အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
🫧 chapter 215
"အန်တီ ဒီလိုပါ"
ယောင်ယွင်ရှန်းတွင် ရှင်းပြရန် အချိန်များများစားစား မရှိခဲ့ချေ။
သို့သော် ကျိုးမိခင်သည် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ထိုလူကို မှတ်မိနေခဲ့ပြီ ဖြစ်၏။
ကျိုးရုံ၏ကိုယ်ပေါ်ရှိ အင်္ကျီမှာ သူမကိုယ်တိုင် အကြိမ်ကြိမ် ချုပ်ပေးထားခဲ့ရသည် မဟုတ်ပါလော။
ဤအရာက အစစ်လား အတုလား ဆိုသည်ကို သူမ မသိသကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု ဆိုသည်ကိုလည်း သူမ မသိပါချေ။
သူမ မြင်တွေ့နေရသည်မှာ သူမ၏ ယောက်ျားဖြစ်သူသည် သွေးအိုင်ထဲတွင် လဲကျနေပြီး လုံးဝမလှုပ်မယှက် ဖြစ်နေခြင်းကိုပင် ဖြစ်သည်။
ထို့အပြင် သူမ၏ယောက်ျားဖြစ်သူက ရဲအရာရှိ၏ ဘေးတွင် လွင့်ပျံနေပြီး တစ်ခုခုကို အလောတကြီး ပြောဆိုနေသည်ကိုလည်း သူမ မြင်တွေ့နေရ၏။
'အင်္ကျီ အိတ်ကပ်ထဲမှာလား' သူမ သိပေသည်။
ခါးနေရာတွင် အနွေးထည်အထူကြီးဖြင့် ဖုံးကွယ်ထားသော ထိုနေရာကို သူမကိုယ်တိုင် အပ်တစ်ချောင်း အပ်တစ်မျှင်ဖြင့် သေချာစွာ ချုပ်ပေးထားခဲ့ခြင်း ဖြစ်သည်လေ။
ကျိုးမိခင်သည် မျက်နှာကို အုပ်လိုက်ရာ အမြင်အာရုံများပင် မှုန်ဝါးလာခဲ့တော့၏။
'ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ၊ နှစ်သစ်ကူးပြီးရင် အိမ်ပြန်လာမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား'
ထိုအချိန်တွင် ယောင်ယွင်ရှန်းက "အန်တီ၊ သူ့ကို ပြောချင်တဲ့ စကားတွေ ရှိသေးလားဟင်" ဟု မေးလိုက်သည်။
'ပြောချင်တာတွေ ရှိသေးလား'
ထိုသို့တွေးလိုက်သည်နှင့် ကျိုးမိခင်၏ ခေါင်းထဲတွင် အကြောင်းအရာများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
'ဒီအိမ်ကြီးက သူ မရှိဘဲ ဘယ်လို လုပ်ရမှာလဲ၊ သမီးလေးကလည်းကျောင်းတက်နေတုန်းပဲ ရှိသေးတယ်၊ သူ ပြောထားတဲ့ နှစ်သစ်ကူး ညစာကိုလည်း အတူတူ မစားရသေးဘူးလေ'
ပြောချင်သော စကားများမှာ အလွန်များပြားလှပေသည်။
သို့သော် နောက်ဆုံးတွင် ကျိုးမိခင်သည် တုန်ယင်နေသော နှုတ်ခမ်းများဖြင့် စကားတစ်ခွန်းကိုသာ ပြောထွက်ခဲ့တော့၏။
"သူ့ကို သူ့ကို ပြောပေးပါ"
ကျိုးမိခင်ပြောပြီးသည်နှင့် ယောင်ယွင်ရှန်းသည် ဖုန်းကီးဘုတ်ကို အလျင်အမြန် ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင် ရေးသားလိုက်၏။
မှတ်ချက်များ အလွန်များပြားလှသဖြင့် ထိုစကားစုလေးသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
သူသည် ဒုတိယအကြိမ်၊ တတိယအကြိမ် ထပ်မံ ပို့လွှတ်လိုက်၏။
စတုတ္ထအကြိမ်မြောက်အထိပင်။
ဘေးရှိ သူငယ်ချင်းများသည် ယောင်ယွင်ရှန်း၏လက်များ တုန်ယင်နေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ မိမိတို့၏ ဖုန်းများကိုပါ ထုတ်ယူလိုက်ကြသည်။
"မင်း လင့်ခ်ကို ပို့လိုက်၊ ငါတို့လည်း မင်းနဲ့ အတူတူ ဝိုင်းပို့ပေးမယ်"
သူတို့သည် [မရဏလောကမှအံ့ဖွယ်နေ့ရက်များ] တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းကို များများစားစား မသိကြသော် လည်း အခြားသူများ ပြောသည်ကို ကြားဖူးသကဲ့သို့ ယောင်ယွင်ရှန်း မကြာခဏ ကြည့်လေ့ရှိကြောင်းကိုလည်း သိထားကြပေသည်။
ယောင်ယွင်ရှန်း ဘာတွေ လုပ်နေသည်ဖြစ်စေ၊ ရူးမိုက်နေသည်ဖြစ်စေ၊ စိတ်ကူးယဉ်နေသည်ဖြစ်စေ သူတို့ သူငယ်ချင်းများ အနေဖြင့် ယခုအချိန်တွင် လုပ်ပေးနိုင်သည်မှာ ကူညီပေးရန်သာ ရှိပေတော့သည်။
လင့်ခ် ပို့ပြီးနောက် လူငယ်တစ်စုသည် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ဝင်ရောက်လာကြပြီး မှတ်ချက်များကိုအတူတကွ စတင် ပို့လွှတ်ကြတော့၏။
သို့သော် သူတို့သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ လူကြိုက်များမှုကို လျှော့တွက်ထားခဲ့မိသည်။
ဤလူအနည်းငယ်သည် ထိုမျှ ကြီးမားလှသော ပရိသတ်အုပ်စုကြီးနှင့် နှိုင်းယှဉ်ပါက အလွန် သေးငယ်လွန်းလှပေသည်။
[ဒီအတိတ်နိမိတ်က သိပ်မကောင်းလှဘူးနော်]
[တကယ်တော့ ဦးလေးကြီးက ဝိညာဉ်တမန်တော်ကိုတောင် ရိုက်ရဲတယ် ဆိုကတည်းက ဦးလေးကြီးရဲ့ အလားအလာက မသေးဘူးဆိုတာ သိသာပါတယ်]
[ဒါနဲ့ ခုနက တစ်ယောက်ယောက် တစ်ခုခု ပြောသွားသလိုပဲ၊ ဘယ်သူ မြင်လိုက်သေးလဲ]
[မိန်းမ ဆိုတာမျိုးလား လူပျိုသိုးတစ်ယောက်အနေနဲ့ ငါက ဒီလောက်များပြားတဲ့ 'မိန်းမ' ဆိုတဲ့ စာလုံးတွေကို မြင်လိုက်ရတယ်ပေါ့လေ]
[ (ဖျန်ဖျန်) မှ Streamer ကို ရွှေချောင်း ၁၀ ချောင်း လက်ဆောင်ပေးပို့လိုက်ပြီးနောက် 'ဦးလေးကြီးရဲ့ မိန်းမက ပြောစရာရှိတယ်တဲ့၊ အားလုံးပဲ သတိထားပေးကြပါဦး' ဟူ၍ မှတ်ချက်ရေးသားလိုက်သည်]
[ဦးလေးကြီးရဲ့ မိန်းမလား]
[တစ်ယောက်ယောက်က ဦးလေးကြီးရဲ့မိန်းမကို ရှာတွေ့သွားတာလား]
ထိုအခါမှ ပရိသတ်အချို့သည် ယောင်ယွင်ရှန်းတို့ ပို့လွှတ်နေသော မှတ်ချက်များကို သတိပြုမိသွားကြပြီးနောက် မိမိတို့၏ကိုယ်ပိုင် နည်းလမ်းများဖြင့် လက်ဆောင်များ ပေးပို့ခြင်း သို့မဟုတ် ကူးယူ၍ပြန်လည် တင်ပေးခြင်းများဖြင့် ကူညီပေးကြတော့၏။
တစ်ကြောင်း၊ နှစ်ကြောင်း၊ သုံးကြောင်း
တဖြည်းဖြည်းနှင့် မှတ်ချက်ကဏ္ဍ တစ်ခုလုံးတွင် စကားတစ်ခွန်းတည်းသာ ကျန်ရှိနေတော့သည်။
မှတ်ချက် တစ်ခုစီတိုင်းသည် တူညီသော စကားတစ်ခွန်းတည်းကိုသာ ကူးယူ၍ ပြန်လည် တင်ထားခြင်း ဖြစ်ပေ၏။
သောင်းနှင့်ချီသော ပရိသတ်များ အားလုံးသည် မည်သည့် စကားကိုမျှ ထပ်မံ မပြောကြတော့ချေ။
သူတို့သည် Streamer ကြီး ဤစကားကို မြင်တွေ့နိုင်စေရန်သာ မျှော်လင့်နေကြသည်။
လူတစ်ယောက်၏ ခွန်အားသည် သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း သေးငယ်သော ခွန်အားများစွာ စုပေါင်းလိုက်သောအခါ မည်သူမျှ လျစ်လျူရှု၍ မရနိုင်သော ကြီးမားသည့် စွမ်းအားတစ်ရပ် အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေ၏။
လူတိုင်းတွင် အများနောက် လိုက်တတ်သော စိတ်သဘောထားများ ရှိကြရာ အချို့သော သူများသည် ဘာမှ မပြောချင်လျှင်တောင်မှ ဤအချိန်တွင် အခြားသူများနည်းတူ ကူးယူ၍ တင်ပေးလိုက်ကြလေသည်။
လူ့လောကရှိ လမ်းမကြီး၏ အထက်တွင်
ကျိုးရုံ၏ကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ပိုမို၍ စိုးရိမ်ပူပန်လာသကဲ့သို့ ဖြစ်လာပြီး မျက်ဝန်းများ ပြူးကျယ်လာကာ ခေါင်းထက်မှလည်း အမည်းရောင် မီးခိုးငွေ့များ စတင် ထွက်ပေါ်လာခဲ့၏။
သို့သော် သူကိုယ်တိုင်ကမူ ထိုအရာကို လုံးဝ သတိမထားမိဘဲ လူငယ် ရဲအရာရှိလေး၏ဘေးတွင် လိုက်ပါနေဆဲ ဖြစ်ပြီး တစ်ခုခုကို အလောတကြီး ပြောဆိုချင်နေပေသည်။
ထိုအချိန်တွင် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကျိုးရုံကို ကြည့်ကာ အေးစက် စက် လေသံဖြင့် ပြောလိုက်သည်။
"ကျိုးရုံ၊ မင်းရဲ့ မိန်းမက မင်းကို သူတို့အတွက် စိတ်မပူပါနဲ့တဲ့ နောက်ပိုင်း သူ အောက်ကိုရောက်လာတဲ့ အချိန်ကျရင် မင်းအတွက် ဝက်သားနီချက် တစ်ပွဲထပ်ပြီး ချက်ကျွေးမယ်တဲ့"
တစ်ဖက်တွင်မူ အလွန်အမင်းစိုးရိမ်ပူပန်နေပြီး မည်သို့ လုပ်ရမှန်းမသိဖြစ်နေသော ကျိုးရုံသည် ဤစကားကို ကြားသော အခါ ရုတ်တရက် ငြိမ်သက်သွားတော့၏။
သူသည် ဖြည်းညင်းစွာလှည့်ကြည့်လာပြီး ဤပိုင်ဝူချန်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ သူက အဲဒီလို ပြောတာလား"
ကျန်းလင် "အင်း" ဟု ပြန်ဖြေလိုက်၏။
"ဪ" ကျိုးရုံသည် ခေါင်းညိတ်လိုက်ပြီး သူ၏ ရိုးသားသော မျက်နှာပေါ်တွင် 'ဒီလိုလား' ဟူသော အမူအရာ ထွက်ပေါ်လာခဲ့သည်။
မိန်းမဖြစ်သူက မည်သို့ သိရှိသွားသနည်း ဆိုသည်ကို သူ သေချာမတွေးတောတော့သကဲ့သို့ သူတို့ အောက်သို့ ရောက်သွားပြီးနောက် ပြန်လည်ဆုံတွေ့နိုင်ဦးမည်လား၊ ငရဲပြည်သို့ ရောက်ပြီးနောက် ဝက်သားနီချက် ချက်စားလို့ ရဦးမည်လား ဆိုသည်ကိုလည်း သူ မစဉ်းစားတော့ချေ။
ဤစကားတစ်ခွန်းကို ကြားလိုက်ရသည့် အချိန်တွင် သူ၏ ကိုယ်ပေါ်ရှိ စိုးရိမ်ပူပန်မှုများ အားလုံးသည် တစ်ခဏအတွင်းမှာပင် ပြေလျော့သွားခဲ့ပြီ ဖြစ်၏။
စိတ်ထဲတွင် နေရာလွတ် မရှိတော့လောက်အောင် ပြည့်နှက်နေသော စကားလုံးများသည်လည်း နားခိုရာ နေရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားတော့သည်။
ထို့နောက် သူ့ခေါင်းထဲတွင် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
မိန်းမဖြစ်သူသည် ဝက်သားနီချက်ကို ချက်ပြုတ်ပြီးစီးသွားကာ ပန်းကန်ပြားထဲတွင် မောက်နေအောင် ထည့်ထားပြီး ထမင်းဖြူ တစ်ပန်းကန်အပြည့်နှင့်အတူ သူ့ကို ထမင်းစားရန် ခေါ်နေသည့် မြင်ကွင်းပင်ဖြစ်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ကျိုးရုံ၏အညိုရောင် မျက်ဝန်းများသည် မျက်ဖြူလွှာများပေါ်တွင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ထိုအမည်းရောင် အငွေ့အသက်များသည်လည်း ပျောက်ကွယ်သွားတော့၏။
ကျိုးရုံသည် ခေါင်းကို ကုတ်လိုက်ပြီး ဟီးဟီးဟီး ရယ်မောကာ ပြောလိုက်သည်။
"ဒီမိန်းမကတော့ တကယ်ပါပဲ၊ ဘယ်သူက သူချက်တဲ့ ဝက်သားနီချက်ကို လွမ်းနေလို့လဲ၊ ဒီအပြင်ဘက်မှာ အရသာရှိတာတွေ အများကြီးရှိနေတာကို"
စကားပြောရင်းနှင့်ပင် သူ တစ်ခုခုကိုသတိရသွားကာ လူငယ် ရဲအရာရှိလေးကို ထပ်မံ ကြည့်ရှုလိုက်ပြီး "ရဲအရာရှိလေး၊ ပိုက်ဆံတွေကို ကျွန်တော့် မိန်းမဆီ သေချာပေါက် ပေးပေးပါဦးနော်" ဟု ထပ်မံ မှာကြားလိုက်၏။
သူ စကားပြောနေစဉ်မှာပင် ကားပေါ်သို့ တက်ရန် ပြင်နေသော ရဲများရုတ်တရက် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအထဲမှ လူငယ် ရဲအရာရှိလေးသည် ဖုန်းကို ထုတ်ယူကာ တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းမော့၍ လေထဲသို့ လှမ်းကြည့်လာလေ၏။
သူ့ နားရွက်နားရှိ ဘလူးတုသ် နားကြပ်လေးသည်လည်း မှိန်ဖျော့ဖျော့ အလင်းရောင်လေး ထွက်ပေါ်နေပေသည်။
"ဟုတ်ကဲ့ပါ"
ထိုလူငယ် ရဲအရာရှိလေးသည် လေထဲသို့ ရုတ်တရက် အဖြေပေးလိုက်ပြီး တစ်စုံတစ်ယောက်၏စကားကို ပြန်လည် တုံ့ပြန်နေသကဲ့သို့ ဖြစ်နေ၏။
စကားပြောပြီးနောက် အခြားသူများ၏အကြည့်များကို ဂရုမစိုက်တော့ဘဲ ရဲကားထဲသို့ ဝင်ရောက်သွားတော့သည်။
"...."
ကျိုးရုံသည် လေထဲတွင် ရပ်နေရင်း ကြောင်အမ်းအမ်းဖြစ်သွားခဲ့၏။
'ခုနက အဲဒီရဲလေးက သူနဲ့ စကားပြောနေတာလား'
နောက်တစ်စက္ကန့်တွင် ကျိုးရုံသည် ကျန်းလင်၏ထပ်မံ ဖမ်းဆုပ်ခြင်း ခံလိုက်ရပြန်သည်။
ကျန်းလင်သည် ဝိညာဉ်ကိုဆွဲမလိုက်ပြီး "သွားရမယ့် အချိန် တန်ပြီ" ဟု ပြောလိုက်၏။
ကျိုးရုံသည် ဤတစ်ကြိမ်တွင် ထပ်မံရုန်းကန်ခြင်း မပြုတော့ဘဲ ဟီးဟီးဟီး ရယ်မောကာ ပြောလိုက်သည်။
"ခင်ဗျားက သရဲကောင်းတစ်ကောင်ပဲ၊ ဝိညာဉ်တမန်တော်ကောင်းတစ်ပါးပါ ကျေးဇူးတင်ပါတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ"
"ကျွန်တော် တစ်ခုပြောပြမယ်၊ ကျွန်တော့် မိန်းမ ချက်တဲ့ ဝက်သားနီချက်က အရမ်းစားလို့ကောင်းတာ၊ တစ်လုတ် စားလိုက်တာနဲ့ အသားချည်းပဲ အပြည့်ပဲ၊ အရမ်း မွှေးတာ"
"အသားစားလို့ ကုန်သွားရင်လည်း အဲဒီ ဝက်သားနီချက်ရဲ့ ဟင်းရည်ကို ထမင်းဖြူပေါ် ဆမ်းစားလို့ ရသေးတယ် ထမင်းဖြူ နှစ်ပန်းကန်လောက်ကို အေးဆေး စားလို့ ရတယ်"
ကျန်းလင် : "...."
[ဖူးးးး ~ သရဲကောင်းကတ်ပြား ၁ကတ် ကို Streamer ကိုပေးလိုက်ပြီ ကျွန်တော် အခုလေးတင် ညှစ်ထုတ်ထားတဲ့ မျက်ရည်တွေတောင်ပြန်ဝင်သွားပြီ ]
[Streamer က အခုအချိန်မှာ လူရိုက်ချင်နေလောက်ပြီ]
[ရင်ဘတ်ကို ဓားနဲ့ အထိုးခံလိုက်ရသလိုပဲ၊ အားလုံးက မိန်းမ မရှိကြဘူးလေ၊ ခင်ဗျားမှာပဲ ရှိတာ ]
[ငါ့ရည်းစားကတော့ ငါ့ဘေးမှာ လှဲနေတယ် ဟီးဟီးဟီး]
Streamer ကြီး ထိုစကားကို မြင်တွေ့ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍသည် လွတ်လပ်စွာ ပြောဆိုခွင့် ပြန်လည်ရရှိသွားခဲ့၏။
ဦးလေးကြီး၏ နောက်ဆုံး စကားနှစ်ခွန်းကိုကြားသောအခါ မူလက ဝမ်းနည်းနေခဲ့သော ပရိသတ်များသည် ရယ်မောသွားကြတော့သည်။
[သွားမယ်၊ မနက်ဖြန် ဝက်သားနီချက် သွားစားမယ်]
[သွားမယ်၊ မနက်ဖြန် မိန်းမတစ်ယောက် သွားရှာမယ်]
[သွားမယ်၊ မနက်ဖြန် သူများ ပန်းကန်ထဲက အသားတွေကို သွားကြည့်မယ်]
[သွားမယ်၊ မနက်ဖြန် သူများ မိန်းမတွေကို သွားကြည့်မယ်]
[ အပေါ်ကလူ၊ မင်းက ထူးဆန်းတဲ့ အရာတွေကိုအကြိုက်တွေ့နေတာ မဟုတ်ဘူးလား]
တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ ခွန်အားသည် အလွန် အားနည်းလှပေသည်။
ကိစ္စတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းသည် လူအများအပြား အတူတကွ ကြိုးစား အားထုတ်မှု၏ ရလဒ်ပင် ဖြစ်သည် မဟုတ်ပါလော။
ငရဲပြည်တွင်
ကျန်းလင်သည် ထိုစကားများသော ဝိညာဉ်ကို အဝါရောင်ရေပန်းလမ်း(ငရဲပြည်လမ်း) သို့ ပို့ဆောင်ပြီးနောက် သင့်လျော်သော နေရာတစ်ခုကိုရှာကာ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို လှမ်းကြည့်လိုက်၏။
ဤအကြည့်တစ်ချက်သည် အရာအားလုံးထက် ပိုမိုထိရောက်လှပေသည်။
ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍသည် ချက်ချင်းပင် စကားပြောခွင့် ပိတ်ပင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့၏။
ပြီးမှကျန်းလင်က လေးနက်စွာဖြင့် ပြောလိုက်သည်။
"ပိုင်ဝူချန်ကို ပစ္စည်းတစ်ခုခုနဲ့ ပစ်ပေါက်လိုက်ရင် ပိုက်ဆံတွေ ကျလာမယ်ဆိုတဲ့ အယူအဆကမမှန်ကန်ပါဘူး"
"အားလုံးပဲ နောက်တစ်ခါ မပေါက်ကြပါနဲ့၊ ပြဿနာတက်လွယ်လို့ပါ"
ပိုင်ဝူချန်ကို ပစ္စည်းတစ်ခုခုနှင့် ပစ်ပေါက်ပါက ပိုက်ဆံများ ကျလာတတ်သည် ဆိုသော အယူအဆကို ကျန်းလင်လည်း ကြားဖူးထားပေသည်။
လုပ်ဖော်ကိုင်ဖက် အများအပြားသည်လည်း ယခင်က ကြုံတွေ့ခဲ့ဖူးပြီး အချို့က ပျော်စရာကောင်းသည်ဟု ထင်ကာ ပိုက်ဆံအနည်းငယ်ကို အပြင်သို့ ပစ်ပေးတတ်ကြ၏။
သို့သော် အချို့ကမူ စိတ်အနှောင့်အယှက်ဖြစ်ကာ တစ်ဖက်လူကိုဒေါသထွက်ပြီးဒုက္ခပေးတတ်ကြပေသည်။
ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤသို့သော လုပ်ရပ်မျိုးသည် လုံးဝ မလုပ်သင့်သော အရာပင် ဖြစ်၏။
ထို့အပြင် မည်သို့ပင်ဖြစ်စေ ကျန်းလင်ကတော့ ပိုက်ဆံ ပေးမည်မဟုတ်ချေ။
သူ့ ငွေများကို သူ၏ ပိုက်ဆံအိတ်လေးကို ဖြည့်တင်းရန်အတွက်သာ အသုံးပြုရမည်ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် ပရိသတ်အချို့က မှတ်ချက်များဖြင့် ပြန်လည်တုံ့ပြန်လာကြ၏။
[ဟုတ်ကဲ့ပါ Streamer ကြီး]
[မပေါက်ရဲပါဘူး မပေါက်ရဲပါဘူး၊ အသက်လေးက အရေးကြီးတယ်လေ]
[အဟမ်း ငါ ပြောချင်တာက အကယ်၍လေ၊ တကယ်လို့ ပိုင်ဝူချန်ကို ပိုက်ဆံနဲ့ ပြန်ပေါက်လိုက်မယ် ဆိုရင် ဘယ်လို ဖြစ်သွားမလဲ]
"...."
ဤမှတ်ချက်ကို မြင်သောအခါ ကျန်းလင်သည်လည်း ခေတ္တမျှ တိတ်ဆိတ်သွားတော့၏။
ထို့နောက် သူသည် မျက်လွှာပင့်၍ ကင်မရာကို ကြည့်ကာ အေးစက်စက် လေသံဖြင့် "မင်း စမ်းကြည့်လို့ ရတယ်လေ" ဟု ပြောလိုက်သည်။
ဤအကြည့်တစ်ချက်သည် မျက်နှာပြင် အရှေ့ရှိ မေးခွန်းမေးခဲ့သော ပရိသတ်ကို အလိုအလျောက် အသက်ရှူ ရပ်တန့်သွားစေခဲ့၏။
'ဒါ ဒါက ဒဏ္ဍာရီထဲက အကြည့်နဲ့သတ်တယ် ဆိုတာလား'
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးနောက် ကျန်းလင်သည် သရဲဈေးတန်းသို့ သွားကာ ဝက်သားနီချက် ထမင်းပေါင်း တစ်ပွဲကိုမှာစားလိုက်၏။
ထို့နောက် သူသည် ဝက်သားနီချက် တစ်တုံးကို ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် "အင်း၊ တော်တော်လေး မွှေးတာပဲ" ဟု ပြောလိုက်လေသည်။
ဟုတ်၏။ ဝက်သားနီချက်က အဆီထက်အသားများကာ အသားချည်းပင်မဟုတ်ပါလော။
🫧 Chapter 216
လင်းယွမ် ပြည်နယ်၊ နယ်စပ်ဒေသ၊ ရှင်းယန် မြို့ငယ်လေးတွင် ကျိုးမိခင်ပြောလိုသော စကားများကို ပို့ပေးပြီးနောက် ခေါင်းငုံ့ကာ မှတ်ချက်များကို ရေးသားနေခဲ့ကြသော လူငယ် တစ်စုသည် ခေါင်းမော့လာကြပြီး အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြ၏။
ယောင်ယွင်ရှန်း ဘာလုပ်နေသည်ကို သူတို့ အတိအကျ မသိသော်လည်း ယခုလေးတင်က သူတို့သည် အလွန် အရေးကြီးသော ကိစ္စတစ်ခုကို အတူတကွ ပြီးမြောက်ခဲ့သကဲ့သို့ ခံစားလိုက်ရပေသည်။
ထိုသောင်းနှင့်ချီသော ပရိသတ်များသည် ထိုမှတ်ချက်ကို မြင်တွေ့ပြီးနောက် တစ်ပြိုင်နက်တည်း ယုံကြည်ရန် ရွေးချယ်ခဲ့ကြပြီး တူညီသော မှတ်ချက်ကို အတူတကွ တင်ပေးခဲ့ကြ၏။
သောင်းနှင့်ချီသော မှတ်ချက်များသည် သူတို့ကြောင့် ပြိုင်တူ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဤသို့သော ခံစားချက်၊ ဤသို့သော မြင်ကွင်းသည် ဤလူငယ်လေးများကို အလွန်အမင်း တုန်လှုပ်မှုဖြစ်စေခဲ့ပေ၏။
ဘေးဘက်တွင်မူ
ယောင်ယွင်ရှန်း၏လက်များသည် အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။
ဤကိစ္စကြောင့်လား သို့မဟုတ် စောစောက ပြေးလွှားခဲ့ရသော အားစိုက်ထုတ်မှုများကြောင့်လား ဆိုသည်ကိုတော့ သူ သေချာ မသိတော့ချေ။
သူသည် မောဟိုက်နေရင်း ပြင်းထန်နေသော နှလုံးခုန်သံကို ခံစားနေရ၏။
သူ့ နားထဲ၊ ခေါင်းထဲတွင်မူ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လှသော နှလုံးခုန်သံများသာ ပြည့်နှက်နေတော့သည်။
-----
ယောင်ယွင်ရှန်းက ကျိုးမိခင်ကို ရှာတွေ့ပြီး မကြာမီမှာပင် ကျိုးမိခင်သည် ရဲစခန်းဘက်မှ သတင်းကို လက်ခံရရှိခဲ့၏။
ကြိုတင်၍ ပြင်ဆင်ထားမှု ရှိနေခဲ့သော်လည်း တကယ့် သေဆုံးမှုသတိပေးစာကို လက်ခံရရှိချိန်တွင်မူ ကျိုးမိခင်သည် မတ်တတ်ရပ်ရန်ပင် အနည်းငယ် ယိုင်နဲ့သွားခဲ့ပေသည်။
ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် တစ်ချိန်တည်းမှာပင် သူမ၏စိတ်ထဲတွင် အတွေးတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
'ဒါဆိုရင် အဲဒီအချိန်က သူမ ပြောခဲ့တဲ့စကားတွေက တကယ်ပဲ ရောက်ရှိသွားခဲ့တာလား'
ဤမတော်တဆမှုသည် ကင်မရာ အရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိမှု အပိုင်းကလည်း ရှင်းလင်းနေသဖြင့် လျော်ကြေးငွေနှင့် ပတ်သက်၍ အငြင်းပွားစရာ များများစားစားမရှိခဲ့ချေ။
ကျိုးမိခင်သည် ကျိုးရုံ၏နာရေးကိစ္စများကို စီစဉ်နေရင်း တစ်ဖက်မှလည်း သမီးဖြစ်သူကို နှစ်သိမ့်ပေးနေရ၏။
ကျိုးရုံ မရှိတော့ပြီ ဖြစ်ရာ သူမ အနေဖြင့် သမီးဖြစ်သူ၏ ဘေးတွင် နေကာ ဤမိသားစုကြီးကို ဆက်လက်ထိန်း ကျောင်းသွားရမည် ဖြစ်သည်။
ကျိုးမိခင် ဤကိစ္စများကို အားလုံး ပြီးစီးသွားချိန်တွင် တစ်ပတ်ကျော်ပင် ကြာမြင့်သွားခဲ့ပြီဖြစ်၏။
ထိုအခါမှသာ သူမသည် ထိုနေ့က ကိစ္စကိုပြန်လည် သတိရလာတော့သည်။
ထိုလူငယ်လေးများ
သူမသည် သရဲတစ္ဆေ ကိစ္စများကို သိပ်မယုံကြည်သော်လည်း ဘိုးဘွားများပြောပြခဲ့သော အကြောင်းအရာ အချို့ကိုတော့ မှတ်သားထားခဲ့ပေသည်။
'တစ်ခါတလေကျရင်မြေအောက်ကမ္ဘာ ဆိုတာ တကယ်ပဲ ရှိနေနိုင်လောက်ပါတယ်'
ကျိုးမိခင်သည် အနည်းငယ် စုံစမ်းမေးမြန်းပြီးနောက် အချိန်တစ်ခုရှာကာ သမီးဖြစ်သူကို ခေါ်၍ ကျေးဇူးတင်ရန်အတွက် အိမ်တိုင်ရာရောက် သွားရောက်ခဲ့၏။
တံခါးလာဖွင့်သူမှာ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ် လူငယ်လေးတစ်ဦးဖြစ်သည်။
သူ၏ မျက်နှာမှာ ရှင်းသန့်နေပြီး ဆံပင်များကိုလည်း အတိုလေး ညှပ်ထားကာ နားရွက်ပေါ်တွင် နားပေါက် တစ်ခုကို မသဲမကွဲ မြင်တွေ့ရပေသည်။
ကျိုးမိခင် ကြောင်အမ်းအမ်းဖြစ်သွားပြီး "လူလေး၊ ယောင်ယွင်ရှန်းဆိုတာ ဒီမှာ နေတာလား" ဟု မေးလိုက်၏။
တံခါးလာဖွင့်သော လူငယ်လေးက သူမကို ကြည့်ကာ "ကျွန်တော်က ယောင်ယွင်ရှန်းပါ" ဟု ပြန်ဖြေလိုက်သည်။
ယခုလူငယ်လေးသည် ယခင်ကနှင့် လုံးဝကွဲပြားသွားသကဲ့သို့ ဖြစ်နေ၏။
ယခင်က လမ်းဘေးတွင် ပုံစံဖမ်းနေသော လူဆိုးလေး ပုံစံမျိုး ဖြစ်ခဲ့လျှင် ယခုအခါတွင် ရှင်းသန့်သပ်ရပ်သော ကျောင်းသားလေး တစ်ယောက်၏ပုံစံ ဖြစ်နေပေသည်။
ဤသို့ တစ်ချက် ကြည့်လိုက်ရုံဖြင့် ကျိုးမိခင်သည် လုံးဝ မှတ်မိမည် မဟုတ်ချေ။
ကျိုးမိခင်၏မှတ်ဉာဏ်ထဲတွင် ထိုလူငယ်လေးသည် မျက်နှာတစ်ဝက်ခန့်ကို ဖုံးကွယ်ထားသော ဖောင်းပွနေသည့် ဆံပင်များ ရှိပြီး အလွန် 'ထူးခြားသော' ပုံစံ ရှိသူ ဖြစ်ပေသည်။
ကျိုးရုံ၏ကိစ္စကို ဖြတ်သန်းပြီးနောက် ထို 'ထူးခြားသော' ပုံစံသည် သူမ၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့၏။
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ဗေဒင်ဆရာများ၊ ဘိုးဘွားများ၏ ဇာတ်လမ်းများထဲမှ ထူးခြားသော စွမ်းရည်ရှိသူများသည်လည်း ကိုယ်ပိုင် 'ထူးခြားချက်' များ ရှိတတ်ကြသည် မဟုတ်ပါလော။
ယခုလို ပုံမှန် ပုံစံမျိုးကို ရုတ်တရက် မြင်လိုက်ရသောအခါ ကျိုးမိခင်သည် သူမ အိမ်မှားလာခဲ့သည်ဟုပင် ထင်မှတ်သွားခဲ့၏။
ကျိုးမိခင် မမှတ်မိခြင်းမှာ အံ့သြစရာ မဟုတ်ပေ၊ ယောင်ယွင်ရှန်း၏ သူငယ်ချင်းများသည်ပင်လျှင် သူ၏ ထူးခြားသော ဆံပင်ပုံစံကို ညှပ်ပစ်လိုက်သည်ကို မြင်သောအခါ ကြောင် အမ်းအမ်း ဖြစ်သွားခဲ့ကြပေသည်။
'အတူတူ မိုက်ကြမယ်၊ ကိုယ့်လမ်းကိုယ် လျှောက်ပြီး သူများပြောချင်တာ ပြောပါစေလို့ ကတိပေးထားကြပြီးတော့ ဘယ် လိုလုပ် မင်းက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ'
ယောင်ယွင်ရှန်းသည် သူငယ်ချင်းများကိုပါ ဆံပင်ညှပ်ဆိုင်သို့ အတူတူခေါ်သွားချင်သော်လည်း မည်သို့မျှ ဆွဲခေါ်၍ မရဘဲ ဆံပင်ညှပ်ဆိုင်၏တံခါးဝသို့ပင် မရောက်ခဲ့ကြချေ။
သူငယ်ချင်းများ၏ မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ယောင်ယွင်ရှန်းကိုယ်တိုင်လည်း မည်သို့ ဖြေရမည်ကို မသိခဲ့ပေ။
သူသည်အမြဲတမ်း မျက်လုံးရှေ့တွင် ဖုံးကွယ်ထားသော မြူခိုးများသည် ရုတ်တရက် အပေါက်တစ်ခု ပေါက်သွားပြီး သူ မမြင်ဖူးသေးသော ရှုခင်းများကို ပြသလိုက်သကဲ့သို့ ခံစားလိုက်ရခြင်းသာဖြစ်၏။
ထိုအရာကမည်သည့်အရာနည်းဆိုသည်ကို ယောင်ယွင်ရှန်း တိတိကျကျ မပြောပြတတ်ချေ။
သို့သော် ထိုအချိန်ကခံစားခဲ့ရသော တုန်လှုပ်မှု၊ ရုတ်တရက် ကိစ္စတစ်ခုကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်ချင်စိတ် ပေါ်လာမှု၊ အခြားသူများ၏ အသိအမှတ်ပြုမှုကို ခံရသည့် ခံစားချက်၊ ဤအရာများကိုပြန်တွေးမိတိုင်း သူ့ နှလုံးသား သည် အဆမတန်ခုန်ပေါက်လာတော့၏။
ထိုအခါမှသာ သူ အမှန်တကယ်တကယ်ပင်အသက်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်မဟုတ်လော။
----
ကျေးဇူးတင်ရန် လာရောက်သော ကျိုးမိခင်တို့ သားအမိကို ပြန်လွှတ်လိုက်ပြီးနောက် ယောင်ယွင်ရှန်းသည် သူ့ စာကြည့်စားပွဲ အရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့၏။
သူ၏ အရှေ့တွင် ဘဝ၏ဖြစ်နိုင်ခြေ အမျိုးမျိုးကိုရေးသားထားသော စာရင်းတစ်ခု ရှိနေပေသည်။
ယခုမှစ၍ ပညာသင်ယူပြီး တက္ကသိုလ်ရောက်လျှင် အသက် မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ရွေးချယ်မည်လော။
သို့မဟုတ် ယခုမှစ၍အလုပ်ထွက်လုပ်ကာ ငွေရှာပြီး ခရီးထွက်မည်လော။
ဒါမှမဟုတ် အခြားသော စမ်းသပ်မှုတွေ လုပ်ကြည့်မည်လော။
သူ၏ အမြင်သည် အလွန် ကျဉ်းမြောင်းနေသေးပြီး အနာဂတ်၏ ဖြစ်နိုင်ခြေများကိုလည်း များများစားစား မသိရှိသေးချေ။
သူ ဘာလုပ်ချင်သည်ကို သူကိုယ်တိုင်လည်း မသိသေးသကဲ့သို့ ကမ္ဘာကြီး၏ ပုံစံ၊ လူကြီးများ၏နေထိုင်မှု ပုံစံများကိုလည်း သူ မသိသေးပေ။
သူ လုပ်ချင်သည်က ထပ်ပြီးစမ်းကြည့်ချင်သေးသည်။
ကိစ္စတစ်ခုကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်ချင်သည့် ခံစားချက်၊ အခြားသူများ၏ အသိအမှတ်ပြုမှု၊ ယုံကြည်မှုကို ရရှိသည့် ခံစားချက်၊ နှလုံးတွေ အဆမတန် ခုန်ပေါက်နေသည့်ခံစားချက် အနာဂတ် လမ်းခရီးက မည်သို့ ဖြစ်နေပါစေ၊ အစွမ်းကုန် ကြိုးစား လုပ်ဆောင်ရသည့် ခံစားချက်မျိုးကို အနာဂတ်မှာလည်း ဆက်ပြီးခံစားနိုင်ရန် သူ မျှော်လင့်နေမိ၏။
ဖြစ်နိုင်သည်မှာ လူတစ်ယောက်၏ ဘဝအလင်းရောင် ထွန်း ညှိခံလိုက်ရသော အချိန်တွင်မှသာ သူသည် တကယ်ပဲ အသက်ရှင်လာပြီဟု ဆိုနိုင်မည် ထင်ပေသည်။
-----
မြေအောက်ကမ္ဘာတွင်
ယောင်ယွင်ရှန်း ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသော အပြောင်း အလဲများနှင့် ကျိုးမိခင်၏ခန့်မှန်းချက်များကို ကျန်းလင် မသိရှိခဲ့ချေ။
ယနေ့တွင် သူ အပြင်မှ ပြန်လာချိန်တွင် အတောင်ပံတစ်မီတာကျော် ရှည်လျားသော စက္ကူငှက်ကျိုးတစ်တန်းဖြည်း ညင်းစွာ လွင့်ပျံသွားသည်ကို အဝေးမှနေ၍မြင်တွေ့လိုက်ရ၏။
ပိုတိတိကျကျပြောရမည် ဆိုလျှင် အဖြူရောင် ဝတ်စုံ ဝတ် ဆင်ထားသော ဝိညာဉ်တမန်တော်များသည် စက္ကူငှက်ကျိုးများကို စီးနင်းကာ လွင့်ပျံနေကြခြင်းဖြစ်သည်။
သူတို့ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်များသည် အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များနှင့် မတူ ညီချေ။
ထိုစက္ကူငှက်ကျိုးများ၏ အရှေ့ဆုံးတွင်မူ အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော် တစ်ပါးက လမ်းပြပေးနေပေသည်။
သူတို့ သွားနေသော လမ်းကြောင်းအရ ယမမင်းနန်းဆောင်သို့ သွားမည်ဟု ထင်ရ၏။
ကျန်းလင်သည် ယခင်က ဝိညာဉ်ဆိုင်ရှင် ကိစ္စတွင် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရသည်များကိုပြန်လည် တွေးတောရင်း ဤသူများသည် မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
သို့သော် မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များသည် အရှေ့ဘက် ခန်းမဆောင်သို့ ဘာလာလုပ်ကြသနည်း။
....
အရှေ့ဘက် ခန်းမဆောင်သည် ချိတ်ပိတ်ခြင်းကို ကျွမ်းကျင်ပြီး၊ အနောက်ဘက် ခန်းမဆောင်သည် ဝိညာဉ်လက်နက်များကို ကျွမ်းကျင်ကာ၊ တောင်ဘက် ခန်းမဆောင်သည် ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး နည်းစနစ်များကို ကျွမ်းကျင်ပြီး၊ မြောက်ဘက် ခန်းမဆောင်ကမူ စက္ကူခေါက်ပညာနှင့် တူရိယာများကို ကျွမ်းကျင်ကြပေသည်။
ဆိုလိုသည်မှာ အခြားသော ခန်းမဆောင်များသည် ချိတ်ပိတ်ခြင်း သို့မဟုတ် ဝိညာဉ်လက်နက် အသုံးပြုခြင်းတို့ကို မလုပ်တတ်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် ခန်းမဆောင် လေးခုစလုံးတွင် ကိုယ်စီထင်ရှားကျော်ကြားသော ပညာရပ်တစ်ခု နှစ်ခုစီတော့ ရှိနေကြ၏။
ဥပမာအားဖြင့် ချိတ်ပိတ်ခြင်း အကြောင်း ပြောလိုက်သည် နှင့် အားလုံးသည် အရှေ့ဘက်ခန်းမဆောင်ကို အလိုအ လျောက်သတိရသွားကြမည် ဖြစ်သည်။
ဝိညာဉ်လက်နက် အကြောင်းပြောလိုက်သည်နှင့် အနောက်ဘက် ခန်းမဆောင်ကို သတိရသွားကြမည် ဖြစ်၏။
မူလက ဤအရာများသည် အားလုံး သိထားသင့်သော အရာများ ဖြစ်ပေသည်။
သို့သော် ခန်းမဆောင် လေးခုအကြားအဆက်အသွယ် နည်းပါးလာသည်နှင့်အမျှ ဤအကြောင်းအရာများကို မြေအောက်ကမ္ဘာမှ အထက်လူကြီးများ သို့မဟုတ် အသက် ကြီးသော ဝိညာဉ်တမန်တော်များသာ သိရှိကြတော့၏။
ယခုအခါတွင် ခန်းမဆောင် လေးခုသည် ကိုယ်ပိုင် နယ်မြေ အသီးသီးကို စီမံခန့်ခွဲနေကြပြီး ဝိညာဉ်တမန်တော်များသည် အခြား နယ်မြေများသို့ အလွယ်တကူ ဝင်ရောက်ခွင့် မရှိကြချေ။
လိုအပ်လာပါက အလည်အပတ် စာလွှာ သို့မဟုတ် ဖြတ်သန်းခွင့် လက်မှတ် ကဲ့သို့သော အရာများကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။
သို့မဟုတ်ပါက အခြား နယ်မြေသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသည်ကို တွေ့ရှိပါက စစ်ဆေးမေးမြန်းမှုများနှင့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်၏။
----
"ဒီဝိညာဉ်တမန်တော်တွေက ဘယ်ကလာတာလဲ၊ ဘာလို့ တစ်ယောက်ချင်းစီတိုင်းက ငါ့ထက်တောင်ဖြူနေရတာလဲ"
"အဲဒီ စက္ကူငှက်တွေက ကြည့်ရတာ တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်နော်၊ ဝိညာဉ်လက်နက်တွေလား"
ထိုစက္ကူကြိုးကြာများကို မြင်တွေ့ရသည်မှာ ကျန်းလင် တစ်ယောက်တည်း မဟုတ်ချေ။
ဝိညာဉ်တမန်တော် အများအပြားသည် အိမ်ထဲမှ ခေါင်းပြူကြည့်ကြပြီး အချို့က အခြားနေရာများမှ အပြေးအလွှား ရောက်လာကာ အနီးအနားတွင် စုရုံးနေကြ၏။
သူတို့သည် ထိုစက္ကူငှက်များနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဝိညာဉ်တမန်တော်များကို အလွန် စိတ်ဝင်စားစွာဖြင့် အကဲခတ်နေကြပေသည်။
သူတို့မှာ အလွန်ထူးဆန်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်၏။
သရဲတစ္ဆေများသည်လည်း ပွဲကြည့်ရတာကို သဘောကျကြသည် မဟုတ်ပါလော။
"မင်းတို့ မြင်လိုက်ကြလား၊ သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက အဝတ်စနဲ့ မတူဘူး၊ ငါ စာရေးတဲ့ စက္ကူတွေနဲ့ ပိုတူနေတယ်"
"စက္ကူနဲ့ လုပ်ထားတဲ့ အဝတ်အစားတဲ့လား ဒါဆို ငါ ရေတစ်ခွက်လောက် ပက်လိုက်ရင် ရွှဲရွှဲစိုသွားမှာပေါ့"
"စက္ကူနဲ့ အဝတ်အစား လုပ်ဝတ်တဲ့ ဝိညာဉ်တမန်တော်တွေ အကြောင်း ငါ တစ်နေရာရာမှာ ကြားဖူးသလိုပဲ၊ သူတို့ရဲ့ စက္ကူက သာမန်စက္ကူမျိုး မဟုတ်ဘူးနော်"
"ချီး နှမြောစရာပဲ”