← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

🫧 Chapter 223

"နောက်ထပ် ခဏနေရင် တောင်ဘက် နယ်မြေကို ရောက်တော့မယ်" ရွှီယိုကျိက ရှင်းပြလိုက်၏။

ထိုစကားကို ကြားသောအခါ သင်္ဘောပေါ်ရှိ အဖွဲ့သားများ သည် မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

'နောက်ဆုံးတော့ ရောက်တော့မှာလား'

ဤအခိုက်အတန့်တွင် ကျန်းလင် စိတ်ထဲတွင်လည်း မျှော်လင့်ချက်များ ဖြစ်ပေါ်လာတော့၏။

နယ်မြေ လေးခုအကြား သွားလာခွင့် ကန့်သတ်လိုက်ပြီးကတည်းက မြေအောက်ကမ္ဘာ အတွင်းရှိ အခြား ခန်းမဆောင်များနှင့် ပတ်သက်သော သတင်းအချက်အလက်များသည်လည်း တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

'တောင်ဘက် ခန်းမဆောင်က ဘယ်လို ပုံစံမျိုးဖြစ်မလဲ'

'အဲဒီက ဝိညာဉ်တမန်တော်တွေကကော သူတို့ အရှေ့ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေနဲ့ တူပါ့မလား'

'သူတို့ အသုံးပြုတဲ့ လက်နက်တွေ၊ သရဲတစ္ဆေတွေကို နှိမ်နင်းတဲ့ နည်းလမ်းတွေကကော ဘယ်လိုမျိုး ဖြစ်မလဲ'

'အဲဒီနေရာမှာ သူတို့တွေ ဘယ်လို ကိစ္စမျိုးတွေနဲ့ ကြုံတွေ့ရမလဲ'

ထိုသို့ တွေးတောနေမိရင်း အပြင်ထွက်၍ စွန့်စားရှာဖွေရတော့မည့် ခံစားချက်မျိုးပင် ရရှိလာတော့၏။

ရုတ်တရက် ကျန်းလင်သည် ခေါင်းငုံ့၍ သူ ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုအခါ အရပ် တစ်မီတာခန့်သာ ရှိသော ပိန်ပိန်ပါးပါး သရဲစစ်သည် တစ်ကောင်သည် သူ၏အင်္ကျီစွန်းကို သတိထား၍ ဆွဲထားသည်ကို တွေ့လိုက်ရ၏။

ကျန်းလင် : "...."

သူ မှတ်မိသလောက် ဆိုလျှင် ဤသရဲစစ်သည်က 'ရှောင်အာ' လို့ ခေါ်သည့်သရဲ မဟုတ်ပေလော။

'ဒီနာမည်ပေးတဲ့ ပုံစံက တော်တော်လေးရှင်းလင်းပြတ်သားတာပဲ'

ကျန်းလင်သည် ခေါင်းမော့၍ ချင်ကျိုးကျိုးကို ကြည့်ကာ နားမလည်စွာဖြင့် "မင်းရဲ့ သရဲစစ်သည်က ဘာလုပ်မလို့လဲ" ဟု မေးလိုက်၏။

ချင်ကျိုးကျိုး သည် ကျန်းလင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရှောင်အာကို ထပ်မံ ကြည့်ရှုလိုက်သည်။

သူမ အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"သူက ရှင် ပြုတ်ကျသွားမှာ စိုးရိမ်လို့နေမှာပါ"

ကျန်းလင်သည် ယခုအချိန်တွင် ဝိညာဉ်လက်နက် သင်္ဘော၏ အစွန်းတွင် ရပ်နေခြင်းဖြစ်ပြီး ထိုရှောင်အာ ကမူ ကျန်းလင် ၏အနောက်ဘက် အနည်းငယ် အကွာမှနေ၍ သူ့ကို ဆွဲထားခြင်း ဖြစ်ပေသည်။

ထိုသို့ ကြည့်လိုက်မည် ဆိုပါက ထိုစကားက မှန်ကန်သကဲ့သို့ ရှိနေ၏။

'ဒုန်း'

ဝိညာဉ်လက်နက် သင်္ဘောသည် တစ်ခုခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ရုတ်တရက် တုန်ခါသွားတော့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းလင်၏ခြေထောက်တွင် အရာတစ်ခု ရုတ်တရက် တိုးလာခဲ့၏။

သူ ခေါင်းငုံ့ကြည့်လိုက်ရာ ရှောင်အာသည် သူ့ ခြေထောက်ကို လက်နှစ်ဖက် ခြေနှစ်ဖက်ဖြင့် ဖက်တွယ်ထားပြီး တွဲလောင်း ခိုနေသည်ကို တွေ့လိုက်ရပေသည်။

ကျန်းလင် : "...."

'ဒီအကောင်သေးသေးလေးက သူ့ဟာ သူ ပြုတ်ကျသွားမှာ စိုးရိမ်နေတာလို့ ဘာဖြစ်လို့များ ငါ ခံစားနေရတာလဲ'

ရှောင်အာ သည်လည်း ခေါင်းမော့၍ ကျန်းလင်ကို ကြည့်နေ၏။

ပြောင်တင်းနေသော ခေါင်း၊ ကြီးမားသော မျက်လုံးများဖြင့် ကြောက်စရာ ကောင်းနေသော်လည်း တစ်ချိန်တည်းမှာပင် ချစ်စရာကောင်းသော အမူအရာလေးပါဝင်နေပေသည်။

နောက်တစ်စက္ကန့်တွင် သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော်များ၏မျက်နှာထားများ တင်းမာသွားကြတော့၏။

သို့‌သော်ချက်ချင်းပင် ရွှီယိုကျိသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရွှေရောင် ကြိုးတစ်ချောင်းသည် သူ့ လက်ထဲမှ 'ဝှီး' ခနဲ ပျံထွက်သွားလေသည်။

ထိုကြိုးသည် ဝိညာဉ်လက်နက်သင်္ဘောကို ဖုံးလွှမ်းထားသော အကာအကွယ် အတားအဆီးကို ထိုးဖောက်သွားပြီး အရှေ့ဘက်ရှိ တိမ်တိုက်များ အတွင်းသို့ တိုးဝင်သွားတော့၏။

ခဏအကြာတွင် ရွှီယိုကျိသည် ကြိုးကို ပြန်လည် ဆွဲယူလိုက်သည်။

ထိုအခါ ရွှေရောင်ကြိုးသည် အရိပ်တစ်ခုကို ရစ်ပတ်လျက် သင်္ဘောပေါ်သို့ ပျံသန်း ဝင်ရောက်လာခဲ့၏။

'ဒုန်း'

ထိုအခါ အရိပ်သည် ကြိုးဖြင့် တုပ်နှောင်ခံထားရလျက် သင်္ဘောကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက် အားကုန် ရုန်းကန်နေတော့သည်။

သို့သော် ထိုအရိပ်၏ ပုံစံကို ရှင်းလင်းစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင် သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော်များ အားလုံး ကြောင်အမ်းအမ်းဖြစ်သွားကြတော့၏။

-----

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ယခင် စက္ကန့်က 'ရှောင်အာ' အကြောင်း ပြောဆိုနေကြသော်လည်း နောက်တစ်စက္ကန့်တွင် ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

မှတ်ချက်ကဏ္ဍသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။

[ဒီအရာက. တကယ်ကြီး ရှိနေတာလား]

[နတ် နတ်သမီးလား ]

[လခွမ်း ငါ့ကို လာမခြောက်နဲ့၊ ဒါက ဘာအကောင်ကြီးလဲ]

[ငါ အခုလေးတင် အပြင်မှာ ပါဆယ် သွားယူလိုက်တာ၊ ခုနက ဘာတွေ ဖြစ်သွားတာလဲ ငါ ဘာတွေ လွတ်သွားတာလဲ]

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

ကြိုးဖြင့် တုပ်နှောင်ခံထားရသော ထိုအရိပ်၏အရပ်အ မောင်းမှာ 180 စင်တီမီတာ အထက်တွင် ရှိပြီး ခန္ဓာကိုယ်မှာလည်း တောင့်တင်းခိုင်မာလှကာ ကိုယ်ပေါ်ရှိ အရောင်ဖျော့ဖျော့ ဝတ်ရုံမှာ စုတ်ပြတ်သတ်နေသဖြင့် တစ်စုံတစ်ယောက်နှင့် ယခုလေးတင် တိုက်ပွဲဖြစ်လာသည့်ပုံ ပေါက်နေပေသည်။

သို့သော် အထူးခြားဆုံးမှာ သူ့ကျောဘက်ရှိ ကြီးမားလှသော အတောင်ပံ တစ်စုံပင် ဖြစ်၏။

ရွှေရောင် ကြိုးဖြင့် တုပ်နှောင်ထားခြင်း ခံရသော်လည်း ထိုအတောင်ပံများ၏ စွမ်းအားကိုမူ ဖုံးကွယ်၍ မရနိုင်ချေ။

အတောင်ပံများကို ဖြန့်ကားလိုက်မည် ဆိုပါက အနည်းဆုံး နှစ်မီတာခန့် ရှည်လျားမည်ဟု ခန့်မှန်းရပေသည်။

"လွှတ်ပေးစမ်း! မင်းတို့ ငါ့ကို ဘာလို့ ဖမ်းတာလဲ"

အတောင်ပံများနှင့် 'လူ' သည် ရုန်းကန်နေသော်လည်း မည်သို့ပင် ရုန်းကန်စေကာမူ ထိုရွှေရောင် ကြိုးမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော်များသည် သူ၏ စကားကို ပြန်လည် ဖြေကြားခြင်းမပြုဘဲ သူ့ကို ဝိုင်းရံကာ စူးစမ်း ကြည့်ရှုနေကြ၏။

"ဒါက လူသေပြီးနောက် ပြောင်းလဲသွားတဲ့ သရဲတစ္ဆေလား သူ့ဆီမှာ တိရစ္ဆာန် ဒါမှမဟုတ် တခြား သက်ရှိမျိုးစိတ်တွေရဲ့ အငွေ့အသက်ကို မခံစားရဘူး" ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်း က အတည်ပြုလိုက်သည်။

ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှ အဖွဲ့ဝင်သည် အရှေ့သို့ တိုးသွားကာ ထိုအတောင်ပံ တစ်စုံကို စိတ်ဝင်စားစွာဖြင့် စမ်းသပ် ကိုင်တွယ်ကြည့်လိုက်၏။

ထိုအတောင်ပံများမှာ တစ်ခုလုံးအဖြူရောင် ဖြစ်သော်လည်း အစစ်အမှန် အမွေးအတောင်များကဲ့သို့ အသက်ဝင်နေခြင်း မရှိချေ။

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီလို အတောင်ပံမျိုး ငါ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ ဝိညာဉ်လက်နက်နဲ့ တူပေမယ့်လည်း မဟုတ်ဘူး ဒါပေမယ့် ရိုးရိုး ဝိညာဉ်အငွေ့အသက် သက်သက်ပဲလို့လည်း ပြောလို့ မရဘူး"

"အ အင်းဟင်း ဖယ်စမ်း ဘယ်သူက မင်းကို လျှောက်ကိုင်ခိုင်းလို့လဲ"

နှစ်ချက်ခန့်သာ အကိုင်ခံလိုက်ရသေးသော်လည်း ထိုကြိုးတုပ်ခံထားရသော အတောင်ပံသရဲသည် နှာမှုတ်သံ နှစ်ချက် ထုတ်လိုက်ပြီး ထူးဆန်းသော နေရာများကို အကိုင်ခံလိုက်ရသည့် အမူအရာမျိုး ဖြစ်ပေါ်လာတော့၏။

"အတောင်ပံတွေကို လျှောက်မကိုင်ရဘူး ဆိုတာ မသိဘူးလား"

"ဟင်"

ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှ အဖွဲ့ဝင်သည် အနည်းငယ် အံ့သြသွားပြီး "တကယ့် ငှက်အတောင်ပံ မဟုတ်ဘဲနဲ့တောင် ဒီလို တုံ့ပြန်မှုမျိုး ရှိတာလား" ဟု မေးလိုက်သည်။

စကားပြောရင်းနှင့်ပင် သူက နောက်ထပ် နှစ်ချက်ခန့် ထပ်မံ ကိုင်တွယ်လိုက်ပြန်၏။

"ရပ်စမ်း"

အတောင်ပံသရဲသည် ချက်ချင်းပင် နှာမှုတ်သံ နှစ်ချက် ထပ်ထုတ်လိုက်ပြီး ခန္ဓာကိုယ် အချိုးအစား ကြီးမားသော ယောက်ျားကြီး တစ်ယောက် ဖြစ်သော်လည်း မျက်နှာပေါ်တွင်မူ ရှက်သွေးဖြာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။

ဟေးဝူချန် လျိုပုဝေသည် အရှေ့သို့ တိုးသွားကာ နှစ်ချက်ခန့် ကြည့်ရှုလိုက်ပြီး တစ်ခါမှ မမြင်ဖူးကြောင်း အတည်ပြုလိုက်ပြီးနောက် မေးလိုက်၏။

"ဒါက တကယ်တော့ ဘာအကောင်ကြီးလဲ"

'သရဲလား ငှက်လား'

'ဒါမှမဟုတ် နတ်ဆိုးလား'

"မင်းကမှ အကောင် မင်း တစ်မိသားစုလုံး အကောင်တွေချည်းပဲ"

အတောင်ပံသရဲသည် ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှ အဖွဲ့ဝင်၏ လက်များကို သည်းခံနေရင်း တစ်ဖက်မှလည်း ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်လိုက်၏။

လျိုပုဝေ : "ဪ ဒါဆို မင်းက ဘာကောင်မှမဟုတ်ဘူးပေါ့ "

အတောင်ပံသရဲ: "...."

'ဟုတ်သလိုလိုနဲ့ မဟုတ်သလိုပဲ'

'အဆဲခံလိုက်ရသလို ခံစားနေရတယ်'

----

[ဖူး အဲဒါက တကယ်တော့ အကောင် ဟုတ်လား မဟုတ်ဘူးလား သရဲလေးကတော့ နားမလည်တော့ဘူး ]

[ငါ ကြည့်ရတာတော့ မင်းက အကောင်နဲ့ မတူဘူး သရဲနဲ့ ပိုတူတယ်]

[ငါ တကယ် အပေါ်ကလူကို လေးစားသွားပြီ၊ စကားပြောတာက အနုပညာ တစ်ရပ်လိုပဲ]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ဝိညာဉ်လက်နက် သင်္ဘောပေါ်ရှိ အပြန်အလှန် ပြောဆိုနေမှုများကို ကြည့်ရင်း ရယ်မောနေကြတော့၏။

သို့သော် သူတို့ ပိုသိချင်နေသည်မှာ ထိုအတောင်ပံ တစ်စုံသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သနည်း ဆိုသည်ကိုပင် ဖြစ်ပေသည်။

ဝိညာဉ်တမန်တော်ကြီးများ၏ ပြောစကားအရ ဤအရာသည် သရဲတစ္ဆေ ဖြစ်သည်မှာ သေချာသော်လည်း တိရစ္ဆာန်တော့ မဟုတ်ပေ။

'ဒါဆို '

ဝိညာဉ်တမန်တော်ကြီးများ ကြောင်အမ်းအမ်း ဖြစ်သွားသည်သာမက ပရိသတ်များလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

[ဒါက ဘာ ဒဏ္ဍာရီလာ သတ္တဝါကြီးလဲ]

[ဝိညာဉ်တမန်တော်ကြီးက ပြောပြီးပြီလေ၊ ဒါက လူသေပြီးနောက် ပြောင်းလဲသွားတဲ့ သရဲတစ္ဆေပါ ဆို]

[ငှက်ကလေးကတော့ နားမလည်တော့ဘူး၊ ဒါက ငါ့ရဲ့ ဆွေမျိုးများလား]

[တကယ်တော့ ငါလည်း အဲဒီ အတောင်ပံတွေကို ကိုင်ကြည့်ချင်တယ် ဟီးဟီးဟီး ဆော့လို့ အရမ်း ကောင်းမယ့်ပုံပဲ]

[အပေါ်ကလူ၊ မင်း တစ်ခုခု လွဲနေပြီနော် မြန်မြန် ရပ်လိုက်စမ်း]

အချို့သော ပရိသတ်များသည် ရှေးဟောင်း စာအုပ်များကို စတင် လှန်လှော ရှာဖွေနေကြပြီ ဖြစ်သကဲ့သို့ အချို့ကမူ Baidu တွင် စတင် ရှာဖွေနေကြပြီ ဖြစ်၏။

Baidu တွင် ရှာဖွေကြည့်ရာ [ လူကနေ သရဲ ပြောင်းသွားတာ မှန်ပေမယ့် အတောင်ပံတွေ ပါလာတာက ဘယ်လို ဖြစ်ရတာလဲ]

ချက်ချင်းပင် အောက်ဘက်တွင် ဆက်စပ် ရှာဖွေမှု အများအပြား ထွက်ပေါ်လာတော့၏။

[မင်းက မမြင်ရတဲ့ အတောင်ပံတွေကို ရှာနေတာလား]

[လူတွေမှာ အတောင်ပံ ပေါက်လာဖို့ ဖြစ်နိုင်ခြေ ရှိသလား သိပ္ပံပညာရဲ့ ရှင်းလင်းချက်]

[ငါ့အိမ်က ငှက်ကလေးမှာ အတောင်ပံတွေ ပေါက်လာတယ် သူက တကယ့် ငှက်အစစ် မဟုတ်တာ သေချာတယ်]

[အတောင်ပံပါတဲ့ နဂါး၊ အခုပဲ ဝယ်ယူရင် ၉၉၈ ယွမ်တည်းနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာပါ!]

ပရိသတ်များ : "...."

[ဒါတွေက ဘာသရဲတွေလဲ]

[သင်္ဘောပေါ်က အဲဒီကောင်ကကော ဘာသရဲလဲ]

အချို့သော ပရိသတ်များသည် သူတို့ သိကျွမ်းသော ပညာရှင်များထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍ပင် မေးမြန်းနေကြတော့၏။

တစ်ယောက်ကမူ လေးနက်ပြီး စပ်စုချင်သော မျက်နှာထားဖြင့် "ဟယ်လို၊ အစ်ကို အစ်ကို ထင်လဲ၊ လူတွေမှာ အတောင်ပံ ပေါက်လာဖို့ ဖြစ်နိုင်ခြေ ရှိသလား"ဟုမေးလိုက်၏။

ဖုန်းတစ်ဖက်မှ အစ်ကိုဖြစ်သူ : "..."

ပရိသတ်က ထပ်မေးလိုက်သည် : "ဒါဆို လူတွေ သေပြီး သရဲဖြစ်သွားရင်ကော အတောင်ပံ ပေါက်လာဖို့ ဖြစ်နိုင်ခြေ ရှိသလား"

အစ်ကိုဖြစ်သူ : "..."

ပထမဆုံးအနေဖြင့် သိပ္ပံပညာ အရ သရဲတစ္ဆေ ဆိုသည်မှာ မရှိကြောင်း သူ သိထားပေသည်။

ထို့ကြောင့် ဤမေးခွန်းသည် မူလကတည်းက မဖြစ်နိုင်သော အရာသာ ဖြစ်၏။

ထိုပြဿနာကို ဘေးဖယ်ထားပြီးနောက် ပထမ မေးခွန်းကို ပြန်လည် စဉ်းစားကြည့်ရာ ဤညီဖြစ်သူ၏ ဤမေးခွန်းများသည် မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း ဟူသည်ကို စတင် စဉ်းစားလာပြီးနောက် ပြဿနာကို အရင်းအမြစ်မှ ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့၏။

ဖုန်းချပြီးနောက် အစ်ကိုဖြစ်သူသည် အဒေါ်ဖြစ်သူထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။

"ဟယ်လို အဒေါ်၊ ရှောင်ထုံ ရဲ့ အိမ်စာတွေ မကြာသေးခင်က အရမ်းနည်းနေလို့လား ကျောင်းသားဆိုတာ အရမ်းအားနေလို့ မဖြစ်ဘူးလေ၊ လေ့ကျင့်ခန်း စာအုပ်တွေ ထပ်ဝယ်ပေးဖို့ အစီအစဉ် လုပ်လို့ရနေပြီ"

"ရတာပေါ့ ရတာပေါ့၊ မနက်ဖြန်ပဲ သွားဝယ်လိုက်မယ်"

ဖုန်းချပြီးခါစ အချိန်တွင် မိခင်ဖြစ်သူ ဖုန်းပြောနေသည်ကို ကြားလိုက်ရသော ပရိသတ် : "....."

'ဟေး ဟေး ဟေး၊ ဒီလို လုပ်လို့မရဘူးလေ ခင်ဗျားက ကျွန်တော့် အစ်ကို မဟုတ်ဘူးလား’

🫧 Chapter 224

ဝိညာဉ်လက်နက် သင်္ဘောသည် မူလအမြန်နှုန်းအတိုင်း ဆက်လက် ခရီးနှင်နေ၏။

"...."

သင်္ဘောပေါ်တွင်မူ

သူက တကယ်ပင် အကောင်လော၊ အကောင် မဟုတ်ဘူးလော ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အတောင်ပံသရဲ၏ ရင်ထဲတွင် အမြဲတမ်း တစ်စို့စို့ ဖြစ်နေခဲ့ပေသည်။

ယခုအချိန်တွင် သင်္ဘောပေါ်ရှိ သရဲတစ္ဆေ တစ်ကောင်ကမျှ သူ၏ အတောင်ပံများ မည်သို့ ဖြစ်တည်လာသနည်း ဆိုသည်ကို မသိကြကြောင်း မြင်လိုက်ရသောအခါ ပြန်လည် ချေပရန် နည်းလမ်းကို ရုတ်တရက် ရှာတွေ့သွားပြီး ကြွားလုံးထုတ်လိုက်၏။

"ကြည့်ရတာ မင်းတို့က အစစ်အမှန် နည်းပညာ ဆိုတာကို မမြင်ဖူးကြဘူးပဲ ဒီအတောင်ပံတွေက ဘယ်လို ဖြစ်လာတာလဲ ဆိုတာတောင် မသိကြဘူးလေ၊ ဟွန်း"

"ငါ တစ်ချက်လောက် ကြည့်ရအောင်"

ထိုအချိန်တွင် တစ်ခုခုကို အမြဲတမ်း စဉ်းစားနေခဲ့သော ရွှီယိုကျိိသည် ရုတ်တရက် လှုပ်ရှားလိုက်သည်။

ဟေးဝူချန် လျိုပုဝေနှင့် ချိတ်ပိတ်ရေးအဖွဲ့မှ ယွီပိုင်ရှင်း တို့သည် ချက်ချင်းပင် ဘေးသို့ ဆုတ်ပေးပြီး နေရာဖယ်ပေးလိုက်ကြ၏။

ထိုအခါ ရွှီယိုကျိသည် အတောင်ပံသရဲ၏အနီးသို့ လျှောက်သွားပြီး ဆောင့်ကြောင့် ထိုင်ချကာ လက်ကို ဆန့်ထုတ်၍ အတောင်ပံ၏ တစ်နေရာကို ခေါက်ကြည့်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ထိုအဖြူရောင် အတောင်ပံ တစ်စုံသည် အိပ်မက်တစ်ခု ပျက်စီးသွားသကဲ့သို့ ရုတ်တရက် ဝိညာဉ်အငွေ့အသက်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် လွင့်စင် ပျောက်ကွယ်သွားတော့၏။

'အတောင်ပံတွေ ပျောက်သွားပြီ'

အတောင်ပံသရဲသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရွှီယိုကျိကို လန့်ဖြန့်စွာဖြင့်ကြည့်ကာ "မင်း မင်း မင်း မင်း ဘာလုပ်လိုက်တာလဲ" ဟု အော်မေးလိုက်သည်။

သူ ကြိုးတုပ်ခံထားရသည့်တိုင် ဤမျှလောက် မောက်မာနေနိုင်ခြင်းမှာ ဤဝိညာဉ်တမန်တော်များသည် သူ့ အတောင်ပံ အလုပ်လုပ်ပုံကိုပင် မသိကြကြောင်း သေချာပေါက် တွက်ဆထားသောကြောင့် ဖြစ်ပေ၏။

ယခု အဖမ်းခံထားရသော်လည်း သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိနေလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။

သို့သော် ယခုအခါတွင်တော့ အတောင်ပံတွေ မရှိတော့ပေ။

ထို့ကြောင့်သူသည် နောက်ကျမှ ကြောက်လန့်လာပြီး အော်ဟစ်ကာ သင်္ဘောကြမ်းပြင်ပေါ်တွင် တရွတ်တိုက်ဖြင့် အနောက်သို့ ဆုတ်သွားတော့၏။

"မင်းတို့ ငါ့ကို ဘာလုပ်ချင်လို့လဲ အနားမလာကြနဲ့နော် ငါက မင်းတို့ကို ကြောက်မယ်များ မှတ်နေလား"

အနောက်သို့ နှစ်လှမ်းခန့်သာ ဆုတ်ရသေးမီ ခြေထောက်တစ်ဖက်၏နင်းထားခြင်းကို ခံလိုက်ရပေသည်။

သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုးသည် အတောင်ပံသရဲ၏ ကျောကုန်းကို နင်းထားရင်း အနည်းငယ် စဉ်းစားကာ ပြောလိုက်၏။

"ဒီနေရာက တောင်ဘက် နယ်မြေနဲ့ နီးတယ် ဆိုတော့ တောင်ဘက် ခန်းမဆောင်ကနေ ထွက်ပြေးလာတာ ဖြစ်ရမယ် အရင်တုန်းကလည်း ဒီလို အမှုမျိုးတွေ ရှိခဲ့ဖူးတယ်၊ အဲဒီဘက်ကနေ မကြာခဏဆိုသလို သရဲတွေ ထွက်ပြေးလာတတ်တယ်"

"အတော်ပဲ၊ ခဏနေကျရင် တောင်ဘက် ခန်းမဆောင်ကို အတူတူ ပြန်ပေးလိုက်လို့ ရတာပေါ့"

ရွှီယိုကျိက ခေါင်းညိတ်လိုက်ပြီး လူငယ်များကို ကြည့်ကာ ရှင်းပြလေ၏။

"သူ့ရဲ့အတောင်ပံတွေက ကျင့်စဉ် တစ်ခုခုကို အသုံးပြုထားတာ ဖြစ်သင့်တယ်၊ ဒါက ငါတို့ မကျွမ်းကျင်သေးတဲ့ အရာပဲ"

"ငါ အခု ဖျက်ဆီးနိုင်ခဲ့တာကလည်း အရင်က မြေအောက်ကမ္ဘာရဲ့ 'စာကြည့်တိုက်' ထဲမှာ ဖတ်ဖူးခဲ့လို့ပဲ"

"တောင်ဘက် ခန်းမဆောင် ရောက်သွားရင် မင်းတို့ အနေနဲ့ အခွင့်အရေးကို အရယူပြီး ဒီနည်းလမ်းကိုတတ်အောင် သင်ယူနိုင်ပါတယ်"

"ဟုတ်ကဲ့ပါ စီနီယာကြီး"

အသစ်တက်လာသော ဝိညာဉ်တမန်တော်များသည် ပြိုင်တူ ပြန်ဖြေလိုက်ကြပြီး စိတ်ထဲတွင်လည်း လက်သီးကို တင်းတင်း ဆုပ်ထားလိုက်ကြ၏။

'တောင်ဘက် ခန်းမဆောင်မှာက ငါတို့နဲ့ မတူညီတဲ့ ကျင့်စဉ်တွေ တကယ်ပဲ ရှိနေတာပဲ'

'ငါတို့ ဒီတစ်ခေါက် ခရီးစဉ်မှာ သေချာပေါက်အကျိုးရှိအောင် လုပ်ပြီး နည်းပညာတွေ အားလုံးကို သင်ယူသွားမယ်'

"တောင်ဘက် ခန်းမဆောင် မင်းတို့က တောင်ဘက် ခန်းမဆောင်ကို သွားမလို့လား"

သူတို့၏စကားဝိုင်းကို နားထောင်နေသော အတောင်ပံသရဲသည် မူလက စိုးရိမ်ထိတ်လန့်နေသည့် မျက်နှာထားမှ ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်သွားသည့် အမူအရာသို့ ပြောင်းလဲသွားတော့၏။

တစ်ချိန်တည်းမှာပင် သူ့ ရုန်းကန်မှုများသည်လည်း ပိုမို ပြင်းထန်လာခဲ့သည်။

"ငါ မသွားဘူး၊ ငါ အဲဒီကို ပြန်မသွားချင်တော့ဘူး ငါ့ကို လွှတ်ပေး"

အတောင်ပံသရဲသည် မည်သည့်အရာ၏လှုံ့ဆော်မှုကို ခံလိုက်ရသည် မသိ၊ ရုတ်တရက် စကားများကိုပင် ရှေ့နောက် မညီအောင်ပင် ပြောဆိုလာတော့၏။

"တောင်းပန်ပါတယ်ဗျာ၊ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ငါ့ကို လွှတ်ပေးပါ၊ ငါ အဲဒီကို ပြန်မသွားချင်တော့ဘူး"

သို့သော် ချင်ကျိုးကျိုး၏ ခြေထောက်မှာမူ သူ၏ ကိုယ်ပေါ်တွင် မလှုပ်မယှက်ရှိနေပြီး ကြီးမားလှသော တောင်ကြီး တစ်လုံးကဲ့သို့ ဖိနှိပ်ထားပေသည်။

သူ မည်သို့ပင် ရုန်းကန်နေစေကာမူ နေရာမှာပင် အချည်းနှီး ပွတ်တိုက်နေရသကဲ့သို့သာ ဖြစ်နေတော့၏။

သူ၏ ဤပုံစံကို မြင်တွေ့ရသောအခါ သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော် အချို့သည် တောင်ဘက် ခန်းမဆောင်နှင့် ပတ်သက်၍ တစ်ခဏအတွင်း ပိုမို သိချင်စိတ် ပြင်းပြလာကြတော့သည်။

ဒီ'လောက်တောင် ကြောက်နေရအောင်တောင်ဘက် ခန်းမဆောင်က ဒီသရဲကို ဘာတွေများ လုပ်ခဲ့လို့လဲ '

ဤသရဲက အဘယ်ကြောင့် ကြောက်နေရသလဲ ဆိုသည်ထက် တောင်ဘက် ခန်းမဆောင်က မည်သည့် နည်းလမ်းများ အသုံးပြုခဲ့သည် ဆိုသည်ကို သူတို့ ပိုသိချင်နေကြပေသည်။

၎င်းတို့ကို သင်ယူပြီး အရှေ့ဘက်ခန်းမဆောင်ရဲ့ မြေအောက် ကမ္ဘာမှာ ပြန်သုံးလို့ရနိုင်မယ် ဆိုလျှင်။

-----

[စီနီယာကြီး အစွမ်းထက်လိုက်တာ ဒီကိစ္စက ငါတို့ကို စာဖတ်တာက အချည်းနှီး မဟုတ်ဘူး ဆိုတာကို သက်သေပြနေတာပဲ]

[သရဲလေး : ငါ့အတောင်ပံတွေကော ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ]

၎င်းမှာ နတ်သမီး မဟုတ်ကြောင်း သိလိုက်ရသောအခါ ပရိသတ်များသည် သက်ပြင်းချသင့် မချသင့် ဆိုသည်ကို တစ်ခဏမျှ မသိတော့ချေ။

'ဘာပဲဖြစ်ဖြစ် အတောင်ပံဆိုတာ ဘယ်သူက မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ'

'အဲဒါက အတောင်ပံလေ'

သို့သော် စီနီယာကြီး၏ ရှင်းပြချက်ကို ကြားလိုက်ရသော အခါ ပရိသတ်များသည် ထပ်မံ၍ စိတ်လှုပ်ရှားလာကြပြန်၏။

[ဒီတော့ Streamer ကြီးတို့ ဒီတစ်ခေါက် ခရီးထွက်တာက နည်းပညာတွေ သွားသင်မလို့ပဲ]

[ငါ ပြောမယ်၊ တကယ်လို့များ Streamer ကြီး သင်ယူတတ် မြောက်သွားရင် ငါတို့ကိုရော တစ်ကွက်လောက် သင်ပေးမလား]

[အပေါ်ကလူ မင်း အိပ်မက် မက်နေတာလား ဒါပေမယ့် ဒီအိပ်မက်က တော်တော်လေး မွှေးနေတာပဲ၊ ငါ့ကိုပါ တစ်ယောက်လောက် ခေါ်သွားပါဦး]

[ဒါနဲ့ တောင်ဘက် ခန်းမဆောင်က ဘာတွေ လုပ်ခဲ့တာလဲ ဆိုတာကို သိချင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား]

တောင်ဘက် ခန်းမဆောင်ဟူသော စကားလုံးကို ကြားပြီးနောက် အတောင်ပံသရဲ၏ တုံ့ပြန်မှုကို ကြည့်ရင်း ပရိသတ် အချို့၏ မျက်နှာပေါ်တွင် ပြုံးစိစိ အမူအရာများ ထွက်ပေါ်လာကြ၏။

သူတို့၏ ခေါင်းထဲတွင် ချက်ချင်းပင် ကြီးကျယ်ခမ်းနားသော ဇာတ်လမ်းကြီး တစ်ပုဒ်ကို ပုံဖော်ကြည့်လိုက်ကြတော့သည်။

[ငါ တစ်ယောက်တည်းပဲ ခွေးသွေး ဇာတ်လမ်း အနံ့ ရနေတာလား]

[သူ ထွက်ပြေးတယ်၊ သူမ လိုက်ဖမ်းတယ်၊ သူ့မှာ အတောင်ပံ ပါပေမယ့်လည်း ပြေးမလွတ်ဘူးလား]

[ငါကတော့ အဲဒီသင်္ဘောကြီး ပွတ်တိုက်နေတော့ မီးမလောင်ဘူးလား ဆိုတာကိုပဲ သိချင်နေတာ ]

[ အဲဒါ မာရ်နတ်ရဲ့ ခြေလှမ်းတွေပဲ ဟားဟားဟားဟား ]

အတောင်ပံသရဲ မည်သို့ပင် ရုန်းကန်နေစေကာမူ၊ မည်သို့ပင် တောင်းပန်နေစေကာမူ သင်္ဘောပေါ်တွင် မည်သူကမျှ ပြန်လည် မတုံ့ပြန်ကြချေ။

ဝိညာဉ်လက်နက် ဖန်တီးရေး အလုပ်ရုံမှ အဖွဲ့ဝင်ကသာ အတောင်ပံ ပျောက်ကွယ်သွားပြီးနောက် တစ်ကြိမ် မေးခဲ့ဖူး၏။

"ပြန်လုပ်လို့ ရသေးလား"

ထိုအခါ အတောင်ပံသရဲက မျက်နှာပျက်ကာ "အစအနတောင် မကျန်အောင် ကြေမွသွားတဲ့ အရာက ဘယ်လိုလုပ်ပြီး အဲဒီလောက် မြန်မြန် ပြန်ဖြစ်လာတော့မှာလဲ" ဟု ပြန်ဖြေလိုက်သည်။

ဝိညာဉ်လက်နက် ဖန်တီးရေးအလုပ်ရုံမှ အဖွဲ့ဝင် : "ဪ"

ထိုအချိန်မှစ၍ သင်္ဘောပေါ်တွင် မည်သည့် ဝိညာဉ်တမန်တော်ကမျှ အတောင်ပံသရဲကို ဂရုမစိုက်ကြတော့ချေ။

ဝိညာဉ်လက်နက် သင်္ဘောသည် တောင်ဘက် ခန်းမဆောင်သို့ အဆက်မပြတ် နီးကပ်လာနေသည်ကို ကြည့်ရင်း အတောင်ပံသရဲ၏မျက်နှာပေါ်ရှိ အမူအရာများသည်လည်း အကြိမ်ကြိမ် ပြောင်းလဲနေတော့၏။

အကြိမ်ပေါင်းများစွာ လစ်ထွက်ရန် အခွင့်အရေးရှာခဲ့သော် လည်း ချင်ကျိုးကျိုးက သင်္ဘောကြမ်းပြင်ပေါ်သို့ တစ်ချက် တည်းနှင့် နင်းချထားခြင်း ခံခဲ့ရပေသည်။

အတောင်ပံသရဲ : "...."

'သူ တကယ်ပဲ အဲဒီကို ပြန်မသွားချင်တော့ဘူးလေ'

တောင်ဘက် နယ်မြေသို့ ရောက်လုနီးပါး အချိန်တွင် ဝိညာဉ်လက်နက် သင်္ဘော၏အမြန်နှုန်းသည် တဖြည်းဖြည်းလျော့ ကျသွားခဲ့၏။

ရွှီယိုကျိသည် သင်္ဘောဦးသို့ လျှောက်သွားပြီး ဝိညာဉ်လက် နက်သင်္ဘောကို ထိန်းချုပ်ကာ တောင်ဘက် နယ်မြေ၏အစွန်း တွင် ရပ်တန့်လိုက်ပြီး ရှေ့သို့ ဆက်လက် မသွားတော့ချေ။

"ငါတို့ ဒီမှာ ခဏလောက် စောင့်ကြမယ်၊ တောင်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေ လာကြိုတာကို စောင့်မယ်"

ယွီပိုင်ရှင်းက အလျင်အမြန်ပင် "ဟုတ်ကဲ့ပါ စီနီယာကြီး၊ စီနီယာကြီး အရင်ဆုံးနားမလား" ဟု ပြန်ဖြေလိုက်၏။

ခဏအကြာတွင် ရွှီယိုကျိက ပြုံးလျက် ခေါင်းခါပြလိုက်ပြီး ဤလူငယ်များကို အကြည့်တစ်ချက်ဝေ့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းတို့လည်း အရမ်းကြီး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး၊ ဒါပေမယ့် တောင်ဘက် ခန်းမဆောင် ရောက်သွားရင် ဒီအခွင့်အရေးကို သေချာ အသုံးချပြီး ပြဿနာ သွားမရှာမိအောင်တော့ ဂရုစိုက်ကြ"

"တောင်ဘက် ခန်းမဆောင်ကို ရောက်ရင် ငါတို့က ဧည့်သည်တွေ ဖြစ်သွားပြီ၊ အရှေ့ဘက် ခန်းမဆောင်မှာတုန်းကလို လုပ်လို့ မရတော့ဘူး"

အသစ်တက်လာသော ဝိညာဉ်တမန်တော်များသည် ခေါင်း ညိတ်ကာ လေးနက်စွာ နားထောင်နေကြ၏။

"ဒါပေမယ့် နောက်ထပ် တစ်ချက်ကို ငါ မင်းတို့ကို မှတ်ထားစေချင်တယ်"

ရွှီယိုကျိသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး မျက်နှာ ထားမှာလည်း လေးနက်လာတော့သည်။

"တောင်ဘက် ခန်းမဆောင်မှာပဲ ဖြစ်ဖြစ်၊ တခြား ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မင်းတို့ ကိုယ်စားပြုနေတာက အရှေ့ဘက် ခန်းမဆောင်ရဲ့ မျက်နှာစာပဲ"

"နှိမ့်ချလို့ ရတယ်၊ သတိထားလို့ ရတယ်၊ ဂုဏ်ယူဝင့်ကြွားလို့ ရတယ် ဒါပေမယ့် အရှေ့ဘက် ခန်းမဆောင်ရဲ့နာမည်ကို ထိခိုက်စေမယ့် အလုပ်မျိုးကိုတော့ လုံးဝမလုပ်ရဘူး"

"ကျွန်တော်တို့ မှတ်ထားပါ့မယ် စီနီယာကြီး"

အသစ်တက်လာသော အဖွဲ့မှူးကြီးများ၏ မျက်နှာထားများ သည်လည်း လေးနက်လာကြပြီး ခါးများကို မသိမသာ မတ်မတ် ဆန့်ထားလိုက်ကြ၏။

စီနီယာကြီး ပြောသည်က မှန်ပေသည်။

သူတို့ ဤခရီးစဉ်က လေ့လာသင်ယူရန် ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် အရှေ့ဘက် ခန်းမဆောင်ကို ကိုယ်စားပြု၍ လာရောက်ခြင်းလည်းဖြစ်သည် မဟုတ်ပါလော။

'အရှေ့ဘက် ခန်းမဆောင်မှာ အရှက်ကွဲတာက ဘာမှ မဖြစ်ပေမယ့် တောင်ဘက် ခန်းမဆောင်မှာ အရှက်ကွဲရင်တော့ အဲဒါက ကိုယ့်မျက်နှာ တစ်ခုတည်း အရှက်ကွဲတာ မဟုတ်တော့ဘူး'

'အရှေ့ဘက် ခန်းမဆောင် တစ်ခုလုံးရဲ့ မျက်နှာပါ အရှက်ကွဲတာပဲ'

ဤအခိုက်အတန့်တွင် အသစ်တက်လာသော အဖွဲ့မှူးကြီးများ၏စိတ်နေသဘောထားများမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ယခင်က အလွန်ဂရုစိုက်ခဲ့သော နှစ်ပတ်လည်ပွဲတော်မှ ကိစ္စရပ်များသည်လည်း ယခုအချိန်တွင် ကြည့်လိုက်မည် ဆိုပါက ထိုမျှလောက် အရေးမကြီးတော့သကဲ့သို့ ဖြစ်သွားတော့ သည်။

All Chapters