အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
🫧 Chapter 213
သရဲဘဝသို့ ရောက်သွားပြီးနောက် ကျိုးရုံ၏ အမြန်နှုန်းမှာလည်း အနည်းငယ် ပိုမိုမြန်ဆန်လာခဲ့သည်။
ထို့ကြောင့်သူဖိနပ်ကို ချွတ်၍ ပစ်ပေါက်လိုက်သည့် လှုပ်ရှားမှုမှာ အလွန်အမင်း လျင်မြန်လှ၏။
"ငါ မင်းကို ပစ်ပေါက်လိုက်မယ်နော် ပိုင်ဝူချန်"
"...."
သို့သော် ကျန်းလင်၏မျက်လုံးထဲတွင်တော့ ထိုဖိနပ်၏ အမြန်နှုန်းသည် အလွန်အမင်း နှေးကွေးနေပြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို ၃၂ ဆခန့် အနှေးပြကွက်ဖြင့် ပြသနေသကဲ့သို့ပင် ဖြစ်နေပေသည်။
သူသည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။
ထိုဖိနပ်သည် သူနှင့် မီတာဝက်ခန့် အကွာတွင် မမြင်ရသော အတားအဆီး တစ်ခုနှင့် တိုက်မိသွားသကဲ့သို့ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်သို့ အားအင်မဲ့စွာ ပြုတ်ကျသွားတော့၏။
"အား ငါ ထပ်ရိုက်မယ်ကွ"
ပထမ အကြိမ် မအောင်မြင်သောအခါ ကျိုးရုံသည် ဇာတ်ကနေသူ တစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်ပြီး ကျန်ရှိနေသော နောက်ထပ် ဖိနပ်တစ်ဖက်ကို ယူကာ ကျန်းလင် ရှိရာသို့ ပြေးဝင်သွားတော့သည်။
ထို့နောက် လမ်းတစ်ဝက်တွင် လေထဲသို့ ခုန်တက်လိုက်ပြီး လက်ထဲရှိ ဖိနပ်ကို တုတ်ချောင်းတစ်ခုကဲ့သို့ ကိုင်ကာ ပိုင်ဝူချန်၏ နဖူးတည့်တည့်သို့ ရိုက်ချလိုက်၏။
'ဖတ်'
ကျန်းလင်သည် မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မပြသဘဲ ဖိနပ်ကို လက်ဖြင့် ရိုက်ချလိုက်ပြီးနောက် အရှေ့ရှိ ဝိညာဉ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။
"...."
ကျိုးရုံသည် မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားပြီးနောက် သူ၏ ရိုးသားသော မျက်နှာပေါ်တွင် အံ့သြနေသည့် အမူအရာများ ထွက်ပေါ်လာခဲ့၏။
"မင်းက ပိုင်ဝူချန် ဆိုပေမယ့် တော်တော်လေးအထုအထောင်း ခံနိုင်တာပဲ"
စကားပြောနေရင်း သူသည် မတ်တတ်ရပ်လိုက်ပြီး လက်ထဲသို့ 'ဖူးဖူး' ဟု တံတွေးထွေးကာ နောက်ထပ်တစ်ကြိမ် ထပ်မံ စိန်ခေါ်ရန် ပြင်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူ မည်သို့ တိုက်ခိုက်ရမည်ကိုပင် မစဉ်းစားရသေးမီ ကျန်းလင်က သူ့ ဂုတ်ကိုကိုင်ကာ ဆွဲမလိုက်တော့၏။
သူ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီးနောက် ကျိုးရုံသည် ချက်ချင်းပင် လန့်သွားပြီး လည်ပင်းကို ပုကာ လုံးဝ မလှုပ်ရဲတော့ချေ။
....
[ဟာ၊ ဦးလေး ရပ်လိုက်ပါတော့]
[သူက တကယ့် လူကြမ်းကြီးပဲဟ]
[ဒါ ရုတ်တရက်ကြီး ထူးဆန်းတဲ့ အခြေအနေ တစ်ခုထဲကို ရောက်သွားတာလား ]
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင်
ပရိသတ်များသည် ရုတ်တရက် ဖြစ်ပေါ်လာသော ဤအ ပြောင်းအလဲများကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကြတော့၏။
[အဲဒါက ပိုင်ဝူချန်လေ]
[ဒီဦးလေးကြီးက ဒီလောက်တောင် ကြမ်းရသလား]
[ဒါက ဝိညာဉ်တမန်တော်ကြီးမှန်း သေချာသွားတော့ ပိုပြီး စိတ်လှုပ်ရှားသွားတာလား]
ဖိနပ်ကို ချွတ်ပြီး တိုက်ခိုက်လိုက်သည့် အလုပ်သမား ဦးလေးကြီး၏ လုပ်ရပ်သည် သဘာဝကျသကဲ့သို့ ရှိသော်လည်း ပြိုင်ဘက်မှာ ဝိညာဉ်တမန်တော်ကြီး ဖြစ်နေသောအခါ ဤမြင်ကွင်းသည် အနည်းငယ် ထူးဆန်းနေတော့၏။
၎င်းမှာ လေဆာသေနတ် ကိုင်ထားသူကို ပါးရိုက်ရန် သွားရောက် တိုက်ခိုက်နေသကဲ့သို့ပင် ဖြစ်နေပေသည်။
[ဒါက ဘာလုပ်မလို့လဲ၊ ပါးရိုက်ပြီး တစ်ဖက်လူကို ယပ်ခတ်ပေးမလို့လား]
[ဒါက အဆင့်တူတဲ့ ပြိုင်ဘက်တွေမှ မဟုတ်တာ]
ပရိသတ်များသည် Streamer ဝိညာဉ်များကို လမ်းပြ ခေါ်ဆောင်လာသည်ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော် လည်း ဖိနပ်ကို ကိုင်ကာ Streamer ကို တိုက်ရိုက် တိုက်ခိုက်ဲသူကိုတော့ ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေ၏။
[Streamer က တော်တော်လေး တည်ငြိမ်တာပဲ လောကဓံမုန်တိုင်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းဖူးတဲ့သူ ပီသပါပေတယ်]
[အပြင်ပန်းမှာ တည်ငြိမ်နေတဲ့သူတွေက အကြောက်ရဆုံးပဲလို့ ပြောကြတယ် အခုအချိန် Streamer ဘာတွေ တွေးနေမလဲ ဆိုတာကို မင်းတို့ ဘယ်လို ထင်လဲ]
[ငါကတော့ အဲဒီဦးလေးကြီးရဲ့တွေးခေါ်ပုံကို ပိုပြီး သိချင်နေတယ်]
[ငါတို့ ရွာဘက်မှာတော့ သရဲတစ္ဆေတွေနဲ့ တွေ့ရင် ဆဲဆိုပြီး မောင်းထုတ်ရမယ် ဆိုတဲ့ အယူအဆ ရှိတယ် ဒါပေမယ့် သွားပြီး တိုက်ခိုက်ရမယ်လို့တော့ ဘယ်သူမှ မပြောဖူးဘူးနော်]
[သွားပြီး တိုက်ခိုက်တယ်ဆိုတဲ့ အသုံးအနှုန်းက တော်တော်လေး ကွက်တိကျတာပဲ]
ပရိသတ်များ အံ့သြနေကြစဉ်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲရှိ 'တိုက်ပွဲ' သည် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။
Streamer ၏ဆွဲမခြင်းကို ခံထားရသော ဦးလေးကြီးကို ကြည့်ရင်း ပရိသတ်များသည် ရယ်ရခက် ငိုရခက် ဖြစ်နေကြတော့သည်။
သူ ကြမ်းတယ်လို့ ပြောရအောင်လည်း အခုအချိန်မှာ သူ လုံးဝမလှုပ်ရဲတော့ချေ။
သူ ကြောက်နေတယ်လို့ ပြောရအောင်လည်း ခုနက သူ ဖိနပ်နဲ့ ပစ်ပေါက်လိုက်တဲ့ ထူးဆန်းတဲ့လုပ်ရပ်ကြီးက ပရိသတ်တွေရဲ့ ခေါင်းထဲမှာ အကြိမ်ကြိမ် ပြန်လည် ထွက်ပေါ်နေဆဲ ဖြစ်ပေသည်။
ထိုအချိန်တွင် 'ရှန်းယူ' ဟု အမည်ရသော ပရိသတ် တစ်ဦး ထွက်ပေါ်လာခဲ့၏။
သူသည် လက်တစ်ချောင်းတည်းဖြင့် စာရိုက်ကာ ယခုလေး တင်က သူ ရေးသားခဲ့သော မှတ်ချက်ကို ဖြည်းညင်းစွာပို့လိုက်သည်။
[လူ့လောကမှာ အယူအဆ တစ်ခု ရှိတယ် ပိုင်ဝူချန်ကို ပစ္စည်းတစ်ခုခုနဲ့ ပစ်ပေါက်လိုက်ရင် ရွှေငွေရတနာတွေ ကျလာတတ်တယ်တဲ့ တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ မသိရသေးဘူး]
[ဒါပေမယ့် အဲဒီလို မလုပ်ဖို့တော့ အားလုံးကို အကြံပေးချင်ပါတယ် အရမ်းအန္တရာယ်များတယ်]
[ဘယ်သူမဆို Streamer လို သဘောကောင်းနေမှာ မဟုတ်ဘူး]
ဤမှတ်ချက်သည် အနည်းငယ်ရှည်လျားသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း လွင့်ပျံသွားသည့် အမြန်နှုန်းမှာလည်း အနည်းငယ် နှေးကွေးနေပေ၏။
ပရိသတ် အချို့သည် စိတ်ရှည်လက်ရှည်ဖြင့် အဆုံးထိ ဖတ်ရှုလိုက်ကြသည်။
[ဒီအယူအဆကို ငါလည်း ကြားဖူးသလိုပဲ၊ တကယ် ယုံတဲ့သူတွေ ရှိနေတာလား]
[အရှေ့က ပရိသတ်ကြီး ပြောတာ မှန်တယ် ဒီလုပ်ရပ်က သေမင်းရဲ့ နှုတ်ခမ်းဝမှာ အပြန်ပြန်အလှန်လှန် ခုန်ပေါက်နေတာနဲ့ အတူတူပဲ]
[ငါကတော့ ဘာပဲဖြစ်ဖြစ် မယုံဘူး Streamer ကြီးကလည်း အလုပ်လုပ်နေရတဲ့သူပဲလေ၊ ဘယ်လိုလုပ် ပိုက်ဆံတွေကို အလကား လျှောက်ကြဲနေပါ့မလဲ]
----
ပရိသတ်များ အချင်းချင်း လူ့လောက၏ ရိုးရာယုံကြည်မှုများကို မျှဝေနေကြစဉ်လမ်းမကြီးပေါ်တွင် အဆုံးအစမရှိ နက်ရှိုင်းသော ရေဝဲကြီးတစ်ခုနှင့် တူသောမြေအောက်ကမ္ဘာသို့ သွားရာ လမ်းကြောင်းတစ်ခုသည် ကျန်းလင်အနောက် ဘက်မှ ပွင့်လာခဲ့၏။
ထိုအခါ ကျန်းလင်သည် ကျိုးရုံကို ဆွဲမကာ ထိုအထဲသို့ ဝင်ရန် ပြင်လိုက်ပြီး "သွားရမယ့် အချိန်တန်ပြီ" ဟု ပြောလိုက်သည်။
မြေအောက်ကမ္ဘာ လမ်းကြောင်းထဲမှ ဖြာထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို ခံစားလိုက်ရသောအခါ ကျိုးရုံ၏ မျက်နှာအရောင်သည် ရုတ် တရက် ပြောင်းလဲသွားတော့၏။
ယခု ဝင်သွားလိုက်ပါက သူ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ကြောင်းကို ခံစားလိုက်ရသည်။
ထိုနေရာသည်တစ်ခြားကမ္ဘာတစ်ခုမဟုတ်ပါလော။
"နေပါဦး နေပါဦး"
ဤအရေးပေါ် အချိန်လေးတွင် ကျိုးရုံသည် ရုတ်တရက် အားအင်များ ထွက်ပေါ်လာပြီး အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ကျန်းလင်၏ လက်မောင်းကို နောက်ပြန် လှမ်းဖက်လိုက်တော့၏။
"ခဏလောက်လေး စောင့်ပေးပါဦး၊ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်"
ဤအခိုက်အတန့်တွင် ကျိုးရုံ၏ခန္ဓာကိုယ်သည် သာမန်ထက် ထူးကဲသော ပျော့ပျောင်းမှုကို ပြသနေ၏။
ခန္ဓာကိုယ်က အတင်းအကျပ် လှည့်သွားသော်လည်း ခေါင်းနှင့် လည်ပင်းကမူ မူလနေရာသို့သာ မျက်နှာမူထားဆဲ ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ပရိသတ်များသည် လေကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး စိတ်ထဲတွင် 'ဟာ' ဟုသာ ရေရွတ်လိုက်မိကြတော့သည်။
"...."
ကျန်းလင်သည် ခြေလှမ်းများ ရပ်တန့်သွားပြီး ကျိုးရုံကို လှမ်းကြည့်လိုက်၏။
ဤဝိညာဉ်၏ကိုယ်ပေါ်မှ ပြင်းထန်သော စွဲလမ်းမှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အငြိုးကြီးတစ္ဆေ အဖြစ်သို့ ပြောင်းလဲတော့မည့် အရိပ်အယောင်များပင် တွေ့နေရပေသည်။
"မင်း ဘာကို စောင့်ချင်တာလဲ"
သူသည် စကားပြောနေရင်း တစ်ဖက်မှလည်း ကျိုးရုံကို မတင်လိုက်ပြီး သူ့ လက်မောင်းပေါ်မှ ခွာချလိုက်သည်။
ကျန်းလင် ဆက်မလျှောက်တော့သည်ကို မြင်သောအခါ ကျိုးရုံသည် သက်ပြင်းချလိုက်၏။
ထို့နောက် သူက လက်နှစ်ဖက်ကို ပိုက်ကာအနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ရဲ ရဲတွေ ရောက်လာပြီး အခြေအနေကို လာကြည့်တာ၊ အလောင်းကို သိမ်းပေးတာ အဲဒါမျိုးလေး စောင့်ချင်လို့ပါ"
ကျန်းလင် မယုံမည်ကို စိုးရိမ်သဖြင့် ကျိုးရုံက ထပ်ပေါင်းပြောလိုက်၏။
"ရဲတွေ ရောက်လာတာကို မြင်တာနဲ့ ငါ မင်းနောက်ကို လိုက်ခဲ့ပါ့မယ်၊ တကယ်ပြောတာပါ၊ ငါ မင်းကို ထပ်မပေါက်တော့ပါဘူး"
"မင်းဆီမှာလည်း ပိုက်ဆံ သိပ်မရှိဘူး ဆိုတာကို ငါ လည်းသိပါတယ် "
"...."
နောက်ဆုံး စကားတစ်ခွန်းကို ကြားသောအခါ ကျန်းလင်သည် မျက်လွှာပင့်၍ ထိုလူကို တစ်ချက် ကြည့်လိုက်သော် လည်း ဘာမှတော့ ပြန်မပြောခဲ့ချေ။
ထို့ပြင်ကျိုးရုံ၏ကိုယ်ပေါ်ရှိ ထိုအငွေ့အသက်များသည် လည်းပြန်လည် ငြိမ်သက်သွားပြီ ဖြစ်ရာ ကျန်းလင်က သူ့ကို အောက်ချပေးလိုက်ပြီး သူ ထွက်ပြေးသွားမည်ကိုလည်း မစိုးရိမ်တော့ပေ။
ကျိုးရုံသည် အောက်သို့ ရောက်သွားပြီးနောက် တကယ်ပဲ ထွက်မပြေးတော့ဘဲ မိမိ၏ အလောင်းအထက်တွင်သာ ထိုင်နေလိုက်၏။
သူ့ မျက်လုံးများသည် ပတ်ဝန်းကျင်ရှိ လူများကို စိုးရိမ်တကြီး လိုက်ကြည့်နေပေသည်။
ထိုပုံစံကို ကြည့်ရသည်မှာ သူ့အလောင်းကို တစ်ယောက် ယောက်က အခွင့်ကောင်းယူပြီး လာကိုင်မည် သို့မဟုတ် သူ၏ အလောင်းကို ခိုးသွားမည်ကို စိုးရိမ်နေသည့်ပုံ ပေါက်နေပေ၏။
-----
"ပီးပေါ် ပီးပေါ်"
"ပီးပေါ် ပီးပေါ်"
လမ်းမကြီးပေါ်တွင် ရဲကားတစ်စီးဖြတ်သန်းသွား၏။
ရဲကား ဥသြသံကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကားများသည် အလိုအလျောက် ဘေးသို့ ကပ်ပေးပြီး နေရာဖယ်ပေးကြသည်။
မီးပွိုင့် လမ်းဆုံ တစ်ခုကို ဖြတ်ကျော်သွားချိန်တွင် ရဲကား အနောက်ခန်းရှိ လူငယ် ရဲအရာရှိလေးတစ်ဦးသည် ဖုန်းကို တစ်ချက် ကြည့်လိုက်၏。
"နောက်ထပ် လမ်းဆုံ နှစ်ခုကျော်ရင် ရောက်ပါပြီ"
"မင်းတို့ လူငယ်တွေပဲ ဒီလိုမျိုးတွေ လုပ်တတ်တာ"
ကားမောင်းနေသော လူလတ်ပိုင်း ရဲအရာရှိကြီးက သက်ပြင်း ချလိုက်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို မဖောက် ဖျက်ဘဲ အမြန်နှုန်းကို တတ်နိုင်သမျှ တင်လိုက်လေသည်။
ကျိုးရုံသည် ကျန်းလင်နှင့် အချိန်အတော်ကြာ ပြဿနာ ရှာနေသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် တစ်မိနစ်၊ နှစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ခြင်းဖြစ်၏။
ထိုအချိန်တွင် လူငယ် ရဲအရာရှိလေးသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး " သူ ကျွန်တော်တို့ကို စောင့်နေတာ" ဟု ပြောလိုက်သည်။
ထိုအခါ လူလတ်ပိုင်း ရဲအရာရှိကြီးသည် တိတ်ဆိတ်သွားပြီး လမ်းကွေ့ တစ်ခုကို ကွေ့လိုက်ရာ မလှမ်းမကမ်းရှိ ကားများက အလိုအလျောက် ဝိုင်းရံထားသော အကာအကွယ် စက်ဝိုင်း တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုသို့ပြုလုပ်ထားသည်မှာ အခြားကားများမမြင်ဘဲ မတော် တဆ ဝင်တိုက်မိခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
"ရောက်ပြီ"
လူလတ်ပိုင်း ရဲအရာရှိကြီးသည် ကားကို ဘေးသို့ ကပ်ရပ်လိုက်ပြီးနောက် အလျင်အမြန် တံခါးဖွင့်ကာ ထိုဘက်သို့ ပြေးသွားလိုက်၏။
အနောက်မှ လူငယ် ရဲအရာရှိလေးသည်လည်း ဖုန်းကို သိမ်းပြီး လိုက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် လူနာတင်ယာဉ် တစ်စီးလည်း ရောက်ရှိလာခဲ့၏။
ဤလူနာတင်ယာဉ်ကို ထိုယာဉ်မောင်းက ခေါ်ထားခြင်း ဖြစ်ပြီး အနီးအနားတွင် ဆေးရုံ ရှိနေသဖြင့် အချိန်များစွာ မကြာလိုက်ခြင်း ဖြစ်ပေသည်။
"အားလုံးပဲ လမ်းနည်းနည်း ဖယ်ပေးကြပါဦး၊ လမ်းနည်းနည်း ဖယ်ပေးကြပါဦး”
🫧 Chapter 214
"အားလုံးပဲ လမ်းနည်းနည်း ဖယ်ပေးကြပါဦး၊ လမ်းနည်းနည်း ဖယ်ပေးကြပါဦး"
ရဲဝတ်စုံ ဝတ်ဆင်ထားသူများနှင့် ဂျူတီကုတ် အဖြူရောင် ဝတ်ဆင်ထားသော သူနာပြုများသည် မတော်တဆမှု ဖြစ်ပွားရာ နေရာဆီသို့ တိုးကပ်လာကြ၏။
သူ စောင့်နေသော သူများ ရောက်လာပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကျိုးရုံ၏ မျက်လုံးများ အရောင်လင်းလက်သွားပြီး အလျင်အမြန် မတ်တတ်ရပ်ကာ ရဲများ ရှိရာဘက်သို့ တိုးသွားလေသည်။
သို့သော် သူ လူလတ်ပိုင်း ရဲအရာရှိကြီး၏ အနားသို့ ရောက်လုနီးပါး အချိန်တွင် တစ်ခုခုကို ခံစားလိုက်ရပြီး အနားသို့ မကပ်ရဲတော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်၏။
ထို့နောက်သူ အနည်းငယ် စိုးရိမ်တကြီးဖြင့် ဘေးရှိ လူငယ် ရဲအရာရှိလေး ဘက်သို့ ပြောင်း၍ ကပ်သွားတော့သည်။
"ရဲအရာရှိလေး၊ ရဲအရာရှိလေး၊ ကျေးဇူးပြုပြီး ကျွန်တော့် ခန္ဓာကိုယ်ကို သေချာကြည့်ပေးပါဦး"
ကျိုးရုံသည် လူငယ်ရဲအရာရှိလေး၏ ဘေးတွင် ဟိုဘက်ဒီဘက် လှည့်ပတ်နေရင်း တစ်ဖက်မှလည်း မိမိ၏ခန္ဓာကိုယ် ရှိရာဘက်သို့ မကြာခဏ လှမ်းကြည့်နေပေသည်။
"ရဲအရာရှိလေး၊ ကျွန် ကျွန်တော့် အင်္ကျီ အိတ်ကပ်ထဲမှာ ပိုက်ဆံတွေရှိတယ် ခုနလေးတင်မှ ထုတ်လာတဲ့ လုပ်အားခ နှစ်သောင်းကျော်လောက်ရှိတယ်"
"အဲဒါ အဲဒါ အကုန်လုံး ကျွန်တော့် မိန်းမအတွက် ချန်ထားခဲ့တာတွေချည်းပဲ"
"ခင်ဗျားတို့ သေချာပေါက် သူ့ကိုပေးပေးကြပါဦးနော်၊ သူ တစ်ယောက်တည်း ကလေးတွေကို ခေါ်ပြီးရှင်သန်ရတာ မလွယ်ဘူးလေ"
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် သူ့ခန္ဓာကိုယ် အနီးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်ကို မြင်သောအခါ ကျိုးရုံသည် အချိန်မရှိတော့ကြောင်းကိုသဘောပေါက်သွားလေ၏။
'ဒါပေမယ့်'
'ဒါပေမယ့် သူ'
'သူ နောက်ထပ် ဘာတွေ လုပ်ရမလဲ၊ ဘာတွေ ပြောရမလဲ'
သူ မသိတော့ချေ။
'ဒီလောက်နဲ့ပဲ ပြီးဆုံးသွားတော့မှာလား'
ကျိုးရုံ၏မျက်နှာပေါ်တွင် စိုးရိမ်သောကများ ပြည့်နှက်နေပြီး လက်နှစ်ဖက်ကို မည်သည့်နေရာတွင် ထားရမှန်းပင် မသိ ဖြစ်နေတော့၏။
သူ့ယခုအခြေနေမှာ ဒယ်အိုးပူပေါ်သို့ ရောက်နေပြီးအိမ်ပြန် လမ်း မရှာတွေ့သော ပုရွက်ဆိတ်တစ်ကောင်နှင့် တူနေပေသည်။
ထို့ပြင် ကျိုးရုံ၏ကိုယ်ပေါ်မှ အမည်းရောင် အငွေ့အသက်များသည်လည်း တစ်စထက်တစ်စ ပြန်လည်ထွက်ပေါ်လာခဲ့ပြန်၏။
သေဆုံးခါစ အချိန်က သူ မစိုးရိမ်ခဲ့ပေ၊ ဝိညာဉ်တမန်တော်ကိုပင် ဖိနပ်နှင့် ပစ်ပေါက်ပြီး ငွေကြေးများ ရလိုရငြားလုပ်ချင်စိတ်ပင် ရှိနေခဲ့သေးသည်။
သို့သော် ဝိညာဉ်တမန်တော်က သူ့ကို မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားမည် ပြုချိန်တွင်တော့ သူ စတင်စိုးရိမ်လာခဲ့ပြီဖြစ်၏။
ထိုလူများက သူ့ခန္ဓာကိုယ်ကို သယ်ဆောင်သွားမည် ပြုချိန်တွင် သူ ပိုစိုးရိမ်လာခဲ့သည်။
ဤသို့သော အချိန်မျိုးရောက်မှသာလျှင် ဤကမ္ဘာလောကကြီးမှ တကယ်ထွက်ခွာသွားရတော့မည် ဖြစ်ကြောင်းကို သူ ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ဖြစ်နေတော့၏။
'သူ့မှာ နောက်ထပ် လုပ်စရာတွေ အများကြီး၊ ပြောစရာ စကားတွေ အများကြီး ရှိနေသေးသလိုပဲ'
သို့သော် ထိုအရာများ အားလုံးသည် တစ်ခုခု၏ပိတ်ဆို့ထားခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်နေပြီး ခေါင်းထဲတွင် ဘာတစ်ခုကိုမှ စဉ်းစား၍ မရတော့ချေ။
ဘေးဘက်တွင်
ကျန်းလင်သည် လှုပ်ရှားရန် ပြင်လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍကို ရုတ်တရက် လှမ်းကြည့်လိုက်မိ၏။
ယခုအချိန်တွင် မှတ်ချက်ကဏ္ဍသည် မှတ်ချက်များဖြင့် ပြည့်လျှံနေပေသည်။
အလွန် များပြားလှသော တူညီသည့် စကားလုံးများသည် မှတ်ချက်ကဏ္ဍ အပြည့် နေရာယူထားကြ၏။
-----
လင်းယွမ် ပြည်နယ်၊ နယ်စပ်ဒေသ၊ ရှင်းယန် မြို့ငယ်လေး
ဤသည်မှာ အတော်လေး ခေတ်နောက်ကျနေသေးသော မြို့ငယ်လေး တစ်မြို့ဖြစ်ပေသည်။
ယခုအခါ ဒေသ အများအပြားတွင် ပန်းခြံများ၊ ရှုခင်းသာ နေရာများ၊ ကားလမ်းများကို စတင် တည်ဆောက်နေကြပြီ ဖြစ်သော်လည်း ဤမြို့ငယ်လေးကမူ လွန်ခဲ့သော အချိန်အတော်ကြာက ပုံစံအတိုင်းပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး ကားလမ်း အများအပြားသည်လည်း ပျက်စီးယိုယွင်းကာ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပေသည်။
ကုန်တင်ကား မောင်းသမားအချို့ဆိုလျှင် ဤဘက်မှ ဖြတ်သွားရန်ပင် ဆန္ဒမရှိကြချေ။
ယခုအချိန်သည် ဆောင်းရာသီ ကျောင်းပိတ်ရက် ဖြစ်ပြီး နှစ်သစ်ကူး ပြီးကာစ အချိန်လည်းဖြစ်သဖြင့် ကျောင်းသား အများအပြား၏ လက်ထဲတွင် ပိုက်ဆံအများအပြား ရှိနေကြပေသည်။
နေရောင် မရသော အိမ်တစ်အိမ်၏အနောက်ဘက်တွင် လူငယ်အချို့သည် အချင်းချင်း မီးခြစ် ငှားကာ ဆေးလိပ် သောက်နေကြ၏။
သူတို့၏မျက်နှာပေါ်တွင် လူငယ်ပီသသော အငွေ့အသက်များ ပါရှိနေပြီး နားရွက်အထိ ရှည်သော ဆံပင်များကို ထားရှိကာ သူတို့၏ လှုပ်ရှားမှုများအရ နားရွက်ပေါ်မှ တောက်ပနေသော နားကပ်များကိုပင် မသဲမကွဲ မြင်တွေ့နေရပေသည်။
လွတ်လပ်၍ ပေါ့ပါးသွက်လက်နေကြသော လူငယ်များသည် လူကြီးများ၏ ပုံစံကို အတုခိုး၍ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်နေကြပြီး မှုန်ဝါးနေသော မီးခိုးငွေ့များ ကြားထဲတွင် မိမိတို့၏ တည်ရှိမှုကို ခံစားနေကြပေသည်။
အနီးအနားမှ ဖြတ်သွားဖြတ်လာလုပ်သူများက မြင်သော အခါ "အချည်းနှီးပါပဲကွာ" သို့မဟုတ် "ဆေးလိပ် သောက်တာ မကောင်းဘူး" စသဖြင့် မနေနိုင်ဘဲ ပြောဆိုသွားတတ်ကြ၏။
သို့သော် လူငယ်များသည် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်ကြချေ။
'ပညာသင်ယူခြင်းက ကောင်းမွန်ပြီး၊ ဆေးလိပ်သောက်ခြင်းက ဆိုးရွားသည်'
'ဟ ဟ'
'သူတို့သည် အနာဂတ်က ဘယ်နေရာမှာ ရှိပြီး အနာဂတ်က ဘယ်လို ပုံစံမျိုး ဖြစ်လာမလဲ ဆိုတာကိုတောင် သေချာ မမြင်နိုင်ကြသေးပေ'
ထိုအရာများကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။
"ယောင်ယွင်ရှန်း၊ မင်း ဘာကြည့်နေတာလဲ"
ယောင်ယွင်ရှန်း တစ်ယောက် ဖုန်းကို အာရုံစိုက်ကာ ကြည့်နေသည်ကို မြင်သောအခါ ဘေးရှိ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ဦးက ခေါင်းပြူ၍ လှမ်းကြည့်လိုက်၏။
ဖုန်းမျက်နှာပြင်ပေါ်တွင် ကားတစ်အုပ် လမ်းမပေါ်၌ ဝိုင်းရံထားသည်ကို တွေ့ရပြီး လူတစ်ယောက် ကားတိုက်ခံရပုံ ပေါ်ပေသည်။
လူငယ်လေးသည် တစ်ချက် ကြည့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အမည်ကို မြင်သောအခါ ထူးဆန်းစွာဖြင့် မေးလိုက်၏။
"[မရဏလောကမှအံ့ဖွယ်နေ့ရက်များ] တိုက်ရိုက်ထုတ်လွှင့်မှုတဲ့လား ဒါက ဘာများ ကြည့်ကောင်းလို့လဲ"
'လူ့လောကမှာ အသက်ရှင်နေရတဲ့ အချိန်တောင် ဘဝကို ရှင်းရှင်းလင်းလင်း မသိရသေးတာ၊ သေပြီးသွားတဲ့ အချိန်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ'
'ဒီအရာတွေက အစစ်လား၊ အတုလား ဆိုတာကိုတောင် ဘယ်သူက သေချာ ပြောနိုင်မှာလဲ'
'ပိုက်ဆံရှိတဲ့ သူတွေက အသစ်အဆန်း အနေနဲ့ ဖန်တီးထားတာလည်း ဖြစ်နိုင်တယ်၊ ဒါတွေက သူတို့နဲ့ အရမ်းကို ဝေးကွာလွန်းလှပါတယ်'
"ဒီဟာကို ငါ သိတယ် ခဏခဏ လူတွေ သေတယ်လို့ ကြားဖူးတယ်"
ဘေးနားမှ အရပ်အနည်းငယ် ပုသော လူငယ်လေးက အသံကြားသဖြင့် တိုးလာပြီး ကြည့်ရှုလိုက်ကာ ပြောလိုက်၏။
"ဒီဟာက ကြည့်ရတာ နည်းနည်းခြောက်ခြားစရာ ကောင်းတယ်၊ မင်းက ဘာဖြစ်လို့ ဒါကို အမြဲတမ်း ကြည့်နေရတာလဲ"
'ဘာဖြစ်လို့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရတာ သဘောကျတာလဲ'
ဖုန်းကို ကိုင်ထားသော ယောင်ယွင်ရှန်း၏မျက်လုံးထဲတွင် စဉ်းစားနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
ဤတိုက်ရိုက်ထုတ်လွှင့်မှုကို လွန်ခဲ့သော တစ်လခန့်က သူ QQ ပေါ်ရှိ မျှဝေထားသော လင့်ခ်တစ်ခုမှတစ်ဆင့် မတော် တဆ ဝင်ကြည့်မိရာမှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ အားလပ်ချိန် ရတိုင်း သူ ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်လေ့ ရှိ၏။
သို့သော် သူ၏ တစ်နေ့တာ အချိန် အများစုမှာ အားလပ်နေခြင်းသာ ဖြစ်သည်မဟုတ်လော။
ယောင်ယွင်ရှန်း အနည်းငယ် စဉ်းစားလိုက်ပြီး "ဒီတိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ကမ္ဘာကြီးရဲ့ ပုံစံ အစစ်အမှန်ကို မြင်ရလို့ ဖြစ်မယ် ထင်တယ်" ဟု ပြန်ဖြေလိုက်သည်။
'လူတွေရဲ့ သေခြင်းရှင်ခြင်း၊ ဘဝပေါင်းစုံ၊ ကမ္ဘာ့နေရာ အနှံ့အပြား စသည်ဖြင့်'
ယောင်ယွင်ရှန်း ကိုယ်တိုင်လည်း သေချာ မသိပေ။
သူလည်း ဤကဲ့သို့ ထူးခြားသော တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်၏။
ပတ်ဝန်းကျင်ရှိ လူတွေက အမြဲတမ်းပညာကို ကြိုးစားသင်ယူဖို့၊ ဘယ်လိုလုပ်ဖို့ စသဖြင့် ပြောနေတတ်ကြသည်။
'ဒါပေမယ့် ဘာဖြစ်လို့ အဲဒီလို လုပ်ရမှာလဲ'
'ပညာသင်မယ်၊ အလုပ်ရှာမယ် အိမ်ထောင်ပြုမယ်၊ ကလေးမွေးမယ် ပြီးတော့ ပိုက်ဆံ ထပ်ရှာပြီး ကလေးတွေကို ပညာဆက်သင်ခိုင်းမယ်၊ အလုပ်လုပ်ခိုင်းမယ်'
'ဒီလို လုပ်ရတဲ့ အဓိပ္ပာယ်က ဘယ်မှာလဲ'
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် အချိန်မှာတော့ ယောင်ယွင်ရှန်းက လူများ၏ အနာဂတ် ပုံစံ အချို့ကို မြင်တွေ့နိုင်ခဲ့ပေသည်။
'ကွဲပြားခြားနားတဲ့ ဘဝတွေ၊ လူတွေ ရွေးချယ်တဲ့ မတူညီတဲ့ လမ်းကြောင်းတွေ၊ ပြီးတော့ မတူညီတဲ့ လူတွေက သေခြင်းတရားကို ရင်ဆိုင်ရတဲ့ အချိန်မှာ ပြသတဲ့ တုံ့ပြန်မှုတွေ သူဟာ ဒီအရာတွေကနေတစ်ဆင့် ကမ္ဘာကြီးရဲ့ မျက်နှာစာကို လေ့လာခဲ့တယ်'
လူသားများ၏ သမိုင်းကြောင်းစာမျက်နှာကိုပါ လေ့လာခဲ့သည်မဟုတ်လော။
"အဲဒါက ဘာလဲ"
ဘေးနားမှ သူငယ်ချင်းဖြစ်သူက နားမလည်စွာဖြင့် မေးလိုက်၏။ "ကမ္ဘာကြီးက ဘယ်လို ပုံစံမျိုး ဖြစ်သင့်လို့လဲ လူတွေကကော ဒီအထဲမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလို့လဲ"
ထိုအခါယောင်ယွင်ရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး ရယ်မောကာ "ငါလည်း မသိဘူး" ဟု ပြန်ဖြေလိုက်သည်။
ရုတ်တရက် ထိုအရပ်ပုပု လူငယ်လေးက 'ဟင်' ဟု ရေရွတ်လိုက်၏ "မြေပြင်ပေါ်မှာ လဲနေတဲ့ အဲဒီဦးလေးကြီးကို ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
ယောင်ယွင်ရှန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်ကာ "ဟုန်ချန်၊ မင်း ဒီလူကို သိလို့လား" ဟု မေးလိုက်သည်။
ဟုန်ချန်က ခေါင်းကုတ်လိုက်ပြီး တစ်ဖက်လူက အဘယ့်ကြောင့် ဤမျှလောက် ကြီးမားသော တုံ့ပြန်မှုမျိုး ပြသနေမှန်း နားမလည်နိုင်ချေ။
သို့သော် သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
"အရင်က မိဘဆရာ အစည်းအဝေးတုန်းက မြင်ဖူးတယ် ငါ သတိရပြီ၊ ဒါ ကျိုးဝေရီရဲ့ အဖေ မဟုတ်ဘူးလား"
သူ စကားပင် မဆုံးသေးမီ ယောင်ယွင်ရှန်က အလောတကြီး ဖြတ်ပြောလိုက်သည်။
"သူ့အိမ်က ဘယ်မှာလဲ"
ဟုန်ချန် လန့်သွားပြီး "မျက်နှာချင်းဆိုင် လမ်းပေါ်မှာလေ" ဟု ဖြေလိုက်၏။
"မြန်မြန် ငါ့ကို ခေါ်သွားပေး" ဟု ယောင်ယွင်ရှန်က ပြောရင်း ဟုန်ချန်ကို ဆွဲကာ ထိုဘက်သို့ ပြေးသွားတော့သည်။
"ဟေး ဟေး ဟေး"
ဟုန်ချန် ကြောင်အမ်းအမ်းဖြစ်သွားပြီး အနောက်မှ အခြား လူငယ်များသည်လည်း ဘာဖြစ်သွားမှန်း မသိ ဖြစ်နေကြတော့၏။
တစ်ခုခုဖြစ်သွားပြီဟု ထင်မှတ်ကာ သူတို့ အားလုံး အနောက်မှ လိုက်ပါသွားကြလေသည်။
လူငယ်တစ်စုသည် မျက်နှာချင်းဆိုင် လမ်းပေါ်သို့ ပြေးသွားကြပြီး အထပ် ခုနစ်ထပ်အထိ တက်သွားခဲ့သော်လည်း အတွင်း၌ မည်သူမျှ မရှိကြောင်း တွေ့လိုက်ရ၏။
ယောင်ယွင်ရှန်က လူတစ်ယောက်ကို ရှာနေခြင်း ဖြစ်ကြောင်း သိရှိသွားပြီးနောက် သူတို့သည် ပြန်လည်ဆင်းလာကြပြန်သည်။
လမ်းပေါ်တွင် လူစုခွဲ၍ ရှာဖွေရန်ပြင်ဆင်လိုက်ကြ၏။
ကံကောင်းစွာပင် အောက်သို့ ရောက်ပြီး မကြာမီမှာပင် ဟုန်ချန်သည် ကုန်စုံဆိုင် တစ်ဆိုင်၏အရှေ့မှနေ၍ ရုတ်တရက် လက်လှမ်းပြကာ အော်ဟစ်လိုက်သည်။
"ဒီဘက်မှာ၊ ကျိုးဝေရီရဲ့ အမေ ဒီမှာ ရှိတယ်"
ကျိုးဝေရီ၏ မိခင်မှာ အသက် လေးဆယ်ကျော် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမ သမီးဖြစ်သူ အမည်ကို ကြားသောအခါ တွေဝေစွာဖြင့် လှမ်းကြည့်လိုက်၏။
သူမသည် ပါးလွှာသော အနွေးထည်ကို ဝတ်ဆင်ထားပြီး အမည်းရောင် ဘောင်းဘီ အောက်နားကို အနည်းငယ် ခေါက်တင်ထားကာ ကျောတွင် ဝါးတောင်း တစ်လုံးကို လွယ်ထားပြီး အတွင်း၌ ဟင်းသီးဟင်းရွက်များ ပါရှိသဖြင့် မိမိတို့၏ လယ်ကွင်းမှ ပြန်လာခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
"လူလေးတို့၊ ဘာကိစ္စ ရှိလို့လဲကွဲ့" ကျိုးဝူရီ၏မိခင်က မေးလိုက်၏။
ဟုန်ချန်က မောဟိုက်နေရင်း ခေါင်းခါပြလိုက်ပြီး
"ကျွန်တော်လည်း မသိဘူး အန်တီ၊ ကျွန်တော့် သူငယ်ချင်း အန်တီ့ကို ပြောပါလိမ့်မယ်၊ သူ အန်တီ့ကို ရှာနေတာ" ဟု ပြောလိုက်သည်။
ကျိုးမိခင်သည် လမ်းသွယ် အသီးသီးမှ ပြေးလာကြသော လူငယ်များကို ကြည့်ရင်း လန့်သွားကာ "ဝေရီ တစ်ခုခု ပြဿနာ ရှာထားလို့လား"
မကြာမီမှာပင် ယောင်ယွင်ရှန်းသည် မျက်နှာချင်းဆိုင် လမ်းပေါ်မှ ပြေးလာခဲ့ပြီး ဖုန်းကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များမှာ ချွေးများပင် ထွက်နေကာ မျက်နှာပြင်ကို ဖုံးကွယ်ထားလုမတတ် ဖြစ်နေပေသည်။
သူ ရပ်တန့်လိုက်ရင်း ဖုန်းမျက်နှာပြင်ကို တစ်ဖက်မှ သုတ်ကာ "အန်တီ ဒါလေးကို တစ်ချက်လောက် တစ်ချက်လောက် ကြည့်ပေးပါဦး"
ဤရာသီဥတုတွင် လူတိုင်း အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ထားကြပြီး ယခုကဲ့သို့ ပြေးလွှားလာရသဖြင့် ချွေးများပင် ထွက်နေကြပြီ ဖြစ်သည်။
ကျိုးမိခင်က "မလောပါနဲ့၊ အရင်ဆုံး အမောဖြေလိုက်ဦး" ဟု ပြောလိုက်၏။
သူမသည် ထိုလူငယ်များကို တစ်ဖက်မှ နှစ်သိမ့်ပေးရင်း အခြားတစ်ဖက်မှလည်း ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
သို့သော်မျက်နှာပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏အသံသည် ရုတ်တရက် ရပ်တန့်သွားတော့၏။
"ဒါ၊ ဒါ "
ယခုအချိန်တွင် ယောင်ယွင်ရှန်း၏ နှလုံးများ အဆမတန် ခုန်ပေါက်နေပြီး ချွေးသုတ်ရန်ပင် သတိမရတော့ဘဲ အလောတကြီး ပြောလိုက်သည်။
"အန်တီ ကျွန်တော် ပြောတာကို နားထောင်ပါဦး၊ ဒီလူက အန်တီ့ယောင်္ကျား ဟုတ်၊ မဟုတ် အရင်ဆုံး ကြည့်ပေးပါဦး သူ အချိန်သိပ်မရှိတော့ဘူး"