← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

🫧 Chapter 229

အရှေ့ဘက် ခန်းမဆောင်မှ လာသော ဝိညာဉ်တမန်တော်များသည် နံပါတ် ၂ အဆောက်အအုံတွင် ယာယီ နေထိုင်လိုက်ကြ၏။

ည ၁၂ နာရီ ထိုးတော့မည် ဖြစ်သောကြောင့် မုန့်ရှန်း သည်လည်း အကြာကြီး ဆက်မနေတော့ဘဲ ကျန်းလင်တို့နှင့် မနက်ဖြန်အတွက် ခရီးစဉ်ကို တိုင်ပင်သဘောတူပြီးနောက် ထွက်ခွာသွားလေသည်။

ကျန်းလင်၏ အခန်းနံပါတ်မှာ ၂၂၀၃ ဖြစ်ပြီး ၂၂ ထပ်သို့ ဝင်ပြီးနောက် တတိယမြောက် အခန်း ဖြစ်ပေသည်။

သူသည် သော့ကို ကိုင်ကာ အခန်းတံခါးကို ဖွင့်လိုက်စဉ် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။

အရှေ့ဘက် ခန်းမဆောင်တွင်ဆိုလျှင် ဝိညာဉ်အငွေ့အသက်ကိုသာ သော့အဖြစ် အသုံးပြု၍ တံခါးဖွင့်ကြခြင်း ဖြစ်ပေသည်။

အခန်းထဲသို့ ဝင်ပြီးနောက် ကျန်းလင်သည် အခန်းတွင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

အခန်း တစ်ခန်းလုံးမှာ အဖြူရောင်ကို အဓိကထား ပြင်ဆင်ထားပြီး ပရိဘောဂများမှာလည်း အလွန် ရိုးရှင်းကာ ကုတင်တစ်လုံး၊ စာရေးစားပွဲ တစ်လုံးနှင့် ကုလားထိုင် တစ်လုံးသာ ရှိပေသည်။

မျက်နှာကြက်ပေါ်တွင်မူ ဖြူလွလွ ဝိညာဉ်မီးတောက် တစ်ခုက ပေါ့ပါးစွာ လွင့်မျော ချိတ်ဆွဲနေ၏။

ကြည့်ရသည်မှာ ထိုမျှလောက်သာ ဖြစ်ပေသည်။

သို့သော် ခေတ္တခဏ အနားယူရန် နေရာတစ်ခု အဖြစ် အသုံးပြုမည် ဆိုပါက အမှန်တကယ်ပင် လုံလောက်နေပြီ ဖြစ်၏။

၁၂ နာရီ ထိုးရန် ဆယ်မိနစ်ခန့် လိုတော့သည့် အချိန်တွင် ကျန်းလင်သည် အဝေးမှနေ၍ သာယာသော ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက် အပြင်ဘက်မှ အသံများစွာ ထွက်ပေါ်လာတော့၏။

"မြန်မြန် သွား၊ မြန်မြန် သွား၊ ၁၂ နာရီ ထိုးတော့မယ်"

"မတိုက်ကြနဲ့တော့၊ အခန်းထဲ ပြန်ရမယ့် အချိန် ရောက်ပြီ"

"လခွမ်း၊ မင်း ငါ့ကို နင်းမိသွားပြီ"

ကျန်းလင်သည် ပြတင်းပေါက် အနီးသို့ သွားရောက်ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ အရိပ်များစွာသည် နေရာအနှံ့မှနေ၍ ဤအဆောက်အအုံဆီသို့ လျင်မြန်စွာ ပြေးလာနေကြသည်ကို မြင်တွေ့လိုက်ရပေသည်။

ထိုအရိပ်များသည် အဓိက တံခါးမကြီးမှ မဝင်ကြဘဲ လေထဲသို့ တိုက်ရိုက် ပျံတက်သွားကြပြီး ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ကျော်ဝင်သွားကြလေ၏။

နံပါတ် ၂ အဆောက်အအုံ၏ အောက်ဘက်တွင်မူ ခန္ဓာကိုယ် ပြည့်ဖြိုးပြီး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သရဲမ တစ်ကောင် ထွက်ပေါ်လာခဲ့သည်။

"အကြိမ်ကြိမ် ပြောထားတယ်နော်၊ ပြတင်းပေါက်ကနေ မတက်ကြနဲ့၊ ပြတင်းပေါက်ကနေ မတက်ကြနဲ့လို့"

စကားပြောရင်း သူမသည် လက်တစ်ဖက်ကို ခါးထောက်ကာ အခြား လက်တစ်ဖက်ဖြင့် အပေါ်သို့ လက်ညှိုးထိုးလျက် "ခေါင်မိုးပေါ်ကနေ တွယ်တက်တာလည်း မရဘူး"ဟုပြောလိုက်သည်။

"ကောင်းကောင်းမွန်မွန် ဖွင့်ထားတဲ့ တံခါးမကြီးကနေ မဝင်ဘဲနဲ့ ကလေးတွေကို အကျင့်ဆိုးတွေ သွားသင်ပေးသလို ဖြစ်နေပြီ"

ထိုစဉ်ဒုတိယထပ်ရှိ ပြတင်းပေါက် တစ်ခုမှ အမြွှာ သရဲကလေး နှစ်ကောင်က ခေါင်းသေးသေးလေး နှစ်လုံး ပြူကာပြောလိုက်၏။

"အဆောင်မှူး အစ်မကြီး၊ မြန်မြန် အခန်းထဲ ဝင်ပါတော့၊ ၁၂ နာရီ ထိုးတော့မယ်"

ကျန်းလင် ကြည့်နေစဉ်မှာပင် သူ၏ မြင်ကွင်း ထောင့်စွန်းတွင် အမည်းရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့၏။

ထို့ကြောင့်သူ ခေါင်းလှည့်ကြည့်လိုက်ရာ အရပ် တစ်မီတာပင် မပြည့်သော သရဲကလေး တစ်ကောင်သည် သူ၏ ပြတင်းပေါက်တွင် တွယ်ကပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ပြောင်တင်းနေသော ခေါင်းကြီးနှင့် ကြီးမားလှသော မျက်လုံးများက သူ့ကို အပြစ်ကင်းစင်ပြီး ကြောင်တောင်တောင် မျက်နှာထားဖြင့် ကြည့်နေပေသည်။

'ရှောင်အာ' သည် ကျန်းလင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အခန်းတွင်းသို့ ထပ်မံ ကြည့်ရှုလိုက်ကာ ပြောင်တင်းနေသော ခေါင်းကို ကြောင်အမ်းအမ်းဖြင့် ကုတ်လိုက်၏။

ထိုအခါကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး ဘယ်ဘက်သို့ လက်ညှိုးထိုးပြကာ "မင်းရဲ့ သခင်မက ဘေးက အခန်းမှာ" ဟု ပြောလိုက်သည်။

ရှောင်အာ သည် ခေါင်းပြူထွက်လာပြီး ဘေးဘက်သို့ လှမ်းကြည့်လိုက်၏။

မတတ်နိုင်ပေ၊ ဤအဆောက်အအုံတွင် အခန်းများ အလွန် များပြားလွန်းပြီး ပြတင်းပေါက်တိုင်းမှာလည်း တစ်ပုံစံတည်း တူညီနေကြသည်မဟုတ်ပါလော။

"ကျေးဇူးတင်ပါတယ်"

ရှောင်အာ သည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး အားအင်ကုန်ခမ်းကာ အသက်ထွက်တော့မည့် အသံမျိုး ဖြင့်ကျေးဇူးတင်စကားဆိုလိုက်၏။

စကားပြောပြီးနောက် သူသည် ဘေးဘက်ရှိ ပြတင်းပေါက်ဆီသို့ လျင်မြန်စွာ တွယ်သွားလိုက်ပြီး ဤတစ်ကြိမ် မဝင်မီတွင်မူ တိတ်တဆိတ် အရင် ကြည့်ရှုလိုက်သေး၏။

သူသည် သူ၏သခင်မ အထဲတွင် ရှိနေကြောင်း အတည်ပြုပြီးနောက်မှ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

ခဏအကြာတွင် 'တာအိ' လည်း ထိုအခန်းထဲသို့ ပျံသန်း ဝင်ရောက်သွားသည်ကို ကျန်းလင် မြင်တွေ့လိုက်ရပြန်၏။

[ခုနက အကောင်လေးက ရှောင်အာ မဟုတ်လား၊ လမ်းပျောက်နေသလိုပဲ]

[ဒါဆို ၁၂ နာရီ နောက်ပိုင်း ဘာတွေများ ဖြစ်လာမှာမို့လို့လဲ၊ ဘာလို့ အားလုံးက ဒီလောက်တောင် အလောတကြီး ပြန်လာနေရတာလဲ]

[ဒီမြင်ကွင်းက တော်တော်လေး ရင်းနှီးနေတယ်၊ ကျောင်းသားဘဝကိုတောင် ပြန်သတိရလာပြီ]

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ၏ လမ်းပြမှု အောက်တွင် ပရိသတ်များသည်လည်း မိမိတို့၏ စောင်ပုံထဲတွင် မှီခိုနေရင်း ဤမြင်ကွင်းများကို မြင်နေကြရသည်။

ထိုအလောတကြီး ပြေးလွှားနေသော အရိပ်များကို ကြည့်ရင်း အလွန် ရင်းနှီးနေသကဲ့သို့ ခံစားနေကြရ၏။

[ငါ တက္ကသိုလ် တက်တုန်းကလည်း ညတိုင်း အချိန်ကိုက်ပြီး အဆောင်ကို ပြေးပြန်ရတာပဲ]

[ဟိုးအရင်တုန်းက ငါ ချိန်းတွေ့ဖို့ သွားတော့လည်း ဒီလိုပဲ ပြတင်းပေါက်ကနေ ခိုးဝင်ခဲ့ရတာ]

[မင်းတို့ကတော့လေ နေပါဦး၊ အပေါ်ကလူ မင်း ဟမ်]

[အရှေ့ကလူ ဘာ ချိန်းတွေ့တာလဲ မင်း သွားတာ ဘယ်သူ့အိမ်လဲ၊ နည်းနည်းလောက် အသေးစိတ် ပြောပြလို့ ရမလား]

အနောက်ဘက်သို့ ရောက်လာပြီး 'အဆောင်မှူး အစ်မကြီး' ထွက်ပေါ်လာသော အချိန်တွင်မူ မှတ်ချက်ကဏ္ဍတွင် စကားလုံးများ တန်းစီ လွင့်မျောလာတော့၏။

[ငါ့ဆီမှာ ရဲတင်းတဲ့ အတွေးတစ်ခု ရှိတယ်]

[မင်းတို့ စမ်းမကြည့်ချင်ကြဘူးလား]

[လခွမ်း မင်းတို့ ဘာတွေ ပြောနေကြတာလဲ]

[အိမ်ပိုင်ရှင်ကြီး လုပ်မှာလေ၊ အခန်းတွေ အများကြီးပဲ၊ အိမ်လခ ကောက်ရတဲ့ အချိန်ကျရင် တော်တော်လေး မိုက်မှာပဲ]

'အိမ်ပိုင်ရှင်ကြီး'

'အဆောက်အအုံ တစ်ခုလုံးရဲ့ အိမ်လခကို ကောက်မယ်'

ထိုအခါပရိသတ် အများအပြား၏ မျက်လုံးများ အရောင်လဲ့သွားကြတော့၏။

အသက်ရှင်နေစဉ်မှာ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး မရခဲ့ပေမယ့် သေသွားတဲ့အခါ အခွင့်အရေး ရနိုင်သေးတယ် မဟုတ်လော။

[ငါက အိမ်ပိုင်ရှင်ကြီး ဖြစ်လာမယ့် ယောက်ျား‌ ကောင်းတစ်ယောက်ပဲ]

[မြေအောက်ကမ္ဘာမှာ ဒီလောက် ကြီးမားတဲ့ အဆောက်အအုံကြီး တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ ဆိုတာ သိပ်တော့ မလွယ်လောက်ဘူးထင်တယ်]

[အစ်ကိုတို့ရေ အရမ်း စိတ်လှုပ်ရှားမနေကြနဲ့ဦး၊ တောင်ဘက် ခန်းမဆောင်ရဲ့ အိမ်ဖျက်စွမ်းရည်ကိုလည်း တွေးကြည့်ကြပါဦး]

[မရတော့ဘူး တွေးကြည့်လိုက်တာနဲ့တင် စိတ်လှုပ်ရှားလာပြီ]

ပရိသတ်များ၏ စိတ်လှုပ်ရှားမှုများ ကြားထဲတွင် ထိုည၌ပင် နောက်ထပ် ခေါင်းစဉ် တစ်ခုသည်လည်း ရေပန်းစားမှု စာရင်းသို့ ထပ်မံ တက်လှမ်းသွားခဲ့ပြန်၏။

[တောင်ဘက် နယ်မြေကို လာပြီး အိမ်ပိုင်ရှင် ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည် ဖော်ကြစို့]

လူ့လောကတွင်လည်း ယခုအချိန်၌ သန်းခေါင်ယံ အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

အင်တာနက်ဆိုင် အတွင်းတွင် ကွန်ပျူတာ အရှေ့၌ စိတ်အားထက်သန်စွာဖြင့် တစ်ညလုံး မအိပ်ဘဲ နေနေကြသော မိန်းကလေး ယောက်ျားလေး အများအပြား ရှိနေသေး၏။

ရုတ်တရက် နားကြပ် တပ်ထားပြီး အင်တာနက် သုံးနေသော လူငယ်တစ်ဦးသည် နေရာမှ ရုတ်ခနဲ ထရပ်လိုက်ရာ ဘေးနားရှိ သူငယ်ချင်းဖြစ်သူကို လန့်သွားစေတော့သည်။

"မင်း ဘာလုပ်တာလဲ" ဟု သူငယ်ချင်းက မေးလိုက်၏။

လူငယ်သည် နားကြပ်ကို ချွတ်လိုက်ပြီး ဒေါသတကြီးဖြင့် "ငါတို့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူးလို့ ငါ ထင်တယ်" ဟု ပြောလိုက်သည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ အကြည့်များစွာသည် ဤဘက်သို့ ရောက်ရှိလာကြတော့၏။

သူငယ်ချင်း ဖြစ်သူမှာလည်း ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည် : "...."

'ဘာ ဒီအတိုင်း ဆက်သွားလို့လဲ၊ ငါတို့ ဘာဖြစ်လို့လဲ၊ ဟေး ဟေး ငါတို့က အတူတူ အင်တာနက် လာသုံးရုံလေးပါကွာ'

"မင်း တကယ် ဘာဖြစ်နေတာလဲ" ဟု သူငယ်ချင်းက ပြောလိုက်၏။

လူငယ်သည် သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး "ငါ ဆုံးဖြတ်လိုက်ပြီ၊ ဒီနေ့က စပြီး ကြိုးကြိုးစားစား လုပ်တော့မယ်" ဟု ပြောလိုက်သည်။

သူငယ်ချင်း : "မင်း ဘာတွေ ရူးနေပြန်ပြီလဲ၊ ဒီဆုံးဖြတ်ချက်ကို မနေ့ကမှ မင်း ပြောခဲ့တာ မဟုတ်ဘူးလား"

ပျင်းရိသူ တစ်ယောက်အတွက် ကြိုးကြိုးစားစား လုပ်ပြီးနောက် နောက်တစ်နေ့တွင်လည်း ပျင်းရိသူသာ ဖြစ်နေဦးမည်သာ ဖြစ်ပေသည်။

လူငယ်သည် လေးနက်စွာ ခေါင်းခါလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် "မတူဘူး၊ ဒီတစ်ခါတော့ တကယ် ဆုံးဖြတ်လိုက်တာ" ဟု ပြောလိုက်၏။

"အဆောက်အအုံ တစ်ခုလုံးကို ပိုင်ဆိုင်နိုင်တဲ့ စွမ်းရည် ရဖို့အတွက် အခုကစပြီး ကြိုးစားမှ ရမယ်"

"ဟင်"

သူငယ်ချင်း ဖြစ်သူသည် 'မင်း ဘာ စိတ်ခွန်အားပေး စကားတွေ နားထောင်လာပြန်ပြီလဲ' ဟူသော မျက်နှာထားဖြင့် "ဒါဆို မင်း ပြောစမ်း၊ ဘယ်လို နည်းလမ်းနဲ့ ကြိုးစားမှာလဲ" ဟု ဆွံ့အစွာဖြင့် ပြောလိုက်၏။

လူငယ်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး "အရင်ဆုံး လေ့ကျင့်ခန်း လုပ်မလား" ဟု ပြန်ဖြေလိုက်သည်။

ဘေးနားရှိ လူတစ်စုမှာလည်း မနေနိုင်တော့ဘဲ သောက်လက်စ ရေများကို ပန်းထုတ်လိုက်မိကြတော့၏။

သို့သော်ထိုလူငယ်သည် မေးကို မော့လိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ လှည့်ကာ အင်တာနက်ဆိုင်ထဲမှ အထာကျကျ ထွက်ခွာသွားလေသည်။

'ဒီလူတွေက ဘယ်နားလည်ပါ့မလဲ ကောင်းမွန်တဲ့ ခန္ဓာကိုယ် မရှိဘဲနဲ့ တောင်ဘက် ခန်းမဆောင်က သရဲတစ္ဆေတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ ပျင်းရိတဲ့သူတွေမှာလည်း အိပ်မက် ဆိုတာ ရှိတယ်လေ အင်တာနက်ဆိုင်က ဒီလူတွေ၊ ခေါင်းထဲမှာ ပုံမှန်ဘက်ကို တွေးလို့ မရဘူးလား'

ငရဲပြည်တွင်မူ

'ဒေါင် ဒေါင် ဒေါင်'

နောက်ထပ် ခေါင်းလောင်းသံ သုံးချက် ထွက်ပေါ်လာခဲ့ပြီး ဆယ့်နှစ်နာရီ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

နောက်ဆုံး ခေါင်းလောင်းသံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ငရဲခွေး နှစ်ကောင်သည် ဘေးဘက် အခန်းထဲသို့ ပြေးဝင်သွားသည်ကို ကျန်းလင် မြင်တွေ့လိုက်ရ၏။

ကျန်းလင်က သတင်းအချက်အလက် အဖွဲ့မှ ဆိုသည့်အတိုင်း မြေအောက်ကမ္ဘာသို့ ဝင်ရောက်သည်နှင့် သတင်းအချက်အလက်များကို စတင် စုဆောင်းနေပြီလားဟု တွေးတောလိုက်သည်။

ဤအချိန်တွင် ယမမင်းကြီးသည် ချင်ကျိုးကျိုး ကို သတင်းအချက်အလက် စုဆောင်းရန် သီးသန့် စေလွှတ်လိုက်ခြင်းများလား ဟုပင် သူ တွေးမိသွားတော့၏။

အဘယ်ကြောင့်ဆိုသော် မထွက်ခွာမီက ယမမင်းကြီးသည် အရှေ့ဘက် ခန်းမဆောင်သို့ ပြန်ရောက်သောအခါ အစီရင်ခံစာ တင်ပြရန် လိုအပ်ကြောင်း ပြောခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။

ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး လှည့်ကာ စာရေးစားပွဲ အရှေ့သို့ သွားထိုင်လိုက်ပြီး စက္ကူနှင့် ဘောပင်ကို ထုတ်ယူလိုက်သည်။

ယမမင်းကြီး အနေဖြင့် မည်သည့် သတင်းအချက်အလက်များကို လိုအပ်သနည်း ဆိုသည်ကို သူ သေချာ မသိသော်လည်း မိမိ မှတ်တမ်းတင်နိုင်သည်ဟု ထင်မြင်သော အချက်များကိုသာ ရေးချလိုက်၏။

ဥပမာအားဖြင့် ယနေ့ မြင်တွေ့ခဲ့ရသော တောင်ဘက် ခန်းမဆောင်၏ ထူးခြားချက်များ၊ အရှေ့ဘက် ခန်းမဆောင်နှင့် မတူညီသော ထိုကျင့်စဉ် နည်းလမ်းများနှင့် မြေအောက်ကမ္ဘာ တာဝန်ဌာန၏ ပြိုင်ပွဲ ပုံစံ စသည်တို့ကို ဖြစ်ပေသည်။

ကျန်းလင် စာရေးနေချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာသည် ပြတင်းပေါက်တွင်သာ ရပ်တန့်နေပြီး သူ ရေးသားနေသော အကြောင်းအရာများဆီသို့ ချိန်ရွယ်ထားခြင်း မရှိချေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ကျန်းလင်သည် ဘောပင်ကို ပြန်သိမ်းလိုက်ပြီး စက္ကူများကိုလည်း ဖိုင်အိတ် တစ်ခုထဲသို့ ထည့်သိမ်းလိုက်၏။

ည ၁၂ နာရီမှ မနက် ၄ နာရီအထိ လေးနာရီ အချိန်ရပေသည်။

သာမန်အားဖြင့် ဤကဲ့သို့ အလုပ်မရှိဘဲ အပြင်သို့လည်း မထွက်ရသော အချိန်မျိုးတွင် ကျန်းလင်သည် ကျင့်ကြံရန်သာ အသုံးပြုလေ့ရှိ၏။

'ဒီအခန်းက ကြည့်ရတာ နန်းဆောင်၁၈ လောက် မခိုင်ခံ့ပေမယ့် အဆင်ပြေလောက်မှာပါနော်'

ကျန်းလင်သည် ဂရုတစိုက်ဖြင့် စမ်းသပ် ကျင့်ကြံရန် ပြင်ဆင်နေစဉ်မှာပင် အပေါ်ဘက်ရှိ ဖြူလွလွ ဝိညာဉ်မီးတောက်သည် ရုတ်တရက် တဖျတ်ဖျတ် လင်းလက်သွားပြီး ပါးစပ် ဟလာတော့၏။

ပြီးလျှင်၎င်းက စက္ကူတစ်ရွက်ကို ထွေးထုတ်လိုက်၏။

ထို့နောက်ထိုစက္ကူရွက်သည် လွင့်မျောကာ ကျဆင်းလာပြီး ကျန်းလင်၏ အရှေ့သို့ ကွက်တိ ကျရောက်လာတော့သည်။

🫧 Chapter 230

ထို့နောက်စက္ကူတစ်ရွက်သည် ပေါ့ပါးစွာ လွင့်မျောလာပြီး ကျန်းလင်၏ အရှေ့သို့ ကျရောက်လာ၏။

"ဂေ့ အေ့"

ဝိညာဉ်မီးတောက်သည် စက္ကူကို ထွေးထုတ်ပြီးနောက် လေချဉ် တစ်ချက်တက်ကာ ပါးစပ်ကို ဖွတ်ဖတ်မြည်အောင် သပ်လိုက်သည်။

ကျန်းလင်၏ အထင်ကြောင့်ပဲလားတော့ မသိ၊ ဤဝိညာဉ်မီးတောက်ထံမှ သက်သောင့်သက်သာ ဖြစ်သွားသည့် ခံစားချက်မျိုးကိုပင် သူ ရရှိလိုက်သေး၏။

ကျန်းလင်သည် ထိုစက္ကူကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။

"နေထိုင်မှု စည်းမျဉ်း (၁) အိမ်ကို မဖြိုဖျက်ရ။

နေထိုင်မှု စည်းမျဉ်း (၂) အခန်းများမှာ အလွန်ခိုင်ခံ့မှု မရှိသောကြောင့် အိမ်ကို ဖြိုဖျက်ရာရောက်မည့် မည်သည့် လုပ်ရပ်မျိုးကိုမျှ မလုပ်ရ၊ ဥပမာ ကျင့်ကြံခြင်း။

နေထိုင်မှု စည်းမျဉ်း (၃) - အခန်းကို အကောင်းအတိုင်း ဆက်လက် ထိန်းသိမ်းထားပါ။

နေထိုင်မှု စည်းမျဉ်း (၄) - အထက်ပါ စည်းမျဉ်း သုံးခုကို လိုက်နာပါ၊ သို့မဟုတ်ပါက ဤနေရာတွင် အိမ်ကို ဖြိုဖျက်ပါက တစ်တိုက်လုံးရှိ သရဲများ၏ဝိုင်းဝန်း ထိုးကြိတ်ခြင်းကို ခံရမည့်အပြင် များပြားလှသော အကြွေးများတင်ကာ ထောင်ကျမည် ဖြစ်သည်။

သတိပေးချက် အိမ်ငှားရာတွင် သတိထားပါ။ တစ်သက်လုံး မှားယွင်းမသွားစေနှင့်"

ကျန်းလင် : "...."

ကြည့်ရသည်မှာ တာဝန်ကအတော်လေး ကြီးလေးမည့် ပုံပေါ်နေ၏။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

'ဒီအိမ်က တကယ်ပဲ အဲဒီလောက်တောင် မခိုင်ခံ့တာလား'

ယခု သေချာစွာ နားထောင်ကြည့်သောအခါ အပေါ်ထပ်မှ အချို့သော အသံများကိုပင် သူ ကြားနိုင်နေသကဲ့သို့ ရှိပေသည်။

သူ၏သရဲဘုရင် အလယ်အလတ်အဆင့် အကြောင်းကို တွေးမိသွားသောအခါ ကျန်းလင်သည် နောက်ဆုံးတွင် ကျင့်ကြံမည့် အတွေးကို လက်လွှတ်လိုက်တော့၏။

'ဝိုင်းထိုးခံရတာက အဓိက မဟုတ်ဘူး၊ အဓိကက အကြွေး အများကြီး တင်သွားမှာကိုပဲ'

ဤသို့ဆိုလျှင် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ အချိန်များတွင် အလုပ်သွားလုပ်ခြင်း သို့မဟုတ် ကျင့်ကြံရန် အခန်း တစ်ခန်းသွားရှာခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် သူ့ လက်ထဲတွင် အရှေ့ဘက် ခန်းမဆောင်၏ ကျင့်ကြံခန်း ကတ်ပြားသာ ရှိသဖြင့် တောင်ဘက် ခန်းမဆောင်တွင် သုံး၍ ရ၊ မရ ဆိုသည်ကိုမူ သူ မသိချေ။

ဤအရာများ အားလုံးကို မနက်လေးနာရီ နောက်ပိုင်းမှသာ သွားရောက် ကြည့်ရှုရတော့မည်။

ရုတ်တရက်ကျန်းလင်၏ အကြည့်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍ အပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများ အရောင်လဲ့သွားတော့၏။

'ငါ အပြင်ထွက်လို့ မရပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ထွက်လို့ ရတယ်လေ'

'ဒီအခွင့်အရေးကိုယူပြီး တောင်ဘက် ခန်းမဆောင်ရဲ့ ဒီအချိန်မှာ ဘယ်လို ပုံစံမျိုး ရှိလဲ ဆိုတာကို သွားကြည့်ရမယ်'

----

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည်လည်း

"Streamer ကြီး ကြည့်နေပြီ၊ ကြည့်နေပြီ" ဟု ပြိုင်တူ အော်ဟစ်နေကြ၏။

[Streamer ကြီး ဘာပြောစရာ ရှိလို့လဲ]

နောက်တစ်စက္ကန့်တွင် ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာသည် အပိုင်း နှစ်ပိုင်းကွဲသွားကြောင်း တွေ့လိုက်ရတော့သည်။

အပိုင်း တစ်ခုက အခန်းတွင်းရှိ မြင်ကွင်းကို ဆက်လက် ထုတ်လွှင့်နေပြီး အခြား အပိုင်းတစ်ခုကမူ ပြတင်းပေါက်မှ အပြင်သို့ ပျံသန်း ထွက်ခွာသွားလေပြီ။

[လခွမ်း ငါ ဘယ်လိုလုပ်ပြီး ဒါကို မတွေးမိခဲ့တာလဲ]

[ဟုတ်သားပဲ၊ Streamer ကြီး အပြင်ထွက်စရာ မလိုဘူး၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ဆက်ပြီး လျှောက်သွားလို့ ရတယ်လေ]

[Streamer ကြီး အစွမ်းထက်လိုက်တာ]

[နောက်ဆုံးတော့ ၁၂ နာရီကနေ ၄ နာရီအတွင်း တောင်ဘက် ခန်းမဆောင်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို သိရတော့မယ်]

တစ်ခါတစ်ရံတွင် လူဆိုသည်မှာ ထိုသို့ပင် ဖြစ်သည်။

ပိုအပြင်မထွက်ရလေ ပိုသိချင်စိတ် ပြင်းပြလေ ဖြစ်ပေသည်။

မုန့်ရှန်းက ဤအချိန်တွင် အပြင်ထွက်ခွင့် မရှိကြောင်းပြောလိုက်ကတည်းက ပရိသတ်များသည် သိချင်စိတ် စတင်ဖြစ်ပေါ်နေခဲ့ကြခြင်းဖြစ်၏။

ယခုတော့ နောက်ဆုံးတွင် လေ့လာစူးစမ်းခွင့် ရသွားခဲ့ပြီဖြစ်ပေသည်။

[စွန့်စားရတဲ့ ခံစားချက်မျိုး ရလာပြီ]

[ရှူး တိတ်တိတ်နေ၊ စွန့်စားရတဲ့လေထုကို အရင်ဖန်တီးရအောင်]

[တောင်ဘက် ခန်းမဆောင် မြေအောက်ကမ္ဘာ စူးစမ်းလေ့လာရေး ခရီးစဉ်၊ တရားဝင် စတင်ပါပြီ]

-----

တိုက်ရိုက်ထုတ်လွှင့်ရေး ကိရိယာ၏အလုံးလေးသည် ၂၂၀၃ ပြတင်းပေါက်မှ ပျံသန်း ထွက်ခွာသွား၏။

အရင်ဆုံး နံပါတ် ၂ အဆောက်အအုံ ပတ်ပတ်လည်တွင် တစ်ပတ် လှည့်ပတ် ပျံသန်းလိုက်သည်။

နံပါတ် ၂ အဆောက်အအုံ ပတ်ပတ်လည်တွင် မည်သည့် သရဲတစ္ဆေ၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ဘဲ အဆောက်အအုံ အတွင်းမှ ထွန်းလင်းနေသော ဝိညာဉ်မီးတောက်များ၏ အလင်းရောင်များကိုသာ မြင်တွေ့နေရပေသည်။

ထိုအခါမှသာအလုံးလေးသည် အပြင်ဘက်သို့ ဆက်လက် ပျံသန်းသွားပြီး ကျန်းလင်တို့ နံပါတ် ၂ အဆောက်အအုံသို့ လာစဉ်က ဖြတ်သန်းခဲ့သော လမ်းတစ်လျှောက်၊ မြေအောက်ကမ္ဘာ တာဝန်ဌာန အရှေ့သို့ဖြတ်သန်းသွား၏။

ယခုအချိန်တွင် တာဝန်ဌာန အပေါက်ဝရှိ စက်ဝိုင်းပုံစင်မြင့်ပေါ်၌ ပြိုင်ပွဲဝင်နေသော ဝိညာဉ်တမန်တော်များ မရှိတော့သကဲ့သို့ ပတ်ဝန်းကျင်တွင်လည်း ဝိုင်းကြည့်နေသော လူအုပ်ကြီး မရှိတော့ချေ။

ထပ်မံ၍အရှေ့သို့ ဆက်သွားရာ မုန့်ရှန်း တစ်ဝက်တစ်ပျက် မိတ်ဆက်ပြီး အပျက်အစီးများဖြစ်သွားသော ထိုအိမ်များထံသို့ ရောက်ရှိသွားသည်။

အလုံးလေး အပြင်ထွက်လာကတည်းက မည်သည့် အရိပ်အ ယောင်ကိုမျှ တစ်ခါမှ မတွေ့ခဲ့ရပေ။

ကောင်းကင်ယံတွင်လည်း လွတ်လပ်စွာ ပျံသန်းနေသော အတောင်ပံများ မရှိတော့ချေ။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် တစ်ခဏအတွင်း မည်သည့် အသံကိုမျှ မကြားရတော့ပေ။

လူ့လောက၏သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေတော့၏။

ပရိသတ်များသည် စောင်ပုံထဲတွင် လှဲလျောင်းနေရင်း မိမိတို့၏အသက်ရှူသံများကိုသာ တိတ်ဆိတ်စွာ နားထောင်နေကြရသည်။

ဤအခိုက်အတန့်တွင် သူတို့သည် အခြား ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

ထိုကမ္ဘာတွင် သူတို့ကိုယ်တိုင်သာ ကျန်ရှိနေတော့သည်ဟုပင်ခံစားနေကြရ၏။

ထို့ကြောင့်မှတ်ချက်များကလည်း တဖြည်းဖြည်း လွင့်မျောလာသည်။

[လူ ရှိသေးလား]

အောက်ဘက်တွင် ပရိသတ် တစ်ဦးက ဝင်ထောက်လိုက်၏

[သရဲကော ရှိသေးလား]

[ရှူး သရဲရှိတယ်]

------

ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း၏ ထောင့်တစ်နေရာတွင် အမည်းရောင် အရိပ်တစ်ခုက အပျက်အစီးများ ဘေးမှ ဖြည်းညင်းစွာ လှုပ်ရှား သွားလာနေသည်ကို တွေ့လိုက်ရ၏။

ထိုအမည်းရောင် အရိပ်သည် အလွန်သတိထားနေပြီး နှစ်လှမ်းခန့် လျှောက်ပြီးတိုင်း ပတ်ဝန်းကျင်ကို ဂရုတစိုက် လှမ်းကြည့်နေပေသည်။

ဖန်သားပြင် အရှေ့မှ ပရိသတ်များသည် စိတ်ဝင်တစား ကြည့်ရှုနေကြရာမှ ကြည့်ရင်း ကြည့်ရင်းသူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး မသိစိတ်ကပင် အသက်ရှူ ရပ်သွားကြတော့သည်။

ထိုအမည်းရောင် အရိပ်၏အနောက်ဘက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိသော အခြား အရိပ်တစ်ခုက တိတ်ဆိတ်စွာ နောက်ယောင်ခံ လိုက်နေသည်ကို တွေ့လိုက်ရသည်လေ။

ပထမဆုံး ထွက်ပေါ်လာသော အမည်းရောင် အရိပ်သည် မည်သည်ကိုမျှသတိမထားမိဘဲ နှစ်လှမ်းလျှောက်လိုက်၊ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက် လုပ်နေဆဲပင် ဖြစ်၏။

ထို့နောက်အပျက်အစီးများ၏ အစွန်းမှနေ၍ သတိထားကာ အခြား အဆောက်အအုံ တစ်ခု၏အနောက်ဘက်သို့ လျှောက်သွားလိုက်သည်။

'ကလောက်'

ထိုအမည်းရောင် အရိပ်၏အောက်ဘက်မှ တိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး အမည်းရောင် အရိပ်သည် ချက်ချင်းပင် လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။

သူသည် ခန္ဓာကိုယ်ကို ကိုင်းထားကာ လျှောက်နေသည့် ကိုယ်နေဟန်ထားကို ထိန်းထားရင်း မျက်လုံးများက တင်းမာစွာဖြင့် ဘယ်ညာ ကြည့်ရှုနေတော့သည်။

မည်သည့်အရာမျှ ထွက်ပေါ်လာခြင်း မရှိသည်ကို တွေ့ရမှသာ အမည်းရောင် အရိပ်သည် တဖြည်းဖြည်း သက်ပြင်းချလိုက်၏။

သို့သော် ဤနေရာသည် လုံခြုံမှု မရှိတော့ကြောင်း သူ သတိ ပြုမိသွားပုံ ရပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်ပေသည်။

ပရိသတ်များသည် မသိစိတ်ကပင် လိုက်လံ စိတ်လှုပ်ရှားနေကြပြီး အာရုံစိုက်ကာ ကြည့်ရှုနေကြတော့၏။

'ကလောက်'

ထိုစဉ် နောက်ထပ် တိုးညင်းသော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

၎င်းမှာ ထိုအမည်းရောင် အရိပ်၏အောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုအခါ အမည်းရောင် အရိပ်သည် ချက်ချင်း သတိဝင်သွားပြီး ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ နှိမ့်ချကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။

သူ၏ စိတ်ထဲတွင် အနည်းငယ် သံသယ ဝင်လာပြီး 'ဒီည ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ' ဟု တွေးလိုက်မိ၏။

သူသည် ခြေအောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ခြေအောက်တွင် မည်သည့်အရာမျှ မရှိကြောင်း ရုတ်တရက် တွေ့ရှိသွားတော့သည်။

'နေပါဦး'

'ဒါဆို ခုနက အသံက ဘယ်ကနေ လာတာလဲ'

အမည်းရောင် အရိပ်သည် အသက်ရှူ ရပ်ထားလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်ကာ အနောက်ဘက်သို့ ကြည့်လိုက်၏။

ထိုအခါသူ၏ အနောက်ဘက်တွင် အရိပ်တစ်ခုက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး "ညချမ်းပါ" ဟု နှုတ်ဆက်လိုက်သည်။

အမည်းရောင် အရိပ် : "အား အား အား အား"

ဤအခိုက်အတန့်တွင် အမည်းရောင် အရိပ်သည် ကြောက် လန့်လွန်းသဖြင့် မျက်နှာများပင် တွန့်လိမ် ရှုံ့မဲ့သွားတော့၏။

အသက်ရှင်သန်လိုစိတ်သည်လည်း ဤအချိန်တွင် ပေါက်ကွဲထွက်လာပြီး အခြား တစ်ဖက်သို့ အမြောက်ဆန် တစ်လုံးကဲ့သို့ ရုတ်တရက် ခုန်ထွက်သွားတော့သည်။

"ခေါ်သွား"

အမည်းရောင်အရိပ်၏ အနောက်ဘက်တွင် အမြဲတမ်း လိုက်ပါလာသော ထိုအရိပ်က အေးဆေးစွာအမိန့်ပေးလိုက် ၏။

သူသည် လှည့်ထွက်သွားပြီး သူ့ မျက်နှာသည် ကင်မရာ အရှေ့တွင် တစ်ဖျတ်မျှ ထွက်ပေါ်သွားပေသည်။

ထိုမျက်နှာတွင် မေးရိုးများ သေချာ ပေါ်လွင်နေပြီး နားထင်စွန်းတွင် ဆံပင်အရှည် နှစ်ချောင်းကို ချထားကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွန် ယဉ်ကျေးသိမ်မွေ့မည့်ပုံ ပေါက်နေလေ၏။

ထိုစဉ်သူ ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် မှောင်မိုက်သော နေရာမှ အမည်းရောင် အရိပ်များစွာ ရုတ်တရက် ထွက်ပေါ်လာပြီး စောစောက ပျံသန်းသွားသော အမည်းရောင် အရိပ်ကို ဖမ်းဆီးကာ အခြား တစ်ဖက်သို့ ခေါ်ဆောင်သွားကြတော့သည်။

တိတ်ဆိတ်နေသော ညဉ့်ယံတွင် အမည်းရောင် အရိပ်၏ နောက်ဆုံး ရုန်းကန်သံများ ထွက်ပေါ်လာ၏။

"မလုပ်ပါနဲ့ဗျာ"

"ကျွန်တော် အိပ်ရာထ နောက်ကျသွားလို့ပါဗျာ၊ မလုပ်ပါနဲ့"

ထိုသို့ အော်ဟစ်နေသော်လည်း အမိန့်ပေးခဲ့သော ထိုအရိပ်သည် အေးဆေးစွာပင် ပြောလိုက်၏။

"သွားကြစို့၊ ကျုံးခွေ ဆီမှာ သွားဆုံကြမယ်"

"ဟုတ်ကဲ့"

ထိုအခါမှောင်မိုက်သော နေရာမှ လိုက်ပါလာသည့် အရိပ်များက ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

-----

ထိုသနားစရာ ကောင်းသော အော်ဟစ်သံသည် အဝေးကြီးအထိ ပျံ့လွင့်သွားခဲ့၏။

အဆောက်အအုံ တစ်လုံးပြီး တစ်လုံးမှ ပြတင်းပေါက် များစွာတွင် သရဲခေါင်းများ တစ်လုံးပြီး တစ်လုံးထွက်ပေါ်လာကြသည်။

သူတို့သည် အသံလာရာဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် လည်ပင်းကိုပြန်သွင်းသွားကြတော့၏။

အဝေးကြီး မဟုတ်သော နံပါတ် ၂ အဆောက်အအုံ အတွင်းရှိ ကျန်းလင်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာမှတစ်ဆင့် မဟုတ်ဘဲ ထိုသနားစရာ ကောင်းသော အော်ဟစ်သံကို ကြားလိုက်ရပေသည်။

"ကြည့်ရတာ ဒီအချိန်မှာ အပြင်ဘက်က တော်တော်လေး တင်းကျပ်တာပဲ" ဟု ကျန်းလင် တွေးလိုက်၏။

အဘယ်အကြောင်းကြောင့်မှန်းတော့ သူ မသိပေ။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင်လည်း ပရိသတ်များသည် ကြောက်စိတ် မပြေသေးချေ။

[ငါ့ဆီမှာ ရဲတင်းတဲ့ ခန့်မှန်းချက် တစ်ခု ရှိတယ်၊ တောင်ဘက် ခန်းမဆောင် မြေအောက်ကမ္ဘာရဲ့ ညဘက်မှာ ကြောက်စရာ ကောင်းတဲ့ အရာတွေ ထွက်လာတတ်တယ် မဟုတ်လား]

[သရဲထက် ပိုကြောက်စရာကောင်းတဲ့ အရာက ဘာရှိဦးမှာလဲ]

[ဒီလိုမျိုး ဖြစ်နိုင်ခြေ ရှိမလား၊ တောင်ဘက် ခန်းမဆောင် ကိုယ်တိုင်က သတ္တဝါကြီး တစ်ကောင်ဖြစ်နေပြီး ဒီအချိန် ရောက်တိုင်း နိုးထလာတာမျိုး]

All Chapters