။
"ကွမ်တမ်ဖြစ်စဉ် ဆိုတာ လေးဘက်မြင် စကြဝဠာရဲ့ အဏုမြူအဆင့် သရုပ်ဖော်မှုတစ်ခုပဲ... ခင်ဗျားမှာ လေးဘက်မြင် အမြင်အာရုံ မရှိပေမဲ့ လေးဘက်မြင် ကမ္ဘာရဲ့ စွမ်းအင်လွှဲပြောင်းမှု ပုံစံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်... အဲ့ဒါက ကျွန်တော့်ရဲ့ သံသယ တော်တော်များများကို ဖြေရှင်းပေးနိုင်ခဲ့တယ်"
ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်နှင့် ပတ်သက်လာချိန်တွင် မန်ကျွင်းဟွာက အကြောက်တရားများကို ချက်ချင်း မေ့လျော့သွားပြီး ပြင်းထန်သော သိချင်စိတ်ပြင်းပြမှုဖြင့် အလျင်အမြန် မေးလိုက်သည်။
"လေးဘက်မြင် ဆိုတာ ဘယ်လို ခံစားချက်မျိုးလဲ"
လော်ယွမ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။
"အဲ့ဒါကို စကားလုံးတွေနဲ့ ဖော်ပြဖို့ မဖြစ်နိုင်ဘူး... ပြောပြရင်တောင် ခင်ဗျားလို သုံးဘက်မြင် သက်ရှိအနေနဲ့ နားလည်နိုင်မှာ မဟုတ်ဘူး"
"အဲ့ဒါက လိမ်ကောက်ပြီး ပိတ်လှောင်နေတဲ့ ဟင်းလင်းပြင် တစ်ခုလိုပဲ... သုံးဘက်မြင် သက်ရှိတွေ မြင်ရတာက အမြဲတမ်း လေးဘက်မြင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ရှိတယ်"
"မျက်မမြင် ဆင်စမ်းသလိုပေါ့" မန်ကျွင်းဟွာက ဉာဏ်ပညာဆေးရည် သောက်သုံးထားသူ တစ်ဦးဖြစ်ရာ ဉာဏ်ရည်က သဘာဝအရ နိမ့်ကျမနေသဖြင့် လျင်မြန်စွာပင် နားလည်သွားခဲ့သည်။
"ဟုတ်တယ်... မျက်မမြင် ဆင်စမ်းသလိုပဲ" လော်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို... အရှင်က... လေးဘက်မြင် သက်ရှိလား"
"အဝေးကြီး လိုပါသေးတယ်" လော်ယွမ်က စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ဒါဆို အရှင် နားလည်ထားတဲ့ ဟင်းလင်းပြင် ဆိုတာက ဘာလဲ... ပြီးတော့ အရှင်က ဟင်းလင်းပြင်ကွေးညွှတ်ပျံသန်းမှုကို ဘယ်လို လုပ်ဆောင်တာလဲ" မန်ကျွင်းဟွာက ဤကဲ့သို့သော အလွန်ရှားပါးသည့် အခွင့်အရေးကို အသုံးချကာ ဆက်တိုက် မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားရဲ့ မေးခွန်းတွေက နည်းနည်း များနေတယ်" လော်ယွမ်က ပြောလိုက်သည်။
မန်ကျွင်းဟွာက ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားချိန်မှာပင် လော်ယွမ်က ဆက်ပြောလိုက်သည်။
"ခင်ဗျား သိချင်တဲ့ အဖြေတွေ အားလုံးကို ကျွန်တော် ခင်ဗျားဆီ တိုက်ရိုက် လွှဲပြောင်းပေးလိုက်မယ်... ခင်ဗျားအတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်လိမ့်မယ်"
မန်ကျွင်းဟွာက ထိုစကား၏ အဓိပ္ပာယ်ကို သေချာ နားမလည်သေးခင်မှာပင် နောက်တစ်စက္ကန့်၌ သူ၏ ဦးခေါင်းထက်သို့ ဒြပ်ရှိသောအရာတစ်ခုကဲ့သို့ အကြည့်တစ်ချက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူ့၏ ဦးနှောက်က ရုတ်တရက် အေးစက်သွားပြီး အကာအကွယ် အားလုံး လုံးဝ ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်ကာ ဦးနှောက်တစ်ခုလုံး အပြင်ဘက်သို့ ထွက်ကျနေသယောင် ခံစားလိုက်ရသည်။
ချက်ချင်းပင် သူ၏ ဦးနှောက်က ဝေဝါးသွားပြီး ခေါင်းမူးလာကာ ရေတွက်၍မရနိုင်သော မှတ်ဉာဏ်များက ဒီရေလှိုင်းများကဲ့သို့ သူ၏ ခေါင်းထဲသို့ အဆက်မပြတ် စီးဝင်လာခဲ့သည်။
လော်ယွမ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်မူ သာမန်လူတစ်ယောက်၏ မှတ်ဉာဏ်များက သူ၏ မျက်စိရှေ့တွင် အကာအကွယ် လုံးဝမရှိဘဲ အကုန်အစင် မြင်တွေ့နေရခြင်းပင် ဖြစ်သည်။
အဆုံးအစမရှိသလောက် မြင့်မားသော တွက်ချက်နိုင်စွမ်းကြောင့် လော်ယွမ်သည် ဦးနှောက်အပေါ်ယံလွှာရှိ လျှပ်စစ်လှိုင်း အချက်ပြမှုများကို ပြောင်းလဲခြင်းဖြင့် မှတ်ဉာဏ်များကို အလွယ်တကူ ဖတ်ရှုခြင်း၊ ဖျက်ပစ်ခြင်း၊ ပြုပြင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
ထို့အပြင် လေးဘက်မြင် ကမ္ဘာ၏ ကြောက်မက်ဖွယ်ကောင်းသော သတင်းအချက်အလက် ပမာဏနှင့် နှိုင်းယှဉ်လျှင် လူသားတစ်ဦး၏ ဦးနှောက်ရှိ သတင်းအချက်အလက် ပမာဏကို ကိုင်တွယ်ရသည်မှာ သူ၏အဖို့ ထမင်းစား ရေသောက်သကဲ့သို့ အလွန်လွယ်ကူလှသည်။
လော်ယွမ်က မှတ်ဉာဏ်များကို ဖတ်ရှုရန် ရည်ရွယ်ချက် မရှိခဲ့လျှင်တောင်မှ မန်ကျွင်းဟွာ၏ တစ်သက်တာ မှတ်ဉာဏ်များက သူ၏ ခေါင်းထဲတွင် ချက်ချင်း ရှင်းလင်းစွာ စီးဆင်းသွားပြီး ပိုင်ရှင်ဖြစ်သူကိုယ်တိုင်ထက်ပင် ပို၍ နက်ရှိုင်းစွာ မှတ်မိနေလေသည်။
စက္ကန့်တစ်ရာပုံ တစ်ပုံခန့် အကြာတွင် လော်ယွမ်က ရပ်တန့်လိုက်သည်။ "ခင်ဗျား အသေးစားစကြဝဠာထဲမှာ ဟင်းလင်းပြင် ဓာတ်ခွဲခန်း တစ်ခု တည်ဆောက်ချင်တယ် ဆိုတာကို ကျွန်တော် သဘောတူတယ်... မနက်ဖြန်ကျရင် အသေးစားစကြဝဠာရဲ့ လမ်းကြောင်းကို ကျွန်တော် ဖွင့်ပေးမယ်... တခြားကိစ္စ ရှိသေးလား"
...
မန်ကျွင်းဟွာက တွေဝေငေးမောနေပြီး သူ၏ ဦးနှောက်မှာ တစ်စုံတစ်ရာဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ ခံစားနေရသည်။ ခန်းမကြီးထဲတွင် သူ ဘာတွေ ပြောခဲ့မိသည်ကိုပင် လုံးဝ မသိတော့ပေ။
သူက လူမူးတစ်ယောက်ကဲ့သို့ ယိုင်တိုင်တိုင်ဖြင့် လော်ယွမ်၏ စံအိမ်တော်ထဲမှ ထွက်လာခဲ့သည်။ ခေတ္တမျှ ရပ်နေပြီးနောက် လေအေးများ တိုက်ခတ်လာချိန်မှသာ သူ၏ စိတ်က တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ "သူက ငါ့အတွေးတွေကို ဘယ်လိုလုပ် သိနေတာလဲ... ငါ ဘာမှတောင် မပြောရသေးဘူးလေ"
သူ၏ ခေါင်းထဲတွင် ပိုတိုးလာသော အတိုင်းအဆမရှိ ကြီးမားသည့် မှတ်ဉာဏ်များကို ခံစားလိုက်ရပြီးနောက် ရုတ်တရက် သူ၏ ရင်ထဲတွင် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိလိုက်သဖြင့် ကျောပြင်မှ ချွေးစေးများပင် စိမ့်ထွက်လာခဲ့တော့သည်။
ဆက်ရန်...