← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

🫧 Chapter 211

ကျူးယောင်သည် ကိုယ်ပေါ်ရှိ စောင်လေးကို လုံအောင် ခြုံလိုက်ပြီး ယနေ့တွင် အနည်းငယ် ချမ်းစိမ့်နေသည်ဟု ခံစားလိုက်ရ၏။

"တကယ်လို့ ငါသာဆိုရင်"

သူမသည် နေရာပြောင်းကာ တွေးတောကြည့်လိုက်သည်။

သူမသာ အရက်မူးသွားပြီး သူများ မြင်သွားလျှင်ပင် ထားလိုက်ပါတော့၊ ဗီဒီယိုပါ ရိုက်ခံရပြီး အင်တာနက်ပေါ်ကို တင်ခံလိုက်ရမည် ဆိုပါက သူမ လုံးဝ ဆန္ဒရှိမည် မဟုတ်ချေ။

တွေးကြည့်ရုံနှင့်ပင် လူပုံအလယ်တွင် အရှက်ကွဲရတော့မည် ဖြစ်၏။

ထို့ပြင် Streamer ကြီး၏ နောက်ဆုံး အကြည့်က အနည်းငယ် ကြောက်စရာကောင်းသည်ဟု ခံစားရသဖြင့် သူမသာ ဒီပုံတွေကို တင်လိုက်ပါက ဘယ်အချိန်တွင် "ထိတ်လန့်ခြောက်ခြားဖွယ်" မန်ဂရေးသူကဲ့သို့ ဖြစ်သွားမည်လော မပြောတတ်တော့ချေ။

အနှစ်တစ်ရာမှ တစ်ကြိမ်သာ ကျင်းပသော နှစ်ပတ်လည်ပွဲတော်ကို အနည်းဆုံးတော့ သူမ ပိုင်ဆိုင်ခွင့် ရခဲ့ပြီ ဖြစ်သည်။

ကျူးယောင်သည် မောက်စ်ကို ရွှေ့ကာ ထိုပန်းချီကားများကို တစ်ချပ်ပြီး တစ်ချပ် ကြည့်ရှုနေလိုက်သည်။

သို့သော် တကယ်တမ်း ဖျက်ရတော့မည့် အချိန်တွင် မည်သည့်ပုံမှ စတင် ဖျက်ရမည်ကို သူမ မသိတော့ချေ။

'Streamer ကြီး အရက်မူးနေတဲ့ ပုံစံလေးက အရမ်း ချစ်စရာ ကောင်းလွန်းတယ်'

'အရက်မူးနေတဲ့ ပုံစံလေးကလည်း အရမ်း ကြည့်ကောင်းတာပဲ'

'ပုံတိုင်းက အဖိုးတန် ရတနာတွေချည်းပဲ အား'

သူမသည် ခေါင်းကို ကုတ်ဖဲ့ရင်း ကောင်းကင်ကို မော့ကာ အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားတော့၏။

အကယ်၍ သိမ်းထားမည် ဆိုပါက အဖိုးတန် ရတနာများ ဖြစ်လာမည်ဖြစ်ပြီး ဖျက်ပစ်မည် ဆိုသည်က အသက်ရှင်သန်လိုသောကြောင့်သာ ဖြစ်သည်။

အမှန်တကယ်ကို ခက်ခဲလွန်းလှပေ၏။

'ဟင်'

ထိုစဉ် ကျူးယောင်၏ ရူးသွပ်လုမတတ် ညည်းတွားသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်လုံးထောင့် မြင်ကွင်းတွင် ကွန်ပျူတာထဲရှိ ပုံများသည် အောက်သို့ ဆက်လက်၍ ရွေ့နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

သူမသည် အကြည့်များကို အောက်သို့ ရွှေ့ကြည့်လိုက်ရာ သူမ မည်သည့် ခလုတ်ကိုမျှ ထိမထားခဲ့ချေ။

အရေးအကြီးဆုံးမှာ သူမ၏ လက်နှစ်ဖက်စလုံးသည် ခေါင်းပေါ်တွင် ရှိနေခြင်းပင် ဖြစ်သည်။

'ကွန်ပျူတာ ပျက်သွားတာလား'

ရုတ်တရက် သူမ၏ အကြည့်များသည် ဘေးဘက်ရှိ မောက်စ်ပေါ်သို့ တိတ်တဆိတ် ကျရောက်သွားလေ၏။

"...."

မည်သူမျှ ကိုင်တွယ်ထားခြင်း မရှိသော မောက်စ်သည် အလိုအလျောက် ရွေ့လျားနေပေသည်။

ကျူးယောင်သည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး နှစ်စက္ကန့်ခန့် အကြာတွင် နှလုံးများ အဆမတန် ခုန်ပေါက်လာတော့၏။

နှစ်သစ်ကူး အားလပ်ရက် ဖြစ်သဖြင့် ဤအလုပ်ခန်းထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေပေသည်။

ယခုလို အခြေအနေမျိုးတွင် သူမ အနေဖြင့် မသိချင်ယောင်ဆောင်ကာ ဆက်လက် အော်ဟစ်နေပြီး တဖြည်းဖြည်းချင်း နေရာပြောင်းရွှေ့သွားသင့်သလော။

သို့မဟုတ် ဖုန်းကို ချက်ချင်း ထုတ်ယူကာ အကူအညီ တောင်းသင့်သလော သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အကူအညီတောင်းခံသည့် စာတို ချန်ထားရစ်သင့်သလော။

'နေပါဦး' ကျူးယောင်သည် အသက်ရှူ ရပ်တန့်သွားပြီး နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိသွား၏။

ထိုဖြစ်နိုင်ချေကို တွေးမိလိုက်သည်နှင့် ကျူးယောင်သည် သူမ၏ သွေးများပင် ပူနွေးလာသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လည်ချောင်းများ ခြောက်သွေ့နေလျက် ပါးစပ်ကို ဟကာ မေးလိုက်၏။

"Streamer ကြီးလားဟင်"

ဤစကားလုံး အနည်းငယ်သည် သူမ၏ ခွန်အားနှင့် သတ္တိများ အားလုံးကို အသုံးပြုလိုက်ရသကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံးရှိ ဆဲလ်များ အားလုံးသည်လည်း အလွန်အမင်း တင်းမာလာတော့၏။

စနစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် အတော်လေး အသုံးဝင်ပေသည်။

မှတ်ချက်များမှတစ်ဆင့် ပရိသတ်များ၏ လိပ်စာကို တိုက်ရိုက် ခြေရာခံနိုင်၏။

ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် နောက်ဆုံး တွေ့ခဲ့ရသော ထိုမှတ်ချက်မှတစ်ဆင့် လူ့လောကသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာသည် အလုပ်ခန်း တစ်ခန်း ဖြစ်ပြီး ဘေးရှိ စာအုပ်စင်ပေါ်တွင် ရုပ်ပြ မန်ဂစာအုပ် အများအပြား ရှိနေကာ အလယ်တွင် အလုပ်လုပ်ရန် စားပွဲ အချို့နှင့် အပေါ်တွင် ပစ္စည်းကိရိယာများ အပြည့် တင်ထားသည်ကို တွေ့ရပေသည်။

ကျန်းလင်သည် ဤနေရာက မည်သည့်အရာများလုပ်ရန်အတွက် ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်၏။

နှစ်သစ်ကူး အချိန် ဖြစ်သောကြောင့် ဤနေရာတွင် အနည်းငယ် တိတ်ဆိတ်နေပြီး ကွန်ပျူတာ အရှေ့တွင် စောင်လေး ခြုံကာ ထိုင်နေသော မိန်းကလေး တစ်ဦးတည်းသာ ရှိနေပေသည်။

ထို့နောက်ကျန်းလင်သည် ထိုမိန်းကလေး၏ အနောက်သို့ လွင့်ပျံသွားပြီး ကြည့်ရှုလိုက်ရာ ကွန်ပျူတာ မျက်နှာပြင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ အတည်ပြုနိုင်သွားတော့၏။

ကြည့်ရသည်မှာ ဤမိန်းကလေးသည် ထိုပရိသတ်ပင် ဖြစ်ပေသည်။

သို့သော် တစ်ဖက်လူသည် တစ်ခုခုကို တွေဝေနေပုံ ရ၏။

ထို့ကြောင့် ကျန်းလင်သည် ထိုမိန်းကလေးကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အကြည့်များကို ကွန်ပျူတာ မျက်နှာပြင်ပေါ်သို့ ရွှေ့လိုက်ရာ မျက်လုံးများထဲတွင် အနည်းငယ် တွေဝေမှုများ ထွက်ပေါ်လာခဲ့သည်။

'ဒီအပေါ်မှာ ဆွဲထားတာက ငါလား'

အဖြူရောင် ဦးထုပ်ရှည်ကြီး၊ အဖြူရောင် ဝတ်ရုံနှင့် ခါးတွင် ချိတ်ဆွဲထားသော အလုပ်သမား ကတ်ပြား ၊ သို့သော် အဘယ်ကြောင့် မျက်နှာက ဝိုင်းစက်နေပြီး ခန္ဓာကိုယ်နှင့် ခြေလက်များက ဤမျှလောက် တိုတောင်းနေရသနည်း။

ဝိညာဉ်ဖမ်းတမန်တော်အဖြူ တစ်ကိုယ်လုံးသည် အလွန် သေးငယ်နေပြီး လက်ဝါးအရွယ်အစားခန့်သာ ရှိပုံရပေသည်။

ပန်းချီကား၏ ထောင့်တစ်နေရာတွင် 'ကျန်း' ဟူသော စာလုံးကိုလည်း ရေးသားထားသေး၏။

ဤအခိုက်အတန့်တွင် ကျန်းလင်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

ကြည့်ရသည်မှာ အတော်လေး ချစ်စရာ ကောင်းသော်လည်း သိပ်တော့ ခန့်ညားပြီး မိုက်မနေချေ။

'လူတွေရဲ့ မျက်လုံးထဲမှာ ငါက ဒီလိုပုံစံမျိုး ဖြစ်နေတာလား'

ကျန်းလင်သည် လက်တစ်ဖက်ကို မေးစေ့ပေါ် တင်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်သည့် အခါ ဝိညာဉ်တမန်တော်ကြီးများ၏ ခန့်ညားထည်ဝါသော ပုံစံကို ပြသသင့်သလားဟု စဉ်းစားနေမိ၏။

ထိုအချိန်တွင် လူသားမိန်းကလေး၏ လက်ချောင်းများ လှုပ်ရှားသွားပြီး နောက်ထပ် ပန်းချီကား တစ်ချပ် ထွက်ပေါ်လာခဲ့သည်။

ထိုပန်းချီကားပေါ်တွင် ကျန်းလင်သည် လေထဲတွင် လွင့်ပျံနေပြီး ဝတ်ရုံနှင့် ဆံပင်များ လွင့်ဝဲနေသည့် မြင်ကွင်း ဖြစ်ပေသည်။

သူ၏ ပတ်ဝန်းကျင်တွင် ခဲခြစ် နှစ်ချက် သုံးချက်ဖြင့် အကြမ်းဖျင်း ပုံဖော်ထားသော ပန်းကန်ခွက်ယောက်များ လွင့်ပျံနေကြ၏။

အရှေ့ဘက်တွင်မူ ထွက်ပြေးနေသော ဥငယ်လေး တစ်လုံး ရှိနေပေသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းလင်သည် မျက်ခုံးပင့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဤပန်းချီကားသည် ယခင်တစ်ချပ်ကဲ့သို့ ချစ်စရာ မကောင်းသော်လည်း တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏ ပုံရိပ်ကို သိသာစွာ မြင်တွေ့နိုင်ပေသည်။

အရက်မူးပြီးနောက် ထူးဆန်းသော အပြုအမူများ ဖြစ်နေသည်မှာ ထင်ရှားသော်လည်း ဤသို့ ကြည့်လိုက်မည် ဆိုပါက ဝိညာဉ်တမန်တော် တစ်ပါး၏ အငွေ့အသက် အနည်းငယ်တော့ ရှိနေသေးသည်ကို တွေ့ရ၏။

"အရမ်း စိတ်ရှုပ်ဖို့ ကောင်းတာပဲ" ထိုလူသား မိန်းကလေးသည် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကိုင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းလင်သည် ထိုအရာကို ဂရုမစိုက်ဘဲ မိန်းကလေး ယခုလေးတင် လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုကို အတုယူကာ မောက်စ်ကို ထိန်းချုပ်ပြီး အောက်သို့ ဆက်လက် လှန်ကြည့်လိုက်၏။

ဆိုရမည်ဆိုလျှင် သူမ ဆွဲထားသည်မှာ အတော်လေး များပြားလှပေသည်။

သရဲဈေးတန်းတွင်လည်း စာရေး ပန်းချီဆွဲပြီး အသက်မွေးဝမ်းကျောင်း ပြုသူများ ရှိသော်လည်း ဤမိန်းကလေး၏ ပန်းချီဆွဲဟန်နှင့် အနည်းငယ်တော့ ကွာခြားနေပေသည်။

ကျန်းလင်သည်လည်း ယခင်က စမ်းသပ် ဆွဲကြည့်ဖူးသော်လည်း များစွာ မပါဝင်ခဲ့ဖူးသဖြင့် အခြားသူများ၏ လက်ရာများကို ဝေဖန်သုံးသပ်ရန်တော့ မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် ဘေးရှိ လူသားမိန်းကလေးက စကားစပြောလာခဲ့သည်။

"Streamer ကြီးလားဟင်"

မိန်းကလေးသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ထားဆဲ ဖြစ်ပြီး မလှုပ်ရဲဘဲ အသက်ရှူနှုန်းကို ကြည့်ခြင်းအားဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရပေသည်။

ကျန်းလင်သည် သူမကို တစ်ချက် ကြည့်လိုက်ပြီး အေးစက် စက် လေသံဖြင့် "ငါ့ရဲ့ ပရိသတ် တစ်ယောက်အနေနဲ့ အရင်ဆုံး ကောင်းကောင်း အိပ်တတ်အောင် သင်ယူရမယ်" ဟု ပြောလိုက်၏။

ဤစကားတစ်ခွန်းသည် မျက်မြင်မရသော စွမ်းအားတစ်ခုနှင့် အတူ ကျရောက်လာခဲ့သည်။

ထို့နောက်ကျူးယောင်သည် သူမ၏မျက်ခွံများ ရုတ်တရက် လေးလံလာပြီး အပေါ်အောက် ပိတ်ကျလာကာ အစက တင်းမာနေခဲ့သော အာရုံကြောများ အားလုံးလည်း တစ်ခဏအတွင်း ပြေလျော့သွားကြောင်း ခံစားလိုက်ရတော့၏။

ဤအခိုက်အတန့်တွင် အရာအားလုံးသည် ထိုမျှလောက် အရေးမကြီးတော့သကဲ့သို့ ဖြစ်သွားပြီး အိပ်စက်ခြင်းသည်သာလျှင် အမှန်တရား ဖြစ်လာတော့သည်။

'မဟုတ်သေးဘူး၊ ငါ အဲဒါ Streamer ကြီး ဟုတ်မဟုတ် သေချာ မသိရသေးဘူးလေ ငါ ပန်းချီကားတွေကိုလည်း မဝှက်ရသေးဘူး ငါ ဆက်ပြီးတော့'

ပြီးနောက်ချက်ချင်းပင် ကျူးယောင်၏မျက်လုံးနှစ်ဖက် သည် ဖြည်းညင်းစွာ ပိတ်ကျသွားပြီး အမှောင်ထုထဲတွင် အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားလေ၏။

နှစ်ရက်ဆက်တိုက် ညမအိပ်ဘဲ နေခဲ့ရမှုသည် ဤအခိုက်အ တန့်တွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ စိတ်ကမ္ဘာလေးသည်လည်း အေးချမ်းသွားတော့၏။

ကျန်းလင်သည် မောက်စ်ကို ထိန်းချုပ်ကာ ထိုပန်းချီကားများ အားလုံးကို တစ်ခေါက် ကြည့်ရှုလိုက်ပြီး လက်ကို ပြန်ရုပ်မည် ပြုစဉ် ဘေးဘက်ရှိ ခွဲခြားထားသော ဖိုင်တွဲတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

'Streamer ကြီး ဟီးဟီးဟီး'

၎င်းမှာ ကျန်းလင် အနေဖြင့် လူသားများ၏ အမြင်ရှုထောင့်မှ ယခု လက်ရှိ မိမိကိုယ်ကို ပထမဆုံးအကြိမ် ပြန်လည် ကြည့်ရှုခြင်း ဖြစ်ပေသည်။

အနည်းငယ် ထူးဆန်းနေသကဲ့သို့ လူသားများ၏ စိတ်ကူးယဉ်နိုင်စွမ်းကိုလည်း အနည်းငယ် အံ့သြမိသွား၏။

"Streamer ကြီး မကြည့်နဲ့"

အချိန်အတန်ကြာပြီးသော် ကျူးယောင်သည် ရုတ်တရက် အလူးအလဲထိုင်လိုက်ပြီး လေထဲသို့ အော်ဟစ်လိုက်သည်။

ထို့နောက် သတိပြန်ဝင်လာပြီးနောက် သူမသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

အရှေ့တွင် ကွန်ပျူတာလည်း မရှိသကဲ့သို့ Streamer လည်း မရှိချေ။

အနားယူခန်း၏ နံရံနှင့် ကိုယ်ပေါ်ရှိ အမွေးပွပွ စောင်လေးသာ ရှိနေပေသည်။

သို့သော် သူမ၏ နှလုံးများ အဆမတန် ခုန်ပေါက်နေဆဲ ဖြစ်ပြီး 'Streamer ကြီးလားဟင်' ဟု မေးလိုက်စဉ်က စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုများက အသက်ဝင်နေဆဲ ဖြစ်၏။

ကျူးယောင်သည် ဖိနပ်ကို စီးကာ အနားယူခန်းထဲမှ ပြေးထွက်လာပြီး ကွန်ပျူတာ အရှေ့သို့ ရောက်သောအခါ ဖွင့်ကြည့်လိုက်သည်။

ထိုပန်းချီကားများ အားလုံးသည် ကွန်ပျူတာထဲတွင် ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်၏။

အရာအားလုံးသည် သူမ မအိပ်ခင်ကအတိုင်း အတိအကျပင် ဖြစ်သည်။

'ဒါဆို ညမအိပ်ဘဲ နေပြီးနောက် အိပ်မပျော်တာ၊ ကုန်းထပြီး ကွန်ပျူတာ လာကြည့်တာ၊ ပန်းချီကားတွေကို ဖျက်ပစ်ချင်တာ အဲဒါတွေ အားလုံးက အိပ်မက်တွေလား'

ကျူးယောင်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး သူမသည် နှစ်ပတ်လည်ပွဲတော်၏ ပန်းချီကားများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်ဟု တွေးတောလိုက်၏။

သေချာ စဉ်းစားကြည့်မည် ဆိုလျှင်လည်း Streamer ကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာနိုင်မည်နည်း။

အကယ်၍ တစ်နေ့နေ့များ တကယ်ပဲ Streamer ကြီးကို မြင်တွေ့လိုက်ရမည် ဆိုပါက ငရဲပြည်လမ်းနှင့် မဝေးတော့ကြောင်း သေချာပေသည်။

ထို့နောက်ကျူးယောင်သည် အကြောဆန့်လိုက်ပြီး လက်ကို မောက်စ်ပေါ်သို့ တင်လိုက်၏။

အနည်းငယ် နှမြောစရာ ကောင်းသော်လည်း အသက်ရှင်နေရန်က အရေးအကြီးဆုံး ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်ဖြစ် လူ့လောကတွင် သူမ မမြင်ဖူးသေးသော ရှုခင်းများစွာ ရှိနေသေးသည် မဟုတ်ပါလော။

ထို့အပြင် အိပ်မက်ထဲတွင်လည်း သူမ ခံစားခဲ့ရသည်မှာ အကယ်၍ Streamer ကြီးသာ တကယ် ရှိနေမည် ဆိုပါက သူမကို အသက်ရှင်သန်ချင်စိတ် ပိုပြင်းထန်စေရန် မျှော်လင့်လိမ့်မည်ဟု ထင်ပေသည်။

[ဖျက်ပစ်မည်လား]

မောက်စ် နှိပ်တော့မည့် ဆဲဆဲတွင် ကျူးယောင်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားခဲ့၏။

သူမသည် ဤဖိုင်တွဲထဲမှ အလျင်အမြန် ထွက်လိုက်ပြီး ကွန်ပျူတာပေါ်တွင် လျင်မြန်စွာ နှိပ်ကာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်။

"အား"

လဆန်းငါးရက်နေ့ နံနက်ခင်းတွင် အလုပ်ခန်းထဲမှ စူးရှသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့တော့၏။

စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှု၊ အံ့သြမှု၊ ထိတ်လန့်မှု၊ ဘာလုပ်ရမှန်း မသိမှု။

ရှုပ်ထွေးလှသော ခံစားချက် အမျိုးမျိုးသည် ဤ 'အား' ဟူသော စကားလုံး တစ်လုံးတည်းတွင် စုစည်းသွားတော့သည်။

ကျူးယောင်သည်ရှက်လွန်းသဖြင့် မျက်နှာကို အုပ်ထားလိုက်၏။

'သွားပါပြီ သွားပါပြီ... ငါ စိတ်ကူးယဉ်ပြီး လျှောက်ဆွဲထားတဲ့ ပန်းချီကားတွေ အကုန်လုံးကို Streamer ကြီး မြင်သွားပြီ...'

'ဒါဆိုရင် အဲဒါက တကယ်ပဲ Streamer ကြီးလား။ ဒါမှမဟုတ် ငါ အိပ်မက်ယောင်ပြီး ကွန်ပျူတာကို ဖွင့်ခဲ့တာများလား'

ကျူးယောင်၏ ဦးနှောက်သည် တစ်ခဏမျှ အလုပ်မလုပ်တော့ချေ။

မရဏလောကမှအံ့ဖွယ်နေ့ရက်များ live၏ ပရိသတ်များ အနေဖြင့် သူတို့ အားလုံးတွင် ဖြေရှင်းရခက်သော ခေါင်းစဉ် တစ်ခု ရှိကြပေသည်။

အကယ်၍ Streamer ကြီးကို တွေ့ရမည့် အခွင့်အရေး ရလာမည် ဆိုပါက တွေ့ရန် ရွေးချယ်မည်လော ၊ မတွေ့ရန် ရွေးချယ်မည်လော။

လူ့လောက တစ်ခုလုံးတွင် သူတို့လို ပရိသတ်မျိုးမှသာလျှင် ဤသို့သော စိတ်ညစ်စရာ ကိစ္စမျိုး ရှိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့ အာရုံစိုက်နေသော Streamer ကြီးသည် အလွန် ထူးခြားသောကြောင့်ပင် ဖြစ်၏။

'အဲဒါက ဝိညာဉ်တမန်တော်ကြီးလေ'

အင်တာနက်သုံးနေရင်း သေသွားလျှင် Streamer ကို တွေ့ရမည် ဆိုသော ကောလာဟလများကိုတော့ အတုအယောင် ပရိသတ်များက ဖြန့်နေခြင်းသာ ဖြစ်ကြောင်း သေချာပေသည်။

နောက်ပိုင်းတွင် ကျူးယောင်သည် တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၏။

'အကယ်၍ Streamer ကြီး တကယ်ပဲ ပေါ်လာခဲ့တာဆိုရင် ငါ့ရဲ့ ပန်းချီကားတွေကို သဘောကျလို့များလား'

'သွားပြီ၊ အဲဒီလို တွေးလိုက်တော့ ပိုပြီး စိတ်လှုပ်ရှားလာပြီ'

'နေပါဦး တကယ်လို့ သူလာတာတကယ်ကြီး ဟုတ်ခဲ့ရင် အဲဒီတုန်းက ငါ ဝတ်ထားတာ အိပ်ရာဝင်ဝတ်စုံကြီးလေ၊ ပြီးတော့ငါ မျက်နှာမသစ်ရတာတောင် နှစ်ရက်ရှိနေပြီလေ’

🫧 Chapter 212

ငရဲပြည်တွင်

မကြာသေးမီက ငရဲပြည်တစ်ခုလုံး၏ လေထုသည် အနည်းငယ် ထူးဆန်းနေပေသည်။

မည်သည့်နေရာများတွင် မူမမှန် ဖြစ်နေသနည်းဟု မေးလျှင်လည်း အဖွဲ့မှူးများ လက်အောက်ရှိ အဖွဲ့သားများသည်လည်း တိတိကျကျ မပြောပြတတ်ကြချေ။

အချုပ်အားဖြင့်ဆိုရသော် ဤလေထုသည် အဖွဲ့မှူးကြီးများ ငရဲပြည်၏ နှစ်ပတ်လည်ပွဲတော်မှ ပြန်ထွက်လာပြီးနောက်တွင် အလိုအလျောက် ပျံ့နှံ့လာခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့် ယခင်က နေ့စဉ် ရှေ့တန်းသို့ ထွက်လေ့ရှိသော အဖွဲ့မှူး အချို့သည် မကြာသေးမီက ရုတ်တရက် အပြင်မထွက်ကြတော့ဘဲ နန်းဆောင် အတွင်း၌သာ အလုပ်များကို နေ့စဉ် ဖြေရှင်းနေကြ၏။

ထို့အပြင် အခြားသော အဖွဲ့မှူး အချို့ဆိုလျှင်လည်း မကြာသေးမီက အရိပ်အယောင်ပင် မမြင်ရတော့ဘဲ အလုပ်များနေခြင်း သို့မဟုတ် အလုပ်ရှုပ်နေသော လမ်းခရီးတွင်သာ ရှိနေပြီး တစ်ကြိမ်တွေ့ဆုံရန်ပင် အလွန် ခက်ခဲနေလေသည်။

အချို့သော အဆင့်မြင့် ဝိညာဉ်တမန်တော်ကြီးများ ဆိုလျှင်လည်း အဘယ်ကြောင့်မှန်းမသိဘဲ အချင်းချင်း ပဋိပက္ခများ စတင် ဖြစ်ပွားနေကြတော့၏။

အဖွဲ့သားများအတွက် အထူးဆန်းဆုံးကိစ္စမှာ နှစ်ပတ်လည်ပွဲတော်တစ်ခုကို တက်ရောက်ခြင်းက အဘယ်ကြောင့် ဝိညာဉ်လက်နက်များကိုပါ ပျက်စီးသွားစေရသနည်း ဆိုသည်ကိုပင်။

ဝိညာဉ်လက်နက် ဖန်တီးရာ အလုပ်ရုံသို့ နေ့စဉ် သွားနေရသော ပထမတန်းစား ဝိညာဉ်တမန်တော်တစ်ပါးကို ကြည့်ရင်း ဝိညာဉ်တမန်တော် အများအပြား၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေကြတော့၏။

နှစ်ပတ်လည်ပွဲတော် ဆိုသည်မှာ အလုပ်အစီရင်ခံခြင်းနှင့် စားသောက် အနားယူခြင်းမျှသာဖြစ်သည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလော။

'ဒါမှမဟုတ် သူတို့တွေ ရန်များ ဖြစ်ခဲ့ကြလို့လား'

ဤအကြောင်းအရာနှင့် ပတ်သက်၍ နောက်ထပ် ကောလဟာလတစ်ခုလည်း ရှိနေသေးသည်။

နှစ်ပတ်လည်ပွဲတော် ခန်းမဆောင်ကြီး အတွင်းမှတစ်ခုခု လွင့်ပျံထွက်လာခဲ့သည် ဆိုခြင်းပင်ဖြစ်၏။

ယခုအချိန်အထိ ထိုလွင့်ပျံ ထွက်လာသော အရာသည် မည်သည့်အရာဖြစ်ကြောင်းကို သူတို့ မသိကြသေးချေ။

ထို့ကြောင့် နှစ်ပတ်လည်ပွဲတော်တွင် အမှန်တကယ် မည်သည့်အရာများဖြစ်ပျက်ခဲ့သနည်း။

ဤသို့သော ဖြစ်ရပ်များနှင့် ကောလဟာလများ အောက်တွင် နှစ်ပတ်လည်ပွဲတော်သည် ဤအဖွဲ့သားများ၏မျက်လုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက် အနည်းငယ် ထပ်တိုးလာခဲ့တော့သည်။

သူတို့သည် သိချင်စိတ် ဖြစ်နေကြသကဲ့သို့ တစ်ဖက်မှလည်း မျှော်လင့်တောင့်တနေမိကြသည်။

ကောလာဟလများအရ နှစ်ပတ်လည်ပွဲတော် ညစာစားပွဲတွင် ကြီးကျယ်ခမ်းနားသော ဖျော်ဖြေမှုများ ရှိပြီး သရဲဈေးတန်းတွင်ပင် မတွေ့နိုင်သောရှားပါးပြီး အရသာရှိသည့် ဟင်းလျာများလည်း ရှိသည်ဟု ဆိုကြပေသည်။

ထို့အပြင် ယမမင်းကြီးများ၏လမ်းညွှန်မှုကို ရရှိနိုင်ပြီး မိမိတို့စွမ်းရည်အဆင့်များ ပိုမို တိုးတက်လာနိုင်ချေ ရှိသည်ဟုလည်း ဆိုကြ၏။

----

တစ်ခြားတစ်ဖက်တွင်မူ

ထိုနေ့က လူ့လောကမှ ပြန်လာပြီးနောက် ကျန်းလင်၏ စိတ်အခြေအနေသည် အတော်လေးကောင်းမွန်နေခဲ့ပေသည်။

ထိုပန်းချီကားများ အားလုံးကို သူ အပြည့်အဝနားမလည်ခဲ့သော်လည်း(ဥပမာအားဖြင့် တိုတိုတုတ်တုတ်နှင့် ဖြူဖြူလုံးလုံးအသားလုံးလေးများကဲ့သို့သော လူပုံလေးများနှင့် အချို့သော ထူးဆန်းသည့် အီမိုဂျီများ) ယခင်က ကျန်းလင် ပြောခဲ့သကဲ့သို့ပင် သူကိုယ်တိုင်ကလည်း ဤအရာများကို သိပ်နားမလည်သောကြောင့် ယင်းတို့အပေါ် ဝေဖန် ပြစ်တင်ခြင်းများ ပြုလုပ်မည်မဟုတ်ချေ။

စဉ်းစားကြည့်ရမည် ဆိုလျှင် သူ့ ပရိသတ်များသည် ပန်းချီဆွဲမည်ဆိုလျှင်တောင်မှ သူ့ကို တမင်သက်သက် အရုပ်ဆိုးအောင်ဆွဲကြမည် မဟုတ်ပေ။

ထိုသို့ တွေးလိုက်သောအခါ သူစိတ်ခု၍မနေတော့ချေ။

----

နန်းဆောင် ၁၈ သို့ ပြန်လည် ရောက်ရှိပြီးနောက် ကျန်းလင်သည် ယခင်ကရရှိထားသော နှစ်သစ်ကူး လက်ဆောင်များကို အရင်ဆုံးတစ်ချက် ကြည့်ရှုလိုက်၏။

အဓိကအဖွဲ့မှူးကြီးများ ပေးပို့လာသော ပစ္စည်းများသည် မျိုးစုံလင်လှပြီး ဆေးဘက်ဝင်အပင်များ၊ ဝိညာဉ်လက်နက်များ၊ ဆေးလုံးများ စသည်ဖြင့် ပါဝင်ပေသည်။

ထိုအထဲတွင် ယမမင်းနန်းဆောင်မှ ပေးပို့လာသည့် လက် ဆောင်မှာမူ နှစ်ပတ်လည်ပွဲတော်တွင် ပါဝင်ခဲ့သော 'မူးယစ်သေရည်' နှစ်ပုလင်းနှင့် လှပစွာ ထုပ်ပိုးထားသော ကိတ်မုန့်တစ်ဘူး ဖြစ်နေ၏။

ထိုကိတ်မုန့်ဘူးကို ကျန်းလင်သည် အချိန်တစ်ခုရှာကာ ရွှီရှို့စစ်၏ အိမ်သို့ သွားရောက် ပေးပို့ခဲ့ပြီး တစ်ဆက်တည်းမှာပင် ရွှီရှို့စစ်ကိုလည်း အနီရောင် စာအိတ်ကြီး တစ်ခု ပေးခဲ့လေသည်။

ထို 'မူးယစ်သေရည်' နှစ်ပုလင်းကိုမူ အရည်အသွေးကောင်း မွန်သော အရက်များဖြစ်ပြီး ကျင့်ကြံရာတွင်လည်း အထောက်အကူပြုသော်လည်း ဘေးထွက်ဆိုးကျိုးက အလွန်ပြင်းထန်သဖြင့် ကျန်းလင်သည် သေချာစွာသိမ်း ဆည်းထားလိုက်တော့၏။

နှစ်သစ်ကူးအချိန်ကာလရှိ ကိစ္စရပ်များအားလုံးကို ပြီးစီးပြီးနောက် ကျန်းလင်သည်အဖွဲ့ ၁၈မှ အဖွဲ့သားများကိုလည်း နှစ်သစ်ကူး အားလပ်ရက် ရက်အနည်းငယ်ပေးလိုက်သည်။

နှစ်သစ်ကူး ကာလအတွင်း အလုပ်ပမာဏ သိပ်မများလှသဖြင့် သူ တစ်ယောက်တည်းနှင့်ပင် လုံလောက်ပေ၏။

အလုပ်လုပ်ချိန်တွင် သေချာစွာ အလုပ်လုပ်ပြီး နှစ်သစ်ကူး အချိန်အခါမျိုးတွင်တော့ အားလုံးကောင်းမွန်စွာ အနားယူသင့်သည် မဟုတ်ပါလော။

----

ဤရက်ပိုင်းအတွင်း ကျန်းလင် ခေါ်ဆောင်ခဲ့ရသော ဝိညာဉ် အရေအတွက်မှာ သိပ်မများလှသော်လည်း သေဆုံးရသည့် အကြောင်းရင်းများမှာမူ အများစုက ဆင်တူနေကြပေသည်။

အိမ်တွင် လျှပ်စစ်မီး အသုံးပြုမှု ပေါ့ဆသဖြင့် မီးလောင်သေဆုံးသူများ၊ အမြန်လမ်းပေါ်တွင် ကားအက်ဆီးဒင့် ဖြစ်သူများ၊ မိလ္လာပေါက်ထဲသို့ မတော်တဆ ပြုတ်ကျသူများ အစရှိသည်ဖြင့် လူတစ်ဦးချင်းစီ၏ဝိညာဉ်များနှင့် သေဆုံးချိန်ရှိ အခြေအနေများမှာလည်း ကွဲပြားခြားနားကြပေ၏။

အချို့က သေဆုံးပြီးနောက် မိမိကိုယ်ကိုယ် သေဆုံးသွားကြောင်းကိုပင် မေ့လျော့နေတတ်ကြပြီးအချို့ကမူ သက်ရှိထင်ရှားရှိစဉ်က အသိစိတ်များကျန်ရှိနေကာ ကျန်းလင်နှင့် စကားစမြည် ပြောဆိုနိုင်ကြသေးသည်။

သို့သော် အချို့ကမူ ဝိညာဉ်တမန်တော်ကို မကြောက်ရွံ့သည့်အပြင် သတိထား ကာကွယ်နေတတ်ကြသေး၏။

ဥပမာအားဖြင့် လမ်းမပေါ်တွင် ကားတိုက်ခံရသော ဤအမျိုးသားကြီးပင် ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် ယာဉ်မောင်း၏အမှား မဟုတ်ဘဲ ဤလူလတ်ပိုင်း အမျိုးသားက မီးနီပြနေချိန်တွင် လမ်းမပေါ်၌ ရပ်နေခဲ့ခြင်းကြောင့်ဖြစ်၏။

----

[ဘာအခြေအနေလဲ ]

[ခုနက သူ စိတ်လွင့်သွားတာလား ဒါမှမဟုတ် ဘာတွေ ဖြစ်သွားတာလဲ]

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိပရိသတ်များသည် ထိုအချိန်က ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။

သူတို့သည် လမ်းမကြီးကို မြင်လိုက်ရချိန်တွင် ကားတိုက်ပြီး ထွက်ပြေးမှု၊ ဓားပြတိုက်မှု စသည်တို့ကို တွေးတောမိခဲ့ကြသည်။

သို့သော် လမ်းဖြတ်ကူးနေစဉ် ဤလူလတ်ပိုင်း အမျိုးသားက ရုတ်တရက် ရပ်တန့်သွားလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ကြချေ။

ဤစက္ကန့်ပိုင်းလေး အတွင်းမှာပင် မီးပွိုင့်အရောင်ပြောင်းသွားခဲ့ကာ ကားတစ်စီးမောင်းနှင်လာခဲ့ပြီးနောက်အဖြစ်ပျက်တစ်ခုဖြစ်ပျက်သွားတော့သည်။

----

ထိုလူလတ်ပိုင်း အမျိုးသား၏အသားအရည် မှာအလွန် မည်းနက်ပြီး မျက်လုံးထောင့်များတွင်လည်း အရေတွန့်များ ပြည့်နှက်နေကာ ကျောတွင် လူတစ်ဝက်ခန့် အရွယ်အစားရှိ ကျောပိုးအိတ်ကြီးကို လွယ်ထားပြီး လက်ထဲတွင်လည်း ပလတ်စတစ်ပုံး အကြီးနှစ်ပုံးကို ကိုင်ဆောင်ထား၏။

ထိုပုံးများသည် အလှဆင် ကုမ္ပဏီများက အသုံးပြုပြီးနောက် လမ်းဘေးတွင် အလွယ်တကူ ပစ်ထားလေ့ရှိသော ပုံးမျိုးများနှင့် တူနေသည်။

အမျိုးသား၏ ကြမ်းတမ်းသော လက်ကြီးများသည် အိတ် ကပ်နေရာကို မကြာခဏဆိုသလို ပွတ်သပ်နေတတ်ပြီး ဤလှုပ်ရှားမှုကိုမူ လူအများအပြားက အလွန်ရင်းနှီးနေတတ်ကြပေသည်။

သူတို့သည် နှစ်သစ်ကူးတွင် အနီရောင် စာအိတ်များ ရရှိချိန် သို့မဟုတ် ဘဏ်မှငွေအမြောက်အမြား ထုတ်ယူလာချိန်တွင်လည်း ဤသို့ ပြုလုပ်လေ့ ရှိကြသည် မဟုတ်ပါလော။

၎င်းမှာ ငွေများကျပျောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေ၏။

----

လမ်းမထက်တွင်

သွေးများသည် မြေပြင်ပေါ်တွင် အလျင်အမြန် စီးဆင်းသွားပြီး မည်သူ့ကိုမျှ တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ချေ။

လူကို တိုက်မိသော ယာဉ်မောင်းသည် နှစ်မီတာခန့် အရောက်တွင် ကားကို အရေးပေါ် ရပ်တန့်လိုက်ပြီး အောက်သို့ ဆင်းလာချိန်တွင် လက်များပင် တုန်ယင်နေတော့၏။

"ဟယ်လို 120 (လူနာတင်ယာဉ်) ကပါလား၊ ကျွန်တော် ကျွန်တော် လူတစ်ယောက်ကို တိုက်မိလို့ပါ"

"ဟယ်လို 110 (ရဲစခန်း) ကလား"

ဖုန်းခေါ်ဆိုပြီးနောက် ယာဉ်မောင်းသည် လူလတ်ပိုင်း အမျိုးသား၏ ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး အော်ဟစ်လိုက်၏။

"အစ်ကိုကြီး၊ အစ်ကိုကြီး ဘာမှမဖြစ်ဘူး မဟုတ်လား အစ်ကိုကြီး တောင့်ထားဦးနော်၊ ကျွန်တော့်ကို မခြောက်ပါနဲ့"

သူသည် လက်ဆန့်၍ တစ်ခုခုလုပ်ပေးချင်သော်လည်း အခြားသော ထိခိုက်ဒဏ်ရာများ ထပ်မံ ရရှိသွားမည်ကို စိုးရိမ်သဖြင့် တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။

မြေပြင်ပေါ်တွင်

လူလတ်ပိုင်း အမျိုးသားသည် မည်သည့်နေရာကို ထိခိုက်သွားသည် မသိ၊ မျက်ဝန်းများသည် အလျင်အမြန် ဝေဝါးလာခဲ့တော့သည်။

ထို့နောက်ယာဉ်မောင်း၏အသံသည်လည်း တဖြည်းဖြည်း မှုန်ဝါးလာပြီး အခြားကမ္ဘာတစ်ခုမှ လာသော အသံကဲ့သို့ ဖြစ်လာ၏။

လူများ သေခါနီးအချိန်တွင် သူတို့၏တိုတောင်းသော ဘဝတစ်ခုလုံးကို ပြန်လည် မြင်ယောင်လာတတ်ကြသည်ဟု ဆိုကြပေသည်။

သို့သော် ယခုယခုအခိုက်အတန့်တွင်မူ ကျိုးရုံသည် ပန်းကန် လုံးအကြီးကြီးနှင့် ထည့်ထားသော ဝက်သားနီချက်ကိုသာ တွေးတောနေမိတော့၏။

အာလူး၊ မုန်လာဥနီတို့နှင့် တွဲဖက်၍ နာရီဝက်ခန့် နှပ်ထားသော ထိုအသားသည် အလွန် နူးညံ့ပြီး မွှေးကြိုင်လှပေသည်။

တစ်လုတ် စားလိုက်သည်နှင့် အသားချည်းသာ ဖြစ်နေပြီး အလွန်အမင်း ကျေနပ်မှုကို ရရှိစေ၏။

ထို့ပြင်သူ၏ ဇနီးသည် အကျွမ်းကျင်ဆုံး ချက်ပြုတ်တတ် သည်မှာလည်း ဤဟင်းလျာပင် ဖြစ်သည်လေ။

'ဝက်သားနီချက်လေး အရမ်း စားချင်တာပဲ'

သူ အပြင်ထွက် အလုပ်လုပ်နေသည်မှာ ခြောက်လခန့် ရှိပြီ ဖြစ်ပြီး အိမ်ပြန်ရန်လည်း ခြောက်လခန့်မျှော်လင့်နေခဲ့သည်။

သို့သော် နှစ်သစ်ကူး အချိန်တွင် လုပ်အားခနှစ်ဆ ရမည် ဖြစ်သဖြင့် သူ အိမ်မပြန်ရက်ခဲ့ချေ။

ထိုသို့တွေးတောနေစဉ်မှာပင် ကျိုးရုံသည် သူ တဖြည်းဖြည်း ပျံတက်လာကြောင်း သတိပြုမိသွား၏။

'ငါ လေပေါ်လွင့်နေတာလား'

ကျိုးရုံ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်ရာ မိမိ၏အလောင်းကို မြင်လိုက်ရသကဲ့သို့ ဘေးတွင် ငိုတော့မည့်အထိ စိုးရိမ်နေသော ယာဉ်မောင်းကိုလည်း မြင်တွေ့လိုက်ရသည်။

ထို့အပြင် မလှမ်းမကမ်းရှိ မီးပွိုင့်နှင့် အခြေအနေကို သတိပြုမိပြီးနောက် အရေးပေါ် ဘရိတ်အုပ်ကာ ဤနေရာကို တားဆီးပေးထားကြသော ကားများကိုလည်း မြင်တွေ့လိုက်ရ၏။

ကျိုးရုံသည် ခေါင်းငုံ့၍ သူ့ အလောင်းကို နောက်ထပ် နှစ်ချက်ခန့် ကြည့်ရှုလိုက်ပြီးနောက် တစ်ခုခုကိုသတိရသွားသကဲ့သို့ မဆိုင်းမတွပင် မိမိကိုယ်ကိုယ် ပါးတစ်ချပ် အားကုန် ရိုက်ချလိုက်တော့သည်။

ထိုအခါ 'ဖြန်း' ဟူသော အသံကလည်း ထွက်ပေါ်လာ၏။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များ အားလုံးလန့်ဖြန့်သွားကြတော့သည်။

ဝမ်းနည်းနေသော ခံစားချက်များသည် တစ်ခဏအတွင်းမှာပင် ရပ်တန့်သွားကာ မျက်လုံးထဲတွင် ရစ်သိုင်းနေသော မျက်ရည်များပင်လန့်ပြီး ကျဆင်းလာကာ သူတို့၏ ကြောင် အမ်းအမ်း ဖြစ်နေသော မျက်နှာများနှင့် ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။

[...]

[ဘာတွေ ဖြစ်သွားတာလဲ]

----

'ဟူး'

ကျိုးရုံ သည် မိမိကိုယ်ကိုယ် ပါးတစ်ချက် ရိုက်ပြီးနောက် ခန္ဓာကိုယ်၏အထက်တွင် ထိုင်ကာ သက်ပြင်းချလိုက်၏။

သူသည် ယခင်ကတည်းက ခန္ဓာကိုယ်တွင် တစ်ခုခုမူမမှန် ဖြစ်နေကြောင်း ခံစားခဲ့ရသော်လည်း ဆေးရုံသွားပြရန် အခွင့်အရေး မရခဲ့ချေ။

ထိုဆောက်လုပ်ရေး လုပ်ငန်းခွင် အနီးတွင်လည်း ဆေးရုံ မရှိသဖြင့် နှစ်သစ်ကူးပြီး အိမ်ပြန်ရောက်မှသာ သွားပြမည်ဟု သူ တွေးထားခဲ့သည်။

သို့သော် ဤသို့ ရုတ်တရက် ရောဂါဖောက်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ထိုသို့ တွေးတောနေစဉ် သူ့ မျက်လုံးထောင့် မြင်ကွင်းတွင် အဖြူရောင်အရိပ်တစ်ခု နီးကပ်လာသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။

"သွားရမယ့် အချိန်တန်ပြီ"

သို့သော် ကျန်းလင်စကားပင် မဆုံးသေးမီ ထိုလူလတ်ပိုင်း အမျိုးသားသည် မျောက်တစ်ကောင်ကဲ့သို့ အပေါ်သို့ ရုတ်တရက် ခုန်တက်သွားသည်ကို မြင်လိုက်ရသည်။

ထို့နောက် သူ့ကို တစ်လှည့်၊ မြေပြင်ပေါ်ရှိ အလောင်းကို တစ်လှည့်ကြည့်ကာ 'သေပါပြီကွာ' ဟူသော အမူအရာဖြင့် ကြည့်နေတော့၏။

"မင်း မင်း မင်း၊ မင်းက ဘာလုပ်တဲ့ကောင်လဲ"

ရုတ်တရက် ကျိုးရုံသည် သူ ပြန်လည် အသက်ရှင်လာတော့မည်ဟုပင် ခံစားလိုက်ရလေသည်။

ကျန်းလင်ကလည်း အေးစက်စက် လေသံဖြင့် "မင်းကို လမ်းပြပေးဖို့ လာခေါ်တာ" ဟု ပြောလိုက်၏။

ဝိညာဉ်များကို လမ်းပြခေါ်ဆောင်လာခဲ့သော ဤနှစ်ကာလများ တစ်လျှောက်တွင် ဝိညာဉ်တမန်တော် တစ်ပါးအနေဖြင့် ခံစားချက်များကို အလွန်အကျွံ မဖော်ပြသင့်ကြောင်း ကျန်းလင် အမြဲတမ်း ခံယူထားခဲ့သည်။

သို့မဟုတ်ပါက ဝိညာဉ်များ၏စိတ်ခံစားချက်များကို ပိုမို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်သွားနိုင်ပေ၏။

"ငါ သိပြီ၊ မင်းက အဲဒီ ဟေးပိုင်ဝူချန်(အဖြူအမည်းဝိညာဉ်တမန်တော်) ဆိုတာ မင်းမဟုတ်လား"

ယခုအခါ ကျိုးရုံသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ကြမ်းတမ်း၍ ရိုးသားသောမျက်နှာသည် တင်းမာနေပြီး အလွန် စိုးရိမ်ထိတ်လန့်နေပုံရ၏။

"မင်း မင်း အဲဒီနေရာကနေ မလှုပ်နဲ့နော်"

"...."

ထိုအခါကျန်းလင်လည်းအနည်းငယ် တွေဝေသွားပြီးရပ်‌ နေမိလိုက်၏။

သို့သော်နောက်တစ်စက္ကန့်တွင် ထိုလူလတ်ပိုင်း အမျိုးသားသည် အနောက်သို့ ခြေနှစ်လှမ်းခန့် အလျင်အမြန် ဆုတ်သွားကာ အကွာအဝေးတစ်ခု ဖန်တီးလိုက်ပြီးနောက် ခြေထောက်ပေါ်ရှိ ဖိနပ်ကိုလျင်မြန်စွာ ချွတ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် သူ၏ညာဘက်လက်ကို မြှောက်ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။

"ငါ မင်းကို ဖိနပ်နဲ့ ပစ်ပေါက်လိုက်မယ်နော် ပိုင်ဝူချန် (အဖြူရောင်ဝိညာဉ်တမန်တော်)”

All Chapters