← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

🫧 Chapter 221

ဝိညာဉ်လက်နက် သင်္ဘောပေါ်တွင် အသစ်တက်လာသော အဖွဲ့မှူးကြီး အချို့၏မျက်နှာများသည် တင်းမာနေကြ၏။

နှစ်ပတ်လည်ပွဲတော် ပြီးဆုံးခါစ အချိန်က အားလုံးသည် အချင်းချင်းတွေ့ဆုံခြင်းကို တတ်နိုင်သမျှ ရှောင်ရှားခဲ့ကြပေသည်။

ယခု အချိန်သိပ်မကြာသေးမီ ဤသို့ ပြန်လည် ဆုံတွေ့လိုက်ရသောအခါ နှစ်ပတ်လည်ပွဲတော်၏ မြင်ကွင်းများသည် ကြည်လင်ပြတ်သားသော ရုပ်ရှင်ကား တစ်ကားကဲ့သို့ ခေါင်းထဲတွင် ချက်ချင်းပြန်လည် ထွက်ပေါ်လာတော့၏။

ရှောင်လွှဲ၍ မရနိုင်တော့ချေ။

အထူးသဖြင့် ဟေးဝူချန်(အမည်းရောင်ဝိညာဉ်တမန်တော်) လျိုပုဝေ နှင့် ချိတ်ပိတ်ရေးအဖွဲ့မှ ယွီပိုင်ရှင်းတို့ပင် ဖြစ်ပေသည်။

ထိုစဉ်က တစ်ယောက်က စားပွဲကို ခိုးဝှက်သယ်ဆောင်နေပြီး အခြားတစ်ယောက်က ဘေးမှလိုက်ကာ 'သွေးကြောပိတ်' သိုင်းပညာကို အစွမ်းကုန် အသုံးပြုနေခဲ့သည် မဟုတ်ပါလော။

ထိုရူးကြောင်ကြောင် နိုင်လှသော ပုံစံကို သူတို့ပြန်တွေးမိတိုင်း လူပုံအလယ်တွင် အရှက်ကွဲရသကဲ့သို့ ခံစားရပေသည်။

အနေရခက်သော လေထုသည် အစစ်အမှန် တစ်ခုကဲ့သို့ ဖြစ်တည်နေပြီး သင်္ဘောပေါ်တွင် အထပ်မြင့် အဆောက်အအုံ သုံးလုံးခန့်ပင် တည်ဆောက်နိုင်လုမတတ် ဖြစ်နေတော့၏။

ဘေးတွင် ထိုင်နေသော ရွှီယိုကျိ သည် မျက်လုံးတစ်ဖက်ကို တိတ်တဆိတ် ဖွင့်ကာ ဤလူငယ်များ၏တုံ့ပြန်မှုများကို ကြည့်ရင်း စိတ်ထဲတွင် ခိုး၍ ရယ်မောနေလိုက်သည်။

နှစ်ပတ်လည်ပွဲတော် ညစာစားပွဲကို စီစဉ်ရခြင်း၏ မူလရည်ရွယ်ချက် တစ်ခုမှာလည်း ဤအသစ်တက်လာသော အဖွဲ့မှူးကြီးများကို အချင်းချင်း ပိုမို ရင်းနှီးကျွမ်းဝင်စေရန်ပင် ဖြစ်ပေ၏။

စီနီယာကြီးများ အနေဖြင့် လူငယ်များကို ဒုက္ခပေးချင်လျှင်တောင်မှ အလွန်အကျွံလုပ်ဆောင်မည် မဟုတ်ချေ။

တကယ်တမ်းတွင် သူတို့ အားလုံးသည် အချင်းချင်း၏ အရှက်ကွဲစရာ အတိတ်များကိုပင် မြင်တွေ့ခဲ့ကြပြီးပြီ ဖြစ်ရာ မည်သည့်အရာကို ကြောက်စရာ လိုတော့မည်နည်း။

သူတို့ အချင်းချင်းမှာ သာမန်လူများထက်ပင် ပိုရင်းနှီးနေကြပြီ ဖြစ်ပေသည်။

အနေရခက်သည် ဆိုလျှင်တောင်မှ တစ်ခဏတာမျှသာ ဖြစ်၏။

ထို့အပြင် နောင်တစ်ချိန် သူတို့ ကြီးပြင်းရင့်ကျက်လာသော အခါတွင် ဆယ်စုနှစ်ချီ၊ ရာစုနှစ်ချီ ကြာပြီးနောက် ပြန်လည် တွေးတောကြည့်ပါက ဤမှတ်ဉာဏ်များသည်လည်း လှပသော အမှတ်တရ တစ်ခု ဖြစ်လာမည် မဟုတ်ပါလော။

ရုတ်တရက် ရွှီယိုကျိ ၏ အကြည့်များသည် ကျန်းလင် အပေါ်သို့ ကျရောက်သွားလေ၏။

'ဒီလူငယ်လေးရဲ့ စိတ်နေစိတ်ထားကတော့ တော်တော်လေး မဆိုးဘူးပဲ'

တစ်ဖက်လူ သတိမထားမိမီမှာပင် ရွှီယိုကျိ သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မျက်လုံးမှိတ်ကာဖဖ‌ေပြန်လည် အနားယူဟန် ဆောင်နေလိုက်တော့သည်။

ကျန်းလင်သည် ဤအသစ်တက်လာသော အဖွဲ့မှူးကြီးများ ကြားတွင် ထိုင်နေသော်လည်း များစွာသော ခံစားချက်မျိုး မရှိခဲ့ချေ။

နှစ်ပတ်လည်ပွဲတော် ပြီးဆုံးခါစက အနည်းငယ် အနေရခက်သလို ခံစားခဲ့ရသော်လည်း သူ၏ ဘဝသုံးဆက်စာ မှတ်ဉာဏ်များထဲတွင် အရှက်ကွဲစရာ ကိစ္စများစွာ ရှိနေခဲ့သည် မဟုတ်ပါလော။

ပျံလွှားငှက် ဘဝဖြင့်ပင် နေခဲ့ဖူးသေးသည်။

ထို့အပြင် နောက်ပိုင်းတွင် သူ လူ့လောကသို့ တစ်ခေါက် သွားရောက်ခဲ့ရာ ပရိသတ်များ ဆွဲထားသော ပန်းချီကားများမှာလည်း ကြည့်ရသည်မှာ အတော်လေးမဆိုးလှကြောင်း တွေ့ခဲ့ရ၏။

ထို့နောက် အလုပ်များဖြင့် အလုပ်ရှုပ်နေခဲ့ရာ နှစ်ပတ်လည်ပွဲတော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို တဖြည်းဖြည်း မေ့ပျောက်သွားခဲ့ပြီ ဖြစ်ပေသည်။

ယခုအချိန်တွင်မူ အားလုံးက စကားမပြောကြတော့သည်ကို သူ မြင်လိုက်ရပြီး ပတ်ဝန်းကျင်တွင်လည်း တိမ်တိုက်များက ဝိုင်းရံနေကြ၏။

အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မြို့ပြများနှင့် တောင်တန်းရေပြင်များ၏ ပုံစံကိုပင် မသဲမကွဲ မြင်တွေ့နေရပေသည်။

ထို့ကြောင့် ကျန်းလင်သည် အနည်းငယ် စဉ်းစားလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်တော့သည်။

ယနေ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှု တာဝန်ကို မစတင်ရသေးချေ။

အခွင့်အရေး ရသည်နှင့် ထိုအမှတ် ၅၀၀ ကို ကျန်းလင် လွတ်မြောက်ခံမည် မဟုတ်ပေ။

ခြေတစ်လှမ်းချင်း မလျှောက်လှမ်းဘဲ ခရီးမိုင်ထောင်ချီသို့ မရောက်နိုင်သကဲ့သို့၊ စမ်းချောင်းငယ်လေးများကို မစုဆောင်းဘဲ ကြီးမားသော မြစ်ကြီး သမုဒ္ဒရာကြီးများ မဖြစ်ပေါ်နိုင်ဟု ဆိုရိုးစကားရှိသည် မဟုတ်ပါလော။

မည်သည့်အရာမဆို နည်းရာမှ များလာအောင် စုဆောင်းနိုင်ပြီး နောက်ဆုံးတွင် အရေအတွက် အပြောင်းအလဲမှတစ်ဆင့် အရည်အသွေး အပြောင်းအလဲဆီသို့ ကူးပြောင်းသွားနိုင်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပရိသတ် အမြောက်အမြားသည် ဤအခိုက်အတန့်ကို အစောကတည်းက စောင့်ဆိုင်းနေခဲ့ကြသကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြတော့၏။

[ဟားဟားဟားဟား နောက်ဆုံးတော့ ဒီသခင်မလေး စောင့်နေရကျိုး နပ်သွားပြီပဲ]

[ပထမ ပထမ ဘယ်သူမှ ငါနဲ့ လာမလုနဲ့နော်]

[Streamer ကြီး Streamer ကြီး အခု ဘယ်သွားမလို့လဲ၊ အနောက်ဘက်ကို လာမှာလား]

ပရိသတ်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြပြီး မျက်နှာပြင် အရှေ့တွင် စားပွဲများကို ရိုက်ကာ အောင်ပွဲခံနေကြပြီ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ရက်က Streamer ကြီး အခြား ခန်းမဆောင်များသို့ သွားမည်ဟု ပြောခဲ့ချိန်မှစ၍ သူတို့သည် ကြိုတင်ကာ စိတ်လှုပ်ရှားနေခဲ့ကြခြင်း ဖြစ်၏။

အထူးသဖြင့် အရှေ့ဘက် နယ်မြေ ပြင်ပမှ ပရိသတ်များပင် ဖြစ်လေသည်။

ယခင်က Streamer ကြီး အရှေ့ဘက်တွင် အလုပ်လုပ်နေသည်ကိုသာ အမြဲတမ်း မြင်တွေ့ခဲ့ရပြီး ဝိညာဉ်ဆိုင်ရှင် ကိစ္စတွင်လည်း သူတို့သည် Streamer ကြီး အရှေ့ဘက်၌ အလုပ်ရှုပ်နေသည်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့်သာ ကြည့်နေခဲ့ကြရသည် မဟုတ်ပါလော။

သို့သော် ယခုအခါတွင်တော့ မတူညီတော့ချေ။

Streamer ကြီး အခြား ခန်းမဆောင်များသို့ သွားတော့မည် ဖြစ်ပေသည်။

ဆိုလိုသည်မှာ Streamer ကြီး အနေဖြင့် အနောက်ဘက်သို့ သွားရောက်နိုင်ချေ ရှိသကဲ့သို့ တောင်ဘက်၊ မြောက်ဘက်များသို့လည်း သွားရောက်နိုင်ချေ ရှိပေသည်။

ဤအချက်ကပင် သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေခဲ့တော့၏။

[မင်းတို့တွေ သိပ်ပြီး စိတ်ကူးမယဉ်ကြနဲ့၊ Streamer ကြီးက အရှေ့ဘက်ကို ပြန်လာမှာပဲ ဟီးဟီးဟီး]

[ငါ ဂရုမစိုက်ဘူး ငါ ဂရုမစိုက်ဘူး၊ အခု မှတ်ချက်ကဏ္ဍထဲမှာ ပျော်ပျော်ကြီး ပြေးလွှားလိုက်ဦးမယ်]

[ပတ်ဝန်းကျင်က မြန်မြန်ဆန်ဆန် ဖြတ်ပျံသွားတာတွေက တိမ်တွေလား]

[အရှေ့ကို ကြည့်လိုက်ကြဦး၊ တိမ်တိုက်ကြီး အကြီးကြီးပဲ]

[ပျံနေပြီ ပျံနေပြီ၊ အဲဒီ တိမ်တိုက်ကြီးက ဘေးနှစ်ဖက်ကို ကွဲထွက်သွားပြီ]

[လခွမ်း၊ အရှေ့က ကောင်တွေ မင်းတို့ရဲ့ စကားအသုံးအနှုန်းလေး နည်းနည်းလောက် ပိုလှအောင် သုံးလို့ မရဘူးလား၊ အတူတူ ပညာသင်လာခဲ့ကြတာကို မင်းတို့က ဘာလို့ ဒီလောက်တောင် အစွမ်းပြနေရတာလဲ]

ဤအချိန်မျိုး ရောက်တိုင်း ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ ကင်မရာက သူတို့၏ စိတ်ကို အလွန် နားလည်ကြောင်း မကြာခဏ ချီးကျူးတတ်ကြပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာသည် အပိုင်း နှစ်ပိုင်း ကွဲပြားနေပြီး တစ်ပိုင်းက သင်္ဘောပေါ်သို့ မျက်နှာမူထားကာ အခြားတစ်ပိုင်းကမူ သင်္ဘော၏ အပြင်ဘက်သို့ မျက်နှာမူထားသည်ကို မြင်တွေ့ရ၏။

ဝိညာဉ်လက်နက် သင်္ဘော ပျံသန်းလာသည်နှင့်အမျှ ပတ်ဝန်း ကျင်ရှိ လွင့်မျောနေသော တိမ်တိုက်များသည် တဖြည်းဖြည်း နည်းပါးလာတော့သည်။

ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်ရာ မြို့ပြများ၊ ရေကန်ကြီးများ စိမ်းလန်းသော တောင်တန်းများနှင့် ကြည် လင်သော ရေပြင်များ၊ သာယာလှပသော တိုင်းပြည်၏ ရှုခင်းများသည် သူတို့၏မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

ဤမြင်ကွင်းသည် အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်ကြပြီး ခေါင်းမော့ကြည့်လျှင် ကြယ်တာရာများကို မမြင်ရ၊ ခေါင်းငုံ့ကြည့်လျှင် မြက်ခင်းစိမ်းများကို မမြင်ရသော ပရိသတ်များ အတွက်မူ မျက်စိပွင့်သွားစေသကဲ့သို့ ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် နက်ရှိုင်းသော နှစ်သိမ့်ကျေနပ်မှုကိုလည်း ခံစားလိုက်ကြရပေသည်။

[ဒါက ငါတို့ နိုင်ငံရဲ့ သာယာလှပတဲ့ ရှုခင်းတွေပဲ]

[ကြည့်လိုက်ပါဦး ရေတွေက ပြာလဲ့နေပြီး တောင်တွေကလည်း စိမ်းလန်းနေလိုက်တာ]

[တကယ်တော့ ငါ့ရဲ့ အိပ်မက်က လယ်တောထဲမှာ နေပြီး ကိုယ်ပိုင် အိမ်အသေးလေး တစ်လုံး၊ လယ်ကွက် တစ်ကွက် ပိုင်ဆိုင်ချင်တာပဲ၊ ပြီးတော့ ခွေးလေး တစ်ကောင်လောက် မွေးထားမယ်]

[အပေါ်ကလူ၊ အဲဒါကြောင့်ပဲ အိပ်မက်ကို အိပ်မက်လို့ ခေါ်ကြတာပေါ့၊ အဲဒါက အိပ်မက်ထဲမှာပဲ တွေးလို့ ရတာလေ]

[လခွမ်းပဲ မင်းပြောတာ တော်တော်လေး ယုတ္တိရှိတာပဲ]

ပရိသတ်များသည် စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်များကို ရေးသားနေကြချိန်တွင် သင်္ဘောပေါ်ရှိ အနေရခက်သော လေထုမှာမူ ဆက်လက်၍ ပျံ့နှံ့နေဆဲ ဖြစ်ပေသည်။

ကျန်းလင် အနေဖြင့် အစပိုင်းက ဘာမှ မခံစားရသော်လည်း ယခုလို လေထုမျိုးတွင်မူ အခြားသော ဝိညာဉ်တမန်တော်များ၏ သင်္ဘောပေါ်၌ ခြေထောက်ဖြင့် မြေအောက်ခန်း တစ်ခန်း တိတ်တဆိတ် တူးချင်နေလောက်အောင် ဖြစ်နေသော ရှက်ရွံ့မှုများကို မနေနိုင်ဘဲ ခံစားလိုက်ရတော့၏။

ကျန်းလင် : "...."

သူ အနည်းငယ် စဉ်းစားလိုက်ပြီး အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဆက်လက် ထိုင်နေရန်သာ ရွေးချယ်လိုက်သည်။

သို့မဟုတ်ပါက အခြားသော ဝိညာဉ်တမန်တော်များကို ပို၍ အနေရခက်စေသကဲ့သို့ ဖြစ်သွားမည်ဖြစ်၏။

ဘေးဘက်တွင်မူ

ရွှီယိုကျိသည် ခဏမျှ ကြည့်နေပြီးနောက် ရယ်မောကာ ခေါင်းခါပြလိုက်ပြီး ဤလူငယ်များကို အနည်းငယ် 'တွန်းအားပေး' ရန် ပြင်လိုက်သည်။

ထိုစဉ် ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့၏။

"ဟားဟားဟားဟား"

သတင်းအချက်အလက် အဖွဲ့မှ အဖွဲ့မှူး ချင်ကျိုးကျိုး သည် ရုတ်တရက် ပါးစပ်ကို ဟကာ လေးနက်သော မျက်နှာထားဖြင့် အကြိမ်အနည်းငယ် ရယ်မောလိုက်ခြင်း ဖြစ်ပေသည်။

သူမသည် အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် အမည်းရောင် ခါးပတ်ကို စည်းနှောင်ထားကာ မြစိမ်းရောင် ကျောက်စိမ်းပြား တစ်ခုကို ချိတ်ဆွဲထားပြီး ရှည်လျားသော ဆံပင်အရှေ့ချ သဏ္ဌာန်မှာ မျက်နှာတစ်ဝက်ကျော်ခန့်ကို ဖုံးကွယ်ထားလေ၏။

လူအုပ်ထဲတွင် တစ်ချက် ကြည့်လိုက်ရုံဖြင့် မည်သူကမျှ သတိမထားမိနိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

"အားလုံးပဲ ဒီလိုကြီး ဒီတိုင်း ထိုင်မနေကြပါနဲ့ ဟားဟားဟားဟား ငါတို့ တစ်ခုခုများ လုပ်ကြမလား"

ဤ 'ဟားဟားဟား' ဟူသော ရယ်မောသံများကြောင့် ပရိသတ်များသည်ပင် လိုက်၍ အနေရခက်သွားကြတော့၏။

ပရိသတ် အချို့သည် အစပိုင်းက ဤဘက်မှ လေထုကို သတိမထားမိခဲ့ဘဲ ဤအဖွဲ့မှူးကြီးများ တရားထိုင်နေကြသည်ဟု ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဤ 'ဟား' ဟူသော အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခလုတ်တစ်ခုကို ဖွင့်လိုက်သော အချက်ပြ သင်္ကေတ တစ်ခုနှင့် တူသွားတော့၏။

[လေထုကြီး ရုတ်တရက် အနေရခက်သွားတာကို အကြောက်ဆုံးပဲ]

[ဟား ဘယ်နှစ်ခါ ပါလဲ၊ အဲဒီလောက် အနေရခက်နေတာပဲ၊ မင်းတို့ သေချာ ရေတွက်ကြည့်လိုက်]

[ဒါနဲ့ မင်းတို့တွေ ဒီဝိညာဉ်တမန်တော်ကြီးတွေကိုမြင်ဖူးသလို မခံစားရဘူးလား]

[အပေါ်ကလူ၊ မင်းပြောတာ စားပွဲသယ်သွားတဲ့ ဝိညာဉ်တမန်တော်ကြီးကို ပြောတာလား၊ ဒါမှမဟုတ် သွေးကြောပိတ် သိုင်းပညာ ပြသသွားတဲ့ ဝိညာဉ်တမန်တော်ကြီးကို ပြောတာလား]

အနေရခက်သည်ဆိုသော်လည်း မည်သို့ပင်ဖြစ်စေ သင်္ဘောပေါ်ရှိ လေထုကို တစ်စိတ်တစ်ပိုင်းဖြိုခွဲပေးနိုင်ခဲ့သည်ဟု ဆိုရပေမည်။

ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်းသည် မျက်လုံးကို မှိတ်လိုက်ပြီး ကျန်းလင်သည်လည်း အခွင့်ကောင်းယူကာ မတ်တတ် ရပ်၍သင်္ဘောဘေးမှ ရှုခင်းများကို သွားရောက်ကြည့်ရှုနေလိုက်တော့၏။

သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုးသည် အနည်း ငယ်စဉ်းစားလိုက်ပြီး ရုတ်တရက် သိုလှောင်အိတ်ထဲမှ သံဒယ်အိုးအကြီးကြီး တစ်လုံးကိုထုတ်ယူလိုက်သည်။

"ဟားဟားဟား ငါ အားလုံးကို ဟော့ပေါ့တိုက်ပါ့မယ်"

သူမသည် စကားပြောနေရင်း တစ်ဖက်မှလည်း ဒယ်အိုးကို ချကာ ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ယူနေလေ၏。

"လူ့လောကမှာ အယူအဆ တစ်ခုရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ ဟော့ပေါ့ တစ်နပ်နဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိဘူးတဲ့"

"တကယ်လို့ ရှိခဲ့ရင်"

သူမသည် အားလုံးကို လေးနက်စွာကြည့်လိုက်ပြီး ဝိညာဉ်တမန်တော် အဖွဲ့မှူးကြီးများလှမ်းကြည့်လိုက်ချိန်တွင် သူမက လက်နှစ်ချောင်းကို ကတ်ကြေးပုံစံ ဖြည်းညင်းစွာထောင်ပြလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

"တကယ်လို့ ရှိခဲ့ရင် ဟော့ပေါ့ နှစ်နပ် စားလိုက်ပေါ့"

ချင်ကျိုးကျိုး၏အသံသည် မည်သည့် အတက်အကျမျှ မရှိသကဲ့သို့ မျက်နှာထားမှာလည်း အလွန်လေးနက်နေပြီး အလွန်အမင်း တည်ကြည်နေသော ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။

သို့သော် ဟေးဝူချန်လျိုပုဝေ၏ နှုတ်ခမ်းထောင့်များမှာမူ တွန့်ကွေးသွားတော့၏။ 'ဒီကောင်မလေး တကယ်ပဲ အတည် ပြောနေတာလား'

ရုတ်တရက်ကြီး ဟော့ပေါ့ ချက်စားမည်ဟု ပြောလာခြင်းမှာမည်သို့ဖြစ်သနည်း။

'သူက အနေရခက်နေတယ်လို့ မခံစားရဘူးလား'

"....”

🫧 Chapter 222

ချင်ကျိုးကျိုးသည် စကားပြောပြီးသည်နှင့် လက်ကို ဆန့်ထုတ်ကာ သူမ၏ သရဲစစ်သည်များကို အပြင်သို့ ထုတ်ယူလိုက်၏။

သင်္ဘောပေါ်သို့ တက်လာစဉ်က နေရာမလောက်မည်ကို စိုးရိမ်သဖြင့် သူမသည် သရဲစစ်သည်များကို အိတ်ထဲသို့ ထည့်သိမ်းလာခဲ့ခြင်းဖြစ်သည်။

ယခုတွင်မူချက်ချင်းပင် အရပ် တစ်မီတာခန့်သာ ရှိသော သရဲစစ်သည် နှစ်ကောင်သည် ဝိညာဉ်လက်နက် သင်္ဘောပေါ်တွင် ထွက်ပေါ်လာခဲ့၏။

သူတို့သည် သခင်မဖြစ်သူ၏ ဝတ်စားဆင်ယင်မှုအတိုင်း အမည်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ခါးတွင်လည်း ခါးပတ်များကို စည်းနှောင်ထားကြပေသည်။

သို့သော် တစ်ကောင်မှာမူ အရိုးပေါ် အရေတင် ပိန်လှီနေပြီး အဝတ်အစားများမှာလည်း ဖောင်းပွနေကာ၊ အခြား တစ်ကောင်မှာမူ တစ်ကိုယ်လုံး အသားများဖြင့် ပြည့်နှက်နေပြီး အဝတ်အစားများမှာလည်း တင်းကျပ်နေလေ၏။

၎င်းမှာ အလွန် သိသာထင်ရှားသော ကွာခြားမှုကြီး ဖြစ်ပေသည်။

"သခင်မ"

"သခင်မ"

သရဲစစ်သည် နှစ်ကောင်က စကားပြောလိုက်၏။ သူတို့၏ အသံများမှာပင် တစ်ကောင်က အားအင်အပြည့်ဖြင့် အသံကျယ်လောင်ပြီး၊ အခြား တစ်ကောင်ကမူ လေထဲတွင် လွင့်မျောနေသကဲ့သို့ အသက်ထွက်တော့မည့် အသံမျိုး ဖြစ်နေပေသည်။

ချင်ကျိုးကျိုး က ခေါင်းညိတ်လိုက်ပြီး "တအိုင်၊ ရှောင်အာ၊ ဟော့ပေါ့ အတွက် လိုအပ်တဲ့ ဟင်းလျာတွေကို ပြင်ဆင်ကြ" ဟု အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ သခင်မ"

"ဟုတ်ကဲ့ပါ သခင်မ"

ထို့နောက် သရဲစစ်သည် နှစ်ကောင်သည် စတင် လှုပ်ရှား အလုပ်လုပ်ကြတော့သည်။

ဟေးဝူချန် လျိုပုဝေသည် ကြည့်နေရင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။

ချင်ကျိုးကျိုး သည် တစ်ခုခုကို လှမ်းယူလိုက်ပြီး တအိုင် (ဝတုတ်ကြီး) ၏ကိုယ်ပေါ်သို့ ပွတ်ဆွဲလိုက်ရာ ထိုအရာသည် ချက်ချင်းမီးတောက်သွားသည်ကို သူ မြင်တွေ့လိုက်ရပေသည်။

ထို့နောက် သူမသည် ထိုမီးတောက်ကို သံဒယ်အိုးကြီး၏ အောက်တွင် ထည့်၍မီးမွှေးလိုက်၏။

'သူမ တကယ်ပဲတကယ်ကြီး ဒီဝိညာဉ်လက်နက် သင်္ဘောပေါ်မှာ ဟော့ပေါ့ ချက်စားတော့မလို့လားဟ'

------

[ဟားဟားဟားဟား၊ ဒီဝိညာဉ်တမန်တော်ကြီးက တကယ် သိတာပဲ၊ တစ်နပ်နဲ့ မရရင် နှစ်နပ် စားမယ်တဲ့]

[ဒီဝိညာဉ်တမန်တော်ကြီးရဲ့အမူအကျင့်က တော်တော်ပျော်ဖို့ ကောင်းတာပဲ၊ ပရိသတ် ဖြစ်သွားပြီဟေ့]

'ဟော့ပေါ့' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ပရိသတ်များ အားလုံးအံ့သြသွားကြတော့၏။

ဝိညာဉ်တမန်တော်ကြီးများက ဟော့ပေါ့ အကြောင်းကို သိရှိရုံသာမက ဟော့ပေါ့နှင့် ပတ်သက်သော စကားလုံးများကိုပါ သိရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

ထိုအချက်ကပင် သူတို့ကို ရုတ်တရက် ရင်းနှီးသွားစေပြီး အားလုံးက ရွာခံများဖြစ်နေသကဲ့သို့ ခံစားလိုက်ရပေသည်။

[ဟီးဟီးဟီး ဟော့ပေါ့ကို လူတိုင်း ကြိုက်တယ်လေ]

[ထမင်းတစ်နပ်နဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိဘူး လက်ခုပ်လည်း တစ်ဖက်တည်း တီးလို့ မမြည်ဘူး ဆိုတာမျိုးလည်း မရှိဘူး]

[ဝတုတ်ကြီး နာမည်က တာအိုင်၊ ပိန်ပိန်လေး နာမည်က ရှောင်အာ ဟားဟား ဒီလို နာမည်ပေးတဲ့ ပုံစံကလည်း တော်တော် မိုက်တာပဲ]

သင်္ဘောပေါ်တွင်

ဤလူငယ်များကို အမြဲတမ်း စောင့်ကြည့်နေသော ရွှီယိုကျိသည် မတ်တတ်ရပ်ကာ ဟော့ပေါ့ အနီးသို့ လျှောက်သွားပြီး ထိုင်ချလိုက်၏။

သူသည် စိတ်ဝင်စားစွာဖြင့် ခဏမျှ ကြည့်နေပြီးနောက် ရယ်မောကာ "ကောင်မလေး၊ ဒီဟော့ပေါ့မှာ ဘာတွေအထူး တလည် ပါဝင်လို့လဲ" ဟု မေးလိုက်သည်။

"ထူးထူးခြားခြားပါနေတာ"

ချင်ကျိုးကျိုးသည် သံဒယ်အိုးကြီးအထဲမှ ခေါင်းမော့လာ၏။

ဤအချိန်တွင် သူမ၏ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဟင်းရည်များ ထည့်လိုက်မှုကြောင့် ဟင်းရည်သည် ပွက်ပွက်ဆူကာ 'ဂလု ဂလု' မြည်နေပြီ ဖြစ်သည်။

ဆွဲဆောင်မှု ရှိလှသော အနံ့မွှေးမွှေးလေးများက ဒယ်အိုးထဲမှ လွင့်ပျံလာတော့၏။

သူမ အနည်းငယ် စဉ်းစားလိုက်ပြီး "စားချင်တာကို ပြုတ်စားမယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆူဆူညံညံ စားရရင်ရပါပြီ" ဟု လေးနက်စွာ ပြန်ဖြေလိုက်သည်။

"ငါလည်း အတူတူ စားလို့ ရမလား" ရွှီယိုကျိက ရယ်မောကာ မေးလိုက်၏။

"ရတာပေါ့၊ အားလုံးအတူတူစားမှ ဆူဆူညံညံနဲ့ပျော်ဖို့ ကောင်းမှာပေါ့"

ချင်ကျိုးကျိုးသည် ပန်းကန်နှင့် တူတစ်စုံကိုထုတ်ယူကာ သေချာစွာ သုတ်သင်ပြီးနောက် ကမ်းပေးလိုက်ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။

"ဒါက စီနီယာကြီးအတွက်ပါ၊ ဘာစားချင်လဲ ဆိုတာကို ထည့်ပြီး စားလို့ ရပါတယ်"

ရွှီယိုကျိ သည်လည်း အားနာမနေတော့ဘဲ သရဲစစ်သည်များ ပြင်ဆင်ထားသော ဟင်းလျာများထဲမှ စတင်ရွေးချယ်လေတော့၏။

ဘေးဘက်တွင်မူ မိမိကိုယ်ကို ဘာမှမမြင်ရ၊ ဘာမှ မသိရသကဲ့သို့ ဟန်ဆောင်ကာ မျက်လုံးမှိတ်နေသော ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်း သည် မျက်လုံးတစ်ဖက်ကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်သည်။

သူ့အကြည့်များသည် စီနီယာကြီး ရွှီယိုကျိအပေါ်သို့ ကျရောက်သွား၏။

'စီနီယာကြီးနဲ့ အတူတူ ဟော့ပေါ့စားရမယ်'

ယွီပိုင်ရှင်း မျက်နှာပေါ်တွင် မသိမသာ စိတ်လှုပ်ရှားနေသည့် အမူအရာများ ထွက်ပေါ်လာခဲ့သည်။

သူသည် ဟိုဒီ ကြည့်လိုက်ပြီးနောက် ဟော့ပေါ့ ရှိရာဘက်သို့ တိတ်တဆိတ် တိုးသွားလိုက်၏၊ ပြီးနောက် ထပ်တိုးသွားလိုက်ပြန်သည်။

ထို့နောက် သူသည် စီနီယာကြီး၏ဘေးတွင် တိတ်တဆိတ် ရောက်ရှိသွားပြီး လက်သီးဆုပ်ကာ ပါးစပ်နားတွင် ထား၍ 'ဟွတ် ဟွတ်' ဟု ချောင်းဟန့်လိုက်ပြီး "ကျွန်တော်လည်း နည်းနည်းလောက် မြည်းကြည့်ပါရစေ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ့ ဘေးတွင် ပန်းကန်နှင့် တူတစ်စုံ ထွက်ပေါ်လာတော့သည်။

ချင်ကျိုးကျိုးသည် ပန်းကန်နှင့် တူ အနည်းငယ်ကို ထုတ်ပေးရင်း "အားလုံးပဲ စားလို့ ရပါပြီ" ဟု ဖိတ်ခေါ်လိုက်၏။

ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး အနီးသို့ လျှောက်သွားကာ "ကျွန်တော်လည်း ဟင်းလျာအချို့ ယူလာတယ်၊ အတူတူ ထည့်စားလို့ ရတယ်" ဟု ပြောလိုက်သည်။

ဘေးနားမှ ဝိညာဉ်လက်နက် ဖန်တီးရေးအလုပ်ရုံမှ အဖွဲ့ဝင်သည်လည်း တိတ်တဆိတ် ကပ်လာလေ၏။

ထို့နောက် ကျန်းလင်၏လုပ်ရပ်ကို အတုခိုးကာ အိတ်ကပ်ထဲမှ ဟင်းလျာအချို့ကို ထုတ်ယူလိုက်ပြီး ပန်းကန်နှင့် တူကို ကိုင်ကာ သံဒယ်အိုးကြီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။

"ငါ မဆာဘူး၊ မင်းတို့ပဲ စားကြပါ"

ဟေးဝူချန် လျိုပုဝေသည် တစ်ဖက်တွင် ရပ်နေပြီး လက်ကို ရင်ဘတ်တွင် ပိုက်ထားကာ ဤဘက်ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။

'ဟော့ပေါ့က ဘာများ ကောင်းလို့လဲ'

'ငါက အဲဒီ တစ်နပ်စာလေးကို စားဖို့လိုနေလို့လား'

'ငါတို့ရဲ့ ဆက်ဆံရေးက အဲဒီလောက်ထိရင်းနှီးနေလို့လား'

'ဒါ့အပြင် ငါ ဒီတစ်ခေါက် ထွက်လာတာက လေ့လာသင်ယူဖို့လေ၊ စားဖို့သောက်ဖို့ ထွက်လာတာမှ မဟုတ်တာ'

"...."

ချင်ကျိုးကျိုးသည် ပန်းကန်နှင့်တူကို ကိုင်ကာ ဟင်းနှစ်လုတ်ခန့် စားလိုက်ပြီး ခေါင်းမော့၍ လျိုပုဝေကို တစ်ချက် လှမ်းကြည့်လိုက်၏။

ထို့နောက် ဟင်းနှစ်လုတ်ခန့် ထပ်စားလိုက်ပြီး ခေါင်းလေးစောင်းကာ သူ့ကို ထပ်မံကြည့်လိုက်ပြန်သည်။

လျိုပုဝေ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး မနေနိုင်တော့ဘဲ လှည့်ကြည့်ကာ သူမ ဘာလုပ်ချင်သနည်းဟု မေးရန်ပြင်လိုက်သော်လည်း ချင်ကျိုးကျိုးသည် လေးနက်စွာဖြင့် ထမင်းစားနေပြီး ဤဘက်ကို လှည့်မကြည့်တော့သည်ကို မြင်တွေ့လိုက်ရ၏။

"...."

ရုတ်တရက်ကြီး အကြည့်ခံလိုက်ရသော ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှ အဖွဲ့ဝင်သည်။

"..." ဟု ဖြစ်သွားတော့သည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီး ဘေးသို့ အနည်းငယ် ရွှေ့ကာ နေရာလွတ် တစ်ခု ဖန်တီးပေးလိုက်ပြီး "မင်း ဒီမှာ လာထိုင်လို့ ရတယ်" ဟု ပြောလိုက်၏။

လျိုပုဝေ : "...."

'သူက အဲဒီလို သဘောမျိုး ပြောတာမှ မဟုတ်တာ'

ရွှီယိုကျိ က ရယ်မောကာ "ဒီလောက်ထိ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး၊ အနားယူသင့်တဲ့ အချိန်မှာ အနားယူရမယ်လေ၊ တောင်ဘက် ခန်းမဆောင် ရောက်သွားရင် မင်းတို့တွေ အလုပ်များရတော့မှာ" ဟု ပြောလိုက်သည်။

ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်း က ခေါင်းညိတ်လိုက်ပြီး "စီနီယာကြီး ပြောတာ မှန်ပါတယ်" ဟု ထောက်ခံလိုက်၏။

ထို့နောက် သူက လျိုပုဝေ ဘက်သို့ လှည့်ကြည့်ကာ "အစ်ကိုလျို၊ စိတ်ကောက်မနေပါနဲ့တော့၊ အားလုံးက အရှေ့ဘက် ခန်းမဆောင်ကချည်းပဲဟာ၊ အားနာစရာ ဘာမှမရှိပါဘူး။ မြန်မြန်လာစားပါ" ဟု ပြောလိုက်သည်။

ထိုအခါ လျိုပုဝေ၏ ခန္ဓာကိုယ်သည် ချက်ချင်းတောင့်တင်းသွားပြီး ဒေါသတကြီးဖြင့် "ဘယ်သူက စိတ်ကောက်နေလို့လဲ" ဟု အံကြိတ်ကာ ပြောလိုက်၏။

ပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ဝိညာဉ်လက်နက် ဖန်တီးရေးအလုပ်ရုံမှ အဖွဲ့ဝင်၏ဘေးတွင် ထိုင်ချလိုက်ကာ ပန်းကန်နှင့် တူကို ကောက်ကိုင်၍ ဟင်းတစ်လုတ် ညှပ်စားလိုက်သည်။

ထို့နောက် အနည်းငယ် ပိုပိုသာသာ အမူအရာဖြင့် နောက်ထပ် ဟင်းတစ်လုတ်ကို ထပ်မံညှပ်စားလိုက်ပြန်၏။

....

[ ဒီအစ်ကိုလျိုက တော်တော်လေး ချစ်စရာကောင်းတယ်လို့ ဘာဖြစ်လို့များ ငါ ခံစားနေရတာလဲ ဟားဟားဟား]

[ဒီအဖွဲ့လေးက တော်တော်ပျော်ဖို့ကောင်းတာပဲ၊ ဟိုစီနီယာကြီးကလည်း တော်တော် သဘောကောင်းတဲ့ပုံပဲ]

[ဒီ ဟော့ပေါ့က တကယ်ပဲ စားလို့ကောင်းမှာလား တကယ်ကို မွှေးနေမှာပဲ]

[ငါတော့အခုလေးတင် ဟော့ပေါ့တစ်ပွဲ သွားမှာလိုက်တယ် ]

'ဂလု ဂလု' မြည်ကာ ပွက်ပွက်ဆူနေသော သံဒယ်အိုးကြီးကို ကြည့်ရင်း ပရိသတ်များသည် အစားအသောက် အစီအစဉ် တစ်ခုကို ကြည့်ရှုနေရသကဲ့သို့ ခံစားလိုက်ရတော့၏။

ပရိသတ် အများအပြားသည် တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်သည်နှင့် ချက်ချင်း ဝင်ကြည့်နိုင်ရန် စောင့်ဆိုင်းနေခဲ့ကြသဖြင့် ယခုအချိန်အထိ ထမင်းမစားရသေးချေ။

ယခုလို မြင်ကွင်းမျိုးကို မြင်လိုက်ရသောအခါ သူတို့၏ ဗိုက်များပင် ဆာလောင်လာတော့သည်။

ဗိုက်ဖြည့်ဖို့ တစ်ခုခုတော့ စားမှဖြစ်တော့မည်။

[မရတော့ဘူး၊ ငါ အရင်သွားပြီး သစ်သီးတစ်လုံးလောက် ကိုက်စားလိုက်ဦးမယ်]

[အရှေ့က ဗိုက်ဆာနေတဲ့လူတွေ အားလုံး လမ်းဖယ်ပေးကြ၊ ငါ အနံ့ရှုမလို့ လာတာကို မပိတ်ထားကြနဲ့]

[နျဲကျို: မင်းက အနံ့ရှုလို့တောင် ရသေးတယ်၊ ငါက အနောက်မြောက် အရပ်က ဘယ်နားမှာလဲ ဆိုတာတောင် မသိဘူ လာပါဦး၊ အပေါ်ကလူ အနောက်မြောက် အရပ်က ဘယ်ဘက်မှာလဲ ဆိုတာ ငါ့ကို ပြောပြပါဦး]

[လခွမ်း၊ မင်းတို့တွေ အဲဒီလောက် အစွမ်းမပြကြပါနဲ့လား၊ မင်းတို့ အစွမ်းပြနေတာတွေ ကြည့်ပြီး ငါ့ဗိုက်တွေတောင် နာလာပြီ]

လူတိုင်း သိကြသည့်အတိုင်း ဟော့ပေါ့သည် စားလေ ပို၍ စည်ကားလေဖြစ်ပေသည်။

သို့သော် သရဲတစ္ဆေများ၏အစာအိမ်တွင် အကန့်အသတ် ရှိမရှိ ဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။

သင်္ဘောပေါ်ရှိ ဤဟော့ပေါ့စားပွဲသည် နေ့တစ်ဝက်ခန့် ကြာမြင့်သွားခဲ့ပြီး ဟင်းလျာများကိုလည်း တစ်ပုံပြီး တစ်ပုံ စားသောက်ခဲ့ကြပေသည်။

တောင်ဘက် နယ်မြေသို့ ရောက်ရှိလုနီးပါးအချိန်တွင်မှ ဤအဖွဲ့မှူးကြီးများ၏ဟော့ပေါ့ စားပွဲသည် အဆုံးသတ်သွားခဲ့၏။

ပရိသတ်များသည်လည်း နေ့တစ်ဝက်ခန့် ကြာမြင့်သော 'မြေအောက်ကမ္ဘာ အစားအသောက် အစီအစဉ်' ကို ကိုယ် တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရပေသည်။

အချို့ကကြည့်ရင်း ဗိုက်များပိုဆာလာကြသော်လည်း အချို့ကမူ ကြည့်လေ ပိုဗိုက်ဝလာလေ ဖြစ်နေတော့၏။

[တော်ပြီ မစားနိုင်တော့ဘူး၊ ဗိုက်ထဲမှာ နေရာ မရှိတော့ဘူး]

[အပေါ်ကလူ၊ မင်းပြောတဲ့ နေရာ မရှိတော့ဘူးဆိုတာက တကယ်ပဲလား]

[နောက်ဆုံးတော့ ရောက်တော့မှာလား ရောက်တော့မှာလား ကြိုပြီး စိတ်လှုပ်ရှားနေပြီ]

[ဒီလမ်းကြောင်းက ၊ Streamer ကြီးတို့ ဘယ်သွားမလို့လဲ ဆိုတာကို ငါ အကြမ်းဖျင်း သိနေပြီ]

----

ဇာတ်လမ်းတိုလေးတစ်ခု

သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုး သည် ဟင်းနှစ်လုတ်ခန့် စားလိုက်ပြီး ခေါင်းမော့၍ လျိုပုဝေကို တစ်ချက် လှမ်းကြည့်လိုက်၏။

'ဒီလူက ထမင်းမစားဘူးလား'

သူမသည် နောက်ထပ် ဟင်းနှစ်လုတ်ခန့် ထပ်စားလိုက်ပြီး နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။

'ထားလိုက်ပါတော့၊ ဒီလူက သူ့ရဲ့ စားပွဲကို ထုတ်မပေးချင်လို့ နေမှာပါ အင်း'

ထို့နောက် သူမသည် ဟော့ပေါ့စားရန်သာ အာရုံစိုက်နေလိုက်တော့၏။

ဟေးဝူချန် လျိုပုဝေ : "...." 'ချင်ကျိုးကျိုးက ဘာပြောချင်တာလဲ'

ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှအဖွဲ့ဝင် : "...."

'သူ ဘာလို့ အကြည့်ခံလိုက်ရတာလဲ’

All Chapters