အခန်း (၇၄၅-၇၄၇)
Vol. 50 Ch. 745-747
Chapter 745 - မင်းက နတ်ဆိုးများကို ဖျက်ဆီးမယ့် တဘောင်လာတဲ့ ပုဂ္ဂိုလ်ပဲ
ကိုးဘုံငရဲ ရေခဲမီးတောက်ဟာ နတ်ဆိုးများအတွက် အသေအပျောက် အများဆုံး ထာဝရ မီးတောက်များထဲက တစ်ခုပင်။
အခု ရှန်မို သူတော်စင် ဖြစ်လာပြီဖြစ်၍ သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအားများမှာ အစင်ကြယ်ဆုံး သူတော်စင် စွမ်းအားများအဖြစ် ပြောင်းလဲနေလေပြီ။
ဒီသူတော်စင် စွမ်းအားများ၏ အထောက်အပံ့ကြောင့် ကိုးဘုံငရဲ ရေခဲမီးတောက်၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
နတ်ဆိုးများနှင့် ရင်ဆိုင်ရသည့်အခါမှာ အသုံးပြုရတာ အရမ်း လွယ်ကူသွားခဲ့ပြီ။
နတ်ဆိုးသူတော်စင် တစ်ပါးကို ရင်ဆိုင်နေရရင်တောင်မှပေါ့။
ဘုန်း! ဘုန်း! ဘုန်း!
အဖြူရောင် ရေခဲမီးတောက်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့၏။
အသက်စွမ်းအားများနှင့် ရောနှောသွားကာ...
ခဏချင်းအတွင်းမှာပဲ ဟွေကျိုးကို ဝါးမြိုပစ်လိုက်သည်။
မီးတောက်များထဲကနေ ဟွေကျိုး၏ ဒေါသတကြီးနှင့် ထိတ်လန့်တုန်လှုပ်နေတဲ့ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
“ကိုးဘုံငရဲ ရေခဲမီးတောက်… မင်းဆီမှာ ကိုးဘုံငရဲ ရေခဲမီးတောက် တကယ် ရှိနေတာလား”
“မင်းက နတ်ဆိုးတွေကို ဖျက်ဆီးမယ့် တဘောင်လာတဲ့ ပုဂ္ဂိုလ်ပဲ”
“အား”
စူးရှသော နာကျင်မှုကြောင့် ဟွေကျိုးမှာ အာရုံစိုက်လို့ မရတော့ချေ။
သူ့၏ ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်နေသည့် နတ်ဆိုးအငွေ့အသက်များက အခုဆိုရင် ထာဝရ မီးတောက်များအတွက် လောင်စာများ ဖြစ်ကုန်ပြီ။
နတ်ဆိုးအငွေ့အသက်များ ပိုများလေလေ၊ မီးတောက်များ ပိုပြီး ပြင်းပြင်းထန်ထန် တောက်လောင်လေလေပင်။
သူ့အတွက် ထွက်ပြေးဖို့ ပို ခက်ခဲလာခဲ့ပြီး ခဏလေးအတွင်းမှာပဲ ကိုးဘုံငရဲ ရေခဲမီးတောက်၏ အရွယ်အစား ကြီးမားလာခဲ့သည်။
ဤသည်မှာ နတ်ဆိုးအငွေ့အသက်များကို အလုံအလောက် ဝါးမြိုပြီး ပိုပြီး ကြောက်စရာကောင်းလာသည်မှာ ထင်ရှားလှ၏။
အရှင်သခင်များ ထိတ်လန့်တုန်လှုပ်စွာနှင့် ကြည့်နေကြသည်။
ကိုးဘုံငရဲ ရေခဲမီးတောက်။
နတ်ဆိုးများအပေါ်မှာ အထိရောက်ဆုံးဖြစ်သည့် ထာဝရ မီးတောက် အနည်းငယ်ထဲက တစ်ခု။
ရှန်မိုဆီမှာ ဒါရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
သူ ဘာမှ မကြောက်ဘဲ ဟွေကျိုးကို ဘာလို့ အရင် တိုက်ခိုက်ခဲ့သလဲဆိုတာ အခုမှ သိလိုက်ရတော့သည်။
ဒီအတိုင်းဆိုရင် ဟွေကျိုး တကယ်ပဲ ဒီမှာ ပိတ်မိသွားနိုင်တာလား။
အရှင်သခင်များ၏ စိတ်ထဲမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့သည်။
ရှန်မို အထက်ကနေ ဟွေကျိုးကို ငုံ့ကြည့်နေေသော်လည်း သူ့၏ အာရုံကတော့ ပိုပြီး ဝေးကွာတဲ့ နေရာကို ရောက်နေလေပြီ။
နောက်ထပ် ယုတ်မာသော နတ်ဆိုးအငွေ့အသက်တစ်ခု ရောက်ရှိလာသည်အား သူ ခံစားလိုက်ရ၏။
“သောက်ကျိုးနည်း... သောက်ကျိုးနည်း”
ဟွေကျိုးမှာ နာကျင်လွန်းလို့ အော်ဟစ်နေရင်းနှင့် ညစ်ညမ်းလေအိုးကို ထုတ်ပြီး ရိုက်ခွဲပစ်လိုက်ရတော့သည်။
သူတော်စင် လက်နက်ကို ဖျက်ဆီးလိုက်သောအခါ ထွက်ပေါ်လာသည့် ပြင်းထန် မုန်တိုင်းက မီးတောက်များကို လွင့်စင်သွားစေခဲ့သည်။
သူ့ သွားများကို ကြိတ်ကာ ဟွေကျိုးတစ်ယောက် မီးလောင်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်ထုတ်ပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့၏ ပုံရိပ်က အရွယ်အစား တစ်ခုစာလောက် သေးသွားခဲ့ပြီး သူတော်စင်ငါးပါး နတ်ဆိုးနိုင်ငံတော်၏ နက်ရှိုင်းရာဆီကို ထွက်ပြေးသွားခဲ့တော့၏။
သူ ချန်ထားခဲ့တဲ့ ခန္ဓာကိုယ် အကြွင်းအကျန်များမှာတော့ ကိုးဘုံငရဲ ရေခဲမီးတောက်၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ရှန်မို သူ့နောက်ကို လိုက်မတိုက်တော့ပေ။
ဟွေကျိုး၏ နတ်ဆိုးဘဝ အချက်အလက်များကို စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ သူ ဒီနတ်ဆိုးကို မသတ်နိုင်မှန်း သူ သိခဲ့ပါသည်။
သူ့၏ အကြည့်များ ခုနက အဘယ်ကြောင့် ဝေးရာကို ရောက်သွားခဲ့သလဲဆိုသည်မှာ ဟွေကျိုးကို လာကယ်သည့် နောက်ထပ် နတ်ဆိုးသူတော်စင် တစ်ပါးအား အာရုံခံမိ၍ပင်။
ထိုက်ယီ နတ်ဆိုးနှိမ်နင်းရေး စီရင်ထုံးကြီးမှာ အတားအဆီးအဖြစ် ရှိနေတာကြောင့် နတ်ဆိုးသူတော်စင် နှစ်ပါးလုံး သူ့ကို ဘာမှ မလုပ်နိုင်ကြပေ။
သို့သော် သူ့လက်ရှိ အစွမ်းနှင့်ဆိုရင် ဟွေကျိုးကို ပိတ်မိအောင်လုပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တာကပင် သူ့ အကန့်အသတ် ဖြစ်သည်။
နောက်ထပ် နတ်ဆိုးသူတော်စင် တစ်ပါး ထပ်ရောက်လာလျှင် သူ အသာစီး ရနိုင်တော့မှာ မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် ဟွေကျိုး၏ အစွမ်းကတော့ သိသိသာသာ လျော့နည်းသွားခဲ့ပါပြီ။
သူ ပြန်ရောက်သွားသောအခါ ညစ်ညမ်းဌာန၏ နတ်ဆိုးသူတော်စင် ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်မှုများ ရှိလာမှာ သေချာပါသည်။
ဟွေကျိုး၏ နေ့ရက်များ လွယ်ကူမှာ မဟုတ်လှပေ။
ရှန်မိုကလက်ကို ဝှေ့ယမ်းလိုက်ပြီး ကြာစေ့များနှင့် စိမ်းရောင်ကြာပန်းကို ပြန်သိမ်းလိုက်ကာ အရှင်သခင်များ၏ ရှေ့ကို ဆင်းသက်လာခဲ့သည်။
ပိုင်အယ်၊ ရှန်းကွမ်းယွမ်၊ အောင်းထျန်းနှင့် တခြားသူများ အားလုံး ရှန်မိုကို ရိုသေလေးစားသည့် မျက်လုံးများနှင့် ကြည့်နေကြသည်။
သူ သူတော်စင် ဖြစ်လာတာ မကြာသေးသော်လည်း ညစ်ညမ်းဌာန၏ နတ်ဆိုးသူတော်စင် ခေါင်းဆောင် ဟွေကျိုးကို အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့သည်။
တခြား နတ်ဆိုးသူတော်စင် တစ်ပါးသာ ဝင်မပါခဲ့လျှင်...
သူ ဟွေကျိုးကို သတ်ပစ်နိုင်ခဲ့မှာ သေချာ၏။
ထို အစွမ်းမျိုးက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
“မင်းတို့အားလုံး နတ်ဆိုးအငွေ့အသက်များ၏ လွှမ်းမိုးမှုကို ခံထားရတယ်… မင်းတို့ရဲ့ စိတ်ကို ငြိမ်အောင်ထားပြီး အဲ့ဒီ အငွေ့အသက်များကို ဖယ်ရှားပစ်ရမယ်… မဟုတ်ရင် မင်းတို့ စိတ်တွေ အဆိပ်သင့်သွားလိမ့်မယ်”
ရှန်မို ခပ်အေးအေးပင် ပြောလိုက်သည်။
“သူတော်စင်ရှန်ရဲ့ သတိပေးမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”
အရှင်သခင်များ ကျေးဇူးတင်စကား ဆိုကြသည်။
ရှန်မို ခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်ထဲကို ခြေလှမ်းလိုက်ကာ ပျောက်ကွယ်သွားခဲ့၏။
ဟင်းလင်းပြင် လမ်းစဉ်ကို သူ နားလည်ထားသောကြောင့် ဟင်းလင်းပြင်ထဲ သွားလာရသည်မှာ သူ့အတွက်တော့ ကလေးကစားစရာလိုပင်။
အရှင်သခင်များလည်း သူတို့၏ နေရာ အသီးသီးကို အုပ်စုလိုက် ခွဲပြီး ထွက်ခွာသွားကြသည်။
သိပ်မကြာခင်မှာပဲ။
ရှန်မို သူတော်စင်အဆင့်ကို တက်လှမ်းသွားသည့် သတင်းမှာ မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
မိုးကြိုးအကျဉ်းထောင် မိသားစု၊ ကောင်းကင်ဖန်တီးရှင် ဂိုဏ်း၊ အရှေ့လီ အင်ပါယာ၊ ချန်းယွမ် အင်ပါယာ၊ ပြန်လည်ဝင်စားခြင်း မြင့်မြတ်နယ်မြေ...
တစ်ခုပြီးတစ်ခု၊ ကမ္ဘာပေါ်က အားအကောင်းဆုံး အဖွဲ့အစည်းကြီးများ အားလုံး ဒီသတင်းကို သိသွားကြ၏။
မန်ချန်း တောင်တန်း။
ရှန်မိုမှာ အမြင့်ဆုံး တောင်ထိပ်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်နေပြီး သူ့၏ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုများကို တိတ်တဆိတ် ခံစားနေသည်။
အခုအချိန်မှာ သူ့ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအားများ အစင်ကြယ်ဆုံး သူတော်စင် စွမ်းအားများအဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲနေလေပြီ။
သူတော်စင် စွမ်းအား… ဤသည်မှာ သူတော်စင်အဆင့် ပုဂ္ဂိုလ်များသာ အသုံးပြုနိုင်သည့် စွမ်းအားဖြစ်သည်။
သူတော်စင် စွမ်းအား တစ်မျှင်မှာ သာမန် စိတ်ဝိညာဉ်စွမ်းအား ဒါမှမဟုတ် သွေးစွမ်းအား အပုံတစ်ရာနှင့် ညီမျှသည်ဆိုခြင်းမှာ ချဲ့ကားပြောခြင်း မဟုတ်ချေ။
“အခု ငါ သူတော်စင် ဖြစ်လာတာ မကြာသေးတော့ အဆင့်တွေအရဆိုရင် ငါက ပထမအဆင့် မြေကမ္ဘာသူတော်စင် ဖြစ်ရမယ်…
ဒါပေမဲ့ ငါက ဟင်းလင်းပြင် လမ်းစဉ်ကို နားလည်ထားပြီးတော့ ညစ်ညမ်းကမ္ဘာ စိမ်းရောင်ကြာပန်းကို မဟာလမ်းစဉ် သူတော်စင် လက်နက်အဖြစ် ပိုင်ဆိုင်ထားတယ်… ပြီးတော့ ကိုးဘုံငရဲ ရေခဲမီးတောက်နှင့် ကိုးထပ်ကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက် များလိုမျိုး ထာဝရ မီးတောက်တ္လလည်း ရှိနေတယ်...
ပထမအဆင့် မြေကမ္ဘာသူတော်စင် ဖြစ်နေရင်တောင်မှ ဟွေကျိုးလိုမျိုး နာမည်ကျော် နတ်ဆိုးသူတော်စင် တစ်ပါးကို သတ်ဖို့က မခက်ခဲပါဘူး”
သူတော်စင် ဖြစ်လာပြီးနောက် သူလုပ်ခဲ့သော အောင်မြင်မှုများကို ပြန်စဉ်းစားရင်း ရှန်မို အသာအယာ ပြုံးလိုက်မိသည်။
မဟာတောရ အရှင်မြတ်၊ စစ်ဘုရင်၊ မီးနတ်ဘုရားတို့ သူတော်စင် ဖြစ်လာတုန်းကပင် ဒီလောက်အထိ ထူးချွန်သော အောင်မြင်မှုမျိုး မရခဲ့ကြပေ။
ထိုအချိန်တွင် တောင်အောက်မှ ကောင်းကင် နတ်ဘုရား နွားလားကြီး ၏ အသံကြီး ထွက်ပေါ်လာခဲ့သည်။
“သခင်… တောင်ပြင်မှာ အရှင်သခင်တွေ အများကြီး ရောက်နေကြတယ်… သူတို့တွေ သခင်အတွက် လက်ဆောင်တွေ လာပေးချင်နေကြတာ”
“နဂါးနန်းတော်က အဘိုးကြီး နဂါးတွေလည်း ရောက်နေတယ်… သခင် သူတော်စင် ဖြစ်လာတာကို အောင်ပွဲခံတဲ့ အခမ်းအနား လုပ်ပေးချင်တယ်လို့ ဇွတ်ပြောနေကြတာ”
“ပြီးတော့ နတ်ဆိုးတွေလည်း တောင်ပြင်မှာ ဒူးထောက်နေကြတယ်… သူတို့၏ အမှားတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်နေကြတာတဲ့”
ရှန်မို ဖျော့တော့စွာ ပြုံးလိုက်သည်။
အဖွဲ့အစည်း အသီးသီးမှ အရှင်သခင်များ လက်ဆောင်လာပေးကြခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ဒါ မျက်နှာလို မျက်နှာရ လုပ်ကြတာပါပဲ။
အောင်ပွဲခံ အခမ်းအနား ဆိုသည်မှာတော့ သူ့အတွက် အဓိပ္ပာယ်မရှိသလို အချိန်ပေးနေစရာလည်း မလိုချေ။
အပြင်မှာ ဒူးထောက်နေသည့် နတ်ဆိုးများမှာတော့ ထောင်ချောက်ထဲ မိခဲ့လို့ အရှက်ရနေကြတာ ထင်ရှားပါသည်။
သူတို့၏ ကိုယ်ပိုင် သူတော်စင် တစ်ပါးကိုပင် အပ်နှံဖို့ ကြိုးစားခဲ့ကြ၏။
နတ်ဘုရားဖီးနစ်၊ နတ်မြေခွေး နှင့် နဂါးလိပ် နတ်ဆိုးသူတော်စင်များသာ ရှိနေလျှင် သူတို့ကို ကိုယ်တိုင် သုတ်သင်ပစ်မှာ သေချာသည်။
“လက်ဆောင်တွေကိုတော့ လက်ခံလိုက်ပါ… အခမ်းအနားကတော့ မလုပ်ပါနဲ့… နတ်ဆိုးတွေကိုတော့ ပြန်ခိုင်းလိုက်ပြီး သူတို့ အမှားကို သေချာ ပြန်သုံးသပ်ခိုင်းလိုက်ပါ”
ရှန်မိုက ခပ်အေးအေးပင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ကောင်းကင် နတ်ဘုရား နွားလားကြီးမှာ ရယ်မောလိုက်ပြီး ချက်ချင်းပဲ ထွက်သွားတော့သည်။
သားရဲ ဘုရင် လေးကောင်မှာ အရင်တုန်းက ရှန်မိုကို သိပ်ပြီး မလေးစားခဲ့ကြပေ။
သို့သော် ရှန်မို၏ ကျင့်စဉ်အဆင့် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပြီး အခု သူတော်စင်အဆင့်ကို ရောက်သွားတဲ့အခါမှာတော့...
သူတို့ ရှန်မိုအပေါ် ထားသည့် ရိုသေမှုက အရင်သခင်အပေါ် ထားခဲ့သည့် ရိုသေမှုထက် မလျော့တော့ချေ။
အထူးသဖြင့် ကောင်းကင် နတ်ဘုရား နွားလားကြီးကတော့ စိတ်ရင်းမှန်နှင့်ကို ရိုသေလေ၏။
ရှန်မို ပေးသည့် အမိန့်မှန်သမျှကို သူ တွန့်ဆုတ်မနေဘဲ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
“သူတော်စင်ငါးပါး နတ်ဆိုးနိုင်ငံတော်ကို ဖိနှိပ်ထားတဲ့ ထိုက်ယီ နတ်ဆိုးနှိမ်နင်းရေး စီရင်ထုံးကြီးမှာ လဲ့တောက်ဟန်၏ အသက်စတေးမှုကြောင့် အားပြန်ကောင်းလာခဲ့ပြီ။
လောလောဆယ်တော့ နတ်ဆိုးသူတော်စင်များ မထွက်လာနိုင်သေးဘဲ ဟိုဟိုဒီဒီ နတ်ဆိုးနှောင့်ယှက်မှုလေးများသာ ရှိနေလိမ့်မည်။
“ငါ ပိုပြီး သန်မာလာအောင် ဒီအချိန်မှာ ဆက်ပြီး ကျင့်ကြံရမယ်”
“ပထမအဆင့် မြေကမ္ဘာသူတော်စင် ဆိုတာက အရမ်း နိမ့်လွန်းသေးတယ်ာာာ အနည်းဆုံးတော့ စတုတ္ထအဆင့်အထိ ရောက်ရမယ်”
ရှန်မို အသာအယာ သက်ပြင်းချလိုက်သည်။
ရှီထျန်းဟောက် အတွက်တော့ စိတ်မကောင်းပါဘူး… သူ ဘယ်တော့ သူတော်စင် ဖြစ်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ။
သူ့၏ ကံကောင်းမှုများနှင့် အခွင့်အလမ်းများသာ မရှိလျှင် ရှန်မို၏ လျင်မြန်သော တိုးတက်မှုလည်း တကယ်ကို ခက်ခဲသွားပါလိမ့်မည်။
...
မိုးကြိုးအကျဉ်းထောင် မိသားစု။
ရှီထျန်းဟောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျင့်ကြံမှုကို အဆုံးသတ်လိုက်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်မှာ အခန်းတံခါး၌ စောင့်နေတာ ကြာပြီဖြစ်၏။
သူ့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဂါရဝပြုလိုက်သည်။
“အရှင်သခင် ရှီ ကို ဂါရဝပြုပါတယ်”
ရှီထျန်းဟောက်၏ အကြည့်က မိန်းကလေး၏ ခန္ဓာကိုယ်အလှကို ဝေ့ကြည့်လိုက်ပြီး သူ့ စိတ်ထဲမှာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
အရှင်သခင်များမှာလည်း လောကီအာရုံများကို လုံးဝ စွန့်လွှတ်ထားခြင်း မဟုတ်ပေ။
သူ ကျင့်ကြံခြင်း အခန်းထဲ၌ ကြာရှည်စွာ အောင်းနေခဲ့၍ အမျိုးသမီးများနှင့် ဝေးကွာနေခဲ့သည်။
ယခု ဒီလို လှုပ်ရှားမှု ဖြစ်ပေါ်လာခြင်းမှာ မလွဲသာသည့် အရာပင်။
“ဒီညကျရင် မင်း ညီမလေး နှစ်ယောက်ကိုပါ ခေါ်ပြီး ငါ့အခန်းကို လာခဲ့ပါ”
ရှီထျန်းဟောက်၏ လက်က သူ၏ ပါးလေးကို ပွတ်သပ်လိုက်သည်။
အမျိုးသမီးငယ်၏ မျက်နှာမှာ နီမြန်းသွားခဲ့သည်။ “ဟုတ်ကဲ့ပါ...”
“ဒါနဲ့ အရှင်သခင် ရှီ… မိသားစုခေါင်းဆောင်က မှာထားပါတယ်… အရှင်သခင် ကျင့်ကြံခြင်း အခန်းထဲက ထွက်လာတာနှင့် သူ့ဆီကို ချက်ချင်း လာခဲ့ပါတဲ့… သူ ပြောစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိလို့ပါတဲ့”
ရှီထျန်းဟောက် မျက်မှောင်ကြုတ်လိုက်သည်။ “မိသားစုခေါင်းဆောင်လား… မင်း ပြောတာက အရှင်သခင်ကြီး ကို ပြောတာလား”
Chapter 746 - အထွတ်အထိပ်ပညာရှင် ရှီ၏ စရိုက်မှာ အမှန်တကယ်ပင် အပြစ်ပြောစရာ မရှိပေ
အမျိုးသမီးငယ်လေးသည် မျက်နှာညှိုးငယ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"အရှင်သူမြတ်အိုကြီးက ကွယ်လွန်သွားပါပြီ"
သူ ထိုက်ယိ နတ်ဆိုးတံဆိပ်ခတ်ခြင်း မဟာအစီအရင်ကို အားဖြည့်ရန်အတွက် လဲ့တောက်ဟန်၏ မိမိကိုယ်ကိုယ် စတေးခဲ့ပုံကို ပြန်ပြောပြနေသည်။
ရှီထျန်းဟောက်၏ မျက်ခုံးများ ပင့်တက်သွားပြီး စိတ်နှလုံးထဲတွင် အကြီးအကျယ် တုန်လှုပ်သွား၏။ လဲ့တောက်ဟန်သည် အမှန်တကယ်ပင် လေးစားဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
အမျိုးသမီးငယ်မှ ဆက်၍
"အပြင်မှာတော့ သတင်းတွေ ထွက်နေတာက သူတော်စင်အသစ်သာ ပေါ်မလာဘူးဆိုရင် ကျန်တဲ့ အထွတ်အထိပ်ပညာရှင်တွေလည်း နတ်ဆိုးသူတော်စင်ရဲ့ လက်ချက်နဲ့ ကျဆုံးကုန်ကြတော့မှာတဲ့"
"သူတော်စင်အသစ် ဟုတ်လား… ဘယ်သူလဲ"
ရှီထျန်းဟောက် သိလိုစိတ်ဖြင့် မေးလိုက်သည်။
သူ အနေခက်စွာဖြင့်
"သူ့ကို သူတော်စင် ရှန် လို့ ခေါ်ကြတယ်လို့ ကြားတယ်… ဒါပေမဲ့ ကျွန်မက ဆွေမျိုးအဆက်အနွယ် တစ်ယောက်ပဲဆိုတော့ သူ့ရဲ့ မူရင်းလက္ခဏာကိုတော့ သေချာမသိဘူး"
"သူတော်စင် ရှန် ဟုတ်လား"
ရှီထျန်းဟောက် မျက်မှောင်ကြုတ်သွားသည်။
'ရှန်' ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် သူ၏ စိတ်ထဲတွင် မကောင်းသော အငြိုးအတေးတစ်ခု စတင်လှုပ်ရှားလာသည်။ ခဏအကြာတွင် ထိုအမျိုးသမီးငယ်သည် သူ့ကို လက်ရှိ မိသားစုခေါင်းဆောင်ထံ ခေါ်ဆောင်သွား၏။ လဲ့တောက်ဟန် ကွယ်လွန်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင် အသစ်ဖြစ်လာသူမှာ လဲ့လင်းဟန် ဖြစ်သည်။ လဲ့လင်းဟန်သည် ရှီထျန်းဟောက် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးရွှင်သွား၏။
သူ ဦးစွာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။ "နှုတ်ခွန်းဆက်သပါတယ် အထွတ်အထိပ်ပညာရှင် ရှီ"
သူသည် နိဗ္ဗာန်အဆင့်မှာသာ ရှိသေးပြီး အထွတ်အထိပ်ပညာရှင်အဆင့်သို့ မရောက်သေးပေ။ ကျင့်ကြံခြင်းလောကတွင် အင်အားက ပထမဖြစ်ရာ အထွတ်အထိပ်ပညာရှင် ရှီကို အရိုအသေပေးရခြင်းမှာ သဘာဝကျလှသည်။ ထို့ပြင် ရှီထျန်းဟောက်သည် ယခုအခါ မိုးကြိုးအကျဉ်းထောင်မိသားစု၏ အထွတ်အထိပ်ပညာရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။
သူ့ကို အခြားအင်အားစုများဆီ မရောက်သွားအောင် လဲ့လင်းဟန် အနေဖြင့် အထူးရိုသေစွာ ဆက်ဆံရမည် ဖြစ်သည်။
ရှီထျန်းဟောက် သူ့ကို အမြန်ပင် ပြန်ထူလိုက်သည်။ "မျိုးနွယ်စုခေါင်းဆောင်… ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး… အရှင်သူမြတ်အိုကြီးက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ကွယ်လွန်သွားရတာလဲ"
လဲ့လင်းဟန် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လဲ့တောက်ဟန်မှ ထိုက်ယိ နတ်ဆိုးတံဆိပ်ခတ်ခြင်း မဟာအစီအရင်ကို အားဖြည့်ရန် အသက်ပေးသွားပုံကို အသေးစိတ် ရှင်းပြလေသည်။
ဇာတ်လမ်းအဆုံးတွင် သူက
"သူတော်စင် ရှန်သာ ဝင်မပါခဲ့ရင် အဲ့ဒီမှာရှိနေတဲ့ အထွတ်အထိပ်ပညာရှင်တွေရဲ့ ထက်ဝက်ကျော်က အသက်ပျောက်ကုန်ကြမှာ"
ရှီထျန်းဟောက် မျက်မှောင်ကြုတ်လိုက်သည်။ "ဒီသူတော်စင် ရှန် ဆိုတာက တကယ်ပဲ ဘယ်သူလဲ… အခုလေးတင် သူတော်စင် ဖြစ်သွားတဲ့ လူလား"
လဲ့လင်းဟန် လေးနက်စွာ ခေါင်းညိတ်သည်။ "အတိအကျပဲ… တကယ်တော့ အထွတ်အထိပ်ပညာရှင် ရှီရော၊ ရှီကျန်းရောက သူတော်စင် ရှန်နဲ့ အသိဟောင်းတွေပဲလေ"
ရှီထျန်းဟောက်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ပုံရိပ်တစ်ခုက
သူ့စိတ်ထဲမှာ မထိန်းချုပ်နိုင်အောင် ပေါ်လာ၏။
မဖြစ်နိုင်ဘူး... သူ မဖြစ်နိုင်ဘူး။
လဲ့လင်းဟန် အားရပါးရ ရယ်မောလိုက်သည်။ "အထွတ်အထိပ်ပညာရှင် ရှီ ခန့်မှန်းမိပုံပဲ… ဟုတ်တယ်… အဲ့ဒါ ရှန်မိုပဲ… သူတော်စင် ရှန်ပေါ့… အခုကစပြီး သူ့ကို သူတော်စင် ရှန်လို့ပဲ ခေါ်ရမယ်… သူ့နာမည်ကို လွယ်လွယ်နဲ့ မခေါ်ရတော့ဘူး" ရှီထျန်းဟောက်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားသည်။
သူတော်စင် ရှန်၊ သူတော်စင် ရှန်။
သူ စောစောကတည်းက သိသင့်ခဲ့သည်။
ဒါ ရှန်မိုပဲ။
ဒါပေမဲ့ ဘာလို့လဲ။
သူက ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် သူတော်စင်အဆင့်ကို တက်သွားရတာလဲ။ မကြာခင်ကတင် ရှန်မိုမှာ အထွတ်အထိပ်ပညာရှင်အဆင့်မှာပဲ ရှိနေသေးတာလေ။ အခုတော့ သူတို့ကြားရှိ ကွာဟချက်မှ ကောင်းကင်နဲ့ မြေကြီးလို ဖြစ်သွားပြီ။
ရှီထျန်းဟောက်၏ ကိုယ်မှာ ယိမ်းထိုးသွား၏။ လဲ့လင်းဟန်က အမြန်ပင် လှမ်းထိန်းလိုက်ရင်း "ဘာဖြစ်လို့လဲ"
ရှီထျန်းဟောက် အတင်းပြုံးလိုက်ပြီး "လူသားမျိုးနွယ်ထဲက သူတော်စင်တစ်ယောက် ထွက်ပေါ်လာတာကို တွေးပြီး အရမ်းစိတ်လှုပ်ရှားသွားလို့ မူးလဲမလို့ ဖြစ်သွားတာပါ"
လဲ့လင်းဟန် ဟားတိုက်ရယ်လိုက်သည်။
"ငါလည်း အစက ဒီလိုပါပဲ… အထွတ်အထိပ်ပညာရှင် ရှီက ငါ့ထက်တောင် စိတ်ဓာတ် ပိုကြံ့ခိုင်သေးတယ်… အခုတော့ နတ်ဆိုးမျိုးနွယ်တွေ၊ နဂါးမျိုးနွယ်တွေနဲ့ ငါတို့ လူသားအင်အားစုတွေ အားလုံးက သူတော်စင် ရှန်ဆီကို လက်ဆောင်တွေ ပို့နေကြပြီ… နဂါးမျိုးနွယ်တွေဆို သူ့ရဲ့ သူတော်စင်အဆင့် တက်လှမ်းခြင်းအတွက် ဂုဏ်ပြုပွဲကြီး ကျင်းပပေးချင်ပေမဲ့ သူတော်စင် ရှန်က ငြင်းလိုက်တယ်တဲ့"
သူ ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။
"သူတော်စင် ရှန်က အပေါ်ယံ ဂုဏ်ပုဒ်တွေကို တကယ်ပဲ မမက်မောဘူး… ဒီလို သူတော်စင်မျိုးက အရမ်းရှားတယ်… သူ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တာက လူသားမျိုးနွယ်အတွက်တင် မကဘဲ ကမ္ဘာပေါ်က မျိုးနွယ်စုအားလုံးအတွက် ကံကောင်းခြင်းပဲ"
ရှီထျန်းဟောက်ကို ကြည့်ရင်း သူ ဆက်ပြောသည်။
"ဒါနဲ့ သူတော်စင် ရှန်နဲ့ အထွတ်အထိပ်ပညာရှင် ရှီတို့ရဲ့ ပတ်သက်မှုကို ကြည့်ရင် အခုဆိုရင် သူ့ရဲ့ တပည့်တောင် ဖြစ်နိုင်တယ်နော်… သိထားဖို့က သူတော်စင် ရှန်က အခုမှ တက်လှမ်းတာ ဖြစ်ပေမဲ့ လူပေါင်းများစွာက သူ့တပည့် ဖြစ်ချင်လွန်းလို့ လုနေကြတာ"
ရှီထျန်းဟောက်၏ စိတ်ထဲတွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ့တပည့် ဖြစ်ရမယ် ဟုတ်လား။
ငါက သူ့ကို မတွေ့မိအောင် အတင်းရှောင်နေရတာ။
သူ တည်ငြိမ်စွာဖြင့်
"မဖြစ်ပါဘူး… လူသားမျိုးနွယ်အတွက် ဒီလို အဖိုးတန်တဲ့ အခွင့်အရေးကို တခြားလူတွေအတွက်ပဲ ချန်ထားပေးလိုက်ပါတော့မယ်"
လဲ့လင်းဟန်မှာ အံ့အားသင့်သွားပြီး "အထွတ်အထိပ်ပညာရှင် ရှီရဲ့ စရိုက်ကတော့ အမှန်တကယ်ပဲ အပြစ်ပြောစရာ မရှိဘူး"
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းတစ်ရာ ကုန်လွန်သွားသည်။
လဲ့တောက်ဟန်၏ စတေးမှုကြောင့် ထိုက်ယိ နတ်ဆိုးတံဆိပ်ခတ်ခြင်း မဟာအစီအရင်မှာ အားကောင်းလာ၏။ ဤရာစုနှစ်အတွင်း၌ နတ်ဆိုးဘေးအန္တရာယ်များနှင့် ကသောင်းကနင်း ဖြစ်မှုများမှာ သိသိသာသာ လျော့နည်းသွားသည်။ ရှန်မို၏ သူတော်စင်အဆင့်သို့ တက်လှမ်းမှုကြောင့် မျိုးနွယ်စုအားလုံး ယုံကြည်မှု အပြည့်အဝ ရရှိလာကြသည်။ ဤနှစ်တစ်ရာအတွင်း မျိုးနွယ်စုများကြားတွင် ထူးချွန်သူများစွာ ထွက်ပေါ်လာပြီး နိဗ္ဗာန်အဆင့် ကျင့်ကြံသူများစွာ အထွတ်အထိပ်ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။ အမှတ် (၇၀) နိဗ္ဗာန်အဆင့်မှ တက်လာသူနှင့် အမှတ် (၁၀၀) နိဗ္ဗာန်အဆင့်မှ တက်လာသော အထွတ်အထိပ်ပညာရှင်များမှာ အင်အားချင်း ကွာခြားမည် ဖြစ်သော်လည်း သုံးမျိုးနွယ်စု၏ အင်အားမှာ ယခုရာစုနှစ်တွင် အဆမတန် တိုးတက်လာခဲ့သည်။ အချိန်အတော်ကြာ ဂူအောင်းနေခဲ့သော အထွတ်အထိပ်ပညာရှင်အချို့မှာလည်း သူတော်စင်အဆင့်သို့ တက်လှမ်းရန် စိတ်အားထက်သန်လာကြသည်။
...
သောင်းပြောင်းကမ္ဘာ သန့်ရှင်းသောမြေ။
နက်ရှိုင်းသော ရေပြင်ထဲမှ ရှေးဟောင်းဆင်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ မြေကမ္ဘာမှာ တုန်ခါသွားပြီး ကောင်းကင်ယံ လှုပ်ခတ်သွားသည်။ သောင်းပြောင်းကမ္ဘာရှိ သားရဲကျင့်ကြံသူ အားလုံး ဒူးထောက်လိုက်ကြပြီး သူတို့၏ စိတ်နှလုံးထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေ၏။
"သူတော်စင် ယွမ်... သူတော်စင် ယွမ်..."
သူတို့၏ အသံများမှာ လှိုင်းလုံးကြီးများကဲ့သို့ ဟိန်းထွက်နေပြီး ရိုသေမှုများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။
ရှန့်ကူမှာ ဘေးနားသို့ ရောက်လာပြီး အရိုအသေပေးကာ "အဖေ... နောက်ဆုံးတော့ သူတော်စင် ဖြစ်သွားပြီပေါ့"
ရှန့်ယွမ် ဆင်ဟိန်းသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်ပြီးနောက်
"ဟုတ်တယ်… ငါ နောက်ဆုံးတော့ သူတော်စင် ဖြစ်ပြီ… ငါ ဂူအောင်းနေတဲ့ အတောအတွင်း ရှန့်ရွှမ်းလောကမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ အမြန်ပြောပြဦး"
သူ ရယ်မောရင်း ပြောလိုက်သည်။
ရှန့်ကူမှ အဖြစ်အပျက်အားလုံးကို ပြန်ပြောပြရာတွင် ရှန်မိုအကြောင်းကို အဓိကထား ပြောပြ၏။
ရှန့်ယွမ် အလွန် အံ့အားသင့်သွားသည်။
"ငါ့ရှေ့မှာ နောက်ထပ် သူတော်စင်တစ်ယောက် ရှိသေးတာလား… ပြီးတော့ လူသားတစ်ယောက်တဲ့လား"
ရှန့်ကူ စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း
"သူတော်စင် ရှန်ရဲ့ ပါရမီက သမိုင်းမှာ ရှားမှရှားပဲ… သူ သူတော်စင် ဖြစ်သွားတာက မျှော်လင့်မထားပေမဲ့ ဖြစ်ကိုဖြစ်လာမဲ့ အရာပဲလေ"
ရှန့်ယွမ် ခေါင်းညိတ်သည်။
"မလောပါနဲ့၊ အဲ့ဒီလူသားအကြောင်းကို ဖြည်းဖြည်းချင်းပဲ ပြောပြပါဦး"
...
လေးသူတော်စင် နဂါးနန်းတော်။
အလွန်အမင်း အေးစက်ပြီး နက်ရှိုင်းလှသော ပင်လယ်အောက်ခြေတွင်။
ရုတ်တရက် ကြီးမားလှသော မျက်လုံးတစ်စုံ ပွင့်လာသည်။ နဂါးမျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အမှောင်ထုကို ခွင်းကာ ထိုးထွက်သွား၏။ ထိုအလင်းတန်းများမှာ ကောင်းကင်ယံအထိ ထိုးတက်သွားရာ နဂါးမျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားကြသည်။ ပင်လယ်ပျော် မျိုးနွယ်စုများစွာမှာ အံ့အားသင့်သွားကြပြီး အလုပ်များကို ပစ်ကာ ထိုအလင်းတန်းများဆီသို့ ဒူးထောက် အရိုအသေ ပေးကြသည်။ "နဂါးသူတော်စင်... နဂါးသူတော်စင်..." အောင်းထျန်းသည် နဂါးအထွတ်အထိပ်ပညာရှင်များနှင့်အတူ ကျန်ရှိနေသေးသော နတ်ဆိုးဘေးအန္တရာယ်များကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးနေစဉ် လေးသူတော်စင် နဂါးနန်းတော်ကြီး တုန်ခါသွားသည်ကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်၏။
သူ မဆိုင်းမတွပင် ထိုအလင်းတန်းများဆီသို့ ပျံသန်းသွားပြီး အခြားနဂါးအထွတ်အထိပ်ပညာရှင်များကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ ခဏအကြာတွင် သူတို့ ပင်လယ်နက်ပိုင်းသို့ ရောက်ရှိသွားသည်။
"အစ်ကိုကြီး... အစ်ကိုကြီးလား"
အောင်းထျန်းသည် ပင်လယ်ရေနက်ပိုင်းသို့ စူးစိုက်ကြည့်ရင်း စိတ်မထိန်းနိုင်ဘဲ မေးလိုက်သည်။ "ငါပါပဲ"
ကြီးမားလှသော နဂါးစစ်စစ်တစ်ကောင် ပေါ်ထွက်လာ၏။ နဂါးဟိန်းသံမှာ မြင့်မြတ်သော အသံကို ဆောင်ကြဉ်းလာရာ ထိုနေရာရှိ နဂါးအထွတ်အထိပ်ပညာရှင်များ အားလုံးမှာ ခန့်ညားထိတ်လန့်သွားကြသည်။
ဝူးးး
သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ နဂါးသူတော်စင်အသစ်၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး လူသားပုံစံသို့ ပြောင်းလဲသွားသော်လည်း ဦးခေါင်းတွင်မူ ကြီးမားသော ဦးချိုနှစ်ခု ရှိနေဆဲဖြစ်သည်။
အောင်းထျန်း စိတ်လှုပ်ရှားစွာဖြင့်
"အစ်ကိုကြီး... တကယ်ပဲ အစ်ကိုကြီးပဲ"
အောင်းရှန် သက်ပြင်းချကာ
"ဟုတ်တယ်… နှစ်ပေါင်း သုံးသောင်းကြာ ဂူအောင်းနေပြီးတဲ့နောက် ငါ နောက်ဆုံးတော့ သူတော်စင် ဖြစ်သွားပြီ… ငါ နှစ်ပေါင်း သုံးသောင်းလုံးလုံး တစ်ယောက်တည်း ကျင့်ကြံခဲ့ရတာ… မကြာခင်ကတင် ခွန်အားမဟာတာအိုက ငါ့ဆီကို စီးဝင်လာတာကို ခံစားမိလိုက်တာနဲ့ ချက်ချင်းပဲ အတားအဆီးမရှိ သူတော်စင်အဆင့်ကို ရောက်သွားတော့တာပဲ"
အောင်းထျန်းမှ အားရပါးရ ရယ်မောလိုက်သည်။ "အတိအကျပဲ… သောင်းပြောင်းကမ္ဘာ သန့်ရှင်းသောမြေက သူတော်စင် ယွမ်လည်း အဲ့ဒီလိုပဲ တက်လှမ်းသွားတယ်လို့ ပြောကြတယ်လေ" "သူတော်စင် ယွမ် ဟုတ်လား"
အောင်းရှန် မျက်မှောင်ကြုတ်သွားသည်။
အောင်းထျန်း အသံကို နှိမ့်လိုက်ပြီး
"အဲ့ဒါ... ရှန့်ယွမ်လေ"
သူတော်စင်တစ်ဦး၏ နာမည်ကို တိုက်ရိုက်ပြောခြင်းမှာ သူတို့ဆီသို့ သတင်းရောက်သွားနိုင်သဖြင့် သူတော်စင် ယွမ်ကို မစော်ကားမိစေရန် အသံတိုးတိုးဖြင့်သာ ပြောခြင်းဖြစ်သည်။
Chapter 747 - တကယ်တော့ မင်းတို့နှစ်ယောက်မတိုင်ခင် နောက်ထပ် သူတော်စင်တစ်ယောက် ရှိသေးတယ်
"သူလည်း သူတော်စင်အဆင့်ကို ရောက်သွားတာလား"
အောင်းရှန် အကြီးအကျယ် အံ့အားသင့်သွားသည်။ "အဲ့ဒီကောင်က ငါ့ထက်တောင် ဂူအောင်းနေတာ ကြာသေးတယ်… သူက နှစ်ပေါင်း ငါးသောင်းလုံးလုံး ကျင့်ကြံနေခဲ့တာ"
"သူက ငါ့ထက် အရင် သူတော်စင် ဖြစ်သွားတာပေါ့လေ”
အောင်းရှန် မျက်မှောင်ကြုတ်သည်။
အောင်းထျန်းမှ ပြုံးရင်း ခေါင်းညိတ်၏။
"ဟုတ်ပါတယ်"
အောင်းရှန် သက်ပြင်းအသာချကာ
"ထားလိုက်ပါတော့… ရှန့်ယွမ်ရဲ့ ခွန်အားက ငါ့ထက် နည်းနည်းသာပြီး သူက ပိုလည်း ကြီးတာပဲလေ… သူ ငါ့ထက်အရင် သူတော်စင် ဖြစ်တာကို ငါ လက်ခံပါတယ်"
အောင်းထျန်း အနေခက်စွာ ပြုံးလိုက်ပြီး
"တကယ်တော့ အစ်ကိုတို့နှစ်ယောက်မတိုင်ခင် အရင်ရောက်နေတဲ့ နောက်ထပ် သူတော်စင်တစ်ယောက် ရှိသေးတယ်"
"ဘယ်သူလဲ"
အောင်းရှန် မှင်တက်သွား၏။
သူသည် လွန်ခဲ့သော နှစ်သောင်းချီက ဂူအောင်းနေခဲ့သော 'ကိုးကြိမ်မြောက် ဘေးဒုက္ခ အထွတ်အထိပ်ပညာရှင်' များ၏ နာမည်များကို ရွတ်ပြလိုက်သည်။
အောင်းထျန်း ခေါင်းခါယမ်းပြ၏။
အောင်းရှန်မှာ အံ့သြလွန်း၍ စကားပင် မပြောနိုင်တော့ပေ။
သူတို့ထဲက တစ်ယောက်မှ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။
သူတော်စင် ဖြစ်ရတာက မုန်လာဥ ခူးရသလိုမျိုး မဟုတ်ဘူးလေ။
နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ ကိုးကြိမ်မြောက် ဘေးဒုက္ခ အထွတ်အထိပ်ပညာရှင်တွေပဲ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တာက အများသိတဲ့ အမှန်တရားပဲ။
အောင်းရှန်၏ အံ့အားသင့်နေသော မျက်နှာကို မြင်သောအခါ အောင်းထျန်းမှာ ကျေနပ်နေပုံရသည်။ အချိန်အတော်ကြာမှ သူ အသာအယာ ချောင်းဟန့်လိုက်ပြီး
"အဲ့ဒါက ရှန်မို လို့ခေါ်တဲ့ လူသားပါရမီရှင်တစ်ယောက်ပဲ… သူ့ကို သူတော်စင် ရှန် လို့ ခေါ်ကြတယ်… ငါ မမှားဘူးဆိုရင် သူက အသက် တစ်ထောင်တောင် မပြည့်သေးဘူး"
အောင်းရှန်၏ နဂါးမျက်လုံးများ ပြူးကျယ်သွားသည်။ ထိုတောက်ပလှသော မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
"မဖြစ်နိုင်ဘူး"
"အသက် တစ်ထောင်တောင် မပြည့်သေးတဲ့ လူသားတစ်ယောက်က ငါတို့လို ကိုးကြိမ်မြောက် ဘေးဒုက္ခ အထွတ်အထိပ်ပညာရှင်တွေကို ကျော်ဖြတ်ပြီး အရင် သူတော်စင် ဖြစ်သွားတယ် ဟုတ်လား" အောင်းထျန်း အားရပါးရ ရယ်မောလိုက်ပြီး
"အမှန်ပဲ… အစ်ကိုကြီးက ဂူအောင်းနေတာ ကြာလို့ ရှန့်ရွှမ်းလောကရဲ့ အခြေအနေကို မသိသေးတာ… ဒီသူတော်စင် ရှန် ရဲ့ ဘဝက အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ… ငါ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်"
အောင်းရှန် ခေါင်းညိတ်သည်။
"ကောင်းပြီ… ဖြည်းဖြည်းချင်းသာ ပြောပြပါ… ဒီလောက် မြန်မြန်ဆန်ဆန် ကျင့်စဉ်တက်လာဖို့ ဆိုတာ အဲ့ဒီလူ နတ်ဆိုးတွေရဲ့ ဖျက်ဆီးမှုကို ခံထားရမှာ ကြောက်မိတယ်..."
ဤသို့သော ဖြစ်ရပ်များ အရင်က ရှိခဲ့ဖူးသည်။ အချို့မှာ နှစ်ပေါင်းများစွာ နာမည်မရှိဘဲ နေခဲ့ရာမှ ရုတ်တရက် ပါရမီထူးခြားစွာ ပေါ်ထွက်လာကြ၏။ သုံးမျိုးနွယ်စုလုံးက ဝမ်းမြောက်ဝမ်းသာဖြင့် အပြည့်အဝ ထောက်ပံ့ခဲ့ကြသော်လည်း နောက်မှသာ သူတို့ နတ်ဆိုးများ၏ ဖျက်ဆီးခြင်းကို ခံထားရသည်ကို သိလိုက်ရသည်။ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပြီးနောက် ရလဒ်မှာ နတ်ဆိုးအထွတ်အထိပ်ပညာရှင် တစ်ယောက်ကို ဖန်တီးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုစဉ်က မျိုးနွယ်စုတိုင်း၏ သူတော်စင်များမှာ အကြီးအကျယ် အမျက်ထွက်ခဲ့ကြပြီး နတ်ဆိုးနိုင်ငံတော်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြကာ ကြီးမားသော ပေးဆပ်မှုများဖြင့် ထိုနတ်ဆိုးအထွတ်အထိပ်ပညာရှင်ကို သတ်နိုင်ခဲ့ကြသည်။ ထိုဖြစ်ရပ်မှာ သုံးမျိုးနွယ်စု၏ နှလုံးသားထဲတွင် ဖျောက်ဖျက်မရသော အမာရွတ် ဖြစ်နေခဲ့၏။ အထူးသဖြင့် နှစ်ပေါင်းသောင်းချီ ဂူအောင်းနေခဲ့သော အောင်းရှန် အဖို့ ကမ္ဘာကြီးအပေါ် အမြင်မှာ အတိတ်မှာသာ ရှိနေသေးရာ ပို၍ပင် သတိကြီးလှသည်။
အောင်းထျန်း ထပ်ခါထပ်ခါ ခေါင်းခါရင်း
"အစ်ကိုကြီး... စိတ်ချပါ… ဒီသူတော်စင် ရှန်က မဟာတောရ အရှင်မြတ်ရဲ့ အမွေအနှစ်ကို ရထားပြီးသားမို့လို့ နတ်ဆိုးတွေရဲ့ ဖျက်ဆီးမှုကို ခံရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး… ငါနဲ့ လိုက်ခဲ့ပါ… အကျယ်တဝင့် ပြောပြပါမယ်"
"ဘာ... မဟာတောရ အရှင်မြတ်ရဲ့ အမွေအနှစ် ဟုတ်လား"
အောင်းရှန် ပို၍ပင် အံ့အားသင့်သွားသည်။
အသက် တစ်ထောင်မပြည့်သေးသော လူသားတစ်ယောက် သူတော်စင် ဖြစ်သွားသည်ကို ကြားရသည်ထက် ဤသတင်းက သူ့ကို ပို၍ပင် မှင်တက်သွားစေသည်။
...
နတ်ဆိုးမျိုးနွယ်စု၏ သူတော်စင်အသစ်… ရှန့်ယွမ်။ နဂါးမျိုးနွယ်စု၏ သူတော်စင်အသစ်… အောင်းရှန်။ နတ်ဆိုးတစ်ပါးနှင့် နဂါးတစ်ပါးတို့ သူတော်စင်အဆင့်သို့ ဆက်တိုက် တက်လှမ်းသွားကြသည်။ သူတို့ သူတော်စင် ဖြစ်သွားသည့် ခဏမှာပင် ရှန့်ရွှမ်းလောကရှိ သက်ရှိအားလုံးမှာ သူတို့ ဘာလုပ်နေနေ ဝမ်းပန်းတသာ ဂုဏ်ပြုလိုက်ကြ၏။
ခုနစ်ရောင်ခြယ် မင်္ဂလာတိမ်တိုက်များ၊ ကောင်းကင်မှ ကျလာသော ရွှေကြာပန်းများ၊ သာယာလှသော အသံများနှင့် စိတ်နှလုံးကို ကြည်လင်စေသော ရွှေရောင်မိုးစက်များ... အစရှိသော နိမိတ်ကောင်းများမှာ ရှန့်ရွှမ်းလောက၏ ကောင်းကင်ယံတွင် မပျောက်ကွယ်ဘဲ တည်ရှိနေသည်။ သူတော်စင်အသစ် နှစ်ပါး ပေါ်ထွက်လာခြင်းကြောင့် မျိုးနွယ်စုတိုင်းမှာ တုန်လှုပ်သွားကြပြီး အောင်ပွဲခံပွဲများ နေရာတိုင်းတွင် ရှိနေသည်။
အချို့က ရှန်မို သူတော်စင်အဆင့် တက်လှမ်းသွားခြင်းကြောင့် အထွတ်အထိပ်ပညာရှင်များ အတွက် လမ်းပွင့်သွားခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သူတော်စင်အသစ် နှစ်ပါး ဆက်တိုက် ပေါ်လာခြင်း ဖြစ်နိုင်သည်။ လူအများစုကမူ ဤသည်မှာ ကံကြမ္မာ၏ စီမံမှုဖြစ်ပြီး မျိုးနွယ်စုများကို ကာကွယ်ပေးနေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ကမ္ဘာကြီးအနှံ့ ပျံ့နှံ့နေသော နတ်ဆိုးများကို နောက်ဆုံးတွင် ဖျက်ဆီးပစ်နိုင်တော့မည် ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
ရှန်မိုသည် မန်ချန်း တောင်တန်းကြီးအတွင်း တရားထိုင်နေရင်း သူတော်စင်အသစ်များ ပေါ်ထွက်လာသည့် နိမိတ်ကို သတိပြုမိလိုက်ရာ သူကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။ "အချိန်တိုအတွင်းမှာ သူတော်စင်အသစ် နှစ်ယောက်တောင် ပေါ်လာတာပဲ… ဒီလိုဆိုရင် နတ်ဆိုးတွေကို ဘယ်လိုလုပ် မဖျက်ဆီးနိုင်ဘဲ ရှိမှာလဲ"
သူ၏ မျက်နှာတွင် စိတ်သက်သာရာရမှုများ ပေါ်ပေါက်လာသည်။ နတ်ဆိုးများကြောင့် ကမ္ဘာပေါ်က မျိုးနွယ်စုများမှာ ဒုက္ခမျိုးစုံ ခံစားခဲ့ကြရသည်။ သူ တစ်ယောက်တည်းနှင့် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို မယှဉ်နိုင်သေးသော်လည်း သူတော်စင်အသစ် နှစ်ပါး ထပ်တိုးလာခြင်းကို သူ ဝမ်းမြောက်မိလေ၏။
...
အလွန်ဝေးကွာသော ဟင်းလင်းပြင်ထဲတွင်။
အပြင်လောကတွင် လှည့်လည်သွားလာနေသော သူတော်စင်များစွာမှာလည်း သူတော်စင်အသစ် သုံးပါး ပေါ်ထွက်လာသည်ကို ခပ်ဖျော့ဖျော့ ခံစားမိလိုက်ကြသည်။ ထိုသူများမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတိအကျ မသိကြသော်လည်း သူတို့၏ တည်ရှိမှုကို ခံစားမိကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင်လည်း စိတ်အေးသွားကြ၏။
နတ်ဆိုးသူတော်စင် သုံးပါးဖြစ်သော ရွှေဖီးနစ်၊ နဂါးလိပ် နှင့် မြေခွေးသူတော်စင် တို့မှာ ရှန့်ရွှမ်းလောကနှင့် မဝေးလှသဖြင့် သူတို့၏ ခံစားသိမှာ ပို၍ပင် အားကောင်းသည်။
နဂါးလိပ်မှာ ရယ်မောရင်း
"ငါတို့ နတ်ဆိုးမျိုးနွယ်စုထဲက သူတော်စင်အသစ်တစ်ယောက် ထွက်လာပြီ ထင်တယ်"
မြေခွေးသူတော်စင်မှ ခေါင်းညိတ်သည်။ "ဆင်မျိုးနွယ်စုရဲ့ အဆက်အနွယ် တစ်ယောက် ဖြစ်ပုံရတယ်"
ရွှေဖီးနစ်မှာ ကျေနပ်စွာဖြင့်
"မျိုးဆက်သစ်တွေက တကယ်ကို တော်ကြတာပဲ"
နဂါးလိပ်မှာ ဆက်၍
"အခု ငါတို့ အခြေအနေကို အရင်စဉ်းစားကြရအောင်… ကိုးဆင့်ယင် သူတော်စင် နဲ့ ဖူကျူ တို့ကို ဘယ်လို ကယ်ထုတ်ကြမလဲ"
မြေခွေးသူတော်စင်နှင့် ရွှေဖီးနစ်တို့မှာ လမ်းစပျောက်နေကြသည်။ ထိုနှစ်ယောက်မှာ နတ်ဆိုးသူတော်စင်များ၏ ဝန်းရံခြင်းကို ခံထားရ၏။ အကယ်၍ သူတို့သာ အတင်းဝင်ကယ်ပါက သူတို့လည်း ထောင်ချောက်ထဲ ရောက်သွားမည် ဖြစ်သည်။ သူတို့မှာ နတ်ဆိုးများကို အမြဲတမ်း ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် အပြင်လောကသို့ ထွက်လာကြခြင်း ဖြစ်လေ၏။
မြေခွေးသူတော်စင်မှာ အသံတိုးတိုးဖြင့်
"ရှန့်ရွှမ်းလောကမှာ သူတော်စင်အသစ် သုံးယောက် ပေါ်လာပြီဆိုတော့ သူတို့ဆီက အကူအညီ တောင်းလို့ရတာပဲ"
ရွှေဖီးနစ်မှ ခေါင်းညိတ်သည်။
"ဖြစ်နိုင်တယ်… မြေခွေးသူတော်စင်… မင်းဆီမှာ သွေးမျိုးဆက်တွေ ကျန်သေးတာပဲ… သတင်းပို့လိုက်ပါ"
မြေခွေးသူတော်စင်မှ ခေါင်းညိတ်ကာ အဆီအနှစ် သွေးတစ်စက်ကို ထုတ်ဖော်လိုက်ပြီး စကားအနည်းငယ်ကို တိုးတိုးလေး ပြောလိုက်သည်။
ဝေးကွာလှသော ရှန့်ရွှမ်းလောကတွင် ဟူချင်း ကျင့်ကြံနေစဉ် သူ၏ အမြင်အာရုံမှာ ရုတ်တရက် ဝေဝါးသွားသည်။
သူ၏ နားထဲတွင် မြေခွေးသူတော်စင်၏ တိုးတိုးလေး ပြောလိုက်သော အသံကို ကြားလိုက်ရ၏။ အကွာအဝေး ဝေးလွန်းသဖြင့် အသံမှာ အနည်းငယ် ပျက်ယွင်းနေသော်လည်း အဓိပ္ပာယ်ကိုမူ သူ နားလည်လိုက်သည်။
ဟူချင်း ချက်ချင်းပင် ထလိုက်ပြီး သွေးနတ်ဘုရား နန်းတော်မှ နတ်ဆိုးအထွတ်အထိပ်ပညာရှင်များကို စုစည်းကာ ဆွေးနွေးလေသည်။ မကြာမီတွင် ဟူချင်းသည် ထိုသတင်းကို ရှန်မိုထံသို့ ရိုသေစွာ တင်ပြလိုက်၏။
"နတ်ဆိုးသူတော်စင် သုံးပါးက ငါတို့ကို ဖူကျူ နဲ့ ကိုးဆင့်ယင် သူတော်စင် ကို သွားကယ်ပေးဖို့ မျှော်လင့်နေတာလား"
ရှန်မို စဉ်းစားဟန် ပြုလိုက်သည်။
ဟူချင်းမှ လေးနက်စွာဖြင့်
"ဟုတ်ပါတယ်… ကျွန်တော့်ရဲ့ မြေခွေးသူတော်စင် ဘိုးဘေးက သွေးအဆီအနှစ်ကို သုံးပြီး သတင်းပို့လာတာဆိုတော့ ကိစ္စက တော်တော်လေး အရေးကြီးနေပုံရတယ်… သူတော်စင်အသစ် သုံးပါးရဲ့ အကူအညီကို သူတို့ လိုအပ်နေတယ်"
ရှန်မို ချက်ချင်းပင် ခေါင်းညိတ်သည်။
"ကောင်းပြီ… တခြားသူတော်စင်အသစ် နှစ်ပါးကို သတင်းပို့ပေးဖို့ အထွတ်အထိပ်ပညာရှင် ဟူချင်းကို အကူအညီ တောင်းရပါမယ်… ကျွန်တော်ကိုယ်တိုင်လည်း သူတို့နဲ့ တွေ့ဆုံပြီး မိတ်ဆက်ချင်နေတာပါ"
သူတော်စင် အရေအတွက်မှာ နည်းပါးလှပြီး အထူးသဖြင့် ရှန့်ရွှမ်းလောကအတွင်းမှာပင် အတူတူ တက်လှမ်းလာခဲ့ကြသော သူတော်စင် သုံးပါးမှာ နောင်တွင် မကြာခဏ တွေ့ကြုံရမည် ဖြစ်ရာ တွေ့ဆုံမိတ်ဖွဲ့ထားခြင်းက သဘာဝကျလှ၏။
"ဟုတ်ကဲ့ပါ… ဟူချင်း သတင်းကို အရောက် ပို့ပေးပါ့မယ်"
ဟူချင်းမှ အရိုအသေပေးကာ ချက်ချင်းပင် ထွက်ခွာသွားသည်။
ရက်အနည်းငယ် ကြာပြီးနောက်။
ချန်ယွမ် အင်ပါယာ။
ရှန်မို၊ ရှန့်ယွမ် နှင့် အောင်းရှန် တို့ တွေ့ဆုံကြသည်။ ချန်ယွမ် အင်ပါယာ၏ ဟင်းလင်းပြင် အက်ကြောင်းသည် ရှန့်ရွှမ်းလောကနှင့် အဝေးဆုံးသော ဟင်းလင်းပြင် လွင်ပြင်များဆီသို့ တိုက်ရိုက် ရောက်ရှိနိုင်သဖြင့် သူတို့ သုံးဦးမှာ ဤနေရာတွင် တွေ့ဆုံရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ရှန့်ယွမ်သည် ရှန်မိုကို မြင်သည်နှင့် သူ၏ မျက်လုံးများ တောက်ပသွားပြီး အဆက်မပြတ် ချီးကျူးလေတော့၏။
"ရှန့်ကူ ပြောပြတာကို ငါ ခဏခဏ ကြားဖူးပါတယ်… ဒါပေမဲ့ ငါက ဂူအောင်းနေတာ ကြာလို့ အပြင်လောကရဲ့ အခြေအနေတွေကို လေ့လာဖို့ အရေးကြီးနေတာကြောင့် မလာဖြစ်ခဲ့ဘူး… အခု လူချင်းတွေ့ရတော့ အမှန်တကယ်ကို ထူးခြားတာပဲ… မဟာတောရ အရှင်မြတ်ရဲ့ အမွေအနှစ်ကို ရထားတဲ့သူဆိုတော့လည်း ထိုက်တန်ပါတယ်လေ"
ရှန့်ယွမ်မှ ဤသို့ ဆက်ဆံလာသဖြင့် ရှန်မိုကလည်း မပြုံးဘဲ မနေနိုင်ပေ။
"စီနီယာ ရှန့်ယွမ်က မြှောက်ပင့်လွန်းနေပါပြီ"