← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

🫧 Chapter 217

"မကြာခင်က တစ်ခုခုများ ဖြစ်တော့မလို့လား"

"ငါလည်း အဲဒီလို စက္ကူကြိုးကြာလေး တစ်ကောင်လောက် လိုချင်လိုက်တာ"

ပတ်ဝန်းကျင်ရှိ သရဲများက တီးတိုး ဝေဖန်ပြောဆိုနေကြပြီး အချို့က ခန့်မှန်းနေကြကာ အချို့ကမူ ပွဲကြည့်နေကြပေသည်။

ကျန်းလင်သည်လည်း ဘေးတွင် ခဏမျှ ရပ်ကြည့်နေလိုက်ပြီး မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ အဝေးသို့ ရောက်သွားပြီးနောက် သူ အနည်းငယ် စဉ်းစားကာ သရဲဈေးတန်းသို့ တစ်ပတ်ခန့် သွားရောက်လည်ပတ်ခဲ့၏။

သရဲဈေးတန်းသည် သတင်းများ အမြန်ဆုံး ပျံ့နှံ့ရာ နေရာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ကျန်းလင် အနေဖြင့် အသုံးဝင်မည့် သတင်းတစ်စုံတစ်ရာကိုမျှ မကြားခဲ့ရချေ။

ထိုသရဲများသည် ဝိညာဉ်တမန်တော် တစ်အုပ်စုရောက်လာကြောင်းကိုသာ သိကြပြီး တိကျသော အချက်အလက်များကိုမူ ကျန်းလင် သိထားသလောက်ပင် မသိကြလောက်ပေ။

နန်းဆောင် ၁၈ သို့ ပြန်ရောက်ပြီးနောက် ကျန်းလင်သည်လည်း အလွန်အကျွံ ဂရုမစိုက်တော့ဘဲ ပုံမှန်အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်နေတော့၏။

မကြာသေးမီက အဖွဲ့၁၈ ကို ပေးထားသော နှစ်သစ်ကူး အားလပ်ရက်လည်း ပြီးဆုံးသွားပြီဖြစ်ရာ အဖွဲ့သားများသည်လည်း အလုပ်ကိုယ်စီ ပြန်လည် စတင်နေကြပြီ ဖြစ်သည်။

အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်၏။

ယမမင်းကြီးက သူ့ကို အဖွဲ့သားသစ်တွေ ဘယ်တော့လောက် နေရာချထားပေးမလဲ ဆိုသည်ကို ကျန်းလင် စဉ်းစားနေစဉ်မှာပင် သုံးရက်ကြာပြီးနောက်မြောက်ဘက် ခန်းမဆောင်နှင့် ခန်းမဆောင် လေးခုလုံးနှင့် သက်ဆိုင်သော သတင်းတစ်ခုကို မြေအောက်ကမ္ဘာက ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်ပေသည်။

'စုံစမ်းစစ်ဆေးမှုများအရ၊ ဝိညာဉ်ဆိုင်ရှင် အမှုသည် မြောက်ဘက် ခန်းမဆောင်မှ အစပြုခဲ့ခြင်း ဖြစ်ကြောင်းတွေ့ရှိရသည်'

'မြောက်ဘက် ခန်းမဆောင်၏ယမမင်းသည် အဓိကတာဝန်ယူရမည် ဖြစ်ပြီး ယနေ့မှစ၍ ယမမင်းရာထူးမှ နုတ်ထွက်ကာ မရဏချောက်ကမ်းပါးသို့ သွားရောက်ရမည်ဖြစ်သည်'

'သူ စီမံခန့်ခွဲခဲ့သော မြောက်ဘက်ခန်းမဆောင်ကို ယမမင်းသစ် မပေါ်ပေါက်လာမီ အချိန်အထိ မြောက်ဘက်ခန်းမဆောင်၏တရားသူကြီးလေးပါးက ယာယီကိုယ်စား စီမံခန့်ခွဲသွားမည်ဖြစ်သည်'

'ထိုကာလအတွင်း အနောက်ဘက် ခန်းမဆောင်၊ တောင်ဘက် ခန်းမဆောင်၊ အရှေ့ဘက် ခန်းမဆောင် ဟူသော ကျန်ရှိနေသည့် ခန်းမဆောင် သုံးခုမှ ဝိညာဉ်တမန်တော် တစ်ဖွဲ့စီကို ကြီးကြပ်ရန်အလို့ငှာ မြောက်ဘက် ခန်းမဆောင်သို့ စေလွှတ်သွားမည်ဖြစ်သည်'

ဤသို့ဖြင့် ဝိညာဉ်ဆိုင်ရှင်ကိစ္စသည် အမှန်တကယ် ပြီးဆုံးသွားခဲ့ပြီဟု ဆိုနိုင်ပေသည်။

ဤသတင်း ထွက်ပေါ်လာသည်နှင့် မြေပြင်တွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခန်းမဆောင် လေးခုစလုံးမှာ အုတ်အော် သောင်းနင်း ဖြစ်သွားကြတော့၏။

"ဝိညာဉ်ဆိုင်ရှင်ကိစ္စက မြောက်ဘက် ခန်းမဆောင်က စခဲ့တာလား သူတို့ ဘာတွေ လုပ်ခဲ့လို့လဲ"

"အဲဒီကိစ္စကြီးက မြောက်ဘက် ခန်းမဆောင်ရဲ့အပြစ်တဲ့လား"

"ဘာအခြေအနေလဲ သတင်းအချက်အလက်တွေက အရမ်း များလွန်းနေပြီ"

သရဲတစ္ဆေ အများစုသည် ထိုအချိန်ကကြီးမားသော ကိစ္စကြီး တစ်ခု ဖြစ်ပွားခဲ့ကြောင်းကိုသာသိကြပြီး အမှန်တကယ် ဘာတွေ ဖြစ်ခဲ့သနည်း၊ မည်သို့ ဖြစ်ပွားခဲ့သနည်း ဆိုသည်ကိုမူ မသိကြချေ။

အချိန်တိုအတွင်းမှာပင် မြေအောက်ကမ္ဘာက ထိုကိစ္စကို ဖြေရှင်းလိုက်ကြောင်းကိုသာ သူတို့ သိခဲ့ကြရသည်။

သို့သော် အချို့သော သရဲများ သတိပြုမိသွားသည့် အချက်မှာ အခြား တစ်ခုဖြစ်ပေ၏။

"မြောက်ဘက် ခန်းမဆောင်က ယမမင်း နုတ်ထွက်သွားတယ်တဲ့လား တရားသူကြီး လေးပါးက ကိုယ်စား စီမံမယ်တဲ့လား"

သိထားသင့်သည်မှာ ထိုပုဂ္ဂိုလ်က ယမမင်း တစ်ပါး ဖြစ်ပေသည်။

တစ်ဖက် နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သူ တစ်ဦးက နုတ်ထွက်မည် ဆိုပါက ဒီအတိုင်း လွယ်လွယ်လေး နုတ်ထွက်သွားလို့ ရသည်လော။

သရဲတစ္ဆေ အများစုအတွက်မူ ယမမင်း ဆိုသည်မှာ ကောလဟာလများထဲတွင်သာ ရှိနေပြီးမြင်ပင် မမြင်ဖူးကြချေ။

စကားတစ်ခွန်းလောက် ပြောခွင့်ရမည် ဆိုလျှင်ပင် အလွန် ကံကောင်းလှပြီ ဖြစ်ပေသည်။

ဤအချက်မှာ နားလည်ရန် မခက်ခဲပေ၊ ရှေးခေတ်က သာမန် ပြည်သူများနှင့် ဧကရာဇ်မင်းတို့ကဲ့သို့ပင် ဖြစ်၏။

ဧကရာဇ်မင်းက တိုင်းပြည်ကို အုပ်ချုပ်ပြီး ဥပဒေ အမိန့်အမျိုးမျိုးကို ထုတ်ပြန်သော်လည်း လူအများစုနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်နေသည်မှာ အစိုးရရုံးတော်များနှင့် မင်းမှုထမ်းများသာ ဖြစ်ပေသည်။

ဤသို့ ရုတ်တရက် ထွက်ပေါ်လာသော သတင်းကြောင့် မြေအောက်ကမ္ဘာရှိ သရဲတစ္ဆေ အားလုံးသည် အချင်းချင်း တီးတိုး ပြောဆိုနေကြတော့၏။

သရဲဈေးတန်းသည်လည်း ရုတ်တရက် အလွန် စည်ကားလာပြီး အားလုံးသည် တူညီသော စကားပြောဆိုစရာ အကြောင်း အရာ တစ်ခုကို ချက်ချင်း ရရှိသွားသကဲ့သို့ပင်ဖြစ်သည်။

ထမင်းစားပြီးတိုင်း၊ လက်ဖက်ရည် သောက်ပြီးတိုင်း ဤကိစ္စကိုသာ ပြောဆိုနေကြတော့၏။

အချို့သော သရဲများက ဤအထဲတွင် 'ပူးပေါင်းကြံစည်မှု တစ်ခုခုများ ရှိနေမလား သို့မဟုတ် ခန်းမဆောင် လေးခုက အာဏာလုနေကြတာလား' ဟုပင် တွေးတောနေကြသည်။

သို့သော် မည်သူကမျှ ပေါ်ပေါ်ထင်ထင် မပြောရဲကြဘဲ သွယ်ဝိုက်သော နည်းဖြင့်သာ ပြောဆိုနေကြပေ၏။

----

ကျန်းလင် ကိုယ်တိုင်လည်း မြောက်ဘက် ခန်းမဆောင်၏ ယမမင်းက တိုက်ရိုက် နုတ်ထွက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

အခြားသော နည်းလမ်းများဖြင့် လျော်ကြေးပေးမည်ဟုသာ သူ ထင်ခဲ့မိသည်။

သို့သော် ပြန်တွေးကြည့်မည် ဆိုလျှင် ထိုအချိန်က ဝိညာဉ်ဆိုင်ရှင် ကိစ္စကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုက အလွန် ကြီးမားလှသဖြင့် နုတ်ထွက်ခြင်းမှာလည်း နားလည်ရ ခက်ခဲလှသည်တော့ မဟုတ်ပေ။

သို့သော် မရဏချောက်ကမ်းပါး ဆိုသည်ကက မည်သည့် နေရာမျိုးနည်း။

ကျန်းလင်သည် သူ၏ မှတ်ဉာဏ်ထဲတွင် ဤသို့သော စကား လုံးနှင့် နေရာမျိုး လုံးဝမရှိခဲ့ကြောင်းကို သေချာစဉ်းစား အတည်ပြုလိုက်၏။

မြေအောက်ကမ္ဘာက ထုတ်ပြန်လိုက်သော ဤသတင်းသည် အရာအားလုံးကို ပြောပြထားသကဲ့သို့ရှိသော်လည်း တကယ်တမ်းတွင် အကြောင်းအရာ အများအပြားကို ချန်လှပ်ထားခဲ့ပေသည်။

ကျန်းလင်သည် ကိုယ်တိုင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် အမှတ် ၉ အဖွဲ့ဆီသို့ သွားကာ ကျန့်အန်းမင်းသား တစ်ခုခုများ သိထားသလားဟု သွားရောက်မေးမြန်းလိုက်၏။

ထိုကိစ္စနှင့် ပတ်သက်၍ ကျန့်အန်းမင်းသားက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြုံးရုံသာပြုံးပြလေသည်။

"မရဏချောက်ကမ်းပါး ဆိုတာက၊ မင်း အခုချိန်မှာ ဒီအ ကြောင်းတွေကို သိစရာ မလိုသေးပါဘူး၊ အချိန်တန်ရင် မင်း အလိုလို သိလာပါလိမ့်မယ်"

"ဒါထက် စာရင် ကျန်တဲ့ ခန်းမဆောင်သုံးခုကနေ မြောက်ဘက် ခန်းမဆောင်ကို ဝိညာဉ်တမန်တော်တွေ စေလွှတ်မယ့် ကိစ္စအပေါ် မင်း ဘယ်လိုမြင်လဲ"

ကျန့်အန်းမင်းသားက ပြန်လည် မေးခွန်းထုတ်လိုက်၏။

ကျန်းလင်သည် ဝိညာဉ်တမန်တော် တစ်ပါး၏ ရှုထောင့်မှနေ၍ အနည်းငယ် စဉ်းစားလိုက်ပြီး "မြောက်ဘက်ခန်းမဆောင်ကို သွားပြီး လေ့လာလို့ရမယ်၊ မြောက်ဘက် ခန်းမဆောင်ရဲ့စနစ်အမျိုးမျိုးကို တွေ့မြင်ခွင့် ရမယ်"

'မဟုတ်သေးဘူး၊ ဒါက အရေးအကြီးဆုံး မဟုတ်ဘူး'

ကျန်းလင်သည် ရုတ်တရက် ခေါင်းမော့လာပြီး "ခန်းမဆောင် လေးခုက ဝိညာဉ်တမန်တော်တွေ အတူတူဆုံကြမယ်"

''ခန်းမဆောင် သုံးခုကနေ စေလွှတ်မယ့် ဝိညာဉ်တမန်တော်တွေက သေချာပေါက် သူတို့ရဲ့နယ်မြေကို ကိုယ်စားပြုနိုင်တဲ့ ထူးချွန်တဲ့သူတွေပဲ ဖြစ်ရမယ်''

"စွမ်းရည်ပိုင်းအရပဲ ဖြစ်ဖြစ်၊ အခြား အရည်အချင်းတွေ အရပဲဖြစ်ဖြစ် သေချာပေါက် အားနည်းနေမှာ မဟုတ်ဘူး"

"ဒါ့အပြင် မြောက်ဘက် ခန်းမဆောင်က သူတွေနဲ့ပါ ပေါင်းလိုက်ရင်"

"နယ်မြေလေးခုက ဝိညာဉ်တမန်တော်တွေ စုစည်းမိကြမယ်၊ စနစ်လေးမျိုး အပြန်အလှန်လေ့လာမိကြမယ်၊ အဲဒီကနေ သင်ယူနိုင်မယ့်၊ မြင်တွေ့နိုင်မယ့် အရာတွေက တစ်နေရာတည်းမှာ အမြဲတမ်းနေနေတာထက် အများကြီးပိုများမှာ သေချာတယ်"

"နယ်မြေ အသီးသီးက ဝိညာဉ်တမန်တော်တွေ အားလုံးအတွက် ဒါဟာ အခွင့်အရေးတစ်ခုပဲ"

"တစ်ချိန်တည်းမှာပဲ ဒါဟာ စမ်းသပ်မှုတစ်ခုလည်းဖြစ်တယ်"

"ဘာဖြစ်လို့လဲဆိုတော့ မြောက်ဘက် ခန်းမဆောင်မှာ ဆိုရင် အဲဒါက ကိုယ့်ရဲ့နယ်မြေ မဟုတ်တော့ဘူးလေ"

"အကယ်၍ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ကိုယ့်နယ်မြေက ပထမဆုံး အချိန်မီလာပြီး ကူညီပေးနိုင်ဖို့ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်"

တစ်ခဏအတွင်းမှာပင် ကျန်းလင်၏မျက်လုံးများသည်အရောင်များလင်းလက်သွားတော့၏။

----

ကျန့်အန်းမင်းသား မပြောခင်က ကျန်းလင်သည် ဤအရာများကို မတွေးမိခဲ့ချေ။

လူ့လောကမှာတောင် စစ်ရှုံး နိုင်ငံများအား အင်အားကြီး နိုင်ငံများက တပ်တွေစေလွှတ်ပြီး တပ်စွဲထားလေ့ ရှိသည် မဟုတ်ပါလော။

သို့သော် အချင်းချင်းအဆက်အသွယ် မရှိကြသော ဤမြေအောက်ကမ္ဘာ၏ နယ်မြေ လေးခုအကြားတွင်မူ ဤကိစ္စသည် အလွန် ထူးခြားသော အဓိပ္ပာယ်ကိုဆောင်သွားပြီ ဖြစ်ပေသည်။

ထို့အပြင် ကျန်းလင် မလာခင်က တွေးထားခဲ့သည်မှာ ဝိညာဉ်တမန်တော်များကို စေလွှတ်မည် ဆိုလျှင်တောင် အတွေ့အ ကြုံရင့် စီနီယာကြီးများကိုသာ စေလွှတ်မည်ဟု ထင်ခဲ့ခြင်း ဖြစ်၏။

သူနှင့် သိပ်မသက်ဆိုင်လောက်ဟု ထင်ခဲ့သဖြင့် သိပ်ဂရုမစိုက်ခဲ့ချေ။

ယခု ကျန့်အန်းမင်းသား ဤသို့ပြောလာခြင်းသည် အတွင်းသတင်းများရှိနေခြင်း သို့မဟုတ် နေရာလွတ်များ ရှိနေခြင်းကြောင့်များလော။

ကျန့်အန်းမင်းသားသည် ကျန်းလင်၏ စိတ်ထဲရှိ အတွေးများကို သိနေသကဲ့သို့ ပြုံးလိုက်ပြီး စကားလုံးနှစ်လုံးကိုဖြည်း ညင်းစွာ ထုတ်ပြောလိုက်၏။

"မရှိဘူး"

အတွင်းသတင်း ဘာညာလည်း မရှိသကဲ့သို့ နေရာလွတ်များ လည်း မရှိပါချေ။

ကျန်းလင် : "...."

ကျန့်အန်းမင်းသားက သူ့ကို ရယ်မောကာကြည့်ရင်း "မင်းက ငါ့ဆီကို စကားလာပြောတာ မဟုတ်ဘူးလား အဲဒါကြောင့် ဒီတိုင်း ရိုးရိုးလေးစကားပြောနေကြတာလေ"

ထိုအခါမှသာ ကျန်းလင်သည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို တိတ်တဆိတ် ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး မေးလိုက်၏။

"မြောက်ဘက် ခန်းမဆောင်ကို မင်းသား သွားမှာလား"

"ယမမင်းကြီးရဲ့ စိတ်ကူးကို ငါတို့တွေ ခန့်မှန်းလို့ ရတာမှ မဟုတ်တာ"

ကျန့်အန်းမင်းသားက သူ့ကို အေးအေးဆေးဆေး ကြည့်ရင်း

"ဒါပေမယ့် ငါ ကြားဖူးတာတော့ အရင်တုန်းက နယ်မြေလေးခုစလုံးက အချင်းချင်းအပြန်အလှန် သွားလာလို့ ရတယ်တဲ့ ဘာကန့်သတ်ချက်မှ မရှိခဲ့ဘူး"

"ပြီးတော့ အချိန်တစ်ခု ရောက်တိုင်း နယ်မြေလေးခုက အတူတကွပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီး တစ်ခုကို ကျင်းပလေ့ရှိတယ် အဲဒီမှာ နယ်မြေလေးခုက ဝိညာဉ်တမန်တော်တွေ အချင်းချင်းအပြန်အလှန်ဖလှယ်ပြီး လေ့လာသင်ယူနိုင်တယ်"

"အဲဒီအချိန် ရောက်တိုင်း မြေအောက်ကမ္ဘာက သရဲအများစုဟာ သုံးရက်ကြာ ပွဲတော်ကို ဆင်နွှဲခွင့်ရကြတယ် ကုန်ကျ စရိတ် အားလုံးကို မြေအောက်ကမ္ဘာက ကျခံပေးတယ်"

ကျန်းလင် အနည်းငယ် အံ့သြသွားပြီး "ဒါဆို ဘယ်လိုလုပ် အခုလို အခြေအနေမျိုး ဖြစ်သွားရတာလဲ" ဟု မေးလိုက်၏။

ကျန့်အန်းမင်းသား၏ပြောစကားအရ ဆိုလျှင် အရင်က ပွဲတော်တွေက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားခဲ့မည်နည်း။

'အဲဒါက မြေအောက်ကမ္ဘာ တစ်ခုလုံးရဲ့ပွဲတော်ကြီးလို့တောင် ပြောလို့ ရတယ်လေ'

'ဒီနှစ်တွေ အတွင်းမှာ ဘယ်အရာတွေကများ ပြောင်းလဲသွားခဲ့လို့လဲ'

ကျန့်အန်းမင်းသားသည် လက်ဖက်ရည်ခွက်ကို လက်ညှိုးဖြင့် ဖွဖွလေး ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

"သူတို့ကိုဆက်သွယ်ပေးထားတဲ့တံတား တစ်စင်းလိုဖြစ်နေတဲ့ အရာတစ်ခုခုများ ပျောက်ကွယ်သွားတာများလား”

🫧 Chapter 218

ကျန်းလင်တို့ မြောက်ဘက် ခန်းမဆောင်၏ စက္ကူကြိုးကြာ တန်းများကို မြင်တွေ့လိုက်ရချိန်တွင် အနောက်ဘက် ခန်းမဆောင်နှင့် တောင်ဘက် ခန်းမဆောင်သို့လည်း မြောက်ဘက် ခန်းမဆောင်မှ စက္ကူကြိုးကြာ အဖွဲ့တစ်ဖွဲ့စီ ရောက်ရှိသွားခဲ့ပေသည်။

ထို့နောက် သုံးရက်ကြာပြီးနောက် မြေအောက်ကမ္ဘာ၏ အမည်ဖြင့် တူညီသော သတင်းတစ်ခုကို ထုတ်ပြန်ကြေညာလိုက်၏။

'မြောက်ဘက် ခန်းမဆောင်၏ ယမမင်း ရာထူးမှ နုတ်ထွက်ကာ မရဏချောက်ကမ်းပါးသို့ သွားရောက်မည်'

တောင်ဘက်နယ်မြေ ယမမင်းနန်းဆောင် အတွင်းတွင်

"သခင်ကြီး၊ မြောက်ဘက် ခန်းမဆောင်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ လျော်ကြေးပေးစရာမလိုတော့ပါဘူး ထို့ပြင် သူတို့က ဒီတစ်ကြိမ်မှာလျော်ကြေးငွေ အမြောက် အမြားကိုပါ ယူဆောင်လာခဲ့ပါတယ်"

ကျုံးခွေသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရှေ့တွင် ဖြန့်ကျက်ထားသော စက္ကူလိပ် တစ်လိပ် ထွက်ပေါ်လာခဲ့၏။

ထိုအပေါ်တွင် မှတ်တမ်းတင်ထားသည်မှာ ဤတစ်ကြိမ် မြောက်ဘက် ခန်းမဆောင်မှ ယူဆောင်လာသော ပစ္စည်းများပင် ဖြစ်ပေသည်။

မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ ဤတစ်ကြိမ် ရောက်လာခြင်းသည် ပေ့ရွှယ်၏သတင်းကို ပေးပို့ရန်သာမက ဝိညာဉ်ဆိုင်ရှင် ကိစ္စအတွက် လျော်ကြေးအဖြစ် ပစ္စည်းများနှင့် ငွေကြေး အမြောက်အမြားကိုပါ ယူဆောင်လာခဲ့ခြင်းဖြစ်၏။

၎င်းမှာ နေ့စဉ် နံရံများကို ဖျက်လိုက် ပြင်လိုက်လုပ်နေရသော တောင်ဘက် ခန်းမဆောင်အတွက်တော့ သတင်းကောင်း တစ်ခုဟု ဆိုနိုင်ပေသည်။

ကျုံးခွေသည် အသက်ရှင်စဉ်က ပညာရေးတွင် ထူးချွန်သူ တစ်ဦး ဖြစ်ခဲ့သော်လည်း စွမ်းရည်ပြသရန် အခွင့်အရေး မရရှိခဲ့ချေ။

"အင်း"

နန်မင်သည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ခြေတစ်ဖက်ကို ကွေးကာ ထိုင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ထားလေသည်။

ကျုံးခွေ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် သူက အေး စက်စက် လေသံဖြင့် "တခြား ကိစ္စ ရှိသေးလား" ဟု မေးလိုက်၏။

ကျုံးခွေက ခေါင်းညိတ်လိုက်ပြီး "တောင်ဘက် ခန်းမဆောင်က အရင်တုန်းက ပျက်စီးသွားတဲ့ ပစ္စည်းတွေ အားလုံးကို အပြည့်အဝ မပြင်ရသေးပါဘူး အခု ဒီပိုက်ဆံတွေ ရလာပြီဆိုတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ခေါ်ပြီး ပြင်ခိုင်းလို့ ရပါပြီ"

"ဒီအရာတွေ အားလုံး လုပ်ပြီးသွားရင်လည်း ပိုက်ဆံအနည်း ငယ် ကျန်ပါဦးမယ် အဲဒါနဲ့ တောင်ဘက် ခန်းမဆောင်က အရင်တုန်းက အသစ်မလဲရသေးတဲ့ ပစ္စည်းဟောင်းတွေကို အသစ်လဲလို့ ရပါတယ်"

"ဒါပေါ့၊ နောင်တစ်ချိန် အရေးပေါ် လိုအပ်လာရင် သုံးဖို့အတွက်လည်း နည်းနည်းချန်ထားလို့ ရပါသေးတယ်"

"...."

'သူတို့ တောင်ဘက် ခန်းမဆောင်က ဒီလောက်ထိ စေ့စပ်သေ ချာစွာတွက်ချက်ပြီး နေထိုင်ဖို့ လိုလို့လား'

သူသည် မျက်ခုံးပင့်လိုက်ပြီး "မင်းတို့ သဘောအတိုင်းပဲ လုပ်ကြပါ" ဟု ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေ လျော်ကြေးပေးစရာ မလိုသည်ကကောင်း သော ကိစ္စပင် ဖြစ်ပေသည်။

ကျုံးခွေ တစ်ယောက် နေ့တိုင်း အနောက်ဘက် ခန်းမဆောင်ကို သွားပြီး ငွေသွားညှစ်ဖို့ သူ့ကို လာပြောနေမည်ကိုလည်း ရှောင်ရှားနိုင်သည် မဟုတ်ပါလော။

"ဟုတ်ကဲ့ပါ သခင်ကြီး၊ ကျွန်တော် အခုပဲ စတင် စီစဉ်လိုက်ပါ့မယ်" ဟု ကျုံးခွေက လက်အုပ်ချီကာ ပြောလိုက်၏။

ယမမင်းကြီးသည် အိမ်ကို ဖျက်ဆီးတတ်သော်လည်း အတွင်းရေး ကိစ္စများနှင့် ပတ်သက်လာလျှင် လက်အောက် ငယ်သားများကို အာဏာလွှဲအပ်ပေးရန် အလွန်ဆန္ဒရှိပေသည်။

အပြင်ဘက်သို့ ရောက်ရှိချိန်တွင်လည်း အလွန်အမင်း အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကြောင့် အလွန် အားကိုးရပေ၏။

ဟုတ်သည်၊ အိမ်ဖျက်ဆီးတတ်သည့် အချက်မှလွဲ၍ ကျန်သည့်အရာ အားလုံးက အလွန်ကောင်းမွန်လှပေသည်။

ကျုံးခွေသည် ထိုသို့ တွေးတောနေရင်း ယမမင်းနန်းဆောင် အတွင်းမှ ထွက်ခွာသွားတော့သည်။

ထို့နောက် ယမမင်းနန်းဆောင် အတွင်းတွင် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

နန်မင်သည် ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်ပြီး ခြေထောက်များကို ဆန့်ထုတ်ကာ အနောက်ရှိထိုင်ခုံကို မှီချလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ယှက်ထားလိုက်လေသည်။

သူသည် ယမမင်းနန်းဆောင်၏ မျက်နှာကြက်ကို မော့ကြည့်နေပြီး မျက်လုံးများထဲတွင် စဉ်းစားနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေ၏။

'မရဏချောက်ကမ်းပါး'

မြောက်ဘက် ခန်းမဆောင်၏ စက္ကူကြိုးကြာအဖွဲ့များ ရောက်ရှိလာသည့် နေ့တွင်ပင် အရှေ့၊ အနောက်နှင့် တောင်ဘက် ခန်းမဆောင် သုံးခု၏ ယမမင်းများသည် မရဏချောက်ကမ်းပါးရှိရာ နေရာသို့ တိတ်တဆိတ် သွားရောက်ခဲ့ကြပေသည်။

ချိန်းဆိုထားသော မရဏချောက်ကမ်းပါး၏ ဝင်ပေါက်တွင် သူတို့သည် ပေ့ရွှယ်ကို မြင်တွေ့လိုက်ရ၏။

သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံပင်များကို အနီရောင် ကြိုးတစ်ချောင်းဖြင့် အဖျားတွင် ဖွဖွလေး စည်းနှောင်ထားကာ ကိုယ်ပေါ်တွင် တရုတ်ပလွေတစ်လက်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ ယူဆောင်လာခဲ့ခြင်း မရှိချေ။

သူမသည် ချောက်ကမ်းပါး၏အထက်တွင် ရပ်နေပြီး သူမ၏ ပါးလျသော ခန္ဓာကိုယ်လေးမှာ လေတစ်ချက် တိုက်လိုက်ရုံဖြင့် လွင့်ပါသွားနိုင်မည့် ပုံပေါ်နေ၏။

နန်မင်၊ ရှီးဟယ်နှင့် ယန်လော် သုံးဦးကို မြင်တွေ့လိုက်ရသောအခါ ပေ့ရွှယ်၏ ဖျော့တော့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဝိညာဉ်ဆိုင်ရှင် ကိစ္စမှာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့မိတဲ့အတွက် ဒီနေ့ ကျွန်မ အပြစ်ပေးခံဖို့ မရဏချောက်ကမ်း ပါးထဲကို ဝင်ရောက်မှာမို့ အားလုံးပဲကူညီပြီး ကြီးကြပ်ပေးကြပါဦး"

မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားသော ရှီးဟယ်က ဖြည်းညင်းစွာဖြင့် "နင် ဒီလိုလုပ်စရာ မလိုပါဘူး၊ လျော်ကြေးပေးဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်"

"ဟင့်အင်း"

ပေ့ရွှယ်သည် မျက်လွှာချကာ ခေါင်းခါပြလိုက်၏။

ရှီးဟယ် ပြောခဲ့သည့် စကားပထမတစ်ဝက်မှာ မှန်ကန်ပေသည်။

သူမ အနေဖြင့် ယမမင်း ရာထူးမှ နုတ်ထွက်ရန် မလိုအပ်သကဲ့သို့ မရဏချောက်ကမ်းပါး အတွင်းသို့ ဝင်ရောက်ရန်လည်း မလိုအပ်ပါချေ။

သူမ၏ယမမင်း ရာထူးကိုထိုသခင်ကြီးက ပေးသနားထားခြင်း ဖြစ်ပြီး ထိုသခင်ကြီးမှလွဲ၍ မည်သူကမျှ သူမကို ထွက်ခွာသွားရန် အတင်းအကျပ်မစေခိုင်းနိုင်ပေ။

သို့သော် ထို့ကြောင့်ပင်လျှင် သူမသည် ထိုရာထူးတွင် ဆက် လက်နေထိုင်ရန် အရည်အချင်းမပြည့်မီတော့ခြင်း ဖြစ်ပေသည်။

သူမသည် ထိုသခင်ကြီး၏ယုံကြည်မှုကို စော်ကားခဲ့ရုံသာမက သူ ဂရုစိုက်သော လူ့လောကအပေါ်တွင်လည်း ထိုကဲ့သို့သော ကိစ္စမျိုးကို သူမသဘောဖြင့် ပြုလုပ်ခဲ့မိသည် မဟုတ်ပါလော။

ပေ့ရွှယ်သည် မည်သည့် ဆင်ခြေကိုမျှ ရှာဖွေမည် မဟုတ်ချေ။

မှားသည် ဆိုလျှင် မှားသည်သာဖြစ်၏။

သူမ အနေဖြင့် ပိုမို များပြားသော အရာများဖြင့် လျော်ကြေးပေးရမည် ဖြစ်ပြီး ပိုမို ကြီးမားသော ပြစ်ဒဏ်ကို ခံယူရမည်သာ ဖြစ်ပေသည်။

နန်မင်သည် အရှေ့သို့ တစ်လှမ်း တိုးလာပြီး လေးနက်သော မျက်နှာထားဖြင့် "နင် တကယ်ပဲ မရဏချောက်ကမ်းပါးထဲကို ဝင်မှာ သေချာပြီလား" ဟု မေးလိုက်၏။

ကောလာဟလများ အရ မရဏချောက်ကမ်းပါး အတွင်းတွင် မည်သည့်အခါမျှ ရပ်တန့်မည် မဟုတ်သော စစ်မြေပြင် တစ်ခု ရှိသည်ဟု ဆိုကြပေသည်။

ထာဝရ ဆင်နွှဲနေရမည့် တိုက်ပွဲ တစ်ခု ရှိနေပေ၏။

သို့သော် ၎င်း၏ ဝင်ပေါက် မည်သည့်နေရာတွင် ရှိသည်ကို လူသိနည်းလှသကဲ့သို့ မရဏချောက်ကမ်းပါး အတွင်းတွင် အမှန်တကယ် မည်သည့်အရာများ ပုန်းအောင်းနေသည်ကိုလည်း သိသူ အလွန် ရှားပါးလှပေသည်။

ထိုအထဲမှ တိုက်ပွဲသည် မည်သည့်အရာအတွက် တိုက်ခိုက်နေရသနည်း ဆိုသည်ကိုလည်း မည်သူမျှ မသိကြချေ။

နန်မင်၏ မေးခွန်းကို ပေ့ရွှယ်သည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး "ငါ သေချာတယ်" ဟု ပြန်ဖြေလိုက်၏။

သူမသည် ခေါင်းလှည့်ကာ တစ်ခုခု ပြောချင်သော်လည်း မျိုသိပ်ထားသော ယန်လော်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"တကယ်လို့များ၊ တကယ်လို့ သူ တစ်နေ့နေ့ ပြန်ရောက်လာခဲ့ရင်"

ဤနေရာသို့ အရောက်တွင် သူမသည် ရုတ်တရက် စကားရပ်သွားခဲ့၏။

'တကယ်လို့ သူ ပြန်လာခဲ့ရင်တောင် ငါ့အနေနဲ့ သူ့ကိုမျက်နှာ ပြရဲမှာ မဟုတ်တော့ပါဘူး'

ထိုအခါ ယန်လော်က ရုတ်တရက် စကားစလာပြီး သူမ၏ မျက်လုံးများ နီရဲနေကာ "ငါ ပြောပြပါ့မယ် သူ ပြန်လာရင် နင့်ဆီကို ပထမဆုံး အချိန်မီ လာပြောပြပါ့မယ်" ဟု ပြောလိုက်တော့သည်။

"ကျေးဇူးပါပဲ" ပေ့ရွှယ်သည် ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူမသည် အနောက်သို့ တစ်လှမ်းဆုတ်လိုက်၏။

သူမ၏ အနောက်ဘက်တွင်မူ အဆုံးအစမရှိ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးပင် ဖြစ်ပေသည်။

"ငါ ပေ့ရွှယ်၊ အပြစ်ရှိတဲ့အတွက် ဒီကနေ့ကစပြီး အပြစ်တွေကို ဆေးကြောဖို့ မရဏချောက်ကမ်းပါးထဲကို ဝင်ရောက်ပါပြီ" သူမသည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး အောက်သို့ တည့်မတ်စွာ ကျဆင်းသွားတော့၏။

"သခင်မနဲ့ အတူတကွ လိုက်ပါခွင့်ပြုပါ"

ဘေးရှိ သစ်တောထဲမှ အမည်းရောင် အရိပ်အချို့ရုတ်တ ရက် ခုန်ထွက်လာပြီး ချောက်ကမ်းပါး အောက်သို့ မဆိုင်းမတွပင် ခုန်ချသွားကြတော့သည်။

တစ်ခဏအတွင်းမှာပင် ချောက်ကမ်းပါး အထက်တွင် အလွန်အမင်း အစွမ်းထက်လှသော အငွေ့အသက် သုံးခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

'ဝှီး'

ထို့နောက် နန်မင်၏ အရှေ့တွင် ဓားကြီးတစ်လက် ထွက်ပေါ်လာပြီး ဓားကိုယ်ထည်သည် အနည်းငယ် တုန်ခါနေကာ ဝှီးခနဲ အသံများကို ထုတ်လွှတ်နေ၏။

"မရဏချောက်ကမ်းပါးမှာ အပြန်လမ်းမရှိဘူး၊ ငါ နန်မင်"

ယန်လော်၏ အရှေ့တွင်လည်း အလွန်အမင်း မည်းနက်ပြီး ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီး တစ်ခု ထွက်ပေါ်လာခဲ့ကာ "မရဏချောက်ကမ်းပါးမှာ အပြန်လမ်းမရှိဘူး၊ ငါ ယန်လော်" ဟု ကြေညာလိုက်၏။

"ငါ ရှီးဟယ်"

ရှီးဟယ်၏ လက်ထဲတွင် အဝိုင်းပြား တစ်ခု ထွက်ပေါ်လာပြီး ထိုအဝိုင်းပြား အထက်တွင် ယင်ယန် ငါးနှစ်ကောင်က ဖြည်းညင်းစွာ ကူးခတ်နေကြပေသည်။

"ဒီနေရာကနေ မင်းတို့ အားလုံးကို လိုက်ပို့ပေးပါ့မယ်"

ခမ်းနားကြီးကျယ်သော အငွေ့အသက်များ ပါဝင်သည့် ဤအသံ သုံးသံသည် ဤကောင်းကင်နှင့် မြေကြီး အကြားတွင် ပဲ့တင်ထပ်နေပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ချေ။

ခေတ္တမျှအကြာတွင် ချောက်ကမ်းပါး အတွင်းတွင် မရဏချောက်ကမ်းပါး၏ ဝင်ပေါက်သည် တိတ်ဆိတ်စွာ ပွင့်လာခဲ့ပြီး ပေ့ရွှယ်တို့ကိုအထဲသို့ ဆွဲသွင်းသွားတော့၏။

ပတ်ဝန်းကျင်ရှိ သစ်တောထဲမှ ငှက်များနှင့် သားရဲတိရစ္ဆာန် အချို့သည် လန့်ဖြန့်၍ အရပ်မျက်နှာ အသီးသီးသို့ ပြေးထွက်သွားကြလေသည်။

သို့သော် အဝေးသို့ ရောက်သွားပြီးနောက် မနေနိုင်ဘဲ ဤဘက်သို့ ပြန်လှည့်ကြည့်နေကြ၏။

ယနေ့ ထွက်ပေါ်လာသော ထိုကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များသည် မည်သည့်အရာကြောင့် ဖြစ်ပေါ်လာမှန်းကို သူတို့ မသိကြသကဲ့သို့ ယနေ့မှစ၍ ခန်းမဆောင် လေးခု၏ ယမမင်းတစ်ပါး လျော့နည်းသွားပြီ ဖြစ်ကြောင်းကိုလည်း သူတို့ မသိကြချေ။

ထို့အပြင် လိုက်ပို့ပေးသူများမှာ ယမမင်း သုံးပါးဖြစ် ကြောင်းကို ပိုလို့မသိနိုင်ကြပေ။

ချောက်ကမ်းပါး၏အထက် ကောင်းကင်ယံတွင် ရှီးဟယ်နှင့် နန်မင်တို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြလေ၏။

ယန်လော်သည် မရဏချောက်ကမ်းပါး ဝင်ပေါက်တွင် တိတ်ဆိတ်စွာရပ်နေပြီး အချိန်အတော်ကြာသည်အထိ ကြည့်ရှုနေခဲ့သည်။

အစတုန်းက သူတို့ လေးဦးစလုံးသည် အကြောင်းအမျိုးမျိုးကြောင့် ထိုသခင်ကြီး၏အနားတွင် လိုက်ပါ အလုပ်အကျွေး ပြုခဲ့ကြခြင်းဖြစ်ပေသည်။

သူတို့သည် ပိုမိုကျယ်ပြောလှသော ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရပြီး ပိုအဖိုးတန်သော အရာများကိုလည်း ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြ၏။

သူတို့သည် ထိုသခင်ကြီးကို လေးစားကြသည်၊ နှစ်သက်ကြသည်၊ ကိုးကွယ်ကြသည် မဟုတ်ပါလော။

သို့သော် သူတို့ လေးဦးထဲတွင် မည်သည့် ရပ်တည်ချက်ကိုမျှ ဂရုမစိုက်ဘဲ တစ်လောကလုံးနှင့် ဆန့်ကျင်၍ပင် ထိုသခင်ကြီးအတွက် အလုပ်လုပ်ပေးရဲသူ ရှိသလားဟု မေးလာပါက ပေ့ရွှယ်သည် ပထမဆုံးသော သူ ဖြစ်ပေလိမ့်မည်။

ထိုကိစ္စပြီးဆုံးသွားပြီးနောက်တွင်လည်း ယန်လော်သည် ထိုနေ့က ကိစ္စကို မကြာခဏပြန်လည် သတိရနေဆဲဖြစ်၏။

ပေ့ရွှယ်သည် ရပ်တည်ချက်ကို ဂရုမစိုက်ဘဲ ထိုသခင်ကြီး၏ အနားတွင် ရပ်တည်နိုင်ခဲ့ပြီး နန်မင်သည်လည်း ယုံကြည်မှု အပြည့်ဖြင့် ဓားကို ဆွဲထုတ်ကာ ရင်ဆိုင်ရဲခဲ့သည်။

ရှီးဟယ်သည်လည်း သူ၏ ကိုယ်ပိုင် ရပ်တည်ချက်ကို ခိုင်မာစွာ ထိန်းသိမ်းထားပြီး တစ်ဖက် နယ်မြေကို ကာကွယ်နိုင်ခဲ့ပေသည်။

'ဒါဆို ငါကကော၊ ငါက ဘာလုပ်နိုင်ခဲ့လို့လဲ'

ယန်လော်သည် အဝေးဆီသို့ လှမ်းကြည့်လိုက်ပြီး ပထမဆုံး အကြိမ်အဖြစ် စတင် တွေးတောမိတော့၏။

'ထိုသခင်ကြီး ထွက်ခွာသွားတာက သူတို့ လေးယောက်အတွက် တခြားမျှော်လင့်ချက်တွေများ ရှိနေလို့လား'

ယန်လော် ထွက်ခွာသွားပြီးနောက် ဤတောင်တန်းကြီးသည်လည်း တဖြည်းဖြည်းနှင့် ယခင်က အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုနေရာတွင် လေညင်းများ ဖြည်းညင်းစွာ တိုက်ခတ်နေပြီးနောက် အချိန်အတော်ကြာပြီးသော် ကောင်းကင်ယံထက်ရှိ အလွှာထပ်နေသော တိမ်တိုက်များကြားထဲမှ သက်ပြင်းချသံ တစ်သံထွက်ပေါ်လာခဲ့သည်။

All Chapters