အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
🫧 Chapter 231
[ဒီလိုမျိုး ဖြစ်နိုင်ခြေ ရှိမလား၊ တောင်ဘက် ခန်းမဆောင် ကိုယ်တိုင်က သတ္တဝါကြီး တစ်ကောင် ဖြစ်နေပြီး ဒီအချိန် ရောက်တိုင်း နိုးထလာတာမျိုး]
[မင်းတို့ တွေးတာ အရမ်း ရှုပ်ထွေးလွန်းနေပြီ၊ တောင်ဘက် ခန်းမဆောင်က ညတိုင်း အချိန်မှန်အိပ်ရတဲ့စည်းမျည်းထုတ်ထားတာလည်း ဖြစ်နိုင်တာပဲလေ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည်လည်း ရဲတင်းစွာ ခန့်မှန်းနေကြ၏။
ထိုပရိသတ်များထဲမှ အများအပြားသည် ငယ်စဉ်က လူကြီးများ၏ ပုံပြင်များဖြင့် ခြောက်လှန့်ခံခဲ့ရဖူးသူများ ဖြစ်ပေသည်။
ညဘက် မအိပ်လျှင် ဖမ်းခေါ်သွားခံရမည်၊ အိပ်နေစဉ် ခြေလက်များ အပြင်ထွက်နေလျှင် စားပစ်ခံရမည် စသည်ဖြင့် ဖြစ်၏။
ယခုပြန်တွေးကြည့်သောအခါ ထိုပုံပြင်များသည် အခြေအ မြစ်မရှိဘဲ ထွက်ပေါ်လာခြင်း မဟုတ်နိုင်ဘူးလောဟု တွေးမိကြတော့သည်။
တစ်ခဏအတွင်းမှာပင် ပရိသတ်အများအပြားသည် မိမိတို့၏ ခြေလက်များကို စောင်ထဲသို့ ဆွဲသွင်းလိုက်ကြပြီး စောင်စွန်းများကိုပင် ဖိသိပ်လိုက်ကြပေသည်။
အထူးသဖြင့် တောင်ဘက်နယ်မြေမှ ပရိသတ်များသည် မသိစိတ်ကပင် အခန်းတွင်းသို့ မျက်လုံးဝေ့ကြည့်လိုက်မိကြ၏။
'အင်း ထူးထူးဆန်းဆန်း အရာတွေ ဘာမှ မရှိပါဘူး'
'လုံခြုံတယ်'
၂၂၀၃ အခန်းတွင်
ကျန်းလင်၏ အင်္ကျီလက်စွန်းသည် လှုပ်ရှားသွားပြီး ထိုအခါမှသာ သက်တံရောင်ဥလေးသည် အထဲတွင် နေနေသည်မှာ တစ်ရက်နီးပါး ရှိနေပြီဖြစ်ကြောင်း သူ သတိရသွားတော့၏။
မထွက်ခွာမီက ကျန်းလင်သည် ၎င်းကို အဝေးသို့ အလုပ်ကိစ္စဖြင့် သွားရမည် ဖြစ်သဖြင့် အပြင်ထွက်၍ လျှောက်မပြေးရန် ပြောထားခဲ့ဖူးပေသည်။
သို့သော် ဤခရီးစဉ် တစ်လျှောက်လုံးတွင် ဤဥလေးသည် လုံးဝ မလှုပ်ရှားခဲ့သဖြင့် သူပင် မေ့နေခဲ့မိကြောင်း မထင်မှတ်ထားခဲ့ချေ။
ထို့နောက်ကျန်းလင်သည် သက်တံရောင်ဥလေးကို ထုတ်ယူလိုက်ပြီး ရှင်းပြလိုက်သည်။
"ငါတို့ အခု တောင်ဘက် ငရဲပြည်ကို ရောက်နေတာ၊ ဒီအခန်းက ငါ ခဏ နေတဲ့ နေရာပဲ၊ မင်း သဘောနဲ့ မင်း အပြင်ကို ထွက်မပြေးနဲ့နော်"
သက်တံရောင်ဥလေးသည် အထက်အောက် တစ်ချက် လှုပ်ယမ်းသွားပြီး မိမိ သိရှိကြောင်း အချက်ပြလိုက်၏။
တကယ်တမ်းတွင် ဤခရီးစဉ်တစ်လျှောက်လုံး ၎င်းသည် သခင်ဖြစ်သူတို့၏ စကားပြောဆိုမှုများကို နားထောင်နေခဲ့ခြင်း ဖြစ်ပေသည်။
နေရာသစ်က မည်သို့ ပုံစံမျိုး ရှိမည်ကို အလွန်သိချင်နေသော် လည်း ၎င်းသည် သည်းခံထားခဲ့၏။
ယခု မနည်း အပြင်ထွက်ကာ လေကောင်းလေသန့် ရှူခွင့်ရသောအခါ ၎င်းသည် အရင်ဆုံး ကျန်းလင်၏ပတ်ပတ်လည်တွင် တစ်ပတ် ပျံသန်းလိုက်ပြီးနောက် အခန်းတွင်း၌ ဟိုဒီ လျှောက်သွားကာ ပတ်ဝန်းကျင်သစ်နှင့် ရင်းနှီးအောင် လုပ်နေတော့သည်။
မျက်နှာကြက်ပေါ်သို့ လွင့်မျောသွားချိန်တွင် ထိုဝိညာဉ်မီးတောက်သည် ကွက်တိပင် သမ်းဝေလိုက်ရာ သက်တံရောင်ဥလေးသည် တစ်ဖက်လူ ဟထားသော ပါးစပ်ကြီးထဲသို့ တိုက်ရိုက် ပျံဝင်သွားမတတ် ဖြစ်သွားခဲ့၏။
ထို့ကြောင့် ၎င်းမှာ လန့်ဖျပ်သွားတော့သည်။
သက်တံရောင်ဥလေး : "...."
ထို့နောက် သက်တံရောင်ဥလေးသည် မျက်နှာကြက်နှင့် ဝေးရာသို့ သွားလိုက်ပြီး ပြတင်းပေါက် အနီးသို့ ပြေးကာ ခဏမျှ ကြည့်ရှုနေသော်လည်း အပြင်သို့ လျှောက်မပြေးဘဲ အလွန် လိမ္မာစွာ နေထိုင်နေပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကလည်း တန်းစီကာ ပြောဆိုနေကြ၏။
[ဒီကလေးက ဥဘဝမှာတင် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ရဲ့ သိတတ်မှုမျိုး ရှိနေပြီပဲ]
[မင်းတို့က သူက အိမ်မွေးတိရစ္ဆာန် ဖြစ်ပြီး စားစရာ မဟုတ်ဘူး ဆိုတာကို ဘယ်လိုများ သေချာနေကြတာလဲ]
[ဟင် ဥ တစ်လုံးရဲ့ ချက်ပြုတ်နည်း အမျိုးတစ်ရာ အကြောင်းလား]
[တကယ်တော့ ငါ အမြဲတမ်း သိချင်နေတာ၊ Streamer ကြီးက ဒီဥလေးကို ဘယ်ကနေ ရလာတာလဲ၊ ပျံလည်း ပျံနိုင်တယ်၊ သရဲစကားကိုလည်း နားလည်တယ်၊ ပြီးတော့ အရောင်လည်း ပြောင်းနိုင်သေးတယ်]
ရင့်ကျက်သော ဥတစ်လုံး အနေဖြင့် သက်တံရောင်ဥလေးသည် ခဏမျှ ကစားပြီးနောက် ၎င်း၏ နေ့စဉ် လေ့ကျင့်မှုများကို စတင်တော့၏။
၎င်းမှာသိုင်းကျင့်ခြင်းပင် ဖြစ်ပေသည်။
၎င်းသည် သခင်ဖြစ်သူ၏ မျှော်လင့်ချက်များကို လျစ်လျူရှုမည် မဟုတ်ပေ။
မကြာမီမှာပင် ထိုဥလေးသည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ရပ်တန့်နေသည်ကို ပရိသတ်များ မြင်တွေ့လိုက်ကြရသည်။
ကြည့်ရသည်မှာ ဥအတုတစ်လုံးကဲ့သို့ပင်ဖြစ်နေ၏။
[အိပ်သွားပြီလား]
[ဟုတ်လောက်ပါတယ်နော်]
[ဒါဆို ငါလည်း အရင် အိပ်တော့မယ်၊ ညဉ့်နက်တာက ကျောက်ကပ်ကို ထိခိုက်စေတယ်]
[ကျောက်ကပ် အားဖြည့်ဆေးလေး ဘာလေး လိုမလား ]
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ ပရိသတ်များသည်လည်း အိပ်စက်ခြင်း တပ်မတော်ကြီးထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားကြတော့သည်။
နောက်ပိုင်းတွင် အချို့သော ပရိသတ်များက ဆက်လက် တောင့်ခံထားချင်သေး၏။
သို့သော် ကျန်းလင်သည် မှတ်ချက်ကဏ္ဍကို အချိန်ရခိုက် တစ်ချက် ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။
"စောစော အိပ်ကြပါတော့၊ မနက်ဖြန် မနက်မှ လာခဲ့ပါ"
သို့မဟုတ်ပါက နောက်နေ့တွင် မြင်တွေ့ရမည်မှာ သူ မဟုတ်တော့ဘဲ အခြား ဝိညာဉ်တမန်တော် တစ်ပါးဖြစ်သွားနိုင်ပေသည်။
ထိုစကားလည်း ထွက်ပေါ်လာရော ဝေခွဲမရ ဖြစ်နေသော ပရိသတ် အနည်းငယ်သည်လည်း ချက်ချင်းပင် ဖုန်းကို လိမ္မာစွာ ချထားလိုက်ကြတော့၏။
ထို့နောက်ခေါင်းချကာ အိပ်ပျော်သွားကြလေသည်။
အင်တာနက်ပေါ်တွင် ဤသို့သော အမေးအဖြေ တစ်ခု ရှိဖူးပေသည်။
'လူတစ်ယောက် ဘယ်နှစ်နာရီ အိပ်ရင် မသေနိုင်ဘူးလဲ'
'နိုးလာနိုင်သရွေ့ မသေနိုင်ပါဘူး'
ယခု ဝိညာဉ်တမန်တော်ကြီး ကိုယ်တိုင်က အိပ်ခိုင်းနေပြီ ဖြစ်ရာ မအိပ်ဘဲ နေမည်လော။
မအိပ်ဘဲနေကာ ယမမင်းကြီးနှင့် တွေ့ရန် စောင့်နေခြင်းလော။
ည ၁၂ နာရီမှ မနက် ၄ နာရီအထိ
တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးသည် တောင်ဘက် ခန်းမဆောင်တွင် အကြမ်းဖျင်း တစ်ပတ် လှည့်ပတ်သွားခဲ့ပြီး ကျန်းလင်သည် ကြည့်ရှုရင်း တစ်ဖက်မှလည်း တောင်ဘက် ခန်းမဆောင်၏ လမ်းကြောင်းများနှင့် အဆောက်အအုံ အမျိုးမျိုး၏ တည်နေရာများကို ရင်းနှီးအောင် လေ့လာနေခဲ့၏။
နေ့ခင်းဘက် အချိန်ရလျှင် သွားရောက် လေ့လာကြည့်ရန် သူ တွေးတောနေမိသည်။
လမ်းတစ်ဝက်တွင် တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ၏ ကင်းလှည့်အဖွဲ့နှင့် နှစ်ကြိမ်သုံးကြိမ်ခန့် ဆုံတွေ့ခဲ့ရသေး၏။
ဖမ်းဆီးခံလိုက်ရသော ထိုသရဲနှင့် ပတ်သက်၍မူ ကင်မရာ မြင်ကွင်းထဲတွင် ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
'ဒေါင် ဒေါင် ဒေါင်'
ဆက်တိုက် ခေါင်းလောင်းသံ သုံးချက်သည် အဝေးမှနေ၍ ထွက်ပေါ်လာခဲ့သည်။
ကျန်းလင် ခေါင်းမော့ကြည့်လိုက်ရာ မနက် ၄ နာရီပင် ထိုးနေပြီ ဖြစ်ပေသည်။
နောက်တစ်စက္ကန့်တွင် အဆောက်အအုံ တစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားတော့၏။
ကျန်းလင်သည်လည်း ကြမ်းပြင်များပင် တုန်ခါနေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခါဘေးဘက်တွင် သိုင်းကျင့်နေသော သက်တံရောင်ဥလေးသည် ရုတ်တရက် ဟန်ချက်မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ဖောက်ခနဲ လဲကျသွားတော့၏။
ကျန်းလင်သည် ၎င်းကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး "အိပ်ပျော်နေတာလား၊ ဒီနေ့ လေ့ကျင့်ခန်းကို နှစ်ဆ တိုးလုပ်ရမယ်၊ မပြီးမချင်း အပြင်မထွက်ရဘူး" ဟု ပြောလိုက်သည်။
သက်တံရောင်ဥလေး : "...."
'မလုပ်ပါနဲ့၊ သူက သခင်နဲ့အတူ အပြင်ထွက်ချင်တာကို'
'သူက နည်းနည်းလေးပဲ ခိုးပြီး ပျင်းလိုက်ရုံလေးပါ'
ထို့နောက် ကျန်းလင်သည် မတ်တတ်ရပ်ကာ ပြတင်းပေါက် အနီးသို့ လျှောက်သွားလိုက်သည်။
ဤအဆောက်အအုံမှာ အလွန်မြင့်မားစွာ တည်ဆောက်ထားသဖြင့် ဤနေရာမှ ကြည့်လိုက်လျှင် အဝေးမှ ရှုခင်းများကိုပင် မြင်တွေ့နိုင်ပေသည်။
"နောက်ဆုံးတော့ အချိန်စေ့ပြီပဲ၊ ငါ့ကို အသက်ရှူကျပ်သေတော့မလို့"
"ဝူးဟူး ခုလေးတင် ကျွမ်းကျင်မှုအသစ် တစ်ခုကို စဉ်းစားမိသွားတယ်၊ ဘယ်သူ ငါနဲ့ လာချချင်လဲ"
နံပါတ် ၂ အဆောက်အအုံ အတွင်းမှ မရေမတွက်နိုင်သော သရဲတစ္ဆေများသည် ပြတင်းပေါက်များမှတစ်ဆင့် ပျံသန်း ထွက်လာကြပြီး ပျော်ရွှင်စွာ အော်ဟစ် ရယ်မောနေကြ၏။
အချို့သည် ကျောဘက်ရှိ အတောင်ပံများကို ဖြန့်ကားလိုက်ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အဝေးသို့ ပျံသန်းသွားကြပေသည်။
အဝေးသို့ လှမ်းကြည့်လိုက်ရာ အမည်းရောင် အရိပ်တစ်စုသည် အိမ်အသီးသီးမှ ပျံသန်း ထွက်လာကြသည်ကို မြင်တွေ့ရ၏။
အချိန်ခဏအတွင်းမှာပင် ကောင်းကင်ယံ တစ်ခုလုံးသည် အရောင်အသွေး စုံလင်လှသော မြင်ကွင်းများဖြင့် ထပ်မံ ပြည့်နှက်သွားတော့သည်။
သရဲတစ္ဆေများသည် လေထဲတွင် လွတ်လပ်စွာ သွားလာ ပျံသန်းနေကြပြီး မိမိတို့ အသစ်သင်ယူထားသော ကျွမ်းကျင်မှုများကို ပြသနေကြ၏။
ဤမြင်ကွင်းမှာကျန်းလင်တို့ ယမန်နေ့က ပထမဆုံး ရောက်ရှိလာချိန်တွင် မြင်တွေ့ခဲ့ရသည့် အတိုင်းပင်ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် တောင်ဘက် ခန်းမဆောင် တစ်ခုလုံးသည် တစ်ခဏအတွင်း အသက်ဝင် လှုပ်ရှားလာသကဲ့သို့ ရှိတော့၏။
ဤမြင်ကွင်းများသည် လူသားများ၏ အမြင်တွင် ကြည့်မည်ဆိုပါက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေနိုင်ပေသည်။
သို့သော် ကျန်းလင်၏ မျက်လုံးထဲတွင်မူ စည်ကားပြီး ခမ်းနားထည်ဝါနေပေသည်။
အနည်းငယ် ပြင်ဆင် သိမ်းဆည်းပြီးနောက် ကျန်းလင်သည် တံခါးမှ ထွက်လာကာ စီနီယာကြီး ရွှီယိုကျိ တို့နှင့် နံပါတ် ၂ အဆောက်အအုံ၏ ဝင်ပေါက်တွင် သွားရောက် ဆုံတွေ့လိုက်၏။
ယနေ့အတွက် သူတို့၏ အစီအစဉ်မှာ မနက်ပိုင်းတွင် စီနီယာကြီး ရွှီယိုကျိ တို့နောက်သို့ လိုက်ကာ တောင်ဘက် ခန်းမဆောင်၏ ချိတ်ပိတ်မှု အခြေအနေများကို သွားရောက် ကြည့်ရှုရန် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ တာဝန် ထမ်းဆောင်ရန် လာခဲ့ခြင်း ဖြစ်သဖြင့် သူတို့ အနေဖြင့် မည်သို့ပင် ဆိုစေကာမူ တစ်ခေါက်တော့ သွားသင့်ပြီး ကူညီပေးစရာ ရှိမရှိ ဆိုသည်ကိုပါ တစ်ပါတည်း ကြည့်ရှုသင့်ပေသည်။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ မုန့်ရှန်း လုယူထားသော ဝိညာဉ်လမ်းပြ တာဝန်ကို သူနှင့်အတူ လိုက်လံ ကြည့်ရှုကြမည် ဖြစ်၏။
ထိုမှတစ်ဆင့် တောင်ဘက် ခန်းမဆောင်၏ တာဝန်ကောင်း တစ်ခုကို သတ်မှတ်သည့် စံနှုန်းများကိုပါ နားလည်အောင် လေ့လာကြမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မုန့်ရှန်း ၏ ယခင် ပြောစကားများ အရ သူ လုယူထားသော ထိုတာဝန်မှာ မူလက ပိုင်ဝူချန် များထံ ခွဲဝေပေးထားခြင်း ဖြစ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် မထင်မှတ်ထားသော အရာများ မရှိပါက မည်သည့် အန္တရာယ်မှ ရှိမည် မဟုတ်ချေ။
သို့ဆိုလျှင် တာဝန်ဌာနသို့ တိုက်ရိုက် ခွဲဝေပေးခံရသည်အထိ မည်သို့များ ကောင်းမွန်နေသနည်း။
နံပါတ် ၂ အဆောက်အအုံ၏ ဝင်ပေါက်တွင် ရွှီယိုကျိသည် အဖွဲ့သားများ၏ ကိုယ်ပေါ်သို့ အကြည့်တစ်ချက် ဝေ့ကြည့်လိုက်ပြီး အားလုံးစုံလင်နေပြီ ဖြစ်ကြောင်း တွေ့ရသောအခါ မေးလိုက်၏။
"မနေ့ညက အားလုံးပဲ အပြင်ထွက်ပြီး လျှောက်မပြေးကြဘူး မဟုတ်လား"
အသစ်တက်လာသော အဖွဲ့မှူးကြီး အချို့က ခေါင်းခါပြလိုက်ကြသည်။
သူတို့က ပညာလာသင်ခြင်းဖြစ်ပြီး ပြဿနာ လာရှာခြင်း မဟုတ်ချေ။
အကယ်၍ တစ်ခုခု လုပ်ချင်သည် ဆိုလျှင်တောင်မှ တောင်ဘက် ခန်းမဆောင်၏ အခြေအနေများကို သေချာသိရှိပြီးနောက်မှသာ လုပ်ဆောင်ရမည် ဖြစ်ပေသည်။
ယခု တောင်ဘက် ခန်းမဆောင်သို့ ရောက်ခါစဖြစ်သဖြင့် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မသိသေးသကဲ့သို့ အရှေ့ဘက် ခန်းမဆောင်၏ ပိုင်နက်လည်း မဟုတ်သဖြင့် သူတို့ ထိုမျှလောက် မမိုက်မဲကြချေ။
ရွှီယိုကျိ ခေါင်းညိတ်လိုက်ပြီး "ဒီနေရာက တောင်ဘက် ခန်းမဆောင်ပဲ၊ အားလုံး အလုပ်လုပ်တဲ့အခါ သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြပါ၊ ရမ်းကားလို့ မရဘူး" ဟု ပြောလိုက်၏။
ယမန်နေ့ညက ရွှီယိုကျိသည်လည်း ထိုနေထိုင်မှု စည်းမျဉ်းကို မြင်တွေ့ခဲ့ရပေသည်။
ထိုစည်းမျဉ်း အချို့ကို ကြည့်ခြင်းအားဖြင့် သူသည် တောင်ဘက် ခန်းမဆောင်၏ နေထိုင်မှု ပုံစံအချို့ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့၏။
သို့သော် မနေ့ညက ထိုသနားစရာအော်ဟစ်သံနှင့် ပတ်သက် ၍မူ မည်သို့သော အခြေအနေဖြစ်သနည်း ဆိုသည်ကို သူ နားမလည်သေးချေ။
ဤခရီးစဉ်တွင် မည်သည့် ပြဿနာမျှ မဖြစ်ပေါ်လာရန်သာ သူ မျှော်လင့်မိတော့သည်။
🫧 Chapter 232
"အားလုံးပဲ အကြာကြီး စောင့်လိုက်ရပြီ"
ကျန်းလင်တို့ နံပါတ် ၂ အဆောက်အအုံ၏အပေါက်ဝတွင် အကြာကြီး မစောင့်လိုက်ရခင်မှာပင် မုန့်ရှန်း ရောက်ရှိလာခဲ့၏။
သူနှင့်အတူ အခြား ဝိညာဉ်တမန်တော် နှစ်ပါးလည်း ပါလာခဲ့ပေသည်။
ထိုဝိညာဉ်တမန်တော် နှစ်ပါးသည် ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ရုပ်ရည်မှာ သာမန်သာဖြစ်သော် လည်း သူတို့၏ ကိုယ်ပေါ်မှ သာမန် ဝိညာဉ်တမန်တော်များနှင့် မတူညီသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
၎င်းမှာ ချိတ်ပိတ်ခြင်းကို သီးသန့် လုပ်ဆောင်သော သရဲများ၏ ကိုယ်ပေါ်တွင်သာ ရှိတတ်သည့် အငွေ့အသက်မျိုး ဖြစ်ပေသည်။
ထိုအခါရွှီယိုကျိ နှင့် ယွီပိုင်ရှင်းတို့၏အကြည့်များသည် ထိုဝိညာဉ်တမန်တော်နှစ်ပါး ကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။
"ဒါက တောင်ဘက် ခန်းမဆောင် ချိတ်ပိတ်ရေးဌာနက ဝိညာဉ်တမန်တော်တွေဖြစ်တဲ့ ကျိုးယိုနဲ့ ဖန်ယွဲ့ ပါ"
မုန့်ရှန်းသည် နှစ်ဖက်အဖွဲ့၏ ဘေးတွင် ရပ်လျက် အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကို အရင်ဆုံး မိတ်ဆက်ပေးလိုက်၏။
"ဒီတစ်ခေါက် ချိတ်ပိတ်ရေးတာဝန်ကို သူတို့က မင်းတို့နဲ့ အဓိက ပူးပေါင်းပြီး ပြီးမြောက်အောင် လုပ်ဆောင်ပေးလိမ့်မယ်"
ထို့နောက် သူသည် တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော် နှစ်ပါးကိုလည်း ကျန်းလင်တို့ ဝိညာဉ်တမန်တော်အဖွဲ့နှင့် မိတ်ဆက်ပေးလိုက်ပြန်သည်။
ထိုအထဲတွင် ရွှီယိုကျိနှင့် ယွီပိုင်ရှင်းတို့ကို အထူးပြု၍ မိတ်ဆက်ပေးလိုက်၏။
"ဒီနှစ်ယောက်က အရှေ့ဘက် ခန်းမဆောင်က ချိတ်ပိတ်ရေး အဖွဲ့မှူးတွေပဲ၊ မင်းတို့တွေ အချင်းချင်း သင့်သင့်မြတ်မြတ် ရှိကြမယ်လို့ မျှော်လင့်ပါတယ်"
တကယ်တမ်းတွင် မုန့်ရှန်း သတိပေးစရာ မလိုဘဲ ထိုဝိညာဉ်တမန်တော် နှစ်ပါးသည် ရွှီယိုကျိတို့၏ ကိုယ်ပေါ်မှ တူညီသော အငွေ့အသက်များကို ခံစားမိနေပြီ ဖြစ်ပေသည်။
"ဒီကာလအတွင်းမှာ ခင်ဗျားတို့ကို အနှောင့်အယှက် ပေးရတော့မယ်" ဟု ကျိုးယိုက ပြောလိုက်၏။
ရွှီယိုကျိလည်း ပြုံးလျက် "ကျွန်တော်တို့လည်း ခင်ဗျားတို့နဲ့ ဖလှယ်ပြီး အများကြီး လေ့လာသင်ယူချင်ပါတယ်" ဟု ပြန်ဖြေလိုက်သည်။
နှစ်ဖက်အဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း အားလုံးက ဖော်ရွေပြီး ယဉ်ကျေးစွာဆက်ဆံကြပေသည်။
၎င်းမှာ ရွှီယိုကျိ တို့အတွက်တော့ အတော်လေး ကောင်းမွန် သော အစပြုခြင်းတစ်ခုပင်ဖြစ်၏။
"ငါ မင်းတို့ကို ပထမဆုံး ချိတ်ပိတ်ရမယ့် နေရာဆီ ခေါ်သွားပြီး အခြေအနေကို အရင် ပြပေးမယ်"
မုန့်ရှန်းသည် စကားပြောရင်း အရှေ့မှ ဦးဆောင် ထွက်ခွာသွားပြီး မြေအောက်ကမ္ဘာ၏ ဝင်ပေါက်တစ်ခုတွင် ငရဲပြည် လမ်းကြောင်းကို ဖွင့်လှစ်လိုက်လေသည်။
ထို့နောက်ဝိညာဉ်တမန်တော် တစ်အုပ်စုသည် လမ်းကြောင်း အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြတော့သည်။
မနက် ၄ နာရီ ၃၀ မိနစ်
ဤအချိန်သည် မြေအောက်ကမ္ဘာတွင် အသက်ဝင်ပြီး အစည်ကားဆုံး အချိန် ဖြစ်သော်လည်း လူ့လောကတွင်မူ အနှစ်ခြိုက်ဆုံး အိပ်ပျော်နေကြသည့် အချိန် ဖြစ်ပေသည်။
ကျန်းလင်တို့ လူ့လောကသို့ ရောက်ရှိလာချိန်တွင် ကောင်း ကင်ယံ တစ်ခုလုံး မှောင်မိုက်နေပြီး အဝေးမှ လမ်းမီးတိုင်များ၏ မှိန်ဖျော့ဖျော့ အလင်းရောင်များကိုသာ မသဲမကွဲ မြင်တွေ့နေရ၏။
ကျန်းလင်သည် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်ပြီး ငရဲပြည် လမ်းကြောင်း ဖွင့်လှစ်ခဲ့သော နေရာကို မှတ်သားထားလိုက်သည်။
တောင်ဘက် ခန်းမဆောင်၏အခြေအနေသည် အရှေ့ဘက် ခန်းမဆောင်နှင့် မတူညီသဖြင့် လမ်းကြောင်း တည်နေရာ တစ်ခုကို ပိုမှတ်ထားခြင်းက အရေးပေါ် အခြေအနေများတွင် များစွာ အဆင်ပြေစေလိမ့်မည်။
သူတို့ ရောက်ရှိနေသော နေရာမှာ တောင်ထိပ်တစ်ခု ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ခြေအောက်တွင် စိမ်းလန်းသော အပင်ပေါက်လေးများပင် ထွက်ပေါ်နေပြီဖြစ်ပေသည်။
ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်ရာ ဤနေရာသည် အတော်လေး ခေါင်ပုံရပြီး အနီးအနားတွင် မည်သည့် လူနေအိမ်မျှ မရှိချေ။
မလှမ်းမကမ်းရှိ ကားလမ်းမကြီးပေါ်တွင် တစ်ခါတစ်ရံ ဖြတ်သန်းသွားသော ကုန်တင်ကားများသာ ရှိပေသည်။
ကျန်းလင် အကဲခတ် ကြည့်ရှုနေစဉ် သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုးသည်လည်း တစ်ခုခုကို ကြည့်ရှုနေပုံရပြီးနောက် ငရဲခွေး တစ်ကောင်ကို အပြင်သို့ ထုတ်လွှတ်လိုက်သည်ကို သူ တွေ့ရှိသွားတော့၏။
၎င်းကို မြင်လိုက်ရသောအခါ ကျန်းလင် မျက်ခုံးပင့်လိုက်မိသည်။
'ငရဲခွေး ဒါမျိုး သုံးရတာက တော်တော်လေး အဆင်ပြေတာပဲ'
'ငါ ပြန်ရောက်သွားရင်လည်း သုံးဖို့အတွက် အကောင် အနည်းငယ်လောက် ရှာထားရမယ်'
"...."
ချင်ကျိုးကျိုးသည် ကျန်းလင်၏ အကြည့်ကို သတိပြုမိသွားပြီး ခေါင်းလှည့်ကာ တစ်ချက် ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မပြောချေ။
သူမ၏ ဆံပင်အရှေ့ချမှာ အလွန်ရှည်လျားလွန်းသဖြင့် မျက်လုံးအစုံကိုပင် ဖုံးကွယ်ထားသလောက် ဖြစ်နေပေသည်။
သေချာ ဂရုတစိုက် မကြည့်လျှင် သူမ၏အကြည့်များက မည်သည့်နေရာသို့ ကျရောက်နေသနည်း ဆိုသည်ကိုပင် ကျန်းလင် ခန့်မှန်းရ ခက်ခဲနေတော့၏။
'ဒါက သဘာဝ မျက်နှာဖုံးများလား'
[မနက် လေးနာရီက မြို့တော်ကြီးနဲ့ မနက် လေးနာရီက Streamer ကြီး၊ မင်္ဂလာနံနက်ခင်းပါ]
[မနက်စောစောထပြီး စာကျက်နေတာ ငါတစ်ယောက်တည်းလား]
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် ဤအချိန်၌ပင် နိုးနေသော ပရိသတ်များ ရှိနေကြပြီ ဖြစ်ပေသည်။
သို့သော် လူဦးရေမှာ အလွန် နည်းပါးပြီး မှတ်ချက်များမှာလည်း ဟိုတစ်စ ဒီတစ်စ အနည်းငယ်သာ ရှိတော့၏။
[Streamer ကြီးက တောင်ပေါ် တက်လာပြီး ဘာလုပ်မလို့လဲ၊ တောတွင်း ပျော်ပွဲစား ထွက်တာကို စမ်းကြည့်မလို့လား]
[ရှူး အရမ်း အေးတာပဲ၊ စောင်ပုံထဲကနေ မထွက်ချင်တော့ဘူး၊ နွေရာသီက ဘယ်တော့မှ ရောက်လာမှာလဲ]
မုန့်ရှန်း ဤတစ်ကြိမ် ခေါ်ဆောင်လာသော ချိတ်ပိတ်ရမည့် နေရာမှာ ဤတောင်ပေါ်တွင်ပင် ဖြစ်ပေသည်။
ချိတ်ပိတ်ခြင်းနှင့် ပတ်သက်၍ ကျန်းလင်တို့လည်း အနည်း အကျဉ်း တတ်ကျွမ်းကြသော်လည်း ပညာရှင်အဆင့်ဟု ဆိုရမည် ဆိုပါက ရွှီယိုကျိနှင့် ယွီပိုင်ရှင်းတို့၏ အဓိက နယ်ပယ်သာ ဖြစ်တော့၏။
ဥပမာအားဖြင့် နှစ်ပတ်လည်ပွဲတော် အချိန်က ယွီပိုင်ရှင်း သည် ကင်းလှည့်အဖွဲ့မှ အဖွဲ့မှူးတစ်ဦးကို ချိတ်ပိတ်ခြင်းဆိုင်ရာ အခြေခံ အသိပညာများ ရုတ်တရက် အလွတ်ရွတ်ဆိုခိုင်းရာ ထိုအဖွဲ့မှူးမှာလည်း ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရသည် မဟုတ်လော။
"အရင်ဆုံး ချိတ်ပိတ်ထားတာကို ကြည့်ရအောင်"
တောင်ဘက် ခန်းမဆောင်နှင့် အရှေ့ဘက် ခန်းမဆောင်မှ ချိတ်ပိတ်ရေး အဖွဲ့ ပညာရှင်များသည် အရှေ့သို့ တက်သွားပြီး ချိတ်ပိတ်ထားသော နေရာသို့ ရောက်ရှိသွားကြ၏။
တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်က စတင် လှုပ်ရှားလိုက်ပြီး ချိတ်ပိတ်ထားမှုကို အပြည့်အဝ ပေါ်လွင်လာစေရန် ဖော်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင်
တောင်ထိပ်ပေါ်တွင် ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ထိုအထဲတွင် ပိတ်လှောင်ခံထားရသဖြင့် ရုန်းကန်နေသော အရိပ်အချို့ကို မသဲမကွဲ မြင်တွေ့နေရတော့၏။
ရွှီယိုကျိသည် တစ်ချက် အကဲခတ် ကြည့်ရှုလိုက်ပြီး ဘာမှ မပြောသေးဘဲ ယွီပိုင်ရှင်းကို အရင် မေးလိုက်သည်။
"မင်း ဘာတွေ မြင်လိုက်ရလဲ"
ယွီပိုင်ရှင်းသည် ၎င်းမှာ လေ့လာသင်ယူရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ကြောင်း သိထားပေသည်။
သူသည် ချက်ချင်းပင် ကျောကို မတ်မတ်ဆန့်လိုက်ပြီး မိမိ၏ အမြင်ကို ထုတ်ပြောလိုက်၏။
"ဒီချိတ်ပိတ်မှုက ယေဘုယျအားဖြင့် ကြည့်ရင် ပြီးမြောက်မှု အတော်လေး ကောင်းမွန်ပါတယ် သို့သော် အချို့နေရာတွေမှာတော့ အဲဒီအချိန်က အရမ်းအလောတကြီး ဖြစ်သွားလို့လား မသိဘူး သိပ်ပြီး မတည်ငြိမ်လှဘူး"
တောင်ဘက် ခန်းမဆောင်မှ ကျိုးယိုသည်လည်း ခေါင်းညိတ်ပြလိုက်၏။
ဤအချက်ကို သူတို့လည်း မြင်နိုင်ပေသည်။
အသေးစိတ် ပြဿနာ အနည်းငယ်သာဖြစ်ပြီး အချိန်တို အတွင်းတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ချေ။
သို့သော် ချိတ်ပိတ်ထားသည့် အချိန် ကြာလာသည်နှင့်အမျှ ဤအသေးစိတ် အချက်များသည်လည်း ဟာကွက်များ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
ဤတစ်ကြိမ် အရှေ့ဘက် ခန်းမဆောင်မှ ပညာရှင်များကို လာရောက်ခိုင်းခြင်းမှာလည်း ပိုမိုစိတ်ချရစေရန် အတွက်ပင် ဖြစ်၏။
ယွီပိုင်ရှင်း သည် မိမိ၏တွေ့ရှိချက်များကို ပြောဆိုပြီးနောက် ရွှီယိုကျိ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ပြောတာ မှန်တယ်၊ သို့သော် ဒီလို အရေးကြီးတဲ့ ချိတ်ပိတ်မှုမျိုးမှာ ငါတို့တွေ နောက်ထပ် ပြဿနာတစ်ခုကိုပါ ထည့်သွင်း စဉ်းစားရမယ်"
သူသည် လက်ကို ဆန့်ထုတ်ကာ ရွှေရောင် အလင်းပြားပေါ်တွင် စက်ဝိုင်း တစ်ခု ဝိုင်းပြလိုက်၏။
"ဒီနေရာက ချိတ်ပိတ်မှုဟာ အကြိမ်ကြိမ် အတိုက်ခိုက်ခံထားရတယ် အထဲက မိစ္ဆာသရဲတွေက ထွက်ပေါက်နဲ့ ဟာကွက်တွေကို ရှာဖွေနေတယ် ဆိုတာ သိသာထင်ရှားနေတယ်"
"ငါတို့ လုပ်ရမှာက သူတို့ရဲ့ ထွက်ပေါက်တွေကို တတ်နိုင်သမျှ လျှော့ချပစ်ဖို့ပဲ"
ထိုနေရာသို့ ရောက်သောအခါ ရွှီယိုကျိ သည် တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကို ကြည့်ကာ "မင်းတို့ အစတုန်းက ဘာဖြစ်လို့ ဒီလိုမျိုး ချိတ်ပိတ်ဖို့ ဒီဇိုင်းဆွဲခဲ့တာလဲ ဆိုတာကို ငါ့ကို ပြောပြလို့ ရမလား" ဟု မေးလိုက်သည်။
ဤနှစ်များအတွင်း အရှေ့ဘက် ခန်းမဆောင်၏ ချိတ်ပိတ်ခြင်း နည်းပညာများသည် အဆက်မပြတ် တိုးတက် ပြောင်းလဲနေခဲ့၏။
သူ့ မျက်လုံးထဲတွင် တောင်ဘက် ခန်းမဆောင်၏ ချိတ်ပိတ်မှု ဒီဇိုင်းသည် အတော်လေး ကောင်းမွန်သော်လည်း ဟာကွက်များ ရှာတွေ့နိုင်သေးသည်ဟု ထင်မြင်မိပေသည်။
သူ ဝိုင်းပြလိုက်သော ဤနေရာမှာ အခြား နေရာများနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော အားနည်းချက်တစ်ခု ရှိနေ၏။
သို့သော် မည်သည့် ပြဿနာ ရှိနေသနည်း ဆိုသည်ကို သူ ချက်ချင်း ထုတ်မပြောသေးဘဲ တောင်ဘက် ခန်းမဆောင်၏ ချိတ်ပိတ်မှု တည်ဆောက်ပုံနှင့် ဤသို့ ဒီဇိုင်းဆွဲရခြင်း၏ သဘောတရားကို အရင်ဆုံး နားလည်အောင် လုပ်ရန် ပြင်ဆင်လိုက်သည်။
ထိုသို့မှသာ ပိုမို ကောင်းမွန်သော အကြံပြုချက်များကို ပေးနိုင်မည် ဖြစ်ပေသည်။
"ကျွန်တော်ပဲ ပြောပြပါ့မယ်"
တောင်ဘက် ခန်းမဆောင်မှ ကျိုးယို သည် အရှေ့သို့ တက်လာပြီးပြောပြလိုက်သည်။
သူ့ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ လုံးဝ ထွက်ပေါ်လာခြင်း မရှိချေ။
မြေအောက်ကမ္ဘာတွင် ဝိညာဉ်လက်နက် ဆိုလျှင် အနောက်ဘက် ခန်းမဆောင်ကို ရှာရပြီး၊ ချိတ်ပိတ်ခြင်း ဆိုလျှင် အရှေ့ဘက် ခန်းမဆောင်ကို ရှာရမည် ဆိုသည်မှာ အားလုံးက အသိအမှတ်ပြုထားသော အဆိုအမိန့် တစ်ခု ဖြစ်ပေသည်။
အရှေ့ဘက် ခန်းမဆောင်မှ ဤတစ်ကြိမ် လာရောက်ခြင်းသည် သူတို့ကိုလည်း ဖလှယ် သင်ယူရန် အခွင့်အရေး တစ်ခု ပေးလိုက်ခြင်းပင် ဖြစ်၏။
"ဒီချိတ်ပိတ်မှုကို ကျွန်တော်တို့ရဲ့ ယခင် မျိုးဆက် အဖွဲ့မှူးကြီးက ဒီဇိုင်းဆွဲခဲ့တာပါ သူ အဓိက စဉ်းစားခဲ့တာကတော့ ဒီအချက်တွေပါပဲ"
ချိတ်ပိတ်ရေး အဖွဲ့မှ ဝိညာဉ်တမန်တော် လေးပါးသည် ချိတ်ပိတ်ထားသော နေရာကို ဝိုင်းရံကာ စတင် ဆွေးနွေးကြတော့သည်။
သူတို့ ပုံမှန်အချိန်များတွင် မည်သို့သော သရဲမျိုး ဖြစ်နေပါစေ မိမိတို့၏ကျွမ်းကျင်ရာ နယ်ပယ်နှင့် သက်ဆိုင်လာသည်နှင့် အားလုံးက ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနိုင်ကြပေသည်။
ပညာရပ်ဆိုင်ရာ အသိပညာများနှင့် အသုံးအနှုန်းများသည် သူတို့၏ ပါးစပ်မှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့၏။
ကျန်းလင်တို့လည်း သူတို့၏ ဘေးမှနေ၍ ချိတ်ပိတ်ရမည့် နေရာ သုံးခုသို့ လိုက်ပါသွားခဲ့ပြီး ချိတ်ပိတ်ခြင်းဆိုင်ရာ အသိပညာ အချို့ကို လေ့လာသင်ယူနိုင်ခဲ့ကြသည်။
သို့သော် ကျွမ်းကျင်ရာ နယ်ပယ်များ မတူညီကြသဖြင့် ခေါင်းကိုက်ရသူများလည်း ရှိနေပေသည်။
ဥပမာ ပြောရလျှင် လျိုပုဝေပင်။
သူသည် ဘေးတစ်ဖက်တွင် ရပ်လျက် အရှေ့မှ ပညာရှင် လေးဦးကို ကြည့်ကာ လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားပြီး မျက်မှောင်ကြုတ်နေတော့သည်။
သူကတော့ တိုက်ရိုက်လက်ပါပြီး ချရသည်ကိုသာ ပိုနှစ် သက်ပေသည်။
ဤသို့ စကားများ အရှည်ကြီး ပြောနေရသည်မှာ အလွန် ရှုပ်ထွေးလွန်းလှ၏။
သို့သော် ဤနေ့တစ်ဝက် အချိန်အတွင်းတွေ့မြင်ရသည်မှာ ရွှီယိုကျိတို့နှင့် တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ၏ လုပ်ငန်းဆောင်တာများသည် အလွန် ချောမွေ့စွာ လည်ပတ်နေပြီး ကျန်းလင်တို့၏ အကူအညီကိုလည်း လိုအပ်မည် မဟုတ်ချေ။
နောက်ပိုင်း အစီအစဉ်များတွင် ကျန်းလင်နှင့် ရွှီယိုကျိ တို့သည် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ သီးခြား လှုပ်ရှားနိုင်ပြီ ဖြစ်ပေသည်။
အဖွဲ့တစ်ဖွဲ့က ချိတ်ပိတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ပြီး၊ အခြား အဖွဲ့တစ်ဖွဲ့ကမူ တောင်ဘက် ခန်းမဆောင်ကို စူးစမ်းလေ့လာခြင်းနှင့် သင်ယူခြင်းများတွင် အာရုံစိုက် လုပ်ဆောင်နိုင်မည်ဖြစ်တော့၏။